08/24/13

သာသနာရေးဆိုင်ရာ၊ ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ် ၁၈ ရက်၊ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ ၀ိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် မဏိရတနာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမနှင့် အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အလိုတော်ပြည့် ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ နိုင်ငံတော် သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ဦးအံ့မောင်နှင့် သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကာ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား ၀ါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းကြပြီး အလိုတော်ပြည့် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အရိယ၀ံသထံမှ သြ၀ါဒကထာ နာယူကြပါသည်။ ထို့နောက် ကြွရောက် လာကြသည့် ဆရာတော် သံဃာတော် များက သာသနာရေး ဆိုင်ရာများ ဆွေးနွေး ပြောကြားသည်။ ယင်းနောက် သာသနာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးက သာသနာရေးနှင့် ဗုဒ္ဓ ယဉ်ကျေးမှု ဆိုင်ရာများ လျှောက်ထားရာ ရှေးယခင်မှစ၍ မိဘဘိုးဘွားများ အမွေထားခဲ့သည့် မြန်မာ့ယဉ်ကျေးမှု ဓလေ့များသည် ဗုဒ္ဓ ယဉ်ကျေးမှုမှ ဆင်းသက်လာသည့် အလျောက် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့၏ လူနေမှုစနစ်ကို မင်္ဂလာ တရားတော်နှင့်အညီ အေးချမ်းစွာ နေထိုင် ခဲ့ကြကြောင်း၊ ယနေ့ ခေတ်ကာလတွင် ဆက်သွယ်ရေး အရှိန်အဟုန် ပျံ့နှံ့မှု အားကောင်း လာသဖြင့် ကမ္ဘာကြီးသည် World Village ကမ္ဘာ့ရွာကြီးအသွင် ပြောင်းလဲနေပြီ ဖြစ်ရာ နိုင်ငံတိုင်း၊ မြို့ရွာတိုင်း လူနေမှုစနစ် ရောထွေးဆက်နွှယ်မှု တိုးပွားလျက်ရှိကြောင်း၊ လူမှုရေး၊ ဘာသာ အယူဝါဒအရ မတူညီမှု များကြောင့် လတ်တလော ဖြစ်ပွား ပေါ်ပေါက်ခဲ့သည့် ပဋိပက္ခ မီးပွားဖြစ်ကာ အမှိုက်ကစ ပြသာဒ် မီးလောင်မှု မဖြစ်ရအောင် အုပ်ချုပ်ရေးပိုင်းမှ သတိကြီးစွာ ဆောင်ရွက်နေကြောင်း၊ ဗုဒ္ဓအဆုံးအမ များနှင့်အညီ နေထိုင် လျက်ရှိသည့် ဗုဒ္ဓဘာသာဝင်များအဖို့ ရန်မလိုခြင်း၊ ရန်ပြေငြိမ်းခြင်း၊ မေတ္တာပွားများခြင်း ကိုသာ ရှေးရှု ကြကြောင်း၊ ဘုရားရှင် လက်ထက် ကပ္ပိလ၀တ်ပြည် သာကီဝင်မင်းတို့နှင့် ကောလိယ သာကီဝင်မင်းတို့ ရောဟိဏီ မြစ်ရေ သုံးစွဲရေး အငြင်းပွားမှုတွင် ဘုရားရှင်သည် ငြိမ်းချမ်းရေး တရားဟော၍ ပြေငြိမ်း စေခဲ့ကြောင်း၊ ငါးရာ့ငါးဆယ် ဇာတ်တော် ဒီဃာဝု ဇာတ်တွင်လည်း ဒီဃာဝု သတို့သား အသတ်ခံရအံ့ဆဲ အချိန် ဖခင် ဒီဃီတိ ကောသလမင်း၏ ရန်ကိုရန်ချင်း မတုံ့ပြန်မှသာ ရန်ငြိမ်းနိုင်ကြောင်း ဆိုဆုံးမမှုအပေါ် ဖခင်စကား လိုက်နာ သည်းခံမှုကြောင့် အလိုပြည့်မြောက် အောင်မြင်ခဲ့ကြောင်း၊ ဤသို့သော သဘောတရား များသည် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နေစိတ်ထားနှင့် မြင့်မြတ်မှုကို ဖော်ပြနေပြီး အခြေခံ လူနေမှုဘ၀၏ သဘော သဘာဝများကို တစ်နည်းတစ်ဖုံ ထင်ဟပ်စေကြောင်း၊ ရခိုင်၊ မိတ္ထီလာ၊ ဥက္ကံနှင့် လားရှိုး ဖြစ်စဉ်များမှာ လူမျိုးရေး၊ ဘာသာရေး အပေါ် အခြေမခံဘဲ ရာဇ၀တ်ပြစ်မှု ကျူးလွန်သူများ၏ မသင့်တင့်မှု၊ အရောင်း အ၀ယ် ကိစ္စကို အခြေပြုကာ တစ်ဦးနှင့်တစ်ဦး သံသယပွားပြီး ကောလာဟလများ ရိုက်ခတ်မှုကြောင့် ပိုမို ကျယ်ပြန့်ခဲ့ကြောင်း ဖြစ်စဉ်များတွင် ရဟန်းသံဃာတော်များမှ ဗုဒ္ဓဘာသာဘက်မှ ရပ်တည်ပေးသကဲ့သို့ အခြားဘာသာဝင်များ ကိုလည်း မေတ္တာတရားထားပြီး အကာအကွယ်ပြု ထိန်းသိမ်းပေးခဲ့ ကြကြောင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ်များတွင် သံဃနာယက အဖွဲ့မှ စောင့်ရှောက်ရေး သံဃာများ ဖွဲ့စည်းကာ သံဃာကိစ္စများ ၀ိုင်းဝန်း ထိန်းသိမ်း နေသည်ကို တွေ့ရကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် လူမျိုးတုံး စစ်ပွဲ အသွင် မရောက်အောင် ဗုဒ္ဓယဉ်ကျေးမှု၊ မြန်မာ့ ယဉ်ကျေးမှု များနှင့်အညီ မေတ္တာတရား ရှေ့ထားပြီး ထိန်းသိမ်းနေသည်ကို တွေ့ရကြောင်း၊ ထိုသို့ ရဟန်း သံဃာများမှ ထိန်းသိမ်းရာတွင် ဘေးပတ်ဝန်းကျင်မှ ပြောဆို ဝေဖန်ခြင်း မခံရအောင် ကိုယ်တိုင် ရှေ့ထွက် ထိန်းသိမ်းခြင်းထက် နောက်မှပြောဆို ဆုံးမထိန်း ကျောင်းခြင်းက ပိုမို သင့်လျော်မည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရမှလည်း နှစ်ဖက်စလုံးကို ကာကွယ်ပေးပြီး ပြစ်မှု ကျူးလွန် ပါကလည်း ဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေးယူမှ ငြိမ်သက်မည် ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် တစ်ဖက်နှင့် တစ်ဖက် ပဋိပက္ခများ ဖြစ်ပွား ခဲ့ကြသော်လည်း အချိန်ကြာလာ သည်နှင့်အမျှ ညီအစ်ကို မောင်နှမချင်း ရန်ဖြစ်သကဲ့သို့ အတူယှဉ်တွဲ လျက်ပင် ယနေ့အချိန်ထိ နေထိုင် ခဲ့ကြကြောင်း၊ ၀ိဋဋူပဇာတ်တွင် ကောသလမင်းကြီးက မြတ်စွာ ဘုရားနှင့် ရင်းနှီးလို၍ သာကီဝင် မင်းများထဲမှ မိဖုရားမြှောက်ရန် တောင်းရာ သာကီဝင်မင်းက ကျွန်မ ဘဒ္ဒခတ္တိယ ကိုပေးခဲ့စဉ် ကောသလမင်းကြီးမှ မိဖုရားကြီး အရာထားခဲ့ရာ ၀ိဋဋူပမင်းသားကို မွေးဖွားခဲ့ ကြောင်း၊ မင်းသားကို သာကီဝင် မင်းမျိုးများထံ ပို့ဆောင်စဉ် ကျွန်မ၏သား မင်းသား ထိုင်သည့်နေရာကို နွားနို့နှင့် ဆေးကြောခဲ့၍ ၀ိဋဋူပ မင်းဖြစ်လာစဉ် သာကီဝင်မျိုး များအားလုံးကို မျိုးတုံးသတ်ဖြတ်ရာ ဘုရားရှင်က နှစ်ဖက် တိုင်းပြည်ကြား သစ်ပင်ရိပ် မရှိရာ သာကီဝင်များ ဘက်တွင် သီတင်းသုံးနေရာ ၀ိဋဋူပမင်းက မေးလျှောက်စဉ် မြတ်စွာဘုရားက ဆွေမျိုးများ၏ အရိပ်က အေးမြကြောင်းကို ၀ိဋဋူပနှင့်တကွ အားလုံးကို ထင်ရှား သိစေခဲ့သဖြင့် ၀ိဋဋူပ မင်းတို့ ပြန်ဆုတ်စဉ် မြစ်ရေကြောင့် ရေနစ် သေဆုံး ကြရကြောင်း၊ ယနေ့ခေတ်တွင် မိမိတို့၏ ခြံကို အုတ်တံတိုင်း၊ အမိန့် အာဏာဖြင့်သာ လုံအောင်ကာရံ၍ မရဘဲ အမျိုးသားရေး၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ ဥပဒေ စသည့် စည်း ၇စည်းများဖြင့် မိမိတို့လေထု၊ မြေထု၊ ရေထု၊ လူထုကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း ရှင်းလင်း လျှောက်ထားသည်။

ဆွေမျိုးများ၏ အရိပ်က အေးမြကြောင်းကို ၀ိဋဋူပနှင့်တကွ အားလုံးကို ထင်ရှား သိစေခဲ့သဖြင့် ၀ိဋဋူပ မင်းတို့ ပြန်ဆုတ်စဉ် မြစ်ရေကြောင့် ရေနစ် သေဆုံး ကြရကြောင်း၊ ယနေ့ခေတ်တွင် မိမိတို့၏ ခြံကို အုတ်တံတိုင်း၊ အမိန့် အာဏာဖြင့်သာ လုံအောင်ကာရံ၍ မရဘဲ အမျိုးသားရေး၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ ဥပဒေ စသည့် စည်း ၇စည်းများဖြင့် မိမိတို့လေထု၊ မြေထု၊ ရေထု၊ လူထုကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း

ဆက်လက်၍ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း က နယ်စပ်ရေးရာ ၀န်ကြီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက် တာဝန်များ၊ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် ပေးနေမှုများ၊ ရခိုင်ပြည်နယ်ရှိ နှစ်ဖက် အဖွဲ့များ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ နယ်မြေ ဒေသဖွံ့ဖြိုးရေး များကို မျှမျှတတ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း ဆောင်ရွက်နေမှုများကို ရှင်းလင်း လျှောက်ထားကြသည်။ ထို့နောက် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လျှောက်ထားရာ ရဟန်းသံဃာများမှ မိန့်ကြားမှုများ ရှိလာတဲ့အတွက် နိုင်ငံသား တစ်ဦး၏ မူလ အခွင့်အရေးအရ သံဃာများ မဲပေးပိုင်ခွင့်ကို လွတ်လပ်ရေးရသည်မှ ယနေ့အထိ မည်သည့် အတွက်ကြောင့် ဆုံးရှုံးနေရသည်ကို လွှတ်တော်တွင် ပြန်လည်သုံးသပ် ဆွေးနွေးမှု ပြုလုပ်နေကြောင်း၊ ဆရာတော်များ၏ မကြာမီကာလက ဖြစ်ခဲ့သည့် ဖြစ်စဉ်များတွင် ပါဝင် ထိန်းသိမ်းခဲ့မှုအပေါ် အသိအမှတ်ပြု မှတ်တမ်း တင်ထားကြောင်း၊ ဒေသဖွံ့ဖြိုးရေး အတွက် ဆရာတော် သံဃာတော် များ၏ သြ၀ါဒကို ခံယူ၍ ဆောင်ရွက်မည် ဖြစ်ကြောင်း လျှောက်ထားသည်။ ဆက်လက်၍ နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်က လျှောက်ထားရာ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေ ရေးဆွဲစဉ် ဂျပန်ခေတ်က ရှိခဲ့သည့် မဟာသံဃအဖွဲ့ချုပ် ဆရာတော်ကြီးများက ထေရ၀ါဒ ဗုဒ္ဓသာသနာတွင် သံဃာများမှ လူမှုရေး ၀င်မစွက်နိုင်ရေး၊ သံဃာများမှ ဆန္ဒမဲ ပေးလိုက်သည့် အမတ်များက ဥပဒေပြုရာတွင် ဆရာတော်များ၏ ဆန္ဒပါနေ သည့်အတွက် အပြစ်ဖြစ်နိုင်သဖြင့် ရန်ကုန် တစ်မြို့လုံးရှိ သံဃာလုံးဆိုင်ရာ အစည်းအဝေး ပြုလုပ်၍ မဲမပေးရန် ကန့်ကွက်မှု ပြုလုပ်ကာ ၁၉၄၇ အခြေခံ ဥပဒေတွင် အသက် ၁၈နှစ် ပြည့်ပြီး သူတိုင်း နေရာတွင် ခြွင်းချက် အနေဖြင့် ရဟန်း၊ သာမဏေ၊ သီလရှင်များ မဲပေးခွင့် မရှိကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ မဲပေးပါက မဲလိုချင်သော ပုဂ္ဂိုလ်မှ ကျောင်း အတွင်း လာရောက် စည်းရုံးခြင်း၊ ၀ိနည်း သိက္ခာပုဒ်များနှင့် ငြိစွန်းမှုရှိကြောင်း တွေ့ရသဖြင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများမှ မဲမပေးရ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းလျှောက်ထား ကြသည်။

ထို့နောက် ဆရာတော်ကြီးများက သိရှိလိုသည်များ မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးတို့က ရှင်းလင်း လျှောက်ထားကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက် သည်။

သာသနာရေး
မြန်မာသံတော်ဆင့်

မိတ်ဆွေ တစ်ယောက် ပိုင်တဲ့ အင်တာနက်ဆိုင်ကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ နက်ဝက် ဂိမ်းကစားနေတဲ့ ကလေးတွေအားလုံးကို မောင်းထုတ် နေတာပါပဲ။ ( မင်းဘာလုပ်နေတာလဲ ) ဆိုတော့ ( ဒီကောင်တွေ ဂိမ်းကစားတာ တစ်နာရီ ပြည့်သွားလို့ ပြန်ခိုင်းနေတာ .. မောင်းမထုတ်ရင် တစ်နေကုန် ကစားနေမှာကွ ) တဲ့။ ( တစ်နေကုန် ကစားတော့ မင်းပိုက်ဆံရတာပေါ့ ) ဆိုတော့ ...

" ဟေ့ကောင် .. မင်းသူ့မိဘနေရာက စဉ်းစား၊ ဒီကောင်တွေ တနေကုန် ကစားနေလို့ ဘာအကျိုးကျေးဇူးမှ မရဘူး။
၁။ ခန္ဓာကိုယ် ချည့်နဲ့လာမယ်။
၂။ ရိုင်းစိုင်းကြမ်းတမ်း တတ်လာမယ်။

ဟိုကောင်ပြေးလာပြီ ဓားနဲ့ထိုး၊ နောက်ကကောင်ကို ဝင်ရိုက်လိုက်၊ ယီးတဲ့မှပဲ . မအေရိုး .. ဆိုတာတွေ မင်းမှ မကြားဖူးပဲ ..." တဲ့။ ( တခါတလေ ဖေ့ဘုတ် အကောင့်ဖွင့်ပြီး သုံးနေတာ၊ ပွန်းဆိုက်တွေ လိုက်ကြည့်နေတာလည်း တွေ့ရတတ် ပါတယ်။ )

ဒါဆိုဘာလို့ သူတို့ကို မင်းဆိုင်မှာ ကစားခွင့် ပေးနေသေးလည်း ဆိုတော့ တစ်နာရီလောက် စိတ်ထွက်ပေါက် ပေါ့ကွာတဲ့။ မင်းဆီမကစားရလည်း တခြားသွားဆော့မှာပဲ ဆိုတော့ ဒါတော့ ဘယ်တတ်နိုင်မလဲတဲ့။

ချတ်တင်ထိုင်ရင်း အသက် ၄၀ လောက် လူတစ်ယောက်နဲ့ ငြိစွန်းသွားတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် အကြောင်း trust ရုပ်ရှင်ကလည်း သင်ခန်းစာပါ။ facebook ကနေ လူကုန်ကူးမှု ဖြစ်သွားတာတွေ၊ လိင်ဖျော်ဖြေမှု လုပ်ငန်းဘက် ရောက်သွားတာတွေလည်း ကျနော်တို့ဆီမှာ မြင်တွေ့နေရပြီ။

အခု ပိုဆိုးလာတော့မယ့် ပြသနာက ၁၅၀၀ ဖုန်းတွေ။ အရင်က ကျနော့ ကျူရှင်ကို ဖုန်းယူလာ တတ်တာဟာ ၁၀ တန်းသမားတွေပဲ ရှိပေမယ့် အခုဆို ၈ တန်း၊ ၉တန်း ကလေးတွေပါ ဖုန်းကိုင်လာကြပါပြီ။ ဆရာအလစ် ဂိမ်းခိုးနှိပ် တယ်။ မက်ဆေ့နဲ့ ချတ်တယ်။ ဒါနဲ့ ကျူရှင်ကို ဖုန်းမယူလာဖို့ ဖုန်းမြည်သံ ကြားရင် အပြီးသိမ်းမယ်လို့ စည်းကမ်း ထုတ်လိုက်ရပါတယ်။ ဒါလည်း ခိုးယူလာ ကြတာပါပဲ။

တစ်ရက်တော့ နဝမတန်း စာသင်ခန်းထဲမှာ ဖုန်းမြည်သံ ကြားတာနဲ့ အကုန် လိုက်စစ်လိုက်တော့ ဖုန်းငါးလုံးရတယ်။ မိန်းကလေးက သုံးလုံး၊ စိတ်ပေါက်ပေါက်နဲ့ မက်ဆေ့တွေ အကုန်ဖွင့် ဖတ်လိုက်တော့ မက်ဆေ့ အားလုံးရဲ့ တူညီတဲ့အချက်က ....

"အရမ်း သတိရတာပဲ " .... ... "ဘယ်နေ့ တွေ့ခွင့် ရဦးမှာလဲ " .. .. "အရင်နေရာကို လာခဲ့ရဦးမှာလား "

ဒါမျိုးတွေချည်းပါ။ မိဘများကိုယ်စား အလွန်ရင်ပူ မိပါတယ်။ မိဘတွေကရော မိမိတို့ ကလေးတွေရဲ့ လွယ်အိတ်တွေ ဖုန်းတွေ ဘယ်နှစ်ခါများ စစ်ဆေးဖူးကြ ပါသလဲ။ မဝယ်ပေးနဲ့ မဟုတ်ပါဘူး၊ ဝယ်ပေးကြပါ။ စစ်လည်း စစ်ဆေးကြပါ။ ကလေးတွေရဲ့ အသိဥာဏ် ရင့်သန်အောင်လည်း လေ့ကျင့်တည့်မတ် ပေးကြပါဦး။ ကျနော်တို့ မရှိတော့ရင် ဒီကလေးတွေရဲ့ လက်ထဲမှာ အရာရာ အားလုံး ချန်ထားခဲ့ရမှာပါ။ ကျနော်ကတော့ သူတို့အားလုံးကို အရွယ်မတိုင်မှီ လမ်းမလွဲကြဘဲ ရင့်ကျက်တည်ငြိမ်စွာနဲ့ လျှောက်လှမ်းနိုင်သူတွေ ဖြစ်စေချင်တာ ပါပဲ။

"သိပ်ချစ်လွန်းလို့ ၈ တန်း ကျောင်းသားလေးကို ဆိုင်ကယ် ဝယ်ပေးတာဟာ သင်္ချိုင်းကုန်းမှာ မြေဝယ်ပေးလိုက် သလိုပါပဲ။ သိပ်ချစ်လွန်းလို့ ၈ တန်း၊ ၉ တန်း ကျောင်းသူလေးကို ဖုန်းဝယ်ပေး လိုက်တာဟာ အနာဂါတ်ကို တွင်းတူး မြှပ်နှံ လိုက်သလိုပါပဲ ... .. "

မိဘများလည်း စဉ်းစားကြဖို့ပါ။

သည်းထန် - The Yangon Times Daily


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)

ညောင်ရွှေမြို့သို့ ဗြဟ္မစိုရ်ခရီးဆက်နေစဉ် ၁၉.၈.၂ဝ၁၃ ရက်နေ့ ညနေပိုင်းအချိန်တွင် ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်သွားကြောင်း ကြားသိခဲ့ရသည်။ ညောင်ရွှေမြို့မှ အောင်ပန်းမြို့ရှိ ဆရာကြီး၏ နေအိမ်သို့သွားရောက်ရန် ခရီးဆက်ခဲ့သည်။ ဆရာကြီးသည် ငြိမ်းချမ်းစွာ လှဲလှောင်းနေသည်ကို တွေ့မြင်ခဲ့ ရသည်။ ဦးစွာပထမ ဆရာကြီးအား ဂါရဝပြု ကန်တော့ခဲ့ပြီးနောက် ဈာပနအခမ်းအနားအား ဆရာကြီး၏ တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီနှင့် တွေ့ဆုံကာ နာရေးကိစ္စရပ်များအား အောင်ပန်းမြို့ရှိ နာရေး ကူညီမှုအသင်းနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ၂၁.၈.၂ဝ၁၃ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန်တွင် ဈာပနအခမ်းအနားအား ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆရာကြီး၏ အရိုးပြာများတို့အား အောင်ပန်းမြို့ရှိ ဆရာကြီး ဒဂုန်တာရာ ပိုင်ဆိုင်သည့် မြို့ပြင်ရှိ သုံးဧကအကျယ် ခြံဝန်းအတွင်းတစ်နေရာ၌ ငြိမ်းချမ်းရေး ချိုးငှက်ပုံ ကျောက်တိုင်ထုလုပ်ထားရှိရန် ကျွန်တော်တို့အကြံပြုခဲ့သည်။


၂ဝ.၈.၂ဝ၁၃ ရက်နေ့တွင် ညောင်ရွှေမြို့မှ တောင်ကြီးမြို့သို့ ဗြဟ္မစိုရ်လူမှုရေး ခရီးစဉ်အား ဆက် လက်ထွက်ခွာခဲ့သည်။ ယင်းနေ့တွင် တောင်ကြီးမြို့၌ ကွယ်လွန်သွားခဲ့သော ဒေါ်ရွှေဥ အသက် (၇ဝ) နှစ် ၏ ဈာပနအား နာမ့်ခုံး ရှမ်းများပရဟိတအသင်းနှင့်အတူ ပူးပေါင်း၍ ဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ် မောင်းနှင်၍ ကူညီပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့သည်။ ထို့နောက် ဦးကျော်သူမှ တောင်ကြီးမြို့ရှိ နာမ့်ခုံး ရှမ်းများ ပရဟိတအသင်းအား မေတ္တာရပ်ခံ၍ အထူးနိဗ္ဗာန်ယာဉ်ကြီးဖြင့် ဆရာကြီး ဒဂုန်တာရာ၏ နောက်ဆုံးခရီး အား ကူညီဆောင်ရွက်ရန် သဘောတူရရှိခဲ့သည်။ ၄င်းနိဗ္ဗာန်ယာဉ်ကြီးဖြင့် ဆရာကြီး၏ ရုပ်ခန္ဓာအား သယ်ဆောင်ရန် အောင်ပန်းမြို့သို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ၂၁.၈.၂ဝ၁၃ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် “နာမ့်ခုံး ရှမ်းများပရဟိတအသင်း” နှင့်အတူ နိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် တောင်ကြီး မြို့မှ အောင်ပန်းမြို့သို့ စတင်ထွက်ခွာခဲ့ရာ လမ်းတစ်လျှောက် မြို့အသီးသီးရှိ လူမှုရေးအသင်းအဖွဲ့များ ဖြစ်သော “သာဓု လူမှုနာမှုကူညီရေးအသင်း” (အေးသာယာ)၊ ပင်းတယသွေးလှူရှင်အဖွဲ့၊ ညောင်ရွှေမြို့ရှိ “ရွှေမေတ္တာ လူမှုကူညီရေးအသင်း”၊ ရွှေညောင်မြို့ရှိ ပရဟိတအသင်းများ တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းလုံးညီညွတ်စွာဖြင့် အောင်ပန်းမြို့သို့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် ရောက်ရှိခဲ့ကြသည်။

ထို့နောက် အောင်ပန်းမြို့ နာရေးကူညီမှုအသင်းတို့နှင့်ပူးပေါင်း၍ ဆရာကြီး၏ ဈာပနအခမ်းအနားအား နေ့လည် (၂းဝဝ) နာရီအချိန်တွင် နိုင်ငံရေးအဖွဲ့များ၊ အနုပညာရှင်များ၊ စာပေပညာရှင်များ၊ ဂီတပညာရှင်များ၊ ရာဇာ နေဝင်း၊ ဟေမာနေဝင်း၊ သန္တာနေဝင်းတို့နှင့် မြို့မိမြို့ဖများတို့သည် နေအိမ်မှ (၂) မိုင်ကျော်ရှိ အောင်ပန်းမြို့ သုဿန်သို့လမ်းလျှောက်ကြပြီး ဆရာကြီး၏ ရုပ်ခန္ဓာအား နာမ့်ခုံး ရှမ်းများပရဟိတအသင်း၏ နိဗ္ဗာန်ယာဉ် ပေါ်တင်ဆောင်၍ သုဿန်သို့အရောက်သယ်ဆောင်ခဲ့ပြီး ဆရာကြီးအား မီးသင်္ဂြိုဟ်ရန် ပြင်ဆင်ထား ရှိသည့် နံ့သာထင်းပုံပေါ်တင်၍ ဒေသဓလေ့ ထုံးတမ်းစဉ်လာအတိုင်း စီစဉ်ကျင်းပပြုလုပ်ခဲ့သည်။ နောက်ဆုံးတော့ မီးခိုးနဲ့ပြာ … ပါသွားမှာက ကုသိုလ် / အကုသိုလ်ပင်ဖြစ်တော့သည်။ သို့သော် ဆရာကြီး ၏ ခန္ဓာအား လောင်ကျွမ်းခြင်းဖြင့် ထွက်ပေါ်လာသော မီးခိုးနှင့် ပြာမှုံတို့သည် ရှမ်းပြည်နယ်တစ်ခုလုံး လွှမ်းခြုံသွားသည်ကို တွေ့မြင်မိတော့သည်။ ထိုမီးခိုးနှင့်ပြာမှုံတို့သည် ငြိမ်းချမ်းရေးမီးခိုးနှင့် ငြိမ်းချမ်းရေး ပြာမှုံအလား ခံစားမိတော့သည်။ “ရန်သူမရှိ မိတ်ဆွေသာရှိ … မုန်းသူမရှိ ချစ်သူသာရှိ နိုင်ငံရေးလုပ်တယ် ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” ဟူသော ဆရာကြီး၏ ဆိုစကားအတိုင်း မြန်မာပြည်သူ/ သားများ၊ တိုင်းရင်းသားပေါင်းစုံ အချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်မည်ဆိုပါက ငြိမ်းချမ်းရေးကို ရရှိမည်ဟု ကျွန်ုပ်တို့ သိရှိခဲ့ရသည်။ ထိုနည်းတူစွာ တိုင်းပြည်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖ.ဆ.ပ.လ ညီလာခံတွင် မိန့်ကြားခဲ့သော “ဗြဟ္မစိုရ်တရား ခေါင်းပါးနေသရွေ့ကာလပတ်လုံး တိုင်းပြည်သည် ကပ်ဘေးအမျိုးမျိုး ဆိုက်ရောက်နေပေလိမ့်မည်” ဟူသော မိန့်မှာချက်အား ကျွန်ုပ်တို့နားထဲတွင် ပဲ့တင်ထပ် ကြားသိရပြီး “ဒေါင်းဆိုတာ .. ကမှလှတယ်။ ငှက်ဆိုတာ တေးသီမှ အေးချမ်းတယ်။ ငါးဆိုတာ ကူးခတ် နေမှ ကြည်နူးတယ်။ ခွေးဆိုတာ .. အမြှီး လေးနှံ့နေမှ ပျော်မြူးတယ်။ လူဆိုတာ ဗြဟ္မစိုရ်တရားလက်ကိုင် ထားမှ ငြိမ်းချမ်းရေးကိုရမယ်” ဟူ၍ ကျွန်တော် ၂ဝ၁ဝ ခုနှစ်တွင် ရေးသားခဲ့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့မိတော့သည်။ တိုင်းရင်းသားပေါင်းစုံ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသား ပြည်သူလူထု အပေါင်းတို့အပြင် စာပေပညာရှင်များ၊ နိုင်ငံရေးသမားများတို့၏ စည်းလုံးညီညွတ်မှုသည် အောင်ပန်းမြို့ တွင် မြန်မာပြည်ကြီး၏ ငြိမ်းချမ်းရေးပြယုဂ် (သို့) ငြိမ်းချမ်းရေးကျောက်တိုင်တစ်ခု ထူထောင်နိုင်ခဲ့ပြီဖြစ် သည်။

ထို့ကြောင့် တိုင်းရင်းသားစည်းလုံးမှုကို ၁၉၄၇ ခုနှစ် ပင်လုံကျောက်တိုင်မှ ၂ဝ၁၃ ခုနှစ် အောင်ပန်း တွင် ဆရာကြီးဒဂုန်တာရာအတွက် ရည်စူးထူထောင်ခဲ့သော ငြိမ်းချမ်းရေးကျောက်တိုင်တို့သည် ကျွန်တော် တို့ မြန်မာနိုင်ငံ၏ အနာဂါတ်သမိုင်းကို ထင်ဟပ်စေလိမ့်မည်ဟု မျှော်လင့်တောင့်တမိပါတော့သည်။

(ကျော်သူ)

(၁)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူတို့၏အကျိုးကိုဆောင်ရွက်ပါမည် ဟူသောကတိကဝတ်ဖြင့် ပြည်သူတို့၏ဆန္ဒမဲများကိုရယူကာ လွှတ်တော်ထဲသို့ ရောက်ရှိလာကြသူများ ဖြစ်ကြသည့်အလျောက် ပြည်သူတို့၏ အကျိုးကိုသာ ဦးထိပ်ထားဆောင်ရွက် ကြရမည့်သူများဖြစ် သည်။ တစ်နည်း အားဖြင့်သူတို့သည် ပြည်သူ့အစေခံများလည်းဖြစ်သည်။ထို့အပြင်ဒီမိုကရေစီစနစ်၏ ကျောက်မျက်ရတနာများလည်း ဖြစ်သည်။ အရည်အသွေးတောက်ပ သော လွှတ်တော် ကိုယ်စား လှယ်များက ပြည် သူ့အသံ ပြည်သူ့ဆန္ဒတို့ကို ဖော် ဆောင်ကြမည်ဖြစ်သည်။

(၂)

လွတ်လပ်ရေးရပြီး ပါလီမန်ဒီမို ကရေစီ ခေတ်ဦးကလွှတ်တော်ကိုယ် စားလှယ်များကို ‘အမတ်မင်း’ဟု ခေါ် ကြသည်။ သူတို့ထဲမှ အချို့မှာ သွင်း ကုန်ထုတ်ကုန်လိုင်စင် အစရှိသည့်အခွင့် အရေးများ ရကြသည်ဟု ဆိုကြသည် လည်းရှိသည်။ လွှတ်တော်အတွင်းတင် သွင်းလာသော အဆိုများ ဥပဒေကြမ်း များကို ဝေ ဖန်ကြ ဆွေးနွေးငြင်း ခုံကြ သည်သာမက ကြားဖြတ်မေးခွန်းများ ကိုလည်း မေးမြန်းကြသည်။၁၉၅၉ ခု ဖေဖော်ဝါရီလ ၁၆ ရက် နေ့တွင် ကျင်းပသော လွှတ်တော်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက မိမိအားနိုင်ငံ တော်ဝန်ကြီးချုပ်အဖြစ်ဆက်လက် တာ ဝန်ပေးအပ်လိုပါက ပုဒ်မ ၁၁၆ ကို ပြင် ဆင်ပေးရန် တင်ပြရာတွင် သာယာဝတီ မဲဆန္ဒနယ် ပါလီမန်လွှတ်တော်အမတ် သခင်ချစ်မောင်က ဝိဓူရဇာတ်တော်ကို ကိုးကား၍ အတိုက်အခံပမညတ အမတ်များကိုယ်စား ဝေဖန်ဆွေးနွေးရာ ထိုဆွေးနွေးချက်ကြောင့် ဝိဓူရသခင်ချစ် မောင်ဟု အမည်တွင်ခဲ့သည်။ ထိုပြော ဆိုချက်ကို အခြားအမတ်များက ကြား ဖြတ်ပြောဆိုကြရာ …

သခင်ချစ်မောင် (သာယာဝတီ) …ဒါဟာ မဖြစ်နိုင်ပါဘူး။ မူကိုပဲ အဓိကထားရပါတယ်။

ဦးထွန်းအောင် (ဒိုက်ဦး) ဟိုတစ် ခါတုန်းက ဦးနုကိုမဲပေးခဲ့ပါတယ်။
သခင်ချစ်မောင် (ကြံခင်း) ဥက္ကဋ္ဌ ကြီးခင်ဗျား။ မူကိုသတ်မှတ်ပြီး မဲပေးတဲ့ အတွက် ဖဆပလနှစ်ခြမ်းကွဲတယ်ဆိုတာ သတိပြုပါ။
ဦးထွန်းအောင် (ဒိုက်ဦး) ဖဆပလ နှစ်ခြမ်းကွဲတယ်ဆိုတာ ပမညတမြှောက် ပေးလို့ ကွဲတာပါ။

ဦးသိန်းဖေမြင့် (ဘုတလင်) ဥက္က ဋ္ဌကြီးခင်ဗျား။ ဖဆပလနှစ်ခြမ်းကွဲတယ် ဆိုတာ ပမညတ မြှောက်ပေးလို့ ဆိုလျှင် ဖဆပလဟာ သနားစရာပါ။(ရယ်သံ များ)ဦးထွန်းအောင်(ဒိုက်ဦး) ဦးသိန်း ဖေမြင့်လက်ရာ အများကြီးပါပါတယ်။

၁၉၅၁ ခု မတ်လ ၁၉ ရက်နေ့ က ပြုလုပ်သော ပါလီမန်လွှတ်တော်အစည်း အဝေးတွင်လည်း လွှတ်တော်အမတ် ၁၈ ယောက်သည် လွှတ်တော် အခွင့်အ ရေးများ အပိတ်ခံရသည်။ပြည်သူ့အကျိုး အတွက် တင်သွင်းသော အရေးကြီး အဆိုများ အပြည့်အဝတင်သွင်းခွင့်မရ စသည့်မကျေနပ်မှုများကို အကြောင်း ပြု၍ ဆန္ဒပြကြသည်။ မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် လွှတ်တော်ဥက္ကဋ္ဌကြီး အစည်းအဝေး အခန်းအပြင် သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ပြည်သူ့ဒီမိုကရေစီ ပါလီ မန်တပ်ပေါင်း စုံ အဖွဲ့ ခေါင်းဆောင် (ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကို) ဦး အောင်သန်းက အစည်း အဝေးအခန်း အတွင်း ခုံပေါ်တွင်ရပ်လျက် ကြေညာ ချက်တစ်ရပ်ကို ဖတ်ကြားပြီး ငြိမ်း ချမ်း စွာ ဆန္ဒပြမည်ဖြစ်ကြောင်းပြောကြား လိုက်သည့်အခါ လွှတ်တော်ဥက္ကဋ္ဌကြီး က မီးပန်ကာများကိုပင် ဖွင့်ပေးထားပြီး သော့ကိုပင် မခတ်တော့ ဘဲနေခွင့်ပြု ထား ပေးခဲ့ သည်။

(၃)

လမ်းစဉ်ပါတီခေတ်သို့ ရောက် သောအခါ ပြည်သူ့ကိုယ်စားလှယ်များ ကို အမတ်ဟုမခေါ်ဘဲ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဟု စတင်သုံးလာ ကြ သည်။ တော် လှန်ရေးကောင်စီသည် နိုင်ငံတော်အာဏာကို သိမ်းပိုက်ပြီး နောက် လမ်းစဉ်ပါတီကို တည်ထောင် လိုက်သည်။ ၁၉၇၄ ခု ဇန်နဝါရီလ ၂၇ ရက်နေ့ တွင် ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ် တင်မြှောက်ပွဲများကို ကျင်းပခဲ့သည်။ ပထမအကြိမ် ရွေးကောက်ပွဲ တွင် တော်လှန်ရေးကောင်စီ ဝင် ထိပ် တန်း ခေါင်းဆောင်များဖြစ်သော ဦးနေဝင်း၊ ဦးစန်းယု၊ ဦးကျော်စိုး အစရှိသူတို့ ရွေး ချယ်ခံကြရသည်။ မတ်လ ၂ ရက်နေ့ တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ကျင်းပခဲ့သည်။ လမ်း စဉ်ပါတီခေတ်တွင် နိုင်ငံတော်ကောင်စီ သည် ပြည်သူ့လွှတ်တော်ကို တာဝန်ခံရ သည်။ လွှတ်တော်တစ်ခုနှင့်တစ်ခုကြား လိုအပ်လျှင် ဥပဒေကဲ့သို့ အာဏာတည် သောအမိန့်များကို ပြဋ္ဌာန်းနိုင်ပြီး ယင်း အမိန့်များကို ရက်ပေါင်း ၉ဝ အတွင်း ကျင်းပသော အနီးကပ်ဆုံးပြည်သူ့လွှတ် တော်က အတည်ပြုရန်လိုသည်။ မဆ လခေတ်လွှတ်တော်ကိုယ်စားလှယ်များ ကို ပြည်သူတို့က အကန့်အသတ်ဖြင့်သာ ရွေးချယ်ခွင့်ရကြသည်။ အာဏာရတစ် ပါတီက သတ်မှတ်ပေးလိုက်သော ကိုယ် စားလှယ်ကိုသာ မဲပေးကြရသည်။ လွှတ် တော်တွင် ကြိုတင်ရေးထားပေးသော အဆိုပြုချက် ထောက်ခံချက်များကို ဖတ်ကြရသည်။ ပါလီမန်ဒီမိုကရေစီ ခေတ်ကမူ စာရွက်ဖြင့်ရေးထားသည်ကို လွှတ်တော်အတွင်းဖတ်သည့်အခါ အိုး ဝေဦးညိုမြကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင် လွှတ်တော်ဥက္ကဋ္ဌ၏ ကန့် ကွက်ခြင်းကို ခံရသည်။

(၄)

မြန်မာနိုင်ငံ၌ လွှတ်တော်ကိုယ် စားလှယ် ဖြစ်ကြရသူများတွင် ၁၉၉ဝ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် များမှာ ကံဆိုးမိုးမှောင် အကျဆုံးသူများ ပင်ဖြစ်သည်။ လွှတ်တော် တက်ခွင့်မရ ဘဲ အစိုးရအလိုကျ ရွေးချယ်ထားသည့် အင်အားစုအများပါဝင်သည့် အမျိုးသား ညီလာခံကိုသာ တက်ကြရသည်။ ပြော ဆိုရေးသားဝေ ဖန်ခွင့်မ ရကြ။ အပြစ်မရှိ အပြစ်ရှာပြီး ထောင်ချခံကြရ၊ နှိပ်စက် ခံကြရသည်။ အချို့ ပြည်ပသို့ထွက် ပြေးကြရသည်။ အသက်ကိုပင် စွန့် လွှတ်ကြရသည်။ အများစုမှာ အနိုင်ရ ပါတီမှ ဖြစ်နေသည်။

(၅)

၂ဝ၁ဝ ရွေးကောက်ပွဲပြီးသောအခါ လွှတ်တော်အသီးသီး ပြန်လည်ပေါ် ထွက်လာကြသည်။ ထိုလွှတ်တော်များ မှာ ရော်ဘာတံဆိပ်တုံး လွှတ်တော် များ သာဖြစ်မည်ဟု အများကထင်ကြေးပေး နေကြသော်လည်း လက်တွေ့ တွင်မူ မျှော်လင့်သည်ထက် ပိုမိုသောမြင်ကွင်း ကိုတွေ့ကြရသည်။ သို့သော် ပါလီမန်ဒီ မိုကရေစီ ခေတ်ဦး ကလိုတော့မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်က ”လွှတ်တော် က တောင့်တောင့်ကြီးဖြစ်နေတယ်”ဟု သုံးသပ်ခဲ့သော်လည်း လွှတ်တော်သည် ပိုမိုအားကောင်း လာသည် ဟု ပြောင်းလဲ ပြောဆိုလာ ရသည်။ အချို့အဆိုများတွင် လူအများစုဖြစ်သည့် ပြည်ခိုင်ဖြိုးကိုယ် စားလှယ်များက လွှမ်းမိုးထားသည်ဟု ယူဆနိုင်သော်လည်းအချို့ အဆိုများ တွင်ပြည်ခိုင်ဖြိုးအချင်းချင်း လွတ်လပ်စွာအားပြိုင်ကြသည်၊ ကွဲလွဲကြသည်ကို လည်းကောင်း လူနည်းစုပါတီနှင့် ပူး ပေါင်းဆောင် ရွက်ကြသည်ကိုလည်း ကောင်း အံ့သြ ဖွယ်တွေ့ရသည်။ဧရာဝတီမြစ် ရှင်သန်ရေးအတွက် အဆိုတင်သွင်းရာတွင် ပြည်ခိုင်ဖြိုးကိုယ် စားလှယ်များ အပြန်အလှန်ပြောဆိုကြ ပြီး လွှတ်တော်ဥက္ကဋ္ဌကပင် ”လွှတ်တော် ကိုယ်စားလှယ် ငယ်ငယ်ရွယ်ရွယ်ကလေး တွေ ငြင်းကြခုံကြတဲ့အခါမှာ စိတ်ရှည် ကြဖို့” မေတ္တာရပ်ခံရသည်။ အမျိုးသား စီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးက ဆွေးနွေးကြ ရာတွင် သက်ဆိုင်ရာ ဝန်ကြီးများက လာရောက် နားထောင်ခြင်းမရှိသည့်အ တွက် လွှတ်တော် ဥက္ကဋ္ဌကပင် မေတ္တာ ရပ်ခံရပြန်သည်။ လွှတ်တော်ကိုယ်စား လှယ်များက သတ်မှတ်ချိန်ထက် ပိုပြော ၍ ”သတိပေးရတဲ့ နာယကနာမည် ပျက်ပါ သည်”ဟု ပြောဆိုရသည်များ လည်းရှိသည်။ လွှတ်တော် အမတ်တွေ အိပ်မငိုက်ကြပါနဲ့ဟူသည့် သတိပေး ပြောဆိုရ မှုများလည်းရှိ၊ လွှတ်တော် ဥက္ကဋ္ဌက သဘောတူမတူ မေးမြန်း သည့်အခါ အုပ်စုဖွဲ့၍ မဖြေဆိုပါက ထိုအုပ်စုတစ် စုလုံးအား လွှတ်တော် ပြင်ပထွက်စေဟု အမိန့်ချနိုင်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များအား သတိပေးပြော ကြားရခြင်းများ လည်း ရှိသည်။ ဝန်ကြီး တစ်ဦး၏ ပြောမှားဆို မှားကြောင့်လွှတ် တော် တွင်ပြန်လည် တောင်းပန်ရသည်လည်း ရှိသည်။ အချို့ ကားဝယ်ခွင့် ရကြသည်ကလွဲလျှင် ယခုခေတ်လွှတ်တော် ကိုယ်စားလှယ် တွေမှာ အရှိန်အဝါတွေ သိပ်ရှိကြပုံမရ၊ ရှေ့နေတစ်ဦးလည်းဖြစ်၊ ရေးရာ ကော်မ တီဝင်တစ်ဦးလည်း ဖြစ်သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် တွေ့ခိုက် ”လွှတ်တော် ကိုယ် စားလှယ် ဖြစ်ရတာ မလွယ်ပါဘူး ဗျာ။ ကျွန်တော် တို့ပါတီက လွှတ်တော်မစခင် ၁၅ ရက် လောက် ကြိုသွားရတယ်။ အစည်း အဝေးတွေရှိတဲ့ရက်ဆို ထမင်းတောင် ဖြော င့်အောင် မစားရဘူး။ အဝတ် အစားတွေဆို မသိမ်းနိုင်လို့ အဆောင် မှာ ပုံထားခဲ့ရတယ်” ဟု ဆိုသံကိုကြားရ သည်။

လွှတ်တော်ကိုယ်စားလှယ် အချို့ မှာ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ အခြား အရာရှိအချို့တို့လောက် အဆင်ပြေကြ ပုံကားမပေါ်။ ကျွန်တော်တို့မြို့က လွှတ် တော် ကိုယ်စား လှယ်တစ်ဦးခမျာ ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ဟု ဆိုကာ မုန့်ဟင်းခါးလက်မှတ်လည်း ရောင်းရရှာ သည်။ မော်တော် ကားကြီးပြကာ ကံစမ်း မဲလည်း ဖောက် ရရှာပေသည်။

(၆)

မည်သို့ပင်ဖြစ်စေ လွှတ်တော် ကိုယ်စားလှယ်ဟူသည် ပြည်သူ့အကျိုး ကိုသာ ဆောင်ရွက်ရန် ကတိပြုထားပြီး သူသာဖြစ် သည်။ ပြည်သူ့အကျိုး ကို ဆောင်ရွက်ရာ တွင် ငွေကြေးပြည့်စုံမှသာ မဟုတ် တံတားမဆောက် လမ်းမဖောက် ပေးနိုင်လျှင် လည်း ငွေကြေးစိုက် မထုတ် နိုင်လျှင် လည်း ပြည်သူတို့၏ နစ်နာချက် များ အခွင့်အရေး များကို တင်ပြတောင်း ဆိုပေးလျှင်လည်း ပြည်သူတို့ကကျေနပ် သဘောကျကြမည် သာဖြစ်သည်။ နာ မည်ကျော်ကာတွန်းဆရာကြီး အလင်္ကာ ကျော်စွာ ဦးဘဂျမ်း၏ ကာတွန်း တစ်ခု တွင်သူ၏ဇာတ်လိုက်အဘနှင့် မောင် မြေဇာတို့က ခေါင်းတွင်’ဘု’ ထွက်နေ သူတစ်ဦးကို ကြည့်ပြီးစကားဆို ကြ သည်။

ဇာ။ ဟော ဟိုဆရာဟာ နိုင်ငံ ရေးသမားဆိုပေမယ့် သိပ်ရက်ရောတာ အဘရဲ့။ မနေ့က ဝတ်စရာမရှိလို့ သွား တောင်းတာ အင်္ကျီတစ်ထည်ဆွဲပေးလိုက် တယ်။
ဘ။ နေပါဦးကွာ၊ သူ့ခေါင်းမှာ ဘာဖြစ်တာလဲ။
ဇာ။ အဲဒါက သူ့အိမ်ကဧည့်သည် က သံတုတ်နဲ့ရိုက်လို့တဲ့။
ဘ။ အိုကွာ မိုက်လိုက်တာ။ ဒီလို ပုဂ္ဂိုလ်ကိုဘာကြောင့် ရိုက်ရတာတဲ့လဲ။
ဇာ။ ဒီလိုအဘရဲ့ ကျွန်တော် တောင်းလို့သူဆွဲပေးလိုက်တဲ့ အင်္ကျီက သူ့အိမ်မှာတည်းနေတဲ့ ဧည့်သည်ရဲ့ အင်္ကျီ အဘရဲ့။

(၇)

လွှတ်တော် ကိုယ်စားလှယ်များ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ပြည်သူ့ အကျိုးဆောင်ရွက်နိုင်ကြပါစေ။

စည်သူငြိမ်း
Popular myanmar news journal


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်မြေ လွှတ်တော် ကိုယ်စားလှယ်သည် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံ ရပ်ကွက်တွင်း လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုလုပ်၍ ကြိမ်းမောင်း ပြောဆို နေမှုများ အပေါ် ကာယကံရှင်များက သြဂုတ်လ၂၂ ရက်တွင် ဗဟန်း ရဲစခန်းသို့ တိုင်ကြားခဲ့ရာ အုပ်ချုပ်ရေးမှူး ထောက်ခံချက် ယူရန် ပြောကြား၍ အမှုဖွင့်ရန် ငြင်းဆန်ခဲ့သည်။

အမှုဖွင့်ခြင်းနှင့် စပ်လျဉ်း၍ ကာယကံရှင် ဦးမင်းကျော်သူသည် သြဂုတ်လ ၂၁ရက် ည(၉)နာရီ အချိန်တွင် ဇနီးဖြစ်သူ မိဘများ နေထိုင်ရာ ကျိုက္ကဆံ ရပ်ကွက်ရှိ နေအိမ်သို့ ပြန်လာရာ ဥဿဖယား လမ်းထိပ်သို့ အရောက် လူအများ ကားတစ်စီးအနား၌ ၀ိုင်းအုံနေသဖြင့် (ရယက) အဖွဲ့ ရာအိမ်မှူး ဖြစ်သူကို မေးကြည့်ရာ ခိုးထားသည့် ကားရပ် ထားသဖြင့် (ရ၀တ) အဖွဲ့သို့ တိုင်ကြား ထားကြောင်း ပြော၍ ဦးမင်းကျော်သူက မိမိကား ဖြစ်ကြောင်း ပြောဆိုရာ တိုင်းလွှတ်တော် ကိုယ်စားလှယ်က ဤနေရာသည် အစိုးရ အဖွဲ့အစည်း ကားရပ်သည့် နေရာ ဖြစ်ကြောင်း ကားမဖယ်ပေးပါက မီးရှို့ပစ်မည် ….ဟု ပြောခဲ့ကြောင်း၊ ၄င်း၏ ဇနီး ဖြစ်သူကိုလည်း လူကြားထဲတွင် လက်ညှိုးထိုးကာ ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊ အစိုးရ အဖွဲ့ဟု ပြောဆိုသဖြင့် (ရယက) အဖွဲ့ဝင်များကို မေးကြည်ရာမှ ဒီမိုကရက်တစ် (မြန်မာ) ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည် ဖြစ်သူဟု သိရှိခဲ့ရကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ၄င်းပိုင်ကားကို မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်း၊ ၄င်းတို့ နှစ်ဦးကို လူပုံ အလယ်တွင် ကြိမ်းမောင်း ပြောဆိုမှုများ၊ ခြိမ်းခြောက်မှုများကို ဗဟန်းမြို့နယ် ရဲစခန်းတွင် သြဂုတ်လ ၂၂ရက်က အမှုသွားရောက် ဖွင့်ခဲ့သော်လည်း အမှုလက်မခံ ခဲ့ကြောင်းကို ကားပိုင်ရှင် ဦးမင်းကျော်သူက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က အတူနေ ပြည်သူများကို ထပ်မံခြိမ်းခြောက် ကြိမ်းမောင်း ပြောဆိုခြင်းဖြစ်လာပြန်ရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ အနေဖြင့် မိမိတို့၏ လွှတ်တော် ကိုယ်စားလှယ်များကို ထိန်းကျောင်းပြောဆို ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း . . .

““ကျွန်တော် ကားဖယ်ပေးဖို့ ကားသော့ သွားယူနေတဲ့ အချိန် ကျွန်တော့်ဇနီး မျက်နှာကို လက်ညှိုးထိုးပြီး ဒီနေရာက အစိုးရကား ရပ်မယ့်ကား၊ အစိုးရပေး ထားတဲ့ နေရာမြေဆိုတာ မသိဘူးလား။ လူပါးမ၀နဲ့။ နင်တို့ ကားကို အခု ချက်ချင်း ဖယ်ပေးရင် ဖယ်ပေး။ မဖယ်ပေးရင် မီးရှို့ ပစ်လိုက်မယ် ဆိုပြီး ခြိမ်းခြောက် ပြောခဲ့တာ။ ကျွန်တော်တို့လိုပဲ တခြားသူတွေကိုလည်း ရပ်ကွက်ထဲ ကြိမ်းမောင်း တာတွေ လုပ်တာပဲ””ဟူ၍ ၄င်းက ထပ်မံ ပြောကြားခဲ့သည်။

ဗဟန်းရဲစခန်းသို့ သြဂုတ်လ ၂၂ရက်က အမှု သွားဖွင့်ရာတွင် တာဝန်ကျ တာဝန်မှူး ဒုရဲအုပ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်သာ ဦးစွာ တွေ့ဆုံ၍ ဖြေရှင်းရန်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက် လက်မှတ် ယူခဲ့ရန် မှာကြား၍ လောလောဆယ် အမှုမဖွင့် ပေးခဲ့ကြောင်းကို ကာယကံရှင်များက ပြောသည်။

အဆိုပါ လွှတ်တော် ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုကာ ကြိမ်းမောင်း ပြောဆိုမှုများနှင့် စပ်လျဉ်း၍ ဒီမိုကရက်တစ် (မြန်မာ) ပါတီဥက္ကဋ္ဌ ဦးသုဝေကို မေးမြန်းရာ ““ကျွန်တော်တို့ ဒီကိစ္စ တွေကိုတော့ မသိဘူး။ သူက စကား သိပ်ပြောတဲ့လူ မဟုတ်ဘူး။ ဘယ်လိုပြောမလဲ သူက သူ့ဘာသာ သီးခြားသတ်သတ် နေတဲ့သူ ဆိုတော့လေ။ မေးမှ ပြောတာ။ အရင် ဘုရားတွေ သွားတယ်။ တရားထိုင်တယ်။ ဒီလိုလူပါ”” ဟူ၍ ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်သည် ဇူလိုင်လ အတွင်း၌ပင် အခြားသော ပြည်သူများ၊ ကင်းသမားနှင့် ၀န်ထမ်းအချို့ကိုလည်း အနိုင်အထက် စကားလုံးများဖြင့် ကြိမ်းမောင်း ပြောဆိုခဲ့ရာ တာဝန်ရှိ သူများက ၄င်းကို ဖျောင်းဖျ ပြောဆိုခဲ့ရကြောင်း ရပ်ကွက်နေ ပြည်သူများက မြန်မာသံတော်ဆင့်သို့ သတင်း ပေးပို့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများကို ခြိမ်းခြောက် ကြိမ်းမောင်း ပြောဆိုခြင်း သည် ယခုအကြိမ်မှ မဟုတ်ဘဲ ယခင်လပိုင်း ကလည်း တစ်ကြိမ် ဖြစ်ပွားခဲ့ရာ တာမွေမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဇနီးမောင်နှံတို့က မြို့နယ် ကြံ့ခိုင်ရေး ရုံးဝန်းကျင်တွင် ဆိုက်ကားနင်းနေသော ဦးလှိုင်ဌေးဦးကို တစ်စီးလျှင် ငွေ ၃၀၀ ကျပ်ပေးသွင်းရန် ပျက်ကွက်မှုဖြင့် ကြိမ်းမောင်း ပြောဆိုခဲ့ကြောင်း သတင်းဖော်ပြ ခံခဲ့ရသည်။ ယခု အကြိမ်တွင်လည်း ဗဟန်း မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က မော်တော်ကား ရပ်ရန် အကြောင်းပြချက်ဖြင့် တစ်ရပ်ကွက်တည်း အတူနေ ပြည်သူများကို ထပ်မံခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုခြင်း ဖြစ်လာပြန်ရာ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တာဝန်ရှိ အကြီးအကဲ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ အနေဖြင့် မိမိတို့၏ လွှတ်တော် ကိုယ်စားလှယ်များကို ထိန်းကျောင်း ပြောဆို ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ ရန်ကုန်မြို့ သည် မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာ မြို့တော် ဖြစ်သည်နှင့်အညီ ပြည်သူ့ ကိုယ်စားလှယ်များ အနေဖြင့် ပြောဆို ဆက်ဆံမှု ယဉ်ကျေးမှု ရှိရန် လိုအပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တွင် အခြေချ နေထိုင်လျက် ရှိသည့် နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောဆိုကြသည်။

တာမွေအောင်ကို
မြန်မာသံတော်ဆင့်


နာမည်ကျော် လူမှုကွန်ရက် တစ်ခု ဖြစ်သည့် Facebook ကို ထူထောင် ခဲ့သော မာ့ခ်ဇူကာဘတ်၏ Timeline ကို ခိုးဖောက် ဝင်ရောက်နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ခါလီရှာရီသာ ဆိုသူအား ဆုငွေအဖြစ် ဒေါ်လာ ၁၁,၀၀၀ ချီးမြှင့်ရန် ရှိကြောင်း Mashable.com တွင် ရေးသားထားသည်။

ထိုဆုငွေများကို ရှာရီသာအား Facebook က ချီးမြှင့်မည် မဟုတ်ဘဲ အွန်လိုင်းပေါ်တွင် လူထု လှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် GoFundMe လှုပ်ရှားမှု အဖွဲ့က ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော ရက်အနည်းငယ်က Facebook ပေါ်ရှိ ဇူကာဘတ်၏ Timeline ကို ဝင်ရောက် ခိုးဖောက် နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ဟက်ကာ ရှာရီသာနှင့် ပတ်သက်ပြီး Facebook ၏ လုံခြုံရေးမှာလည်း လှုပ်ခတ်သွား ခဲ့ရသည်။

BeyondTrust လုံခြုံရေး ကုမ္ပဏီ နည်းပညာ အရာရှိ မာ့စ်မိုက်ဖရက်က ထိုသို့ စွမ်းဆောင်နိုင်သည့် ရှာရီသာကို ဆုငွေ ချီးမြှင့်ရန် Facebook ကို တိုက်တွန်းသော်လည်း ငြင်းဆန်ခဲ့သဖြင့် အွန်လိုင်း လှုပ်ရှားမှု တစ်ခု အနေဖြင့် စည်းရုံး လုပ်ဆောင်ခဲ့ရာတွင် တစ်နေ့တည်း ဒေါ်လာ ၁၀,၀၀၀ ရရှိခဲ့သည်။ လက်ရှိ အခြေအနေတွင် အလှူရှင်ပေါင်း ၁၉၉ ဦးထံမှ ရှာရီသာ အား ချီးမြှင့်ရန် ငွေသားပေါင်း ၁၁,၃၀၅ ဒေါ်လာ ရရှိနေပြီဖြစ်ကြောင်း GoFundMe အဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။

ဆုချီးမြင့်ရခြင်းနှင့် ပတ်သက်ပြီး မိုက်ဖရက်က လွတ်လပ်စွာ လှုပ်ရှား လုပ်ဆောင်နေသူတွေကိုလည်း သတိထားဖို့ လိုကြောင်း နည်းပညာ ကုမ္ပဏီ များ အနေဖြင့် ဤသို့သော လူငယ်များကို ချီးမြှင့် မြှောက်စားရန် လိုကြောင်း၊ တစ်ရက်တည်း ဒေါ်လာ သောင်းချီပြီး လှူဒါန်းကြသည့် အားပေး မြှောက်စားမှုကိုလည်း အသိအမှတ်ပြုရန် လိုကြောင်း ပြောကြား ခဲ့သည်။

ရှာရီသာသည် ပြီးခဲ့သည့် ရက်သတ္တပတ် က ဗိုင်းရပ်စ် တစ်မျိုးကို တီထွင်ခဲ့ပြီး Facebook Timeline က တစ်ဆင့် ပေးပို့နေခြင်း ဖြစ်ပြီး Facebook နှင့် မိတ်ဆွေဖွဲ့ မထားသူများထံသို့ပင် ယင်းဗိုင်းရပ်စ် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် လုံခြုံရေးအတွက် စိတ်ချရပါသည် ဆိုသော Facebook အပေါ် သံသယဝင်စရာများ ဖြစ်လာခဲ့သည်။

Facebook သည် လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ဒေါ်လာ ၂၀,၀၀၀ ပေးမည်ဟု ဆုငွေ ထုတ်ထားသော်လည်း ယနေ့အထိ ဒေါ်လာ ၅၀၀ ခန့်သာ ချီးမြှင့်ပေးမှု ရှိခဲ့ကြောင်း Facebook စာမျက်နှာ တစ်ခုတွင်လည်း ရေးသား ဖော်ပြထားသည်။

Facebook က မိမိအပေါ် အသိအမှတ် မပြုခြင်းနှင့် ပတ်သက်ပြီး စိတ်ပျက် မိကြောင်း ရှာရီသာ ကလည်း ပြောကြားသည်။

The voice weekly

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားသည့် ဥပဒေ နှစ်ရပ်နှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတ၏ သတင်း ထုတ်ပြန်ချက် နှစ်ခုနှင့် သဝဏ်လွှာ နှစ်ခုပါ ဖော်ပြချက်များမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဥပဒေ ကျင့်ဝတ်များကို လိုက်နာမှု မရှိဘဲ ချိုးဖောက် ထားကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက သြဂုတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ဆိုင်ရာ ဥပဒေတို့အပေါ် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ပြန်လည် ပေးပို့ လာသော သဝဏ်လွှာနှင့် အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် နှစ်ခုနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ သုံးသပ်ချက် အစီရင်ခံစာ တင်ပြရာတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသဝဏ်လွှာနှင့် ထုတ်ပြန်ချက်များတွင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁၀၅) (၁၀၆) တို့ကို လိုက်နာခြင်း မရှိသည့် အပြင် ဥပဒေ ကျင့်ဝတ်များကိုလည်း ချိုးဖောက်ထားကြောင်း ဦးနန္ဒကျော်စွာ က ဆိုသည်။

အဆိုပါ ဥပဒေ နှစ်ခုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ပေးပို့လာသော သဝဏ်လွာနှင့် သတင်း ထုတ်ပြန်ချက်များသည် အုပ်ချုပ်ရေး မဏ္ဍိုင်က ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့ကို လွှမ်းမိုးချင်သည့် အဓိပ္ပာယ် သက်ရောက်နေပြီး အများပြည်သူ အထင်မြင် လွဲမှားနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ သုံးသပ်ချက် အစီရင်ခံစာကို နိုင်ငံပိုင် မီဒီယာများတွင် တွင်တွင်ကျယ်ကျယ် ဖော်ပြပေးရန် လည်း ပြည်ထောင်စုလွှတ်တော်က ဆက်လက် တိုက်တွန်းခဲ့သည်။

ပြည်ထောင်စု လွှတ်တော်က သြဂုတ်လ ၆ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေပါ အချက် ကိုး အချက်မှာ အခြေခံဥပဒေ တည်ဆဲ ဥပဒေများနှင့် ညီညွတ်ရန် လိုအပ်ချက်များ ရှိနေခြင်းကြောင့် နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးခြင်း မရှိကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က သြဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းအပြင် သြဂုတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သော အဂတိ လိုက်စားမှု ဥပဒေကို အတည်ပြု ပြဋ္ဌာန်းရာတွင် နိုင်ငံတော်သမ္မတ ပေးပို့ထားသော သဘောထား မှတ်ချက် ဆယ်ချက်ကို ပြည်ထောင်စု လွှတ်တော်က ပယ်ချလိုက်သည်။

ယင်းဥပဒေကို နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးခဲ့သော်လည်း အများဆန္ဒအရသာ လက်မှတ် ရေးထိုးပေးခြင်း ဖြစ်ပြီး အဆိုပါ ဥပဒေသည် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်လိုက်သည်။

ယင်းဥပဒေကြမ်း နှစ်ခုကို နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးရန် ပြည်ထောင်စု ရှေ့နေချုပ်၊ ဥပဒေ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ တိုင်ပင်ခဲ့ပြီး မညီညွတ်သဖြင့် လွှတ်တော်သို့ သဘောထား မှတ်ချက် များဖြင့် ပြန်လည် ပေးပို့သော်လည်း လွှတ်တော်က မူလ ဥပဒေအတိုင်း အတည်ပြုခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က ဆိုသည်။

အဆိုပါ ဥပဒေများကို အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ ကို ဆုံးဖြတ်ပေး ရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် တာဝန်ရှိကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန် ရှင်းလင်းထားသည်။

The voice weekly

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.