08/25/13

ဆရာမောင်ဝံသ (ဦးစိုးသိမ်း)နှင့် ပထမဦးဆုံး တွေ့ခဲ့တဲ့ အချိန်ကို မမှတ်မိတော့ပါဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိစ္စတွေနဲ့ ဆုံကြပြောကြတာတွေ ရှိခဲ့ပေမဲ့ အသေအချာ မှတ်ဥာဏ်ထဲမှာ ကျန်နေတဲ့ တွေ့ဆုံခြင်းကတော့ ၁၉၈၉ ခုနှစ် ဆရာဦးဝင်းတင် အထိန်းသိမ်းခံရပြီး အချိန်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပါတီ အတွင်းရေးမှူး တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်ကိုယ်စား တတ်နိုင်သမျှ တာဝန်တွေ ထမ်းဆောင် ပေးပါမယ်လို့ ဆရာမောင်ဝံသက လာရောက်ပြောဆိုပါတယ်။ ကျွန်မကလည်း ဆရာမောင်ဝံသရဲ့ ကမ်းလှမ်းချက်ကို ကျေးဇူးတင်စွာနဲ့ လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ များမကြာမီ ကျွန်မကလည်း အကျယ်ချုပ်ကျ၊ ဆရာမောင်ဝံသကလည်း အကျဉ်းကျနဲ့ အတူ ကြာကြာမလုပ်လိုက်ကြရပါဘူး။ နောက် ၁၉၉၅ ခုနှစ် ကျွန်မ လွတ်လာပြီးနောက် ပြန်ဆုံကြပေမဲ့ ထပ်မံပြီး ကျွန်မက အကျယ်ချုပ်ကျ၊ ဆရာမောင်ဝံသကလည်း အကျဉ်းကျနဲ့ တွေ့ဆုံကြုံကွဲ နိုင်ငံရေး ဘ၀သံသရာမှာ လည်ခဲ့ကြပါတယ်။

ဆရာမောင်ဝံသက စာရေးရတာကို မြတ်နိုးတန်ဖိုးထားပြီး စာရေးရာမှာ မွေ့လျော်တဲ့ စာပေချစ် စာပေသမားတစ်ဦးပါ။ နိုင်ငံရေးကို အလွန်စိတ်ဝင်စားပြီး နိုင်ငံရေးထဲ ၀င်ရောက်ခဲ့ပေမဲ့ နိုင်ငံရေးလုပ်ရတာ မွေ့လျော်တဲ့ ပုဂ္ဂိုလ် တစ်ဦးမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒီတော့ နိုင်ငံရေးလုပ်ရတာ မွေ့လျော်တဲ့ သူတွေဆိုတာ ဘယ်လိုလူတွေပါလိမ့်။ ကျွန်မကတော့ နိုင်ငံရေးလုပ်ရတာ မွေ့လျော်လားဆိုတဲ့ အမေးမျိုးလည်း တက်လာနိုင် ပါတယ်။ စဉ်းစားကြည့်ရင် ငယ်ရွယ်စဉ်ကာလကတည်းက နိုင်ငံရေးထဲမှာ ဘ၀နှစ်ခဲ့တဲ့ ဖေဖေတောင် နိုင်ငံရေး လုပ်ရတာ မွေ့လျော်တယ်လို့ ပြောလို့မရပါဘူး။ လွတ်လပ်ရေး ရယူချင်လို့။ ဒါအတွက် နိုင်ငံရေး လုပ်ရမယ် ဆိုတာ ယုံကြည်လို့ နိုင်ငံရေး လောကထဲ ရောက်လာခဲ့တာပါပဲ။

ထိုနည်းတူပါပဲ။ ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ထောင်ချင်လို့ တည်ထောင်နိုင်ဖို့ရာ နိုင်ငံရေး လုပ်ရမယ်ဆိုတာ ယုံကြည် လက်ခံလို့ ကျွန်မတို့ ဆရာမောင်ဝံသတို့လို လူတွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထဲ ရောက်လာကြတာပါ။ စာပေ၀ါသနာပါသူတွေ ဖြစ်တဲ့ အလျောက် နိုင်ငံရေးစကား၊ စာပေစကားရောပြီး ဆွေးနွေးလေ့ ရှိကြပါတယ်။ နိုင်ငံရေးလုပ်ရာမှာ အတွေးအခေါ် နဲ့အလုပ်အကိုင် ခွဲခြားထားလို့ မရဘူးဆိုတဲ့ သဘောထားတွေကို အခြေခံပါတယ်။ ပြည်သူ့ခေတ် ဂျာနယ်မှာ ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ခုမှာ “ဘယ်အကြောင်းကြောင့်ပဲ နိုင်ငံရေး လုပ်လုပ်၊ လေ့လာ ဆည်းပူမှုမပြုဘဲနဲ့ အထက်လူကြီး တွေ မြှောက်စားလို့ မောက်ကြွားရတာမျိုးဆိုရင်တော့ အိမ်ဖြည့်နိုင်ငံရေး သမားပဲဖြစ်လာလိမ့်မယ်၊” “ပြည်သူကို မလေးစားသူဟာ ဘယ်တော့မှ ဒီမိုကရေစီ နိုင်ငံရေးသမား မဖြစ်နိုင်ဘူး” စသဖြင့် ပါခဲ့ပါတယ်။ ဒါကြောင့် ဆရာမောင်ဝံသဟာ အဓိကအားဖြင့် စာရေးဆရာဆိုပေမဲ့ နိုင်ငံရေးသမားများအတွက် အလွန်အရေးကြီးတဲ့ လေ့လာဆည်းပူးမှု ပြုလုပ်တတ်ခြင်းနဲ့ ပြည်သူကို လေးစားခြင်းဆိုတဲ့ အရည်အချင်းနှစ်ခု နဲ့ ပြည်စုံပါတယ်။

ဆရာမောင်ဝံသကို နောက်ဆုံးအကြိမ်တွေ့ခဲ့ရတာကတော့ ဇူလိုင်လ ၂၁ရက် တနင်္ဂနွေနေ့က ဖြစ်ပါတယ်။ အာဇာနည်နေ့အတွက် ရန်ကုန်ကို ပြန်ရင်းနဲ့ ၀ိတိုရိယ ဆေးရုံကို သွားခဲ့ပါတယ်။ အဆုတ်ကင်ဆာဖြစ်နေကြောင်းကို သိခဲ့ရကတည်းက ဆရာမောင်ဝံသ ကျန်းမာရေး အခြေအနေဟာ လွန်စွာ စိုးရိမ်ဖွယ်ဖြစ်နေ ပြီဆိုတာကို သိပါတယ်။ အိမ်ကိုသွားပြီး တွေ့လိုက်တော့ ထုံးစံအတိုင်း ပြုံးပြုံးရွှင်ရွှင်နဲ့ နိုင်ငံရေးအကြောင်း၊ စာပေအကြောင်းရောပြီး တက်တက်ကြွကြွ ပြောပါတယ်။ ဒီနောက်ပိုင်း ကျွန်မလည်း သွားလာလှုပ်ရှား၊ အလုပ်တွေများနဲ့ ဆရာမောင်ဝံသနဲ့ မတွေ့ဖြစ်တာ ဇူလိုင်လ အထိကို ရောက်လာ ပါတော့တယ်။ ရောဂါအခြေအနေ ဆိုးနေပြီကြားထားတော့ အိပ်ရာထဲမှာလဲပြီး ပိန်ချုံးနေမှာပဲလို့ ထင်ခဲ့ပါတယ်။ တကယ်တွေ့ရတော့ တွန်းလှည်းပေါ်မှာ ထိုင်နေပြီး မျက်နှာ ပြည့်ပြည့်၊ ပြုံးပြုံးရွှင်ရွှင် ဖြစ်တော့ ၀မ်းသာရပါတယ်။ သို့သော်လည်း ကင်ဆာ ရောဂါခံစားခဲ့ရသူ မြောက်မြားစွာရဲ့ အတွေ့အကြုံ တွေနဲ့ ရင်းနှီးခဲ့ရလို့ အချိန်မရွေး ပြန်လည် ဆုတ်ယုတ်သွားနိုင်တယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။

နောက်ဆုံးအကြိမ် တွေ့တဲ့ အခါမှာလည်း နိုင်ငံရေးအကြောင်း၊ စာပေအကြောင်းတွေပဲ ဆွေးနွေးကြပါတယ်။ စွမ်းအားရှိသ၍ စာရေးသွားချင်ကြောင်း၊ မြင်ချင်သေးတဲ့ နိုင်ငံရေး အခြေအနေတွေ အကြောင်း၊ မျှော်လင့်ချက်များစွာနဲ့ ဆရာမောင်ဝံသ ပြောခဲ့ပါတယ်။
ရဲဘော် ရဲဘက်တစ်ဦး လောကကြီးက ထွက်ခွာသွားတဲ့ အချိန်ဟာ ကျန်ခဲ့တဲ့ သူတစ်ယောက်အနေနဲ့ သူ မပြီးပြတ်ခဲ့တဲ့ အလုပ်တွေ ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ၊ သူ မမြင်ခဲ့ရတဲ့ အိပ်မက်တွေ ဘယ်လို ဖော်ဆောင်ပေးရမလဲဆိုတာ စဉ်းစားရပါတယ်။ ဆရာမောင်ဝံသရဲ့ မျှော်လင့်ချက်တွေ အကြောင်းတွေးရင်းနဲ့ နောက်ဆုံး မြင်ခဲ့ရတဲ့ ပြုံးရွှင်ကြည်လင်တဲ့ မျက်နှာကို သတိရပြီး ဒီလိုလက်ဆောင်မွန် ပေးခဲ့တဲ့ ဆရာမောင်ဝံသ(ဦစိုးသိမ်း) ကို ကျေးဇူးတင်လျက်ပါ။

ဒီတစ်ပတ်တော့ ဒီမျှသာ။ ။

အောင်ဆန်းစုကြည်
မေတ္တာရိပ်

ပထမ သတင်းထုတ်ပြန်ချက်

ဒုတိယသတင်းထုတ်ပြန်ချက်

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကန်းကျေးရွာအုပ်စု၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၂၄( ၁၈:၃၅) နာရီ အချိန်၊ ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာအကြား ရေပြာလှျိုကန်နှင့် မန်ကျီးပင် အနီးတွင်( ဘ-ဦးပြူးကျော်၊ အမိ ဒေါ်ဌေးတင် ဆံပင်အလုပ်သမား လုပ်ကိုင်သူ မလှပြည့် (၂၅)နှစ် အား ထန်းကုန်းကျေးရွာမှ အလုပ်သိမ်းအပြန် အစ္စလာမ်ဘာသာဝင် လူမျိုးတစ်ဦးက လက်ဆွဲပြီး မုဒိမ်းကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်။

ထိုစဉ် မလှပြည့်သည် ရုန်းထွက်ပြေးပြီး အနီးရှိ တောင်သူ လုပ်ကိုင်နေသော အောင်ဇော်မြင့်(ဇီပင်သာ)ထံသို့ သွားရောက်အကူအညီ တောင်းခံခဲ့ သည်။

ယခု အခါ အဆိုပါ အမည်မသိ အစ္စလာမ်ဘာသာဝင်ကို ထန်းကုန်းရဲစခန်းသို့ ( ၁၈:၅၀) အချိန် တွင် အပ်နှံခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၁၉နာရီ ၁၀ မိနစ် အချိန်တွင် ဇီးပင်သာ ကျေးရွာ၊ ထန်ကုန်း ကျေးရွာသား (၁၅၀)ဦးခန့်၊ သံဃာတော်(၃)ပါးတို့သည် ထန်ကုန်းရဲစခန်းရှေ့တွင် တရားခံ ထုတ် ပေးရန် ၁၉ နာရီ ၃၀ မိနစ် အချိန်ထိ တောင်းခံခဲ့သည်။

တရားခံထုတ်မပေးသဖြင့် ၁၉ နာရီ ၄၀ မိနစ်အချိန်တွင် ဦးသန်းမြင့် ၇၈၆ နေအိမ်အား စတင်ရိုက်ဖျက်ခြင်း၊ စည်ပင်ဈေးရှိ မူဆလင် ဆိုင်(၄)ခန်း၊ ဘူးတာဈေးရှိ ဒေါ်ခင်သန်းဆိုင်၊ အမှတ်(၄)ရပ်ကွက်၊ ဦးသောင်းပါင့် ကုန်မာဆိုင်၊ အမှတ်(၃)ရပ်ကွက် ဦးမောင်မောင်နီ ကုန်စုံဆိုင်၊ သံလမ်းဘေးရှိ ဦးအလီဘာ ရေဒီယိုက်ဆက်ဆိုင်၊ အမှတ်(၇)ရပ်ကွက် ဦးဆွေညွန်၊ ဦးမောင်ဝင်း အိမ်တို့အား ရိုက်ဖျက်ခြင်း အမည်မပေါ် ဆိုင်(၅) ခန်းအား ဆက်လက်ရိုက်ဖျက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လူစုအဖွဲ့သည် ၂၁ နာရီ ၁၀ မိနစ် အချိန် OMC မူးဘောင် အနောက်ဘက်ရှိ ဦးကျော်မြင့် ကြက်ခြံအား စတင်မီးရှို့ဖျက်စီးခဲ့ကြကြောင်း သိရှိရသည်။
အမှတ် (၁)ရပ်ကွက် ဦးတင်ဝင်း လဘက်ရည်ဆိုင်၊ ဦးမောင်ကျော်နေအိမ်၊ ဒေါ်မူသန်း ဆန်ပွဲရုံ၊ မောင်ကင်း ကွမ်းယာဆိုင်တို့ကို မီးရှို့ခဲ့ကြောင်း သိရှိရသည်။ ၂၂ နာရီ ၅၀ မိနစ် အချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်မြသွေး ပန်းမြိုင်လယ် လဘက်ရည်ဆိုင်အား ဆက်လက်မီးရှို့ခဲ့ရာ နေအိမ်အလုံး(၂၀)ခန့် (စိစစ်ဆဲ) လောင်ကျွမ်း ခဲ့ကြောင်း သိရှိရသည်။

၎င်းလူစုအား ဩဂုတ်လ ၂၅ ရက်၊ ၁နာရီ အချိန်တွင် အင်အား(၁၀၀၀)ခန့်ရှိ လူအုပ်သည် ဒေါ်ခင်သန်း၊ အမှတ်(၃)ရပ်ကွက် နေအိမ်ကို မီးရှို့ရန် ရောက်ရှိလာစဉ် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ( ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးအုန်းလှိုင်)က ဆက်လက်မီးမရှို့ရန်၊ ရှေ့ဆက်မတက်ရန် တားမြစ်ခဲ့သည်။

သို့သော် လေးဂွများဖြင့် အဆက်မပြတ် ပစ်ခတ်ရာ ထိန်းသိမ်းမရနိုင်သည့် ရုန်းရင်း ဆန်ခတ်မှု အခြေအနေမျိုး ဖြစ်လာ၍ ၁ နာရီ ၁၅ မိနစ်တွင် လူထုကွဲစေရန် ခြောက်လှန့်ပြီး သေနတ်(၃)ချက်အား မိုးပေါ်သို့ ထောင်ဖောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တားမြစ်နေစဉ် ကာလအတွင်း မီးငြိမ်းသတ်နေသော မီးသတ်ကားများ OMC မူးဘောင်မှ ရေဖြည့်ခြင်းကို လက်မခံဘဲ မီးသတ်ကားအား ဓါးဖြင့် ဝိုင်းဝန်းခုတ်ဖြတ်ခြင်းတို့ကြောင် ၁ နာရီ ၃၀ မိနစ် အချိန်တွင် ဒုတိယအကြိမ် သေနတ် (၃)ချက် မိုးပေါ်ထောင် ဖေါက်၍ ခြောက်လှန့်ရာ လူစု လူဝေးအနည်းငယ်ကွဲသွားမှ မီးသတ်ကားများ ရေဖြည့်ပြီး မီးငြိမ်းသတ်ခြင်းများ ထပ်မံ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မီးငြိမ်းသတ်ခြင်း လုပ်ငန်းကို မီးသတ်ကား (၁၀)စီး၊ မီးသတ် တပ်ဖွဲ့ဝင် (၇၀)ဦးက ငြိမ်းသတ်ရာ ၃ နာရီ ၃၀ မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း၊ မီးလောင်မှု့ကြောင့် ဦးထွန်းသင်း၏ အောင်ဇဗ္မူ ဆန်စက် အပါအဝင် နေအိမ်(၂၀)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရှိရသည်။

ဖြစ်ပွားနေသော အခြေအနေများအား ဆက်လက်ထိမ်းသိမ်း ဆောင်ရွက်ရာတွင် နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီး၊ တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ဖွဲ့ဝင် (၈၀) ဦးတို့က ဆောင်ရွက်လျှက် ရှိပြီး ၃ နာရီ ၁၅ မိနစ်အချိန်တွင် ရဲတပ်ရင်း (၁၁၆)မှ ဒုရဲမှူးကြီး တင်မိုးပါ (၇၀)ဦးတို့သည် ထန်ကုန်း ကျေးရွာသို့ ရောက်ရှိလာပြီး အတွင်းစည်းလုံခြုံရေး တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း တည်ငြိမ်အေးချမ်းအောင် ထိမ်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ကနဦးသတင်း အနေဖြင့် တင်ပြအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန
http://www.moi.gov.mm/
ပြင်ဆင်ချက်အပြည့်အစုံ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီး တစ်ဦးအား အမျိုးသား တစ်ဦးက ကာအိနြေ္ဒပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့်စော်ကားရန် ကြိုးစားရာမှ အစပြုပြီး မကျေနပ်သူလူအုပ်စုက ဈေးဆိုင်၊ နေအိမ်နှင့် ကြက်ခြံတို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ တာဝန်ရှိသူများက အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး အကြမ်းဖက်ဖျက်ဆီးမှုများတွင် ပါဝင်သူများအား အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ် ထန်းကုန်ကျေးရွာအုပ်စု ဇီးပင်သာ ကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/ဝယ်ဆိုင်မှ ပြန်လာစဉ် ထန်းကုန်း ကျေးရွာနှင့် ဇီးပင်သာ ကျေးရွာကြားအရောက် ထန်းတောကျေးရွာနေ ဆန်းမင်းဦး(ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့်စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာကျေးရွာဖက်မှ အမျိုးသားတစ်ဦး ရောက်ရှိလာသဖြင့် ဆန်းမင်းဦးသည် ထန်းကုန်း ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သော်လည်း ဝိုင်းဝန်းဖမ်းဆီးသဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆန်းမင်းဦးအား ထန်းကုန်းရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်း ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် ညပိုင်းတွင် ရွှေဘို အကျဉ်းထောင် သို့ ပို့ဆောင်ခဲ့ကြောင်း။ည ၇ နာရီခွဲခန့်တွင် ထန်းကုန်းကျေးရွာနှင့် ဇီးပင်ကျေးရွာတို့မှ ရွာသူရွာသား ၁၅၀ ခန့်သည် ထန်းကုန်းရဲစခန်းသို့ ရောက်ရှိလာပြီး ဆန်းမင်းဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် လူအုပ်စုသည် သံလမ်းဘေးရှိ ဈေးဆိုင်၊ နေအိမ်အချို့နှင့် ကြက်​ခြံတစ်ခြံတို့အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း။မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၉လုံး၊ ဈေးဆိုင်ခန်း ၃ ခန်း၊ ကြက်ခြံတစ်ခြံတို့ မီးလောင်ကျွမ်း ခဲ့ပြီး နေအိမ် ၃ လုံး၊ ဈေးဆိုင်ခန်း ၁၂ ခန်း၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင် ၃ ဆိုင်တို့ ရိုက်ချိုး ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။အခင်းဖြစ်နေရာသို့ တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့၊ ရဲတပ်ရင်းမှ တပ်ရင်းမှူးနှင့်အဖွဲ့များ ရောက်ရှိပြီး လုံခြုံရေးဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက် ၅ နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး နယ်​မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ် သည်များ ဖြည့်ဆည်းမှားကြားခဲ့ကြောင်း သိရှိရသည်။ ( သတင်းစဉ်)

အောင်သက်ကို တွေ့ဆုံ မေးမြန်းသည်။

လူတိုင်းဟာ နိုင်ငံရေးလုပ်ပိုင်ခွင့်ရှိပါတယ်၊ အစိုးရဝန်ထမ်းမို့လို့ နိုင်ငံရေးမလုပ်ရဘူး၊ ကျောင်းသားမို့လို့ နိုင်ငံရေးမလုပ်ရဘူးဆိုတာမျိုးမရှိပါဘူး.မကြာသေးမီကဖြစ်ပျက်ခဲ့သည့် ငွေရတုပွဲတက်ရောက်ခဲ့သူ ကျောင်းဆရာမတစ်ဦးအား အလုပ်မှထုတ်ပယ်ခဲ့ခြင်းသည် ပညာရေးလောကအတွင်း အုပ်ချုပ်ရေးပိုင်းမှ ချုပ်ကိုင် လွှမ်းမိုး၍ ပညာရေးနယ်ပယ်အား နိုင်ငံရေးအမြင်သေးသိမ်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည့် သဘောသက်ရောက်နေပြီး ပညာပတ်ဝန်းကျင် ရှင်သန်ဖြစ်ထွန်းရေးအတွက် ဒီမိုကရေစီစနစ် သည် ထိန်းကျောင်းရန်တာဝန်ရှိသည့်တိုင် မြန်မာနိုင်ငံအားအုပ်စိုးသည့် မြန်မာနိုင်ငံအစိုးရ၏ ဒီမိုကရေစီဖော်ဆောင်ရေးအပေါ် သုံးသပ်စရာဖြစ်နေခဲ့ပြီး ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ရန်ကုန် တိုင်းမ်သတင်းစာမှ မျိုးဆက်ကျောင်းသားခေါင်းဆောင်အဖွဲ့ဝင် ဒေါ်မာမာဦးနှင့် သွားရောက် တွေ့ဆုံ၍ မေးမြန်းဖြစ်ခဲ့သည်များကို စာဖတ်ပရိသတ်အတွက် တင်ပြလိုက်ပါသည်။

မေး - ၈၈ငွေရတုအထိမ်းအမှတ်အကြို သတင်း စာရှင်းလင်းပွဲတက်ရောက်မိတဲ့ ဆရာမဒေါ်စိုးစိုး ခိုင် အလုပ်ထုတ်ခံရတဲ့အပေါ်မှာ ဘယ်လိုမြင်မိပါ သလဲ။
ဖြေ - ဒေါ်စိုးစိုးခိုင်အပါအဝင် လုပ်ဖော်ကိုင်ဖက် ဆရာနှစ်ဦးကိုပါ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိ ရတယ်။ ဒေါ်စိုးစိုးခိုင်အပေါ်မှာ ပညာရေးဌာန အနေနဲ့ တရားခံတစ်ဦးလိုသဘောထားစစ်ဆေး တာဟာ ပညာရေးဌာနရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်မဟုတ်ဘူး။ အစိုးရဝန်ထမ်းတွေကို နိုင်ငံ ရေးမလုပ်ရဲအောင် လုပ်တာလို့မြင်တယ်။ ဒီလို လုပ်တာဟာ ဗိုလ်ချုပ်နေဝင်းလက်ထက်က တစ် ပါတီ အာဏာရှင်စနစ်လုပ်တုန်းက ပြည်သူတွေ ကြုံခဲ့ရဖူးတယ်။ ဒီမိုကရေစီစနစ်ကို ဦးဆောင် နေတဲ့ နိုင်ငံတော်သမ္မတကြီးလက်ထက်မှာ ဒီလို လုပ်ရပ်တွေမရှိသင့်တော့ဘူးလို့မြင်တယ်။

မေး - ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံကို တည်ဆောက် နေချိန်မှာ ဒီလိုဖြစ်ရပ်က ဘယ်အတိုင်းအတာ အထိ သက်ရောက်မှုရှိနိုင်လဲ။
ဖြေ - ဒီမိုကရေစီ ဖော်ဆောင်နေတဲ့အချိန်မှာ ဒီလိုမျိုး ကျောင်းဆရာမတစ်ဦးရဲ့ အဖြစ်အပျက် မျိုး ဖြစ်သင့်ဖြစ်ထိုက်တဲ့အချိန် မဟုတ်တော့ဘူး လို့ထင်တယ်။ ပြောရမယ်ဆို ရှစ်လေးလုံးအရေး တော်ပုံထက် ပိုပြီးတော့ အင်အားကောင်းတဲ့ အရေးတော်ပုံတွေ ပေါ်ပေါက်လာနိုင်စရာ အ ကြောင်းတွေ ပေါ်ပေါက်လာနိုင်တယ်။ လောက သဘာဝတရားအရ လူထုဟာ ဖိရင်ကြွမယ်။ ထိရင်ချမယ်။ ဖြစ်လာပြီဆိုရင် ထိန်းမနိုင် သိမ်းမရ တွေဖြစ်လာလိမ့်မယ်လို့မြင်တယ်။ ဒါကြောင့်မို့လို့ ဒီလိုအခက်အခဲတွေမရှိစေချင်ဘူး။ နောက်ထပ် ရှစ်လေးလုံးအရေးတော်ပုံ ပုံစံတွေလို၊ အသက် စတေးရတဲ့ဟာတွေ၊ မလိုလားတဲ့ဟာတွေ မဖြစ် စေချင်တော့ဘူး။

မေး - ဒီကိစ္စတွေက ဒီမိုကရေစီ ကူးပြောင်းတဲ့ နိုင်ငံတိုင်းကြုံတွေ့ရတဲ့ဖြစ်ရပ်မျိုးတွေလား။
ဖြေ - တစ်ပါတီအာဏာရှင်စနစ်ကနေ ဒီမို ကရေစီစနစ်ကို ပြောင်းလဲသွားပါပြီ။ ပြောင်း တဲ့အခါမှာလည်း အတိုက်အခိုက်တွေနဲ့ ပြောင်း တဲ့အချိန်က ကုန်လွန်ခဲ့ပြီ။ အခုက ဒီမိုကရေစီ လမ်းကြောင်းကို စပြီးသွားကြပြီ။ နှစ်ပေါင်းများ စွာ ခေါက်ရိုးကျိုးနေတဲ့ စနစ်ဆိုးတွေကို ပြုပြင် ပြောင်းလဲရတော့မယ်။ ဒီလို ပြောင်းလဲနေတဲ့ ကာလမှာ အခက်အခဲတွေက နေရာတိုင်းမှာ ရှိ ပါတယ်။ ဒါကိုလည်း နားလည်တယ်။ ပြုပြင်နိုင် အောင်လည်း ကြိုးစားသွားမယ်။ ပြုပြင်နိုင်မယ့် အခွင့်အရေးတွေကိုလည်း ကျွန်မတို့လိုချင်တယ်။

မေး - အလုပ်ထုတ်ခံရတဲ့ ဆရာမကို အန်တီတို့ ဘယ်လို ကူညီပေးသွားမလဲ။
ဖြေ - ဆရာမဒေါ်စိုးစိုးခိုင် အလုပ်ထုတ်ခံရတာ နဲ့ပတ်သက်လို့ ဘယ်လိုအကြောင်းကြောင့် အလုပ် ထုတ်ခံရတာလဲဆိုတာ တိတိကျကျ သေသေချာ ချာဖြစ်အောင် ကျွန်မလေ့လာခဲ့တယ်။ ဆက် ပြီးတော့လဲ ဆရာမအလုပ်ပြန်လည်ရရှိအောင် ကျွန်မကြိုးစားပေးချင်တယ်။ ဆရာမအနေနဲ့ ဒီကိစ္စကိုပွင့်လင်းမြင်သာစွာ ပြောချင်တယ်ဆို ရင်လည်း ကူညီဖို့အဆင်သင့်ပါပဲ။ ရှေ့ဆက်ပြီး တော့ ဥပဒေကြောင်းအရ ကူညီပေးသွားပါမယ်။

မေး - နောက်ထပ်ပြောလိုတာရှိရင်လည်း ပြော ပေးပါဦး။
ဖြေ - အစိုးရ အသိအမှတ်ပြု ဝန်ထမ်းတွေအ နေနဲ့ ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ ပြောမယ် ဆိုရင် လူတိုင်းဟာ နိုင်ငံရေးလုပ်ပိုင်ခွင့် ရှိပါ တယ်။ အစိုးရဝန်ထမ်းမို့လို့ နိုင်ငံရေးမလုပ်ရ ဘူး။ ကျောင်းသားမို့လို့ နိုင်ငံရေးမလုပ်ရဘူးဆို တာမျိုးမရှိပါဘူး။ နိုင်ငံတော်သမ္မတကအစ ဈေး သည်အထိ ကိုယ်ရပ်တည်နေတဲ့ ရေမြေတော တောင်သဘာဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ် နေတာတွေဟာ နိုင်ငံရေးလုပ်နေတာပါပဲ။

Yangon Media Group

မနေ့ညက MRTV ကြည့်တော့ လွှတ်တော်တွင်းက စစ်တပ်ကိုယ်စားလှယ်တော်ကြီးတွေ တက်တက်ကြွကြွ ဆွေးနွေးတာတွေ ကြားရ/ မြင်ရတော့ အံ့သြသွားမိပါတယ်။ လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲကျော် ကာလအတွင်းမှာ ယူနီဖောင်းဝတ် ကိုယ်စားလှယ်တွေ တသုတ်ပြီးတသုတ် လဲနေကြသလို မကြာသေးတဲ့ အချိန်တွေတုန်းကဆို လွှတ်တော်တွင်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေချိန်မှာ အိပ်ပျော်နေတဲ့ စစ်တပ်ကိုယ်စားလှယ်တွေ၊ ဂျာနယ်ဖတ်နေတဲ့ စစ်တပ်ကိုယ်စားလှယ်တွေ၊ ကွန်ပျူတာဂိမ်းဆော့နေတဲ့ စစ်တပ်ကိုယ်စားလှယ်တွေကို ဖေ့စ်ဘုတ်လို နေရာမှာ တွေ့ရတော့... အို့ ဒီတချီတော့ ထူးပါပေ့၊ ဆန်းပါပေ့လို့ အတွေးပေါက်ရင်း ကျွန်တော် အံ့သြမိတာ အမှန်ပါပဲ။

သြဂုတ် ၂၃ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သူတို့ ဆွေးနွေးကြတဲ့ အကြောင်းအရာကတော့ ``ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်ကို မူလရွေးချယ် တင်မြှောက်ခဲ့ကြတဲ့ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက မကြိုက်တော့ဘူးဆိုရင် သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ဖြုတ်ချပိုင်ခွင့် ရှိနေတဲ့ ကိစ္စ `` နဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အဲဒါကို MRTV ကနေ သြဂုတ် ၂၃၊ ၂၄ နှစ်ရက်တောင် ပြသခဲ့တာဖြစ်ပြီး၊ ၂၄ ညမှာတော့ ပြည့်ပြည့်စုံစုံလေး အချိန်ယူ ပြခဲ့တာကို ကြည့်ရသလို သြဂုတ် ၂၅ အစိုးရ သတင်းစာတွေမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို ကောက်နုတ်ဖော်ပြခဲ့တာကို ဖတ်ခဲ့ရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၆ Right to Recall နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဦးဆောင် ဆွေးနွေးသလို စစ်တပ် ကိုယ်စားလှယ် သုံးဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးတို့က ဆွေးနွေးတာတွေက တကယ်မိုက်ပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက စစ်တပ် ကိုယ်စားလှယ်တွေက အမြဲလိုလို ပါးစပ်ပိတ်ထားရာကနေ သူတို့နဲ့ မဆိုင်တဲ့ ကိစ္စတွေကို ထဲထဲဝင်ဝင် ဆွေးနွေးလာကြတာ ဖြစ်ပါတယ်။ ဒါကိုပဲ ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်း ဒီလို စစ်တပ် ကိုယ်စားလှယ်တွေ အသံထွက်လာကြတာ ၀မ်းသာစရာ ကောင်းတယ်လို့ ပြောပါတယ်။

အလုပ်တွေ ပိုလာတဲ့ ရွေးကောက်ပွဲ ကော်မရှင်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲတွေ တရားမျှတစွာ ကျင်းပပေးရုံတင် မဟုတ်ဘဲ ဆိုင်ရာ မဲဆန္ဒနယ်ထဲကနေ အခြေခံ ဥပဒေအရ သတ်မှတ် အရေအတွက်ရှိတဲ့ မူလမဲဆန္ဒရှင်တွေက ပြန်ခေါ်မယ်ဆိုရင် သူတို့တတွေ ရွေးကောက် တင်မြှောက်ထားတဲ့ အမတ်မင်းတွေကို ဖြုတ်ချပိုင်ခွင့် ရှိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေ ပြုနိုင်ဖို့ လွှတ်တော်ကို ဥပဒေကြမ်း တင်သွင်းခဲ့တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းလို့ ဆိုကြပါတယ်။

လက်ရှိကာလ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဖွဲ့ထားချိန်မှာ ဒီဥပဒေကြမ်းကို လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးမယ့် ကိစ္စကို ဆိုင်းငံ့ထားဖို့ ဥပဒေကြမ်း ကော်မတီက လွှတ်တော်ကို တင်ပြချိန်မှာ စစ်တပ်ကိုယ်စားလှယ်တွေက မဆိုင်းနဲ့... ဆက်ဆွေးနွေးပါလို့ ပြောလာတာ ဖြစ်ပါတယ်။ စစ်တပ်ကိုယ်စားလှယ်တွေ ဘာကြောင့် ဒီနေရာမှာ ဒီလောက် တက်ကြွနေကြတာလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ စစ်တပ်အရေးလည်း မဟုတ်၊ နိုင်ငံ့အရေးလည်း မဟုတ်၊ ဒီမိုကရေစီအရေးလည်း မဟုတ်...၊ ဘာကြောင့်လဲ။

မဆိုင်တဲ့ အပေါက် ကလိုင် (ဂလိုင်) နဲ့ ခေါက်သူများ

စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း သတိဆွဲ ဒါမှမဟုတ် အိပ်ငိုက် မနေတော့ဘဲ လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ပြောသလို အခုလို ပါဝင် ဆွေးနွေးလာတာ ကောင်းပေမယ့်လို့ ၀င်ဆွေးနွေးတဲ့ ကိစ္စဟာ ဒီစစ်တပ် ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ကြီး ဆိုင်တယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဒါကို ပါဝင် ဆွေးနွေးခဲ့တဲ့ ကျောက်ဖြူအမတ် ဦးဘရှိန်ရဲ့ ဆွေးနွေးမှု စကားရပ်က ရှင်းလင်းပြီး ဖြစ်ပါတယ်။

``မိမိကတော့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်တယ်၊ ဒီတာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကလည်း ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ပဲ သက်ဆိုင်ပါတယ်`` လို့ ရခိုင်အမတ် ဦးဘရှိန်က ထည့်ပြောပါတယ်။ ဟုတ်ပါတယ်၊ စစ်တပ်ကိုယ်စားလှယ်ဆိုတာက လွှတ်တော်ထဲ ထိုင်နေကြလို့သာ လွှတ်တော်ကိုယ်စားလှယ်လို့ ခေါ်မယ်ဆို ခေါ်နိုင်ပေမယ့် သူတို့ဟာ တကယ်တော့ ပြည်သူတွေက လွှတ်ထားတာ မဟုတ်ဘဲ ကာကွယ်ရေး ဦးစီးချုပ် တဦးတည်းကသာ လွှတ်လိုလွှတ်၊ ပြန်ခေါ်လိုက အချိန်မရွေး ပြန်ခေါ်နိုင်တဲ့ အမိန့်နာခံနေရတဲ့ လူအုပ်စုတစုသာ ဖြစ်နေပါတယ်။ ဦးဘရှိန် ပြောသလို မဆိုင်တဲ့ သူတွေက အားပါးတရ ၀င်ဆွေးနွေးနေတာက ဆန်းနေပါတယ်။

စစ်တပ်ကိုယ်စားလှယ် သုံးဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဥာဏ်နိုင်၊ ဗိုလ်မှူးကြီးမြင့်ကိုကိုနဲ့ ဗိုလ်မှူးကြီးတင့်ဆန်းတို့ ဆွေးနွေးချက်တွေဟာ ဒီဥပဒေ မြန်မြန်ပြဌာန်းနိုင်ဖို့အတွက် တွန်းအားပေးတဲ့ အနေနဲ့ လက်တန်း ဆွေးနွေးချက်တွေသာဖြစ်ပြီး၊ စိတ်ခံစားမှုတွေအပြည့်နဲ့ ဆွေးနွေးတာကလွဲလို့ မဆိုင်နဲ့အပေါက်ကို ကလိုင်နဲ့ ၀င်ခေါက်နေသူ ဘ၀မျိုးသာ ဖြစ်နေရတယ်လို့ ကျွန်တော်တော့ ထင်တာပါပဲ။ တကယ့်အရေးတွေမှာ အခုလို ၀င်ဆွေးနွေးကြမယ် ဆိုရင်တော့ သူတို့ အမှတ်ရကောင်း ရနိုင်ပါလိမ့်မယ်၊ အခုတော့ သူတို့ကို ပေးထားတဲ့ အိမ်စာကျေတယ်နော်လို့ပဲ ပြောနိုင်တဲ့ ဆရာရှေ့ရောက် ကျောင်းသားတွေလိုသာ ဖြစ်နေပါတယ်။

အမှတ်ရသူကလည်း စစ်သားဟောင်း

တကယ်တမ်းမှာ ကျွန်တော် အမှတ်ပေးလိုတာက အမတ်မင်း ဦးမောင်တိုး ဖြစ်ပါတယ်။ သူက ပြည်သူ့ငွေစာရင်း ကော်မတီရဲ့ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက သူက စစ်သားဟောင်းတဦး ဖြစ်ပါတယ်၊ စစ်တပ်အထာကို ကျေနေသူလို့ ပြောရင်လည်း ရနိုင်တာပေါ့။ ဘယ်ရာထူးအဆင့်လဲ ဆိုတာကတော့ ကျွန်တော်က စစ်တပ်နဲ့ မနီးစပ်တော့ မသိနိုင်ပေမယ့် ၁၉၆၅ ကနေ ၁၉၈၉ အထိလား တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလို့ ဦးမောင်တိုးက သူ ဆွေးနွေးမှု မစခင်မှာ ပဏာမ ပြောဆိုခဲ့ပါတယ်။ (သတင်းစာထဲ ကောက်နုတ်ဖော်ပြချက်မှာတော့ မပါတော့ပါ)။

``လွှတ်တော်ကိုယ်စားလှယ်တွေကို ၁ ရာခိုင်နှုန်းနဲ့ ပြန်ခေါ်ရင် အဲဒီဟာတွေနဲ့သာ အလုပ်တွေ ရှုပ်နေမယ်။ ဒါကို ရွေးကောက်ခံရဖူးသူတွေကသာ သိပါတယ်`` ဆိုပြီး စစ်တပ်က လာပေမယ့်လို့ စစ်တပ်ကိုယ်စားလှယ်တွေကို စောင်းပါးရိပ်ခြည် ပြောပါတော့တယ်။ ဟုတ်တာပေါ့၊ စစ်တပ်ကိုယ်စားလှယ်တွေက ရွေးကောက်ခံစရာမှ မလိုတာလေ၊ သူတို့က အမိန့်ပေးလို့ လွှတ်ရင် လာရမယ်၊ ပြန်ခေါ်ရင် တာ့တာလုပ်ပြီး ပြန်ရမယ့် လူတွေကိုးဗျ။ ဦးမောင်တိုး ပြောတာကလည်း မှားတော့ မမှားပါဘူး။

ရှေ့က ဆိုခဲ့သလို ရွေးကောက်ပွဲ ကော်မရှင်မှာကလည်း လုပ်စရာ အလုပ်တွေ ရှိသမျှ ရှာလုပ်နေရတော့ သူ့အလုပ် သူရှာလုပ်တယ်၊ ဥပဒေကြမ်း တင်တယ်။ ဥပဒေကြမ်း ကော်မတီကလည်း သူ့အလုပ် သူလုပ်တယ်၊ ဆွေးနွေးရမယ့်အချိန်၊ ဆိုင်းထားရမယ့်အခါ၊ တွန်းလုပ်ရမယ့် အနေအထားတွေကို စိစစ် လုပ်ကိုင်ရမယ့် သဘောရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အခုလို တွန်းတွန်းတိုက်တိုက် ဆွေးနွေးပါလေမှ ပြည်သူတွေမှာ ပိုက်ဆံကုန်ရကျိုး၊ အချိန်ကုန်ရကျိုး၊ ကိုယ့်အတွက် ကိုယ်စားပြုနေသူကို အားပေးရကျိုး နပ်ပါပေလိမ့်မယ်။

ဦးမောင်တိုးကို အမှတ်ပေးချင်တာက သူက ဥပဒေကြမ်းတွေ တင်လာတိုင်း ဥပဒေဖြစ်ကုန်အောင် တွန်းလုပ်နေစရာ မလိုပါဘူးလို့ အပြတ်ပြောပါတယ်။ တိုင်းပြည်နဲ့ လူထု အကျိုးရှိရင် တွန်းလုပ်ရမယ်၊ မဟုတ်ဘူးဆို ဆိုင်းထား၊ ပယ်ထားလိုက်ရုံပဲလို့ ကျွန်တော် နားလည်လိုက်ပါတယ်။ ဦးမောင်တိုးရဲ့ ပြောဆိုမှုတွေဟာ အိမ်စာကျေပြီး လွှတ်တော်အမတ်တယောက်ရဲ့ ပြောဟန်ဆိုပေါက်လည်း ပီပြင်ပါတယ်။ ကျွန်တော်တော့ သဘောကျတယ်။

သူကလည်း အဲဒီအတွက် အမှတ်လိုချင်ပုံရတယ်၊ လက်ခုပ်သံ ငံ့လင့်ပုံရတယ်။ ပြဿနာက နှစ်ပေါင်း ၅၀ ကျော်မှတခါ အခုလို လွှတ်တော်တွေက ပြန်ပေါ်လာလေတော့ လွှတ်တော်အမတ်တွေက အထာမကျသေးဘူး။ လုပ်နေကြပေမယ့် အရုပ်တွေလိုသာ ဖြစ်နေကြသေးတယ်၊ စိတ်ထဲရှိတာတွေကို ထုတ်လို့ ဖော်လို့ မပြောရဲကြသေးဘူး၊ ဟန်ထုတ်နေကြရသေးတယ်။ တကယ်ဆို ဦးမောင်တိုး ပြောတာတွေက သဘာဝကျပြီး၊ အမှတ်ရစေမယ့် စကားတွေ၊ တရားတွေ ပါတာကြောင့် သူတို့ လက်ခုပ်တီးကို တီးကြရမှာ ဖြစ်ပါတယ်၊ အမှတ်ပေးကြရမှာ ဖြစ်ပါတယ်။ ဦးမောင်တိုးခမျာ... သူ လိုချင်ရှာတဲ့ အမှတ်လေးတော့ ရပုံ မရရှာဘူး၊ ဒါ့ကြောင့် ကျွန်တော်က အမှတ်ပေးလိုတာ ဖြစ်ပါတယ်။

``ခေါင်းပေါင်းကြီး ဆောင်းပြီး တနေကုန် ထိုင်နေရတာ ဒီနိုင်ငံက လွှတ်တော်မှာသာ ဖြစ်ပါတယ်၊ ဒီတော့ ၁ ရာခိုင်နှုန်းနဲ့ ပြန်ခေါ်မယ့် ဥပဒေကို စဉ်းစားနေရင် လွှတ်တော်ဟာ အချိန်ကုန်ပြီး အကျိုးမရှိ ဖြစ်မယ်`` လို့ ဦးမောင်တိုးက ပြတ်ပြတ်သားသား အရေးဆိုသွားပါတယ်။


ပြုံးပြုံး ပျော့ပျော့ လွှတ်တော် ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးဟောင်း


တကယ်တော့ ပြန်လှန် ဆွေးနွေးချက်တွေကို ပင်ပန်းတဲ့ ဟန်ပန်၊ နူးညံ့တဲ့ လေသံဟဟနဲ့ နားထောင်၊ သုံးသပ်နေတာကတော့ ၀တ်ရုံနက်ကြီး ၀တ်ထားတဲ့ စင်မြင့်ပေါ် ခုံမြင့်ကြီးပေါ်က လွှတ်တော်ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းပါ။ နှစ်ဘက် ဆွေးနွေးချက်တွေကို သူက ကောင်းကောင်း သဘောပေါက်တဲ့ပုံလည်း ပေါ်ပါတယ်။ တချက်တချက်လည်း ပြုံးပြီး နားထောင်နေပုံ ပေါ်ပေမယ့် ပင်ပန်းနေတဲ့ ဟန်ကလည်း မဖျောက်နိုင်ပါဘူး။ အော်... သူလည်း ၇၀ ကပ်နေမှကိုးလို့ သဘောပေါက်လိုက်ပါတယ်။

ကျွန်တော်ကတောင် MRTV က ကြည့်နေပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေကို မကြိုက်ပေမယ့် လွှတ်တော်တွင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပုံတွေကို ဒီလောက် သဘောကျနေရင် ဒီလိုတွေ ဖြစ်လာဖို့ တွန်းနေ ထိုးနေရတဲ့ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး လွှတ်တော်ဥက္ကဌ နှစ်ယောက်အနက်က တယောက်ဖြစ်တဲ့ သူရ ဦးရွှေမန်းလည်း ခုလို အခြေအတင် ပြောနေတာတွေကို အားရနေလိမ့်မယ်လို့ ယူဆစရာ ရှိပါတယ်။

လွှတ်တော်အမတ်တွေ၊ စစ်တပ်ကိုယ်စားလှယ်တွေ ဆွေးနွေး ပြောဆိုမှုတွေထဲမှာ သူ့ကို ချီးပတဲ့ စကားတွေကလည်း မကြာမကြာ ပါပါနေလို့ အဲဒီအပေါ်မှာ သဘောကျနေတာ မဟုတ်လောက်ဘူးလို့တော့ ကျွန်တော့်ဘာသာ တွေးနေမိပါတယ်။ ဆွေးနွေးမှုတွေ အပြီးမှာတော့ သူရ ဦးရွှေမန်းက လွှတ်တော် ဥက္ကဌ လုပ်ရမယ့် အလုပ်ကို လုပ်ဆောင်ပါတယ်။

``ဥပဒေကြမ်းကော်မတီ တနည်းအားဖြင့် လွှတ်တော်အငယ်လေးရဲ့ တင်ပြချက်အပေါ် မူတည်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေက အဆုံးအဖြတ်ပေးဖို့ ဖြစ်ပါတယ်`` လို့ ပြောပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူပါတယ်။ ဒီတော့ ဥပဒေကြမ်းကော်မတီက တင်ပြတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ``လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း`` ကို ဆိုင်းငံ့ဖို့ လွှတ်တော်က သဘောတူခဲ့ကြပါတယ်။

စစ်တပ်ရဲ့ အပွင့်နဲ့ အပိတ်

တကယ်တော့ စစ်တပ်ဆိုတာ အမိန့်နဲ့သွားတာ (အလုပ်လုပ်တာ) ဖြစ်ပါတယ်။ ဒါကြောင့် စောစောပိုင်း လွှတ်တော်တွေမှာ မီဒီယာတွေက စစ်တပ်က ကိုယ်စားလှယ်တွေကို မေးတဲ့အခါ ပြေးကြတာ များပါတယ်။ ကျွန်တော့်အတွေ့အကြုံအရဆိုလည်း ဗိုလ်မှူးလောက်ကို မေးရင် ဗိုလ်မှူးကြီးကို မေးဖို့ တွန်းလွှတ်ပါတယ်၊ ဗိုလ်မှူးကြီးကို မေးဖို့သွားရင် ဗိုလ်မှူးချုပ်လောက်ကို မေးဖို့ ပြောပါတယ်။ တချို့ကတော့ ကျွန်တော် မသိဘူး၊ မဖြေတတ်ဘူးလို့ ပြောခဲ့ကြပါတယ်။

အခုတော့ အိမ်စာကျေတဲ့သူတွေကို တဖြည်းဖြည်း လဲထည့်လေသလားတော့ မသိပါဘူး၊ ဒါမှမဟုတ် နိုင်ငံရေးနဲ့ ဆွေးနွေးမှုတွေကို စိတ်ပါတဲ့ စစ်တပ်အရာရှိတွေပဲ စစ်တပ်ကိုယ်စားလှယ် ဖြစ်လာလေသလား မသိပါဘူး၊ သူတို့ရဲ့ ပိတ်နေတဲ့ ပါးစပ်တွေ ပွင့်လာပါတယ်။ အဲဒီလို ပွင့်လာကြောင်းကိုလည်း မီဒီယာတွေမှာ တဖြည်းဖြည်းကနေ များများစားစား တွေ့လာရတော့ ဗျူဟာမြောက် အသံထွက်ချိန် တိုင်ပြီလားဆိုတာကလည်း စဉ်းစားစရာ ဖြစ်ပါတယ်။

ကျွန်တော်ကတော့ အပိတ်ထက် အပွင့်ကို သဘောကျသူပါ။ ပါးစပ်တွေ ပွင့်နေကြပါမှ တဦးနဲ့တဦး ဆက်သွယ်၊ နှုတ်ဆက်၊ ခေါ်ပြော၊ ဆွေးနွေးနိုင်ကြမယ် မဟုတ်ပါလား။ လွှတ်တော်ထဲက စစ်တပ်ကိုယ်စားလှယ်တော်တွေ အခုလို အကြောင်းအရာ မဟုတ်တာကို အရေးလုပ် ၀င်ပြောနေကြမယ့်အစား တိုင်းပြည်နဲ့လူထုအကျိုးရှိရာတွေကို အရင်းခံ အရိုးခံစိတ်တွေနဲ့ မြန်မြန်နဲ့များများ ပါဝင် ဆွေးနွေးနိုင်ကြပါစေမယ့်အကြောင်း ဆုမွန်တောင်းပါတယ်။

ရန်ကုန်။
၂၀၁၃ သြဂုတ် ၂၅၊ ညနေ ၄ နာရီ။
Myo Tha Htet

ယနေ့  မြန်မာပြည်ရဲ့  မြေနေရာတွေ စီးပွားရေးလုပ်ငန်းတွေ တရုတ်ပိုင်ဖြစ်လာနေပြီး မြန်မာပြည်သူလူထု ဒုက္ခရောက်နေရတာ တရုတ်လုပ်ငန်းရှင်တွေကြောင့်။

တရုတ်တွေနယ်ချဲ့ လို့  ဒို့ နိုင်ငံသားတွေ စီးပွားပျောက်ရပြီ။

တရုတ်လုပ်ငန်းရှင်တွေဟာ အိမ်ခြံမြေတွေကို ဝယ်ယူပြီး ရင်းနှီးမြုတ်နှံထားတာတွေ ပြည်တွင်းမှာ တော်တော်များနေပါပြီ။ တရုတ်လူမျိုးများ အများဆုံးဝယ်ယူသည့် ဒေသမှာ မန္တလေးမြို့ ၌ဖြစ်ပြီး ကျောက်ဖြူ စစ်တွေ ရန်ကုန်နှင့် ထားဝယ်တို့ တွင်လည်း အများဆုံး ဝယ်ယူထားကြတာ တွေ့ ရပါတယ်။

တရုတ်လူမျိုးဆိုတာ နိုင်ငံခြားသားပါ၊ ကိုယ်တိုင်းပြည်တွင်းမှာ မြေတွေ ဈေးအဆမတန်ပေးပြီး ဝယ်ယူနေနှိုင်တာ မြန်မာပြည်ဖွား သစ္စာမဲ့သူများ၊ ကိုယ်ကျိုးကြည့်သူများကြောင့်သာ ဖြစ်ပါတယ်။ တရုပ်တွေဟာ တိုက်ရိုက်ဝယ်ယူလို့  မရပါဘူး၊ နိုင်ငံသားတစ်ဦးကို အမည်ခံပြီး ဝယ်ယူကြရပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၃ခုနှစ် မရွှေ့ ပြောင်းနှိုင်သည့် ပစ္စည်းများ လွှဲပြောင်းခြင်း ကန်သတ်ထာသည့်ဥပဒေ အခန်း (၂) အပိုဒ် ၃ နှင့် ၄ တို့ တွင် မည်သူမျှ နိုင်ငံခြားသားနှင့် ဖြစ်စေ နိုင်ငံခြားသာပိုင် ကုမ္ပဏီနှင့် ဖြစ်စေ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချခြင်း ဝယ်ယူခြင်း ပေးကမ်းခြင်း ပေးကမ်းသည်ကို လက်ခံခြင်း ပေါင်နှံခြင်း ပေါင်နှံသည်ကို လက်ခံခြင်း လဲလှယ်ခြင်း သို့ မဟုတ် အခြားနည်းတရပ်ရပ်ဖြင့် လွှဲပြောင်းခြင်း လွှဲပြောင်းသည်ကို လက်ခံခြင်း မပြုရ လို့ ပြဌာန်းထားပါတယ်။

အဆိုပါ ဥပဒေ အပိုဒ် ၂ အခန်း ၅ မှာလည်း နိုင်ငံခြားသား သို့ မဟုတ် နိုင်ငံခြားသားပိုင် ကုမ္ပဏီအား တကြိမ်လျှင် တနှစ်ထက် ပို၍ ငှားရမ်းခြင်း မပြုရလို့  ပါရှိပါတယ်။ ၎င်းဥပဒေများကို မလိုက်နာဘဲ လုပ်ဆောင်မည်ဆိုလျှင် ယင်းဥပဒေ အခန်း ၄ အပိုဒ်. ၁၁၊ ၁၂ တို့ မှာ အနဲဆုံး ထောင်ဒါဏ် ၃ နှစ်မှ ၅ နှစ်အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့် အကျုံးဝင်သည့် မရွှေ့ မပြောင်းနှိုင်သော ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမှာ ဖြစ်ပါတယ်။

ဥပဒေက မည်သိုပင် ပြဌာန်းထားစေကာမူ ပြည်ပနိုင်ငံသားများ ဝယ်ယူမှုများ ရပ်တန့် သွားခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအထက်ပိုင်း အရှေ့မြောက်တံခါးမှ ၀င်လာသူ တရုတ်များ နိုင်ငံသားကဒ် လွယ်လွယ်ကူကူ ရနေသောကြောင့်ပင် ဖြစ်ပါတယ်။ အနောက်တံခါးမှ ၀င်လာကြသောသူများ၊ မန္တလေးမြို့ပေါ်သို့ အရှေ့မြောက်တံခါးမှ ၀င်ရောက်လာသူများမှာ လွယ်လွယ်ကူကူ မှတ်ပုံတင်ရကြ နိုင်ငံသားဖြစ်ခဲ့ကြရသည်မှာ ထူးဆန်းအံ့သြဖွယ်ကိစ္စဟုပင် ဆိုရ ပါတော့မည်။

မန္တလေး၏ အချက်အခြာကျသော နေရာအားလုံးလိုလို စီးပွားရေးလုပ်ငန်းအားလုံးလိုလိုသည် တရုတ်အမျိုးသားတို့ လက်တွင်းသို့ ကျရောက်ခဲ့သည်မှာ အားလုံး အသိပင်ဖြစ်ပါတယ်။ မန္တလေးသားတို့မှာ မြို့စွန်၊ မြို့ဖျား ရေမရ၊ မီးမလာသော ဆင်ခြေဖုံးရပ်ကွက်များသို့ လွင့်ပါးသွားခဲ့ကြရသည်မှာလည်း အမှန်ပင် ဖြစ်ပါတယ်။

အဆိုပါ တရုတ်အမျိုးသားတို့သည် မန္တလေးကို ဘယ်လိုဘယ်ပုံ ရောက်ခဲ့ကြသနည်း။ လ၀ကရုံးက လူကြီးတွေ ညဘက်မှာလည် အိမ်မပြန်ကြပဲ စားကြသောက်ကြ၊ တရုန်းရုန်းနဲ့ ဇယာအို ကညာပျိုတွေနဲ့ ပျော်ပါးနေကြတာ ဒီဝင်ငွေကြောင့်ပဲလို့ နားလည်လိုက်ပါတယ်။ သူတို့ ဘယ်လောက်များများ လုပ်သွားကြပြီလဲ။ မြန်မာစကား မတတ်တဲ့ တရုတ်တယောက်ကို ကသာမှာ မှတ်ပုံတင်လုပ်ပေးတာ၊ လွန်ခဲ့တဲ့ ၁၅ နှစ် ကျော်ထဲက အားလုံးပေါင်း သုံးသိန်း ကုန်ကျတယ်လို့  သိရပါတယ်။

ဒါဟာ ကျွန်တော်တို့ တမျိုးသားလုံး၊ နိုင်ငံသားအားလုံး ဂရုစိုက်၊ အာရုံစိုက်ရမည့် ကိစ္စဖြစ်ပါတယ်။ ရခိုင်မှာ အစိုးရမှ နောက်ခံအားပေးပြီး တရုတ်ပေါက်ဖေါ်တို့ အဓမ္မ မြေသိမ်းနေကြသည်မှာ ရွှေ့ဂက်စ်အတွက် ဖြစ်ပါတယ်။ ရခိုင်တွင် မြေသိမ်းမှုများကို မြန်မာနိုင်ငံလုံးရှိ ရဟန်းရှင်လူ ပြည်သူလူထုအနေဖြင့် ဒေသဆိုင်ရာ ပြဿနာငယ်လေးအဖြစ် သတ်မှတ်ထား၍ မဖြစ်ပါ။ တရုတ်ပြည်မှ တရုတ်များ ကျောက်ဖြူသို့ ဝင်လာကြပြီး ဖြစ်ပါတယ်။

ထို့ပြင်မက ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး၊ ကျောက်ဖြူလေယာဉ်ကွင်းသစ် ဖောက်လုပ်ရေး၊ ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းနှင့်အပြိုင် မီးရထားလမ်းများကို တရုတ်ပြည်ရှိ ကူမင်းမြို့အထိ ဖောက်လုပ်ခွင့်ပေးလိုက်တာဟာလဲ တရုတ်ပြည်မှ အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက်စစ်ဆင်ရေးအတွက် မဟာဗျူဟာ အချက်ကျလှပါတယ်။ တရုတ်လူမျိုးများ ဝင်ရောက်လာမှုတင်မကဘဲ နိုင်ငံတော်လုံခြုံရေးအတွက်ပင် အန္တရာယ် ရှိလာနှိုင်ပါတယ်။

အိမ်ခြံမြေဝယ်ယူမှုများမှာ ရန်ကုန်မြို့ တွင်းတွင်သာမက မြို့ ပြင်နေရာတွေဖြစ်တဲ့ သံလျင် ကျောက်တန်း ခရမ်းသုံးခွတို့ ဘက်တွင်ပါ ဝယ်ယူနေကြပါပြီ။

နိုင်ငံသားအဖြစ်အတည်ပြုနိုင်ဖို့ ၁၉၈၂ ဥပဒေ အခန်း (၂) နိုင်ငံသားဖြစ်ခြင်း အပိုဒ် (၃) မှာ ပါဝင်တဲ့ ၁၈၂၃ မတိုင်မီ နေထိုင်ခဲ့သော တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် နိုင်ငံသားများဖြစ်သည်ဆိုသောအချက်နဲ့ မျိုးဆက်နှစ်ဆက် (သို့) သုံးဆက်ပြီးမှ နိုင်ငံသားဖြစ်ခွင့်ရရှိခြင်းဆိုတဲ့ ဧည့်နိုင်ငံသား တစ်ဆင့်ခံထားတဲ့မူတွေအရ စီစစ်ပြီး ဧည့်နိုင်ငံသား၊ နိုင်ငံသားအခွင့်အရေးကို လူ့အခွင့်အရေး ရှုထောင့်က ပေးရမှာ ဖြစ်သလို သက်သေခံ အထောက်အထား မရှိရင်တော့ လူဝင်မှုကြီးကြပ်ရေးဥပဒေအတိုင်း စီစဉ်ဆောင်ရွက်သင့်ပါတယ်။

မြန်မာနိုင်ငံမှာ လာရောက်အခြေချသူ၊ တရားမ၀င် ၀င်ရောက်သူ သန်းနဲ့ချီ ရှိပါတယ်။ နောက် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံမှာ လူမျိုးပျောက်ကွယ်သွားနိုင်တဲ့ တရားမ၀င် ၀င်ရောက်သူ သန်းဆယ်ဂဏန်း ရှိနိုင်ပြီး အဲဒီကမှ ပေါက်ဖွားသူ ဘယ်လောက်ရှိမလဲဆိုတာ တွက်ဆကြည့်နိုင်ပါတယ်။ အခွင့်အာဏာမက်မောတဲ့ ကိုယ်ကျိုးရှာတတ်တဲ့သူတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ မှားယွင်းမှုတွေအတွက် သမ္မတကြီးအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ဝေဖန်ဆန်းစစ်သင့်တယ်လို့ ထင်ပါတယ်။

အိမ်ခြံမြေလေလံမှာ တစ်ယောက်တည်း ဒေါ်လာသန်း ၂၀၀ ဖိုး ဆွဲသွားတာ မျိုးတွေရှိတယ်…..ဒါတွေ က ၀င်ငွေရလမ်း ဖော်ပြပြီးသား ငွေတွေလား၊ ပြည်ပလုပ်ငန်းရှင်တွေက အမည်ခံပြီး ဆွဲတာလား ဘယ်သူမှလည်း မသိဘူး။ အိမ်ခြံမြေဈေးတွေက တော်တော်လေး တက်သွားတာ လုပ်ပြီး တက်တာလား။

ပုံမှန်မဟုတ်ရင် တန်ပြန်သက်ရောက်မှု ဖြစ်နိုင်ပါတယ်။ ဘယ်လိုမျိုး သက်ရောက်နှိုင်လဲဆိုတော့ ပြည်တွင်းမှာ လက်ရှိဖြစ်နေတဲ့ ဒေါ်လာဈေး အပြောင်းအလဲများမှာလည်း အိမ်ခြံမြေ လုပ်ငန်းများမှတစ်ဆင့် အမေရိကန် ဒေါ်လာသန်းနှင့်ချီ၍ ၀င်ရောက်လာခဲ့သည့်အပေါ်တွင် သက်ရောက်မှု ရှိနေပါတယ်။ တစ်ရက်ကို ကျောက်မျက်နှင့် အိမ်ခြံမြေကနေ ဝင်ငွေဒေါ်လာသုံးသန်းလောက်ရှိတယ်လို့  စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုခဲ့ပါတယ်။

အိမ်ခြံမြေ အခွန်စနစ်သစ်မတိုင်မီက အမည်ပေါက်ပြုလုပ်ရာမှာ ဝင်ငွေခွန်ဆောင်ရာ၌ တရားဝင်ငွေကြေးကို ဖေါ်ပြရပါတယ်။ အိမ်ခြံမြေအခွန်စနစ်သစ် စတင်ပြီးနောက်မှာလည်း အခွန်နှုန်းထားမှာ ၁၅% ပေးဆောင်ရင် ဝင်ငွေရလမ်း ဖေါ်ပြဘို့ မလိုဘူးလေ။ အဲဒီအားသာချက်ကိုနင်းပြီး ပြည်ပတရုတ်တွေက အခွင့်ကောင်းယူပြီး နိုင်ငံသားတစ်ဦးချင်းဆီကို တဆင့်ခံပြီး ဝယ်ယူလာကြတာပါဘဲ။

အိမ်ခြံမြေဈေးကွက် ဈေးကစားမှုတွေကြောင့် ငွေကြေးဈေးကွက်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီလိုမျိုး ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ ထုတ်လုပ်သူ တောင်သူများအပေါ်သို့ ထိခိုက်လာပါတယ်။ မြန်မာ့လူဦးရေ၏ ၆၇ ရာခိုင်နှုန်းမှာ တောင်သူများဖြစ်တဲ့အတွက် တကယ်တမ်းနစ်နာရတာ တောင်သူလယ်သမားတွေပါဘဲ မြေဈေးကစားမှုတွေကြောင့် ပြည်ပရင်းနှီးမြုပ်နှံသူတွေဆီကနေ ဒေါ်လာငွေအလုံးအရင်းနှင့် ဝင်လာမှုတွေကြောင့် ငွေဈေးကွက်မှာ ဒေါ်လာဈေးကျကုန်ပါတယ်။ အမေရိကန်ဒေါ်လာငွေ တန်ဖိုးကျဆင်းပါက လုပ်ငန်းများထိခိုက်မှု ဖြစ်ပေါ်စေပါတယ်။ ပို့ကုန်ဈေးကွက်မှာ လယ်ယာထွက်ကုန် စိုက်ပျိုးရေးထွက်ကုန်၊ ရေလုပ်ငန်းထွက်ကုန်ကဲ့သို့ ပို့ကုန်အမယ်များနှင့် လက်ခစား အပ်ကုန်စနစ်ဖြင့် လုပ်ငန်းလည်ပတ်နေသော အထည်ချုပ်လုပ်ငန်းများမှာ အဓိကကျပြီး ငွေပြန်ဖော်ရာတွင် မူလရရှိနေသည့် ပမာဏနှင့် များစွာကွာဟနေသောကြောင့် ၀င်ငွေလည်း လိုက်ပါကျဆင်းနေကာ ပို့ကုန်လုပ်ငန်းတွေ လည်ပတ်ဖို့ မလွယ်ပါဘူး။ လုပ်ငန်းရှင်လက်မှာလည်း ငွေမရှိ၊ ပို့ကုန်ကလည်း ကျဖြစ်နေတဲ့အခါ အလုပ်သမားတွေ တောင်သူတွေ ထိပါတယ်။ ပဲဈေး ကျနေပြီ မတ်ပဲနဲ့ ပဲစင်းငုံ၊ ဆန်ဈေးတက်မလာဘူး။ စပါးဈေးကတော့ အနိမ့်ဈေးမှာပဲ သွားနေတုန်းပဲ ဆိုရင် ပို့ကုန်လုပ်ငန်းရှင်ကလည်း သူရှင်သန်နိုင်တဲ့အတိုင်း အတာထိပဲ။

တောင်သူတွေဆီက ပေးဝယ်နိုင်မှာပေါ့။ ဒါကြောင့် တောင်သူတွေ ရတဲ့ဈေးက ကျတယ်၊ တောင်သူတွေ ၀ယ်သုံးရတဲ့ သွင်းအားစုဖြစ်တဲ့ ဓာတ်မြေသြဇာဈေးကျလား၊ တခြားပစ္စည်းဈေးတွေကျလား ဆိုတော့ မကျဘူး တောင်သူတွေဟာ ရာသီဥတုကြောင့် တစ်မျိုး ငွေဈေးကြောင့် တစ်မျိုး တိုက်ရိုက်ကို ထိခိုက်ခံနေကြရပါတယ်။

ကုန်ဈေးနှုန်းကရောကျပါသလား မကျပါဘူး။ ဒီကုန်ဈေးနှုန်းနဲ့ ဘယ်လို စားသောက်အသက်ရှင်နေထိုင်ကြရမှာလဲ။ ဓာတ်ဆီကစလို့ ကြက်ဥ၊ ဘဲဥ စတာတွေရဲ့ ဈေးနှုန်းတွေက စင်ကာပူက ဈေးနဲ့အတူတူလောက် ဖြစ်နေတာ တွေ့ရတယ်။ စင်ကာပူမှာ သူတို့ရောင်းတာတွေက အစားအသောက်တွေကအစ သွင်းကုန်တွေ များတယ်။ ဒီမှာက ကိုယ့်နိုင်ငံထွက်တွေကိုပဲ ရောင်းတာပေမယ့် ဈေးမြင့်နေတယ်။ ထို့အတူ မြန်မာနိုင်ငံတွင် နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်သူ သုံးသန်းကျော်ရှိပြီး နိုင်ငံခြားမှ ပြန်လည်ပေးပို့သော လုပ်ခလစာများမှာမူ ငွေပြန်ဖော်ရာတွင် မူလရရှိနေသည့် ပမာဏနှင့် များစွာ ကွာဟနေသောကြောင့်
ဝင်ငွေလည်း လိုက်ပါကျဆင်းနေကာ မိသားစုများလည်း အခက်အခဲများနှင့် ရင်ဆိုင်နေကြရပါတယ်။

ဒီကုန်ဈေးနှုန်းနဲ့ ဘယ်လိုစားသောက် အသက်ရှင်နေသလဲဆိုတာ အံ့သြစရာပဲ။ လူတွေက အခုထိလည်း ကာလတိုဈေးကွက်ထဲက ရုန်းမထွက်နိုင်ကြဘူး။ မတရား အခွင့်အရေးရနေတဲ့သူတွေက ခေတ်နောက် ပြန်ဆွဲနေတယ်။ ဒါ့ကြောင့် အိမ်ခြံမြေ လုပ်ငန်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာသန်းနှင့်ချီ၍ ၀င်ရောက်လာခဲ့သည့် အပေါ်တွင် သက်ရောက်မှု ရှိနေပါတယ်။ ဈေးကွက်မှာ ဒေါ်လာဈေးကျတယ်ဆိုရင် ပြည်တွင်းမှာတင် မဟုတ်ဘူး ပြည်ပမှာလည်း ကျရပါတယ်။ ဒေါ်လာဈေးတွေကျနေပြီဆိုရင်အပြင်မှာ ကျလို့ကျတာလား၊ ဘာကြောင့် ကျတာလဲ ဒေါ်လာဈေးက တစ်ကမ္ဘာလုံး လိုက်ကျလို့ကျတာလား။ ပြည်တွင်းမှာ ဒေါ်လာငွေ အ၀င်များရင် ရောင်းလိုအားများပြီး ၀ယ်လိုအား နည်းနေရင် ဒီပြဿနာ ရှိပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေ လုပ်ငန်းများမှ တစ်ဆင့် အမေရိကန် ဒေါ်လာသန်းနှင့်ချီ၍ ၀င်ရောက်လာတဲ့အတွက် ပြည်တွင်းမှာသာ ဒေါ်လာဈေးကျလာတာဖြစ်တဲ့အတွက် ပို့ကုန်လုပ်ငန်းများနှင့်အတူ ၎င်းနှင့် ဆက်စပ်နေသော ထုတ်လုပ်မှုလုပ်ငန်းများ ထိခိုက်လာပါတယ်။ ပို့ကုန်ကို ထိခိုက်သလို ၄င်းနဲ့ ဆက်စပ်တဲ့ ထုတ်လုပ်မှုလုပ်ငန်းပါ ထိပါတယ်။

ဥပမာ ပဲ ဆန် ထုတ်လုပ်မှုပိုင်းတွေမှာ တောင်သူဆီကို သွားပြီး ဒီအကျိုးဆက်က ရောက်သွားမယ်။ တောင်သူမှာ အရင်းအနှီး မရှိရင် ထုတ်လုပ်မှုကို ထိခိုက်ပြီး စားသုံးမှုကို ထိခိုက်မှာပါ။ နောက်ပြီး အထည်ချုပ်လိုဟာမျိုးတွေ၊ စက်ရုံတွေမှာဆိုရင် အလုပ်သမားတွေ ရှိတယ်။ သူတို့အထိ နာမယ်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့ လုပ်ဆောင်နေတဲ့ အထဲမှာ ကုန်သွယ်မှု မူဝါဒတစ်ခုတည်း ပြောင်းလဲလို့ မရဘူး။ ငွေကြေးစနစ်၊ ငွေကြေးမူဝါဒပါ ပြောင်းလဲမှရမှာပါ။ ဘယ်ကရလာတဲ့ငွေနဲ့ ဘယ်သူရင်းနှီးမြှုပ်နှံတာလဲဆိုတဲ့ ဇစ်မြစ်ကို အရင်သိအောင် လုပ်ရမှာပါ။

ဒါတွေက ၀င်ငွေရလမ်း ဖော်ပြပြီးသား ငွေတွေလား၊ ပြည်ပလုပ်ငန်းရှင်တွေက အမည်ခံပြီး ဆွဲတာလား၊ ဘယ်သူမှလည်း မသိဘူး။ နိုင်ငံတကာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ဆယ်သက် စားမကုန်တဲ့ ချမ်းသာပြီးသား လုပ်ငန်းရှင်ကြီးတွေထက် လုပ်ငန်းရှင်ငယ်လေးတွေကို ဦးစားပေးပြီး လက်တွဲဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တလျှောက်လုံး သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ အာဏာအလွဲသုံးစားလုပ်သူတွေကတော့ မရှက်မကြောက် ချီတက်ဆဲပါပဲ။ လုပ်ငန်းငယ်လေးတွေ အခွန်ကင်းလွတ်ဘို့ မည်သို့ ပင် ပြောနေကြပါသော်လည်း တကယ့်လက်တွေ့ မှာ ယခင်ကထက်ပင် အခွန်ပိုပြီး တိုးလို့ ကောက်ယူနေတာတွေ တွေ့ ရပါတယ်။

လူလတ်တန်းစားတွေ ထိခိုက်ရင် ဆင်းရဲတဲ့လူအများစုတွေ ထိခိုက်ပါတယ်။ ဆင်းရဲမွဲတေမှုက အရင်းအမြစ်အကျဆုံး ပြဿနာပါ။ လူတန်းစား မညီမျှမှု၊ အခွင့်အရေး မညီမျှမှုကနေ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေး မတည်ငြိမ်မှုတွေ လူမှုရေး ပေါက်ကွဲမှုတွေ ဖြစ်တတ်ပါတယ်။ အလုပ်ရှင် တော်တော်များများဟာ သူတို့အတွက်ကိုက်အောင် ကုန်ကျစရိတ်ကို လျှော့ကြရတယ်၊ လျှော့တဲ့နေရာမှာ တခြားလျှော့လို့ မရတော့ လုပ်အားခမှာပဲ လျှော့ကြရတယ်။ လုပ်ခ မြှင့်ဖို့တောင်းတဲ့
အလုပ်သမားတွေ တောင်းဆိုသလောက် အလုပ်ရှင်တွေ မပေးနိုင်သေးပါဘူး။ ပွင့်လင်းမြင်သာတဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးဖို့ လိုပါလိမ့်မယ်။ ယခင်က အခွင့်အရေးတွေ မတန်မဆ ရခဲ့ပြီး ဒီအခွင့်အရေးတွေ လက်လွတ်မှာစိုးလို့ ဒီလူတွေဟာ တိုင်းပြည်နဲ့ လူမျိုးမျက်နှာ မထောက်မထား ပြဿနာတွေကို မီးထိုးလှုံ့ဆော်မှုတွေ လုပ်နေကြဦးမှာပါဘဲ။ စက်ရုံ၊ အလုပ်ရုံ၊ မြေနေရာတွေရှိသမျှ အစိုးရအာဏာပိုင်တွေ နီးစပ်တဲ့ စီးပွားရေးသမားတွေ လက်ထဲရောက်ကုန်သလို လုပ်ပိုင်ခွင့်ရယ်၊ အဆက်အသွယ်ရယ် သတင်းကြိုတင် ဦးထားမှုတွေနဲ့ရယ် အခွင့်အရေးသမားတွေကြောင့် လူလတ်တန်းစား စီးပွားရေးလုပ်ငန်းရှင်တွေလည်း အလုပ်အကိုင် မကောင်းပါဘူး။ ပြည်သူတွေရဲ့ စီးပွားရေး အခြေခံကတော့ ပြောင်းလဲမလာပါဘူး။

ရပေါက်ရလမ်း မဖော်ပြနိုင်တဲ့ မြေ၀ယ်ယူမှုတွေ မြေဈေးကစားမှုတွေကြောင့် ရန်ကုန်၊ မန္တလေး မြေဈေးဟာ လေးဆကနေ ခုနစ်ဆကြား တက်သွားခဲ့ပါတယ်။ အစိုးရပိုင် မြေ၊ ရုံးဌာနတွေ၊ စက်ရုံတွေဟာ မြေဈေးကစားသူတွေ လက်ထဲကို ရောက်သွားပါတော့တယ်။ မြေဈေးတက်တော့ တိုက်ခန်းဈေး၊ တိုက်ခန်းငှားခ၊ အိမ်ငှားခ တက်ပါတယ်။ ဈေးဆိုင်ငှားခတွေတက်ရင် စားသုံးသူတွေ ထိခိုက်နစ်နာပါတယ်။ မြေဈေး၊ အိမ်ဈေးဟာ အာဆီယံမှာ စင်ကာပူရဲ့ နောက်မှာ မြန်မာနိုင်ငံက ရှိနေပါတယ်။ ဒီမြေဈေးတွေနဲ့ ဘယ်လူလတ်တန်းစားတွေ နေပျော်မှာလဲ။ မြေဈေးကစားမှုတွေ၊ လယ်ယာမြေ အဓမ္မ သိမ်းယူမှုတွေကြောင့် ဆင်းရဲချမ်းသာ၊ အထက်တန်းလွှာနဲ့ အောက်ခြေလူတန်းစားကြား ကွာဟမှုတွေကြီးထွား လာရပါတယ်။

လူအများစုမှာ စီးပွားရေး မပြေလည် ကျပ်တည်းသည့် ဒါဏ်ကို လူးလှိမ့်ခံနေကြရပါတယ်။ အထူးသဖြင့် ၀န်ထမ်းများနှင့် လက်လုပ်လက်စား နေ့စား အလုပ်သမားများ အတော် ကျပ်တည်းကြပါတယ်။ ၀င်ငွေနှင့် ထွက်ငွေ မလုံလောက်ကြပါဘူး။ ဘဏ်တွေ၊ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ ငွေကြေး၊ မြေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးကို ခရိုနီတွေကပဲ ပိုင်ဆိုင်ပြီး အခုအစိုးရလက်ထက်မှာ မြန်မာရင်နှီးမြှုပ်နှံမှုကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းက ခရိုနီတွေနဲ့သာ သက်ဆိုင်မှုရှိနေတာတွေ့ရပါတယ်။ အဂတိတရားလိုက်စားမှုတွေ ငွေကြေးခ၀ါချမှုတွေ ဘယ်လောက်ရှိခဲ့သလဲ။ အရင် ဒေါ်လာသန်း ၅၀ လောက် ချမ်းသာသူက သန်း ၅၀၀ လောက် နေရင်းထိုင်ရင်း ချမ်းသာကုန်တာမျိုးတွေပါ။ ဘယ်သူတွေ အဂတိတရား လိုက်စားခဲ့ကြတယ်။

ဘယ်သူတွေ တာဝန်ရှိတယ်ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။ ဒါဟာ တိုင်းပြည်အတွက် အကြီးအကျယ် ထိခိုက်နစ်နာပါတယ်။ ယခင်က ဆားနဲ့ဆန်အိတ်တွေ ပေးလှူနေရတဲ့ လာအိုနိုင်ငံနဲ့ ဗီယက်နမ်တွေတောင် ပြုပြင်ပြောင်းလဲရေးတွေ ကိုယ့်နိုင်ငံ ကိုယ့်ရေမြေနဲ့ လိုက်လျှောညီထွေမဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ မှန်ကန်တဲ့စေတနာ နှင့် ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်မှုကြောင့် အများကြီး တိုးတက်ပြောင်းလဲနေပြီဆိုတာကို သတိပြုသင့်ပါတယ်။

ဇော်ဝမ်းမောင်။


ကျနော် ဆယ်တန်းအောင်ပြီး ဒေသကောလိပ်မတက်ခင် အိမ်နီးချင်းသူငယ်ချင်း ကိုကျော်ဇော(ကွယ်လွန်) တို့ ညီအကိုတွေနဲ့ ညဘက်တွေမှာ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေရှေ့သီချင်းသွားဆိုကြတာ လိုက်လိုက်သွားတဲ့ အဆောင်ညတွေ ၁၉၇၉ ခုနှစ်။

ကိုကျော်ဇောအကိုက ကိုအုန်းမြင့် (ခိုင်ထူးနဲ့ တေးမြံငှက်အခွေမှာ လူစိမ်း သီချင်းဆိုတဲ့ ရီဇော်) ခု သူလည်းကွယ်လွန်သွားပါပြီ၊ ၁၉၇၉ ရဲ့ဆောင်းတညမှာ အင်ကြင်းဆောင်နောက်မှာ သီချင်းဆိုကြဘို့ရောက်သွားတော့ သက္ကလပ်ကောင်းဘွိုင်ဦးထုပ်ဆောင်းထားတဲ့သူတယောက်က ဂစ်တာတလက်ကို ကိုင်ထားရင်း ဟယ်လို ..အိုင်ပီ..လို့ ကိုအုန်းမြင့်ကိုနှုတ်ဆက်တယ်..ဟေး...ကိုတိုး လို့ကိုအုန်းမြင့်ကပြန်နှုတ်ဆက်ရင်း ကျနော်နဲ့ကိုတိုးကိုမိတ်ဆက်ပေးပါတယ်၊ နောက် သူနဲ့ပါလာတာ ကိုရဲ (ကိုရဲလွင်)၊ အဲဒီကာလက စာရေးဆရာ ဆရာမင်းသိင်္ခနာမည်ကြီးနေချိန်၊ ကိုတိုးက ကိုအုန်းမြင့်ကို အိုင်ပီ လို့အမြဲခေါ်တယ်၊ ကိုရဲ နဲ့မိတ်ဆက်ပေးတော့ ကိုရဲက မင်းကျော်ခိုင်ဆိုတော့ မိုင်ကျော်ခင်းပေါ့ ဆိုပြီး စသိကျွမ်းခဲ့ကြတာ၊ ကိုရဲက စကားတွေကို သူ့အထာနဲ့ ပြောင်းပြန်ယူယူပြီးပြောတတ်တယ်၊ အဲဒီကတည်းက ကျနော့ကို ကိုရဲက မိုင်ကျော်ခင်းလို့ခေါ်ခဲ့တာ။ လွဲချင်တာ့ ရဲလွင်နဲ့တွေ့တော့တာပေါ့၊ မုတ်ဆိတ်ထားတာ မိတ်စုတ်တွေနဲ့မတွေ့ချင်လို့....ကျည်ဆံတွေနဲ့ ကြံစည်နေကြပြန်ပြီ...အဲလိုစကားတွေပြောတာ....

အဲဒီကာလတုန်းက ကိုတိုးက သူ့ အဉ္ဇလီအတွက် ဂီတဉ္ဇလီသီချင်းခွေအတွက် အင်ကြင်းဆောင်နောက်မှာ ညစဉ်လာဆိုနေကြ၊ ရန်ကုန်လာရင် ကီလီလမ်းက သားထွေးတို့ အိမ်မှာအမြဲတည်းတယ်၊ အဆောင်နောက်ကို သားထွေးလည်း လာလာဆိုတယ်၊ ကိုယ်ပိုင်သံစဉ်တွေစပ်ကြဆိုကြပေါ့၊ ကျနော်က ဝေလေလေ..ဂစ်တာလည်းမတီးတတ်၊ ရတဲ့သီချင်းဆို ဝင်ဝင်အော်တာ၊ ပျော်စရာကာလတွေပါ။

နောက် ကိုနေဝင်းလည်းရောက်လာတော့ ဝိုင်းကပိုစည်လာတယ်၊ ကိုနေဝင်းကို မောင့်လပြည့်ဝန်း ကိုနေဝင်းလို့လူသိများတဲ့အချိန်၊ သူကလည်း သက္ကလပ်ကောင်းဘွိုင်ဦးထုပ်နဲ့ပဲ၊ ကိုတိုးက စကားနည်းတယ်၊

သူ့သီချင်းပဲ စိတ်ထဲထားပြီးဆိုနေတာ၊ အင်ကြင်းဆောင်နောက်မှာ တခြားမိန်းကလေးကျောင်းသူအဆောင်တွေဖြစ်တဲ့ နှင်းဆီ၊ ကံ့ကော်ဆောင်တွေကိုကူးတဲ့ အမိုးနဲ့ ကော်ရဒါစင်္ကြန်လမ်းတွေရှိတယ်၊ ကျနော်တို့ ကိုတိုးတို့အုပ်စုက အဲဒီစင်္ကြန်လမ်းအမိုးပေါ်တက်ထိုင်ပြီးတီးကြဆိုကြတာ၊ ကိုတိုး၊ ကိုရဲတို့က အသက်၃ဝ ကျော်၊ ကျနော်က ၂ဝ၊

ကိုတိုးက ညဦးပိုင်းဆိုရင် အဉ္ဇလီအတွက်ဂီတဉ္ဇလီ၊ စိုးစိတ်စွေစံစားစေ၊ ဒို့ရင်ထဲ၊ လင်းပါလေရှင်နေမင်း၊ ညဥ့်နက်လာမှ သဇင်ည၊ စောင်းကြိုးရှိုက်သံ၊ အရွယ်လွန်ရွေ့လျား...သီချင်းအေးလေးတွေဆိုတာ...

ကိုတိုး ခဏနားလို့ ကိုရဲဆိုတော့မယ်ဆိုရင် ကိုရဲကို ကျနော်အမြဲဂျီကျတယ်၊ ကိုရဲ....အချစ်မဲ့တဲ့သဘော သီချင်းဆိုဗျာ..ပြီးရင် အင်္ဂလိပ်သီချင်း Let it Be၊ ကိုရဲက Let it Be သီချင်း အပါအဝင် Beatles သီချင်းတွေဆိုတတ်တယ်။

တခြားအဆောင်ကျောင်းသားတွေလည်း သီချင်းလာဆိုကြတယ်၊ ကျောင်းသားလူငယ်တို့သဘာဝ ကြူကြတာ၊ ကြိုးစာနေဆဲသူတွေ၊ အဖြေစောင့်နေတဲ့သူတွေ၊ သမီးရည်းစားဖြစ်ခါစတွေ၊ အမျိုးမျိုးပေါ့၊ ဒါပေမယ့် တဖွဲ့နဲ့တဖွဲ့ အလှည့်ကျဆိုကြတာ၊ စည်းကမ်းရှိကြတယ်၊ တချို့ကျောင်းသားတွေကလည်း အပြင်မှာသောက်စားလာကြပြီး အဆောင်အပြန် မိန်းကလေးအဆောင်သူတွေကို လှမ်းအော်ပြီး စ ကြ နောက်ကြတာတွေရော အစုံပေါ့၊ ကျောင်းသားတွေအများစုက ပုဆိုးတွေခြုံပြီးလွတ်လွတ်လပ်လပ်သွားလာနေနိုင်ကြတဲ့ကာလတွေ၊ ကျောင်းသူအဆောင်တွေနဲ့ ကျောင်းသားအဆောင်တွေဖြစ်တဲ့ ခပေါင်း၊ ဒူးယား၊ အုန်းတော၊ ပုပ္ပါး အဆောင်တွေကြားမှာ မိုးလင်းဖွင့်တဲ့ စားသောက်ဆိုင်တန်းရှိတယ်၊ ကိုတိုးတို့ ကိုရဲတို့က စက်မှုတက္ကသိုလ်ကဆရာ (နံမည်မမှတ်မိတော့ဘူး) ဖွင့်ထားတဲ့ ကန်သာယာ စားသောက်ဆိုင်မှာထိုင်ဖြစ်ကြတာများတယ်။

ကိုတိုးတို့ကို အဲဒီတုန်းက လူသိနည်းသေးတယ်၊ နာမည်မကြီးသေးခင်ကိုး၊ ကိုရဲကိုတော့ ဘေ့စ်ကိုရဲလွင်၊ ကိုနေဝင်းကိုတော့ မောင့်လပြည့်ဝန်း၊ ကိုမောင်ကတော့ အဉ္ဇလီမောင်မောင် နာမည်တွေသိကြပေမယ့် သူတို့ဘယ်သူတွေဆိုတာ လူနဲ့နာမည်တွဲမသိတဲ့သူများတယ်၊ စိုင်းထီးဆိုင်ရဲ့ မောင့်လပြည့်ဝန်းပါတဲ့ စိတ္တဇအလွမ်း၊ ခိုင်ထူးရဲ့ အဉ္ဇလီ အခွေတွေထွက်ပြီးတဲ့ ကာလတွေပါ။

တည ကိုမောင်(အဉ္ဇလီမောင်မောင်) ရောက်လာတယ်၊ အဲဒီည စင်္ကြန်အမိုးပေါ်မတက်ဖြစ်ကြဘူး၊ အမိုးအောက်ကနေပဲ သီချင်းဆိုကြတဲ့ည၊ အင်ကြင်းဆောင်နောက်ဘက်အခန်းတခန်းက ကျောင်းသူတယောက်က သူ့အခန်းမီးပိတ်ပြီးတညလုံးနားထောင်တယ်၊ ကျနော်က စာရွက်တရွက်မှာ စာရေးပြီးစက္ကူမြှား လုပ်ပြီးသားရေကွင်းနဲ့ပစ်တင်လိုက်တယ်၊ ကျောင်းသားလူငယ်တို့ဘာဝပေါ့၊ အဲဒီမှာတင်ပဲ ကိုမောင်က ကိုရဲကို ရဲကြီး၊ အဆောင်ရှေ့သွားတီးရအောင်ဆိုပြီးထ ထွက်သွားပါရော..ကိုရဲက ဘာမှ မပြောသေးပဲ ကျနော့ကိုကြည့်ပြီး မင်းကျော်ခိုင် ခုနက စာပစ်တင်လိုက်တဲ့ ကောင်မလေးက မောင်မောင့်ညီမအရင်းပဲတဲ့.....နောက်ပိုင်းကျနော်တို့ ခင်စရာကောင်းတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်၊ ကိုမောင့်ညီမကို မျက်မှန်နဲ့မို့ ကျနော်က ပြာလောင်လို့ခေါ်တယ်၊ ကိုမောင်ကလည်း ဘိုင်ကျရင် သူ့ညီမဆီသွားသွားပိုက်ဆံဆွဲလေ့ရှိတယ်၊ အင်ကြင်းဆောင်က ဘာနဲ့တူသလဲဆိုတော့ ခုခေတ် ကွန်ပြူတာ Flat မော်နီတာနဲ့တူတယ်၊ အခန်းနံပါတ်တွေက ရှေ့မျက်နှာစာမှာဆိုရင် ဘယ်ဘက်ကစပြီး စုံ ဂဏန်းတွေ ၂, ၄, ၆, ၈ .... အဲလိုစသွားတယ်၊ နောက်ဘက်အခြမ်းကျတော့ မ ဂဏန်းတွေ၊ ဘယ်ဘက်ကစ ရင် ၁, ၃, ၅, ၇.

ဒေသကောလိပ်တွေမှာ သင်္ချာနဲ့ ဇီဝဗေဒ အဓိကမေဂျာ နှစ်ခုပဲရှိတယ်၊ ဆေးကျောင်းသွားချင်ရင် ဇီဝဗေဒကိုယူ၊ အင်ဂျင်နီယာကျောင်းသွားချင်ရင် သင်္ချာကိုယူ၊ ဒေသကောလိပ် ၂ မှာကျနော်က သင်္ချာယူထားတော့ မနက် ၇ နာရီကျောင်းတက်ရတယ်၊ မနက်ပိုင်းမတက်ဖြစ်တာများပါတယ်၊ အတန်းထဲမှာ သူငယ်ချင်းအသစ်တွေရလာတယ်၊ ဗဟန်းကနေကျောင်းလာတက်တဲ့ ဂစ်တာတီးတဲ့မိုးကျော်၊ တောင်ကြီးက ညီညီ (ကွယ်လွန်)၊ ပုသိမ်က ခင်မောင်စိုး၊ မြင်းခြံက မောင်နီ...

နောက်ပိုင်း မိုးကျော်ပါ အဆောင်မှာဂစ်တာလာလာတီးတယ်၊ သူနဲ့ကျနော် ကျောင်းမှာအတွဲများလာတယ်၊ သူ ညဘက်အင်ကြင်းဆောင်ကိုဂစ်တာလာတီးရင် ကိုဗစ်(ကိုဆလိုင်းဇာလျမ်း) ပါ တခါတခါပါလာတတ်တယ်၊ အဲလိုညမျိုးဆို ဘေ့စ်ဂစ်တာသမားနှစ်ယောက် ကိုရဲနဲ့ ကိုဗစ်တို့ဆုံကြတဲ့ညတွေ၊ သူတို့လက်သွေးကြတာတွေ နားထောင်မဝခဲ့ဘူး၊ မိုးကျော်က လိဒ်ဂစ်တာသမားပီပီ ဂစ်တာကို ဆလိုက်ဒ် ဆွဲပြီးတီးတတ်တယ်၊ တိတ်ဆိတ်တဲ့အဆောင်ညတွေမှာ ဂီတသံစဉ်တွေနဲ့မူးယစ်ကြတဲ့အမှတ်တရညတွေပါ။

ကိုရဲ ၆မိုင်က ခရမ်းပြာလို့လူသိများလာမယ့် ရတနာမြိုင်အဆောင်ကိုပြောင်းပြီးလာနေတော့ ကျနော်နဲ့အတူ မိုးကျော်လည်း လိုက်လိုက်လည်တတ်တယ်၊ ဒါပေမယ့် ကိုရဲတို့နဲ့ မိုးကျော် သိပ်မတွဲဖြစ်ကြပါဘူး...မိုးကျော်က အဲဒီအချိန် တေးပန်းချီ (The Aces) မှာ တီးနေပြီ။ မေ စတူဒီယိုမှာ တီးဖြစ်တာများတယ်၊ တဂျူတီကို ၇၅ ကျပ် သူရတယ်၊ လ္ဘက်ရည်တခွက် ၁ ကျပ်၊ ဒူးယား ၃ လိပ် ၁ ကျပ်ခေတ်။

ရတနာမြိုင်အဆောင်က ရှေ့မျက်နှာစာကနှစ်ထပ်တိုက်ကြီး၊ နောက်က သွပ်မိုး၊ ဝါးကျူထရံကာနဲ့ နှစ်ထပ်ဘော်ဒါဆောင်မှာ ကိုရဲက အောက်ထပ်က တခန်းမှာနေတယ်၊ အဆောင်အပေါ်ထပ် ညာဘက်အစွန်းခန်းမှာ ကျောက်ပန်းတောင်းက ဂစ်တာသမား ကိုဇော်ဇော်နေတယ်၊ အောက်ထပ်ညာဘက်အစွန်အခန်းမှာ ရုပ်ရှင်သရုပ်ဆောင် မဲဇာ၊ နောက်ဘယ်ဘက် ကပ်ရက်အခန်းတွေဆက်သွားရင် ရုပ်ရှင်သရုပ်ဆောင် ကိုမျိုးသန့် (သမန်းကျား) ခုတော့ကွယ်လွန်သွားရှာပြီ၊ နောက်ခု ရုပ်ရှင်ဒါရိုက်တာလုပ်နေတဲ့ ကိုဟိန်းစိုး၊ နောက် ကိုနေဝင်းနဲ့ ကိုမောင်မောင်တို့အခန်း၊ ပြီးရင် ကိုရဲနဲ့ ကိုတိုးတို့အခန်း....တိုက်ကြီးအပေါ်ထပ်မှာက ကိုထီး (စိုင်းထီးဆိုင်)တို့နေကြတယ်၊ ကိုထီးနဲ့ကျနော်မရင်းပါ၊ ဘေ့စ်တီးတဲ့ ကိုဂျက် (စောဂျက်ဆင်)၊ လိဒ်တီးတဲ့ ကိုမျိုးတို့ကျ ပြောမနာဆိုမနာရင်းနှီးတယ်၊ အဆောင်မှုးက ဒေါ်ပြုံး အားလုံးနဲ့တရင်းတနှီးရှိကြတယ်။

၁၉၈ဝ ထဲမှာပဲ ရတနာမြိုင်အဆောင်ကို ဘိုတင့် (ရာပြည့်)၊ ရစ်ချတ် (သက်နိုင်ဦး) တို့ မကြာမကြာရောက်လာကြတယ်၊ ဘိုတင့်(ရာပြည့်)က သူနဲ့ သက်နိုင်ဦး နှစ်ယောက်ပေါင်းထုတ်မယ့်အခွေ ကြယ်ကြွေချိန်ညလေးတည အတွက်လုံးပမ်းနေတဲ့အချိန်။

အဆောင်မှာကျနော်က အမြဲသူတို့နဲ့နေနေတော့တာ၊ အိမ်နီးပေမယ့် အိမ်လည်းပြန်ချင်မှပြန်တာ၊ ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမမှာအိပ်တဲ့အခါအိပ်တယ်၊ ကိုတိုး၊ ကိုရဲ၊ ကိုမောင်တို့နဲ့ တချို့ရက်တွေဆို ငှက်ပျောသီးတလုံးနဲ့ လ္ဘက်ရည်တခွက်ဟာ တနေ့လုံးအတွက်ပဲ၊ တခါတလေ သင်္ဘောသားတချို့သားသမီးတွေက ကိုရဲတို့ အုပ်စုကိုလေးစားလွန်းလို့ဆိုပြီး သူတို့အိမ်ကို သူတို့ကားနဲ့ အလည်ခေါ်ပြုစုတတ်တဲ့အခါတွေလည်းရှိတယ်၊ အဲလိုနေ့ဆို သူတို့က ကျနော့ကိုပါ သူတို့နဲ့ရောပြီးတလေးတစား ဂစ်တာတွေထိုးထိုးပေးတတ်ကြတယ်၊ မတီးတတ်ပေမယ့် ခပ်တည်တည်ရောရောင်နေလိုက်ရတဲ့အကြိမ်ပေါင်းလည်းမနည်းတော့၊ ကိုရဲ၊ ကိုတိုး၊ ကိုမောင်၊ ကိုနေဝင်းတို့က ကျနော့အပေါ် ညီငယ်လိုဆက်ဆံကြတာလည်းပါပါတယ်၊ ဘယ်တော့မှ မင်းနဲ့ငါနဲ့မပြောကြဘူး၊ ကိုယ်တို့ သွားကြမလို့ မင်းကျော်ခိုင် လိုက်ခဲ့ပါလား..ဘာဘာညာညာပေါ့၊ အဲလိုကျနော့အပေါ်ဆက်ဆံကြတဲ့သူတွေပါ၊

တခါတော့ ကိုရဲက မိုင်ကျော်ခင်း ဂစ်တာတီးသင်ရင်ကောင်းမယ် ဆိုပြီးပြောလာတော့ ကျနော်ကလည်း ဒါဆို ကိုရဲ နောက်သီချင်းရေးရင် ကော့ဒ် လွယ်လွယ်နဲ့သံစဉ်ထည့်ပေး၊ ဒါဆိုဂစ်တာတီးသင်မယ် ဆိုတော့ တကယ်ပဲ နဒီမင်္ဂလာသီချင်းနဲ့ ကျနော့ကို သင်ပေးခဲ့ပါတယ်။

အဆောင်မှာ ကိုမောင်သီချင်းတပုဒ်ရေးနေတာ တော်တော်ကြာပြီ၊ ဂစ်တာကို Classic တိးကွက်တွေစမ်းစမ်းပြီးရှာရင်း မေရယ်....အနားလာပါကွယ်.....အရိုးသားဆုံးပြောရရင်....(အဲဒီအချိန် သီချင်းခေါင်းစဉ်မသိသေးဘူး) နောက်မှ ဒဏ္ဍာရီ လို့ သူခေါင်းစဉ်ပြောပြတာ၊ ကိုမောင် ကျနော်ကြည့်နေတာ ဒီသီချင်းရေးနေတာတော်တော်ကြာပြီ အရိုးသားဆုံးပြောရရင် ကနေကို ဆက်မတက်တော့ဘူး လို့သူ့ပြောတော့ ရီပြီး သီချင်းကောင်းတပုဒ်ဆိုတာဒီလိုပဲ...တဲ့၊ အဲဒါကို ကိုနေဝင်းကြားတော့ မင်းကျော်ခိုင်ရေ..ကိုယ်ပြောပြမယ်၊ အတတ်ပညာနဲ့ အနုပညာတိုတာရှိတယ်၊ အတတ်ပညာဆိုတာက နိုင်ငံခြားသီချင်းတပုဒ်ကို ကော်ပီသီချင်းလုပ်မယ်ဆိုရင် သူ့သံစဉ်ရှိပြီးသားမို့ ကိုယ်တတ်ထားတဲ့ စကားလုံးကြွယ်ဝမှုတွေကို သံစဉ်အတိုင်းလိုက်ထည့်သွားတာပဲ၊ ကြာလှ နာရီဝက်ပေါ့ သီချင်းတပဒ်ကို၊ ဒါပေမယ့် ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသားနဲ့ကြတော့ တရက်ကြာချင်ကြာမယ်၊ တနှစ်ကြာချင်ကြာမယ် အချိန်ကာလ သတ်မှတ်လို့မရဘူးလေ၊ တန်ဘိုးလည်းဖြတ်လို့မရဘူး..အဲဒါ အနုပညာပဲ လို့ရှင်းပြတယ်။

ဒီလိုနဲ့ တရက် ကိုရဲတို့အခန်းမှာကျနော်တို့ စုထိုင်နေကြတုန်း မိုးကျော်က သူ့မိတ်ဆွေတယောက်နဲ့ ရောက်လာတယ်၊ ကိုရဲ၊ ကိုတိုး၊ ကိုနေဝင်း၊ ကိုမောင်တို့နဲ့ မိတ်ဆက်ပေးတယ်၊ သူကတော့ တခြားသူမဟုတ်၊ တချိန်မှာ အောင်မြင်တဲ့တေးသံရှင်၊ တော်လှန်ရေးဂီတသမား မွန်းအောင် (Dennis) ပါပဲ....။

(မင်းကျော်ခိုင်)
ဆက်ပါဦးမည်

ကန့်ဘလူမြို့နှင့် ၁၀ မိုင်ခန့်အကွာမှာ ရှိသော ထန်းကုန်းတွင် ယမန်နေ့ည ၂၄-၈-၁၃ က ဖြစ်ရပ်မှာ ဇီးပင်သာရွာသူ ဆံပင်စီသောအလုပ်ဖြင့် အသက်မွေးသူ မလပြည့်(အသက်၁၉နှစ်ခန့်)အား လူ ၃ ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု သိရပြီး ထို၃ဦးအနက် ၂ဦးကိုသာ ဖမ်းမိထားသည်ဟု သိရသဖြင့် ရဲစခန်းတွင် ဖမ်းမိထားသူများအား ထုတ်ပေးရန် ထန်းကုန်းအနီးတ၀ိုက်ရှိ ဇီးပင်သာ၊ ၀က်တိုး၊ ရေကြည်၊ အုတ်ဖိုကျေးရွာများမှ လူအုပ်အပါအ၀င် မြို့ခံလူအုပ်ကြီးက ၀ိုင်းဝန်းရာမှ စတင်ကာ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ရသည်ဟု ဆိုသည်။

ည ၇ နာရီခန့်တွင် လူစုလူဝေးများပြုလုပ်သည်ဟု ကြားသိရသည်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြင့်နိုင်က နေပြည်တော်တွင် လွှတ်တော်တက်နေခိုက်မှာပင် စစ်ကိုင်းတိုင်းရွှေဘိုခရိုင်အက်စ်ဘီဦးဘိုအေး၊ စရဖဗိုလ်ကြီးဖုန်းဖြိုးဝေတို့ထ့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားကာ အခြေအနေပိုဆိုးမလာအောင် ထိန်းသိမ်းပေးနိုင်ရန် ကြိုးစားခဲ့သည်ဟု ယင်းက ပဲ့တင်သံဂျာနယ်သို့ ပြောကြားသည်။

သို့ရာတွင် ထန်းကုန်းသို့ အခင်းဖြစ်စဉ်က ရောက်ရှိနေသော လူငယ်တစ်ဦး၏ ပြောကြားချက်အရ လူစုလူဝေးမှာ ယမန်နေ့ည ၈ နာရီခန့်က စတင်ကာ ပိုမိုကြီးမားလာပြီး အစ္စလမ်ဘာသာဝင်များ၏ ဗလီအဆောက်အဦးအား မီးရှို့ဖျက်ဆီးခြင်း၊ အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သော ဆန်စက်၊ လက်ဘက်ရည်ဆိုင်နှင့် အိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်လာခဲ့ကာ ဗလီနှင့် ဘူတာရုံအပါအ၀င်အခြားနေရာများတွင် အုပ်စုဖွဲ့ ဖျက်ဆီးမှုများ ပေါ်ခဲ့ပြီး လူအုပ်မှာ ရွာနီးချုပ်စပ်မှလူများကြောင့် ၁၀၀၀ ဦးခန့်ထိ များပြားလာခဲ့ကြောင်း၊ လူတိုင်းတွင် ရရာလက်နက်များ ကိုင်စွဲထားပြီး အသက် ၂၀နှင့်၄၀ကြား အမျိုးသားများဖြစ်ကာ လူအုပ်၏ အနည်းဆုံးထက်ဝက်မှာ မူးနေသူများဖြစ်ကြောင်း၊ လူအုပ်သည် ဦးတည်ရာမဲ့ ဖျက်ဆီးမှုများကို ပြုလုပ်နေကြကြောင်း၊ ရဲများက ဖျက်ဆီးမည့်သူများကို ရပ်ကြည့်ကာ တောင်းပန်မှုကိုသာ ပြုလုပ်ပြီး ထိန်းသိမ်းအေ၇းယူမှုများ မပြုခဲ့သဖြင့် နားလည်ရခက်နေကြောင်း၊ မီးသတ်ရန် ကြိုးစားသည့် မီးသတ်သမားများကိုလည်း လူအုပ်က မိးသတ်ခွင့် မပေးဘဲ ရန်ရှာခဲ့ကြောင်း၊ သို့သော် ဘုန်းတော်ကြီးအချို့က မီးမရှို့ရန် ၀ိုင်းဝန်းတားဆီးခဲ့ကြောင်း၊ နေအိမ် ၂၀ ခန့်နှင့် ဆန်စက်ကြီးတစ်လုံး၊ အခြားလက်ဘက်ရည်ဆိုင်ကဲ့သို့ အစ္စလမ်ဘာသာဝင်လူများပိုင်ဆိုင်သည့် အဆောက်အဦများ မီးလောင်ပျက်စီးပြီးနောက်တွင် ညသန်းခေါင်ကျော် တစ်နာရီခွဲခန့်မှာ လူအုပ်သူ့ဘာသာသူ ပြိုကွဲသွားကြောင်း ပဲ့တင်သံသို့ ပြောပြသည်။

ယင်းနောက် ၂၅.၈.၁၃ ယနေ့မနက်တွင် အခြေအနေမှာ တည်ငြိမ်နေပြီး ပုံမှန်အတိုင်း သွားလာမှုများ ရှိနေကြသော်လည်း ညမှောင်လာသည့်အခါ အကြမ်းဖက်မှုများ ထပ်မံဖြစ်လာနိုင်သည်ဟု စိုးရိမ်မှုများ ရှိနေကြောင်း ယင်းလူငယ်ကပင် ဆက်လက်ပြောကြားခဲ့သည်။ ယင်းအနေဖြင့် အကြမ်းဖက်အဓိကရုဏ်းကို ယခုမှ ပထမအကြိမ် မျက်မြင်တွေ့မြင်ဖူးခဲ့ခြင်းဖြစ်ကာ ထိုစဉ်တွင် မီးရှို့ဖျက်ဆီးမှုသာမက လိုချင်သည့်ပစ္စည်းများအား လုယက်ယူငင်မှုများကိုလည်း မြင်တွေ့ရသည်မှာ စိတ်မကောင်းစရာဖြစ်ကြောင်း၊ လူ၂၀၀-၃၀၀ ခန့် စုဝေးစတွင် အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်သည့်အနေအထားတွင် ရှိခဲ့သောလည်း ရဲများက အချို့လူများအား မလုပ်ပါနှင့်ဟု ပြောကြားမှုသာ ရှိခဲ့ပြီး ၀င်ရောက်ထိန်းသိမ်းမှု အလျဉ်းမလုပ်ခဲ့သည်ကိုလည်း နားလည်မရနိုင်ဘဲ စိတ်မကောင်းဖြစ်ရကြောင်းလည်း သူ၏အမြင်ကို ပဲ့တင်သံသို့ ပြောကြားခဲ့ပါသည်။

ပဲ့တင်သံဂျာနယ်

ဒါကတော့ ဘယ်လိုပြောရမလဲဆိုရင် သုံးတတ်ရင် ပတ္တမြား၊ မသုံးတတ်ရင် အလကား ဆိုတဲ့ အတိုင်းပါပဲ။ Facebook ကြောင့် ဘဝလည်း တိုးတက်သွားစေ နိုင်ပါတယ်။

အလွယ်ဆုံး ဥပမာ ပေးရမယ်ဆိုရင် လူစည်တဲ့ ဈေးထဲမှာ မျက်လှည့်လာပြတဲ့ မျက်လှည့်သမား တစ်ယောက်လိုပါပဲ။ တစ်ယောက်က ကြည့်ရင်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း လူတွေအုံလာတော့ လူသိများ သွားသလိုပေါ့။ Facebook ဆိုတာကလည်း ဒီလိုပါပဲ။ Social Media အဝန်းအဝိုင်း တစ်ခုကြီး ဖြစ်လို့နေပြီး တစ်ယောက်ယောက် က ပြုလုပ် ဖန်တီးတဲ့ ထူးခြားချက်လေးတွေကို စောင့်ကြည့်တဲ့ နေရာတစ်ခုလို ဖြစ်ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ အရာတစ်ခုခုကို ချပြနိုင်သူဟာ ဘယ်နယ်ပယ်ကမဆို အသီးသီး အောင်မြင်မှု ရနိုင်ပါတယ်။

နောက်တစ်နည်း ပြောရရင် အခမဲ့ ကြော်ငြာစရာ နေရာကြီးတစ်ခု လို ဖြစ်နေပါတယ်။ ဒီတော့ Facebook ကို ကောင်းကောင်း အသုံးချတတ်ရင် မိမိရဲ့  ဘဝ ပိုမို တိုးတက်သွားစေနိုင်ပါတယ်။ ဒါက Pleasure အတွက် ရည်ရွယ်ပြီး သုံးနေတဲ့ Level ကို ကျော်လွန်သွားပါပြီ။ Opportunity ရှာဖွေတဲ့ အဆင့်အထိ အသုံးပြုမှုပါ။ အရင်က ပြောနေကျ အတိုင်းပဲ ပြောရမယ်ဆိုရင် Facebook Page ဖန်တီးမယ်။ စာတွေရေးမယ်၊ ပုံတွေတင်မယ်။ မိမိ ဖန်တီးချက်များ၊ Product များကို နည်းအမျိုးမျိုးနဲ့ လူသိအောင် Share မယ်၊ မျှဝေမယ် အစရှိသဖြင့် အလွယ်ကူဆုံး နည်းလမ်းနဲ့ကို အောင်မြင်လွယ်ပါတယ်။ ဒါကလည်း ကိုယ့်ဆီမှာ Product ကောင်းကောင်းတော့ ရှိဖို့လိုပါတယ်။

ဒီတော့ ယခုလို ရည်ရွယ်ထားသူဟာ Facebook User Level မှာတင် အမှတ် အမြင့်ဆုံးရသူ ဖြစ်နေရ ပါမယ်။ အမှတ် အမြင့်ဆုံးဆိုလို့ စာမေးပွဲတွေလည်း မရှိပါဘူး။ Password ဘယ်လိုပြောင်းတာလဲ အခြေခံအစ page တစ်ခု ဘယ်လို တည်ဆောက်တယ်အထိ အသေးစိတ်အချက်အလက်များကို ကိုယ်က သေချာ လေ့လာထားမယ်။ ပြန်လည် အသုံးချမယ်။ ပြီးတော့ ကိုယ့်ဆီမှာ ရှိတဲ့ Product ကိုလည်း ချပြနိုင်ရင် Facebook Specialist တစ်ယောက်တောင် ဖြစ်လာနိုင်ပါတယ်။

တကယ်လိုအပ်ပါတယ်။ Facebook Specialist ဆိုတာလည်း အသက်မွေးဝမ်းကျောင်း တစ်ခုလို ဖြစ်လာနေ ပါတယ်။ ဒါက Facebook ကိုပဲမှီပြီး Opportunity ရှာမှီးမှုပါ။ အခြားနည်းလမ်းအနေနဲ့ Facebook ကိုနွယ်ပြီး၊ မှီခိုပြီး စီးပွားရေး လုပ်ချင်သူများ အနေနဲ့ Facebook ကောင်းကောင်း အသုံးပြုတတ်သူကို လိုအပ်နေပါတယ်။ ဒါကြောင့်ပဲ Social Media Manager, Web Based Communication Manager အစရှိသဖြင့်တို့ကို လစာ ကောင်းကောင်းနဲ့ ရှာဖွေခန့် ထားနေခြင်း ဖြစ်ပါတယ်။

ဒီတော့ Pleasure အတွက်တင်မဟုတ်တော့ပဲ Opportunity အထိပါ ရည်ရွယ်ထားတဲ့ သူဟာ Facebook ကို သာမန် လူတစ်ယောက် အသုံးပြုတတ်တတ်သလောက် တတ်နေလို့ မရတော့ပါဘူး။ သူ့ကို မှီပြီး Opportunity ရှာဖွေမယ်။ သို့မဟုတ် သူ့ကိုမှီပြီး မိမိရဲ့  Skill, Product တွေကို ချပြမယ် ယင်း အခြေခံ အကျဆုံး နည်းလမ်း ၂ ခုနဲ့ Faceboook မှာ အောင်မြင်မှုတွေ ရှာဖွေနိုင်ပါတယ်။ ဒီတော့ Facebook ကိုအခြေခံပြီး ဘဝတိုးတက် နိုင်ပါကြောင်း တိုက်တွန်း သတင်းပေး လိုက်ရပါတယ်။

အောင်ခမ်း (TSJ team) TechSpace Journal

ဒီမိုကရေစီ လို့ပြောပြောနေတော့လည်း တကယ်ပဲ ဒီမိုကရေစီနိုင်ငံရယ်လို့ ထင်မိနေတာပေါ့လေ....။ အခုမှပဲ ရှင်းတော့တယ်...။ ကျနော်တို့နိုင်ငံကို ပါတီစုံ ဒီမိုကရေစီ အစိုးရက အုပ်ချုပ်နေတယ်မှတ်တာ....။ အမှန်တကယ်တော့.... စစ်တပ်(တပ်မတော်) က အုပ်ချုပ်နေတာပါလား.......။ လွှတ်တော် နဲ့ အုပ်ချုပ်ရေးအဖွဲ့ အကွဲအပြဲ ဆော်ပလော်တီးလေတော့.... လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်တွေဟာ လက်ရှိအုပ်ချုပ်ရေးအဖွဲ့ကို ကိုယ်စားပြုနေတာပါလား......။ တပ်မတော်သား ကိုယ်စားလှယ်တွေဆိုတာ တပ်ချုပ်ကြီးက လိုရင်လိုသလို..ထုတ်နုတ်လဲလှယ် အစားထိုးနေတာ မဟုတ်လား....၊ ဒီတော့ လက်ရှိအုပ်ချုပ်ရေးအဖွဲ့ရဲ့ နောက်မှာ တပ်မတော်သားကိုယ်စားလှယ်တွေ ရှိနေတာဟာ တပ်မတော်(စစ်တပ်) ရှိနေတယ်ဆိုတဲ့ သဘောပဲပေါ့......။ ဒါဟာလည်း လက်ရှိအုပ်ချုပ်ရေးအဖွဲ့ထဲက အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဦးရဲထွဋ် ရဲ့ status ကို ဖတ်မိတော့မှ ရှင်းရှင်းဘွင်းဘွင်းကြီးကို သိရတော့တာပါ......။

သြော်... ဒီလိုဆို ၂၀၁၅ မှာ ကာ/ချုပ် သမ္မတ မဖြစ်လာနိုင်ဘူးလို့ ပြောရတော့ခက်သား...။ ဟုတ်တယ်လေ...။ လက်ရှိကိုက တပ်မတော်က အုပ်ချုပ်တဲ့ ဒီမိုကရေစီ နိုင်ငံ ဖြစ်နေတယ်လေ....။ သြော်... သြော်....!!! အံ့သြလွန်းလို့ သေနိုင်တယ်.........။

ဦးရဲထွဋ် ရဲ့ status..>> https://www.facebook.com/ye.htut.988/posts/440609842719290

ကာတွန်း >> တိမ်တိုက်လေး
Ko Nay Myo

ပြည်သူလူထု၏ မလွတ်လပ်သော ဘ၀၊ တောင်သူလယ်သမားတို့၏ အခက်အခဲ၊ အလုပ်သမားများတို့၏ မွန်းကျပ်မှုများ ပြေပျောက်နိုင်ရေး ဆုတောင်းနေလိမ့်မည် မငြိမ်းချမ်းသေးသော လက်နက်ကိုင် တိုက်ပွဲများအတွက် ဆရာဒဂုန်တာရာသည် …

မှိုင်းမှုန်မှုန် ဖြစ်နေသော မပီဝိုးတ၀ါးကြား၊ မီးရောင် တလက်လက်ဖြင့် မြို့ကလေးသို့ ရောက်လာစဉ် ရင်၌ မဖော်ပြနိုင်သော ဝေဒနာ တစ်ရပ်က ပြင်ပ အမှောင်တိမ်တိမ်ထက် ပိုမို နက်ရှိုင်းပိန်းပိတ် နေသည်။

သြဂုတ်လ ၁၉ ရက်၊ ညနေခင်းပိုင်း ဖုန်းတစ်ခု ၀င်လာ၍ ကိုင်လိုက်တော့ သေမင်း၏ ရိုင်းစိုင်းမှုကို ရင်၌ ခံပြင်းစွာ ရရှိသည်။ ““ဆရာဒဂုန်တာရာ ဆုံးသွားပြီ”” သုံးလေးလုံးသာ ရှိသော ဒီစကားစုသည် သက်ရှိ ထင်ရှား သမိုင်း တစ်ခုကို အမှည့်ခြွေ ခြွေလိုက်ခြင်းသာ ဖြစ်သည်။ ဖျတ်ခနဲ ပေါ်လာသော စိတ်ဖြင့် ဆရာထက်မြက် အပါအ၀င် နီးစပ်ရာ စာပေဆရာများထံ ဖုန်းဆက်ရင်း သည်ခရီးကို လာဖို့ အားချင်း စီစဉ် ဖြစ်သည်။ ဂျာနယ်တိုက်တွင် ဖောင်ပိတ်ရက်မို့ မအားလပ်နိုင်သော အလုပ် တာဝန်များကို လျစ်လျူ ရှုလိုက်ရင်း ငြိမ်းချမ်းရေး ကဗျာဆရာကြီးဆီ အရောက်လှမ်း သွားဖို့သာ စိတ်စော နေခဲ့ရသည်။

သို့ဖြင့် ရိုးရာနှင့် မြို့ပြ ရောနှော ယက်ဖောက် ထားသော သည်အောင်ပန်းမြို့ (သို့မဟုတ်) ငြိမ်းချမ်းရေး ချိုးဖြူငှက်ကြီး၏ သာမိုင်းခမ်းသို့ ရောက်ရှိ လာခဲ့ရပြန်သည်။

သည်ခရီးသည်ကား ယခင်မကြာသေးမီ ရောက်ရှိခဲ့ရသော ခရီးနှင့် ဘာမှမဆိုင်။ ယခင်က မွေးနေ့၊ ယခု ဈာပန။ ခရီးတစ် လျှောက်တွင်လည်း မဖြေသာသော ရင်ကို ငြိမ်းစေခြင်းဌာ မျက်လုံးစုံမှိတ်ကာ နေရင်းနှင့်လည်း ဆရာ ယဉ်မင်းပိုက်၏ ““အဖိုး”” … “အဖိုး” ဆိုသော တမ်းချင်းများအောက် မလူးသာ မလိမ့်သာ ရှိခဲ့ရသည်။

မကြာမီက ရောက်ခဲ့သော “ဆရာ ဒဂုန်တာရာ” ၏ ၉၄ ပြည့် မွေးနေ့ခရီးနှင့်တော့ လားလားမှ မဆိုင်။ မွေးနေ့ ခရီးတုန်းကတော့ စာပေ စာနယ်ဇင်း ဆွေမျိုးတစ်သိုက်မှာ ပျော်လိုက်ကြ၊ မော်လိုက်ကြ၊ ငြိမ်းချမ်းရေး ဗိသုကာကြီး၏ အသက်ရှည် ရပ်တည် နေနိုင်မှုအတွက် ဂုဏ်ယူ လိုက်ကြဖြင့်ပင်။

ယခုတော့ သာမိုင်းခမ်းသည် လေးလံ ထိုင်းမှိုင်းနေ၏။ ချိုးဖြူငှက်ကြီး၏ တောင်ပံ ရိုက်ခတ်သံနှင့် ရောင်ဝါ လင်းထိန် နေခဲ့သော မြို့အောင်ပန်းသည် ယခုတော့ သူ့ကို ချစ်သော စိတ်ဝိညာဉ် ကင်းမဲ့သွားရှာပြီ ဖြစ်သည့် ရုပ်ခန္ဓာကြီးကို ထမ်းပိုးရင်း ကျဆင်းနေသော မိုးဖွဲဖွဲများနှင့်အပြိုင် အမှောင်ကြား ငိုရှိုက် ညည်းညူ နေရှာတော့ သည်။

ဆရာ့၏ သာမိုင်းခမ်း ရှေ့အရောက် ဆရာ့ရုပ်ကလာပ်ကို ထည့်သွင်းရန် အသင့်ပြင်ဆင်ထားသော မှန်ခေါင်း၊ နာရေးကြော်ငြာ၊ လွမ်းသူ့ပန်းခွေများနှင့် ဆရာ့ပုံတူ ပန်းချီကားကို မြင်ရတော့ ဆရာ့ ၉၄ နှစ်ပြည့် မွေးနေ့ တုန်းက လူတွေတရုန်းရုန်း ပျော်ရွှင်နေကြပုံကို ပြေးမြင် မိပြန်သည်။ ယခုတော့ အားလုံး နှုတ်ဟဟ မဖွင့်နိုင်ကြ တော့။

ဘာပဲဖြစ်ဖြစ် သတင်းသမားမို့ ခံစားမှုကို နောက်သို့ ခေတ္တပို့ကာ ဓာတ်ပုံမှတ် တမ်းတင်မှုများကို အရင် လုပ်ရသည်။ ကျေနပ် လောက်အောင် ဓာတ်ပုံမှတ်တမ်း ယူပြီးတော့ ဆရာ့၏ သက်မဲ့ ရုပ်ခန္ဓာကို ဂါဝရပြု ငေးမောမိသည်။

ဆရာ့မွေးနေ့က ဆရာ့ကို ၀င်ရောက် ဂါဝရပြု နှုတ်ဆက်ကြစဉ် မြင်နိုင်စွမ်းအား မရှိတော့သော ဆရာ့ကို ကြားသာအောင် အနားကပ် နှုတ်ဆက်စဉ် ဆရာ့လက်များက ဆုပ်ကိုင်ထားသော ကျွန်တော့်လက်ကို အသာပြန် ဆုပ်ကိုင်ရင်း မချို့ယွင်းသော ဆရာ့ မှတ်ဉာဏ်အားက သိရှိနေကြောင်း သင်္ကေတပြမှုအပေါ် ကြည်နူးခဲ့ရ သလောက်၊ ယခု ဆရာ့သက်မဲ့ ခန္ဓာ ကိုယ်မှ ထိုလက်ချောင်းများကို ကြည့်ရင်း ဆို့နင့် နေမိသည်။

လေနုအေး ကလေးများကို နော့ခဲ့သော လက်များ၊ ငြိမ်းချမ်းရေး အက္ခရာများကို ထွင်းထုခဲ့သော လက်များ၊ စန္ဒရား ခလုတ်ဖြူဖြူလေးများပေါ် တို့၍၊ ထိ၍၊ လူးခဲ့၊ ကွန့်ခဲ့သော လက်များ၏ လှုပ်ရှားနိုင်စွမ်းသည် ဘယ်အခါမှ မရှိတော့ …

ခေတ်သမိုင်း၏ ငြိမ်းချမ်းရေး ကြယ်စုကြီးသည် ရှင်သေမင်း၏ လေပြင်းအတိုက်၌ လွင့်ကွယ်ရှာရတော့သည်

ဆရာ့အတွက် ၀မ်းနည်းခြင်း မှတ်တမ်းလွှာတွင် သည်လို ရေးဖြင့်ခဲ့သည်။

““ကြွေလွင့်သွားသော ငြိမ်းချမ်းရေး ကြယ်စုကြီး””

ဟုတ်သည်။ ဆရာသည် လူ့လောက သြကာသ တစ်ခုလုံး၏ အဓိပ္ပာယ်ပေါင်း များစွာ စုဝေးနေသော ကြယ်စုကြီး။

ထိုကြယ်စုကြီးသည် ငြိမ်းချမ်းရေး ရောင်နီပျိုးချိန်၌ ဆောလျင်စွာ ထွက်ခွာ သွားခဲ့လေပြီ။

ဆရာတာရာ (သို့) အဘိုးဒဂုန်တာရာ

အစပြုခဲ့ရာ ငြိမ်းချမ်းရေး ရောင်ခြည်တို့ ထွန်းသစ် တောက်မြူးချိန် အမှန်ရောက် လာတော့မည် ယုံ၍များ ထားရစ်ခဲ့လေ သလား…

အို …အဘိုးတာရာ၊ ဆရာတာရာ

ရောင်နီပျိုးရုံသာ ပျိုးသေးသော ငြိမ်းချမ်းရေး စကားဝိုင်းတို့ နောက်၌ သေနတ်သံများ မစဲရှိတုန်းပါ။

ဘာကြောင့်များ ထွက်ခွာ သွားရသနည်း …

ဟု ဖြစ်သည်။

ဆရာ့တူမဖြစ်သော၊ ဆရာ့ကို ရာသက်ပန် အနီးကပ် ပြုစုပေးခဲ့သည့် ဆရာမ သင်းမြစန္ဒီနှင့် စကားပြော ဖြစ်တော့ ဆရာ တိမ်းပါး သွားရစဉ် ညင်သာ ပျော့ပျောင်းမှုကို ကြားရ၍ ဆရာ့အတွက် ဖြေသာ မိသေးသည်။ လူတစ်ယောက်အတွက် နောက်ဆုံး ထွက်သက်တွင် မည်သည့် ဝေဒနာမှ မခံစားရဘဲ အေးချမ်းစွာ ထွက်ခွာသွား နိုင်ခွင့်မှာ အရေးကြီးဆုံးအရာ မဟုတ်ပါလား။

ဆရာမ သင်းမြစနီ်္ဒက ဆရာသည် စားနေကျ အက်ရှူးဝါး အဟာရကို စားပြီးနောက် မကြာမီ မီးဇာကုန် ဆီခမ်း တိမ်းပါး သွားရခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ဆရာသည် သူ၏ နောက်ဆုံး အမှတ်တရအနေဖြင့် နှစ်ခုသာ ထားရစ်ခဲ့သည်။

တစ်ခုမှာ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအတွက် ဆုတောင်း သ၀ဏ်လွှာ ဖြစ်သည့်

ရှစ်လေးလုံး အရေးတော်ပုံကြီးကို

ကျွန်တော် သတိရနေပါသည်။

အရေးတော်ပုံ အောင်ပါစေဟု

ကျွန်တော် အမြဲဆုပေးလေ့ရှိသည်။

အရေးတော်ပုံကြောင့်

ခေါင်းဆောင်သစ်များ မျိုးဆက်သစ်များ

ပေါ်ထွက် လာသည်ကို တွေ့ရ၍

ကျွန်တော် အလွန်ဝမ်းသာပါသည်။

ညီညွတ်ရေး။

တန်းတူအခွင့်အရေးဖြင့်

လွတ်လပ်ရေး။

ငြိမ်းချမ်းရေး …

ဟူသော စာသားများဖြစ်သည်။

နောက်တစ်ခုမှာ မြန်မာနိုင်ငံမှ စစ်အာဏာရှင်များ မေ့လျော့ ထားခဲ့သော်လည်း၊ ပစ်ပယ် ထားခဲ့သော်လည်း ဆရာ၏ ငြိမ်းချမ်းရေး လမ်းစဉ်နှင့် ယင်းလမ်းစဉ်ကို ရာသက်ပန် ကိုယ်တိုင် ကျင့်သုံး နိုင်ခဲ့မှု အတွက် ကိုရီးယားနိုင်ငံမှ ဆရာ့ကို ပေးအပ်ခဲ့ သော ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆု ဖြစ်သည်။

ဆရာမ သင်းမြစန္ဒီကတော့ ဒီဆုနှင့် ပတ်သက်၍ ဆရာသည် ၀မ်းသာပီတိ ဖြစ်နေသော်လည်း အဓိပ္ပာယ်များစွာ ပါဝင်နေ သည့် ““နောက်ကျတယ်””ဟူသော စကား တစ်ခွန်းကို ပြောခဲ့သည် ဆိုသည်။ ဆရာ၏ ဒီစကားသည် မိမိကို ဆုပေးတာ နောက် ကျတယ် ဟု ဆိုလိုရင်း မဟုတ်နိုင်။ သည် ဆုသာ စောစောရလျှင် မငြိမ်းချမ်းသေး သော မြန်မာပြည်သူများ အတွက် ဒီဆုနှင့် ပတ်သက်ကာ တစ်စုံတစ်ရာ လုပ်ပေး နိုင်ကောင်းရဲ့ဟု မြည်တမ်း သွားခြင်းများလားဟု တွေးမိသည်။

သည်လိုဆိုလျှင်တော့ …..။

ဆရာ့၏ ရုပ်ကလာပ်ကို သြဂုတ်လ ၂၁ ရက် ၂၀၁၃ တွင် မီးသင်္ဂြိုဟ်ကာ အောင်ပန်းမြို့တွင် အရိုးပြာကို ဂူသွင်း၍ အထိမ်းအမှတ်ဖြင့် ထားရှိမည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဆရာသည် ကျွန်တော်တို့ကို စွန့်ခွာ သွားခဲ့ပြီ ဖြစ်သော်လည်း ဆရာ့လို သားကောင်းမျိုးကို ပိုင်ဆိုင်ခဲ့သော အမိ မြန်မာပြည်ကြီးသည်၊ ဆရာ့လို ငြိမ်းချမ်းရေး ဗိသုကာကြီးကို ပိုင်ဆိုင်ခွင့် ရခဲ့သော ကျွန်တော်တို့ မြန်မာ ပြည်သူပြည်သား အားလုံးသည် ကမ္ဘာတည်သရွေ့ ဂုဏ်ယူ နေဦးမည် ဖြစ်သည်။

ဇွန်လ ၅၊ ၂၀၁၃ ရက်နေ့က ဆရာ ၏ ၉၄ နှစ်မြောက် မွေးနေ့မှအပြန် ရေးဖြစ်ခဲ့သော ““ငြိမ်းချမ်းရေးချိုးဖြူ သို့မဟုတ် ဆရာဒဂုန်တာရာ၏ သာမိုင်းခမ်းသို့”” ဆောင်းပါးတွင် ဆရာ၏ အိမ်မှ အပြန်ခရီး၌ ကျွန်တော် တွေးဖြစ်ခဲ့သော အကြောင်းအရာကို ဤသို့ဖွဲ့ဖူးသည်။

““ဆရာ့အိမ်မှ ပြန်ထွက်ကာ အောင်ပန်းမြို့မှ အပြန်ခရီးတွင် ရှမ်းတောင်တန်းကြီးများကို ငေးမောရင်း ကျွန်တော့်အတွေးက ဆရာ့အိမ်မှာ ကျန်ရစ်ခဲ့သည်။ သည်အချိန်ဆို သူချစ်သော သူများနှင့် တွေ့အပြီး ဆရာ့စိတ်ထဲတွင် သူ၏ “မေ”သည် လူးလွန့် ကူးလူးနေမလား။ သို့မဟုတ် အတွေးဖြင့် နောက်ထပ် “မေ” တစ်ယောက်ကို ဖန်တီးရင်း လူ့သဘာဝ အကြောင်းတို့ကို စိတ်ကူး စာစီနေမည်လား၊ သို့မဟုတ် ဆရာကြားသိ နေရသော ပြည်သူလူထု၏ ဘ၀၊ တောင်သူ လယ်သမားတို့၏ အခက်အခဲ၊ အလုပ်သမားများ၏ မွန်းကျပ်မှုများ ကို ခံစားနားလည်ရင်း ကဗျာဗေဒဖြင့် ဘာသာပြန်နေမည်လား၊သို့မဟုတ် မငြိမ်းချမ်းသေးသော လက်နက်ကိုင် တိုက်ပွဲများအတွက် ငြိမ်းချမ်းရေးစကားကို စိတ်ကူးဖြင့် ပြောကြားနေမည်လား…””

ဟူ၍ ဖွဲ့ခဲ့သည်။

အခုတော့ ယင်းစာပိုဒ်ကို ဒီလို ပြန်ဖွဲ့ချင်သည်။

“ဆရာ၏ ရုပ်ကလာပ်ကို ငေးမောရင်း ဆရာ၏ စိတ်ဝိညာဉ်သည် ကျွန်တော်တို့နှင့် အစဉ်လိုက်ပါ ကူးလူးနေမည်ဟု တွေးမိသည်။ ပြီးလျှင် သူချစ်သော မြန်မာ ပြည်သူများထဲမှ သူ၏ “မေ” ကို ထပ်မံ မွေးဖွားသန့်စင် ပေးမည့်သူကို မျှော်လင့်နေလိမ့်မည် သို့မဟုတ် နှိုးဆွနေလိမ့်မည်။ ဖြစ်ပေါ်လျက်ရှိသော ပြည်သူလူထု၏ မလွတ်လပ်သော ဘ၀၊ တောင်သူလယ်သမား တို့၏ အခက် အခဲ၊ အလုပ်သမား တို့၏ မွန်းကျပ်မှုများ ပြေပျောက် နိုင်ရေး ဆုတောင်း နေလိမ့်မည်။ မငြိမ်းချမ်းသေးသော လက်နက်ကိုင် တိုက်ပွဲများအတွက် ဆရာသည် သူ၏ ““ရန်သူမရှိ မိတ်ဆွေသာရှိ မုန်းသူမရှိ ချစ်သူသာရှိ နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်လာအောင် လုပ်တာ”” ဆိုသည့် ငြိမ်းချမ်းရေး အယူအဆများ ခိုင်မာ ထွန်းကားလာရေး ဆုမွန်ခြွေနေ လိမ့်မည် ……….။

အံ့ခေါင်မင်း

(ခေတ္တ သာမိုင်းခမ်း ၂၁-၈-၂၀၁၃)


ငြိမ်းချမ်းရေး ဗိသုကာဆရာကြီး ဒဂုန်တာရာ၏ ဘ၀နှင့်စာပေ

- ၁၉၁၉ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ဖခင်ဦးဘအုန်း၊ မိခင် ဒေါ်ဖွားရှင်တို့မှ ဧရာဝတီတိုင်း ဒေးဒရဲ အပိုင်၊ကျိုက်လတ်မြို့နယ် ထိုင်ကူ မြစ်တန်းရွာတွင် ဖွားမြင်သည်။

- ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့ ၇ လမ်း၊ အောင်ဇေယျ မင်္ဂလာ မြန်မာစာသင်ကျောင်း၊ ၁၉၂၇ တွင် ကျိုက်လတ်မြို့၊ ကျိုက်လတ် အမျိုးသားကျောင်းတို့တွင် ပညာသင်ကြားသည်။

- ၁၉၃၃ ခုနှစ်တွင် တက္ကသိုလ် သိပ္ပံမဂ္ဂဇင်း၌ မြိုင်သဇင် ကလောင်အမည်ဖြင့် မှုန်ပြာရီ ၀တ္ထုတို စတင် ဖော်ပြခြင်း ခံရသည်။

- ၁၉၃၇ ခုနှစ်တွင် ရန်ကုန်မြို့၊ မက်သဒစ် အထက်တန်းကျောင်း၊ ၁၉၃၈-၄၀ တွင် ရန်ကုန် တက္ကသိုလ်တို့တွင် ပညာ သင်ကြားခဲ့သည်။

- ၁၉၄၀ တွင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ မျိုးညွန့်မဂ္ဂဇင်း အယ်ဒီတာချုပ်၊ ၁၉၄၁ တွင် ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သည့် ဘီဗာလေနစ်ကိုး၏ ၀တ္ထု Self ကို မှီငြမ်းထားသည့် “မေ” ကို နဂါးနီ စာအုပ်တိုက်မှ ထုတ်ဝေသည်။

- ၁၉၄၆ ခုနှစ်တွင် တာရာ မဂ္ဂဇင်းကို ထုတ်ဝေသူနှင့် အယ်ဒီတာအဖြစ် ကိုယ်တိုင် ဆောင်ရွက်၊ ၁၉၅၀ တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ၊ စာပေသစ်မဂ္ဂဇင်း အယ်ဒီတာ၊ ရုပ်ရှင်နှင့် ပြဇာတ် အစည်းအရုံး အမျိုးသား အကြံပေး အဖွဲ့ဝင်၊ ၁၉၅၂ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကော်မတီ၌ ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၆၀ တွင် အနှစ် ၄၀ ကျောင်းသား လှုပ်ရှားမှု သမိုင်းပြုစုရေး ကော်မတီဝင်၊ ၁၉၆၂ တွင် အမျိုးသားစာပေ ညီလာခံ ပြင်ဆင်ရေး ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ၊ ၁၉၆၃ တွင် မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂဥက္ကဋ္ဌ တို့အဖြစ် ဆောင်ရွက်

- ၁၉၆၃ ခုနှစ်တွင် မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ် နိုဝင်ဘာ ၁၈ ရက်နေ့၌ ထိန်းသိမ်း ခံရကာ ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ တွင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

- ၁၉၇၀ တွင် မြန်မာ-ကိုရီးယား မိတ်ဆွေဖြစ်အသင်း ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်။

-၁၉၉၉ ခုနှစ်တွင် စာပေဗိမာန်မှ စာပဒေသာ အမျိုးသားစာပေဆု၊ ၂၀၀၀ ခုနှစ်တွင် ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာ စာပေဆု၊ ၂၀၁၃ ခုနှစ်တွင် ကိုရီးယား နိုင်ငံမှ ချီးမြှင့်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆုတို့ရရှိခဲ့။

-၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၌ အသက် ၉၅ နှစ်အရွယ်တွင် ကွယ်လွန်။

- စာပေ သက်တမ်း တစ်လျှောက်တွင် ကဗျာသီးသန့် ကလောင်ခွဲ ၁၃ မျိုး အပါအ၀င် ကလောင်ခွဲ ၅၃ မျိုးဖြင့် ဂန္ထ၀င် စာပေများစွာ ရေးသားခဲ့ပြီး ယင်းလက်ရာများ ပါဝင်သော စာအုပ် ၃၉အုပ် ထုတ်ဝေခဲ့သည်။

မြန်မာသံတော်ဆင့်