08/27/13

လွှတ်တော် သတင်းစာရှင်းလင်းပွဲ
သြဂုတ်လ ၁၇ ရက်ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲပါ ဖြေကြားချက်များကို ဖော်ပြထားရာ စိတ်ဝင်စား ဖွယ်ရာ ကောင်းလှသော ရှင်းလင်းချက်များကို ဖတ်လိုက်ရပါသည်။
ဒီမိုကရေစီနှင့် ပြည်သူလူထု
တင်ပြလိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၄ တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည် ဟူ၍ ပြဌာန်းထား ခြင်းဖြစ်ပါသည်။ မည်သည့် အာဏာမဆို ပြည်သူများထံက ဆင်းသက်ခြင်း ဖြစ်ပါသည်။
ဒီမိုကရေစီနိုင်ငံရေးစနစ်တွင် ပြည်သူလူထုသာလျှင် အချုပ်အခြာအာဏာပိုင် ဖြစ် သည်ကို အခိုင် အမာ ချမှတ်ထားလေ့ ရှိကြပြီး တိုက်ရိုက်ရွေးချယ်တင်မြှောက်ခြင်း၊ သွယ် ဝိုက်ရွေးချယ် တင်မြှောက်ခြင်း စသည့်နည်းလမ်းများဖြင့် ပြည်သူ့ကိုယ်စား ကိုယ်စားလှယ် များ ရွေးချယ်ပေးရသည့် သဘောတရား ဖြစ်ပါသည်။ အမေရိကန်ကဲ့သို့ သမ္မတအုပ်ချုပ်ရေး စနစ်တွင် ပြည်သူများက သမ္မတကို တိုက်ရိုက် ရွေးချယ်တင်မြှောက်၍ အုပ်ချုပ်စေ သလို အိန္ဒိယ၊ ယူကေ စသည်ကဲ့သို့ ပါလီမန်အုပ်ချုပ်ရေး စနစ်တွင် ပါလီမန်အမတ်များကို ပြည်သူများက ရွေးချယ်ပေးပြီး အမတ်နေရာအများဆုံး ရရှိသော ပါတီက အစိုးရဖွဲ့ကာ ပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လေ့ရှိပါသည်။ ပြည်သူများက ရွေးချယ် တင်မြှောက်လိုက်သော သမ္မတ၊ ဝန်ကြီးချုပ်နှင့် ပါလီမန်တို့က တရားသူကြီးချုပ် များ ခန့်အပ် တာဝန်ပေးလေ့ရှိပါသည်။ အခြေခံမှာ ပြည်သူများသာ ဖြစ်ပြီး ယင်းတို့က တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ရွေးချယ်ပေးလိုက်သော အရွေးချယ်ခံ ကိုယ်စားလှယ်များက ဥပဒေ ပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရား စီရင်ရေးအာဏာတို့ကို ခွဲဝေ ကျင့်သုံးကြခြင်း ဖြစ်သည်။ ပြည်သူများ၊ နိုင်ငံသားများ၏ အခွင့်အရေးများ၊ အကျိုးစီးပွားများ စသည်တို့ကို မြှင့်တင်ဖော်ဆောင် ပေးရန် အခြေခံ ဥပဒေတို့တွင် တိတိကျကျ ပြဌာန်းထားလေ့ ရှိပြီး ယင်းအခွင့်အရေးများကို မဏ္ဍိုင်ကြီး (၃)ရပ်က ပြန်လည်၍ ဖြည့်ဆည်းဆောင်ရွက် ပေးရမည် ဖြစ်ပါသည်။ အလားတူ Check And Balance သဘောအရ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့ ရွေးချယ်တင်မြှောက် လိုက်သော ကိုယ်စားလှယ် အား ပြန်လည် ဖြုတ်ချပိုင်ခွင့်ကိုလည်း ပြဌာန်းထားလေ့ရှိပါသည်။ ထိုသို့ ပြဌာန်းခြင်းသည် တစ်ပါတီ စနစ်တွင်သာ မဟုတ်ကြောင်း မိမိနိုင်ငံ၏ သမိုင်းကြောင်းနှင့် ဆက်စပ်လေ့လာမိသမျှ ဆက်လက် တင်ပြသွားပါမည်။

မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆(ခ)တွင် “သက်ဆိုင်ရာမဲဆန္ဒနယ် ၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်း လိုသော လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်” ဟူ၍ ပြဌာန်းပါရှိပါသည်။ ဤသည်ကို Right to Recall ဟု ခေါ်ပါသည်။ အထူးသတိပြု သင့်သည်မှာ အဆိုပါအခွင့်အရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေက အပ်နှင်းထားသော ပြည်သူ့အခွင့် အရေးဖြစ်ပြီး အဆိုပါအခွင့်အရေးအား ရရှိနိုင်ရန်အလို့ငှာ အချို့သော မဲဆန္ဒနယ်များတွင် မူလ မဲဆန္ဒရှင်များ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတင်ပြခဲ့သည့် သာဓက များလည်း ပြည်သူများ ကြားသိခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ Right to Recall နှင့်ပတ်သက်၍ ဥပဒေ တစ်ရပ် လိုအပ်နေသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ကို ၃၀-၈-၂၀၁၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။ ၆-၁၁-၂၀၁၂ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး နဝမနေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ယင်းဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ယခုအခါ (၁)နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း ယင်း ဥပဒေကြမ်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဆွေးနွေးခြင်းများ မပြုလုပ်ခဲ့ပါ။ ယခုအခါ ထိုသို့ ဆွေးနွေးမှု မရှိရသည့် အကြောင်းရင်းကို ပြည်ထောင်စုလွှတ်တော် နာယကကြီးက အောက်ပါအတိုင်း ရှင်းလင်း ဖြေကြားသွားသည်ကို ဖတ်ရှုခဲ့ရပါသည်-

“ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်များ အရည်အချင်း မပြည့်မီ ပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းခြင်း ဥပဒေကြမ်း တင်ပြထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ဆွေးနွေးလိုက်တဲ့အခါ ဒီဥပဒေကို ဆက်လက် အကောင် အထည်ဖော်ဖြစ်မယ် ဆိုရင် ခေတ်စနစ်နဲ့လျော်ညီတဲ့ကိစ္စများ ဖြစ်စေဖို့ အပြင် ဒီနေ့ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီစနစ်ထူထောင်ရေးကို များစွာ ခက်ခဲလာနိုင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်တဲ့ကာလမှာ “ဒီဥပဒေကို ခဏထားပြီး” ဆက်လက်ဆောင်ရွက်သင့်တယ် ဆိုတဲ့ ကော်မရှင်ရဲ့ အကြံပြုချက် ရလာပါတယ်။ ရှင်း အောင် ထပ်ပြောရရင် ဒီနေ့ရွေးကောက်ပွဲကျင်းပတယ်။ ပါတီစုံပါတယ်။ (က)ပါတီက အနိုင်ရတယ် ဆိုပါတော့။ ကိုယ်စားလှယ်က ၅၁ ရာခိုင်နှုန်းနဲ့ အနိုင်ရသွားတယ်။ ကျန်တဲ့ ၄၉ ရာခိုင်နှုန်းက သူ့ကို မထောက်ခံဘဲ ကျန်ခဲ့တယ်။ အကယ်လို့ ဒီလွှတ်တော်ကိုယ်စား လှယ်ကို မထောက်ခံတဲ့ ၄၉ ရာခိုင်နှုန်းက ဒေသမှာရှိတဲ့ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းကနေ လက်မှတ်ထိုးပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ကို ရုပ်သိမ်းဖို့ဆိုတာ အချိန်မရွေး ပြန် လုပ်လို့ရပါတယ်။ ပေးထားတဲ့ ပါတီစုံဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ်က မမျှတ ဘူး ဖြစ်မယ်။ အမှန်အတိုင်းပြောမယ်ဆိုရင် ဒီဥပဒေက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီး တစ်ပါတီစနစ်မှာ တစ်ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြုတ်ချချင်ရင် ဖြုတ်ချနိုင်အောင် ဒီအခွင့်အရေးပေးထားတယ်။ ဒီ အခွင့်အရေးပေးလိုက်မယ်ဆိုရင် အရှုပ်အထွေး အများကြီး ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ၊ ပါတီစုံ ပါလာပြီ။ ဒါကြောင့် တစ်ခြားနိုင်ငံမှာ ရှိ မရှိ၊ ဘယ်လို ကျင့်သုံးတယ်ဆိုတာ နိုင်ငံ တကာစံတွေကို လေ့လာရတယ်။”

တစ်ဖန် လွှတ်တော်ကိုယ်စားလှယ် သုံးဦးပေါင်းပြီး နိုင်ငံဘဏ္ဍာ သိန်း ၁၀၀၀ ကို ဒေသ ဖွံ့ဖြိုးရေးအတွက် ကိုယ်တိုင် စီမံခန့်ခွဲ အသုံးပြုရေးနှင့် ပတ်သက်သော မေးခွန်းတွင် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အချက်နှင့် ဆက်စပ်၍ ကြိုတင်မဲဆွယ်ခြင်း ဖြစ်နိုင် မဖြစ်နိုင် မေးမြန်းခဲ့ရာ၊ ပြည်ထောင်စုလွှတ်တော် နာယကကြီးက အိန္ဒိယနိုင်ငံတွင် ကျင့်သုံးနေသည်ကို သင်ခန်းစာယူ၍ ဆောင် ရွက်ခြင်းဖြစ်ကြောင်း ဖြေကြားသွားသည်ကိုလည်း တွေ့လိုက်ရပါသည်။ ဤဖြေကြားချက်များနှင့် ပတ်သက်၍ အရိုးခံအတိုင်း၊ မြင်သည့်အတိုင်း တင်ပြလိုသည်။ ပြည်သူ့အသံကို နားထောင်လိုကြောင်း ကျယ်ပြန့်စွာ အသိပေးထားသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့အသံ တစ်ခုဟူ၍ မှတ်ယူပေးစေလိုပါသည်။ ဟပ်ချိုးလည်း မချေလို၊ ဆိတ်ဖွားလည်း မမည်လိုကြောင်း ကြိုတင် တောင်းပန်လိုက်ရပါသည်။ ဤနေရာတွင် လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ဆိုသည်မှာ ထိုမြို့နယ်က ကိုယ်စားပြု တင်မြှောက်လိုက်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို ဆိုကြောင်း ဦးစွာ တင်ပြလိုပါသည်။

Right to Recall ဆိုတာဘာလဲ


(၁) မပါတာကိုကျင့်သုံးပြီး၊ ပါတာကို ဘေးဖယ်မည်လား။ လွှတ်တော်ကိုယ်စားလှယ် သုံးဦး သိန်း ၁၀၀၀ သုံး ဟူသောအချက်မှာ မိမိတို့၏ အခြေခံဥပဒေတွင် ပြဌာန်းထားခြင်း မရှိပါ။ Right to Recall မှာ မိမိတို့၏အခြေခံဥပဒေတွင် အတိအလင်း ရှင်းရှင်းလင်းလင်း တိတိကျကျ ထင်ထင်ရှားရှား ပြဌာန်း ထားသည်။ ပွင့်ပွင့်လင်းလင်း တင်ပြရလျှင် ပြည်သူ များအား အခြေခံဥပဒေက ပေးအပ်ထားသော အခွင့်အရေးကို ပိတ်ပင်ရာ ရောက်နေပြီး လွှတ်တော်ကိုယ်စားလှယ်များအတွက် အခြေခံဥပဒေက ပေးအပ်ထားခြင်း မရှိသော အခွင့်အရေးများကို မြှင့်တင်ရာ ရောက်နေသည်ကို သတိပြုစေလိုပါသည်။ သာမန်ဥပဒေ တစ်ရပ် မဟုတ်ဘဲ အခြေခံဥပဒေ ဖြစ်နေခြင်းမှာ တရားဥပဒေစိုးမိုးရေးနှင့်ဆက်စပ် စဉ်းစား သုံးသပ်ကြည့်လျှင် စိုးရိမ်ဖွယ်ရာ အနေအထား ဖြစ်နေကြောင်း တွေ့နေရပါသည်။

(၂) တစ်ပါတီစနစ်မှာပဲ သုံးခဲ့ခြင်းလား၊ နိုင်ငံတကာစံတွေ ဘယ်လိုရှိသလဲ ။ Right to Recall သည် ပြည်သူ့ကိုယ်စားလှယ်များ၏ တာဝန်ကျေပွန်မှုကို သေချာစေသည့် ဒီမိုကရေစီနည်းလမ်းတစ်ခု အဖြစ် ကျင့်သုံးနေကြခြင်း ဖြစ်ပါသည်။ လူသား ယဉ်ကျေးမှုတွင် အစောဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အေသင်မြို့ပြနိုင်ငံ၏ ကွန်စတီ ကျူးရှင်းတွင် ထည့်သွင်းပြဌာန်းကာ အစောဆုံး ကျင့်သုံးခဲ့ပါသည်။ ခေတ်သစ်ကာလ ၁၉၀၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိပြည်နယ်တွင် စတင် ကျင့်သုံး ခဲ့ပြီး ယခုအခါ Right to Recall ကို အမေရိကန်ပြည်ထောင်စုတွင် (၁) အလာစကာ ပြည်နယ် အခြေခံဥပဒေ၊ (၂) အရီဇိုးနားပြည်နယ်အခြေခံဥပဒေ၊
(၃) ကယ်လီဖိုးနီးယား ပြည်နယ် အခြေခံဥပဒေ၊ (၄) ကော်လိုရာဒိုပြည်နယ်အခြေခံဥပဒေ၊ (၅) ဂျော်ဂျီယာပြည် နယ် အခြေခံ ဥပဒေ၊ (၆) အိုင်ဒါ ဟိုးပြည်နယ်အခြေခံဥပဒေ၊ (၇) ကန်းဆတ်ပြည်နယ် အခြေခံ ဥပဒေ၊ (၈) လူးဝီစီယားနား ပြည်နယ် အခြေခံဥပဒေ၊ (၉) မစ်ချီဂန်ပြည်နယ် အခြေခံဥပဒေ၊ (၁၀) မင်နီဆိုးတားပြည်နယ် အခြေခံဥပဒေ၊ (၁၁) မွန်တားနားပြည်နယ် အခြေခံဥပဒေ၊ (၁၂) နီဗေးဒါးပြည်နယ် အခြေခံ ဥပဒေ၊ (၁၃) နယူးဂျာစီပြည်နယ် အခြေခံဥပဒေ၊ (၁၄) မြောက် ဒါကိုတာပြည်နယ် အခြေခံဥပဒေ၊ (၁၅) အော်ရီကွန်း ပြည်နယ် အခြေခံဥပဒေ၊ (၁၆) ရိုဒီအိုင်လန်ပြည်နယ် အခြေခံဥပဒေ၊ (၁၇) ဝါရှင်တန် အခြေခံဥပဒေနှင့် (၁၈) ဝစ်စ်ကွန် ဆင်ပြည်နယ် အခြေခံ ဥပဒေတို့တွင် အလားတူ ပြဌာန်းထားရှိကြောင်း အထင်အရှား တွေ့ရှိရ ပါသည်။ အိန္ဒိယနိုင်ငံတွင် ချတ္တီဂါ့ရှ်ပြည်နယ်၊ မဟာရတ္ထရပြည်နယ်၊ မဒရာပရာဒက်ရှ်ပြည်နယ် များတွင် ကျင့်သုံးလျက်ရှိပြီး နောက် အကျဆုံး ၂၀၀၈ ခုနှစ်တွင် ချတ္တီဂါ့ရှ်ပြည်နယ်တွင် Recall Election ကို ကျင်းပခဲ့ကြောင်း တွေ့ရှိရပါသည်။ ယူဂန္ဓာ၊ ကနေဒါ၊ ဂူယာနာ၊ ဆွစ်ဇာလန်၊ ဗင်နီဇွဲလား နိုင်ငံများတွင် Right to Recall ကို ကျင့်သုံးလျက်ရှိပါသည်။ သို့ဖြစ်ရာ Right to Recall ကို တစ်ပါတီစနစ် တွင်သာ ကျင့်သုံးခဲ့ခြင်း ဖြစ်သည်ဟူသော အယူအဆကို ရှေ့တန်းတင်လျက် ဆွေးနွေး လာခြင်းသည် ပြည်သူတို့၏ အခွင့်အရေးအား တိုက်ရိုက်ပိတ်ပင်ရာ ရောက်နေပြီ ဖြစ်ကြောင်း သတိပြုသင့်လှပေသည်။ ဒီမိုကရေစီ၏ အန္တရာယ်ဖြစ်ပါသည်။
ဤသို့ဆိုလျှင် မြန်မာနိုင်ငံတွင် ပြဌာန်း ကျင့်သုံးပြီးခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးရပ်ကို လေ့လာကြည့်သင့်ပါသည်-

တစ်ပါတီစနစ် ကျင့်သုံးခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၅ တွင်-

နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေများနှင့်အညီ -

(က) နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့စည်း အဆင့်ဆင့်သို့ ပြည်သူ့ကိုယ်စား လှယ်များ ရွေးချယ်တင်မြှောက်ခွင့်နှင့် မိမိကိုယ်တိုင် ပြည်သူ့ ကိုယ်စား လှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။
(ခ) မိမိတို့ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည် - ဟု ပြဌာန်းထားပါသည်။

ပါတီစုံစနစ် ကျင့်သုံးခဲ့သော ပါလီမန်ဒီမိုကရေစီအစိုးရခေတ် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၇၈ တွင်-

ပါလီမန်ဆိုင်ရာ လွှတ်တော်တစ်ရပ်ရပ်၏ အမတ်တစ်ဦးကို အမတ်အဖြစ် မှ ထွက်ခိုင်းရန် လိုအပ်သော စည်းကမ်းချက်များနှင့် နည်းနာများကို ပါလီမန်သည်၊ တရားဥပဒေဖြင့် ပြဌာန်းသတ်မှတ်နိုင်သည်- ဟု ပြဌာန်း ထားပါသည်။

လက်ရှိပါတီစုံဒီမိုကရေစီစနစ်တွင် ကျင့်သုံးနေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၆၉ (ခ) တွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်း (ဖြုတ်ချ) ခြင်း ကို -

- သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ် ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည် - ဟုလည်းကောင်း၊

ပုဒ်မ ၃၉၆ တွင် -

(က) လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို အောက်ပါ အကြောင်း တစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်-
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဤ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဤ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက် ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်း ခြင်း၊
(၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက် ခြင်း။
(ခ) သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ် ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုသော လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်၊
(ဂ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးရမည်၊
(ဃ ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် ဖြင့် သော်လည်းကောင်း ချေပခွင့်ပေးရမည်၊
(င) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း သဘောရရှိလျှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်- ဟုလည်းကောင်း၊

ဆက်လက်၍ ပုဒ်မ ၃၉၇ တွင် -

ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများ နှင့် စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများ နှင့်စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဌာန်းရမည်- ဟု လည်းကောင်း ပြဌာန်းထားပါသည်။

ခေတ်သုံးခေတ်၏ ပြဌာန်းချက်များကို နှိုင်းယှဉ်ကြည့်လျှင် တစ်ပါတီစနစ် ဖြစ်၍သာ လွှတ်တော်ကိုယ်စားလှယ်အား တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်အတွက် ပြဌာန်းသည်ဟူသော အဖြေ မှန်-မမှန် တွေ့မြင်နိုင်ပါသည်။ အမှန်တရားသည်ကား ပြည်သူ့ထံမှ အာဏာ သက်ဆင်းလာသည် ဟူသော ဒီမိုကရေစီ၏ အခြေခံအယူအဆပင် ဖြစ်ပါသည်။
တစ်ရာခိုင်နှုန်း လက်မှတ်ရေးထိုးတာနဲ့ ဖြုတ်ချနိုင်ပြီလား။ မူလမဲဆန္ဒရှင်၏ တစ်ရာခိုင်နှုန်းက လက်မှတ်ရေးထိုး တောင်းဆိုတင်ပြရုံမျှဖြင့် ဖြုတ်ချနိုင်ခြင်း မရှိကြောင်း သတင်းစာတွင် ဖော်ပြပါရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်း ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် တွေ့ရှိနိုင်ပါသည်။ ယင်း ဥပဒေကြမ်း ပုဒ်မ ၁၄ တွင် “လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းကြောင်း သို့မဟုတ် မရုပ်သိမ်း ကြောင်း မဲပေးဆုံးဖြတ်ရာတွင် လာရောက် ဆန္ဒမဲ ပေးကြသည့် သက်ဆိုင်ရာ မဲဆန္ဒရှင် များ၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ အတည်ပြုရမည်” ဟူ၍ ပါရှိသည်။ တစ်ရာခိုင် နှုန်းက လက်မှတ်ရေးထိုးတင်ပြလျှင် ကော်မရှင်က အဖွဲ့ဖွဲ့၍ စစ်ဆေးပါဦးမည်။ ထိုသို့ စစ်ဆေးပြီး ပြည်သူများ၏တောင်းဆိုချက် မှန်ကန်ကြောင်းတွေ့ရှိမှသာ မူလမဲဆန္ဒနယ်မြေတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပရမည် ဖြစ်ပြီး ထက်ဝက်ကျော်က ရုပ်သိမ်းရန် ထောက်ခံမှသာ ဖြုတ်ချနိုင်မည် ဖြစ်ပါသည်။ နာယကကြီး၏ ဥပမာအတိုင်း တင်ပြရလျှင် (က)ပါတီက အနိုင်ရခဲ့သည် ယူဆ ပါက ၅၁ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်အား ကျန်သည့် ၄၉ ရာခိုင်နှုန်း က မထောက်ခံဘဲ ဖြုတ်ချရန် မဲပေးခဲ့လျှင်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်နေ ပါလိမ့်မည်။ ကျန်သည့် ၄၉ ရာခိုင်နှုန်းအနက်မှ တစ်ရာခိုင်နှုန်းက လက်မှတ်ရေးထိုးရုံဖြင့် ဖြုတ်ချနိုင်ခြင်း မပြုနိုင်အောင် ဥပဒေကြမ်းတွင် ဖော်ပြထား ကြောင်း တွေ့ရှိရပါသည်။ အဆိုပါ ဥပဒေကြမ်းကို ၃၀-၈-၂၀၁၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။ ထို့ကြောင့် တစ်ရာခိုင်နှုန်းဟု ဆိုသော်လည်း ဥပဒေကြမ်းအရ ၅၀% ကျော်မှသာ ဖြုတ်ချနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

လွှတ်တော်ကိုယ်စားလှယ်အခွင့်အရေး မြှင့်တင်ခြင်းများ ။ ပြီးခဲ့သည့် (၂) နှစ်ခွဲ သက်တမ်းအတွင်း ပြဌာန်းလိုက်သည့် ဥပဒေ(၆၃)ခုတွင် လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်း သည့် ဥပဒေကြမ်း (၁၁) ခုကို လေ့လာကြည့်လျှင် လွှတ်တော် အကျိုးကိုသာ မြှင့်တင်လိုသည့် သဘော (စွပ်စွဲလိုခြင်းမဟုတ်ပါ) သက်ရောက်နေသော ဥပဒေများဖြစ်သည့် ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေ၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေ၊ စုစုပေါင်း(၅)ခုရှိကြောင်း တွေ့ရှိနိုင်ပါသည်။ ယခုတစ်ဖန် အိန္ဒိယ နိုင်ငံ၏ နမူနာကိုယူ၍ ဆောင်ရွက်သည်ဟု ကြေညာထားသော ဆိုင်ရာဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ် သုံးဦး သိန်းတစ်ထောင် ခွဲဝေပေး၍ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်စေလိုသည် မှာလည်း လွှတ်တော်ကိုယ်စားလှယ် အကျိုးကို မြှင့်တင်လိုရာ ရောက်-မရောက် ပြန်လည်ဆန်းစစ် လေ့လာသင့်လှပါသည်။ အကြောင်းရင်းကား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဟူသည်မှာ ဝင်ရောက်ယှဉ်ပြိုင်သူများအား တန်းတူ ရည်တူ ပြိုင်ကွင်း (Level Play Field) ဖြစ်ရန် လိုအပ်ခြင်း ကြောင့် ဖြစ်ပါသည်။ ယခုအခါ လွှတ်တော်တွင်းမရောက်ရှိသေးသော်လည်း ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီအသစ် ထူထောင်မှုများ တွေ့ရှိနေရပြီဖြစ်ရာ ယခုကဲ့သို့ မိမိတို့မဲဆန္ဒ နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်စေခြင်း ကြောင့် တရားမျှတသော ယှဉ်ပြိုင်မှုကို ထိခိုက်နိုင်ခြင်း ရှိ-မရှိ၊ အဆိုပါ သုံးဦး-တစ်ထောင်သည် မဲဆွယ်စည်းရုံးခြင်း၏ အစိတ် အပိုင်းတစ်ရပ် အဖြစ် ရောက်ရှိသွား နိုင်ခြင်း ရှိ-မရှိ၊ လက်ရှိကိုယ်စားလှယ်များအား သိန်းတစ်ထောင်စီ ထောက်ပံ့ပေးလျှင် ဝင်ရောက်ယှဉ်ပြိုင်မည့် အခြားကိုယ်စားလှယ်လောင်းများကို ထောက်ပံ့မှု ပေးသင့်-မပေးသင့် စသည်တို့မှာလည်း ဒီမိုကရေစီသဘော တရားအရ ဆန်းစစ် လေ့လာသင့်ကြောင်း တွေ့ရှိ ရပါသည်။ လွှတ်တော်တွင်းရှိ လက်ရှိကိုယ်စားလှယ် အများစုမှာ ဘယ်ပါတီက ဖြစ်သည်ကိုလည်း ပြည်သူတွေ သိပြီးဖြစ်ပါသည်။ ခဏတာအတွေးဖြင့် ရေရှည်ကို တွေးချင့်သင့်ပါသည်။ ဤကိစ္စသည် နောက်ပိုင်းတွင် ဖြေရှင်းရခက်ခဲသော ပါတီစုံဒီမိုကရေစီ ခေတ်ဦး၏ မျှော်မှန်းချက်ကို ပျက်စီးစေနိုင်သော အငြင်းပွားဖွယ်များ ဖြစ်ခဲ့သည်ရှိသော် နောင်တရ ဘွာခတ်၍ မရနိုင်တော့ကြောင်း သတိချပ်စေလိုပါ သည်။

ပြန်ပေါ်မလာတော့သည့် ခဏ။ “ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံး သပ်တဲ့ ကာလမှာ ဒီဥပဒေကို ခဏထားပြီး ဆက်လက် ဆောင်ရွက်သင့်တယ်” ဟူသော ပြောကြားချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၊ ၄၈၊ ၁၂၅၊ ၃၆၉ (ခ)၊ ၃၉၆(က)(၂)နှင့် ၃၉၆(ခ) ပြဌာန်းချက်များနှင့် တိုက်ဆိုင်၍ လေ့လာဆန်းစစ်သင့်ကြောင်း တွေ့ရှိရပါသည်။ “ခဏထား” ဟူသော ဆိုလိုရင်းမှာ နောက် (၂) နှစ်ခွဲ သက်တမ်းတစ်ခုလုံးကို ဆိုလိုသည် လား ရှင်းရှင်းလင်းလင်း မရှိပါ။ ခဏထားခဲ့သဖြင့် ပြီးခဲ့သည့် (၂) နှစ်ခွဲလုံးလုံး နိုင်ငံသား များ အခြေခံဥပဒေက ပေးအပ်ထားပြီး ဖြစ်သော အခွင့်အရေးကို ချွေးသိပ်ထားရာမှ အဆုံးခံရမည့် အခြေအနေ ရောက်နိုင်လေပြီ။ အခြေခံဥပဒေက အတိအလင်း အပ်နှင်း ထားသော အခွင့်အရေးကို ဤသို့ ခဏထား ဟူ၍ ပိတ်ပင်တားမြစ်ထားခြင်းသည် Rule of Law အရ မည်သည့်အဓိပ္ပါယ် သက်ရောက်စေနိုင်မည်နည်း ဟူသည်ကိုလည်း စဉ်းစားဖွယ်ရာ ဖြစ်နေပါသည်။ လိုက်နာစောင့်ထိန်းမှု ကင်းမဲ့သော အခြေခံဥပဒေသည် မည်သို့သော အခြေအနေသို့ ဆိုက်ရောက်သွား နိုင်သည်ကိုလည်း တွေးမိပါသည်။

(၆) လွှတ်တော်ကိုယ်စားလှယ်များကို စွပ်စွဲပြစ်တင်မှု မလုပ်နိုင်။ Right to Recall ဖြင့်သာ မဲဆန္ဒရှင်တို့က ထိုသူကို ထိန်းနိုင်သည်။ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် သမ္မတနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ၊ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအား ဖြုတ်ချလိုလျှင် စွပ်စွဲပြစ်တင်ခြင်း နည်းလမ်းဖြင့် ဆောင်ရွက်နိုင်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကြီးက ပင်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး တစ်ဖွဲ့လုံးကို စွပ်စွဲပြစ်တင်၍ ဖြုတ်ချခဲ့ပြီး ဖြစ်သည်ကို ဟိုးလေးတကျော် တွေ့ခဲ့ကြပြီး သမိုင်း ဖြစ်သွားခဲ့ပါသည်။ ထိုကိစ္စကို တက်တက်ကြွကြွ ဆောင်ရွက် ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိကို ဖြုတ်ချနိုင်သော အခွင့်အရေးကို ရည်ရွယ် ချက် ရှိရှိ ပိတ်ပင် တားဆီးထားသည် ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆(က)(၂)အရ အကျုံး ဝင်လာမည် ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များကို စွပ်စွဲ ပြစ်တင်၍ မရပါ။ လွှတ်တော် ကိုယ်စားလှယ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆(ခ) ဖြင့်သာ ဖြုတ်ချနိုင်ပါသည်။ တစ်ဖန် ယင်းဖြုတ်ချခွင့်မှာ အချုပ်အခြာအာဏာ သက်ဆင်းရာ ဖြစ်သော ပြည်သူများအား အခြေခံ ဥပဒေက တရားဝင် အပ်နှင်းထားသော အခွင့်အရေး ဖြစ်ကြောင်း သတိပြုစေလိုပါသည်။ ဤသို့ ဒါတော့ ခဏထားကွာ၊ ဒို့အခွင့်အရေးတွေ မြှင့်တင်ဖို့ပဲ လုပ်ကြတာပေါ့ ဟူသော သဘောမှာ ဒီမိုကရေစီ၏ စစ်မှန်သော အနှစ်သာရကို မျက်ကွယ်ပြုရာ ရောက်ရှိနေပါသည်။ ယခု (၅) နှစ်လုံးလုံး အဆိုပါအခွင့် အရေး မရရှိခဲ့လျှင် အခြေခံဥပဒေကို မည်သူတွေ လိုက်နာပါ၊ မည်သူတွေက လိုက်နာရန်မလိုဟု ခွဲခြားမှုသဘော ရှိလေပြီလား တွေးဆဖွယ်ပင်။ ပြည်သူ့အကျိုးစီးပွားကို မမြှင့်တင်နိုင်လျှင် နေပါ၊ ပြည်သူ့အခွင့်အရေးကို မပိတ်ပင်သင့်ဟု ပွင့်ပွင့်လင်းလင်း တင်ပြလိုပါသည်။ ပြည်သူ့ အခွင့်အရေးကို ပိတ်ပင်လိုခြင်းသည် ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်အဖြစ်မှ သွေဖီသွားပြီလေလားဟု အထိတ် တလန့် ဆင်ခြင်မိပါသည်။ Check and Balance ဆိုသည့်အပြန်အလှန် ထိန်းကျောင်းခြင်းမူကို မိမိကလည်းကျင့်သုံး မိမိအပေါ်ကျင့်သုံးရင်လည်း ခံယူမှ ဖြစ်မည်ဟု လက်ခံရပေမည်။

အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်-မရောက်


နောက်ဆုံး စဉ်းစားမိသည့် Check and Balance ဟု အလွန်သုံးနေသည့် (အသုံး လွန်နေသည် ဟုမဆိုချင်) ယဉ်ကျေးမှု စကားအသစ်ဖြစ်သည်။ မိမိအား ထိန်းကျောင်း နေသည့် ကိစ္စရပ်မှန်သမျှကို ဖယ်ရှားရန် ရည်ရွယ် ဆောင်ရွက်နေသည်ဟုဆိုလျှင် ဒီမိုကရေစီခေတ်ဦးတွင် မည်သူတွေ၊ မည်သည့် အဖွဲ့တွေက သွေဖည်၍ အာဏာရှင် အဖွဲ့အစည်းပုံစံ ဖော်ဆောင်ကြတော့မည်နည်းဟု သုံးသပ်ကြရ တော့ပေမည်။ ပြည်သူတွေမှာ ဒီမိုကရေစီပန်းတိုင်ကို ရည်မျှော်၍ လျှောက်လှမ်းရင်း ပျောက်သော လမ်းမှာ စမ်းတဝါး ဖြစ်တော့မည်။ လိုချင်သော ပြည်သူ့ဗဟိုပြု အုပ်ချုပ်ရေး ဆိုသည်ထက် ဘယ်စနစ် ဖြစ်လာမည်လဲ။ မိမိတို့ ပြည်သူများ အနေဖြင့် မည်သည့်နည်းဖြင့် ထိန်းကျောင်း တည့်မတ်ကြမည်လဲ။ မည်သည့်နိုင်ငံများ မည်သို့ကျင့်၍ မည်သို့လုပ်လိုသည် ဆိုသည်မှာ ဒီမိုကရေစီ နုနယ်စ မိမိတို့နိုင်ငံအဖို့ အတုယူသင့်သည် ကို တင်ပြပြီးပေပြီ။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်လျက် လွတ်လပ်ရေးကို ရည်မျှော်ရင်း ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၅၇ ပြဌာန်းချက်ကို အလျဉ်းသင့်၍ တင်ပြလိုပါသည်-

နိုင်ငံတော်သမတသည်၊ ဝန်ကြီးချုပ်၏ အကြံပေးချက်အရ၊ ပြည်သူ့ လွှတ်တော်ကို ဆင့်ခေါ်ရမည်။ သို့တည်းမဟုတ် ရုပ်သိမ်းရမည်။ သို့တည်းမဟုတ် ဖျက်သိမ်းရမည်။(သမတဟု ထိုစဉ်ကအရေးအသား ဖြစ်သည်။)

ဗိုလ်ချုပ်အောင်ဆန်း က သူ၏ မိသားစုများနှင့် ခင်မင် ရင်းနှီးသော မိတ်ဆွေတို့ကို နိမိတ်ဖတ် ပြောကြားခဲ့ဖူးသည့် “ ကျုပ်ကတော့ လွတ်လပ်ရေး ရပြီး အာဏာလုပွဲတွေ မစခင် နိုင်ငံရေးလောက က အနားယူမယ်၊ ပြီးတော့ ဘေးကပဲ ပြုံးပြုံးကြီး ကြည့်နေတော့မယ် ” ဟု ပြောခဲ့သည်ကို ဖတ်မိဖူးသဖြင့် တွေးမိခြင်းဖြစ်ပါသည်။ တမလွန်က ပြည်သူချစ်သော ဒို့ဗိုလ်ချုပ် ပြုံးနေမည်လား မပြောတတ်ပေ။
ထိန်းညှိခြင်းဟု ဆိုရာ၌ မဏ္ဍိုင်ကြီး ၃ ရပ်တို့ ကျင့်ကြံရမည့် ပြဌာန်းချက်ကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ (က)တွင် “နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုသည်” ဟု ပြဌာန်းထားပါသည်။ မည်သို့ဆိုစေ ထိုမဏ္ဍိုင် ၃ ရပ်တို့သည် ပြည်သူ့ အကျိုး သယ်ပိုးရမည်ဟု ခံယူချက် ခိုင်ခိုင်မာမာ ထားရှိလျှင်၊ မိမိကိုယ်ကို ဖြုတ်ချ၍ မရနိုင်သော ဘယ်တော့မှ မလျော့ကျတော့သော (ဘာသာရေးနှင့် ယှဉ်တွဲ၍ မမြဲသော သဘောကို နှလုံးသွင်းလျက်) ပြည်သူ့ကိုယ်စားလှယ် ဖြစ်ရမည် ဟု မခံယူကြလျှင် ပြည်သူတို့ကလည်း အရတော်ပေစွဟု ပီတိ ဖြာဝေ၍ မေတ္တာပို့သ ချီးမွမ်းနေကြပေလိမ့်မည်။

ရည်မှန်းချက်ကိုကား အပျောက်ခံ၍ မဖြစ်ပြီ။ နိုင်ငံတော်တွင် တရားဥပဒေ စိုးမိုးရေး မရှိမဖြစ်ဟု နှုတ်ထွက်စကား ပြောဆိုမှုသည် အမှန်ပင် မရှိမဖြစ် လိုအပ်သလို ရေပန်းလည်း စားနေပါသည်။ ယုံကြည်လျှင် ယုံကြည်သည့်အတိုင်း ဖော်ဆောင်နိုင်ကြပါစေ၊ အပြောနှင့်အလုပ် ညီကြပါစေဟု မဝံ့မရဲ ရင်မောစွာဖြင့် မျှော်လင့်နေရသော အိပ်မက်ဆိုးမှ နိုးထနိုင်ကြပါစေ၊ ကိုယ်တိုင်လည်း အိပ်မက်ဆိုးတွင် မနစ်မြောလိုပြီ။ သဗ္ဗေသတ္တာ ကမ္မသကာ ဟုတော့ နှလုံး မသွင်းချင်။ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဟု ခံယူ၍ ဒီမိုကရေစီခေတ်ဦး ကြည်နူးမှု အတွေးများကို ရှင်သန်စေလိုကြောင်း ဆုတောင်းလိုက်ရ ပေတော့သည်။
*****

ဘုန်းအောင်

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁)-ကို http://www.dawnmanhon.com/2013/08/blog-post_152.html#sthash.rUE2Nsai.dpbsဖတ်နိုင်ပါတယ်..
မွန်းအောင်က အနုပညာဝါသနာကြီးလွန်းလို့ ကချင်ပြည် မြစ်ကြီးနားကနေ ရန်ကုန်ကိုဆင်းလာတာ၊ သူနဲ့အတူ သူ့သူငယ်ချင်းဂစ်တာသမားတွေလည်းပါလာတယ်၊ ကျနော်မှတ်မိတာ နော်ဂျာ၊ ဂွတို (ဂွတိုက ဘေ့စ်ဂစ်တာတီးတယ်၊ ခု သူက ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ဂွမ်မော်)၊ ကိုရဲတို့ အုပ်စုကသူ့အပေါ် အများကြီးအကူအညီပေးခဲ့တယ်၊ အဓိက ကိုရဲ၊ သူ့အပေါ်စေတနာအပြည့်နဲ့ ဆိုပုံဆိုနည်းအစစ ညီလိုသူငယ်ချင်းလို သင်ပြပေးခဲ့တယ်၊ ကျနော်မှတ်မိတယ် ကိုရဲ မွန်းအောင်ကို တော်တော်မောင်းခဲ့တာ၊ တော်ရုံလူဆို စိတ်ဓါတ်တော်တော်ကျသွားနိုင်တယ်၊ ဒါပေမယ့် မွန်းအောင်ကဇွဲကောင်းတယ်၊ သူ့အတွက်ကောင်းစေချင်တဲ့စေတနာနဲ့ မောင်းတာမှန်းသိလို့ သူတော်တော်ကြိုးစားခဲ့တယ်၊ နောက်ပိုင်းမိုးကျော်နဲ့ မွန်းအောင် အရမ်းတွဲဖြစ်ကြတယ်၊ မွန်းအောင်ငှားနေတဲ့ ၆ မိုင်ခွဲက အိမ်မှာ မိုးကျော် သူကွယ်လွန်ခါနီးအထိ နေသွားတယ်။

ဒီလိုနဲ့ ကျနော်တို့ ဒေသကောလိပ်က ပထမနှစ်စာမေးပွဲ အတွက်ဖြေကြရပြီ၊ မိုးကျော်နဲ့ကျနော်က ဘာစာမှ မရဘူး၊ ကျောင်းမှမှန်အောင်မတက်ခဲ့ကြတာ၊ ဒါပေမယ့် မေးခွန်းတွေက သူငယ်ချင်းတယောက်ဆီက ရထားတယ်၊ ဒါနဲ့ နှစ်ယောက်သား စာခိုးချဘို့ Field Jacket တထည်စီ ဝတ်ပြီး ဂျာကင်အိပ်အများကြီးထဲ စာတွေဖြဲထည့်ပြီးခိုးချဘို့ လုပ်ကြတယ်၊ ဖြေရတာက သူနဲ့ ကျနော်က ရှေ့ခုံ နောက်ခုံ၊ ဖြစ်ချင်တော့ စာမေးပွဲခန်းထဲ နွေခေါင်ခေါင် Field Jacket ကြီးတွေနဲ့ ချွေးတွေပြန်ပြီး ဘယ်မေးခွန်းရဲ့ အဖြေက ဘယ်အိပ်ထဲ ထည့်ထားမှန်းမသိနဲ့ နှစ်ရောက်သား အောင်မြင်စွာ စာမေးပွဲကျကြလေသတည်းပေါ့ဗျာ....၊ ကျန်တဲ့သူငယ်ချင်းတွေ ညီညီတို့ မောင်နီတို့က ကျောင်းတက်မှန်ပြီးအောင်သွားကြတယ်။

အဉ္ဇလီအတွက် ဂီတဉ္ဇလီသီချင်းခွေထွက်တော့ ခွေက ထင်သလောက်မပေါက်ခဲ့ဘူး၊ အခွေက လှိုင်တေးသံသွင်းကနေဖြန့်တာ၊ ခွေထွက်ပြီး မကြာခင် ကိုအုန်းမြင့် (ရီဇော်) က ခွေ ၂ ဒါဇင်ယူလာတယ်၊ မင်းကျော်ခိုင်ရေ၊ ကိုတိုးအခွေတွေ ဒို့ ဝိုင်းဖြန့်ရအောင်ဆိုပြီးလာပေးတယ်၊ ဒါနဲ့ ကိုရဲရယ် ကျနော်ရယ် ခွေတွေယူပြီး ဘယ်သူ့ကို စ ရောင်းမလဲပေါ့၊ ကျနော်က အင်ကြင်းဆောင်က ဂျီဂျီး (ကိုမောင့်ညီမကိုပဲ စ ရောင်းတာပေါ့) ဆိုပြီး ဂျီဂျီးဆီသွားရောင်းတယ်၊ ဂျီဂျီးက ၂ ခွေ ကို တခွေ ၂၅ ကျပ်နဲ့ ဝယ်လိုက်တယ်၊ အဲဒီအရင်းနဲ့ တခြားနေရာတွေခရီးဆက်ကြတာပေါ့၊ ရန်ကုန် ဆူးလေ ဟိုင်းလက်ကားတွေ တယောက်တကျပ်ဆွဲတဲ့အချိန် ကက်ဆက်ပါတဲကကားရွေးပြီး ရှေ့တန်းမှာထိုင် ဒရိုင်ဘာကို ကိုတိုးအခွေပေးပြီး ကြော်ငြာအနေနဲ့ဖွင့်ခိုင်း..အဲလိုစ ဖြန်ံကြတယ်၊ တောင်ဥက္ကလာဘက်ဆို ခွေငှားဆိုင်တွေက ဈေးမပေးဘူး၊ အဆိုတော်အသစ်ဆိုပြီး ထားခဲ့လေ နောက်တပါတ်လာကြည့်ပေါ့၊ ဒါမျိုးတွေ တချို့ဆိုင်တွေကို ၁၅ ကျပ်နဲ့ ရောင်းခဲ့ရတာတွေရှိတယ်၊ နာမည်မကြီးသေးရင် ဒီလိုပဲ မျက်နှာငယ်ရတယ်၊ (မွန်းအောင်ကိုယ်တိုင် သူ့အခွေအတွက် အဲလိုအဖြစ် သူကိုယ်တိုင်ကြုံခဲ့ရတယ်)၊ ခွေရောင်းရတဲ့ ပိုက်ဆံတွေကလည်း လမ်းစရိတ်၊ စားတာသောက်တာနဲ့ ငွေခေါင်းကွဲတော့တာပေါ့၊ ဝန်ခံရရင် ငွေစာရင်းမရှင်းနိုင်ဖြစ်ကုန်တယ်၊ ကံကောင်းတယ်ပဲပြောရမလားပဲ ခွေတွေကို တာဝန်ခံယူလာတဲ့ ကိုအုန်းမြင့်က စိတ်တခါတခါဖေါက်တတ်တယ်၊ အဲဒီအချိန်သူ စိတ်ထဖေါက်တော့ တေးသံသွင်းဆိုင်ကလည်း ဘာမှလုပ်လို့မရဘူးဖြစ်ရော၊ တေးသံသွင်းဆိုင်က ပိုင်ရှင်ရဲ့သား(နံမည်မေ့နေတယ်) တာဝန်ခံပြီး ကိုအုန်းမြင့်ကိုထုတ်ပေးခဲ့တာဆိုတော့ သူ့အဖေက သူ့သားကို အိမ်ပေါ်ကနှင်ချလိုက်တယ်ကြားတယ်၊ ဒါလည်းခဏပါပဲ၊ သားအဖကိုး၊ သူ့သားက ကိုတိုးတို့ ကိုရဲတို့အပေါ် သံယောဇဉ်ကြီးတယ်၊ အောင်မြင်စေချင်တယ်လေ၊ အဲဒီ အဉ္ဇလီအတွက် ဂီတဉ္ဇလီသီချင်းခွေကာဗာက ပန်းချီကျော်ကျော်ဝင်း (ကွယ်လွန်) ရေးခဲ့တာ၊ ကျနော်က ဒီဇိုင်းတခုရေးပြီး ရောင်စုံစာကူးစက်နဲ့ (Electronic Wax နဲ့ရေးတဲ့ဒီဇိုင်း) A4 ဆိုဒ်ထုတ်ပြီး ရန်ကုန် အင်းစိန် ဘတ်စ်ကားတွေရော၊ ဟိုင်းလက်ကားတွေရော ဘေးမှာကပ် ကပ်ပေးလိုက်တာ၊ ပြန်တွေးကြည့်တော့ အသုဘပို့တဲ့ ဘတ်စ်ကားတွေဘေးမှာ ဦးဘယ်သူ၊ ဒေါ်ဘယ်သူ အသက်ဘယ်နနှစ် ဆိုပြီး ကပ်တဲ့စာတွေလိုဖြစ်သွားတာ။

အခွေထွက်ပြီး နဲနဲကြာတဲ့အချိန်ကျနော်တို့ ဘားလမ်းထဲက မုတ်ဆိတ်လ္ဘက်ရည်ဆိုင်မှာထိုင်ကြရင်း ကိုမောင်က စကားစ လာတယ်၊ တိုးကြီးဒီလိုသာဆိုရင် ဘယ်တော့မှ အောင်မြင်တဲ့အဆိုတော်ဖြစ်လာမှာမဟုတ်ဘူး...လို့လည်းပြောရော ကိုရဲက မောင်မောင်အဲလိုမပြောသင့်ဘူး၊ ဘာပဲဖြစ်ဖြစ် တိုးကြီးအောင်မြင်ဘို့ ဒို့သူငယ်ချင်းတွေမှာတာဝန်ရှိတယ်၊ မဖြစ်ဖြစ်အောင်ဝိုင်းလုပ်ရမယ် ဆိုပြီးပြောတယ်၊ ကျနော်သိတယ်၊ ကိုမောင်ကလည်း ကိုတိုးကို အောင်မြင်စေချင်တယ်၊ ဂရုဏာဒေါသောနဲ့ပြောခဲ့တာပါ၊ တကယ်တန်းကျ သူတို့သူငယ်ချင်းချင်း သိပ်ချစ်ကြတာ၊ သူတို့သီချင်းတွေကို ကိုတိုးအတွက်ပဲ ရေးစပ်ခဲ့ကြတာ၊ ကိုရဲက ကိုတိုးအပေါ်ဘယ်လောက်သံယောဇဉ်ကြီးတယ်ဆိုတာ ကျနော်သိတယ်၊ ကိုရဲနဲ့ ကျနော်နှစ်ယောက်ထဲ အရက်သောက်ကြတဲ့အချိန်ဆို ကိုရဲအမြဲပြောတယ်၊ တိုးကြီးတနေ့ လုံးဝ အောင်မြင်ရမယ်၊ ကိုယ်တို့ အစွမ်းကုန်ကြိုးစားပေးရမယ်......ဒါသူအမြဲနှလုံးသွင်းထားတဲ့စကားတွေ။

ဒီကြားထဲ မဆီမဆိုင် ကျနော့ကိုပါလာပြီး မင်းကျော်ခိုင်နာမည်ကိုလည်း တိုး ပါတဲ့နာမည်တခုပြောင်းပါလား တဲ့၊ ဟာ...ဘာဆိုင်လို့လဲကိုရဲရာ ဆိုတော့ ကိုယ်က တိုး ဆိုရင်ချစ်တယ်ကွာတဲ့၊ ချစ်မှာပေါ့ သူ့ငယ်ချစ်နာမည်က တိုးတိုး လေ။

ဒါကြောင့် သူ့သီချင်းတွေမှာ တိုး ဆိုတဲ့စကားလုံး အမြဲပါတာ......

၁၉၇၉ လောက်ကနေ ၁၉၈၃ လောက်ကာလတွေတုန်းက ရန်ကုန်တက္ကလိုလ်ထဲမှာ ကဗျာရူး စာရူးတွေတော်တော်ပေါတာ၊ တကယ့်ကဗျာဆရာဖြစ်သွားတဲ့သူတွေလည်းရှိခဲ့ပါတယ်၊ ပုဆိုးတိုတိုဝတ်၊ ဆေးပေါ့လိပ်ကိုခဲ၊ လ္ဘက်ရည်ဆိုင်ထိုင်၊ ကိုယ့်ကိုယ်ကို ဘဝ သမား၊ ဘဝကဗျာဆရာ၊ ဘဝသရုပ်ဖေါ်စာရေးဆရာ ကဗျာဆရာတွေပေါ့လေ..အဲလိုပုံစံတွေခေတ်ထခဲ့တယ်။

ကျနော်က အရက်ပဲသောက်တတ်တာ၊ ဆေးလိပ်မသောက်တတ်သေးဘူး၊ ကိုတိုး၊ ကိုရဲ၊ ကိုမောင်၊ ကိုနေဝင်း၊ ဘိုတင့်(ရာပြည့်)၊ မိုးကျော်တို့က အဲဒီကာလ ခေတ်စကားနဲ့ပြောရရင် ဆင်ကြိုက်တယ်၊ ဆင်စီးတယ်ပေါ့၊ ဆေးပေါ့လိပ်က နှင်းဆီ၊ နောက် သဇင်ကြိုက်ကြတယ်၊ သဇင်ဆိုတာက သိတယ်မဟုတ်လား..လိပ်ပြာတောင်ဆေးဆိုင်တွေမှာရတယ်၊ အဲဒီသဇင်နဲ့ လျက်ဆားထုတ်လေးနဲ့ ရေနွေးကြမ်းလေးနဲ့ဆေးပေါ့လိပ်လေးနဲ့ဆို ကိုထီးဆိုသလို ဘာနဲ့မှမလဲနိုင်တဲ့စည်းစိမ်လေးပေါ့ဗျာ....မောင့်အသည်းလေးဆေးတံတိုပေါ့....

မိုးကျော်က အရက်နဲ့မတည့်ဘူး၊ ကိုရဲကျတော့ အရက်ကို ရေမရောပဲသောက်တတ်တာ..ဒါပေမယ့် သောက်ခဲတယ်၊ သူတို့ကအငြိမ်ကြိုက်ကြတဲ့သူတွေ၊ သူတို့ကိုကြည့်ပြီး အားကျလေးစားကြတဲ့လူငယ်တွေအတုယူမှားကြတာက အဲဒီရီဝေတဲ့စတိုင်ဖမ်းပြီး အနုပညာသမားကြီးတွေလို လ္ဘက်ရည်ဆိုင်တွေမှာ ရေနွေးတအိုးပြီးတအိုးမှာသောက်ကြရင်းစတိုင်ထုတ်ကြတာပဲ၊ ကိုရဲတို့အုပ်စုက အဲလိုမဟုတ်ဘူး၊ သူတို့ကောင်းနေပြီဆိုရင် ဂစ်တာကိုကိုင် ကီး(Key)တွေစမ်း၊ သံစဉ်တွေရှာ၊ စကားလုံးတွေနဲ့ သီချင်းရေးတတ်ကြတယ်၊ ပါတ်ဝန်းကျင်မှာကြားရတဲ့ ကျေးငှက်သံတွေ၊ သစ်ရွက်လေတိုးသံတွေဟာ သူတို့အတွက်က သံစဉ်တွေပဲလေ၊ တခါတလေ သမိုင်းဝင်းထဲကမိန်းကလေးအဆောင်တွေမသွားဖြစ်တဲ့ညတွေ အင်းလျားကန်ဘောင်ပေါ် ဂစ်တာတီးကြရင်း အင်းလျားရေပြင်ရဲ့လှိုင်းပုတ်သံတွေဟာလည်း သူတို့အတွက် လှပတဲ့သံစဉ်တွေပဲလေ.....။

နောက်သဇင်ခေတ်ကုန်တော့ ကုလားမခေတ်ရောက်လာတယ်၊ ကုလားမဆိုတာ နောက်လူတွေက ငါးလို့ခေါ်ကြတယ်၊ လှည်းတန်းမီးပွိုင့်က အိမကျောက်ကျောဆိုင်မှာရတယ်၊ ကိုနေဝင်းကတော့ ပင်တိုင်ဖေါက်သည်ကြီးပေါ့၊ RIT ရှေ့ကြို့ကုန်းဝင်းထဲက နှင်းဆီလ္ဘက်ရည်ဆိုင်မှာလည်းရတယ်၊ လျက်ဆားထုတ်နဲ့ ရေးနွေးကြမ်းတခွက်ကတော့ ဖရီးပေါ့ဗျာ...။

တညသား သမိုင်းဝင်းထဲက သဇင်ဆောင်ရှေ့ ဂစ်တာတီးနေကြရင်း ကိုရဲဘေးမှာချထားတဲ့ နှင်းဆီဆေးပေါ့လိပ်တွေထဲက တလိပ်ယူသောက်မိတာ အရက်သောက်ထားတဲ့အခံနဲ့ ချာလပါတ်ကိုရမ်းတော့တာပဲ၊ ကိုရဲ ကျနော့ကိုမနဲတွဲပြီးသူ့အဆောင်အထိ တွဲပြန်ခဲ့ရဘူးတယ်၊ သူ့ဆေးပေါ့လိပ်တွေက ဆင်ထည့်ထားတဲ့ဆေးလိပ်တွေကိုး၊ အဲဒီကတည်းက ဆင်ဆို တော်တော်ကြောက်သွားခဲ့တာခုထိပါပဲ။

တရက်ကျတော့ ကျနော်နဲ့ ကိုမောင်လှည်းတန်းသွားကြတယ်၊ အိမဆီဝင်ပြီးတော့မှ ပန်းကမ္ဘာအအေးဆိုင်မှာနှစ်ယောက်ထိုင်ကြရင်း (အဲဒီတုန်းက အဉ္ဇလီမောင်မောင်ဆိုတာ နာမည်သာသိကြပေမယ့် လူနဲ့မတွဲမိကြသေးဘူး) ကိုမောင်က ကုလားမပုလင်းထုတ်ပြီး မင်းကျော်ခိုင် နဲနဲချကြည့်ဆိုပြီးအတင်းစည်းရုံးတာ၊ ကျနော်လည်း ကိုမောင် တစိတ်ပဲနော်ဆိုပြီး တစိတ်ချလိုက်တာ အဲဒီအချိန်ကစပြီး ကောင်းခဲ့တာပါပဲ၊ ကိုမောင့်ညီမဂျီဂျီးက သူ့အကိုအကြောင်းသိတော့ ကျနော့ကို မင်းကျော်ခိုင် နင် ငါ့အကို ဘဲဖြူကြီးနဲ့ပေါင်းပြီး ဘာတွေလုပ်နေလဲဆိုပြီး သူငယ်ချင်းပီပီဆူခဲ့ဘူးတယ်၊ ဂျီဂျီးက သူ့အကိုကို ဘဲဖြူကြီးလို့ခေါ်တာကိုး။

သူတို့အုပ်စုထဲ ကိုတိုးက အမြဲတမ်း Ray Bin မျက်မှန်တပ်ပြီးတည်တည်ငြိမ်ငြိမ်ရှိတယ်၊ ကိုနေဝင်းကျတော့ ဟန်ဆောင်လို့မရဘူး၊ သူကောင်းလာပြီဆိုရင် သူပြောချင်တာပြောတော့မယ်၊ ကိုမောင်ကျတော့ စကားသိပ်မပြောဘူး စိတ်ပါမှပြောတာ၊ စာဖတ်ချင်ဖတ်၊ မဖတ်ရင် ဂစ်တာကိုင်ပြီးသံစဉ်စမ်းနေတော့တာပဲ၊ ကိုရဲကျတော့ စကားတွေအထာနဲ့ပြောပြီ....။
............
လှည်းတန်းဘက်ကနေလာရင် ခရမ်းပြာ အဆောင်မရောက်ခင် ပြောရရင် အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့်က ပတ္တမြားခြံရှိတယ်၊ အဲဒီမှာ IFL(French) တက်နေတဲ့ကျောင်းသားတယောက်ရှိတယ်၊ သူ့နာမည်က ကိုငွေဝင်း၊ သူကလည်းအမြဲတခုခုတော့ကောင်းနေတာပဲ၊ သူ့ဆီလာလည်နေ ကျက ဖိုးချို၊ ဖိုးချိုနဲ့ကလည်းကျနော် ကိုနေဝင်းနဲ့ပါတ်သက်ပြီးခင်တာ၊ ဖိုးချိုက အဲဒီအချိန် သူ့အခွေ ပိုင်စီုးမှုဧကရီနဲ့ပေါက်ထားတဲ့အချိန်၊ ခင်တော့ခင်တယ် ဒါပေမယ့် တခါတခါ ကျနော်နဲ့ အယူအဆမတူတဲ့အခါ ခဏခဏငြင်းကြရတယ်၊ သူနေတဲ့ လမ်းမတော် ညောင်ပင်လေးဈေးနားက အပေါ်ထပ်သူ့ အိမ်ခန်းကိုအလည်ခေါ်လို့ လိုက်လည်ဘူးတယ်၊ သူကလည်း သူ့အနုပညာမာနနဲ့ပဲ၊ သိပ်အောင်မြင်ချင်လွန်းတဲ့ဆန္ဒတွေများတယ်၊ နောက်တခုက သူကောင်းတာကများလွန်းတယ်၊ အလွန်အကျွှံကောင်းနေတာ၊ ဒါတွေလည်းပါတယ် သူစောစောနဲ့ကြွေခဲ့ရတဲ့အကြောင်းက၊ ကျနော့အမြင်ပြောရင် သူက အောင်မြင်ခြင်းရဲ့ဒဏ်၊ ကျော်ကြားမှုရဲ့ဒဏ် သူမခံနိုင်ခဲ့တာပဲ၊ အောင်မြင်ကျော်ကြားမှုအပေါ် သာယာမှုလွန်ကဲသွားခဲ့တာလို့ပဲပြောချင်တယ်၊ ဘာလို့လဲဆိုတော့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက သီရိဆောင် ရဲ့ ကျောင်းသူတွေနှုတ်ဆက်ညစာစားပွဲမှာ သီချင်းဆိုပေးဘို့ သူ့ကိုပြောတော့ သူတောင်းတဲ့ဈေးက မတရားများနေတယ်၊ ဖိုးချို ဒါ ကျောင်းသူတွေရဲ့အဆောင် သူတို့က လက်မှတ်ရောင်းပြီးစီးပွားရှာတာမဟုတ်ဘူး၊ ရံပုံငွေနဲ့ လုပ်ကြတာလို့ ပြောပေမယ့် မရဘူး..

သီရိဆောင်ရံပုံငွေ Fan Fair အကြောင်းပြောမှရှင်းမှာ၊ ၁၉၈၁ ခုနှစ်မှာ သီရိဆောင်က Hall Tutor ဒေါ်ချိုချို (မမချို)ကနေ သူငယ်ချင်း ကျော်ညွန့်အောင်ကနေတဆင့် အကူအညီတောင်းလို့ သူတို့အတွက်ရံပုံငွေရှာပေးဖူးတယ်၊ ဘယ်လိုရှာလဲဆိုတော့ ရန်ကုန်သားပီပီ လောင်းကစားပေါ့ဗျာ၊ သီရိဆောင်ရဲ့ နောင်နှမအဆောင်က ရွှေဘိုဆောင်၊ ဥပဒေကျောင်းသား/ ကျောင်းသူတွေမောင်နှမဆောင်ပေါ့၊ သူတို့က ဘူးသီးကြော်၊ ငှက်ပျော်ကြော်၊ မုန့်ဟင်းခါးတို့ ရောင်းတာ၊ ကျနော်က ၃ ပေပါတ်လည် သံဇကာတချပ်ဝယ်ပြီး ပင်ပေါင်ဘောလုံး (Table Tennis Ball) ၃ လုံးနဲ့ သံဇကာပေါက်ထဲ ဝင်အောင်ပစ်၊ ပင်ပေါင်ဘောလုံး ၃ လုံး ၁ ကျပ်၊ တလုံးဝင်ရင် တဆ လျော်မယ်၊ ၃လုံးစလုံးဝင်ရင် ၃ ဆ လျော်မယ်ပေါ့၊ ဒါက ဟန်ပြ၊ တကယ်ကစားမှာက အဲဒီ ပင်ပေါင်ဘောလုံး ၃ လုံး ၁ ကျပ်ဆိုတဲ့ပိုစတာကို ပြောင်းပြန်ပြန်လှန်လိုက်ရင် Lucky Seven အံစာ ၂ တုံးနဲ့ အကွက်ချထားတဲ့ဇယား၊ အလယ်အကွက်က နံပါတ် ၇ တလုံးထဲ၊ ဘေးဘက် ဘယ်နဲ့ ညာမှာက ဘယ်ဘက်မှဆိုရင် ၂ ကနေ ၆၊ ညာဘက်မှာက ၈ ကနေ ၁၂၊ ဘယ်ဘက်အကွက်နဲ့ ညာဘက်အကွက်ကျရင် ၁ ဆစီလျော်မယ်၊ အလယ် ၇ ကျရင် ၇ ထိုးတဲ့သူကို ၃ ဆ လျော်မယ်၊ အဲလိုကစားတာ၊ ပွဲမစ ခင်ကတည်းက ဆရာမ မမချိုကို တောင်းထားတာက အရင်းငွေ ၂ဝဝ ကျပ်၊ နောက် ခငွသိမ်းပေးဘို့ သီရိဆောင်ရဲ့ အချောဆုံး ကျောင်းသူနှစ်ယောက်၊ ဆရာမကလည်းသဘောတူတယ်၊ အဲတော့ မင်းကျော်ခိုင်တို့ ဘေးမှာ အချောဆုံးကျောင်းသူအလှပဂေးနှစ်ယောက်ခြံရံလျက်ပေါ့ဗျာ..အဲဒီတော့ သူတို့ကိုပိုးနေကြတဲ့ ရွှေဘိုဆောင်ကကောင်တွေက ကျနော့ကို မျက်စောင်းတခဲခဲပေါ့၊ ပွဲစလို့မှ မကြာသေးဘူး ဘေးကမရွှေချောနှစ်ယောက်ပြာလာပြီ၊ ပြာဆို အံစာတုန်းက သေသလားမမေးနဲ့၊ အသေးအကွက် ၂ နဲ့ ၆ ကြားချည်းပဲကျနေတော့ သူတို့ လှိမ့်လျော်နေရတယ်၊ မင်းကျော်ခိုင် ကြည့်လုပ်အုန်း အရင်း ငွေ ၂ဝဝ ကုန်တော့မယ်၊ ကျနော်ကလည်း အေးပါ မပူပါနဲ့ အေးဆေးပါ ဆိုပြီး ကြံဖန်ရတော့တာပေါ့၊ လောင်းကစားသမားတွေ ငွေလျော်ငွေစားကို အာရုံစိုက်နေကြတုန်း ကျနော်က အံစာခွက်ကို မခလောက်တော့ပဲ အံစာတုန်း ၂ ခုပေါင် နံပါတ် ၇ လုပ်ထားလိုက်တယ်၊ ပြီးမှ ကဲ အားလုံးလက်ရှောင်ကြ၊ အိုကေ..နောက်တပွဲ စ မယ် ဆိုပြီး အံစာခွက်ကို အသာချထားလိုက်တယ်၊ ထိုးသား မောင်ကျောင်းသားတွေကလည်း ဟေး ဒီတခါ အသေးပဲကွ၊ တချို့ကလည်း အကြီးကျမှာကွနဲ့ ထိုးကြပါလေရော၊ ကျနော်က ခပ်တည်တည်နဲ့ အိုကေ နံပါတ် ၇ ဘယ်သူမှ မထိုးဘူးလား ဖွင့်တော့မယ်နော်ဆိုပြီး အံစာတုန်းကာထားတဲ့ ခွက်ကို အပေါ်တဲ့တဲ့ဖြည်းဖြည်းလေးမ ပြီးမှ ညာဘက်အသာလေးဆွဲဖွင့်လိုက်၊ ထိုးသားတွေအတွက်က အသည်းတယားယားပေါ့ဗျာ၊ ဟာ.......နံပါတ် ၇၊ အဲဒီမှာ သူတို့ထိုးထားတာတွေ အကုန်စားတော့ပဲ၊ အဲလိုမျိုး ၃ ခါ တခါ လောက် ဆင်ပြီးကစားတော့ ဒိုင်စားပေါ့၊ အံမယ် ကျနော့ အလှပဂေးနှစ်ယောက်များမြူးလို့...။ နေ့လည်ထမင်းစားချိန်နားတော့ မမချိုက မှာထားတယ် ဂျပ်ဆင် Canteen မှာအတူစားကြမယ်တဲ့၊ ကျနော့မရွှေချောတွေက နိုးဝေးပဲတဲ့၊ မြတ်တယ် ဒီတော့ ကုက္ကိုင်က တရုပ်ဘုံကျောင်းစားသောက်ဆိုင်မှာ သွားစားကြမယ်ဆိုပြီး ၃ ယောက်သား လေးဘီးတက္ကစီင်္ငားပြီး သွားစားကြတာ ၁၅၀ ကျပ်ကျတယ်၊ မမချို မျက်လုံးပြူးသွားတော့၊ မမရယ် သမီးတို့ ၂ ထောင်ကျော်တောင်မြတ်နေတာ ဒီလောက်တော့စားရမှာပေါ့ဆိုတော့ ငြိမ်သွားတယ်၊ ညနေ ပွဲသိမ်းတော့ မရွှေချောတွေက မင်းကျော်ခိုင် နင် ငါတို့ကို ဂျပ်ဆင် Canteen ကြံရည်ဆိုင်မှ စောင့်နေဆိုလို့ စောင်နေခဲ့တယ်၊ အံမယ် သူတို့က ပိုက်ဆံသိမ်းတဲ့လွယ်အိပ်အထဲမှာ အတွင်းဇစ် လုပ်ထားတာကိုး၊ ဇစ်ပိတ်ပြီး ပိုက်ဆံတွေလွယ်အိပိကိုခါချပြပေမယ့် ဇစ်အိပ်ထဲက ဒိုင်ထားတဲ့ပိုက်ဆံတွေက မကျဘူးလေ၊ ရော့ နင့်အတွက်ခွဲတမ်း ၅ဝဝ ကျပ်၊ နင်ဘယ်သူ့မှ လျှောက်မပြောရဘူးနော်ဆိုပြီးနှုတ်ပိတ်သွားသေးတယ်၊ ပွဲက ၂ ရက်ဆိုတော့ တယောက် တထောင်စီပေါ့ဗျာ၊ လ္ဘက်ရည် တခွက် ၁ ကျပ်ခေတ်နော်၊ မှန်းကြည့်။

အဆောင် Dinner မှာ ကျနော့ကို အဆောင်က ဂုဏ်ပြုလက်ဆောင် ၅ ကျပ်တန်လက်ကိုင်ပဝါနှစ်ထည်ပေးပါသဗျာ..အမှတ်တရပေါ့၊

ဒါပေမယ့် နောက်နေ့မှာ ကျောင်းသားတွေက မော်ကွန်းထိန်းကို သွားတိုင်ကြတယ်၊ သူတို့ အိမ်ကပို့လိုက်တဲ့ ကျောင်းလခတွေ၊ စာအုပ်ဖိုးတွေ သီရိဆောင်ဈေးရောင်းပွဲမှာ ကျနော့ အံစာကစားဝိုင်းကြောင့်ကုန်ပါပြီဆိုပြီး....ဒါတော့သူတို့ကို ဘယ်သူမှ လာကစားပါလို့မခေါ်ခဲ့ပါဘူး၊ သူတို့ဖါသာ သူတို့ လောဘနဲ့လာကစားတာကိုး...

ကျနော့်အတွက်တော့ ကျောင်းထဲ ဦးချစ်ဆိုင်သွားတဲ့အခါ အဆောင်ကမောင်ကျောင်းသားများရဲ့ သြဘာပေးမှုကိုခံရပါတယ်၊ လူလိမ်ကြီး တဲ့......

အဲဒီဈေးရောင်းပွဲက ရံပုံငွေတွေအားလုံးပေါင်းပြီး ညစာစားပွဲအတွက် တီးဝိုင်းနဲ့ အဆိုတော်တွေငှားဖို့ ကျနော့ခေါင်းပဲ ကျပါတယ်၊ မမချိုက မင်းကျော်ခိုင်က ကိုရဲလွင်တို့နဲ့ရင်းနှီးတယ်ဆိုပြီး အဆောင်ကျောင်းသူတွေဂျီကျတာခံရပါတယ်၊ ဖိုးချို၊ ကိုင်ဇာ၊ စိုးပိုင်၊ ပလေးဘွိုင်သန်းနိုင် ခေါ်ပေးဆိုပြီးလုပ်ကြလို့ ကျနော်လည်း ကိုရဲ နဲ့မိုးကျော်ပဲအကူအညီတောင်းရတော့တာပေါ့၊

အဲဒီအချိန်က ကိုင်ဇာ၊ မေဆွိ၊ ဖိုးချို နံမည်ကြီးနေချိန်၊ ကိုင်ဇာက ကျနော့်ထက် RC 2 မှာ တနှစ်စောရောက်တယ်၊ မသိကြဘူး၊ မိုးကျော်နဲ့လည်းမရင်းဘူး၊ သူ့နဲ့ဆက်သွယ်ပြီး သီရိကျောင်းသူအဆောင်အတွက်ပါဆိုတော့ သူကလည်းဖိုးချိုအတိုင်းပဲ ဈေးက Play Boy တီးဝိုင်းထက်တောင်များနေတယ်၊ အဲဒီမှာ သူ့ Success တီးဝိုင်းမှာ Organ တီးတဲ့ သိန်းဆွေ၊ သိန်းဆွေညီမ ချစ်ချစ်ကတော့ ကျနော့ သူငယ်ချင်းပါပဲ၊ သိန်းဆွေနဲ့ ဂျပ်ဆင် Canteen မှာ တခါမှ မတွေ့ဖူးကြပဲချိန်းပြီးဈေးစကားပြောတော့လည်း အဆင်ကမပြေ၊ ဒါနဲ့ပဲ မြန်မာပြည်အကောင်းဆုံးတီးဝိုင်းဖြစ်တဲ့ သမန်းကျားတီးဝိုင်းပဲ ငှားပေးလိုက်တော့တယ်၊ သမန်းကျားကိုမြင့်၊ ရုပ်ရှင်သရုပ်ဆောင်အရှည်ကြီး (ဘေ့စ်)၊ သူတို့ဝိုင်းပေါ့ဗျာ။

ကိုစိုးပိုင်ကိုသွားဖိတ်ဖို့ ကိုရဲကို အကူအညီတောင်းရတယ်၊ သူနဲ့က ဟိုး E Machine မှာကတည်းက သူငယ်ချင်းတွေကိုး၊ ဒါနဲ့ ကျနော်နဲ့ကိုရဲ ကိုစိုးပိုင်နေတဲ့ ကျောက်မြောင်းရပ်ကွက်ထဲ လိပ်စာမသိပဲ သွားရှာကြတာပေါ့၊ ကိုစိုးပိုင်အိမ်မတွေ့ပဲ ရိုင်းတဲ့ဇင်ယော်သီချင်းဆိုခဲ့ဖူးတဲ့ အောင်ဘိုဘိုနဲ့ သွားတွေ့တယ်၊ အောင်ဘိုဘိုကလည်း ကိုရဲကို နံမည်နဲ့တင် လေးစားနေတဲ့သူဆိုတော့ သူ့အိမ်အတင်းခေါ်၊ ပြုစုပြီးမှ ကိုစိုးပိုင်ဆီလိုက်ပို့ပေးခဲ့တယ်၊ ကိုစိုးပိုင်အိမ်ရှိတဲ့ လမ်းနာမည်တော့မမှတ်မိတော့ဘူး၊ အဲဒီတုန်းက ကိုစိုးပိုင်အိမ်က ပျဉ်ထောင်နှစ်ထပ်အိမ်၊ သူက အပေါ်ထပ်မှာနေတယ်၊ သူ့ဇနီးက မညို အရမ်းသဘောကောင်းတယ်၊ ကိုရဲကိုတွေ့တာနဲ့ ရဲကြီး ဘယ်ကဘယ်လိုရောက်လာတာလဲဆိုပြီးဝမ်းသာအားရ ဧည့်ခံတယ်၊ မတွေ့တာကြာပြီဖြစ်တဲ့ သူတို့နှစ်ယောက်ကိုကြည့်ပြီး ကျနော်ကြည်နူးခဲ့ရတယ်၊ သြော်....သူငယ်ချင်းဆိုတာကိုပြောတာပါ.....

ကိုရဲက လူချစ်လူခင်များတယ်.....

(မင်းကျော်ခိုင်)

ဆက်ပါဦးမည်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈) ရပ်ကွက်၊ ဦးဟန်တင်လမ်း၊ မေဓါလင်္ကာရ ကျောင်းတွင် သတင်းသုံးနေထိုင်နေသော ဆရာတော် ဦးမေဓါနန္ဒ (ဂျပန်ဆရာတော်ကြီး) သက်တော် (၁ဝ၄) နှစ်၊ သိက္ခာတော် (၇၁) ဝါသည် ၁၃၇၅ခုနှစ်၊ ဝါခေါင်လဆန်း (၁၃) ရက် ၁၉.၈.၂ဝ၁၃ တနင်္လာနေ့ ညနေ (၃း၄၅) နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဘဝနတ်ထံ ပျံလွန်တော်မှုသွားသဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဆရာတော်ကြီး၏ ရုပ်ကလာပ်အား ရေဝေးသုဿန်၌ အန္တိမအဂ္ဂိဈာပန ကျင်းပပြုလုပ် ခဲ့ပါသည်။

ဆရာတော်ကြီး၏ တပည့်သံဃာတော်များ၊ တပည့်ဒါယိကာ၊ ဒါယိကာမများနှင့် နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသားများတို့သည် ဆရာတော်ကြီး၏ ရုပ်ကလာပ်အား ရေဝေးသုဿန်ခန်းမမှ တဆင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ နိဗ္ဗာန်ယာဉ် ကိုယ်တိုင်မောင်းနှင်ပြီး ရေဝေး သုဿန်ရှိ အုတ်ဂူများရှိရာသို့ မောင်းနှင်ပင့်ဆောင်ကာ ဂူသွင်းခြင်းအခမ်းအနားအား ကျင်းပ ပြုလုပ်ခဲ့ သည်။

ဆရာတော်ကြီး၏ မွေးဖွားရာဇာတိမှာ ကံဆွယ်ရွာ၊ မြင်းမူမြို့နယ်၊ စစ်ကိုင်းတိုင်းဖြစ်ပြီး အိန္ဒိယ နိုင်ငံတွင် ဘာသာရေးဆိုင်ရာသင်တန်း တက်ရောက်ခဲ့ခြင်း၊ ပြည်တွင်း ဓမ္မာစရိယဘွဲ့ (သကျသီဟဘွဲ့) တို့ကိုရရှိခဲ့ကာ မဟာစည်သာသနာ့ရိပ်သာတွင် နိုင်ငံခြားသားယောဂီများအား တရားနည်းပြအဖြစ် ဆောင် ရွက်ခြင်း၊ ဆဋ္ဌသံဃာရတနာတင်ပွဲတွင် ပြည်ပဆရာတော်ကြီးများအား ပင့်ဆောင်ဖိတ်ကြားရေးကို တာဝန် ယူဆောင်ရွက်ခဲ့ပါသည်။ ဆရာတော်ကြီးသည် အဂ္ဂိရတ်နှင့် ဗေဒင်ပညာ လူသားအကျိုးပြု ဆေးဝါးကုသမှု ပညာရပ်များအပြင် ဒေသန္တရဗဟုသုတနှင့် ခေတ်အဆက်ဆက် (ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်၊ မ.ဆ.လ ခေတ်၊ န.ဝ.တခေတ်၊ န.အ.ဖခေတ်၊ ပါတီစုံဒီမိုကရေစီခေတ်) တို့ကို ဖြတ်သန်းခဲ့ရသော ဆရာဂုဏ်အင်္ဂါ ရပ်များနှင့် ခညောင်းသော ဆရာတော်ကြီးတစ်ပါးလည်း ဖြစ်ပါသည်။ ထို့ပြင် ဆရာတော်ကြီးသည် မြန်မာ နိုင်ငံတွင် စီးပွားရေးပညာဘွဲ့ရရှိခဲ့ကာ၊ ဆရာတော်ဦးဥတ္တမမှ ဂျပန်နိုင်ငံသို့ခေါ်ဆောင်သွားပြီး ဂျပန် တက္ကသိုလ်တွင် အင်္ဂလိပ်စာနည်းပြဆရာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကာ မြန်မာနိုင်ငံလွပ်လပ်ရေး ရရှိ ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်နှင့် အဖွဲ့ဝင်များထက် ဂျပန်နိုင်ငံသို့ဦးစွာ အစောဆုံးရောက်ရှိခဲ့သူ တစ်ဦးလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံအား ဂျပန်တပ်မတော်မှ သိမ်းပိုက်ခဲ့ပြီး နောက် စစ်ပြေငြိမ်းပြီးသည့်နောက် အိန္ဒိယနိုင်ငံတွင်စတင်၍ သာသနာ့ဘောင်သို့ဝင်ရောက်ပြီး ရဟန်း အဖြစ်ခံယူခဲ့ကာ ဦးမေဓါနန္ဒ (ဂျပန်ဘုန်းတော်ကြီး)အဖြစ် သာသနာပြုလုပ်ငန်း လူသားအကျိုးပြု လုပ်ငန်း များတွင် ကမ္ပည်းမော်ကွန်းရေထိုးနိုင်ခဲ့သူ တစ်ဦးလည်းဖြစ်ပေသည်။

(၈) လေးလုံးနေ့ဟူ၍ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တို့အား ပြည်သူလူထုမှ တွန်းလှန်ခဲ့ရာတွင် အများပြည်သူ ကျောင်းသားလူငယ် ရဟန်းသံဃာတို့ သွေးမြေကျခဲ့ရသည့် သြဂုတ်လ၊ မြန်မာနိုင်ငံ အထင် ကရ နိုင်ငံရေးသမားကြီးများ ကြွေလွင့်သွားခဲ့ရသည့် သြဂုတ်လ၊ အထင်ကရ စာပေပညာရှင်များ ပျောက် ကွယ်သွားရသည့် သြဂုတ်လ၊ ဂီတပညာရှင်များ၏သံစဉ်များ မှေးမှိန်သွားရသည့် သြဂုတ်လ၊ ရုပ်ရှင်အနု ပညာရှင်များ ပိတ်ကားထက်မှာ ပျောက်ကွယ်သွားရသည့် သြဂုတ်လ၊ သဘင်ပညာရှင်များ ဇာတ်ခုံထက်မှ လွင့်စင်သွားရသော သြဂုတ်လ၊ ငြိမ်းချမ်းရေးဖခင်ကြီး၏ ငြိမ်းချမ်းရေးချိုးငှက်ငယ်လေး အဝေးသို့ ပျံသန်း ထွက်ခွာသွားသော သြဂုတ်လ၊ ထိုထိုသော နယ်မြေအလွှာအသီးသီးမှ နည်းပေါင်းစုံတို့ဖြင့် ဘဝတစ်ပါးသို့ ထွက်ခွာသွားရသော သြဂုတ်လတွင် ဘဝပြောင်းသွားရှာရသော သူရဲကောင်းများ၊ အာဇာနည်များ၊ လူသား အကျိုးပြုခဲ့သော ပုဂ္ဂိုလ်ကြီးများ၊ အနုပညာရှင်များ၊ နိုင်ငံရေးသမားကြီးများ၊ လူသားအကျိုးပြုခဲ့သော ပုဂ္ဂိုလ်ကြီးများ၊ အနုပညာရှင်များ၊ နိုင်ငံရေးသမားကြီးများတို့၏ ဈာပနအခမ်းအနားတို့သည် စည်ကား သိုက်မြိုက်အောင်မြင်စွာဖြင့် ပြီးဆုံးခဲ့ရသော်ငြားလည်း ယခုကဲ့သို့ ဘာသာ၊ သာသနာနှင့် တိုင်းပြည်နှင့် လူမျိုးတို့အပေါ် ခေတ်အဆက်ဆက် ဖြတ်သန်းရင်း စွန့်လွှတ်မှုများစွာဖြင့် အနစ်နာခံ ပေးဆပ်ခဲ့သော (ဂျပန်ဆရာတော်)ကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားသည်ကား တိတ်ဆိတ်ငြိမ်သက် အေးချမ်းစွာ ပြီးဆုံးသွားခဲ့ရသည်ကို သံဝေဂတရား ရင်နင့်စွာခံစားရမိကာ ဆရာတော်ကြီး ဦးမေဓါနန္ဒ (ဂျပန်ဆရာတော် ကြီး)သည် ငြိမ်သက်အေးချမ်းသော အရပ်ဒေသတစ်ခု(သို့) မဂ်ဖိုရ်နိဗ္ဗာန်သို့ အရောက်လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်မိပါတော့သည်။
ကျော်သူ

တွံတေးဆရာတော်ကြီး၏ ပြတ်သားသော အလှူတော်ကြီး

၂ဝ၁၂ ခုနှစ်တွင် တွံတေးဆရာတော် အရှင်ဣန္ဒ (ဓမ္မကထိက ဗဟုဇနဟိတဓရ)၏ (၅ဝ) နှစ်ပြည့် မွေးနေ့အလှူအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေကျပ် (၁ဝ) သိန်းတိတိအား လာရောက် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ နံနက်ပိုင်း (၉းဝဝ) နာရီအချိန်ခန့်တွင် ဥက္ကဌ ဦးကျော်သူ ထံသို့ တွံတေးဆရာတော်ကြီးမှ “ဒကာကြီးကျော်သူ အသင်းတွင်ရှိသလား … ရှိလျှင် ဘုန်းဘုန်း ဒကာကြီး ထံလာချင်လို့” ဟူ၍ မိန့်ကြားခဲ့ပြီးသည့်နောက် ယင်းနေ့ နေ့လည် (၂း၃ဝ) နာရီအချိန်တွင် သီရိမင်္ဂလာ မဟာစည်ရိပ်သာကြီး၏ ဦးစီးပဓာနနာယက တွံတေးဆရာတော် အရှင်ဣန္ဒ (ဓမ္မကထိက ဗဟုဇနဟိတ ဓရ)၏ (၅၁) နှစ်ပြည့် မွေးနေ့မင်္ဂလာအတွက်ရည်စူးပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ (သာ/၁၂၂၄) MITSUBTSHI PAJERO (MODEL – 94) ကားတစ်စီး လာရောက်၍ လှူဒါန်းသွားခဲ့ပါသည်။ နာရေး ကူညီမှုအသင်း(ရန်ကုန်) လိုအပ်သည့်နေရာတို့တွင် အသုံးပြုနိုင်ရန် ဆရာတော်၏ကားအား လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူကိုယ်တိုင် လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ (သာ/၁၂၂၄) MITSUBTSHI PAJERO (MODEL – 94) မော်တော်ယာဉ်ာအး ၂ဝဝ၈ ခုနှစ်၊ မေလပိုင်း (နာဂစ်ဖြစ်ပြီးပြီးချင်းနောက် (၂) ရက်) တွင် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဆရာတော်မှ ပြောကြားသွားခဲ့ပါသည်။

တွံတေးဆရာတော်ကြီး၏ လှူဒါန်းမှုအစုစုတို့သည် ကြီးကျယ်ခမ်းနားလှသော လှူဒါန်းမှုအခမ်း အနားများနှင့် ကျင်းပခဲ့ခြင်းမဟုတ်။ ရိုးရှင်းပြတ်သားလှသော သာမန်လှူဒါန်းမှုမျိုး ဖြစ်ခဲ့ရသော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက်မှု အများအကျိုး ရွက်သယ်ပိုးရာတွင် အသုံးဝင်လှ၍ အဖိုးမဖြတ် နိုင်သော လှူဘွယ်ပစ္စည်းတစ်ခု ဖြစ်ခဲ့ရတော့သည်။

တွံတေးဆရာတော်ကြီးသည် သာသနာပြုလုပ်ငန်းများတွင် အသုံးပြုစီးနင်းနေသော မော်တော် ယာဉ်ကြီးအား လှူဒါန်းပြီးသည်နှင့် သူ၏ သာသနာပြု သီတင်းသုံးနေထိုင်သော (သီရိမင်္ဂလာ မဟာစည် ရိပ်သာကြီး)ကျောင်းတော်သို့ အငှားယာဉ် (Taxi) စီးနင်း၍ ပြန်မည်ဟုပြတ်သားလှသော အလှူဒါန ကုသိုလ်လုပ်ရပ်တို့ ကြားသိရသောအခါ ကျွန်တော်တို့သည် အလွန်အံ့သြမိကာ ဆရာတော်ကြီး လှူဒါန်းခဲ့ သော မော်တော်ယာဉ်ဖြင့် ဆရာတော်ကြီးအား ကျောင်းတိုက်သို့ ပြန်လည်၍ ပင့်ဆောင်ကာ ပို့ဆောင် ပေးခဲ့သည်။

“ကိုယ်ပြုသောကံ ပဲ့တင်သံ၊ ကိုယ့်ထံ ပြန်လာမည်” ဟူသော ယောဆရာတော်ကြီး၏ ဆုံးမသြဝါဒ စကားအရ တရားစာအုပ်၊ စာပေကုသိုလ်၊ ကျန်းမာရေး အခမဲ့ ကုသမှုကုသိုလ်၊ နာရေးကူညီမှုကုသိုလ်၊ ပညာရေးကုသိုလ် စသည့် ကောင်းမှုအလှူဒါန အသီးသီးတို့၏ အကြောင်းကြောင့် မိမိတို့ထံ ကုသိုလ်ကံ အကျိုးတရားများ အချိန်ကာလတစ်ခုခုတွင် ပြန်လည်ခံစားရမည်ဟု ယုံကြည်မိခဲ့သလို တွံတေးဆရာတော် အရှင်ဣန္ဒ၏ ရိုးရှင်းပြတ်သားလှသော မော်တော်ယာဉ်လှူဒါန်းမှုကုသိုလ်သည်ကား အချိန်ကာလတစ်ခု တွင် မဂ်ဖိုလ်နိဗ္ဗာန်သို့ တက်လှမ်းမည့် မဂ်ဖိုလ်ယာဉ်ကြီးကို တွံတေးဆရာတော်ကြီး ပြန်လည် ရရှိခံစား ရလိမ့်မည်ဟု ယုံကြည်မိကာ ယခုကဲ့သို့ ပြတ်သားလှသော ကောင်းမှုအလှူတော်ကြီးအား သမာဒေဝ နတ်ကောင်း နတ်မြတ်များနှင့်တကွ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ၊ အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများမှ သာဓု … သာဓု … သာဓု ဟူ၍ နက်ရှိုင်းစွာခေါ်ဆို လိုက်ရပါ တော့သည်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.