08/29/13

အစိုးရ၏ ၀န်ကြီးဌာနငါးခုက ပြည်သူ့ဘဏ္ဍာငွေသို့ ပြန်လည်ပေးဆပ်ရန် ကျပ်ငွေသန်းပေါင်း သုံးသောင်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် ရှိနေ....

ဝန်ကြီးဌာနများသည် လုပ်ထုံးလုပ်နည်း လိုက်နာဆောင်ရွက်ရန် အားနည်းပြီး၊ ဘဏ္ဍာစည်းမျဉ်းတို့နှင့် မညီဘဲဆောင်ရွက်နေမှုတို့ကြောင့် “ပြည်သူ့ဘဏ္ဍာငွေ နစ်နာနေရ...”

ကြွေးကျန်သည့် ၀န်ကြီးဌာနငါးခု...

(၁)..သတ္တုတွင်းဝန်ကြီးဌာန..>> ငွေသားအနေဖြင့် ကျပ်သန်း ၂၈၀ ကျော်နှင့် ပြည်သူ့ဘဏ္ဍာအတွက် ရွှေစင်ပြန်သွင်းရမည့်အစား ငွေသားဖြင့် ပြန်ပေးရမည့် ငွေကျပ် သန်းပေါင်း ၃၂၀၀၀ ကျော်...

(၂)..ဟိုတယ် / ခရီး ၀န်ကြီးဌာန..>> အမေရိကန်ဒေါ်လာ၂၂.၈၉သန်း

(၃)..စက်မှုဝန်ကြီးဌာန...>>ကျပ် ၄၂ သန်းကျော်၊

(၄)..ပညာရေးဝန်ကြီးဌာန..>>ကျပ်၂ သန်းကျော်

(၅)..ကျန်းမာရေးဝန်ကြီးဌာန..>> ကျပ် ၂၅ သန်း ကျော်

Mizzima - News in Burmese.
ုKo nay myo

ကျွန်တော်ကဲ့သို့  ရန်ကုန်မြို့ မှနေ၍ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေရသူများစွာ ရှိပါလိမ့်မည်။ ဆရာတာရာ၏ ရုပ်ကလာပ်ကို အောင်ပန်းမြို့ နေအိမ်မှ
နှစ်မိုင်ကျော်ဝေးကွာသော မင်းဂူသုဿာန်သို့  မိုးဖွဲဖွဲလေးအောက်မှာခြေလျင်ပို့ ဆောင်နိုင်ခွင့်ရသူတစ်ဦး ကျွန်တော်မဖြစ်ခဲ့ပါ။

“မဖတ်မဖြစ် ဖတ်ရမယ့် စာအုပ်သုံးအုပ်ရှိတယ်။ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ၊ မြသန်းသင့်ဘာသာပြန်တဲ့ အနုပဋိလောမရုပ်ဝါဒ၊ ဖူးချစ်ရဲ့  ကြိုးစင်ပေါ်ကမှတ်တမ်း”..

၁၉၇၄ တွင် စီးပွားရေးတက္ကသိုလ်မှာ မိတ်ဆွေလည်းဖြစ်၊ နောင်တော်သဖွယ်လည်းဖြစ်သော။ နိုင်ငံရေးဖြင့် အထဲရောက်ပြီးမှ စီးပွားရေးတက္ကသိုလ်သို့ ပြန်ဝင်လာသော
ပဲခူးသားကိုကျော်မြင့်က ပြောသည်။ ကျွန်တော်သည် ရန်ကုန်မြို့ ထဲမှာဒဂုန်တာရာ၏ ရုပ်ပုံလွှာကို အပြင်းအထန် လိုက်ရှာသည်။ ပန်းဆိုးတန်း
စာအုပ်အဟောင်းဆိုင်များ၊ မြေနီကုန်းညဈေး ဘယ်မှာမှ ရှာမရခဲ့ပါ။

ရုပ်ပုံလွှာနှင့် ဖူးချစ်၏ ကြိုးစင်ပေါ်ကမှတ်တမ်းကို လိုက်ရှာသည့် တမြို့ တည်းသမားကျောင်းနေဘက် သူငယ်ချင်းရင်းချာတစ်ယောက်က သူ့ အိမ်မှာ ဖူးချစ်၏
ကြိုးစင်ပေါ်ကမှတ်တမ်း စာအုပ်ရှိသည်။ မငှားနိုင်။ အိမ်မှာ လာထိုင်ဖတ်လျှင်ရသည်ပြောသည်။ ကျွန်တော်သည် သူ့ အိမ်က အခန်းလေးတစ်ခန်းထဲတွင် ဖူးချစ်၏
ကြိုးစင်ပေါ်ကမှတ်တမ်းကို ည ၇ နာရီမှ ည ၁၀ နာရီအထိ တစ်ယောက်တည်းထိုင်ဖတ်၏။ ကျွန်တော့်ကိုယ်ထဲမှသွေးများသည် ပွက်ပွက်ထလျက် လည်ပတ်စီးဆင်း
နေ၏။ ဘ၀မှာ ဘာနှင့်မျှမတူသော ခံစားမှုအဟုန်ဖြင့် ဖူးချစ်၏ ကြိုးစင်ပေါ်ကမှတ်တမ်းကို ဖတ်မိသည်။ ကျွန်တော်သည် ဘာကိုမှမကြောက်တော့။

ဒဂုန်တာရာ၏ ရုပ်ပုံလွှာစာအုပ်ကို ဆရာတော်ဦးပညာ၏ တောင်လေးလုံးကျောင်းတိုက်ထဲမှာ တထိုင်တည်း ဖတ်ခဲ့ပါသည်။ ရုပ်ပုံလွှာ၏ တန်ဘိုးကို
နားလည်သဖြင့် ကျွန်တော်သည် ဆရာတော်ထံမှ မငှားရမ်းခဲ့ပါ။ကျောင်းတိုက်ထဲမှာပင် ထိုင်ဖတ်ပါသည်။ ဒဂုန်တာရာ၏ ရုပ်ပုံလွှာသည်ကျွန်တော့်အသည်းစွဲ စာအုပ်ဖြစ်ပါသည်။ ပုဂံစာအုပ်တိုက်၊ ပေါ်ဦးသက်၏အနီရောင် အပြာရောင်မျက်နှာဖုံးနှင့် ဒဂုန်တာရာ၏ ရုပ်ပုံလွှာစာအုပ်လေးကိုအဟောင်းဆိုင်မှ ဈေးကြီးကြီးပေး၍ ၀ယ်ယူခွင့်ရလာပါသည်။

ကျွန်တော်သည် ကားလ်မာ့က်စ်နှင့် လီနင်တို့ ၏ကျမ်းများကို မဖတ်ဖူးပါ။သခင်သန်းထွန်းကို ကျွန်တော့်စိတ်ထဲက အလွန်လေးနက်ခဲ့ပါသည်။ ဤသည်မှာ
ဆရာဒဂုန်တာရာ၏ ရုပ်ပုံလွှာစာအုပ်ကို စွဲစွဲလမ်းလမ်း ဖတ်ရှုခဲ့၍ ဖြစ်မည်ထင်သည်။

“ကွန်မြူနစ်ဆိုသူကား တစ်ခုကို ယုံကြည်ကိုးကွယ်သူဖြစ်သည်။ ကွန်မြူနစ်ဝါဒကိုယုံကြည်ကိုးကွယ်နိုင်ရန် လူ့ အထုပ္ပတ္တိရာဇ၀င်၊ လူ့ အတွေးအခေါ်အဘိဓမ္မာ၊
လူ့ နေမှုထိုင်မှု နိုင်ငံရေးဘောဂဗေဒ စသည်တို့ ကို ကမ္ဘာဦး ရာဇ၀င်ပေါ်စမှယနေ့ အဏုမြူခေတ်အထိ အဖြစ်အပျက်များကို သိရှိနားလည်ရပေမည်...”

ဤသည်တို့ မှာ ဒဂုန်တာရာ၏ သခင်သန်းထွန်း (သို့ မဟုတ်) အနီကို လေ့လာကြည့်ရှုချက် ရုပ်ပုံလွှာအဖွဲ့ အနွဲ့  အပိုင်းအစများ ဖြစ်ပါသည်။

ဦးနေ၀င်းအစိုးရလက်ထက်၊ ထို့ နောက် စစ်အစိုးရလက်ထက်များတွင်သခင်သန်းထွန်းကို အပြစ်ဖို့ လိုသော အစိုးရပေါ်လစီ စာအုပ်အချို့ ကို
ဖတ်ရှုကြည့်သော်လည်း ကျွန်တော်သည် သခင်သန်းထွန်းကို အပြစ်မမြင်ဘဲချစ်ခင်ကြည်ညိုနေမိသည်။ ဒဂုန်တာရာ၏ ရုပ်ပုံလွှာစာအုပ်ကိုသာ အစစ်အမှန်ဟု
ကျွန်တော်လက်ခံထားလိုက်ပြီ။

ဒဂုန်တာရာ၏ ရုပ်ပုံလွှာတွင် သခင်ကိုယ်တော်မှိုင်း (သို့ မဟုတ်) ငြိမ်းချမ်းရေးဗိသုကာ၊ အောင်ဆန်း (သို့ မဟုတ်) အရိုင်း၊ ကိုဗဟိန်း (သို့ မဟုတ်) ကဗျာ
အဖွဲ့ အနွဲ့ များကို ဖတ်ရှုလျက်၊ ဗန်းမော်တင်အောင် (သို့ မဟုတ်) နရသိမ်ထောင်မှအကျဉ်းသား အဖွဲ့ အနွဲ့ ကို ဖတ်ရှုလျက် ထိုပုဂ္ဂိုလ်များကို ကျွန်တော်ပိုမို
အလေးအနက်ထားကာ ကြည်ညိုအားကောင်းခဲ့ပါသည်။ ဆရာဒဂုန်တာရာ၏ကြီးစွာသော ကျေးဇူးတရားကြောင့် ကျွန်တော်သည် လေးနက်သင့်သူကို
ပိုမိုလေးနက်မိသည်။

ထောင်မှထွက်လာ
နှစ်ကြာတမ်းတ၊ ချိုမြအနမ်း
တင်မွှမ်းဂီတ၊ ဖြူလွဆေးဘူး
ယစ်မူးကဗျာ၊ ခံစားရာတို့ 
ငါ့မှာ ရင်ခုန်နွမ်းလျလျ..

ကျွန်တော့်ရင်ထဲသို့  စိမ်းလန်းသော သစ်ပင်များစွာ စိုက်ပျိုးခဲ့သောဒဂုန်တာရာ ကွယ်လွန်ခြင်းမှာ ကျွန်တော်သည် မလွမ်းဘဲ မဆွေးဘဲ မနေနိုင်။
ရင်ထဲသို့  ထိသွားပြီ။ သြဂုတ်လ ၁၉ မှာ ရင်ထဲသို့  တကယ်ထိသွားပြီ။အခုမှ တကယ်ထိသွားပြီ။

မောင်ကိုကို (အမရပူရ)

(လူထုပုံရိပ်ဂျာနယ် အတွဲ ၁၊ အမှတ် ၄၈ တွင် ပါရှိသော မောင်ကိုကို(အမရပူရ) ၏ “ထိသွားပြီ” ဆောင်းပါးမှ ထုတ်နုတ် ကူးယူပါသည်)

aung myo tun

ရွှေဝါရောင်ကိစ္စ ဖော်ပြချက်နဲ့ ပက်သက်လို့  မှားတယ်မှန်တယ်
ကျွန်တော်မပြောလိုဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်တာဝန်ထမ်းဆောင်နေတဲ့
အချိန်ဖြစ်နေတယ်..

ဒု ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ

(ယခု ရန်ကုန်တိုင်းဝန်ကြီးချုပ်)

aung myo tun facebookမှ

Photo..Irawaddy
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့က အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)တို့၏ သဘောတူညီချက်ခုနှစ်တွင် တစ်ချက်အပါအဝင်ဖြစ်သည့် ဒုက္ခသည်များအား နေရပ်ပြောင်းရွှေ့ပေးပြီး ပြန်လည် ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်ရန်မှာ သုံးလခန့်အချိန်ကြာမြင့်လာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိတိုင် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဦးရေမှာ တစ်သိန်းကျော် သွားပြီဖြစ်ပြီး ၎င်းတို့အတွက် နေရပ်ပြန်လည်ပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်ရန်မှာ အခက်အခဲရှိနေ သေးသည့်အပြင် ဒုက္ခသည်များနေရပ်ပြန်ချိန်တွင် လုံခြုံမှုဆိုင်ရာကိစ္စရပ်များအတွက်လည်း ထည့်သွင်းစဉ်းစား နေရကြောင်း အစိုးရပိုင်းတာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထိုသို့ ဒုက္ခသည်များ နေရပ်မပြန်နိုင်သေးသည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဝိုင်းမော်မြို့ သာဂရသရက်တော ကျောင်းတိုက်မှ ဒုက္ခသည်များအား ကူညီစောင့်ရှောက်နေသည့် ဦးစိုင်းအောင်က “မပြန်နိုင်သေးတာက ပြည်နယ်တွင်းမှာ သေနတ်သံတွေ မစဲသေးတာ ပထမအချက်၊ နောက်မိုင်းရှင်းဖို့လိုတယ်။ ဒါတွေမရှိရင် ချက်ချင်းပြန်နိုင်ပြီ”ပာုဆိုသည်။

အစိုးရ၏တပ်မတော်နှင့် KIO တို့၏ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒုက္ခသည်စခန်းများသို့ ထွက်ပြေးတိမ်းရှောင် ခဲ့သည့် ဒုက္ခသည်များ နေရပ်ပြန်ချိန်တွင် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အပြည်ပြည် ဆိုင်ရာ ကြာက်ခြေနီကော်မတီ ICRC နှင့်ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးဆိုင်ရာ စီမံကိန်းရေးဆွဲခြင်းနှင့် ဒီဇိုင်းရေး ဆွဲခြင်း သင်တန်းများကိုလည်း နိုင်ငံတကာပညာရှင်များက ပို့ချလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်များမှ ဒုက္ခသည်များကို ၎င်းတို့၏ဆန္ဒမပါဘဲ နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ရန် ကရင်ပြည်နယ်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်နေမှုများအပေါ် ကရင် လူ့အခွင့်အရေးအဖွဲ့က KRC က ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိအချိန်ထိတိုင် ဒုက္ခသည်များ၏ နေရပ်မူရင်းတို့တွင် နှစ်ဖက်တပ်ဖွဲ့များမှထောင်ထားသည့် မြေမြှုပ်မိုင်းအန္တရာယ်ကိုလည်း ရှင်းလင်းနိုင်ခြင်း မရှိသေးသည့် အပြင် KNU ဒေသတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော်လည်း အချိန်မရွေးတိုက်ပွဲများ ထပ်မံ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေရှိနေသည့်အတွက် ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခု၌ ဒုက္ခသည်ပေါင်းတစ်သိန်းလေးသောင်းခန့်ရှိပြီး အဆိုပါ ဒုက္ခသည်များအနက် တတိယနိုင်ငံများတွင် အခြေချနေထိုင်လိုသူများ၊ ထိုင်းနိုင်ငံတွင် အခြေချနေထိုင်လိုသူများ နှင့် နေရပ်ရင်းသို့ပြန်လာလိုသူပာူ၍ သုံးမျိုးသုံးစားကွဲပြားလျက်ရှိကြောင်း သိရသည်။

Yangon chronicle

လက်ရှိအချိန်တွင် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများသာမက နိုင်ငံ့အရေးကို စိတ်ဝင်စားသူများ အားလုံး၏ဆုံချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သို့ ရောက်ရှိနေလေပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီးအလေးထား ပြောကြားနေကြသည့်အထဲတွင် ဒေါ် အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ်နိုင်စေရန် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ရေးလည်း အဓိက ပါဝင်နေပါသည်။ ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်းကလည်း အလေးထား ဆောင် ရွက်ပေးမည်၊ အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည် ဟု မကြာသေးခင်ကပင် သတင်းထောက် များနှင့် တွေ့ဆုံရာ၌ ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါသည်။ ပုဒ်မ ၅၉ (စ)၏ သက်ရောက်မှု လက်ရှိ မဏ္ဍိုင်ကြီးများ၏ လိုက်နာကျင့်သုံးမှုနှင့် နှိုင်းယှဉ် ဆန်းစစ်ကြည့်လျှင် အခြေခံဥပဒေ ပြင်ဆင်ရန်ပင် မလိုအပ်တော့သည့် အနေအထားများ တွေ့ရှိရပါသည်။ လွှတ်တော်ကိုယ်စားလှယ်အများစု သဘောတူ လျှင် ယင်းပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ရန် မလိုအပ်သည့်အကြောင်းကို တွေ့မြင်သည့်အတိုင်း ရှင်းလင်း လိုပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တင်သွင်းခဲ့သော `လွှတ်တော်ကိုယ်စားလှယ်များအား တာဝန် မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ´ ကြမ်းကို ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်း အဝေး - ရက်မြောက်နေ့ဖြစ်သော ၂၀၁၃ ရက် သြဂုတ်လ ၂၄ ရက်တွင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး ပြီး ထိုဥပဒေကြမ်းအား ဆိုင်းငံ့ထားရန် ပြည်သူ့လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။

ဇာတ်လမ်း၏ အစမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှ စပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈ (ခ) တွင် ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာမဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားချက်များနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု ဖော်ပြထား သည်။ ပုဒ်မ ၃၉၆ တွင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အောက်ပါအကြောင်း တစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့် ရှိကြောင်း ဖော်ပြထားသည်-

(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊

(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ခြင်း၊

(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊

(၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ် အရည်အချင်းပျက်ယွင်းခြင်း၊

(၅) ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း၊

အခြေခံဥပဒေ ပုဒ်မ ၃၉၇ တွင် ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ လည်းကောင်း လိုအပ်သောဥပဒေများကို ပြဌာန်းရမည် ဟု ဖော်ပြထားပါသည်။

သို့ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်များအား တာဝန်မှ ပြန်လည်ရုပ်သိမ်းသည့်ဥပဒေကို အတည်ပြု ပြဌာန်းနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေမူကြမ်းရေးဆွဲပြီး ထိုဥပဒေ ကြမ်းကို ပြည်သူများ လေ့လာသိရှိရန်နှင့် အကြံပြုနိုင်ရန်အတွက် (၃၀-၈-၂၀၁၂) ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။ (၆-၁၁-၂၀၁၂) ရက်တွင် ပြုလုပ်သော ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး န၀မမြောက်နေ့၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည်။ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိချက်များကို ကော်မတီက ပြည်သူ့ လွှတ်တော် ကို အစီရင်ခံတင်ပြခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အင်တာနက်ဝဘ်ဆိုက်တွင် တွေ့ရှိရပါသည်။

သို့ရာတွင် ထိုဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးခဲ့ခြင်းမရှိပဲ ဆိုင်းငံ့ထားခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ၏ သတင်းစာရှင်းလင်းပွဲများတွင် သတင်းထောက်များက ထိုဥပဒေကို ဆက် လက်ဆွေးနွေးခြင်း မရှိသည့်ကိစ္စကို မေးမြန်းသည့်အခါ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ထိုဥပဒေသည် ခေတ်ကာလအခြေအနေနှင့် မကိုက်ညီ၍ ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည် ကို တွေ့ရပါသည်။ ထိုသို့ သတင်းထောက်များက လွှတ်တော်ဥက္ကဌကို ထိုဥပဒေကြမ်းကိစ္စ မေးမြန်းခဲ့ပြီး မကြာမီအတွင်း ပြည်သူ့လွှတ်တော်က ထိုဥပဒေကြမ်းအား ဆိုင်းငံ့ထားရန် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

၂၃-၈-၂၀၁၃ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ စိုးမိုးအောင်က ထိုဥပဒေကြမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် အခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ)ပါ " သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုံးတို့က တာဝန်မှပြန်လည်ရုတ်သိမ်းလို သော လွှတ်တော်ကိုယ်စားလှယ်နှင့်ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်" ဆိုသောအချက်အရ လက်မှတ်ထိုးတိုင်တန်း ရမည့်အရေအတွက်သည် နည်းပါးလွန်းကြာင်း၊ တစ်ပါတီစနစ်ကျင့်သုံးခဲ့သည့် မဆလခေတ် အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို ဆက်လက်သုံးစွဲထားခြင်းဖြစ်ပြီး တစ်ပါတီစနစ်တွင် မဲဆန္ဒရှင် တစ်ရာခိုင်နှုန်း၏ ထောက်ခံမဲရရန် ခက်ကောင်းခက်နိုင်သော်လည်း ယခု ပါတီစုံစနစ်ကျင့်သုံးသည့်ခေတ်တွင် တစ်ရာခိုင်နှုန်း၏ လက်မှတ်စုဆောင်းရန် မခက်ခဲကြောင်း၊ ထို့ကြောင့် အလွယ်တကူလက်မှတ်စုပြီး တိုင်ကြားခြင်းများ များလာနိုင်ကြောင်း ၊ တခြားဒီမိုကရေစီနိုင်ငံအချို့တွင်လည်း ထိုသို့ကိုယ်စားလှယ် အားတာဝန်က ပြန်လည်ရုတ်သိမ်းသည့်ဥပဒေများ ပြဌာန်းထားခြင်းရှိသော်လည်း တိုင်တန်းသူ အရေ အတွက် သတ်မှတ်ချက် ထိုမျှ မနည်းကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ လည်း ဆန်းစစ်လေ့လာခြင်းလုပ်ငန်းများ လုပ်နေပြီဖြစ်ကြောင်း၊ ထိုကာလအတွင်း ဥပဒေကြမ်းနှင့်ပတ် သက်ပြီး ဆိုင်းငံ့ထားသင့်ကြောင်း ဆွေးနွေးသွားပါသည်။

ဥပဒေကြမ်းအား ဆိုင်းငံ့ထားရန်ကိစ္စကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ကန့် ကွက် ဆွေးနွေးသွားခဲ့ပါသည်။ တပ်မတော်သားကိုယ်စားလှယ်များက ယနေ့လွှတ်တော်များသည် ပြည်သူ လူထု၏ ယုံကြည်ကိုးစားမှုကို တနေ့တခြားပိုမို ရရှိလာနေကြောင့်၊ ထို့ကြောင့် ကိုယ်စားလှယ် များ၏ ဂုဏ်သိက္ခာအတွက် ဆက်လက်ဆွေးနွေးဆောင်ရွက်သင့်ကြောင်း၊ တပ်မတော်သားများအား ဥပဒေ၊ စည်းကမ်းများနှင့် ကန့်သတ်ထိန်းချုပ်ထားသလို လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ထိန်းချုပ်သည့် ဥပဒေရှိသင့်ကြောင်း ၊ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများ နှင့် အခြားသော ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များကို စွပ်စွဲပြစ်တင်လုပ်နိုင်ကြောင်း အခြေခံဥပဒေမှာ ပြဌာန်းသတ် မှတ်ထားကြောင်း ၊ လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူလူထုက တာဝန်မှ ပြန်လည်ရုတ်သိမ်းခွင့် သည် အခြေခံဥပဒေပုဒ်မ ၄ တွင် ပြဌာန်းထားသည့် " နိုင်ငံတော် အချုပ်အခြာအာဏာသည် နိုင်ငံသားများ ထံမှဆင်းသက်ပြီး နိုင်ငံတော်တဝှမ်းလုံး၌ တည်သည်" ဆိုသည်ကို ပြသည့်အချက်ဖြစ်ကြောင်း၊ အခြေခံဥပဒေက ပေးထားသည့် ပြည်သူများ၏ အခွင့်အရေးကို ပိတ်ပင်ခြင်း မပြုသင့်ကြောင်း၊ အခြေခံဥပဒေက ပေးထားသည့် အခွင့်အရေးကို ပိတ်ပင်ခြင်းသည် အခြေခံဥပဒေကို ကျော်လွန်ရာ ရောက်ကြောင်း ။ အာဏာသုံးရပ်အကြားတွင်လည်း အပြန်အလှန် Check and Balance လုပ်နိုင် ရေးအတွက် ထိုဥပဒေပြဌာန်းရေး ဆက်လက်ဆောင်ရွက်သွားရန် လွှတ်တော်အား တိုက်တွန်းကြောင်း ဆွေးနွေးသွားကြပါသည်။

မင်းလှမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးက လွှတ်တော်ကိုယ်စားလှယ်များသည် စည်း ကမ်းမရှိရုံနှင့် လွှတ်တော်ကိုယ်စားလှယ် မဖြစ်ထိုက်ဟု မဆိုနိုင်ကြောင်း၊ လွှတ်တော်များအနေဖြင့် တင်လာသည့် ဥပဒေတိုင်းကို ဆွေးနွေးအတည်ပြုပေးမည်မဟုတ်ကြောင်း၊ လွှတ်တော်ဥက္ကဌသည် အလွန်ပါဝါရှိကြောင်း၊ လွှတ်တော်ဥက္ကဌတစ်ယောက်က ထိုဥပဒေကို ဆွေးနွေးရန်မသင့်ဟုဆိုလျှင် မဲခွဲရန်ပင် မလိုကြောင်း၊ တစ်ရာခိုင်နှုန်းက တိုင်ကြားခွင့်ရှိသည်မှာ မဖြစ်သင့်ကြောင်း ဆွေးနွေးသွားပါ သည်။

ကျောက်ဖြူမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဘရှိန်က လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို တာဝန် မှ ပြန်လည်ရုပ်သိမ်းရန် ဆောင်ရွက်လျှင် ငွေကုန်ကြေးကျများသည်ကို စဉ်းစားစရာရှိကြောင်း၊ စွပ်စွဲခံရ သည့်ကိုယ်စားလှယ်ကိုလည်း ကာကွယ်ပေးရန်လိုကြောင်း ဆွေးနွေးသွားပါသည်။

တပ်မတော်သားကိုယ်စားလှယ် လေးဦးနှင့် အရပ်သားကိုယ်စားလှယ် နှစ် ဦး၏ ဆွေးနွေးမှုပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဌက စက်ခလုပ် မသုံးဘဲ `ဥပဒေကြမ်းကော်မတီရဲ့ သဘောထားကို သဘောတူပါသလား၊ သဘောမတူသူ ရှိပါသလား´ မေးမြန်းခဲ့ရာ ကန့်ကွက်မည့်သူမရှိသည့်အတွက် ဥပဒေကြမ်း ကော်မတီ၏ တင်ပြချက်အတိုင်း ဥပဒေကြမ်းအား ဆိုင်းငံ့ထားရန် လွှတ်တော်က အတည်ပြုခဲ့ပါသည်။

ထူးခြားသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က (၆-၁၁-၂၀၁၂) တွင် ထိုဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ရာတွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးတီခွန်မြတ်က ကော်မတီ၏ စိစစ်တွေ့ရှိချက်ကိုတင်ပြရာတွင် ဥပဒေကြမ်းအား မည့်သည့်နေရာများတွင် မည်သို့မည်ပုံ ဖြည့်စွက်ပြင်ဆင်သင့်သည်ဟုသာ တင်ပြခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်နှင့် မကိုက်ညီကြောင်း၊ တစ်ရာခိုင် နှုန်းဟု အခြေခံဥပဒေတွင် သတ်မှတ်ထားခြင်းသည် ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း ပါဝင်ခြင်းမရှိခဲ့ ပဲ နောက်ထပ် ၁၀ လခန့်အကြာ (၂၃-၈-၂၀၁၃) ရက်တွင် ဥပဒေကြမ်းကော်မတီက ထပ်မံရှင်းလင်း တင်ပြသည့်အခါမှာ ထိုအချက်များ ပါဝင်လာခြင်း ဖြစ်ပါသည်။ ဦးတီခွန်မြတ်၏ ဖြည့်စွက်ချက်တွင် လက်မှတ်ရေးထိုး တိုင်ကြားပြီး Recall လုပ်ပါက စစ်ဆေးသည့်အခါ မမှန်ကန်လျှင် တိုင်ကြားသူများကို အရေးယူနိုင်မည့် အချက်ကို ထည့်သွင်းခဲ့ပါသည်။ ထိုသို့ ပြုလုပ်မှသာ မမှန်မကန် တိုင်ကြားမှုများ လျော့နည်းစေမည် ဟု ၄င်းက ဆိုပါသည်။ သို့ဖြစ်၍ ဥပဒေကြမ်းကော်မတီ၏ သုံးသပ်ချက် ၁၀ လအတွင်း ပြောင်းလဲသွားရသည်မှာ မည်သည့်ပယောဂများ ပါရှိသနည်းဟု စဉ်းစား တွေးတောဖွယ်ရာ ရှိပါသည်။

မည့်သို့ပင်ဆိုစေကာမူ လွှတ်တော်ကိုယ်စားလှယ်များအား တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြည်သူ့လွှတ်တော်က ဆိုင်းငံ့ထားလိုက်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၍ မပြီး မချင်း ၊ အနည်းဆုံး ယခုလွှတ်တော်သက်တမ်းကုန်ဆုံးမည့် ၂၀၁၅ နှစ်ကုန်အထိတော့ တာဝန်မကျေ သော လွှတ်တော်ကိုယ်စားလှယ်များ ရှိပါကလည်း ကိုယ်စားလှယ်အဖြစ်မှ ဖြုတ်ချနိုင်တော့မည် မဟုတ်ပါ။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်း ပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်းပျက်ယွင်းခြင်း၊ ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းများ ရှိလာခဲ့သည့်တိုင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်း ခံ ရမည်ကို စိုးရိမ်စရာမလိုဘဲ ဥပဒေပြုရေးနှင့် ထိန်းကျောင်းရေးတာဝန်များကို စိတ်ချ၊လက်ချ ထမ်း ဆောင်နိုင်ကြတော့မည် ဖြစ်ပါသည်။

ယခုကာလတွင် လွှတ်တော်ပေါ်ပေါက်လာပြီ ဖြစ်၍ အပြန်အလှန်ထိန်းကျောင်းရေးစနစ် အသက်ဝင် လာသည် ဟု ဆိုကြပါသည်။ ပြီးခဲ့သည့် (၂)နှစ်ခွဲကာလအတွင်း ဥပဒေပြုလွှတ်တော်အမတ်များအနေ ဖြင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီး(၂)ရပ်ကို ထိန်းကျောင်းသည့် လုပ်ငန်းများကို အားသွန် ခွန်စိုက် ဆောင်ရွက်ခဲ့ကြသည်မှာ အားရဖွယ်ရာ ကောင်းလှပါသည်။ သို့သော် ထိန်းကျောင်းရေး တာဝန်ကို အလေးပေးလွန်းလျှင် မူလတာဝန်၊ အခြေခံဥပဒေတွင် အသေးစိတ်ဖော်ပြထားသော တာဝန် များဖြစ်သည့် ဥပဒေပြုရေးလုပ်ငန်းများ၌ အားနည်းသွားခြင်း ရှိ-မရှိကိုလည်း ပြီးခဲ့သည့်(၂)နှစ်ခွဲအတွင်း လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းသော ဥပဒေကြမ်းများ မည်မျှ ရှိသည်၊ ယင်းတို့အနက်မှ ဥပဒေအဖြစ် မည်မျှ ဖြစ်လာသည် ဟူသော ကိန်းဂဏန်းများက ပြဆိုလျက် ရှိနေပါသည်။

ဥပဒေပြုအမတ်များ လက်ကိုင်ထားရမည့် ပေးထားချက် မူဘောင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ် ပါသည်။ ယခု ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကို ပြန်ကြည့်လျှင်-

(၁) အခြေခံဥပဒေ ပုဒ်မ ၁၂၅၊ ဇယား ၄ တွင် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး” ဟု ပြဌာန်းထားပါသည်။

(၂) အခြေခံဥပဒေ ပုဒ်မ ၃၂၄ တွင် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက် သည် အပြီးအပြတ်အတည် ဖြစ်သည်။” ဟု ပြဌာန်းထားပါသည်။ ယင်းပြဌာန်းချက်ကို လွှတ်တော်က ပယ်ချခဲ့ပြီး ခုံရုံးကို စွပ်စွဲပြစ်တင်မှု ပြုလုပ်ခဲ့ပါသည်။ (ပြဌာန်းချက်ကို မလိုက်နာ လျှင်လည်း ရနိုင်သည့် သဘော တွေ့ရှိရခြင်း)

(၃) အခြေခံဥပဒေ ပုဒ်မ ၃၉၇ တွင် “ပြည်ထောင်စုလွှတ်တော်သည် ရွေးချယ်တင်မြှောက်ခြင်းဆိုင် ရာကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဌာန်းရမည်။” ဟု ပြဌာန်းထားပါသည်။ ယင်းပြဌာန်းချက်မှ ရွေးချယ်တင်မြှေက်ခြင်းအတွက် လိုအပ်သော ဥပဒေကို နယကအစိုးရ လက်ထက်က ပြဌာန်းခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့်လည်း လွှတ်တော်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ ကျန်ရှိနေသည့် တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းကို ပြည်ထောင်စုလွှတ် တော်က ပြဌာန်းရမည် ဖြစ်ပါသည်။ “ပြဌာန်းနိုင်သည်” မဟုတ်ဘဲ “ပြဌာန်းရမည်” ဟု ဖော်ပြ ထားခြင်းကို ကြည့်လျှင် လုပ်ကိုလုပ်ဆောင်ရမည့် အခြေခံဥပဒေက အပ်နှင်းထားသော တာဝန် ဖြစ်ကြောင်း ထင်ရှားနေပါသည်။ (သို့သော် ဥပဒေကြမ်းကော်မတီ၏ သုံးသပ်ချက်ဖြင့် အဆိုပါ ပြဌာန်းချက်ကို လိုက်နာခြင်း မရှိဘဲ ဆိုင်းငံ့ထားနိုင်ကြောင်း တွေ့ရှိရပါသည်။)

(၄) ပြည်ထောင်စုလွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးဖြစ်သော စွပ်စွဲ ပြစ်တင်ခြင်းကို ခုံရုံးနှင့်အငြင်းပွားမှုတွင် အသုံးပြုခဲ့ပြီး ဖြစ်ပါသည်။ အခြေခံဥပဒေတွင် အပြန် အလှန်ထိန်းကျောင်းရေးယန္တရားပီပြင်စေရန် ပေးအပ်ထားပြီး ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စား လှယ်များအား ဖြုတ်ချရန်အတွက် ပြည်သူများသို့ အပ်နှင်းထားခြင်း ဖြစ်ပါသည်။ အဆိုပါ အခွင့်အရေးကို ပိတ်ပင်ခြင်းသည် အခြေခံဥပဒေအရ မည်သို့သော သဘော သက်ရောက်စေ သည်ကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိနားလည်ကြမည် ဟု ယုံကြည်ပါသည်။ ယင်းအခွင့် အရေးပိတ်ပင်ခြင်းခံထားရသော ပြည်သူများအနေဖြင့် မည်သို့ ဆက်လက်လုပ်ဆောင်ရမည် နည်း။ ဖြစ်နိုင်ဖွယ်ရာရှိသော နည်းလမ်းမှာ လူထု လမ်းပေါ်ထွက်ခြင်း ဖြစ်ပြီး ဤနည်းလမ်းကို မလွှဲမရှောင်သာ ရွေးချယ်စေရန် တွန်းပို့ရာ ရောက်ရှိစေနိုင်ပါသည်။ (အခြေခံဥပဒေတွင် ပါရှိသော ဖြုတ်ချရန် နည်းလမ်းကို ပိတ်ပင်ထားပါက အခြေခံဥပဒေပါအတိုင်းမဟုတ်သော ဖြုတ်ချရန်နည်းလမ်းများ ပေါ်ထွက်လာမည်။)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဌာန်းချက်များကို လိုက်နာကြရာတွင် လွှတ်တော်ကိုယ်စားလှယ်များသည် ခြွင်းချက် ဖြစ်နေနိုင်ပါသလော။ ဥပဒေပြုရေးမဏ္ဍိုင်ကလွဲ၍ ကျန်မဏ္ဍိုင်များ၊ ကျန်ပြည်သူများအားလုံး သာလျှင် တိတိကျကျ လိုက်နာစေမည် ဆိုလျှင် အခြေခံဥပဒေမှာ မည်သည့်ကိန်းဆိုက်ရောက်သွားစေ ပါသနည်း။ အခြေခံဥပဒေကို လိုက်နာရန် ပျက်ကွက်ခြင်း သို့မဟုတ် ပျက်ကွက်ရာ ရောက်စေနိုင်သည် များ လုပ်ဆောင်ခြင်း၊ အခြေခံဥပဒေကို ဆန့်ကျင်ဖောက်ဖျက်ခြင်း သို့မဟုတ် ဆန့်ကျင်ဖောက် ဖျက်ရာရောက်စေနိုင်သော လုပ်ကိုင်ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းတို့သည် လက်ရှိမြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းများအတွက် ကြီးမားလှသော ခြိမ်းခြောက် မှုများ ဖြစ်လာစေနိုင်ပါသည်။

ထိုနည်းတူစွာပင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် တစ်ရပ်ကို ယခုကဲ့သို့ အခြေအနေ၊ အချိန်အခါ နှင့် မကိုက်ညီသဖြင့် (၅)နှစ်လုံးလုံး ဆိုင်းငံ့ထား၍ ရသည်ဆိုလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နိုင်ရေးတွင် ကန့်သတ်ချက်ဖြစ်နေသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်နိုင်ရန် ရေရာသေချာခြင်း မရှိဘဲ ပြင်ဆင်ရန် ကြိုးစားမည့်အစား အခြေ အနေ၊ အချိန်အခါနှင့် မကိုက်ညီသည့်အတွက် ပုဒ်မ ၅၉(စ) ကိုလည်း ၂၀၁၆ ရွေးကောက်ပွဲမှစ၍ ၅ နှစ် ခန့် ဆိုင်းငံ့ပေး၍ မရဘူးလား ဟူသော မေးခွန်းတစ်ရပ် ပေါ်ထွက်လာပါသည်။ အခြေခံဥပဒေ ပုဒ်မ ၃၂၄ နှင့် ၃၉၇ တို့ကို လိုက်နာစရာ မလိုလျှင် ပုဒ်မ ၅၉ ကိုလည်း လိုက်နာရန် လိုအပ်ပါသလော။ အခြေခံ ဥပဒေသည် ဒီပုဒ်မများကို တော့ လိုက်နာပါ၊ ဒီပုဒ်မများကတော့ အခြေအနေအချိန်အခါအရ မလိုက်နာ နဲ့ဦး ဟူ၍ ထားရှိနိုင်ပါ၏လော။ လက်ရှိဆောင်ရွက်ချက်များအရ ထားရှိနိုင်သည် ဆိုပါလျှင် ဒေါ်အောင် ဆန်းစုကြည် နိုင်ငံတော် သမ္မတ ဖြစ်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင်စရာ မလိုတော့ပါ။

အလားတူ အခြေခံဥပဒေပါ ပြဌာန်းချက်များကို လိုက်နာရမည့် နိုင်ငံသူ၊ နိုင်ငံသားများအပါအ၀င် မဏ္ဍိုင်ကြီး(၃)ရပ်စလုံး၊ တပ်မတော်နှင့် အခြားသော ကဏ္ဍပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံတို့သည် လိုက်နာ စရာ မလိုတော့သည့် အနေအထားသို့ ချက်ချင်းလက်ငင်း ရောက်ရှိသွားစေနိုင်ပါသည်။ ထိုသို့ ရောက် ရှိသွားခဲ့ပါလျှင် မည်သူမျှ မလိုက်နာတော့သည့် အခြေခံဥပဒေသည် အခြေခံဥပဒေဟုပင် ခေါ်တွင်နိုင် တော့မည် မဟုတ်ပါ။ ဤသည်ကို နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံ့ခေါင်းဆောင်များ၊ တပ်မတော် အကြီးအကဲများ၊ ဒေါ်အောင်ဆန်းဟုကြည် အပါအ၀င် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ မီဒီယာများ အပါအ၀င် အရပ်ဘက်လူ့ အဖွဲ့အစည်းများ အထူးအလေးထား စဉ်းစားရန် လိုအပ်ပြီ ဟု ယူဆမိ ပါသည်။ နိုင်ငံတကာက သြချယူရသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကသောင်းကနင်း အနေအထားသို့ ဆိုက်ရောက်သွားခြင်း မရှိစေရေးအတွက် ထိန်းနိုင်သူများက ၀ိုင်းဝန်းထိန်း သိမ်းစောင့်ရှောက်ပေးကြ ပါရန် ဤဆောင်းပါးမှ တစ်ဆင့် တိုက်တွန်း တောင်းဆိုလိုက်ရပါသည်။
နေထက်နီ
သြဂုတ်လ(၂၈)ရက်နေ့ထုတ် The Messenger သတင်းစာမှဖော်ပြသည်။


ကိုစည်သူ
(Genaration Waves)

ကျွန်တော်ကအရင်တုန်းက ရန်ကုန်လိုင်ဇာငြိမ်းချမ်းရေးလမ်း လျှောက်ခရီးစဉ်မှာပါဝင်ခဲ့တယ်။ အဲဒီငြိမ်းချမ်းရေးလမ်းလျှောက်တဲ့ ကိစ္စနဲ့ပဲ ကျွန်တော့်ကို ပုဒ်မ (၁၈) နဲ့ တရားစွဲထားပါတယ်။ ကျွန် တော်တို့ဖွဲ့စည်းပုံအခြေခံ ဥပဒေ စာခန်း (၈)မှာဆိုရင် နိုင်ငံတော် သားများ၏မူလအခွင့်အရေး နှင့် တာဝန်များမှာပုဒ်မ၃၅၄(က)ရော (ခ) အရရော ကျွန်တော်တို့က ငြိမ်းချမ်းစွာစီတန်းခွင့်နှင့် စုဝေး ခွင့်ရှိသလို၊ ကျွန်တော်တို့က ကျွန် တော်တို့ရဲ့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်ရှိ တယ်ဆိုပြီး တော့ ဥပဒေမှာ ပြဋ္ဌာန်းထား တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တကယ်တန်း လိုင်ဇာကို လမ်း လျှောက်တဲ့အခါကြတော့ ကျွန် တော်တို့ကို ပုဒ်မ (၁၈) နဲ့ တရား စွဲတယ်။ အဲတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ပြည်သူပြည်သားတွေကမလိုက် နာရဘူးလား။ ကျွန်တော်တို့ဖွဲ့ စည်းပုံအခြေခံဥပဒေကိုမယုံကြည် ရဘူး လား။ လက်မခံဘူး လား။ အဲဒီပုဒ်မကို ကျွန်တော်တို့ဖြစ်ချင် တယ်။နောက်ပြီးတော့ပုဒ်မ(၃၈၇) မှာဆိုရင်လည်း နိုင်ငံသားတိုင်းက ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေ ခံပြီးတော့ တိုင်းရင်းသားအချင်း ချင်းစည်းလုံးညီညွတ်ရေးနဲ့ ပြည် ထောင်စု ငြိမ်းချမ်းသာယာရေး အတွက် ဆောင်ရွက်ရန် တာဝန် ရှိတယ်လို့လည်းပါတယ်။ ကျွန် တော်တို့က လုပ်ပိုင်ခွင့်အရလည်း ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ရှိ တယ်။ နိုင်ငံသားတာဝန်အနေနဲ့ လည်း ကျွန်တော်တို့ငြိမ်းချမ်းစွာ လမ်းလျှောက်ခွင့် ကျွန်တော်တို့ မှာရှိနေတယ်။အဲတော့ကျွန်တော် တို့ပုဒ်မ(၁၈)ဆိုတာက ကျွန်တော် ထင်တယ်။ အစိုးရကို ဆန့်ကျင် လို့ထင်တဲ့သူမှန်သမျှကို ဒီခေါင်း နဲ့ တပ်ပြီးတရားစွဲနေတဲ့ ပုဒ်မလို့ ကျွန်တော်ထင်တယ်။ သက်ဆိုင် ရာအာဏာပိုင်အစိုးရကိုသိစေချင် တာက ကျွန်တော်တို့ ဒီလိုလုပ် တာအစိုးရကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံ တော်ကို ကျွန်တော်တို့ ကူညီနေ တာဖြစ်တယ်။ကူညီတယ်ဆိုတာ က ကျွန်တော်တို့က လွှတ်တော် အတွင်းမှာ ကူညီနိုင်တဲ့သူတွေ မဟုတ်တဲ့အတွက် ကျွန်တော် တို့က လွှတ်တော် ပြင်ပကနေ ပြီးတော့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကျွန်တော် တို့ကတောင်းဆိုနေတာဖြစ်တယ်။ အဲလိုတောင်းဆို ပေးနေတာတွေ ကို ပုဒ်မ (၁၈) နဲ့ တရားစွဲနေမယ် ဆိုရင်ကျွန်တော် တို့နိုင်ငံသားတွေ မှာ ဘာတွေလို အပ်နေလည်း ဘာတွေဖြစ်နေလည်းဆိုတဲ့အောက် ခြေက အခြေအနေတွေကို သူ တို့မသိဘူးဆိုရင်ဘာလိုလိုက်လျော ပေးမှာလည်း ကျွန်တော်ပြော ချင်တာကတော့ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီးတော့ရေးဆွဲ ခဲ့တဲ့သူတွေကောလက်ရှိအာဏာ ပိုင်တွေကော ဒီပုဒ်မ(၁၈) ကို စဉ်းစားပြီး ပြန်လည်သုံးသပ်ပေး ပါလို့ ပြောချင် ပါတယ်။

ကိုကျော်သူ
(လက်ပံတောင်းတောင်အရေး တစ်ကိုယ်တော်ဆန္ဒပြသူ)

ကျွန်တော်ကလက်ပံတောင်း တောင်အရေးအတွက်တစ်ကိုယ် တော်ဆန္ဒပြတယ်။ နှစ်ကြိမ်ပြခဲ့ တယ်။ နှစ်ကြိမ်လုံး နည်းဥပဒေ ပုဒ်မ (၁၈) နဲ့ တရားစွဲခံရတယ်။ ကျွန်တော့်ကိုတရားစွဲတော့တရား စွဲတဲ့ စခန်းမှူးကို ပြောတယ်။ ခင် ဗျားတို့ ဒီနည်းဥပဒေပုဒ်မ (၁၈) စာအုပ် ကျွန်တော့်ကို ပေးဖတ်၊ ဖတ်တဲ့ အချိန်မှာ ကျွန်တော် ဘက်ကအပြစ် ရှိတယ်လို့တွေ့ရင် ခင်ဗျားတို့ကျွန်တော့်ကိုလုံးအာမခံ မပေးနဲ့။ တစ်ခါတည်းဖမ်းထည့်၊ ကျွန်တော်မှာ အပြစ်မရှိဘူးဆိုရင် ခင်ဗျားတို့က အမှုမဖွင့်စရာမလို ဘူးဆိုတော့ သူတို့ကပြောတယ် တဲ့။လက်ပံတောင်းတောင်အရေး ဆောင်ရွက်ပေးတဲ့သူတွေငြိမ်းချမ်း ရေးလမ်းလျှောက်တဲ့သူတွေလယ် သမားအရေးလုပ်တဲ့သူတွေအလုပ် သမားရေးလုပ်တဲ့အားလုံးအားလုံး သောလူတွေကိုနိုင်ငံတော်ပုန်ကန် တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပုဒ်မ (၁၈) တပ်ပြီးအမျိုးမျိုးတရားစွဲနေတယ်။ ဒါဆို ကျွန်တော်ပြောမယ်။ လူစု လူဝေးနဲ့သမ္မတကြီးကို ဗီနိုင်းကိုင် ပြီးကြိုတဲ့ သူတွေကိုဘာလို့ ပုဒ်မ (၁၈)နဲ့ တရားမစွဲတာလဲ ကိုမိုးသီး ဇွန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုတဲ့သူတွေကိုကောဘာလို့ပုဒ်မ ၁၈ နဲ့ တရားမစွဲတာလဲ ဒါဆို ဒီပုဒ်မ (၁၈)က ဒီနိုင်ငံထဲမှာပဲ လှုပ်ရှားတဲ့ မထင်မရှား နိုင်ငံရေး လှုပ်ရှားသူတွေကိုပဲ တရားစွဲဖို့ သက်သက်ရေးဆွဲထားတဲ့ ပုဒ်မ လိုမျိုးဖြစ်နေတယ်။ အဲဒီတော့ ဒီပုဒ်မ (၁၈) ကို ကန့်ကွက်တယ်။ အပြင်းအထန်ရှုံ့ချပါတယ်။

ကိုနေလင်းဦး
(တော်ဝင်အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်)

ကျွန်တော်က လက်ရှိငြိမ်း ချမ်းစွာစုဝေးခွင့်နှင့် စီးတန်းလှည့် လည် ခွင့်ဥပဒေအရမြို့နယ်လေး မြို့နယ်က တရားစွဲဆိုခံထားရသူ တစ်ယောက်ပါ။ ကျွန်တော်တို့ကို အလုပ်သမားဥပဒေ ကာကွယ် ရေးတွေတောင်းဆိုမှုနဲ့ ပတ်သက် ပြီးတော့စုပေါင်း လမ်းလျှောက် တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာပိုင်တွေက တရားကို ပြု လုပ်ပြီးတရားစွဲတာကိုခံရတယ်။ အလုပ်သမား ဥပဒေပါ အချက် အလက်တွေကိုအလုပ်ရှင်ထံသွား တောင်းဆိုတာကိုတောင် ထောင် ဆင်ပြီး ပုဒ်မ (၁၈)နဲ့ တရားစွဲ ဆိုတယ်။ကျွန်တော်တို့က အလုပ် သမားတွေသာ ဖြစ်တဲ့အတွက် အလုပ်ခွင်အတွင်း နစ်နာဆုံးရှုံးမှု တွေကို အလုပ်ရှင်ထံ တင်ပြဖို့ အလုပ်သမား (၃၀၀) လောက် က လိုင်းကားနှစ်စီးငှားပြီး သွား တယ်။ အလုပ်ရှင်အိမ်ရှိတဲ့ လမ်း က လိုင်းကားဝင်လို့မရတဲ့ လမ်း ဖြစ်တဲ့အတွက် ကျွန်တော်တို့ လမ်း ထိပ်ကနေပြီး နှစ်ယောက် တွဲသုံးယောက်တွဲအလုပ်ရှင်အိမ် သွားတယ်။ အလုပ်ရှင်နဲ့သွားတွေ့ တယ်။ ဘာဗီနိုင်း၊ ဘာပိုစတာ တစ်ခုမှမပါဘူး။ ကြွေးကြော်သံ တွေမပါဘဲ သွားတာ၊ အလုပ်ရှင် ကသာ အိမ်ထဲပေးမ၀င်လို့ ကျွန် တော်တို့ ပလက် ဖောင်းပေါ်ထိုင် နေတာတွေကို အာဏာပိုင်တွေ က တစ်ဖက်သတ် ဓာတ်ပုံတွေ တစ်ဖက်သတ်စွပ်စွဲ ချက်တွေနဲ့ ထောင်ချောက်ဆင်ပြီး ပုဒ်မ (၁၈) နဲ့တရားစွဲဆိုခဲ့တယ်။ ကျွန်တော် တို့က အလုပ်သမားတွေ ဆင်းရဲ သားပြည်သူတွေဖြစ် တဲ့အတွက် ကျွန်တော်တို့ နိုင်ငံသား အခွင့် အရေးကို အသုံးချပြီး ကျွန်တော် တို့ အလုပ်သမား ရပိုင်ခွင့်တွေ ကိုတောင်းတာ လွတ်လွတ်လပ် လပ်ပြတာဘယ်သူကိုမှ နှောက် ယှက်တာ မဟုတ်ဘူး။ အများ ပြည်သူကို သွေးထိုးလှုံ့ဆော်နေ တာ ဆူပူသောင်းကျန်းနေတာ လည်းမဟုတ်ဘူး။ ဒါကိုအာဏာ ပိုင်တွေ ဒီပုဒ်မ (၁၈) ဆိုတဲ့ ထောက်ချောက်ကြီးထဲမရောက် ရောက်အောင်ဆွဲသွင်းခဲ့တာပါ။ ဥပဒေတစ်ခုက ကျွန်တ်ာတို့နိုင်ငံ သားအလုပ်သမားရပိုင်ခွင့်တွေကို လွတ်လွတ်လပ်လပ်တင်ပြတာ ဒါကိုပုဒ်မ (၁၈) နဲ့ တရားစွဲတယ် ဆိုတာလုံးဝမသင့်လျှော်ပါဘူး။ အဲဒီအတွက် ဒီဥပဒေဟာ ကျွန် တော်တို့ ပြည်သူတွေအတွက် တရားမျှတမှုမရှိဘူးထင်လို့ ကန့် ကွက်ပါတယ်။

ကိုဟိန်ကြီး (Genaration Wave)
ကျွန်တော်တို့အနေနဲ့ အဓိက ကတော့ နိုင်ငံသားနဲ့ နိုင်ငံသား တစ်ယောက်ရဲ့ ရပိုင်သင့်တဲ့ အခွင့် အရေးအတိုင်းကိုက်ညီတဲ့ဥပဒေကို လိုချင်တယ်။ ဒီအခွင့်အရေးကို ချိုးဖောက်တဲ့မည်သည့်ဥပဒေမျိုး ကိုမဆိုမည်သည့်လုပ်ရပ်မျိုးကို မဆို ကျွန်တော်တို့ကအမြဲတမ်းလဲ ဆန့်ကျင်တယ်။ အမြဲတမ်းလဲကန့် ကွက်တယ်။ အဲလိုပဲ ကျွန်တော် တို့နိုင်ငံမှာ အဲဒီနိုင်ငံသား တစ်ယောက်ရဲ့ မူလအခြေခံဥပဒေ ရပိုင်ခွင့်နဲ့ အခွင့်အရေးကိုအသုံး ချပြီးလုပ်လိုက်တဲ့အရာတွေဟာ ကြောင့် အခုချိန်အထိ ဖမ်းဆီးခံ နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ပုဒ်မ (၁၈) နဲ့ တရားစွဲဆိုခံထားရ တဲ့လူတွေ၊ တရားရင်ဆိုင် နေရတဲ့သူတွေဟာ ဒီပုဒ်မ (၁၈) နဲ့ ပုဒ်မ ၅၀၅ (ခ)စတဲ့ ပုဒ်မတွေ နဲ့ ညှိစွန်းပြီး၊ ထိန်းချုပ်ခံနေရတဲ့ အတွက် ဒီပုဒ်မတွေကို ကျွန်တော် ကိုအနေနဲ့ ကန့်ကွက်ပါတယ်။ ပြည်သူပြည်သားတို့ရဲ့ ရပိုင်ခွင့်ကို ဖော်ထုတ်အခါမှာ အစိုးရတစ်ရပ် အနေနဲ့ နိုင်ငံသားရဲ့အခွင့်အရေး ကို ပြန်လည်ကာကွယ်မြှင့်တင်ပေး မယ်ဆိုတဲ့ ရှုထောင့်ကနေ မကြည့် ပဲ။ ပြည်သူပြည်သားတွေရဲ့ရပိုင် ခွင့်ကို တောင်းဆိုတဲ့အခါ ဒီလို ပုဒ်မတွေနဲ့ ထပ်ပြီးစွဲချက်တင်နေ ဦးမယ်ဆိုရင်နိုင်ငံသားတွေအနေနဲ့ နိုင်ငံရဲ့ဒီမိုကရေစီပြုပြင်ရေးအခန်း ကဏ္ဍတွေမှာပါဝင်လာဖို့အရမ်းကို နှောင့်နှေးစေတဲ့ တားမြစ်စေအရာ တစ်ခုဖြစ်စေတယ်လို့ကျွန်တော် မြင်ပါတယ်။

ဝင်းကိုကို
The hot news weekly

(AFP မှ 26 Aug 2013 ရက်စွဲပါ “Suu Kyi, Dalai Lama to attend Czech Rights Forum” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားတို့ နှစ်ဦးစလုံး နောက်လတွင် ပရာဂ်၌ကျင်းပမည့် လူ့အခွင့်ရေးဖိုရမ်သို့ တက်ရောက်ကြလိမ့်မည်ဟု ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင်ပြောကြားသည်။

ခေါင်းဆောင်နှစ်ဦးစလုံး ဖိုရမ်တွင် မိန့်ခွန်းပြောကြားမည်ဟု ပြောရေးဆိုခွင့်ရှိသူ ဖီလစ်ဆီဘက် က AFP သတင်းဌာနသို့ပြောကြားသည်။

အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရန်ကြိုးပမ်းမှုကြောင့် ကမ္ဘာကျော်သူခေါင်းဆောင်နှစ်ဦးကြား တရားဝင်ဆွေးနွေးပွဲများ စီစဉ်ထားခြင်းမရှိသော်လည်း အလွတ်သဘောတွေဆုံမည့်အလားအလာရှိပြီး ထိုတွေ့ဆုံမှုသည် တရုတ်နိုင်ငံကို ဒေါသထွက်စေနိုင်ကြောင်း ၄င်းက ဆက်ပြောခဲု့သည်။

သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံတွင် အဓိကရင်းနှီးမြှပ်နှံထားသူ အင်အားကြီးအိမ်နီးချင်း ဘီဂျင်းက ဒလိုင်းလားမားကို တရုတ်ဆန့်ကျင်ရေးနှင့် ခွဲထွက်ရေးလှုပ်ရှားသူဟု တံဆိပ်ကပ်ထားပါသည်။

မြန်မာနိုင်ငံ၏ အငြင်းပွားဖွယ်ရွေးကောက်ပွဲ ပြီးစီးရန်အထိ ၁၅နှစ်ခန့် အကျယ်ချုပ်ထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၁ ခုနှစ် အာဏာရလာသော သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှု များကြောင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခွင့် ရရှိကာ ယခုအခါ လွှတ်တော်အမတ်အဖြစ် တရားဝင် နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မနှစ်က အထင်ကရ ဥရောပခရီးစဉ်နောက်ပိုင်းတွင် ချက်နိုင်ငံသို့ ယခုပထမဆုံး လာရောက် လည်ပတ်ခြင်းဖြစ်သည်။

အထက်ပါ လူ့အခွင့်အရေး ဖိုရမ်ကို ချက်သမ္မတဟောင်း ဗဲကလက်ဟာဝယ်နှင့် အမေရိကန်လူမျိုး အယ်ဝီဆယ်တို့က ၁၉၉၇ တွင် ကမကထပြု စတင်ကျင်းပခဲ့သည်။

“အသွင်ပြောင်း လူ့အဖွဲ့အစည်းများ” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးကြမည့် ယခုနှစ် ဖိုရမ်သို့ အမေရိကန်အဆိုတော် လူ့အခွင့်ရေးလှုပ်ရှားသူ ဂျုံးဘေ့စ် နှင့် တောင်အာဖရိက၏ နောက်ဆုံးလူဖြူသမ္မတဟောင်း အက်ဖ် ဒဗလျူ ဒီကလပ်တို့လည်း တက်ရောက်မည်ဟုသိရသည်။

“ဖိုရမ်အကြောင်းအရာရဲ့ ရည်ရွယ်ချက်ကတော့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကူးပြောင်းရာမှာ ဘာတွေ လိုအပ်သလဲဆိုတာကို ကောင်းကောင်း နားလည်နိုင်စေဖို့နဲ့ ဒီဖြစ်စဉ် (အသွင်ကူးပြောင်းမှု)ကို ဖန်တီးလိုက်တဲ့ အရာတွေကြောင့်ဘဲ လမ်းပျောက်ပြီးရပ်တန့်သွားနိုင်တာကိုလည်း နားလည် သဘောပေါက် စေချင်လို့ပဲဖြစ်ပါတယ်။”ဟု အမှုဆောင်ဒါရိုက်တာ ဂျက်ကပ်ကလက်ပယ်က ကြေညာချက်ထုတ်ပြန်ပြောကြားသည်။

Yangonchronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.