08/30/13

“မုတ်သုံ” ဆိုတဲ့စကားလုံးဟာ ကျမတို့အတွက်တော့ အမြဲနားဝင်ချိုလှပါတယ်။ ကျမတို့ မြန်မာလူမျိုးတွေဟာ မိုးရာသီဆို အတိတ်ဆီကို လွမ်းဆွေးတမ်းတတာထက် ချစ်ကြည်နူးဖွယ်ရာ အဖြစ် မှတ်ယူကြပါတယ်။

ကလေးဘ၀တုန်းက ကျမမွေးဖွားကြီးပြင်းခဲ့တဲ့ အိမ်ဝရံတာကနေပြီး မည်းမှောင်နေတဲ့ ကောင်းကင်ကြီးကို ကြည့်ရင်း ထူထပ်တဲ့ မိုးတိမ်တွေဆီကနေ တ၀ုန်းဝုန်းနဲ့ ရွာချလိုက်တဲ့ မိုးသံတွေကို နားထောင်ခဲ့ပါတယ်။ အဲဒီလို ကြည်လင်တောက်ပတဲ့ မိုးစက်တွေကျလာပြီ ဆိုရင်ဖြင့် သီချင်းအင်မတန် ကြိုက်နှစ်သက်တဲ့ အစ်ကိုဝမ်းကွဲ တစ်ယောက်ဟာ ခေတ်ပေါ်သီချင်း တစ်ပုဒ်ထဲက “အို….ရွှေမိုးရယ် ညိုပြီပေါ့ကွယ်…” ဆိုတဲ့ အပိုဒ်လေးကို ညည်းပါတော့တယ်။ သူညည်းတဲ့ စကားလုံးတွေဟာ ကဗျာ စကားလုံးလား၊ အပျော်သဘောနဲ့ ညည်းတာလားဆိုတာကိုတော့ ကျမလည်း မဆုံးဖြတ်တတ်ခဲ့ပါဘူး။ မိုးတိမ်ညိုနောက်ကွယ်ကနေ အလင်းရောင်ရဲ့ ရိုက်ခတ်မှုကြောင့် ကျလာတဲ့ မိုးစက်တွေဟာ တစ်ခါတလေမှာ ရွှေရောင်တလက်လက်နဲ့ တွေ့မြင်ရတဲ့အတွက် ဒီစကားလုံးနဲ့ ဖော်ကျူးတာဟာ လိုက်ဖက်သင့်တော်တယ်လို့ ကျမအနေနဲ့ လက်ခံပါတယ်။

ဒီလိုမိုးရွာပြီဆိုရင် အတိအကျ ပြောလို့မရတဲ့ အတိတ်က အကြောင်းအရာတွေကို လွမ်းသလိုလို၊ ဆွေးသလိုလို ခံစားကြတဲ့ လူကြီးတွေရဲ့ ခံစားချက်မျိုး ကျမသိပ်ခံစားချင်ပါတယ်။ ဒါပေမဲ့ ခြောက်နှစ်အရွယ်ပဲ ရှိသေးတယ်ဆိုတော့ အတိတ်ကာလဆိုတာ ကလည်း ဘာမှ မည်မည်ရရ မရှိသေးပါဘူး။ မှိုင်းမှုန်နေတဲ့ မုတ်သုံမိုးနေ့ကို မဖော်ပြနိုင်တဲ့ အလွမ်းအဆွေးနဲ့ကြည့်ရင်း ကြီးပြင်းလာခဲ့ပါတယ်။

ကျမ ပထမဆုံး သင်ယူခဲ့ရတဲ့ ကဗျာတွေထဲက မြန်မာကလေးတိုင်း သိတဲ့ ကဗျာဆရာကြီး မင်းသုဝဏ် ရေးသားထားတဲ့ မိုးရာသီ အကြောင်း ကဗျာတစ်ပုဒ်ရှိပါတယ်။
“၀ါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်…” ဆိုတာပဲဖြစ်ပါတယ်။ ကျမဟာ ကျမရဲ့မိခင်ကို သပြေသီးဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာကို မြင်ဖူးချင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ သပြေသီးဆိုတာက ရန်ကုန်လိုနေရာမျိုးမှာ အင်မတန်ရှားပါးတော့ နမူနာလေးတစ်လုံးလောက် တောင်ကြည့်ဖို့ မလွယ်ပါဘူး။ ကျမဆယ်ကျော်သက်အရွယ်မှာ ကျမရဲ့မိခင်နဲ့ အတူ အိန္ဒိယကို လိုက်သွားတော့မှပဲ ကလေးဘ၀တုန်းက ကျမ အင်မတန် မြင်တွေ့ချင်လှတဲ့ ကဗျာထဲမှ သပြေသီးမှည့်ကို ကျမရဲ့မိခင်က ပေးနိုင်ပါတော့တယ်။ တစ်နေ့မှာ ကျမ ရဲ့မိခင်ဟာ အထုပ်ဖောင်းဖောင်း တစ်ထုပ်ကို ကျမကိုပေးရင်း သူ့ရဲ့ နှုတ်ခမ်းထောင့်နားက ပါးချိုင့်ကလေးပေါ်အောင် အားပါးတရပြုံးရင်း “ရော့ သမီး၊ သမီးကလေးဘ၀ကတည်းက မေမေ သမီးကို မပေးနိုင်ခဲ့တဲ့ သပြေသီးမှည့်ပဲ” လို့ပြောပါတယ်။

ဒေလီမှာတော့ သပြေသီးကို ဇမ္ဗုလို့ခေါ်ပါတယ်။ ကျမတို့နေတဲ့ လမ်းထောင့်မှာရှိတဲ့ သပြေပင်တွေ သီးတဲ့ အချိန်ရောက်ပြီဆိုရင် တောင်းတွေ အများကြီးနဲ့ ကောက်လို့ရပါတယ်။ ခရမ်းရောင်ရင့်ရင့်နဲ့ ခပ်ရှည်ရှည်မျောမျောရှိပြီး ပြောင်နေတဲ့ ဇမ္ဗုသီးတွေဟာ စားလိုက်ရင်ချိုပြီး နူးညံ့ကာ နှုတ်ခမ်းတွေ၊ လျှာတွေမှာ နီညိုရောင်စွဲပြီး ကျန်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကဗျာတွေ ရွတ်ဆိုရင်း စိတ်ကူးနဲ့ မှန်းခဲ့တာကတော့ ခြေချောင်းလေး တွေကြားထဲမှာ ရွှံ့တွေနဲ့ မိုးရွာထဲ လမ်းလျှောက်နေတာ၊ မိုးအေးအေးထဲ အသားညိုညို၊ ပိန်ပိန်နဲ့ ကလေးမလေး ပျော်ရွှင်နေတာ၊ ကြည်လင်သန့်စင်တဲ့ မိုးရေထဲမှာ လွတ်လပ်မှုရဲ့ အရသာကို ခံစားနေတာ စတာတွေပါပဲ။ ကျမဘ၀မှာ မိုးရေထဲ ရေချိုးရတာလောက် အင်မတန်ပျော်ရတာ မရှိပါဘူး။ ဒါပေမဲ့လည်း ဒီလို ကလေးဘ၀ဟာ ကုန်လွန်ခဲ့ပြီဆိုတာ ကျမသိခဲ့ပါတယ်။

ကလေးလေးတွေက ဆူးချုံတွေကြားတိုးရမှာကိုလည်း မကြောက်၊ မျှော့တွယ်မှာကိုလည်း မကြောက်ဘဲ သူတို့အတွက် အဖိုးတန်လှပြီး အင်မတန် အရသာရှိလှတဲ့ သပြေသီးကောက်ဖို့သွားကြတဲ့ ဆရာမင်းသုဝဏ်ရဲ့ ပျော်ရွှင်ဖွယ်ရာ သီကုံးထားတဲ့ ကဗျာနဲ့ မတူဘဲ နောက်ထပ်သပြေသီးနဲ့ မိုးအကြောင်းဖွဲ့ဆိုထားတဲ့ ကဗျာတစ်ပုဒ်လည်း ရှိပါသေးတယ်။ တစိမ့်စိမ့်ရွာကျနေတဲ့ မိုးနဲ့ပတ်သက်ပြီး လွမ်းဆွေးဖွယ်ရေးဖွဲ့ထားတဲ့ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာဟာ ဗုဒ္ဓ၀င် ဇာတ်တော်ဖြစ်တဲ့ ပဋာစာရီဇာတ်ထဲက ဖြစ်ပါတယ်။ ချမ်းသာတဲ့ လယ်သမားမိဘနှစ်ပါးရဲ့ သမီးဖြစ်သူ ပဋာစာရီဟာ အိမ်မှာ အလုပ်လုပ်နေတဲ့ သူရင်းငှားနဲ့ ခိုးရာလိုက်ပြေးသွား ခဲ့ပါတယ်။ သားနှစ်ယောက်မွေးဖွားပြီးတဲ့နောက် ပဋာစာရီဟာ မိဘနှစ်ပါးကို လွမ်းဆွေး သတိရတဲ့အတွက် သူ့ယောက်ျားဖြစ်သူကို အိမ်ပြန်ပို့ဖို့ ပြောပါတယ်။ အိမ်အပြန်ခရီးမှာတော့ သူမဟာ ကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေနဲ့ တွေ့ကြုံခဲ့ရပြီး ယောက်ျားရော သားနှစ်ယောက်ပါ ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူမဟာ အားတင်းပြီး မိဘတွေရှိရာ ပြန်ခဲ့ပေမယ့်လည်း အဖေရော အမေရော အစ်ကိုဖြစ်သူပါ မီးလောင်သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ ကံဆိုးလှတဲ့ မိန်းမငယ်ဟာ ရူးသွပ်သွားကာ ဆောက်တည်ရာမရ တော့ဘဲ ခြေဦးတည့်ရာ လျှောက်သွားနေရာက နောက်ဆုံး ဗုဒ္ဓမြတ်စွာဘုရားနဲ့ တွေ့ပြီး ဗုဒ္ဓက စိတ်ကို ငြိမ်းချမ်းမှုရအောင် ဟောကြားဆုံးမမှပဲ စိတ်တည်ငြိမ်ကာ ငြိမ်ချမ်းမှုရသွားတော့တယ်။ ပဋာစာရီ ကိုသောကမီး လောင်မြိုက်နေသူအဖြစ် မြင်ကြပါတယ်။ ဒါပေမဲ့ လည်းသူမရဲ့ ဇာတ်လမ်းဟာ အင်မတန် ပျော်ရွှင်ကြည်နူးဖွယ်ရာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်လိုက်လို့ပါပဲ။

လင်ယောက်ျားရော သားပါ ဆုံးရှုံးသွားလို့ ပူဆွေးသောကဖုံးလွှမ်းကာ ဆောက်တည်ရာမရဘဲ မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့ သူမရဲ့ပုံကို မိုးနဲ့ မုန်တိုင်း နောက်ခံထားပြီး ရေးဆွဲထားတဲ့ ပန်းချီကားတွေ အများကြီးရှိပါတယ်။

ဒီရုပ်ပုံကားတွေဟာ စိုစွတ်တဲ့ ရာသီဥတုကို ပုံဖော်ပြနေရုံ မကဘဲ နောက်ဆုံးမှာ ပျော်ရွှင်ကြည်နူးဖွယ်ရာ ရလာဒ် ထွက်ပေါ်လာပါတယ်။ လူတွေရဲ့ စိတ်ဓာတ်ဟာ အမြဲလျော့ကျနေတာ မဟုတ်ဘူး ဆိုတာကိုပါ ဖော်ပြနေတယ်လို့ အားလုံးက သိနေကြပါတယ်။

မြန်မာပြည်က၀င်တဲ့ မုတ်သုံအခါ ပွက်ပွက်ဆူမတက်ပူပြင်းလှတဲ့ ဧပြီလရဲ့ အပူဒဏ်ကနေ လွတ်မြောက်ဖို့ အေးမြတဲ့ မိုးကိုပါ သယ်ဆောင်လာပါတယ်။ အခုလို အချိန်အခါမှာပဲ ကျမတို့ တိုင်းပြည်မှာ နှစ်ပေါင်း ၃၀အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ဒီမိုကရေစီ နည်းလမ်းကျတဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။

မြန်မာပြည်သူလူထုဟာ ဆယ်စုနှစ်သုံးခုလောက် နေခဲ့ရတဲ့ အာဏာရှင်စနစ် ဆိုးအောက်က လွတ်မြောက်ပြီး သူတို့ရဲ့ ဆန္ဒတွေကို လေးစားအသိအမှတ်ပြုခံရမယ့် စနစ်ကို ရောက်တော့မယ်ဆိုတဲ့ အသိနဲ့ တာဝန်သိသိ စည်းကမ်းရှိရှိနဲ့ မဲရုံတွေကို သွားပြီးမဲပေးခဲ့ကြပါတယ်။
ဒီမိုကရေစီအခြေခံများနဲ့ အညီ တိုင်းပြည်ကို အုပ်ချုပ်နိုင်မယ့် စနစ်တစ်ခုပေါ်ပေါက်ရန် ဆက်လက်ကြိုးပမ်းနိုင်ရေး အတွက် ရာသီဥတုအသစ်က အားသစ်အင်သစ် လောင်းပေးနေပါတယ်။

အောင်ဆန်းစုကြည်

မေတ္တာရိပ်
မှ ကူးယူဖော်ပြပါသည်..

လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားခဲ့သူ ဒေါ်နော်အုန်းလှကိုမုံရွာမြို့နယ် တရားရုံး၌ နိုင်ငံတော် အကြည်အညို ပျက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ယနေ့ နံနက်ပိုင်းတွင် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။
ဒေါ်နော်အုန်းလှကို သြဂုတ်လ ၂၇၊ ၂၈၊ ၂၉ ရက် ၃ ရက်ဆက်တိုက် တရားရုံး ထုတ်ခဲ့ပြီးနောက် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် အပြစ်ပေးလိုက်ခြင်း ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲမှူး ဦးကြူအင်းက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

ထိုသို့ ရက်ဆက်တိုက် တရားရုံး ထုတ်ခြင်းက နိုင်ငံရေးနှင့် သက်ဆိုင်သော အမှုများတွင် လုပ်လေ့လုပ်ထ ရှိသော်လည်း အကျိုးဆောင် ပေးရသော ရှေ့နေများအတွက် အခက်အခဲ ဖြစ်ရကြောင်း ဒေါ်နော်အုန်းလှကို အကျိုးဆောင်ပေးသည့် ရှေ့နေ ဦးရောဘတ် ဆန်းအောင်က ဧရာဝတီသို့ ပြောသည်။
“ကျနော်က အခုလို တရားရုံး ဆက်တိုက်ထုတ်တာကို မလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် မရခဲ့ပါဘူး။ ဆက်စစ်မယ်လည်း ဆိုရော ကျနော်က တရားခံ ထောင်ကျတာ တိုင်းပြည်နစ်နာတာပဲဆိုပြီး ထွက်လာတယ်။ ကျနော်တို့ အကျိုးဆောင် ပေးရတဲ့ ရှေ့နေ တွေက တခြားရုံးချိန်းတွေနဲ့ ချိန်ဆပြီး ရက်ချိန်း တောင်းရတော့ အခုလို ဆက်တိုက် ထုတ်တဲ့အခါ ဘယ်လိုမှ ဆောင်ရွက် ပေးလို့ မရဘူး။ ကျနော်လည်း သြဂုတ် ၂၇ ရက် တရက်တည်းပဲ နေနိုင်တာ။ အခု ဒီနေ့ အမိန့်ချတာမှာ ကျနော် မရှိခဲ့ပါဘူး။ ကျနော့် နောက်ကွယ်မှာပဲ လုပ်ခဲ့တာပါ။ ဒါပေမယ့် ဥပဒေအရ ရှေ့နေမရှိလည်း အမှုစစ်လို့ရ၊ အမိန့်ချလို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။
ယခု ဒေါ်နော်အုန်းလှအမှုသည် အနည်းငယ် အငြင်းပွားမှု၊ ရှုပ်ထွေးမှုများရှိသောကြောင့် မြန်ဆန်စွာ အမိန့်ချခြင်းသည် ဥပဒေအရ အကျုံးဝင်သော်လည်း မသင့်လျော်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒေါ်နော်အုန်းလှကို ၂၇ ရက်နေ့၌ စတင်စစ်ဆေးရန် ရုံးထုတ်ခဲ့သော်လည်း နောက်တနေ့ ၂၈ ရက်နေ့တွင် ဆက်တိုက် တရားရုံး ထုတ်ခဲ့ရာ အာဏာပိုင်များ၏ မတရား တဘက်သတ် အမှုဖွင့် ရုံးတင်မှုကို ကန့်ကွက်သောအားဖြင့် ရုံးမထွက်ဘဲ ထောင်ထဲတွင် ဆန္ဒပြခဲ့သည့် ဒေါ်နော်အုန်းလှအား ရဲများက ထောင်ထဲမှ အတင်းအဓမ္မ ဆွဲခေါ်ခဲ့မှုကြောင့် အ၀တ်အစားများ စုတ်ပြဲခဲ့ခြင်း၊ ခန္ဓာကိုယ် ပွန်းပဲ့ပြီး သွေးထွက်သံယိုများ ဖြစ်ခဲ့ခြင်းတို့ ရှိခဲ့ကြောင်း ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ဧရာဝတီသို့ ပြောသည်။
ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ တွင်လည်း ဒေါ်နော်အုန်းလှက တရားရုံးသို့ သွားရန် ဆက်လက် ငြင်းဆန်ခဲ့သောကြောင့် ရဲများက အင်အားသုံးခဲ့ကြောင်း၊ ထို့ကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒေါ်နော်အုန်းလှကို ၃ ရက်တည်း ရက်ဆက်ရုံးထုတ်ပြီး အမိန့်ချခဲ့တာကို ကြည့်ရင် သူတို့က အတင်းကို အပြစ်ပေးချင် နေတယ် ဆိုတာ အရမ်းသိသာတယ်။ အာဏာပိုင်တွေဘက်မှာ စမဖမ်းခင် ကတည်းက ဒီလိုလုပ်မယ်ဆိုတာ ကြိုတင် စီမံထားတယ်လို့ ကျနော်တော့ ယူဆတယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်နော်အုန်းလှသည် လက်ပံတောင်းတောင် စီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များထံ ခွင့်ပြုချက် ၉ ကြိမ်တိတိ တင်ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသဖြင့် သြဂုတ်လ ၁၃ ရက်နေ့က မုံရွာ မြို့ပေါ် တွင် လက်ပံတောင်း ဒေသခံ ၁၅၀ ခန့်နှင့်အတူ ခွင့်ပြုချက် မတောင်းတော့ဘဲ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ရာ ရဲများက ဒေါ်နော်အုန်းလှနှင့် အတူ လက်ပံတောင်းဒေသခံ ၉ ဦး တို့ကို ဖမ်းဆီးခဲ့သည်။
ထိုဖမ်းဆီးမှုကြောင့် အဆိုပါ နေ့ညနေပိုင်းတွင် ဒေသခံများက မုံရွာရဲစခန်းသို့ သွားရောက် ထိုင်သပိတ် ပြုလုပ်ခဲ့ကြကြောင်း၊ ထို့အတွက် လက်ပံတောင်းဒေသခံ ၉ ဦးကိုမူ စည်တန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် တရားစွဲပြီး ခံဝန်ကတိဖြင့် ညတွင်းချင်း ပြန်လွှတ်ပေးခဲ့ကြောင်း၊ သို့ရာတွင် ဒေါ်နော်အုန်းလှကို ပုဒ်မ ၁၈ အပြင်၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် မုံရွာထောင်သို့ ပို့ခဲ့ကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်နှင့် ရန်ကုန်မြို့တို့တွင် လက်ပံတောင်း ဆန္ဒပြပွဲအား မီးလောင် ဗုံးများဖြင့် ဖြို ခွင်းခဲ့မှု ၉ လပြည့် အောက်မေ့ဖွယ်များ ကျင်းပသွားမည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်း တောင်ခြေရှိ တုံကျေးရွာမှ ဒေသခံအင်အား ၂၀၀ ၀န်းကျင်ဖြင့် စတင် စီတန်း လှည့်လည် ကြမည်ဖြစ်ပြီး ဆည်တဲရွာအထိ သွားရောက်မည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မည့် ဒေသခံ မစန္ဒာက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ရန်ကုန်မြို့တွင်လည်း လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်ပွဲ၌ မီးလောင် ဖြိုခွင်းခဲ့မှုကြောင့် ထိခိုက်ခဲ့ကြသူများကို ရည်စူးပြီး ရွှေတိဂုံ ဘုရားရင်ပြင်တွင် ဆုတောင်းပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

http://burma.irrawaddy.org/archives/47220

(26 Aug 2013 ရက်စွဲပါ Bangkok Post သတင်းစာပါ Myanmar’s land-grab problem သတင်းကို ဘာသာပြန်ဆိုသည်)

ပြုပြင်ပြောင်းလဲမှု၏ မရေရာသော အဆင့်များက ပိုင်ဆိုင်မှုမှတ်တမ်းများ မှုန်ဝါးနေပြီး လမ်းကြောင်းရှိပြီးသား လူချမ်းသာ ခရိုနီများရှိသည့် နိုင်ငံတစ်ခုတွင် အလွဲသုံးစားပြုမှုများကို အနည်းငယ်သာ ကန့်သတ်ထိန်းချုပ်ရန် လုပ်ဆောင် ကြသည်။

အနောက်မြောက်ဘက် စစ်ကိုင်းတိုင်း တောင်တန်းများမှ ရန်ကုန်မြို့ပြင်နေရာများရှိ စက်မှုဇုန်များအထိ မြေယာသိမ်းဆည်းမှုများနှင့်ပတ်သက်၍ အစိုးရ၏ ကိုင်တွယ်ပုံအပေါ် လူထုဖိအားတိုးလျက်ရှိပါသည်။ အများက စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်မှာလား၊ ဖျက်မှာလားဟုဆိုနေကြပါသည်။

မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရလက်ထက်က များပြားလှစွာသော လယ်ယာမြေကွက်များနှင့် သတ္တုတူးဖော်ရေး လုပ်ကွက်များအား ၎င်းတို့နှင့် ဆက်စပ်ပတ်သက်နေသည့် လုပ်ငန်းရှင်ခရိုနီများနှင့် စစ်ဘက်ဆိုင်ရာလုပ်ငန်းစုကြီးများကို ရောင်းချထားကြသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ ထို့နောက်တွင်မူ ဗိုလ်ချုပ်ကြီးများသည် သူတို့၏ အာဏာကို ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်ခဲ့ကြပြီးကတည်းက နေ့စဉ်လိုလို အသစ်အသစ်သော ဆန္ဒပြမှုများဖြင့် မြေယာသိမ်းဆည်းမှု အစီရင်ခံစာများမှာ ဆက်လက်တည်ရှိနေခဲ့သည်။ လတ်တလောတွင်ပင် ထင်ရှားသော ဗိုလ်ချုပ်ကြီးတစ်ဦးက လွန်ခဲ့သော နှစ်ပေါင်းများစွာက သူပိုင်ဆိုင်ခဲ့သည်ဆိုသော ယာမြေပေါ် ကျူးကျော်ဝင်ရောက်လာကြသော လယ်သမားများအား သေနတ်ဖြင့် ချိန်ခဲ့သည်ဟု သတင်းစာခေါင်းကြီးပိုင်းများတွင် ပါဝင်ခဲ့သည်။

ဥပဒေကြောင်းအရ ပိုင်ဆိုင်မှုမှတ်တမ်းများ ဝေဝါးနေခြင်းသည် အရှုပ်ထုပ်ကြီး မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်မှုကို အငြင်းပွားစရာ မေးခွန်းများ ဖြစ်နေစေသည်။ များစွာသော အလယ်အလတ်လူတန်းစားများအတွက် ယင်းပြဿနာမှာ လျှော်ကြေးငွေ ပိုလိုချင်သည်လော၊ မိမိပိုင်မြေကို တရားမျှတစွာ ပြန်လိုချင်သည်လောဆိုသည်မှာ မေးခွန်းတစ်ခုဖြစ်နေသည်။ အချို့သော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူအချို့အတွက်မူ ဤကိစ္စများသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန်အတွက် အတော်ခက်ခဲသော အတားအဆီးတစ်ခု ဖြစ်နေသည်။အသစ်ဖြစ်ထွန်းပေါ်ပေါက်လာသည့် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းသစ်ဖောက်ကာ လယ်သမားများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ဆန္ဒပြပွဲများကို ရင်ဆိုင်နေရသော ရွေးချယ်ခံ အရာရှိများအတွက်လည်း ဤကိစ္စမှာ နိုင်ငံရေးပြဿနာတစ်ရပ် ဖြစ်နေသည်။

သြဂုတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် လယ်ယာမြေသိမ်းဆည်းခံရမှုပြဿနာကို ဆွေးနွေးရန်နှင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပြင်ဆင်ရေး တောင်းဆိုရန် လယ်သမား ရာနှင့်ချီ၍ ရန်ကုန်သို့ ဆင်းလာကြသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Food Security အဖွဲ့၏ ကွန်ယက်အစိတ်အပိုင်းတစ်ခုဖြစ်သော လယ်ယာမြေအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးရွှေသိန်းက စစ်အုပ်ချုပ်ရေးမှ ပြောင်းလဲလာသည်မှာ လယ်သမားအချို့အား ဆန္ဒထုတ်ဖော်ပြောဆိုကြရန် ယုံကြည်မှု ပိုရှိလာစေကြောင်း ပြောဆိုခဲ့သည်။

“အရင်အစိုးရလက်ထက်ကဆိုရင် လယ်သမားတွေ ဘာမှ အထွန့်တက်လို့မရဘူး။ ဘာကြောင့်လဲဆိုတာ ကျွန်တော် ပြောဖို့ကို မလိုပါဘူး”ဟု ရန်ကုန်ရုံးတွင် တွေ့ဆုံမေးမြန်းစဉ်က ၎င်းကပြောကြားသည်။ သို့သော်လည်း ယခု ဒီမိုကရေစီ ကူးပြောင်းသည့် ကာလတွင်မူ “ဒီကိစ္စတွေ အခုတော့ ထိပ်တက်လာနေပြီ”ဟု ၎င်းက ဆိုသည်။

အစိမ်းသက်သက်ဖြစ်နေသော ဒီမိုကရေစီသည် မြန်မာနိုင်ငံတွင် စမ်းသပ်ဆဲလောဟူသည့် မေးခွန်းအတွက် လူထုဖိအားမှာ လုံလောက်လှပေသည်။

“ဥပမာအားဖြင့် မြေယာပိုင်ဆိုင်မှုပြဿနာဟာ အရမ်းကို ရှုပ်ထွေးလွန်းတယ်”ဟု သမ္မတဦးသိန်းစိန်က လန်ဒန်ခရီးစဉ် တွင် ဂျူလိုင် ၁၅ ရက်နေ့က Chatham House မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားခဲ့သည်။ “မြန်မာနိုင်ငံသား အားလုံး တိုးတက်ဖို့ရာအတွက် မောင်းနှင်အားတစ်ခုအဖြစ် ကျွန်တော်တို့ဟာ ပြတ်သားသော၊ မျှတသော၊ ပွင့်လင်းမြင်သာသော မြေယာ မူဝါဒများကို ချမှတ်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသွားခဲ့သည်။

အစိုးရအနေဖြင့် လယ်ယာမြေသိမ်းဆည်းမှုများနှင့် ပတ်သက်၍ အထူးတာဝန် ပေးအပ်ထားသော ကော်မရှင် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားသည်။ ယခုအချိန်အထိ ယင်းကော်မရှင်မှ ယင်းကိစ္စအတွက် အစီရင်ခံစာများစွာကို ထုတ်ပြန် ခဲ့ကြပြီးဖြစ်သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကမူ ယင်းကိစ္စမှာ အထူးဦးစားပေးကိစ္စဖြစ်သော်လည်း အနည်းငယ်သာ ဖြေရှင်းဆောင်ရွက်မှုရှိနေသည်ဟု ဆိုသည်။

အရပ်ဘက်အဖွဲ့အစည်းများက ‘အထူးသဖြင့် မြန်မာနိုင်ငံ၏ အရိုင်းသက်သက် စီးပွားရေးကို နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လာကြခြင်းကဲ့သို့ပြဿနာများကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအပါအဝင် ပြဌာန်းပြီး မူဝါဒများက အနည်းငယ်သာ မိတ်ဆက်ထားနိုင်ခဲ့ပြီးယခင်နှင့် လက်ရှိအစိုးရလက်ထက် ခရိုနီများစွာတို့သည်လည်းလျင်မြန်စွာ ပြောင်းလဲနေသော နိုင်ငံတွင် ၎င်းတို့၏ ပိုင်ဆိုင်မှု စီးပွားရေးများ မဆုံးရှုံးရလေအောင် အမီလိုက်ကြိုးစားနေကြပုံရသည်’ဟု ဆိုသည်။

အာဏာရှင် သို့မဟုတ် ကိုလိုနီ အစိုးရလက်အောက်တွင်နှစ်ပေါင်းများစွာနေလာခဲ့ပြီးမှလွတ်မြောက်လာသော နိုင်ငံများကို ကြည့်လျှင် လယ်ယာမြေ ပြန်လည်ခွဲဝေမှုပြဿနာမှာ စိတ်အနှောက်အယှက်ဖြစ်စရာပင် ဖြစ်သည်။ ဇင်ဘာဘွေ၊ တောင်အာဖရိကနှင့် ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သော အင်ဒိုနီးရှားကို ကြည့်လျှင် သိနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်းတောင်ကဲ့သို့ နေရာများတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ မြန်မာနိုင်ငံသား များဆီသို့ ဝင်ရောက်လာချိန်တွင် ဆန္ဒပြမှုများမှာ ပိုမို မြင့်တက်လာခဲ့သည်။ တရုတ်နောက်ခံ သတ္တုတူးဖော်ရေး ကုမ္ပဏီကို ချဲ့ထွင်ရန် ၂၀၁၀ တွင် အစိုးရက ယင်းဒေသအနီးတဝိုက်တွင်ရှိသော လယ်ယာမြေ ဧက ၈၀၀၀ ခန့်ကို သိမ်းဆည်းခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းစီမံကိန်းကို ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် ရွာသားများကို အကြံပြု ခဲ့စဉ်တွင် အာဏာပိုင်များနှင့် ဆန္ဒပြသူများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

လယ်ယာမြေအခွင့်အရေးမှာ သယံဇာတ ပေါကြွယ်ဝသည့် ဒေသများ၌ နေထိုင်ကြသော လူနည်းစုတိုင်းရင်းသား များနှင့် ပြုလုပ်နေသည့် နှေးကွေးစွာ တိုးတက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အခရာကျသည့် ကိစ္စတစ်ခုလည်း ဖြစ်သည်။ ယင်းကိစ္စသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို လတ်တလော စိတ်ဝင်တစားပြောဆိုနေကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် NGO များကြားတွင် ရေပန်းစားသော ပြဿနာဖြစ်သည်။

“တူးဖော်ရေးပြုလုပ်မယ့်စက်ရုံတွေကို ဆန္ဒပြကြတဲ့အုပ်စုအဖွဲ့တွေနဲ့ အကြမ်းဖက်ရင်ဆိုင်ဖြေရှင်းရတာတွေ အဆုံးသတ်ဖို့ တိုးတက်တဲ့ သယံဇာတစီမံခန့်ခွဲမှုနဲ့ မြေယာပိုင်ဆိုင်မှုအခွင့်အရေးဆိုင်ရာ ခိုင်မာတဲ့အကာအကွယ်တွေ လိုအပ်တယ်”ဟု Stockholm School of Economics မှ Anders Engvall နှင့် Myanmar Development Resource Institute မှ စိုးနန္ဒာလင်းတို့က မကြာသေးမီက ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

ဗိုလ်ချုပ်နေဝင်းက လက်ဝဲကျသော ဆိုရှယ်လစ်စီးပွားရေးစနစ် ပြုလုပ်ရန်အတွက် မြေယာများအားလုံး၏ ပိုင်ဆိုင်မှုကို အစိုးရအနေဖြင့် ၁၉၆၃ ခုနှစ်တွင်သိမ်းယူခဲ့သည့်အချိန်မှစ၍ မြန်မာ့စီးပွားရေးတစ်ခုလုံး ချွတ်ခြုံကျခဲ့သည်။

အစိုးရသစ်တောဝန်ကြီးဌာန ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့် အသက် ၅၇ နှစ်အရွယ်ရှိ လယ်ယာမြေ အကျိုးဆောင်အဖွဲ့မှ ဦးရွှေသိန်းက “၁၉၉၀ တဝိုက် အစိုးရက ကမ္ဘာ့ဈေးကွက်သို့ စီးပွားရေးစနစ် ဖွင့်ပေးလိုက်ချိန်တွင် အထူး ဦးစားပေးခဲ့သည်မှာ လျင်လျင်မြန်မြန် တိုးတက်စေဖို့သာဖြစ်ပြီး အစားအသောက်လုံခြုံစိတ်ချရမှု မလုံလောက် ခဲ့ကြောင်း”ပြောကြားခဲ့သည်။ ရလဒ်အားဖြင့် အစိုးရသည် ၁၉၉၀ နှင့် ၂၀၁၂ ကြားတွင် ကြီးမားသော စိုက်ပျိုးရေး လုပ်ငန်း အတွက်ဖြစ်သော လယ်ယာမြေဧက သန်းပေါင်းများစွာကို ဦးစားပေးကာ ပေးပစ်ခဲ့ပါသည်။

ယခင်အစိုးရလက်ထက်တွင် လယ်သမားများ ယောင်တိယောင်ချာဖြစ်နေသော စိုက်ပျိုးရေး အခြေပြုနိုင်ငံကြီးမှ ပြည်သူများသည် အကူအညီအနည်းငယ်သာ ရယူနိုင်စွမ်းရှိသည်။ ၂၀၁၂ လယ်ယာမြေဥပဒေကို အရပ်သားအစိုးရက ပြဌာန်းပေးလိုက်ရာ လယ်သမားများနှင့် အခြားမြေသိမ်းခံရသူများအတွက် လျော်ကြေးများ ရယူနိုင်ရန် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာသည်။ သို့သော်လည်း ထိုကိစ္စမှာ အလွန်ရှုပ်ထွေးလှသည်။ လယ်သမားများအနေဖြင့် ၎င်းတို့သည် ဤမြေယာကို အမှန်တကယ် ပိုင်ဆိုင်အသုံးပြုခဲ့ကြောင်း စာရွက်စာတမ်း အထောက်အထားများ ပြရသည်။ စာရွက်စာတမ်းမရှိပါက တစ်ဦးတစ်ယောက်မှနေ၍ ၎င်းတို့ကို ထောက်ခံပေးရမည်ဖြစ်သည်။

“ဒါအလွန်ရှုပ်ထွေးတယ်။ စာရွက်စာတမ်းတွေ သိမ်းဆည်းရတာဟာ ကျွန်မတို့မှာထုံးစံမရှိဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဂျွန်လတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် မြေယာများကို တရားဝင်နည်းလမ်းဖြင့်မဟုတ်ဘဲ မည်သို့ လွှဲပြောင်း ပေးခဲ့သည်ဆိုသည်ကို စီစစ်ရန် လိုအပ်ကြောင်း သူမကပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ဝေလွင်က ပြီးခဲ့သည့်လ၌ တပ်မတော်အစိုးရလက်ထက်တွင် သိမ်းဆည်းထားခဲ့သော လယ်မြေဧက ၁၈၃၀၀ ကို ပြန်လည်ပေးအပ်မည်ဖြစ်သည်ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။ လူတိုင်းတော့စိတ်ကျေနပ်မှုမရနိုင်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ တရုတ်နှင့် မေးခွန်းထုတ်စရာဖြစ်နေသည့် စီမံကိန်းများနောက်ကွယ်တွင် မရေရာသော မြေယာ အခွင့်အရေး အပြောင်းအလဲများမှာ အခြားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ပိုင်ဆိုင်မှုများ လုံခြုံစိတ်ချရမှုအတွက် ရှုပ်ထွေး စရာ အချက်တစ်ခုဖြစ်သည်။

အရက်ဘက်အဖွဲ့များက နိုင်ငံခြားလုပ်ငန်းများသည် ဒေသခံများအား ခေါင်းပုံဖြတ်ကြလိမ့်မည်ဟူသော စိုးရိမ်မှုကို တင်ပြကြသည်။ ဒေသခံများကို ထိခိုက်စေမည့် ရည်ရွယ်ချက်မျိုး မရှိသည့် ကုမ္ပဏီများကိုပင် သမိုင်းပေးအသိအရ သံသယဖြင့်သာ ရှုမြင်ကြသည်။

ဦးရွှေသိန်းက နိုင်ငံခြားခရီးစဉ်များတွင် နိုင်ငံခြားကုမ္ပဏီများအား ၎င်းတို့ မြန်မာနိုင်ငံသို့ လာရောက်၍ စီးပွားရေး လုပ်ကိုင်ကြလျှင် မြန်မာနိုင်ငံသားတို့၏ အခွင့်အရေးကို လေးစားကြရန် ၎င်းအနေဖြင့် ပြောဆိုပါကြောင်း မှတ်ချက်ပြုသည်။

“တချိန်တည်းမှာ ကျွန်တော်တို့ဟာ အရင်အစိုးရလက်ထက်က လုပ်ပိုင်ခွင့်ရပြီး မြေယာများစွာကို ပိုင်ဆိုင်တဲ့ ဒီနိုင်ငံက ခရိုနီတွေကိုလည်း စိတ်ပူတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အချို့ကိစ္စများတွင် စီးပွားရေးသမားကြီးများက တုန့်ပြန်မှု အချို့ ပြုလုပ်ကြသည်။ မက်စ်မြန်မာအုပ်စုပိုင်ရှင် ဦးဇော်ဇော်ဆိုလျှင် ၎င်းပိုင်ဆိုင်သော အသုံးမပြုသည့် မြေယာများကို အစိုးရမှတဆင် ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

အဆိုပါကိစ္စရပ်သည် လွှတ်တော်တွင်း အငြင်းပွားစရာများ မြင့်တက်လာစေသော ကိစ္စလည်း ဖြစ်သည်။ အချို့ ဥပဒေပြုသူများက အစိုးရအား ပိုမိုလုပ်ဆောင်ရန်ဖိအားပေးကြသကဲ့သို့ စစ်တပ်မှ ရွေးချယ်ခန့်ထားသော အချို့ ကိုယ်စားလှယ် များကမူ ကန့်ကွက်ကြသည်။

မြေယာသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်ကဥပဒေပြုသူများအား “အမျိုးစုံသော အုပ်စုများက လယ်သမားများအား ဆန္ဒပြရန် အားပေးအားမြှောက်ပြုခြင်းဖြင့် ကိုယ်ကျိုးရှာနေကြသဖြင့် ၎င်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးသည် နိုင်ငံရေးအမြတ်ထုတ်ရန်၊မဲရရှိရန်အတွက် ယင်း(မြေယာပြဿနာ)ကို အသုံးချခြင်းမှ ရှောင်ရှားကြရန်”ပြီးခဲ့သည့် ရက်သတ္တပတ်က သတိပေးခဲ့ကြောင်း မြန်မာတိုင်းမ်တွင် ဖော်ပြခဲ့သည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.