09/03/13



ဦးဝင်းချိုနှင့် ရန်ပိုင်စိုး


၂.၉.၂၀၁၃ညနေ

ဦးဝင်းချိုနှင့် ကိုရန်ပိုင်စိုး တို့အား ၅၀၅/ခ နှင် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးထား၍ ယနေ့ နေ့လည်ခန့် က ကြိုတင်ကြေညာထားခြင်းမရှိပဲ လက်ထိပ်ခတ်၍ ပဲခူးမြို့နယ်တရားရုံးသို့ အရေးပေါ် ရုံးထုတ်ခဲ့ပါသည်။

ဦးဝင်ချို ၏ နိုင်ငံရေး အသိုင်းအ၀န်းမှကြိုတင် မသိရှိခဲ့သောကြောင့် လာရောက်ရန် ပျက်ကွက်ခဲ့သော်လည်း ဦးဝင်ချိုနှင့် လယ်သမားများအား လာရောက်အားပေးသော လူထုမှ လက်ခုပ်တီး၍ ထောက်ခံကြပါသည်။

လာရောက်အားပေးကြသော ပရိတ်သတ် ၁၀၀ ခန့်ရှိမည်ဟုခန့်မှန်းသိရှိရပါသည်။

တဦးကို ၅ မိနစ်ခန့်စီ စစ်ချက်ယူ၍ ၅. ၉. ၂၀၁၃ ရုံးပြန်ချိန်းပါသည်။ ဖမ်းဆီးခံရသူထဲ တွင် လယ်သမား သုံးဦးပါဝင်သည်၊ အဆိုပါလယ်သမားများကို ၅၀၅/ခ နှင့် ဖမ်းထားခြင်းမှာ သင့်လျော်မူ မရှိကြောင်း ရှေ့နေများအသိုင်းအ၀န်းမှ ဝေဖန်လျက်ရှိနေကြသည် ကို သတင်းရရှိပါသည်။


၂.၉.၂၀၁၃ နံနက်



လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို ၊ရန်ပိုင်စိုး နှင် လယ်သမား လေးဦးကို ၅၀၅/ခ ဖြင့် တရားစွဲဆိုထားပါသည်။ ၁၃ ရက်နေတွင် ပဲခူးတရားရုံးတွင် ရုံးထုတ်မည်ဖြစ်ပါသည်။ ယနေ့၉.၂.၂၀.၂၀၁၃ ရက်နေတွင် မိသားစု နှင့်တွေဆုံခွင့်ပေးပါမည်။ပဲခူးအကျဉ်းထောင်တွင် ယနေ့ ၈နာရီမှ ၁၁နာရီအတွင်းတွေ့ ဆုံခွင့်ရမည်ဖြစ်ပါသည် ။ ဦးဝင်းချို ၏ မိတ်ဆွေများ သွားရောက်တွေ့ဆုံနိုင်ရန် တင်ပြလိုက်ပါသည်။ သတင်းရင်းမြစ်မှာ ဦးဝင်ချို၏ဖုန်းကို ယာယီကိုင်ထားသူ ကိုမောင်မောင် ၀၉၇၃၂၀၆၈၃၈ ထံမှဖြစ်ပါသည်။ ဦးဝင်ချိုနှင့် လယ်သမားများလွတ်မြောက်ရေးသည် အပြင်တွင် ကျန်ရှိနေကြသော ကျနော်တို့ အားလုံး၏ တာဝန်ပင် ဖြစ်ပါသည်။

ကိုဧည့်သည်
ဖမ်းဆီးခံထားရတဲ့ ဦးဝင်းချိုအကြောင်း တစေ့တစောင်း


ဦးဝင်းချိုနဲ့ ကျွန်တော် စတင်ရင်းနှီးသိကျွမ်းခဲ့ခြင်းက ဦးဝင်းချို ၊ ကိုဝေဠု ၊ ဦးနေမျိုးဝေ ၊ ဒေါ်ဘောက်ဂျာ နှင့် ကိုအောင်မျိုးဦး အပါအ၀င် ဆန္ဒထုတ်ဖော်ခွင့် ဥပဒေရေးစွဲပေးဖို့ စတင်လှုပ်ရှားကြစဉ်က ဖြစ်ပါတယ်။ သူနေ ထိုင်ရာ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှာ ဆန္ဒပြဖို့ ခွင့်သွားတောင်းကြပါတယ်။ ရဲစခန်းက ခွင့်ပြုပေးဖို့ ဥပဒေမရှိ သေးဘူးလို့ ပြောတဲ့အခါမှာ မရှိသေးရင် ဥပဒေရေးစွဲပါ။ ဥပဒေမရေးစွဲရင် ဥပဒေရေးစွဲပေးရေး ဆန္ဒထုတ်ဖော် မယ်ဆိုပြီး သွားရောက်ပြောဆိုခဲ့ကြပါတယ်။ ကျွန်တော် မီဒီယာအနေနဲ့ သွားရောက်ခြင်းဖြစ်ပြီး သူတို့အချင်း ချင်း တိုင်ပင်တဲ့ကိစ္စကို သွားရောက် သတင်းရယူခဲ့ခြင်း ဖြစ်ပါတယ်။ ဦးဝင်းချို နှင့် လယ်သမား(၆)ယောက်ကို ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပုဒ်မ ၅၀၅(ခ) တပ်ပြီး ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းကြားပြီး အတော် စိတ်မကောင်းဖြစ်ရပါတယ်။

ဖွဲ့စည်းပုံပါ အခွင့်အရေးကို လက်ကိုင်ထားတဲ့ ၀င်းချို


ဦးဝင်းချိုဟာ ၂၀၁၀ ရွေးကောက်ပွဲ ဒလမြို့နယ် မဲဆန္ဒနယ်ကနေ တသီးပုဂ္ဂလအနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံရေးလောကကို စတင်ခြေချလာသူပါ။ ၈၈၈၈ လေးလုံး အရေးတော်ပုံကြီးမှာ သူဟာ နိုင်ငံ ရေးသမားတစ်ယောက် မဟုတ်ဘဲ သင်္ဘောသားတစ်ယောက် အနေနဲ့သာ ရှိနေပါသေးတယ်။ နိုင်ငံရေး အရှုပ်တော်ပုံတွေ ပြည်တွင်းမှာ ဖြစ်နေတဲ့အချိန် သူတို့သင်္ဘောသားတွေ ပြည်ပမှာ သောင်တင်နေပါတယ်။ အဲဒီအချိန်မှာ သင်္ဘောသားတွေကို ဦးဆောင်ပြီး ဌာနေပြန်နိုင်ရေး တောင်းဆိုရာကနေ အလုပ်ပြုတ်ခဲ့ပါတယ်။ သူနဲ့ စကားစပ်မိလို့ မေးမြန်းရာကနေ သိရှိထားတဲ့အချက် ဖြစ်ပါတယ်။ သီချင်းဆိုကောင်းသူ တစ်ယောက် ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်တဲ့ ဦးဝင်းချို နိုင်ငံရေး လောကထဲ ဘာကြောင့် ၀င်လာသလဲ။ ဘာကြောင့် ရဲရဲတင်းတင်း လှုပ်ရှားလာသလဲမေးရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီး ရှိနေလို့ပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြင်ဆင် ဖြည့်စွက်ရမယ့် အရာတွေ အများကြီးရှိတာက တစ်ကဏ္ဍ။ တည်ဆဲ ဖွဲ့စည်းပုံပါအခွင့်အရေး ကို ရရှိဖို့တော့ တောင်းဆိုရမယ်။ လှုပ်ရှားရမယ်ဆိုတဲ့ အသိနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို လက်ဆုပ်လက်ကိုင်ထားပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ ဆောင်ရွက်နေသူပါ။ သူ့ကို ဖွဲ့စည်းပုံနဲ့ မညီညွတ်တဲ့ အလုပ်လုပ်ဖို့ ခိုင်းကြည့်ပါ။ သူငြင်းဆန်ပါလိမ့်မယ်။


ဝင်းချိုဘာတွေလုပ်ခဲ့သလဲ


ဦးဝင်းချိုဟာ လှိုင်သာယာ အတွင်းပဒံ ၊ အပြင်ပဒံက လယ်သမားတွေကိစ္စကို ကိုယ်စားလှယ်လွှဲစာ ရယူပြီး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ရက်ရှည်ဆန္ဒပြပွဲတွေကို စိတ်ရှည်ဇွဲသန် လုပ်ခဲ့ပါတယ်။ သူရဲ့ အဲဒီလို လုပ်ရပ်ကြောင့် ကိုဝေဠုနဲ့ သဘောထားကွဲလွဲတဲ့ အခြေအနေထိ ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်ကိုယ်တွေ့ပါပဲ။ လှိုင်သာယာ လယ်သမားတွေကို ဦးဝင်းချိုနဲ့ ကိုဝေဠုတို့ ဦးဆောင်ကြတဲ့နေရာမှာ ဒီလိုငုတ်တုတ်ထိုင် ဆန္ဒပြ နေလို့ ထူးခြားမလာရင် လှုပ်ရှားမှု တစ်ခုခုလုပ်မယ်လို့ ကိုဝေဠုက ပြောပါတယ်။ ဦးဝင်းချိုက မလုပ်ဘူးလို့ ငြင်းဆန်ပါတယ်။ ကိုဝေဠုဆန္ဒရှိတယ်ဆိုရင် လယ်သမားတွေရဲ့ သဘောထားရယူပြီး လုပ်နိုင်ပါတယ်။ ကျွန်တော် လက်ရှောင်ပါမယ်လို့ ဦးဝင်းချိုက ပြောပါတယ်။ ကိုဝေဠုရဲ့ သဘောထားကို ကျွန်တော်က ထောက်ခံပါတယ်။ ရက်ပေါင်း ၄၀ကျော်နီးပါးဆန္ဒပြ တောင်းခံနေပါလျှက် ဘယ်တာဝန်ရှိ ပုဂ္ဂိုလ်ကမှ အရေး တယူဖြေရှင်းပေးတာမျိုး မလုပ်တာဟာ ပြည်သူကို သက်သက်ညှင်းဆဲတာပဲ ဆိုတဲ့ အမြင်ကျွန်တော့်မှာ ရှိပါ တယ်။ ဒါကြောင့် ကိုဝေဠုကို ထောက်ခံတာပါ။

ဦးဝင်းချိုကတော့ နောင်တော်လေး ငါတို့တွေဟာ နှစ်ပေါင်း ၂၀ကျော် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာတွေကို လွယ်လွယ်နဲ့ အနိုင်လိုချင်လို့တော့ မဖြစ်ဘူး။ နိုင်လည်းမနိုင်ဘူး။ သူတို့က စနစ်တကျ ဖျက်ဆီးထားခဲ့တာ။ အခုလောက် လုပ်ပိုင်ခွင့်ရနေတာပဲ ကျေနပ်စရာလို့ ဖြေသိမ့်ပါတယ်။

ဒီ့အရင် မတိုင်ခင် သူရွေးကောက်ခံခဲ့တဲ့ ဒလမြို့နယ်ထဲမှာ သောက်သုံးရေး ရှားပါးမှုဖြစ်တဲ့အတွက် တတ်နိုင်သလောက် သွားရောက်ကူညီပေးခဲ့ပါတယ်။ နိုင်ငံတကာ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ ဒေသခံ ပြည်သူတွေ သောက်သုံးရေ ရရှိရေး လူရော ၊ စိတ်ပါ အလေးထား ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။

နောက်ပိုင်းမှာ သူ့ရဲ့လှုပ်ရှားမှုတွေကြောင့် ဟိုမှ သည်မှ လယ်သမားအရေးကိစ္စတွေ ကူညီဆောင် ရွက်ပေးဖို့ ဖိတ်ခေါ်လာကြပါတယ်။ အခု အဖမ်းခံရတဲ့ကိစ္စ ပဲခူးလယ်သမားတွေရဲ့ အရေး အပါအ၀င် ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်တပ်သိမ်း လယ်ယာမြေကိစ္စတွေအတွက် သတင်းစာရှင်း လင်းပွဲပုံစံမျိုး လုပ်ဖို့ မီဒီယာလူငယ်တွေကို စုစည်းပြီး သွားရောက်ကူညီပေးခဲ့သူပါ။

ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ ရန်ကုန်ကနေ လိုင်ဇာအထိ သူ့ကားနဲ့ လမ်းလျှောက်တဲ့အဖွဲ့တွေကို လိုက်ပါကူညီပေးခဲ့ပါတယ်။ အဲဒီဒေသက ရရှိတဲ့ ကျည်ဆန်တွေနဲ့ ဗုဒ္ဓဆင်းတု တစ်ဆူ ၊ ခရစ်ယန် လက်ဝါးကပ် တိုင် ထုလုပ်မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါသေးတယ်။ ပဲခူးလယ်သမားအရေးကိစ္စအတွက် ဆန္ဒထုတ်ဖော် ခွင့်ရဖို့ အကြိမ်ကြိမ် ကျိုးပမ်းခဲ့ပါတယ်။ ဆန္ဒပြခွင့် မပေးပါဘူး။ ဥပဒေနဲ့အညီဖြစ်ချင်လို့ ဥပဒေအရ ခွင့်တောင်း ပါလျှက် ခွင့်ပြုမိန့်မရရင် နိုင်ငံသားအခွင့်အရေးကို အပြည့်အ၀အသုံးချပြီး လှုပ်ရှားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က လည်း သူ့မှာရှိထားပြီးဖြစ်ပါတယ်။

သူဟာ သွားရေရာ နိုင်ငံရေး လှုပ်ရှားမှုတိုင်းကို သူကိုင်နေကြ ဖွဲ့စည်းပုံစာအုပ် အဟောင်းအနွမ်းကြီးကို ကိုင်ပြီး ပြည်သူတွေ ဖွဲ့စည်းပုံပါ အခွင့်အရေးတွေကို အသုံးချကြဖို့လည်း ဆော်သြတတ်ပါတယ်။ သူရဲ့လမ်း ပေါ်ထွက် ဆန္ဒပြမှုတွေကြောင့် သူတို့ကိုယ်တိုင် လှုပ်ရှားတောင်းဆိုထားတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေအရကိုပဲ ပုဒ်မ(၁၈)ကို အကြိမ်ကြိမ် ငြိစွန်းတယ်ဆိုတဲ့ စွဲချက်ပေါင်းက (၃၀)ကျော်ရှိပါ တယ်။ အဲဒီအမှုတွေကိုလည်း ကိုယ်တိုင်အာမခံ ရယူပြီး ရင်ဆိုင်နေပါတယ်။


အပြောတမျိုး အလုပ်တမျိုး ရန်သူ


ရန်သူမျိုးငါးပါးထဲမှာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ မင်းဆိုး ( ရေ ၊ မီး ၊ မင်းဆိုး ၊ မွေခံဆိုး ၊ သူခိုး ရန်ငါး) တွေရဲ့ အပြောတမျိုး အလုပ်တစ်မျိုးတွေက ယနေ့ထက်တိုင် ပေါ်ပေါ်ထင်ထင် ဖြစ်နေပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးနေပါတယ်ဆိုတဲ့ အစိုးရကြီးက နိုင်ငံရေး လှုပ်ရှားသူတွေကို ပုံစံပြောင်းပြီး ထောင်ထဲထည့်နေတာ အပြောနဲ့ အလုပ်ညီရဲ့လားလို့ မေးခွန်းထုတ်ရမယ့် အခြေအနေပါ။ အန်အယ်ဒီ အနေနဲ့ ကတော့ အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီအရေး အစဉ်မပျက်ဆောင် ရွက်ခဲ့လို့ အန်အယ်ဒီ ပါတီဝင်တွေဟာ နိုင်ငံရေးသမားအစစ်အမှန်တွေပါ။ ကြံ့ခိုင်ရေးပါတီဘက်ကို ပြန်ကြည့် ရင် နိုင်ငံရေးသမားမဟုတ်သူတွေကို အခွင့်အရေးတွေ ဗန်းပြပြီး စွဲသွင်းထားတာပါ။ နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ ကြံ့ခိုင်ရေးတကောင်မမြှီးကမှ ပြည်သူ့ဘက်က ရပ်တည်လှုပ်ရှားတယ်ဆိုတာမျိုး ယနေ့အချိန်ထိ မတွေ့ရသေး တာပါပဲ။

ပြောင်းလဲလာတဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အများပြည်သူကိစ္စ လမ်းပေါ်မှာ ဒုက္ခခံပြီး ဆန္ဒထုတ်ဖော် နေသူတွေဟာ အကြောင်းမရှိ အကြောင်းရှာပြီး အစိုးရကို အကြည်အညိုပျက်အောင် လုပ်နေတာ မဟုတ်တာ တော့ အသေအချာပါပဲ။ ပြည်သူတွေရဲ့ အခြေအနေမှန်ကို လူသိရှင်ကြားဖြစ်အောင် ဆောင်ရွက်ခြင်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အလေးထားဆောင်ရွက်ရမယ်ဆိုတာကို ပြသခြင်းပါ။

အခုတော့ ဖွဲ့စည်းပုံကြီး တကိုင်ကိုင်လုပ်နေတဲ့ ဦးဝင်းချိုလည်း နိုင်ငံရေးပုဒ်မနဲ့ ပဲခူးထောင်ထဲကို စွဲထည့်ခံထားရပါပြီ။ မနက်က သူ့ဖုန်းကို ဆက်ကြည့်လိုက်တဲ့အခါမှာ ပဲခူးက အကိုတစ်ယောက်ကိုင်ထား ပါတယ်။ ဆရာဦးဝင်းချိုတို့ဆီ သွားပြီး တွေ့ဖို့ရှိတယ်လို့ ပြောပါတယ်။ ဆရာရေ ကျွန်တော်ကတော့ ဖွဲ့စည်းပုံ မကျေပါဘူး။ ဖွဲ့စည်းပုံ ကျေလည်တဲ့ ဆရာဦးဝင်းချိုဆီက ဘာစကားများ ပါလာမလဲ။ အခုလို အများပြည်သူရဲ့ နစ်နာမှုအတွက် ဆန္ဒထုတ်ဖော် ပြောဆိုတာကို ပုဒ်မ(၅၀၅ - ခ) တပ်ပြီး ဆရာ့ကို ထောင်ထဲ ထည့်လိုက်တဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ဆရာ ဘယ်လိုသုံးသပ်မလဲ။

လယ်ယာမြေ အရေး ဖြေရှင်းဆောက်ရွက်မှုတွေ တိတိကျကျ လုပ်ဆောင်ခြင်း မရှိတဲ့ အစိုးရဟာ ဘယ်လို လှည့်ကွက်တွေကိုသုံးပြီး သူ့ပါတီအာဏာတည်မြဲရေး အသက်သွင်းမယ်ဆိုတာလည်း စောင့်ကြည့် နေရမယ့် အချိန်ဖြစ်ပါတယ်။ လယ်ယာမြေပြဿနာတွေက ယခုချိန်ထိတိုင် ဖြေရှင်းပေးလိမ့်နိုးနိုး မျှော်ကိုး နေရဆဲဖြစ်ပါတယ်။ သေချာတာကတော့ လယ်ယာမြေအရေးကိစ္စ ဆောင်ရွက်ကြသူတွေဟာ လယ်သမားတွေ ကို ငါ့ကို ထောက်ခံမှ ငါ့ပါတီဝင်မှ ကူညီမယ်ဆိုတဲ့ အပြောမျိုးတွေနဲ့ မက်လုံးပေးပြီး ဆောင်ရွက်ပေးခဲ့ကြတာ မဟုတ်ပါဘူး။ နိုင်ငံရေးမှာ ဖြေရှင်းပေးနိုင်မယ့် အာဏာတွေကို အပြည့်အ၀ဆုပ်ကိုင်ထားတဲ့ ကြံ့ခိုင်ရေးက တော့ ငါ့ပါတီဝင်မှ ငါတို့ကို မဲပေးမှ လယ်သမားတွေကို ကူညီမယ်ဆိုတဲ့ မျှော်လင့်ချက်ပေး မက်လုံးပေး မဲရယူ ဖို့ အချိန်စွဲနေလေရော့ သလား ……. လို့ …… လို့ …… လို့ ။

>နောင်တော်လေး (ဘိုကလေး)

http://kophyominwai.blogspot.jp/2013/09/blog-post.html?spref=tw

(2 September 2013 ရက်စွဲပါ Bangkok Post မှ Army remain a foreign policy power ကို ဘာသာပြန်သည်။)

မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများစွာ လုပ်ဆောင်လျှက်ရှိပါသည်။ နိုင်ငံရေးမြင်ကွင်းမှာ လျှင်မြန်စွာ ဖြေလျော့နေပါသည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ပါသည်။ ပြည်သူများဆန္ဒပြခြင်း၊ အလုပ်သမားများ ဆန္ဒပြခြင်းများကို တရားဝင်ဖြစ်စေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာလည်း လွှတ်တော်သို့ရွေးချယ်ခံရပြီး စစ်အစိုးရလွန် ဖွဲ့စည်းပုံကို အလုပ်သမားများပိုမိုပါဝင်အောင် လုပ်ဆောင်လာပါသည်။ အနောက်နိုင်ငံ၏ အရေးယူမှုများ ပိုမိုရုပ်သိမ်းလာခဲ့ပြီးနောက် ၂ နှစ်အတွင်း တရားဝင်သံတမန်ဆက်ဆံရေး အရေအတွက်သုံးဆခန့်မြင့်တက်လာပါသည်။

သို့သော် အသွင်ကူးပြောင်းရေးကာလ၏ အောင်မြင်မှုသည် တချိန်က အာဏာအားလုံး ပိုင်ဆိုင်ခဲ့သည့် တပ်မတော်က စစ်တန်းလျားသို့ တဖြည်းဖြည်းပြန်သွားပြီး မူဝါဒချမှတ်ရေးကို အလုပ်သမားသို့ပေးရန် ဆန္ဒပြင်းပြမှုရှိ မရှိအပေါ်တွင် များစွာမူတည်နေပါသည်။

လက်ရှိအသွင်ကူးပြောင်းရေးသည် ရုတ်တရက် တော်လှန်ရေးကြောင့် ပေါက်ပေါက်လာခြင်းမဟုတ်ဘဲ စစ်တပ်ကိုယ်၌က အိုင်ဒီယာအဖွဲ့စည်းတွေ ပြင်ဆင်ကြီးကြပ်ခဲ့ခြင်းဖြစ်ပါသည်။ တပ်မတော်သည် ၄င်းကူညီပုံဖော်ခဲ့သော စစ်အစိုးရလွန်အနေအထားတွင် ပါဝင်ပတ်သက်မှုရှိနေဆဲဖြစ်ပြီး နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ရန် တရားဝင် အခြေခံဥပဒေအရ ခွင့်ပြုထားသောအစိတ်အပိုင်း ဖြစ်နေဆဲဖြစ်ပါသည်။ လာမည့်ဆယ်စုနှစ်များတွင်လည်း မူဝါဒချမှတ်ရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံးတွင် အရေးပါသော သြဇာလွှမ်းမိုးနေဦးမည်ဖြစ်ပါသည်။

ပြင်ပမှစောင့်ကြည့်လေလာသူများ အသိအမှတ်ပြုရန် သတိလက်လွတ်ဖြစ်နေသော အဓိကသော့ချက်ကျသော ကိစ္စရပ်တစ်ခုမှာ မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုတွင် စစ်တပ်၏ဆက်လက်ပါဝင်နေမှု အခန်းကဏ္ဍကို ဖြစ်ပါသည်။ ပြင်ပကမ္ဘာသည် ယခင်ကတည်းက ယခုထိ ဗိုလ်ချုပ်ကြီးဟောင်းများ ယူနီဖောင်းဝတ်ထားသောပုဂ္ဂိုလ်များက တဆင့်သာ မြန်မာနိုင်ငံနှင့်ဆက်ဆံရာတွင် ကြုံတွေ့ကြရပါသည်။ နောက်တွင်လည်း ထိုသို့သာ ဆက်လက်ဆက်ဆံ နေရဦးမည်ဖြစ်ပါသည်။

အမျိုးသားလက်နက်ကို်င်တပ်ဖွဲ့များသည် နိုင်ငံ၏နိုင်ငံခြားရေးမူဝါဒများ၏ သဘာဝအစိတ်အပိုင်းများဖြစ်ပါသည်။ Carlvon Clausewitz ၏ အဆိုအမိန့်တွင် စစ်တပ်များက ကျွမ်းကျင်သည့်စစ်ပွဲများသည် ဆက်ဆံရေးကို(diplomacy) ကို လောဂျစ်နည်းကျစွာချဲထွင်ခြင်းဖြစ်သည်ဟု ဆိုထားပါသည်။ စစ်သားများသည်။ အကြမ်းဖက်မှုကိုထိန်းသိမ်းပြီး တိုင်းပြည်ကို ကာကွယ်သူများဖြစ်သည်နှင့်အညီ အရပ်သားရေးထက်စာလျှင် တိုင်းပြည်လုံခြုံရေးကိုသာ ပိုမို၍ ပူပန်မှုရှိမည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။ ထိုထက်ပို၍ ယနေ့နိုင်ငံတကာ နိုင်ငံရေးတွင် စစ်တပ်နှင့်မဆိုင်သော ကိစ္စရပ်များကြား နယ်ပယ်သတ်မှတ်မှုမှာ လွန်စွာတိတိကျကျ မသတ်မှတ်နိုင်တော့ကြောင်း သက်သေပြမှုများ ရှိလာပါသည်။ ထို့ကြောင့် နိုင်ငံတစ်ခု၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒများသည် စစ်သားများ၏ ကျယ်ပြန့်သော အကျိုးစီးပွားအတွင်းသို့ ပုံမှန်အခြေအနေတစ်ခုသဖွယ် သက်ဆင်းခဲ့ရတော့သည်။

မြန်မာတပ်မတော်သည် ထိုအတိုင်း အတိအကျ၎င်း၏ အခန်းကဏ္ဍကို အဓိပ္ပယ်ဖွင့်ဆိုခဲ့ပြီး တိုင်းပြည်၏ အကျိုးစီးပွားတစ်ခုလုံးကို အကာအကွယ်ပေးသည့် အုပ်ထိန်းသူအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ပါသည်။

အမျိုးသားလုံခြုံရေးဦးစားပေးမှုကို ရှေ့တန်းတင်လျှက် မြန်မာစစ်သားများသည် နိုင်ငံခြားရေးမူဝါဒတွင် ကျယ်ပြန့်သောကဏ္ဍမှ ထိန်းချုပ်လာခဲ့ကြပါသည်။ မြန်မာ့နိုင်ငံခြားရေး အုပ်ချုပ်မှုရေးရာများတွင် စစ်တပ်သည် ၄င်းတို့်၏ ကမ္ဘာကြီးအပေါ်အမြင်များကို ကာလရှည်ကြာကပင် အသက်သွင်းလာခဲ့ကြပါသည်။ ၂၀၁၁ အလွန် အသွင်ကူးပြောင်း ကာလတွင် အမျိုးသားလုံခြုံရေးကို မည်သည်များနှင့် ဖွဲ့စည်းမည်ဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် အခွင့်အလမ်းများ အတွက် စစ်တပ်အပေါ်တောင်းဆိုမှုများရှိသော်လည်း ယခင်အတိုင်းပင် စစ်တပ်က ပါဝင်လွှမ်းမိုးထားဦးမည်ဖြစ်ပါသည်။

အမှန်တကယ်ပင် စစ်အစိုးရအလွန် အသွင်ကူးပြောင်းရေးကာလကို ကျေးဇူးတင်ရမည်ဖြစ်ပါသည်။ ကျယ်ပြန့် သော လူမှုရေး၊ စီးပွားရေးနှင့် အချို့နိုင်ငံရေးကိစ္စရပ်များသည် ယခုအခါ တင်းကြပ်သည့် အမျိုးသားလုံခြုံရေးအောက်မှ လွတ်မြောက်သွားပုံရပါသည်။ အရပ်သားများပိုမိုကောင်းမွန်စွာ ခံစားမှုများရလာနိုင်ပြီး၊ စစ်တပ်ထိပ်တန်းခေါင်းဆောင်များ ကလည်း ယခုအခါ ပြန်လည်စဉ်းစားမှုများ ပြုလုပ်လာကြသည့်ပုံရှိပါသည်။ သို့သော် အထူးသဖြင့် အဖြေရှင်းရခက်သော တိုင်းရင်းသားပြဿနာမျိုးကဲ့သို့သော အခြားနိုင်ငံရေးကိစ္စရပ်များတွင်မူ ပါဝင်နေဦးမည်ဖြစ်ပါသည်။ ကာလရှည်ကြာကာ အမြစ်တွယ်နေသော အမျိုးသားရေးအလေးကဲမှုကြောင့် ပြင်ပမှအရာမှန်သမျှ သံသယဖြင့်ကြည့်ရှုခြင်း အလေ့အထမြန်မာ စစ်တပ်အီလစ်များကြားတွင် ရှိနေဆဲဖြစ်ပါသည်။

၂၀၀၈ခုနှစ် အခြေခံဥပဒေ၏ကျေးဇူးကြောင့် တပ်မတော်သည် ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်ရန် အစိတ်အပိုင်းတစ်ခုဖြစ်နေဆဲဖြစ်ပါသည်။ အခြေခံဥပဒေအရ အရေးကြီးသောဝန်ကြီးဌာနသုံးခုကို စစ်တပ်သို့ ပေးထား ရပါသည်။ ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာတို့ဖြစ်ပါသည်။ အဆိုပါသုံးခုသည် အမျိုးသားလုံခြုံရေးကို ဖွဲ့စည်းရာတွင် အရေးကြီးသော ကဏ္ဍသုံးခုမှာပါဝင်ပြီး အိမ်နီးချင်းများနှင့် ပြင်ပကမ္ဘာဆက်ဆံရေးကို အဓိပ္ပာယ်ဖွင့်ဆိုပေး ပါသည်။ နိုင်ငံခြားရေးဝန်ကြီးသည် ပွင့်လင်းမှုမရှိသော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် တစ်နေရာ ပါဝင်သည်။ ၄င်းအဖွဲ့သည် မူဝါဒလုပ်ဆောင်မှုများကို စောင့်ကြည့်သောအဖွဲ့ဟု စွပ်စွဲမှုများရှိသည်။ လွှတ်တော်များ၏ လေးပုံတစ်ပုံကိုလည်း စစ်တပ်ကိုယ်စားလှယ်များအတွက် ချန်ထားရပါသည်။ လွှတ်တော်သည် မူဝါဒများနှင့် အုပ်ချုပ်ရေး ကဏ္ဍ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်မှု၊ သြဇာလွမ်းမိုးမှုရှိလာသည့်အဖွဲ့ ဖြစ်လာသည်နှင့်အမျှ စစ်တပ်ကလည်း သြဇာအားကောင်းလာမည် ဖြစ်ပါသည်။ နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်ဆံရေး ထူထောင်ရာတွင် လွှတ်တော်၏ အတည်ပြုချက် လိုအပ်လာပါသည်။

စစ်အစိုးရလွန် တိုင်းပြည်တည်ဆောက်ပုံမှာ အရပ်သားကိုအမည်ခံ၍ လူအနည်းစုက နောက်ကွယ်မှ ကြိုးကိုင်နေသည့် ပုံသဏ္ဍာန်ရှိပါသည်။ ထို့ကြောင့် အရပ်သားများနှင့် သံတမန်စစ်စစ်များက နိုင်ခြားရေးမူဝါဒ ရေးဆွဲခြင်း လုပ်ငန်းမှာ မဖြစ်နိုင်သေးဘဲ အချိန်ယူရဦးမည်ဖြစ်ပါသည်။ သို့သော် ယခုမူ အရပ်သားရေးရာများကို ဖြေရှင်းပေးရန်နှင့် နိုင်ငံခြားရေးမူဝါဒများအပါအဝင် မူဝါဒရေးဆွဲမှုများကို လမ်းညွန်ရန် ရည်ရွယ်အသင့်ရှိနေပါသည်။

နိုင်ငံရေးပညာရှင်အများစုက ရုပ်သေးအစိုးရ သို့မဟုတ် စစ်တပ်အုပ်ထိန်းသူရှိသော တိုင်းပြည်တစ်ပြည်သည် အိမ်နီးချင်းများနှင့်သော်လည်းကောင်း၊ အခြားတိုင်းပြည်နှင့်သော်လည်းကောင်း စစ်ဖြစ်နေသည့် အခြေအနေရှိမနေတတ် ဟု ဆိုပါသည်။

လူတစ်စုက နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံတစ်ခုတွင် စည်းကမ်းများပြီး၊ သေချာစွာဂရုပြုသော နိုင်ငံ အချင်းချင်းကြား ဆက်ဆံရေးကို အကောင်အထည်ဖော်ရန် ဦးစားပေးပါသည်။ တခါတရံ စစ်တပ်၏ သီးသန့်ဖြစ်သော အနှစ်သာရကို ထိန်းသိမ်းရန်နှင့် ပြည်တွင်းလုပ်ငန်းဆောင်တာများတွင် ပြည်တွင်းနှင့် ပြည်ပ သို့မဟုတ် နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုများမရှိစေရန် ဝင်ရောက်စွက်ဖက်မှုနည်းသော ချဉ်းကပ်မှုနည်းလမ်းကို ပိုမိုရွေးချယ်ကြပါသည်။

ဤလမ်းကြောင်းမှာ မြန်မာကိုဦးတည်နေသော လမ်းကြောင်းဖြစ်ဖွယ်ရှိပါသည်။ မြန်မာနိုင်ငံ၏ မူဝါဒအဝန်း အဝိုင်းတွင် တရုတ်နှင့်အိန္ဒိယအပြင် လူဦးရေထူထပ်သော ဘင်္ဂလားဒေ့ရှ်၏ ရုတ်တရက်ကြီးမား နိုးထလာမှုများကို စိုးရိမ်မှုရှိနေပါသည်။ တစ်ချိန်တည်းတွင် အင်အားကြီးအနောက်နိုင်ငံများနှင့် အဆက်အသွယ်ဟောင်း ဂျပန်အပေါ်တွင် သဘောကျမှုများလည်း ရှိပါသည်။

မြန်မာနိုင်ငံသည် လာမည့်နှစ်များတွင် ပို၍ကြားနေပြီး အားလုံးညီတူညီမျှ ဆက်ဆံပြီး၊ တုန့်ပြန်မှုရှိသည့် နိုင်ငံခြားရေးမူဝါဒကိုလည်း ပြန်လည်ကျင့်သုံးဖွယ်ရှိသည်။ ပြင်ပကမ္ဘာနှင့် ပြန်လည်ဆက်ဆံရေးကို ကြိုဆိုသော်လည်း သံသယအနည်းငယ်ထားရှိဆက်ဆံမည် ဖြစ်ပါသည်။

တက်ကြွသည့်နိုင်ငံခြားရေးမူဝါဒတစ်ခုသည် အကယ်၍ ရန်လိုခြင်း သို့မဟုတ် စစ်အင်အားကြီးလိုခြင်းရှိပါက ဘက်ဂျက်အပေါ် သိသာသည့်သက်ရောက်မှုများရှိပါသည်။ ၄င်း၏ အိမ်နီးချင်းများသို့ တိုက်ရိုက်ခြိမ်းခြောက်မှု မရှိနိုင်သည့်အပြင် စစ်တပ်အတွက် အကောင်းဆုံးထင်ဟပ်နိုင်သည့် အယ်ဒိုရာဒို ( စိတ်ကူးယဉ် အင်အားကြီးနိုင်ငံ) အတွက် နောက်ဆုံးစစ်မျက်နှာဖွင့်ခြင်းလည်း မလုပ်နိုင်ပေ။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.