09/06/13


ထူးအိမ်သင်ဆုံးပြီးနောက် ကျနော်နဲ့မွန်းအောင် အောင်သူငြိမ်းရဲ့ မင်္ဂလာဆောင်ကျင်းပတဲ့ ဘုရားသုံးဆူ စမ်ခပူရီကို လာကြတဲ့အခါ ကျနော်တို့နှစ်ယောက် ဆိုင်ကယ်တစီးနဲ့ ကျနော်တို့ ၃ ယောက်ထိုင်ခဲ့ကြဖူးတဲ့ အဲဒီကျောက်ခုံနေရာလေးကို ပြန်သွားခဲ့ကြတော့ နေရာတွေအားလုံးဟာ လုံးဝပြောင်းလဲနေပါပြီ။ ကျောက်ခုံလေးလဲ မတွေ့တော့ပါဘူး၊

ထူးအိမ်သင်က ကျနော်ဘန်ကောက်တက်ခါနီး သူလဲ ငါပြန်ချင်ပြီကွာ...ဒီမှာ ငှက်ဖျားနဲ့ အစားအသောက်အဆင်မပြေတာနဲ့ မလွယ်ဘူး...ငါ့သူငယ်ချင်း ကိုကျောက်ခဲဆိုတာ မဲဆောက်မှာရှိတယ်၊ တကယ်လို့များ မင်းမဲဆောက်ဘက်ရောက်ခဲ့ရင် ငါ့ စာလေး ပေးပေးပါကွာဆိုပြီး ကိုကျောက်ခဲအတွက် အိပ်ဖွင့်ထားတဲ့ စာတစောင် ကျနော်နဲ့ လူကြုံပါးတယ်၊ အမှန်ကတော့ ပိုက်ဆံအကူအညီလှမ်းတောင်းတဲ့စာပါ၊ ကျနော်လဲ ငါရောက်ရင် စုံစမ်းပြီးပေးပေးပါ့မယ်လို့ ပြောခဲ့ပေမဲ့ ကျနော့်မှာ ဘန်ကောက်လဲမရောက်၊ မဲဆောက်ကိုဆို ဝေလာဝေး လမ်းတဝက်မှာတင် လတော်တော်ကြာအောင် ရွာလည်နေခဲ့တယ်။

ဒါမေပမဲ့ ထူးအိမ်သင်ကို မွန်းအောင်က သူ့စခန်းကိုခေါ်သွားခဲ့တယ်လို့ နောက်မှသိရတာပါ၊ နောက် ထူးအိမ်သင်က မွန်းအောင်နဲ့ အတူနေရင်း တော်လှန်ရေးသမိုင်းဝင်သီချင်းတပုဒ်ဖြစ်တဲ့ အရေးကြီးပြီ သီချင်းကို ရေးပေးခဲ့တာသိရတော့ သူ့အတွက်လေးစားဂုဏ်ယူမိပါတယ်၊ အဲဒီအချိန်တွေမှာ ကျနော်သူတို့နဲ့မရှိတဲ့အတွက် အသေးစိတ်ကျနော်မသိပါဘူး၊ နောက်မှ မွန်းအောင်ကိုဖုန်းဆက်ပြီးမေးကြည့်ပါဦးမယ်။

ကိုနေဝင်းတို့ အကြောင်းဘက်ပြန်ဆက်ရရင် ကိုနေဝင်းက သူရေးတဲ့ခွန်အားဖြည့်မိငယ် သီချင်းကို ခရမ်းပြာအဆောင် သူ့အခန်းမှာ သူဆိုတော့ သူ့စာသားထဲမှာ ရဲရင့်မှ ကျော်ဖြတ်သွား ဆိုတာပါတယ်၊ သူ့သီချင်းဆုံးတော့ ကိုရဲက ရဲရင့်ကကျော်သွားတော့ ကေသွယ်ရုံကိုရောက်မှာပေါ့ ဆိုပြီးကျနော့်ကိုလှမ်းကြည့်ပြီးပြောတယ်၊ ကိုနေဝင်းကတော့ ကိုရဲအကြောင်း သိပြီးသားဆိုတော့ ဘာမှ ပြန်မပြောဘူး၊ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှာက်မှာ ပန်းဆိုးတန်းဘက်ချမ်းရောက်တော့ ရဲရင့်ရုံ (အိန္ဒိယရုပ်ရှင်တွေပြတဲ့ရုံ)၊ သူ့ကိုကျော်သွားရင် ကေသွယ်ရုံ ရှိတာကိုး....ကိုရဲက အဲလို စကားအစ အန လေးတွေကောက်ကောက်ပြီး နောက်တတ်တယ်၊ ဒါကြောင့်သူက လူချစ်လူခင်များတယ်။

ကိုရဲနဲ့ ကျနော်ကအတွဲများတယ်၊ သူတခါတခါ အင်းစိန်ဘက်သွားရင် ကျနော့်ကို ခေါ်ခေါ်သွားတတ်တယ်၊ တခါသား ကျနော်တို့နှစ်ယောက် ကောင်းကောင်းနဲ့ အင်းစိန်က စံပ္ပါယ်ရုံလမ်းဘက်သွားကြတယ်၊ ကျနော်နဲ့ လမ်းမှာ ဟိုအကြောင်း ဒီအကြောင်းတွေပြောပြီးသွားကြတာပါပဲ၊ ညဘက်ကျ ကျနော်တို့နှစ်ယောက် အရက်အတူ သောက်ဖြစ်ကြတော့၊ အဲဒီမှာကိုရဲက ကျနော့ကိုရင်ဖွင့်တယ်၊ မိုင်ကျော်ခင်းရာ...ကိုယ် သူ့အပေါ် ဘယ်တော့မှ မေ့လို့မရဘူးကွာ...ဟိုး..အဝေးကနေကတဲက အလိုလိုရင်တွေခုန်နေတယ်၊ လမ်းမှာ သူနဲ့တွေ့ဖို့မဆိုထားနဲ့ အိမ်ထဲကို ပြန်ဝင်သွားတဲ့ သူ့ ခြေဖဝါးလေးတဖက်ပဲ ကိုယ်မြင်လိုက်၊ သူမှန်းကိုယ်သိတယ်၊ ရင်တွေအရမ်းခုန်တယ်၊ အဲဒီ လမ်းထဲကိုလျှောက်ရမှာ ကိုယ် မရဲဘူးကွာ...မရဲပေမဲ့သွားလဲသွားချင်တယ် လို့ ပြောတယ်၊ ကျနော်သိတယ်၊ ကျနော် ကိုရဲနဲ့ ညီအကိုလိုပေါင်းနေကြတာပဲဗျာ....သူအဲလိုရင်ဖွင့်တဲ့အချိန် ကျနော်တို့မှာ ဂစ်တာမပါဘူး၊ ပါရင် ကျနော်သူ့ကို ဘာသီချင်းတီးခိုင်းမယ်ထင်သလဲ...ဒွိဟစိတ်နဲ့ သုညမှာ၊ နောက်တပုဒ်က ကိုယ်မငိုတတ်တော့ဘူး...အဲဒီသီချင်းတွေက ကိုရဲရဲ့ သူ့ချစ်သူအလွမ်းသီချင်းတွေပါ၊ သူ့ရင်ဘတ်နဲ့ရေးခဲ့တာတွေ၊ အချစ်ဆိုတာ ပေါင်းရသည်ဖြစ်စေ၊ မပေါင်းရသည်ဖြစ်စေ ကိုယ်က အမြဲချစ်နေမှာပဲလေ၊ သူ့နာမည်က တိုးတိုး၊ ပြန်ကြည့် သူ့သီချင်းတွေမှာ တိုး ဆိုတဲ့စကားလုံးပါတာများတယ်၊ နောက်တခု ကိုရဲက ကိုတိုးအပေါ် သံယောဇဉ်ကြီးတဲ့အထဲ အဲဒါလဲပါတယ်၊ တကယ်တော့ ကိုရဲက သူ့ အပေါင်းအသင်းတွေအားလုံးကို သံယောဇဉ် ကြီးပါတယ်။ ကိုရဲ ရဲ့ ခဏခဏအဟောက်ခံရတာကတော့ ကိုဇော်ကြီး(ကိုဇော်မျိုးထွဋ်)၊ ကိုဇော်ကြီးအမေရိကားလာတော့ ကျနော့ကိုပြောတယ် ကိုရဲက ကျနော့်ဆိုရည်ရည်လည်လည်ကောတယ်ဗျာ...တဲ့၊ ကိုရဲက ချစ်လို့ ကောတာနေမှာပေါ့လို့....

နောက် သူက ငွေနဲ့ပါတ်သက်လို့ တပ်မက်မှုမရှိဘူး၊ မှတ်မိသေးတယ် သူ အမေရိကားလာခါနီး ကျနော်နဲ့ ဖုန်းပြောတော့ မိုင်ကျော်ခင်း ကိုယ်ကတော့ အမေရိကားကို လွယ်အိပ်တလုံးနဲ့ပဲ လာမှာနော်၊ ကျန်တာမိုင်ကျော်ခင်းတာဝန်ပဲ...လွယ်အိပ်နဲ့လာပြီး အပြန်ကျ အိပ်နဲ့လွယ်ပြန်မှာ...ကိုရဲနဲ့ စကားပြောရင် အဲလို၊ ကျနော်ကလည်း ဘယ်ရမလဲ ကိုရဲ ဒီမှာ လွယ်လွယ်နဲ့ အိပ်လို့ရမယ်ထင်သလား! မိတ်ဆက်မဲ့သူတွေ မက်ဆေ့ ပို့ထားတာနဲတာမဟုတ်ဘူးလို့....။

ကိုရဲ ကျနော့်ကိုပြောပြတာတခုရှိသေးတယ်၊ မင်းသား ကျော်ဟိန်းနဲ့ကိစ္စပါ၊ တခါသား သူ့ ငယ်သူငယ်ချင်းကျော်ဟိန်းက သူ့ကိုခေါ်တွေ့တယ်၊ ရဲကြီး ဒို့ ငယ်ငယ်တုန်းက ရထားသံလမ်းဘေးမှာ အတူပေခဲ့တေခဲ့ကြဖူးတယ်။ ခု ကိုယ်က နာမည်ကျော်မင်းသားကျော်ဟိန်းဖြစ်နေပြီ၊ ခု ကိုယ်က ရဲကြီးကို ခေါ်တွေ့တယ်၊ ရဲကြီးကိုယ့်ဆီလာရတယ်၊ ကိုယ် သီချင်းဆိုမလို့ ဒါကြောင့်ရဲကြီးကို ကိုယ်ဆိုမဲ့ သီချင်းတခွေစာအပ်မလို့၊ ရဲကြီးကိုယ့်ကိုရေးပေးပါ၊ ရေးရမဲ့သီချင်းတွေ ကိုယ်ရွေးထားပြီးသား...သံစဉ်ကရှိပြီးသားဆိုတော့ ရဲကြီးက စာသားသွင်းရုံပဲ၊ ကိုယ် ရဲကြီးတောင်းတဲ့ဈေး ကိုယ်ပေးမယ်၊ ကိုယ်တို့ သူငယ်ချင်းတွေပဲကွာ အိုကေမဟုတ်လား ဆိုပြီးကျော်ဟိန်းကပြောတယ်၊ ကိုရဲက ငါ မရေးပေးနိုင်ဘူးဖိုးကျော်၊ ငါ ကော်ပီသီချင်းဘယ်တော့မှ မရေးတော့ဘူးလို့ဆုံးဖြတ်ပြီးသား၊ ငွေမရှိပေမဲ့ ငွေရဘို့အတွက် အဲလိုရေးခိုင်းတိုင်း ငါမရေးဘူး၊ မင်းဆိုချင်ရင် ငါ ကိုယ်ပိုင်သံစဉ်သီချင်းတွေရှိတယ် လို့ ကိုရဲကပြောတော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေက ပေါက်ဖို့ မသေချာဘူး၊ ကမ္ဘာမှာပေါက်ပြီးသားသီချင်းတွေကိုပြန်ဆိုမှ ပရိသတ်ကလက်ခံမှာဆိုပြီးကျော်ဟိန်းက ပြန်ငြင်းတယ်၊ အဲဒီမှာတင်ပဲ သီချင်းကိစ္စပြတ်သွားတယ်၊ ဒါပေမဲ့ ကိုရဲကို ကျော်ဟိန်းက ကိုရဲသူ့ဆီက မပြန်ခင် ရဲကြီး အရင်တုန်းက ဒို့ဟာ ဘာမှမဟုတ်ကြပေမဲ့ ခုချိန်မှာ မင်းသူငယ်ချင်းဖိုးကျော်ဟာ ခု ကျော်ဟိန်းဖြစ်နေပြီ၊ တနေ့ကျရင် ရဲကြီးဟာလဲ ရဲလွင်ဆိုတဲ့ နံမည်ကြီးတယောက်အနေနဲ့ ကိုယ့်ကို ဟေ့ ဖိုးကျော် ငါ မင်းကိုတွေ့ချင်တယ်၊ ငါ့ဆီလာခဲ့အုန်းလို့ ခေါ်တာမျိုး ကိုယ်ကြားချင်တယ်ဆိုပြီးပြောခဲ့ဖူးတယ်၊ ကိုရဲက သူ့အနုပညာကို ဘယ်တော့မှ ငွေနဲ့ ရောင်းစားလုပ်စားတတ်တဲ့သူမှမဟုတ်ပဲ၊ ပြုံးပြုံးလေးပဲပြန်ခဲ့တာပါ၊ ခုအချိန်ပြန်တွေးကြည့်ပါ၊ ကျော်ဟိန်းကိုလည်း သူခေါ်စရာမလိုပါဘူး၊ ကိုရဲလွင်ဆိုတာခု ပြည်သူချစ်တဲ့ ပြည်သူ့ဘက်တော်သား၊ လူထုချစ်တဲ့ လူထုဘက်တော်သားဖြစ်နေပြီလေ၊ ဒါတွေကို ကိုရဲ တမင်ဖန်တီးယူခဲ့တာမှမဟုတ်ပဲ၊ လူထုက ကိုရဲအပေါ် သူတို့ဖါသာသူတို့ မေတ္တာတုန့်ပြန်ခဲ့ကြတာပဲ။

ကိုရဲရဲ့ ညီမအငယ်ဆုံး မမေမေပြုံး မနှစ်က အမေရိကားလာတော့ ကျနော်တို့ ကျော်စွာသန့်၊ ချောအိသိန်းတို့ရဲ့ art@apt မှာဆုံကြတယ်၊ မမေမေပြုံးက ဘာပြောလဲဆိုတော့ ကိုလေးနဲ့ အပြင်သွားရင် တက္ကစီသမားတွေက ဈေးလျှော့သလားမမေးနဲ့ တခါတခါ အလကားတောင်လိုက်ပို့ပေးတယ်၊ ဒို့ချည်းပဲဆိုရင် အလကားဝေးစွ ဈေးတောင်လျှော့မပေးဘူး..ဟဲ့ မနေ့ကပဲ ငါတို့အကို ကိုရဲလွင်နဲ့ နင့်ကားစီးသေးတယ်လေလို့ပြောတော့ ကိုရဲကြီးက ကိုရဲကြီးပဲလေ အမတို့က အမတို့ပဲ မတူဘူး၊ ကျနော်တို့က ကိုရဲကြီးကို ချစ်လို့ လေးစားလို့ အမြဲကူညီတာလို့ ပြောပါသတဲ့ဗျာ....ပြည်သူကိုတကယ်ချစ်တဲ့သူတွေကို ပြည်သူတွေကလည်း တကယ်ပြန်ချစ်ကြတာပါ၊ ကူညီကြမှာပါ။

ကျနော်တို့ သမိုင်းဝင်းထဲက အင်ကြင်းဆောင်နောက်မှာ သီချင်းဆိုကြရင် မိုးရွာတဲ့ည ဆိုရင် အဆောင်တွေကူးတဲ့ စင်္ကြန်လမ်းအမိုးအောက်ကနေပဲ ဆိုကြတာ၊ မိုးမရွာတဲ့ ညတွေဆိုရင်တော့ စင်္ကြန်လမ်းအမိုးပေါ်တက်ဆိုကြတယ်၊ အမိုးပေါ်ဆိုရင် အင်ကြင်အဆောင်သူအခန်းတွေနဲ့ တော်တော်ကို နီးသွားတယ်၊ တခါတလေညတွေမှာ အဆောင်သူတွေ အခန်းမီးတွေမှိတ်၊ လုံးဝငြိမ်သက်နေရာကနေ ရုတ်တရက် သူတို့အချင်းချင်း စ ကြတဲ့ပုံစံမျိုး သူတို့ထဲက တယောက်ယောက်ကနေ အခန်းမီးရုတ်တရက်ဖွင့်ချလိုက်တဲ့အခါ၊ ဟား...အခန်းဝရံတာမှာ ကျောင်းသူတွေ တပြုံကြီး ထိုင်နေတဲ့ကျောင်းသူတွေ၊ တဖက်စောင်းလက်ထောက်ပြီး လှဲနေတဲ့သူ၊ အားပေးနေကြတာ..အားပေးနေကြတာ၊ အဲဒီအခါမျိုးဆို ဟေး...ဝေး.....ဝါး..ကနဲပေါ့ဗျာ၊ ရှက်ကိုးရှက်ကန်း အခန်းထဲ ဝုန်းဒိုင်းကြဲ ပြန်ဝင်ပြေးကြတာ..အဲဒီတုန်းက တက္ကသိုလ်ကျောင်းသားဘဝတွေပေါ့။

အဆောင်ကူးစင်္ကြန်လမ်းရဲ့ အမိုးပေါ်တက်ရတာလဲ လွယ်တယ်မထင်နဲ့၊ အမိုးကို လက်နှစ်ဘက်နဲ့ ခုန်လှမ်းပြီးချိတ်၊ ပြီးရင် အားနဲ့ ကိုယ့်ခန္ဓာကိုယ်ကို ခါးနဲ့ အမိုးနဲ့တတန်းထဲကျအောင်ဆွဲတင်၊ ပြီးမှ ခြေထောက်တဖက်ကို အမိုးပေါ်လှမ်းမြှောက်ကုတ်တက်ရတာ၊ ကျနော့အထင် အမိုးက ၆ ပေခွဲတော့ရှိမယ်၊ အမိုးပေါ်ကပြန်ဆင်းရင်လဲ အဲလိုတဆင့်ချင်းပြန်ဆင်းရတာ။ အမိုးပေါ် ဘယ်တော့မှမတက်ပဲ စင်္ကြန်အမိုးအောက်မှာပဲ သီချင်းဆိုတာကတော့ မိုးကျော်။

အဲဒီညတွေတုန်းကဆို အမိုးပေါ်မှာ ကိုတိုး၊ ကိုရဲ အမြဲပါပဲ။ ကိုအုန်းမြင့်(ရီဇော်) ကလဲ အသံတော်တော်ကောင်းတယ်၊ တချို့သီချင်းတွေ သူဆိုရင် ကျနော်တို့ အားလုံးလိုက်မအော်ကြတော့ဘူး၊ သူ့အသံပဲနားထောင်ကြတယ်၊ ကိုတိုး၊ ကိုရဲ၊ ကိုမောင်၊ ကိုနေဝင်းတို့ဆိုရင်လဲ လိုက်မအော်ဘူး၊ ဘာလို့ဆို သူတို့အသံပဲ နားထောင်ချင်တာကိုး၊ ကိုအုန်းမြင့်ရဲ့ညီအငယ်ဆုံးက ကိုထွန်းလင်း၊ ဂစ်တာတီးကောင်းတယ်၊ ကိုအုန်းမြင့်ဆိုတဲ့သီချင်းထဲမှာ ဆရာစိုင်းခမ်းလိပ်ရေးပြီး စိုင်းဆိုင်မောဝ်ဆိုတဲ့ (ခေါင်းစဉ်တော့မမှတ်မိဘူး) မှတ်မိတဲ့ စာသားတွေက

လွယ်အိပ်ကလေး ပုခုံးမှာလွယ်

အမေ့သမီးလေး ကျောင်းသွားမယ်...

မှုံနံ့သာလေး ပါးမှာခြယ် အဖေ့သမီးလေး ကျောင်းတက်မယ်

သူများလို ကားမစီးရတောင် စက်ဘီးလေးနဲ့ မြန်ပါတယ် ကွယ်

ဝ လုံးလေး ဝိုင်းဝိုင်းရေးကာ ဆရာပြောစကားလဲ နားထောင်ကွယ်။



ရွှေလင်ပန်း ထမင်းဆီဆမ်း လမင်းကြီးဆုချမယ်တဲ့

အဖေ့ထက်တော်အောင်ကြိုးစားပါအငယ်လေး

အမေ့ထက်တော်အောင်ကြိုးစားပါအငယ်လေး

မပျင်းနဲ့ အငယ်လေး..ကျောင်းမဝေးပါဘူး တံတားထိပ်တင်..



..(သူများလို ကားမစီးရတောင် စက်ဘီးလေးနဲ့ မြန်ပါတယ် ကွယ် အဲဒီစာကြောင်းကျတော့ ကျနော်တို့က အဆောင်သူမရွှေချောများအတွက် စာသားပြောင်းဆိုတယ်)

သူများလို ကားမစီးရတောင် ဒတ်ဆန်းကားလေးနဲ့မြန်ပါတယ်ကွယ် (အဲဒီတုန်းက အမြန်ဒတ်ဆန်းကားတွေ ပြေးတယ် အင်းစိန်-ဆူးလေ နံပါတ် ၄၈၊ ဘယ်စီးစီး တယောက် ၁ ကျပ်၊ နောက် မင်္ဂလာဒုံ ဆူးလေ ပြေးတဲ့ ဟီးနိုးကား နံပါတ် ၉ အဝါ၊ ကျားနဲ့ မ ကို အလယ်ခေါင်မှာ သံဇကာခြားပြီးစီးရတဲ့ကား၊၊ ဒါပေမဲ့ ဟီးနိုး နံပါတ် ၉ အဝါက အင်ကြင်းဆောင်တွေဘက်မသွားဘူး၊ RC2 ကျောင်းဝင်းထဲမှတ်တိုင်ကနေကဲ ပြန်ကွေ့တာ၊ နောက်သံဇကာမခြားတဲ့ ၉ အဝါ ကျောင်းကားဟီးနိုးအကြီးတွေကျတော့ ကျောင်းနဲ့ဆူးလေ၊ သူက ဆူးလေနဲ့ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေ အင်ကြင်း၊ ကံ့ကော်၊ ဂန္ဓမာ၊ တက္ကသိုလ် အားကစားရုံ၊ ယောင်္ကျားလေးအဆောင်တွေဖြစ်တဲ့ အုန်းတော၊ ပင်လုံဆောင်တွေဘက်ပါတ်ပြီး RC2 နောက်ဘက်က ပတ္တမြားအဆောင်ကနေပြန်ကွေ့တယ်)

မပျင်းနဲ့ အငယ်လေး..ကျောင်းမဝေးပါဘူး တံတားထိပ်တင်..ကျတော့ ကျနော်တို့က မရွှေချောများအတွက် ကျောင်းမဝေးပါဘူး ၄ မှတ်တိုင် (အင်ကြင်းဆောင်မှတ်တိုင်ကနေစရေရင် ဝိုင်ယာလက် (၆မိုင်ခွဲ) မှတ်တိုင်၊ စွပ်ကျယ်စက်မှတ်တိုင်၊ တံတားဖြူမှတ်တိုင်၊ ပြီးရင် မာလာဆောင် ဆိုတော့ကာ အင်ကြင်းက စ တာဆိုတော့ မာလာအထိ ၄မှတ်တိုင်လေ။

အဆောင်မှာ တီးပြီးလို့ အိမ်ပြန်ကြတော့မယ်ဆိုရင် ခင်ဝမ်းရဲ့ နှုတ်ဆက်ခဲ့ပါတယ်နဲ့ ပြန်နေကြပါ။

သားထွေးနဲ့ သူ့အကို ကိုချစ်ကို တို့ညီအကိုနှစ်ယောက်လဲ ညတိုင်းနီးပါးလာလာပြီးလက်သွေးကြတယ်၊ သူတို့ညီအကိုက ကီလီလမ်းကနေလာကြတာ၊ သူတို့အိမ်က ကျိုက်ထီးရိုးကားဂိတ်ဖွင့်ထားတာ၊ ကိုတိုး၊ ကိုမောင်၊ ကိုရဲတို့ ခရမ်းပြာအဆောင်မှာမနေခင်က သားထွေးတို့ အိမ်မှာ တည်းကြတာ။

ကိုချစ်ကိုက သူ့အသံ ဝါဝါကြီးနဲ့ အားရပါးရ ဆိုတတ်တာ တီးတတ်တာ၊ သူဆိုနေကျက နံမည်ပျက်လူဆိုး။

သားထွေးကလည်း သူစပ်ထားတဲ့သီချင်းတွေဆိုနေကျ၊ သားထွေးဆိုနေကျက သီချင်းတပုဒ်ပန်းတဆုပ်။

ကျနော်မိုးကျော်၊ ရာပြည့်တို့နဲ့သာတွဲနေပေမဲ့ (ကို) ခိုင်ထူးနဲ့ တခါမှ မဆုံခဲ့ဘူး၊ ခိုင်၊မိုး၊ပြည့် လို့ နာမည်ကြီးခဲ့ကြပေမဲ့ ကျနော်သူတို့နဲ့တွဲနေချိန် သူတို့နှစ်ယောက်လဲ ခိုင်ထူးနဲ့အဆက်အသွယ်ရှိကြပုံမျိုး မတွေ့ရဘူး။

တညသား ကိုရဲနဲ့ ကျနော် အင်ကြင်းနောက်မှာ ရှိနေကြတုန်း အရက်တော်တော်မူးလာတဲ့ ကျောင်းသားတချို့ နဲ့ ငြိကြရော၊ ပြသနာက ဘာရယ်မဟုတ်ပါဘူး၊ သူတို့ဖါသာ အသဲကွဲလို့ မူးလာကြတာကနေ ငါတို့က Eco ကွ ဘာ ညာ နဲ့ ရမ်းလာတာ၊ ကိုရဲက လဲ အေး ငါက RIT ကွ လို့ပြောလိုက်တာ...ခဏကြာတော့ ခုနက သူရဲကောင်းများ အုပ်လိုက်ပြန်လာကြပြီး ဟေ့ ဘယ်ကောင်လဲကွ RIT ကဆိုတာ ဆိုပြီး အော်လာကြတာ၊ ကိုရဲနဲ့ ကျနော့်ကို သူတို့ မမှတ်မိကြပါဘူး၊ တော်တော်မူးနေကြတာကိုး၊ အဲဒီသူတို့အသံကြားတော့ ဟိုဘက် ကံ့ကော်ဆောင်ဘက်မှာ ဂစ်တာတီးနေကြတဲ့ အုပ်စုက RIT ကကျောင်းသားတွေ၊ ချက်ချင်းထလာကြပြီး အေး RIT က ကွ မင်းတို့က ဘာလုပ်ချင်လဲ ဆိုပြီး RIT နဲ့ ECO အုပ်စုတွေ့ကြပါလေရော၊ ကျနော်လဲ ကိုရဲကို ကိုရဲ ငြိမ်ငြိမ်သာနေ၊ အမိုးပေါ်တက်နေရအောင်ဆိုပြီး နှစ်ယောက်သား တက်နေကျ အင်ကြင်းဆောင်နောက်က သင်္ကြန်အမိုးပေါ်တက်နေပြီးကြည့်လိုက်တော့၊ ကျောင်းသားတွေကလဲ ရန်မဖြစ်ကြပါဘူး၊ ကျောင်းသားချင်းကတော့ ဒီလိုမျိုးတွေရှိကြတာပါပဲ၊ နောက်ကျ လည်ပင်းဖက်ပေါင်းကြတာပါပဲ။

ကျနော်အမြဲအမှတ်ရနေတဲ့ညတညရှိတယ်၊ အင်ကြင်းဆောင်နောက်မှာ လသာတဲ့တည ၁၉၈ဝ ထဲမှာ၊ ကိုနေဝင်း၊ ကိုတိုး၊ ကိုမောင်၊ ကိုရဲ တို့အပြင် မိုးကျော်နဲ့အတူ ကိုဗစ်(ကိုဇာလျမ်း) လဲရောက်လာတဲ့ည၊ အဲဒီအချိန်မှာ ကိုနေဝင်းကလဲ မောင့်လပြည့်ဝန်းနဲ့ လူတော်တော်သိနေကြပြီ၊ ကိုမောင်ကလည်း အဉ္ဇလီမောင်မောင်လို့ နာမည်ရနေပြီ၊ ကိုတိုးက အဉ္ဇလီအတွက်ဂီတဉ္ဇလီ ခွေထွက်ပြီးစ၊ ကိုရဲကတော့ ဘေ့စ်ကိုရဲလွင်ကြီးဆိုပြီးသိနေကြတာ၊ မိုးကျော်က တေးမြုံငှက် ခိုင်ထူးမိုးကျော်၊ အဆောင်နောက်မှာ ဂစ်တာလာတီးကြတဲ့ ကျောင်းသားတွေက သူတို့မှန်းလဲသိရော သူတို့တီးမဲ့ ဂစ်တာတွေလာပေးကြတယ်၊ အကိုတို့ကို ခုလိုတွေ့ရတာအရမ်းဝမ်းသာတယ်ဗျာ၊ ကျနော်တို့ ဂစ်တာတွေယူတီးပါ၊ ကျနော်တို့ အခုလို ကြုံတုန်း အကိုတို့သီချင်းတွေ နားထောင်ချင်လို့ပါဆိုပြီး အားလုံး စင်္ကြန်အမိုးအောက်မှာ တန်းစီထိုင်လိုက်ကြတဲ့မြင်ကွင်းပါ....အဲဒီညက လွပ်လပ်တဲ့ သီချင်းသံတွေကလွဲလို့ တိတ်ဆိတ်စွာသံစဉ်တွေကြားထဲ ရစ်မူးကြတဲ့ညတညပါ။ ကျောင်းသားတွေက ကျောင်းညဈေးတန်းကနေ အားလုံးအတွက် လ္ဘက်ရည်နဲ့ မုန့်တွေပါ ဝယ်လာပြီး ဧည့်ဝတ်ပြုခဲ့ကြတာလဲ ချစ်စရာကျောင်းသားဘဝတခုပါပဲ၊ စည်းကမ်းရှိရှိဆိုကြ၊ တီးကြ၊ နားထောင်ကြတဲ့အဆောင်ကျောင်းသား၊ ကျောင်းသူတို့ရဲ့ လှပတဲ့ ညလေးတညပါ၊ အဲလို တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေရဲ့ အမှတ်တရတွေမျိုး နောက်မျိုးဆက်တွေအတွက် ပုံပြင်လိုဖြစ်ခဲ့ရတာကိုတော့ တော်တော်ဝမ်းနည်းရတယ်။



(မင်းကျော်ခိုင်)

ဆက်ပါဦးမည်




လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်ကို အထက်မြန်မာပြည် မကွေး မုံရွာနှင့် မန္တလေးမြို့များ၌ လှည့်လည်ပြသရာတွင် သက်ဆိုင်ရာမှ ပြသခွင့် ပါမစ်မပေးသော်လည်း မိမိတို့အနေဖြင့် ရပ်ရွာအခြေပြု လူမှုရေးအဖွဲ့များ၏ အကူအညီဖြင့် ပြသနိုင်ခဲ့ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောသည်။

“မကွေးမှာ ခရီးသွားရုပ်ရှင်ပွဲတော်ပြဖို့ ပါမစ်တင်တော့ ပြခွင့်ရမယ် မရဘူးဆိုတာ သေသေချာချာ မသိရဘူး။ ပြမယ့်ရက်က ၂၈ ရက် ၂၉ ရက် ညနေ ၆ နာရီကျမှ သက်ဆိုင်ရာက ပါမစ်ချမပေးဘူးဆိုတော့ ရုံပိုင်ရှင်ကလည်း မပြရဲဘူးပေါ့။ ဒါနဲ့ အဲဒီက လူမှုရေးအသင်းအဖွဲ့တွေရဲ့ အကူအညီနဲ့ပဲ လူ ၁၀၀၀ ကျော်ဆံ့တဲ့ ခန်းမတစ်ခုမှာ သွားပြရတယ်။ အဲဒီခန်းမပိုင်ရှင်ကလည်း လုပ်ရဲကိုင်ရဲတဲ့ သတ္တိရှိလို့ပေါ့။ အဲဒီမှာ သုံးပွဲစလုံး လူ ၁၀၀၀ နီးပါးလောက် လာရောက်အားပေးပါတယ်” ဟု ၄င်းက ပြောသည်။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်ကို မကွေး ၊ မုံရွာ ၊ မန္တလေး မြို့တို့တွင် လှည့်လည်ပြသခဲ့ရာ မုံရွာနှင့် မန္တလေးတွင်လည်း ပါမစ်မပေးကြောင်း သိရသည်။

“မုံရွာမှာလည်း ဒီအတိုင်းပဲ၊ မုံရွာမှာက သြဂုတ် ၃၁ ရက်ကပြတာ ၃၀ ရက်ညပိုင်းအထိ ပါမစ်မပေးဘူး။ မပေးလည်း ပြမယ်ဆိုပြီး မြစန္ဒာရုံမှာပြတယ်၊ မန္တလေးမှာကျတော့ မင်္ဂလာကုမ္ပဏီက ၀င်းလိုက်အဆင့်မြင့် ရုံကို ငှားပြီးပြဖို့ ခွင့်တောင်းပေမယ့် မင်္ဂလာ ကုမ္ပဏီက ဘာမှ အကြောင်းပြန်မလာတဲ့အတွက် ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးက ကိုဇော်မြင့်ရဲ့ နေပြည်တော်ရုံမှာပဲ ပြလိုက်မယ်” ဟု ၄င်းက ဆက်လက်ပြောကြားသည်။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်တွင် ဆင်ဆာကျပြီး ဇာတ်ကား ၄၅ ကားအနက် ၁၀ ကားကို မကွေး ၊ မုံရွာ ၊ မန္တလေး မြို့တွင် ပြသပေးခဲ့ရာ အောင်ဆန်းစုကြည်ဆုရ အကျဉ်းစံဘ၀၊ မင်းကိုနိုင်ဆုရ အဖြူန့အစိမ်း၊ မတ် ၁၃ ရက် ဆုရ စစ်တုရင်၊ Vaclar Havel Library ဆုရ ‘အခွင့်အရေး’ ၊ NBC ဆုရ ‘အိမ်အပြန်’ ဇာတ်ကားများအပါအ၀င် မှတ်တမ်းရုပ်ရှင်များ ဇာတ်လမ်းတိုရုပ်ရှင်များကို မန္တလေး နေပြည်တော် ရုပ်ရှင်ရုံတွင် မွန်းတည့် ၁၂ နာရီမှ ည ၈ နာရီထိ ပြသခဲ့ကြောင်း သိရသည်။

မန်းမောင်မောင်
မန္တလေး ၊ စက်တင်ဘာ ၁

[Venus News Weekly Vol 5, No.6, September, 2013, Thursday]

(Bangkok Post မှ 4 Sep 2013 ရက်စွဲပါ “Myanmar stock exchange running late” သတင်း ကို ဘာသာပြန်ဆို သည်။)

မြန်မာနိုင်ငံတွင် ၂၀၁၅ ၌ စတော့အိပ်ချိန်း စတင်ရေးကိစ္စသည် ဥပဒေဆိုင်ရာပုံစံ Legal framework ချမှတ်ရာတွင် နှောင့်နှေးခြင်းကြောင့် စီစဉ်ထားသည့်ထက် နောက်ကျနေကြောင်း စီမံကိန်းတွင် ကူညီ ပေးနေသော Janpan Exchange Group Inc မှအမှုဆောင် တစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၂၇ ရက် တိုကျိုတွင် ပြုလုပ်သော အင်တာဗျူးတွင် Japan Exchange မှအကြီးတန်းအမှု ဆောင်အရာရှိ ကိုအိချီဝိုမီယာဟာရာက “ကျွန်တော်တို့မှာ အချိန်မလောက်တဲ့ ဖိအားရှိနေပါတယ်။ ငွေရင်းငွေနှီးဈေး ကွက်ဥပဒေ အတည်ပြုတာ နောက်ကျလို့ စီမံကိန်း ကြန့်ကြာသွားပါပြီ။ စည်းကမ်း ထိမ်းသိမ်းရေးလိုဟာမျိုး ဆက်စပ်အဖွဲ့အစည်းတွေကို ဘယ်လောက်မြန်မြန်ဆန်ဆန် ဖွဲ့စည်းနိုင်မလဲ ဆိုတာက မြန်မာအစိုးရအပေါ်မှာ မူတည်နေပါတယ်”ဟု ပြောကြားပါသည်။

မြန်မာအာဏာပိုင်များသည် ဆယ်စုနှစ်ချီတံခါးပိတ်ထားမှုကို ဖွင့်လှစ်လိုက်ပြီးနောက် စတော့အိပ်ချိန်း ထူထောင်ရာတွင် အကူအညီရယူရန်အတွက် ဂျပန် Tokyo Stock Exchange Group နှင့် Daiwa Securities Group တို့ကို မနှစ်က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

စင်ကာပူ Institude of Southeast Asian Studies မှ သုတေသနပညာရှင် ဒေါ်မိုးသူဇာက “တစ်ခြား ခေတ်မှီ စီးပွားရေးတိုးတက်တဲ့ နိုင်ငံတွေလိုဘဲ မြန်မာနိုင်ငံမှာလည်း ကုမ္ပဏီ ငွေရင်းငွေနှီး ရရှိနိုင်ဖို့ အတွက် စတော့ဈေးကွက် ရှိဖို့လိုပါတယ်။ ကောင်းမယ်ထင်သလို သတ်မှတ်ထားတဲ့ စတော့ဈေးကွက် ရှိဖို့လိုပါတယ်။ ကောင်းမယ်ထင်သလို သတ်မှတ်ထားတဲ့နောက်ဆုံးရက်ကို အချိန်မှီဖို့ထက် ဆီလျှော်မှန်ကန်တဲ့ စည်းကမ်းပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာ အခြေခံအဆောက်အဦးစနစ်တွေ ခိုင်ခိုင်မာမာရှိဖို့က ပိုပြီးအရေးကြီးပါတယ်” ဟု မှတ်ချက်ပေးသည်။

စတော့အိပ်ချိန်းကို ဇူလိုင် ၃၁ ရက်တွင် သမ္မတဦးသိန်းစိန် ကလက်မှတ်ထိုးပေးလိုက်သည်။ စတော့အိပ်ချိန်းဈေးကွက် အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ လုပ်ကိုင်ခြင်းတို့ပါဝင်သော ၎င်းဥပဒေကို လွှတ်တော်က အတည်ပြုပေး ခဲ့သည်။

စီမံကိန်းကို ကူညီပေးနေသော Japan Exchange ကြီးကြပ်သူ မီယာဟာရာက “စတော့အိပ်ချိန်းဥပဒေ ကို ၂၀၁၃ နှစ်စတွင် အတည်ပြုနိုင်မည်ဟု မျှော်လင့်ထားခဲ့ကြောင်း၊ ယခုလို နှောင့်နှေးမှုကြောင့် စီမံကိန်းအကောင်အထည်ေ ဖ်ာရာတွင် တစ်နှစ်ခန့်အချိန် တိုတောင်းသွားကြောင်း ၊ လုပ်ငန်းအချိန်မှီပြီးစီးရန်အတွက် မိမိတို့ကုမ္ပဏီအနေဖြင့် အရာ အရာကြိုးပမ်းအားထုတ် လုပ်ကိုင် သွားမည်ဖြစ်ကြောင်း”ရှင်းလင်းပြောကြားထားသည်။

အင်္ဂါနေ့က တယ်လီဖုန်းအင်တာဗျူးတွင် မြန်မာနိုင်ငံ ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်က စတော့ အိပ်ချိန်း လည်ပတ်မည့်ပုံစံကို ချမှတ်ရန်အတွက် ဥပဒေအရ စည်းကမ်းပိုင်းဆိုင်ရာများကို ရေးဆွဲရဦးမည်ဟု ပြောကြား သည်။

သြဂုတ်လ ၂၃ ရက်က ညှိနှိုင်းဆွေးနွေးပွဲတွင် ဘဏ္ဍာရေးဒုဝန်ကြီးဦးမောင်မောင်သိမ်းက “စတော့အိပ်ချိန်း အတွက် အဆောက်အအုံနှင့် ဆော့ဝဲလ် ကဲ့သို့ အခြေခံအဆောက်အဦးစနစ်များကို နောက်နှစ်တွင် အစိုးရက စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ စတော့အိပ်ချိန်းကို ၂၀၁၅ တွင်စတင်နိုင်မည်ဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။

တိုကျိုအခြေစိုက် Japan Exchange နှင့် Daiwa သုတေသနဌာနနှစ်ဖွဲ့စလုံးက မြန်မာစတော့အိပ်ချိန်း အတွက် လုပ်ငန်းပိုင်းနှင့် အခြေခံအဆောက်အဦးစနစ်ပိုင်းဆိုင်ရာ အစီအစဉ်များအပါအဝင် ပုံစံချမှတ်မှုနှင့် ပတ်သက်နေ သည့် အစီရင်ခံစာများကို အပြီးသတ်ရေးသားပြီးစီပြီဖြစ်၍ မြန်မာအစိုးရထံ ယခုလအတွင်း တင်ပြကြလိမ့်မည်ဟု မစ္စတာမီယာဟာရာ က ပြောကြားသည်။

မြန်မာစတော့အိပ်ချိန်းဥပဒေတွင် နိုင်ငံခြားသားများအား ရောင်းဝယ်ခွင့်ပြုမှာလားဆိုသည်ကို ဖော်ပြ ထားခြင်းမရှိပေ။

Yangon chronicle


မြ၀တီ - မယ်ဆောက် ကုန်သွယ်မူဟာ ယခင်က ထုတ်ကုန်ရှိမှ သွင်းကုန်ခွင့်ပြုသော ကာလကတည်းက ချစ်ကြည်ရေးတံတားမှ တရားဝင်တင်သွင်းသော ကုန်ပစ္စည်းများကို ကားကြီး၊ ကားငယ် အမျိုးမျိုးဖြင့်ပြည်တွင်းသို့ တင်ပို့ပြီး တရားမ၀င် (အခွန်မဆောင်) ကုန်ပစ္စည်းများကို ဘေးဂိတ်အသီးသီးမှ တင်သွင်းခဲ့သည်။ ထိုအခွန်မဆောင်ကုန်ပစ္စည်းများကို ယာဉ်ငယ်များဖြင့် ကရင်၊ မွန်ပြည်နယ်များ သို့တင်ပို့ကြသည်။ တင်ပို့ပစ္စည်းများကို ယာဉ်အစီးရေ တစ်ထောင် ၀န်းကျင်ဖြင့် တရက်ခြားသယ်ဆောင်သည်ကို ယာဉ်စစ်ဆေးကွင်းတွင် ယာဉ်ထွက်ခွါခွင့်လတ်မှတ်အရေအတွက်အား ၄င်း၊ မထသ၊ ရဲတို့၏ ယာဉ်ထွက်ခွါခွင့် မှတ်တမ်းတို့အားကြည့်ရူခြင်း ဖြင့် အလွယ်တကူသိနိုင်ပါသည်။ ယခင်က ယာဉ်ငယ်များ အခွန်မဆောင်ရပါ။ သင့်တင့်သော ကုန်သည်လေးများအား တဆွဲတပိုးပုံစံဖြင့် ခွင့်ပြုခဲ့ပါသည်။

ယခုအခါ ဒုပြည်နယ်မှူးမြင့်ဇော် နှင့် ဗိုလ်ကြီးမျိုးကျော်ထွန်း နှင့် မျိုးညွှန့်အောင်တို့ လက်ထက်တွင် ဒုသမ္မတရဲ့ လမ်းညွှန်ချက်ဖြင့် ယာဉ်ကြီးယာဉ်ငယ်အားလုံး အခွန်ပေးဆောင်ရပါသည်။ ဘေးဂိတ်အသီးသီးမှ ၀င်လာသော ကုန်ပစ္စည်းများကိုလည်း အခွန်ဆောင်ရပါသည်။ ထို ဘေးဂိတ်မှ ၀င်လာသောကုန်ပစ္စည်းများကို အခွန်ဆောင်ရာတွင် တရားဝင်ဖြင့် ၀င်လာသော ကုန်ပစ္စည်းစာရင်းဖြင့် မိတ္တူကူး၍ ယာဉ်ငယ်များအခွန်ဆောင်ကြရပါသည်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် စတင်အခွန်ဆောင်ခဲ့ရာ ၄င်း သြဂုတ်လတွင်ပင်လျှင် အဆင်း - ၁၁ ကြိမ်ရှိရာ ၄င်းအတွက် အစိုးရ သို့ပေးသွင်းသောငွေပမာဏမှာ တိကျသော သတင်းအရ သိန်းနှစ်ရာကျော်ကျော် သာရှိလေသည်။ အကောက်ခွန်မှ ဆင်ခြေပေးနိုင်သောနည်းမှာ ခိုးလမ်း နှင့် ဘေးလမ်းသွားကားများကြောင့် ၀င်ငွေနည်းခြင်းဖြစ်သည်ဟုပြောနိုင်သော်လည်း၊ မထသ ကားအဆင်း စာရင်းကိုကြည့်ခြင်းအားဖြင့် ပုံမှန်ကားအရေအတွက်မှာ အစီးရေသုံးရာ အထက်ရှိကြောင်း မှတ်တမ်းများကိုကြည့်ရုံနှင့်သိနိုင်ပါသည်။ ယာဉ်ငယ်တစ်စီးကို ကုန်ပစ္စည်းအတွက်ပေးဆောင်ရသည့်အခွန်မှာ အနိမ့်ဆုံး ငါးသောင်း နှင့် တစ်သိန်းခွဲ အထိရှိရာ ဘဏ်သွင်းငွေမှာ တစ်ရက်တာ အခွန်ငွေခန့်သာ ရှိနေကြောင်းကို တွေ့ရှိသိရလေသောအခါ မြ၀တီ အကောက်ခွန် ၀န်ထမ်းများ၏ ကိုယ်ကျိုး အတ္တသည် လွန်စွာကြီးမားပြီး နိုင်ငံတော်အစိုးရ နှင့် ပြည်သူကြားတွင် လက်တစ်လုံးခြားလိမ်လည်ကာ နိုင်ငံတော်ကို သစ္စာဖောက်နေသူများအဖြစ် မှတ်ယူမိသည်။

ယာဉ်တစ်စီးခြင်းအပေါ်တွင် အကောက်ခွန် အဖွဲ့တစ်ဖွဲ့ကတည်းက ပေးရမည့်အခွန်ကိုဆုံးဖြတ်ကာ ခေါင်းပုံဖြတ်ရယူသောငွေပမာဏသည် တဆွဲတပိုးကုန်သည်လေးများမှ မျက်ရည်ကျပြီး ပေးရသော ငွေများပင်ဖြစ်လေသည်။

ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်က လာဘ်ပေးလာဘ်ယူမူကင်းရှင်းရေး၊ ဆင်းရဲသားတိုက်ဖျက်ရေး၊ ပြည်သူများ လူမူစီးပွားဖွံဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နေသည့်အချိန် တွင် မြ၀တီ အကောက်ခွန် အရာရှိမျာ လုပ်ရပ်သည် ပြဒါးတစ်လမ်း သံတစ်လမ်း ဆန့်ကျင်ဘက်ဖြစ်နေကြောင်းကို ရင်နင့်ဖွယ်ရာ တွေ့ရှိရပါသည်။

(ဆက်လက်တင်ပြပါမည်။)
ညိုမောင် နှင့် ဖြူပြာ ပူးပေါင်းရေးသားသည်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.