09/07/13


Video..Dvb
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်တိုင်းရင်းသားပါတီများ အပတ်စဉ် စနေနေ့တိုင်း ဒီချုပ်ရုံးတွင်တွေ့ဆုံ
ဆွေးနွေးကြရန် သဘောတူခဲ့ကြသည်ဟုပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်းကပြောသည်။

" အဖွဲ့ဝင် ၇ ဦးပါတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီကို ကျနော်တို့ မနေ့ကပဲ ဖွဲ့တယ် အဲ့ဒီကော်မတီနဲ့တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် ၂ ဦးစီ တွေ့ကြမယ် အပတ်စဉ် စနေနေ့တိုင်းမနက် ၁၀ နာရီမှာ ပုံမှန်တွေ့ပါမယ် " ဟု ဦးဥာဏ်ဝင်းကပြောသည်။ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ရ် ဆွေးနွေးကြရန်အတွက်တိုင်းရင်းသား
ပါတီ ၁၃ ခုကိုဖိတ်ကြားခဲ့သော်လည်း အချိန်အခက်အခဲကြောင့်ယနေ့ဆွေးနွေးပွဲသို့တိုင်းရင်းသားပါတီ ၆ ခုသာတက်ရောက်နိုင်ခဲ့ကြသည် ။

" ဒီနေ့တက်ရောက်လာတဲ့ပါတီတွေကတော့ အပတ်စဉ်ဆွေးနွေးပွဲတက်ဖို့ သဘောတူကြပါတယ်" ဟု ၄င်းကပြောသည်။ယနေ့ှေဆွးနွေးပွဲသို့တိုင်းရင်းသားပါတီများ
ဖြစ်ကြသော မွန်ဒီမိုကရေစီပါတီ ၊ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ၊ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် နှင့် ချင်းအမျိုးသားတိုးတက်ရေးပါတီ တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

ဘာမှ မဆွေးနွေးရသေးပါဘူး လာမဲ့ စနေနေ့မှာတော့ ဖွဲ့စည်းပုံကို ပြင်ဆင်မှာလား...အသစ်ပြန်လည်ရေးဆွဲမှာလား..ဆိုတာ ဆွေးနွေးကြမယ်ဟု ၄င်းက ပြောသည်။

KYL ( Popular Myanmar News Journal )
Photo..NLD

Miss Supranational 2013 ပြိုင်ပွဲဝင်ရန်အတွက် ရွေးချယ်အပြီး ခင်ဝင့်ဝါအား တွေ့ရစဉ် (Photo:Miss Supranational Myanmar facebook)

မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် Miss Supranational 2013 နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို Belarus နိုင်ငံ၊ Minsk မြို့၌ စက်တင်ဘာ ၆ ရက် (ယမန်နေ့) မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က စတင်ကျင်းပခဲ့ရာ စက်တင်ဘာ ၇ ရက်နံနက် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု အလှမယ် Miss Personality ဆု ရရှိထားသူ Mutya Datul က Miss Supranational 2013 ဆုကို ရရှိသွားခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါမှာ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာမှ အလှမယ် ၉၄ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြခြင်းဖြစ်ပြီး ၎င်းပြိုင်ပွဲတွင် ပထမဆုံး ယှဉ်ပြိုင်မှုအနေဖြင့် မြန်မာ့ရိုးရာ ၀တ်စုံဖြင့် ယှဉ်ပြိုင်ခဲ့ပြီး Swim Suit နှင့် ညနေခင်းဝတ်စုံတို့ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။

နောက်ဆုံးပြိုင်ပွဲ မစတင်မီ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သည့် Miss Internet ဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းဆုအတွက် အွန်လိုင်းမှတစ်ဆင့် တရားဝင် မဲပေးနိုင်ခြင်းကို စက်တင်ဘာ ၂ ရက်မှစတင်ခဲ့ပြီး စက်တင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီအထိ မဲပေးခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ မဲပေးရာတွင် အခမဲ့စနစ် မဟုတ်ဘဲ ၁၀ မဲလျှင် ငါးဒေါ်လာနှုန်းဖြင့် ၀ယ်ယူမဲပေးရခြင်း ဖြစ်သည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အွန်လိုင်းက ငွေပေးချေတဲ့ စနစ်ခေတ်မစားတော့ ဒီလောက်ထိ အားပေးလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ အခုလို နံပါတ် (၁) မဲအများဆုံးရပြီး မြန်မာကိုယ်စားပြု ဆုရတဲ့အတွက် ခင်ဝင့်ဝါနဲ့ထပ်တူ ၀မ်းသာပါတယ်'' ဟု Miss Supranational Myanmar Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ Miss Internet ဆုကို မြန်မာအလှမယ်သည် အွန်လိုင်းမှ မဲအရေအတွက် ၃၆၀၀ ဖြင့်ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ပြီး ဒုတိယမဲအများဆုံး ရရှိနေသည့် ထိုင်းအလှမယ်နှင့် မဲအရေအတွက် အပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် မြန်မာအလှမယ် ခင်ဝင့်ဝါသည် ရိုးရာဝတ်စုံ အနေဖြင့် ပျူခေတ်အ၀တ်အစားဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ၎င်းနောက်တွင် ရေကူးဝတ်စုံ၊ ညနေခင်း ၀တ်စုံတို့ဖြင့် အဆင့်ဆင့်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး စတင်ယှဉ်ပြိုင်ခဲ့သည့် နှစ်တွင်ပင် မြန်မာအလှမယ်သည် နောက်ဆုံးဆန်ခါတင် ၂၀ ဦးအဆင့်အထိ ရောက်ရှိခဲ့သည်။

မြန်မာအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သော Miss Internet ဆုအပြင် အွန်လိုင်းမှမဲပေးပြီး ပေးအပ်သည့် ဘီလာရုစ် ၀က်ဘ်ဆိုက်မှ ချီးမြှင့်သော Most Beautiful Girl in the World ဆု၊ Missosology မှ ချီးမြှင့်သော People Choice Award နှင့် Face of Miss Supranational 2013 ဆုများကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါမှာ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

အဆိုပါ Miss Supranational ပြိုင်ပွဲမှာ Miss Universe နှင့် Miss World ပြိုင်ပွဲတို့ပြီးလျှင် ကမ္ဘာ့တတိယ အကြီးဆုံး Miss ပြိုင်ပွဲကြီးဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် ပွဲဖြစ်ကြောင်း သိရသည်။

Eleven media group

(5 Sep 2013 ရက်စွဲပါ Global Post မှ Alexander Besant ရေးသားသော US consider imo reared military tier to Myanmar ကိုဘာသာပြန်ဆိုသည်)

အမေရိကန်သမ္မတ ဘားရက်အိုဘားမား အစိုးရသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းပြီးနောက် စစ်တပ်အပေါ်ကူညီမှုများ ပြန်လည်စတင်ရန်စဉ်းစားနေပါသည်။ အချို့ဥပဒေပြုအမတ်များကမှု မကျေနပ်ကြပေ။

အမေရိကန်သည် မြန်မာနိုင်ငံဆန္ဒပြသူများအပေါ် အစိုးရက ပြင်းထန်စွာနှိပ်ကွပ်မှုကြောင့် လွန်ခဲ့သော ၂၅ နှစ်ကတည်းက ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်သင်တန်းပေးမှုများကို ဖြတ်တောက်ခဲ့ပါသည်။ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းဝယ်မှုများလည်း ပိတ်ပင်ခဲ့ရာ၊ မြန်မာနိုင်ငံသည် စစ်တပ်ဆိုင်ရာ ဖြည့်ဆည်းမှုများအတွက် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့ထံ ဦးလှည့်ခဲ့ရပါသည်။

AP သတင်းဌာနက ပြောကြားရာတွင် ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်က မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးရန် လုပ်ဆောင်သော နောက်ဆုံးအချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်မှ အမတ်တစ်ချို့က မြန်မာစစ်တပ်၏ လူနည်းစုအုပ်စုများအပေါ် ကြမ်းတမ်းစွာ ဆက်ဆံနိုင်မည့် အလားအလာများနှင့် အစိုးရ ဖွဲ့စည်းပုံတွင် အာဏာဆက်လက်ဆုပ်ကိုင်ထားမှုအတွက် စိတ်ပျက်လျက်ရှိနေဆဲ ဖြစ်ပါသည်ဟု APက ပြောပါသည်။

အမေရိကန် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များသည် မကြာသေးမီက မြန်မာနိုင်ငံမှ ကာကွယ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပါသည်။ ဘရူးနိုင်းမှ ကွန်ဖရင့်တစ်ခုတွင် အမေရိကန်ကာကွယ်ရေး ၀န်ကြီး Chuck Hangelနှင့် မြန်မာနိုင်ငံမှ ဒုတိယဗိုလ်မှူးချုပ်ကြီး ဝေလွင်တို့ တွေ့ဆုံခဲ့ပါသည်။

၎င်းမှာ ဆယ်စုနှစ်နှစ်ခုအတွင်းအမေရိကန်-မြန်မာကာကွယ်ရေးဆိုင်ရာ ခေါင်းဆောင်များ ပထမဆုံးအကြိမ် နှစ်နိုင်ငံတွေ့ဆုံမှုဖြစ်သည်ဟု AP က ပြောပါသည်။

မြန်မာနိုင်ငံ၏ အရပ်သားစစ်သား စပ်ကြားအစိုးရတွင် စစ်တပ်ချင်းဆက်ဆံရေး ထူထောင်မှုသည် အရေးပါသည်ဟု အမေရိကန်က မျှော်လင့်လျက်ရှိပါသည်။

အမေရိကန်သည် မြန်မာနိုင်ငံအပေါ် တရုတ်ချုပ်ကိုင်မှုလျော့ကျလာချိန်တွင် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် ဆန္ဒရှိနေလိမ့်မည် ဖြစ်ပါသည်။

Yangon chronicle

ရွှေဝါရောင် တော်လှန်ရေးကြီးက ကမ္ဘာမှာရှိတဲ့ ပြည်သူအားလုံးကို တုန်လှုပ်စေခဲ့တယ်။
အစိုးရရဲ့စိတ်ဓာတ်ကို ကမ္ဘာကပိုပြီး သိထားတာထက် သိခွင့်ရခဲ့တယ် . . .
ရန်ကုန်၊ စက်တင်ဘာ ၎
ရွှေဝါရောင် သံဃာ့ အရေးတော်ပုံကြီးတွင်းမှ တောင်းဆိုသံများကြား အာဏာရှင် စစ်အစိုးရ၏ အကြမ်းဖက် ဖြိုခွဲမှုများ လွှမ်းခြုံ ခဲ့သော်လည်း စက်တင်ဘာ(၁၈)ရက်တွင် ကျရောက်သည့် ၆နှစ်ပြည့် အခမ်းအနားတိုင် ကြွေးကြော်သံများ အဆင့်ဆင့် လွှဲယူခဲ့ရာမှ ယနေ့ပြည်တွင်း ပြောင်းလဲမှုများ ထင်ရှားစွာ မတွေ့မြင်ရသေးကြောင်း ရဟန်းသံဃာ၊ ဆရာတော်များ၏ ဝေဖန်သုံးသပ်ချက်များကို စုစည်း၍ မြန်မာသံတော်ဆင့်မှ ရေးသား ဖော်ပြလိုက်ပါသည်။

ရွှေည၀ါဆရာတော်
ရွှေည၀ါဆရာတော်
ရွှေဝါရောင် တော်လှန်ရေးကြီးက ကမ္ဘာမှာရှိတဲ့ ပြည်သူအားလုံးကို တုန်လှုပ်စေခဲ့တယ်။ အစိုးရရဲ့ စိတ်ဓာတ်ကို ကမ္ဘာက ပိုပြီး သိထားတာထက် သိခွင့်ရခဲ့တယ်။ မြန်မာ့နိုင်ငံရေး တစ်ခါပြောင်းဖို့ ပြည်သူတွေ၊ သံဃာတော်တွေ အသက်တွေ၊ ဘ၀တွေ ပေးခဲ့ရတဲ့ သမိုင်းသင်ခန်းစာက ယနေ့ထိ ရှင်သန်နေဆဲပါ။ ရှစ်လေးလုံး၊ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးတော်ပုံတွေက မြန်မာ့နိုင်ငံရေးကို များစွာ ပြောင်းလဲစေခဲ့တယ်။ ရွှေဝါရောင် သံဃာ့အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ တပည့်တွေ လမ်းမ မထွက်ခင် သမိုင်းဆိုတာ ကိုယ်တိုင် ရေးရတာလို့ သြ၀ါဒပေးခဲ့တယ်။ ၂၀၀၇ မှာ သံဃာထုက (ပက္ကနိက္ကုဇ္ဇနကံ) ကိုင်ဆောင်ခဲ့တယ်။ ဆရာတော်ကြီးတွေ ကိုင်ဆောင်ခဲ့တဲ့ (ပက္ကနိက္ကုဇ္ဇနကံ) ကြီးက သံဃာ့ဆန္ဒပြမှု ဆိုရင်လည်း မမှားဘူး။ ဒါပေမဲ့ အဲဒီထဲမှာ ပါဝင်ခဲ့တဲ့ သံဃာခေါင်းဆောင် အချို့က အစိုးရနဲ့ သဘောတူညီမှုတွေ ရပြီး ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ခံရ တာတွေ ရှိခဲ့တယ်။ အဲဒါတွေ ပြန်ပြောရရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်တော့မယ်။ အဆိုးဆုံးကတော့ ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေကို တိရိစ္ဆာန် ဖမ်းသလို ဖမ်းပြီး ကားပေါ်တင်။ အချုပ်ထဲထည့်၊ လူဝတ်လဲ ထောင်ချ၊ ကျောင်းတွေ ပိတ်တာတွေ အကြီးအကျယ် လုပ်ခဲ့တယ်။ သူတို့လုပ်ရပ် သူတို့သိမှာပါ။ ဘယ်သူက အမိန့်ပေးတယ် ဆိုတာကို လက်ရှိ တာဝန်ရှိသူတွေ သိမှာပါ။ အဆိုးဆုံးက တာဝန်ယူမှု မရှိတာပါ။ ဥပမာ လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ဆိုရင်လည်း သံဃာထုကို အမိန့်ပေးဖို့ ခွင့်ပြုခဲ့တာ ဘယ်သူလဲ။ သူတို့ရဲ့ လုပ်ရပ်တွေကို ဘာကြောင့် သံဃာထုကို တောင်းပန် သလဲဆိုရင် သူတို့ ကိုယ်တိုင် သိပါတယ်။ တောင်းပန်တယ်ဆိုတာ မန္တလေး သံဃာထုက တောင်းဆိုလို့ ဖိအားပေးလို့ သူတို့ လုပ်ခဲ့ရတာပါ။

ဦးဝီရသူ(မစိုးရိမ်)
ဦးဝီရသူ(မစိုးရိမ်)
ဦးဇင်းက အဲဒီ ၂၀၀၇ သံဃာ့အရေး မဖြစ်ခင်ကတည်းက ထောင်ထဲ ရောက်နေပြီ။ သံဃာထုတွေ တောင်းဆိုခဲ့တာ အားရကျေနပ်ဖို့ ကောင်းပါတယ်။ ရွှေဝါရောင် ဆရာတော်တွေ ပေးဆပ်မှုကတော့ ထိုက်တန်တယ်။ အဲဒီ အသီးအပွင့်တွေကို ပြည်သူတွေ အငွေ့သာသာ လောက်တော့ ခံစားနေရပြီ။ ဒေါ်စုနဲ့ ဦးရွှေမန်း၊ ပြီးတော့ ဦးသိန်းစိန်တို့ သင့်တင့် မျှတစွာ ချစ်နေကြတာ ၂၀၀၇ ရဲ့ အရွေ့ ကြောင့်ပါ။ သူတို့က ပြည်သူလူထုနဲ့ သံဃာကို ဖြေရှင်းဖို့ ဆိုရင် စစ်တပ်ခေါ် သေနတ်နဲ့ ချိန်တဲ့ အလုပ်ကိုပဲ လုပ်တတ် သလားလို့ မေးချင်ခဲ့တယ်။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ပြန်သုံးသပ်ရမှာ ပြည်သူ တွေရဲ့ ဘ၀နေထိုင်မှု ကျပ်တည်း နေရင်တော့ တစ်ချိန်မဟုတ် တစ်ချိန် လူထုတွေ သံဃာတွေ လမ်းမ ပေါ် ရောက်လာကြဦးမှာ။ ဦးသိန်းစိန် အစိုးရက ပြည်သူတွေ ဘ၀လုံခြုံဖို့ဆိုရင် မိန့်ခွန်း ပြောလောက်ရုံနဲ့ မပြီးနိုင်သေးဘူး။ တကယ် လုပ်ပေးဖို့လည်း လိုအပ်တယ်။ မူတွေ ပြောင်းနေပေမယ့် လူတွေ မပြောင်းတော့ ရုန်းကန် နေရဦးမှာပါ။ ၂၀၀၇ မှာ သူတို့ရဲ့ လုပ်ရပ်တွေကို သူတို့ရဲ့ မျိုးဆက် တွေ မထိခိုက်ဖို့ သံဃာတော်တွေကို တောင်းပန်သင့်တယ်။ နောင်သံသရာတော့ မပါစေချင်ဘူး။ အခုလည်း (ပက္ကနိက္ကုဇ္ဇနကံ) ဆောင်ခဲ့တဲ့ လက်ရှိ ဆရာတော်တွေ ရှိသေးတယ်။ အင်းစိန်ရွာမ ဆရာတော်တို့၊ ရွှေဘုန်းပွင့် ဆရာတော်တို့၊ လှိုင်ဆရာတော်တို့တွေ သက်ရှိထင်ရှား ရှိသေးတယ်။ အစိုးရက အဲဒီ ဆရာတော်ကြီးတွေရဲ့ သြ၀ါဒကို ခံယူပြီး (ပက္ကနိက္ကုဇ္ဇနကံ)ကို ပြန်ပြီး ဖြေပေးသင့်တယ်။

ဦးစန္ဒာသီရိ (ရွှေဝါရောင်ဆရာတော်)
ဦးစန္ဒာသီရိ (ရွှေဝါရောင်ဆရာတော်)
သံဃာထု ကြွေးကြော်တောင်းဆိုခဲ့တဲ့ အာဏာရှင်စနစ် ပြုတ်ကျရေး တောင်းဆိုခဲ့တာ လက်ရှိ အချိန်မှာတော့ မရှိတော့ဘူး။ ဒါပေမဲ့ ဘောင်းဘီကနေ အရပ်ဝတ် ပြောင်းလိုက်တာ ပြောင်းလဲမှုတော့ ပြောလို့ ရတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကတော့ ယနေ့ထိ စစ်ဖြစ်နေဆဲပါ။ ယခု လက်ရှိမှာတော့ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ယောက် တရားဝင် တွေ့ဆုံခဲ့ တာ ၅ ကြိမ်ရှိပြီလို့ ပြည်သူတွေ သိထားကြပေမယ့် လူထု ကောင်းကျိုးကို ရေရာစွာ ချပြနိုင်တဲ့ တွေ့ဆုံမှုတော့ မဟုတ်သေးဘူး။ အခု ဒီမိုကရေစီ အင်အားစုတွေဆုံပြီး အဖြေရှာနေတာ သူတို့အာဏာ တည်မြဲရေး အတွက်ပါ။ ဒေါ်စုက ပြောခဲ့တာ ပြည်သူလူထု ကောင်းစားဖို့ သူကိုယ်တိုင် အသုံးချခံနိုင်တယ်လို့ ပြောထားတယ်။ သို့သော် တကယ် လက်တွေ့ဘ၀မှာ ဒေါ်စုက အသုံးချ ခံတာပဲရှိတယ်။ ပြည်သူလူထု အကျိုးစီးပွားရေး အတွက်တော့ မဟုတ်ဘူး။ ဦးဇင်းတို့ သံဃာထု တောင်းဆိုမှုတွေက ယနေ့ ၆နှစ် အချိန်ထိက တစ်ခုမှ မအောင်မြင်သေးဘူး။ အာဏာရှင်ရဲ့သဘော သဘာဝက အပြုတ် တိုက်နိုင်ရင်တိုက်၊ မတိုက်နိုင်ရင် သူတို့က ပြန်တိုက်မှာပါ။ ရွှေဝါရောင် တော်လှန်ရေးဟာ တိုင်းပြည်ရဲ့ အရွေ့ တစ်ခုဖြစ်ခဲ့တယ်။ ဒေါ်စုနဲ့ ဦးသိန်းစိန် တွေ့ဖို့ရယ် ပြီးတော့ စစ်ဝတ်ကနေ အရပ်ဝတ် ပြောင်းတာတွေက ရွှေဝါရောင်ရဲ့ အရွေ့တွေပါ။ သူတို့ ရဲ့ ပြောင်းလဲမှုတွေက ပြည်သူတွေပေါ်ကို တော့ ကောင်းသော အလားသဏ္ဌာန် သက်ရောက်မှု ယနေ့ထိ မရှိသေးဘူး။ သမ္မတကြီးနဲ့ ဒေါ်စု တွေ့ဆုံမှု ၅ ကြိမ်မှာ ပြည်သူလူထု သိစေရန် လူထုခေါင်းဆောင် ဒေါ်စုက ဘာမှ ထုတ်ပြန်ပေးခြင်း မရှိဘူး။ အရင် အကျယ်ချုပ်မှာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ သတင်းထုတ်ပြန်မှု မရှိတာ လက်ခံလို့ရတယ်။ သူကိုယ်တိုင် ဒီမိုကရေစီ ခေါင်းဆောင် လူထုခေါင်းဆောင်ပါလို့ ပြည်သူ တွေက တင်မြောက်ထားတဲ့ ဒေါ်စုက သတင်း ထုတ်ပြန်ခြင်းကို ကွယ်ဝှက်ထားတယ်။ ပြောချင်တာက အုပ်ချုပ်သူ ဘက်က မထုတ်ပြန်ပေးတာ နားလည်လို့ ရပေမယ့် ဒေါ်စု မထုတ်ပြန်ပေးတာကို နားလည် ပေးလို့မရဘူး။
အခုက ပြည်သူ့ခေါင်းဆောင်က အုပ်ချုပ်သူတွေနဲ့ တွေ့ဆုံတိုင်း သတင်း ထုတ်ပြန်မပေးတာ ပြည်သူလူထုနဲ့ တဖြည်းဖြည်း ကင်းကွာ လာနေပြီလားလို့ မြင်နေမိတယ်။ ယခု သံဃာထုတွေ တောင်းဆိုခဲ့တာ ဘာတစ်ခုမှ မအောင်မြင်ဘူး။ သံဃာတွေ ဆက်လက်ပြီး ဆောင်ရွက်သွားကြ ရဦးမှာပါ။ ဒေါ်စုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ခင်အထိ သူတို့ကို လူထုက ထောက်ခံဆဲ ဖြစ်တယ်။ ယနေ့ လွှတ်တော်ထဲ ရောက်တဲ့အခါ NLD ကို ယုံကြည်မှု လျော့လာနေပြီ။ သေချာတာ လူထု တောင်းဆိုခဲ့တာ ၂၀၀၈ ပြင်ဆင်ဖို့ အသံတွေ ပျောက်နေခဲ့တယ်။ ဒေါ်စုကိုယ်တိုင် အစမ်းသပ်ခံ ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင် ကိစ္စဆိုရင် ပြည်သူတွေက ယနေ့ထိ လက်မခံ နိုင်သေးဘူး။ ဒေါ်စု အဖြေရှာ ခဲ့တာကလည်း လက်ပံတောင်း ကိစ္စကို ပြေလည်စွာ လေ့လာမှု အားနည်းစွာ ဆုံးဖြတ်ခဲ့တာ မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် NLD လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်လာခဲ့တာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးရဲ့ အရွေ့ဆိုတာ လူတိုင်း အမှတ်ရ စေချင်တယ်။

ဦးဃောသိတ
ဦးဃောသိတ
သံဃာတွေက လူထုရဲ့ အခက်အခဲတွေကို မခံစားနိုင်တော့လို့ စစ်အစိုးရ ပြုတ်ကျဖို့ တောင်းဆို ခဲ့တယ်။ အေးငြိမ်းစွာ တောင်းဆိုတာကို ရက်စက်စွာ ဖြိုခွင်းခဲ့တယ်။ အဲဒီပြီးတော့ အစိုးရရဲ့ လုပ်ရပ်ကို ကမ္ဘာက သိခွင့်ရခဲ့တယ်။ သေချာ စဉ်းစားရင် အေးချမ်းစွာ တောင်းဆိုတာ တွေကို သူတို့ရဲ့ လုပ်ရပ်တွေက သူတို့ကိုယ်တိုင် အရှက်ရစရာပါ။ အဲဒီအချိန်က သံဃာထုကို ဖြိုခွင်းခဲ့တဲ့ ပုဂ္ဂိုလ်တွေက လက်ရှိ အစိုးရအဖွဲ့ဝင်ထဲမှာ များစွာ ပါဝင်နေတယ်။ သူတို့ကိုယ်တိုင် ဆရာတော်ကြီးတွေကို တရားဝင် တောင်းပန်သင့်တယ်။ လူဆိုတာက ကိုယ့်ရဲ့ လုပ်ရပ်ကို တာဝန်ယူရဲရမှာလေ။ လက်ရှိ နိုင်ငံရေးကတော့ အရင်ထက်စာရင် အနည်းငယ်လေးပဲ ပြောင်းလဲခဲ့တာပါ။ သူတို့က ၂၀၀၇ မှာ သံဃာတော်တွေကို ပြင်းထန်စွာ အရေးယူ အပြစ်ပေး၊ သင်္ကန်းချွတ်၊ လူဝတ်လဲတာတွေ လုပ်ခဲ့တယ်။ အဲဒီအချိန်က အစိုးရပိုင်းက တာဝန်ရှိသူတွေက သံဃာထုတွေကို ယနေ့ထိ ဆက်ဆံမှု မပြောင်းလဲ သေးဘူး။ ဥပမာဆိုရင် ကြေးနီစီမံကိန်း လုပ်ရပ်က သက်သေပါ။ ဒီမိုကရေစီ အစိုးရဆိုပေမယ့် သူတို့ရဲ့ လုပ်ရပ်ကို သူတို့ ကိုယ်တိုင် ယနေ့ထိ တာဝန်ခံမှု မရှိသေးဘူး။ အစိုးရက သူတို့ရဲ့ လုပ်ရပ်တွေကို ပြည်သူလူထု သိဖို့ ချပြတာ မရှိသေးဘူး။ ဦးဇင်းတို့ကတော့ ပြည်သူတွေရဲ့ ဘ၀ လိုအပ်ချက်တွေကို စောင့်ကြည့်နေပြီး လုပ်သင့်တာတွေကို ဆက်ပြီး ဆောင်ရွက်မှာပါ။

ဦးပညာတေဇ (ရွှေဝါရောင်ဆရာတော်)
ဦးပညာတေဇ (ရွှေဝါရောင်ဆရာတော်)
အစိုးရရဲ့ နိုင်ငံရေး အပြောင်းအလဲက မြေစမ်းနေဆဲပါ။ အဲဒီအချိန်က သံဃာထုတွေ တညီတည်း ပြုလုပ်ခဲ့တဲ့ (ပက္ကနိက္ကုဇ္ဇနကံ) ကံဆောင်ခဲ့တယ်။ အဲဒီကံရဲ့ သဘောက ကောင်းကျိုး၊ ဆိုးကျိုးတွေ များစွာရှိတယ်။ မြင်အပ်တဲ့ ကိစ္စတွေရော မမြင်အပ်တဲ့ ကိစ္စတွေရောပေါ့။ တိုင်းပြည်ရဲ့ အရွေ့မှာ (ပက္ကနိက္ကုဇ္ဇနကံ)ကို ဖြေပေးမှသာလျှင် တိုင်းပြည်အပေါ် အကျိုးသက်ရောက် နိုင်တယ်။ ဦးဇင်း တို့ကတော့ တိုင်းပြည်မှာ (ပက္ကနိက္ကုဇ္ဇနကံ) ထိုက်နေတယ်လို့ ထင်တယ်။ အဲဒါကို ဆောင်ချင်လို့ ဆောင်ခဲ့တာ မဟုတ်ဘူး။ တိုင်းပြည်ကို မှားယွင်းစွာ အုပ်ချုပ်ခဲ့တဲ့ စနစ်ကို သဘောမတူလို့ လူထုကိုယ် စား ကံဆောင်ခဲ့တာပါ။ အဲဒါကိုလည်း ဖြေပေးချင်နေပြီ။ သူတို့ကိုယ်တိုင် ဖြေပေးဖို့ လျှောက်ခဲ့ရင် ဖြေပေးမှာပေါ့။ သံဃာထု တောင်းဆိုခဲ့တဲ့ နိုင်ငံရေး အရွေ့ကတော့ ဒီမိုကရေစီ ရောင်ခြည် သန်းလာတယ်။ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံမှုတွေ လုပ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာခဲ့တယ်။ အားလုံးကတော့ ထိရောက်တဲ့ အရွေ့တော့ မဟုတ်သေးဘူး။

ဦးအဂ္ဂဓမ္မ(ငွေကြာယံစာသင်တိုက်)
ဦးအဂ္ဂဓမ္မ(ငွေကြာယံစာသင်တိုက်)
အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြီးတော့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ဆိုတာတွေ သိတာတွေ အစိုးရ ဆက်လုပ်ဆောင်လာပါတယ်။ အားလုံး တောင့်တောင့် ဆိုတာကတော့ ယနေ့ထိ မဖြစ်သေးဘူး။ သံဃာထုတွေ စုပေါင်းပြီး ဆက်လက် တောင်းဆိုမှုတွေ ပြုလုပ်ဦးမှာပါ။ နိုင်ငံတော် အစိုးရဲ့ အရွှေ့၊ ဒေါ်စုရဲ့ အရွေ့ကတော့ သိပ်ခရီးမပေါက် သေးပါဘူး။

မြန်မာသံတော်ဆင့်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.