09/15/13

လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရာတွင် ရိုက်ကူးရေးပိုင်း ကိစ္စရပ်အားလုံး အတွက် နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီများနှင့် အဖွဲ့အစည်းများကိုသာ ရွေးချယ်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေးမှူး ဦးဇော်သက်ထွေးက The Voice သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် ရုပ်ရှင်အတွက် ဇာတ်ညွှန်း ရေးသားမှုအပိုင်း အပြီးသတ်သွားပြီး အင်္ဂလိပ် version သို့ ပြောင်းရေးမည် ဖြစ်ကြောင်း၊ ကမ်းလှမ်းလာသော ပြည်ပကုမ္ပဏီများနှင့် ရိုက်ကူးမည့် ဒါရိုက်တာကို စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် နေရာအတွက် ရွေးချယ်ထားသော သရုပ်ဆောင်များသည်လည်း အင်္ဂလိပ်စာ သင်တန်းများ တက်ရောက်နေကြောင်း၊ ဦးဇော်သက်ထွေးက ဆိုသည်။

ရုပ်ရှင်ရိုက်ကူးပေးရန် ကမ်းလှမ်းထားသော ပြည်ပကုမ္ပဏီများ အများအပြား ရှိသော်လည်း မည်သည့်ကုမ္ပဏီ အဖွဲ့အစည်းနှင့် ရိုက်ကူးမည်ကို ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်မှ ပြန်လည် ရောက်ရှိချိန်တွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ရွေးချယ် ခံရသော ယင်းကုမ္ပဏီ အဖွဲ့အစည်းက ရုပ်ရှင်ရိုက်ကူးမှုတွင် အစအဆုံး တာဝန်ယူမည်ဖြစ်ပြီး လိုအပ်သည့် အချက်အလက် များကိုလည်း ပြန်လည် ဖြည့်စွက်ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း၊ ၎င်းတို့ လက်သို့ လွှဲပြောင်းချိန်မှစ၍ နိုင်ငံတကာ နည်းများနှင့် အဆင့်အတန်း မီသော ဗိုလ်ချုပ်ရုပ်ရှင်ကို ဖန်တီးမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ ရုပ်ရှင်နှင့် ရုပ်သံထုတ်လုပ်သူ နှစ်ဦးတို့သည် ဧပြီလ၂၃ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးမှုပိုင်းတွင် နည်းပညာများနှင့် ထုတ်လုပ်မှုပိုင်းတို့ကို ကူညီရန် လာရောက် ကမ်းလှမ်းခဲ့ကြသည်။

“သူတို့ဘက်ကတော့ ဒီရုပ်ရှင်ဇာတ်ကား ရိုက်ကူးတဲ့နေရာမှာ ထုတ်လုပ်မှုနဲ့ နည်းပညာပိုင်းအတွက် တတ်နိုင်သမျှ ကူညီပေးမယ် ပြောပါတယ်။ ကိုယ်တို့ဘက်ကလည်း ဇာတ်ညွှန်းပဲ ပြီးသေးပြီး ရိုက်ကူး ရေးတွေ မစရသေးဘူးဆိုတော့ ဘာလိုအပ်မယ်ဆိုတာ မသိသေးဘူးလေ။ အဲဒီတော့ လက်ရှိရုပ်ရှင်အတွက် ကိုယ်တို့ လုပ်ဆောင်ထားသမျှကို သူတို့နဲ့ ဆွေးနွေးကြတယ်။ သူတို့ နောက်တစ်ခေါက် ပြန်လာဦးမယ် ပြော တယ်” ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးမင်းထင်ကိုကိုကြီးက ပြောကြားသည်။

“အရင် ဇူလိုင်လက ဂျပန်ကို သွားပြီးတော့ ဗိုလ်ချုပ်ရုပ်ရှင်အတွက် သွားလေ့လာမယ့် ကိစ္စက ဆိုင်းငံ့ထားပါတယ်။ အဖွဲ့ဝင်တွေ အားလုံး ဂျပန်ကိုသွားရင် အကုန်အကျ အရမ်းများလို့ အဖွဲ့ဝင်တွေ ဆွေးနွေးပြီး မသွားဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ၎င်းက ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးမှုအတွက် ဗြိတိန်၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့ကလည်း အကူအညီများ ပေးရန် ကမ်းလှမ်းထားကြောင်း၊ သမိုင်းဆိုင်ရာ အထောက်အထား ပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နှင့် အိန္ဒိယနိုင်ငံတို့မှ အကူအညီ ယူပေးမည်ဟု ပြောကြား ထားကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် နေရာအတွက် သရုပ်ဆောင် အသစ်များကို ရွေးချယ်ထားသော်လည်း ဂဠုန်ဦးစော၊ ဦးနုနှင့် သခင်ဗဟိန်း နေရာတို့အတွက် အနုပညာ နယ်ပယ်မှ သရုပ်ဆောင်များကိုသာ ရွေးချယ်ရန် လျာထားကြောင်း၊ ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားကို ယခုနှစ် မကုန်ခင် ရိုက်ကူးသွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် ၁၀၀ ပြည့် မွေးနေ့ဖြစ်သော ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မတိုင်မီ ပြသနိုင်အောင် ကြိုးစားနေကြကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။
Credit to- The Voice Weekly.

ယခုအချိန်မှာ Microsoft အကောင့်အသုံးပြုသူများဟာ မိမိ၏ အကောင့် Security မြင့်မားဖို့အတွက် Password ကို 16 လုံးနှင့်အထက် ထားရှိဖို့ လိုအပ်ကြောင်း ပြောကြားထားပါတယ်။ Password များကိုလဲ လူတိုင်း ရှည်နိုင်သမျှရှည်အောင်နဲ့ ပိုမိုရှုပ်ထွေးတဲ့ Password များကို အသုံးပြုကြဖို့ ပြောကြားလိုက်ပါတယ်။

၎င်းကို Microsoft ပိုင် Outlook.com Team က Reddit ရဲ့ AMA session မှာ ပြောကြားထားတာဖြစ်ပြီး အောက်ပါအတိုင်း ဆက်လက်ရှင်းပြထားပါတယ်။ Password များကို 16 လုံး ထားရှိရန် ကန့်သတ်လိုက်ခြင်းအားဖြင့် user အကောင့်တွေကို ၀င်ရောက်ဖို့ကြိုးစားနေတဲ့ cybercriminals တွေကို တော်တော်လေး ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်လာလို့ပါ ပြောကြားထားပါတယ်။
ဒါကြောင့်မို့ Passwords များကို 16လုံးအနည်းဆုံးထားရှိဖို့ ကန့်သတ်ထားတယ်လို့ Microsoft Outlook Team ၏ အဖွဲဝင်တစ်ယောက်က ရှင်းပြထားပါတယ်။ ဒါပေမဲ့လဲ Phishing နဲ့ malware တွေကနေ Passwords ခိုးယူမှုက ရှိနေဆဲပဲလို့ ၄င်းက ဆက်လက်ပြောကြားသွားပါတယ်။

"Phishing, Malware ကိုက်ခံထားရတဲ့ စက်တွေ, မိမိ၏ Password ကို အခြားသော Site မှာ ပြန်သူတဲ့ သူတွေကိုတော့ ရှည်လျားသော Password ထားရှိခြင်းကူညီမှာမဟုတ်ပါဘူး။ ဒါပေမဲ့လဲ ကျွနှုပ်တို့ရဲ့ Research က Password ရှည်ရှည်ထားရှိခြင်းဟာ ပိုကောင်းတယ်လို့ တွေ့ရှိထားတဲ့ အတွက် ကျွနှုပ်တို့ ယခုနှစ်တွေမှာ Password Sixteen characters ထားရှိဖို့ လုပ်ထားခဲ့ပြီးပါပြီ။
ကျွနှုပ်တို့ဟာ အမြဲတမ်း Userတွေရဲ့ အကောင့်တွေကို ကာကွယ်ပေးသွားမှာပါ။ ထို့ပြင် hijackers နဲ့ spammers တွေရဲ့ ရန်ကနေပြီးတော့လဲ ကာကွယ်ဖို့ ဆက်လက် research အသစ်များပြုလုပ်နေပြီး Feature အသစ်များနဲ့ ကာကွယ်ပေးနေပါတယ်။ကျွနှုပ်တို့ ဒီကနေပြီးတော့ User[customer] များကို မကြာခဏPassword ပြောင်းလဲခြင်း၊ မိမိ၏ Password များကို အခြားသော Site များမှာ မတူညီအောင်ထားဖို့ တိုက်တန်းအကြံပြုလိုက်ရပါတယ်။" ဟု Microsoft က ပြောကြားပြီး နိဂုံချုပ်သွားခဲ့ပါတယ်။
Credit Link - http://www.techmilo.tk/2013/09/microsoft-password.html


Ref: Softpedia News
https://www.facebook.com/TechMilo >> Tech Milo [Miloboy Inc.] ဘာသာပြန်တင်ပြသည်။
http://www.amyokaungtarr.com/2013/09/microsoft-password.html

တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် ဟန်ချက်ပျက်စေခဲ့သော နိုင်ငံအတွင်း မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု ပဋိပက္ခများကို ၎င်းတစ်ဦးတည်း၏ အင်အားဖြင့် ရပ်တန့်ရန် မတက်နိုင်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့က ပိုလန်နိုင်ငံ ဝါဆောင်မြို့တွင် ပိုလန်သမ္မတဟောင်းနှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအတွင်း ဘာသာရေးအသွင်ဆောင်နေသော ပဋိပက္ခများကို ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရပ်တန့်အောင် ဆောင်ရွက်နိုင်ခြင်းမရှိမရှိ ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ တရားဥပဒေစိုးမိုးရေးကို ကျွန်မတို့လိုအပ်တယ်။ တရားဥပဒေစိုးမိုးမှုရှိမှသာ ကျွန်မတို့ပြည်သူတွေဟာ လုံခြုံမှုကို ခံစားနိုင်မယ်။ လုံခြုံစိတ်ချမှုကို ရရှိထားတဲ့ပြည်သူတွေသာလျှင် မတူညီတဲ့ လူမှုအဖွဲ့အစည်းအချင်းချင်းကြားက အပြန်အ လှန် ရင်းနှီးချစ်ခင်မှုတွေကို ပြန်လည်စတင်တည်ဆောက်နိုင်မယ်။ ဒီအချက်က ကျွန်မတို့ တိုင်းပြည်အတွက် အသင့်တော်ဆုံး ဆိုတာ အခိုင်အမာပြောလိုပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကစ၍ ရခိုင်ပြည်နယ်မှ စတင်ခဲ့သော ပဋိပက္ခများမှာ ယခုအချိန်ထိ ဆက်လက်ဖြစ်ပေါ်နေပြီး နေရာအနှံ့တွင်လည်း ဆူပှုမှုကို ဖြစ်ပေါ်စေသည့် ကောလဟာလများ၊ အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေသည့် အမုန်းတရား အခြေခံပြောဆိုမှုများ မကြာခဏဖြစ်ပေါ်နေကာ နိုင်ငံတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လူပေါင်း နှစ်ရာကျော် သေဆုံး ခဲ့ရပြီးဖြစ်သည်။

ကမ္ဘာ့နိုင်ငံအများစု၏ လေးစားမှုကိုရရှိထားပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ အတွက်ပေးအပ်သော နိုဗယ်ငြိမ်းချမ်းရေးဆုကိုလည်း ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သတ်၍ နှုတ်ဆိတ်နေခြင်း အပေါ် သတင်းထောက်အများစုက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်ကြောင်း (CAN) သတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဟန်ဂေရီနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားပြီး ဟန်ဂေရီနိုင်ငံ ဘူဒါပက်တက္ကသိုလ်တွင် “တော်လှန်ရေးမှသည် အမျိုးသားရင်ကြားစေ့ရေးသို့” ခေါင်းစဉ်ဖြင့် ဟောပြော သွားမည်ဖြစ်သည်။

yangon chronicle



( ပုံကြီး ကြည့်ပြီး လန့်သွားပြီလား ...ဟဲဟဲ ။ လူရှိန်အောင် ပါ )
  • အာဏာရနိုင်ငံရေးသမားတွေ ၊ ၀န်ကြီးချုပ် စတာတွေဟာ စီးပွားရေးပေါ်လစီသစ်တွေကို ဖော်ဆောင်လေ့ရှိကြတယ် ။ ( အင်း....စကတည်းက ပျင်းစရာတော့ ကောင်းပြီနဲ့ တူပါတယ် .....ဘာတွေ ပြောမလို့လဲ မသိဘူး ....၀ါး ။ )  နာမည်ကြီးနိုင်ငံရေးသမားများ ဖော်ဆောင်တဲ့ ပေါ်လစီတွေဟာ ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ  သူတို့နာမည်တွေနဲ့ ပူးတွဲပြီး ကျန်နေလေ့ ရှိတတ်တယ် ။ ဥပမာ သမ္မတကလင်တန် ဖော်ဆောင်ခဲ့တဲ့  economics  ပေါ်လစီတွေကို  Clintonomics  လို့ သမုတ်ကြပါတယ် ။ မာဂရက်သက်ချာရဲ့ free market  အခြေခံပေါ်လစီတွေကိုတော့ Thatcherite policies  လို့ ခေါ်ရုံတင်မကဘဲ  ၀ါဒတစ်ခု အနေနဲ့  Thatcherisim  လို့တောင် အမည်တွင်ကျန်ခဲ့သတဲ့ ။ အာဂမိန်းမနော် ......ကိုယ့်နာမည်ကြီးနဲ့  -ism  တစ်ခုကျန်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီး တဲ့.....ဘာမှတ်တုန်း  ။ သက်ချာနဲ့ သိပ်ကို အတိုင်အဖောက်ညီခဲ့တဲ့ အမေရိကန်သမ္မ ရော်နယ်ရေဂင်ရဲ့ မူဝါဒတွေကိုကျတော့ Regonomics  လို့ သမုတ်ကြပြန်ပါတယ် ။ အခုတခါ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေက ဂျပန်ကို စီးပွားရေးအကြပ်အတည်းထဲက ဆွဲထုတ်ရာမှာ သုံးနေတဲ့ ပေါ်လစီတွေကိုကျတော့   Abenomics  ပါတဲ့ ။ ဒီတော့ ဇာတ်လိုက်ကလေး '' အဘေ Abe '' က နိပွန်းပြည်ကြီးကို ကယ်တင်ဖို့ ဘာတွေ ကြံစည်မင်းလုပ်နေသလဲဆိုတာ တစွန်းတစ စပ်စုကြရအောင် ။

  • '' အဘေ Abe ''  က ဘာကို  ရည်မှန်းထားလဲ ဆိုတော့ အနှစ် (၂၀) လောက် '' တန့်'' နေတဲ့ ဂျပန်ရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ဖို့ တဲ့ ။ တန့်နေတယ် ဆိုတာ ဘာကိုပြောတာလဲဆိုတော့ ဂျပန်တွေမှာ ဈေးမ၀ယ်ချင်ကြတဲ့ ရောဂါထနေတယ် ၊ ဈေးဝယ်မယ် ဆိုရင် လက်တွန့်နေကြတယ် ။ နောက်လည်း ဈေးတွေ ကျဦးမှာဘဲ ဆိုတဲ့ အတွေးကြီးက လူတိုင်းမှာ စွဲကပ်နေတော့ ၀ယ်လိုအားတွေ ကျ ၊ ဒီတော့ ဈေးကွက်က အရှိန်အဟုန်နဲ့ ကောင်းကောင်းမလည် ပတ်နိုင် ၊ မလည်ပတ်နိုင်တော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေက လက်တွန့် ၊ ရင်းနှီးမယ့်လူတွေ လက်တွန့်တော့ ဈေးကွက်ကြီးက ခြောက်သွေ့နဲ့ ဂျာအေးကို သူ့အမေရိုက်နေတာ အနှစ် (၂၀ ) လောက်ရှိပြီ ဆိုဘဲ ။ ဒီတော့ ဈေးကွက်ကို '' ဆွ '' ဖို့ ဗျူဟာတွေ ချရတော့တာတာပေါ့ ...ပြောတော့လွယ်လိုက်တာအေ ။ ဈေးကွက်  ဆိုတာဂျီးကို ဘယ်လို ဆွမှာလဲ လင်းစမ်းပါဦး ။ 
  • ဟုတ်ကဲ့....'' အဘေ ''  က ပေါ်လစီ သုံးခု ချလိုက်တယ် ။ အဲဒီ ပေါ်လစီသုံးခုကို ဘေးကနေ စောင့်ကြည့်ဘုတော...အဲလေ ....ဝေဖန်သူတွေက သူ့နာမည်ကို အစွဲပြုပြီး  Abenomics  လို့ ခေါ်တယ် ။ Abenomics  ရဲ့ အဲဒီ ပေါ်လစီ သုံးခုကိုတော့ Three arrows  လို့ တင်စားကြတယ် ။ လာထား.....မြှားသုံးချောင်းနဲ့ ဇာတ်လိုက်ကလေးက ဘာကို ချိန်ထားသလဲ ကြည့်လိုက်ရအောင် ။


  • Abenomics  ရဲ့  '' မြှားသုံးချောင်း ''  လို့ ခေါ်ကြတဲ့ ပေါ်လစီသုံးခုကတော့
(၁)  monetary policy ( ငွေကြေးမူဝါဒ )
(၂)  fiscal stimulus  ( ဈေးကွက်ထဲ ငွေတွေ ရိုက်သွင်းပြီး ၀ယ်လိုအားကို ''ဆွ'' ခြင်း )
(၃) structural reforms ( အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲမှု ) .....အဲဒီ မြှားသုံးခုနဲ့ တို့ဇာတ်လိုက်ကလေး အဘေက ဂျပန်ရဲ့ စီးပွားရေးကို ကယ်တင်မယ် ဆိုဘဲ ။


( 1 )    Monetary Policy  ဆိုတာ ဘာကြီးတုန်း

  • ဘာကြီးမှ မဟုတ်ပါဘူးအေ ။ ဘဏ်မှာ ငွေအပ်ဖူးတယ် မဟုတ်လား ။ မြန်မာပြည်မှာ တချို့တွေဆို ဟိုးအရင်ကတည်းက ဘဏ်မှာ ငွေတွေ နင်းကန်အပ် ၊ အတိုးတွေ ထိုင်ထုတ်ပြီး အလုပ်မလုပ်ဘဲ နေနိုင်ကြတယ်လေ ။ အတိုးကလည်း ဘယ်မှာမှ မရတဲ့  ၁၃  ရာခိုင်နှုန်းတောင် မဟုတ်လား ။ အခုတော့ လျှော့ချဖို့ ပြင်နေပြီ ဆိုတော့ တချို့လည်း ချိတ်တွေ ညစ်နေကြတယ် တဲ့ ( အတိုးလေးနဲ့ ငြိမ့်လာတာကိုးလို့ ....ဟင့်..ခုတော့ )  ။
  • အဲလို ဗဟိုဘဏ်ကနေ အတိုးတွေကို တိုးလိုက် လျှော့လိုက် လုပ်တာဟာ  Monetary Policy  ဆိုတာကြီးထဲ ပါတာပေါ့ ။ တနည်းအားဖြင့် ပြောရရင် ဗဟိုဘဏ်ကနေ ဈေးကွက်ထဲမှာ ရှိမယ့် ငွေပမာဏကို ထိန်းချုပ်ထားတာ တဲ့ ။
  • စီးပွားရေးဆိုတာကြီးရဲ့ သဘောက သင်္ချာလို ဖော်မြူလာ ၊ အီကွေးရှင်းတွေ အတိအကျချရုံနဲ့ တိတိကျကျ အဖြေမထွက်တတ်ဘူး လို့ ကြားဖူးတယ် အေ့ ။ တသမတ်တည်း မနေဘူးပေါ့အေ ။ ဘာလို့လည်းဆိုတော့ လူတွေရဲ့ mindset  တွေ trend  တွေကို ထည့်စဉ်းစားရသေးတယ် လေ ။ အတွင်း အပြင်နိုင်ငံရေးအခြေအနေနဲ့လည်း ဆိုင်သေးတယ် တဲ့ ။ အဲဒီတော့ အစိုးရတွေမှာလည်း ဟိုလိုဒီလို နည်းအမျိုးမျိုးနဲ့ ဈေးကွက်ကို ဘယ်လို ထိန်းမလဲဆိုတာ အချိန်နဲ့အမျှ ဦးနှောက်စားနေရတာပေါ့ ။
  • တိုတိုပြောရရင်တော့ ဗဟိုဘဏ်ကြီးက အတိုးနှုန်းကို မြှင့်လိုက် လျှော့လိုက် ကစားပြီး ကိုယ်လိုချင်တဲ့ ရလာဘ်ကို ဖော်တာဟာ  Monetary Policy  လို့ ပြောရင် မမှားဘူးပေါ့ ယောက်မရယ် ။ ဥပမာအားဖြင့် ဘဏ်တိုးနှုန်းတွေ မြင့်နေရင် လူတွေက ပိုက်ဆံတွေကို ဘဏ်မှာအပ်ပြီး အတိုးတွေ ထိုင်ထုတ်နေမှာပေါ့  ။ ဒါဆိုရင် ငွေတွေက ဘဏ်မှာ ပိုများနေပြီး ဈေးကွက်ထဲမှာ ၀ယ်လိုအားကျမယ် ။ အတိုးကို မက်နေတော့ တော်ရုံတန်ရုံ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ လက်တွန့်ကြမယ် ။ ဒီတော့ တိုင်းပြည်ရဲ့ စီးပွားရေး အဆောက်အဦးကြီးက ကြာရင် ဒွတ်ခ မရောက်ဖူးလား လို့ ။
  • ဒီတော့ ၀ယ်လိုအားကို တက်အောင်လုပ်ချင်ရင် ဘဏ်တိုးနှုန်းကို လျှော့လိုက်ရတယ် တဲ့  ။ ဒီလိုဆို  ဘဏ်မှာ ပိုက်ဆံအပ်ပြီး အတိုးထိုင်ထုတ်နေမယ့် လူတွေ နည်းသွားမယ်လေ ။ ဆက်ပြီး တွေးကြည့်လိုက်ပေါ့ အေရယ်  ....ဘဏ်ကနေ ပိုက်ဆံချေးရတာ အတိုးနည်းနည်းဘဲ ပေးရတယ်ဆိုရင် ချေးချင်သူတွေ မများလာဘူးလား ။ ဒီတော့ အတိုးနှုန်းနည်းနည်းနဲ့ ပိုက်ဆံချေးပြီး စီးပွားရေးလှုပ်ငန်းသစ်တွေကို လုပ်လာကြမယ် ။ ဈေးကွက်ထဲမှာ ငွေကြေးသုံးစွဲမှု ပိုများလာမယ် ။ ဒီတော့ တန့်နေတဲ့ စီးပွားရေးတွေ ပြန်လည် ပတ်လာမယ် ။ အဲဒါကြီးကို ( Expansionary Monetary Policy ) လို့ ခေါ်တယ်အေ့.....တံတွေးစင်သွားရင် ခွေးလွှတ်နော် ။


  • ဒါပေမယ့် အဲလို စီးပွားရေး ပြန်လည်ပတ်လာပြန်ရင်လည်း သတိထားရသေးတယ် တဲ့တော် ။ ၀ယ်လိုအားတွေများပြီး ဈေးတွေ စွတ်တက်လာရင် တခါ ဗဟိုဘဏ်က တခါ ၀င်ပြီး ထိန်းရပြန်သတဲ့  ။ ဘယ်လို ထိန်းသလဲဆိုတော့ အတိုးနှုန်းကို တက်လိုက်ရပြန်သတဲ့ ။
  • တနည်းအားဖြင့် လူတွေ အသုံးကြမ်းလာရင် ကုန်ဈေးနှုန်းတွေ တက်လာမယ် မဟုတ်လား ။ လူတွေမှာ ဖြုန်းအားကောင်းလာရင် ဈေးကွက်မှာ ပစ္စည်းရှားလာတတ်ပြန်ရော တဲ့ ။ ဒါကြောင့် ကုန်းဈေးနှုန်းတက်နေတဲ့ တိုင်းပြည်တွေမှာ ဗဟိုဘဏ်တွေက အတိုးနှုန်းကို တက်ပစ်တတ်တာဟာ Inflation ကို ထိန်းတဲ့ နည်းတနည်းဆိုဘဲ  ။ ဘိလပ်လိုတော့ ( Deflationary Monetary Policy ) တဲ့ ။


  • ညည်းမှတ်မိတယ် မဟုတ်လား ........ ၂၀၀၇  က စပြီး ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဆိုတာကြီး စလာတော့ နိုင်ငံတွေ တော်တော်များများ စီးပွားကျပြီး တိုင်ပတ်နေကြတယ် ဆိုတာလေ  ။ ဆင်လည်း ဆင့်အထွာ ဆိတ်လည်း ဆိတ်အထွာနဲ့ အားလုံး ခေါင်းကိုက်နေကြတာ အခုထိ ဆိုပါတော့ ။
  • နိပွန်းပြည်ကြီးလည်း ဘယ်လွတ်ပါ့မလဲ ။ ဒါပေမယ့် ဂျပန်ဈေးကွက်ကြီး ထိုင်း နေတဲ့ ပြသာနာ ဖြစ်နေတာက  ၂၀၀၇  မှာ စတာမဟုတ်ဘူး ၊  အနှစ် (၂၀) လောက်ကို ရှိပြီ လို့ အဘေ ကလေးက ငါ့ကို မနေ့က ရင်ဖွင့်သွားတယ် ။ အခုလို စီးပွားကျပ်ချိန်ဆိုတော့ သူ့ခမျာ တစ်ပူပေါ် နှစ်ပူဆင့်ပေါ့အေ ။
  • ၁၉၉၀  နှစ်များမှာ ဂျပန်အိမ်ခြံမြေဈေးကွက် နင်းကန်တက်လာရာကနေ  ဈေးကွက် ပြိုလဲ မှု ဆိုတာ ဖြစ်ခဲ့သတဲ့  ။ ဘာလို့လည်း ဆိုတော့ ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်းမှာ ဂျပု..အဲ...ဂျပန်တွေဟာ ငွေတွေ နင်းကန်စုကြသတဲ့ ။ အဲဒီတော့ ဘဏ်တွေမှာ ငွေတွေပေါလာပြီး ငွေချေးချင်တဲ့လူတွေအတွက် ကန့်သတ်ချက်တွေ နည်းလာတယ် ၊ ငွေချေးရတာ လွယ်လာတယ် ။ ဒီတော့ နင်းကန်ချေးကြတော့ကြပေါ့ ။
  •  ဒီကြားထဲမှာ ဂျပန်ယန်းငွေကလည်း တန်ဖိုးတွေတက်လာတော့ အိမ်ယာမြေတွေ အဆပေါင်း များစွာ ဈေးတက်လာတယ် ။ အဲသလို တကယ့်တန်ဖိုးထက် အဆပေါင်းများစွာ ဈေးတက်နေလာတာကို စီးပွားရေးမှာ  Bubble   လို့ ခေါ်တယ် ။ ပူပေါင်းလေးလိုပေါ့အေ ။ ကြာရှည်ခံမယ့် တိုးတက်ခြင်းမျိုး မဟုတ်ဘူးပေါ့ ။ ဈေးတွေ ထိန်းလို့မရအောင် မြောက်လွန်းလာတော့ ဗဟိုဘဏ်က ၀င်ထိန်းရတယ် ၊ ဘယ်လို ၀င်ထိန်းသလဲဆိုတော့ အတိုးနှုန်းကို မြှင့်လိုက်ရတယ် တဲ့ ။ လွယ်လွယ်ရနေတဲ့ ချေးငွေတွေကို ထိန်းလိုက်တဲ့သဘောပေါ့ ။ အဲဒီတော့ Market panic    လို့ခေါ်တဲ့ ဈေးကွက်လန့်တာတွေ ဖြစ်ပြီး ဈေးတွေ ဗြုန်းဆို ပြုတ်ကျတော့တာဘဲ ။ အဲဒီ မြောက်တက်နေတဲ့ ဈေးကွက် ပြိုလဲတာကိုတော့  Bubble burst  လို့ ခေါ်သတဲ့ ။ ပူပေါင်းကလေး ဖောက်ခနဲ ပေါက်သွားသလိုပေါ့အေ ။



  • Bubble burst  ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အမျိုးမျိုးရှိတာပေါ့အေ ။ နောက်မှဘဲ အဲ့အကြောင်းကို ဆက်ပြီး အာလူးဖုတ်တော့မယ် ။ ဒီမှာတော့ အဘေကလေးအကြောင်းကို မရောက်ဘဲနေမှာစိုးလို့ လိုရင်းတိုရှင်းဘဲ ပြောရအောင် ( တော်သေးတာပေါ့ ...လိုရင်းမို့လို့ ) ။
  •  အဲလို Bubble burst  ဖြစ်ပြီး ဈေးတွေ ကျရာကနေ အလုပ်လက်မဲ့နှုန်း များလာပြီး ၀ယ်လို အားကျလာခဲ့တာ အခု မျက်မှောက်ကာလထိဘဲ တဲ့  ။ ကုန်ဈေးနှုန်းကျတော့ လူတွေက  invest  မလုပ်ကြ ၊ ဈေးဝယ်နည်းလာကြတယ် ။ ဈေးတွေ စွတ်ကျနေမှတော့ တစ်ခုခု ၀ယ်မယ် လုပ်တိုင်း '' ဟင်း....နောက်ဆို ဈေးက ဆက်ကျဦးမှာ ၊ ၀ယ်လို့ မဖြစ်သေးပါဘူး ''  ဆိုတဲ့ စိတ်ကလေး ညည်းဆိုရင်ရော မ၀င်နိုင်ဘူးလား စဉ်းစားကြည့် ။ ငါတို့ အဘေက အခု ဒီပြသာနာတွေ ရှင်းရမှာ တဲ့တော့ ။

(၂)   Stimulus  ဆိုတာ ဘာလဲ
  •  အဘေက သူ့အကြံအစည်ကြီးရဲ့ ဒုတိယအဆင့်ကို လုပ်ဖို့  ငွေကြေးဖောင်းပွမှု ( Inflation ) ကို  ၂ % ထိ တိုးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ် တဲ့ ။
  • ဟင်....ကယ်တင်ပါမယ် ဆိုမှ ဘယ်နှယ် ငွေကြေးဖောင်းပွအောင် လုပ်ရတာလဲ လို့မထင်လိုက်နဲ့ဦး ။ သူ့ဗျူဟာက တမျိုးအေ့.... Inflation ဖြစ်အောင်လုပ်တယ်ဆိုတာ  ဈေးကွက်ထဲမှာ ငွေစက္ကူတွေ ပေါပေါလောလော ဖြစ်အောင် လုပ်တာ မဟုတ်လား ။  ငွေတွေပွလာရင် ငွေတန်ဖိုးကျမယ်လေ ။ ဒါကြောင့် ယန်းငွေတွေကို အကန့်အသန့်မရှိ ( unlimited yen ) ထုတ်ဖို့ ခိုင်းလိုက်သတဲ့ ။
  •  ဒီလိုနဲ့ ၂၀၁၃  အစပိုင်းမှာ ဂျပန်ဗဟိုဘဏ်က ငွေစက္ကူတွေ နင်းကန်ရိုက်ထုတ်တော့တာပေါ့ ။ ပြီးရင် အဲ့ငွေတွေကို  ဈေးကွက်ထဲကို ရိုက်သွင်းဖို့ အစီအစဉ်ချသတဲ့ ။ ရိုက်သွင်းတယ်ဆိုတာ တုတ်နဲ့ ရိုက်တာ မဟုတ်ဘူးနော် .......အဲ့ပိုက်ပိုက်တွေကို သုံးပြီး ဗဟိုဘဏ်က ပြည်တွင်းအစုရှယ်ရာတွေ ၊ မြေယာ စတာတွေကို လိုက်ဝယ်တာတာတဲ့တော် ။ ဒါမှမဟုတ်ရင်လည်း နည်းလမ်းတမျိုးမျိုး ရှာပြီး သုံးလိုက်တာကို ပြောတာ ။ အဓိကက အဲ့ငွေတွေ ဈေးကွက်ထဲရောက်ဖို့ဘဲ ။
  •   ဒီတော့ ဈေးကွက်ထဲကို အစိုးရငွေတွေ ဒလဟော ၀င်လာပြီး ထိုင်းနေတဲ့ ၀ယ်လိုအား ပြန်ကြွလာရော မဟုတ်လား ( ဟင်း....မဖြစ်လို့သာ နားထောင်နေရတယ် ၊ တစ်ယောက်တည်းနဲ့ ရှုပ်ယှက်ခတ်နေတာဘဲ )  ။ အဲလို မောင်းသွင်းတာကို stimulus  လုပ်တယ်လို့ ခေါ်သတဲ့ ။ stimulate လုပ်တယ်ဆိုတာ လှုံဆော်တာကို ဆိုလိုတာ မဟုတ်လားအေ ။ ဒီတော့ stimulus  ဆိုတာ ဈေးကွက်မှာ ၀ယ်အားတက်လာအောင် လှုံဆော်တာကို ပြောတာပေါ့ ။ ဒီထက် ကြီးကြီးကျယ်ကျယ်တွေ ပြောရရင်တော့  Quantitative Easing  လို့လည်း ခေါ်သတဲ့ ။ ( စင်ပြန်ပြီ....တံတွေး ) ။ 

  • အဲအဲ.....ငါပြောတာ ဘယ်ရောက်သွားပြီလဲ .....သြော် အင်း..... ဒီလိုနဲ့ ဇာတ်လိုက်ကလေး ရှင်ဇိုအဘေရဲ့ ပလန်တွေကို အကောင်အထည်ဖော်ဖို့ ဂျပန်ဗဟိုဘဏ်ဟာ ငွေကြေးဖောင်းပွအောင်လုပ်ရတော့တာပေါ့ ။ အဲလို လုပ်ဖို့ဘဲ ငွေတွေ ဘယ်လောက် သုံးသလဲ သိလား ။  ဂျပန်  GDP  ရဲ့ ၁၀ % လောက်ထိ နှစ်စဉ် သုံးမတဲ့ အေ့ ။ ဒါဟာ ဒေါ်လာ '' သန်း ''   ထောင်ပေါင်း ၅၀၀ လောက်သော ငွေနဲ့ ညီသတဲ့ ( အင်း..... ဒေါ်လတွေ သန်း နဲ့ချီပြီး ပြောရတာ တော်တော် အရသာတွေ့နေပုံဘဲ......သူ့ဖြင့် တစ်ပြားတောင် မရှိဘဲနဲ့ )

  • တစ်ယောက်တည်း ပြော ၊ တစ်ယောက်တည်း ထောက်ခံနေရာတာ အာခြောက်လိုက်တာအေ......ရေလေးဘာလေးလည်း တိုက်ပါဦး........ဂွပ် ..ဂွပ် ( ရေသောက်သံ )
  • အင်း...ခုမှဘဲ ရင်ထဲအေးသွားတော့တယ် ...ညည်းကလည်း အင်းမလှုပ် အဲမလှုပ်  ...ဟွန်း  ။ ဒီတော့ ဆက်ရရင် အဲဒီလို ငွေဈေးကို ချပစ်တော့ ဂျပန်ယန်းဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင်  ၂၅ % နီးပါး တန်ဖိုး ကျသွားရော တဲ့ ။ ညည်းစဉ်းစားကြည့်ပေါ့.....အဲလို ငွေဈေးကျတော့ ဂျပန်ပို့ကုန်တွေ ဈေးသက်သာမသွားဘူးလား ။ ငါပြောတာ ရှုပ်သွားပြီလား ။ ပို့ကုန်ဆိုတာ ကိုယ့်နိုင်ငံကနေ တခြားနိုင်ငံကို ပို့တဲ့ ကုန်မဟုတ်လား ။ နိုင်ငံခြားတိုင်းပြည်တွေက ဒေါ်လာလို နိုင်ငံခြားငွေတမျိုးမျိုးနဲ့ ကိုယ့်ဆီက ၀ယ်ကြရတာလေ ။ အဲလို ၀ယ်ဖို့ လိုကယ်မန်းနီးနဲ့ ဒေါ်လာ မလဲလှယ်ရဘူးလား ။ အဲလို လှဲလှယ်တဲ့အခါ ကိုယ့်တိုင်းပြည်က ငွေက တန်ဖိုးကျနေရင် ကိုယ့်ကုန်တွေ ဈေးသက်သာနေတာပေါ့ ။ ငါလည်း ဒီထက်ပိုမရှင်းတတ်တော့ဘူးအေ ။ မလည်လည်း လည်တယ်လို့ဘဲ မှတ်လိုက်ပြီ နော် ။ 
  • အဲလို ကိုယ့်တိုင်းပြည်က ပို့ကုန်တွေ ဈေးချိုတော့ နိုင်ငံခြားတိုင်းပြည်တွေက ကိုယ့်ပစ္စည်းတွေကို ပိုဝယ်ကြရော မဟုတ်လား ။ ဒါဆို  export  လုပ်သူတွေ အဆင်ပြေတယ်လေ ။ အဘေက ပလန်က အဲလို  export  ကို မြှင့်ဖို့လည်း ပါတယ် တဲ့ဟ ။  သူ့အကြံကလည်း သိပ်ဆိုးပုံတော့ မရပါဘူးလေ ။ လုပ်ငန်းရှင်တွေ အမြတ်များရင် အလုပ်သမားတွေ လုပ်အားခ ပိုများနိုင်တယ် ။ အလုပ်ခွင်ထဲက facilities  တွေအတွက် ပိုသုံးနိုင်မယ် မဟုတ်လား ။


  • ဒါပေမယ့် ဝေဖန်ရေးနဲ့ လေကန်ရေးလုပ်သူတွေကတော့  ဒီ plan ရဲ့  risk  တွေကိုလည်း တင်ပြကြသတဲ့ ။ တကယ်လို့ ဈေးတွေ ပြန်တက်လာရင် တဖြည်းဖြည်းနဲ့ အတိုးနှုန်းကလည်း ပြန်တတ်လာမှာဘဲ ။ Bond လို့ ခေါ်တဲ့ ချေးငွေ လက်မှတ်တွေအတွက် အတိုးက မြင့်လာဦးမှာဘဲ ။ အဆိုးဆုံးအခြေအနေထိဖြစ်လာနိုင်တာကတော့ အဲဒီအကြွေးတွေကို ပေးဖို့ အစိုးရအနေနဲ့ ငွေစက္ကူတွေ ပိုရိုက်ထုတ်လာရပြန်ဦးမယ် ၊ ဒီတော့ တခါ ငွေဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ တက်ဦးမယ် ။ အစိုးရအနေနဲ့ အခွန်တိုးကောက်ရတာတွေ ၊    austerity measure   လို့ ခေါ်တဲ့  ( လူမှုဖူလုံရေးအတွက်)   သုံးတဲ့ စရိတ်တွေကို ဟိုဖြတ်ဒီဖြတ်လုပ်ရတာတွေ လုပ်ရပေဦးမယ် ၊ ဒါဆို တ၀ဲလည်လည်နဲ့ ဂျာအေးသူ့အမေရိုက်တဲ့  Vicious cycle  ကြီး ပြန်ဖြစ်လာနိုင်တယ်လို့ ဆိုတယ်အေ့ ။
 
  • နောက်တစ်ခုက တန်ဖိုးကျ weak  ဖြစ်လာတဲ့ ယန်းငွေပြသာနာပေါ့ ။ ငွေတန်ဖိုးကျလာတော့ သူများနိုင်ငံဆီက ၀ယ်ရတဲ့ import  တွေအတွက် ဈေးမကြီးသွားဘူးလား ။ အထူးသဖြင့်  ၂၀၁၁  စူနာမီနဲ့ ငလျင်ကိစ္စကတည်းက ပိတ်လိုက်ရတဲ့ ဂျပန် နူးကလီးယားစက်ရုံတွေကြောင့် ဂျပန်မှာ energy မလုံလောက်တဲ့ ပြသာနာဖြစ်နေသတဲ့ ။ ငါတို့ဆီမှာလိုတော့ ဘယ်အဆင့်မှီပါ့မလဲအေ ။ သူတို့ခမျာမယ် စွမ်းအင်တွေကို နိုင်ငံခြားက ပိုသွင်းနေရတယ်တဲ့ ...ကျွတ်ကျွတ် ။ တို့ဆီမှာလို ပိုလျှံလို့ ရောင်းတောင် ယူရပြီး ဖယောင်တိုင်ထွန်းနေရတဲ့ အဆင့်ဆိုတာ နည်းနည်းနောနောလားအေရယ် ။  ဒီတော့ ဂျပန်အနေနဲ့ အဲလို နိုင်ငံခြားက ၀ယ်သွင်းရတဲ့ ပစ္စည်းတွေအဖို့ ယန်းငွေ တန်ဖိုးကျနေရင် မကွိုင်ဘူးလားအေ  ( တိဘူးလေ )
 
    ဒါနဲ့ မမေ့ခင် ပြောရဦးမယ် ။  stimulus  လုပ်ပြီး ရိုက်သွင်းလိုက်တဲ့ငွေတွေကို  infrastucture   တွေ ဆောက်ရာမှာလည်း သုံးပြီး ဈေးကွက်ကို ဆွဦးမှာ တဲ့ ။ ဒီအတွက် သုံးဖို့ မှန်းထားတဲ့ ငွေကချည်း  တစ်နှစ်ကို အမေရိကန် ဒေါ်လာ  ၁၁၄   billion  တဲ့ အေ့ ။   billion  ဆိုတာ သန်းတစ်ထောင် မဟုတ်လား ။ ဒေါ်လာ  ၁၁၄  billion  ဆိုတာ မြန်မာလို ဘယ်လောက်လဲ အုံးစားကြည့်စမ်းပါ ။  အဲဒီငွေတွေကို ကျောင်းတွေ လမ်းတွေ ငလျင်ဒဏ်ခံနိုင်အောင်သုံးတာတွေ ဆောက်ရာမှာ သုံးမယ်လို့ ဆိုတယ် ။ သိပ္ပံသုသေတနလုပ်တဲ့ နေရာနဲ့ အသစ်တဖန်ပြည်လည်သုံးလို့ရတဲ့  renewable energy  တွေ ထုတ်ရာမှာလည်း သုံးမယ်လို့ ဆိုတယ် ။
  • ဒီနေရာမှာ မှတ်ထားဦး တော်ရေ ......ဂျပန်ရဲ့ လက်ရှိအကြွေးက ဘယ်လောက်ရှိသလဲဆိုတာ ။ တိုင်းပြည်  GDP  ရဲ့  ၂၄၀  %  ရှိသတဲ့ ။ ဒါဟာ စက်မှုနိုင်ငံတွေထဲမှာ အမြင့်ဆုံး ပါဘဲ တဲ့ ။   အကြွေး  ၂၄၀  % ဆိုတာ ဥပမာ တိုင်းပြည်ဝင်ငွေက တစ်ကျပ်ရှိနေရင် အဲ့တိုင်းပြည်မှတင်နေတဲ့ အကြွေးက ၂ ကျပ်ခွဲလောက် ရှိနေတာကို ပြောတာအေ့ ။ ဒီလောက် ဆိုရင် မြန်မာပြည်လာပြီး ရှင်ဇိုအဘေက အကြွေးလျှော်ပစ်တယ် ဘာညာဆိုတာ စာဖတ်သူကြီးကို ယုံကြည်လွန်းလို့ ဒါမှမဟုတ်လည်း ဘပြောင်ကို အားပေးချင်လို့ ဒါမှမဟုတ်လည်း ဒေါ်စုကို လေးစားလွန်းလို့ စတဲ့ ဘာညာသာရကာဟာ အာပလာတွေပါဆိုတာ သဘောပေါက်ရဲ့မဟုတ်လား ။ ဘယ်သူက အကျိုးမမြင်ဘဲ အပင်ရေလောင်းမှာတုန်းဟယ်.....ကိုယ့်ဖြင့် ဆပ်စရာအကြွေးတစ်ပုံရှိနေသားနဲ့ ။
  • အဘေ ခမျာမလဲ သနားပါတယ်ဟယ် .......လုပ်သာလုပ်နေရတယ် ၊ ဝေဖန်သူတွေ အပြောကို ကျော့ကော့အောင် ခံစားနေရရှာ.......'' ဒီလို လုပ်နေတာဖြင့် ကြာလှပြီ လိုချင်တဲ့ ရလာဘ်လည်း မထွက်သေးဘူး'' လို့ ဆိုသူက ဆိုတယ် ။  '' ဒီပလန်ကြီးသာ အလုပ်မဖြစ်ရင် အပို သုံးမိတဲ့ ငွေနဲ့တင် တိုင်းပြည်အကြွေးဒီထက် နစ်မယ် '' လို့ သုံးသပ်သူက သုံးသပ်သတဲ့ ။



    (၃)  Struttural Reforms  ဆိုတာကရော ဘာလဲ
    ..............................................................


  • အဲဒါက စိုက်ပျိုးရေး ၊ ကျန်းမာရေးနဲ့ စွမ်းအင် ကဏ္ဍတွေမှာ လုပ်မယ့် reform  တွေလေ ။ ဒီ reform  တွေအတွက် အသေးစိတ် စီမံကိန်းတွေ ချမှတ်ဖို့လိုသေးပေမယ့် စတော့ စနေပြီတဲ့ ။ ဒီမှာ အရေးကြီးတာ တစ်ခုရှိတယ် ......ဂျပန်က TTP ဆိုတဲ့ အဖွဲ့ထဲ ၀င်ဖို့ လုပ်နေတယ် အေ့ ။ TPP  ဆိုတာ ဘာလဲဆိုတော့ နိုင်ငံ  ( ၁၁ ) နိုင်ငံ ပါဝင်ဆွေးနွေးနေတဲ့ Trans-Pacific Partnership (TPP) လို့ ခေါ်တဲ့ လွတ်လပ်စွာကုန်သွယ်ရေး အဖွဲ့တဲ့ ။ အဲဒီအဖွဲ့မှာ ဂျပန်က သူပါ ပါချင်တယ်လို့ ကမ်းလှမ်းထားသတဲ့ ။
  • အဲဒါကို ဂျပန်လယ်သမားတွေက စိုးရိမ်နေကြတယ်လေ ။ ဘာလို့လဲဆိုတော့ ဒီသဘောတူညီမှုရဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာ အဆင်ပြေပြေနဲ့ ကုန်သွယ်နိုင်ရေး တဲ့ ။ ဟင်....ဒါများ ဘာမကောင်းတာလဲ ရှိလဲ လို့ ထင်နေပြီ မဟုတ်လား ။ ဒီလို အေရဲ့ ......Tariff  ဆိုတဲ့ စကားကို ကြားဖူးတယ် မဟုတ်လား.....ကိုယ့်နိုင်ငံထဲ ၀င်လာတဲ့ နိုင်ငံခြားသွင်းကုန်တွေကို စည်းကျပ်ထားတဲ့ အခွန်လေ ။

  •  အဲဒီ Tariff  ဆိုတာကြီးက အရေးကြီးမှကြီးဘဲ တဲ့ ။ ဘာလို့လည်း ဆိုရင် အဲ့ဒီအခွန်မှ မရှိရင် ပြည်တွင်းကို တခြားနိုင်ငံက ကုန်တွေ နင်းကန် ၀င်လာနိုင်တယ်လေ ။ ဥပမာပြောရရင်အေ ....အခု တရုတ်က solar panel  တွေ နင်းကန် ဥရောပကို တင်သွင်းလာတယ် ။ တရုတ်ဈေးက အနောက်နိုင်ငံတွေက ထုတ်တဲ့ solar panel  တွေနဲ့ ယှဉ်လိုက်ရင် ဈေးတွေက သိပ်ပေါနေတာပေါ့ ။ ဒီတော့ ဥရောပတိုင်းပြည်တွေက ထုတ်တဲ့ solar panel  လုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ် မဟုတ်လား ။ ဒီတော့ ကိုယ့်တိုင်းပြည်က လုပ်ငန်းတွေကို ကာကွယ်ပေးဖို့ရာ အခုဆိုရင် ဥရောပနိုင်ငံတွေက တရုတ် solar panel  တွေ အပေါ်မှာ  Tariff  အများကြီး ကောက်ဖို့ လုပ်နေတယ်လေ ။ အဲဒါကို  ဘောဂဗေဒမှာ   Protectionism  လို့ ခေါ်တယ် အေ့ ။ ပြည်ပသွင်းကုန်တွေပေါ်မှာ Tariff  အခွန်ကြီးကြီးကောက်ပြီး မိမိတိုင်းပြည်ထဲက လုပ်ငန်းတွေကို ကာကွယ်ပေးထားပေါ့အေ ။



  • ဂျပန်က အဲဒီ  Protectionism  ဆိုတာကို ကျင့်သုံးတယ် ။ အထူးသဖြင့် လယ်ယာကဏ္ဍမှာပေါ့ ။ အခု ရှင်ဇိုအဘေက အဲဒီ  TPP  ထဲကို ၀င်ချင်တယ် ဆိုတော့  TPP  ရဲ့ မူကို ကျင့်သုံးရတော့မှာမယ် ။ TPP  ရဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြားမှာ  tariff  တွေ လျှော့ချဖို့ ၊ ဖြစ်နိုင်ရင်  tariff  တွေ လုံးဝမကောက်ဖို့ ရည်ရွယ်ထားကြတယ် ။ ဒီလောက်ဆို ဂျပန် လယ်သမားတွေ ဘာကြောင့် ဒေါကီးနေသလဲ ဆိုတာ ရိပ်မိပြီ မဟုတ်လား ။  TPP  Agreement  သာ လုပ်ဖြစ်လို့  tariff  ကို လျော့လိုက်ရင် စိုက်ပျိုးရေးကဏ္ဍအတွက် risk  ရှိတယ် လေ ။  တခြားနိုင်ငံတွေက  agricultural products တွေ ကိုယ့်နိုင်ငံထဲကို လှိမ့်ဝင်လာနိုင်တယ် မဟုတ်လား ။ ဂျပန် လယ်သမားတွေရဲ့ ၀င်ငွေကို ထိခိုက်စေနိုင်တယ် ။ သက်ကြီးပိုင်းလယ်သမားတွေဟာ အစိုးရရဲ့ ထောက်ပံ့မှုအပေါ် ဒီထက်ပိုမှီခိုလာရနိုင်တယ် ။ အစိုးရ ဘဏ္ဍာအတွက် ၀န်ပိနိုင်တာပေါ့ ။

  • တချို့ကတော့ tariff တွေ လျော့ချလို့ အစားအသောက်ဈေးတွေကျရင် ကောင်းတယ် ။ ၀ယ်လိုအားတက်မယ် ။ ဒါပေမယ့် ဆင်းရဲချမ်းသာ ကွာဟချက် ကြီးလာနိုင်တယ် လို့ ဆိုပြန်တယ် ။
  • ဘယ်လိုဘဲဖြစ်ဖြစ် ရှင်ဇိုအဘေ အခုလုပ်နေတဲ့ မူဝါဒတွေဟာ ဂျပန်သမိုင်းမှာ အတော်ကို ရဲတင်းတဲ့ မူဝါဒတွေ လို့ ပညာရှင်တွေက ဆိုသတဲ့ ။ အလုပ်ဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရဦးမှာပေါ့ ....ငါတို့ကတော့ လေညာက အနေသာကြီးဘဲနော့ ။ အကြွေးကလေး ကျေသွားလို့ မိုးမမြင်လေမမြင် ၀မ်းသာပီတိ ဂွမ်းဆီထိနေချိန်မှာ ဂူကလေးတော့ မြင်အောင် သတိကလေး မူထားရမှာပေါ့ အေရယ် ....ဟုတ်ဖူးလား  ။
                            *****************************************************
                               ..ဒီတစ်ပတ်အတွက် အာလူးဖုတ်ခြင်းကိစ္စ ဒီမှာတင်ဘဲ ပြီးပါဘီခင်ညာ..




 










Spring Flowers Facebookမှ

၈၈မျိုးဆက်တို့ သည်၂၀၁၂ခုနှစ်၊ဇန်နဝါရီလတွင် နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်း သက်သာခွင့် အမိန့်အရအကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်းတွင် နိုင်ငံတော် အဆင့် တာဝန်ရှိသူများနှင့်လည်းကောင်း၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်လည်းကောင်း၊ ဌာနဆိုင်ရာအချို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်းကောင်း၊လူမှုအခြေပြုအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့်လည်းကောင်း
 တွေ့ဆုံဆွေးနွေးမှုများ ပြလုပ်ခဲ့သည်။

ယနေ့တွင်မူ နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။၂၀၁၃ခုနှစ်၊ စက်တင်ဘာလ၊ ၁၄ရက်၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ၊ နိုင်ငံတော်သမ္မတကြီး၏ လယ်တောအိမ်သို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီး၊မင်းဇေယျ၊ကိုဌေးကြွယ်၊ကိုဂျင်မီ၊ကိုမာကီ၊ကိုအောင်သူ၊ကိုသက်ဇော်၊ကိုဇော်မင်းနှင့်မနီလာသိန်းတို့ရောက်ရှိလာခဲ့ကြသည်။

နိုင်ငံတော်သမ္မတ၏ လယ်တောအိမ်တွင်ရောက်နှင့်နေကြသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိမ်း၊ဦးအောင်မင်း၊ဦးတင်နိုင်သိန်း၊ဦးအုန်းမြင့်နှင့်ဦးခင်ရီတို့က လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြသည်။ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ရောက်ရှိလာသောအခါတွင် တစ်ဦးချင်းကို ရင်းနှီးဖော်ရွေစွာ လိုက်လံနှုတ်ဆက်သည်။

ဆွေးနွေးပွဲစတင်သောအခါတွင် ခင်ဗျားတို့ပြောတာတွေကို ကျွန်တော်က အရင်နားထောင်ချင်ပါတယ်ဟုဆိုသဖြင့် မင်းကိုနိုင်မှစ၍ ၈၈မျိုးဆက်တို့က တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး၊ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် မိမိတို့၏ နိုင်ငံရေးအမြင်များကို လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတကြီးကလည်းအစိုးရအဖွဲ့အနေဖြင့်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သော နီုင်ငံရေး၊စီးပွားရေး၊လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးကိစ္စများကိုပါ ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့သည်။ ထိုသို့ အပြန်အလှန်တွေ့ဆုံဆွေးနွေးကြရာတွင် - အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လွှတ်တော်၊ အစိုးရအဖွဲ့၊ လွှတ်တော်ပြင်ပရှိ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်ရေး။ အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းရေး။ အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်နှင့် အရပ်ဘက်အဖွဲ့အစည်းများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး။ ပြည်တွင်းပဋိပက္ခများနှင့် လယ်ယာမြေပြဿနာ အစရှိသည်များကို ပူးပေါင်းဖြေရှင်းသွားရေး။ အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုများကို အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီးဖြင့် ရင်ဆိုင်ဖြေရှင်းရေး။ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားရေးဘဝ မြင့်မားလာစေဖို့ ဝိုင်းဝန်းကြိုးပမ်းရေး …. စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

နေ့လည် ၃း၀၀ နာရီတွင် တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။ ၈၈မျိုးဆက်တို့သည် ညနေ ၄း၀၀နာရီတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။

မူရင်း The 88 Generation Peace and Open Society

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.