09/21/13


၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းနှင့် ပတ်သက်၍ လက်ရှိအစိုးရသစ် လက်ထက်တွင် ပြန်လည်ဖြေရှင်း ရန်မရှိကြောင်း ပြန်ကြားရေးဒုတိ ယဝန်ကြီးဦးရဲထွဋ်က အတည်ပြု ပြောကြားလိုက်သည်။

စက်တင်ဘာ ၂ဝရက်က နေပြည်တော် စက်မှုဝန်ကြီးဌာ နရုံး၌ ပြည်ထောင်စုဝန်ကြီးများ နှင့် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။ ''နိုင်ငံတော်အနေနဲ့ ရှင်းပြ ဖို့ ဖြေရှင်းစရာအကြောင်းတရား မရှိဘူး''ဟု ဦးရဲထွဋ်ကပြောသည်။

မကြာမီရက်ပိုင်းအတွင်း က မိသားစုလုံခြုံရေးအား အာ မခံမည်ဆိုပါက ဒီပဲယင်းအရေး အခင်းနှင့်ပတ်သက်၍ ဖွင့်ချမည် ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် က အနောက်နိုင်ငံသံရုံးကိုယ်စား လှယ်တစ်ဦး နှင့် လျှို့ဝှက်တွေ့ဆုံစဉ် ပြောဆို ခဲ့ကြောင်း အင်တာနက်လူမှုကွန် ရက်စာများပေါ်တွင် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ပြီး နောက် ယင်းက ထိုကဲ့သို့ပြောဆို ခဲ့ခြင်းမှာ မဟုတ်ကြောင်း ပြန် လည်ငြင်းဆိုထားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ နေပြည်တော်တွင် ပြည်ထောင် စု ဝန်ကြီးများနှင့် သတင်းမီဒီယာ များတွေ့ဆုံစဉ် ဦးရဲထွဋ်က ပြန် လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပြောဆိုခဲ့ခြင်းနှင့် NLD ပါတီ မိတ္ထီလာပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းထိန် က ''ဒီပဲယင်းကိစ္စက တစ်နိုင်ငံလုံး တင်မကဘူး။ ကမ္ဘာကပါ သိတဲ့ ကိစ္စပဲ။ ဖြေရှင်းမယ် မဖြေရှင်းဘူး ဆိုတာ ဦးရဲထွဋ်ပြောလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ သမ္မတ တောင်ပြော ခွင့်မရှိဘူး။ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် ဒီမိုကရေစီသွား တဲ့လမ်းကြောင်းမှာ လွဲချော်မှာစိုး လို့ ဒီနေ့အထိဘာမှတ်ချက်မှပေး ပြီး ပြောခဲ့တာမရှိဘူး။ ကျွန်တော် တို့အနေနဲ့လဲ လက်စားပြန်ချေ ချင်တဲ့စိတ်မရှိဘူး''ဟု ပြောသည်။

၂၀၀၃ခုနှစ်တွင် NLD ပါတီ ၏ လူထုစည်းရုံးရေးခရီးစဉ်တွင် သွားရောက်စဉ် ဒီပဲယင်းမြို့အနီး တွင် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်လာသည့် ယာဉ်တန်းအား တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ယင်း တိုက်ခိုက်မှုကြောင့် NLD ပါတီ ဝင်များနှင့် ဒေါ်အောင်ဆန်းစု ကြည်အား ထောက်ခံသူဒေသခံ များ သေကျေဒဏ်ရာရရှိခဲ့ခြင်း များရှိခဲ့ကြောင်း ယင်းအရေးအခင်း တွင်ပါဝင်ခဲ့သည့် မန္တလေးတိုင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်း မြမြက ပြောသည်။

သန်းနိုင်ဦး ၊ လင်းအောင်
Yangon Media Group

ရိုက်နှက် ညှဉ်းပန်းမှုများ အပြင် သံဃာတော် များကို ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ

ညှဉ်းပန်း နှိပ်စက်မှု အမျိုးမျိုးကို ပြုလုပ်ခဲ့သလို စစ်အာဏာရှင် လက်ထက် အကျဉ်းသားများ

ကြုံတွေ့ရသော ကျပ်တည်း ခက်ခဲမှုများနှင့် ဆိုးဝါးမှု များမှာလည်း အပုံအပင် ဖြစ်သည် . . .
ရန်ကုန်မြို့ မီးပွိုင့်များတွင် စစ်အစိုးရကို ဝေဖန်ရှုတ်ချ ရေးသားထားသော စာအုပ်များ လက်ပွေ့ရောင်းချ နေသည်ကို တွေ့ရစဉ်

သင်္ကန်း ၀တ်ရုံ မထား သော်လည်း ဦးပြည်း စိမ်းစိမ်းနှင့် မျက်လွှာကို ချကာ နှုတ်မှ မေတ္တာသုတ်ကို အိနြေ္ဒ ရရ ရွတ်ဖတ် နေဟန် ကပင် ရဟန်း သိက္ခာပုဒ် များကို ညီညွတ်စွာ တစ်သက်တာ ပတ်လုံး ကျင့်သုံး ခဲ့သည့် စာတတ်၊ ပေတတ် ငယ်ဖြူ ရဟန်း တစ်ပါး ဖြစ်မှန်း သိသာ စေလှသည်။ သက်တော် (၃၀) ကျော် ခန့်သာ ရှိဦးမည့် ယင်း ရဟန်းတော်၏ မျက်နှာတွင် ဖူးညို ရောင်ကိုင်းလျက်၊ မေတ္တာ သုတ်ကို ခပ်ဖွဖွ ရွတ်ဆို နေသော နှုတ်ခမ်း ထောင့်စွန်းတွင် လေသ လပ်၍ ခြောက်သွေ့ နေသော သွေးစ၊ လတ်ဆတ်စွာ နီရဲ နေသော သွေးစ တို့ကလည်း ခြယ်သလျက်၊ သမံ တလင်းတွင် ဒူးထောက် ထားရ လွန်း၍ တဆတ်ဆတ် တုန်နေသော ခန္ဓာ အောက်ပိုင်း တို့က ရဟန်း ဣနြေ္ဒနှင့် ညီညွတ်စွာ သိက္ခာ ဆောင်ထားသည့် သဏ္ဌာန် အတွင်းမှာပင် ထင်ရှားစွာ ဖြစ်တည် နေသည်။ အစာ အာဟာရ မမှီဝဲ ရသည်မှာ ကြာပြီဖြစ်သော ခန္ဓာက မည်မျှ အားအင် ချည့်နဲ့ နေသည် ကိုလည်း ဖော်ပြလျက်၊ သွေးစ တို့နှင့် ပေကျံ နေလင့် ကစား ကွဲအက် ခြောက်သွေ့ နေသော နှုတ်ခမ်းတို့ ကလည်း ရေဓာတ်ကို မည်မျှ ကြာအောင် ဆုံးရှုံး နေခဲ့ကြောင်း သိသာ လှသည်။ ချမ်းအေး လွန်းလှသည့် ဆောင်းလေများ အတိုက် တွင်လည်း ထောင်အင်္ကျီ ပါးသာ ဆင်ယင် ထားသော အသားစ တို့ကို အေးစက်စွာ ထိုးခွဲ နေမည်သာ။

ယင်းသို့ ကြုံတွေ့ နေရသော ဝေဒနာ အပေါင်း၏ ဖိစီးမှုက နှုတ်မှ အဆက် မပြတ် ရွတ်ဆို နေရသော မေတ္တာသုတ်၏ အချို့ အဖြတ်၊ အတောက်၊ အဆစ်၊ အပိုဒ်တို့၌ လေသံကို ထစ်ငေါ့ သွားစေသည်။ ထိုအခါ

“ ဘုန်းကြီး ဆိုပြီး မေတ္တာ သုတ်တောင် ထစ်ရ သလားကွ ”

ဆိုးနက် လှသော အသံနှင့် အတူ လူသား တစ်ဦး၏ အင်အား ပြည့်ဖြိုး လှသော လက်တစ်ဖက်က မြောက်တက် သွားရင်း ရဟန်း၏ ပါးပြင်ပေါ် အရှိန် ပြင်းစွာ ကျရောက် သွားသည်။ ပါးနှင့် လက်ဖ၀ါး အသားချင်း ထိသံက ကျောက်တုံးကို သံတုံးနှင့် ထုရိုက် လိုက်သည့် သဖွယ် မြည်ဟိန်း သွားသည်။

သို့သော် လက်ဖ၀ါးသည် အားအင် ပြည့်ဖြိုးလျက် သံတုံး သဖွယ် ဖြစ်နေ နိုင်သော်လည်း ပါးသည်က ဝေဒနာ အလူး အလိမ့်နှင့် အားအင် ချည့်နဲ့ မှုကြား ကျောက်တုံး သဖွယ် မကျင့် ကြံနိုင်။ လည်ထွက် သွားသော ဦးခေါင်း နှင့်အတူ ပါးစောင် အတွင်းမှ သွေးစိမ်း တို့က နှုတ်မှ စီးကျကာ …ယခင် ရှိနှင့် ပြီးသော သွေးစတို့ အပေါ် လွှမ်းမိုး သွားသည်။

“ ထပ်ရွတ်၊ ပြန်ရွတ်၊ ထပ်ထစ်ရင်၊ ထပ်အရိုက် ခံရမယ်။ ခွေးမသား ကွန်မြူနစ် ဆဲလ်တွေ ”

ထိုအသံ နောက်တွင် ရဟန်းတော်၏ ဝေဒနာကို ကြိတ်မှိတ်၍ မေတ္တာသုတ် ရွတ်သံက ပြန်ထွက်ပေါ် လာသည်။ သံလက် ထိတ်ခတ်ကာ မြှောက်ခိုင်း ထား၍ လှုပ်၍ မရသော လက်တို့က သွေးစ သွေးန တို့ကို မသုတ် ပစ်နိုင် ရှာတော့ …..။

သည်မြင်ကွင်းကို ရုတ်တရက် မြင်လိုက် ရသူ မည်သူ မဆို ထေရ၀ါဒ သာသနာ့ သမိုင်း၏ ထင်ရှား လှသော ဖြစ်ရပ်၊ ဂေါတမ ဗုဒ္ဓ၏ လက်ဝဲ တော်ရံ၊ တန်ခိုး အရာတွင် ဧတဒဂ်ရ၊ ရှင်မဟာ မောဂ္ဂလာန် ကိုယ်တော် မြတ်ကြီး ပရိနိဗ္ဗာန် မပြုမီ သူခိုး၊ ဓားပြ၊ လူ့ငဆိုးသွမ်း တို့၏ သေရည် မူးယစ်၍ ရိုက်နှက် နှိပ်စက် ခံရသော မြင်ကွင်းကို ပြေးမြင်ယောင် မိမည်မှာ အမှန် ….။

သို့သော် ယခု မြင်ကွင်းသည် လွန်ခဲ့သော သာသနာ နှစ် ၂၅၀၀ ကျော်က မြင်ကွင်း မဟုတ်။ မိဘကို စော်ကား မိသော အတိတ်ဘ၀ ကံကြောင့် လူ့ငဆိုးသွမ်း တို့၏ ညှဉ်းပန်း မှုကို ခံရကာ ပရိနိဗ္ဗာန် ပြုသွား ရသော ရှင်မဟာ မောဂ္ဂလာန် ကိုယ်တော်ကြီး မဟုတ်။ ရိုက်ပုတ် မဲမောင်း၍ မဟာ အ၀ီစိ တွင်းဆုံး ကျမည့် အပြုအမူ တို့ကို ပြောဆို ပြုမူ နေသူ တို့သည် သေရည် ယစ်မူးမှုရှိ၊ မရှိ မပြော နိုင်သော်လည်း လူ့အန္ဓ သူခိုး ဓားပြ အမည် ခံများ မဟုတ်။

ယခုမြင်ကွင်းသည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် နှောင်းပိုင်း နေ့များ ထဲမှ တစ်နေ့။ ရာဇော ၀ါဒနှင့် အညီ မကျင့် ကြံသော မင်းဆိုး မင်းညစ် တို့၏ စနက်ကြောင့် အတိ ဒုက္ခ ရောက်ရှာသော ပြည်သူတို့ ဘက်မှ ရပ်တည် မိရှာသော ရဟန်း။ နှိပ်စက်က လူပြု နေသူများက ရဟန်း ရှင်လူ အပေါင်းအား ကာကွယ် စောင့်ရှောက်ရန် ကတိ သစ္စာ ပြုထား ရသည့် ပြည်သူ့ ကျွန်ဝန်ထမ်း …။

ညစ်ထေး လွန်းလှသော ထိုအဖြစ် ဆိုးကြီး များသည် ခံစား ခဲ့ရသူ အပေါင်း သာမက ပြည်သူတို့၏ နှလုံး အိမ်ထက် အိပ်မက် ဆိုးကြီး တစ်ခုပါ ခြောက်လှန့် နေသည်သာ။

“ ခြောက်အိပ်မက်ဆိုး သို့မဟုတ် စက်တင်ဘာ အိပ်မက်ဆိုး ”

ထိုအဖြစ အပျက်ကို ပြန်လည် ပြောပြ သူသည် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် သံဃာတော် တစ်ပါး အဖြစ် ပါဝင် ခဲ့သော တွံတေး မောင်းတီး ဆရာတော် ဦးသဒ္ဓမ္မ ဖြစ်သည်။

ဆရာတော်က “ ဦးဇင်းကို ဦးဆောင် သံဃာထဲ ပါတယ် ဆိုတာ သိသွားပြီ။ ပြင်းပြင်း ထန်ထန် စစ်တယ်။ ပြင်းပြင်း ထန်ထန် နှိပ်စက်တယ်။ ရိုက်တယ်။ အစာ မကျွေးဘူး။ တစ်ညလုံး လိုလို သမံ တလင်းမှာ ဒူးထောက် ပြီးတော့ လက်မြှောက် ခိုင်းတယ်။ စစ်ကြောရေး ထုံးစံ အတိုင်း လုံးဝ မရပ်မနား ဘဲ ၂၄ နာရီ စစ်တယ်။ ၂၁ ရက်တိတိ တောက်လျှောက် စစ်တယ်။ ဦးဇင်း ဆီက ဘာမှ မသိရတော့ စစ်ဆေးတာ ချည်းပဲ နောက်ထပ် ငါးလ ကြာတယ်။ ရိုက်တယ်။ ခြေထောက်နဲ့ ကန်တယ်။ လက်သီးနဲ့ ထိုးတယ်။ ဒူးထောက် ခိုင်းတယ်။ တစ်ညလုံး တံခါး လက်ကိုင် ကွင်းမှာ လက်ထိတ်ခတ် ထားတယ်။ ဦးဇင်းကို ဖမ်းတဲ့ အချိန်က ဇန်န၀ါရီ ၃ ရက် ဖြစ်တဲ့ အတွက် အေးတယ်။ ဦးဇင်း အနွေးထည် ၀တ်ထားတဲ့ အခါ အနွေးထည်ကို ချွတ်ထား လိုက်တယ်။ ပါး ပါးလေးပဲ ၀တ်ထား ရတယ်။ နောက် အစာ မကျွေးဘူး။ ရေသောက် ချင်တာတောင် ရေသောက်ခွင့် မပေးဘူး။ သံဃာဆိုရင် ဘုရား စာတွေ ဆိုပြ ဆိုပြီး မေတ္တာသုတ်တွေ ရွတ်ပြ ရတယ်။ မေတ္တာသုတ် ရွတ်လို့ နည်းနည်း ထစ်ရင် ပါးရိုက်တာ ခံရတယ် ” ဟု အင်းစိန် အကျဉ်းထောင် အတွင်း စစ်ကြောရေး အခန်းတွင် ကြုံတွေ့ ခဲ့ရပုံက မိန့်သည်။

ထိုသို့ စစ်ဆေး မှုသည် ဆရာတော် တစ်ပါးတည်း ကိုသာ မဟုတ်။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ရဟန်း ရှင်လူများကို ညှဉ်းပန်း နှိပ်စက်ရန် ဖွင့်လှစ် ထားသော စစ်ကြောရေး စခန်း လေးခု လုံးတွင် ထို့သို့သာ ပြုမှု ကြကြောင်း ဖမ်းဆီး ခံရသူ သံဃာတော်၊ လူပုဂ်္ဂိုလ် အားလုံးက တညီ တညွတ်တည်း ဆိုကြ မည်သာ ဖြစ်သည်။

မိမိ ရောက်ရှိ ခဲ့သော အင်းစိန် အကျဉ်းထောင် မြင်ကွင်းကို ဆရာတော် ဦးသဒ္ဓမ္မ က ဤသို့ မိန့်သည်။

“ ဦးဇင်းကို ဖမ်းတယ်။ အင်းစိန်ပို့ လိုက်တယ်။ တွဲဖက် ဆောင်ကို ရောက်တော့ ချက်ချင်းပဲ အရပ်ဝတ် လဲခိုင်းတယ်။ သံဃာ တွေလည်း အများကြီး ရောက်နေပြီ။ သီးသန့် ထောင်မှာ ပြည့်ကျပ် နေတယ်။ အဲဒီတော့ စားရေး သောက်ရေး ခက်ခဲတယ်။ စစ်ကြောရေးမှာ ဆိုရင် ရိုက်နေတဲ့ အသံတွေ၊ အော်နေတဲ့ အသံတွေ အမြဲကြား နေရတယ်။ ကိုယ်တော်တွေ ဆိုလည်း သူတို့ ရိုက်ထားလို့ ခေါင်းမှာ လေးငါးချက် ချုပ်ထား ရတယ်။ အသက် ကြီးကြီး ခေါင်းမှာ ကွဲနေတဲ့ ဒဏ်ရာ တွေကြောင့် မထနိုင် တော့တဲ့ ကိုယ်တော်တွေ အများကြီးပဲ ”

ရိုက်နှက် ညဉ်းပန်း မှုများ အပြင် သံဃာတော် များကို ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှု အမျိုးမျိုးကို ပြုလုပ် ခဲ့သလို စစ်အာဏာရှင် လက်ထက် အကျဉ်းသားများ ကြုံတွေ့ ရသော ကျပ်တည်း ခက်ခဲမှု များနှင့် ဆိုးဝါးမှု များမှာလည်း အပုံအပင် ဖြစ်သည်။

အဆိုးဝါး ဆုံးမှာ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ခံစား ရသော ဝေဒနာများကို ဆေးဝါး ကုသခွင့် မရ၍ ယင်းဒဏ်ရာ ဒဏ်ချက်ဖြင့် သံဃာတော်များ ပျံလွန်တော် မူရခြင်း ဖြစ်သည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အရှိန် အဟုန် အပြင်း ထန်ဆုံး ကာလဖြစ်သော စက်တင်ဘာ တတိယ ပတ်အတွင်းမှ စတင်ကာ ဖမ်းဆီး ထိန်းသိမ်း ခံရသော သံဃာတော် အရေအတွက်မှာ ယခု အချိန်အထိ စာရင်း အတိအကျ မရနိုင် လောက်အောင် များပြား လွန်းသည်။

သံဃာတော် များကို စစ်ကြောညှဉ်း ဆဲခဲ့သည့် သူများနှင့် ပတ်သက်၍ စစ်အာဏာရှင် အကြီးအကဲများက သူတို့၏ လက်ပါးစေ များအား သံဃာတော် များကို သံဃာအဖြစ် မဆက်ဆံ စေရန်၊ ရက်စက်ကြမ်း ကြုတ်သော စိတ်များ ဖြစ်ပေါ် စေရန် သံဃာ အယောင် ဆောင်ထားသည့် ကွန်မြူနစ် ဆဲလ်များ အဖြစ် သိမှတ် ရိုက်သွင်း ထားကြောင်း ရဲတပ်ဖွဲ့၊ သတင်း တပ်ဖွဲ့ဝင် အရာရှိ တစ်ဦးက ၄င်းတို့ ပြုမူ ဆောင်ရွက် ခဲ့မှုများ အပေါ် ကာကွယ် ပြောကြားသည်။

မည်သို့ ပင်ဖြစ်စေ စက်တင်ဘာ အိပ်မက် ဆိုးကြီး၏ အဓိက တရားခံမှာ စစ်အာဏာရှင် စနစ် ဆိုးကြီးပင် ဖြစ်ရာ ထိုစနစ် ဆိုးကြီးကို အကောင် အထည်ဖော် ဆောင်ရွက် နေသူ အစိုးရ အဖွဲ့တွင် တာဝန် ရှိလှသည်။

ယခု ထိုစနစ် ဆိုးကြီးလည်း မရှိတော့ဟု ဆိုကြသည်။ ထိုစနစ် ဆိုးကြီးကို အကောင် အထည် ဖော်သည့် အစိုးရ အဖွဲ့လည်း မရှိ တော့ဟု ဆိုကြသည်။

သို့သော် ထိုအိပ်မက်ဆိုးကြီးက ဆက်လက်ရှိ နေတုန်း။ စက်တင်ဘာ ခြောက်အိပ်မက်ကို မက်ခဲ့ ရသူ ရဟန်း ရှင်လူ ပြည်သူများ အတွက် အိပ်မက်ဆိုး၏ စက်ဝန်း အတွင်းမှ မလွတ်မြောက် နိုင်ဘဲ စိတ်သဏ္ဌာန်ဟာ အဖန် တလဲလဲ မက်နေ ကြဆဲ။

အိပ်မက်ဆိုးမှ လွတ်မြောက်ရာ လမ်းမှာ တစ်နည်းသာ ရှိသည်။ ခြောက်အိပ်မက် ဆိုးကို ဖန်တီးခဲ့ သူများက ၀န်ချ တောင်းပန်ခြင်း ဖြင့်သာ အိပ်မက်ဆိုး မက်နေရ သူများကို နိုးထ ကြည်ရွှင် နိုင်စေသည်ဟု ဆရာတော် ဦးသဒ္ဓမ္မက မိန့်သည်။

ငြင်းဆန် လိုသူများ ကတော့ စနစ်ဆိုး ကြီးလည်း မရှိတော့၊ စနစ် ဆိုးကြီးကို အကောင်အထည် ဖော်သည့် အစိုးရလည်း မရှိတော့ဟု ဆိုကြလိမ့်မည်။

ဆရာတော် ဦးသဒ္ဓမ္မ ကတော့ ဤသို့ မိန့်သည်။

“ ဦးဇင်း တို့ကို ရွှေဝါရောင်တုန်းက အရေး ယူခဲ့တဲ့ စစ်အစိုးရ တစ်ဖွဲ့ လုံးမှာ ပါတဲ့ သူတွေမှာ တာဝန် ရှိတယ်။ ဒီအဖွဲ့က တာဝန် ရှိတယ် ဆိုရင် အခု ဒီအဖွဲ့က မရှိ တော့ဘူးလို့ ပြောမှာလား။ ၂၀၁၀ နိုဝင်ဘာ ၇ ရက်မှာ ရွေးကောက်ပွဲ လုပ်ပြီးတဲ့ နောက်မှာ အရပ်ဘက် အစိုးရ ပြောင်းသွား ပြီလို့ ပြောမှာလား။ အဲဒီလို ပြောတယ် ဆိုရင်တောင် တကယ်တော့ အခု အရပ်ဘက် အစိုးရ ဆိုတာ စစ်အစိုးရ အဖွဲ့ကြီး ကနေ ၃ ယောက် လောက်ပဲ ပြောင်းသွားတာ။ ဦးသန်းရွှေ၊ ဦးမောင်အေး၊ ထွက်သွားတဲ့ သီဟသူရ တင်အောင်မြင့်ဦး အဲလောက်ပဲ လျော့သွားတာ။ ကျန်တာ တွေက အကုန်လုံး ရှိနေ တုန်းပဲ။ အစိုးရ အဖွဲ့ဝင်တွေ အနေနဲ့ ဆိုရင် သမ္မတ အထိ ကနေ စပြီး စစ်အစိုးရ အဖွဲ့ဝင်ပဲ။ လွှတ်တော် ထဲမှာ ဆိုရင်လည်း ဒီနေ့ နာယကတွေ၊ ဥက္ကဋ္ဌတွေ အထိ။ နောက် လွှတ်တော် ကိုယ်စားလှယ်တွေ အဖြစ် ရှိနေတာပဲ။ သူတို့ ဦးဆောင် နေပြီး ရွှေဝါရောင်မှာ သံဃာတွေနဲ့ ပြည်သူတွေ အပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့တဲ့ အသင်း ဆိုတာ ကနေ ပြောင်းထားတဲ့ ပါတီ ကြီးလည်း ရှိနေတာပဲ။ ဒီပါတီ ကနေ သူတို့ ရွေးကောက် ပွဲဝင်ပြီး အခုထိ ချုပ်ကိုင်နေတာ။ ဒီတော့ အစိုးရ ပြောင်းသွားပြီ။ သူတို့မှာ တာဝန် မရှိဘူးလို့ ပြောရင် ဒီအစိုးရဟာ ဒီအစိုးရသည် စစ်အစိုးရ ကနေ ပြီးတော့ ရွေးကောက်ပွဲ ဆိုတာနဲ့ အငြင်းပွား ဖွယ်ရာ သံသယ တွေနဲ့ ဂယက် တွေနဲ့ ကြိုတင် မဲတွေနဲ့ နည်းမျိုးစုံနဲ့ သူတို့ အနိုင်ရအောင် လုပ်တာ။ တရား မျှတမှု လုံးဝ မရှိခဲ့ဘူး။ သူတို့ အာဏာ ရဖို့ပဲ လုပ်ခဲ့တာ။ အဲဒီ အာဏာ ရဖို့အတွက် အဓိက အသက် သွင်းတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာလည်း သူတို့ လုပ်ခဲ့တာ။ ဒီ ဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ သေချာပေါက် ကြံ့ဖွံ့ပဲ အနိုင်ယူ ခဲ့တာပဲ။ သူတို့ကတော့ ပြည်သူက ရွေးကောက် တင်မြှောက်တယ်။ တရားဝင် အစိုးရလို့ ပြောနေပေမယ့် သူတို့ တည်မြဲဖို့ ဦးနေ၀င်းတို့ လုပ်ခဲ့ သလိုပဲ အရပ်ဝတ် လဲတဲ့ ပုံစံမျိုး အခုလည်း ထပ်လုပ်တယ်။ ဒါကြောင့် လက်ရှိ သူတို့မှာလည်း တာဝန်ရှိတယ်။ ၀န်ချ တောင်းပန် ရမယ် ။ ”

မဟာ အ၀ီစိ တွင်းဆုံး ကျမည့် ထိုလုပ်ရပ် များကြောင့် စစ်အာဏာရှင် အစိုးရ အပေါ် ရဟန်း သံဃာများက ပတ္တနိက္ကုဇ္ဇန ကံဆောင် ထားရာ သူတို့ မတောင်းပန် မချင်း ပြည်သူများ အနေဖြင့် စက်တင်ဘာ အိပ်မက်ဆိုး၏ ခြောက်လှန့်မှုကို ခံစား နေရဦးမည် ဖြစ်သလို ထိုသူများ သည်လည်း ပတ္တနိက္ကုဇ္ဇန ကံဆောင် ခံထား ရသော ဆူးကြီး တစ်ချောင်း စူးနေ ဦးမည် သာဟု ဆရာတော်က မိန့်သည်။ ဗုဒ္ဓ တရားတော် အရ ထိုသို့ ကံဆောင် ခံထားရလျှင် မည်သို့ အကျိုးအပြစ် ရှိကြောင်း သိလိုသူ များသည် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ကြီးထံ မေးမြန်း သင့်သည်။ ပြီးလျှင် အမြန်ဆုံး တောင်းပန် ၀န်ချ သင့်သည်။

ပတ္တနိက္ကုဇ္ဇန ကံ၏ အကျိုး အပြစ်ကို သိရှိ ထားသော သံဃမဟာ နာယက ဆရာတော်ကြီး များကလည်း စက်တင်ဘာ ရွှေဝါရောင် ကာလ ညွှန်ကြားလွှာ အမှတ် (၉၄) ကို ထုတ်ပြန်ခဲ့ သလိုပင် မိမိတို့ ဒကာမင်း အပေါင်းကို အကျိုး အပြစ် တို့အား ရှင်းပြ၍ ၀န်ချ တောင်းပန်ရန် တိုက်တွန်း သင့်ပေသည်။

ယခုတော့ စက်တင်ဘာ အိပ်မက် ဆိုးကြီးသည် ခြောက်လှန့် နေတုန်း . . .

ဆူးကြီး တစ်ချောင်း သည်လည်း စူးနစ် နေတုန်း . . .။

နေဘုန်းခန့်

မြန်မာသံတော်ဆင့်

Photo..May Myat Thu
စစ်ပွဲတွေဖြစ်တိုင်း ကိုယ်နဲ့စိတ်ဆင်းရဲ ရသူတွေဟာ ပြည်သူတွေပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေဖြစ်တိုင်းပြည်သူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထားပစ်ခဲ့ရတယ်။ သူတို့ရဲ့ အသက်ရှင်သန်မှုအတွက် သူတို့ ဟာ စစ်ပွဲတွေကြားထဲက ပြေးလွှားရင်း သူတို့မိသားစုတွေနဲ့ တစ်သက်တာ ခွဲခွာ သွားကြရတယ်။ လင်သေတဲ့ မုဆိုးမတွေ ၊ သားပျောက်မိခင်တွေ အများကြီးဖြစ် လာကြတယ်။ ဒါကြောင့် ပြည်သူလူထုဟာ စစ်ကို မလိုလားကြပါဘူး။

ဒါဖြင့် ဘယ်သူတွေကများ စစ်ကို လိုလားလဲလို့မေးရင်တော့ စစ်ကြောင့်အ ကျိုး ဖြစ်ထွန်းခဲ့သူတွေက စစ်ကိုလိုချင်ကြ ပါတယ်။ စစ်ဖြစ်နေတဲ့အချိန်မှာ အကျိုးရှိနိုင်လို့လားလို့မေးရင်တော့ ကမ္ဘာကျော် လေရူးသုန်သုန်ဝတ္တုထဲက ဇတ်လိုက်ကျော် ရက်ဘတ်တလာပြောသလိုပဲ စစ်ဖြစ်နေတဲ့ အချိန်ဟ၁ စီးပွားရှာလို့အကောင်းဆုံး၊ သဌေးဖြစ်ဖို့အမြန်ဆုံးဆိုတဲ့ လူစားတွေ အ အတွက်တော့ စစ်ဟာ အကျိုးဖြစ်ထွန်း ပါတယ်။

ငြိမ်းချမ်းရေးလို့ပြောရင် စစ်မက် ကင်းဝေးတာ၊ ပြဿနာတွေမရှိတာ၊အားလုံး အေးချမ်းနေတာပါ။ စစ်မက်ကင်းဝေးဖို့ အတွက် အရင်ဆုံးတော့ အပစ်အခတ်ရပ်စဲ ရပါလိမ့်မယ်။ တကယ့်ပကတိအခြေအနေအ ရတော့ ကမ္ဘာကြီးမှာလဲ ငြိမ်းချမ်းရေးမရှိဘူး။ မြန်မာပြည်မှာလဲ ငြိမ်းချမ်းရေးမရှိတာ သေချာပါတယ်။ စစ်အေးခေတ်မှာလဲ အမေရိကန်နဲ့ ရှရှားရဲ့ ပြိုင်ဆိုင်မှုကြောင့် ကမ္ဘာ့ပြည်သူတွေ စိတ်တထင့်ထင့်နဲ့ နေခဲ့ရ တာပါ။ ဒါကြောင့် ကမ္ဘာ့ပြည်သူတွေက ငြိ မ်းချမ်းရေးကိုတောင်းဆိုလာပါတယ်။ ဒါကြောင့် လဲငြိမ်းရေးဆွေးနွေးပွဲတွေ ကျင်းပလာခဲ့ပါတယ်။ ဒီလို ကျင်းပတဲ့ပွဲ အတွင်းမှာပဲ ကွန်မြူနစ်တွေက အနောက် အုပ်စုကို စစ်ကိုဖန်တီးသူတွေ၊ စစ်နဲ့ကြီး ပွားချမ်းသာလာသူတွေအဖြစ် စွပ်စွဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ကွန်မြူနစ် အုပ်စု ခွဲထွက်လာပါတယ်။ ဒီလိုခွဲထွက် ပြီးတဲ့ နောက် ကွန်မြူနစ်အုပ်စုတွင်းမှာပဲ တရုတ်နဲ့ ရှရှားရဲ့ အားပြိုင်မှုက ပြင်းထန် လာပြန်ပါတယ်။ တရုတ်က ငြိမ်းချမ်းရေး ကိုဆွေးနွေးရမည့်ဆိုတဲ့ အတွေးအခေါ်နဲ့ ရှရှားကတော့ လက်နက်ဖျက်သိမ်းရေး ဆိုတဲ့ အတွေးအခေါ်ကို တင်လာကြပါ တယ်။ စစ်အေးကာလအတွင်းငြိမ်းချမ်းရေးဆွေးနွေးနေရင်းက အုပ်စုကြီး ၃ စုဖြစ်ပေါ်လာခဲ့ရတာပါ။ ဒါကြောင့် ငြိမ်းချ မ်းရေးဆွေးနွေးမယ်ဆိုရင် အကြောင်းအရာအားလုံးကိုခြုံငုံဆွေးနွေးမှာ တကယ့်ငြိမ်းချမ်းရေးရလာမှာဖြစ်ပါတယ်။

ဗမာပြည်ဟာလည်း လွတ်လပ်ရေး နဲ့အတူတူ ပြည်တွင်းစစ်ကိုလည်း မွေးဖွား ခဲ့ပါတယ်။ စစ်တွေရဲ့ ထုံးစံအတိုင်းဒေသ ခံပြည်သူတွေဟာ စစ်ရဲ့ဆိုးကျိုးတွေကို ခါးစည်းခံခဲ့ရပါတယ်။ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ အာဏာရအစိုးရကြား တစ်ဖွဲ့နဲ့ တစ်ဖွဲ့ နားလည်မှုမရှိကြတဲ့ အခါမှာ ပြည်တွင်းစစ်ရဲ့ သက်တန်းလည်း ရှည်ကြာလာပါတယ်။ ၁၉၆၂ ဝန်းကျင်မှာ ကမ္ဘာတစ်ဝှမ်းလုံး ငြိမ်းချမ်းရေးဆွေးနွေးဖို့ တာစူနေတာမို့ ၁၉၆၂ မှာ အာဏာသိမ်းခဲ့တဲ့ တော်လှန်ရေးကောင်စီကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ၁၉၆၃ခု၊ ဇွန်လ ၁ဝရက်မှာ ပြည်တွင်းငြိမ်းချမ်း ရေးအတွက် တော်လှန်ရေးကော်စီ၏ ကမ်းလှမ်းချက်ကို ထုတ်ပြန်ကြေညာခဲ့ပါ တယ်။ အဲဒီ့ကြေညာချက်အပေါ်မှာ ပြည်သူ များနှင့် နိုင်ငံရေးအဖွဲ့အစည်းများ၊ လက် နက်ကိုင်အဖွဲ့အစည်း အားလုံးက ကြိုဆိုခဲ့ ပါတယ်။ ပထမဦးဆုံးအနေနှင့် သခင်စိုး ဦးဆောင်သော အလံနီကွန်မြူနစ်ပါတီနှင့် ၃ ကြိမ်တွေ့ဆုံပြီးနောက် တော်လှန်ရေး ကောင်စီမှ အလံနီကွန်မြူနစ် ပါတီနှင့်တွေ့ဆုံဆွေးနွေးပွဲကို ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။ ထို့နောက် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ၈ ကြိမ်တွေ့ဆုံခဲ့ပြီး နောက်တွင်တော်လှန်ရေးကော်စီဘက်က အပစ်အခတ်ရဲစဲရေးနှင့် အပစ်ရပ်ထားစဉ် စည်းရုံးရေးလုပ်ငန်းအားလုံးရပ်ဆိုင်းထားရ မယ်လို့တောင်းဆိုခဲ့တယ်။ ကချင်လွတ်လပ်ရေးကောင်စီ(ကေအိုင်စီ)၊ ကေအန်ယူ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်တွေဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်အောင်ညှိနှိုင်းနိုင်ခဲ့ခြင်းမရှိတဲ့အတွက်ပြည်တွင်းငြိမ်းချမ်းရေးမရခဲ့တာပဲဖြစ်ပါတယ်။ အဲဒီလိုငြိမ်းချမ်းရေးမရခဲ့ခြ င်း၏ အဓိက အချက်အဖြစ် တော်လှန်ရေး ကောင်စီက ငြိ မ်းချမ်းရေးအစစ်အမှန်ရလို ခဲ့မှုမရှိခြင်းကြော င့်ဖြစ်တယ်လို့ မှတ်တမ်းတင်ခဲ့ကြပါတယ်။ တော်လှန်ရေး ကောင်စီအနေနဲ့ မတူညီတဲ့ ရည်မှန်းချက် တွေ အပေါ်မှာ သဘောထား ကြီးကြီးမ ထားပဲ သူတို့လိုချင်တဲ့ အချက်အလက် တွေရအောင် သွေးခွဲချော့ မော့တာ၊ ဖျား ယောင်းသွေးဆောင်တာတွေကြောင့် ပြည်တွင်းငြိမ်းချမ်းရေးမရခဲ့ခြင်းဖြစ်တယ်။ အဲဒီ့နောက်မှာတော့ ပြည်တွင်းစစ်ကို အကြောင်းပြပြီး စစ်အာဏာရှင်စနစ်ကို တည် ထောင်ခဲ့ပါတယ်။

၁၉၈၈ အရေးတော်ပုံကို အာဏာသိမ်း ပြီးတဲ့နောက်မှာတော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ အရင်သွေးခွဲချော့မော့တဲ့နည်းလမ်း ကိုပဲဗျူဟာပြောင်းပြီးသုံးခဲ့ပါတယ်။ ၁၉၈၉၊ မတ် ၁၄ရက်မှစတင်ပြီး ဗ.က.ပ နှင့်တပ်ပေါင်း စုဖွဲ့ထားသည့် ကိုးကန့်တပ်ဖွဲ့များ မှစတင်ပုန်ကန်ကာ ကိုးကန့်တပ်ဖွဲ့များက နဝတ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် ကိုးကန့် အဖွဲ့တွေက အထူးဒေသ(၁) အဖြစ်တရားဝင် ရရှိခဲ့သလို စီးပွားရေး လုပ်ပိုင်ခွင့်တွေကို လည်းရယူခဲ့ပါတယ်။ အဲဒီ့ နောက်တော့ ဝ တပ်ဖွဲ့တွေရဲ့ ပုန်ကုန်မှုကို ရင်ဆိုင်ရပြီး ဗကပပြိုကွဲခဲ့ရပါတယ်။ ဝတပ်ဖွဲ့တွေဟာ နဝတအစိုးရနဲ့ အပြန်အလှ န်သဘောတူ ညီချက်ရရှိခဲ့ပြီး 'ဝ' အထူး ဒေသအဖြစ် ထူထောင်ခွင့်ရခဲ့ပါတယ်။

၁၉၈၈ အရေးတော်ပုံအား စစ်တပ်မှ အာဏာသိမ်းဖြိုခွင်းလိုက်တဲ့အခါမှာ ကျောင်းသားအများစုဟာ တောတွင်းကို လက်နက်ကိုင်ဖို့အတွက် ရောက်ရှိခဲ့ ပါတယ်။ ရောက်လာတဲ့ ကျောင်းသားတွေထဲ ကမှ အများစုဟာ ကေအန်ယူ ထိမ်းချုပ်တဲ့ ဒေသ၊မာနယ်ပလောမှာ အခြေချပြီး ကျောင်းသားတပ်မတော်ကို ထူထောင်ခဲ့ ပါတယ်။ အဲဒီ့နောက်တော့ မာနယ်ပလော ဟာ လက်နက်ကိုင်ဒီမိုကရေစီဘက်တော်သားတွေရဲ့ ဗဟိုချက်မဖြစ်လာပါတယ်။ ဒါကြောင့် ကေအန်ယူဟာ စစ် အစိုးရ ရဲ့ ရန်သူတော် နံပါတ်(၁)ဖြစ်လာပြီး ဗိုလ် ချုပ်ခင်ညွန့်ဦးဆောင်တဲ့ ငြိမ်းအဖွဲ့တွေ ဟာ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေကို မိမိလက်နက်မိမိကိုင် ထား၊ ကိုယ့်နယ်မြေ ကိုထိမ်းထား၊ဒေသဖွံ့ဖြိုး ရေးကိုလက်တွဲ လုပ်မယ်၊ နိုင်ငံရေးအရဆွေး နွေးတာတွေ ကိုတော့ ရွေးကောက်တင် မြှောက် ထားတဲ့ အစိုးရတက်လာချိန်မှ ဆွေးနွေး မယ်ဆိုတဲ့ သဘောတူညီချက် အရယူပြီး စီးပွားရေးလုပ်ပိုင်ခွင့်တွေပေးကာ အပစ် အခတ်ရပ် စဲခဲ့ပေမဲ့ ကေအန်ယူ ဘက်မှာတော့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ကရင်လူမျိုးတွေနဲ့ ခရစ်ယန်ကိုးကွယ်တဲ့ ကရင်လူမျိုးကြား သပ်လျှိုကာ သွေးခွဲ ခဲ့ကြပါတယ်။ မြိုင်ကြီးငူ ဆရာတော် ကိုအကြောင်းပြုပြီး KNUနဲ့ DKBA ဆိုပြီး ကရင်တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ကွဲ ရပါတယ်။ ၁၉၉၄ ခုမှာ KIA (ကချင်လွတ် မြောက်ရေး တပ်မတော်)က နဝတအစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒါကြောင့် နဝတအစိုးရအနေနဲ့ ခြေမှုန်းစရာလက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ကေအန်ယူ တစ်ဖွဲ့ပဲကျန်တော့တဲ့ အခြေအနေကို ရခဲ့ပါတယ်။ ဒါကြောင့် ၁၉၉၅၊ ဇန်နဝါရီလဆန်းမှာ မာနယ်ပလော ကျခဲ့ရပါတယ်။ တော်လှန်ရေးကောင်စီရဲ့ အမွေခံ နဝတအစိုးရဟာ သူတို့ကို လက်နက်ကိုင်တိုက်ခိုက်သူတွေကို တစ်စစီ ဖြိုခွဲလိုက်နိုင်ပါတယ်။ တကယ်တော့ အဲဒီ့အချိန်ကရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေး လက်မှတ်ဟာ အစစ်အမှန်မဟုတ်တဲ့ အကြောင်းကို ၂ဝ၁ဝ ရွေးကောက်ပွဲပြီး နောက်တစ်နေ့ မှာ DKBA နဲ့ အစိုးရ တိုက်ပွဲဖြစ်ပွားတာက ပြန်လည် စတင်ခဲ့ ပါတယ်။ အဲဒီ့နောက်တော့ ၂ဝ၁၁ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ကချင်စစ်ပွဲတွေကနေ ဒီနေ့အထိဖြစ်ပွားနေတဲ့ စစ်ပွဲတွေက သက်သေခံပါတယ်။ ဒီနေ့အချိန်မှာတော့ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေကို လုပ်ဆောင်နေပေမဲ့ တိုင်းရင်းသား အဖွဲ့တွေကရော၊ ပြည်သူလူထုကပါ သံသယနဲ့စောင့်ကြည့် နေတာပါ။

လက်တွေ့မှာ ငြိမ်းချမ်းရေးကို ဆွေးနွေးကြတဲ့အခါ အပစ်အခတ်ရပ်စဲဖို့ရော ၊နိုင်ငံရေးအရ ဖြစ်ခဲ့တဲ့ ပြဿနာတွေအ ပေါ်မှာ ဆွေးနွေးညှိနှိုင်းမှုရော လုပ်မှသာ ရေရှည်တည်တံတဲ့ ငြိမ်းချမ်းရေးကိုရမှာဖြစ် ပါတယ်။ ငြိမ်းချမ်းရေးစကားပြောကြတဲ့အခါမှာ အင်အားကြီးသူက မိမိအသာရရေးကို ဦးမတည်ပဲ မိမိသဘောထားကြီးကြောင်းနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးလိုချင် တယ်ဆိုတာပြသနိုင်ရင်တော့ မရနိုင်ဘူးလို့ထင် နေတဲ့ ငြိမ်းချမ်းရေးအရသာကိုပြည်သူတွေ ခံစားလာရမှာဖြစ်ပါတယ်။

မှားယွင်းခဲ့တဲ့ သမိုင်းကြောင်းကြောင့် သယံဇာတတွေ အများအပြားထွက်ရှိတဲ့ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံး၊ ကျရှုံးစာရင်း ဝင်နိုင်ငံဖြစ်ခဲ့တာပါ။ နှစ်ရှည်လများ စကားလုံးကျည်ဆံတွေနဲ့ အငြင်းပွား နေကြမဲ့အစား အားလုံးလက်ခံယုံကြည်နိုင်တဲ့ အခြေခံဥပဒေတစ်ခုအပေါ်မှာ အာဏာကို အညီအမျှခွဲဝေနိုင်ရင်၊ သယံဇာတကို အားလုံး ခွဲဝေသုံးစွဲနိုင်ကြမယ်ဆိုရင် ဘာဖြစ်လို့ သာယာဝပြောတဲ့ နိုင်ငံတစ်ခု မဖြစ်ပေါ်ရမှာလဲ။ တကယ်ကိုငြိမ်းချမ်းလိုတယ်ဆိုရင်တော့ အားကြီးသူဘက်က သဘောထားကြီးမှု ကိုပြသရင်း၊ အင်အား နည်းသူက နားလည်သဘောပေါက်မှုကိုပြသခဲ့မယ်ဆိုရင်တော့ တစ်နေ့မှာ ငြိမ်းချမ်းရေးဆိုတာကို လက်ဝယ်ပိုင်ပိုင် ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။

ခင်ငြိမ်းသစ်



          ကမ္ဘာမှာ . . . မြန်မာဟေ့ ဆိုတာကို အသားထားလို့ အီသီယိုပီးယားအောက် ကမ္ဘာအဆင်းရဲ အမွဲ တေဆုံး စာရင်းထဲကိုတောင် မြန်မာပြည်ရောက်တော့မှာလားလို့ စဉ်စားမိခဲ့တယ်။ မြန်မာပြည်အပေါ်မှာ ကမ္ဘာ့ နိုင်ငံပေါင်းများစွာက အကြွေးတွေကို လျှော်တာတစ်မျိုး ၊ လျော့တာတစ်မျိုး လုပ်ပေးနေတာတွေ တွေ့ရတော့ လည်း ၀မ်းသာရပြန်ရော။ ကြွေးတင် ရှင်ဘုရင်ဆပ်လိမ့်မယ်ဆိုတဲ့ အတိုင်း မဟုတ်တော့ဘဲ မူမမှန်တဲ့ အစိုးရ ကြောင့် တင်ရှိနေတဲ့အကြွေးတွေကို နိုင်ငံသူ နိုင်ငံသားတွေက ၀ိုင်းဆပ်ပေးရ ကောင်းမလားလို့တောင် စဉ်းစား မိခဲ့တယ်။ တကယ်ဆိုရင်တော့ အစိုးရအနေနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ အကြွေးတင်သည်ဖြစ်စေ ၊ သူတို့အိတ်ထဲ ထည့်တာများပြီး အကြွေးကို နိုင်ငံတော် အနေနဲ့ သတ်မှတ်ထားသည် ဖြစ်စေ နိုင်ငံတော်လို့ ဆိုလိုက်တာနဲ့ နိုင်ငံသား အားလုံးအပေါ်မှာ တာဝန်ရှိတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားမိတယ်လေ။
       
  အဲဒီအတွက် မိတ်ဆွေတစ်ယောက်ကလည်း ပြောဖူးပါတယ်။ အစိုးရအနေနဲ့ မှားယွင်းခဲ့တာတွေ အပေါ် မြန်မာနိုင်ငံမှာ ရှိတဲ့ လုပ်ငန်းရှင်တွေစု ထည့်ဝင်နိုင်သလောက် ထည့်ဝင်ပြီး အကြွေးတွေဆပ်ပေးပါမယ်လို့ ပြောကြရင် မကောင်းဘူးလားတဲ့။ ကောင်းတာပေါ့လို့ ပြောခဲ့ဖူးတယ်။ အဲဒီလိုဆိုပြန်ရင်လည်း အစိုးရက ခွင့်ပြု ဦးမှ။ တော်ကြာ သူ့ကိုသိက္ခာချပါတယ်လို့ ဖြစ်နေပြန်ရင် စေတနာ အလကားဖြစ်ဦးမယ်။
          မြန်မာပြည်အကြွေးနွံနစ်တဲ့အပိုင်းကို ခဏထားပြီး နေပြည်တော် တည်ဆောက်ခြင်း လုပ်ငန်းခွင့်ဘက် လှည့်ကြရအောင်ပါ။ အခုအချိန်အထိတော့ နေပြည်တော်အတွက် ဘက်ဂျက်ဘယ်လောက်သုံးပါတယ်ဆိုတဲ့ ကြေညာချက်မျိုး ဘယ်သတင်းမီဒီယာကမှ ထွက်ပေါ်လာခြင်းမရှိသေးဘူး။ ရှင်းလည်း ရှင်းမပြသေးပါဘူး။ ၂၀၀၆ လောက်မှာ တောတွင်းဝင်လာပြီး နေပြည်တော်အဖြစ် စတည်လိုက်တာဟာ ယနေ့အချိန်အထိတော့ မြို့အင်္ဂါရပ်နဲ့ မကိုက်ညီသေးဘူးလို့ ဆိုကြတယ်။ နေလို့ထိုင်လို့တော့ ကောင်းပါတယ်။ လေကောင်းလေသန့် လည်းရပါတယ်။ သွားရေးလာမှုအတွက် ကုန်ကျစရိတ်များတာတော့ ရှိပါတယ်။ နေပြည်တော်အတွက် ဘက်ဂျက် ရှင်တန်း မထွက်လာသေးသလို ဘယ်သူကမှလည်း ရှင်းချက်ထုတ်ဖို့ ပြောဆိုတာမျိုး မရှိသေးဘူး။
          အခုဇိမ်ခံတက်နေကြတဲ့ လွှတ်တော်ကြီးရဲ့ရှော့ကို ပြန်ပြောရရင် သိပ်မထူးဆန်းပါဘူး။ ဦးခင်ညွှန့် ၀န်ကြီးချုပ်အနေနဲ့ ရှိသခိုက် လွှတ်တော်ကြီးကို အေ၀မ်းကုမ္ပဏီက ဆောက်လုပ်မယ်ဆိုပြီး အုတ်မြစ်လာချ သွားပါတယ်။ အဲ . . . အလုပ်သမားလေးတွေကို ထောင်တန်တွေ တစ်ယောက်တစ်ရွက်တောင် ပေးသွားသေး တယ်လို့ ဆိုတယ်။ အဲဒီလွှတ်တော်ကြီး အုတ်မြစ်ချပြီး အပြန် ထောက်လှန်းရေး ရုံးချုပ်ကို သိမ်းပိုက်လိုက်တာ လည်း သမိုင်းထဲက ဖြစ်ရပ်တစ်ခုပါပဲဗျာ။ အဲဒီလိုနဲ့ အေ၀မ်းကုမ္ပဏီလည်း ဆောက်လုပ်ခွင့်မရတော့ဘဲ ရင်းနှီးမြှပ်နှံထားတာတွေ ဆုံးရှုံးသွားခဲ့ရပါတယ်။ အဲဒါကို ACE ကုမ္ပဏီက ဆက်လက်တာဝန်ယူပြီး အမြန်ဆုံး အကောင်အထည်ဖော်ဆောက်လုပ်ခဲ့ပါတယ်။
          အဲဒါမတိုင်ခင် ၀န်ကြီးရုံးတွေဆောက်လုပ်ပါတယ်။ ကြက်ပြေးရွာက နေတက် တောထဲဘက်မှာ ဆောက်လုပ်ခြင်းပါ။ အဲဒီတုန်းက ပုံရိပ်တွေကို ပြန်ပြီး အမှတ်ရနေပါသေးတယ်။ ရုံးတွေက အကြီးကြီးတွေပါ။ ဒါပေသည့် သတ်မှတ်ကာလအမှီ အမြန်ဆောက်လုပ်ရတာတွေ ဖြစ်တဲ့အပေါ်မှာ အရည်အသွေးကတော့ မမှန် ပါဘူး။ ၀န်းကြီးရုံးပေါင်းများစွာကို ကုမ္ပဏီတွေအလိုက်တာဝန်ခွဲဝေပေးပြီး ဆောက်လုပ်စေခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီဝန်ကြီးရုံးတွေ တိုးလို့တန်းလန်း ပြီးလုပြီးခင် အချိန်ရောက်တော့မှ ၂၀၀၇ ခုနှစ်နှောင်းပိုင်းမှာ ၀န်ထမ်းအိမ် ယာတွေ စတင်ပါတယ်။ ၀န်ထမ်း အိမ်ယာတွေနဲ့ တစ်ဆက်တည်းမှာဘဲ ၀န်ကြီးဝန်ငယ်အသွယ်သွယ်တို့ အတွက် အိမ်ကြီးအိမ်ကောင်း တစ်ချို့ကို ၀ဘုရားနဲ့ မလှမ်းမကမ်းမှာ တည်ဆောက်ပြီး ရွှေတိဂုံပုံတူဆိုတာက တော့ ၀န်ကြီးရုံးတွေ ၊ ၀န်ထမ်းအိမ်ယာတွေ ၊ သမ္မတအိမ်တော်ယာတွေ ပြီးမှ အမြန်ဖြစ်တည်လာတဲ့ စေတီတော်ကြီး တစ်ဆူဖြစ်ပါတယ်။
          နေပြည်တော်ကြီးကတော့ ဖြစ်တည်ခဲ့ပြီ။ ဆောက်လုပ်ထားတဲ့အဆောက်အဦး တစ်လုံးချင်းစီရဲ့ တန်ဖိုးကလည်း တွက်လို့ရမှာပါပဲ။ သမ္မတအိမ်တော်လို ၊ ၀န်ကြီးအိမ်ယာတွေလို ဟာမျိုးတွေအတွက်လည်း သူ့ဟာနဲ့သူ တွက်ချက်ပြီးသားတွေဖြစ်မှာပါ။ အားလုံးမှာ စာရင်းအတိအကျနဲ့ ရှိနိုင်ပေမယ့် ပြည်သူတွေတော့ သိခွင့်မရတာဖြစ်ပါလိမ့်မယ်။ သိခွင့်ရခြင်း မရခြင်းထက် ဒါတွေအားလုံးက အစိုးရစီမံကိန်းတွေဖြစ်တယ် ဆိုတာ တော့ သေချာတယ်။ အစိုးရစီမံကိန်း ဆိုခဲ့ရင် နိုင်ငံတော်ဘက်ဂျက်ထဲကပဲ သုံးရမှာပဲ။ နိုင်ငံတော်ဘက်ဂျက် ထဲက ဘယ်လောက်သုံးသလဲ ဆိုတာကို နိုင်ငံသူ နိုင်ငံသားတွေ သိသင့်ပါတယ်။
          အကြွေးတွေ . . .အကြွေးတွေလို့ ပြောရင် ဘာကြောင့်အကြွေးတင်ရတယ်ဆိုတဲ့ ဖြေရှင်းချက်တော့ ရှိမှာပဲလေ။ နေပြည်တော်ကြီးတည်ဆောက်ရာမှာ အသုံးပြုတဲ့ငွေတွေကို အဲဒီအချိန်မှာ အာဏာရှိဆဲ စစ်အုပ်စု အသိုင်းထဲက ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ငွေသားတွေနဲ့ တည်ဆောက်သွားတာလား။ အဲဒီလိုဆိုပြန် ရင်လည်း ဒီမိုကရေစီအင်အားစုတွေဟာ စစ်အစိုးရတည်ဆောက်ပေးထားတဲ့ ခန်းနားထည်ဝါတဲ့ အဆောက် အဦးကြီးတွေပေါ်မှာ အခန့်သား လာထိုင်ကြတယ်လို့ ဆိုရမှာပေါ့။
          နေပြည်တော်တည်ဆောက်နေစဉ်မှာ ရန်ကုန်အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ကြည့်မိတယ်။ ရန်ကုန်က ၀န်ကြီးရုံးတွေဆိုလည်း အကောင်းပကတိ ရှိနေဆဲအချိန် ၊ ပြုပြင်တည်ဆောက်လို့ ရနိုင်သေးတဲ့အခြေအနေမှာ ငွေကုန်ကြေးကျ ခံပြီး အသစ်တည်ဆောက်မှုတွေ လုပ်တာတော့ မလိုအပ်ဘဲ ဘက်ဂျက်တွေ အကုန်ခံနေတာ ပဲလို့ မြင်မိတယ်။ နေပြည်တော်မှာ ဆောက်လုပ်ပြီးစီးလို့ ဇိမ်ခံနေကြတဲ့ အဆောက်အဦးတိုင်းဟာ မြန်မာနိုင်ငံ သူနိုင်ငံသားတွေအဖို့ အိမ်မက်တောင် မမက်ရဲတဲ့ ငွေကြေးပမာဏတွေဖြစ်တယ်။ အစိုးရဌာနဆိုင်ရာ ရုံး အဆောက်အဦးတွေ ၊ စစ်တပ်အဆောက်အဦးတွေ များစွာအတွက် ငွေတွေဓလဟော သုံးစွဲခဲ့တာပါ။ ဒါတောင် ယနေ့အချိန်အထိ မြို့ပြအင်္ဂါရပ်နဲ့ မညီညွတ်သေးဘဲ “အသက်မရှိတဲ့ မြို့” လို့ တင်စားကြတာတစ်မျိုး ၊ ကြက်တွေနေတဲ့မြို့လို့ တင်စားကြတာတစ်မျိုး။ အမျိုးမျိုးဖြစ်ခဲ့တယ်။
          အေးရှားဝေါလ်ကုမ္ပဏီက ဆောက်လုပ်သွားတဲ့  (A)နန်းတော် ၊ (B)နန်းတော်ဆိုတာ သောက်ရမ်း ခမ်းနားထည်ဝါ ကြီးမားပါတယ်။ တည်ဆောက်စဉ်ကတည်း လုံခြုံရေးအစောင့်အကြပ်များစွာ နဲ့ တည်ဆောက်ခဲ့ တဲ့နေရာဖြစ်ပါတယ်။ အဲဒီအဆောက်အဦးအားလုံးအတွက် တစ်လုံးချင်းစီအတွက် ငွေကြေးတွေကို အခုချိန်မှာ ထုတ်ပြန်လို့ ရပါပြီ။အဲဒီဟာတွေရဲ့ စားရင်းကို ထုတ်ပြန်လိုက်တာနဲ့ ငွေကြေးပမာဏဟာ ထန်းထောင် ပေါင်းများစွာ ထွက်လာမှပါ။ ဒါတွေဟာ ပြည်သူတွေသိတော့ သိရဲ့ တိတိကျကျ မသိရတဲ့ တင်ရှိနေတဲ့ အကြွေး တွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပါလိမ့်မယ်။
          မြန်မာနိုင်ငံဟာ ကြွေးတွေနစ်နေတယ်။ ပြည်သူတစ်ယောက်ချင်းစီမှာ အကြွေးဘယ်လောက်ရှိတယ်။ စသည်အားဖြင့် တွက်ကိန်းထုတ်ခဲ့ကြတာတွေ ရှိပါတယ်။ ယခုတစ်လောထွက်ပေါ်လာတဲ့ သတင်းကြောင့် ၀မ်းသာပိတိ ဖြစ်မိတာတော့ အမှန်ပါပဲ။ တခြားသော ကမ္ဘာ့နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ဂရုဏာသက်စွာနဲ့ တင်ရှိနေတဲ့ အကြွေးတွေကို လျှော်ပေးခဲ့ပါတယ်။ သူဌေးများ မထင် ရဘူး။ မသိသလို မရှိသလိုပဲနေကြတာ တွေ့ရတယ်။ လျှော်ပေးတဲ့ နိုင်ငံတွေကို ကျုပ်တို့က ကျေးဇူးတင်ရ တယ်။ တခြားသော ကမ္ဘာ့နိုင်ငံတွေက လျှော်ပေးနေချိန်မှာ ကမ္ဘာ့ဘဏ်ကတော့ သာသာကြည်ကြည်မလျှော်ဘဲ စစ်တမ်းကောက်လိုက်တဲ့ အခါမှာ ကျုပ်တို့အတွက် ၀မ်းသာစရာဖြစ်လာပါလေရော။
          အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိရှိသော ဘဏ်အကောင့် ငါးခုကို နိုင်ငံခြား ဘဏ်များတွင် မြန်မာနိုင်ငံမှ အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။
        ဒီသတင်းရဲ့နောက်ကွယ်မှာပဲ ဒီငွေတွေကို ဟိုလူပိုင်တယ်။ ဒီလူပိုင်တယ်။ လူပါးဝထားတွေပေါ်ပြီး စသဖြင့်ပေါ့ သတင်းတွေအမျိုးမျိုးထွက်လာတော့တာပါပဲ။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနဲ့အတူ လက်ရှိအစိုးရရဲ့ ဒီမိုကရေစီဖော်ဆောင်မှုတွေကို အတိုက်အခံနိုင်ငံရေး အင်အားစုတွေကတောင် အသိအမှတ်ပြု ပူးပေါင်းဆောင် ရွက်နေကြချိန်မှာ ဒီငွေတွေအတွက်လည်း ကျုပ်တို့က ဘာလို့ မနာလို တိုရှည် ဖြစ်ရမှာလဲ။ ပြန်တွေးကြည့်ရင် ဒီငွေပမာဏဟာ နည်းတောင်နည်းလိမ့်ဦးမယ်။ မြန်မာပြည်အ၀ှမ်းက သစ်တော ၊ မြန်မာပြည်မြောက်ပိုင်းက တွင်းထွက်ရတနာ ၊ မြန်မာပင်လယ်ပင်က ထွက်တဲ့ သဘာဝဓာတ်ငွေ့ မြန်မာ့ရေပိုင်နက်ထဲက သားငါးပုစွန် အလုံးစုံကို ချုပ်ကိုင်ပြီး လုပ်ကိုင်ခဲ့ကြတာ သူတို့မို့လို့လား။ အခုလို ကမ္ဘာ့ဘဏ်က ဖွင့်ချပေးလို့ သိရတော့ ကျုပ်တို့နိုင်ငံဟာ အကြွေးတွေပိနေလို့ မဆပ်နိုင်တဲ့ နိုင်ငံမဟုတ်ဘူးဆိုတဲ့ သံသယ ရှင်းမသွားပေဘူးလား။
          အဲဒီ ၁၁ ဘီလီယံကိစ္စမှာ အကောင့်က (၅)ခုဖြစ်ကောင်းဖြစ်မယ်။ ရရှိထားတဲ့ ငွေကြေးကတော့ အများပြည်သူပိုင်ကိစ္စတွေကနေ ရထားတာဖြစ်တယ်။ အများပြည်သူပိုင်ဆိုလို့ အဲဒီငွေတွေကို အများပြည်သူ လက်ထဲ ပြန်ထည့်ပါလို့ ဘယ်တော့မှ မပြောအပ်ဘူး။ ဒီငွေတွေနဲ့ အခုကမ္ဘာ့ဘဏ်ကို ပေးစရာ ရှိတယ်ဆိုတဲ့ အမေရိကန် ဒေါ်လာ သန်း ၈၉၀ (ထားပါးတော့ သန်း ၉၀၀)တစ်ဘီလီယံကို ဆက်မယ်။ တခြားနိုင်ငံတွေကို ပေးစရာ ရှိနေသေးတဲ့ အသေးအမွှားလေးတွေကိုလည်း ပြန်ဆက်ပေးလိုက်မယ်ဆိုရင် ကျုပ်တို့ပြည်သူတွေမှာ တင်ရှိနေတဲ့ကြွေးကို အလိုက်တသိ ဆက်ပေးတာပဲ မဟုတ်ဘူးလား။

          ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြင့်ဆက်လုပ်သွားကြမယ်။ သူတို့တွေလုပ်ခဲ့တဲ့ လုပ်ရပ်အမှားတွေအတွက်လည်း တဖြည်းဖြည်း ပြန်ပြုပြင်လာကြပါပြီ။ အတိုက်အခံဘက်က အင်အားနည်းလို့ သာ ကြပ်လို့မရတဲ့ကိစ္စလေးတွေ ရှိနေသေးတာပါ။ အဲဒီအကောင့်(၅)ခုဟာ ဘယ်သူ့ဟာတွေလည်းဆိုတာ ပေါ်ထွက်လာပြီးရင်တော့ အစိုးရပိုင်းအနေနဲ့လည်း ပွင့်လင်းမြင်သာမှု တစ်ခုလုပ်သင့်ပြီ။ ဟုတ်လို့ကျော် ပုတ်လို့ပေါ်ဆိုတာက သမန်ကာလျှံကာ စကားဆိုပေသည့် ကိစ္စတော်တော်များများမှာ လျှို့ဝှက်ချက်တွေ ရှိကောင်းရှိပေမယ့် ပေါ်ရတာပဲ။ ပြည်သူတွေ အတိုက်အခံ လွှတ်တော်အမတ်တွေရဲ့ ရင်ထဲမှာ ကိန်းအောင်နေ တဲ့ ပြဿနာတစ်ခုက ရှိသေးတယ်။ ယခင်အစိုးရဟောင်းလက်ကနေ အာဏာလွှဲပြောင်းရယူပြီး နေရာတွေချိန်း ထားတဲ့ နိုင်ငံတော်ထိပ်သီးပိုင်း ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖွင့်ချပြဖို့။ ဒါတွေဟာ အထင်သေး အမြင်သေး ဖြစ်စေမယ့် ကိစ္စတွေ မဟုတ်ပါဘူး။ တရားဝင်ကြေညာပါဆိုတာက တရားဝင်ကြေညာပြီးရင် နောက်ထပ် တရား မ၀င် မလုပ်ကြတော့ဖို့လောက်ပဲ။ နောက်နောင် ဒီလိုတွေ လုပ်ဖို့ကလည်း မလွယ်တော့တဲ့အပိုင်းမှာ ယခုအချိန် မှာ အားလုံးကို ဖွင့်ချထားလိုက်တာဟာ အကောင်းဆုံးဖြစ်မှာပါ။
          နေပြည်တော်ဖြစ်တည်လာခြင်းရဲ့ အသုံးငွေတွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်ကြေညာပေး ဖို့ လိုအပ်သလို ရယူပိုင်ဆိုင်ထားတာတွေ အားလုံးကို ပွင့်လင်းမြင်သာမှုရဲ့ ပြယုတ်အဖြစ် ရှင်းလင်းပြသင့်ပါပြီ။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူအတွက် ရည်စူးပြီး ဘယ်လိုလုပ်ခဲ့တာပါဆိုတဲ့ ရှင်းလင်းချက်လေးတွေပါရင် အများပြည်သူက လက်ခံဖို့ အသင့်ဖြစ်နေကြမှာပါ။ ဒီအချိန်မှာ ၀မ်းသာရတာတော့ မြန်မာပြည်ဟာ အကြွေး ဆပ်စရာ မရှိလောက်အောင် ဆင်းရဲတဲ့နိုင်ငံတော့ မဟုတ်ဘူး။ နိုင်ငံဘဏ္ဍာငွေတွေဟာ ပုဂ္ဂလိကနာမည်တွေနဲ့ ဖြစ်နေလို့ပါ။ မြန်မာပြည်သူပြည်သား အားလုံးဝမ်သာကြရမှာက ကြွေးတင်ရင် ရှင်ဘုရင်ဆပ်လိမ့်မယ်ဆိုတာ ဒီလိုအခြေအနေမျိုးမှာ ပြောရမှာပါ။ ပြည်သူတစ်ဦးချင်းစီးအပေါ်မှာ တင်ရှိနေတဲ့အကြွေးတွေ မနှေးအမြန် ကင်းရှင်းသွားပါလိမ့်မယ်လို့ ထင်မြင်ယူဆမိကြောင်း . . . . . ဖြင့် . . . . . . နိဂုံးချုပ်ပါတယ်။

နောင်တော်လေး (ဘိုကလေး)

(အတွေးရှိတဲ့အတိုင်း ရေးသားတင်ပြပါသည်)

စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနှင့်

စင်ကာပူ ထိပ်သီးညီလာခံ ကို ကနေ့မနက်မှာ တရားဝင် စတင် ဖွင့်လှစ်ပြီ ဖြစ်တဲ့ အတွက် ကမ္ဘာ့ စီးပွားရေး၊ နိုင်ငံရေး ခေါင်းဆောင် တွေ နဲ့ အတူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း တက်ရောက် မိန့်ခွန်း ပြောမှာပါ။

စင်ကာပူ ကုမ္ပဏီ တွေ ဟာ မြန်မာနိုင်ငံမှာ အရင်နှစ် စောစောပိုင်း တွေ ကတည်းက ရင်းနှီးမြှုပ်နှံမှု တွေ ပြုကြပေမယ့်၊ အခု မြန်မာနိုင်ငံ ပွင့်လင်းလာချိန် မှာ လျော့နည်း သွားတာနဲ့ပတ်သက် လို့ စင်ကာပူ အခြေစိုက် သုတေသန ပညာရှင် အဖွဲ့Singapore Institute of International Affairs မှ ဥက္ကဌ ပါမောက္ခ Simon Tay ကို အခုလို ဒေါ်အောင်ဆန်းစုကြည် စင်ကာပူ ထိပ်သီးညီလာခံ ကိုလာတက်တဲ့ အတွက် စင်ကာပူ က မြန်မာနိုင်ငံ မှာ ရင်းနှီးမှု တွေ ပိုမို လုပ်နိုင်မလား လို့မေး ရာမှာ စင်ကာပူ မှာ ဒေါ်အောင်ဆန်းစုကြည် ပထမ ဆုံး အကြိမ် လာရောက် မိန့်ခွန်း ပြောတဲ့ အတွက် အများရဲ့ အာရုံ စူးစိုက်မှု ခံရတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင်၊ ဒေါ်အောင်ဆန်းစုကြည် ဘာပြော မလည်း ဆိုတာ ကိုလည်း ညီလာခံ တက်ရောက်ကြတဲ့ စီးပွားရေးသမား၊ နိုင်ငံရေး သမား တွေ အပြင် လူအများ စိတ်ဝင်စား နေတဲ့ အကြောင်း၊ မြန်မာနိုင်ငံ မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ မယ့် ကိစ္စ အပါအဝင်၊ အခြား အရေးတွေ မှာပါ စိမ်ခေါ်မှုတွေ အခက်အခဲ တွေ မရှိပါဘူး လို့ ပြောနေကြပေမယ့်၊ တကယ့် လက်တွေ့မှာ နိုင်ငံရေး နယ်ပယ်သာ မက၊ စီးပွားရေး ပေါ်လစီ တွေ မှာ ပါ တကယ်တန်း အပြောင်းအလဲ တွေ ရှိလာ ပါ့မလား ဆိုတာကို အသေအချာ ဆန်းစစ် ကြည့်ဖို့လိုပုံ၊ ပါမောက္ခ Simon Tay က ရှင်းပြပါတယ်။

ဘီဘီစီ

ပြည်ပတွင် မြန်မာနိုင်ငံမှ အပ်နှံထားသော အမေရိကန်ဒေါ်လာ ၁၁ဘီလီယံရှိ ငွေစာရင်းငါးခုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာပြီးနောက် လက်ရှိ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (ယခင် စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ)၏ ငွေစာရင်း တစ်ခု ပါဝင်နေကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထို့သို့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိ ငွေစာရင်း (၅)ခုတွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်းတစ်ခု ပါဝင်နေကြောင်း သတင်းများ အပေါ် မြန်မာသံတော်ဆင့်မှ နိုင်ငံတော် သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက …““သူတို့သတင်းစာ ရှင်းလင်းမယ် လေ။ ၂၀ရက်နေ့ဆိုတော့ မနက်ဖြန်ပေါ့။ အဲဒီမှာပဲ တစ်ခါတည်း မေးလိုက်တာ ကောင်းပါတယ်။ ဘဏ္ဍာ အခွန်က ရှင်းလိမ့်မယ်လေ”” ဟု စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည်ဖြေကြားသည်။

၎င်း ၁၁ ဘီလီယံနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပွဲတစ်ရပ်ကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၌ ကျင်းပမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန် ထားသည်။

အဆိုပါ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိ ငွေစာရင်း (၅)ခုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ရရှိသော အချက်အလက်များဖြင့် BIC(Bank of Information Center) မှ အာရှ အစီအစဉ် မန်နေဂျာ Mr. Jelson Garcia က ထုတ်ဖော် ပြောကြားခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် Daily Eleven သတင်းစာတွင် -

(အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိရှိသော ဘဏ်အကောင့် ငါးခုကို နိုင်ငံခြား ဘဏ်များတွင် မြန်မာနိုင်ငံမှ အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ ဘဏ်တွင် တင်ရှိနေသည့် အကြွေးမှာ ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော် တင်ရှိနေ ကြောင်း၊ တစ်ဘီလီယံပင် မရှိသည့် ယင်းပမာဏသည် နဂိုချေးထားသည့် ငွေကြောင့် မဟုတ်ဘဲ အကြွေးဟောင်းမှ အတိုးများ တက်လာခြင်းကြောင့် စုစုပေါင်း အကြွေးမှာ တစ်ဘီလီယံနီးပါး အထိ ရှိလာခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ ပြည်ပတွင် ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့် ငွေမှာ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိနေခဲ့ကြောင်းကို ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ ကမ္ဘာ့ဘဏ် အနေဖြင့် နိုင်ငံတစ်ခုခုမှ ကမ္ဘာ့ဘဏ်ချေးငွေနှင့် စပ်လျဉ်းပြီး အစိုးရသစ် လက်ထက်တွင် ယခင်အစိုးရ လက်ထက်များက တင်ရှိသည့် အကြွေးများ လျှော်ပေးရန် တောင်းဆိုပါက လျှော်ပေးလေ့ ရှိသော်လည်း မြန်မာနိုင်ငံအပေါ် အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ အခွင့် အရေး မပေးရသည့် အကြောင်းရင်းမှာ ပြည်ပတွင် ဘဏ်စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ အပ်နှံထားသည့် အကြောင်းများကြောင့် ဖြစ်ကြောင်းလည်း ရှင်းလင်း ပြောကြားခဲ့သည်။

““မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ကို အစိုးရသစ် နိုင်ငံအသစ် ဖြစ်သွားလို့ အရင်အကြွေးဟောင်းကို ထားလိုက်တော့လို့ လုပ်လို့မရဘူး။ တခြားနိုင်ငံတွေဆိုရင် ကမ္ဘာ့ဘဏ်က လျှော်ပေးတယ်။ မြန်မာနိုင်ငံကို ဘာလို့ လျှော်မပေးလဲဆိုရင် ကမ္ဘာ့ဘဏ် စာရင်းဇယားတွေအရ မြန်မာနိုင်ငံက အပြင်မှာ ကိုင်ထားတဲ့ ဘဏ်အကောင့် ငါးခုရှိတယ်။ ဘယ်သူ့အကောင့်တွေလဲဆိုတာ ကမ္ဘာ့ဘဏ်က သိတယ်။ အဲဒီ အကောင့်ငါးခုမှာ ၁၁ ဘီလီယံအထိ ရှိနေတယ်။ အကြွေးအားလုံးပေါင်းမှ တစ်ဘီလျံတောင် မရှိဘူး။ ဒါကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို မေးခွန်းထုတ်တယ်။ အကြွေးတွေလည်း လျှော်မပေးခဲ့ဘူး””ဟုလည်း ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအား ကြွေးမြီနှင့် ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်း သုံးခု ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ဘဏ်စာရင်း ငါးခုကို လုံးဝမထိသည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း၊ မြန်မာပြည်သူများ အနေဖြင့် အဆိုပါ ဘဏ်စာရင်း ငါးခုနှင့်ပတ်သက်၍ မသိကြသေးကြောင်း ၄င်းက ထုတ်ဖော်ခဲ့သည်။

Mr. Jelson Garcia က ““အဲဒီအတွက် မြန်မာနိုင်ငံကို option သုံးခုထုတ်တယ်။ ၁၁ ဘီလီယံရှိတဲ့ ဘဏ်အကောင့် ငါးခုထဲက ထုတ်ပြီး ဒီအကြွေးတွေ ပြန်ဆပ်မလား။ ဒါမှမဟုတ် ကြားကနေပြီး အကြွေး ဟောင်းကိုဆပ်ပြီး အကြွေးသစ်ကို လုပ်ပေးတဲ့ သူကိုရှာမလား။ ဒါမှမဟုတ် နိုင်ငံတကာက အလှူရှင်တွေ ပေါင်းပြီး Truth Bank လိုမျိုး ကမ္ဘာ့ဘဏ်ကို ရန်ပုံငွေလိုများ လုပ်မလားဆိုပြီး ထုတ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံက ဒုတိယအချက်ကို ရွေးလိုက်တယ်။ အကောင့်ငါးခုကို သွားမထိဘူး။ အဲဒီ အကောင့် ငါးခုကို ခုထိ မြန်မာပြည်သူတွေ မသိသေးဘူး”” ဟု Mr. Jelson Garcia က ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ အကြွေးဟောင်းဆပ်ပြီး အကြွေးသစ် လုပ်ပေးနိုင်သူ ရှာခဲ့ရာ ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်သို့ မြန်မာနိုင်ငံမှ တင်ရှိနေသည့် ကြွေးမြီများကို ၀င်ရောက် ဖြေရှင်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးများကို ဂျပန်နိုင်ငံက ဖြေရှင်း ပေးသည့်အတွက် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးကျေသွားပြီ ဖြစ်သော်လည်း အဆိုပါ အကြွေး အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော်အား ဂျပန်နိုင်ငံသို့ ပေးဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ဆိုသည့် ပမာဏမှာ မြန်မာ့ သဘာဝဓာတ်ငွေများ ပြည်ပသို့ လေးနှစ်နီးပါး ရောင်းချမှုမှ ရရှိသည့် ငွေစုစုပေါင်းနှင့် ညီမျှသော ပမာဏဖြစ်ရာ များပြားလွန်းနေသည်)ဟု ဖော်ပြထားသည်။

ယင်းကိစ္စရပ်များတွင် ယခင် စစ်အစိုးရလက်ထက် အကြီးအကဲအချို့၊ ၄င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးအချို့ ပါဝင် ပတ်သက်လျက် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။


မြန်မာသံတော်ဆင့်

(20 sept 2013 ရက်စွဲပါ Washington post မှ AP ၏ US welcomes Myanmar signing nuclear agreement with UN atomic watchdog group ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ နျူးကလီးယားစောင့်ကြည့်ရေး အဖွဲ့တို့ သဘောတူညီချက် လက်မှတ်ရေးထိုးမှုကို အမေရိကန် ပြည်ထောင်စုက ကြာသာပတေးနေ့က ကြိုဆိုခဲ့ပါသည်။ ၄င်းမှာယခင်က အပယ်ခံနိုင်ငံ၏ တံခါးဖွင့်မှု အတွက် နောက်ဆုံး ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အဆိုပါစာချုပ်အရ နျူးကလီးယားလုပ်ဆောင်မှုမှန်သမျှကို ကြေညာရ မည်ဖြစ်ပြီး စစ်ဆေးမှု ကိုလည်း ခွင့်ပြုရမည်ဖြစ်ပါသည်။

သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးများရှိနေခြင်းကြောင့် ရီပတ်ဗလစ်ကင် အမတ်များက အမေရိကန်အနေဖြင့် မြန်မာနိုင်ငံမှအာဏာရှိစစ်တပ်နှင့် ဆက်ဆံရေးတွင် သတိပြုရန် တိုက်တွန်းခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေခြင်းကြောင့် အိုဘားမားအစိုးရသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ဖြေလျော့ရာတွင် လျင်မြန်စွာ လုပ်ဆောင်လျက်ရှိပါသည်။

ဆက်ဆံရေးမူဝါဒကို ပြုလုပ်ရန်တွန်းအားမှာ စစ်အစိုးရဟောင်းနှင့် မြောက်ကိုရီးယားတို့၏ စစ်ရေးအရ ဆက်ဆံရေးများ ပြတ်တောက်စေလိုသောကြောင့်လည်း တစိတ်တပိုင်း ပါဝင်ပါသည်။

မြန်မာနိုင်ငံသည် အင်္ဂါနေ့ကဝါရှင်တန်က ကာလရှည်ကြာကတိုက်တွန်းခဲ့သော IAEA နှင့် နောက်ဆက်တွဲ သဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ယခုလုပ်ဆောင်ချက်သည် လျို့ဝှက်သောစစ်အစိုးရက နျူးကလီး ယားလက်နက် အစီအစဉ်ကို ကြိုးပမ်းလျက်ရှိသည်ဟူသော စွပ်စွဲချက်ကိုဖြေရှင်းရာတွင် အထောက်အကူပြု မည်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသာပတေးနေ့က ပြောကြားရာတွင် ယခုသဘောတူညီချက်သည် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ နျူးကလီးယားမပြန့်ပွားရေး စံများနှင့် အဆင့်များနှင့်အညီ ပို၍ကိုက်ညီအောင် လုပ်ဆောင်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ဆိုပါသည်။

နျူးကလီးယား မပြန့်ပွားရေးဆိုင်ရာ လွတ်လပ်သော ပညာရှင်များကလည်း လက်မှတ်ရေးထိုးမှုကို သိက္ခာ ရှိသော ခြေလှမ်းအဖြစ်ကြိုဆိုခဲ့ပါသည်။ သို့သော်သဘောတူညီချက်များအတိုင်း အပြည့်အဝကျင့်သုံးနိုင်ရန် နှစ်အနည်း ငယ် ကြာလိမ့်မည်ဖြစ်ကြောင်း ဆိုပါသည်။

အမေရိကန်အစိုးရ၏ နျူးကလီးယား ပညာရှင်ဟောင်း Robert ကပြောကြားရာတွင် ယခုသဘောတူညီ ချက်အရ တာဝန် ခံရမည်မှာ မြန်မာနိုင်ငံသည် နျူးကလီးယား လုပ်ဆောင်မှုမှန်သမျှ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကြေညာရန်လိုအပ်ပြီး မဟုတ်ပါက စုံစမ်းစစ်ဆေးမှုအတွက် ခွင့်ပြုမည် ဖြစ်သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံ၏ ယခင်က IAEA နှင့် သဘောတူညီချက်တွင် လူသိရှင်ကြားကြေညာရန် အနည်းငယ်လို အပ်ချက်များ ရှိပါသည်။ ၂၀၁၀ နောက်ပိုင်းက ဗီယင်နာအခြေစိုက်အေဂျင်စီက စုံစမ်းစစ်ဆေးမှုအတွက် တောင်းဆိုရာ မြန်မာနိုင်ငံ ဖက်မှ တုန့်ပြန်မှုမရှိသည်ကို တွေ့ရပါသည်။ နျူးကလီးယား လက်နက်များအတွက် ကြိုးပမ်းနေသည်ဆို သည်ကို မြန်မာ အစိုးရ ငြင်းဆိုခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ရုရှားမှသုတေသန ဓာတ်ပေါင်းဖိုရယူရန် အစီအစဉ်ကိုလည်း ရပ်ဆိုင်းပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က မြန်မာနိုင်ငံသည် ဂျာမနီ၊ ဆွစ်ဇာလန်နှင့် စင်္ကာပူတို့မှ စက်ပစ္စည်းအချို့ ဝယ်ယူခဲ့ သည်ဟု သတင်းများဖော်ပြခဲ့ရာ မြန်မာနိုင်ငံမှ ထွက်ပြေးသွားသူများနှင့် ပညာရှင်များက ယူရေနီယံသန့်စင်သည့် စက်ပစ္စည်းများဟု ကောက်ချက်ချကြပါသည်။ အချို့ပညာရှင်များကမူ ငြင်းဆိုမှုများ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှ ထွက်ပြေးသွားသူများက မြန်မာနိုင်ငံတွင် ယူရေနီယမ် တူးဖော်နေပြီး အောက်ဆိုဒ်နှင့် Yellowcake အဖြစ်ပြောင်းရန် လုပ်ဆောင်နေသည်ဟု သတင်းပေးကြပါသည်။

မြန်မာနိုင်ငံ၏ နျူးကလီးယား ရည်မှန်းချက်များနှင့် ပတ်သက်သော စွပ်စွဲမှုများကို သုတေသနပြုသူ Kelley ကမူ စစ်အစိုးရ၏ နျူးကလီးယား အစီအစဉ်မှာ အောင်မြင်မှုမရှိဟု ယုံကြည်ခဲ့ပါသည်။ ၄င်းကပြောကြားရာတွင် ၄င်းအနေဖြင့် မြောက်ကိုရီးယားနှင့်လည်း နျူးကလီးယား ဆက်စပ်သော အထောက်အထားများ မတွေ့ရဟုဆိုပါသည်။ အမေရိကန်အစိုးရ တာဝန်ရှိသူများကမူ မြန်မာက မြောက်ကိုရီးယားမှ ဒုံးကျည်နှင့် အခြားစစ်သုံးပစ္စည်းများ ဝယ်ယူမှုကို ပိုမို၍ပူပန်ခဲ့ကြပါသည်။ နျူးကလီးယားမဟုတ်သော လက်နက်များရောင်းဝယ်ခြင်းကို ယခုစာချုပ်မှ မကန့်သတ်နိုင် သော်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က မြောက်ကိုရီးယားနှင့် ထိုသို့သော ကုန်သွယ်မှုများကို တားမြစ်ထားပါသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော ကွန်ဂရက်ကြားနာမှုတစ်ခုတွင် ရီပတ်ဗလစ်ကင် အမတ်များက အိုဘားမား အစိုးရသည် မြန်မာနိုင်ငံနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်မှုမှာ မြန်ဆန်လွန်းသည်ဟု စွပ်စွဲပါသည်။ ပြီးခဲ့သည့်လက ကာကွယ်ရေးဝန်ကြီး Chuck Hagel သည် မြန်မာကာကွယ်ရေးဝန်ကြီးဌာန ပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံစစ်တပ်များ၏ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုတွင် လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးမှုနှင့် ပတ်သက် ၍ အနည်းငယ်သာ ဆွေးနွေးမှု ရှိခဲ့ပါသည်။

အရှေ့အာရှ နိုင်ငံခြားရေးမူဝါဒကို ကြီးကြပ်သော လွှတ်တော်ကော်မတီဥက္ကဋ္ဌ အိုဟိုင်းယိုးမှ ရီပတ်ဗလစ်ကင် Steve Chabot ကပြောကြားရာတွင် အစိုးရသည် ကွန်ဂရက်၏ စိုးရိမ်ပူပန်မှုကို မျက်ကွယ်ပြုသည်ဟုဆိုပါသည်။

မြောက်ကယ်ရိုလိုင်းနားမှ နောက်ထပ် ရီပတ်ဗလစ်ကင် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ George Holding ကပြောကြားရာတွင် “ကျွန်တော်တို့အနေနဲ့ စစ်တပ်ချင်း အနီးကပ်ဆက်ဆံရေးမပြုမီ၊ မြန်မာစစ်တပ်ဟာ တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ ဆက်ဆံရေး မရှိဖို့၊ ဒါမှမဟုတ် ရပ်ဆိုင်းဖို့ သေချာအောင် အရင်လုပ်သင့်ပါတယ်” ဟုဆိုပါသည်။

ကယ်လီဖိုးနီးယားမှ Dana Rohrabacher ကစွပ်စွဲပြောကြားရာတွင် မြန်မာစစ်တပ်သည် တိုင်းရင်းသားများအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ ရှိသော်လည်း မြန်မာနိုင်ငံမှ ပြည်သူများအား ဖိနှိပ်မှုများ ဆက်လက်ရှိနေသေးကြောင်း ဆိုပါသည်။

Yangon chronicle


BIC (Bank Information Center) ၏ Asia Program မန်နေဂျာ Mr.Jelson Garcia က မြန်မာနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ ရှိသော ငွေစာရင်းငါးခု ပြည်ပတွင် ရှိနေကြောင်း စက်တင်ဘာ ၁၀ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်း ပြောကြားမှုနှင့် ဘာသာပြန်ပေးခဲ့သူ၏ အသံဖိုင်ကို ဖော်ပြအပ်ပါသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် အဆိုပါ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် ပတ်သက်သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲကို နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Credit to မြန်မာ့ရေးရာ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.