09/25/13

Axel van Trotsenburg, World Bank's Vice President for East Asia and Pacific Region talks to the media during a news conference in Yangon, February 5, 2013.

Credit: Reuters/Minzayar

(24 Sept 2013 ရက်စွဲပါ Reuters မှ World Bank approves $ 140 million for Myanmar electricity ကို ဘာသာပြန်ဆိုသည်)

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုကူညီရန် ကြိုးစားလျက်ရှိရာ အင်္ဂါနေ့က ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့သည် ပိုမိုအားကောင်းသော လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံ ပိုမိုဆောက်လုပ်နိုင်ရန် အတိုးမဲ့ချေးငွေ ဒေါ်လာသန်း(၁၄၀) ထောက်ပံ့ရန် အတည်ပြုခဲ့ပါသည်။

ကမ္ဘာ့ဘဏ်သည် သယံဇာတကြွယ်ဝသော်လည်း စစ်အစိုးရအောက်တွင် ဆယ်စုနှစ်များစွာ အထီးကျန်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ရှေ့သို့ တိုးတက်မြှင့်တင်ခဲ့ပြီး ဖြစ်ပါသည်။ အမည်ခံ အရပ်သားအစိုးရသည် နိုင်ငံတကာ ငွေချေးသူများနှင့် ပြန်လည်ချိတ်ဆက်ခဲ့ပြီး နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် စစ်အစိုးရလက်ထက်တွင် စုဆောင်းလာခဲ့သော နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးရန်ရှိသော ဒေါ်လာသန်း(၄၂၀)နှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇန်နဝါရီလက ရှင်းလင်းနိုင်ခဲ့ရာ ကြီးမားသော အတားအဆီးတစ်ခုကို ကျော်လွှားနိုင်ခဲ့ပါသည်။

မွန်ပြည်နယ်တွင် ၁၀၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဓာတ်ငွေ့သုံး ဓာတ်အားပေးရုံတစ်ခု ဆောက်လုပ်မည်ဖြစ်ရာ ပြည်နယ်၏ အများဆုံးဓာတ်အား လိုအပ်ချက်တစ်ဝက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ၄င်းပမာဏမှာ တိုင်းပြည်လိုအပ်ချက်၏ ၅% ရှိကြောင်း ကမ္ဘာ့ဘဏ် ကပြောပါသည်။

အဆိုပါနေရာတွင်ရှိသော ဓာတ်အားထုတ်လုပ်သော စက်ရုံဟောင်းမှာ နှစ်ပေါင်းလေးဆယ်ခန့်ရှိပြီဖြစ်ကာ ယခုအခါအသုံးမပြုတော့သည့် နည်းပညာကို အသုံးပြုနေပြီး ၄၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ ဓာတ်အား ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံဖြစ်သော ၃၅၀၀ မဂ္ဂါဝပ်ခန်းကို ဓာတ်ငွေ့သုံးစက်ရုံများမှ ထုတ်လုပ်သော်လည်း စက်ရုံအများစုမှာ ဆယ်စုနှစ်များစွာ သက်တမ်းရှိပြီး အိုဟောင်းနေပြီ ဖြစ်ပါသည်။

အိုဟောင်းနေသော စက်ရုံများသည် တိုင်းပြည်၏ ဓာတ်အားလိုအပ်ချက် ကြီးမားစွာ ဖြစ်ပေါ်နေမှုကို ပြသနေပါသည်။ တိုင်းပြည်တွင် ၂၉% ကသာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ခြင်းကြောင့် ကမ္ဘာပေါ်တွင် အနိမ့်ဆုံး အဆင့်တွင် ရှိနေပါသည်။

ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့တွင် ဓာတ်အားလိုအပ်ချက် ကြီးမားမှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ အစိုးရက ဓာတ်အားဖြည့်ဆည်းမှု မြှင့်တင်နိုင်မည့် အရေးပေါ် အခြေအနေများ ကြေညာခဲ့ရပါသည်။

“မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုတွင် ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် များစွာအလားအလာ ရှိပါသည်။ လျှပ်စစ် ဓာတ်အားဖြည့်ဆည်းပေးမှု စိတ်ချလာရသည်နှင့်အမျှ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ဘဝများတိုးတက် လာမည်ဖြစ်ပါသည်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာပြည် မန်နေဂျာ Kanthan Shankar က ကြေညာချက်တွင် ဖော်ပြ ထားပါသည်။

ဆင်းရဲမွဲတေမှုကို တိုက်ဖျက်လျက်ရှိသော ကမ္ဘာ့ဘဏ်သည် ကျေးလက်ဧရိယာများတွင် ဓာတ်အားပေး စက်ရုံဆောက်ရေးအတွက် ငွေထောက်ပံ့ရန် အထူးလိုလားသည်ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Axel van Trotsenburg ကပြောပါသည်။ တိုင်းပြည်၏ စွမ်းအင်လိုအပ်ချက် အများစုသည် ရန်ကုန်တွင်ဖြစ်ပြီး တိုင်းပြည်၏ အဆင်းရဲဆုံး လူများမှာ ကျေးရွာများတွင် နေထိုင်ကြပါသည်။

စက်ရုံအများစုမှာ ပြင်ဆင်ချိန်လပေါင်း ၁၈ လမှ လ ၂၀ ခန့်အထိ ကြာတက်သော်လည်း မြန်မာနိုင်ငံမှ ယခု ဓာတ်အားပေး စီမံကိန်းများကို ကိုးလသတ်မှတ်ထားပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအတွက် ကတိကဝတ်များ၏ အရေးကြီးမှုကြောင့် ဖြစ်သည်ဟု ၄င်းကပြောပါသည်။

ကမ္ဘာ့ဘဏ်သည် စီမံကိန်းများကို ဦးစားပေးအမြန်လုပ်ဆောင်မည်ဖြစ်သော်လည်း လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ထိန်းသိမ်းမှုများကိုလည်း ဆက်လက်ထိန်းထားမည် ဖြစ်ပါသည်။

Yangon chronicle

ပြည်တွင်းဂျာနယ် တစ်စောင်နှင့် ပြည်ပမီဒီယာ အချို့တွင် ဖော်ပြခဲ့သော ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဆိုသော သတင်းနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် ရှင်းလင်း ဖြေကြားခဲ့သည်။

သံတော်ဆင့် ဂျာနယ်တွင် ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဆိုသော သတင်းပါဝင်ပြီး နောက်ပိုင်း ပြည်ပမီဒီယာ အချို့မှလည်း အဆိုပါ သတင်းများကို ဆက်လက် ထုတ်လွှင့်ခဲ့သည့်အပေါ် အများပြည်သူ သိရှိလိုသည့် အတွက် အခြေပြုကာ ထပ်မံမေးမြန်း ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှာ လက်ရှိတွင် နိုင်ငံတော် သမ္မတ၏ အားထားရသော ပြည်ထောင်စု ၀န်ကြီးတစ်ဦး ဖြစ်နေပြီး တိုင်းပြည်အတွက် အကျိုးများစွာ ပြုနိုင်သည့် နေရာတွင် ရောက်ရှိနေခြင်း၊ အရေးပါသည့် နေရာတွင် ရှိနေ၍ ပြည်သူနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦး အဖြစ်လည်း ရှိနေသူ ဖြစ်သည်။

ထိုသို့ အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည့်အတွက် အများပြည်သူကြား၌ ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဟူသော သတင်းကို ရှင်းလင်းစွာ သိရှိစေရန် The Daily Eleven သတင်းစာမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအပြင် ပြည်ထောင်စုဝန်ကြီး၏ မိသားစု ရင်းချာများပါ နိုင်ငံခြား ဘဏ်စာရင်းများဖြင့် ရှင်းလင်းမှု ရှိ၊ မရှိကို နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် မေးမြန်းခဲ့ရခြင်း ဖြစ်သည်။

The Daily Eleven မှ မေးမြန်းရာ၌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတွင် ပြည်ပ၌ နေထိုင်သူ သားသမီးများ ရှိသည်မှာ ဟုတ်မဟုတ်၊ ၀န်ကြီးသားသမီးများ အနေဖြင့် ဒေါ်လာပမာဏ အမြောက်အများကို ယူဆောင်လာပြီး စီးပွားရေး လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လာမည် သို့မဟုတ် ပြန်လည်ရောက်ရှိ နေသည်ဆိုသော သတင်းမှာ ဟုတ်၊ မဟုတ်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အနေဖြင့် မျိုးရိုးစဉ်ဆက် ကြွယ်ဝချမ်းသာခြင်း ဟုတ်၊ မဟုတ်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အမည်ဖြင့် မဟုတ်ဘဲ သားသမီးများ အမည်ဖြင့် သို့မဟုတ် ဆွေမျိုးရင်းချာ အမည်ဖြင့် ဒေါ်လာပမာဏ များပြားစွာရှိသော နိုင်ငံခြားငွေ ဘဏ်စာရင်းများ ရှိ၊ မရှိ စသည်ဖြင့် ပြည်သူကြားတွင် သိရှိလိုနေသော မေးခွန်းအချို့ကို သိခွင့်ရှိလျှင် သိလိုကြောင်း၊ ရေးခွင့်ရှိလျှင် ရေးလိုကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဦးရဲထွဋ်မှတစ်ဆင့် ပြန်လည်ရှင်းလင်း ဖြေကြားရာတွင် 'ပြည်ထောင်စု ၀န်ကြီးတွင် သားတစ်ယောက် သမီးနှစ်ယောက်ရှိပြီး ၁၉၉၀၊ ၁၉၉၁၊ ၁၉၉၂ ခုနှစ်လောက်ထဲက ပြည်ပတက္ကသိုလ်များမှာ ပညာသင်ဆု လျှောက်ထားပြီး သွားရောက် ပညာသင်ကြားရင်း အလုပ်လုပ်ကိုင် နေခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က ၀န်ကြီးဦးစိုးသိန်းသည် တပ်မတော်တွင် ဒုတိယ ဗိုလ်မှူးကြီး အဆင့်သာ ရှိသေးသည့် အတွက် ၎င်း၏ သားသမီးများမှာ ဖခင်အရှိန်အ၀ါဖြင့် ပြည်ပသို့ သွားရောက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ပညာသင်ဆု ရငွေနှင့် အလုပ်လုပ်ခြင်းမှ ရငွေများဖြင့် ကျောင်းတက်ခဲ့ပြီး ၀န်ကြီးဦးစိုးသိန်း၏ ရာထူးတာဝန်ကို အသုံးပြုပြီး ငွေကြေးအခွင့်အရေးကို သားသမီးများမှ ရယူခြင်း မရှိခဲ့ကြောင်း၊ သူတို့ပညာ၊ သူတို့အလုပ် လုပ်ကိုင်မှုမှာ ၀င်ငွေရှာဖွေ ရပ်တည်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားမှာ နေထိုင်သူတိုင်း ဘဏ်စာရင်းတော့ ရှိကြောင်း ဖြေကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ ဖြေကြားရာတွင် ''ကလေးများ အနေနဲ့ ဖခင်ရဲ့ ရာထူး၊ တာဝန်ကို အသုံးပြုပြီး ငွေကြေး၊ အခွင့်အရေး ရယူခြင်း မရှိပါဘူး။ သူတို့ပညာနဲ့ အလုပ်လုပ်ကိုင် ၀င်ငွေရှာဖွေ ရပ်တည်နေတာသာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ နေထိုင်သူတိုင်း ဘဏ်စာရင်းတော့ ရှိမှာပေါ့ဗျာ။ ၀န်ကြီး ဦးစိုးသိန်းကလည်း သူ့သားသမီးများ အနေနဲ့ ဖခင်ရဲ့ အရှိန်အ၀ါကိုသုံးပြီး ငွေကြေး အမြောက်အများကို နိုင်ငံခြား ဘဏ်စာရင်းတွေ ဖွင့်ထားတယ် ဆိုတာ သက်သေ အခိုင်အမာ ရှိရင်ပြောပါ။ သူ့ကိုအရေးယူ နိုင်ပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မှန်းဆချက်များနဲ့ စွပ်စွဲပြောဆိုရင်တော့ သူ့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ပြည်သူတွေ သံသယရှင်း စေဖို့အတွက် လုပ်ဆောင်ရပါ လိမ့်မယ်လို့ ကျွန်တော့်ကို ဒီနေ့ပဲ ထပ်မံ ရှင်းပြပါတယ်'' ဟု ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စွပ်စွဲချက်များ ထွက်ပေါ်လာမှုနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ''အခုလို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ပတ်သက်ပြီး စွပ်စွဲချက်များ ပေါ်ထွက်လာခြင်းဟာ ဦးစိုးသိန်း အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်တဲ့အခါ အရင်အစိုးရ လက်ထက်က ရာထူး၊ အာဏာ၊ အဆက်အသွယ်များကို အသုံးပြုပြီး လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်များ ရယူထားတဲ့ သူအချို့ နစ်နာခဲ့ရတာနဲ့ ပတ်သက်နိုင်တယ်လို့ ထင်ပါတယ်'' ဟု ၎င်း၏ ထင်မြင်ယူဆ ချက်ကိုပါ ထည့်သွင်း ဖြေကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှာ ယခင်အစိုးရ လက်ထက်က ငွေကြေးဆိုင်ရာများ စီမံခန့်ခွဲမှု အပိုင်းများတွင် ပတ်သက် ဆောင်ရွက်မှု များပြားခြင်း မရှိခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူ ခဲ့ပြီးနောက် စက်ရုံ၊ အလုပ်ရုံ၊ မြေကွက်နှင့် အဆောက်အဦများအား ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း၊ ပုဂ္ဂလိသို့ လွှဲပြောင်းခြင်း ပြုလုပ်မှုများကို ဆောင်ရွက်ရာတွင် ပါဝင်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုမိန့်များ ထုတ်ပေးနိုင်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခွင့် ရရှိခဲ့ပြီး လုပ်ငန်းပေါင်း များစွာကို ခွင့်ပြုပေးခဲ့ကြောင်း၊ ထိုသို့ ခွင့်ပြုပေးရာတွင် စီးကရက်၊ ဘီယာ၊ အဖျော်ယမကာ စက်ရုံများစွာကို လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း၊ အစိုးရသစ် လက်ထက်တွင် စက်မှုဝန်ကြီး ဌာနအဖြစ် ပေါင်းစည်းခြင်း မပြုခင်မှ ပေါင်းစည်းပြီး ယနေ့အထိ ၎င်းအပါအ၀င် ပြည်ထောင်စုဝန်ကြီး လေးဦးအထိ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ၎င်းတာဝန် မယူတော့သည့် နောက်ပိုင်းတွင် ၀န်ကြီးနှစ်ဦး အပြောင်းအလဲ ဖြစ်ခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတလက်ထက် စီးပွားရေး လုပ်ငန်းရှင် အများအပြားနှင့် ရင်းနှီးသူ ဖြစ်ကြောင်း၊ ထိုသို့သော အကြောင်းများကြောင့် ယခုကဲ့သို့ ၀န်ကြီးဦးစိုးသိန်းအပေါ် စွပ်စွဲချက် ထွက်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိသည်။

(ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား စက်တင်ဘာ ၂၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ၁၁ ဘီလျံကိစ္စ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည့် မီဒီယာ တွေ့ဆုံပွဲတွင် တွေ့ရစဉ်)

EMG

သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးသည် ယခုနှစ်တွင် ၆ နှစ်တင်းတင်း ပြည့်ပြီ ဖြစ်သည်။ ထိုတော်လှန်ရေးသည် အိမ်နီးချင်းနိုင်ငံ များသာမက ကမ္ဘာ့နိုင်ငံများ၏ စိတ်ဝင်စားမှုကိုပါ ရရှိခဲ့သည်။ သတင်းမီဒီယာနှင့် နည်းပညာများ အားကောင်းမှုတို့ကြောင့် ၈ လေးလုံး အရေးတော်ပုံထက် ကမ္ဘာကျော်ခဲ့သည်၊ ကမ္ဘာကသိခဲ့သည်။

ယင်းကာလတွင် သတင်းမီဒီယာများ အားကောင်းနေသည် ဆိုသော်လည်း သတင်းသမား ဦးရေများပြီး ပြန်ကြားရေး ၀န်ကြီး ဋ္ဌာန၏ စာပေစိစစ်ရေး လောင်းရိပ်အောင်တွင် အပင်မသန်ခဲ့ရသည့် ကာလဖြစ်သည်။ ပြည်တွင်းပြည်ပ သတင်းထောက် များသည် သာမန်အချိန် ကာလမျိုး၌ပင် ကင်မရာကို ပြောင်ပြောင်တင်းတင်း လွယ်လျှက် သွားလာ၍ အဆင်မပြေနိုင်သော အချိန်ဖြစ်သည်။

ပြည်တွင်း သတင်းသမားများသည် ၂၀၀၇ စက်တင်ဘာ တော်လှန်ရေး ကာလအတွင်း သတင်းများကို မျက်စိဖြင့်မြင်သည်၊ နားဖြင့်ကြားသည်၊ ကိုယ်တွေ့ကြုံသည်။ သို့သော် စာမျက်နှာပေါ်သို့ တင်ခွင့်မရှိခဲ့။ ပြည်တွင်း သတင်းဋ္ဌာနများ၊ ဂျာနယ်များတွင် စက်တင်ဘာ အရေးအခင်းနှင့် ပတ်သက်၍ သတင်းတိုသတင်းစ တပုဒ်မျှပင် ဖော်ပြခွင့်မရခဲ့ပေ။

ထိုကာလတွင် အမှန်တရားကို ကမ္ဘာက မြင်တွေ့နိုင်အောင် တာဝန်ကျေခဲ့သော သတင်းသမားများ ရှိခဲ့ကြသည်။ မိမိတို့ လခယူ အလုပ်လုပ် နေသည့် သတင်းဋ္ဌာနများတွင် ရေးသားခွင့် မရနိုင်သည့် သတင်းများကို လွတ်လပ်စွာ ရေးသား တင်ဆက်ခွင့်ရသည့် ပြည်ပ သတင်းဋ္ဌာနများသို့ ပေးပို့ကြသည်။

ထိုကာလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား သတင်းဋ္ဌာနများမှ သတင်းထောက် အများအပြားလည်း ၀င်ရောက်လာသည်၊ သတင်း ယူကြသည်။ ထိုသတင်းထောက်များအနက် ဂျပန်သတင်းထောက် တဦးဖြစ်သည့် Kenji Nagai ကို စစ်သားတဦးက အနီးကပ် ပစ်သတ်နေသည့် ဓာတ်ပုံကို အမိအရ ရိုက်ကူးခဲ့သူ ရိုက်တာ သတင်းဌာနမှ သတင်းထောက်သည် ၂၀၀၈ ခုနှစ်အတွက် ပူလစ်ဇာ ဓာတ်ပုံဆု ရရှိသည်။ http://www.pulitzer.org/citation/2008-Breaking-News-Photography

ထို့အတူ Burma VJ အဖွဲ့၏ Suffrom အမည်ရှိ သတင်းမှတ်တမ်း ရုပ်ရှင်ကားသည်လည်း အော်စကာဆု ဆန်ခါတင် စာရင်း ၂ ခုအနက် တခုအပါအ၀င် ဖြစ်ခဲ့သည်။ ထိုမှတ်တမ်း ဗီဒီယိုတွင်လည်း Kenji Nagai ကို စစ်သားတဦးက အနီးကပ် ပစ်သတ် နေသည့် မှတ်တမ်းရုပ်သံ ဖိုင်တချို့လည်း ပါဝင်ခဲ့သည်။ ရွှေဝါရောင် တော်လှန်ရေးသည် နိုင်ငံခြား သတင်းထောက်တဦး အသတ်ခံခဲ့ရသည့် ဖြစ်စဉ်ကြောင့် ကမ္ဘာ့ သတင်းဋ္ဌာနများနှင့် ပရိသတ်များအကြား ပို၍ အာရုံစိုက်စရာ ဖြစ်ခဲ့သည်။

အထက်ပါ အော်စကာဆု ဆန်ခါတင် စာရင်း ဝင်ခဲ့သည့် မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သူများအနက် တဦးဖြစ်သည့် DVB မီဒီယာမှ ဗီဒီယိုသတင်းထောက် ကိုရန်နိုင်ကို ဧရာဝတီသတင်းထောက် မြတ်စုမွန်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ၂၀၀၇ စက်တင်ဘာ တော်လှန်ရေးမှာ သတင်းထောက်တွေ သတင်းယူခဲ့ရတဲ့ အခြေအနေကို ပြောပြပေးပါဦး။

ဖြေ။ ။ အဲဒီကာလတုန်းက သတင်းထောက်တွေ သတင်းယူရတဲ့ အခြေအနေက ကျနော်တို့တွေက ရုပ်သံဋ္ဌာနက ဖြစ်တဲ့ အတွက် ကျန်တဲ့ လူတွေထက် အခက်အခဲပို တွေ့ခဲ့တယ်။ အဲဒီကာလ အနေအထားအရ ကင်မရာ တွေ့ရင်ကို အနည်းဆုံး ထောင်ဒဏ် ၅ နှစ်နဲ့ ၁၀ နှစ်အကြားမှာ ရှိနေတဲ့ အချိန်ဆိုတော့။

မေး။ ။ အဲဒီအချိန်မှာ သတင်းထောက် လုပ်သက် ဘယ်လောက်ရှိပြီလဲ။

ဖြေ။ ။ ဒီနေရာမှာ ကျနော်ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံကို နည်းနည်း ပြောချင်ပါတယ်။ ကျနော်က အဲဒီအချိန်မှာ သတင်းထောက် လုပ်သက် ဘယ်လောက်မှ မရှိသေးပါဘူး။ ကျနော် ၁၉၈၉ ကနေ ၁၉၉၉ အထိ ထောင်ထဲမှာ နေရတယ်။ ကျနော် ပြန်ထွက်လာတော့ ဓာတ်ပုံတွေရိုက်တယ်၊ အလှူတွေ၊ မင်္ဂလာဆောင်တွေမှာ ရိုက်တဲ့ ရိုးရိုး ဓာတ်ပုံဆရာ။ ၂၀၀၆ လောက်မှာ Burma VJ မှာ လုပ်နေတဲ့ ကိုမျိုးမင်းနိုင်က လာဆက်သွယ်တယ်။ အဲဒီမှာ ရုပ်သံ ကင်မရာလေး ပေးတယ်။ စိတ်ထဲမှာ တင်ပြချင်တာလေးတွေ ရိုက်ပေးပါဆိုပြီး ကျနော့်ကို ပြောတယ်။ ၂၀၀၆ မှာ ကျနော့်ဆီကို ဗီဒီယိုကင်မရာလေး ရောက်လာ တယ်။ အဲဒီကနေ စပြီး သတင်းထောက် လောကထဲကို ရောက်လာတာပေါ့။ ကျနော်က ဘာကြောင့် ဒီအလုပ်ကို လုပ်ဖြစ်လဲ ဆိုတော့ ၈၈ တုန်းက ကျနော်တို့ပါဝင်လှုပ်ရှားခဲ့ပြီး ပြန်ထွက်လာတဲ့ အချိန်မှာ ဖြစ်စဉ်တွေ အကုန်လုံးက အတိုက်အခံ တွေဆီမှာ ဓာတ်ပုံတွေလည်း မရှိဘူး၊ ဗီဒီယိုတွေလည်း မရှိဘူး။ မရှိတော့ ကျနော်တို့ ပြန်ပြီး လေ့လာချင်တဲ့အခါ၊ သုံးသပ်ချင်တဲ့အခါ၊ ပြန်ကြည့်ချင်တဲ့အခါ ကြည့်စရာမရှိဘူး။ ကိုယ့်စိတ်ထဲမှာ ဗီဒီယို ကင်မရာရောက်လာတော့ ဘာပဲဖြစ်ဖြစ် ငါမှတ်တမ်း ယူရမယ် ဆိုတဲ့ အသိနဲ့ပဲ တောက်လျှောက် လုပ်ဖြစ်တယ်။ အဲဒီမှာ နေရာ တော်တော်များများကို ရိုက်ဖြစ် တာပေါ့။

အဲဒီ အချိန်မှာ ကျနော် မြန်မာပြည်က လူနေမှုဘ၀တွေ၊ တွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ရုပ်သံရိုက်တယ်။ ပြီးတော့ ယိုးဒယားဘက်က ရုံးကို ပို့ပေးရတယ်။ အဲဒီကာလက မြေအောက် လှုပ်ရှားတဲ့ ကာလဆိုတော့ ကျနော်နဲ့ ဆက်သွယ်တဲ့ လူကို တယောက်ချင်းစီပဲ သိခွင့်ရှိတယ်။ ၂၀၀၇ အထိ လစာမရှိဘူး၊ ကားခမရှိဘူး၊ ကိုယ့်စိတ်ဓာတ်နဲ့ကိုယ် ဒီအလုပ်ကို လုပ်နေကြတယ်။ တခါတလေမှာ လိုအပ်ရင် ဟိုဘက် (ထိုင်းဘက်) ကနေပြီးတော့ လမ်းစရိတ်အနေနဲ့ ၁ သောင်းပို့ပေးရင် ပို့တယ်၊ ၁ သောင်းခွဲ၊ နှစ်သောင်းပေါ့။ အဲဒီလိုမျိုး ပေးတာတော့ ရှိတာပေါ့။

အဲဒီလို လုပ်လာတာကနေ စက်တင်ဘာ ၁၈ ရက်နေ့ လမ်းလျှောက်တဲ့ အချိန်မှာ ကျနော် ရန်ကုန်မှာမရှိဘူး၊ တောကို ရောက်နေတယ်။ အဲဒီမှာ ကျနော်နဲ့ ဆက်သွယ်ထားတဲ့ သူက ကျနော့်ကို မြို့ပေါ် တက်လာဖို့ လိုနေပြီဆိုပြီး လှမ်းခေါ်တယ်။ ၂၆ ရက်နေ့က ကြေးသွန်းဘုရား ကြီးရှေ့မှာ သံဃာတော်တွေ ၀တ်ပြုဆုတောင်းတဲ့ သူတွေကို စဖြိုခွဲတဲ့နေရာမှာ ရိုက်ဖြစ်တယ်။ အဲဒီအချိန်က ကျနော် ဘုရားရင်ပြင်ပေါ်မှာ ပိတ်မိနေတယ်။ အဲဒီ ကာလကလည်း ကင်မရာမြင်လို့မရတဲ့ ကာလဆိုတော့ ကင်မရာကို ကြွပ်ကြွပ်အိတ်လေးတွေနဲ့ ထည့်ကိုင်ရတယ်။ ကြွပ်ကြွပ်အိတ်ကို အပေါက်ဖောက်၊ Lans လေး အပြင်ထုတ်ပြီး ကိုယ်ရိုက်ချင်တဲ့ နေရာကို နည်းမျိုးစုံနဲ့ ရိုက်ရတယ်။ မှန်းပြီးရိုက်ရတယ်။ အားသာချက်က ကင်မရာနဲ့ ၁ နှစ်ခွဲလောက် လေ့ကျင့်ထားတဲ့အတွက် ကင်မရာရဲ့ Lans နဲ့ ကိုယ်လိုချင်တဲ့ အနေအထားနဲ့ မှန်းမိတယ်။

ကျနော် ဘုရားရင်ပြင်ပေါ်မှာ ပိတ်မိနေတဲ့အချိန်မှာ ဘုရားပေါ်က လူတွေအားလုံးကို ရှင်းထားပြီ။ သူတို့ ဖြိုခွဲမှု စတင်တော့မယ့် အချိန်မှာ ရှင်းလိုက်တယ်။ အဲဒီအချိန်မှာ ဂေါပကတွေ ထဲမှာလည်း စစ်အစိုးရကနေ ထည့်ထားတဲ့ လူတွေရှိတယ်။ အဲဒါကို ဘုရားပေါ်မှာ ဓာတ်ပုံရိုက် နေတဲ့ မိတ်ဆွေတယောက်က ပြောပြတယ် “ခင်ဗျား ဒီမှာနေလို့မရဘူး၊ အောက်ဆင်းချင်ဆင်း၊ မဆင်းရင် အပေါ်တက်နေမှ ရမယ်” ဆိုပြီး တန်ဆောင်းတွေ အပေါ်ဘက်က ဘုံဆင့်တွေကို တက်လို့ရတဲ့နေရာကို ခေါ်သွားပြီး လိုက်တက်တယ်။ ၂ ဆင့်လောက် တက်လိုက်ရတော့ ကျနော်က အပေါ်စီး မြင်ကွင်း ရသွားတာပေါ့။

မေး။ ။ ဘုရားပေါ်ကနေ အရှေ့ဘက်မုခ်ကို လှမ်းမြင်နေရတာလား။

ဖြေ။ ။ တော်တော်ကြီး ဝေးပေမယ့် လှမ်းမြင်နေရတယ်။ ဒါပေမယ့် အောက်လည်း ဆင်းလို့မရ၊ ဘယ်မှလည်း သွားလို့ မရဘူး ဆိုပြီးတော့ အဲဒီအပေါ်ကပဲ ထိုင်ပြီးတော့ ရိုက်ခဲ့ရတယ်။ မီးခိုးဗုံး ပစ်တဲ့ဟာတွေ၊ သံဃာတွေကို ဆွဲတင်သွားတာ၊ လူတွေကို ကားပေါ်အတင်း ဆွဲတင်သွားတဲ့ဟာတွေ တောက်လျှောက် မြင်နေရတယ်။ ဒေါ်မာမာအေးဆိုတဲ့ သံဃာနဲ့ ပတ်သက်တဲ့ သီချင်းတွေထဲမှာ အရုပ်ပြခဲ့တဲ့ ဟာတွေကို ကျနော် ရိုက်နိုင်ခဲ့တယ်။ မီးလောင်ဗုံး ပစ်လိုက်တော့ ပြန့်သွားတာတွေ၊ ကိုရင်တွေက ခဲနဲ့ ပြန်ပစ်တာတွေ ရခဲ့တယ်။ အဲဒါကို အပေါ်ကနေ ရိုက်ရင်းနဲ့ ဒီအတိုင်းတော့ နေလို့မရတော့ဘူး၊ ဆင်းမှရမယ် ဆိုတော့ ကျနော် တယောက်တည်းလည်း ဆင်းလို့မရဘူး။ အပေါ်မှာ ၄၊ ၅ ယောက်လောက် ရှိတယ်။ ကင်မရာ သမား နှစ်ယောက်နဲ့ ကျနော့်ကို လိုက်ပို့တဲ့ ဓာတ်ပုံဆရာ တယောက်။ ဂေါပဂ လူကြီးတယောက်က တွေ့သွားပြီး မောင်းချတယ်။

မေး။ ။ အဲဒီနေ့မှာ တခြား သတင်းထောက်တွေကိုရော တွေ့လား။ သူတို့ရော ဘယ်လို လှုပ်ရှားနေတာ တွေ့ရသလဲ။

ဖြေ။ ။ တခြား သတင်းထောက်တွေလည်း အဲဒီလိုပဲ။ ဗီဒီယို သတင်းထောက်က ကျနော် တယောက်တည်း မဟုတ်ဘူး။ ဘုန်းကြီးကျောင်းထဲမှာ နေနေတဲ့သူတွေ ရှိတယ်၊ လမ်းထဲမှာ သာမန်လူတွေလိုပဲ လမ်းလျှောက်နေတဲ့ သူတွေ ရှိတယ်။ ကျနော်တို့ တယောက်နဲ့တယောက် မသိကြဘူး။ ဒါပေမယ့် ကင်မရာ ကိုင်ထားတာနဲ့ ဒီလူက ကိုယ့်လူပဲ ဆိုတာသိတယ်။ အဲဒီကာလက ဘယ်သတင်းထောက်မှ ဗီဒီယိုကင်မရာ မကိုင်ကြဘူး။ ကိုင်ရင် အန္တရာယ် ရှိတာကိုး။

အဲဒီကနေ မြို့ထဲရောက်တော့ ဖရေဇာ မီးပွိုင့်မှာ ရော်ဘာ ကျည်ဆံနဲ့ပစ်တယ် ဆိုပြီးတော့ ကျည်ဆံ အစစ်နဲ့ ပစ်သွားတယ်။ လူကူး ခုံးကျော် တံတားဘေးက သံကြော်ငြာတိုင်ကြီးမှာ ကျည်ဆံရာ ရှိတယ်၊ အဲဒီကျည်ဆံရာကို ကျနော်ရိုက်ခဲ့တယ်။ ညဘက် သတင်းမှာ ကြေညာတော့ ရော်ဘာ ကျည်ဆံနဲ့ပစ်တယ်လို့ ကြေညာတယ်။ ကျနော်တို့က ရော်ဘာ ကျည်ဆံ မဟုတ်ဘူး ဆိုတာကို ပြန်သက်သေ ပြနိုင်ခဲ့တယ်။ အဲဒီမှာ အမျိုးသမီး တယောက်ထိတယ်၊ ကျနော် မမီလိုက်ဘူး။

အဲဒီကနေ ကျနော်မိုးမိသွားပြီး သူငယ်ချင်းအိမ်ကိုဝင်ပြီး ကင်မရာဖွင့်လိုက်တော့ ကင်မရာရေစိုနေပြီ။ အဲဒီတုန်းက တိပ်ကင်မရာတွေ ဆိုတော့ ရေငွေ့ ရိုက်လိုက်တာနဲ့ တိပ်ကင်မရာတွေက မလည်တော့ဘူး။ ဘာလုပ်ရမယ်မှန်း မသိဘူး။ ဘယ်လို လုပ်ရမယ်မှန်း မသိတော့ အိုးထဲကို အုတ်နီခဲထည့်၊ အုတ်ခဲပေါ် ကင်မရာတင်ပြီး အိုးကိုအပူပေးပြီးတော့ ကင်မရာ မီးကင်ရတယ် (ရယ်လျှက်) အဲဒီလိုနဲ့ အဲဒီနေ့ညက ရသွားရော။

နောက်တနေ့ မနက်ကျတော့ မဂ္ဂင်ကျောင်းမှာ ၀င်စီးပြီးပြီလေ။ အဲဒီကို သွားရရင် ကောင်းမလား ဆိုပြီး ဖုန်းနဲ့ လှမ်းမေး ကြည့်လိုက်တော့ အဲဒီမှာ ကင်မရာသမား ၄၊ ၅ ယောက်လောက် ရှိတယ်။ မြို့ထဲသွား ဆိုလို့ ကျနော် မြို့ထဲဘက်ကို ဆက် တက်လာတယ်။ မြို့ထဲကို ကျနော် အစောကြီး ရောက်နေတယ်။ အဲဒီမှာ ဖရေဇာ ပွိုင့်ရဲ့ မြင်ကွင်းထဲကို ဘုန်းကြီးတပါး စရောက် လာတယ်။ လမ်းက လူတွေ ရှင်းနေတယ်။ ဘာကားမှ မရှိဘူး။ တခါတလေတော့ ကားတစီးစ၊ နှစ်စီးစ ဖြတ်သွားတယ်။ မနက် ၁၀ နာရီ ၀န်းကျင်လောက်ရှိမယ်၊ ဘုန်းကြီးတပါး ရောက်လာတယ်၊ ဘုရားပုံတော်ပါတယ်၊ ရေသန့်ဘူး ပါတယ်၊ ဖယောင်းတိုင်နဲ့ အမွှေးတိုင် ထွန်းတယ်။ နောက်တခါ မဇ္ဈိမလှိုင်းက ကိုရဲလွင် ရောက်လာတယ်။ ပြီးတော့ ရှေ့ဆင့်နောက်ဆင့်ပဲ လူတွေ တစုပြီးတစု ထပ်ရောက်လာတယ်။ အဲဒီအချိန်မှာ စစ်တပ်ဘက်က နေရာယူပြီး နေပြီ။ သူတို့က မြို့တော်ခန်းမ ဘေးမှာ ကားတွေနဲ့ အဆင်သင့် ရှိနေပြီးသား။ လူနည်းနည်း များလာရော ဆူးလေလမ်းမကို ကန့်လန့်ဖြတ်ပြီး ကြိုးတန်းလိုက်တယ်။ လူတွေကလည်း တဖြည်းဖြည်းနဲ့ စုလာတယ်။

မနေ့တုန်းက ရွှေတိဂုံ ဘက်မှာလည်း ဖြိုတယ်၊ ညတုန်း ကလည်း မဂ္ဂင် ကျောင်းကို ၀င်စီးပြီးသွားပြီ ဆိုတော့ လူတွေက မြို့ထဲကိုလာတယ်။ လူတော်တော် များလာတော့ စစ်တပ်က နှစ်တန်း တန်းလိုက်တယ်၊ အစုလိုက် အတန်းလိုက်ပေါ့။ စစ်ရေးပုံစံ ပြင်ပြီး နေရာယူထားတယ်။ တဘက်ကလည်း ကုန်သည်ကြီးများ ဟိုတယ်ဘက်က ချီတက်လာတဲ့ လူငယ်တွေ တော်တော် များလာတယ်။ ဒေါင်းအလံ ထောင်တယ်။ ကျနော်က အဲဒီအချိန်မှာ တချိန်လုံး ရှိနေတယ်။ လူများလာပြီးတဲ့ အချိန်မှာ နိုင်ငံခြားသားတွေ ရောက်လာတယ်။ ကျနော် မှတ်မိတာဆိုရင် ကိုရီးယားက ရုပ်သံဋ္ဌာန တခု ရောက်လာတယ်။ သတင်း တင်ပြတာကို ကင်မရာသမားက တခါတည်း ရိုက်ယူသွားတယ်။

သူတို့နဲ့ ရှေ့ဆင့် နောက်ဆင့် ရောက်လာတာက Kenji Nagai ပဲ။ အဲဒီတုန်းက ဂျပန်လို့ သူ့ကို သိပ်မထင်လိုက်ဘူး။ တိုးရစ် တယောက် ကြုံလို့ဝင်ကြည့်တယ် လို့ပဲ သိတာ။ ၃၃ လမ်း ဘက်မှာရော၊ ပန်းခြံဘက်မှာရော လူတွေက တော်တော် များနေပြီ။ ကုန်သည်ကြီးများ ဟိုတယ် ဘက်မှာလည်း တော်တော်များနေပြီ။ ကျောင်းသား အရွယ်တွေက တော်တော်များတယ်။ ကျနော် မေးကြည့်တော့ တက္ကသိုလ် ကျောင်းသားတွေ များတယ်။

မေး။ ။ ဂျပန်သတင်းထောက် Kenji Nagai အပစ်ခံခဲ့ရတဲ့ ပုံစံကို ပြောပြပါဦး။

ဖြေ။ ။ Kenji Nagai ကျသွားတဲ့ ပုံစံကတော့ သူ့ကို ကျနော်စပြီး တွေ့တဲ့အချိန်မှာ သူက စောစောက သံဃာတော်တွေနဲ့ လူတွေထိုင်ပြီး မေတ္တာသုတ် ရွတ်နေကြတဲ့အချိန်မှာ သူက တယောက်ချင်းစီကို လိုက်ရိုက်နေတယ်၊ ပြီးတော့မှ လုံခြုံရေး ကျနေတဲ့ စစ်သားတွေဆီကို သူသွားတယ်။ သွားပြီးတော့မှ တယောက်ချင်းစီကို မှတ်တမ်းယူတယ်။ အဲဒီလို ယူနေတဲ့အချိန်မှာ ကျနော့စိတ်ထဲမှာ ဒီလူတော့ သေတော့မှာပဲဆိုပြီး တွေးမိတယ်။ ပါးစပ်က အသံထွက်ပြောမိလို့ ကျနော့် ဗီဒီယို တိပ်ထဲ မှာလည်း အဲဒီအသံ ပါသွားတယ်။ ပါသွားလို့ Kenji Nagai ရဲ့ ဂျပန်သတင်းဋ္ဌာနက ကျနော့်ကို မေးတယ်။ ခင်ဗျားဘာလို့ အဲဒီလို ပြောနိုင်သလဲဆိုပြီး မေးတယ်။ သူတို့မေးတဲ့ သဘောက ကျနော့်ကို တပ်နဲ့ ပတ်သက်နေသလား ဆိုပြီး မေးတာ။ ကျနော်က ပြန်ဖြေတယ်။ ကျနော်က ၈၈ ကို ဖြတ်သန်းလာခဲ့တော့ စိတ်ထဲမှာက ဒီလို အခြေအနေမျိုးမှာ ဒီလိုဖြစ်လာရင် ဒီလို လူမျိုးတွေက ပထမဆုံး အဖြိုခွဲ ခံရတာပဲလို့။

မေး။ ။ သူလှုပ်ရှားနေတာကို ဘယ်ကနေ လှမ်းမြင်နေရတာလဲ။ အဲဒီချိန်မှာ ဘယ်နေရာမှာ ရှိနေတာလဲ။

ဖြေ။ ။ အဲဒီအချိန်မှာ တနေရာတည်းမှာ မဟုတ်ဘူး။ တံတားပေါ် တက်လိုက်၊ အောက်ဆင်းလိုက် လုပ်နေတယ်။ အဲဒီတုန်းက ဆူးလေ လူကူး ခုံးကျော်သစ် သားတံတားကြီးက ကျောက်တံတား ရဲစခန်းဘက်ကနေ တက်လို့ရတယ်။ ဟိုဘက်က ဆင်းတဲ့လမ်းမှာက လှေကားတွေ ပျက်နေတယ်။ သူ အပစ် ခံရတဲ့ နေရာနားမှာက လူထုက အများဆုံးပဲ။ အနော်ရထာနဲ့ ဆူးလေဘုရားလမ်း ထောင့်တည့်တည့်ပေါ့။ အဲဒီထောင့် ကနေ သူရိုက်နေတဲ့ စစ်သားကိုရော၊ သူ့ကိုရော တောက်လျှောက် ရိုက်ဖြစ်နေတယ်။ သူက ဒီဘက်လာလိုက်၊ ဟိုဘက်သွားလိုက် သူရိုက် ချင်တာတွေ ရိုက်လိုက် လုပ်နေတာ။ အဲဒီတော့ ကိုယ့်စိတ်ထဲမှာ ထင်လိုက်တာက ဒီလူတော့ သေတော့မှာပဲလို့။

အဲဒီ အခြေအနေမှာ အရင်ရက်တွေက လိုက်နေတဲ့ ပရိသတ်တွေက တခြားနေရာလည်း သွားစရာမရှိတော့ ဒီမှာ လာပြီး စုနေတဲ့ အချိန်မှာ ဖြိုခွဲဖို့ လာတာက ကုန်သည်ကြီးများ ဟိုတယ်ဘက်က စစ်ကားတွေ၊ အရှိန်နဲ့ မောင်းဝင်လာတယ်။ အဲဒီအချိန်မှာ လူတွေလည်း ဘေးကို အတင်းလဲပြိုပြီး မတိုက်မိအောင် ရှောင်ကြတယ်။ လဲကုန်ကြတယ်။ အဲဒီမှာ ကျနော်က တံတားပေါ်ကို ရောက်နေပြီ။

အဲဒီမှာ ပရိသတ်ထဲက နေပြီးတော့ တယောက်က ထဆဲလိုက်တဲ့ အသံကြားလိုက်တယ်။ ရေသန့်ဘူးနဲ့ စစ်ကားကို စပစ်တယ်။ အဲဒီအချိန်မှာ စစ်သား တယောက်ကနေ သူ့စိတ်ကိုသူ မထိန်းနိုင်ဘဲ သေနတ်ကို ဆွဲပြီး ပစ်မလို့ လုပ်တော့ နောက်က တယောက်က သူ့ကို မလုပ်နဲ့ဆိုပြီး လှမ်းအော်တယ်။ အဲဒီ ရုပ်တွေလည်း ကျနော် ရလိုက်တယ်။ ကျနော် သိလိုက်တယ်။ ဒီအခြေအနေက သူတို့ သေချာပေါက် ဖြိုခွင်းတော့မယ်၊ ဘယ်လိုဖြိုခွင်းမယ်သာ မသိတာ။ အဲဒီ ကာလကတော့ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုပြီး ကြွေးကြော်နေတဲ့ ကာလ။ ဖြိုခွင်းတော့မယ်ဆိုတာ ကျနော့် စိတ်ထဲမှာ ထင်နေတော့ လူတွေ အများကြီး ရှိတဲ့ နေရာကို ကင်မရာ တည်ထားလိုက်တယ်။ စစ်သားတွေရဲ့ လှုပ်ရှားမှုကို ကြည့်ပြီး ကင်မရာကို ဖွင့်ထားလိုက်တယ်။

ကျနော့်ဘေးမှာ ဓာတ်ပုံသတင်းထောက် တယောက် ရှိနေတယ်။ တံတားပေါ်မှာ ပရိသတ်တွေ ပြည့်နေတယ်။ အဲဒီအချိန်မှာ ညာသံပေးပြီး လိုက်တဲ့ အခါ လူတွေထွက်ပြေးကြတယ်။ အဲဒီအချိန်မှာ Kenji Nagai ဘေးက စစ်သားက သူ့ကို တေ့ပစ်လိုက် တာပဲ။ တေ့ပစ် လိုက်တာကို ကျနော့်နေရာက ကြည့်နေတော့ ဇာတ်ဝင်ခန်း ရိုက်သလို ဖြစ်သွားတယ်။ သူတို့နှစ်ယောက် အလယ်မှာ ကင်မရာက ရှိနေတော့ ပစ်တဲ့ဟာကို ရိုက်မိလိုက်တယ်။ ဒိုင်းကနဲဆို ပစ်လိုက်တဲ့အချိန်မှာ Kenji Nagai က တန်းလဲကျသွားတာ၊ လုံးဝမလှုပ် တော့ဘူး။ ကင်မရာက လက်ထဲမှာပဲ။ မြေကြီးပေါ်ကို ကင်မရာ ကျမသွားဘူး။ သူ့ကို တကယ် လေးစားလောက်တဲ့ အနေအထားတခု တွေ့လိုက်ရတယ်။ လူကသာ လဲသွားတယ်၊ ကင်မရာက မကျဘူး။ မြေနဲ့လည်း မရိုက်မိဘူး၊ ကင်မရာလည်း မကွဲဘူး။ သူ့ကိုပစ်တဲ့ အချိန်မှာ တံတားပေါ်က လူတွေက အလုအယက် ပြေးဆင်းကြတယ်။ ကျနော့်ကို နောက်က ၀င်တိုက်တော့ ပစ်လဲသွားတယ်။ လူတွေက ကျနော့်ကို ၀ိုင်းနင်းကြတယ်။ ကင်မရာကို ပေါင်ကြားထဲကို ညှပ်လိုက်တယ်။ အဲဒီအချိန်မှာ ပုဆိုးကိုပဲ ကင်မရာက တောက်လျှောက် ရိုက်နေတယ်။ အဲဒီအရုပ်ကို သုံးတဲ့သူတွေက အဲဒီကတ်လေးပါ ထည့်သုံးထား သေးတယ်။

ဘယ်သူမှမနင်းတော့မှ ထကြည့်လိုက်တော့ ဘယ်သူမှ မရှိတော့ဘူး။ ညာဘက်မှာ ဓာတ်ပုံ သတင်းထောက် တယောက် ကျန်ခဲ့တယ်။ သူ့ကို အခြေအနေ မေးတော့ ရသေးတယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့နှစ်ယောက် ဆက်ရိုက်နေတယ်။ ရိုက်ပြီးလို့ နောက်လည်း လှည့် ကြည့်လိုက်တော့ သူမရှိတော့ဘူး။ တယောက်တည်း ကျန်ခဲ့တယ်။ အဲဒီအချိန်မှာ မီးသတ်ဘက် အခြမ်းကနေ စွမ်းအားရှင် ကားတစီး ခေါ်ထားတာရှိတယ်။ သူတို့က လေးခွနဲ့ ပစ်တယ်။ ရဲတွေကလည်း တံတား အတက်အဆင်း လမ်းတွေမှာ ပြည့်နေပြီ။ အဲဒီကနေ ဆင်းရင်လည်း ရဲစခန်းထဲ တန်းရောက်မှာ။ ဖြိုခွဲခံရတဲ့ သူတွေ အကုန်လုံးက ကုန်သည်ကြီးများ ဟိုတယ်ဘက်ကို ရောက်နေပြီ။

လက်ခုပ်တဖောင်ကျော်လောက် ခြေနင်းတံတားပြားတွေ မရှိတဲ့ လှေကား ဘက်ခြမ်းကနေ ခုန်ချပြီး ကုန်သည်ကြီးများ ဟိုတယ်ဘက်ကို ကျနော် ထွက်ပြေးခဲ့တယ်။

ဒီပုံကို ရလိုက်တာ ကျနော်သိတယ်။ ကျနော် ဆက်သွယ်ရမယ့်သူဆီ ဆက်ဖို့ကလည်း ကျနော့်မှာ ဖုန်းမရှိဘူး။ အင်တာနက် ဆိုင်တွေကလည်း အားလုံးပိတ်ထားပြီ။ ဖုန်းပါတဲ့ ကျောင်းသားလေးတွေ အကူအညီတောင်းပြီး သူ့ကို ပြောပြဖြစ်တယ်၊ နိုင်ငံခြားသား တယောက် အပစ်ခံရတယ်ဆိုတာ။

မေး။ ။ အဲဒီတုန်းက Kenji Nagai ကို သတင်းထောက် တယောက်လို့ သိလား။

ဖြေ။ ။ သတင်းထောက်လို့တော့ သေချာမသိဘူး။ နိုင်ငံခြားသားတွေ အားလုံးက ကင်မရာတွေ ပါနေတော့ သာမန် တိုးရစ်တယောက် လို့ပဲ ထင်တယ်။ ကျောင်းသားလေးတွေကို ပြန်ပြောခဲ့တယ်။ သူတို့က ပြန်ကြည့်ချင်တယ် ဆိုလို့ သူတို့ကိုပြတယ်။ အဲဒီမှာ ဇိုမီး ပါတီက ချင်းအမျိုး သားတယောက်နဲ့ တွေ့တယ်။ သူက ဒီနေ့ တင်မှရမယ် ဆိုပြီး ပြောတယ်။ သူ့အကူအညီနဲ့ ဇိုမီးပါတီ ရုံးရောက်တော့ ရုံးကလည်း ပိတ်ထားပြီ။ အဲဒီနားမှာ အင်တာနက်ဆိုင် မပိတ်သေးဘူး။ မနက် ၁၁ နာရီ ကျော်လောက်ရှိမယ်။ လူစုတယ်၊ ပစ်တယ်၊ လိုက်ရိုက်တယ် ဆိုတာတွေက အဲဒီ ၁ နာရီလောက် အတောအတွင်းမှာ ဖြစ်သွားတာ။ အင်တာနက်ဆိုင်မှာ သူက BBC ကို စာပို့လိုက်တယ်။ နိုင်ငံခြားသား တယောက် အပစ်ခံရတယ် ဆိုပြီး။ အဲဒီအချိန်မှာ အင်တာနက် လိုင်းတွေ ပြတ်သွားတယ်။ အဲဒီမှာ သူက ဗြိတသျှကောင်စီ စာကြည့်တိုက် ၀င်ဆိုတော့ သူနဲ့အတူ BC ကိုသွားတယ်။ အဲဒီမှာ တော်တော် ကြာသွားတယ်။ သူတို့မှာ လိုအပ်တာတွေ မရှိဘူး။ ဒီပုံကို ကေဘယ်ကြိုးနဲ့ ယူလို့ရတယ် ဆိုပြီး ထိုးကြည့်တော့ စနစ်ချင်း မတူတော့ အဖြူအမည်း ထွက်လာတယ်။ အဲဒီမှာ တွေ့တဲ့ အမျိုးသမီးက သူ့သူငယ်ချင်းပဲ ဆိုပြီး မှတ်မိပြီး ငိုတယ်။ အဲဒီမှာ တာဝန်ခံ သံအမတ်လည်း ရှိနေတော့ မှတ်တမ်းယူတော့ အဖြူနဲ့အမည်းပဲ ရတယ်။ သူက အခွေကို တောင်းတယ်။ ကျနော်က ပေးလို့မဖြစ်ဘူး၊ လိုချင်ရင် ကူးယူဆိုပြီး ပြောတယ်။ အဲဒီကာလ အနေအထားအရ မိရင် တခါတည်း အဖမ်းခံရမယ်၊ ကိုယ့်ကိုယ်ကိုယ်တောင် မယုံရဘူး၊ ဒီအထောက်အထား တွေလည်း ပျောက်ကုန်မယ်ဆိုပြီး အဲဒီ စိတ်ကူးနဲ့ ပေးခဲ့တယ်။ အဲဒီကနေ ပြန်လာတော့ အနော်ရထားလမ်းနဲ့ ဗန္ဓုလ လမ်းပေါ်မှာ တပ်နဲ့ လူတွေနဲ့ ရှေ့တိုး နောက်ဆုတ် ပြေးတမ်းလိုက်တမ်း ကစားသလို ဖြစ်နေကြပြီ။ လူတွေက ဆဲလိုက်၊ အော်လိုက် တပ်က ရှေ့တိုးလာလိုက် ပြေးလိုက်ပေါ့။

အဲဒီမှာ တော်တော်ဆိုးဆိုး မြင်ကွင်းတွေ မြင်ရတယ်။ အဖမ်းခံထားရတဲ့ လူငယ်တွေကို စစ်ဖိနပ်နဲ့ တက်နင်းနေတယ်။ ပေတရာ လမ်းပေါ်မှာ ပက်လက်လည်း နင်းတယ်၊ မှောက်ရက်လည်း နင်းတယ်။ အဲဒီတုန်းက ရိုက်ဖြစ်ခဲ့တာတွေကတော့ အခု Burma VJ မှာ။ ပြန်မရဘူး။ DVB ရုံးကိုလည်း ပြန်မပေးဘူး။ ပျောက်သွားတယ်လို့ ပြောတယ်။ အဲဒီနေ့က အဲဒီပုံကို မတင်ဖြစ်ဘူး။ ဆက်သွယ်ရမယ့် လူတွေနဲ့လည်း အချိတ်အဆက်မရတော့ အဲဒီအထုပ်ကို ပိုက်ပြီး ဗြဟ္မာ့ခေါင်း ကိုင်ရသလိုပဲ။ ကင်မရာ ပါသွားမှာကို မနှမြောတော့ဘူး၊ ဒီအရုပ်ပါသွားမှာကို နှမြောတယ်။ ဘယ်သူ့မှလည်း ပေးမထားရဲဘူး။ ၈၈ တုန်းက ဂျာနယ်တွေ ထုတ်ခဲ့တယ်၊ ဒါပေမယ့် ၂ လလောက်နေတော့ ဘယ်သူ့မှာမှ မရှိကြတော့ဘူး။ ဒါကို ဘယ်သူ့မှလည်း ပေးလို့မရဘူး၊ ဘယ်သူမှလည်း လက်ခံမှာမဟုတ်ဘူး။ လူတွေမှာရှိတဲ့ နိုင်ငံရေးရေချိန်ပေါ့။ တောက်လျှောက် အဖိနှိပ် ခံခဲ့ရတော့ …။ အဲဒီနေ့က အပြန်မှာ ရန်ကုန်အ၀င်အထွက် လမ်းတွေကို အကုန်စစ်တယ်။ မိုးချုပ်လေ ပိုဆိုးလေပဲ။

ကင်မရာကို ကြွပ်ကြွပ်အိတ်လေးနဲ့ ထုတ်ပြီး မတ်တပ်ရပ် စီးနေရာကနေ ကင်မရာကို အောက်ချထားလိုက်တယ်။ လွတ်သွားတော့မှ သက်ပြင်းချနိုင်တယ်။ သူတို့ကလည်း ဒဏ်ရာရလာတဲ့သူတွေ ပါသလား ရှာတဲ့သဘော။ အဲဒီတုန်းက DVB က တပတ်ကို နာရီဝက်ပဲ စမ်းပြီး လွှတ်နေရတဲ့အချိန်။ ထစ်ထနေတဲ့ CD ကြည့်နေရသလိုပဲ။ ၂၅၊ ၂၆ ရက်တွေမှာ သွားခဲ့တဲ့ အရုပ်တွေ အဲဒီနေ့ညက ပြတယ်။ ၂၇ ရက်နေ့ ညပေါ့။ အဲဒီမှာ ကင်မရာရိုက်နေတဲ့ ကျနော့်ပုံ ပါလာတာကို သူငယ်ချင်း တယောက်က မြင်သွားတယ်။ အဲဒီကာလမှာက ဆင်ခြေဖုံးက လက်ဖက်ရည်ဆိုင်တွေ ဆိုရင် တောက်လျှောက် DVB ဖွင့်ထားတယ်။ လူတွေက လာကြည့်ကြတယ်။ အဲဒီမှာ ကျနော့်ပုံ ပါလာတယ်။ သူက ဓာတ်ပုံရိုက်ထားပြီး ကျနော့်ကိုပြတယ်။ အဲဒီအချိန်မှာ ကျနော် သိပ်မကြောက်သေးဘူး။

တည်းမယ့်အိမ် သွားတော့မှ မင်းဒီမှာ အိပ်လို့မရဘူး၊ မင်းသတင်းတွေက ပွစာကျဲနေပြီလို့ပြောတယ် (အော်ရယ်လျှက်) အမျိုးအိမ်တွေ သွားတော့လည်း လက်မခံတော့ဘူး။ အဲဒီညက ထောက်ကြန့်ဟိုဘက်က ရွာမှာ သွားအိပ်ဖြစ်တယ်။ အဲဒီကနေစပြီး ၀ရမ်းပြေး ပြန်ဖြစ်တယ်။

မေး။ ။ အဲဒါဆို အဲဒီပုံကို ဘယ်အချိန်ကျတော့မှ လွှင့်ဖြစ်တာလဲ။

ဖြေ။ ။ အဲဒီမှာ စောစောက အဆက်အသွယ် တခုပြန်ရတယ်။ အခု အင်္ဂလန် ရောက်နေတဲ့ ကိုအောင်ကြီးဆိုတဲ့ သူနဲ့တွေ့ပြီး အဲဒီဖိုင်ထဲမှာ နိုင်ငံခြားသား တယောက် ပစ်ခံရတဲ့ပုံ ပါတယ်ဆိုပြီး ပေးလိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ၂၈၊ ၂၉ ရက်တွေမှာ ကင်မရာနဲ့ အပြင်ထွက်လို့ မရတော့ဘူး။ ၂၇ ရက်နေ့ ညနေပိုင်းမှာ လမ်းမကြီးတွေက လာသမျှသူတွေ အကုန်စစ်တယ်။ အိတ်တွေ ဖွင့်ကြည့်တယ်။ ကင်မရာ ပါလာရင်တော့ သေမယ်သာကြံ။

မေး။ ။ လူကူး ခုံးကျော်တံတားပေါ်က ပြေးမဆင်းလာခင်မှာ သေနတ်နဲ့ အပစ်ခံရလို့ လဲကျသွားတဲ့ အဲဒီ ဂျပန် သတင်းထောက်ကို ပြန်လှည့် ကြည့်ဖြစ်ခဲ့သေးလား။

ဖြေ။ ။ မကြည့်ဖြစ်ဘူး။ သူ့ကို မ သွားတဲ့ အချိန်အထိ ကျနော် အပေါ်မှာ ရှိသေးတယ်။ စစ်သား ၄ ယောက် မသွားတဲ့ အချိန်အထိ ရှိတယ်။ အဲဒီပုံတွေကိုလည်း ရလိုက်တယ်။ အဲဒါကို အောက်ဘက်က တယောက်က ရိုက်ထားတယ်။ ခြေထောက်က နှစ်ယောက်၊ လက်ကနှစ်ယောက်မ သွားတယ်။ အဲဒီတော့ မီးခိုးဗုံး ပစ်ထားတော့ မီးခိုးတွေက အများကြီးပဲ။ေ၀၀ါးနေတယ်။ နှင်းတောထဲမှာ သယ်သလိုပဲ ခွေးသေကောင်ပုပ် မ သလို မ သွားတာပဲ။ မြို့တော်ခန်းမဘက်ကို မ သွားတယ်။

မေး။ ။ အဲဒီအချိန်မှာ သူ့ ကင်မရာကရော။

ဖြေ။ ။ မ လာတဲ့ပုံပဲ မြင်ရတယ်။ ကင်မရာတွေ သိမ်းလာတဲ့အချိန်ကို မမြင်လိုက်ရဘူး။ အဲဒီချိန်က မီးခိုးဗုံး စပစ်ထားတဲ့ အချိန်ဆိုတော့ အမှောင်ဖြစ်နေတယ်။ သူတို့ သယ်လာတော့မှ ရေးရေးလေး မြင်လိုက်ရတာ။ အဲဒါမြင်ပြီးတာနဲ့ ကျနော် ပြေးတာပဲ။

မေး။ ။ သူ့ကို မြင်နေတဲ့ အချိန်မှာ သူ့မှာ ကင်မရာ ဘယ်နှစ်လုံး ရှိနေတာတွေ့လဲ။

ဖြေ။ ။ သူကိုင်ထားတာက လက်ထဲမှာ ဗီဒီယိုကင်မရာ တလုံးရှိတယ်။ လည်ပင်းမှာ ဆွဲထားတာက ဓာတ်ပုံ ကင်မရာ တလုံးရှိတယ်။

မေး။ ။ တံတားပေါ်မှာ ရှိနေတုန်းအချိန်မှာ စိတ်ခံစားမှု အခြေအနေလည်း ပြောပြပါဦး။

ဖြေ။ ။ စိတ်ခံစားမှုအရတော့ စိတ်လှုပ်ရှားနေတယ်။ ဖြတ်သန်းခဲ့တဲ့ ဖြတ်သန်းမှုတွေအရ ကျောင်းသားတွေ သေခဲ့ပြီ၊ ရဟန်းတွေ သေခဲ့ပြီ၊ ကိုယ်တိုင်လည်း ထောင်နှစ်ရှည် ကျခဲ့ပြီးပြီ။ စိတ်လှုပ်ရှား နေပေမယ့် ကျနော် စိတ်အေးအေး ထားတယ်။ ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ဒီဗီဒီယို ကလစ်တခုရဖို့က သမိုင်းအတွက် အရေးကြီးတယ်ဆိုတာ နားလည် ထားတယ်။

ဘာလို့လဲ ဆိုတော့ ဗီယက်နမ် စစ်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းလေးတခု ထွက်လာတယ်။ အဲဒီမှာ အဆင့်ဆင့် ပေါက်ကွဲတဲ့ ဗုံးနဲ့ ရွာထဲကိုပစ် လိုက်တဲ့ အချိန်မှာ ၇ နှစ် သမီးအရွယ်လေးက ဒဏ်ရာတွေနဲ့ ထွက်ပြေးလာတာကို ကင်မရာမန်း တယောက်က အမိအရ ရိုက်နိုင်ခဲ့တယ်။ အဲဒီဓာတ်ပုံကြောင့် ပူလစ်ဇာဆုလည်း ရခဲ့တယ်။ အဲဒီဓာတ်ပုံ တပုံကြောင့် အမေရိကန် နိုင်ငံသားတွေ ကိုယ်တိုင်က ဆန့်ကျင်တဲ့ အနေအထား ဖြစ်ခဲ့တယ်။ အဲဒီအသိနဲ့ ၈၈ ကို ဖြတ်သန်းခဲ့တဲ့ အလေ့အကျင့်ကြောင့် ဘာပဲဖြစ်ဖြစ် မှတ်တမ်းတော့ ရအောင်ယူမယ်ဆိုတဲ့ အသိက စိတ်အေးအေးနဲ့ လုပ်နိုင်ခဲ့တယ်။ စိတ်ကတော့ ခံစားရတယ်။ တသက်လုံး စစ်ဖိနပ်အောက်က ထွက်ခဲ့ရတာမှ မဟုတ်တာကိုး။

မေး။ ။ အဲဒီဟာက ဘယ်နေ့လောက်မှာ ပါသွားပြီး ဦးရန်နိုင် အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ခံစားခဲ့ရသလဲ။

ဖြေ။ ။ အဲဒါက တနှစ်ကျော်ပြီးလောက်မှ ဂျပန်ဘက်က အင်တာဗျူးလုပ်ချင်တယ် ဆိုတော့ ကျနော်က အင်တာဗျူး မပေးဘူး။ Burma VJ ကလည်း ကျနော့်ကို လာဖို့ ခေါ်တယ်။ နဂိုကတည်းကမှ အပြင်ကို မသွားချင်လို့ အထဲမှာ နေတာဆိုတော့ ကျနော်မသွားဘူး။ အပြင်ထွက်လိုက်တာနဲ့ ပြန်ဝင်လို့ရဖို့ မသေချာတော့ဘူး။ အဲဒါကြောင့် မသွားဘူး။ ဖုန်းနဲ့ အင်တာဗျူး ဖြေတယ်။ များများတော့ မပြောဖြစ်ဘူး။ ကျနော်တို့ဆီမှာက ဖုန်းခိုး နားထောင်တာက တောက်လျှောက် ဖြစ်လာခဲ့တာ။ နောက်ကြောင်း မရှင်းတဲ့အတွက် နောက်က လိုက်လာမှာစိုးရိမ်တယ်။ သူတို့က မေးတယ်။ ဘာဖြစ်လို့ သူတစ်ယောက်တည်းကိုလိုက်ရိုက်နေတာလဲတဲ့။ သူတို့က ဒီအခွေကို စဆုံးကြည့်ပြီးမှ မေးတာလေ။ Burma VJ က သူတို့ကို အရုပ်တွေ ရောင်းလိုက်တာလေ။ အဲဒါက ကျနော်နောက်မှ သိတာပါ။

၂၀၀၉ မှာ Burma VJ ကနေ ရွှေဝါရောင်တော်လှန်ရေး CD ခွေ ထွက်တယ်။ အဲဒါက အမေရိကားက ဒါရိုက်တာ နှစ်ယောက်က ပြည်တွင်း သတင်းထောက်တွေ ရိုက်လာတာကို ထိုင်ကြည့်ပြီး သူတို့ လိုချင်တာကို ဆွဲထုတ်လိုက်ပြီး မှတ်တမ်းရုပ်ရှင် တကား လုပ်တယ်။ အဲဒီဇာတ်ကားက အော်စကာဆု ဆန်ခါတင် စာရင်း ၂ ခုထဲမှာ ပါခဲ့တယ်။

အော်စကာဆု ပေးဖို့ ရက်ပိုင်းအလိုမှာ တည်းဖြတ် သင်တန်းဆိုပြီး ကျနော့်ကိုလှမ်းခေါ်လို့ ၂၀၁၀ မှာ ယိုဒယားဘက်ကို သွားတယ်။ မဲဆောက်ဘက်ကမ်း ရောက်တော့ ကျနော်မမြင်ဖူးတဲ့ ကင်မရာတွေနဲ့ နော်ဝေ သတင်းဌာနက ရိုက်တယ်။ သူတို့ ခန့်မှန်းထားတာက ဒီကားကို သေချာပေါက် အော်စကာရမယ် ဆိုပြီး မှန်းထားကြတယ်။ အဲဒီနေ့က တီဗီရှေ့မှာ ထိုင်ပြီး ရင်ခုန်နေကြတာပေါ့။ ဂျူရီ လူကြီးတွေကလည်း ဘယ်ကားကို ပေးရမယ်မှန်း မသိဘူး ဖြစ်နေတယ်။ နောက်ဆုံးမှာ ဂျပန်က လင်းပိုင်အကြောင်း ရိုက်ထားတဲ့ ဇာတ်ကား ရသွားတယ်။ အဲဒီမှာ အကုန် စိတ်ဓာတ်တွေ ကျကုန်တာပေါ့။ အမှန်က Channel 4က မညှာဘူးနော်။ သူတို့က အော်စကာရရင် မျက်နှာတွေ မဖော်ဖို့ပြောထားပေမယ့် လွှင့်ဖို့အတွက် ပြင်ဆင်ထားပြီးသား။

မေး။ ။ အဲဒီတုန်းက ရိုက်ခဲ့တာတွေက ဘယ်လောက် အကျိုးသက်ရောက်မှု ရှိခဲ့လဲ။

ဖြေ။ ။ ရွှေဝါရောင်လှုပ်ရှားမှုက သံဃာတော်တွေရဲ့ လှုပ်ရှားမှုပေါ့။ ဒါပေမယ့် ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့် သိသွားတာက မြန်မာပြည်မှာ ဂျပန် သတင်းထောက်တယောက် ပစ်သတ်ခံရတယ် ဆိုတာကြောင့် ပိုသိသွားတယ်။ သံဃာတွေရဲ့ လှုပ်ရှားမှုကို စလောင်းကနေ မြင်နေပေမယ့် ဒီဗီဒီယိုဖိုင်က သံဃာ့လှုပ်ရှားမှု ကမ္ဘာကျော်စေဖို့ အထောက်အပံ့ တခု ဖြစ်သွားတယ်။ အဲဒီတုန်းက အော်စကာ ဆန်ခါတင် ပါတော့လည်း ကမ္ဘာက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတယ်။ အဲဒီတုန်းက ထုတ်ဝေသူတွေ ကတော့ ပိုက်ဆံတွေ အများကြီး ရသွားတယ်။ တို့တတွေကတော့ အခုအချိန်အထိ ဖွတ်တွေပါပဲကွာ (ရယ်လျှက်)။

မေး။ ။ အခုဆိုရင် မြန်မာပြည်ကို နိုင်ငံခြား သတင်းထောက် တော်တော်များများလည်း ၀င်လာကြတာတွေ ရှိနေပြီ။ သူတို့တွေကို ဦးရန်နိုင်ရဲ့ တွေ့ခဲ့တဲ့ အတွေ့အကြုံအရ ဘယ်လို ပြောချင်သလဲ။ သတင်းလာယူဖို့အတွက် စိတ်ချရပြီလို့ ပြောချင်လား။

ဖြေ။ ။ စိတ်မချရသေးပါဘူး။ တဘက်ကပြောရင် မီဒီယာ လွတ်လပ်ခွင့်ပေါ့။ ကျနော်တို့ အမြင်ကတော့ ၅၀ စီပဲ ရှိနေတယ်။ မီဒီယာ လွတ်လပ်ခွင့်ဘက်ကို ၁ ဂဏန်း တလုံးတောင် ပိုမလာသေးပါဘူး။ မီဒီယာဘက်ကို ရာခိုင်နှုန်း မစွန်းသေးဘူး. အရင်ထက် စာရင် အများကြီး ပွင့်လင်းလာတယ်။ ဒါပေမယ့် မီဒီယာ လွတ်လပ်ခွင့် အနေအထားအရတော့ ပွင့်လင်းလာပြီလို့ မပြောနိုင်သေးဘူး။ အမှောင်ထဲက လာခဲ့လို့သာ ရောင်နီလေး တခု မြင်လို့ အလင်းရောင်တွေ့ပြီလို့ အော်ကြတာ။ အမှန်တော့ မိုးမလင်း သေးပါဘူး။

မေး။ ။ ဒါဆိုရင် သတင်းလာယူမယ့် သတင်းထောက်တွေ အတွက် အသက်အန္တရာယ် ထိခိုက်လောက်တဲ့အထိ မဖြစ်တော့ဘူးလို့ ပြောလို့ရပြီလား။

ဖြေ။ ။ ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က မီဒီယာလွတ်လပ်ခွင့် ဆိုတဲ့ စကားကို ပြောလာတာက ၂ နှစ်လောက်ပဲ ရှိသေးတယ်။ မီဒီယာ လွတ်လပ်ခွင့် တံခါးကို တွန်းရင်းတွန်းရင်းကနေ နည်းနည်းလေး ကျယ်လာတာပဲ ရှိသေးတယ်။ ဘယ်အချိန် ပြန်ပိတ်ပိတ် ပိတ်လို့ရတဲ့ အနေအထားမှာပဲ ရှိနေသေးတယ်။ ဒါကြောင့် ဒီတနှစ်ခွဲ ကာလဆိုတာ ဘာမှမဟုတ်ဘူး။ ပြီးတော့ အစိုးရ အနေအထားက ကျနော်တို့ ဖြတ်သန်းလာခဲ့တာဟာ သာမန် အစိုးရ မဟုတ်ဘူး။ နှစ်ပေါင်း ၅၀ ကျော်လုံး စစ်အစိုးရအောက်မှာ ဖြတ်သန်းလာတာ။ သူတို့ အချိန်မရွေး ပိတ်လို့ရတယ်။

မေး။ ။ အဲဒီတုန်းက ဦးရန်နိုင်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အနေနဲ့ကနေ သတင်းသမား ဖြစ်လာတဲ့ စပ်ကူးမတ်ကူး ကာလ ဖြစ်နေတော့ အခုရော ကိုယ်ဟာ သတင်းသမား ဘက်ကိုရောက်နေပြီလား၊ တက်ကြွလှုပ်ရှားသူ အနေနဲ့ စိတ်ရော နေသေးလား။

ဖြေ။ ။ အဲဒီအချိန်ကတော့ မြန်မာပြည်ရဲ့ လွတ်လပ်ခွင့်ရဖို့အတွက် သတင်းနဲ့ ထိုးဖောက်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့တယ်။ ဒီနေ့အချိန်အထိ တက်ကြွ လှုပ်ရှားသူတွေနဲ့ ရောထွေးပြီး အလုပ်မလုပ်ဘူး။ သတင်းသမား တယောက်အနေနဲ့ နေတယ်။ ဒါပေမယ့် ကိုယ်ဝါသနာပါတဲ့ နိုင်ငံရေး သတင်းတွေပဲ လိုက်ဖြစ်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လူတွေနဲ့ပဲ တွေ့ဖြစ်တယ်။ မြန်မာ့ နိုင်ငံရေးလောကမှာ နောက်ပေါက် လူငယ်တွေ၊ ပြောရရင်တော့ အခု အသက် ၅၀ တန်းတွေ ဖြစ်နေတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့၊ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ ကိုမြအေးတို့နဲ့ တန်းတူ တဖွဲ့တည်း လှုပ်ရှားခဲ့ကြတာ ဆိုတော့ သူတို့နဲ့ နိုင်ငံရေး တကယ် လုပ်မယ်ဆိုရင် တဖွဲ့တည်း လုပ်ဖြစ်သွားမယ် ပေါ့နော်။ ဒါပေမယ့် နိုင်ငံရေး လုပ်ဖို့ကိုတော့ တော်တော် စဉ်းစားနေတယ်။ မီဒီယာနဲ့ လွတ်လပ်ခွင့် ရမယ့် လမ်းကြောင်းထဲကို ပါနေတာပေါ့။ ဒါပေမယ့် နိုင်ငံရေး မလုပ်ဘူးလား ဆိုတော့ နိုင်ငံရေး လုပ်ရမယ့် အချိန်တော့ ရောက်လာဦးမှာပေါ့။ အဲဒီအချိန်ကျရင် မငြင်းနိုင်ရင်တော့ ပါသွားဦးမှာပေါ့။ ။

http://burma.irrawaddy.org

၂၀၁၀ မှာ ဆန္ဒမဲအများစုနဲ့ အစိုးရ ဖွဲ့ခွင့်ရော၊ လွှတ်တော်ကိုယ်စားလှယ် နေရာ အများစုပါ အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အလားအလာ မကောင်းတဲ့အကြောင်း ဒီဆောင်းပါးနဲ့ အတိအလင်း အသိပေးလိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ကို အနိုင်မရစေလိုတဲ့ စေတနာရော အနိုင်ရစေလိုတဲ့ စေတနာပါ လုံးဝမပါဝင်ဘဲ ပကတိ အရှိတရားကို ယင်းပါတီနှင့်အတူ Stakeholder အားလုံးက ဒီမိုကရေစီရေးအတွက် နိုင်ငံနဲ့ လူထုအကျိုးအတွက် စဉ်းစားသုံးသပ်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်ကြဖို့ ပွင့်ပွင့်လင်းလင်း သတိပေးလိုရင်းသာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး ဘာကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်မယ်ဆိုတဲ့ အမှန်တရားကို အောက်ပါ အချက်အလက် များက အထင်အရှား အထောက်အပံ့ပြုပါတယ်။

၁။ လက်ရှိအစိုးရလက်ထက်မှာ စီးပွားရေး သိသိသာသာ နာလန်မထူနိုင်ခြင်း

အထူးသဖြင့် ဆင်းရဲတွင်းက ရုန်းထွက်ဖို့ကြိုးစားနေတဲ့ နိုင်ငံများ အတွက် စီးပွားရေး အခြေအနေက နိုင်ငံရေးအပေါ်ကို အကြီးအကျယ် လွှမ်းမိုး ရိုက်ခတ်လေ့ ရှိပါတယ်။
အစိုးရက သူတတ်စွမ်းသလောက် လုပ်နေတာမှန်ပေမယ့် အခြေခံ လူတန်းစားက အစိုးရအပေါ် အပြည့်အဝ လေးစားယုံကြည်မှု၊ အားကိုးမှု ရှိလာလောက်တဲ့အထိ လူထုအတွက် ဘာမှခံစားခွင့် မည်မည်ရရ မရရှိသေးပါဘူး။ တိုးတက်မှုတချို့ ရှိပေမယ့် ဒါဟာ အဓိကအကျဆုံး လူထုလိုအပ်ချက် ဖြစ်တဲ့ စားဝတ်နေမှု ချောင်လည်ရေး (အစိုးရလုပ်နေတဲ့ ဆင်းရဲမွဲတေမှု လျော့ပါးကျဆင်းရေး) ကို ထိရောက်အောင် မဖြည့်ဆည်းနိုင်သေး ပါဘူး။ အစိုးရရဲ့ ရည်မှန်းချက် အတိုင်းလည်း ကျန်ရှိနေသေးတဲ့ သက်တမ်း ၂ နှစ်ခွဲ ကာလမှာ ပြည့်မီဖို့ တော်တော်ကြီး ခဲယဉ်းပါတယ်။

အခြေခံအဆောက်အဦ များကို လက်ရှိအစိုးရ လက်ထက်မှာ ပြီးစီးအောင် တည်ဆောက်လို့ မရဘူး ဆိုတာလည်း ထင်ရှားပါတယ်။ ဒီတော့ ထိရောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ သိသာတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တို့ဟာ ၂ နှစ်ခွဲ ကာလအတွင်းမှာ ဘယ်လိုမှဖြစ်လာနိုင်မယ် မဟုတ်ပါဘူး။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုတာ လက်ရှိလာရောက် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေအပြင် နည်းပညာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းကောင်း ရရှိနိုင်မယ့် လုပ်ငန်းကြီးကြီးမားမား တွေကို ဆိုလိုရင်းဖြစ်ပါတယ်။

တကယ်တော့ ဒါဟာ အစိုးရရဲ့ အပြစ်မဟုတ်ပါဘူး။ စီးပွားအကြီး အကျယ်ပျက်ထားတဲ့ တိုင်းပြည်ကို အစိုးရသက်တမ်းတစ်ခု အတွင်းမှာ ပြန်ထူထောင်လို့ ဘယ်လိုမှမရနိုင်ပါဘူး။ ဒါပေမဲ့ လူထုကလည်း ဒီလောက် စိတ်မရှည်နိုင်ကြပါဘူး။ ဆင်းရဲတွင်းနက်တဲ့ ကာလက ကြာရှည်ခဲ့ လေတော့ ဖြစ်နိုင်ရင် ချက်ချင်း လွတ်မြောက်ချင်ကြပါတယ်။ နှစ်ပေါင်းများစွာ ချွတ်ခြုံကျခဲ့တဲ့ လူ့ဘောင်အဖွဲ့အစည်း ထဲမှာရှိတဲ့ ရုန်းထွက်ချင်တဲ့၊ တိုးတက်ချင်တဲ့၊ လူစဉ်မီချင်တဲ့ လူထုအပြစ်လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ ဆင်းရဲတွင်း နက်စေခဲ့တဲ့ အစိုးရများရဲ့ ကောင်းမွေဆိုးမွေခံ ပြည်ခိုင်ဖြိုးပါတီ အပေါ် တာဝန်တွေက အလိုလို သက်ရောက်မှု ရှိလာတော့တာ ဖြစ်ပါတယ်။

လွှတ်တော်ကလည်း အခု တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အစိုးရအနေနဲ့ အမြန်ဖြေရှင်းဖို့ ခပ်ပြင်းပြင်းလေး တိုက်တွန်းလာတာ တွေ့ရပါတယ်။ ဒီလိုတိုက်တွန်းတာဟာ သီအိုရီအရ မှန်ပေမယ့် ဒီမိုကရေစီ ထူထောင်ခါစ နိုင်ငံတစ်ခုမှာ အစိုးရတစ်ဖွဲ့တည်းနဲ့ ပြဿနာတွေ အားလုံးကို ဖြေရှင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီ မှာလည်း အဓိကတာဝန် ရှိတယ်ဆိုတာ ပါတီအနေနဲ့ မေ့လျော့နေပါတယ်။ စစ်အစိုးရဆီကနေ အမွေခံခဲ့တဲ့ ပါတီကနေ အစိုးရအဖွဲ့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပြီး အရင် အာဏာရှင်ခေတ်က ချွတ်ခြုံကျခဲ့ရတဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ အတွက် အစိုးရကိုပဲ တာဝန်ရှိတယ်လို့ သဘောထားရင် လက်တွေ့အနေ အထားအရ လွဲချော်မှု ရှိနေပါတယ်။

စီးပွားရေးနဲ့ နိုင်ငံရေးခိုင်မာတဲ့ တစ်နေ့မှာ အရာခပ်သိမ်း အတွက် အစိုးရမှာ တာဝန်ရှိတယ်လို့ ပြောလို့ရပါတယ်။ ပါတီအနေနဲ့ အစိုးရရဲ့အခက်အခဲများကို တတ်စွမ်းသမျှ ဝိုင်းဝန်းဖြေရှင်းပေးဖို့ အစွမ်းကုန် အားထုတ်သင့်ပါတယ်။ အစိုးရက မလုပ်နိုင် မကိုင်နိုင်လို့ ဘာမှ တိုးတက်မှုမရှိရင် လူထုက ပါတီကိုပါ အပြစ်တင်ကြမယ် ဆိုတာ သတိပြုပါ။ လူထုက ပါတီအပေါ် အမြင်ကြည်လင်မှု မရှိသေးပါဘူး။ ပြောင်းလဲလာတဲ့ အခြေအနေလေးကို မျှော်လင့်ချက်နဲ့ သည်းခံစောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

နောက်အရေးကြီးတဲ့ အချက်တစ်ခုက ၂၀၁၅ ရွေးကောက်ပွဲဟာ မဝေးတော့တာကြောင့် လည်း လူထုဟာ လက်ရှိကာလ အခြေအနေများ မတိုးတက်နိုင်သေး တဲ့အပေါ် စိတ်ရှည်နိုင်ကြခြင်း ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး ပါတီဝင် လူကြီးတော်တော်များများက တပ်ကလာတဲ့ လူတွေ ဖြစ်လေတော့ အရင်အစိုးရ လက်ထက်က ငါတို့ကို ဒုက္ခပေးခဲ့တဲ့ လူတွေပဲဆိုတဲ့ အယူအဆ ကလည်း လူထု မသိစိတ်ထဲမှာ ငုပ်လျှိုးနေတာဖြစ်ပြီး အခု အဲဒီပုဂ္ဂိုလ်တွေထဲက (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကဲ့သို့သော) ပုဂ္ဂိုလ်တချို့က နိုင်ငံအကျိုးကို လိုလိုလားလား လုပ်လာကြလို့သာ လက်သင့်ခံပြီး စောင့်ကြည့် နေကြတာပါ။ ကျန်တဲ့ ၂ နှစ်ခွဲ ကာလမှာ ဘာမှ ထူးထူးခြားခြား လုပ်မပေးနိုင်ဘူး ဆိုရင် ဆန္ဒမဲပြားဆိုတဲ့ လက်နက်နဲ့ ပြည်ခိုင်ဖြိုးအစိုးရကို ဖြုတ်ချဖို့ စောင့်နေကြတာဖြစ်ပါတယ်။ မြန်မာလူထုရဲ့ ဒီမိုကရေစီ အသိတရားဟာ နိုင်ငံတကာအဆင့် မမီနိုင်သေးဆိုပေမယ့် ဆန္ဒမဲပေးတဲ့ ကိစ္စမှာတော့ ခြွင်းချက်ရှိပါတယ်။ မြန်မာလူထုဟာ မကျေနပ်မှုများအတွက် သူတို့အခွင့်အရေး ဖြစ်တဲ့ မဲပြားနဲ့ ပြင်းပြင်းထန်ထန် ဆန္ဒပြလေ့ရှိတာကို ထည့်စဉ်းစားဖို့ လိုပါတယ်။ ဒါဟာ အစိုးရကို လူထုက လုံးဝလက်မခံဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ လက်ရှိသမ္မတရဲ့ စေတနာနဲ့ အားထုတ်မှုကို အသိအမှတ် ပြုကြပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ (ဒါမှမဟုတ် ပါတီအပေါ် သြဇာ ညောင်းလှသူ များဟာ) ဦးသိန်းစိန်ကို သမ္မတရာထူး နေရာအတွက် ရွေးချယ်ခဲ့ခြင်းဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုက သူတို့ ဆုံးဖြတ်သမျှထဲမှာ အမှန်ကန်ဆုံးဖြစ်ပါတယ်။ သမ္မတကြောင့် လူထုဟာ ဒုက္ခသုက္ခတွေကို မသိကျိုးကျွန်ပြုပြီး စိတ်ရှည်လက်ရှည် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အရင်အစိုးရ အဆက်ဆက်က ပြဿနာတွေကို သင်ပုန်းချေနိုင်ကြတာ ဖြစ်ပါတယ်။လူထုဟာ အာဏာရှင်စနစ်ကို ရွံ့မုန်းတယ် ဆိုတာ အထူးပြောစရာ မလိုပါဘူး။အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဒီမိုကရေစီစနစ် တဖြည်းဖြည်း ပီပြင်လာဖို့ အတွက် စိတ်အားထက်သန် နေကြပါတယ်။

အစိုးရအနေနဲ့ အဓိကရည်မှန်းထားတဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အတိုင်းအတာတစ်ခု အထိ လုပ်နိုင်ခဲ့ရင် ၂၀၁၅ မှာ ရလဒ်ကောင်း တချို့ကို မျှော်လင့်လို့ရပါတယ်။ လူထုမှာ အခြေခံအားဖြင့် လိုအပ်ချက်တွေ များလှပေမယ့် အဓိက လိုချင်တောင့်တတာက အလုပ်အကိုင် အခွင့်အလမ်း များနဲ့ အိမ်ရာပိုင်ဆိုင်ခွင့် တို့ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းဆိုတာက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနဲ့ တိုက်ရိုက်ဆက်နွှယ် နေပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုက အခြေခံ အဆောက်အဦများနဲ့ တိုက်ရိုက် ဆက်နွှယ်နေလေတော့ အခြေခံအဆောက်အဦ များကို ပီပြင်အောင် မတည်ဆောက်နိုင် သရွေ့ အလုပ်အကိုင် အခွင့်အလမ်းများ ကောင်းမွန်လာဖို့လည်း မဖြစ်နိုင်သေးပါဘူး။

လက်ရှိမြန်မာနိုင်ငံမှာ အိမ်ရာစီမံကိန်း များကို အမှန်တကယ် ထိထိ ရောက်ရောက် အကောင်အထည် ဖော်နိုင်တဲ့အစိုးရမျိုးဟာ လူထုထောက်ခံမှု ကောင်းကောင်း ရနိုင်ပါတယ်။ ဆင်းရဲမွဲတေမှုကို ထိထိရောက်ရောက် လျှော့ချချင်ရင် အိမ်ရာစီမံကိန်းများကို ကျယ်ကျယ်ပြန့်ပြန့် ထိထိ ရောက်ရောက် လုံလုံလောက်လောက် လုပ်ပေးနိုင်ဖို့ လိုပါတယ်။ လူတွေ နေစရာရှိတာနဲ့ ကိုယ်ကျင့်တရားတွေ ထိန်းသိမ်းကြ ပါလိမ့်မယ်။ ရာဇဝတ်မှုတွေ ကျဆင်းပါလိမ့်မယ်။ ပညာရေးကို အာရုံပို စိုက်လာကြပါလိမ့်မယ်။ လူ့ဘောင် အဖွဲ့အစည်းအတွက် တတ်စွမ်းသလောက် လုပ်လာကိုင်လာကြ ပါလိမ့်မယ်။ နေစရာအိမ် မရှိတဲ့အတွက် အိမ်လခအတွက် ကိုပဲ မနည်းရုန်းကန် ရှာဖွေနေကြရပြီး ဆင်းရဲတွင်းက မလွတ်နိုင် ဖြစ်နေကြရပါတယ်။ ကျန်တာတွေဘာမှ ခေါင်းထဲမထည့်နိုင်ကြ တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်လည်း လေးစားတန်ဖိုးထားမှု လျော့ကျ လာကြပါတယ်။ ကိုယ်ကျင့်တရားတွေ ပျက်ပြား လာကြပါတယ်။ လက်ရှိအိမ်ရာ စီမံကိန်းတွေ အကောင်အထည် ဖော်နေတာက ဆင့်ပါးစပ် နှမ်းပက် ဖြစ်နေပါတယ်။ (နိုင်ငံတကာ အကူအညီကို အပြင်းအထန် ရှာဖွေရယူပြီး ၂ နှစ်ခွဲကာလ အတွင်းမှာ တန်ဖိုး အမှန်တကယ် နည်းတဲ့ အိမ်ရာစီမံကိန်းများကို လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းလောက် အကောင်အထည် ဖော်ပေးနိုင်ရင်တောင် ပြည်ခိုင်ဖြိုး ရွေးကောက်ပွဲမှာ အခြေအနေ နည်းနည်းကောင်းနိုင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စ အကောင်အထည်ဖော်ဖို့ ဆိုတာက အစိုးရအတွက် ဘယ်လိုမှ လွယ်လွယ်ကူကူ မဖြစ်နိုင်ပါဘူး။ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ လက်ရှိတန်ဖိုးနည်း အိမ်ရာဈေးနှုန်းကလည်း ဆင်းရဲသား ဘယ်လိုမှ လက်လှမ်းမမီနိုင်ပါဘူး။

အိမ်ရာဘဏ်တွေ လုပ်မယ် ဆိုတာကလည်း ၂၀၁၅ ရွေးကောက်ပွဲအမီ ဘာမှ ထိထိရောက်ရောက် ရှိမှာ မဟုတ်တာ သေချာပါတယ်။ တန်ဖိုးနည်းအိမ်ရာ ဆောက်ကြမယ့် ကုမ္ပဏီများ ကလည်း အမျိုးသား အကျိုးစီးပွားကို ထည့်စဉ်းစားကြမှသာ ဆင်းရဲသားတွေ အတွက် အလုပ်ဖြစ်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အိမ်ရာစီမံကိန်းများကို လိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်မယ့် အလားအလာ မရှိသေးခြင်းကလည်း ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ၂၀၁၅ မှာ အရှုံးနဲ့ ရင်ဆိုင်ရဖို့ အဓိကအကြောင်းရင်းကြီး ဖြစ်နေပါတော့တယ်။ အစိုးရကိုပဲ ဝန်ပိအောင် လုပ်မထားဘဲနဲ့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ကျန်တဲ့ ၂ နှစ်ခွဲကာလမှာ စီးပွားရေး အခြေခံကောင်းတချို့ တိုးတက် ဖြစ်ပေါ်ဖို့ တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကြိုးပမ်းနိုင်ခြင်း မရှိဘူးဆိုရင် ၂၀၁၅ မှာ အခက်အခဲကို အဆိုးရွားဆုံး ရင်ဆိုင်ရပါလိမ့်မယ်။

၂။ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီ အကျိုးစီးပွားနှင့် ရည်မှန်းချက် မတူညီမှု

ပါတီများရဲ့ရည်မှန်းချက်ဟာ ရွေးကောက်ပွဲ အနိုင်ရရှိရေးနဲ့ အစိုးရဖွဲ့နိုင်ရေး ဖြစ်ပေမယ့် တပ်ရဲ့ရည်မှန်းချက်က နိုင်ငံတော်တည်ငြိမ်ရေး ဖြစ်ပါတယ်။ ရွေးကောက်ပွဲနိုင်ခြင်း မနိုင်ခြင်းနဲ့ အစိုးရဖွဲ့နိုင်ခြင်း မဖွဲ့နိုင်ခြင်းက တပ်ရဲ့ အကျိုးစီးပွား မဟုတ်ပါဘူး။ တပ်မတော်က အခြေခံဥပဒေကို မထိပါးသရွေ့၊ နိုင်ငံတော်တည်ငြိမ်ရေးကို မထိပါးသရွေ့ ဘယ်ပါတီကပဲနိုင်နိုင် အစိုးရဖွဲ့ဖွဲ့ သူ့တာဝန်ကို သူလုပ်မှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးသမား တော်တော်များများ မျက်စိလည်နေတဲ့ ကိစ္စဖြစ်ပြီးတော့ မိမိတို့သန်ရာ စဉ်းစားတွေးခေါ်ရင်း ဒီအချက်ကို မေ့လျော့နေလေ့ ရှိပါတယ်။ တချို့ကတော့ ဒီအမှန်တရားကို လက်ခံယုံကြည်ဖို့ ခက်ခဲနေကြတာဖြစ်ပါတယ်။ အဆိုးမြင်တဲ့စိတ်နဲ့ တပ်ကိုမယုံတဲ့ သဘောကြောင့်လည်း ပြည်ခိုင်ဖြိုးနဲ့ တပ်ကို ခွဲမမြင်နိုင်ကြတာလည်း ရှိပါတယ်။ အလုပ်ဖြစ်အောင် လုပ်ချင်ရင်တော့ ပကတိ အရှိတရားများ (ပေးထားချက်များ) ကို အရှိအတိုင်းလက်ခံ ထည့်သွင်း စဉ်းစားကြဖို့ လိုပါတယ်။

ပြည်ခိုင်ဖြိုးဟာ လာမယ့်ရွေးကောက်ပွဲမှာ အမတ်နေရာ၂၅ ရာခိုင်နှုန်းခန့် အနိုင်ရပြီး တပ်မတော်ရဲ့ ထောက်ခံမှုကိုလည်း ရရှိမှသာ ပြည်ခိုင်ဖြိုးအစိုးရ ဆိုတာ ပေါ်ပေါက်နိုင်ပါလိမ့်မယ်။
(တပ်မတော်က သမ္မတလောင်းတစ်ယောက် တင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကလည်း အရေးပါကြောင်း သတိပြုသင့်ပါတယ်။)

ပြည်ခိုင်ဖြိုးက သမ္မတလောင်းတင်ဖို့ လုံလောက်တဲ့ ကိုယ်စားလှယ် အရေအတွက်မရခဲ့ရင် တပ်မတော်က တင်မယ့် သမ္မတလောင်းရဲ့ အနေအထားက အရေးပါလာ ပါလိမ့်မယ်။ (ဒီနေရာမှာ ဖြတ်ပြောချင်တာက သမ္မတရာထူး ရည်မှန်းထားသူ သူရဦးရွှေမန်း ကိစ္စပါ။ သူ့ကို ပြည်ခိုင်ဖြိုးရဲ့ သမ္မတလောင်းအဖြစ် လျာထား ထားပုံရပြီး ဒီလိုသာအမှန်ဖြစ်ရင် ဦးရွှေမန်းအတွက် အလားအလာ မကောင်းလှပါဘူး။ ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ် ရှုံးနိမ့်တဲ့အခါ တပ်က ဦးရွှေမန်းကို သမ္မတလောင်း တင်ခဲ့ရင်တော့ အလားအလာ ရှိနိုင်ပါတယ်။)

တပ်မတော်အနေနဲ့ ကတော့ သူ့ရဲ့အကျိုးစီးပွားဖြစ်တဲ့ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး တာဝန်ကို ပြည်ခိုင်ဖြိုးပါတီ အာဏာရရှိရေးထက် ပိုဦးစားပေးမယ် ဆိုတာ သံသယရှိ စရာမလိုပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး အခြေမလှခဲ့ရင် တပ်က ပြည်ခိုင်ဖြိုးရဲ့ နိုင်ငံရေးအတွက် တစ်စုံတစ်ရာ ဆောင်ရွက်ပေးဖို့ အကြောင်း မရှိလှပါဘူး။ အခြေခံဥပဒေမှာ နိုင်ငံရေးအရ အရေးပါတဲ့ ဆုံးဖြတ်ခွင့်ကို ပြည်ခိုင်ဖြိုးကို ပေးထားခြင်း မရှိကြောင်းနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ပိုင်ခွင့်များ နဲ့ ပတ်သက်ရင် တပ်မတော်က ပိုမိုအရေးပါကြောင်း သတိပြုဖို့ လိုပါတယ်။ဘယ်နိုင်ငံရေးသမား မဆို ပြည်ခိုင်ဖြိုးနဲ့ တပ် ဘာကွာလို့လဲ ဆိုတဲ့ အရပ် ပြောမျိုးနဲ့ ဆိုရင်တော့ နိုင်ငံရေးဆက်လုပ်လို့ အောင်မြင်နိုင်မယ် မဟုတ်ပါဘူး။ အရှိတရားများကို အမှန်အတိုင်းသိအောင်ကြိုးစားပြီး အဲဒီအမှန်တရား များကို လက်သင့်ခံပြီး အလုပ်လုပ်ကြမှ ဘာလုပ်လုပ် အောင်မြင်နိုင်ကြမယ် ဖြစ်ပါတယ်။

တပ်ရဲ့လွှတ်တော်တွင်း ပါဝါ (လွှတ်တော်တွင်းဆုံးဖြတ်ပိုင်ခွင့်) ကို ပြည်ခိုင်ဖြိုးက ရယူသုံးစွဲနိုင်ဖို့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုပါတယ်။ လက်ရှိ အလားအလာများအရ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခဲ့တဲ့ အနေအထားမျိုး ပြည်ခိုင်ဖြိုး အနေနဲ့ မျှော်လင့်လို့ လုံးဝမရနိုင်ကြောင်း လက်ရှိမှာ အထင်အရှား မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

၃။ NLD ၏ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်

၂၀၁၅ အတွက် အရေးအပါဆုံးအချက် ဖြစ်ပါတယ်။ ဒေါ်စုရဲ့ မျက်နှာနဲ့ပဲ NLD ဟာ လွှတ်တော် ကိုယ်စားလှယ်နေရာ အများစုကို အသာလေး အနိုင်ရဦးမယ်ဆိုတာ အသေအချာဖြစ်ပါတယ်။ ဒေါ်စု သမ္မတရာထူး ယှဉ်ပြိုင်ခွင့် ဆိုတာက သတ်သတ်စဉ်းစားရမယ့် အချက်ပါ။

ဒေါ်စုသမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် NLD အမတ်အများစု လွှတ်တော်ထဲ ရောက်လာပါလိမ့်မယ်။ ၁၉၉၀ တုန်းက ဒေါ်စုကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့တဲ့အခြေအနေမှာ အပြတ်အသတ် အနိုင်ရခဲ့သလိုပါပဲ။ ၂၀၁၅ မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပါတီအနေနဲ့ အခက်အခဲတွေ ဘယ်လောက်ပဲရှိနေ ပေမယ့် ဒေါ်စုက ကိုယ်တိုင်ကိုယ်ကျ အမတ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်လေတော့ လူထုရဲ့နိုးကြားမှုဟာ ပြန်လည် မြင့်တက်လာမှာဖြစ်ပြီး ပါတီဟာလည်း လွှတ်တော်များမှာ အများစုအနိုင်ရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ တိုင်းရင်းသား ပါတီမဟုတ်တဲ့ တခြားသော နိုင်ငံရေးပါတီများ အနေနဲ့ ၂၀၁၅ မှာ ဘယ်လိုမှ အခြေအနေ မကောင်းနိုင်ပါဘူး။ အခုမှ အသစ်ဖွဲ့မယ့် ပါတီများအတွက်ဆို ပိုဆိုးပါတယ်။

ပါတီများအနေနဲ့ ရေရှည် ရပ်တည်နိုင်အောင် ပြင်ဆင်ထားပြီး အစွမ်းကုန် ကြိုးစားကြမှသာ တန်ရုံကျမယ်ဖြစ်ပါတယ်။ လက်ရှိစွမ်းဆောင်ရည်ရှိတဲ့ အလုပ်ကြိုးစားတဲ့ အမတ်တချို့ (ဥပမာ-ဦးသိန်းညွန့် ကဲ့သို့ ပုဂ္ဂိုလ်မျိုး) သာ အနိုင်ရဖို့မျှော်လင့်လို့ ရနိုင်မယ်ဖြစ်ပါတယ်။

၂၀၁၅ အလွန်မှာ တပ်နဲ့ NLD ဟာ လွှတ်တော်များမှာ အလုပ်ကို တော်တော်များများ တွဲလုပ်ရမှာဖြစ်ပြီး ဒါဟာ နိုင်ငံရေးအရ အသိမ်မွေ့ဆုံး အခြေအနေ ဖြစ်လာပါလိမ့်မယ်။ တစ်နည်းအားဖြင့် အတိမ်းအစောင်းမခံတဲ့ အခြေအနေ ဖြစ်လာပါလိမ့်မယ်။ လမ်းဆုံလမ်းခွ တစ်ခုကို ရောက်ရှိသွား ပါလိမ့်မယ်။ ဒါဟာ Very Important Untested Factor လည်းဖြစ်ပါတယ်။ နှစ်ဖက်စိတ်ရှည်သည်းခံမှု၊ အပြန်အလှန် နားလည်မှု၊ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်ခိုင်မာမှု တို့နဲ့သာ ခရီးဆက်နိုင်ရင် လူထုနဲ့နိုင်ငံတော် မြန်မြန် ပန်းတိုင်ရောက်မယ့်ကိစ္စ ဖြစ်ပြီး စိတ်မရှည်ကြရင်လည်း ဒီမိုကရေစီနဲ့ လွဲချော်သွားနိုင်ပါတယ်။ လမ်းကြောင်း ပြောင်းသွားနိုင်ပါတယ်။ NLD အများစုနိုင်ပြီး ပြည်ခိုင်ဖြိုးက ၁၀ရာခိုင်နှုန်းအောက် လောက်သာ အမတ်နေရာ ရခဲ့ရင် ဒါ့အပြင် ဒေါ်စုသမ္မတ ရွေးချယ်ခွင့်အတွက် အခြေခံဥပဒေကို အချိန်မီပြင်ဆင်ဖို့ မဖြစ်နိုင်ခဲ့ရင် တပ်က အမည်စာရင်း တင်သွင်းမယ့် သမ္မတ လောင်းဟာ NLD ကတင်မယ့် သမ္မတလောင်းထက် အလားအလာ ပိုကောင်း ပါလိမ့်မယ်။ တပ်ကလည်း ၂၀၁၀အတွေ့အကြုံ ရှိထားပြီး ဖြစ်တာကြောင့် တစ်နည်းအားဖြင့် လူထုဟာ စိတ်စေတနာမှန်ကန်ရင် ဘယ်သူ့ကိုမဆို လက်ခံတယ် ဆိုတဲ့အချက်ကို တွေ့ကြုံပြီးဖြစ်တာကြောင့် သမ္မတရာထူးအတွက် ပုံရိပ်အကောင်းဆုံး ပုဂ္ဂိုလ်တစ်ယောက် ကိုသာ သေချာပေါက်ရွေးချယ် ပါလိမ့်မယ်။ Dignity and Reputation ကို အဓိကထား ရွေးချယ်ပါလိမ့်မယ်။

လက်ရှိလူထုနဲ့ တပ်မတော်ကြား တိုးတက်လာတဲ့ အခြေအနေကို တပ်ကလည်း ပြန်အထိခိုက်ခံမယ် မထင်ပါဘူး။ ဒီတော့ လက်ရှိသမ္မတအပြင် လက်ရှိ ဘယ်သူမှ သိပ်သတိမထားမိသေးတဲ့ တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ (အမေရိကန်သမ္မတ အိုဘားမားဟာ သမ္မတလောင်းမဖြစ်ခင် အထိ သာမန် ဒီမိုကရက် ပါတီဝင်တစ်ယောက်ပါ။) လက်ရှိသမ္မတကလည်း အရွေး မခံတော့ဘူးလို့ အပြတ်ပြောထားတာ မရှိသေးပါဘူး။ သူ့ပုံရိပ်က ကောင်းလွန်းနေ တဲ့အတွက် တပ်ကတင်မယ့် သမ္မတလောင်းဟာ လက်ရှိသမ္မတလည်း ဖြစ်နိုင်ခြေ အများကြီး ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ အခြေမလှခဲ့ရင် ပြည်ခိုင်ဖြိုးက သမ္မတလောင်းအမည်စာရင်း တင်သွင်းခွင့် လည်းဆုံးရှုံးမှာ ဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲ ကိုလည်း လွတ်လပ် မျှတမှုရှိအောင် ဂရုစိုက်ရတော့မှာ ဖြစ်လေတော့ NLD ရဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ဟာ ပြည်ခိုင်ဖြိုးအတွက် အကြီးမားဆုံး အကျပ်အတည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒေါ်စုသာ သမ္မတလောင်း မဖြစ်ခဲ့ရင် တပ်က သမ္မတလောင်းဟာ တိုင်းရင်းသားပါတီများမှ အနိုင်ရရှိမယ့် အမတ် များရဲ့ ထောက်ခံမှုကို မျှော်လင့်လို့ ရနိုင်ပြီဖြစ်ပါတယ်။ (ဒါကြောင့်NLD အနေနဲ့ ဒေါ်စုအပြင် သမ္မတလောင်းတစ်ယောက်ကို ကြိုကြိုတင်တင် ရွေးချယ်ပြင်ဆင်ထား သင့်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။) ဒေါ်စုအတွက် လမ်းပွင့်သွားခဲ့ရင်တော့ သမ္မတဖြစ်ဖို့ အလားအလာ အကောင်းဆုံးပုဂ္ဂိုလ်ဟာ ဒေါ်စုသာဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာ လုံးဝ တရားမျှတခဲ့ရင် ပြည်နယ် များမှာရှိတဲ့ မဲဆန္ဒနယ်များက လွဲရင် NLD က အပြတ်အသတ်နိုင်မှာ ဖြစ်ပါတယ်။ အစိုးရဖွဲ့ခွင့်ကို ဒေါ်စုက ရရှိမှာဖြစ်ပါတယ်။

အထက်ပါ အကြောင်းအချက် များကြောင့် ပြည်ခိုင်ဖြိုးအနေနဲ့ ရွေးကောက်ပွဲမှာ ထင်တာထက် အခြေအနေ ဆိုးနိုင်ကြောင်း ပြောရခြင်း ဖြစ်ပါတယ်။ ဒါဟာ ၂ နှစ်ခွဲကာလအတွင်း ပြည်ခိုင်ဖြိုး အပါအဝင် နိုင်ငံရေးနှင့် ဆက်နွှယ်နေသူအားလုံး ကြိုတင်ပြင်ဆင်သင့်တာ ပြင်ဆင်ကြစေလိုတဲ့ ဆန္ဒ၊ ဒီမိုကရေစီ ခရီးလမ်းကြောင်း လုံးဝတိမ်းစောင်း မသွားစေလိုတဲ့ စေတနာတို့ဖြင့် ပကတိဖြစ်နိုင်ခြေနှင့် အရှိတရားများကို ခွဲခြမ်းစိတ်ဖြာမိခြင်းသာ ဖြစ်ပါကြောင်း၊ ပြည်ခိုင်ဖြိုး အနေနဲ့ ၂၀၁၅ အလွန် ငါးနှစ်တာကာလမှာ အကောင်းဆုံး အတိုက်အခံအဖြစ် ရပ်တည်ပြီး ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ထားနိုင်ပါကြောင်းနဲ့ တပ်၊ အတိုက်အခံ (NLD၊ တိုင်းရင်းသား ပါတီများနဲ့ အခြားသောပါတီများ) နဲ့ ပြည်ခိုင်ဖြိုး တို့အတွက် (Solution for all to win) ကသာ နိုင်ငံနဲ့ လူထုအကျိုးကို အာမခံချက်အပြည့်အဝ ပေးနိုင်မှာဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါတယ်။


(ပိုက်တင်) - The Voice Weekly

(LADIES Weekly News Journal Vol 1. No. 81 Sep 22, 2913)
အရင်တစ်ပတ်က ဆန္ဒပြခွင့်ကို ထိန်းချုပ်ထားရာကျတဲ့ ပုဒ်မ၁၈နဲ့ပတ်သက်ပြီး ရေးခဲ့တော့ ကိုယ်က ဆန္ဒပြတာကို သဘောကျသလို ဖြစ်နေမှာပါပဲ။ တကယ်တော့ ဆန္ဒပြခွင့်ကိုသာ ကြိုက်ဖို့ရှိတာပါ။ ဆန္ဒပြရတယ်ဆိုတာကတော့ ဆန့်ကျင်အော်ဟစ် အရေးဆိုရတာမျိုးဆိုရင် မလုပ်ရတာက ပိုကောင်းမှာပဲလေ။ မတောင်းရပဲရမယ်ဆိုရင် ဘ၀မှာ ကိုယ့်အတွက်ရော အများအတွက်ပါ လုပ်စရာအချိန်တွေ ပိုများလာမယ် မဟုတ်လား။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မတောင်းပဲ အားလုံးရဖို့က မဖြစ်နိုင်တာမို့ တောင်းဆိုခွင့် အခိုင်အမာရတယ်ဆိုတာကိုပဲ ကြိုက်ကြရတာပါ။

ဆန္ဒပြတယ်ဆိုတာက အခုတလော မြန်မာ့သတင်းမှာရော ကမ္ဘာသတင်းမှာပါ အရမ်းခေတ်စားနေလေတော့ ပထမဆုံး ဆန္ဒပြတာ က သမိုင်းမှာ ဘယ်တုန်းကစဖြစ်ပါလိမ့်ဆိုတာ စိတ်ဝင်တစား ရှာကြည့်မိပါတယ်။ အဲဒီတော့ အီဂျစ်နိုင်ငံမှာ ၁၁၅၂ဘီစီတုန်းက ဖါရိုဘုရင် တစ်ပါးဖြစ်တဲ့ တတိယမြောက်ရမ်မယ်စီ (ရမ်မယ်စီသည်သတ်ဒ်ပေါ့ဗျာ)လက်ထက် အလုပ်သမားဆန္ဒပြပွဲက သမိုင်းဝင်ပထမဆုံး ဆန္ဒပြမှု ကြီး ဆိုပဲ။ အဲဒီခေတ်မှာ အီဂျစ်တွေဟာ ဖါရိုဘုရင်တွေကို သက်ရှိနတ်ဘုရားလို့ သဘောထားပေမယ့် သူတို့ရဲ့လုပ်ငန်းခွင် အဆင်မပြေ မှုနဲ့ပတ်သက်ပြီး ဆန္ဒပြရဲခဲ့ကြတာတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒီအလုပ်သမားတွေဟာ တော်ဝင်သချိုင်းကြီး တစ်ခုဆောက်ရာမှာ လုပ်ခအဖြစ်ရဖို့ရှိတဲ့ သီးနှံကို အပြေအကြေမရတဲ့အတွက် ထိုင် သပိတ်မှောက် ကြတာဆိုပဲ။ လုံးဝအလုပ်မလုပ်ပဲ ဘေးနားက ရင်ခွဲရုံဘုရားကျောင်းကြီး တစ်ခုထဲ ၀င်ထိုင်နေခဲ့ကြသတဲ့။ ဆန္ဒပြမှုဟာ အောင်မြင်ခဲ့ပြီး သူတို့ရစရာရှိတဲ့ လုပ်ခကြွေးတွေ အကုန်ရခဲ့တယ်လို့ ဆိုပါတယ်။

၁၁၅၂ဘီစီဆိုတာက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၁၆၅နှစ်ကဆိုတော့ အတော့်ကို ရှေးကျတယ်ဆိုရပါမယ်။ ဗုဒ္ဓဘုရားရှင် ပွင့်တော်မမူခင် နှစ်ပေါင်း၅၂၉နှစ်၊ ခရစ်တော်မပေါ်မီ ၁၁၅၂နှစ်၊ တမန်တော်မိုဟာမက်မမွေးဖွားမီ ၁၇၂၂နှစ်မှာမို့ ဒီနေ့ကမ္ဘာမှာထွန်းကားနေတဲ့ ဘာသာတရား ကြီးများမပေါ်ထွန်းမီ နှစ်များစွာကတည်းက ဆန္ဒပြပွဲကရှိဖူးတယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။ ရှိခဲ့ရုံမက အဲဒီဆန္ဒပြ တောင်းဆိုမှု အောင်မြင် ခဲ့တယ်ဆိုတာက အီဂျစ်ဖါရိုဘုရင်များရဲ့ ဒီမိုကရေစီကို ဒီနေ့အီဂျစ်က လက်ရှိအာဏာရှိသူများထက်တောင် လေးစားရမလို ဖြစ်နေပြန်ရောနော်။ ဒီလောက်ရှေးကျတဲ့ အလေ့အထကြီးဟာ ဗုဒ္ဓသာသနာတွင်းမှာလည်း မကင်းနိုင်ပဲ ရှိနေတာဟာ 'သပိတ်မှောက်တယ်'ဆိုတဲ့ စကားလုံးကို မြင်သာပါတယ်။ သာသနာကို စော်ကားသူ၊ သံဃာသင်းခွဲသူ၊ သံဃာ့အဆုံးအမကို မနာခံသူ ဆိုသူများဆီက ဆွမ်းအစရှိတဲ့ ဘောဇဉ်ခဲဖွယ် တွေကို အလှူမခံဘူးဆိုတဲ့သဘောနဲ့ သပိတ်ကိုမှောက်ထားတယ်ဆိုတဲ့ သဘောမို့ပါ။ ဒီလို ရှေးကျတဲ့ အစဉ်အလာကြီးတစ်ခုကို ကျွန်တော်တို့က အခုမှ အသစ်အဆန်းအဖြစ် ]ပြန်ဆိုတေး}လုပ်နေရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ မကျေနပ်ချက်တွေကို ဖွင့်ထုတ်ပြောပြဖြေရှင်းနိုင်ခွင့်တွေ လုံးလုံးပိတ်ထားခဲ့တာ နှစ်ပေါင်းများစွာ ကြာသွားခဲ့တာ ကိုး။ အခုကျမှ လွတ်လပ်ပွင့်လင်းစ ပြုလာတဲ့အခါ မတရားခံရတာတို့၊ ဥပဒေမဲ့ ပြုကျင့်တာတို့ ကြုံရပြီဆိုရင် သမ္မတကြီးကို တိုင်တာတို့၊ ဆန္ဒထပြတာတို့ လုပ်ကြတာလေ။ ဒါကို ထစ်ကနဲဆို သမ္မတကြီးပဲတိုင်ရလား၊ ထစ်ကနဲဆို ဆန္ဒပြဖို့ပဲလုပ်နေရလား လို့ အပြစ်တင်သံတွေလည်း ကြားနေရပါတယ်။ တိုင်ပါစေ၊ ပြပါစေဗျာ။ နှစ်ပေါင်းများစွာ အောင့်ထားရတာကနေ လုပ်ခွင့်ရလာတော့ အရင်ကအောင့်ထားတာတွေပါ စုပြီး လုပ်ကြရသလိုဖြစ်တာကိုး။ နောင်တော့လည်း တိုင်စာတွေသိပ်များလွန်းရင် 'တိုင်စာဖတ် ၀န်ကြီးဌာန' ဆိုတာမျိုး ဖွင့်ရမလို ဖြစ်နေပြီး ကိစ္စတိုင်းကို တစ်နေရာတည်း တစ်ယောက်တည်းက တစ်ထိုင်တည်း 'အပ်ချလောင်း'မလုပ်နိုင်တာ သဘောပေါက် သွားတာနဲ့အမျှ တခြား ပိုကောင်းတဲ့နည်းလမ်း၊ ပိုသင့်တော်တဲ့ ဖြေရှင်းနည်းတွေကို စဉ်းစားလာပါလိမ့်မယ်။

ကျွန်တော်တို့အားလုံးလည်း ၀ိုင်းစဉ်းစားပေးရမှာက အတိုင်အတောတွေရော ဆန္ဒပြတာတွေပါ လျော့သွားအောင် ဘယ်လိုလုပ်ပေး ကြမလဲဆိုတာပါ။ အဓိကကတော့ ဖြေရှင်းဆောင်ရွက်ပေးနိုင်စွမ်းရှိသူဆီကို မကျေနပ်မှု ဒါမှမဟုတ် အဆင်မပြေမှုတွေကို တင်ပြနိုင်ခွင့် လမ်းကြောင်းတွေ ဖွင့်ပေးနိုင်ဖို့ပါပဲ။ ကြုံလို့ သတိရတာတစ်ခုပြောရရင် မကြာသေးခင်က ဒိုင်နာကားတစ်စီးရဲ့ ခရီးသည်လူအုပ်ကြပ်ကြပ်ထဲ ကိုယ်တိုင်လည်း ပုဆိုးမနိုင်၊ လွယ်အိတ်မနိုင်၊ တွန်းတွန်းတိုက်တိုက် ပါဝင်ဆင်နွဲချိန်မှာ ရှေ့က စတီရာတိုင်နဲ့ဂီယာများ ထိမ်းသိမ်းကိုင်တွယ် မောင်းနှင်ရေးဝန်ကြီး (သိုးဆောင်းဘာသာနဲ့တော့ ဒရိုင်ဘာလို့ ခေါ်တယ်ကြားဖူးတာပဲ)က မှတ်တိုင်ရပ်တိုင်းရပ်တိုင်း ဘရိတ်ဆောင့်ဆောင့်နင်းပြီး လုပ်ပိုင်ခွင့်ပြပြနေတော့ နောက်ကခရီးသည်တွေမှာ အလဲလဲအပြိုပြိုနဲ့ ဆောက်တည်ရာမရ ဖြစ်ကြတာပေါ့ (ဆောက်တည်ရာမရဆိုတာ တကယ် သဘောပေါက်ရတယ်ဗျာ)။ ခရီးသည်များအဖို့ 'ဒက်စတော့ခေါ်တဲ့ ဘရိတ်ပြင်းပြင်း ဆောင့်နင်းတယ်'ဆိုတာက စာစီဆရာဆရာမလေး များလုပ်သမျှ ခံရနေကျစာရေးဆရာများလို တော်ရုံနဲ့စိတ်မဆိုးတတ်ပါဘူး။ မှတ်တိုင်မဟုတ်ပဲ လမ်းမှာ ဘရိတ်ဆောင့်နင်းတာဆို ကိုယ့်အသက် ကယ်ရာကျတာမို့ ကျေးဇူးတောင်တင်ရတတ်တာလေ။ ဒါပေမဲ့ မှတ်တိုင်ဝင်တိုင်း ဆောင့်နင်း နေတာကတော့ ကားမောင်းမကျွမ်းလို့လား၊ နောက်ကသာအမြဲနေရတဲ့ စပယ်ယာဘ၀ကနေ အခုမှ ရှေ့တက်မောင်းတာမို့လား၊ သူရှေ့က ဒီလိုလုပ်ရင် နောက်ကဘာဖြစ်တယ်ဆိုတာ နားမလည်လို့လား တစ်ခုခုပဲပေါ့။ အဲဒီမှာ နောက်ထပ်ဆောင့်နင်းလို့ ပြိုလဲကျကြရင်း မခံနိုင်တော့တဲ့ ခရီးသည်တစ်ယောက်က 'အင်တာကွန်' စကားပြောခွက်ကနေ "ဟေ့၊ ရှေ့ကဒရိုင်ဘာ ရူးနေလားကွ"လို့ လှမ်းအော်လိုက်ပါတယ်။ အဲဒီမှာ အံ့သြစရာကောင်းအောင်ပဲ နောက်မှတ်တိုင်မှာ ကားက ညင်ညင်သာသာလေးရပ်သွားပါတယ်။ ကဲ၊ နောက်မှာ 'ဘာတွေဖြစ်ကုန်ကြပြီလဲ' ဆိုတာ ရှေ့ကသိသွားတော့လည်း ဆင်ခြင်လို့ရသွား တာပေါ့။ ဒီနေရာမှာ သိအောင်လုပ်တဲ့လမ်းကြောင်း (အင်တာကွန်)ရှိနေလို့ ချက်ချင်းဖြေရှင်းလိုက်နိုင်တာပါ။ စိတ်တိုနေလို့ ဒေါသနဲ့အော် တာတော့ မကောင်းဘူးပေါ့။ ဖြစ်နိုင်ရင်တော့ "ရှေ့ခန်းက ဒရိုင်ဘာလူကြီးမင်းခင်ဗျား။ ဒရိုင်ဘာလူကြီးမင်းအနေနဲ့ ဘရိတ်ဆောင့် နင်း ပါက နောက်ခန်းမှ လူများ လဲပြိုကုန်သည့်အတွက် သတိပြုဆင်ခြင်ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံ ပါသည်"ဆိုတာမျိုးဆို ပိုကောင်းမှာပေမယ့် ဒေါသဖြစ်တုန်း ဘယ်ဒီလိုပြောနိုင်မတုန်း။ ဒီတော့ တိုတိုနဲ့လိုရင်းဒက်ခနဲပြောလိုက်တော့ ရိုင်းသလိုဖြစ်သွားပေမယ့် အလုပ်တော့ အဖြစ်သားခင်ဗျ။

စကားစပ်လို့ သတိရတာ နောက်တစ်ခုပြောရရင် ၁၉၈၈ခုနှစ်မတ်လမှာ မြန်မာနိုင်ငံမှာ ဘုန်းမော်အရေးအခင်းဖြစ်ချိန် ကျွန်တော်က အိုင်အမ်အက်ဖ် သင်တန်းတစ်ခုတက်ဖို့ အမေရိကန်ရောက်နေရာမှာ မြန်မာသတင်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်တစ်ယောက်က ကျွန်တော့် ကိုမေးပါတယ်။ ဖုန်းတို့ဘာတို့လည်း ဆက်လို့ရတဲ့ကာလမဟုတ်တော့ သူ့လိုပဲ သတင်းစာ တွေမှာပါသလောက်ပဲ ကျွန်တော်သိကြောင်း ပြောရတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ မတရားသဖြင့် အလုပ်ခံနေရတာတွေ အများကြီးရှိတယ်ဆိုတာကိုတော့ သူက သိထားပုံပါပဲ။ သူက ကျွန်တော့်ကို ပြောပါတယ်။ "မင်းတို့ မြန်မာတွေသိပ်ညံ့တာပဲ၊ မင်းတို့က အစိုးရမတရားလုပ်သမျှ ငုံ့ခံနေကြတာပ"လို့ ဆိုပါတယ်။ အဲဒီခေတ်ကာလမှာ အစိုးရအရာရှိများ နိုင်ငံခြားသားနဲ့ အစိုးရအကြောင်းပြောတာ အန္တရာယ်မကင်းလှပေမယ့် ကျွန်တော်က သူပြောတာမခံချင် လို့ အဲဒီလိုမဟုတ်ကြောင်း၊ မြန်မာတွေ နည်းမျိုးစုံနဲ့ ရုန်းကန်ဆန့်ကျင်ကြတာ ရှိကြောင်း၊ သတင်းမှောင်ချထားတဲ့အတွက် မြန်မာပြည်တွင်း အခြေအနေမှန်ကို ပြည်ပက မသိနိုင်ကြောင်း၊ မြန်မာနိုင်ငံမှာ တင်းကြပ်တဲ့ဖိနှိပ်မှုတွေကို ရုန်းကန်ရာမှာ ဥပဒေဘောင်တွင်းက လုပ်ပိုင်ခွင့်ပေးထား တာ အားနည်းလို့ ဥပဒေဘောင်ကျော်လုပ်ရတာတွေ ရှိကြောင်းတွေ ပြောဖြစ်ခဲ့ပါတယ်။ အဲဒီတော့ သူက တရားဝင်လုပ်လို့ ရတာတွေကို မြန်မာတွေက မလုပ်တာဖြစ်ကြောင်း ဝေဖန်ပါတယ်။ ကျွန်တော်က ဘယ်လိုလုပ်ရမလဲဆိုတာမေးတော့ လွှတ်တော်ကို တင်ပေါ့ဗျလို့ ပြောပါတယ်။ "ခင်ဗျားတို့ရဲ့ သက်ဆိုင်ရာ လွှတ်တော်အမတ်ကို ခံစားရသမျှပြောပြပြီး လွှတ်တော်တင်ခိုင်းရင် အစိုးရက သိသွားမှာပေါ့"လို့ ပြောပါတယ်။ ကျွန်တော်က အဲဒီကာလက လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အစိုးရကရွေးချယ်တာဖြစ်ပြီး ရွေးကောက်ပွဲမှာတောင် သူတစ်ယောက်တည်းကို ၀ိုင်းမဲထည့်ရတာဖြစ်ကြောင်း၊ လွှတ်တော်ကလည်း ဘာပြဿနာမှတင်လို့မရပဲ အစိုးရရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံ တံဆိပ်ထု ပေးရတဲ့နေရာသာ ဖြစ်ကြောင်း ပြောပြပါတယ်။ ဒီတော့သူက "ဒါဆိုရင် သတင်းစာမှာ ဆောင်းပါးရေးပေါ့ဗျ"လို့ ပြောပါတယ်။ ကျွန်တော်က သတင်းစာအားလုံးက အစိုးရပိုင်ဖြစ်ပြီး အစိုးရမကြိုက်တာကို လုံးဝထည့်ပေးမှာမဟုတ်ကြောင်း၊ ဒီလိုဆောင်းပါးမျိုး သတင်းစာမှာပါဖို့ မဖြစ်နိုင်ကြောင်း ပြောပြပါတယ်။ ဒီတော့ သူက "ဒါဆိုလည်း ကိုယ့်ဖါသာ သတင်းစာထုတ်ပေါ့ဗျာ"လို့ ပြောပါတယ်။ ကျွန်တော်လည်း ကိုယ့်အခြေအနေကို သူနားလည်အောင် ပြောပြဖို့မလွယ်တာ သဘောပေါက်သွားပါတယ်။ (ကိုယ်က အင်္ဂလိပ်စကား မိုးပျံအောင်မတတ်တာလည်း ပါတာပေါ့နော်)။ တကယ် တော့ ဆင်းရဲသားတစ်ယောက်က ကျွန်တော်ခေါင်းအုံးတောင်မရှိလို့ အုတ်ခဲခေါင်းအုံးအိပ်နေရပါတယ်ဗျာလို့ ပြောတဲ့အခါ သူဌေးကဒါကို နားလည်နိုင်မှာမဟုတ်ပဲ "ခေါင်းအုံးမရှိတာ မဖြစ်နိုင်ပါဘူးဗျာ၊ မရှိတောင် စောင်တို့ပုဆိုးတို့ အုံးအိပ်ရင်ရတာပဲ၊ သူကိုက အုတ်ခဲခေါင်းအုံးအိပ်ရတာ ကြိုက်လို့ဖြစ်မှာပါ"လို့ စဉ်းစားမှာမျိုးလို နိုင်ငံတကာက လွတ်လပ်ပွင့်လင်း လူ့အဖွဲ့အစည်းက ကျွန်တော်တို့ကို စာနာနားလည်ဖို့ခက်ခဲ့ခဲ့တာပါ။ ကျွန်တော်ဒါကို ဘာလို့ သတိတရပြန်ပြောရသလဲဆိုတော့ အခု ကျွန်တော်တို့မှာ လွှတ်တော်ကြီးလည်း ရှိပြီ။ သတင်းစာတွေ ဂျာနယ်တွေလည်း ထုတ်ခွင့်ရပြီ။ ရေးချင်တာလည်း ရေးလို့အတော်ရပြီ။ ဒါဆို ကျွန်တော်တို့ ဒီလမ်းကြောင်းတွေကနေ အစိုးရနဲ့ အများ ပြည်သူသိပြီး နစ်နာမှုတွေ အဆင်မပြေမှုတွေကို ဖြေရှင်းပေးအောင် ဆောင်ရွက်နိုင်ပြီလား၊ တနည်းအားဖြင့် ဒီလမ်းကြောင်းတွေကို သုံးပြီး ဆန္ဒပြမှုတွေ၊ အတိုင်အတောတွေလျော့အောင် လုပ်နိုင်ပြီလားလို့ ဆန်းစစ်ကြည့်ရမယ်လို့ တွေးမိလို့ပါပဲ။ တနည်းအားဖြင့် ဘတ်စ် ကားနောက်ခန်းမှာ သူ့ကြောင့် အလဲလဲအပြိုပြိုဖြစ်တာတွေကို ရှေ့ခန်းကလူသိအောင် စပယ်ယာကတဆင့် လှမ်းပြောခိုင်းမလား၊ ဆင်းမယ့် ခရီးသည်ကို ရှေ့ခန်းသွားပြောခိုင်းမလား၊ နောင်မှ ဂျာနယ်ဆောင်းပါးထဲ ထည့်ရေးမလား။ အခုချက်ချင်း ကိုယ်တိုင်ပဲ အင်တာကွန်က လှမ်းအော်မလား၊ အော်တဲ့အခါလည်း ရုပ်မြင်သံကြားသတင်းကြေငြာသလို ယဉ်ကျေးသိမ့်မွေ့ဖို့မလိုပေမယ့် ရှေ့ကလူနားလည်ပြီး လိုက်လျောချင်အောင် ဘယ်လိုပြောမှာလဲ စတာတွေက အရေးကြီးပါတယ်။ နစ်နာရသူ၊ မခံမရပ်နိုင်ဖြစ်သူက ခံစားချက်နဲ့ တုံ့ပြန်တဲ့အခါ တစ်ဖက်က နားလည်ခွင့်လွှတ်ပြီး လိုက်လျောပေးဖို့လိုသလို နစ်နာရသူကလည်း သြော်၊ ရှေ့ကလူက ရှေ့ကိုပဲ အာရုံကျနေလို့ ဖြစ်ရှာတာပဲလို့ စိတ်ရှည်သည်းခံရင်း လူကြီးလူကောင်းလို ပြောဆိုစဉ်းစားတတ်ကြရင် ပိုကောင်းမှာပါ။

ဒီတော့ လွှတ်တော်ကဖြစ်ဖြစ်၊ မီဒီယာကဖြစ်ဖြစ်၊ ဆန္ဒပြလို့ဖြစ်ဖြစ် တင်ပြသူရော လက်ခံနားထောင် ဆောင်ရွက်ပေးသူရော ဒေါသတွေမာနတွေလျှော့ပြီး အကောင်းဆုံး စဉ်းစားဆောင်ရွက်ပေးကြမယ်ဆို ပြဿနာတွေ အဖြေတွေ့တာနဲ့အမျှ တိုင်စရာတွေ ဆန္ဒပြတာတွေ အထိုက်အလျောက် လျော့သွားမှာပါ။ ဒါကလည်း ပြောရတာလွယ်သလောက် လက်တွေ့မှာ အခက်အခဲတွေတော့ ရှိနေဦးမှာပါ။ သြော်၊ဒါထက် ဒီစာလေးကို အဆုံးမသတ်ခင် တစ်ခုဝန်ခံလိုတာက ဒိုင်နာကားနောက်ခန်းကနေ စိတ်မရှည် သည်းမခံနိုင်ပဲ အင်တာကွန်းကနေ လှမ်းအော်ခဲ့တဲ့ခရီးသည်က ကျွန်တော်ကိုယ်တိုင်ပါ ဆိုတာပါပဲ ခင်ဗျား။ ။

ရီနေနိုင်


ဂျပန်ရောက် မြန်မာအရေး လှုပ်ရှားသူတွေအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းတင်ဇာတ်ကားဟာ ဂျပန်အစိုးရရဲ့  ယဉ်ကျေးမှု ရေးရာ ရုပ်ရှင် ဒုတိယအမြင့်ဆုံးဆုအဖြစ်
ရွေးချယ်ခံခဲ့ရပါတယ်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.