10/02/13

photo..Irrawaddy
နွယ်နီမဂ္ဂဇင်းတွင်ဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိပ်ဆုံးကိုရာက်ခဲ့ဖူးတယ်လို့ ပြောလိုက်ရင် အခုခေတ်လူငယ်တွေက နားထောင် ကောင်းအောင်ပြောတဲ့ ပုံပြင်လို့ မှတ်ယူကောင်း မှတ်ယူနိုင်ပါတယ်။ တကယ်တော့ ပုံပြင်မဟုတ်ခဲ့ပါဘူး။ ဗမာပြည် စစ်အာဏာရှင် လက် အောက်မရောက်ခင်က ဒါမှမဟုတ် ရွှေထီးဆောင်းခဲ့စဉ်ကပါ။ ဒါပေမဲ့ စစ်အာဏာရှင်လက်အောက်ရောက်ခဲ့တဲ့ အချိန်ကစလို့ ကျမတို့ တိုင်းပြည်ဟာ မှားယွင်းမှုတွေကြား နလံမထူနိုင်တော့တာက လက်ရှိပစ္စုပန်အချိန်အထိပဲဖြစ်ပါတယ်။

စစ်တပ်က အာဏာမသိမ်းမှီအထိ တပ်နဲ့ ပြည်သူဟာ စိတ်ဝမ်းမကွဲကြသေးပါဘူး။ ၁၉၆၂ ခုနှစ်မတ်လမှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် 7 July ကစလို့ တပ်မတော်ဟာ ပြည်သူသွေးနဲ့ ခြေဆေးခဲ့ပါတယ်။ ဦးသန့်အရေးအခင်း၊မှိုင်းရာပြည့် စတဲ့ အရေးတော်ပုံတွေမှာ ပြည်သူဟာ တပ်မတော်အပေါ်မှာ အမြင်မကြည်လင်တော့ပါဘူး။ တပ်မတော်ဟာ စစ်အာဏာရှင်ရဲ့ အာဏာ တည်မြဲရေးအတွက်ဆိုရင် ဘယ်အရာမှမှ မငဲ့ကွက်ဘူးဆိုတာကို ပြည်သူတွေနားလည်ထားကြပါတယ်။ ၁၉၈၈ ခုနှစ်ကတော့ တပ်မတော်နဲ့ ပြည်သူတွေရဲ့ လမ်းခွဲပဲဖြစ်ပါတော့တယ်။ မြန်မာပြည်သူတွေ တပ်မတော်အပေါ် နာကျည်းခဲ့ကြပါတယ်။ တပ်မတော်နဲ့ ပြည်သူ စိတ်ဝမ်းကွဲ ခဲ့ကြတာ အခုဆိုရင် ၂၅ နှစ်ရှိခဲ့ပါပြီ။ ချွင်းချက်အနေနဲ့ ပြည်သူအပေါ်ထောက်ထားစာနာတဲ့ တပ်မတော်သားအချို့ပေါ်လာခဲ့သလို ပြည်သူတွေ ကလည်း ဒီလိုစိတ်သဘောမျိုးရှိတဲ့ တပ်မတော်သားတွေအပေါ်မှာ လေးစားချစ်ခင်ကြပါတယ်။

မြန်မာပြည်ဟာ ပြည်တွင်းစစ်အရှည်ကြာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အခုလက်ရှိအချိန်အထိ ငြိမ်းချမ်းရေးမရသေးပါဘူး။စစ်ဖြစ်နေ တဲ့ ဒေသတွေမှာ အစိုးရတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒေသခံပြည်သူတွေခံစားနေခဲ့ရတာရာစုနှစ်ဝက် လောက်ရှိနေပါပြီ။ အစိုးရတပ်တွေဟာ တိုင်းရင်းသားရွာတွေကို မီးရှို့လေ့ရှိပါတယ်။ အဓိကကတော့ အဲဒီ့ရွာတွေဟာ ရန်သူတွေကို အထောက်အပံပေးတယ်လို့ ယူဆတာကြောင့်ဖြစ်ပါတယ်။ ဒေသခံရွာသားတွေကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအဖြစ်သတ်မှတ်ပြီး ဖမ်းဆီးတာ၊နှိပ်စက်တာ တွေကို ပြုလုပ်ခဲ့တာကြောင့်လည်း ဒေသခံတိုင်းရင်းသားတွေဟာ အစိုးရ စစ်တပ်တွေကို ကြောက်လန့်ယုံသာမက၊ ယုံကြည်မှုလည်း မရှိကြ ပါဘူး။ မြန်မာပြည်မှာ ပဋိပက္ခဖြစ်နေတဲ့ အုပ်စုဟာ ဒီမိုကရေစီဘက်တော်သားတွေနဲ့ တိုင်းပြည်အာဏာကိုချုပ်ကိုင်ထားသူများ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ တိုင်းပြည်အာဏာကိုချုပ်ကိုင်ထားသူတွေ ဆိုပြီး အုပ်စု ၃ စုဖြစ်ပေါ်လာခဲ့ပါတယ်။

ဒီမိုကရေစီဘက်တော်သားတွေအနေနဲ့ အုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မှုကို အစဉ်တစိုက်ရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၈၀ ခုနှစ်နောက်ပိုင်းတွေမှာ ၁၀တန်းအောင်ပြီးတဲ့ ယောင်္ကျာံးလေးတစ်ယောက်ရဲ့ အိပ်မက်က ဗိုလ်သင်တန်းတက်ခွင့်ရဖို့ပါပဲ။ ဗိုလ်သင်တန်းလျောက်တဲ့ လူတိုင်းရဲ့ နောက်ကြောင်းရာဇ၀င်ကို ထောက်လှမ်းရေးတွေကအမြဲလေ့လာလေ့ရှိပါတယ်။ အကယ်၍ ဖခင်၊ ဦးကြီး၊ ဦးလေးစသည်ဖြင့် အမျိုးအဆွေ ထဲက လူတစ်ဦးတစ်ယောက်က နိုင်ငံရေးနဲ့ ပတ်သက်လို့ ပြစ်ဒဏ် ကျခံ ခဲ့ဘူးတယ်ဆိုရင် အဲဒီလူ့ဟာ စစ်တက္ကသိုလ်တက်ခွင့်မရပါဘူး။ တကယ်လို့ စစ်တက္ကသိုလ်တက်ဆဲဆိုရင်လည်း ကျောင်းထုတ်ခံရပါတယ်။ ဒါတင်မကပါဘူး၊ မိသားစုဝင်တစ်ဦးဦးဟာ နိုင်ငံရေးနဲ့ ပတ်သက်ခဲ့တယ်ဆိုရင် အဲဒီ့မိသားစုဟာ ထောက်လှမ်းရေးတွေရဲ့ မျက်စိဒေါက်ထောက်ကြည့်တာကို ခံရမှာပါ။ သားသမီးတစ်ဦးဦးက နိုင်ငံရေးနဲ့ ပတ်သက်ခဲ့မယ်ဆိုရင် မိဘတွေရဲ့ အလုပ်အကိုင်၊ ရာထူး စတာတွေကိုထိခိုက်ပါတယ်။ ၁၉၈၈ မှာတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူတွေ ပိုများလာပါတယ်။ ၁၉၈၈ မတ်လက ဖြစ်ခဲ့တဲ့ ဘုန်းမော်အရေးအခင်းမှာ ဆေးရုံရောက်ပြီးတော့မှ ကွယ်လွန်ခဲ့တဲ့ ကိုစိုးနိုင်ရဲ့ မိသား စုဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ ဒုက္ခမျိုးစုံခံစားနေခဲ့ရတယ်လို့ မိသားစုနဲ့တွေ့ဆုံခဲ့သူတွေက ပြောပြကြပါတယ်။ ကိုစိုးနိုင်ရဲ့ မိခင်ဟာ ကိုစိုးနိုင်သေဆုံးသွားတဲ့ အကြောင်းကို ကြားတဲ့ အခါမှာ စိတ်ထိခိုက်လွန်းလို့ စိတ်ဝေဒနာကို ခံစားခဲ့ရပါတယ်။ ကိုစိုးနိုင်ရဲ့ ဖခင်ဟာလည်း သားလုပ်သူရဲ့ ဖြစ်ရပ်ကြောင့် စိတ်ထိခိုက်ခဲ့ရပြီး ၁၉၉၀ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဖခင်ကွယ်လွန်ပြီးတဲ့ နောက်မှာ ကိုစိုးနိုင်ရဲ့ ညီအငယ်ဆုံးဟာ ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပေမဲ့ မိသားစုတာဝန်ကို ပခုံးထမ်းယူခဲ့ရပါတယ်။ ဒါပေမဲ့ ကိုစိုးနိုင်တို့ မိသားစုဟာ နိုင်ငံရေးနဲ့ ပတ်သက်ခဲ့တဲ့ အတွက် သူ့ညီလေးကို ဘယ်သူကမှ အလုပ်မခန့်ရဲခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီကလေးဟာ ၁၀ တန်းအောင်မြင်ခဲ့ပေမဲ့ ကြုံရာ ကျပန်းအလုပ်လုပ်ရင်း မိသားစု ဘ၀ကိုရင်ဆိုင်ခဲ့ရပါတယ်။ သူတို့မိသားစုလိုပါပဲ နိုင်ငံရေးနဲ့ ပတ်သက် လာရင် အားလုံးဟာ ဖိနှိပ်ခံခဲ့ကြရတာပါ။

ထောင်ထဲက ထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦးဟာ သာမန်ရာဇ၀တ်မှုကျူးလွန်ခဲ့သူတွေထက်ကိုပိုပြီး ဖိအားပေးခံရပါ တယ်။ ၂၀၀၁ ခုနှစ်မှာပဲ ကျွန်မ နိုင်ငံရေးပြစ်မှုနဲ့ ပြစ်ဒဏ်ကျနေရာကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ပြန်လွတ်လာပြီးတဲ့ နောက်မှာ ထောက်လှမ်းရေးဟာ အိမ်ကို မကြာမကြာ ရောက်လာပြီးကျွန်မကို စစ်ဆေးသလို၊ မေးမြန်းသလိုလာလုပ်လေ့ရှိပါတယ်။ ထောက်လှမ်းရေး တွေရောက်လာတဲ့အခါတိုင်း မိသားစုဝင်တွေ စိတ်ဆင်းရဲကြရပါတယ်။ ထောင်ကနေလွတ်ပြီး ၂ လအကြာ မဂ္ဂဇင်းတိုက်တစ်ခုမှာ အလုပ် ၀င်လုပ်တော့လည်း ထောက်လှမ်းရေးက ရုံးကိုရောက်လာပြီး သတင်းမေးတာတွေကိုလုပ်လို့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်အနှာက် အယှက် ဖြစ်ရပါတယ်။ အိမ်ထောင်ကျတော့ ခင်ပွန်းကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးပါပဲ။ သူ့ကိုလည်း နိုင်ငံရေးနဲ့ သက်လို့ အကြောင်း တစ်စုံတစ်ခုရှိတိုင်းလာမေးလေ့ရှိတာကြောင့် သူ့အိမ်က မိသားစုတွေစိတ်ညစ်ကြပါတယ်။ ထောက်လှမ်းရေးလို့ ထင်ရ သူတစ်ဦးဦးက အိမ်နားမှာ မယောင်မလည်ရှိနေရင်၊ အိမ်ထဲကိုဝင်ပြီး မေးမြန်းတာတွေ လုပ်ရင် မိသားစုဝင်တွေအတွက် ခြောက်အိပ်မက် တစ်ခု ဖြစ်ပြီး သူတို့ ရင်မဆိုင်ချင်ဆုံးအရာတွေပါပဲ။

၁၉၆၂ ခုနှစ်နောက်ပိုင်းကနေစပြီး လမ်းပေါ်မှာ သေဆုံးသွားရသူတွေ၊ ထောက်လှမ်းရေးစခန်းတွေမှာ သေဆုံးကြရသူတွေ၊ အကျဉ်းထောင် တွေထဲမှာ သေဆုံးသွားကြသူတွေ အမြောက်အများရှိပါတယ်။ ၁၉၈၈ ၊စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ နိုင်ငံရေး အကျဉ်းသားတွေ ပိုများလာသလို စစ်ကြောရေးစခန်းတွေမှာ ၊ အကျဉ်းထောင်တွေထဲမှာ သေဆုံးသူအရေအတွက်လည်းပိုလို့ မြင့်တက် လာခဲ့ပါတယ်။ ခင်ပွန်းရဲ့ ငယ်သူငယ်ချင်းဖြစ်သလို၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တဲ့ ကိုစည်သူဟာ တောတွင်းကို ခဏ သွားပါ တယ်။ နောက်တော့ သူပြန်ရောက်လာပြီး ရှောင်နေတဲ့ အချိန်မှာ ဗိုလ်ချုပ်ခင်ညွန့်က ရေဒီယိုတွေကနေ သူကိုယ်တိုင် ကြေညာချက်တွေ ထုတ်ပါတယ်။ တောတွင်းကပြန်လာသူတွေရှိရင် အကြောင်းကြားဖို့နဲ့ အရေးမယူပါဘူးလို့ဆိုပါတယ်။ ဒါကြောင့် ကိုစည်သူရဲ့ အမေက သူကိုယ်တိုင်ပဲ အကြောင်းကြားပေးခဲ့ပါတယ်။ သူ့ရဲ့ စေတနာက သူ့သား အခုလို ခိုးချောင်ခိုးဝှက်နေရတာထက် အကြောင်းကြား လိုက်ရင် ပေါ်ပေါ်ထင်ထင်နေခွင့်ရမယ်လို့ ယူဆတာကြောင့်ပါ။ ဒါပေမဲ့ ထောက်လှမ်းရေးက ကိုစည်သူကို လာခေါ်သွားခဲ့ပါတယ်။ စစ်ကြောရေးစခန်း ကိုရောက်တော့ နည်းမျိုးစုံနဲ့ နှိပ်စက်ပါတော့တယ်။ ကိုစည်သူရဲ့ လက်ဖျံကို ဘလိတ်ဓားတွေနဲ့ မွန်းသလို ရိုက်နှက်တာတွေလည်း လုပ်ပါတယ်။ အဲဒီ့နောက်တော့ ၁၉၉၁ခုနှစ်မှာ ကိုစည်သူ၊ ကျွန်မခင်ပွန်းနဲ့ ကိုဌေးကြွယ်တို့ကို တစ်တွဲတည်းထောင်ချလိုက်ပါတယ်။ ကိုဌေးကြွယ်ကို ထောင် ဒဏ် ၁၅ နှစ်၊ ကိုစည်သူကို ထောင်ဒဏ် ၁၂ နှစ်နဲ့ ကျွန်မခင်ပွန်းကို ထောက်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။ ၁၉၉၂ ခုနှစ်မှာထုတ်ပြန်တဲ့ လွတ်ငြိမ်းသက်သာခွင့်အရ သူတို့အားလုံးထောင်ဒဏ် ၁၀ နှစ်ဖြစ်သွားခဲ့ပါတယ်။

ထောင်ထဲမှာ ကိုစည်သူဟာ သွား ၆ ချောင်းနုတ်ခဲ့ရပါတယ်။ ထောင်ထဲမှာ ဆေးထိုးရတယ်ဆိုတာ အရမ်းကိုအန္တရာယ်များပါတယ်။ ထောင်ဝန်ထမ်းတွေအသုံးပြုတဲ့ အပ်တွေဟာ သန့်မသန့်ဆိုတာကို ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ ပိုဆိုးတာက ၁၉၉၁ ခုနှစ်ဆိုတာ တစ်ခါသုံးအပ်တွေ ထောင်ထဲမှာ ပေါပေါများများ သွင်းခွင့်မရသေးတဲ့ အချိန်ပါ၊ ထောင်ဝန်ထမ်းတွေအပါအ၀င် အုပ်ချုပ်နေသူတွေက ထောင်ထဲက လူတွေကို လူလို့မှ သတ်မှတ်ရဲ့လားလို့ မေးခွန်းထုတ်ရလောက်အောင်ကို ထောင်ထဲက အခြေအနေက ဆိုးရွားပါတယ်။ ထောင်ထဲမှာ မသေသင့်ပဲသေဆုံးသူတွေအများအပြားရှိပါတယ်။ သုံး ခွမြို့က ကျွန်းပြန်ဦးစိန်ဝင်းဆိုရင် ၀မ်းကိုက်ရောဂါကြောင့်ထောင်ထဲမှာ ကွယ်လွန်ခဲ့ ရပါတယ်။ အမှန်အတိုင်းလွှတ်မယ်ဆိုရင် ကိုစည်သူဟာ ၁၉၉၉ ခုနှစ်မှာ လွတ်ရမှာပါ။ သို့သော်လည်း သူ့ကို ၁၀(က)နဲ့ ထပ်မံထိန်းသိမ်း ထားတာကြောင့် သူဟာထောင်ထဲမှာပဲ ဆက်နေခဲ့ရပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းကစလို့ ကိုစည်သူရဲ့ ကျမ်းမာရေးဆိုးရွားလာပါတယ်။ မကြာခဏဖျားလာတယ်၊ ချောင်းဆိုးတာကလည်းမပျောက်ဘူး။ ဒီလိုနဲ့ ဆေးစစ်လိုက်တော့ သူ့ဆီမှာ HIV ပိုးတွေ့ရတယ်။ ထောင်ထဲကဆေးထိုးအပ်မှတစ်ဆင့်ကူးစက်ခံလိုက်ရပါတယ်။ ကိုစည်သူလိုပဲ ကိုဘိုနီအောင်၊ ကိုသုတ၊ ဦးလှသန်း ကိုးကိုကျွန်းအမတ်(၁၉၉၀) တို့လည်း ထောင်ထဲကနေ HIV ပိုး ကူး ဆက်ခံခဲ့ရပါတယ်။ ၂၀၀၁ ခု ဇူလိုင်လထဲမှာ ကိုစည်သူ ကွယ်လွန်ပါတယ်။ ကိုစည်သူ ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး သူ့မိသားစုကို မေးကြည့်တဲ့ အခါမှာ " အဲဒီ့အချိန်တုန်းက တာဝန်ရှိခဲ့တဲ့ လူတွေအနေနဲ့ ခံစားခဲ့ရတဲ့ မိသားစုတွေကို ၀န်ခံသင့်ပါတယ်။ အဲဒီ့ အချိန်က ထောက်လှမ်းရေးအကြီးအကဲလည်း in service မဟုတ်တော့ပေမဲ့ ၀န်ခံမယ်ဆိုရင် ၀န်ခံလို့ရနေသေးတာပဲ။ ဒါပေမဲ့ သူက ၀န်မခံတဲ့ အပြင် အင်တာဗျူးတွေမှာ ခံခဲ့ရသူတွေကပဲ လုပ်ကြံပြောသလိုပြောနေတော့ မိသားစုတွေကို ပိုဒေါသထွက်အောင် လုပ်နေတာနဲ့တူတယ်။ " လို့ ပြောပြခဲ့ပါတယ်။

အဲဒီလိုပါပဲ၊ ၁၉၈၈၊ သြဂုတ်လ ၉ ရက်နေ့က စမ်းချောင်းမြို့နယ်၊ရှမ်းလမ်းမှာ ရှိတဲ့ နတ်မိမယ် လက်ဖက်ရည်ဆိုင်အတွင်းကို ၀င်ရောက်ပစ်ခတ်ခဲ့တာ ကြောင့် နေရာမှာတင်သေဆုံးခဲ့ရတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုအောင်မွန်ရဲ့ မိခင်ကတော့ " အန်တီ့ အနေနဲ့လေ သင်ပုန်းတော့ မချေနိုင်သေးဘူး။ ဒါပေမဲ့ လက်စား ခြေချင်တာတော့မဟုတ်ပါဘူး။ အန်တီတို့သားတွေ ဖြစ်ခဲ့တာမျိုးနောက် ထပ်မဖြစ်စေချင်ဘူး။ တာဝန်ရှိသူ တွေအနေနဲ့ ဒီလိုမျိုးဖြစ်ခဲ့တယ်ဆိုတာကို ၀န်ခံသင့်ပါတယ်။" လို့ ၈၈ ငွေရတုသဘင် အခန်းအနားမှာ တွေ့ဆုံစဉ်က မေးခဲ့တဲ့ အပေါ်မှာ ပြန်ဖြေခဲ့တာပါ။

၁၉၈၈ စက်တင်ဘာ ၁၉ ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်စဉ် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရတဲ့ မ၀င်းမော်ဦးရဲ့ မိခင်ကတော့ " အန်တီံအနေနဲ့ ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်စေချင်ဘူး။ နောက်ထပ်နောက်ထပ် တန်ဖိုးရှိတဲ့လူငယ်တွေ သေဆုံးသွားမှာ ကိုမမြင်ချင်ဘူး။ " လို့ပြောကြားခဲ့ပြန်ပါတယ်။ မ၀င်းမော်ဦး သေဆုံးပြီးတဲ့ နောက်မှာ ကျန်ရစ်သူမိသားစုကို ထောက်လှမ်းရေးတွေ မျက်စိဒေါက်ထောက်ကြည့် တာကို ခံခဲ့ရတယ်လို့လည်း ပြောပြခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကျွန်မအမြင်ကတော့ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ ၈၈ မှာဖြစ်ခဲ့တဲ့ အကြောင်းတွေကို ၀န်ခံသင့်ပါတယ်။ ဒါမှလည်း ကာယကံရှင်တွေက ခွင့်လွှတ်ပေးနိုင်မှာဖြစ်ပါတယ်။ အသွင်ကူးပြောင်းနေပြီလို့ အစိုးရက ထုတ်ဖော်ပြောဆို နေတဲ့အချိန်ဖြစ်လို့ အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုရှိဖို့အတွက်လည်း လိုအပ်နေတဲ့ အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ ဒီ့အပြင် ၈၈ သမိုင်းကြောင်းအမှန်တစ်ခုကို ဖော်ထုတ်ပေး သင့်ပါတယ်။ ဒါမှ ကျဆုံးသူဘယ်နှစ်ယောက်၊ ထိခိုက်ဒဏ်ရာရသူဘယ်နှစ်ယောက်ဆိုတာကို အနီးစပ်ဆုံးသိနိုင်မှာပါ။ နောက်ထပ်တောင်းဆို ချင်တာကတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘ၀ကိုပြန်လည်ထူထောင်ပေးသင့်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ ထောင်ထဲမှာ အနည်းဆုံး ၇ နှစ်ကနေ တစ်ချို့ဆိုရင် နှစ် ၂၀ ကျော်နေခဲ့ရသူတွေ၊ တစ်ချို့ကတော့ အကြိမ်ကြိမ်ထောင်ကျခဲ့သူတွေဖြစ်တာကြောင့် သူတို့ ဟာ ဘ၀ကို မထူထောင်နိုင်ခဲ့ကြပါဘူး။ ဒီ့ထက်ပိုဆိုးတာက ထောင်ကနေလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်အကိုင် လုပ်ရ တာအဆင်မပြေအောင်၊ ကျောင်းသားတွေဆိုရင် ကျောင်းပြန်တက်ခွင့်မရအောင်လို့ ထောက်လှမ်းရေးတွေသူတို့ လုပ်နိုင်တဲ့ အခွင့်အာဏာ ကိုသုံးပြီး ဖိနှိပ်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ဘ၀တွေ၊ မိသားစုတွေရဲ့ ဘ၀တွေဟာ အများအားဖြင့် နွမ်းကြေနေခဲ့ရပါတယ်။ စနစ်ဆိုးကို ဖြတ်ကျော်ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘ၀ကို အာဏာရ အစိုးရ တွေအနေနဲ့ ပြန်လည်ထူထောင်ဖို့ အကူအညီပေး သင့်ပါတယ်။ ဒါမှလည်း ခေတ်တကယ်ပြောင်းသွားပြီလို့ နိုင်ငံရေးအင်အားစုတွေဘက်က ယုံကြည်လာမှာပါ။

တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေဖြစ်နေတဲ့ ရာစုနှစ်ဝက်လောက်ရှိနေခဲ့ပါပြီ။ ဒေသခံတွေဟာ စစ်ဖြစ်နေတဲ့ သူတို့ရဲ့ ဇာတိတွေမှာ မနေရဲကြပါဘူး။ တပ်မတော်ဟာ ဒေသခံတိုင်းရင်းသားတွေအားလုံးကို တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အမျိုးအနွယ်တွေလို့ သတ်မှတ်ပြီး ဖိနှိပ်ပါတယ်။ အခုလတ်တလောဖြစ်ခဲ့တဲ့ ဦးဘရန်ရှောင်ရဲ့ အဖြစ်အပျက်ကိုကြည့်ရင်သိသာပါတယ်။ အတင်းအဓမ္မ နှိပ်စက်ပြီးတော့ ကေအိုင်အေ တပ်သားအဖြစ်ဝန်ခံခိုင်းခဲ့တယ်လို့ ဦးဘရန်ရှောင်က သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည် ၁ သိန်းကျော်ရှိနေခဲ့တာပါ။ တိုင်းရင်းသားတွေလိုချင်နေတာက တန်းတူရှိမျှမှုနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီး ခွင့်ပါ။ တန်းတူညီမျှမှုနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့အတွက်ဆိုရင် နှစ်ပေါင်းများစွာ စစ်ပွဲတွေ ဖြစ်ခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ နိုင်ငံရေးအရ ညှိနှိုင်းမှသာ အောင်မြင်မှာပါ။ တိုင်းရင်းသားတွေအားလုံးက ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်ကြပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပေးရပါလိမ့်မယ်။ တကယ်လို့ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ် စစ်စစ်ပြည်ထောင်စုဖြစ်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ တိုင်းရင်းသားတွေဟာ သူတို့ကို ဖိနှိပ်ခဲ့တာတွေ၊ သူတို့အပေါ် ရက်စက်ခဲ့ တာတွေကို မေ့လိုက်နိုင်မှာ သေချာပါတယ်။

လွှတ်တော်အမတ်တစ်ဦးကတော့ အစိုးရ၀န်ခံလာအောင် ချက်ချင်းလုပ်လို့မရဘူး၊ တစ်ဖြေးဖြေးချင်း လုပ်ယူရမယ်လို့ ပြောခဲ့တာကို ဖတ်လိုက်ရပါတယ်။ ကျွန်မရဲ့ ယူဆချက်နဲ့တော့ ဝေးပါတယ်။ ကျွန်မကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ၀န်ခံလာဖို့၊ တရားမျှတမှုဖော်ဆောင်ဖို့ တောင်းဆိုနေသင့်တယ်လို့ယူဆပါတယ်။ အမုန်းတွေဆိုတာ အချိန်ကြာတာနဲ့အမျှ အငြိုးအတေးအဖြစ်၊ လက်စားခြေလိုခြင်းအဖြစ် ပေါ်ထွက် လာတတ်သလို၊ တောင်းပန်မှုပြုလုပ်စရာမလိုတဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ခွင့်ပြုထားတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အချိန်မရွေး ညှင်းပန်း နှိပ်စက်မှုတွေ ဖြစ်ပေါ်နေမှာပဲဖြစ်လို့ပါ။

ကျွန်မတို့ မြန်မာလူမျိုးတွေဟာ အများအားဖြင့်တော့ စိတ်သဘောထားကောင်းမွန်ကြလေ့ရှိပါတယ်။ ရုပ်ရှင်တွေထဲမှာပဲဖြစ်စေ၊ အိပ်ယာဝင်ပုံပြင်တွေမှာပဲဖြစ်စေ တောင်းပန်လာတဲ့ လူဆိုးကို ခွင့်လွှတ်ပေးတဲ့ ဇတ်ကြောင်းတွေပဲရှိပါတယ်။ ကလဲ့စားခြေခြင်းကို မကောင်းတဲ့ ဆိုးယုတ်တဲ့ စိတ်နေစိတ်ထားအဖြစ်လည်း သတ်မှတ်လေ့ရှိပါတယ်။ ဒါကြောင့် ၀န်ခံတဲ့ သူက ၀န်ခံမယ်၊ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုတွေ ကိုလုပ် မယ်ဆိုရင် အခြေခံဥပဒေမှာ ထည့်ထားတဲ့ နောက်ကြောင်းပြန် တရားမစွဲရဘူးဆိုတဲ့ ဥပဒေတောင်ထည့်ဖို့မလိုလောက်ဘူးလို့ ကျွန်မယူဆပါတယ်။

ခင်ငြိမ်းသစ်

အောက်တိုဘာ ၁ ရက်နေ့ ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်ေးရးကော်မတီဆောင် I-12 ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမီဒီများတွေ့ဆုံ ဥက္ကဌ မှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ မီဒီယာများ၏မေးမြန်းနမှုကိုဖြေကြားရာ ဖွဲ့ စည်းပုံအခြေခံဥပဒေနင့် ပတ်သတ်၍ ပြည်သူများက သေချာနားမလည်ဘူးဆိုတာ ဟုတ်သည်။

အန်တီနားလည်သလောက် ဖွဲ့ စည်းပုံအခြေခံဥပဒေကို သူတို့ ထုတ်တုန်းက အုပ်ရေကထောင်ဂဏန်းပဲရှိတယ်လို့ နားလည်တယ်။ သန်း(၆၀)လောက်ရှိတယ်လို့ မှန်းရတဲ့ ပြည်သူလူထုကြားထဲမှာ ထောင်ဂဏန်းပဲရှိတဲ့ အုပ်ရေကို ဘယ်နစ်ယောက်က ဖတ်ဘူးမှာလဲ။ပြည်သူအများစုက ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ ဘာရှိမှန်းလဲ မသိဘူး။ထိရောက်မူကိုလည်း ဂဂဏဏ မသိဘူး။အခုအဖွဲ့ ချုပ်က စပြီး ရှင်းနေတာက ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ပြည်သူကဘယ်လိုစပ်ဆက်လဲဆိုတာ အဲဒီက စပြီးရှင်းမှာ။ပြည်သူတွေ သိသင့်သိထိုက်တာ သိဖို့ ပဲဖြစ်ကြောင်း၊၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့နှင့်ပတ်သက်ပြီး (၂၀၀၈)ဖွဲ့ စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီနဲ့ မကိုက်ညီဘူးဆိုတာ စပြီးဆွဲပုံဆွဲနည်းထဲက ဒီမိုကရေစီနဲ့ မကိုက်ညီတာ။နောက်ပြီး အဲဒီထဲက ဘယ်အချက်တွေက ဒီမိုကရေစီ စံနုန်း စံထားတွေနဲ့ မကိုက်ညီဘူးလဲဆိုတာ ရှင်းပြမယ်။ဒါကြောင့် ပြုပြင်ပြောင်းလဲချင်တယ်။

အားလုံးသိတဲ့ အတိုင်း ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သတ်လို့ အမြင်(၂)မျိုးရှိတယ်။တစ်ချို့ က တစ်ချို့ ပုဒ်မတွေကို ပြင်မယ်။တစ်ချို့ က အားလုံးပြန်ပြီး ပြင်မယ်။အဲဒီထဲမှာ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့ အထဲမှာ တစ်ဖွဲ့ က ပြင်မယ်ဆိုရင်တော့ လက်ခံတယ်။စ ၊ လယ် ၊ ဆုံး ပြင်ရမယ်။အစထဲကလည်း စ ၊ လယ် ၊ ဆုံး ပြင်ဖို့ ဆုံးဖြတ်တယ်။ပြင်သင့်တာတွေ အားလုံးကိုပြင်သွားမှာဖြစ်ကြောင်းပြောကြားခဲ့သည်။ —

National League for Democracy

မကြာသေးမီက ပြည်ခိုင်ဖြိုးပါတီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပါတီ ဒုဥက္ကဋ္ဌက "ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရာတွင် အချုပ်အခြာအာဏာ မထိခိုက် ရန် အရေးကြီးကြောင်း" ရှင်းလင်းဖော်ပြရာတွင် " ပြည်သူတွေက ပြင်ချင်သည်ဟု မိမိမယုံကြည် ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံကို လေ့လာသည့် ပြည်သူ က ရှားပါးကြောင်း၊ မိမိပင် ယခုပြန်လေ့လာပြုစုနေရကြောင်း၊ ပြင်ချင် သူတွေက ပြည်သူတွေထံသွားရှင်းပြပြီး ပြည်သူတွေက ပြင်ချင်တယ် ဖြစ်နေသည်ဟု မိမိထင် ကြောင်း၊ လူတွေက ရူးပြီးဖြစ်နေကြတာဖြစ် ကြောင်း" စသည်ဖြင့် ပြောကြားသွားပုံ ကို Daily Eleven နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည့် အတွက် အတော် ဂယက်ရိုက် ခဲ့ပါသည်။ သို့သော် ဒုဥက္ကဋ္ဌ ဦးဌေးဦးက မိမိ ထိုသို့မပြောပါကြောင်း အသံဖိုင်ရှိ ကြောင်း ရှင်းလင်းပြီးသည့်နောက် ယင်း သတင်းစာက မှားယွင်း ရေးသားခဲ့ခြင်း ဖြစ်ကြောင်းဖြင့် ဦးဌေးဦး၏ ပြောကြားချက် အပြည့်အစုံကို ပြန်လည်ဖော်ပြပေးခဲ့ပါ သည်။ ကျွန်တော်တို့အနေဖြင့် ပြည်သူနှင့်အစိုးရကြား၊ ပြည်သူနှင့် အာဏာရပါတီအကြား တတ်နိုင်သမျှ ရင်ကြားစေ့ပြီး ပူးပေါင်းဆောင်ရွက်မှု ဖြစ်စေလိုပြီး အာဏာရပါတီနှင့် အစိုးရကလည်း ပြည်သူအပေါ် စေတနာမှန်ကြောင်း၊ သဘောထားကြီးကြောင်း၊ သဘောထားတင်းမာမှု မရှိ ပဲပဲ လိုက်လျောညီထွေ ပြုပြင်ဆောင်ရွက်လိုသော သဘောရှိကြောင်း ပြသခြင်းကိုသာ မြင်လိုသည့်အတွက် ပထမကြားရသော သတင်း အပေါ် အတော်စိတ်ပျက်မိသော်ငြားလည်း ယင်းသတင်းမမှန်ကန်ကြောင်း သက်ဆိုင်ရာ သတင်းစာကပါ ဖြေရှင်းလာသည့်အတွက် အတော်စိတ်သက်သာရ သွား ခဲ့ပါသည်။

သို့ရာတွင် ယင်းပြန်လည်ပြင်ဆင်ဖော်ပြမှုသတင်းကို ဖတ်ရှုရရာတွင် လည်း ဘ၀င်မကျမှုကလေးများ ရှိနေသည့်အတွက် ယခုစာကို ရေးဖြစ်ခြင်း ဖြစ်ပါ သည်။ ပထမဦးစွာ ယင်းသတင်းစာဖော်ပြမှုတွင် သတင်းစာဆရာက မေးမြန်းသော "အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင် ဆိုပြီး ခန့်မှန်းနေပါတယ်။ ဒီခန့်မှန်းချက်အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဒေါ် အောင်ဆန်းစုကြည်ကို အကြောင်း ပြုပြီး တိုင်းတစ်ပါးရဲ့ပါဝင်စွက်ဖက်မှု၊ တိုင်း တစ်ပါးရဲ့ သြဇာအာဏာနဲ့ တိုင်းပြည်အချုပ်အခြာ အာဏာကို မထိခိုက်ဖို့ လွှတ်တော် လမ်းကြောင်း အနေနဲ့ရော ဘယ်လိုကြိုတင်ကာကွယ်သွားမလဲဆိုတာ သိချင်ပါ တယ်" ဆိုသည့် မေးခွန်းအပေါ် ဘ၀င်မကျမိပါ။ ယင်းမေးခွန်း၏သဘောမှာ ဒေါ် အောင်ဆန်း စုကြည် သမ္မတဖြစ်ပြီးသည့်နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြုပြီး တိုင်းတစ်ပါး၏ ပါဝင်စွက်ဖက်မှု၊ တိုင်းတစ်ပါး၏ သြဇာအာဏာနှင့် တိုင်းပြည်အချုပ်အခြာအာဏာကို ထိခိုက်နိုင်မှု သေချာပေါက် ရှိနေသယောင် သဘောဆောင်နေသည်ဟု ယူဆပါသည်။ အမှန်မှာ "ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်းနေပါတယ်။ အခြား တစ်ဖက်မှာလည်း ဒေါ် အောင်ဆန်း စု ကြည်ကို အကြောင်းပြုပြီး တိုင်းတပါးရဲ့ ပါဝင် စွက်ဖက်မှု၊ တိုင်းတပါး ရဲ့သြဇာအာဏာနဲ့ တိုင်းပြည်၏အချုပ်အခြာ အာဏာ ထိခိုက် နိုင်တယ် ဆိုတဲ့ အယူအဆရှိနေနိုင်ပါတယ်။ အဲဒီလို ပူပန်မှုရှိသူတွေအတွက် လွှတ်တော်လမ်း ကြောင်း ပေါ်က ကာကွယ်မှု ဘယ်လိုဖြစ်သင့်တယ်လို့ ယူဆပါသလဲ"ဆိုသည်မျိုး ပိုဖြစ်သင့်သည်ထင်ပါသည်။

ဦးဌေးဦး၏ ဖြေကြားချက်တွင် 'လူတွေသဘောကျတိုင်း ဖြစ်မယ် ဆိုရင်လည်းပဲ တခြား သဘောကျတဲ့သူတွေလည်း အများကြီးပါပဲ' ဆိုသည်က မှန်ပါသည်။ မည်သည့်နိုင်ငံမှာ မဆို လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခုအပေါ် သဘောကျခြင်း၊ မကျခြင်းမှာ အကန့်အသတ်မဲ့မဖြစ်နိုင်ပဲ ကြိုက်သူလည်းရှိ မကြိုက်သူလည်းရှိ ဖြစ်မှာ သဘာဝဖြစ်ပါသည်။ မြန်မာရိုးရာဟာသတွင် ကြားဖူးခဲ့သည့် အပြစ်မြင်တတ်သည့် သူဋ္ဌေးကြီးတစ်ဦးက နှမ်းဖတ်ချဉ်ဝယ်စားပြီး "နှမ်းဖတ်ချဉ်နှယ် ခွေးချေးလောက် တောင် မကောင်းဘူး" ဟု အပြစ်တင်သည့်အခါ နှမ်းဖတ်ချဉ်သည်က ပြန်ပြောသည့် "ဒါကတော့ ကိုယ်ကြိုက်တာ ကိုယ်ကောင်းကြတာပေါ့တော်"ဆိုသကဲ့သို့ ကြိုက်ရာကို 'ကောင်း'ခွင့်ရှိပါသည်။ သို့သော် ဒီမိုကရေစီ၏ သဘောမှာ ကိုယ်ကြိုက်ရာ ကိုယ် ကောင်း သည်ထင်သည့်သူတွေကြားမှာ ကြိုက်သူများသည့်သူကို ရွေးခွင့်ရအောင် လုပ်ပေးထားသည့်စနစ် ဖြစ်ပါသည်။ ဒီမိုကရေစီစစ်မှန်လျှင် အများ နှစ်သက် သဘောကျသူကို ရွေးချယ်နိုင်ခွင့်ကို ဖန်တီးပေးရပါလိမ့်မည်။

ယနေ့ ကျွန်တော်တို့ နိုင်ငံတွင် နိုင်ငံခေါင်းဆောင်ဖြစ်လာနိုင်သူများ၊ ဖြစ်နေသူများ ထဲမှာ တစ်နည်းမဟုတ်တစ်နည်း အပြစ်အနာအဆာများ ရှိနေနိုင်ပါသည်။ တည်ဆဲဥပဒေဖြင့် ငြိစွန်းနေသူ၊ ယခင်ဥပဒေဖေါက်ဖျက်မှုများတွင် ပတ်သက်ခဲ့ဖူးသည်ဟု အများက ရှုမြင်သူ၊ အမျိုး သားရေးစံမြင့်မြင့်အကဲဖြတ်လျှင် မကိုက်ညီနိုင်သူ၊ သမိုင်းတွင် အမည်းစက်စွန်းထင်းခဲ့မှုများတွင် ပါဝင်ပတ်သက်ခဲ့သူ၊ ပြည်ပသြဇာ မကင်း နိုင်ဟု ထင်မြင်ခံရသူ၊ တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ သြဇာမကင်းဟု အများက ယုံကြည်သူ စသဖြင့် အပြစ်အမျိုးမျိုး ရှိ နိုင်ပါသည်။ အခြားတစ်ဖက်တွင်လည်း ပြည်သူအတွက် နိုင်ငံအတွက် မည်သို့ ရပ်တည် ပြောဆို လုပ်ကိုင်လမ်းညွှန်ခဲ့သည်၊ သို့မဟုတ် မည်သို့ အနစ်နာခံပေးဆပ်ခဲ့သည်ဆိုသော တစ်ဦးချင်းအပေါ် ပြည်သူက ယုံကြည်ကိုးစားစွာ အမှတ်ပေးထားမှုများလည်း ကိုယ်စီရှိပါလိမ့်မည်။ ဒီတော့ အပြစ်မကင်းနိုင်သူ၊ အများအကျိုးလည်း ဆောင်ရွက် နိုင် သူတွေချင်းအတူတူ အများ၏ အဆုံးအဖြတ်ခံယူခွင့်ကို တန်းတူရသင့်သည်ဟု မယူဆသင့်ဘူးလားဟု မေးခွန်းထုတ်စရာ ရှိလာပါသည်။

ထို့ပြင် အများပြည်သူအနေဖြင့် နိုင်ငံခေါင်းဆောင်ရွေးချယ်ရာတွင် "ကိုယ့်ရဲ့ အချုပ်အခြာအာဏာကို တခြားနိုင်ငံတွေက လွှမ်းမိုး နိုင်တယ်၊ ထိခိုက်နိုင်တယ် ဆိုတာကိုတော့ များသောအားဖြင့် မစဉ်းစားကြပါဘူး" ဆိုသော သဘောမျိုး ပြောဆို ထားသည်ကိုလည်း တွေ့ရပါသည်။ ပြည်သူများက ဒီလောက်ညံ့ကြမည်တော့ မထင်ပါ။ ကိုယ့်အချုပ်အခြာအာဏာကို တခြားနိုင်ငံများအား လွှမ်းမိုးခွင့်ပေးမည့် ခေါင်းဆောင် မျိုးကို ပြည်သူတွေက ရွေးချယ်လိမ့်မည် မထင်ပါ။ မိမိတို့ အချုပ်အခြာ အာဏာကို မဆိုထားနှင့်။ မိမိတို့ သယံဇာတ၊ မိမိတို့သစ်တော၊ မိမိ တို့ရေမြေကို တိုင်းတပါးက (နိုင်ငံရေးအရ မဟုတ်သေးပဲ) စီးပွားရေးအရ လွှမ်းမိုးချယ်လှယ် လာတာမျိုးကိုပင် ပြည်သူတွေက ဆတ်ဆတ်ထိမခံနိုင် တုံ့ပြန်တတ်တာ အများအသိ ဖြစ်ပါသည်။

ဦးဌေးဦးက အခြေခံဥပဒေမရှိဘဲဖြင့် ဒီမိုကရေစီနိုင်ငံဖြစ်နေသော အင်္ဂလန်နိုင်ငံတွင် ဘုရင်စနစ်ရှိပြီး ဘုရင့်မျိုးနွယ်များမှာ သူတို့ သတ်မှတ်ထားသည့်လူတွေနှင့်သာ အိမ်ထောင်ပြုမှသာ ဘုရင့်အခွင့်အရေးကိုရကြောင်း၊ ဘုရင်အမျိုးအနွယ် မဟုတ်သူ နှင့် အိမ်ထောင်ပြုလျှင် ထွက်သွားရကြောင်း၊ အင်္ဂလိပ်ဘုရင့်မျိုးနွယ်က အင်္ဂလိပ် နိုင်ငံသားကိုပင် ယူခွင့်မရှိကြောင်း စသည်ဖြင့် ဖော်ပြထားသည်ကိုလည်း တွေ့ရပါ သည်။ ဤနေရာတွင် ကျွန်တော်တို့ လျှောက်လှမ်းနေသည့် ဒီမိုကရေစီစနစ်နှင့် စနစ်ချင်းခြားနားသော စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသည့် ဒီမိုကရေစီနိုင်ငံမှ စနစ်နှင့် မတူသည်ကို နှိုင်းယှဉ်ဥပမာပေးရန် မဖြစ်နိုင်ဟု ထင်သည်။ စည်းမျဉ်းခံ ဘုရင်စနစ်တွင် ဘုရင်၏ ထီးနန်းဆက် ခံခွင့်ကို ဘုရင်မျိုးရိုးစဉ်ဆက်ကသာ ရယူခွင့်ရှိခြင်းဖြင့် ဘုရင်မျိုးရိုးကို ထိမ်းသိမ်းထားကာ ဘုရင်သို့မဟုတ် ဘုရင်မကို အများကလက်ခံ လေးစားသော နိုင်ငံဥသျှောင်အဖြစ် ထားရှိပြီး နိုင်ငံ၏ အုပ်ချုပ်ရေး နှင့် စီမံခန့်ခွဲရေးကို အများပြည်သူက ရွေးချယ်တင်မြှောက်သော ၀န်ကြီးချုပ်က တာဝန်ယူ လုပ်ဆောင်သော စနစ်ဖြစ်သည်။ ဘုရင်စနစ်ကို တလေးတစား ထိမ်းသိမ်း ထားပြီး ဘုရင့်မျိုးရိုးကို နိုင်ငံဥသျှောင်မျိုးရိုး အဖြစ် တန်ဖိုးထားသောစနစ်တွင် ဘုရင့်မျိုးနွယ်ချင်းသာ လက်ထပ်ခွင့်ပြုခြင်းမှာ သဘာဝကျသည် ထင်ပါသည်။

အခြားတစ်ဖက်တွင်လည်း နှိုင်းယှဉ်ကြည့်စရာ နိုင်ငံတကာ ဥပမာများစွာ ရှိနေပါသေး သည်။ ဥပမာ ပီရူးနိုင်ငံတွင် ၁၉၉၀ခု ဇူလိုင်လမှ ၂၀၀၀ခုနှစ် နိုဝင်ဘာလအထိ သမ္မတ အဖြစ် တင်မြှောက်ခံရသူ အယ်လ်ဘတ်တိုဖူဂျီမူရီ ဖူဂျီမူရီမှာ ဂျပန်လူမျိုး တစ်ဦးဖြစ်ပါသည်။ သူသည် နောက်ပိုင်း၌ အာဏာရှင်ဆန်မှု၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများဖြင့် ဝေဖန်ခံရသော်လည်း ဂျပန်လူမျိုးက ပီရူးကိုအုပ်စိုးသည်၊ ပီရူး အချုပ်အခြာအာဏာကို ဂျပန်ကထိပါးသည်စသဖြင့် ပီရူးနိုင်ငံတွင်းမှာရော၊ အခြား နိုင်ငံများတွင်ပါ မည်သူကမှ တစ်ခါမှမပြောခဲ့ပါ။ အလား တူ ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်သော အိန္ဒိယတွင် နေရူး၏မြေးနှင့် အင်ဒါရာဂန္ဒီ၏သားဖြစ်သူ ရာဂျစ်ဂန္ဒီ၏ဇနီး ဆိုနီယာဂန္ဒီမှာ အီတလီသူ ဖြစ်ပြီး ခင်ပွန်းဖြစ်သူကွယ်လွန်ပြီးနောက် သူ၏ပါတီက ၀န်ကြီးချုပ်အဖြစ် အစိုးရကိုခေါင်းဆောင်ပေးရန်ပင် ကမ်းလှမ်းခြင်းရှိခဲ့ပြီး ကာယကံ ရှင်ကသာ ငြင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၉၈တွင် နေရှင်နယ်လ်ကွန်ဂရက်ပါတီ၏ ခေါင်းဆောင်ဖြစ်ပြီး ၁၉၉၉မှာသူဝန်ကြီးချုပ်ဖြစ်နိုင်မှုကို စိန်ခေါ်ခဲ့သည့် ပါတီထိပ်တန်းခေါင်းဆောင်သုံးဦးမှာ ပါတီဝင်အများစုက ဆိုနီယာကို တခဲနက်ထောက်ခံမှုဖြင့် ပါတီကထွက်သွားကြရသည်။ ယခုအခါဆိုနီယာမှာ ကွန်ဂရက်ပါတီဥက္ကဋ္ဌအဖြစ် ဆယ်နှစ်ဆက်တိုက်တာဝန်ယူရမှု စံချိန်တင်ထားသူဖြစ်လာပြီး သူ့ပါတီမှာ ၂၀၀၉ ရွေးကောက်ပွဲ တွင် ၁၉၉၁ကတည်းက မည်သည့်ပါတီမှမရဖူးသော လွှတ်တော်တွင်း နေရာအများဆုံး ၂၀၆နေရာရရှိသည်။ဆိုနီယာကိုယ်တိုင်က အီတလီ အမျိုးသမီး ဖြစ်နေသည့်အတွက် အိန္ဒိယနိုင်ငံရေးလောကတွင် ခေါင်းဆောင်ဖြစ်ရေးမှာလည်း ငြင်းခုန်စရာများ မရှိမဟုတ်၊ ရှိပါသည်။ သို့သော် အီတလီက အိန္ဒိယ အချုပ်အခြာ အာဏာကို လာထိပါးဆိုသည်မျိုး၊ အိန္ဒိယနိုင်ငံကြီးမှာ အီတလီသြဇာခံ ဖြစ်ရှာပြီဆို တာ မျိုး ပြည်တွင်းမှာရော ပြည်ပမှာပါ တစ်ခါမှ မကြားဖူးခဲ့ပါး ယခုလို ငြင်းချက်ထုတ်ရခြင်းများအတွက် မည်သူသမ္မတဖြစ်ရေး၊ မည်သူ သမ္မတ ရွေးခွင့်ရရှိရေးကို ပြောဆိုလိုသည့်အတွက် မဟုတ်ပါ။ ယင်းသတင်းစာရှင်းပွဲတွင် ဆိုမိန့်သည့်အတိုင်း ပြည်သူတွေက ရွေးမှာပါဖြစ်ပါသည်။ သို့သော် ပြည်သူများက ရွေးချယ်ခွင့်ကို ပီပီပြင်ပြင်ဖန်တီးပေးရန် လိုပါလိမ့်မည်။ ပြည်သူကို အမှန်အတိုင်း သိမြင်ပြီး အရှိအတိုင်း ဆုံးဖြတ်နိုင်အောင် အချက်အလက်အမှန် များ ပေးနိုင်ရေးနှင့် အကောင်းအဆိုးများ ဒွန်တွဲနေကြသည့်အထဲမှ ကောင်းသည်ထင်သည်ကို ရွေး ကြိုက်ခွင့်ရှိသလို အများစုကြီးကရွေးချယ်လိုသူက ထိုက်ထိုက်တန်တန် ရွေးချယ်ခွင့် ရရှိရေးတို့မှာ ဒီမိုကရေစီနိုင်ငံဟု ဆိုနေသော နိုင်ငံတွင် အရေးတကြီးလိုအပ်ချက် ဖြစ်လိမ့်မည်ဖြစ်ရာ အထက်ပါအချက်များကို အလေးအနက် ထည့်သွင်းစဉ်းစား စေချင်ပါသည်။ ။
မောင်လွင်မွန် (ကသာ)
(၂၀၁၃ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့ထုတ်ပဲ့တင်သံဂျာနယ်)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.