10/04/13

တန်ပြန်မေးခွန်းမလုပ်သည့် စာမျက်နှာများမှ ပြောကြားနေမှုများ မီဒီယာဌာနများကြား ရပ်တည်ချက် အငြင်းပွားဖွယ်ရာဖြစ်

မြန်မာသံတော်ဆင့်ရုံးခန်း တွင်သတင်းစာပညာနှင့် စာနယ်ဇင်းကျင့်ဝတ် လာ ရောက်သင်ကြားခဲ့ကြ သော ၀ါရင့်သတင်းစာ ဆရာကြီးများ အနက် နိုင်ငံ ပိုင်သတင်းစာ စာတည်းမှူး ချုပ် (ငြိမ်း) ဦးရဲမြင့်ဖေ (စံတော်ချိန်အယ်ဒီတာချုပ် ဆရာရဲကျော်ခေါင်)နှင့် ယခင်စာနယ်ဇင်း ကောင် စီဝင် ဆရာဟိန်းလတ် (ပေါ်ပြူလာဂျာနယ်)တို့ သင်တန်းပို့ချခဲ့သော မှတ်တမ်းဓာတ်ပုံ။
ရန်ကုန်၊ စက်တင်ဘာ ၁
မြန်မာသံတော်ဆင့် သတင်းဂျာနယ်၊ အတွဲ(၂)၊ အမှတ်(၂၉) ပါ ဆောင်းပါးရှင် မောင်ရေစက်၏ ““အောက်တန်း ကျတဲ့နိုင်ငံရေးဟု ၀န်ကြီး ဦးစိုးသိမ်းပြောခဲ့သော်လည်း”” ဆောင်းပါးပါ အချက်အလက်အချို့ နားလည်မှု လွဲမှား နေကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ တစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆက်သွယ် ပြောကြားမှု ရှိခဲ့သော်လည်း အဆိုပါ သတင်းအချက် အလက်များနှင့် ပတ်သက်၍ လွဲမှားနေမှုများ အပေါ် လူတွေ့ တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်ရန် ဦးရဲထွဋ် မှတစ်ဆင့် တောင်းဆို စီစဉ်ခဲ့ခြင်းအပေါ် တွေ့ဆုံမှု မပြုလုပ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ငြင်းဆိုခဲ့သည်။
မြန်မာသံတော်ဆင့် သတင်းပါ ဆောင်းပါးတွင် လက်ရှိ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း စက်မှုဝန်ကြီး တာဝန် ယူစဉ်က ချယ်ရီကားပါမစ် ဦးဦးဖျားဖျား ပေးခဲ့သော သူနှစ်ဦးမှာ အမျိုးသမီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်စုစုလှိုင် (ယခင်မြို့နယ် ပါတီအတွင်းရေးမှူး၊ ယခု ဒုဝန်ကြီး) နှင့် တာမွေ မဲဆန္ဒနယ်မှ ဒေါ်လဲ့လဲ့ဝင်းဆွေ (မြို့နယ်ပါတီ အတွင်းရေးမှူး)တို့ ဖြစ်ကြောင်း၊ မြန်မာ မီနီဆလွန်း ကားများကို စက်မှုဝန်ကြီးဌာနမှ စတင်တင်သွင်းစဉ် ပြင်ပပေါက်ဈေးနှင့် ၀န်ကြီးဌာနမှ ကားပါမစ် ထုတ်ဈေး အဆမတန် ကွာခြားလျက်ရှိကာ ကားပါမစ်ရရှိသူများ ပြန်လည် ရောင်းချရာတွင် အမြတ်အစွန်း အများအပြား ရရှိနေသဖြင့် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်အချို့က ကားပါမစ် လျှောက်ထားရန် လျှောက်လွှာများ ပေးအပ်စဉ်  ဦးစိုးသိမ်းက ပြင်းထန်သော ပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါ အမျိုးသမီး နှစ်ဦးကိုမူ ကားပါမစ်များ အလွယ်တကူ ခေါ်ယူ ပေးခဲ့ကြောင်း ဖော်ပြေခဲ့ခြင်းအပေါ် စက်တင်ဘာလ ၂၇ ရက်နေ့က မြန်မာသံတော်ဆင့် သတင်းဂျာနယ် တာဝန်ရှိသူ တစ်ဦးထံ နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ ဖုန်းဖြင့် ဆက်သွယ်၍ ယင်း အချက်အလက်သည် နားလည်မှု လွဲမှား နေကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသမီးများကို ကားပါမစ် ပေးအပ်သည့် အချိန်က နှစ်ဦးတည်းသာ ပေးအပ်ခြင်း မဟုတ်ကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် အပါအ၀င် ပုဂ္ဂိုလ် ဆယ်ဦး ပါဝင်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ထိုကိစ္စရပ်နှင့် ပတ်သက်၍ မိမိတွင် အထောက်အထား အခိုင်အလုံရှိသည်ဟု ပြောကြားကြောင်းလည်း ဦးရဲထွဋ်က ပြောသည်။ …
ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် သတင်းဂျာနယ် အနေဖြင့် အချက်အလက် နားလည်မှု လွဲမှားမှု ရှိသည်ဟု ပြန်လည် ဖော်ပြ ပေးသင့်ကြောင်း ဦးရဲထွဋ်က ပြောသည်။
မြန်မာသံတော်ဆင့်မှ ထိုကိစ္စရပ်အပေါ် ပြန်လည် အဖြေပေးခြင်း မပြုလုပ်ခဲ့သေးဘဲ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဦးရဲထွဋ်ထံ ပြန်လည် ဆက်သွယ် အကြောင်းကြားမည် ဖြစ်ကြောင်းသာ အဖြေပေးခဲ့သည်။
စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာသံတော်ဆင့် အယ်ဒီတာအဖွဲ့၏ ဆုံးဖြတ်ချက်အရ ထိုသို့ နားလည်မှု လွဲမှားနေသည်ဟု ဆိုသော အချက်အလက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းအား တွေ့ဆုံ မေးမြန်း၍ ၎င်း၏ ဖြေကြားချက်များကို ပြည်သူလူထု သိရှိစေရန် ဖော်ပြပေးမည် ဖြစ်ကြောင်း၊ တွေ့ဆုံ မေးမြန်းရာတွင်လည်း မကြာခင်ကပင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း၏ ဖြစ်ပေါ်ခဲ့သော ပြည်ပဘဏ်ငွေစာရင်း ကိစ္စရပ်နှင့် ပတ်သက်၍ Daily Eleven သတင်းစာမှ စာဖြင့် ဆက်သွယ် မေးမြန်းမှု ပြုလုပ်ခဲ့ပြီး ဖြစ်၍ မိမိတို့ အနေဖြင့်မူ လူတွေ့ မေးမြန်းမှုသာ ဆောင်ရွက်လိုကြောင်း၊ ယင်းသို့ တွေ့ဆုံမေးမြန်းနိုင်ရန် နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းထံဆက်သွယ် အကြောင်းကြား ပေးစေလိုကြောင်း တောင်းဆိုခဲ့သည်။
ထိုတောင်းဆိုချက်အပေါ် ဦးရဲထွဋ်က သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းထံ ဆက်သွယ် ပြောကြားပြီးနောက် ပြန်လည် အကြောင်းပြန်ကြားမည် ဖြစ်ကြောင်း ပြောသည်။
ထို့နောက် ယင်းစက်တင်ဘာလ ၂၈ရက်နေ့၊ နေ့လယ်ပိုင်းတွင်ပင် မြန်မာသံတော်ဆင့် တာဝန်ရှိသူထံ ဦးရဲထွဋ်က ပြန်လည် ဆက်သွယ်ခဲ့ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းမှ အထက်ပါအတိုင်း တွေ့ဆုံ မေးမြန်းမှု ပြုလုပ်မည်ဆိုလျှင် မပြုလုပ်တော့ကြောင်းနှင့် နားလည်မှု လွဲမှားသည် ဆိုသည့်အချက် အလက် အပေါ် မိမိဘာသာ ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ငြင်းဆို လိုက်သည်ဟု ပြန်လည် ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် ဆောင်းပါးပါ ဖော်ပြချက်သည် လုံးဝ မမှန်ကန်ဟု ယတိပြတ် ငြင်းဆိုမှု မရှိခြင်း၊ နားလည်မှု လွဲမှားခြင်းသာ ဖြစ်ကြောင်းဆိုခြင်း၊ ထို့ပြင် ကာယကံရှင်ဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းထံတွင် အထောက်အထား အခိုင်အမာရှိကြောင်း ဆိုခြင်းတို့ကြောင့် မြန်မာသံတော်ဆင့် အနေဖြင့် မည်သူမဆို သတင်း ကိစ္စရပ်တစ်ခု၌ ပြန်လည် ဖြေရှင်းခွင့် ရှိကြောင်းနှင့် ယင်းဖြေရှင်းချက်ကို ပြန်လည် ထည့်သွင်း ဖော်ပြပေးရန် တာဝန်ရှိကြောင်းကို ကျင့်ဝတ်ပိုင်းအား အလေးအနက် ထားသော သတင်း မီဒီယာတိုင်း သိရှိ လိုက်နာ ဆောင်ရွက်မှုအတိုင်း အထောက်အထား အခိုင်အလုံ ရှိသည်ဆိုသည့် ပြည်ထောင်စု ၀န်ကြီးထံ ၎င်း၏ ရှင်းလင်း ဖြေကြားချက်ကို တွေ့ဆုံမေးမြန်းပြီး ဖော်ပြ ပေးရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်းပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်ကပင် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထို စက်တင်ဘာလ၂၈ ရက်နေ့တွင်ပင် ထွက်ရှိခဲ့သော ယခင် နယက အစိုးရ၏ လက်ကိုင်တုတ်ဟု နိုင်ငံတကာနှင့် မြန်မာ့ ဒီမိုကရက်တစ်များ၊ မြန်မာ့မီဒီယာ အသိုင်းအ၀ိုင်းများက ပြောဆို သတ်မှတ်ချက်များ ရှိခဲ့သည့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူးတစ်ဦး ဖြစ်ခဲ့သူ ဦးကိုကို (စက်မှုတက္ကသိုလ်) ထုတ်ဝေသော ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက မိမိအပါအ၀င်  သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ကို တိုက်ခိုက်လျှင် ဟတ်လိုင်နာ သွားချင်သူများ၊ ဒီမိုကရေစီ မသွားချင်သူများ ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက် လိုသည့် အုပ်စုများရှိကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ညွှန်းဆိုသည့် ၎င်းအပါအ၀င် ပြည်ထောင်စုဝန်ကြီး သုံးဦးလုံးမှာ ယခင်အစိုးရ လက်ထက်ကလည်း အာဏာပိုင် အစိုးရအဖွဲ့ဝင်များ ဖြစ်ကြသည်။
ထို့နောက် ယခုတစ်ပတ်အတွင်း ထွက်ရှိလာသည့် ယခင်စာပေ စာနယ်ဇင်း(ဗဟို) လူကြီးအချို့ ထုတ်ဝေ ဦးစီး ဆောင်ရွက်လျက်ရှိသည့် သတင်း စာစောင်များတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက မိမိတို့အား ပုဂ္ဂိုလ်ရေး ထိုးနှက် တိုက်ခိုက်သူများသည် ဒီမိုကရေစီ မလိုလားသူများ ဖြစ်ကြောင်း ပြောကြားချက်များနှင့် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိမ်း၏ ပြည်ပဘဏ် ငွေစာရင်းကိစ္စ၊ မြန်မာသံတော်ဆင့် ဆောင်းပါးပါ အချက်အလက်များ ကိစ္စနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ အိမ်နီးချင်း ထိုင်းနိုင်ငံအား စကိုင်းနက် ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော စကိုင်းနက် တံခွန်စိုက် အငြိမ့်ပြိုင်ပွဲတွင် ယခင် အစိုးရ လက်ထက်က ကျောင်းသုံး အဖြစ်ပါ ပြဋ္ဌာန်းခဲ့သည့် အသုံးအနှုန်း တစ်ရပ်ဖြစ်သော ယိုးဒယားဟု ခေါ်ဝေါ် သုံးစွဲခဲ့ခြင်းအပေါ် နိုင်ငံ၏ အစိုးရ ၀န်ကြီးတစ်ဦး အနေဖြင့် သမိုင်းကြောင်းအရပင် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပျက်ပြားစေနိုင်သည့် သုံးနှုန်း ပြောဆိုမှုများ မပြု လုပ် သင့်ကြောင်း အသိပညာရှင်များ၏ သုံးသပ်မှုများ နှင့်အတူ မြန်မာသံတော်ဆင့်မှ ထောက်ပြ ဖော်ပြမှုတို့ ပြုလုပ် ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် ပြည်ထောင်စု ၀န်ကြီးအချို့ နောက်ကွယ်တွင် ရှိနေကြောင်း မြန်မာသံတော်ဆင့် အတွဲ (၂)၊ အမှတ်(၁၈)တွင်ပင် ဖော်ပြခဲ့သော Myanmar Egress အဖွဲ့မှ ထုတ်ဝေသည့် အောက်တိုဘာလ ၂ ရက်နေ့ထုတ် The Voice Daily သတင်းစာ အယ်ဒီတာ့ အာဘော်တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း၏ ပြောစကားများနှင့် အလားတူ   သဘော သက်ရောက်သည့် ရေးသား ဖော်ပြမှုများလည်း ရှိလာခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း စက်မှုဝန်ကြီးဘ၀က မြန်မာ မီနီဆလွန်း ကားဝယ်ယူခွင့် ရရှိခဲ့သည့် ယခင်စာပေနှင့် စာနယ်ဇင်း(ဗဟို)မှ ဦးမြတ်ခိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းတို့ တွေ့ဆုံမေးမြန်း၍လည်း သတင်း ဖော်ပြခဲ့သည်။
ယခုကဲ့သို့ သတင်းမီဒီယာ ရပ်တည်ချက်နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ဖြစ်ပေါ်နေစဉ် နိုင်ငံတော်သမ္မတ ကိုယ်တိုင် အောက်တိုဘာလ ၁ ရက်နေ့၌ ပြည်သူလူထုထံ ပြောကြားသော မိန့်ခွန်း၌ ပါရှိသည့် မီဒီယာများအနေနှင့် ပုဂ္ဂိုလ်ရေး ပုတ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းကို ရှောင်ရှားကြရန် တိုက်တွန်း ပြောဆိုမှု၊ ယခုသတင်းစာစောင် အချို့တွင် အထင်အရှား ဦးစားပေး ဖော်ပြလာသည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း၏ ပုဂ္ဂိုလ်ရေး ထိုးနှက် တိုက်ခိုက်သူများသည် ဒီမိုကရေစီ မလိုလားသူများဟု ပြောဆိုမှုများသည် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာ၏ ထောက်ပြဝေဖန် ဖော်ပြမှုများကို ကန့်သတ်သည့် သဘောမျိုး သက်ရောက်လျက် ရှိသည်။ သတင်းမီဒီယာများ အနေဖြင့် သာမန်လူ တစ်ဦးတစ်ယောက်၏ နေ့စဉ် လူမှုဘ၀အား ပြည်သူလူထုအပေါ် သက်ဆိုင် ထိခတ်မှု တစ်စုံတစ်ရာ မရှိဘဲ ဖော်ပြခြင်းကို ပုဂ္ဂိုလ်ရေး တိုက်ခိုက် ပုတ်ခတ်မှုဟု ပြောကြားပါက မှန်သော်လည်း နိုင်ငံ၏ အရေးကိစ္စ အ၀၀ကို တာဝန်ယူဆောင် ရွက်ရန် ပြည်သူလူထုက ယုံကြည်စွာ အပ်နှင်းထားသည့် အုပ်ချုပ်ရေး အာဏာကို စွဲကိုင်ထားသူများ၊ ပြည်သူလူထု အပေါ် သြဇာသက်ရောက်၍ ၎င်းတို့၏ ပြောကြား ဆောင်ရွက်မှုများသည် ပြည်သူ့ဘ၀နှင့် နိုင်ငံ့ အရေးကို အကျိုးသက်ရောက်မှု ရှိစေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီစသည့် မည်သည်တို့ မဆိုမှာ ၎င်းတို့၏ လုပ်ကိုင်ဆောင်ရွက် ပြောဆိုမှုနှင့် ပုဂ္ဂိုလ်ရေး ကိုယ်ကျင့်သီလ အပါအ၀င် မိသားစု အတွင်းရှိ မိသားစုဝင် တစ်ဦးဦး၏ ဆောင်ရွက် လုပ်ကိုင်မှု၊ စိတ်ဓာတ်၊ အကျင့်စရိုက် စသည် အားလုံး တို့သည်ပင် အများပြည်သူအပေါ် သက်ရောက် ခံစား ရစေကြောင်း၊ နိုင်ငံနှင့်ချီ၍ပင် ကြီးမားသော ကိစ္စရပ်ကြီးများ ဖြစ်ပေါ် လာနိုင်ကြောင်း၊ ယခင်စစ် အစိုးရများ လက်ထက် ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များစွာကို သုံးသပ်ခြင်းအားဖြင့် သိရှိနိုင်သည်။ တစ်ကိုယ်ရေ သက်ရောက်မှုသာ ရှိသော သူမျိုး မဟုတ်ဘဲ ထိုသို့အများနှင့် သက်ဆိုင်နေသော သူများအပေါ် ပြောကြားဝေဖန်၊ ထောက်ပြမှုများကို ပုဂ္ဂိုလ်ရေး ဝေဖန် တိုက်ခိုက်မှုများအဖြစ် ရှုမြင်ခြင်းသည် ဒီမိုကရေစီ အကျင့်နှင့် ကျင့်သား မရသေးသူများ၊ လူမှုအ၀န်းအ၀ိုင်း များတွင်သာ ရှုမြင် ကန့်ကွက်မှုများ ပြုလုပ်ကြခြင်း ဖြစ်သည်။ စံပြ ဒီမိုကရေစီ နိုင်ငံကြီး တစ်နိုင်ငံဖြစ်သလို မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ ရရှိသော အမေရိကန် ပြည်ထောင်စုတွင် ဖြစ်ပေါ်ခဲ့သည့် သမ္မတ ဘီလ်ကလင်တန်၏ လူမှုရေး ရှုပ်ထွေးမှု ကိစ္စရပ်များ အပါအ၀င် နိုင်ငံ့တာဝန်ရှိသူများ၏ မရိုးမဖြောင့်မှုများ၊ လူမှု အကျင့်စာရိတ္တ ပျက်ပြားမှုများ အပါအ၀င် ၎င်းတို့ မိသားစုဝင်များ၏ ဆောင်ရွက် လုပ်ကိုင်မှုများကိုပါ ဖော်ထုတ် တင်ပြခြင်းကို ပုဂ္ဂိုလ်ရေး ထိုးနှက် တိုက်ခိုက်သည့် သတင်းမီဒီယာ၊ မရိုးဖြောင့်သော သတင်းမီဒီယာဟု ပြောဆို တားမြစ်မှုများကို စစ်မှန်သော ဒီမိုကရေစီစနစ် ကျင့်သုံးလျက်ရှိသော မည်သည့်နိုင်ငံကမဆို ပြုလုပ်ခဲ့မှု မရှိကြောင်း သိရှိ နိုင်သည်။
မြန်မာ့ သတင်းမီဒီယာလောက၊ ဒီမိုကရက်တစ် အ၀န်းအ၀ိုင်းနှင့် ကမ္ဘာကပါ လေးစားဂရုပြုသော  ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ယခုခေတ် မြန်မာနိုင်ငံ၏ သတင်းမီဒီယာများမှ သတင်း ဖော်ပြမှုများနှင့် ပတ်သက်၍ ““သတင်းစာဆိုတာ တကယ့် ပညာတတ်ကြီးတွေ လုပ်တယ်။ ပညာတတ်ကြီး တွေက ထိုင်ပြီးတော့ စဉ်းစားပြီးတော့ ဝေဖန်ချက်တွေ၊ သုံးသပ်ချက်တွေ၊ သဘောထားတွေ ရေးတယ် ဆိုတာနဲ့ မလုံလောက်ဘူး။ ဒီခေတ်ဟာ ခေတ်ကြီးကို တူးဆွ ရှာဖွေတဲ့ခေတ်၊ သို့မဟုတ်လည်း အမှန်တရား ဘက်ကို၊ ကိုယ်ယုံကြည်ရာဘက်ကို ရပ်တဲ့ ခေတ်ပေါ့။ စူးစမ်းတယ်၊ ရှာဖွေတယ်၊ အမှန်တရားကို ဖော်ထုတ်တယ်။ နောက်တစ်ခုက ယုံကြည်ရာ ဘက်ကရပ်ပြီး တိုက်တာ။ အဲဒါက ဘာလဲဆိုတော့ ခရူးဆိတ်ပေါ့။ ခရူးဆိတ် စစ်ပွဲမှာ မွတ်ဆလင်တွေနဲ့ ခရစ်ယာန်တွေနဲ့ တိုက်တာ။ အဲဒီကနေ ခရူးဆိတ်ဆိုတဲ့ စကားပေါ်လာတယ်။ ကိုယ်ယုံကြည်ရာ ဘက်က တိုက်တာ။ အဲဒီမှာ ခရူးဆိနယူး(စ်) ဂျာနယ်လစ်ဇင်ဆိုတာ ပေါ်လာတယ်။ ပထမတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက အမှန်တရား ဘက်က ရပ်ရမယ်။ သတင်းစာဆိုတာ မှန်ရမယ်။ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင်၊ သတင်းစာဆိုတာ တိုင်းပြည်ကို ပြုပြင်တာ စသည်ဖြင့်ပေါ့။ ဒီလိုလေး ယုံပြီး လာရာကနေ စစ်ပြီးခေတ် ၁၉၅၀ ကျော် ရောက်လာတဲ့အခါ စူးစမ်းရှာဖွေ သတင်းစာပညာဆိုတာ ပေါ်လာ တယ်။ အမှန်တရားကို ဒါအမှန်တရားပဲဆိုပြီး ကိုယ့်ဘာသာ ဆုံးဖြတ်တာနဲ့ ကျောင်းက သင်ပေးလိုက်တာနဲ့ မတူတော့ဘူး။ ရှာဖွေ တူးဆွပြီးတော့ အမှန်တရားကို ဖော်တယ်။ ရာဇ၀တ်မှု ကျူးလွန်တာကို ဆိုရှယ်လော်ဂျီ စာအုပ်တွေထဲမှာ ဘယ်လိုရေးတယ် ဆိုတာနဲ့ မတွက်တော့ဘူး။ စူးစမ်းရှာဖွေရမယ်။ သူတို့တွေ ဘယ်လို လူတွေလဲ၊ ဒီလူတွေ ငွေဘယ်ကရသလဲ။ ဘယ်သူ့ကို ငွေပေးတာလဲ။ သူတို့ရဲ့ သြဇာ ဘယ်လောက်ကြီးတယ် ဆိုတာ ရှာဖွေစူးစမ်း ဖော်ထုတ် ရတယ်။ အဲဒီကနေ မှတစ်ဆင့် ၁၉၇၀၊ ၈၀ပေါ့။ သူများနိုင်ငံတွေမှာ ပြောတာ။ ကျွန်တော် တို့ကတော့ အမြဲတမ်း နောက်ကျတာပေါ့။ ၁၉၇၀ ခုနှစ် အကျော်လောက်က စပြီးတော့ ခရူးဆိတ်တင်း ဂျာနယ်လစ်ဇင် ဆိုတာ ပေါ်လာတယ်။ အမှန်တရားကို ယုံကြည်တဲ့အတိုင်း ရပ်ပြီး တိုက်တာပေါ့။ ဒီတော့ကျွန်တော်တို့က အမှန်တရားဘက်က ရပ်တယ် ဆိုတာနဲ့တော့ မလုံလောက်ဘူး။ အမှားတရားတွေကို တူးဆွပြီး ဖော်ထုတ်ပြီး ကျွန်တော်တို့က ဘာလို့ မတိုက်ဝံ့ ရမှာလဲ။ အမှန်တရားဘက်က ရပ်သလို အမှားတရားတွေကို တူးဖော်ပြီးတော့ တိုက်ရမယ်။ဒါသာလျှင် ခရူးဆိတ်တင်းဂျာနယ် လစ်ဇင်ဆိုတဲ့ ကမ္ဘာမှာ ကျင့်သုံးနေတဲ့ နည်းအတိုင်း ဖြစ်မယ်။ ဒီနေ့ ဂျာနယ်လစ်ဇင်ကို ကြည့်တဲ့ အခါကျတော့ အခုသတင်း ဂျာနယ်တွေ ပေါ်လာတယ်။ ဒီသတင်းဂျာနယ်တွေဟာ အခုထိ ခရူးဆိတ်နယူး(စ်)ကို မရောက်သေးဘူး။ အမှန်တရားကို ရှာဖွေတူးဆွတဲ့ ဟာလောက်ပဲ ရောက်ဖို့ကို ကြိုးစားနေဆဲ ရှိသေးတယ်။ အစိုးရကနေ ဟိုဒီ ဥပဒေတွေထုတ်၊ ဟိုဟာ ဒီဟာ လုပ်တဲ့အခါ တော်ကြာ ဆုတ်သွားလိုက်၊ တော်ကြာ တိုးလာလိုက်နဲ့ စာနယ်ဇင်း လောကမှာ ကိုယ်တိုင်က အာဏာရှင် အသိုင်းအ၀ိုင်းနဲ့ ခရိုနီတွေက လုပ်နေတဲ့ ဂျာနယ်မဂ္ဂဇင်း တွေကလည်း အများကြီး ပေါ်လာတဲ့အခါ ကျတော့ ဒီအမှန်တရားကို တူးဆွမယ်ဆိုတဲ့ အဆင့်တောင် မရောက်သေးဘူး။ ဒီတော့ ကျွန်တော်ကတော့ ကျွန်တော့် တိုင်းပြည်မှာ အာဏာရှင် အသိုင်းအ၀ိုင်းက မျိုးဆက်လိုက် မျိုးဆက်လိုက် နှစ်ပေါင်းများစွာ မတော်တရားလုပ်ပြီး လွှမ်းမိုးတုန်းပဲ။ ကျွန်တော်က ပြောတယ်။ ဦးသိန်းစိန် အစိုးရကို ဒီမိုကရေစီ အစိုးရထင်နေတာ။ ဦးသိန်းစိန် အစိုးရဆိုတာ စစ်အစိုးရပဲ။ စစ်တစ်ပိုင်း အစိုးရပဲ။ ဒီတော့ ဒီလို လူမျိုးတွေကိုတောင် တကယ့်ဒီမိုကရေစီ ခေါင်းဆောင်ကြီးတွေ၊ သူရဲကောင်းကြီးတွေလို့ ပြောဆိုနေကြတဲ့ ခေတ်။ တိုင်းပြည်ဟာ နှစ်ပေါင်းများစွာ အာဏာရှင်တွေ လက်ထဲမှာ နစ်မွန်းနေတုန်းပဲ။ ကျွန်တော်ကတော့ အဲဒါကို မတိုက်လို့ မရဘူးလို့ ခံယူတယ်။ ကျွန်တော်က အဲသလို ဦးသိန်းစိန် အစိုးရဟာ စစ်အစိုးရ တစ်ပိုင်းပဲလို့ ပြောတဲ့အခါ တချို့လူတွေက ခင်ဗျားအာဃာတ ကြီးတယ်လို့ ထင်ကြတယ် မဟုတ်ဘူး။ တကယ့်ကို ပြောသင့်လို့ ပြောတာပဲ။ တိုက်သင့်လို့ တိုက်တာပဲ။ လက်ပံတောင်းတောင် ကိစ္စကိုကြည့်။ အဲဒီတော့ ဒါတွေကို လူထုက မကြိုက်ဘူး။ ဒါတွေကို မီဒီယာက ရေးရမယ်။ ဖော်ပြရမယ်။ မီဒီယာကတွေ့တဲ့ သူတွေကိုလည်း ကျွန်တော် ပြောတယ်။ မီဒီယာမှာ အမှန်တရားဘက်က ရပ်တယ် ဆိုတာတင် ကျွန်တော် လက်မခံဘူး။ အမှန်တရား ဘက်က ရပ်တယ်ဆို အမှားတရားကျတော့ ကြည့်နေကြမှာလား။ အမှားတရားတွေ ဘာတွေ ဖြစ်နေလဲ အဲဒါတွေကို ရေးရမယ်၊ တိုက်ရမယ်၊ တူးဆွရမယ်””ဟု ယခုကဲ့သို့ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ မပေါ်ပေါက်မီကပင် ပြောကြားထားမှု ရှိသည်။
ထို့ပြင် လက်ရှိ သတင်းမီဒီယာများနှင့် ပတ်သက်၍ အာဏာရှင် ခေတ်အဆက်ဆက် သတင်းစာဆရာ၊ ဒီမိုကရေစီ အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးအဖြစ် ကျင်လည်ခဲ့ရသော အတွေ့အကြုံပေါ် မူတည်၍ လက်ရှိ အစိုးရ အနေဖြင့် သတင်းမီဒီယာ လောကတွင် ၎င်းတို့ စိတ်ကြိုက်သူများနှင့် နွားနို့အတွင်း ရေရော ပစ်သည့် ပုံစံမျိုးဆောင်ရွက်နေပြီး ထိုသူများသည်လည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် ခိုင်းဖက်အဖြစ် မီဒီယာ အလုပ်ကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သုံးသပ် ပြောကြားမှုလည်း ရှိသည်။
““အခု လုပ်နေတာတွေက အစိုးရက သတင်းလောကထဲ ရေရော ပစ်လိုက်တာပဲ။ ဒါက အာဏာရှင်ရဲ့ နည်းပဲ။ ဒီမှာ တကယ့် မီဒီယာသမား၊ သတင်းစာသမား ဇွဲနဲ့မာန်နဲ့ အလုပ်လုပ်တဲ့ သူတွေကို ပေးမယ်ဆို ဒီလူတွေက ဆူးလိုပဲ။ နောက်သိပ်ထက် လာရင် ဆူးမှာပဲ။ ဒီတော့ ရေရော ပစ်တာပေါ့။ သူတို့ ရေရောတဲ့ အထဲမှာ သူတို့ စိတ်ကြိုက်လူတွေ ပါမယ်။ မီဒီယာရဲ့ မှန်မှန်ကန်ကန် ရေးနေတဲ့ သူတွေကို ဆန့်ကျင်ဖို့ သူတွေလည်းပါမယ်။ သူတို့ ကိုယ်တိုင်က မီဒီယာကို စိတ်ဝင်စားတာ မဟုတ်ဘူး။ သူတို့ ကိုယ်ကျိုးစီးပွား အတွက်ဆိုတဲ့ လူတွေလည်း ပါလာမယ်။ အစိုးရရဲ့ ခိုင်းဖတ်တွေ၊ အစိုးရ ရဲ့ အလိုတော်ကျတွေ ပါမယ်။ နောက် သတင်းစာ သက်သက် လုပ်ချင်တဲ့ သူတွေလည်း ပါလာမယ်ပေါ့။ အဲဒီလို ရေရောခြင်းအားဖြင့် တိုင်းပြည်မှာ ပေါ်ထွက်လာမယ့် ရလဒ်က ဒီလူတွေ ဖန်တီး တည်ဆောက်လိုက်တဲ့ မီဒီယာဟာ မီဒီယာလောက တစ်ခုလုံးဟာ သူဌေးရဲ့ ခိုင်းဘက်တွေ၊ အာဏာရှင်တွေရဲ့ ဆွေမျိုးသားချင်းတွေ၊ ခိုင်းတဲ့သူတွေချည်းပဲ ဖြစ်အောင် လုပ်တာပဲ။ အရင် ကလည်း ဒီလိုလူတွေ မီဒီယာလောကမှာ ရှိနေတာပဲ။ ပေါ်ပေါ်ထင်ထင် လုပ်လို့မရလို့သာ လူထုရဲ့အသံနဲ့ တစ်ပြေးညီချင် ယောင်ဆောင်ပြီး တစ်ဘက်လှည့်နဲ့ လုပ်နေကြတာ။ ဒါကြောင့် ဒီဒိုင်လူးရှင်းဟာ တိုင်းပြည်အတွက် အန္တရာယ်ကြီးတယ်။ သမိုင်းမှာလည်း ဒါမျိုးတွေ ရှိတာပဲ။ ဒါပေမဲ့ သိသာလာမှာပဲ”” ဟု ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်တင်က ပြောသည်။ မြန်မာသံတော်ဆင့် အနေဖြင့်မူ မီဒီယာတာဝန် ကျေပွန်စွာ အမှန်ကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းခြင်းသာ ဖြစ်ပြီး ကျင့်ဝတ်ပိုင်းတွင်လည်း ရှေးယခင်ကပင် တည်ရှိနေသည့် ပုံနှိပ် မဖော်ပြရသေးမီ နောက်ဆုံး အချိန်အထိ အချက်အလက် မှန်ကန်စေရန် ဆောင်ရွက်နိုင်စွမ်း ရှိသည့် အနေအထားအထိ အစွမ်းကုန် စစ်ဆေးရမည် ဆိုသည်ကို လိုက်နာ ကျင့်သုံးမှု ရှိခဲ့ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးဆိုသော ရာထူးအဆင့်ကို ဆက်သွယ် မေးမြန်းထားချက်မှာ သက်သေ ခံလျက်ရှိသည်။ ယနေ့အချိန်အထိ ယခင်အစိုးရ၏ အာဏာရှင် သဘောတရားများ မကုန်ဆုံးသေးသဖြင့် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဆိုသော အစိုးရထိပ်ပိုင်း အရာရှိကြီးတစ်ဦးကို ၎င်းနှင့်ကျွမ်းဝင် သင့်မြတ်မှု မရှိသည့် မည်သည့် မီဒီယာမှ တွေ့ဆုံဆက်သွယ်၍ အတည်ပြုချက် မရနိုင်သော သဘောတရားများကို ကိုယ်တွေ့ကြုံဆုံ ရင်ဆိုင်ကြရသော သတင်းမီဒီယာသမားတိုင်း သိရှိနိုင်သည်ဖြစ်ရာ အစွမ်းကုန် ဆောင် ရွက်နိုင်စွမ်း ရှိသလောက် သမ္မတရုံး ညွှန်ကြားရေးမှူး ဆိုသောအဆင့်အထိ မေးမြန်းခဲ့သော်လည်း ထိုသို့ အရာရှိကြီး တစ်ဦးကပင် မည်သည့်မှတ်ချက်မှ မပေးဘဲရှောင်လွှဲ ခဲ့သည်မှာ အစိုးရယန္တရား၏ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှု အမှန်တကယ် မရှိသေးကြောင်း သိစေနိုင်သော အချက်ဖြစ်ကြောင်းလည်း ဂရုပြုနိုင်ကြသလို ပြည်သူလူထုအနေဖြင့် သတင်းအမှန်တို့ကို ပြည့်စုံစွာ သိရှိနိုင်ခွင့် မရှိသေးသည့် ကုသိုလ် ကံသာ ဖြစ်ပေတော့သည်။

အံ့ခေါင်မင်း
မြန်မာသံတော်ဆင့် 

ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးကို အောက်တိုဘာ ၂ ရက် လွှတ်တော် အစည်းအဝေးအပြီး မြန်မာသံတော်ဆင့် သတင်းထောက်က တွေ့ဆုံမေးမြန်းခဲ့ရာ ဦးဌေးဦးက အဆိုပါ သတင်းထောက်ကို သံတော်ဆင့်အနေဖြင့် ၎င်းအပေါ် ရေးသားချက်ရှိပါက တစ်ခုခု ပြန်လုပ်မည်ဟု ပြင်းထန်စွာ ထည့်သွင်း ပြောကြားခဲ့သည်။ ဦးဌေးဦးကို မေးမြန်းချက်များနှင့် ၎င်း၏ ဖြေကြားချက်များမှာ-

ဂျာနယ်တစ်ခုမှာ ရေးထားတယ်။ လက်ရှိ အခြေခံဥပဒေဟာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကမကျဘူး။ အခြေခံဥပဒေဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းတာတဲ့ ပေတံတစ်ချောင်းမျှသာ ဖြစ်တယ်။ အဲဒီအပေါ်မှာ လွှတ်တော်အမတ်အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ချင်ပါသလဲခင်ဗျာ။

ကျွန်တော့်အမြင် ပြောရရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံတစ်ခု အတွက်တော့ မရှိရင် မဖြစ်ဘူး။ သို့သော်လည်းပဲ မရှိတဲ့ နိုင်ငံတော့ ရှိတယ်။ ရှားတယ်။ မရှိရင်မဖြစ်ဘူး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ။ ဒါကြောင့် ရှိဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ ကျင့်သုံးနေတဲ့ အချိန်မှာ အများစုက နေပြီးတော့မှ ဆန္ဒကို လိုက်နာရမယ်ဆိုတဲ့ အချိန်ကျတော့ အများစုနဲ့ အနိုင်ကျင့်တဲ့ သဘောမျိုးတွေလည်း ဖြစ်တတ်တယ်။ ဒါကြောင့် အနည်းစု ဘက်ကိုလည်းပဲ၊ အနည်းစုရဲ့ သဘောထားကိုလည်းပဲ ဒါအလေးထားရမယ် ဆိုတဲ့ ဥစ္စာ ပေါ်လာတယ်။ သို့သော်လည်းပဲ အများစုရဲ့ ဆန္ဒကို လိုက်နာမယ်။ အနည်းစုရဲ့ ဆန္ဒကိုလည်း အလေးထားရ မယ်လို့ ပြောတယ် ဆိုလို့ရှိရင် ဘယ်သူကနေ ဆုံးဖြတ်မလဲဆိုရင် နိုင်ငံတော် အစိုးရကပဲ ဆုံးဖြတ်ရမယ်။ အဲဒီတော့ ဆုံးဖြတ်ရမယ် ဆိုရင် ဒီလို ပြောနေမယ့်အစား ဒီလို ဘယ်လို လိုက်နာရမယ် ဆိုတာ ကတိက၀တ် သဘောမျိုး ရေးရမယ်ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ။ ဒါကြောင့် ဒီအစိုးရလည်းပဲ ဒီဥပဒေနဲ့ အညီပဲ လိုက်နာရမယ်။ ပြည်သူကလည်း ဒီဥပဒေနဲ့အညီပဲ သွားရမယ်။ အဲလိုသွားတဲ့ အချိန်ကျတော့ ဆွဲတဲ့အပေါ်မှာ ဘာကို ရည်ရွယ်ပြီး ရေးလဲဆိုရင် ကိုယ့်ရဲ့ ရည်မှန်းချက် အောင်မြင်အောင်ပဲ ရေးကြတာပဲ။ နိုင်ငံတိုင်း နိုင်ငံတိုင်းက ကိုယ့်ရည်မှန်းချက် အောင်မြင်အောင် ရေးတာပဲ။ ကျွန်တော်တို့လည်း တည်ငြိမ်အေးချမ်းမှု လိုချင်တယ်။ ဖွံ့ဖြိုးတိုးတက်မှု လိုချင်တယ်။ ဒါကြောင့် ဒီစနစ်နဲ့သွားမယ် ဆိုပြီး ဒီလိုပဲ ရေးတာပဲ။ ဒါပဲလေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ။

ကျွန်တော်မေးချင်တဲ့ မေးခွန်းက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ ဥပဒေက အဓိကမကျဘူးလို့ ရေးထားတဲ့ အပေါ်မှာ အဲဒီအပေါ်မှာပဲ အန်ကယ့်အမြင် ဘယ်လိုရှိလဲ။

ကျွန်တော်ကတော့ အဲဒီအခြေခံဥပဒေ ဆိုတဲ့ဥစ္စာ Structure တွေပေါ့။ ကျွန်တော်တို့က ဘယ်လိုလမ်းစဉ် တွေနဲ့ သွားကြမယ်ဆိုတဲ့ ပုံစံတွေပေါ်တာပေါ့။ တကယ်လက်တွေ့ လုပ်မှဖြစ်မှာပေါ့။ ဥပဒေကြီးက ဘယ်လောက် ကောင်းကောင်း လူတွေမလုပ်ရင် ဘယ်ဖြစ်မလဲ။ ဥပမာ ဥပဒေထဲမှာ ပါနေတဲ့ အချက် အလက်တွေက အရမ်းကောင်းတယ်။ နိုင်ငံတော် အစိုးရကလည်း မလုပ်ဘူး။ လူထုကလည်း မလုပ်ဘူးဆိုရင် ဘယ်ဖြစ်မလဲ။

အဲဒါဆိုရင် အဲဒီ အယ်ဒီတာတွေ သုံးသပ်ထားတာကို အန်ကယ်လက်ခံတဲ့ သဘောလား။

ကျွန်တော် The Voice အယ်ဒီတာတွေ သုံးသပ်ထားတာကို မဖတ်ဖူးဘူး။ မဖတ်ရသေးဘူး။ သို့သော်လည်းပဲ ကျွန်တော့်အမြင်အရ ပြောမယ်ဆိုရင် Voice ကို ကျွန်တော် မပြောဘူး။ ဘယ်ဥပဒေ မဆို လိုက်နာရမှာ ဖြစ်တယ်။ အဲဒါပဲရေး။ နို့မိုဆိုတော်ကြာ Voice ပြောတာ မဟုတ်ဘူးတို့ ဟုတ်တယ်လို့ ခင်ဗျားတို့က ရေးတတ် လွန်းအားကြီးလို့နော်။ အဲဒါရေးရင်တော့ ခင်ဗျားတို့ကို ကျွန်တော်တစ်ခုခု လုပ်မယ်။…

နောက်တစ်ခုက The Voice မှာပဲပါတဲ့ ဆောင်းပါးတစ်ခုမှာ ဒီအခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်နေတဲ့အပေါ် သုံးသပ်ထားတဲ့အထဲမှာ ကောက်စာတစ်ခု ဆွဲထုတ်ထားတာဆိုရင် ကိုယ်လိုချင်တာကို တောင်းနေတာက နိုင်ငံရေး မဟုတ်ဘူး ဆိုပြီး သုံးသပ်ထားတာ ရှိပါတယ်။ အဓိက,ကတော့ လက်ရှိ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဆိုပြီးတော့ NLD အပါအ၀င် ကျန်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရော အားလုံးလုပ်တဲ့ အပေါ်မှာ သူတို့က သုံးသပ်ထားတယ်။ အဲဒါကိုလည်း ဘာနဲ့ ညွှန်ပြ ထားသလဲဆိုတော့ ၁၉၆၁ ခုနှစ်တုန်းက ဦးစ၀်ခွန်ချို တို့လုပ်တဲ့ ဖက်ဒရယ်အခြေခံမူ ဘယ်လို ပျက်စီးသွားတယ်ဆိုပြီး အဲဒီလိုမျိုး ထောက်ပြထားတာ ရှိတယ်။ အန်ကယ်တို့ လွှတ်တော်အမတ် တစ်ယောက်အနေနဲ့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။

ကျွန်တော်မြင်တာပေါ့နော်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ ပါတီ တစ်ခုတည်း အတွက်လည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အတွက်ပဲ။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ စဉ်းစားမယ်ဆိုရင် တစ်ဦးတည်း အတွက်လည်း မစဉ်းစားဘူး။ အဖွဲ့အစည်း တစ်ခုအတွက်လည်း မစဉ်းစားဘူး။ ဒေသတစ်ခု အတွက်လည်း မစဉ်းစားဘူး။ တစ်နိုင်ငံလုံးအတွက်ပဲ စဉ်းစား တယ်။ လူမျိုး တိုင်းရင်းသားလူမျိုး ဒီမှာနေထိုင်တဲ့ အားလုံးအတွက်ပဲ စဉ်းစားတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီအတိုင်းပဲ စဉ်းစားရတယ်။ ဒါကြောင့် တစ်ဦးတည်း တစ်ယောက်တည်းအတွက် တောင်းတယ် ဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ အပိုင်းတစ်ခု အနေနဲ့ ၀င်ချင်ဝင်မယ်။ သို့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ စစဉ်းစား ကတည်းက မူဘောင်ဆွဲကတည်းက အကုန်လုံးအတွက် စဉ်းစားတာဖြစ်တယ်။ ဒီသဘောမျိုး ပြော သလားတော့ ကျွန်တော်မသိဘူး။ အဲဒီသဘောမျိုး ပြောတယ် ဆိုရင်တော့ ကျွန်တော် လက်ခံတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အများအတွက် စဉ်းစားတာကိုး။

ဦးဌေးဦးသည် ယခင် စစ်အစိုးရ လက်ထက် တိုင်းမှူး ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ တာဝန် ထမ်းဆောင်လျက်ရှိကာ ပါတီတွင်း ဒီမိုကရေစီ ဖော်ဆောင်ရေး၌ လူပြောများနေသော ခေါင်းဆောင် တစ်ဦး ဖြစ်သည့်အပြင် သဘောထား တင်းမာသော၊ မှန်ကန်သည့်ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်မှု မရှိသည့် ပါတီခေါင်းဆောင် တစ်ဦးအဖြစ် ပါတီဗဟိုကော်မတီဝင် အချို့က ပြောဆိုမှုများ ရှိခဲ့သည်။ ထို့အပြင် အစိုးရအဖွဲ့ ဒုဝန်ကြီး အဆင့်တွင် ပါဝင်ရန် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များမှ အမည်စာရင်းကိုလည်း ဦးဌေးဦး စီစဉ်ရွေးချယ်၍ သမ္မတကြီး (ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ)ထံ တင်ပြပြီးမှ ဒုတိယ၀န်ကြီးများ ခန့်အပ်ခဲ့ခြင်း ရှိကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူ ပါတီဗဟို ကော်မတီဝင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြည့်စုံ၊ အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်

မီဒီယာများအနေနဲ့ အစိုးရကို မေးမြန်းရမည့် အချက်များအား မမေးမြန်းခြင်းသည် မီဒီယာ၏ အားနည်းချက်ကို ဖော်ပြသလို ဖြစ်နေပြီး အတိုက်အခံများအား မေးမြန်းသည့်အတိုင်း မေးမြန်းသင့်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၁ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

နေပြည်တော်ရှိ တရားဥပဒေစိုးမိုးရေး ကော်မတီရုံးခန်း၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် သတင်းထောက်များက စက်တင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ လက်ရှိတာဝန်ရှိသူများကို သတင်းမီဒီယာများက မေးမြန်းသော်လည်း ပြန်လည် မဖြေကြားသည့်အပေါ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အနေနှင့် မည်ကဲ့သို့ သဘောထားရှိကြောင်း မေးမြန်းသည့်အပေါ် ယခုကဲ့သို့ ပြန်လည်ေ ဖြကြားခဲ့ခြင်း ဖြစ်သည်။

“မီဒီယာ ဘက်တွေကလည်း လိုတယ်။ မီဒီယာတွေဘက်က ကျွန်မတို့ဆိုလို့ရှိရင်တော့ အေးအေးဆေးဆေး မေးတယ်။ အဲဒီတော့ အစိုးရဘက်က ဆိုလို့ရှိရင်တော့ သူတို့က ရှောင်ပြီးတော့ မဖြေတဲ့အခါကျရင် ရှောင်ခွင့်ပေးတယ်။ ဘာလို့ ရှောင်ခွင့်ပေးသလဲ။ ရှောင်ခွင့်မပေးနဲ့။ အဲဒါ မီဒီယာမှာ တာဝန်ရှိတယ်။ ရှောင်နေလို့ရှိရင် မီဒီယာက ဒါ အားနည်းလို့ပဲ။ ရှောင်ခွင့် မပေးနဲ့လေ။ ….ရအောင် ဖြေခိုင်းပေါ့။ ဘယ်သူ တာဝန် ယူတာလဲ၊ ဒါ ဒီဟာကို ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဒါ နောက်ဆုံးကျတော့ ဒီကိစ္စက အစိုးရက တာဝန် ယူရမယ်နော်။ ဒီအောက်က လူတွေ မဖြေရင် အစိုးရက အမြင့်ဆုံး သမ္မတကြီးပဲ။ သမ္မတကြီး ဖြေမလား” ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို မေးမြန်းခဲ့သည်။

သူက ဆက်လက်ပြီး “အန်တီတို့က မီဒီယာနဲ့ ဆက်ဆံဖို့ဟာ ၀န်မလေးဘူး။ ဒါဟာ ဒီမိုကရေစီမှာ နိုင်ငံရေး သမားများရဲ့ တာဝန်လို့ အန်တီ လက်ခံတယ်။ လက်ခံတယ်ဆိုတော့ တချို့က ပြောတယ်။ အန်တီ့ကို ခက်ခက်ခဲခဲ မေးတယ်။ ဒါက ခက်ခက်ခဲခဲ မေးတာက မီဒီယာနဲ့ ဆိုင်တယ်။ ပြန်ဖြေဖို့က အန်တီ့မှာ တာဝန်ရှိတယ်။ လုပ်မှာ။ မီဒီယာမှာလည်း တာဝန်ရှိတယ်။ မျှမျှတတ ဆက်ဆံရမယ်။ ဟုတ်လား။ အတိုက်အခံတွေ ဘက်က၊ အန်တီတို့က အတိုက်အခံတွေဘက်က ထားလည်း ရပါတယ်။ အတိုက်အခံတွေကို မေးနိုင်သလို၊ မေးသလို အစိုးရပိုင်းကိုလည်း ရအောင် မေးရမယ်။ ကတ်ကတ်သပ်သပ် မေးရမယ်၊ ရအောင် မေးရမယ်။ မဖြေလို့ရှိရင် မဖြေကြောင်းကို စာလုံးမည်းကြီးတွေနဲ့ တစ်ခါတည်း ရေးရမယ်။ အစိုးရဘက်က မဖြေပါဘူးဆိုတာ။ အဲဒီတော့ အဲဒါ မီဒီယာဘက်မှာလည်း တာဝန် ရှိတယ်”” ဟု ဆက်လက် ပြောကြား ခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေဖြင့် ထိုသို့ မေးခွန်းများ မေးမြန်းမှုကို ဖြေကြားမှုမရှိခြင်းနှင့် ပတ်သက်၍လည်း မီဒီယာသမားများ ဆောင်ရွက်သင့်သည်ကို ထောက်ပြ ဝေဖန်သွားခဲ့ရာတွင် “မဖြေရဲလို့လား၊ မဖြေတတ်လို့လား။ ဒီမိုကရေစီကို အယုံအကြည် မရှိလို့လား။ အဲဒီလို မဖြေတဲ့ အစိုးရက တကယ်ပဲ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်နေတယ်ဆိုတာ ယုံရမှာလား။ မေး အဲဒီလို။ ကိုယ့်မှာတာဝန်ရှိတယ်” ဟု ထည့်သွင်း ပြောကြားသွား ခဲ့သည်။

ပြည့်စုံ၊ အောင်ထွန်းလင်း

မြန်မာသံတော်ဆင့်

မိကျောင်းကန် ဆန္ဒထုတ်ဖော်သူများ ဆူးလေတွင် သပိတ်စခန်းဖွင့် ထားစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

မြို့ တော်ခန်းမရှေ့တွင် မိကျောင်း ကန်အဖွဲ့များသပိတ်စခန်းဖွင့်လှစ် ပြီး ဆန္ဒဖော်ထုတ်နေမှုအား အင် အားသုံးဖြေရှင်းမှုကို ပြုလုပ်မည် မဟုတ်ကြောင်း ယနေ့ညနေပိုင်း ကပြုလုပ်သည့် မြို့တော်ခန်းမ သတင်းစာရှင်းလင်းပွဲတွင် တိုင်း ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးဦးဆောင် သည့်အဖွဲ့က ပြောသည်။

အောက်တိုဘာ ၂ရက် မွန်း တည့် ၁၂နာရီအချိန်မှစတင်ပြီး ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စုစုပေါင်းအကျယ်အဝန်း ဧက၃၀ ကျော်ရှိသော တပ်သိမ်းမြေ မိ ကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃မှ ပြည်သူ ၅ဝဝခန့်က မြို့ တော်ခန်းမရှေ့တွင် သပိတ်စခန်း ဖွင့် ဆန္ဒဖော်ထုတ်နေခြင်းဖြစ်ပြီး ယင်းအခြေအနေကို ဝင်ရောက် ညှိနှိုင်းမှုပြု လုပ်ပေးနေ သည့် တိုင်း ဒေသကြီးအစိုးရအဖွဲ့က လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း ဦးဆောင် သည့်အဖွဲ့က အောက်တိုဘာ ၃ ရက် ညနေ၄နာရီခန့်တွင် ပြည် တွင်းသတင်းထောက်များကို ခေါ် ယူတွေ့ဆုံပြောကြားခြင်း ဖြစ် သည်။

''သူတို့ရဲ့ ကိုယ်စားလှယ် အဖွဲ့ကိုလဲ ပြောပြီးသားပါ။ ဥပ ဒေနဲ့အညီ လုပ်ကိုင်ဖို့ပြောပြီး သားပါ။ ဒီသပိတ်စခန်းကို ဖျက် သိမ်းပြီး ကိုယ်စားလှယ်တွေက အချိန်မရွေး ညှိနှိုင်းလို့ရတယ်လို့ လဲ ဖုန်းနံပါတ်နဲ့တကွပြောထား ပါတယ်။ ဒီလို သပိတ်စခန်းဖွင့်လှစ် ဆန္ဒဖော်ထုတ်မှုကြောင့် နိုင်ငံရဲ့ ပုံရိပ်ကိုလဲ ထိခိုက်ပါတယ်။ ဆုံးရှုံး နစ်နာခဲ့မှုတွေအတွက် ပိုင်ဆိုင်မှု အထောက်အထား အပြည့်အစုံ နဲ့ တင်ပြတောင်းခံပါ။ စိစစ်ပေး ပါမယ်ဆိုပြီး ပြောထားပါတယ်''ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက အရေး ပေါ် ခေါ်ယူတွေ့ဆုံသည့် သတင်း ထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

''ပြောချင်တာကတော့ ဆန္ဒ ဖော်ထုတ်သူတွေအနေနဲ့ ဥပဒေ နဲ့အညီသွားဖို့၊ ဒီအတိုင်းတော့ ရေရှည်နေလို့မရဘူး။ ရေရှည်လဲ ခွင့်ပြုမှာမဟုတ်ပါဘူး''ဟု လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။

ရဲမှူးကြီးသက်လွင်က'' အခု ချိန်အထိ စောင့်ကြည့်နေပါတယ်။ အင်အားသုံးဖြေရှင်းဖို့ မရှိပါဘူး။ မလိုအပ်ဘဲနဲ့ အင်အားသုံးဖြေ ရှင်းလိုက်ရင် ပြည်သူလူထုရဲ့အမြင် မှာ ရွေးချယ်ခံ အစိုးရအတွက် နိုင်ငံရေးသိက္ခာကျမှာ ကြောက် တဲ့အတွက် လုံခြုံရေးနဲ့ နယ်စပ် ရေးရာဝန်ကြီးတို့နဲ့ တိုင်ပင်ပြီး အခုလိုအင်အားမသုံးဖို့ ဆုံးဖြတ် ထားပါတယ်။ ဒါဟာ မလုပ်ရဲတာ ထက် မလုပ်သင့်ဘူးလို့ မြင်လို့ပါ'' ဟု အောက်တိုဘာ၃ရက် ညနေ ပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကျော်ဇေယျ
Yangon media group

photo//နိရဉ္စရာ

စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့ အစိုးရတက်လာအပြီး ဗမာပြည်မှာထုံ့ ပိုင်းထုံ့ ပိုင်း ဖြစ်ပွားခဲ့တဲ့ ဘာသာကိုးကွယ်မှုကွဲပြားသူတွေကြားသတ်ဖြတ် မီးရှို့  တချောင်းချောင်း ရန်ဆောင် မုန်းတီး ပဋိပက္ခများအတွင်းလူနည်းစု အစ္စလာမ်ဘာသာဝင်တွေရဲ့ ဆုံးရှုံးနစ်နာမှုက ပိုမိုကြီးမားခဲ့ပါတယ်။ဒါဟာ သဘာဝကျပေတယ်။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့နိုင်ငံမှာ နင်လား ငါလား တကယ်တမ်း ခံကြရကြေးဆိုရင် ဗုဒ္ဓ မကိုးကွယ်သူတွေကထိပ်ဆုံးမှာ စီခနဲ ၀ီခနဲ အလိုလို ဈေးဦးပေါက်လေ့ရှိစမြဲ။

မဆလ ဗိုလ်နေ၀င်းတစ်ခေတ်လုံးနဲ့  ၈၈ ဒီမှာဘက် နှစ် (၂၀)ကျော်ကာလငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေလာကြတဲ့ ဘာသာမတူသူ သာမန်ပြည်သူတွေဟာ
ဦးသိန်းစိန်အစိုးရ (၃)နှစ်အတွင်း အညှိုးကြီးကြီးနဲ့  ရန်ဘက်များအသွင်ဆောင်ကာဘာသာတူခြင်းမဟုတ်တဲ့ ရိုးရိုးရန်ပွဲပြဿနာတွေကတစ်ဆင့် အိမ်မီးရှို့  ရိုက်နှက်
သတ်ဖြတ်မှုတွေအထိ ဘီလူးသဘက်စီးနင်းသည့် အရိုင်းအစိုင်းများနှယ်ကျင့်ကြံလုပ်ဆောင်လာမှုတွေရဲ့  ကန့် လန့် ကာနောက်ကွယ်မှာ ကြိုးကိုင်သူစီစဉ်ညွှန်ကြားသူ အုပ်စုတစ်စု ရှိကိုရှိနေပြီးထိုဂိုဏ်းဟာအာဏာရပါတီနဲ့ ဆက်စပ်နှီးနွယ်နိုင်တယ်ဆိုတာဗမာ့သမိုင်းစဉ်တလျောက်ဖြစ်ပွားလာခဲ့တဲ့ဘာသာရေးအထိကရုဏ်းတွေကို လေ့လာစိတ်ဖြာနိုင်သူတွေအများစုအနေနဲ့ အကျိုးအကြောင်းကျကျ လက်ခံနိုင်တဲ့ကောက်ချက်တစ်ခုဖြစ်သလိုလက်ရှိအရပ်သားအစိုးရကိုလည်း ဒီဖြစ်စဉ်တွေ ဖြစ်ပေါ်ကြီးထွားလာအောင်
သေသေ၀ပ်ဝပ် စနစ်တကျ သွေးထိုးအားပေးနေတယ်ဆိုပြီး ဝေဖန်မှုတွေကျယ်ကျယ်လောင်လောင် ရှိခဲ့ပါတယ်။ ဒီဝေဖန်မှုများကို ဦးသိန်းစိန်အစိုးရဟာ
ရဲရဲတင်းတင်း ခပ်ပြတ်ပြတ် မငြင်းဆိုနိုင်ခဲ့တဲ့အပြင် နောက်ကွယ်ကကြိုးကိုင်စီမံတဲ့ဂိုဏ်းဆိုတာမျိုး မရှိပါဘူးလို့  ဖင်ပိတ်ခံမငြင်းတဲ့အပြင် ရံဖန်ရံခါ
အစိုးရကိုယ်၌က လေ့လာဝေဖန်သူများနဲ့  တစ်လေသံတည်းထွက်ကာနောက်ကွယ်ကကြိုးဆွဲသူတွေကို ရပ်တန်းကရပ်ဖို့ နဲ့  အရေးယူဖော်ထုတ်ရမယ်
ဆိုပြီးတောင် ချောလဲရောထိုင်ချတတ်တာကို အထူးသတိပြုမိပါတယ်။

ပြီးခဲ့တဲ့ အဂါ င်္နေ့ က ရခိုင်ပြည်နယ် သံတွဲမြို့ မှာ စတင်တောက်လောင်ခဲ့တဲ့ဘာကိစ္စလဲလို့  မေးစရာကိုမလိုတော့တဲ့ ဗုဒ္ဓ - အစ္စလာမ် တိုက်ခိုက်သတ်ဖြတ်
မီးတင်ရှို့ ပွဲဟာ အရင်တောက်လျှောက်ဖြစ်လာခဲ့ဖူးတဲ့ ဒီ (၂)နှစ်တွင်းကာလဘာသာကွဲကြား တိုက်ခိုက်ရန်ဆောင်မှုအသီးသီးနဲ့  မတူကွဲပြားမှုဟာ
ဗမာပြည်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် သေဆုံးသူ အစ္စလာမ်ဘာသာဝင်အများစုပါဝင်ခဲ့တဲ့ ရခိုင်ဒေသကို ခြေချရောက်သွားချိန်နဲ့  ထူးထူးခြားခြား
တိုက်ဆိုင်နေတာဟာ အမှတ်တမဲ့ ပြုထားလို့ မရတဲ့အကြောင်းအရာဖြစ်သလိုနောက်ဆက်တွဲ ထွက်ပေါ်လာမယ့် အစိုးရရဲ့ ကိုင်တွယ်မှုတွေကလည်း
မိတ္ထီလာ လားရှိုး ဥက္ကံ အစရှိတဲ့ ပဋိပက္ခများအတိုင်း သတဝေမသိမ်းခြေရာနင်းမလား ဆိုပြီး စိတ်ဝင်တစား စောင့်ကြည့်ခဲ့မိပါတယ်။

ဒီနေ့ မှာတော့ ရဲဘက်ဆိုင်ရာအကိုးအကားသတင်းတွေအရ လူ (၆)ဦးထက်မနည်းသေဆုံးခဲ့ရတဲ့ သံတွဲ အကြမ်းဖက်မှုတွေရဲ့  နောက်ကွယ်က သံသယရှိသူအချို့ ကို
ဖမ်းဆီးထိးသိမ်းထားရာမှာ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားတဲ့ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) သံတွဲမြို့ ဥက္ကဌ ဦးမောင်ပု၊
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအသင်းက ဦးသိန်းဝင်း ဦးသိန်းဇံနဲ့ လူ (၆)ဦးတို့  ပါဝင်ခဲ့တယ်လို့  ကြားသိရတဲ့အခါ ရုတ်တရက်အားဖြင့်
ကျေနပ်စရာ အားရစရာ ခံစားမိပြီး “ကြိတ်လိုက်ကွ သိန်းစိန်ရ” လို့  ဘရာဗိုလုပ်လက်ခေါက်ထမှုတ်မတတ်ဖြစ်ချင်ပေမယ့် ကိုယ်ရှိန်သတ် စိတ်ဇောထိန်းချုပ်
သွေးအေးအေးနဲ့  တွေးကြည့်လိုက်တဲ့အခါ Dr အေးမောင်ခေါင်းဆောင်တဲ့ရခိုင်လူမျိုးအခြေခံပါတီက မြို့ နယ်ထိပ်တန်းနိုင်ငံရေးသမားနဲ့  ဗုဒ္ဓဘာသာနဖူးစီး
ခေါင်းစဉ်အာက်က ဘာသာရေးအသင်းကတက်ကြွသူများကို ဖမ်းဆီးစစ်ဆေးထိန်းသိမ်းထားမှုတွေဟာ ပဋိပက္ခများကို ရိုးရိုးသားသား အဖြေရှာ ဖော်ထုတ်မှုဆီ
လှမ်းဝင်လာတဲ့ခြေလှမ်းလား (ဒါမှမဟုတ်) နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ ပြည်တွင်းက လေ့လာသူတို့  လူပြောသူပြောများနေတဲ့ နောက်ကွယ်ကကြိုးကိုင်
စီမံနေတဲ့ဂိုဏ်းဆိုတာ ဒင်းတို့ ပါဘဲ လို့  လက်ညှိုးထိုး စွဲချက်တင်ကြရအောင်ဇာတ်လမ်းပမာတစ်ခုအဖြစ် ဖန်တီးတာလား ဆိုပြီး ဒွိဟဖြစ်စရာကောင်းပါတယ်။
ဆက်စပ်စဉ်းစားစရာက လွန်ခဲ့တဲ့ (၁)နှစ်လောက်က ရခိုင်ဒေသမှာ ဖွင့်လှစ်ထားတဲ့နိုင်ငံတကာအဖွဲ့ အစည်းတစ်ခုက အစ္စလာမ်ဘာသာဝင်အချို့ ကို
ရခိုင်အရေးအခင်းဖြစ်ပေါ်ရာမှာ နောက်ကွယ်ကနေ ထဲထဲဝင်ဝင် ပက်သက်ခဲ့တယ်ဆိုပြီး ဖမ်းဆီးအရေးယူမှုမျိုးတွေရှိခဲ့တာနဲ့ လည်း နှိုင်းယှဉ်ချိန်ဆဖို့ လိုပါတယ်။

ကြံ့ဖွံ့ အစိုးရဟာ ဘာသာရေးတိုက်ခိုက်မှုတွေညဖစ်ပွားပြီးတိုင်းမှာဖမ်းဆီးစစ်ဆေး အရေးယူထောင်ချလေ့ရှိတဲ့အလုပ်ကို ဆက်တိုက်ဆိုသလို
မပျက်မကွက် တက်တက်ကြွကြွ လုပ်ဆောင်လေ့ရှိပြီး ထောင်ချအရေးယူခဲ့တဲ့တရားခံဆိုသူများထဲမှာ အစ္စလာမ်ကိုးကွယ်သူရော ဗုဒ္ဒကိုးကွယ်သူတွေပါ
ထည့်သွင်းပါလာတာကို သတိပြုမိပါတယ်။ ရန်ကုန် အမေရိကန်သံရုံးကထုတ်ပြတ်ချက်လို အစ္စလာမ်ဘာသာဝင်တွေကို ပြစ်ဒဏ်ပိုချလေ့ရှိတဲ့ကိစ္စက
တရားမျှတမှုမရှိခြင်းဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့တိုင်းပြည်ဖြစ်လို့ မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ တရားစီရင်မှုလို့ ဆိုတာထက် နိုင်ငံရေးထောက်ခံမှု
အခန်းကဏ္ဍကိုလည်း တွက်ချက်ဆုံးဖြတ်ရတဲ့ စီရင်ချက်များလို့  သံသယရှိနိုင်ပါတယ်။ သို့ သော်ငြား ဘာသာရေးတိုက်ခိုက်သတ်ဖြတ်မှုတွေရဲ့ နောက်ကွယ်မှာ
အစိုးရရဲ့  အာဏာရပါတီအနေနဲ့ တိတ်တိတ်ပုန်း ပါဝင်ပက်သက်နေတယ်ဆိုတဲ့အများသူငါ ယုံကြည်လက်ခံထားတဲ့စိတ်အစွဲကို လျော့ပါးကင်းပျောက်အောင်
လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။ နှစ်ဘက်ဘာသာဝင်တွေကို သေဒဏ်ပေးပေး၊နှစ်ရှည်ထောင်ချချ ဒီပဋိပက္ခတွေမှာ အစိုးရဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ 
နောက်ကွယ်က ကြီးကြီးမားမား လက်သည်အဖြစ် ရှိကိုရှိနေဆဲလို့  သုံးသပ်သူအများစုက ယုံကြည်စွဲမှတ်ဆဲဖြစ်ပါတယ်။ တောင်သာတပ်မတော်၊ စွမ်းအားရှင်နဲ့ 
ရဲတပ်ဖွဲ့ ဝင်တွေ “တို့ လို့ ထိလို့ ” မရတဲ့ ကိုယ်ပျောက်အမည်မဲ့အဖွဲ့ အချို့ ဟာအစိုးရရဲ့  မျက်ကွယ်ပြု ဥပေက္ခာထား အထူးအခွင့်အရေးများနဲ့  နိုင်ငံတွင်းက
ဘာသာရေးအခြေခံ မတည်မငြိမ်မှုမျိုးတွေကို လွတ်လွတ်လပ်လပ် ဖန်တီးစီမံလုပ်ဆောင်နေတုန်းလို့  ခိုင်ခိုင်မာမာ ယူဆနေကြပါတယ်။

ဒီအခြေအနေမှာ သမ္မတ ဦးသိန်းစိန်ဟာ တိုက်ခိုက်မီးရှို့ သတ်ဖြတ်မှုဖြစ်ပွားရာရခိုင်ဒေသကို ထူးထူးခြားခြား အရောက်သွားလို့  ရခိုင်ပါတီခေါင်းဆောင်နဲ့ 
အမျိုးဘာသာသာသနာသမား (၂)ဦးကို အဖမ်းအဆီး ပြလိုက်ခြင်းဖြင့်ဗုဒ္ဓဘာသာဝင် မဟုတ်သူများဘက်ရဲ့  စိတ်ဝင်စားမှု၊ ချီးမွှမ်းထောပနာပြုမှု၊
ရန်ကုန်ကန်သံရုံးနဲ့  နိုင်ငံတကာဝေဖန်မှုတွေကို အသိအမှတ်ပြု ဘ၀င်ကျအောင်၊သက်သာကြေလည်အောင် လုပ်ဆောင်ပြလိုက်တယ်လို့ ယူဆပါတယ်။
ဒါ့အပြင် အစိုးရ ပစ်မှတ်ထားတဲ့အချက်က ဦးသိန်းစိန်အစိုးရလက်ထက်အစ္စလာမ်ဘာသာဝင်အများစု ထိခိုက်နစ်နာသေကြေဆုံးရှုံးရခြင်းရဲ့ 
အဓိကလက်သည် နောက်ကွယ်ကဂိုဏ်းဟာ ရခိုင်နိုင်ငံရေးပါတီနဲ့  အမျိုးဘာသာသာသနာအလံကို ခြုံအုပ်ထားသူတွေသာဖြစ်တယ်လို့  အပြစ်ပုံချလိုဟန်ရှိတယ်။
“ငါတို့ ပါတီနဲ့ လားလားမှ မဆိုင်” ဆိုပြီး ကိုယ်လွတ်ရုန်းထွက် ခေါင်းလွှဲလိုဟန်ရှိတယ်။ တကယ်တော့ ဒီရခိုင်နဲ့  ဒီအလံဟာလည်း စစ်အုပ်စုရဲ့  နိုင်ငံရေးတဏှာ
ရမ္မက်မီးရဲ့ သားကောင်များဖြစ်ပြီး စစ်အုပ်စု ချနင်းတာကို အလှည့်ကျတဲ့အခါမနွဲ့ စတမ်း အသုံးတော်ခံရရှာတဲ့ အရှို့ ခံ မြေစာပင်ခြောက်တွေသာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ မီးရှို့တိုက်ခိုက်မှု၊ မတည်ငြိမ်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်ပါတီ ခေါင်းဆောင်တစ်ယောက် အပါအဝင် လူ ၆ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ ညဘက်က ဖမ်းဆီးခံရသူတွေကတော့ ဦးစောလှိုင်၊ ဦးမိုးမြင့်အောင်၊ ဦးသိန်းဝင်း၊ ဦးသိန်းဇံ၊ ဦးဝင်းကိုလေးနဲ့ ဦးထွန်းသန့်ကျော်တို့ ဖြစ်ကြတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ဦးစောလှိုင် ခေါ် ဦးမောင်ပုက သံတွဲမြို့နယ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး ဦးသိန်းဇံနဲ့ ဦးသိန်းဝင်းတို့ကတော့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် ဇွန်လက ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူမှုတွေ နောက်ပိုင်းမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ခေါင်းဆောင် တစ်ယောက် ဖမ်းဆီးခံရတာဟာ အခု တစ်ကြိမ်က ပထမဆုံး ဖြစ်ပါတယ်။

တရားဝင် နိုင်ငံရေးပါတီက မြို့နယ်ဥက္ကဋ္ဌဖြစ်သူ ပါတီ ထိပ်တန်း ခေါင်းဆောင်တစ်ယောက်ကို ဗုဒ္ဓဟူးနေ့ညက ရဲက ဖမ်းဆီးသွားပုံဟာ တရားဥပဒေမဲ့ လုပ်ပုံ ဖြစ်တယ်လို့ သုံးသပ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောပါတယ်။

သံတွဲမြို့နယ်အတွင်း ဖြစ်ခဲ့တဲ့ ပြဿနာတွေအတွက် ဖမ်းဆီး အရေးယူ ခံရသူတွေထဲမှာ RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်တစ်ယောက်နဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် နှစ်ယောက် ပါဝင်တာတွေဟာ ထူးခြားမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

အခု ဖမ်းဆီး အရေးယူမှုဟာ တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရဘက်က ပထမဆုံး ဆောင်ရွက်မှုလို့ ပြောလို့ရနိုင်ပေမယ့် ဖမ်းဆီး အရေးယူတဲ့ နေရာမှာ လက်တွေ့ မီးရှို့ဖျက်ဆီးမှု ကျူးလွန်သူတွေကို သာမက နိုင်ငံတဝန်း အမုန်းတရားတွေ၊ မမှန်သတင်းတွေ ပြန့်ပွားအောင် လုပ်ဆောင်သူတွေကိုလည်း အရေးယူသင့်တယ်လို့ ရန်ကုန်တိုင်းမ် ဂျာနယ် ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်က ပြောပါတယ်။

ကျူးလွန်သူတွေကိုရော နောက်ကနေ ဦးစီးဦးဆောင် ပြုသူတွေကိုပါ အရေးယူမှသာ အစိုးရ အနေနဲ့ ပဋိပက္ခတွေ နောက်ထပ် မဖြစ်အောင် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ရာ ကျမယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ ဆိုင်ပိုင်ရှင် တစ်ဦးနဲ့ သုံးဘီး ဆိုင်ကယ် တက္ကစီသမား တစ်ဦးတို့ သာမန် စကားများရာကနေ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူမှုကြောင့် သံတွဲမြို့နယ်မှာ လူ ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ အိမ်ပေါင်း ၇၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
BBC


တက္က သိုလ်ဆရာ၊ ဆရာမများအသင်း အနေဖြင့် ဆရာမဒေါ်စိုးစိုးခိုင် ကိစ္စနှင့်ပတ်သက်၍ သဘော ထား ကြေညာချက် ကို တတိယအကြိမ် ထုတ်ပြန်လိုက်ပြီး ယင်းနှင့်ပတ် သက်၍ ရက်ပေါင်းနှစ်ဆယ်အတွင်း ဝန်ကြီးဌာနဘက်မှ ပွင့်လင်းမြင် သာစွာဖြေရှင်းမှုမရှိပါက စွဲချက် တင်တော့မည်ဖြစ်ကြောင်း အဆို ပါအသင်းဥက္ကဋ္ဌ ဦးသန်းထိုက် အောင်က ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနမှ ဥပဒေကိုမျက်ကွယ်ပြုပြီး အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်း၊ နေပြည်တော်မှ အလယ် တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်အား ရာထူးမှထုတ်ပယ်ခဲ့မှုနှင့်ပတ်သက် ၍ နောက်ဆုံးအကြိမ်(တတိယ အကြိမ်) သဘောထားကြေညာ ချက်ကို အောက်တိုဘာ ၁ရက် တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကြေညာချက်နှင့်ပတ်သက် ၍''ပထမကြေညာချက်တုန်းက လဲ ဝန်ကြီးဌာနကိုပို့လိုက်ပေမယ့် လက်ခံရရှိကြောင်းမပြောသလို ပုဂ္ဂလိကသတင်းစာတွေမှာတွေ့ လို့ ပြန်ဖြေရှင်းတဲ့ပုံစံမျိုးလုပ်လိုက် တာ။ အခုလဲ ပို့တော့ပို့လိုက်တာ ပဲ။ လက်ခံရရှိကြောင်းမပြန်ပေ မယ့် မီဒီယာတွေမှာပါလာရင်သိ သွားမှာပဲလေ။ ဆရာတို့ကတော့ ဆရာ၊ ဆရာမအားလုံး၊ ဝန်ထမ်း အားလုံးအတွက်လုပ်တာပါ။ ဒီ တစ်ခါ နောက်ဆုံးကြေညာချက် ထုတ်တာတောင်ဘာမှ မတုံ့ပြန် ဘူးဆိုရင် တရားဥပဒေအရ ရင် ဆိုင်မှဖြစ်တော့မှာ''ဟု ဦးသန်း ထိုက်အောင်က ဆိုသည်။

အဆိုပါကြေညာချက်တွင် ဝန်ကြီးဌာနမှ ထုတ်ပြန်သော ဒေါ်စိုးစိုးခိုင် ၏ပြန်တမ်းနှင့် ပတ် သက်၍ ဝန်ထမ်းဥပဒေများနှင့် ကိုက်ညီမှုမရှိကြောင်း ထည့်သွင်း ဖော်ပြထားသည့် အချက်ခြောက် ချက်ပါရှိသည်။

ယင်းအပြင် သဘောထား ထုတ်ပြန်ကြေညာချက် ကို ဝန်ကြီး ဌာနအနေဖြင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းဖြင့်ညီညွတ်သော အပြု သဘောဆောင် သည့် ဖြေရှင်း မှု တစ်ခုကိုလည်း ကြေညာချက် ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း နှစ်ဆယ်အတွင်း ဖော်ဆောင်ပေး ရန်လိုလားကြောင်း ထည့်သွင်း ဖော်ပြထားပြီး အကယ်၍ ဥပဒေ ကြောင်းအရ ညီညွတ်မျှတသည့် ဖြေရှင်းချက် တစ်စုံတစ်ရာမရရှိ ပါက တက္ကသိုလ်ဆရာ၊ ဆရာမ များအနေဖြင့် ညီနောင်မိတ်ဖက် အဖွဲ့အစည်းများနှင့်လက်တွဲ ကာ ဒေါ်စိုးစိုးခိုင်ကိစ္စအား ပြေလည် အောင် ဝန်ကြီးဌာနနှင့် မလွှဲ မရှောင်သာ ထိပ်တိုက်ရင်ဆိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ပညာ ရေးဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းရာ အဆိုပါကိစ္စနှင့်ပတ် သက်၍ မသိရှိသေးသည့်အတွက် မဖြေကြားနိုင်ဟု တာဝန်ရှိသူတစ် ဦးက ပြန်လည်ဖြေကြားခဲ့သည်။

ချိုချိုသန်း

မြန်မာပြည်သူလူထုတို့အတွက် အနစ်နာခံ ပေးဆပ်နေကြသည်ဟု ကမ္ဘာနှင့် မြန်မာမှာပါ ပြောဆိုပြီး အရပ်ဘက်အဖွဲ့အစည်းများဥပဒေ ပေါ်ပေါက်လာရေးအတွက် ကြိုးစားပမ်းစား အကောင် အထည်ဖော် ဆောင်ရွက်နေကြသော အဖွဲ့အစည်း (သို့) အုပ်စုတစ်စုအတွင်းရှိ သူတို့အား ကျွန်တော် မေးမြန်းလိုသည်မှာ -
သင်တို့သည် ဗြဟ္မစိုရ်တရားလေးပါး၏ အဓိပ္ပါယ်နှင့် အနှစ်သာရကို သိရှိပါသလား ??

သင်တို့သည် ရောဂါဝေဒနာ ခံစားနေသူတစ်ဦးအား ကိုယ်တိုင်ကိုယ်ကျ ကယ်တင်ဖူးပါသလား ??

သင်တို့သည် ကျောင်းသားလူငယ်လေး တစ်ဦးတစ်ယောက်အား အသိပညာ၊ အတတ်ပညာရပ် များအား ဆုံးခန်းတိုင် စီစဉ်ဆောင်ရွက်ပေးဖူးပါသလား ??

သင်တို့သည် ကွယ်လွန်သွားသူတစ်ဦး၏ နာရေးကိစ္စရပ်အား ကိုယ်တိုင်ကိုယ်ကျ ထမ်းပိုး သင်္ဂြိုဟ်ပေးမှု လုပ်ဆောင်ပေးဖူးပါသလား ??

သင်တို့သည် ရန်သူမျိုးငါးပါးကြောင့် ဒုက္ခပင်လယ်ကြီးထဲမှာ နစ်မွန်းနေသူအပေါင်းတို့အား ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ ထိထိမိမိ အားပေးကူညီ လှူဒါန်းမှုမျိုး လုပ်ဖူးပါသလား ??

သင်တို့သည် မြန်မာပြည်သူလူထုအပေါင်းအား မြန်မာပြည်သူလူထုတို့ လှူဒါန်းထားသော အလှူငွေ (ငွေကြေး)တို့ဖြင့် “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဟူ၍ ကိုယ်ကျိုး မပါဘဲ လိပ်ပြာသန့်စွာ ပေးဆပ်မှုမျိုး လုပ်ဖူးပါသလား ??

သင်တို့သည် မိမိတို့ ကူညီလှူဒါန်း ဆောင်ရွက်ပေးမှု အပေါင်းတို့အပေါ် ရဲဝံ့စွာ သစ္စာဆို အမျှပေးဝေရဲပါသလား ??


သင်တို့သည် ဒုက္ခရောက် ပြည်သူလူထုတို့အား စွန့်လွှတ်အနစ်နာခံ ပေးဆပ်နေကြသော လူမသိ သူမသိ မထင်မရှား ဗြဟ္မစိုရ်လူသားများ (သို့) လူမှုရေးအသင်းအဖွဲ့ငယ်များထံသို့ သွားရောက် ခြေချပြီး သူတို့နှင့်အတူ ထပ်တူခံစားဖူးပါသလား။
အထက်ပါ အချက် (၈) ချက်လုံးဖြင့် ပြီးပြည့်စုံသော အဖွဲ့အစည်း (သို့) အုပ်စုတစ်စုမှ အရပ်ဘက် လူ့အဖွဲ့အစည်းဥပဒေအား ဦးဆောင်ဆွေးနွေး တင်ပြမည်ဆိုပါက ကျွန်တော် ဘာမှ မပြောလိုတော့ပေ။

မြန်မာပြည်သူ/သားတို့အတွက်၊ မြန်မာ့ (ပြည်တွင်း)လူမှုရေးအဖွဲ့အစည်းများအတွက် ရင်လေးစွာဖြင့်
လိပ်ပြာသန့်စွာဖြင့် လူမှုရေးသစ္စာဆိုရဲတဲ့

ကျော်သူ


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး အများပြည်သူလူထုတို့ ကြုံတွေ့နေရသော နာရေးကိစ္စများအား (အခမဲ့) နွေးထွေးစွာ ကူညီပေးဆပ်ခဲ့သည်မှာ ၂ဝ၁၃ ခုနှစ် အတွက် အောက်တိုဘာလ (၇) ရက်နေ့ နံနက်ပိုင်းအချိန်တွင် သင်္ဂြိုဟ်ပေးခဲ့မှုများ ထပ်မံ၍ (တစ်သောင်း) ပြည့်တော့မည်ဖြစ်သည်။ အသင်းစတင် ဖွဲ့စည်းတည်ထောင်ခဲ့သော ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ မှ ယခု ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့အထိ (အခမဲ့) မီးသင်္ဂြိုဟ်ပေးခဲ့မှု စုစုပေါင်း (၁၃၄၉၇၉) ကျော် ရှိတော့မည်ဖြစ်သည်။

ထိုကဲ့သို့သော ကမ္ဘာမြေပြင်မှ ပြန်လည်ထွက်ခွါသွားမည့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ (၇) ရက် နေ့တွင် ကွယ်လွန်အနိစ္စရောက်မည့် (တစ်သောင်းပြည့်ကွယ်လွန်သူ) အတွက်ရည်စူး၍ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ၂ဝ၁၃ ခုနှစ်အတွက် နာရေးကူညီမှု စုစုပေါင်း တစ်သောင်းပြည့်နေ့ရက်တွင် အသင်းသူ/သားများ၊ နယ်အသီးသီးတို့မှ ပရဟိတအဖွဲ့များ၊ ဝတ်ရွတ်အဖွဲ့များ၊ သံဃာတော်အပေါင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ (အခမဲ့) ကူညီမှုကုသိုလ်တော်ကြီးအား ပြုလုပ်ပေးမည် ဖြစ်ပါသောကြောင့် စိတ်ဝင် စားကြသော မြို့နယ်အသီးသီးမှ ညီနောင် ပရဟိတအဖွဲ့များ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် အနုပညာရှင် များနှင့် စာနယ်ဇင်းမီဒီယာများ ပါဝင်ဆင်နွဲနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မည်သူမဆို ဒီလမ်းကိုသွားရမည်။

ဒီလမ်းသွားဖို့ ကြောက်စရာမလို … ပျော်စရာကောင်းဖို့သာ လိုအပ်သည်။

ပျော်စရာကောင်းဖို့ … ကောင်းမှုများများလုပ်ရမည်။

ကောင်းမှုကုသိုလ်တစ်ခုလုပ်ခြင်းသည် ဒီလမ်းသွားဖို့ ပျော်စရာ အထောက်အပံ့တစ်ခုဖြစ်လာမည်။

ထို့ကြောင့် … ပျော်စရာများများဖြစ်ရန် ကုသိုလ်များများလုပ်ရမည်။

ဒါဆိုရင် … “သင် သေရမှာကို မကြောက်တော့”

“သေခါးနီးလေ ပျော်စရာကောင်းလေဖြစ်စေသား”



Author Name

Contact Form

Name

Email *

Message *

Powered by Blogger.