10/05/13

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကတော့ ဗိုလ်ချုပ်ကို ဘယ်လောက် ချစ်သလဲ။ မချစ်လဲ ထင်ထင်ရှားရှား မြင်တွေ့ နေရပါပြီဆိုတဲ့ စကားလေးကို ခရီးသွား ဟန်လွှဲ ကြားလိုက် မိပေမယ့် နျူကလီးယား ဗုံးထက် ကြောက်စရာကောင်းတဲ့ စကားလုံးအဖြစ် နားလည် လိုက်မိပါတယ် . . .
naung myoe aပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး  လွှတ်တော်၊ ဆဋ္ဌမ ပုံမှန် အစည်းအဝေးကို ၁၂-၉-၂၀၁၃ (ကြာသပတေးနေ့) တွင် စတင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။ အစည်းအဝေး ကျင်းပမည့် နေရာသို့ ၁နာရီစော ရောက်ရ မည်လို့ နှိုးဆော် ထားတာကြောင့် ၀ီရိယ ကောင်းစွာဖြင့် ၉နာရီ မထိုးခင် ရောက်အောင် သွားသော်လည်း ကျွန်တော့် ထက်ဦး သူဖြစ်တဲ့ ကမာရွတ်မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေကို မရွှင်ပျတဲ့ မျက်နှာနှင့် တွေ့လိုက် ရလို့၊ ဆရာကြီး စောစော စီးစီး ဘာများ အလိုမ ကျလို့လဲ မေးလိုက်တော့ ကျွန်တော်တင် ထားတဲ့ အဆိုကို မေးခွန်း အဖြစ် ပြောင်းလဲ တင်ပါတယ်။ ပြောတယ်ဗျာလို့ ဆိုလို လာပါတယ်။ ဦးကျော်ရဲ့အဆိုကိုတော့ လက်ခံပြီး ကျွန်တော်တို့ အဆိုတွေ ကိုတော့ မေးခွန်းအဖြစ် ပြောင်းခိုင်းတာ တော် တော် ၀မ်းနည်းစရာ ကောင်းပါတယ်လို့ ကျွန်တော့်ထက် အသက်အရွယ်၊ အတွေ့အကြုံ၊ အသိဉာဏ်ပညာ အစစအရာရာ သာလွန်တဲ့ လူကြီး တစ်ယောက်ရဲ့ ငြီးတွားသံဟာ ဆဋ္ဌမ ပုံမှန် အစည်းအဝေးရဲ့ မမေ့နိုင်တဲ့ ပထမဆုံး ဝေဒနာလေး ဖြစ်ခဲ့ ပါတော့တယ်။
ဒီနေရာမှာ အဆိုနဲ့ မေးခွန်းကို အတိုဆုံးနှင့် အရှင်းဆုံး ပြောရရင်၊ အဆို အတည်ဖြစ်ရင် လုပ်ချင် သည်ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ၊ လုပ်ကို လုပ်ပေး ရတော့မယ့် သဘောဖြစ်ပြီး မေးခွန်း ဆိုတာ ကတော့ အချိန် အတိုင်းအတာ တစ်ခုထိ ရွှေ့ဆိုင်းလို့ ရှောင်လွှဲလို့ ရတယ်။ ငြင်းပယ်လို့ ရတဲ့ သဘောလေး ရှိပါတယ်။ လွှတ် တော် မေးခွန်းရဲ့ သုံးပုံနှစ်ပုံ လောက်ကလည်း ဘဏ္ဍာငွေ ထပ်မံတောင်း၍ ရရှိလာသည့် အပေါ်တွင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဆိုတဲ့ အဖြေက များနေတာကို  တွေ့နေရကြောင်း ဆရာကြီး ဦးမြငွေ အနေနဲ့ သူ့ရဲ့ အဆိုကို မေးခွန်း အဖြစ် ပြောင်းခိုင်း တာကို စိတ်မကောင်း ဖြစ်တာပါပဲ။
လွှတ်တော်ကို အစီအစဉ် အတိုင်း ကျင်းပ ပြုလုပ်ခဲ့ရာ ဦးကျော်ရဲ့အဆိုတင် သွင်းချိန်မှာတော့ ဆဋ္ဌမ ပုံမှန် အစည်းအဝေးရဲ့ မမေ့နိုင်တဲ့ ဒုတိယ ဝေဒနာလေး ဖြစ်ပေါ်လာခဲ့ ရပါတော့တယ်။ ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးပြီး ခဲ့တဲ့ ခေါင်းစဉ်ကို တိုင်းဒေသကြီး လွှတ်တော်မှာ ပုံတူ ကူးချ အဆိုတင်သွင်း တာဟာ နိုင်ငံရေး အမြတ် ထုတ်တာပဲ ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်မှာ ပြည်ထောင်စု ဒုဝန်ကြီး ကိုယ်တိုင် အကျယ်တ၀င့် ရှင်းလင်း ပြီဖြစ်သော အကြောင်း အရာတွေ ငွေစက္ကူများ ရိုက်နှိပ် ထုတ်ဝေခြင်းသည် တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ပိုင်ခွင့် ထဲမှာ မရှိ တာကိုလည်း အသိ၊ ငွေစက္ကူ တွေကို လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက တောင်းဆိုတာနှင့် ပြောင်းလဲ ထုတ်ဝေလို့ မရဘူး ဆိုတာ ကိုလည်း အသိ။ ငွေစက္ကူပါ ရုပ်ပုံများ ပြောင်းလဲ ထုတ်ဝေ ရုံဖြင့် ပြည်သူလူထု၏ လိုအင် ဆန္ဒတွေကို မဖြည့်ဆည်း ပေးနိုင်ဘူး။ မပြည့်စုံ စေဘူး ဆိုတာလည်း အသိ၊ မှန်ကန်တဲ့ တင်ပြမှု ဖြစ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှ တစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုလို့ ပြောရမှာလည်း ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေး ပြီးသား ဖြစ်လို့ ပယ်ချ ခံရမည် ဆိုတာလည်း မသိ။ အဲဒီလို အသိပေါင်း မြောက်မြားစွာ ရှိနေရဲ့ သားနှင့် အဖွဲ့အစည်း တစ်ခုကို အပုပ်ချ၊ ဗိုလ်ချုပ်ကို ခုတုံး လုပ်ပြီး နိုင်ငံရေး အမြတ်ထုတ် သွားတာ တွေ့ရတော့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့၊ ပြည်သူတွေ ရှေ့မှာ မားမား မတ်မတ် ရပ်တည်ရင်း၊ ဒီမိုကရေစီ လမ်းကြောင်း သစ်ကို အတူ လက်တွဲ လျှောက်လှမ်း ကြရမယ့် ပြည်သူ့ ကိုယ်စားလှယ်ချင်း မ၀ံ့မရဲ ဖြစ်မိတာ အမှန်ပါပဲ။ ပြည်သူ့ အကျိုးအတွက် မဟုတ်ဘဲ မိမိ အကျိုးအတွက် မျှော်ကိုးပြီး ပြောရက် လေခြင်းလို့ စိတ်ထဲမှာ တွေးနေတုန်း မင်္ဂလာ တောင်ညွန့် မြို့နယ်မှ ဒေါက်တာ စောလှထွန်းက အဆိုကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံရဲ့ ငွေစက္ကူ သမိုင်း ကြောင်းနှင့် တကွ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ဆိုင်ရာ နည်းဥပဒေ အခန်း ၁၂ လွှတ်တော်သို့ တင်သွင်းသည့် အဆိုများ ခေါင်းစဉ် အောက်ရှိ ပုဒ်မ ၁၁၃ စည်းကမ်း ချက်များ ပိုဒ်ခွဲ (ဃ) တွင် ဖော်ပြထားတဲ့ မဆီလျော်သော အကြောင်း ပြချက်၊ ခိုင်လုံသော အထောက်အထား မပါရှိသည့် ယူဆချက်များ၊ မသင့်လျော်သော အသုံး အနှုန်းများ၊ ဂုဏ်သရေကို ထိခိုက် စေသည့် ဖော်ပြချက်များ မပါရှိစေ ရဆိုတဲ့ အချက်တွေနှင့် ထောက်ပြ ဝေဖန် ကန့်ကွက်ခဲ့ ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌကြီး ကလည်း လွှတ်တော် ဥပဒေများနှင့် အညီ လွှတ်တော် သဘောထားကို မဲခွဲ ဆုံးဖြတ်ရာ စေခဲ့ရာ တက်ရောက်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၁၇ဦး ရှိရာမှာ အဆိုရှင် ဦးကျော်ရဲ့ ပါတီမှ ၂ဦးသာ ထောက်ခံပြီး ကျန် ၁၁၅ဦးမှာ ကန့်ကွက်ခဲ့ ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုကို ကန့်ကွက် သူများ မိမိ နေရာမှ မတ်တပ် ရပ်၍ ဆန္ဒပြုရန် ဖြစ်ပါသည် ဆိုတဲ့ ဥက္ကဋ္ဌ ကြီးရဲ့စကားအဆုံး တိုင်ပင် ညှိနှိုင်းထားခြင်း မရှိဘဲ၊ တညီ တညာတည်း မတ်တတ် ရပ်လိုက် ကြတဲ့ မြင်ကွင်းသည် ဖြတ်သန်း ခဲ့ရတဲ့ လပေါင်း သုံးဆယ် အတွင်း ဘယ်လိုမှ မေ့ပျောက်လို့ မရနိုင်တဲ့ မြင်ကွင်းလေး အဖြစ် ဆဋ္ဌမ ပုံမှန် အစည်းအဝေးရဲ့ တတိယ ဝေဒနာဟာ ရှင်ထဲမှာ စွဲကျန်လို့ နေပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ပါတီစုံ ရှိပါတယ်။ ၈၈၊ NLD ၊ ပြည်သူ့ ဒီမိုကရက်တစ်၊ တစ်သီး ပုဂ္ဂလ၊ တစည ဆိုပြီး ပါတီစုံမှ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ခွင့်ယူထား သူမှ လွဲ၍ အကုန် ရှိပါတယ်။ ဒီပါတီတွေ အကုန်လုံး ကလည်း မိတ်ဖက် ပါတီတွေပဲ ဖြစ်ပါတယ်။ ပါတီတစ်ခုက အဆိုတင်ရင်၊ ကျန်မိတ်ဖက် ပါတီတွေက ထောက်ခံ ဆွေးနွေး ခဲ့ကြတာလည်း မှတ်တမ်းတွေ ရှိနေ ပါတယ်။ ဒါပေမဲ့ အဆိုရှင် တင်သွင်းတဲ့ အခုအဆိုကို မိတ်ဖက် ပါတီကပါ ကန့်ကွက်ခဲ့တာ ဘာဖြစ်လို့လဲ၊ အားလုံးသည် အမှန်တရားကို ယုံကြည်ကြ လို့ပဲ ဖြစ်ပါ တယ်။ အမြင် မတူတာ တွေကို ဘေးဖယ် ထားပြီး၊ တူညီတဲ့ အမြင်လေးကို မှန်ကန် စွာနှင့် သက်သေပြ လိုက်တာပဲ ဖြစ်ပါတယ်။ လွှတ်တော် အစီအစဉ် ပြီးဆုံးလို့ ပြန်ထွက် လာချိန်မှာတော့ မီဒီယာများရဲ့ မေးမြန်း ချက်ကို ဖြေကြား နေတဲ့ အဆိုရှင်ရဲ့ သဘောထားက လွှတ်တော် ကိုယ်စားလှယ် အားလုံးကို စော်ကား လိုက်သလို ဖြစ်နေ ပါတော့တယ်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကတော့ ဗိုလ်ချုပ်ကို ဘယ်လောက် ချစ်သလဲ။ မချစ်လဲ ထင်ထင်ရှားရှား မြင်တွေ့ နေရပါ ပြီဆိုတဲ့ စကားလေးကို ခရီးသွား ဟန်လွှဲ ကြားလိုက် မိပေမယ့် နျူကလီးယား ဗုံးထက် ကြောက်စရာ ကောင်းတဲ့ စကားလုံး အဖြစ် နားလည် လိုက်မိပါတယ်။ လွှတ်တော်ကို ပြည်သူတွေနှင့် တိုက်ခိုင်းတဲ့ သဘောပါပဲ။
အဆိုရှင် ပြောကြားသလို ကျွန်တော် တို့အားလုံးသည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဗိုလ်ချုပ်ကို မချစ်လို့၊ ဗိုလ်ချုပ်ရဲ့ ရုပ်ပုံကို မမြင် တွေ့ချင်လို့ ၀ိုင်းကန့်ကွက် ခဲ့ခြင်း မဟုတ်ဘဲ မြန်မာ နိုင်ငံသား၊ တိုင်းရင်းသား အားလုံး ပိုင်တဲ့ ဗိုလ်ချုပ်ကို ခုတုံး လုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်တဲ့ သဘော ဆောင်တဲ့ အဆိုကို ကန့်ကွက် ခဲ့ခြင်း ဖြစ်ကြောင်း ကိုလည်း ပြည်သူတွေကို သစ္စာ တိုင်တည် အသိပေး လိုက်ပါတယ်။
စာရေးသူ ကိုယ်ရေး အကျဉ်း
အမည်ရင်း – ဦးနေမျိုးအောင်
အလုပ် အကိုင်- ဆိပ်ကမ်း မြို့နယ် ကြံ့ခိုင်ရေး ပါတီ တွဲဖက် အတွင်းရေးမှူးနှင့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
(အထက် ဖော်ပြပါ ဆောင်းပါးကို မြန်မာသံတော်ဆင့် အယ်ဒီတာ အဖွဲ့အနေဖြင့် ကိစ္စရပ်တိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ဖော်ထုတ် တင်ပြနိုင်သည် ဆိုသော ဒီမိုကရေ စီစံနှုန်း အရ ဖော်ပြခြင်း ဖြစ်ပြီး ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း မရှိဘဲ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်) 

မြန်မာသံတော်ဆင့်

ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား ပါတီ ဒီဟာတွေကို ခဏဖျောက် ထားလိုက်၊ တိုင်းပြည် အတွက် ရေရှည် အကျိုးစီးပွားကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးနိုင်မယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုကို ကျွန်တော် တို့  နောက်မျိုးဆက်  တွေကို ပြင်ဆင်ပေး စေ ချင်တယ် . .ပြည်သူတွေရဲ့ဆန္ဒကို အလေး ဂရုပြုရလိမ့်မယ် ဒါက အားလုံးလုပ်မှရမှာပါ . . .
U thein swe 222၈၈ မတိုင်မီ ကျောင်းသား လှုပ်ရှားမှု များမှ စတင်၍ ရွှေဝါရောင် တော်လှန်ရေး သံဃာ့ လှုပ်ရှားမှုများ အထိ ကျောင်းသားအရေး၊ ဒီမိုကရေစီ အရေး၊ လူ့အခွင့် အရေးများကို ဘ၀တစ်ခုလုံး နှစ်မြှုပ်၍ တောင်းဆို တိုက်ပွဲ ၀င်ခဲ့ကာ အကြိမ်ကြိမ် ထောင်ဒဏ် အပြစ်ပေး ခံရပြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသူ (ဖျာပုံ၊ ဒေးဒရဲ မဲဆန္ဒနယ်) NLD ပါတီ၏ ရွေးချယ်ခံ ကိုယ်စားလှယ် ဦးသိမ်းဆွေကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ သဘောထား ခံယူချက်၊ ပြည်သူ လူထုနှင့် လွှတ်တော်၏ ပေါင်းကူး ဆက်ဆံရေး၊ အခြေခံ ဥပဒေ အပေါ်တွင် ထားရှိသည့် သဘောထားအမြင် စသည့် ကိစ္စရပ်များနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး စာဖတ် ပရိသတ်များ အတွက် ဖော်ပြလိုက်ပါသည်။
အမျိုးသား လွှတ်တော်မှာ စပြီး ကိုယ်စားလှယ် အဖြစ် တာဝန် ထမ်းစဉ်က စပြီး ဒီဘက် ခေတ်ပေါ့နော် NLD  ပါတီ မှာ ပါတီ တာဝန် ဘာများ ယူထား ပါသလဲ ခင်ဗျာ။
ပါတီမှာ လက်ရှိတော့ ပညာရေး ကော်မတီမှာ အဖွဲ့ဝင်ပါ။ နောက် NLD က နေပြီးတော့မှ အခြား အဖွဲ့များနဲ့ ဆက်ဆံ ရေးပေါ့။ အဲဒီမှာလည်း ကော်မတီ အဖွဲ့ဝင်ပါ။ တောင်သူလယ်သမား ရေးရာ ကော်မတီမှာလည်း အတွင်းရေးမှူး တာဝန် ဆောင်ရွက် နေပါတယ်။ လွှတ်တော်တွင်း တာဝန်ကတော့ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီရေး ကော်မတီမှာ အဖွဲ့ဝင်၊ ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီမှာ ကော်မတီ ၀င်ပေါ့၊ ဒါလွှတ်တော်က တာဝန် ပေးတာ ဆောင်ရွက် နေပါတယ်။
ယခု တက်ရောက်မယ့် လွှတ်တော်မှာ ကိုယ်စားလှယ် တစ်ဦး အနေနဲ့ရော NLD  ပါတီအနေနဲ့ ရော ဘယ်လို အကြောင်းအရာတွေ ဆွေးနွေး သွားဖို့ ရှိပါသလဲ။
ပေါ်လစီပိုင်း ဆိုင်ရာတွေက လူကြီးတွေက ချဉ်းကပ်တယ်။ သုံးသပ်ပြီး သူတို့ မေးနေကြတာ ပေါ့နော်။ ကျွန်တော့် အနေနဲ့က ဒေသတွင်း ပြဿနာတွေကို မေးခွန်း ထုတ်ပါတယ်။ ဒေသမှာ ကြုံနေရတဲ့ တောင်သူလယ်သမား တွေရဲ့ ပြဿနာတွေ၊ ရေပေါ် ရေလျှံ ပြဿနာတွေ၊ ပညာရေးနဲ့ ပတ်သက်တဲ့ ကျောင်းလေးတွေ၊ အခက်အခဲ မျိုးစုံ ကြုံတွေ့ နေရပြီး အခု အချိန်အထိ ဒီကျောင်း မကျသေးတာ လေးတွေ၊ အဲဒီလို ဒေသတွင်း ဆိုင်ရာ ပြဿနာ တွေကို လွှတ်တော်မှာ မေးမြန်းပါတယ်။
လွှတ်တော် နားချိန်မှာ ပြည်သူတွေက လာပြီး တင်ပြတဲ့ အခက်အခဲ ပြဿနာတွေကို ဖြေရှင်း ပေးနေတယ်လို့ သိရပါတယ်။ ဘယ်လောက် အတိုင်းအတာ အထိ ဖြေရှင်း ဆောင်ရွက်ပြီး သွားပါပြီလဲ။
ဟုတ်တယ်။ ကျွန်တော်လည်း တချို့ နေရာတွေမှာ အားမလို၊ အားမရ ဖြစ်တာတွေ အများကြီးပဲ။ တစ်ခုက ကျွန်တော်တို့က အနိုင်ရ အဖွဲ့အစည်း မဟုတ်ဘူး။ မတရား လုပ်လာရင် မင်းမလုပ် နဲ့နော် ဆိုတဲ့ ထိန်းကျောင်းတဲ့ နေရာမှာပဲ ရှိတယ်။ ဟန့်တား တာပေါ့။ ဒါမဟုတ်ဘူး။ ဒီလူတွေကို အောက်ခြေ ရပ်ကွက် ကျေးရွာ တွေမှာ လုပ်နေရင် မြို့နယ် အုပ်ချုပ်ရေး ကိုသွားပြီး ဒါတွေ ဒီမှာလုပ်နေတယ်။ ဒါကို ထိန်းကျောင်း ပေးဖို့ လိုပါတယ်။ ကိုယ့်ဒေသမှာ မဟုတ် မတရားတာတွေ မကြီးထွားအောင် အာဏာကို မလျော်သြဇာ သုံးနေ တာတွေ၊ ဒေသခံ တွေကို ဖိစီး နှိပ်စက် နေတာ မျိုးတွေ ကျရင်တော့ ပြည်သူ့ကိုယ်စား ကျွန်တော် ရဲရဲတင်းတင်း သွားပြော ပါတယ်။ မြို့နယ် အုပ်ချုပ်ရေး၊ ခရိုင် အုပ်ချုပ်ရေး ကိုပြောတယ်။ ဆွေးနွေးတယ်။ မရတဲ့ ကိစ္စမျိုးမှာ တော့ မေးခွန်းတွေ ထုတ် သက်ဆိုင်ရာ ၀န်ကြီးဌာန တွေကို တင်ပြတာတို့ အဲဒါတွေ လုပ်ပါတယ်။
အခုလို သွားရောက် ဆွေးနွေးတဲ့ အခါမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင် ရာတွေက တင်ပြမှုတွေကို အရေးတယူ ဆောင်ရွက်ပေးတာ မျိုးရှိပါသလား။
သွားပြောရင်တော့ ဆောင်ရွက်ပေး ပါ့မယ် ဆိုတာကို ပြောတယ်။ တချို့ဆောင် ရွက်ပေးတာ ရှိသလို၊ တချို့ကိစ္စ တွေမှာတော့ ထိထိ ရောက်ရောက် ကိုင်တွယ်မှု အပိုင်းတွေ မှာတော့ အားနည်း သေးတယ် လို့ သုံးသပ်တယ်။ အခုဆိုရင် လယ်တစ် ဧကကို စိုက်ဘဏ် ချေးငွေမှာ တစ်သောင်း နှုန်းဖြတ်တဲ့ ကိစ္စ ရှိတယ်။ လယ်သမား ၁၂ ဦး အဖြတ် ခံရတယ်။ လယ်သမားတွေ အရမ်း နစ်နာတယ်။ ဒါကို ရဲစခန်းက နေပြီးတော့ ဒီလိုမျိုး ဆောင်ရွက် နေတဲ့ သူတွေကို ဥပဒေ ကြောင်းအရ အရေးယူမှု မလုပ်ဘူးလား ဆိုတဲ့ အခါကျတော့ စစ်တာ ဆေးတာ လုပ်တယ် ပြောတယ်။ အဲတင်ပြ တိုင်ကြားတဲ့ လယ်သမား တွေကိုပေါ့။ တိုင်ကြားခံ ရတဲ့ ပုဂိ္ဂုလ်ကိုတော့ ထိထိ ရောက်ရောက် စစ်ဆေးတာ မတွေ့ သေးဘူး။ တိကျတဲ့ အဖြေတစ်ခုကို မထုတ် သေးဘူး။ တကယ်မှာ ဒါတွေက တရား ဥပဒေမဲ့ လုပ်ရပ်တွေ၊ လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ချိုးဖောက်တယ်။ ဥပဒေ အရ အရေး ယူရမယ့် ကိစ္စတွေ။ ဒုက္ခ၊ သုက္ခ ရောက်နေတဲ့ လယ်သမားတွေကို လည် ပင်း ညှစ်တဲ့ ကိစ္စ မျိုးတွေကို ထိထိ ရောက်ရောက် ကိုင်တွယ် နိုင်မှ လယ်သမား အားလုံး အတွက် နောက်မလုပ်ရဲ ကြမှာလေ။ ပုံစံ မကျဘူး ဆိုရင်တော့ လွှတ်တော်မှာ မေးခွန်းတွေ ထုတ်ပြီး ထပ်မေးရမှာပဲ။
U thein Swe
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏သား ဦးဖြိုးကိုကိုတင့်ဆန်းကို အနိုင်ရခဲ့သော ( NLD ) ပါတီ၏ မြောင်းမြ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းဂျော်နီ နှင့်အတူ ဦးသိမ်းဆွေကို နေပြည်တော်လွှတ်တော်၌ တွေ့ရစဉ်
ဒီနေရာမှာ ပဋိပက္ခ ကြီးကြီး မားမားတော့ မရှိပါဘူး။ တစ်ခု ရှိတာက ကျွန်တော်တို့ အပေါ်မှာတော့ မျက်စိ ဆံပင်မွေး စူးကောင်း စူးနိုင်တာပေါ့။ ဒါပေမဲ့ မတတ် နိုင်ဘူးလေ။ ပြည်သူရဲ့ ၀န်ကို ထမ်းနေရ တာလေ။ ဒါတွေကို စိုးရိမ် ကြောင့်ကြ နေလို့ မရဘူး။ တောထဲ ၀င်ရင်တော့ ကျားတွေ့ မှာပါပဲ။ တောကောင် တွေ့မှာပဲ။ အဲဒီ တောကောင်တွေကို ကြောက်လန့် နေလို့ မရဘူး။ အဲဒီအတွက် တောရဲ့ အတွေ့အကြုံ တွေကို ကျွန်တော်တို့ သိထား ရမယ်။ တောထဲ သွားတဲ့ အခါမှာ ဆောင်သွား ရမယ့် လက်နက် တွေကိုတော့ အပြည့်အ စုံ ကျွန်တော်တို့ တပ်ဆင် ရမှာပဲ။ အဓိက ပြောချင်တာက နိုင်ငံရေး လောကထဲကို ရောက်လာပြီ ဆိုရင်တော့ အထိ အခိုက် ရှိမှာ၊ ကိုယ့်ကို ပြန်ပြီးတော့ ထိခိုက် ရှမှာကိုတော့ စိုးရိမ်လို့ မရဘူး။ ပြည်သူ အတွက် တကယ် အလုပ်လုပ် ပေးပြီဆိုရင် စိုးရိမ် ကြောင့်ကြ မှုတွေနဲ့ သွားလို့ မရဘူး။ ပြည်သူလူထု နစ်နာ နေတယ်။ ခံစားနေရတယ် ဒီခံစားမှု တွေကလည်း မှန်နေတယ် ဆိုရင် ကျွန်တော်တို့ ရပ်ကို ရပ်ပေး ရမယ်။ ဒီနေရာမှာ နောင်သက်တမ်း ဆိုတာ မျှော်လင့် မထားဘူး။ အဲဒီလို မျှော်လင့် မထား သလို ခေါင်းပေါင်းလေး ပေါင်းပြီး လွှတ်တော်ထဲမှာ ဟိုငြိမ့်ငြိမ့်လေး သွားပြီး လစာလေး ယူပြီး ထိုင်နေ ဖို့လည်း စိတ်မ ကူးဘူး။ ကျွန်တော် လုပ်နိုင် သလောက် ရွေးကောက်ပွဲဝင် ကတည်းက ပြည်သူရဲ့ ၀န်ထုပ် ၀န်ပိုးကို ထမ်းပါ့မယ် ဆိုပြီးဝင်တယ်။ တတ်နိုင်တဲ့ ဘက်က ဆောင်ရွက် ပေးရမယ်။ အဲဒီလို မလုပ်ဘူးဆိုရင် ကျွန်တော် တာဝန် မကျေဘူး။
ညှိနှိုင်းဖြေရှင်းတဲ့ ကိစ္စတွေမှာ သက်ဆိုင်ရာ ဌာနဆိုင်ရာ တွေက ထိထိရောက် ရောက်ဖြေရှင်း မပေးတာဟာ အချိန်ဆွဲ နေတယ်လို့ ယူဆပါသလား။
တချို့ေ နရာတွေမှာ ကျွန်တော် အဲဒီလို ခံစားရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပီပီပြင်ပြင် အချက်အလက်တွေ ခိုင်လုံတယ်၊ တွေ့တယ်။ ဒါပေမဲ့ အဲဒါကို အချိန် ကာလ တစ်ခုကို ဆွဲဆန့် နေတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူလူထုက တကယ်ပဲ လေးစားယုံ ကြည်ရ လောက်တဲ့ အခြေအနေမျိုး ဒီသက်တမ်းမှာ ပေါ်ပေါက်လာ နိုင်ပါ့မလား။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တကယ် ပြင်ဖို့ ဆိုတာတော့ ကြီးမားတဲ့ ပြဿနာပါ။ ရှိနေဆဲ ဖွဲ့စည်းပုံ ဥပဒေမှာ ပေးထားတဲ့ အခြေအနေ ကိုကပဲ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ရာ တော်တော် ခက်ပါတယ်။ အခု ရွေးချယ်ခံရတဲ့ ပုဂိ္ဂုလ်တွေ အားလုံး သဘောတူတာ တောင်မှ ပလတ်စ်ဝမ်း (+ ၁) ကာကွယ်ရေး ဦးစီးချုပ် ကနေ အမည် စာရင်း တင်သွင်းတဲ့ ပုဂိ္ဂုလ် တစ်ယောက် ပါရဦးမယ်။ ဒါတချို့ အရေးကြီးတဲ့ အပိုင်းတွေကို ပြင်တဲ့ နေရာမှာ။ ကျွန်တော်တို့ မြင်တာက ဒီအခြေအနေမှာ အားလုံးက တိုင်းပြည် အတွက် ဆိုတဲ့ စိတ်ကို ဦးတည် စေချင်တယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဘယ်ပါတီ၊ ညာပါတီ၊ တိုင်းရင်းသား ပါတီ ဒီဟာတွေကို ခဏ ဖျောက်ထားလိုက်၊ တိုင်းပြည်အတွက် ရေရှည် အကျိုးစီးပွားကို မှန်မှန်ကန်ကန် ဆောင်ရွက် ပေးနိုင်မယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုကို ကျွန်တော်တို့ နောက်မျိုး ဆက်တွေကို ပြင်ဆင်ပေး စေချင်တယ်။ ပြည်သူတွေ ဘယ်လို အသံထွက်လဲ ဆိုတာ နားစွင့် ရလိမ့်မယ်။ သူတို့ရဲ့ ဆန္ဒကို အလေး ဂရုပြုရ လိမ့်မယ်။ ဒါက အားလုံး လုပ်မှရမှာပါ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲ နေတဲ့ အခြေအနေ ပေါ်မှာရော ဘယ်လောက် အထိ တိုးတက်မှုတွေ ရှိလာ လိမ့်မယ်လို့ သုံးသပ် မိပါသလဲ။
ငြိမ်းချမ်းရေး ဆိုတာ တကယ်တမ်း ပြောရရင် မဖြစ်မနေ လုပ်ရမယ့် ကိစ္စပဲ။ လေသံလေး နဲ့တင် အလုပ်လုပ်လို့ မရပါဘူး။ ကိုယ့်ရဲ့ အတွင်း အဇ္ဈတ္တ မှာရော၊ နှလုံးသား ထဲမှာရော တိုင်းပြည် အတွက် တကယ်ကို အပြောင်း အလဲ၊ နိုင်ငံသားတွေ ဒေသမှာ ရှိတဲ့ ပြည်သူလူထု အကျိုးစီးပွား အတွက် ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဆောင်ရွက် ရမယ် ဆိုတာ အလေးအနက် ထားရလိမ့်မယ်။ ဒီနေရာမှာ အစွဲတွေနဲ့ ပြောလို့မရဘူး။ တိုင်းရင်းသား အစွဲတွေ၊ ပုဂိ္ဂုလ်စွဲတွေ၊ အစိုးရ အဖွဲ့အစည်း အစွဲတွေ ဒါတွေနဲ့ ပြောလို့မရဘူး။ ကိုယ့်အတွက် မပါနဲ့ပေါ့။ အစွဲတွေ မပါနဲ့။ စိတ်စေတနာ မှန်မှန်နဲ့ ဆွေးနွေး သွားမယ် ဆိုရင် အဖြေကောင်း ထွက်လာမှာပါ။ မရစရာ မရှိပါဘူး။
ယခင်က ပါဝင်ခဲ့တဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုတွေ၊ ရွှေဝါရောင် သံဃာ့လှုပ်ရှား မှုတွေနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်လာပုံလေးကို ရှင်းပြနိုင်မယ် ဆိုရင် သိပါရစေ။
၈၈ မတိုင်ခင် ကျောင်းသား လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ ၈၉ မှာ ဒီဖျာပုံ မြို့ပေါ်က ကျောင်းတွေမှာ အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်စာတွေ ကပ်တယ် ဆိုပြီး ခြေချုပ် ၅(၁) (စ၊ဆ) နဲ့ ၂ နှစ် ခြေချုပ် ပြစ်ဒဏ် ပေးတာ ခံရ ဖူးပါတယ်။ အဲဒါပြီးတော့ ရန်ကုန် တက္ကသိုလ် ပြန်တက်တယ်။ ဒေါ်စု နိုဘယ် ငြိမ်းချမ်းရေး ရတော့ ထောက်ခံ ဆန္ဒ ပြကြတယ်။ အဲဒီမှာ ပါဝင် ပူးပေါင်း ဆောင်ရွက်တဲ့ အတွက် ထောင် ၁၀ နှစ် ကျတယ်။ ၁၁/၉၂ နဲ့ ပြန်လွတ်တယ်။ ပြန်လွတ်ပြီး ကျောင်းပြန် တက်ပြီးတော့ ဖျာပုံမှာ ကျူရှင် လုပ်ငန်းနဲ့ အသက်မွေးတယ်။ ကျွန်တော့် အဖေနဲ့ပေါ့။ မှတ်ပုံ တင်တယ်။ အခွန်လည်း ဆောင်တယ်။ အဲဒီ အချိန်မှာ နိုင်ငံရေး ရေချိန် သိပ်ပြင်းထန် နေတဲ့ အခါကျတော့ အဲဒီကာလမှာ ကျွန်တော်က NLD မှာ ဧရာဝတီတိုင်း လူငယ် ခေါင်းဆောင် တာဝန် ယူတယ်။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အစည်းအဝေး တွေမှာ ခြံထဲမှာ အ၀င်အထွက် များတော့ ကျွန်တော့်ကို ကျူရှင် ပုဒ်မနဲ့ တစ်ဘာသာကို ၅၀ ယူတယ် ဆိုပြီး ဆွဲတယ်။ အဲဒီကာလမှာ တစ်ဘာသာကို ၁၀၀၀ ယူတဲ့သူ ၁၅၀၀ ယူတဲ့သူတွေ ရှိတယ်။ ဥပဒေမှာ ၁၀ ပဲယူ ရတယ်။ ထောင် ၃ နှစ်နဲ့ ငွေ ၃ သောင်း ချတယ်။ ဒါမတရားတဲ့ အတွက် ငွေမဆောင်ဘူး။ ထောင်ချ ဆိုတော့ ၃ နှစ်နဲ့ ၉ လ ကျတယ်။ အဲဒါပြီးတော့ ထောင်က လွတ်တယ်။ NLD ဗဟိုလူငယ် အထောက် အကူမှာ တာဝန်ယူတယ်။ ဒေါ်စု စည်းရုံးရေး ခရီးစဉ် သွားတော့ ဒလ ခရီးစဉ်မှာ လမ်းဘေးမှာ ၉ ရက် အိပ်ခဲ့ရတယ်။ ဒါ တားဆီးပြီးထားတာ။ ဒေါ်စု ခြံထဲ ပြန်ပို့ တယ်။ ဒေါ်စု နေအိမ်မှာ အကျယ်ချုပ် တစ်ခဏ နေရတယ်။ အကျယ်ချုပ်ပြီးတော့ မန္တလေး ခရီးစဉ် သွားမယ် ဆိုတော့ ရန်ကုန် ဘူတာကြီးမှာ ကျွန်တော်တို့ကို ဖမ်းပြီး အင်းစိန်ထောင် ပို့တယ်။ အဲဒီမှာ ၄ လ လောက် နေရတယ်။ ပြန်လွတ်ပြီးတော့ အဖွဲ့ချုပ်ရဲ့ တာဝန်တွေကို ပြန်ထမ်း ဆောင်တယ်။ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုမှာ ကျွန်တော်ပါဝင် ပတ်သက်တယ် ပေါ့လေ။ အဲဒီမှာ ထောင် ၆ နှစ်ခွဲ ချတယ်။ ၂၀၁၁ လောက်မှ ပြန်လွတ်တယ်။ ကြားဖြတ် ရွေးကောက်ပွဲ ရောက်တော့ ၀င်ရွေးဖို့ တာဝန် ပေးတယ်။ အဲဒါနဲ့ ဖျာပုံ၊ ဒေးဒရဲမြို့ တွေရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတာပါ။
နန္ဒဇေယျာ


ဒီကနေ့ မြန်မာပြည်မှာ အသွင်ကူးပြောင်းရေးကာလကြွေးကြော်သံတွေထဲမှာ အကျယ်လောင်ဆုံးတစ်ခုကတော့ ”ဖွဲ့စည်းပုံအခြေခံဥပဒေ” နဲ့ပတ်သက်တဲ့ ဝေဖန်ချက်တွေပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတစ်ခုရဲ့ မိခင်ဥပဒေပဲဖြစ်ပြီး အခြားသော အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေ မှန်သမျှရဲ့ အထက်မှာ အာဏာတည်ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံသားများနဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတကိုယ်တိုင် လေးစားလိုက်နာမှုရှိခြင်းဟာလည်း အဲဒိ မိခင်ဥပဒေရဲ့ တန်ဖိုးပါပဲ။ လက်ရှိ မြန်မာ့လွှတ်တော်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အပြင်းအထန်ကို ကြိုးပမ်းနေရတုန်းပါ။

အောက်တိုဘာလ (၃)ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က မေးခွန်းတစ်ခုမေးခဲ့ပါတယ်။ မေးတဲ့မေးခွန်းက ”နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးအချို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄၊ ပုဒ်မ ၂၃၂ (ဋ) တို့နှင့် အညီ တရားဝင်ဆောင်ရွက်ပြီးစီးခြင်း ရှိ၊ မရှိ”ဆိုတာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲလွန်ကာလမှာ အငြင်းပွားရတဲ့ ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ မေးခွန်းနဲ့ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးမောင်ကတော့ အာဏာရပြည်ခိုင်ဖြိုးပါတီမှာ သမ္မတဟာ Responsibility အရ ဥက္ကဌ နေရာကို ယူထားဆဲဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် Responsibility နဲ့ Activity မှာ Responsibility အရသာ သမ္မတဟာ ဥက္ကဌနေရာကို ယူထားခြင်းဖြစ်တယ်။ Activity ပိုင်းဖြစ်တဲ့ ပါတီစည်းရုံးရေးကိစ္စရပ်တွေမှာ မပါဝင်ဘူးလို့လည်း ငြင်းချက်ထုတ်ခဲ့ပါတယ်။ ဒီနေရာမှာ မှတ်ချက်ပြုချင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မိခင်ဥပဒေဆိုတာ မှန်ရင် သမ္မတလည်း လိုက်နာရမယ်။ အုပ်ချုပ်ရေးရဲ့ အကြီးအကဲဖြစ်ပြီဆိုရင် သူ (သို့မဟုတ်) သူမဟာ နိုင်ငံသားအားလုံးကိုပဲ ကိုယ်စားပြုရတော့မယ်။ သူ (သို့မဟုတ်) သူမရဲ့ ပါတီ၊ အဖွဲ့အစည်းကို ကိုယ်စားပြုလို့မရတော့ပါဘူး။ အဲဒိလိုမှမဟုတ်ရင်တော့ အာဏာလက်ဝယ်ရှိနေတဲ့ သူ (သို့မဟုတ်) သူမဟာ ကိုယ်စားပြုရာ ပါတီရဲ့ အာဏာရရေးကိုပဲ ဆက်လက်လုပ်ဆောင်သွားမှာက သေချာသလောက်ရှိနေပါပြီ။ တိုင်းပြည်ကို ကိုယ်စားပြုဖို့၊ တိုင်းပြည်ကို ကောင်းမွန်တဲ့အုပ်ချုပ်ရေးပေးဖို့ထက် သူ့ပါတီအတွက် ကောင်းမွန်ဖို့ကို အရင်လုပ်ဆောင်ဖို့က ဦးစားပေးဖြစ်သွားပါပြီ။

ဒီအတိုင်းသာဆက်သွားရင် ပါတီတစ်ခုကိုပဲ ကိုယ်စားပြုလုပ်ဆောင်တဲ့ အုပ်ချုပ်ရေးစနစ်လွှမ်းမိုးလာရင် ဒီမိုကရေစီ ရှင်သန်ဖို့ ခဲယဉ်းပါလိမ့်မယ်။ တစ်ပိုင်းအာဏာရှင် (Semi-regime) စနစ်မျိုး လွှမ်းမိုးလာပါမယ်။ ဒါ့အပြင် နောင်ခေတ်အဆက်ဆက်တက်လာမယ့် အုပ်ချုပ်သူတွေဟာလည်း ဒီလမ်းဟောင်းအတိုင်း သွားကြရင် တိုင်းပြည်ဟာ တာထွက်မကောင်းတဲ့အပြင် အဆုံးသတ်ပါ မလှဖြစ်သွားနိုင်ပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်လို့က စဉ်းစားစရာ အချက် (၃) ချက် ရှိပါတယ်။

၁) ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ်ပဲ အာဏာတည်ရဲ့လား။

၂) သမ္မတ အစ၊ ကလေးငယ်အဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရဲ့လား။

၃) ပါတီကိုယ်စားပြုမှု၊ ပါတီခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ခြင်း၊ အုပ်ချုပ်ရေး တာဝန်ခံအဖြစ် တာဝန်ယူခြင်းနဲ့ ဥပဒေကို လေးစားလိုက်နာခြင်းတို့အတွက် အဖြေတစ်ခုရှိရဲ့လား။

ဖွဲ့စည်းပုံအခြေခံဥပဒေအရေးအသားနဲ့ပတ်သက်လို့ မြန်မာဘာသာအရေးအသားကသာ အတည်ဖြစ်တယ်လို့ ဖော်ပြထားတဲ့အတွက်ကြောင့် မြန်မာလို ရေးသားဖော်ပြချက်ကိုပဲ အတည်မှတ်ယူသင့်ပါတယ်။ အင်္ဂလိပ်ဘာသာစကားက ဒီလိုဖော်ပြထားလို့ မြန်မာလိုက ဒီလိုသက်ရောက်နိုင်တယ်လို့ လက်တလုံးခြားမပြုမူသင့်ပါဘူး။ ဒါဟာ ဥပဒေကို လက်တလုံးခြား ပြုမူနေခြင်းတစ်မျိုးလို့ပဲ နိုင်ငံသားတစ်ယောက်အနေနဲ့ မှတ်ချက်ချပါတယ်။

(ဒီစာကို ရေးသားရာမှာ ပါတီတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးကို ကိုယ်စားပြုခြင်းမဟုတ်ဘဲ နိုင်ငံသားတစ်ယောက်အနေနဲ့ တရားတဲ့ ဥပဒေတွေ စိုးမိုးဖို့က အရေးကြီးတယ်လို့ မြင်မိတာကြောင့် ရေးသားပါတယ်။)

ငြိမ်းချမ်းမေ


http://thandawsint.files.wordpress.com/2013/09/t-m-y-h-11.jpg?w=235&h=275

နိုင်ငံသူ နိုင်ငံသား အားလုံးနှင့် ရဟန်း သံဃာတော် အားလုံးတို့သည် ယနေ့ ထက်တိုင် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ ဥပဒေများနှင့် ကင်းလွတ်နိုင်ခွင့် မရကြသေးဘဲ စစ်အစိုးရများ လက်တွင်းထဲက အတိုင်းတိုင်း လွတ်လပ်ခွင့် ကင်းမဲ့ နေကြပါသေး၏ . . .
နိဒါန်း
မြန်မာ ကောဇာ သက္ကရာဇ် ၁၃၇၀ ပြည့် နှစ်၊ ကဆုန် လပြည့်ကျော် ၁၀ ရက်၊ (ခရစ်နှစ် ၂၀၀၈ ခုနှစ်။ မေလ ၂၉ ရက်) နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲကြီးဖြင့် အတည်ပြု ပြဋ္ဌာန်း ကြသည်။ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲဖြင့် အတည်ပြု ပြဋ္ဌာန်း ထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ယခုအချိန်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော ပြဋ္ဌာန်းချက် များကို ဥပဒေ များကို ပြင်ဆင် လိုကြသော သူများ အသံ အမျိုးမျိုး ထွက်ပေါ် လာနေ ကြသည်။
ဥပဒေကို ပြင်ဆင်ရန်
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် အတွက်
(က) ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် တင်သွင်းသော အဆိုကို ဥပဒေ မူကြမ်း အဖြစ်ဖြင့် လည်းကောင်း
(ခ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် အဆို တင်သွင်းသော ဥပဒေ ကြမ်းတွင် အခြား အဆိုများ မပါ စေရန် လည်းကောင်း …
(ဂ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ဥပဒေ မူကြမ်းကို ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေ မူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေး ပေးရမည် ဟူ၍လည်းကောင်း
(ဃ) ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပ၍ ဆန္ဒ မဲပေးပိုင်ခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် (ဆန္ဒမဲ ဖြင့်သာ) ပြင်ဆင် ရမည် ဟူ၍ လည်းကောင်း အတိ အလင်း ပါရှိ နေသည်ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ကျပ်တည်းစွာ ခက်ခဲ နေကြမည် ဖြစ်၏။
ခက်ခဲကျပ်တည်း
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ ဆန္ဒမဲ ရမှသာ ပြင်ဆင်ချက်၊ ပြဋ္ဌာန်းချက် ဥပဒေများ လုပ်ဆောင် နိုင်မှာ ဖြစ်သည်ကြောင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ခက်ခဲစွာ ရှိနေပါမည်။ အဘယ်ကြောင့် ဆိုသော် ပြည်ထောင်စု လွှတ်တော်ရောက် အမတ်မင်း လွှတ်တော် ကိုယ်စားလှယ် များသည် ပါတီ ကိုယ်စားပြုသူ များပြားစွာ ပါဝင် နေသောကြောင့် ၇၅ ရာခိုင်နှုန်း ကျော်သော ကိုယ်စားလှယ် ဆန္ဒမဲ ရရန် မလွယ် ကူချေ။ တိုင်းပြည် တာဝန်၊ လူမျိုး တို့၏ တာဝန်ကို ကျေပွန် လိုသူ အမတ်မင်း တွေကသာ လုပ်နိုင် ကြမည် ဖြစ်သည်။
ပြည်သူ့ရန်သူ
ယနေ့ ပြည်သူ တို့သည် ခက်ခဲသော လူမှုရေး၊ စီးပွားရေးများ ကြုံတွေ့ နေရသည်ကြောင့် ဥပဒေကို ပြင်ဆင်ရန် မည်သူမျှ စိတ်ကူး စိတ်သန်း မရှိနိုင် ကြပေ။ နေ့ စဉ်နှင့် အမျှ စားဝတ် နေရေး တို့ဖြင့် လုံးပန်း အားထုတ် ကြိုးစား နေကြ ရသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စတင် ရေးဆွဲစဉ် ကလည်း လွတ်လပ်သောမူ မထားဘဲ သူ့လူ ကိုယ့်လူဖြင့် ပါဝင် ရေးဆွဲ ကြပြီး နှစ်ပေါင်း ၂၀ နီးပါး ကြာခဲ့သည်။ ယခုအခါ ညီလာခံ ကျင်းပရာ သမိုင်းဝင် ညောင်နှစ်ပင် ညီလာခံ အဆောက် အအုံနှင့် ၀င်းကြီး တစ်ခုလုံးလည်း ချုံပုတ် ချုံကြီး အုပ်လျက် အရုပ်ဆိုးကြီး ဖြစ်နေပြီး ရေးဆွဲသော ဥပဒေလည်း ထူးထူး ခြားခြား ကျင့်သုံးမှု မပြု ရသေးဘဲ ပြင်ဆင်မှု ပြုလုပ် ရတော့မည်။ ပြည်သူများ ရေးဆွဲထားသော ဥပဒေသည် ပြည်သူ့ ရန်သူ ကဲ့သို့ ဖြစ်လာသည်။
ဘာသာရေးဆိုင်ရာဥပဒေ
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခြေခံ မူအရ ဘာသာရေး ဆိုင်ရာနှင့် ပတ်သက်၍ အခြေခံ မူတွင် ဤသို့ အတည်ပြု ပြဋ္ဌာန်း ထားသည်ကို တွေ့ရသည်။
““ငြိမ်ဝပ် ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့် တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခြား ပြဋ္ဌာန်းချက် တို့နှင့် သော် လည်းကောင်း၊ မဆန့်ကျင်လျှင် နိုင်ငံသား တို့သည် ဘာသာ သာသနာ ရေးတွင် လွတ်လပ်စွာ ယူဆ နိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ် ဆောက်တည် နိုင်သော အခွင့်အရေး တို့ကို အညီ အမျှ ရရှိ စေရမည်”” [ပုဒ်မ ၃၄ တွင် အတိ အလင်း ပြဋ္ဌာန်း ထားပေးသည်]။
မလိုမုန်းပွားပြုလုပ်ထားသည့် ဥပဒေ
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခန်း (၈)၊ ပုဒ်မ ၃၆၀
(က) တွင် ဘာသာ သာသနာရေး ဆိုင်ရာ ကိုးကွယ် ဆောက်တည် မှုသည် စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ အခြား လောကီ ရေးရာ ဆောင် ရွက်မှု တစ်ခုခုနှင့် ဆက်စပ် နေပါက ပုဒ်မ ၃၄ ပါ ဘာသာ သာသနာရေး ဆိုင်ရာ လွတ်လပ်ခွင့် များတွင် မပါဝင် စေရ ဟူ၍ လည်းကောင်း၊
(ခ) ထိုသို့ ဘာသာ သာသနာရေးနှင့် စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေး များကို ပေးထား သော်လည်း အများပြည် သူအကျိုး ကိစ္စနှင့် ပြုပြင်ရေး ကိစ္စ အတွက် နိုင်ငံတော်၏ ဥပဒေ ပြုခြင်းကို မတားမြစ်ရ ဟူ၍ လည်းကောင်း အတိ အလင်း ပါရှိပေရာ ၂၀၀၈ ခုနှစ် ဥပဒေတွင် နိုင်ငံသားများ ၏ မူလ အခွင့် အရေး ပေးထားသည် ဆိုရာ၌ မည်သည့် အခွင့် အရေးကို ပေးထားသည် ဆိုသည်မှာ ပုဒ်မ ၃၆၀ (က) (ခ) နှင့် ပုဒ်မ ၃၄ တို့ကို လေ့လာလျှင် နိုင်ငံသားများ၏ အခွင့်အရေး ဖြစ်သော ဘာသာရေး ကိုပင် မလို မုန်းပွား ပြုလုပ် ထားသည့် ဥပဒေ ဖြစ်သည်ကို တွေ့ရသည်။
ဆုံးရှုံးနစ်နာခဲ့ရသည်
ထိုဥပဒေမျိုး ကဲ့သို့ ကိုလိုနီ ခေတ်ဦး ကာလက မြန်မာပြည်တွင် ကျင့်သုံး ခဲ့သည်ကို တွေ့ရသည်။ မြန်မာပြည် တရားရုံး များတွင် ဗုဒ္ဓ၀င် ဥပဒေ အရပ်ဆိုင်ရာ (ဘာသာရေးနှင့် ပတ်သက်သော အရပ်ဆိုင်ရာ ဥပဒေများ) မရှိကြ သဖြင့် (သို့မဟုတ်) [ဘာသာရေး ဆိုင်ရာများ ကာကွယ်စောင့် ရှောက်သော ဥပဒေ အရပ်ရပ် ကျင့်သုံးမှု မရှိကြ သဖြင့်] ဘာသာရေး အခွင့် အရေးများ ဆုံးရှုံး နစ်နာ လာခဲ့ ကြရ သည်ကို တွေ့ရသည်။ အထူးသဖြင့် တိုင်းရင်းသား လူမျိုး ဗုဒ္ဓဘာသာ ၀င်များအပေါ် မြန်မာပြည်ရှိ တရားရုံး များတွင် မြန်မာ့ ရိုးရာ အစဉ် အလာ ထုံးတမ်း ဥပဒေ များရှိ ဗုဒ္ဓဘာသာ ၀င်များ ဆုံးရှုံး နစ်နာ ခဲ့ရသည်။
ရန်သူလိုဆက်ဆံ
သမိုင်းစာ အရ AD ၁၉၆၁ ခုနှစ်၊ အောက်တိုဘာ လတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အစိုးရက ဥပဒေ တစ်ရပ် ပြဋ္ဌာန်း၍ လုပ်ချင် နေကြသည်။ ယင်းဆန္ဒ ရှိကြ သော်လည်း ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပုဒ်မ ၂၁ အရ ပြဋ္ဌာန်း ထားပြီး ဖြစ်သောကြောင့် မလုပ်ဖြစ်ခဲ့။ အေဒီ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် နေ့တွင် စစ်တပ်က အစိုးရ အာဏာကို အပြီး အပိုင် သိမ်းယူပြီး ၁၉၄၇ ခုနှစ်၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်း ခဲ့သည်။ စစ်အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် အသိအမှတ် မပြု။ မထောက်ခံ။ ပြည်ထောင်စု ပြိုကွဲမှု အန္တရာယ် ရှိခဲ့သည်ဟု အကြောင်း ပြခဲ့သည်။ ဦးဆောင်မှု မဲ့ခဲ့ကြပြီး တော်လှန်ရေး ကောင်စီ တစ်လျှောက် လုံးတွင် ဗုဒ္ဓဘာသာကို မှေးမှိန်အောင် အစီအစဉ် ကျကျ ဆောင်ရွက် ခဲ့သည်။ ဗုဒ္ဓဘာသာကို နိုင်ငံရေး အရ အသုံးဝင် နေကြောင်း စစ်အစိုးရ ထိပ်ပိုင်း များက သိထား ကြသော်လည်း ရန်သူလို ဆက်ဆံ ထားကြသည်။
နည်းပေါင်းစုံဖြင့် ချုပ်ကိုင်ခဲ့
ထိုစဉ်က စစ်အစိုးရကို ဦးဆောင်သော ပုဂ်္ဂိုလ်သည် ““ တုတ်, တုတ်ချင်း၊ ဓား,ဓားချင်း ””ဟူ၍ ဗုဒ္ဓဘာသာဝင် ရဟန်းတော် တို့ကို စိန်ခေါ်မှု ပြုခဲ့သည်။ ဤသည် မက ““ ရဟန်းတော် တို့သည် ခိုင်မာစွာ ဖွဲ့စည်း၍ အားအင် တောင့်တင်းသည့် အပြင် ဗုဒ္ဓဘာသာသည် စစ်တပ်ကို မလိုလားသည့် သဘော ဖော်ပြ နေခြင်း စသည့် အကြောင်းများ ဖြစ်ကောင်း ဖြစ်မည် ”” ဟူသော အတွေး ဖြင့်လည်း ရဟန်း သံဃာတော် တို့အပေါ်တွင် အန္တရာယ် မကင်း ရှိနေ သည်ကို လေ့လာ တွေ့ရှိ ရသည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး အတွက် လှုပ်ရှား နေသော လူထုထဲတွင် ရဟန်း သံဃာတော်များ ပါဝင် နေသည်ကြောင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင် နေသည်ဟု အထင်တို့ဖြင့် ရဟန်း သံဃာတော် တို့ကို နည်းပေါင်းစုံဖြင့် ဖိနှိပ် ခဲ့သည့် စစ်အစိုးရ တို့၏ လက်ချက်သည် ဆိုင်းငံ့ ခဲ့ခြင်း ဟူ၍ မရှိခဲ့။ သံဃာတော် တို့၏ ၀ိနည်းတော် ပညတ်ချက် လွတ်လပ်ခွင့် ကိုလည်း နည်းပေါင်း စုံဖြင့် ချုပ်ကိုင်ခဲ့၏။
သတိကြီးစွာထားရမည်
အေဒီ ၁၉၆၄ ခုနှစ်၊ ဧပြီလတွင် သံဃာဂိုဏ်း အားလုံး စစ်အစိုးရ ထံတွင် မှတ်ပုံ တင်ရန် အမိန့် ထုတ်ပြန်ခဲ့၏။ ၁၉၇၁ ခုနှစ်က ညွှန်ကြားမှု တစ်ရပ်တွင် ““ခန့်ထားခြင်း ခံရသော ဆရာတော် တစ်ပါး အတွက် သက်ဆိုင်ရာ ဒေသ စစ်ကော်မတီ၏ ပူးတွဲ လက်မှတ် ရေးထိုး ရမည် ””ဟူသော စာချွန် အမိန့်သည် ယနေ့တိုင် အသက်ဝင်မှု ရှိသေးလား ဟူ၍ သံသယ အစဉ် ဖြစ်မိ သေး၏။ အေဒီ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၅၃ တွင် ““တိုင်းရင်းသား တို့သည် မိမိ ကြိုက်နှစ် သက်ရာ ဘာသာ တရား လုပ်ဆောင် ရာတွင် အမျိုးသား စည်းလုံး ညီညွတ် မှုနှင့် ဆိုရှယ်လစ် လူမှု အဖွဲ့အစည်းအား ထိခိုက် နစ်နာမှု မဖြစ် စေရ”” ဟူသော ပုဒ်မကို ထောက်ပြလျှင် တိုင်းရင်းသား အပေါ် တို့ကို သော်လည်းကောင်း၊ ရဟန်း သံဃာတော် တို့ကို လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေး ဆိုင်ရာ ဥပဒေနှင့် မကင်း လွတ်နိုင်ကြရ သေးဘဲ သတင်းပေး ယူသူ တို့၏ စောင့်ကြည့် ခံရသော ပုဂိ္ဂုလ် တို့တွင် ရှိနေ ကြပါ သေးသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄၊ ပုဒ်မ ၃၆၀ (က) (ခ) အရ တို့ ကို လေ့လာ ကြည့်ပြန်လည်း နိုင်ငံသူ နိုင်ငံသား အားလုံးနှင့် ရဟန်း သံဃာတော် အားလုံး တို့သည် ယနေ့ ထက်တိုင် နိုင်ငံတော် ကာကွယ်ရေး ဆိုင်ရာ ဥပဒေများနှင့် ကင်းလွတ် နိုင်ခွင့် မရကြသေးဘဲ စစ်အစိုးရများ လက်တွင်းထဲက အတိုင်းတိုင်း လွတ်လပ်ခွင့် ကင်းမဲ့ နေကြ ပါသေး၏။ အရေးပေါ် ယာယီ ဥပဒေ အရ ၇ နှစ် အထိ အပြစ် ပေးနိုင်သည် ဆိုသည့် ဥပဒေ ကိုလည်း သတိ မူကြ ရပါ သေးသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာကို ဟန်ပြ မြှင့်တင်ရေး၊ သို့မဟုတ် အမျိုးသား လူအင်အား မြှင့်တင်ရေး အတွက် နိုင်ငံရေး အကွက်ချ သမား တို့၏ ၀ါဒပြ လှည့်ကွက် စနစ်ကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၆၁ ကို လေ့လာရင် ဗုဒ္ဓဘာသာဝင် ရဟန်း သံဃာတော်များ သတိ ကြီးစွာ ထားရမည်။
နိဂုံး
နိုင်ငံတော်သည် အသိအမှတ် ပြုထားသော ဘာသာ သာသနာ များကို အတတ် နိုင်ဆုံး ကူညီ စောင့်ရှောက်မှု ပြုမည် မဟုတ်ဘဲ တတ်နိုင် သမျှ ကူညီ စောင့်ရှောက် ပေးမည်”” ဟု ပုဒ်မ ၃၆၃ က ဆိုထားသည်။ အရှင်တို့ ဗုဒ္ဓဘာသာဝင် များသည် နိုင်ငံတော်ကို စောင့်ထိန်းရန် တာဝန် ရှိကြ သူများမှာ ပါဝင် ကြသူ ဖြစ်သည်ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၈၃၊ ၃၈၄၊ ၃၈၅၊ ၃၈၆၊ ၃၈၇၊ ၃၈၈၊ ၃၈၉၊ ၃၉၀ အရ ကိုလည်း သိနားလည် ကြသူများ ဖြစ်ကြသည်။ ယခုအခါ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ များကို ပြင်ဆင်ရန် ကြိုးစား အားထုတ် ကြသော ပုဂိ္ဂုလ်တို့သည် ပြည်လုံးကျွတ် ဆန္ဒ ခံယူမှု မပြုကြဘဲ အမတ်မင်း တို့၏ လိုရာ ဆန္ဒ အတိုင်းကို လွှတ်တော် စက်ဝိုင်း ပေါ်တွင်သာ သံသရာ လည်နေ ကြမည်ဟု ထင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ပြည်ထောင်စု လွှတ်တော်ရောက် အမတ်မင်း တို့သည် လူထု၏ ကျေးဇူးတရားကို အောက်မေ့ ဆင်ခြင် တတ်သော ပုဂိ္ဂုလ်များ မပါ ကြသည် ကြောင့် ဖြစ်သတည်း။

 တောမှီရဟန်း
မြန်မာသံတော်ဆင့်


စိတ်ဝင်စားစရာပါပဲ။ အစပိုင်း နည်းနည်းတော့ ပျင်းဖို့ ကောင်းတယ်။ ဒါပေမယ့် နောက်ပိုင်း အရှိန်ရလာတော့ ... ဖြေတဲ့ လူရဲ့ အကြောင်းပြချက် "ခိုင်လုံသလား၊ မခိုင်လုံဘူးလား" ... ဆိုတာတွေက စိတ်ဝင်စားဖို့ ကောင်းလာတယ်။ အကြောင်းပြချက် မခိုင်လုံဘဲ ... နောက်က တွန်းအားတွေကြောင့် မလုံလို့ (ဇွတ်) ပြောနေရတာမျိုးဟာ ... ရှက်စရာ ကောင်းတယ် ဆိုတာလည်း ပိုပြီး ထင်ရှားလာတယ်။

(အခြားနိုင်ငံက လွှတ်တော်တွေလို ... "ဝူးဝါး" ဆိုပြီး မခိုင်လုံဘဲ ဇွတ်ပြောနေတာကို လှောင်ကြတာလေး ဖြည့်လိုက်ရင်တော့ ... ပိုပြီး ပြည့်စုံသွားမယ် ထင်တယ်။)

(ကိုထိုက်)

YouTubeက Online Video Servicesတွေ ထဲမှာ အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။ YouTubeနဲ့ ပတ်သက်ပြီးတော့လည်း Tricksတွေ အများကြီး ရှိပါတယ်။ ဒီဆောင်းပါးမှာ URL Barကနေ YouTubeကို သင့်အလိုကျ အသုံးပြုနိုင်မယ့် Tricksတွေကို ဖော်ပြလိုက်ပါတယ်။YouTube Videoတွေကို Repeatလုပ်ပြီး ကြည့်ပါ။
YouTubeက Music Videoတစ်ပုဒ်ကို အရမ်းကြိုက်ပြီး Repeatလုပ်ပြီး နားထောင်ချင်ရင် ဒီ Trickကို သုံးပါ။ သီချင်းရဲ့ URL Addressက “Youtube”ရှေ့မှာ “Repeater”လို့ ရိုက်ထည့်ပေးပြီး Enterနှိပ်ပါ။ ဒါဆိုရင် နောက်ဝက်ဆိုက်တစ်ခုကို ရောက်သွားပြီး Videoကို ပြပေးမှာ ဖြစ်ပြီး အလိုလို Repeat လုပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် Videoရဲ့ အစိတ်အပိုင်းတစ်ခုကို ပဲ ရွေးချယ် သတ်မှတ်ပြီး Repeatလုပ်ခိုင်းလို့ ရပါတယ်။ဥပမာ။ Youtube Video URLက ဒီလို ဆိုရင်
youtube.com/watch?v=kfVsfOSbJY0
အောက်မှာလို ပြောင်းပါ။
youtuberepeater.com/watch?v=kfVsfOSbJY0
Videoကို Downloadလုပ်ပါ။
Videoတစ်ခုကို Downloadလုပ်ချင်ရင် URLက “Youtube”ရဲ့ ရှေ့ မှာ “pwn”ကို ဖြည့်ပေးပြီး Enter နှိပ်ပါ။ ဒါဆိုရင် နောက်ဝက်ဆိုက်တစ်ခုကို ရောက်သွားပြီး နှစ်သက်ရာ Video Format နဲ့ Downloadလုပ် နိုင်ပါတယ်။မူလ URL
youtube.com/watch?v=Sagg08DrO5U
ကို ဒီလို ပြောင်းပါ။
pwnyoutube.com/watch?v=Sagg08DrO5U ကြည့်လို့မရတဲ့ Video တွေကို ကြည့်ပါ။
YouTubeမှာ နိုင်ငံကန့်သတ်ချက်နဲ့ ပိတ်ထားတဲ့ Videoတွေ ရှိပါတယ်။အဲဒီ Videoကို ကြည့်ချင်ရင်
မူလ URLwatch?v=IEIWdEDFlQY
ကို ဒီလို ပြောင်းပေးပါ။
/v/IEIWdEDFlQYအချိန် တစ်ခုသတ်မှတ်ပြီး ကျော်ကြည့်ပါ။
Videoတစ်ခုရဲ့ အစပိုင်းကို မကြည့်ချင်ရင် အချိန်သတ်မှတ်ပြီး ကျော်ကြည့်လို့ ရပါတယ်။ Video Playerပေါ်မှာ Right Clickနှိပ်ပြီး “Copy Video URL at Current Time”ကိုနှိပ်ပါ။ နောက် Tabတစ်ခုမှာ ကော်ပီကူးထားတဲ့ URLကို Paste လုပ်ပါ။ URLနောက်ဆုံးမှာ အချိန်ပါလာတာကို တွေ့မြင်ရမှာပါ။ အဲဒီအချိန်ဟာ စက္ကန့်အနေနဲ့ ပြထားတာ ဖြစ်ပြီး သင်ကြည့်ချင်တဲ့ အချိန်ကို ပြောင်းလဲပြီး ကြည့်နိုင်ပါတယ်။

မူလ URLကိုyoutube.com/watch?v=9R6Ibz31DtE
ကဒီလို ဖြစ်သွားပါမယ်။စက္ကန့်ကို ပြင်ပြီး သတ်မှတ်နိုင်ပါတယ်။
youtube.com/watch?v=9R6Ibz31DtE#t=114

မိနစ်၊စက္ကန့်နဲ့ သတ်မှတ်ချင်ရင် ဒီလို ပြောင်းနိုင်ပါတယ်။
youtube.com/watch?v=9R6Ibz31DtE#t=1m30s 
 Related Videos တွေကို Disable လုပ်ပါ။
YouTubeမှာ Videoတစ်ခုကို ကြည့်ပြီးတိုင်း Related Videosတွေကို Video Playerမှာ ပြပေးပါတယ်။ အဲဒီ Related Videoတွေကို မတွေ့ချင်ရင် Video Playerအောက်က Embedက Codeတွေရဲ့ URLနောက်ဆုံးမှာ “?rel=0”ကို ဖြည့်ပေးပါ။မူလ Codeကို
src=”//www.youtube.com/embed/T0-2lzA7_Cg”
ဒီလိုပြောင်းပေးပါ။
src=”//www.youtube.com/embed/T0-2lzA7_Cg?rel=0″
ဒီနည်းကတော့ URLလင့် အနေနဲ့ Address Barမှာ ကြည့်လို့ ရမှာ မဟုတ်ပါဘူး။ Website, Blogမှာ Videoကို Embed လုပ်တဲ့ အခါမှာ သုံးရမှာပါ။Videoရဲ့ 30%ကို ကျော်ကြည့်ပါ။
Videoရဲ့ အစပိုင်းကို ကြည့်ရတာ စိတ်ဝင်စားစရာ မကောင်းရင်တော့ 30%လောက်ကို ကျော်ကြည့်လို့ ရပါတယ်။ URLရဲ့ နောက်ဆုံးမှာ “&wadsworth=1”ကို ဖြည့်ပေးပြီး Enter နှိပ်ပါ။မူလ URL
youtube.com/watch?v=c0KYU2j0TM4
ကဒီလို ဖြစ်သွားပါမယ်။
youtube.com/watch?v=c0KYU2j0TM4&wadsworth=1
စာဖတ်သူ မှတ်ထားရမှာက ဒီ Tricksတွေက Official Google Featuresတွေ မဟုတ်ပါဘူး။ အဲဒီအတွက် အခု အသုံးပြုလို့ ရနေပေမယ့် နောင်တစ်ချိန်မှာတော့ သုံးလို့ ရချင်မှရမှာပါ။

http://ict.com.mm

တစ်ချိန်က မီနီဆလွန်းနှင့် ချယ်ရီကား ပါမစ် ရခဲ့ကြသူ ဂျာနယ် အချို့သည်လည်း ထိုစဉ်က စက်မှုဝန်ကြီး အတွက် ယခုခေတ်တွင် ပြောပေး ရေးပေး နေကြသည်ကို  တွေ့နေရသည်မှာ မဆန်းပေ . . .
p-5 KKS 1အစိုးရ အဖွဲ့ဝင် အချို့နှင့် ကြံ့ခိုင်ရေး ပါတီဝင် အချို့၏ ဒေသခံများ အပေါ်၌ ဖိနှိပ်ပြီး ဖြစ်ပေါ် လာသော ပြဿနာ ရပ်များ ကိုပင် မဖော်ပြဘဲ NLD ပါတီဝင် ပါဝင် ပတ်သက် နေသော ပြဿနာ အချို့ကိုမူ NLD ပါတီဝင်မှန်း သိအောင် သိသိ သာသာ ဖော်ပြရေးသား ပေးနေသော နိုင်ငံပိုင် သတင်းစာ . . .
တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်း တစ်ခု၊ ပါတီ အသင်းနှင့် အစိုးရတို့ ဘက်မှ တစ်ချက် မျှပင် ဘက်လိုက် ရေးသားခြင်း မရှိ ခဲ့ဘဲ မှန်တိုင်း သိတိုင်း ရေးသင့်မှ ရေးခဲ့ သည်သာ ဖြစ်ပါသည်။ မြန်မာသံတော်ဆင့် စာမျက်နှာ ထက်တွင် သတိပေး ရေးသား ထောက်ပြ ဝေဖန် မှုများကို ခံကြ ရသည် ဆိုပါလျှင် အဆိုပါ ပုဂ်္ဂိုလ်များနှင့် အဖွဲ့အစည်း တို့အတွက် ပိုမို၍ ကောင်းစေချင်သော စေတနာဖြင့် ရေးသား သည်သာ ဖြစ်ပါ လိမ့်မည်။ စေတနာ ဆိုးဖြင့် ရေးသား ရပါက အဂတိတရား ပါဝင်၍ ယခင် အစိုးရ လက်ထက် မင်းလိုလိုက် မင်းကြိုက် ရေးသား ခဲ့ကြသော အစိုးရ သတင်းစာ ဆောင်းပါး ရေးသူများ ကဲ့သို့ပင် ခေတ်အပြောင်းအလဲ များ၌ ကိုး-ရိုးကားရား ဖြစ်ပြီး ရပ်တည်ချက် များလည်း ခဏခဏ ပြောင်း၍ မူဝါဒစုံ ရောင်စုံ သတင်းစာကြီး သဖွယ် ဖြစ်နေ ပေတော့မည်။ မြန်မာသံတော်ဆင့် အနေဖြင့်မူ အစိုးရ၊ လွှတ်တော်နှင့် ၀န်မင်းများ အကြိုက် မည်သည့် အခါမျှ မရေးသား ခဲ့သော သမိုင်းကြောင်းကို မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ(၁)၊အမှတ်(၁) မှသည် ယခုတိုင် မှတ်တမ်းဝင် ခဲ့ပြီး ဖြစ်ပါသည်။

တစ်ချိန်က မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့တွင် ပါဝင်ခဲ့သူ အချို့နှင့် ပုဂ္ဂလိက သတင်းဂျာနယ် သတင်းစာ အချို့ ထုတ်ဝေသူ၊ အယ်ဒီတာချုပ် များက ရန်ကုန်မြို့တွင် ရုံးစိုက်၍ ဂျာနယ် ထုတ်ဝေ ရေးများ လည်းလုပ်၊ အစိုးရ ၀န်ကြီး ဌာနများ နှင့် ရန်ကုန်မြို့တော်ဝန် တို့ကို ပူးကပ်ကာ တပ်မတော် အစိုးရ နှောင်းပိုင်း ကာလ တစ်လျှောက် ပါမစ် မျိုးစုံ၊ ကွန်ဒို တိုက်ခန်း စသည်တို့ … ရယူ ထွန်းကား ခဲ့ကြသည်။ မည်သူ မည်ဝါ ဆိုသည်မှာ အာဏာပိုင် ဖြစ်ခဲ့ ကြသော၊ ဖြစ်နေကြသော အဆိုပါ ပုဂ်္ဂိုလ်တို့ အတွက် မကြောက်မရွံ့ ပြောတိုင်း ရေးပေး နေကြသော သတင်းစာ ဂျာနယ် တို့ကို ကြည့်ပါလျှင် အထင်းသား မြင်နိုင် ပေသည်။
တစ်ချိန်က မီနီဆလွန်းနှင့် ချယ်ရီကားပါမစ် ရခဲ့ကြသူ ဂျာနယ် အချို့သည်လည်း ထိုစဉ်က စက်မှု ၀န်ကြီး အတွက် ယခုခေတ်တွင် ပြောပေး ရေးပေး နေကြ သည်ကို  တွေ့နေ ရသည်မှာ မဆန်းပေ။

စိတ်ချမ်းသာချင်ရင် သံတော်ဆင့်မဖတ်နဲ့


ရှေးရှေးသော သတင်းစာဆရာကြီးများ သွန်သင်ချက်အရ အစိုးရအဖွဲ့ဝင်များ၏ ပျော့ကွက်ဟာကွက်များကို
ဒေါက်ထောက်ကြည့်ရှုဝေဖန်ရေးသားပေးနေခြင်းသာဖြစ်ပါသည် . . .

ဒီမိုကရေစီကို ဖော်ဆောင်နေပါသည် ဆိုသော  အစိုးရ၀န်ကြီး ဌာနတစ်ခု အနေဖြင့်  ကားပါမစ် ပေးသော စာရင်းများကို နိုင်ငံပိုင်သတင်းစာမှ ထုတ်ပြန် ကြေညာရန် မေ့လျော့ခဲ့ သည်လော၊ ထိုသို့မဟုတ် ကားပါမစ် ရခဲ့သူများတွင် အများပြည်သူနှင့်အခြေခံလူတန်းစားများကို မသိစေချင်သောသူ များပါဝင်နေသည်လော . . .

မြန်မာသံတော်ဆင့်၏ မူဝါဒ များအရ ပုဂ်္ဂိုလ်ရေး တိုက်ခိုက်စရာ အကြောင်း မရှိပါ။ သတင်းစာ ပညာကို မှန်မှန် ကန်ကန် အသုံးချပြီး ရှေးရှေးသော သတင်းစာ ဆရာကြီးများ သွန်သင်ချက် အရ တိုင်းပြည်၏ မျက်နှာစာ အစိုးရ အဖွဲ့ဝင်များ၏ ပျော့ကွက် ဟာကွက်များကို ဒေါက်ထောက် ကြည့်ရှု ဝေဖန် ရေးသားပေး နေခြင်းသာ ဖြစ်ပါသည်။ သို့မှသာ အစိုးရ အဖွဲ့ဝင်များ ကောင်းသော နိုင်ငံတော်ကြီးတွင် ပျော်ရွှင်သော ပြည်သူများ ဘ၀ ရနိုင်ပေမည်။ လွန်ခဲ့သော တစ်နှစ်ကျော်က အများ ပြည်သူလက်ဝယ် နိုင်ငံတကာ ပေါက်ဈေးထက် အဆ မတန်များသော ချယ်ရီကားနှင့် မီနီဆလွန်းများကို စက်မှုဝန်ကြီးဌာနမှ ပါမစ်ချ၍ ပြင်ပတွင် မတန်တဆ ဈေးများ အမြတ် ရခဲ့ကြသည်မှာ လူနည်း စုပင်ဖြစ်သည်။ ဒီမိုကရေစီကို ဖော်ဆောင်နေပါသည် ဆိုသော အစိုးရ ၀န်ကြီး ဌာန တစ်ခု အနေဖြင့် ကားပါမစ် ပေးသော စာရင်းများကို နိုင်ငံပိုင် သတင်းစာမှ ထုတ်ပြန် ကြေညာရန် မေ့လျော့ ခဲ့သည်လော၊ ထိုသို့ မဟုတ် ကားပါမစ် ရခဲ့ သူများတွင် အများပြည်သူနှင့် အခြေခံ လူတန်းစားများကို မသိစေချင်သော သူများ ပါဝင်နေသည် လောဟု မောင်ရေစက် စဉ်းစား နေမိပါသည်။ သတင်းစာ၊ ဂျာနယ် အချို့တွင် ယခင် စက်မှုဝန်ကြီးနှင့် စက်မှု ညွှန်ချုပ် တို့က ကားပါမစ် ရရှိသူ စာရင်း အချို့ကို နှစ်ကာလကျော် လွန်ပြီး ယခုမှ ပြန်လည် ရှင်းချက် ထုတ်သည်ကို တွေ့ရှိရပါသည်။  သို့သော်လည်း စာနယ်ဇင်း ခရိုနီများနှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများ အတော် အတန်ကား ပါမစ်ရခဲ့သော စာရင်းများ သိရှိခဲ့ပါသည်။ ယခင် အစိုးရ လက်ထက် ပါမစ်စနစ် အရှိန်မကုန်သေးဟု ယူဆရပါသည်။  အခြေခံ လူတန်းစား ပြည်သူများ ကမူ ဓန ရှင် စနစ်ဆိုးများနှင့် ခေါင်းပုံဖြတ် အမြတ်ကြီးစားများ၏ ဒဏ်ကို လှလှပပကြီး ခံစားနေကြရလျက် ပင်ရှိပြီး ““ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု ”” ဆိုသည်မှာ စာထဲ၌ ရှိနေပါ သေးသည်။ ဒီမိုကရေစီကို အလွန်တရာ လိုလား နေသော ပြည်ထောင်စု ၀န်ကြီး အတွက် ပွင့်လင်းမြင်သာမှု လိုနေသေးကြောင်း ကျွန်ုပ်တို့ ထောက်ပြ ဝေဖန် မှုကို အရေး တယူ လိုက်လံ ခေါ်ယူ ဖြေရှင်းမှုများ ဖတ်ရှုရ၍ လေးစားမိပါသည်။

ပြည်ခိုင်ဖြိုး အသင်းကြီး ကောင်းစား စဉ်က အသင်းကြီး၏ ဘုန်းတော်ဘွဲ့များကို မတန်မရာ ရေးသား ဆက်သွင်းပြီး နာယကကြီးနှင့် ဗဟို အလုပ်အမှုဆောင် ၀န်မင်းများ ရှေ့တော်မှောက် မရောက် ရောက်အောင် လမ်းဖောက် သွားခဲ့ကြသူတို့ ကလည်း အစိုးရ၏ သြဇာကို မလွန်ဆန် နိုင်၍ ဆိုလိုဆို၊ မဆိုလို မဆိုဖြင့် ရုပ်ရှင် ဒါရိုက်တာကြီးနှင့် အနုပညာရှင် တချို့သည်ပင်လျှင် ““ခံစားတင်ပြသည်””ဇာတ် ကားကြီးများ ကြံ့ခိုင်ရေး အသင်း နှစ်ပတ် လည်တိုင်း ဂုဏ်ပြုရိုက်ကူး တင်ဆက် ခဲ့ကြခြင်းမှာ ယခုတော့ ၁၉၈၈ အရေးတော်ပုံ (၈၈ အရေးအခင်း) ဇာတ်ကားကြီး စီစဉ်နေကြောင်း၊ ထိုအထဲတွင် စစ်တပ် (ကြံ့ခိုင်ရေးအသင်းကြီး၏ နာယက ကြီးများ ပါဝင်ခဲ့သော)၏ ပြည်သူများအပေါ် မတော်မတရား ဖိနှိပ်မှုများ၊ မဆလအစိုးရ မကောင်းကြောင်းများ ပါမည်ဟု သတင်းများလည်း ထွက်ပေါ် နေခဲ့ရာ ခေတ်အဆက်ဆက် ၎င်းတို့သည်လည်း မူဝါဒစုံ၊ ရောင်စုံ ရုပ်ရှင် သမားကြီး များပင်ဟု မောင်ရေစက်က ထင်မိ ပြန်သည်။

အသင်းကြီးတွင် ပါဝင်ခဲ့စဉ်က ယုံကြည်ချက်၊ ခံယူချက် အပြည့်ဖြင့် အလေးအနက် ကတိသစ္စာ အဓိဋ္ဌာန်များ အကြိမ်ကြိမ် ဆိုခဲ့ကြ ရပြီး အမှန်တကယ် ကွင်းဆင်း သည့်အခါ အောက်ခြေတွင် အားရ ပါးရ လာဘ်စား နေခဲ့ ကြသော၊ ဖြတ်စား နေခဲ့ ကြသော၊ လုပ်စား နေခဲ့ ကြသော၊ လှည့်စား နေခဲ့ ကြသော၊ ပြည်သူများနှင့် မိမိ၏ ကြံ့ခိုင်ရေး အသင်းဝင် များကိုပင် မချန် ခုတုံးလုပ် အမြတ်ထုတ် ခဲ့ကြသော ကြံ့ခိုင်ရေး တာဝန်ရှိ သူများ အပေါ် လွန်စွာမှ စိတ်ပျက် မိပြီး အရွယ် မရောက်ခင် သံဝေဂ ကြီးစွာ ရ၍ ပါတီတို့ အကူးအပြောင်း၌ အသင်း ကြီးကေဒါ ဘ၀နှင့်ပင် ရပ်နား ခဲ့သည် မှာလည်း အမှန်ပင်ဖြစ်သည်။

ထိုထိုသော အကြောင်းခြင်း ရာများကို သိသိရက်နှင့် အရေးယူ ဆောင်ရွက်ခြင်း မပြုဘဲ မဟုတ်မမှန် အင်အား များကို လိမ်လည် စာရင်း ပြခဲ့ကြသော အောက်ခြေ အဆင့်ဆင့် ကော်မတီများ၊ အတည်ပြု လက်ခံသော ဗဟို အလုပ် အမှုဆောင် များကြောင့် နယ်ထိန်း မွေးသော ဒုစရိုက်သမားများ သဖွယ် အောက်ခြေ ကြံ့ခိုင်ရေး ၌ ဒေသခံများအပေါ် မောက်မာ တတ်သည့် ကော်မတီ လူကြီးများ ပွားများလာကာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီကို မရှုမလှ ရှုံးနိမ့်သည်သာ အဖတ်တင်ခဲ့သည်။ မောင်ရေစက် က ထောက်ပြ ဝေဖန် ရေးသားခဲ့သော““အသင်းကြီးတွင် ပါဝင်ခဲ့စဉ်က”” မှတ်တမ်း စာအုပ်ကို ရောင်းမလောက် အောင်ဖြစ်ခဲ့ သည်မှာ ထိုစာအုပ်ထဲတွင် ကြံ့ခိုင်ရေး အဖြစ် ဆိုးများကို အနည်းငယ်မျှ ဝေဖန်ရုံ ဖြင့် စာဖတ် သူများ၊ တစ်ချိန်က ယုံကြည်ချက်၊ ခံယူချက် အပြည့်အ၀ ရှိခဲ့သော ရဲဘော်များက အသင်းကြီး အပေါ်မည်မျှ မချိတင်ကဲ စိတ်ဖြင့် ရှိခဲ့ကြမည်ကို အဆိုပါ စာအုပ်ကို နှစ်သက် အားပေးသော စာဖတ် ပရိသတ်ကို မှန်းဆ၍ သိရှိ ခဲ့ရသည်။

ထိုမှတစ်ဖန် ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌကြီးသို့ အိတ်ဖွင့် ပေးစာ၌မူ ပိုမို၍ အသေးစိတ်သော ကြံ့ခိုင်ရေး အောက်ခြေ၌ အကြီးအကျယ် ဖြစ်ပျက်နေသည် များကို ရေးသားခဲ့ရာ မခံနိုင်သူ ဗဟို အလုပ် အမှုဆောင် များပါ ဆွေ့ဆွေ့ခုန်ခဲ့ ရသည်။ ၎င်းတို့မှ တစ်ဆင့် ဆက်စပ်ရာ အစိုးရ အဖွဲ့ဝန်ကြီး အချို့က ““စိတ်ချမ်းသာချင်ရင် သံတော်ဆင့်မဖတ်နဲ့ ”” ဟူသော စကားရပ် ထွက်ပေါ် လာခဲ့သည်။ ထိုဖြစ် စဉ်များ အတွင်း ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို ဝေဖန်ပြစ်တင် ခဲ့ခြင်း၊ အာဏာရ ပြည်ခိုင်ဖြိုး ပါတီနှင့် တိုင်းအစိုးရ တို့၏  မလျော်ကန်သော လုပ်ရပ် များကို မီဒီယာ များသို့ ဖိတ်ကြား၍ ပွင့်ပွင့်လင်းလင်း အချက်ကျကျ ရှင်းလင်း ပြောကြားခြင်း၊ အစိုးရ သစ်လက်ထက် ပထမဆုံး တောင်းပန်ရသော တိုင်းဒေသကြီး အစိုးရ အဖြစ်သို့ ရောက်၍ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး စနစ်ကို ပီပြင် စေခဲ့ခြင်း၊ ပါတီတွင်း ဒီမိုကရေစီ မရှိသော ဖြစ်ရပ်များကို မြန်မာ သံတော်ဆင့်က ပွင့်ပွင့် လင်းလင်း အမှန်အတိုင်း ရေးသား ထောက်ပြချက် များအပေါ် ဆတ်ဆတ်ခါအောင် နာခဲ့ကြသော ပြည်ခိုင်ဖြိုး ၀ါရင့် ပါတီဝင်များ လည်းဖြစ်၊ အစိုးရ အဖွဲ့ဝင်များ အဖြစ် တာဝန်ယူ နေရသူ များလည်း ဖြစ်ကြ သူများက မြန်မာသံတော်ဆင့်အပေါ် ““ စိတ်ချမ်း သာချင်ရင် သံတော်ဆင့် မဖတ်ကြနဲ့ ”” ဟူ၍ ရယ်သလို မောသလို ပြောနေ ကြသော်လည်း မြန်မာသံတော်ဆင့် ထွက်သည့် နေ့တွင်ပင် ၎င်းတို့က မလွတ်တမ်း ဖတ်ရှုအား ပေးလျက် ရှိကြသည် ကိုတော့ မောင်ရေစက်က ကျေးဇူး မမေ့နိုင်အောင် ဖြစ်ရပါသည်။ ထုထည် ကြီးမားသော စာဖတ် ပရိသတ် များတွင် အမာခံ ပရိသတ်များက လူလတ်ပိုင်း၊ လူကြီးပိုင်း များ၍ မြန်မာသံတော်ဆင့်၏ ရပ်တည်ချက်ကို ပိုမို ယုံကြည် ခိုင်မာ လာစေပြီး ပြည်သူများနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံ နေရသော နေရာ အသီးသီးမှ အစိုးရ အဖွဲ့ဝင်များ၏ လိုအပ်ချက် များကို ပိုမို၍ ဝေဖန် ထောက်ပြ ရေးသား ပေးခြင်းဖြင့်သာ ဖတ်ရှု အားပေးသော အစိုးရ အဖွဲ့ဝင်များ အပါအ၀င် ပြည်သူများကို မြန်မာသံတော်ဆင့်က အပတ်စဉ် ကျေးဇူး ဆပ်နေခြင်း ဟုလည်း ခံယူထား ပါသည်။

၂၀၁၅ ရွေးကောက်ပွဲ နီးကပ် လာသည်နှင့် အမျှ အာဏာရ ပါတီနှင့် အတိုက်အခံ ပါတီတို့၏ ပြိုင်ဆိုင်မှု များလည်း ပြင်းထန် လာသည်သာ ဖြစ်ပါသည်။ မပြောင်းလဲ သေးသော အရာမှာ အစိုးရ၏ နိုင်ငံပိုင် သတင်း စာကြီးသာ ဖြစ်ပါသည်။ ပြည်သူများ၏ အခွန်ဘဏ္ဍာ ငွေများဖြင့် ရပ်တည် နေသော နိုင်ငံပိုင် သတင်းစာသည် ပြည်သူများက အခပေး၍ ထည့်သွင်းသော စီးပွားရေး ကြော်ငြာများကို မျက်လုံး ဒေါက်ထောက် ကြည့်ပြီး အစိုးရအတွက် တည်းဖြတ်ပေး နေရသော တာဝန်သည် လွန်စွာမှ ကြီးလေးလှကြောင်း တွေ့မြင် နေရပါသည်။ မတော်တဆ အထက်မှ မကြိုက်သော အရေးအသား များကို နိုင်ငံပိုင် သတင်းစာ ကြော်ငြာတွင် ထည့်သွင်း ဖော်ပြမိပါက ထုချေလွှာ တင်ကြရသော သတင်းစာတိုက် ၀န်ထမ်းများ အပေါ် လွန်စွာမှ သနား ကရုဏာဖြစ် မိပါသည်။

နိုင်ငံပိုင် သတင်းစာများတွင် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ နောက်ပိုင်း ကြံ့ခိုင်ရေး ပါတီလှုပ် ရှားမှု (ပွဲသတင်း) များကို သိသာသလို၊ မသိသာသလို ဝေေ၀ဆာဆာ ပုံရော၊ စာပါ ဖော်ပြ ပေးနေ သော်လည်း အစိုးရ အဖွဲ့ဝင် အချို့နှင့် ကြံ့ခိုင်ရေး ပါတီဝင် အချို့၏ ဒေသခံများ အပေါ်၌ ဖိနှိပ်ပြီး ဖြစ်ပေါ် လာသော ပြဿနာ ရပ်များ ကိုပင် မဖော်ပြ တတ်သည်မှာ နိုင်ငံပိုင် သတင်းစာ၏ သတင်းစာပညာ တစ်ရပ်ပင်ဖြစ်ပါသည်။ NLD ပါတီ၏  ပါတီဝင် အချို့က ပါဝင် ပတ်သက်နေသော ပြဿနာ အချို့ ကိုမူ NLD ပါတီဝင်မှန်း သိအောင် သိသိသာသာ ဖော်ပြရေးသား ပေးနေခြင်း မှာလည်း နိုင်ငံပိုင် သတင်းစာ၏ သတင်းစာ မူဝါဒဟု ယူဆ ရပါသည်။ (၂၆-၉-၂၀၁၃) နေ့ထုတ် နိုင်ငံပိုင် သတင်းစာကို ရှုကြည့်နိုင် ပါသည်။
မြန်မာသံတော်ဆင့် အနေဖြင့်မူ ကဏ္ဍပေါင်း စုံတွင် ပျော်ရွှင်ဖွယ်ရာများ၊ စိတ်ချမ်းသာစရာ များသာ ရေးသား ဖော်ပြလို ပါသည်။  ဤသို့ ဆိုပြန်လျှင်လည်း မြတ်စွာဘုရား၏ ဘယ်အရာမှ ကောင်းခြင်း၊ ဆိုးခြင်း အမြဲ မရှိသော အနိစ္စ တရားကို လွန်ဆန် သလို ဖြစ်နေ မည်လောဟု သုံးသပ် မိပြန်သည်။ ခေတ်အဆက်ဆက် မတရား ဖိနှိပ် ခံခဲ့ကြ ရသော ပြည်သူများနှင့် အခြေခံ လူတန်းစားများ (ဆင်းရဲသား လူတန်းစား)ဘက်မှ ရပ်တည်ပြီး အာဏာပိုင်များ အပေါ်၊ စီးပွားရေး ခရိုနီများ အပေါ် ဝေဖန်ရေးသား ပြန်လျှင်လည်း လက်ဝဲ ယိမ်းသည်၊ လက်ယာ ယိမ်းသည်၊ လက်ဝဲ ပျက်၊ လက်ယာ ပျက် ဟူ၍ ဝေဖန် ကြပြန်သည်။ အရာအားလုံးကို လျစ်လျူရှု၍ မြန်မာသံတော်ဆင့်ကို တည်ထောင်ရာ၊ ပြန်လည် ထူထောင်ရာ၊ သတင်းစာ ဆရာများက အဂတိတရား ကင်းလွတ်သော၊ စွန့်လွှတ်နိုင်သော စိတ်ဓာတ်ဖြင့် ““အမျိုးဘာသာ၊ ဆင်းရဲချမ်းသာ မရွေး၊ အဖွဲ့အစည်း ပါတီ၊ ခေါင်းဆောင် မရွေး၊ သတင်း အမှန် ဖော်ပြရန်”” သာ ရည်ရွယ်ချက် ထားခဲ့ကြသည်။ မြန်မာသံတော်ဆင့် အမည် နာမ ဆင်းသက်ရာ ရေသောက်မြစ် တစ်ခု ဖြစ်သော သံတော်ဆင့် သတင်းစာ ထုတ်ဝေ ခဲ့စဉ် ကလည်း ““သံတော်ဆင့်သည် သိတိုင်း မှန်တိုင်း ပြောသင့်မှ ပြော၊ ရေးသင့်မှ ရေးသည်။ တိုင်းပြည် အကြိုက် မရေး တိုင်းပြည် အကျိုးသာ ရေးသည် …..””စသော ခံယူချက် သည်သာလျှင် ကျေနပ်ဖွယ်ရာ အတိ ဖြစ်ပေ တော့သည်။
ရေးချင် သလိုရေး၊ ရှင်းချင် သလိုလည်း ရှင်း ….၊ ကိုယ့် လှေကိုယ်ထိုး ရောက်ချင် ရာသာ ရောက်ဖို့ ဆန္ဒအာသီသ၊ ဘယာဒေါသ၊ မောဟ မကင်းကြ သူများ အတွက်မူ မြန်မာသံတော်ဆင့်သည် ““စိတ်ချမ်းသာ ချင်ရင် သံတော်ဆင့် မဖတ်နဲ့ ”” ဟု ဆိုစကား လက်ကိုင် ထားကြ ရုံသာ။
မောင်ရေစက်


မြန်မာ့ကလေးတွေ အဟာရမပြည့်ဝတာမို့ စာသင်ကျောင်းတွေမှာ နွားနို့တိုက်ဖို့ အဆိုတစ်ရပ်ကို ရန်ကုန်တိုင်းလွှတ်တော်မှာ ဦးသိန်းညွှန့်ရဲ့ ပါတီက တိုင်းကိုယ်စားလှယ်တော်တစ်ယောက်က အဆိုတင်သွင်းတယ်၊ ဒါကို ဘက်ဂျက်မရှိဘူးဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေက ကန့်ကွက်တာမို့ အဆိုရှုံးနိမ့်သွားသတဲ့။
ဒီတော့ ထုံးစံအတိုင်း ဆဲချင်ခွင့်ရလို့ မြင်မြင်ရာ ဆဲချင်နေတာမို့ အများပြည်သူရဲ့ ဆဲဆိုသံတွေ ဆူညံပြီးထွက်လာပါတယ်။

မနေ့က သတင်းတစ်ပုဒ်ထဲမှာ သမ္မတကြီးက မြန်မာ့ကလေးငယ်အများစုဟာ အဟာရမပြည့်ဝဘူးဖြစ်နေတယ်၊ ဒီတော့ နိုင်ငံတကာ ကျောင်းတွေမှာလို နွားနို့တိုက်ဖို့လိုလိမ့်မယ်၊ ဒါနဲ့ပတ်သက်ပြီး ကျောင်းတွေမှာ နို့စားနွားတွေမွေးခိုင်းပြီး ကလေးတွေကို တိုက်ကြွေးဖို့တွေးမိတယ်လို့ ပြောတဲ့သတင်း တက်လာပါတယ်။ ဒီတော့ ဆဲသံတွေ ဝေစည်သွားပြန်တာပေါ့။

ဆဲတာက နွားနို့တိုက်ချင်တဲ့ သမ္မတကြီးရဲ့ စေတနာကိုမဟုတ်ဘူး ပြီးတော့ အစိုးရရဲ့ ဘက်ဂျက်မလုံလောက်မှုကိုလည်း ပြည်သူတွေက နားလည်သဘောပေါက်ပါတယ်၊ ဒါဆို ဘာလို့ဝိုင်းဆဲကြသလဲဆိုတော့ သမ္မတကြီးရဲ့ ကျောင်းတွေမှာ နို့စားနွား ၁၀ ကောင်စီမွေးဆိုတဲ့ ခေတ်နဲ့ မလျှော်ညီတဲ့ အကြံကို သဘောမကျကြလို့ပါ။

တကယ်တော့ တစ်နိုင်တစ်ပိုင်ဆိုတဲ့ အတွေးဟာ မ-ဆ-လ ခေတ်က အတွေးဟောင်းဖြစ်ပြီး ဒီတစ်နိုင်တစ်ပိုင်နဲ့ အလုပ်မဖြစ်လို့ မ-ဆ-လ ပါတီ ဇာတ်သိမ်းသွားခဲ့တာ နှစ်ပေါင် အစိတ်တောင်ကျော်ခဲ့ပါပြီ၊ ဒါပေမဲ့ ဒီအတွေးအခေါ်မှာ မြန်မာ့တပ်မတော်မှာ အခုအချိန်အထိ သက်ဝင်နေတုန်းပါပဲ။ ]]စားလို့ရတာအကုန်စိုက် ပိုလျံမှရောင်းတို့၊ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်ဝမ်းကိုယ်ကျောင်း}} တို့လို အဆိုအမိန့်တွေကို အခုအချိန်အထိ အချို့သော တပ်ရင်းတပ်မတွေမှာ ဆိုင်းပုဒ်ကြီးတွေနဲ့ တွေ့နေရဆဲပါပဲ။ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလတွေမှာလည်း တပ်မတော်တပ်ရင်းတပ်မတွေဟာ ဒီလိုပဲ ရပ်တည်ခဲ့ကြပါတယ်။

ဒီလိုရပ်တည်ခဲ့တော့ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာသလဲဆို၊ တပ်ရင်းပိုင် လယ်ကွက်တွေ၊ တပ်ရင်းပိုင် ငါးမွေးကန်တွေ၊ တပ်ရင်းပိုင်အုတ်ဖုတ်လုပ်ငန်းတွေကစပြီး တပ်ရံပုံငွေ စီးပွားရေးလုပ်ငန်းတွေ အလျှိုလျှိုပေါ်လာပါတယ်။ (နောက်ပိုင်းမှာ ကျောက်မိုင်းတွေတွေလို ငါးဖမ်းလုပ်ငန်းတွေလို လုပ်ငန်းတွေ သစ်ထုတ်လုပ်ငန်းတွေ လို လုပ်ငန်းကြီးတွေအပြင် အနှိပ်ခန်းလို ဘီယာဆိုင်လို စီးပွားရေးမှာပါ တပ်ရံပုံငွေအမည်တပ်ပြီး ပါဝင်ပတ်သက်လာပါတယ်၊ ဒါတွေထားပါတော့)

တပ်မတော်သားဟာ စစ်တိုက်ဖို့အတွက် စနစ်တကျ သင်ကြားထားသူတွေပါ၊ စစ်တိုက်ဖို့ ကျွမ်းကျင်သူကို ဝမ်းကြောင်းရမဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ခိုင်းတော့ ကမောက်ကမတွေဖြစ်ကုန်ရော။ ပြီးတော့ ကိုယ့်တပ်ကိုယ် အဆင်ပြေအောင် တာဝန်ယူရလေတော့ တပ်ရင်းမှူးတွေခမျာ ဒဿဂီရိလို ကာလီမာနတ်ဘုရားမလို ခေါင်းတွေ လက်တွေ အများကြီးရှိဖို့လိုလာပါတယ်။ (ဒီကြားထဲ နယ်မြေအုပ်ချုပ်ရေးကိစ္စပါ ရောပြီးတာဝန်ယူရတော့ ပွဲက ပျက်ရော)။ ပိုပြီးအရေးကြီးတဲ့အချက်က ကိုယ့်တပ်ကိုယ် ဖူလုံအောင် တာဝန်ယူရတာမို့ စနစ်ကျတဲ့ ငွေဝင်ငွေထွက်တွေလည်း မဖြစ်နိုင်တော့ဘူး၊ ဒီလိုပဲ တပ်သားလေးတွေနဲ့ ဖြစ်သလိုလုပ်ရတာမို့ ထွက်လာတဲ့ ကုန်ပစ္စည်းအရည်အသွေးကလည်း မမြင့်နိုင်တော့ဘူး။ ဒီလိုနဲ့ အကျင့်ပျက်မှုတွေ တပ်မှူးသူဌေးဖြစ် တပ်သားငမွဲဖြစ်မှုတွေ ပေါ်လာတယ်။

ဆိုလိုတာက စစ်သားဟာ သူ့ရဲ့ မူလအလုပ်မဟုတ်တဲ့ အလုပ်ကို လုပ်ရတာမို့ အဆင်မပြေပါဘူး။ ဘော်လုံးပွဲနဲ့ ဥပမာပြုရရင် ဂိုးတက်သွင်းတဲ့ ဂိုးသမားတွေရှိခဲ့ပေမဲ့ ဂိုးသမားဟာ တိုက်စစ်မှူးမဟုတ်ဘူး။

နွားနို့ကိစ္စကိုဆက်ရရင် ကျောင်းတွေမှာနွားမွေးဆိုရင် ဘာတွေဖြစ်လာမလဲ၊ ကျောင်းအုပ်ကြီးဟာ သူမကျွမ်းကျင်တဲ့ မွေးမြူရေးနဲ့ နို့ထုတ်လုပ်ရေးကိုပါ ပူးတွဲတာဝန်ယူရတော့မယ်၊ ဒီတော့ နကိုယ်ကတည်းက ပညာသင်ကြားရေးကိုသာ ကျွမ်းကျင်သူကို အုပ်ချုပ်ရေးပါ တာဝန်ယူထားရတဲ့အထဲ နွားမြူရေးနဲ့ နို့ထုတ်လုပ်ရေးကိုပါ တာဝန်ယူရတော့ သူ့စွမ်းတဲ့ ပညာသင်ကြားရေးမှာ လစ်ဟင်းမှာမလွဲပါဘူး။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကျောင်းသားတွေကို နွားနို့တိုက်ကျွေးပါတယ်။ ပထမ ပြင်ပ မွေးမြူရေးကုမ္မဏီတစ်ခုကို တင်ဒါခေါ်ပြီး နို့ဝယ်ပါတယ်၊ နောက်ပိုင်း တင်ဒါအစီစဉ်မှာ မသမာမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေ အသံထွက်လာတဲ့အပြင် တင်သွင်းတဲ့ နွားနို့အရည်အသွေးပိုင်းကိုပါ မေးခွန်းထုတ်လာရာက နောက်ဆုံး ပညာရေးဌာက နွားမွေးမြူရေးနဲ့ နို့ထုတ်လုပ်ရေး လုပ်ငန်းကို ထူထောင်ပြီး နွားနို့ထုတ်ပါတယ်။ နောက်ပိုင်း ဒီလုပ်ငန်းမှာ နိုင်ငံတော်ထောက်ပံ့မှုနဲ့ သုတေသနဌာနတွေလည်းရှိတယ်၊ အရည်အသွေးမြင့်တဲ့ နွားနို့တွေထုတ်လုပ်တယ်။ သူ့ဆီက ထွက်တဲ့ နွားနို့နဲ့ နို့မှုန့်တွေကို ကျောင်းတွေကို ဖြန့်ဝေတဲ့အပြင် ကျန်းမာရေးဌာနကိုလည်း ရောင်းချတယ်၊ ပြည်တွင်းမှာလည်းဖြန့်ချီတယ်။ ဈေးကွက်ဒါရိုက်တာနဲ့ဘာနဲ့ ပရောဖက်ရှင်နယ်တွေသုံးပြီး တကယ့် စီးပွားဖြစ် ကုမ္မဏီတစ်ခုလိုပါပဲ။ ပြင်ပဈေးကွက်ကို ဖြန့်တဲ့အတွက် ဝင်ငွေရတော့ အစိုးရထောက်ပံ့မှုအများကြီးမလိုတော့ဘူး။ ပညာရေးဌာနပိုင်ဖြစ်ပေမဲ့ ဒီလုပ်ငန်းမှာ တာဝန်ထမ်းဆောင်သူတွေဟာ ကျောင်းဆရာတွေမဟုတ်ပါဘူး တကယ့်မွေးမြူရေးသမားတွေ တိရစ္ဆာန်ဆရာဝန်တွေကို အသုံးပြုတာပါ။

မြန်မာစကားမှာ`ဒူးနေရာဒူးတော်နေရာတော်`ဆိုတဲ့စကားရှိပါတယ်။ လူတိုင်းဟာ သူ့အသက်မွေးဝမ်းကြောင်းနဲ့သူပါ၊ သူကျွမ်းကျင်ရာ ကျွမ်းကျင်ရာနဲ့ပါ၊ ဒါကို စနစ်တကျအသုံးချနိုင်မှ စီမံခန့်ခွဲအုပ်ချုပ်သူကောင်း ဖြစ်မှာပါ။

ပိုပေါ့လို ဆရာဝန်တွေလဲ ထမင်းစားတာပဲ စပါးစိုက်တတ်ရမယ် လုပ်လို့မရပါ။ ကိုယ်ထူကိုယ်ထ ဆိုတာကို ကန့်လန့်ကာပိတ်ဖို့သင့်ပါပြီ။ လူဆိုတာအများနဲ့နေတဲ့သတ္တဝါပါ။

mokenlay(mmcp)

စစ်အာဏာရှင် ကျွန်ဘ၀ က လွတ်ပြီ လို့ လူထု နဲ့ အတူ ဟစ်ကြွေးခဲ့တယ်။ ဒါပေမယ့် ပြည်သူပြည်သားတွေ ကိုယ်တိုင် ကျွန်ဘ၀ က လွတ်မြောက်ကြောင်း ကျင့်မှ ရမယ်လို့ ဆိုခဲ့တယ်။

လွန်ခဲ့သော ဆယ်လ တိတိ အချိန် ဇန်န၀ါရီလ ၈ ရက်နေ့က အခု လို ဧရာဝတီမြစ်ကမ်းနှဖူးက အောက်ကန်ဇင်းတော ဆိုတဲ့ ရွာလေး ဘုန်းကြီးကျောင်း နံဘေးမှာ တောင်သူလယ်သမားတွေကို စကားပြောခဲ့တယ်။ ဆိုင်းဘုတ် မပါ။ စီတန်း လမ်းလည်း မလျောက်၊ မြေကွက်လပ်လေးမှာ စုပြီး လယ်သမား တို့ ရဲ့ အခွင့်အရေး တွေအတွက် လယ်သမားတို့ စုစည်းညီညွတ်ဖို့။ ယခင် ခေတ်ဟောင်းက အကြောက်တရားတွေ ဖျောက်ပြီး ရိုးသားစွာ ရဲရင့်ကြဖို့ အမှာစကားလေး ပြောခဲ့တယ်။

အခု အဲဒီလို လူထုကို စကားပြောမှုနဲ့ ဆိုပြီး ၁၀ လ အကြာမှ တရားရုံးတင် တရားစွဲဖို့ ရဲစခန်းက ဆင့်စာ လာပါတယ်။

ဘယ်သူ့ကိုမှ လည်း မထိခိုက်၊ ဘယ်သူမှလည်း မနစ်နာ။ နိုင်ငံသား ပြည်သူ လူထုကို နိုင်ငံသား တဦးက အများသက်ဆိုင် တဲ့ ဘုန်းကြီးကျောင်းဘေး မှာ စကားပြောဖို့ တောင် အခွင့်မရှိဘူး ဆိုရင် ဒီနိုင်ငံက ဘယ်နိုင်ငံရေး စနစ်နဲ့ အုပ်ချုပ်နေတာလဲ။

နွားပါးစပ် ခြင်းကြားအုပ်သလို လူတွေရဲ့ ပါးစပ် ကို အုပ်ဖို့ ကြိုးစားတာလားလို့ အဲဒီ ရဲတပ်ဖွဲ့ကို မေးလိုက်ချင်တယ်။

ပုဒ်မ ၁၈ ဆိုတာကရော လူတွေကို နွားလို သဘောထားပြီး ပါးစပ်ကို ထိန်းချုပ်စွပ်တယ်။ ပိုင်ရှင် အလိုကျမှ ခြင်းကြားဖယ်ပေးပြီး ကောက်ရိုးစားခွင့်ပေးမယ့် ထိန်းချုပ်မှုမျိုး ဖြစ်နေတယ်လို့ မြင်တယ်။

ကျနော်တို့ က လူ ဖြစ်တယ်။
ကျနော်တို့ က လူ ဖြစ်တယ်။
ကျနော်တို့ က လူ ဖြစ်တယ်။

၎.၁ဝ.၂ဝ၁၃ ရက်နေ့ ညနေ (၅း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝဘေးအန္တရာယ် (ရေဘေး၊ မီးဘေး၊ လေဘေး၊ စစ်ဘေး) အစရှိသည့် လူမှုအကျိုးပြုလုပ်ငန်းရပ်များအား ပိုမိုထမ်းရွက်၍ ဆောင်ရွက်နိုင်စေရန်အတွက် တိုးတက်သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသား တပ်မတော်မှ DKBA ကလို့ထူးဘောတပ်(မိသားစု) ဗိုလ်ချုပ်စောလားပွယ် (ခ) ဗိုလ် နှုတ်ခမ်းမွှေးနှင့် ဇနီးဖြစ်သူ ဒေါ်နော်ဖေားဝါးသည် အလှူငွေ ၈ဝဝဝဝဝိ/- (ရှစ်သိန်းကျပ်)တိတိအား နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိရာ မြောက်ဒဂုံသို့ လာရောက်လှူဒါန်းခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်နှင့် အသင်းသားများတို့မှ နွေးထွေးစွာ ကြိုဆိုခဲ့ပြီး အသင်း၏ (၁၃) နှစ်တာကာလအတွင်း အများပြည်သူတို့အတွက် ရှေးရှု၍ ကိုယ် ကျိုးမဖက် လုပ်ကိုင်ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ နာရေးကူညီဆောင်ရွက်မှု နှစ်အလိုက်၊ လအ လိုက် ကူညီမှုများ၊ သုခအလင်း-စာကြည့်တိုက်၊ ပညာဒါနသင်တန်းများ၊ သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် သဘာဝဘေး အစရှိသည့် လူမှုဒုက္ခများတို့အား မိမိတို့အသင်းအနေဖြင့် အလှူရှင်များတို့မှ သဒ္ဓါတရား ထက်သန်ယုံကြည်စွာ လှူဒါန်းလိုက်သည့် အလှူငွေများတို့အား လိုအပ်နေသူများထံသို့ စနစ်တကျ ကူညီပံ့ပိုး ပေးဆပ်လျှက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူရှင် များတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့တော့သည်။

ယင်းကဲ့သို့ လှူဒါန်းရသည့် ကုသိုလ်ထူးကြောင့် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာ ရေး၊ သဘာဝဘေးနှင့် လူမှုဒုက္ခများ ခံစားနေရသော ပြည်သူတို့အား ပိုမိုတွင်ကျယ်စွာ ကူညီပေးနိုင်မည် ဖြစ်သဖြင့် အလှူရှင်ဖြစ်ကြသော DKBA ကလို့ထူးဘောတပ်(မိသားစု) ဗိုလ်ချုပ်စောလားပွယ် (ခ) ဗိုလ် နှုတ်ခမ်းမွှေးနှင့် ဇနီးဖြစ်သူ ဒေါ်နော်ဖေားဝါး တို့၏ လှူဒါန်းမှု မြတ်ဒါနကုသိုလ်သည် ပြုသောကောင်းမှု အကြောင်းစုသော် သာယာအေးမြ ဘေးဘယာကင်းလို့ အေးငြိမ်းချမ်းသာ တိုင်ပါစေသော် …. ။



(AFP မှ 4 Oct 2013 ရက်စွဲပါ “US hope for Myanmar constitution in time for vote” သတင်းကို ဘာသာပြန်ဆိုသည်)

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေအစ၊ အဆုံးပြင်ဆင်ရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံ ၂၀၁၅ ရွေးကောက်ပွဲများမတိုင်မှီ အခြေခံဥပဒေကို အချိန်မှီပြုပြင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့တွင် ထုတ်ဖော် ပြောကြားလိုက်ပါသည်။

Burma ဟု သူသိများသည့် မြန်မြန်ဆန်ဆန်ပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံတွင် လွှတ်တော် ကော်မတီ တစ်ရပ်ဖွဲ့စည်းကာ ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးပွဲ မဝင်နိုင်အောင် ထိထိရောက်ရောက် ပိတ်ဆို့ထားသည့် အခြေခံဥပဒေအပေါ် ပြင်ဆင်ချက်များ ရေးဆွဲလျက်ရှိသည်။

“လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွေ အပြည့်အဝလွတ်လပ်မျှတကြောင်း အာမခံနိုင်ဖို့နဲ့ မြန်မာပြည်သူတွေ သူတို့ခေါင်းဆောင်ကို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်စေဖို့အတွက် အခြေခံဥပဒေကို အချိန်မှီ ပြုပြင်ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ ဂျေဆန်ရီဘို့လ် ကပြောကြားသည်။

“မြန်မာနိုင်ငံဟာ ကြီးပွားတိုးတက်မယ့် အလားအလာကို အပြည့်အဝရရှိဖို့အတွက်ဆိုရင် လူနည်းစု အခွင့်အရေး လေးစားမှု၊ တပ်မတော်(သို့)စစ်တပ်အပေါ် အရပ်ဖက်ထိန်းချုပ်မှု၊ နိုင်ငံခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်နိုင်မယ့် နိုင်ငံသားအခွင့်အရေးအစရှိတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ခေတ်မှီ ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ အခြေခံဥပဒေမှုဘောင် တစ်ခုကို လိုအပ်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခင်အပတ်က ကျင်းပသော NLDပါတီ တည်ထောင်သည့်နေ့ အထိတ်အမှတ် အခမ်းအနားတွင် အခြေခံဥပဒေ ပြောင်းလဲရေးကို မေတ္တာရပ်ခံခဲ့သော ဒေါ်အောင်ဆန်းစုကြည်က “ဒီလိုသာ မပြောင်ဘူး ဆိုရင် ကျွန်မတို့ နိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေပြီလို့ ပြောလို့မရပါဘူး” ဟုပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း ထိုစဉ်က တပ်မတော်အစိုးရက အာဏာလွှဲပြောင်းပေးခဲ့ခြင်းမရှိသည့် အပြင်၊ သူမကို အနှစ် ၂၀ နီးပါး အကျယ်ချုပ်ထိန်းသိမ်းထားခဲ့သည်။

ထိုနောက်တွင် အငြင်းပွါးဖွယ် ၂၀၁၀ ရွေးကောက်ပွဲရလဒ်များအပေါ် ပြစ်တင်ဝေဖန်ခံရမှုကို လမ်းကြောင်းလွှဲသည့်အနေဖြင့် အာဏာပိုင်များက သူမကို လွှတ်ပေးခဲ့ပြီးနောက်၊ ၂၀၁၁ မတ်လတွင် အာဏာရလာသော သမ္မတဦးသိန်းစိန် အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်ပြုလုပ် လာခဲ့ရာ၊ အမေရိကန် ပြည်ထောင်စုနှင့် အနောက်အုပ်စုနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ အဆုံးသတ် သွားစေခဲ့သည်။

သို့ဖြစ်ရာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲများသည် တပ်မတော်က အာဏာကို လိုလိုလားလား စွန့်လွှတ်လိုခြင်းရှိ၊မရှိ အပေါ်တိတိကျကျ စမ်းသပ်မှု တစ်ခုဖြစ်လာဖွယ်ရှိသည်။

၂၀၀၈ ခုနှစ် နာဂစ်ဆိုက်ကလုံး ဘေးဒဏ်သင့်ကာလတွင် ကသုတ်ကရုတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုထားသော အခြေခံဥပဒေတွင် ပြည်ပနိုင်ငံသားခံယူထားသော မိသားစုဝင်ရှိသူ မှန်သမျှ သမ္မတလောင်းအရည်အချင်း အကြုံးမဝင်နိုင်အောင် ရေးဆွဲပြဋ္ဌာန်းကာ ဒေါ်အောင်းဆန်းစုကြည်ကို ရည်ရွယ်ပိတ်ဆို့ထားသည်။

အာဏာပိုင်များက ထိုအချက်ကို ရည်ညွှန်းလိုသောကြောင့် ၂၀၁၂ခုနှစ်က ဒုတိယသမ္မတ လစ်လပ်နေရာအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေကို အဆိုပြုလျာထားပြီးမှ ပယ်ဖျက်ခဲ့ကြခြင်းဖြစ် သည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးထားသည်။

Yangon chronicle
Photo..Irrawaddy