10/06/13


ယခုရက်ပိုင်း အွန်လိုင်းတွင်တွေ့ရှိနေရသော အခြေခံဥပဒေပြင်ဆင်ရေးအဖွဲ့ချုပ်သဘောထားများဆိုသည်မှာ
ယခုလက်ရှိအဖွဲ့ချုပ်အခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှထုတ်ပြန်ထားခြင်းမဟုတ်ပါ။ အခြေခံဥပဒေတွင်ပြင်ဆင်သင့်သောအချက်များကို အဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားပါတီများနှင့်ဆွေးနွေးခြင်း၊ ပြည်သူ့သဘောထားများရယူခြင်း၊အဖွဲ့ချုပ်အတွင်းဆွေးနွေးနေခြင်းစသည့်အဆင့်တွင်သာရှိနေပါသေးသည်။အဖွဲ့ချုပ်သဘောထားကိုတရားဝင်ထုတ်ပြန်ရာတွင် ပြည်တွင်း၊ပြည်ပသို့တရားဝင်ကြေညာချက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီသည် မိမိတို့အဖွဲ့ချုပ်၏ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်
print media အဖြစ် ဒီလှိုင်းစာစောင်ကို အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ဝေလျက်ရှိပါသည်။ ထို့ပြင် online media အဖြစ် www.nldburma.orgကိုတည်ထောင်ထုတ်လွှင့်လျက်ရှိပါသည်။ ဆိုရှယ်မီဒီယာဆိုက်အဖြစ်လည်း https://www.facebook.com/pages/National-League-for-Democracy/199678676714208 နှင့် https://www.facebook.com/InfoNLD ကိုဖွင့်လှစ်ထားပါသည်။
အထက်ဖေါ်ပြပါ စာစောင်နှင့်ဝက်ဘ်ဆိုက်များတွင်သာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏တရားဝင်တင်ပြချက်များကိုထုတ်ပြန်သွားမည်ဖြစ်ပါသည်။
အဖွဲ့ချုပ်ပြန်ကြားရေးဌာန၏လိုအပ်ချက်များကို ယခုထက်ပိုမိုကောင်းမွန်အောင်လည်း ဆက်လက်အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။ ဝေဖန်အကြံပေးသူများအားအထူးပင်
ကျေးဇူးတင်ရှိပါသည်။
လေးစားစွာဖြင့်
ကြည်တိုး
ဗဟိုပြန်ကြားရေး



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်း၍ အသစ်ပြန်လည်ရေးဆွဲမည်ဆိုပါက နိုင်ငံတော် နှင့် နိုင်ငံသားများအတွက် အလွန်အန္တရာယ်များပြီး မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ယင်းသို့ ဆောင်ရွက်မည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများကို ပြည်သူများကသာ ခံစားရမည် ဖြစ်သောကြောင့် သတိပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း အောက်တိုဘာ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သတ်သည့် ကြေညာချက်တွင် ထည့်သွင်းထား သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်သင့်ပြင်ထိုက်သော ပုဒ်မများ၊ အကြောင်းအရာ များကို ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ သို့ တင်ပြသွားမည်ဖြစ်ပြီး ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ပြည်သူများက အကြံပြုချက်များ ပေးပို့နိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ၎င်းတို့၏ သဘောထားကို ချပြခဲ့သည်။

“ကျွန်တော့အမြင်ပြောရရင်တော့ အခြေခံဥပဒေမှာက ပြင်ဆင်နိုင်တဲ့ ပုဒ်မတွေဘဲ ပြဋ္ဌာန်းထားတယ်။ အသစ်ရေးနိုင်တဲ့ ပုဒ်မတွေပြဋ္ဌာန်းမထားဘူး။ နောက် ပုဒ်မ ၂၀ (စ) မှာလည်း တပ်မတော်က အခြေခံဥပဒေ ကို စောင့်ရှောက်ဖို့အတွက် အဓိကတာဝန်ရှိတယ်လို့ ဆိုထားတော့ အသစ်ပြန်ရေးမယ်ဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နှောင့်နှေးသွားမယ်လို့ ပြည်သူကို သတိပေးတာလို့ဘဲမြင်တယ်”ဟု ၎င်း၏ သဘောထားကို ပြောသည်။

တပ်မတော်အစိုးရဦးဆောင်ကာ ဆယ်စုနှစ်တစ်ခုကြာ အချိန်ယူပြီး ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီခြင်း၊ တိုင်းရင်းသားလူမျိုးများအတွက် အကာ အကွယ်ပေးမှု နည်းပါးနေခြင်းတို့အပြင် လွှတ်တော်တွင် ပြင်ဆင်မည်ဆိုပါကလည်း အခက်အခဲများရှိနေ သောကြောင့် အသစ်ပြန်ရေးဆွဲရေးကို တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) က သဘောထားထုတ်ပြန်ထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံကိမြင်တဲ့ အခါမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင် စု ကို တည်ဆောက်နိုင်ရင် အသစ်ဘဲရေးရေး၊ အဟောင်းဘဲပြင်ပြင် ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ သဘောထားလည်းပါဖို့ အရေးကြီးတာကြောင့် လွှတ်တော်ပြင်ပက ပြင်ဖို့လိုပါမယ်” ဟု UNA တွင်ပါဝင်သော ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို လွှတ်တော်တွင် ပြင်ဆင်မည်ဆိုပါက လွှတ်တော်အတွင်း အင်အားကြီး ပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များ ရှိနေခြင်းကြောင့် ၎င်းတို့၏ အကျိုးစီးပွားကို အကာကွယ်ပြူထားသည့်အချက်များကို ပြင်ဆင်မည်ဆိုပါက ယင်းတို့မှ ကန့်ကွက်လာနိုင် သည့်အခြေအနေများ ပေါ်ပေါက်လာနိုင်ကြောင်း ဒီမိုကရေစီအင်အားစုများက ပြောကြားထားသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဖွဲ့စည်းပုံအခြေခံအသစ် ရေးဆွဲရေး (သို့) ပြင်ဆင်ရေးဆွဲရေးကို ဆွေးနွေးရာတွင် တိကျသော ဆုံးဖြတ်မှုမပြုလုပ်နိုင်သဖြင့် ပြည်သူလူထု၏ သဘောထားဆန္ဒကို ကောက်ယူသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

Yangon chronicle

“တောင်းမှာအကွပ် လူမှာအဝတ်”လို့ ရှေးလူကြီးတွေက ဆိုရိုးစကားပြုခဲ့တယ်။ တကယ်လည်း အဲဒီဆိုရိုးစကားအတိုင်းပဲ လူတစ်ယောက်ရဲ့ဝတ်စားဆင်ယင်မှုကိုကြည့်ရင် သူ့ရဲ့ အဆင့်အတန်းကို ယေဘုယျအားဖြင့် ခန့်မှန်းနိုင်တယ်။ ဒီနေရာမှာ ချွင်းချက်တွေလည်း ရှိနိုင်တာမို့ ယေဘုယျလို့ပြောလိုက်တာ။

ကျနော်တို့ ငယ်ငယ်ကနဲ့ ဆယ်ကျော်သက်ဘဝက ဝတ်စားဆင်ယင်မှုကိုကြည့်ရင် အဲဒီခေတ်က မီဒီယာတွေကတစ်ဆင့် မြင်ရ၊ တွေ့ရတဲ့ နာမည်ကြီး ရုပ်ရှင် မင်းသား၊ မင်းသမီး၊ အဆိုတော်တွေရဲ့ ဝတ်စားဆင်ယင်မှုကို အတုခိုးပြီး ဝတ်ကြတာကလား။ ငယ်ငယ်က ကျော်ဟိန်း သိပ်နာမည်ကြီးနေတဲ့ ကာလကို သွားသတိရတယ်။ ကျော်ဟိန်းက ဇာတ်ကားတစ်ကားမှာ စစ်အင်္ကျီကို လက်ခေါက်ပြီး အပြင်ထုတ်ဝတ်တော့ အဲဒီခေတ်က ကျွန်တော့် လူငယ်တွေ သူ့အတိုင်း လိုက်ဝတ်လိုက်ကြတာ။ စစ်အင်္ကျီတွေတောင် ဈေးတက်ကုန်တယ်။ “မောင့်အချစ်သီရိ” ဇာတ်ကားမှာ မျက်နှာမှာ သနပ်ခါး ပါးကွက်ကြီးနဲ့ ကြောင်ကြောင်ကျားကျား အင်္ကျီတွေဝတ်တော့လည်း လိုက်လုပ်ကြပြန်ရော။ တချို့ဆို “ဟိုကားထဲမှာ ကိုကျော် နှပ်ညစ်တာ မိုက်တယ်”ဆိုပြီး သူ့အတိုင်း လိုက်ညှစ်တဲ့သူတောင်ရှိတယ်။ ဇာတ်သဘင်လောကက ချစ်ဖွယ်တို့၊ ရုပ်ရှင် ဇာတ်ပို့ အောင်ခိုင်တို့ဆို ကျော်ဟိန်း ပုံစံအတုခိုးပြီး သရုပ်ဆောင်ကြတာပေါ့။

ကျနော်တို့ သိပ်ငယ်သေးတဲ့ ကလေးပေါက်စ အရွယ်ကတော့ စာရေးဆရာ၊ အဆိုတော၊် ရုပ်ရှင်မင်းသား ဝင်းဦး ခေတ်။ ဝင်းဦး ပုံစံ ဘော်ဒီတောင့်အောင် အလေးမကစားပြီး ကိုယ်တိုင်းနဲ့ချုပ်ထားတဲ့ အင်္ကျီလက်တိုကို အနားခေါက်တင်၊ ဆံပင်ကို အမောက်ထောင်၊ နှုတ်ခမ်းမွေးစစထား၊ အပေါ်ကျပ် အောက်ကား ဘောင်းဘီရှည်ဝတ်ထားတဲ့ လူငယ်တွေ အများကြီးပေါ့။ ဝင်းဦးနောက်မှာ ဇော်ဝမ်းနဲ့ ကျော်ဟိန်း။ နောက်တော့ ကျော်သူ၊ စိုးသူ။ ကျနော်တို့ ၉ တန်း၊ ၁၀တန်း ကျောင်းသားဘဝက ကျော်သူ၊ စိုးသူ သိပ်နာမည်ကြီးတော့ သူတို့ ပုံစံ ဆံပင်ကေ၊ သူတို့ ဝတ်တဲ့ အဝတ်စားစတိုင်လ်၊ သူတို့ တပ်တဲ့ မျက်မှန်စသဖြင့် လိုက်လုပ်ကြတယ်။ ကျော်သူက ဇာတ်ကားတစ်ကားမှာ သိုးမွှေးလွယ်အိတ်ကြိုးကို ထုံးလွယ်ပြီး ပုဆိုးခြေသလုံးတစ်ဝက်ပေါ် တိုတိုဝတ်တော့ ကျနော်တို့လည်း ဘာပြောကောင်းမလဲ လွယ်အိတ်ကြိုးကို တက်ညီလက်ညီ ထုံးလွယ်ပြီး ပုဆိုး တိုတို လိုက်ဝတ်ကြတော့တာပေါ့။ အဲဒီတုန်းက နောက်စရာ စကားလုံးတစ်လုံးတောင် အတော်ခေတ်စားပြီး မသိသေးတဲ့သူတွေ အတော်ခံလိုက်ရသေးတယ်။ “ ဟာ ဒီကောင်က ကျော်သူဆိုဒ် ကွ” လို့ပြောရင် မသိတဲ့သူက ကော်လာတွေ ဘာတွေ ထောင် ရင်ကော့ပြီး ငါကွ လုပ်တာပေါ့။ ပြောတဲ့သူတွေက ဝိုင်းဟားပြီး ပြောင်းပြန်လှန် ပြောတော့မှ ရှက်ပြီး ဆဲတော့တာပဲ။ အဲဒီကာလတွေမှာ ကျော်သူ၊ စိုးသူတို့လို ဆံပင် ခလယ်ခွဲတဲ့သူတွေ သိပ်များခဲ့တယ်။

သတိရလို့ ထူးခြားတာ တစ်ခုသွားသတိရမိသေးတယ်။ ကျနော်တို့ ငယ်ငယ်က ပန်းချီကိုကိုဝင်းရဲ့ နေကျောက်ခဲ ရုပ်ပြဇာတ်လမ်းတွေ တော်တော်ကြီးကို ခေတ်စားတယ်။ အဲဒီစာအုပ်ကို စာအုပ်အငှားဆိုင်တွေမှာ လေးငါးအုပ်ဝယ်တင်ပြီး ငှားရတဲ့အထိ လူကြိုက်များတယ်။ အဲဒီရုပ်ပြစာအုပ်ထဲက ဇာတ်ကောင် နေကျောက်ခဲ ဆိုရင် အပြင်မှာ တကယ်ရှိသလိုလိုတောင် ထင်ယောင်ထင်မှား ဖြစ်တဲ့အထိ ကြိုက်ကြတာ။ နေကျောက်ခဲကလည်း ဆံပင်အလယ်ခွဲနဲ့ဆိုတော့ ငယ်ငယ်က အတန်းထဲမှာ ဆံပင်အလယ်ခွဲလာရင် နေကျောက်ခဲကေ လို့တောင် ပြောတဲ့အထိ ကျော်ကြားခဲ့တာ။ ထားပါတော့လေ။ ဒါတွေ ပြောနေရရင် အတော်ပေရှည်သွားမယ်။
ပြောချင်တာက ဒီကနေ့ အနုပညာရှင်လို့ ကိုယ့်ကိုယ်ကိုယ် နာမည်ခံထားသူတချို့ရဲ့ ဝတ်စားဆင်ယင်မှုကိုပါ။ အနုပညာဆိုတဲ့ နာမည်က တကယ်တော့ အတော်ကို လေးနက်ပြီး တန်ဘိုးထားအပ်တဲ့ စကားလုံးပါ။ တကယ့်ကို အနုပညာမြောက်လက်ရာ၊ ဖန်တီးမှု၊ အတတ်ပညာတွေ ပိုင်ဆိုင်ထားတဲ့သူတွေကိုမှ လေးလေးစားစား ဂုဏ်တင်ပြီး ခေါ်တဲ့ နာမည်မျိုး။ ဒီဘက်ခေတ်မှာတော့ အနုပညာရှင်ဆိုတာကို ပေါပေါပဲပဲဖြစ်အောင် လုပ်သလိုဖြစ်နေတယ်။ ရှိုးပွဲ တစ်ခုနှစ်ခုလောက်လျှောက်၊ ကိုယ်နဲ့ ကိုယ့်မိသားစု၊ သူငယ်ချင်းလောက်ပဲ နားထောင်တဲ့ တေးစီးရီးထုတ်၊ ရုပ်ရှင်၊ ဗီဒီယို တစ်ကားနှစ်ကားလောက်မှာ ဖြတ်လျှောက်လောက်ပါဖူးရုံနဲ့ အနုပညာရှင်ဘွဲ့ခံနေကြတာလေ။ တချို့ဆို မောင်နဲ့ နှမ၊ သားနဲ့ အမိ မကြားဝံ့မနာဖွယ်ရာ စကားလုံးအညစ်အပတ်၊ အညှီအဟောက်တွေကို သံစဉ်မပီမပြင် ဆိုချင်သလိုဆို၊ ပရိုဂရမ်စက်တီးလုံးတွေနဲ့ အော်ဟစ်ထားတာတွေကို သီးချင်းနာမည်ခံပြီး အဆိုတော် နာမည်ယူထားသူတွေရှိသေးတယ်။ နာမည်မှည့်တာကိုကြည့်အုံး။ ဦးနှောက်အဆံချောင်ပြီး ကျပ်မပြည့်တဲ့သူတွေကို ခေါ်တဲ့ နာမည်မျိုး။ အဲလို ဂျလေဘီတွေက အနုပညာရှင်နာမည်ခံနေတော့ စဉ်းစားသာကြည့်။

အနုပညာရှင် အမည်ခံ အမျိုးသမီးတွေကြည့်တော့လည်း သိပ်မထူးဘူး။ မတို တိုအောင်ဝတ်၊ မပေါ့ပေါ်အောင် ဖော်၊ မကော့ကော့အောင် ကော့ပြီး ရာဂစိတ်မကြွကြွအောင် ဆွတဲ့ ပုံတွေနဲ့ မျိုးဆက်သစ်တွေကို အလွဲလမ်းပြနေကြတယ်။ အဲဒါတွေကို မီဒီယာမျိုးစုံက မြင်ပါများတော့ ဆယ်ကျော်သက်တွေ၊ လူငယ်တွေ အတုယူတာ ဘာဆန်းလဲ။ အရင် ဆင်ဆာရှိခဲ့တဲ့ ကာလမှာတောင် လူထုအတွက် တန်ဘိုးရှိ၊ အကျိုးရှိတဲ့ စာတွေကိုတော့ ခုတ်ထစ်၊ ဖြတ်တောက်ပစ်ပြီး မျက်စိပိတ်အောင်လုပ်ပေမဲ့ ကော့်ကော်ကံကားတွေကျ နည်းမျိုးစုံနဲ့ လွတ်ထွက်နေခဲ့တာ။ တီဗီမှာလာတဲ့ စုံတွဲ တေးသရုပ်ဖော် ကြော်ငြာအားလုံးနီးပါး လူထုဒေါ်အမာစကားနဲ့ ပြောရရင် လင်မယားနှစ်ယောက် ဆိတ်ကွယ်ရာမှာ နေကြသလိုတွေချည်း။ အဲတော့ ဘာဖြစ်လဲ လူမြင်ကွင်း ဘတ်စ်ကားပေါ်မှာ၊ စားသောက်ဆိုင်မှာ၊ ကော်ဖီဆိုင်မှာ၊ ကျောင်းခန်းထဲမှာ၊ ပန်းခြံထဲမှာ၊ လမ်းပေါ်မှာ ခွေးဇာတ်မခင်းရုံတမယ်(ဒီနေရာမှာ စကားလုံးရိုင်းသွားရင် ခွင့်လွှတ်ပါ) ပြုမူနေကြတဲ့ ဆယ်ကျော်သက်အတွဲတွေ ငယ်ငယ်ကတည်းက ကြော်ငြာဆိုရင် ဒါပဲမြင်ခဲ့ရတာလေ။ အဲတော့ အတုမြင်အတတ်သင်ဖြစ်ကုန်တော့တာပေါ့။ လူငယ်တွေအလွဲလမ်းပြသလိုမဖြစ်အောင် ဒီကနေ့ ရုပ်ရှင်၊ ဂီတ၊ ဗီဒီယိုနယ်ပယ်လောကသားတွေမှာ တာဝန်ရှိတယ်။ သူတို့တတွေနဲ့ အနီးကပ်ရှိပြီး ဆိုဆုံးမရမယ့် လူကြီးမိဘ၊ ဆရာ၊ ဆရာမတွေမှာလည်း တာဝန်ရှိတယ်။ ဆယ်ကျော်သက်တွေ၊ လူငယ်တွေ အပြစ်မဟုတ်ဘူး။ သူတို့ အတုမြင်အတတ်သင်လေ။

အဲဒီအတွေးနဲ့ ဒီနေ့ထုတ် တနင်္ဂနွေ သတင်းစာအတွက် ပေါ့ပေါ့ပါးပါး “ အယ်ဒီတာ့စကား” ရေးဖြစ်တယ်။ ဝေဖန်ဖို့ နဲ့ ဆင်ခြင်သတိထားမိကြဖို့ပါ။

ယဉ်ယဉ်ကျေးကျေး ခေတ်မီပါ

သာမန်အားဖြင့် လူတိုင်း ကြားနေကျ စကားလုံးတစ်ခုက ယဉ်ကျေးပါ ဆိုတဲ့စကား။ ကျွန်တော်တို့တစ်တွေ အမြဲလိုလို ထည့်ပြောနေကြတဲ့ ပြောပါ၊ ဆိုပါ၊ နှုတ်ဆက်ပါ၊ သွားပါ၊ လာပါ၊ နေပါ၊ ထိုင်ပါ၊ ဝတ်ပါ၊ စားပါ စတဲ့ စကားလုံးတွေ ရှေ့မှာလည်း ယဉ်ယဉ်ကျေးကျေးဆိုတဲ့ နာမဝိသေသန ပါနေတယ်။

အဲဒီအထဲမှာ ဒီကနေ့ လူပြောအများဆုံးနဲ့ စကားတစ်ခွန်းမှ မပြောရဘဲ မြင်သာထင်သာ အရှိဆုံးက ဝတ်စားဆင်ယင်မှုလို့ ပြောရမယ်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ လူကြီးမိဘ၊ ဆရာတွေက ဘယ်အရပ်၊ ဘယ်လမ်းကို ဘယ်အဝတ်အစားနဲ့ သွားရ၊ လာရတယ်ဆိုတာ လက်ဆင့်ကမ်း သင်ပေးတယ်။ မင်္ဂလာယူတဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေဆို ဘယ်လိုအရောင်၊ ဘယ်လိုပုံစံ ဝတ်သင့်တယ်၊ ပူဆွေးဝမ်းနည်းတဲ့ လူမှုရေး ကိစ္စတွေဆို ဘယ်လို၊ ပျော်ပွဲ၊ ရွှင်ပွဲဆိုရင် ဘယ့်နှယ်၊ အထိမ်းအမှတ် အခမ်းအနားတွေဆိုရင် ဘယ်ပုံ၊ ဈေးသွားဈေးလာ၊ ထသွားထလာဆို ဘယ်နည်း၊ တက္ကသိုလ်၊ ကောလိပ်တက်ရင် ဘယ်အဆင့်၊ အလုပ်ခွင်ကိုသွားရင် ဘယ်အသွင် စသဖြင့် လမ်းညွှန် ဆုံးမလေ့ရှိတယ်။ တမင်သက်သက်ကြီး စာရင်းချပြီး ဘယ်နေရာ ဘာဝတ်လို့ ပြောတာမျိုး မဟုတ်ဘဲ ကြုံကြိုက်တဲ့အခါ ပြောဆိုဆုံးမတာမျိုးကို ပြောတာ။

ဒီဘက်ကာလမှာတော့ အရင်က လူကြီးမိဘ ဆိုဆုံးမခံခဲ့ရသူတွေ ကိုယ်တိုင် လူကြီးမိဘနေရာ ရောက်လာကြပြီလို့ ဆိုရမလားပဲ။ သူတို့ရဲ့ နောက်မျိုးဆက်ဖြစ်တဲ့ သား၊ သမီး၊ တူ၊ တူမတွေကို ဘယ်လိုများ ဆုံးမပဲ့ပြင်ပေးနေကြလိမ့်လို့ စောကြောမိတယ်။

မင်္ဂလာဆောင် ပွဲတချို့မှာ အပေါ်ပိုင်း လည်ဟိုက်၊ အောက်ပိုင်း ပေါင်ရင်း မရှိတရှိ၊ အပေါ်အောက် ဆက်ရက်၊ ခန္ဓာကိုယ်နဲ့အတိ ခပ်ကျပ်ကျပ် ဝတ်စုံနဲ့ ပွဲတက်တဲ့ မိန်းကလေးတချို့၊ အနက်ရောင်ဝမ်းဆက် လူငယ်တချို့၊ အရိုးခေါင်းပုံတွေပါတဲ့ တီရှပ်အနက်ရောင် ဝတ်ပြီး သေးသွယ်တဲ့ ခြေသလုံးလေးတွေနဲ့ အံကျ၊ တင်ပါးပြုတ် ဂျင်းဘောင်းဘီ အကျပ်ဝတ် လူငယ်တချို့ မကြာခဏ တွေ့လာရတယ်။

တစ်ခါတလေ ဘုရားပေါ်မှာနဲ့ လူစည်ကားရာ ရှော့ပင်းစင်တာတွေမှာ ကိုယ့်ရင်ဘတ်က အင်္ဂလိပ်လို ဘန်းစကား စာသားတွေကိုရော လက်ချောင်းထောင်ထားတဲ့ ဒီဇိုင်းနဲ့ တီရှပ်တွေကိုပါ ညစ်ညစ်ပတ်ပတ်တွေ ပြောမှန်းမသိ၊ ဆဲမှန်းမသိ၊ ဘာမသိ၊ ညာမသိဝတ်ပြီး လမ်းသလားနေတဲ့ လူငယ်တွေလည်း တွေ့ရတယ်။ တချို့ဈေးတွေမှာ ညဝတ်အင်္ကျီနဲ့ ဈေးဝယ်နေတဲ့ မိန်းကလေး တချို့ကိုလည်း အံ့သြတကြီး တွေ့ရသေးတယ်။ တချို့ ခေတ်ပေါ်အဝတ်အစားတွေက တေးဂီတ ဖျော်ဖြေပွဲတို့၊ နိုက်ကလပ် တို့၊ ဘီယာဆိုင်တို့မှာ ဝတ်ဖို့ အဆင်ပြေပေမယ့် တခြားနေရာတွေမှာကျ မသင့်တော်ဘူးလေ။

ခေတ်တွေ စနစ်တွေ ပြောင်းလာတဲ့အခါ သူ့ခေတ်၊ သူ့အခါအလိုက် ခေတ်ရေစီးကြောင်းကို ဆန့်ကျင်လို့ မရဘူး။ ဒါပေမဲ့ ခေတ်မီတာနဲ့ သရုပ်ပျက်တာနဲ့တော့ ခွဲသိဖို့ လိုလိမ့်မယ်။ ယဉ်ယဉ်ကျေးကျေး၊ စမတ်ကျကျ ခေတ်မီလို့ရပေမယ့် အဂါရဝအသွင် မဖွယ်မရာ ဖြစ်နေတဲ့ ဝတ်စားဆင်ယင်မှုကိုတော့ ဆင်ခြင်သတိထား ဖို့လိုမယ်။ ဒူးနေရာဒူး၊ တော်နေရာတော်၊ သူ့နေရာနဲ့သူ လိုက်ဖက်အပ်စပ် သင့်တော်ပြီး အများအမြင် မရိုင်းစေတဲ့ ဝတ်စားဆင်ယင်မှု ဖြစ်ဖို့လည်း လိုမယ်။

အရေးကြီးတဲ့အချက်က လူငယ်တွေအပေါ်မှာ သြဇာသက်ရောက်မှု အားကြီးတဲ့ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ဂီတလောကထဲက ထင်ရှားသူတွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်း။ အဲဒီအဆင့်အတန်းက လူငယ်တွေအပေါ် သြဇာသက်ရောက်တယ်။ ဒီကနေ့ လူငယ်တွေ အတုယူ မမှားရအောင် ထိုင်မသိမ်း၊ တောင်ရှည်၊ သျှောင်ထုံး၊ ဘီးဆံပတ်နဲ့ ခေတ်ဟောင်းနဲ့ သရုပ်ဖော်ရမယ်လို့ မပြောဘူး။ ခေတ်ရှေ့ပြေးလွန်းလို့ လော်မာတဲ့အဆင့် တစ်နည်းအားဖြင့် ပေါ်လွန်း၊ ဖော်လွန်း၊ ကျပ်လွန်း၊ ကပ်လွန်း သွက်လက်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ သရုပ်ဖော်ရမယ်လို့လည်း မဆိုဘူး။ သက်ဆိုင်ရာ ပွဲလမ်းသဘင်၊ အခမ်းအနား၊ ရာသီဥတု၊ နေရာဒေသကို လိုက်ပြီး သူ့နေရာနဲ့သူ ယဉ်ယဉ်ကျေးကျေး၊ အထက်တန်းကျကျ၊ ခေတ်မီမီ ဝတ်စားဆင်ယင်တတ်ဖို့ပဲ အရေးကြီးတယ်။

ဒီနေ့လူငယ်တွေရဲ့ ယဉ်ကျေးမှုက လက်ရှိ မျိုးဆက်ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုပြီး အနာဂတ် မျိုးဆက်သစ်တွေအတွက် အခြေခံမျိုးစေ့လည်း ဖြစ်တယ် ဆိုတာလေး သတိချပ်မိဖို့ပါ။

The Voice Weekly
အယ်ဒီတာ (၅-၁၀-၂၀၁၃)
photo From : .... ဧရာဝတီ

၃၀.၉.၂၀၁၃ နေ့ထုတ် ရွှေနိုင်ငံသစ်သတင်းစာပါဆောင်းပါး -

ကျင်းပပြီးစီးခဲ့တဲ့ ၆၆ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားများ ဟာ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်ကျော် ကာလ အတွင်းမှာ ပြည်သူတွေရင်ထဲတစ်စုံတစ်ရာစိတ်ကျေနပ်မှုရစေခဲ့တာ တွေ့ရပါတယ်။
 ပြီးခဲ့တဲ့ ၆၅ နှစ်မြောက်အာဇာနည်နေ့ကစလို့ နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် နိုင်ငံတော် ဒုတိယသမ္မတ ပုဂ္ဂိုလ်တက်ရောက် အလေးအမြတ်ပြုခဲ့တာတွေ့ရပါတယ်။ ဒီနှစ်မှာလည်း နိုင်ငံတော်အဆင့်ကျင်းပခဲ့တာဖြစ်ပြီးပိုမိုထူးခြားတာကတော့ရန်ကုန်မြို့မှာတင်မကဘဲ
 နိုင်ငံအ၀ှမ်းလို့ ပြောလို့ရအောင် မြို့နယ်အတော်များများမှာ ပြည်သူတွေစည်ကားစွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသောအားဖြင့် ဥသြဆွဲသံ ပြန်လည်ဖော်ထုတ်ဖို့အစီအစဉ်ရှိမရှိမေးမြန်းတာကို သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စားလှယ်က ရန်ကုန်လမ်းပိတ်တာကို အကြောင်းပြုလို့ ငြင်းပယ်ခဲ့တာ တွေ့ရပါတယ်။ သို့ပေမယ့် တက္ကသိုလ်ကျောင်းသားလူငယ်များနဲ့ ပြည်သူများစုပေါင်းပြီး ရန်ကုန်မြို့နေရာအနှံ့အပြားမှာ အာဇာနည်ကြီးများကျဆုံးတဲ့အချိန် ၁၀နာရီ ၃၇ မိနစ်မှာ ဥသြဆွဲပြီး ကားဟွန်းများတီးကာ အာဇာနည်ကြီးများကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဂုဏ်ပြုနိုင်ခဲ့တာတွေ့ရပါတယ်။ ဒီမြင်ကွင်းများဟာ ပြည်သူတို့ရဲ့ စိတ်နှလုံးကို ရိုက်ခတ်နှိုးဆော်နိုင်ခဲ့ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး များကို ဥသြဆွဲဂုဏ်ပြုတာကို ပြန်ဖော်ထုတ်ချင်တဲ့ လူထုဆန္ဒကို အစိုးရက မလိုက်လျောခဲ့ပေမယ့် ပြည်သူများရဲ့ စုပေါင်းညီညွတ်တဲ့ စွမ်းအားနဲ့ လုပ်ဆောင်နိုင်ခဲ့တာကြောင့် အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ်မှု ရခဲ့ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လူထုရင်ထဲက နှလုံးသားနဲ့ ဆန္ဒကို အာဏာနဲ့ တားဆီးလို့မရနိုင်ဘူးဆိုတာ မြင်သာစေပါတယ်။ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒကို အလေးထားဖော်ဆောင် နေပါတယ်ဆိုတဲ့ ဒီမိုကရေစီအစိုးရဟာ ပြည်သူ့ဆန္ဒကို အမှန်တကယ်အလေးထား ဖော်ဆောင် ပေးဖို့လိုပါတယ်။

အာဇာနည်ပုဂ္ဂိုလ်ဆိုတာ တစ်ခောတ်မှာ တစ်ယောက်ပေါ်ထွန်းတာမျိုးဖြစ်ပါတယ်။ ပေါ်ထွက်ခဲပါတယ်။ ၆၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလဲ ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ လေးစားချစ်ခင်ယုံကြည်နိုင်တဲ့ အာဇာနည်တွေလိုအပ်ပါတယ်။ နိုင်ငံရဲ့ အာဇာနည်တွေဆိုတာ နိုင်ငံရဲ့ ရတနာထဲမှာ ပါပါတယ်။ ရတနာသိုက်တစ်ခုထဲမှာ ရတနာပါသလိုပါဘဲ။ ကျွန်မတို့ရဲ့ သယံဇာတတွေသာ ကုန်ရင်ကုန်သွားမယ်၊ ဒါပေမယ့် ကျွန်မတို့ရဲ့ ခေါင်းဆောင်ကောင်းတို့ရဲ့စိတ်ဓာတ်၊ ခေါင်းဆောင်ကောင်းတို့ သင်ကြားပေးတဲ့ ပညာတွေဆိုတာ ကျွန်မတို့နိုင်ငံမှာ ဘယ်လောက်ကြာကြာဒီနိုင်ငံတည်သရွေ့၊ ကမ္ဘာတည်သရွေ့ ဆက်ပြီးတန်ဖိုးထားရမယ့် အမွေအနှစ်တွေအဖြစ်ကျန်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ အာဇာနည်တွေကို ကျေးဇူးတင်ရမယ်။ သတိရရမယ်ဆိုတာကို ပြောင်ချင်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် အာဇာနည်ခေါင်းဆောင်ဆိုတာလည်း ကျွန်မတို့ရဲ့မိဘတွေဖြစ်ပါတယ်။အစဉ်အမြဲ ကျွန်မတို့ရဲ့ မိဘတွေဖြစ်သွားမှာပါ” လို့ NLD ရုံးမှာကျင်းပတဲ့ အခမ်းအနားမှာ အာဇာနည်ခေါင်းဆောင်များရဲ့ ဂုဏ်ကျေးဇူးနဲ့ အလေးအမြတ်ထားအပ်ပုံကို ထုတ်ဖော်ပြောကြားသွားပါတယ်။

အာဏာရှင်တို့က ဆယ်စုနှစ်နဲ့ချီပြည်သူ့မြင်ကွင်းကနေဖယ်ရှားခြင်းခံခဲ့ရတဲ့ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူတွေ ရင်ထဲမှာ မမေ့မလျော့ဘဲ အလေးအမြတ်ထားကြတယ်ဆိုတာကို ၆၆ နှစ်မြောက်အာဇာနည်နေ့မှာ မိုးထဲ လေထဲ မှာပဲ ချီတက်အလေးပြုဖို့ ရောက်လာတဲ့ပြည်သူတွေနဲ့ တစ်မြို့လုံးအနှံ့ ဟိန်းထအောင် ဥသြသံတွေ၊ ကားဟွန်းတီးသံတွေက သက်သေပြခဲ့ကြပါတယ်။

စစ်အာဏာရှင်များက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံများကို ရုံး ဌာနများ နဲ့ အများပြည်သူမြင်ကွင်းကနေ ပျောက်ကွယ်သွားအောင် အာဏာရှင်သက်တမ်းတစ်လျှောက် ကြိုးစားခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကိုလည်း မှေးမှိန်အောင် ပစ်ပယ်ခြင်းခံခဲ့ရပါတယ်။

ယခင်က မြန်မာ့ငွေစက္ကူများမှာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုရိုက်နှိပ်ခဲ့တဲ့ သမိုင်းကြောင်းကို နည်းနည်းပြန်လေ့လာ ကြည့်ပါမယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးတဲ့ အချိန်မှာ မြန်မာ့ငွေကြေးကို ကျပ်၊ ပဲ ၊ ပိုင် စနစ်ကနေ ကျပ်၊ ပြား စနစ် ကို ပြောင်းလဲခဲ့ပါတယ်။ ၁၉၅၂ခုနှစ် မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်အက်ဥပဒေကို ပြဌာန်းခဲ့ပြီး ငွေကြေးအုပ်ချုပ်မှု အဖွဲ့၏ တစ်ဦးတည်းငွေကြေးထုတ်ဝေခွင့်ကို မြန်မာနိုင်ငံပြည်သူ့ဘဏ် ငွေကြေးဌာနသို့ အသစ်ဖွဲ့စည်း လွှဲပြောင်းခဲ့ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ ဗဟိုဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါတယ်။

မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်မှ ဗဟိုဘဏ်၏ တာဝန်ဝတ္တရားများကို လွှဲပြောင်းရယူခဲ့ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ဘဏ်မှထုတ်ဝေသော ငွေစက္ကူများ၏ အမှတ်လက္ခဏာများကို ပြောင်းလဲထုတ်ဝေ ခဲ့ပါတယ်။ အသစ်ထုတ်ဝေသော ငွေစက္ကူများတွင် ရူပီးငွေကြေးများဖြစ်သော ၁, ၅, ၁၀, ၁၀၀ တန်များပါဝင်ပြီး၊ နောက်ပိုင်းတွင် ကျပ်ငွေဖြင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပါတယ်။ ငွေစက္ကူတွင် ဥဒေါင်းပုံ ရေစာပါရှိပါတယ်။ ဒုတိယအကြိမ်အားဖြင့် ၁၉၅၈ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ (ပြည်ထောင်စုနေ့)တွင် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ (ဦးထုပ်ပါစစ်ဝတ်စုံဖြင့်) ရုပ်ပုံပါ ၁, ၅, ၁၀, ၁၀၀ ကျပ်တန်များကို စတင်ထုတ်ဝေခဲ့ပြီး (၂၁)ရက် သြဂုတ်လတွင် ၂၀, ၅၀ ကျပ်တန်များကို ထုတ်ဝေခဲ့ပါတယ်။ ၎င်း ငွေစက္ကူများသည် မြန်မာနိုင်ငံ၏ ပထမဆုံး ထုတ်ဝေသော ငွေစက္ကူများဖြစ်ပါတယ်။

တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၄ခုနှစ် မေလ(၁၇)ရက်နေ့တွင် ၅၀တန်နှင့် ၁၀၀တန် များကို တရားမ၀င်ငွေစက္ကူအဖြစ် ကြေငြာပြီးနောက် ပြည်သူ့ဘဏ်ထုတ်ငွေစက္ကူအသစ်များဖြစ်သော ၁, ၅, ၁၀, ၂၀ တန် ငွေစက္ကူများကို ၁၉၆၅ခုနှစ်ဧပြီလ(၃၀)ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပြီး အဆိုပါငွေစက္ကူများတွင် ဗိုလ်ချုပ် အောင်ဆန်း၏ (ဦးထုပ်ပါစစ်ဝတ်စုံ)ရုပ်ပုံဖြင့် ထုတ်ဝေခဲ့ပါတယ်။

၁၉၇၂ခုနှစ် ဧပြီလ(၃၀)ရက်နေ့တွင် ပြည်သူ့ဘဏ်မှ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ်အဖြစ် ပြောင်းလဲခဲ့ပြီး ၂၅ကျပ်တန်ငွေစက္ကူကို လည်းကောင်း ပြည်သူ့ဘဏ်ထုတ် ၁ကျပ်တန်ငွေစက္ကူကို ၁၉၇၂ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့တွင်လည်းကောင်း ထုတ်ဝေခဲ့ပြီး ၁၉၇၃ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် ၁၀ကျပ်တန်ငွေစက္ကူများကို ထုတ်ဝေခဲ့ ပါတယ်။ ၁၉၇၃ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့တွင် ၅ကျပ်တန်နှင့် ပြည်သူ့ဘဏ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ တော်ဘဏ်ထုတ် ၅ကျပ်တန်များကို ဆက်လက် သုံးစွဲလျက်ရှိတာဖြစ်ပြီး ယင်းငွေစက္ကူများအားလုံးမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။

၁၉၇၂ ကနေ၁၉၇၉ ခုနှစ်အတွင်း တော်လှန်ရေးကောင်စီအစိုးရလက်ထက်များမှာ ၁ကျပ်၊ ၅ကျပ်၊ ၁၀ကျပ်၊ ၂၅ကျပ်၊ ၅၀ကျပ်၊ ၁၀၀ကျပ် တန်ငွေစက္ကူများကို ထုတ်ဝေခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို ရိုက်နှိပ်ခဲ့တာတွေ့ရပါတယ်။ ၁၉၈၅ နိုဝင်ဘာလ ၃ရက်မှာ ယင်းငွေစက္ကူများထဲမှ ၂၀၊ ၅၀၊ ၁၀၀ ကျပ်တန်များကို တရားဝင်သုံးစွဲခြင်းမှ ရပ်စဲခဲ့ပါတယ်။

၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ၊ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ကို ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ရိုက်နှိပ်ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ စက်တင်ဘာလ ၅ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်မှ ထုတ်ဝေထားသော ၂၅ကျပ်၊ ၃၅ကျပ်၊ ၇၅ကျပ်တန်ငွေစက္ကူ အမျိုးအစားများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၈၇ စက်တင်ဘာ ၂၂ မှာ ၄၅ ကျပ်တန်ငွေစက္ကူကို သခင်ဖိုးလှကြီးပုံနဲ့ထုတ်ဝေပြီး၊ ၉၀ ကျပ်တန်ကို ဆရာစံပုံနဲ့ ရိုက်နှိပ်ထုတ်ဝေခဲ့တာတွေ့ရပါတယ်။

၁၉၈၈ မှာ စစ်အာဏာသိမ်းပြီးနောက်တက်လာတဲ့ န၀တ အစိုးရလက်ထက်မှာ ခြင်္သေ့ပုံပါ ငွေစက္ကူအတွဲစဉ်များကို ထုတ်ဝေခဲ့ပြီး ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအတွဲစဉ်များနေရာမှာ အစားထိုးခဲ့ပါတယ်။ ခြင်္သေ့ပုံငွေစက္ကူများမှာ ၁၊ ၅၊ ၁၀၊ ၂၀၊ ၅၀၊၁၀၀၊ ၂၀၀၊ ၅၀၀၊ ၁၀၀၀ ကျပ်တန်များဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ၂၀၀၉ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ တွင် ၅၀၀၀ကျပ်တန်ငွေစက္ကူကို ဆင်ဖြူတော်ပုံ ရိုက်နှိပ်ပြီး လည်းကောင်း၊ ဒီမိုကရေစီစနစ်ပြောင်း သမ္မတဦးသိန်းစိန်အစိုးရတက်လာချိန် ၂၀၁၂ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့တွင် ၁၀၀၀၀ကျပ်တန်ငွေစက္ကူကို ဆင်ဖြူတော်နှစ်စီး မျက်နှာချင်းဆိုင်ပုံဖြင့် လည်းကောင်းရိုက်နှိပ်ထုတ်ဝေခဲ့တာတွေ့ရပါတယ်။

၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရသက်တမ်းတစ်လျှောက် ဗိုလ်ချုပ်အောင်ဆန်းပုံ ငွေစက္ကူများနေရာမှာ ခြင်္သေ့ပုံ၊ ဆင်ပုံ ငွေစက္ကူများနဲ့ အစားထိုးပစ်ခဲ့တာတွေ့ရပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးနေပြီဖြစ်သလို သမ္မတအစိုးရကလည်း ပြည်သူများရဲ့ ဆန္ဒကို အလေးထားပြီး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်နေပါတယ်လို့ ကတိစကားများ အကြိမ်ကြိမ်ပေးခဲ့တာတွေ့ရပါတယ်။

သို့သော်လည်း ပြည်သူများလိုလား ဆန္ဒရှိကြတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို ပြန်လည်မြှင့်တင်ဖော်ထုတ်ပေးမှုမှာတော့ နည်းပါးနေသေးတာ တွေ့ရပါတယ်။

အခုအချိန်မှာ မြန်မာဟာ နိုင်ငံတကာ မျက်နှာစာမှာ သူ့ရဲ့နေရာကို ပြန်လည်ရရှိဖို့ကြိုးစားနေချိန်မှာ သူ့ကျွန်ဘ၀မှာနေခဲ့ရတဲ့ နယ်ချဲ့ကိုလိုနီလက်အောက်နိုင်ငံကို အချုပ်အခြာအာဏာပိုင်လွတ်လပ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် အဖြစ်ရောက်ရှိအောင် အသက်ပေးပြီး နောက်ဆုံးအချိန်အထိစွမ်းဆောင် ကြိုးပမ်းပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို သူနဲ့ထိုက်တန်တဲ့ နေရာကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုချင်ပါတယ်။

၁.၅.၂၀၁၃ မှာ ကျရောက်တဲ့ အလုပ်သမားနေ့အခမ်းအနားမှာ NLD နာယကကြီး ဦးတင်ဦးက လက်ရှိအသုံးပြုနေသော ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်လည်သုံးစွဲရန် တိုက်တွန်းပြောကြား ခဲ့ပါတယ်။ ယခင်က ငွေစက္ကူများတွင်တိုင်းပြည်အတွက်အသက်စွန့် တော်လှန်ခဲ့ကြသော ခေါင်းဆောင်များ၏ ပုံကို အသုံးပြုခဲ့ကြကြောင်း၊ယင်းသို့အသုံးပြုသည့်အတွက် သေဆုံးသူခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသလို ဖြစ်ပြီး နိုင်ငံ၏ခေါင်းဆောင်ပုံများရိုက်နှိပ်ထားသည့်အတွက်အင်မတန်ဂုဏ်ယူဖို့ကောင်းကြောင်း၊ နောက်ပိုင်းတွင် ခေါင်းဆောင်ပုံများပျောက်ကွယ်ပြီး ယခုအသုံးပြုနေသော ငွေစက္ကူများတွင် မာန်ဖီနေသော ခြင်္သေ့ပုံများ ရိုက်နှိပ်ထားသည်မှာ အရမ်းဝမ်းနည်းဖို့ကောင်းကြောင်း၊ မာန်ဖီနေသော ခြင်္သေ့ပုံများအစား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် နိုင်ငံခေါင်းဆောင်ကြီးများ၏ ရုပ်ပုံများကို ပြည်လည်အသုံးပြုသင့်ကြောင်း၊ အသုံးပြုမည်ဆိုပါက နိုင်ငံ့ခေါင်းဆောင်ကြီးများကို ပြန်လည်ကျေးဇူးဆပ်ရာ ရောက်သလို ဂုဏ်ပြုရာလည်း ရောက်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အချုပ်အားဖြင့်တော့ ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့အာဇာနည်ကြီးများရဲ့အခန်းကဏ္ဍကို ပြည်သူများအကြား ပြန်လည်နိုးကြားအောင် ဖော်ထုတ်နိုင်ခဲ့တာအတွက် ပြည်သူများအားလုံး ၀မ်းသာဂုဏ်ယူကြရပါတယ်။ ထို့အတူပဲ ယခင်က မြန်မာ့ငွေစက္ကူများမှာ ဂုဏ်ပြုရိုက်နှိပ်ထုတ်ဝေခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို ယခုခောတ်ပြောင်း စနစ်ပြောင်းကို ဖော်ဆောင်နေတဲ့ အစိုးရလက်ထက်မှာ ပြန်လည်ပြီး ဂုဏ်ပြုရိုက်နှိပ် ထုတ်ဝေပေးနိုင်ပါရန် တောင်းဆိုလိုက်ရပါတယ်။

လင်းသူရိန်

ဘီဘီစီ ၊ ဂယက်နဲ့ အနက် အမှတ်စဉ် ၆

ပြီးခဲ့တဲ့ သြဂုတ်လက ရန်ကုန်၊ မန္တလေးနဲ့ မြန်မာနိုင်ငံ အနှံ့အပြားကို ကျွန်တော် ရောက်ခဲ့ပါတယ်။ မန္တလေးမြို့မှာတော့ ထုထည်ကြီးကြီးနဲ့ ဆောက်လုပ်ထားတဲ့ နှစ်ထပ်၊ သုံးထပ်၊ လေးထပ် တိုက်ကြီးတွေကို နေရာ အနှံ့အပြားမှာ တွေ့ရပါတယ်။ မန္တလေးတက္ကသိုလ်ဘက်ကိုရောက်လို့ ကျောင်းထဲကို ဝင်ကြည့်တော့ အဝင်လမ်းညာဘက်မှာရော ၊ ဘယ်ဘက်မှာပါ လူသွားလမ်း ပလက်ဖောင်းတွေက သွားမဖြစ်လောက် အောင် ပျက်စီးနေလို့ ကျောင်းထဲကို ကားလမ်းပေါ်ကနေ လမ်းလျှောက်ဝင်ခဲ့ရပါတယ်။

တက္ကသိုလ်နောက်ဘက် သိပ္ပံလမ်းဘက်ကို ထွက်ကြည့်တဲ့အခါမှာတော့ ညနေဘက် ဆည်းဈာနေရောင် အောက်မှာ အလုပ်ကပြန်လာကြတဲ့ စက်ဘီးပေါင်းမြောက်များစွာဟာ ကျီးကန်းတွေ အိပ်တန်းဝင်ကာနီး ပျံသန်းနေကြသလို မည်းမည်းလှုပ်လှုပ်နဲ့ အုပ်လိုက်တရွေ့ရွေ့စီးမျောနေပါတယ်။

ဒီလိုတိုက်ကြီးတာကြီးတွေနဲ့ ဒီလို သွားလာလှုပ်ရှားနေကြသူတွေရဲ့ နောက်ကွယ်မှာ မန္တလေးရဲ့ ဆင်းရဲချမ်း သာ ကွာဟမှုကြီး တည်ရှိနေတယ်ဆိုတာ ကျွန်တော်ရိပ်မိလာပါတယ်။ ဒီတော့ နှစ်ပေါင်း ၆၀ နီးပါး မန္တလေးကို ဖက်ပြီး ကြီးပြင်းလာတဲ့ မြို့ခံ ပရဟိတသမား ဦးအုန်းငွေကို ဆင်းရဲမွဲတေမှုရဲ့ လက္ခဏာတွေ မန္တလေးမှာ ဘယ်လို ထွက်ပေါ်လာသလဲဆိုတာ မေးကြည့်ပါတယ်။

ဒီမှာဗျာ။ ပရဟိတဂေဟာတွေ အများကြီး ဖွင့်နေရတယ်။ ကလေးသူငယ်တော်တော်များများဟာ အရွယ်ရောက်တဲ့ အထိ ပရဟိတဂေဟာတွေကို မီခိုပြီးတော့ အဲဒီဦးဆောင် ဆရာတော်တွေရဲ့ ရှာဖွေမှုတွေ နဲ့ အလှူရှင်တွေနဲ့ ကျွေးမွေးစားသောက်ပြီး ဘဝကို ရပ်တည်နေတာတွေ အများကြီးပဲလေ။ ဒီလို ပရဟိတ ဂေဟာတွေ အများကြီးလိုအပ်လာတာ၊ ပေါ်ပေါက်လာတာဟာ ဆင်းရဲမွဲတေလာတဲ့ လက္ခဏာပဲဗျ။

ရပ်ကွက်ထဲက သာမန်လူတွေရဲ့ အခြေအနေတွေကို ကြည့်ရင်ရော အခုဒီဘက်နှစ်တွေ အတွင်းမှာ ဘာတွေများ ထူးထူးခြားခြား ပြောင်းလဲလာတာတွေ တွေ့ရသလဲခင်ဗျ။

နေရာတိုင်းမှာ ဈေးသည်တွေချည်းပဲဗျ။ နေရာတိုင်းမှာ နေရာတိုင်းမှာ လမ်းမဘေး၊ လမ်းမဘေးတွေမှာ၊ ရပ်ကွက်ထဲဆိုရင်လည်း လမ်းမကြီးဘေးမှာ အားလုံးဟာ တနည်းတဖုံနဲ့ ဈေးရောင်းစားနေကြရတယ်ဗျ။ အဲဒီဈေးရောင်းစားနေရတဲ့လူတွေ များနေကြတာဟာ အဲဒါ ဆင်းရဲ ကျပ်တည်းမှုပဲဗျ။ ဝယ်လိုအားထက် ရောင်းလိုအားက များနေတယ်ပေါ့ဗျ။

တောင်းရမ်းစားသောက်ကြတဲ့လူ အရေအတွက်ကရော အရင်ကထက် အခုပိုများလာတာ တွေ့ရသလားဗျ။

တောင်းရမ်းစားသောက်တဲ့လူ အခြေအနေကတော့ ဒီလောက်ပိုမထူးဘူးဗျ။ အကြောင်းတခုခုကို ရမယ်ရှာ အကြောင်းပြပြီးတော့ အလှူခံတဲ့လူပိုများလာတယ်။ ကျွန်မတို့က ဘယ်အဖွဲ့အစည်းကပါ၊ ကျွန်တော်တို့က ဘယ်ဘုံဆွမ်းလောင်းအဖွဲ့ကပါ ဆိုပြီးတော့ အဲသလိုပေါ့ဗျာ။

အရင်တုန်းက မန္တလေးမှာ ခြံတံခါးထိပ်မှာ ၊ ခြံစည်းရိုးမှာ ထမင်းကျန် ဟင်းကျန်လေးတွေကို ဒီ ကြွပ်ကြွပ်အိတ်လေးတွေနဲ့ ချိတ်ထားပေးတာမျိုးတွေ့ရပါတယ်။ အခုအဲဒါမျိုးတွေ တော်တော်များများ ရှိကြသေးလား။

အရင်တုန်းကတော့ အဲဒါက အဝှာဗျ။ မိသားစု အတွက်သော်လည်းကောင်း၊ ကိုယ်တယောက်အတွက်သော် လည်းကောင်း ချိတ်ထားတဲ့ ထမင်းမြိန်ဘွယ်ထုပ်ကလေးကို ယူပြီး အိမ်ကျမှ စားချင်စားမယ်၊ လမ်းမှာပဲ ဖြည်စားချင်စားမယ်၊ အဲသလိုပေါ့။ အခုဟာကတော့ တချို့ကဘယ်လိုလဲ ဆိုတော့ ဝက်စာကျွေးဖို့ပေါ့ဗျာ။ အလုအယက်ပေါ့။ အခုကျွန်တော်တို့လမ်းထဲမှာ ဆိုလို့ရှိရင် အနည်းဆုံး ၁၀ ဦးရှိတယ်။ အဲဒါ မနက် ၂ နာရီ ၃ နာရီလောက်ကနေ တနေကုန်နီးနီးပဲဗျ။ ဝက်စာကျွေးဖို့ အတွက် ထမင်းကျန်၊ ဟင်းကျန် ၊ ထမင်းထုပ် ၊ ဟင်းထုပ် လိုက်ရှာတဲ့သူတွေပေါ့။

အိမ်တွေဆီကနေ ထမင်းကျန်၊ ဟင်းကျန်တောင်းပြီး စုပြီးတော့ ဝက်စာအဖြစ် ပြန်ရောင်းစားတာပေါ့နော်။ စားသောက်ဆိုင်တွေ ဘာတွေရဲ့ အကြွင်းအကျန်တွေဆို တော်တော်များမယ် ထင်တယ်နော်။ အဲဒါတွေကို ကျတော့ ဘယ်လိုလုပ်ကြသလဲဗျ။

တချို့က ဟော်တယ်တွေမှာ စားသောက်ဆိုင်တွေမှာ လပေးယူတဲ့သူတွေရှိတယ်။ အဲလိုလူတွေက တချို့မြို့သစ်တွေမှာ ဟော်တယ်တွေကနေရောင်းလိုက်တဲ့ အကြွင်းအကျန်တွေကို ကောင်းတာလေးတွေကို သီးသန့်လုပ်ပြီးတော့ ဟင်းပေါင်းဆိုပြီးတော့ ရောင်းတယ်ဗျ။ တပွဲ ၁၀၀ ပေါ့ဗျာ။ ယောက်ချိုကြီးနဲ့ တဇွန်းပေါ့ ဗျာ။ တပန်းကန်စာပေါ့။ အဲဒီယဉ်ကျေးမှုတွေ ထွန်းကားလာတယ်ဗျ။ တကယ်တန်းကျတော့ အဲဒါက စွန့်ပစ် ပစ္စည်းပေါ့ဗျာ။ သဘောကဗျာ။ ကျွန်တော်တို့ ကြက်ခြောက်ကြော်ဆိုရင် ကြက်ခြောက်ကြော် တတုံးနှစ်တုံး ကျန်မယ်။ အဲဒါ သီးသန့်ပေါ့။ ဝက်စတူးဆိုရင်လည်း တဝက်လောက် ကျန်ချင်ကျန်မယ်ပေါ့ဗျာ။ အဲဒီ ဟင်းအကျန်တွေကို အိမ်ရောက်တဲ့အခါကျတော့ အိုးတအိုးထဲမှာ စုပေါင်းကျိုလိုက်တယ်ပေါ့ဗျာ။ ကြိုပြီးတော့မှ အဲဒါကို ရပ်ကွက်ထဲမှာ လှည့်ရောင်းတာပေါ့။ ဟင်းပေါင်းဆိုပြီး။ ဟင်းကောင်းတခွက်တော့ ဖြစ်သွားတာပေါ့ဗျာ။ တရာနှစ်ရာနဲ့ပေါ့။

ဒီတော့ မန္တလေးမှာ နှစ်ပေါင်း ၆၀ နီးပါး ကျင်လည်လာတဲ့ လူကြီးတယောက်အနေနဲ့ပေါ့၊ အရင်ခေတ်တွေနဲ့ နှိုင်းစာရင် ဒီခေတ်ရဲ့ ဆင်းရဲမွဲတေမှုဟာ ဘယ်လိုအခြေအနေရှိလဲခင်ဗျာ။ နှိုင်းယှဉ်ကြည့်ရင်ပေါ့။

ကျွန်တော့် အခု အသက် ၆၀ နီးပါး ဘဝတခုမှာ ဟို... အဆိုးဝါးဆုံး ထိတွေ့မှုပဲဗျ။ ကျွန်တော်ကြီးလာတဲ့ ၆၀ နီးပါး အတွေ့အကြုံမှာ ဒီခေတ်လောက်ဆိုးဝါးတာမရှိဘူးဗျ။ ဖဆပလခေတ်၊ မဆလခေတ် ဘယ်ခေတ်မှ ဒီလောက်မဆိုးဖူးဘူး။

မန္တလေးမှာ ပရဟိတလုပ်ငန်းမျိုးစုံလုပ်ကိုင်ကူညီနေတဲ့ ဦးအုန်းငွေဖြစ်ပါတယ်။ မန္တလေးက မြို့သစ် ဆင်းရဲသား ရပ်ကွက်တခုမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတခုကိုလည်း ဦးအုန်းငွေက ပြန်ပြောပြပါတယ်။

ကျွန်တော်နဲ့ ရင်းနှီးတဲ့ စည်ပင်သာယာက ရေမီတာကြေးကောက်တဲ့သူပေါ့။ သူက ကျွန်တော့် ဘာပြောသလဲ ဆိုတော့ ဦးအုန်းငွေတဲ့ ဟိုဗျာတဲ့ မြို့သစ်မှာ ခင်ဗျား အဲဒီ ဘယ်အိမ်တက်အိပ်အိပ်ပေါ့ဗျာ၊ တထောင် ငါးရာနဲ့ ပြီးတယ်တဲ့။ အဲဒါ တယောက်နဲ့ တယောက်နဲ့လည်း သိတယ်။ ဘာမှ မပြောဘူး။ အဲသလို အခြေအနေမျိုးတွေအထိရှိတယ်ဗျ။ အဲဒီလမ်းလေးမှာပေါ့ဗျာ။ အဲဒီဆင်းရဲသားရပ်ကွက်လေးထဲမှာ ဟိုအိမ်ဝင်သွားလည်း ခင်ဗျား ကိစ္စမရှိဘူး၊ ဒီအိမ်ဝင်သွားလည်း ခင်ဗျား ပြဿနာမရှိဘူး။

အဲဒီအိမ်တွေ ဆိုတာက ဒါလုပ်စားနေတဲ့အိမ်တွေ......

မဟုတ်ဘူးဗျ။ လုပ်စားနေတဲ့ အိမ်တွေ မဟုတ်ဘူး။ ရိုးရိုးသားသား မိသားစုတွေ။ ရိုးရိုးသားသား မိသားစုအိမ်တွေ၊ အိမ်ထောင်ဦးစီး ယောက်ျားကတော့ သိရက်နဲ့ ရှောင်တိမ်းနေကြရတာပေါ့ဗျာ။ ဒါကလည်း တကယ့် အဖြစ်မှန်ပါပဲ။

မန္တလေးသားကြီး ဦးအုန်းငွေပါ။

မန္တလေးက အနှိပ်ခန်းတခန်းမှာ အလုပ်လာလုပ်တဲ့ မရွှေစင်ဆိုတဲ့ မိန်းကလေးကတော့ ပဲခူးကနေ လာပြီး အလုပ်လုပ်တဲ့ မိန်းကလေးတယောက်ပါ။ မန္တလေးမှာ ဒေသအစုံ၊ ပြည်နယ်ပေါင်းစုံကနေ လာရောက် အလုပ်လုပ်ကြတဲ့ မိန်းကလေးငယ်ငယ် ရွယ်ရွယ်တွေထဲမှာ သူလည်း တယောက်အပါအဝင်ဖြစ်ပါတယ်။

ပဲခူးမှာတုန်းက သမီးမိသားစုတွေက ဘာအလုပ်လုပ်ကြလဲ။

သမီးမိသားစုတွေက ခြံစိုက်တယ်။

ဒီလုပ်ငန်းထဲမှာ အခုတကယ်လုပ်မိလာတဲ့အခါကျတော့ရော ပျော်လား။

မပျော်ဘူး။

ဘာလို့ မပျော်လဲသမီး။

ဘာလို့ မပျော်လဲ ဆိုတော့ ဘယ်လိုပြောရမလဲဆိုတော့ ဒီမှာက ဦးရာ လူပေါင်းစုံပေါ့။ ကုလားရော၊ ဗမာရော အစုံပေါ့ ။ အဲသလိုမျိုး လူပေါင်းစုံနဲ့ ဖြစ်နေတယ်။ ပြီးကျတော့လည်း အိမ်မှာ ပြန်နေမယ်လို့ စဉ်းစားကြည့်လိုက်တော့လည်း သမီးရဲ့ မိသားစုနောက်ခံက အိမ်မှာကလည်း ခြံစိုက်တဲ့ အလုပ်ပဲ လုပ်ရတာ။ နောက်ပြီး သမီးရဲ့ မောင်လေးတွေကလည်း ကျောင်းတက်နေတာ ထောက်ပံ့ရဦးမယ်။ အဲဒီမှာတင် အိမ်ကိုလည်း မပြန်ချင်၊ ဒီမှာလည်း မနေချင်...။ အော်....ဒီမှာပဲ ဆက်နေလိုက်တာ ကောင်းပါတယ်လေဆိုပြီး ကြာသွားတာပေါ့။

ဆိုတော့ သမီးဝင်ငွေကျတော့ ဘယ်လောက်လောက်ရလဲ။

သမီးတို့လုပ်နိုင်ရင် လုပ်နိုင်သလောက်တော့ ရတာပေါ့။

သမီးအခုငွေတော်တော်စုမိလား။

စုမိပါဘူး။ အိမ်ကိုလည်း ပို့ရတယ်လေ။ သမီးရဲ့ မောင်လေးတွေ ညီမလေးတွေက အရွယ် မရောက်သေးဘူးလေ။ သမီးလည်း ဒီမှာ သိပ်ကြာကြာတော့ မနေတော့ပါဘူး။ ဒီလကုန်မှာကို အပြင်မှာ ထွက်ဖို့ စိတ်ကူးထားတယ်လေ။

သမီးဒီကနေထွက်ရင် ဘာလုပ်မလဲ။

သမီးတို့လည်း ရှိတဲ့လူတွေ မဟုတ်တော့လေ။ ရည်ရွယ်ချက်တော့ ကြီးကြီးမားမား မရှိဘူးပေါ့လေ။ သမီးစိတ်ကူးထဲမှာကတော့ ဒီ အင်္ကျီ စက်ချုပ်သင်လိုက်မယ်လို့.....

မရွှေစင်ကတော့ ကိုယ့်ဘဝကိုယ် မပျက်စီးအောင် ထိန်းသိမ်းပြီး ဒီအနှိပ်ခန်းလောကထဲကနေ ထွက်ခွာသွားနိုင်သူပါ။ ဒါပေမဲ့ ဒီလိုထွက်ခွာသွားနိုင်သူကလည်း လူတိုင်းမဟုတ်ပါဘူး။ ဆိုင်ကယ် ကယ်ရီသမား လုပ်တဲ့ ကိုအောင်ကျော်ထူးဟာ အနှိပ်ခန်း၊ ကေတီဗီ၊ စင်တင်ဂီတတွေမှာ အလုပ်လုပ်တဲ့ မိန်း ကလေးအများအပြားနဲ့ ရင်းနှီးသူတယောက်ပါ။ သူကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေထဲက သူသတိပြုမိတဲ့ အဖြစ်အပျက်တခုကို သူကပြန်လည် ဖောက်သည်ချပါတယ်။

ကျွန်တော်တွေ့ရတဲ့ ကောင်မလေးတယောက်က အသက်အနေနဲ့သူက ၁၅ နှစ်ပဲရှိသေးတယ်။ သူက လုံးဝ ယင်ဖိုမသမ်းရသေးတဲ့ မိန်းကလေး။ ကျွန်တော် ရင်ဆို့လွန်းလို့ ဒီဟာ ဆရာတို့လည်း သိရအောင် ဖောက်သည် ချတာပါ။ ချောချောလှလှလေး၊ ငယ်ငယ်လေးပဲ ရှိသေးတယ်။ အဲဒါ သူတို့ပြောပြတဲ့ အကြောင်းကို ကြက်သီးထလွန်းလို့ ကျွန်တော်ပြန်ပြောပြရတာပါ။ သူ အဲဒီတုန်းကတဲ့ ပိုက်ဆံ ၁၅ သိန်းရတယ်တဲ့။ သူတို့ပွဲစား တယောက်ပေါ့နော်။ လူပွဲစားတယောက်က စေ့စပ်ပေးလို့ အဲဒီ တရုတ်.... တရုတ်ပေါ့၊ ပြောပြီနော် တရုတ်ပေါ့နော် အဲဒီတယောက်ရဲ့ လိင်ကိစ္စကို ဖျော်ဖြေပေးရတယ်တဲ့။ အဲဒီ လုပ်ပေးပြီးတဲ့ နောက်ပိုင်းပေါ့နော်။ ငါးရက်လောက်နေတဲ့ အထိ အဲဒီကလေးမလေးက နည်းနည်း နာလန်မထူနိုင်ဘူး။ အဲဒီနေ့ကလည်း တိုက်တိုက်ဆိုင်ဆိုင်သူက ကျွန်တော့်ဆိုင်ကယ်ကယ်ရီကိုမှ သူက ငှား စီးတယ်။ အဲဒီတော့ ကျွန်တော်က သနားတယ်။ ပိုက်ဆံက ၁၅ သိန်းတဲ့ဗျ။ ရတာက ၁၅ သိန်း။ သူပွဲစားကို ပြန်ပေးရတာက ၃ သိန်း။ သူရတာ ၁၂ သိန်း။ အိမ်ကို ၈ သိန်းလွှဲလိုက်တယ်တဲ့။ ၄ သိန်းဖိုးက သူ့မှာ လိုအပ်တဲ့ နားကပ်ကလေး၊ ဆွဲကြိုးလေး၊ အဝတ်အစားလေး သူကဝယ်တယ်။ ကျွန်တော်မေးကြည့်တော့ သူက သူတို့ မိသားစုနောက်ခံမှာလည်း သူက တော်တော်ဒုက္ခဖြစ်နေလို့ ဒီလိုလုပ်ရတာပါတဲ့ ။ သထုံမြို့ ၊ နောင်ကုလား ကျေးရွာက။

အရွယ်မရောက်သေးတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက်၊ စီးပွားရေး လိုအပ်ချက်ကြောင့် သူ့ရဲ့ အသွေးအသားကို ကုန်ပစ္စည်း တခုသဖွယ် ရောင်းချခဲ့ရတဲ့ အဖြစ်အပျက်ပါ။
......
(ဒုတိယပိုင်း)

ဘီဘီစီ ၊ ဂယက်နဲ့ အနက် အမှတ်စဉ် ၆

ရန်ကုန်က မဝင်းဝင်းဆိုတဲ့ အမျိုးသမီးကတော့ ကလေး ၃ ယောက်ရဲ့ မိခင်ပါ။ ဆင်းရဲလွန်းလို့
ကျပ်တည်းလွန်းလို့ စီးပွားရေး အခြေအနေက တွန်းပို့လို့ ပြည့်တန်ဆာ ဘဝကျရောက်သွားရသူပါ။ သူ့ဘဝ သူ့ခံစားချက်ကို မဝင်းဝင်းက အခုလို ပြန်ပြောပြပါတယ်။

ရွေးချယ်စရာ မရှိလို့ ရွေးချယ်လိုက်တယ်။ သို့သော်လည်း အဲဒီအတွက်ကို နောင်တတော့ ရမိတယ်ပေါ့လေ။

ရွေးချယ်စရာ မရှိလို့ မလွှဲသာ မရှောင်သာ ရွေးချယ်လိုက်ရတယ်ဆိုတာက အဲဒီတုန်းက ဘယ်လို အခက်အခဲ ကြုံတွေ့နေရလို့လဲ။

ဟုတ်ကဲ့ရှင့် ။ စီးပွားရေး..... ပြောရရင် ကျွန်မ အမျိုးသားက ကျန်းမာရေး မကောင်းဘူး။ ခြေထောက်ကျိုးပြီး ဆေးရုံတက်နေရတယ်။ နာတာရှည်နဲ့ ဆေးရုံရောက်နေတယ်။ အဲဒီမှာ ကျွန်မက ဖြေရှင်းစရာ ပိုက်ဆံ မရှိတော့ဘူး။ ကျွန်မတို့ စီးပွားရေး ဝင်ငွေ မရှိတော့ဘူး။ ဆေးရုံမှာ နာတာရှည် ၆ လတက်လိုက်ရတယ်ဆို တော့လေ။ အဲဒီအချိန်မှာ ငွေရေးကြေးရေး ပြဿနာတွေက ရင်ဆိုင်ရပြီ။ အဲဒီလိုရင်ဆိုင်ရတဲ့ အတွက် ကျွန်မက မသိမသာနဲ့ ဒီလိုင်းပေါ်ကို ကျွန်မနဲ့ ရင်းနှီးတဲ့ ကောင်မလေးတယောက်နဲ့ ပတ်သက်ပြီး ရောက်လာတာပါ။ လတ်တလောဖြစ်နေတဲ့ကျန်းမာရေး မကောင်းတဲ့ ကိုယ့်ရဲ့ အမျိုးသားကို ကျန်းမာရေးကောင်းစေချင်လို့ ကိုယ်ကလည်း တမြို့တရွာမှာ လာပြီးတော့ ဒီကျန်းမာရေးကို ဆေးကုသခံတဲ့ အခါ ဘယ်ဆွေမျိုးသားချင်းဆီမှာမှလည်း အကူအညီတောင်းစရာမရှိတော့ ကိုယ့်ရဲ့ ပြဿနာကို ကိုယ်ကိုယ် တိုင်ဖြေရှင်းတဲ့ နည်းလမ်းတခုကို ရွေးချယ်ခဲ့တာပါ။ သေချာတာကတော့ ကျွန်မတို့ ထမင်းမငတ်ခဲ့ဘူး။ ကျွန် မအမျိုးသားကို ကျွန်မ ဆေးကုနိုင်ခဲ့တယ်။ ဒီအချိန်မှာတော့ ကျွန်မ အမျိုးသားလည်း (အဟင်းဟင်း) ကျွန်မကို ခွင့်မလွှတ်နိုင်တော့လို့ ကျွန်မနဲ့ အတူ မရှိတော့ပါဘူး။

သားသမီးတွေ ဘာတွေရှိသလားဗျ။

ဟုတ်ကဲ့။ ရှိပါတယ်။ ကျွန်မမှာ ကလေး ၃ ယောက်ရှိပါတယ်။ ကျွန်မသားလေး အကြီးဆုံးလေးက ငှက်ဖျားပိုးမိပြီး ဦးနှောက်မကောင်းလို့ အိမ်ကို ပြန်မလာနိုင်တာ ပျောက်နေတာ ၄ နှစ်ရှိပါပြီ။ ကျွန်မသားလေး ပျောက်နေပါတယ်။ အခုဆိုရင် ၂၁ နှစ်ရှိပါပြီ။ ၁၈ နှစ်က ပျောက်သွားတာပေါ့။ ကျွန်မသား ဒုတိယသားလေးက ဇူးနဲ့ ဒေးတက်နေပါတယ်။ ကျွန်မ အငယ်ဆုံးသားလေးက ၉ တန်းပါ။ ကျွန်မ အမေနဲ့ အတူနေပါတယ်။ ကျွန်မ အမေကို လုပ်ကျွေးရင်းနဲ့ သားတွေနဲ့ အတူနေပါတယ်။

မဝင်းဝင်းရဲ့သားလေးဟာ ဦးနှောက်ကို ထိခိုက်သွားလို့ မိခင်ရဲ့ နာမည်ကို တောင် မပြောတတ်ပါဘူး။ အမေလို့ပဲ ပြောတတ်ပါတယ်။ သူကိုယ်တိုင်ရဲ့ နာမည်ကိုလည်း သူမသိပါဘူး။ ဒီတော့ မဝင်းဝင်းက သူ့ကို ပိုက်ဆံအိတ်တလုံးထဲမှာ မုန့်ဖိုးငွေနဲ့ အတူ သူ့ဖုန်းနံပါတ်ကို ထည့်ပေးထားပါတယ်။ မဝင်းဝင်းရဲ့သားလေး ဟာ အပြင်ထွက်သွားပြီး အိမ်မပြန်တတ်ရင် အဲဒီဖုန်းနံပါတ်ကို တယောက်ယောက်လက်ထဲပေးပြီး သူ့အမေကို ဖုန်းဆက်ပေးခိုင်းပြီး အိမ်ပြန်ရလေ့ရှိပါတယ်။ နောက်ဆုံး ပျောက်ဆုံးသွားတဲ့ အချိန်တုန်းကတော့ လှိုင်သာယာ တရပ်ကွက်တည်းနေတဲ့ လူငယ်တွေက သူ့ပိုက်ဆံအိတ်ကို လုထားလိုက်တဲ့ အတွက် ဖုန်းနံပါတ်ရော ပိုက်ဆံပါ သူနဲ့ ပါမသွားလို့ အိမ်ပြန်မလာနိုင်တာဖြစ်ပါတယ်။ သူ့မှာ ပိုက်ဆံအိတ်ပါမသွားတာကို မဝင်းဝင်းကလည်း သူပျောက်ပြီးမှပဲ သိလိုက်ရပါတယ်။

အခုဆိုရင် မဝင်းဝင်းဟာ HIV ရောဂါပိုးကူးစက်ခံထားရပါတယ်။

တကယ်တော့ ရန်ကုန်မြို့မှာ ဆင်းရဲမှုရောဂါကို သူ့လိုပဲ အလားတူ ခံစားနေကြရသူတွေ အများအပြားရှိပါ သေးတယ်။ ရန်ကုန်မြို့မှာ သူတောင်းစားတွေ ပလပ်စတစ်ကောက်သူတွေ ပေါများလာတဲ့ အကြောင်းနဲ့ ဆင်းရဲမွဲတေမှု အခြေအနေတွေကိုတော့ နာဂစ် အလောင်းကောက်အဖွဲ့ကို ဦးဆောင်ခဲ့သူ တိမွေးကု ဆရာဝန်ဒေါက်တာနေဝင်းက အခုလို ပြောပြပါတယ်။

ပိုများတာပေါ့။ ပိုများတာပေါ့။ တောင်းစားတာတွေ ၊ ပလပ်စတစ်ကောက်တာတွေ ၊ အရင်တုန်းကဆိုရင်ဗျာ။ ပလပ်စတစ်ကောက်တာကို ယောက်ျားလေးတွေကပဲ လုပ်ကြတယ်။ အခုမိန်းကလေးတွေပါ ကောက်ကြတယ်ဗျာ။ အများကြီးပဲ။ အရင်ထက်ပိုဆိုးလာပြီပေါ့။ လ္ဘက်ရည်ဆိုင်ဆိုရင်လည်း ကလေးစားပွဲထိုးတွေ ပိုများလာတယ်။ မီးပွိုင့်မှာ ဆိုရင်လည်း ရပ်တဲ့အချိန်မှာ စီးကရက် ရောင်းတာတို့ ဟုတ်လား၊ ဂျာနယ်ရောင်းတာ၊ ပန်းရောင်းတာ ဟုတ်လား၊ ကားတွေကြားထဲမှာ ကြိုကြားကြိုကြားသွားကြ တယ်။ ကားတွေကြားထဲမှာ ပိုက်ဆံလိုက်တောင်းတယ်။ သီလရှင်တောင်မှ ကားကြိုကားကြားထဲလိုက်ပြီး ပိုက်ဆံတောင်းတာတွေ့ဖူးတယ်။ ပိုဆိုးလာတာပေါ့။ကုန်ဈေးနှုန်းက ပိုတက်လာပြီလေ။ ငွေကြေးက ပိုဖောင်းပွလာပြီလေ။ ဘယ်လိုမှ မလိုက်နိုင်တော့ဘူး။ ပိုပြီးလိုအပ်လာတဲ့ ငွေကို ဘယ်လိုမှ မီအောင်လိုက် မရှာနိုင်ကြတော့ဘူး။ နှစ်လုံးထီဆိုတာကလည်း ရန်ကုန်မှာ ဖောချင်း၊ သောချင်းပဲ။ ထီမျိုးစုံရှိတယ်။ သိလား ။ ရန်ကုန်မှာ ထီမျိုးစုံရှိတယ်။

ဟုတ်ကဲ့။ ဒီ နှစ်လုံးသုံးလုံးထီတွေကြောင့် မိန်းမတွေကြားမှာ လောင်းကစားလုပ်လာတယ်လို့ ပြောရင် ရမလား။

နာရေးတွေကို ကြည့်လိုက်ရင်လေ။ ရပ်ကွက်ထဲမှာ နာရေးတွေမှာ ဖဲဝိုင်းတွေက အများကြီးပဲ။ ဖဲဝိုင်းတွေမှာ အရင် မဆလခေတ်တုန်းကဆိုရင်လေ...။ ဖဲဝိုင်းမှာ ယောက်ျားတွေပဲ ရိုက်ကြတာ။ အခုဟာက မိန်းမတွေလည်း ရိုက်ကြတယ်ဗျာ။ မိန်းမဝိုင်းက ပိုများသေး။ ယောက်ျားဝိုင်းက တဝိုင်းဆိုရင် မိန်းမဝိုင်းက နှစ်ဝိုင်း သုံးဝိုင်း။ ဒါက ရပ်ကွက်တိုင်းမှာဖြစ်နေတာနော်။

ဒီတော့ အခုလို အခြေအနေမျိုးတွေကိုပေါ့။ လက်လုပ်လက်စားအများစုက ဘယ်လိုများဖြေရှင်းနေကြသလဲ ဗျ။

အများစုကတော့ ဘယ်လိုခေါ်မလဲ ။ အပေါင်ဆိုင်ကလေးတွေမှာလေ ခြင်ထောင်ပေါင်ပြီး အလုပ်သွားတယ်။ ပြန်လာရင် ရတဲ့လုပ်ခနဲ့ ခြင်ထောင်ပြန်ရွေးတယ်။ ဒယ်အိုးပေါင်ပြီး ရတဲ့ ငွေကို ဘတ်စ်ကားခလုပ်ပြီး အလုပ်သွားတယ်။ ဒါမျိုးတွေကအများကြီးပဲ။ လှိုင်သာယာမှာရှိတယ်။ ရွှေပြည်သာမှာ ရှိတယ်။ အင်းစိန်မှာလည်း ရှိတယ်။ အခုဟာက ဒါ့အပြင် ညဘက်မှာ ထမင်းဆိုင် သေးသေးလေးတွေပေါ် နေတယ်။ သိလား။ ညဘက်ကိုလေ ထမင်း ၁၀၀ ဖိုးရောင်းတဲ့ဆိုင် ၂၀၀ ဖိုးရောင်းတဲ့ ဆိုင်။ နောက်ပြီး ပဲပြုပ်။ ပဲပြုပ်ကို ညဘက်မှာ ရောင်းနေကြတာဗျ။ သိလား။ ဆိုလိုတာက ညဘက် အိမ်ပြန်ရောက်တော့မှ ဟင်း ၁၀၀ ဖိုးဝယ်၊ ထမင်း ၁၀၀ ဖိုးဝယ် ၊ ပဲပြုပ် ၁၀၀ ဖိုးဝယ် အဲသလို စားကြရတယ်ဗျ။ အဲဒါလေးကို ဝယ်စားကြရတာဗျ။ အဲသလိုဝယ်စားကြရတဲ့သူတွေ အများကြီးပဲ။ အဲ... အပေါင်ဆိုင်တွေကတော့ ကြီးပွားနေကြတာပေါ့ဗျာ။

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ မြို့နေဆင်းရဲသားတွေ ဆင်းရဲမှုဒဏ်ကို အခုလို ခံစားနေရချိန်မှာ ကျေးလက် နေ တောင်သူလယ်သမားတွေ ဘဝကတော့ ပိုလို့တောင် ဆိုးပါသေးတယ်။ တောင်သူလယ်သမားတွေမှာ လည်း ကြွေးတင်သူတင်၊ လယ်ဆုံးသူဆုံး ဆိုတဲ့ ပြဿနာတွေကို နေ့စဉ်လိုလို ကြားနေရပါတယ်။

ဒီတော့ ဒီလို ဆင်းရဲမွဲတေမှု ပြဿနာတွေကို ဘယ်လို ဖြေရှင်းလို့ ရနိုင်မလဲ။ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုကတော့ အခုလို အကြံပေးပါတယ်။

အဲ... နံပါတ်တစ် အနေနဲ့ မိုက်ခရိုစီးပွားရေး အနေနဲ့ကတော့ပေါ့နော်။ အစိုးရအနေနဲ့ ကုန်ဈေးနှုန်းကို အဲ... ငွေကြေးဖောင်းပွမှုနှုန်းကို အတတ်နိုင်ဆုံး ၅% အောက်ကို ထိန်းဖို့လိုတာပေါ့။ ဘာ့ကြောင့် ပြောရသလဲ ဆိုတော့ အဓိကကတော့ လက်ရှိအနေအထားမှာ အလုပ်အကိုင်အခွင့်အလမ်းကလည်း များများ ဖန်တီး မပေးနိုင်ဘူး။ အစိုးရအနေနဲ့ ကလည်း တိုင်းပြည်ရဲ့ လိုအပ်ချက်အတိုင်း ငွေကြေး ဘဏ္ဍာရေး အင်အားက မတောင့်တင်းဘူး။ နောက်တခုက အလုပ်လက်မဲ့တွေကို ပံ့ပိုးတဲ့ အစီအစဉ်တွေလည်း မရှိသေးဘူး။ အလုပ်အကိုင် အခွင့်အလမ်းလည်း မဖန်တီးနိုင်ဘူးဆိုရင် သူတို့ရဲ့ လက်ရှိအနေအထားကနေ ထပ်ပြီး နိမ့်ကျမသွားအောင် ငွေကြေးဖောင်းပွမှုနှုန်းကိုတော့ အတတ်နိုင်ဆုံး နိမ့်ကျတဲ့ ဖောင်းပွမှုဖြစ်အောင်တော့ ထိန်းသိမ်းပေးဖို့ အရေးကြီးတာပေါ့။ နောက်တခုက တဘက်ကလည်း အစိုးရရဲ့ ကျေးလက်ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှု အတွက်လိုအပ်ပါတယ်။ အဓိကကတော့ လယ်ယာမြေပြုပြင်ပြောင်းလဲမှု Land Reform အရေးကြီးပါတယ်။ လယ်ယာမြေပြုပြင်ပြောင်းလဲမှု ဆိုရာမှာလည်း လယ်ယာမြေပြုပြင်ပြောင်းလဲမှု တခုတည်းနဲ့လည်း မလုံလောက်ပြန်ဘူး။ ဆင်းရဲတဲ့လူက အရမ်းဆင်းရဲပြီး ချမ်းသာတဲ့လူက အရမ်းချမ်းသာ နေတယ်။ ဆင်းရဲချမ်းသာ ကွာဟတာက သိပ်သိသာနေတယ်။ တချို့က တနေ့လုပ်ခ ၂၀၀၀ နဲ့ ၃၀၀၀ လောက်ပဲ ရတယ်။ တချို့ကတော့ လေယာဉ်ပျံတောင် ဝယ်စီးနိုင်နေတယ်။ ဒီတော့ ငွေကြေးစီးဆင်းမှု ပုံသဏ္ဍန် မှန်ကန်ဖို့လိုတယ်။ ဆင်းရဲတဲ့လူတွေလည်း ပိုမိုပြီး သက်တောင့်သက်သာနေနိုင်အောင် အခွန် စနစ်ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။

ဟုတ်ကဲ့ဆရာ ။ ချမ်းသားဆင်းရဲကွာခြားလွန်းတာကို ညှိနှိုင်းပြုပြင်ပေးနိုင်ဖို့ အခွန်စနစ် ပြုပြင်ဖို့လိုတယ်ဆို တာက ချမ်းသာတဲ့သူတွေကို အခွန်တိုးမြှင့်ကောက်ခံပြီး ဆင်းရဲသားတွေ အတွက် လိုအပ်တာတွေ ဆောင် ရွက်ပေးဖို့လိုတယ်လို့ ဆိုတာပေါ့နော်။ အဲဒီအခွန်စနစ်ပြုပြင်ပြောင်းလဲရေးကို အောင်အောင်မြင်မြင် မလုပ်နိုင် ရင် ဘာဖြစ်နိုင်ပါသလဲ။

တိုင်းပြည်မှာ ရှိတဲ့လူက အရမ်းရှိပြီး မရှိတဲ့လူက အရမ်းမရှိဘူးဖြစ်လာတယ်။ တနည်းအားဖြင့်ပြောရရင် ဆင်းရဲချမ်းသာကွာဟမှုတွေ၊ ဝင်ငွေကွာဟမှုတွေ သိပ်ကြီးမားလာတယ်။ အဲသလို ကြီးမားလာတာက ဘာဖြစ်နိုင်သလဲဆိုတော့ တချိန်မဟုတ်တချိန်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ လူမှုရေး မတည်ငြိမ်မှုတွေ ဖြစ်လာတတ်တယ်။ ခုတောင်မှ တခါတရံမှာ တနေရာမဟုတ်တနေရာမှာ မတည်ငြိမ်မှုလေးတွေ ဖြစ်လာ တာ တွေ့ရတယ်။ အဲဒါက ဘာကြောင့် ယနေ့အထိ ကြီးကြီးမားမား ဆိုးဆိုးဝါးဝါး ဖြစ်မလာ သေးလဲဆိုတော့ ပြည်သူတွေက positive expectation အကောင်းမြင်မျှော်မှန်းချက် ရှိနေသေးလို့ပါ။ ၂၀၁၅ မတိုင်ခင်မှာ အဲ... နိုင်ငံရေး အရလည်း အရမ်းအရေးကြီးပါတယ်။ အခြေခံဥပဒေပြန်လည် ပြင်ဆင်ဖို့ ပြန်လည်ပြီးတော့ သုံးသပ်ဖို့ဆိုတာဖြစ်လာတယ်။ အဲဒီအပေါ်မှာ ပြည်သူတွေက စောင့်ကြည့်နေတယ်လို့ ထင်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကလည်း ဒါကို စောင့်ကြည့်နေကြပါတယ်။ အဲဒီ အပေါ်မှာ အဖြေတခုက သဲသဲကွဲကွဲ ထွက်မလာသေးတဲ့အတွက် ဒီအပေါ်မှာ အပြုသဘောဆောင်တဲ့ အကောင်းမျှော်လင့်လို့ရတဲ့ positive expectation ရှိနေသေးတဲ့အတွက် စောစောက ပြောတဲ့ တည်ငြိမ်မှု stability ဟာ မပျက်သေးတာလို့ ပြောလို့ရပါတယ်။ အကယ်၍သာ အကောင်းမြင်မျှော်လင့်ချက်သည် သူတို့ မျှော်လင့်ထားသလို လုံးဝ ဖြစ်မလာခဲ့ဘူးဆိုရင် စီးပွားရေး အနေအထားဟာ တည်ငြိမ်မှုတခုဟာ ပျက်ယွင်းသွားနိုင်တယ်။ အဲသည်အနေအထားမှာတော့ ရှိနေတယ်လို့ ကျွန်တော်က မြင်တယ်။

ဆင်းရဲမွဲတေမှု ပြဿနာကို မဖြေရှင်းနိုင်ရင် လူမှုရေး မတည်ငြိမ်မှုတွေဖြစ်ပေါ်လာပြီး ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကို ကသုံးသပ်ပါတယ်။ အခုအဲသလို ဖြစ်မလာသေးတာဟာလည်း ၂၀၁၅ မတိုင်ခင် အကောင်းတွေ ထွက်ပေါ်လာမလားဆိုပြီး လူတွေက အကောင်းမြင် မျှော်လင့်ချက်တွေနဲ့ စောင့်ဆိုင်းနေသေးတဲ့ အတွက်လို့သူက ဆိုပါတယ်။

တကယ်တော့ ဆင်းရဲမွဲတေမှုပြဿနာကို မဖြေရှင်းနိုင်လို့ လူမှုရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာရင် နောက်ဆက်တွဲ ဂယက်တွေက တောင်ကြီးပြိုကျလာသလို အရှိန်အဟုန်ကြီးမားကျယ်ပြန့်နိုင်ပါတယ်။ တောင်ပြိုမှာကို ကြိုတင်ကာကွယ်ချင်ရင် အပြောသက်သက်မဟုတ်ဘဲ အမှန်တကယ် ဆောင်ရွက်ဖို့လိုပါ လိမ့်မယ်။ အဲသလိုမလုပ်ဘဲ တောင်ကြီးပြိုကျလာပြီဆိုတော့မှ လက်နဲ့ကာ တားဆီးလို့တော့ ရနိုင်မှာ မဟုတ်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်ခင်ဗျာ။

ပါမောက္ခချုပ်တွေ...၊ ဌာန ဆိုင်ရာအသီးသီးကတာဝန်ရှိသူတွေ..၊ ဆရာဆရာမတွေ...၊ ကျောင်းသူကျောင်းသားတွေ...ဆိုတာ သူ့ရဲ့ အောက်မှာ...၊ သူရဲ့နောက်မှာ ပဲရှိတာပါ......။ သဘောပေါက်.....

Credit to - Ko Nay Myo


နိုင်ငံတော်သမ္မတရဲ့ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း၏ ““ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ အိမ်ရောင်း၊ ကားရောင်း ပြီးလုပ်နေတာပါ””ဟု ပြောစကားကိုဖတ်ရ တော့ အပျိုကြီးတကယ်လုပ်မှာလား သီချင်းကိုသွားအမှတ်ရမိလိုက်တယ်။

ဝန်ကြီးကဒီစကားကို အပြည်ပြည် ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာပြောလိုက်တာ။ တကယ့်နေ့ထူးနေ့မြတ်မှာ စကားထူး၊ စကားမြတ် မင်္ဂလာစကားပါပဲ။ သို့သော်၊ သို့သော်၊ သို့သော် ၀န်ကြီးကသူ့ဆီမှာ ကြိုက်တဲ့ပိုက်ဆံစစ်ပါ။ ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ အိမ်ရောင်း၊ ကားရောင်း ပြီး အိတ်စိုက်ငွေကုန်ခံလုပ်နေပါတယ်တဲ့။ ပြီးတော့ ဘယ်အိမ်တွေရောင်းလဲဆိုတာ သိချင်ရင် လိပ်စာပေးမယ်၊ သွားကြည့် ကြပါတဲ့။

ဝန်ကြီးကိုတော့အားနာပါတယ်။ မေးစရာလေးတော့မေးခွင့်ပြုပါ။ ဘယ်အချိန် ဘယ်အခါက ဘယ်ကဲ့သို့ ရထားသောငွေနဲ့ ၀ယ်ထား၊ ဆောက် ထားတဲ့ကားတွေ၊ အိမ်တွေလည်းဆိုတာ ပြည်သူသိအောင် မီဒီယာကတစ်ဆင့်ဖော် ပြပေးနိုင်ရင် သွားကြည့်တာထက်အများ ပိုသိနိုင်တာပေါ့။ ငြိမ်းချမ်းရေးလုပ်ဖို့ ကားဘယ်နှစ်စီး၊ အိမ်ဘယ်နှစ်လုံးရောင်း လိုက်ရတယ်ဆိုတာပါ ထုတ်ပြောရင်ပို ကောင်းမယ်။ ဒါမှဝန်ကြီးရဲ့ နိုင်ငံတော် ပေါ်ထားတဲ့ စေတနာ၊ ငြိမ်းချမ်းရေးကို မြတ်မြတ်နိုးနိုးလိုချင်တဲ့ အာသီသတွေပို ပေါ်လွင်တော့မပေါ့။
ဝန်ကြီးအခု နိုင်ငံတော်သမ္မတ တာဝန်ပေးကတည်းက ငြိမ်းချမ်းရေး အတွက်ဆောင်ရွက်နေတာတွေ၊ သတင်း စာထဲ၊ ဂျာနယ်ထဲတွေမှာ ခဏခဏတွေ့ ရပါတယ်။ ၀န်ကြီးစေတနာထားလုပ် ဆောင်နေတာတွေ အသိအမှတ်ပြုပါ တယ်။ လေးစားပါတယ်။ ၀မ်းမြောက်ပါ တယ်။
ဒါပေမဲ့ဝန်ကြီးရယ်။ ၀န်ကြီးတစ် ယောက်တည်း အိတ်စိုက်လုပ်နေတာ တော့ မဖြစ်နိုင်ပါဘူး။ ဒီလောက်ဝေးလံ ခေါင်ဖျားဒေသ၊ နယ်ခြားမြေခြားဒေသ၊ ဟိုတယ်ကြီးတွေ၊ ကြီးကျယ်ခမ်းနားတဲ့ နေရာကြီးတွေမှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေကြတာ။ ၀န်ကြီးတစ်ဦးတည်းပိုင် ပိုက်ဆံနဲ့တော့မဟုတ်တန်ပါဘူး။ နိုင်ငံတော်ကပံ့ပိုးသလို သက်ဆိုင်ရာတိုင်း ရင်းသား နယ်မြေဒေသခံလုပ်ငန်းရှင်များ နဲ့ အဖွဲ့အစည်းများကလည်း တာဝန် ကျေစွာပံ့ပိုးပေးကြမှာပါပဲလို့မမေးဘဲသိ နေပါတယ်။

ဝန်ကြီးနဲ့တွဲလျက်အတူ လုပ်ဖော် ကိုင်ဘက် ၀န်ကြီးတစ်ဦးကလည်း နိုင်ငံခြားဘဏ်ငွေစာရင်း (Foreign Bank Account) ၁၁ ဘီလီလျံထဲမှာ သူ့စာရင်း ပါနေတယ်လို့ ပြောတဲ့အပေါ် ရှင်းလင်း ရာမှာလည်း ““ကျွန်တော့်ကိုယ်စားပြော ပေးပါဆိုပြီး”” နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီးတစ်ဦးကို ပြောခိုင်းပါတယ်။ တကယ်တော့ကိုယ် တိုင်ရှင်းသင့်တာပေါ့။ ကိုယ့်ဘက်ကမှန် တယ်ဆိုလျှင် ပြည်သူလူထုသိအောင် ကိုယ်တိုင်မီဒီယာမှတဆင့် ပြောရမှာ။ ““ကျွန်တော်အဂတိလိုက်စားရင် အချိန် မရွေး ကျွန်တော့်ကိုဖမ်းပါ၊ အရေးယူပါ”” ဆိုတဲ့စကားတောင်ပြောခဲ့တဲ့သူပဲလေ။

ဒီနေရာမှာအလျဉ်းသင့်လို့ ““ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင် မှု ကြေညာပေးရန် အဆို”” ကိစ္စပြောချင် ပါတယ်။ ဒီအဆိုကို ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပထမအကြိမ်ပြည်သူ့ လွှတ်တော်(စတုတ္တ)ပုံမှန်အစည်းအဝေးမှာ တင်ပြခဲ့ဖူးပါတယ်။ ဒီအကြောင်းထည့် ပြောရတာကလည်း

အခုဝန်ကြီးနှစ်ဦးရဲ့ ပြောကြားချက်တွေ၊ ဖြေရှင်းချက်တွေနဲ့ ဆက်စပ်နေလို့ပါ။
တကယ်တော့ဒီအဆိုဟာ နိုင်ငံ တော်အတွက် ဘဏ္ဍာငွေယိုပေါက်ကို ပိတ်နိုင်ဖို့၊ အဂတိလိုက်စားတာ၊ လာဘ် ပေးလာဘ်ယူ ကိစ္စတွေမဖြစ်အောင် တားဆီးကာကွယ်ဖို့၊ အတည်ပြုသင့်တဲ့ အဆိုတစ်ခုပါ။ အိမ်နီးချင်းနိုင်ငံတွေမှာ လည်း အစိုးရအဖွဲ့ဝင်တွေရဲ့ပိုင်ဆိုင်မှုကို ကြေညာရတာတွေရှိပါတယ်။ ဥပမာ- ထိုင်းနိုင်ငံ။ ဒါပေမဲ့ဒီအဆိုကိုလွှတ်တော်က မှတ်တမ်းတင်သင့်တယ်ဆိုတဲ့အဆင့်နဲ့ဘဲ လွှတ်တော်ကိုယ်စားလှယ်ကိုရော၊ ပြည်သူ လူထုကိုပါ နှစ်သိမ့်လိုက်ပါတယ်။ နိုင်ငံတော်သမ္မတကလည်း ဒီအဆိုကိုမ ထောက်ခံခဲ့ပါဘူး။
အခုလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ပိုင်ဆိုင်မှုကို သမ္မတထံသို့ အိတ်ပိတ်ပေးစာအနေနဲ့သာ တင်ပြမှု အပေါ်ထောက်ပြဝေဖန်ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့် က ““ဒီပိုင်ဆိုင်မှုကြေညာရမယ်ဆိုတာက သမ္မတနဲ့ဒုတိယသမ္မတနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါပါတယ်။ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေနဲ့ပတ်သက်ပြီးတော့ ပိုင်ဆိုင်မှုတွေကြေညာရမယ်ဆိုတာက ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေမှာပါ ပြီးသား။ အဲဒီတော့တရားဥပဒေစိုးမိုးရေး ကို တကယ်ဦးတည်တယ်၊ တကယ်လေး စားလိုက်နာတယ်ဆိုရင်တော့ ဥပဒေပါ အတိုင်း ပွင့်လင်းမြင်သာစွာ ပြည်သူကိုချ ပြရမှာပေါ့ဗျာ။ မီဒီယာတွေကနေတစ်ဆင့် ပြည်သူလူထုကို ချပြရမယ်””ဟုပြောဆို ဝေဖန်ခဲ့ပါတယ်။

တကယ်ပဲ နိုင်ငံတော်သမ္မတနဲ့ သူ့ရဲ့အစိုးရအဖွဲ့စတက်စက တိုင်းပြည် ကို ကြေညာခဲ့တဲ့သန့်ရှင်းသော အစိုးရ ဆိုတာကြီးဖြစ်ဖို့က အဂတိကင်းရမှာပေါ့ ဗျာ။ ဒီလိုအဂတိကင်းဖို့ ကြိုတင်ကာ ကွယ်တဲ့အနေနဲ့ တကယ့်တိုင်းရေး ပြည်ရာကို စီမံအုပ်ချုပ်နေတဲ့ ထိပ်ပိုင်း ပုဂိ္ဂုလ်များရဲ့ ကိုယ်ကျင့်သီလ လုံခြုံမှု ရှိ/မရှိစစ်ဆေးရမယ်။ ထိန်းချုပ်ရမယ် ဆိုတာ အစိုးရတိုင်းရဲ့ တာဝန်တစ်ခုပဲ။
အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ ဘယ် လောက်ငွေကြေးချမ်းသာတယ်၊ အဆောက်အအုံဘယ်နှလုံးပိုင်တယ်၊ ကားဘယ်နှစီးပိုင်တယ်၊ မြေကွက်ဘယ် နှကွက်ပိုင်တယ်၊ စီးပွားရေးလုပ်ငန်း တွေမှာ ရှယ်ယာဘယ်လောက်ဝင်ထား တယ် ဆိုတာကြိုသိထားမှ ဒီဝန်ကြီး၊ ရာထူးကအနားယူတဲ့အခါ သူ့ပိုင်ဆိုင်မှု ဘယ်လောက်ပိုလဲဆိုတာသိတော့မှာပေါ့။ ဒါမှလည်းသူပိုပြီး ပိုင်ဆိုင်လာတဲ့ပိုင်ဆိုင် မှုဟာ အဂတိကင်းမကင်းသုံးသပ်ဆုံး ဖြတ်နိုင်တော့မပေါ့။

ပါလီမန်ဒီမိုကရေစီခေတ် ၀န်ကြီး ချုပ် ဦးနုက သူ့ရဲ့နိုင်ငံရေးသီလလုံခြုံမှု ကို ဒီလိုပြောခဲ့တယ်။ ““ကျွန်တော်ဝန် ကြီးချုပ်ရာထူးကနေ အနားယူရင် ကျွန်တော့်ပိုင်ဆိုင်မှုကိုစစ်ဆေးပါ။ ၀န်ကြီးချုပ်မဖြစ်ခင်က ပိုင်ဆိုင်မှုထက် ငွေတစ်ကျပ်ပိုနေရင် ကျွန်တော့်ကိုသူခိုး လို့ စွပ်စွဲပါတဲ့”” ယခုဝန်ကြီးများဒီလိုရင် ကော့ ပြောရဲလားလို့မေးခွန်းထုတ်လိုက် ပါတယ်။
တချို့လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်ရေးရာကော်မတီထဲကတစ် ယောက်ဆို လွှတ်တော်တက်နေတဲ့ ကာလတစ်လျှောက် တစ်နေ့ဘယ်နှစ် သိန်းနဲ့ တစ်လဘယ်လောက်ကုန်တယ်။ တိုင်းပြည်အတွက် သမိုင်းအတင်ခံနိုင်ဖို့ အေးအေးဆေးဆေးနေလို့ရလျက်နဲ့ တိုင်းပြည်အတွက်ငွေအကုန်ခံ၊ အချိန်အ ကုန်ခံ၊ လူအပင်ပန်းခံ လုပ်ပေးနေတာလို့ ပြောခဲ့တာရှိတယ်။ တစ်ခါခရီးထွက်လိုက် ရင် သိန်းတစ်သောင်း၊ နှစ်သောင်းပက် ခနဲကုန်သွားတာပဲလို့လဲ ကြွားလိုက်သေး တယ်။

ကျွန်တော်စဉ်းစားကြည့်တယ်။ သိန်းတစ်သောင်း၊ နှစ်သောင်းကို ကျပ်တစ်သောင်း၊ နှစ်သောင်းလိုသဘော ထားပြောနိုင်လောက်အောင် သိန်းပေါင်း သိန်းဂဏန်းချီပြီး ချမ်းသာနေလို့များ လား။ အကယ်၍ ဒီပိုင်ဆိုင်ချမ်းသာမှု တွေသာ တရားဝင်ကြေညာခဲ့ရင် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့အခွန် တွေ သူတစ်ဦးတည်းကပဲမနည်းရမှာဖြစ် သလို ဘယ်လိုနည်းနဲ့ဒီလောက်များများ ရထားလဲဆိုတာ သိနိုင်မှာပါပဲ။ ဒါတောင်တစ်ယောက်တည်းအကြောင်း ပဲရှိသေးတာ။ သူ့လိုလူမျိုးတွေလွှတ်တော် ထဲမှာရှိနေကျန်နေပါသေးတယ်။ သူ့လိုဖွင့်မပြောဘဲ နှာစေးနေကြတာလေ။

ဒါကြောင့်ယခုလက်ရှိသမ္မတအစိုးရ အဖွဲ့အနေနဲ့ အစိုးရဖွဲ့စဉ်က ကြေညာခဲ့ သလို သန့်ရှင်းသောအစိုးရ တစ်ရပ်ဖြစ်ဖို့၊ အဂတိကင်းတဲ့ အစိုးရအဖွဲ့ဝင်များဖြစ်ဖို့၊ တိုင်းပြည်အတွက်မလိုအပ်သောဆုံးရှုံးမှု တွေမဖြစ်ဖို့၊ ပြည်သူလူထု ဆင်းရဲကျပ် တည်းမှုဘ၀က လွှတ်မြောက်ဖို့၊ အခုလို သမ္မတရုံးဝန်ကြီးနှစ်ဦး ကိုယ့်အကြောင်း ကိုယ်ဖော်ပြီး တခြားသူတွေစွပ်စွဲပုတ်ခတ် နေတာတွေ ဖြေရှင်းနေစရာမလိုဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းပါရှိပြီး ဖြစ်တဲ့ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှုကို တရားဝင် ကြေညာပေးဖို့ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်အား တိုင်းပြည် နဲ့ လူမျိုးအပေါ်စေတနာထားလျက် တိုက်တွန်းလိုက်ရပါတယ်။

ဒေါက်တာအောင်တင်ဦး
Hot News Journal

.. နှစ် ၅၀အတွင်း မယ်ကမ္ဘာရွေးပွဲမှာ ပထမဆုံးအကြိမ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် မယ်လောင်းလေး မိုးစက်ဝိုင် ရဲ့ဘေးမှာ မြန်မာပြည်သူတွေကို ဆင်းရဲတွင်းနှစ် စေဖို့ဇာတ်သွင်းခဲ့တဲ့ လူအန္ဓမြေးဖြစ်သူက ရောက်ရှိနေပုံက စာဖတ်နေသူကြီးက ငါအာဏာရှိနေကြောင်းပြလိုက်လေရော့သလားဗျာ......
ငါ့ အာဏာရှိနေသေးကြောင်းပြသလိုက်သော ဓါတ်ပုံ...
တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲအားအောက်တိုဘာ ၅ ရက်နေ့  ၃း၃၀ နာရီကရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပရာရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ တက်ရောက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်အတူ အားကစားဝန်ကြီးဋ္ဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်( ဖိုးလပြည့်)တို့ ကအခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။

“2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များချန်ပီယံလိဂ်ဆုဖလားကြီးကို အဖွင့်ပွဲစဉ်အခမ်းအနားတွင်ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း”
ဟုတင်ကြိုအသိပေးခဲ့တဲ့အတိုင်းပြိုင်ပွဲချီးမြှင့်မည့် တက္ကသိုလ်များ ချန်ပီယံလိဂ်ဆုဖလား အားပူပူနွေးနွေး Miss Universe Myanmar ဆုရှင် မိုးစက်ဝိုင်ကပြိုင်ကားဖြင့် ကွင်းတစ်ပတ်ပတ်ပြီး သယ်ဆောင်လာကာဆုဖလားကိုစင်မြင့်ထက်သို့ သယ်ယူပို့ ဆောင်ပေးခဲ့ပါသည်။
ဖွင့်ပွဲနေ့ တွင် ဆေး(၁) နှင့် WYTU တို့ စတင်ယှဉ်ပြိုင်ကစားကြပြီး အဆိုပါ ပြိုင်ပွဲတွင်ချန်ပီယံဆုရအသင်းအားကိုနေရွှေသွေးအောင်မှသိန်း ၅၀ ဆုချီးမြှင့် မည် ဟု လည်းသိရပါသည်။

ရန်ကုန်ယူနိုက်တက်ကွင်း၊တက္ကသိုလ်ကွင်းနှင့် ပဒုမ္မာကွင်းတို့ တွင်ယှဉ်ပြိုင်ကစားကြမည့်တက္ကသိုလ်များ ချန်ပီယံလိဂ်ဘောလုံးအားကစားပွဲကို အောက်တိုဘာ ၂၇ ထိကျင်းပမည်ဖြစ်ကြောင်းသိရသည်။
၁။ရွှေရုပ်တု (တန်ဖိုး - 700 US$)။၂။ရွှေဖိနပ်ဆု (တန်ဖိုး - 320 US$)။
၃။ကြယ်တံဆိပ်ရုပ်တု (တန်ဖိုး - 165 US$) ။၎။လည်ဆွဲတံဆိပ်ပြားများ (၁ခုလျှင် - 5 US$ )-ဖြစ်ပြီးဆုတံဆိပ်များအားလုံးကို စင်ကာပူနိုင်ငံမှသီးသန့်မှာယူတင်သွင်း ထားခြင်းဖြစ်ပြီး နှစ်ရှည်လများခံစေရန် သတ္တုဖြင့်ပြုလုပ်ထားကြောင်းလည်းUniversities Champions League ဆုတံဆိပ်များ၏တန်ဖိုးကိုUniversities Champions Leagueမှသိရပါသည်။
Photo ZMT,credit-Universities Champions League,Ko SaiSai

popular journal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.