10/08/13

ပြိုင်ကားတစ်စင်းကို အကြောင်းပြုပြီး အွန်လိုင်းပေါ်မှာ အခုရက်ပိုင်းအတွင်း အတော်ပွဲဆူနေတဲ့ ကိစ္စနဲ့ မဆိုင်တဲ့ အကြောင်းအရာဆိုတာကိုတော့ ကြိုတင်စကားပလ္လင်ခံထားပါရစေ။ ရန်ကုန်မှာ ဆယ်ကျော်သက် လူငယ်တချို့နဲ့ နှစ်ဆယ်ကျော်အစိတ်အရွယ် လူငယ်တချို့ ပြိုင်ကားရောဂါထပြီး မဖြစ်သင့်တာတွေ ဖြစ်နေတာနဲ့တော့ တိုက်ရိုက် ဆက်စပ်တယ်။ အခုဆို ရန်ကုန်တင်မကတော့ဘူး၊ မန္တလေး၊ မုံရွာလို မြို့ကြီးတွေမှာပါ ဒီရောဂါ ကူးစက်နေတယ်။ ပြိုင်ကားတွေ မဆင်မခြင်မောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုမေးတော့ အရှိန်လွန်မောင်းတာ သက်သေပြဖို့ခက်တော့ ဖမ်းဖို့မလွယ်ဘူးလို့ဖြေတယ်။ အဲဒီအတိုင်း တိုက်ရိုက်တော့မဟုတ်ဘူး။ သူဖြေတာက ပြိုင်ကားမောင်းတဲ့သူတွေက ရဲရှိတဲ့နေရာကို သိနေတဲ့အတွက် အဲဒီနေရာနားမရောက်ခင် အရှိန်လျော့မောင်းလာလို့ သူတို့ မှာ အရေးယူဖို့ ခက်နေတဲ့အကြောင်း ပြောတာပါ။ ကျနော်သာ တာဝန်ရှိတဲ့သူဆို ဒီစကားမျိုး မပြောရဲဘူး။ တကယ်ဆို အရေးယူချင်ရင် ယူလို့ရတဲ့ နည်းလမ်းတွေ အများကြီးပါ။

ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ နေ့စဉ် အဖမ်းခံနေရတဲ့ သာမန်လူတွေကို အားနာပါအုံး။ တလောကဆို မီးဝါနဲ့ မီးနီအကြား ပွတ်ခါသီကာညိသွားလို့၊ တစ်လမ်းမောင်းဆိုင်းဘုတ် ချိတ်မထားတဲ့လမ်း မှားဝင်မိလို့၊ ကားဝယ်ပြီးစမှာ ကုမ္ပဏီက မောင်းလို့ရတယ်လို့ပြောပြီး တပ်ပေးလိုက်တဲ့ ကားနံပါတ် တပ်စီးမိတာ ပထမတစ်ခါ အဖမ်းခံရပြီးသားနံပါတ်ဖြစ်နေလို့၊ စတဲ့ ဘယ်သူ့ကိုမှ ထိခိုက်မှုမရှိဘဲ မတော်တဆ ကျူးလွန်မိသလိုဖြစ်သွားတဲ့ ပြစ်မူကလေးတွေကျ သကောင့်သားများက ပုဒ်မတွေရွတ်ပြ၊ ဒဏ်ကြေးတွေရွတ်ပြ၊ ရုံးသွားရင် ကြံ့ကြာမယ့် ရက်တွေ တွက်ပြပြီး မုန့်ဘိုး ငါးထောင်၊ တစ်သောင်းကနေ ငါးသောင်းလောက်အထိ တောင်းနေတာ။
မြို့လယ်ခေါင်မှာ ကညန နံပါတ်ပြားမဟုတ်တဲ့ ပလပ်စတစ် နံပါတ်ပြားတွေတပ်မောင်း၊ ယာယီနံပါတ်တောင်မပါတဲ့ ဗလာနံပါပတ်တွေ တပ်မောင်း၊ ယာဉ်ကြော ပြောင်းပြန်ဝင်မောင်း၊ အလွတ်ကွေ့ကြောမျဉ်းသေကနေ တည့်တည့်သွားယာဉ်ကြောထဲ ဇွတ်ခေါင်းထိုးဝင်မောင်း၊ မီးနီကို ဇွတ်ဖြတ်မောင်း၊ ယာဉ်ကြော နှစ်ထပ်သုံးထပ်ပိတ်ရပ်၊ မှတ်တိုင်မဟုတ်တဲ့နေရာမှာ ယာဉ်ကြောပိတ်ပြီး လူတင်ချလုပ်၊ ဘတ်စ်ကားမှတ်တိုင်မှာ ဖင်ထိုးရပ်ထားတဲ့ တက္ကစီတွေ၊ လမ်းချိုး၊ လမ်းကွေ့တွေမှာ ရပ်ထားတဲ့ အနက်၊ အနီနံပါတ်ကားတွေ၊ ခရီးသည်တွေကို လူလိုသဘောမထားတဲ့ ဘတ်စ်ကားတွေအပြင် နည်းလမ်းပေါင်းစုံနဲ့ ယာဉ်စီးကမ်း၊ လမ်းစည်းကမ်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ကားတွေကိုတော့ ကားပေါ်ကနေ ခုန်ခုန်ဆင်းလာတဲ့ ခြင်္သေ့ကိုက်မှာကြောက်ပြီး ဘာမှမလုပ်ရဲဘူး။ လူခြေတိတ်ချိန်မှာ ပြိုင်ကားတွေ ဗြူးဗြူးဗြဲဗြဲ မောင်းပြီး ပတ်ဝန်းကျင်နဲ့ လူအများကို စော်ကားနေတာကို မိအောင်မဖမ်းနိုင်ဘူးဆိုတာတော့ နားရှိလို့သာကြားရတယ်လို့ ဆိုရမလိုဖြစ်နေပြီ။ တမင်သက်သက် ယာဉ်စည်းကမ်းဖောက်သူတွေနဲ့ ပြိုင်ကားတွေကို ဖမ်းပုံဖမ်းနည်းကို ကျနော်တို့က သင်ပေးရအုံးမှာလား။

ဒါတွေက ကျနော့်စိတ်ထဲ နည်းနည်းတင်းသလိုဖြစ်နေလို့ ရေးမိလိုက်တယ်။ သူတို့မှာလည်း သူတို့ အခက်အခဲနဲ့ သူတို့ ရှိကြမှာပေါ့လို့လည်း တစ်ဖက်က တွေးမိပြန်ရော။ အင်း ဒီလိုနဲ့ပဲ ကျနော်တို့တိုင်းပြည်မှာ ဂျာအေးသူ့အမေရိုက်ကိစ္စတွေ ဘယ်လောက်များနေသလဲ မသိဘူး။ အဓိက အချက်ကတော့ လူမှန် နေရာမှန် ဖြစ်ဖို့က နံပါတ်တစ်အရေးအကြီးဆုံးလို့ ထင်တယ်။ ဖြည့်စွက်ဆွေးနွေးကြပါအုံး။

အဲဒီအတွေးနဲ့ ဒီနေ့ထုတ် သတင်းစာအတွက် ခေါင်းကြီး ရေးဖြစ်တယ်။ ဝေဖန်ဖို့နဲ ဆင်ခြင်သတိပြုမိကြဖို့ပါ။

ပြိုင်ကားဥပမာ

လူသားတို့သည် တစ်နေရာမှ တစ်နေရာသို့ လျင်မြန်ချောမွေ့စွာ ရောက်ရှိရေး၊ အချိန်ကုန် သက်သာရေးတို့အပြင် ဂုဏ်၊ ဒြပ်တစ်ခုကို ကိုယ်စားပြုသည့် ရုပ်ပစ္စည်းအဖြစ်ပြ မော်တော်ယာဉ်ကို အသုံးပြုကြသည်။ မော်တော်ယာဉ် အမျိုးအစားပေါင်း များစွာ ရှိသည့်အနက် အများပြည်သူ ပို့ဆောင်ရေးသုံး ဘတ်စ်ကားနှင့် အငှားယာဉ်များ၊ စီးပွားရေး လုပ်ငန်းသုံး ယာဉ်များ၊ ဝန်ဆောင်မှု လုပ်ငန်းသုံး ယာဉ်များ၊ ကုန်စည် ပို့ဆောင်ရေးသုံး ယာဉ်များ၊ အစိုးရဌာန အသီးသီး၊ လုပ်ငန်း အမျိုးမျိုးအတွက် သုံးသည့် ယာဉ်များ၊ လက်နက်ကိုင် တပ်ဖွဲ့များအတွက် သုံးသည့် ယာဉ်များ၊ သတင်းမီဒီယာ လုပ်ငန်းသုံး ယာဉ်များ၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးသတ်လုပ်ငန်းအတွက် သုံးသည့်ယာဉ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ယာဉ်များ၊ စည်ပင်သာယာ လုပ်ငန်းသုံး ယာဉ်များ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းသုံး ယာဉ်များ၊ တစ်ကိုယ်ရေသုံးနှင့် မိသားစုသုံး ကိုယ်ပိုင်ယာဉ်များ၊ ကျန်းမာရေးသုံးနှင့် အားကစားလုပ်ငန်းသုံး ယာဉ်များ စသဖြင့် အထွေထွေ အပြားပြားရှိပြီး သူ့နေရာနှင့်သူ အသုံးချနေခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ကလေးငယ်များ အနေနှင့် ထိုကဲ့သို့ အမျိုးမျိုးသော မော်တော်ယာဉ်များကို အမျိုးအစားအလိုက် အသုံးချသည့် နယ်ပယ်များ သိရှိနိုင်ရန် ဂျပန်ဘာသာမှ မြန်မာဘာသာသို့ သုတရတနာသိုက် ဟူသော အမည်ဖြင့် လွန်ခဲ့သည့် ၁၉၈၀ ပြည့်လွန်နှစ်များက ပြန်ဆို ထုတ်ဝေထားသည့် စွယ်စုံကျမ်းများ လေ့လာဖတ်ရှုခဲ့ရဖူးသည်။ ယင်းစာအုပ်များကို အခြေခံပညာ မူလတန်းကျောင်းများသို့ ပညာရေးဝန်ကြီးဌာနက ဖြန့်ဝေပေးခဲ့ဖူးသည်။

အဓိက ပြောလိုသော အချက်မှာ ကုန်စည်သယ်ပို့ရန် ရည်ရွယ် ထုတ်လုပ်ထားသော မော်တော်ယာဉ်သည် ကုန်စည် သယ်ပို့သည့် လုပ်ငန်းကိုသာ လုပ်ကိုင်ရမည် ဖြစ်ပြီး ခရီးသည် ပို့ဆောင်ရေးအတွက် ထုတ်လုပ်ထားသည့် ယာဉ်မှာ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင်သာ အသုံးချရမည် ဖြစ်သည်။ ထို့အတူ လေးဘီးယက် အမျိုးအစား ပါဂျဲရိုး၊ ပရာဒို၊ လင်ခရူဆာကဲ့သို့ ယာဉ်များမှာ တောင်ဆင်း၊ တောင်တက်ခရီး၊ အဝေးပြေးခရီး၊ စွတ်စိုကာ ကုတ်အားနည်းသော လမ်းများနှင့် လမ်းကြမ်းများတွင် မောင်းနှင်ရန် အထူးပြု ထုတ်လုပ်ထားသော မော်တော်ယာဉ်များ ဖြစ်သည်။

သူ့နေရာနှင့်သူ အသုံးပြုရန် ထုတ်လုပ်ထားသော မော်တော်ယာဉ်များ အနက် အမှိုက်သယ် ယာဉ်ကို ဇိမ်ခံကားအဖြစ် လည်းကောင်း၊ ကုန်တင်ယာဉ်ကို လူစီးယာဉ်အဖြစ် လည်းကောင်း၊ လမ်းကြမ်းသုံး ယာဉ်ကို မင်္ဂလာမောင်နှံစီးယာဉ် အဖြစ်လည်းကောင်း အသုံးပြုပါက အမြင်မတော် ဆင်တော်နှင့် ခလောက်ဖြစ်ကာ အလွဲသုံးနေခြင်း မည်ပေသည်။

အားကစားပြိုင်ပွဲများတွင် အသုံးပြုရန်နှင့် ဇိမ်ခံမောင်းနှင်ရန် ထုတ်လုပ်ထားသော ပြိုင်ကားများမှာလည်း ထို့အတူပင်။ ပြိုင်ကား လေ့ကျင့်ကွင်းများတွင် မောင်းနှင်ရန်၊ မြို့တွင်းလမ်းများတွင် ဇိမ်ခံသည့် အနေနှင့်သော် လည်းကောင်း၊ ဟိုက်ဝေးလမ်းများ ပေါ်တွင်လည်းကောင်း သတ်မှတ်မိုင်နှုန်းဖြင့် မောင်းနှင်ရန် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ထိုသို့ သတ်မှတ်ထားသည့် ပြိုင်ကားကို မြို့တွင်း အများပြည်သူ အသုံးပြုသည့် လမ်းမများတွင် ပြိုင်ပွဲဝင်သကဲ့သို့ သတ်မှတ်နှုန်း ကျော်လွန် မောင်းနှင်ခြင်းမှာ မောင်းသူအတွက်ရော လမ်းမပေါ်ရှိ အများပြည်သူ သုံးယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များနှင့် အများပြည်သူများအတွက် အန္တရာယ် ရှိပေသည်။

မော်တော်ယာဉ် ထုတ်လုပ်သူများ၏ ရည်ရွယ်ချက်မှာ လူများကို အကျိုးပြုရန် ဖြစ်သည်။ ပြိုင်ကားသည်လည်း ပြိုင်ကားအလျောက် စီးသူကို အကျိုးပြုရန် ထုတ်လုပ်ထားခြင်း ဖြစ်ရာ ပြိုင်ကားတစ်စင်းကြောင့် အများပြည်သူကို အနှောင့်အယှက် ဖြစ်စေခြင်းငှာ မပြုအပ်ပေ။ ထို့အတူ ပြိုင်ကားတစ်စင်းကို အများပြည်သူ အနှောင့်အယှက် ဖြစ်စေမည့် မြန်နှုန်းဖြင့် မောင်းနှင်ခွင့် ပြုခြင်းမှာလည်း သွယ်ဝိုက်သောနည်းဖြင့် အများပြည်သူကို ထိခိုက်စေခြင်း ဖြစ်သည်။

လူလောက နယ်ပယ်တွင်လည်း မော်တော်ယာဉ်များ ကဲ့သို့ပင်။ မိမိတို့ လေ့လာဆည်းပူး၊ တတ်မြောက်ထားသည့် ပညာရပ်နှင့် ကျွမ်းကျင်မှုအလိုက် ဆီလျော် အပ်စပ်သည့် လုပ်ငန်းများတွင် အလုပ်တာဝန် ထမ်းဆောင်နိုင်ရန် အထူးအရေးကြီးလှသည်။ တစ်နည်းအားဖြင့် လူမှန်နေရာမှန် ဖြစ်ရန် လိုသည်။ တာဝန်ပေး ခန့်ထားသူတို့ကလည်း ကျွမ်းကျင် တတ်မြောက်ရာ နယ်ပယ်ကိုလိုက်၍ လူမှန် နေရာမှန် ခန့်ထား၊ အလုပ်လုပ်ခွင့်ပြုရန် အရေးကြီးသည်။ သို့မဟုတ်ပါက မဆင်မခြင် မောင်းသော ပြိုင်ကားကြောင့် အပြစ်မဲ့သူများ ဒုက္ခရောက်ရသကဲ့သို့ လူမှန်နေရာမှန် မဟုတ်သော လူအနည်းငယ်ကြောင့် လုပ်ငန်း နယ်ပယ်များမှသည် လူ့အဖွဲ့အစည်း တစ်ခုလုံးရှိ လူအများစု ဒုက္ခတွေ့ရနိုင်ကြောင်း ပြောလိုရင်း ဖြစ်သည်။

Kyaw Min Swe
အယ်ဒီတာ (၆-၁၀-၂၀၁၃)






၁၉၈၈ ဒီမိုကရေစီအရေးအခင်းနောက်ခံဇာတ်လမ်းနဲ့အတူ ပေါ်ပေါက်လာ စစ်ဗိုလ်ချုပ်နှင့် အပေါင်းပါ တဲ့ ခရိုနီများအကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်းရုပ်ရှင် http://www.burmeseclassic.comမှ ကူးယူဖော်ပြလိုက်ပါတယ်..quick time player download လုပ်ထားမှသာ ကြည့်ရူနိုင်မည်ဖြစ်ပါသည်..ဒေါင်းလုပ်

“ခရိုနီဘိုချီ” ဇာတ်ကားကို ဒါရိုက်တာ ဒေါန ရိုက်ကူးပြီး မိုးအောင်ရင်၊ စံရတီမိုးမြင့်၊ ပွင့်နဒီမောင်နှင့် ဟာသ သရုပ်ဆောင် အနုပညာရှင် များစွာ ပါဝင်သရုပ်ဆောင် ထားပါ တယ်။ ခေတ်တစ်ခေတ် မှာဖြစ်ပွားခဲ့တဲ့ စီးပွားရေး လောကမှာ ကျင်လည်နေကြတဲ့ သူ တွေရဲ့ သဘာဝ ဇာတ်ရုပ်တွေကို ပုံဖော် ရိုက်ကူးထားတဲ့ ဒရာမာဇာတ် ကား ပုံစံမျိုးလို့ သိရပါတယ်။ Lucky Seven ဗီဒီယို ထုတ်လုပ်ရေး ပိုင်ရှင် ကိုအုန်းဝင်း က ဇာတ်လမ်းကို စိတ် ကူး ပုံဖော်ထားခြင်း ဖြစ်ပါတယ်။

အရေးအခင်း ကာလမှ တကယ်ဖြစ်နေတဲ့ အပြောအဆို အသုံးအနှုန်းတွေ နဲ့အတူ ဒို့အရေး ဆိုတဲ့ အပိုင်းကဏ္ဍလေးကို သဘာဝကျအောင် ပိုင်းဆစ်ပြီး တော့ အရေးအခင်း ကာလလေး ကိုပေါ် လွင်အောင် ပြပေးလိုက်တယ်။ ဒီအ ဖြစ်မှန်တွေကို ကိုယ့်ရဲ့ ဘဝအတွေ့ အကြုံတွေ နဲ့ပေါင်းစပ်ပြီးတော့ ဖန်တီးထားတာပါ ။ဦးတို့ဖော်ကျူး ဖန်တီးနေတာက ရာဇဝတ်မှု ဖြစ် ပေါ်အောင် အားပေးတဲ့ ပုံစံမပါဘူး။ ကလေး သူငယ်တွေကို စာရိတ္တ ပျက်စီး စေတဲ့ဟာမျိုး မပါဘူး။ ပြောရမယ် ဆိုရင် ဆင်ဆာဖြေလျှော့ လိုက်တဲ့ အ ကြောင်း တရားထဲမှာ တစ်ခုမှမပါဘူး။ ယဉ်ကျေးမှုကို ပျက်စီးစေတာ တွေ၊ ဘာသာရေးကို ဆန့်ကျင်တာ တွေ တစ်ခုမှ မပါဘဲနဲ့ ခေတ်တစ်ခု၊ စနစ်တစ်ခုကို သမိုင်းကြောင်း အမှန်အတိုင်း ဖြတ်သန်း ပြတာက လွဲရင် ဘာမှမပါဘူး။
(Lucky Seven ဗီဒီယို ထုတ်လုပ်ရေး ပိုင်ရှင် ကိုအုန်းဝင်း)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း၊ ပြန်လည် ရေးဆွဲခြင်းသည် ငြိမ်းချမ်းရေးထိခိုက်မည်,အန္တရာယ်ကြီး၍ ဆိုးရွားသော အကျိုးဆက်များရှိလာမည်ဟုဆိုလိုက်တဲ့ ကြံ့ခိုင်ရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်း(ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

နိုင်ငံရေးဝေဖန်လေ့လာသူအချို့ဟာ ရိုးသားစွာလား တမင်လား ဒီချုပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး နားလည်မှူ လွဲမှားနေတာတွေ့ရတယ်။ ကျနော် နားလည်သလိုလေး နည်းနည်းရှင်းပြချင်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးကိုသာ လက်ခံထားပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားပါတီတွေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အသစ်ရေးဆွဲရေးကို အားသန်တာ ဒီချုပ် သိထားပါတယ်။ မဟာမိတ်တွေ တိုင်းရင်းသားတွေရဲ့ သဘောထားကို မပစ်ပယ်လိုတာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဒီလိုသဘောထားတွေ ရှိတယ် ဆိုတာ ပြည်သူကို ချပြမယ်။ ပြည်သူတွေရဲ့ အသံကို နားထောင်မယ် ။ ဒီဆန္ဒသဘောထားတွေကို ရယူပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်တွင်းမှာ ပြန်လည် ထင်ဟပ်စေမယ် လို့နားလည်ထားပါတယ်။ ကျနော်တို့ ခင်ဗျားတို့သိတဲ့အတိုင်း ၂၀၁၀က ရွေးကောက်ခံ အများစုဟာ ပြည်သူကို တကယ် ကိုယ်စားမပြူပါဘူး။ သူတို့တွေရဲ့ သဘောအတိုင်းသာ ဆုံးဖြတ်ရင် ဒါပြည်သူ့အသံ အစစ်အမှန် မဟုတ်ပါဘူး။ လွှတ်တော်နိုင်ငံရေးက တစ်ရာရာနှုန်း မစစ်မှန်လေတော့ ပြည်သူတွေသဘောထားကို ကောက်ခံပြီး လူထုနိုင်ငံရေးနဲ့ ဝင်ရောက်အားဖြည့်ပေးခြင်းလို့ ယူဆပါတယ်။ ပြည်သူတွေဆီကို ပါတီတရပ်က ရောက်အောင်သွားပြီး ရှင်းပြမယ်။ အသံတွေ ပြန်နားထောင်မယ် ဆိုတာ အစွန်းရောက်လမ်းကိုလျှောက်သွားပြီလို့ သုံးသပ်တာ သိပ်ကိုအစွန်းရောက်နေသလားဘဲ ခင်ဗျာ။ အစိုးရိမ်ကြီးလွန်းရင်လဲ ဘာကိုမှ ရှေ့မတိုးနိုင်တော့ပါဘူး။

ကျနော်သတိထားမိတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆန့်ကျင်ဘက် အမြင်ရှိသူ နှစ်ဘက်က ဝေဖန်လေ့ရှိပါတယ်။ အပြုတ်တိုက်ရေးသမားရယ် အညံ့ခံပြေငြိမ်းရေးသမားရယ်ပါ။ ဒီနှစ်စုဟာ ကျန်တာတွေမှာ ဖြောင့်ဖြောင့်ကြီး ကွဲပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အမြင်မကြည်လင်တာမှာတော့ သဘောထားချင်း တိုက်ဆိုင်ပါတယ်။ တဖက်ကလည်း တပ်ကိုနိုင်ငံရေးလောကထဲက ချက်ချင်း မောင်းထုတ်ရမယ် ကြွေးကြော်တယ်။ တခြားတဖက်ကလဲ တပ်ကိုမထိနဲ့။ တပ်ကို ဖယ်ထုတ်ရင် နောက်ကြောင်းပြန်လှည့်မယ် ဆိုပြီး တောက်လျှောက် ခြိမ်းခြောက်ပါတယ်။ ကျနော်နားလည်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားက တပ်နဲ့ ပြည်သူ နားလည်မှူတည်ဆောက်ပြီး ညင်သာစွာနဲ့ တပ်ကို နိုင်ငံရေးကနေ လျှော့ချပြီး မူလတာဝန် ကာကွယ်ရေး၊ လုံခြုံရေးကို အပြည့်အဝ ထမ်းဆောင်နိုင်ရေးလို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိပ်တိုက်ရင်ဆိုင်ရေးသမားဖြစ်တယ် ဆိုတာဟာ တကယ်တော့ သွားလေသူဗိုလ်ချုပ်ခင်ညွန့်လက်ထက်က ဝါဒဖြန့် ရိုက်သွင်းခဲ့တဲ့ စကားတွေပါ။ နောက်ပိုင်း တတိယအုပ်စု ဆိုသူတွေလဲ ဒီအယူကို ကိုင်စွဲပြီး ဒေါ်စုလုပ်တာမှန်သမျှ လက်တွေ့မကျလေဟန်၊ အစွန်းရောက်လေဟန် ပုံဖော်ချင်ပါတယ်။ သူတချိန်လုံး ကိုင်စွဲထားတာ စေ့စပ်ညှိနှိုင်းရေး၊ အကြမ်းမဖက်ရေးပါခင်ဗျာ။ ဟိုတဖက်ကသာ ခေါင်းမာပြီး စကားမပြောခဲ့တာပါ။ သူ့ဘက်က အမြဲတံခါးဖွင့်ထားတာပါ။ စကားပြောလိုတဲ့ခေါင်းဆောင်တွေနဲ့ကျတော့ စကားပြောဆိုညှိနှိုင်းပြီး အတန်ငယ် ခရီးပေါက်လာတာပါ။ ကျနော်တို့ လူတယောက်ကို ချဉ်းကပ်ရာမှာ အစွဲကင်းကင်း သုံးသပ်ကြစေလိုပါတယ်။

နောက်တချက်က တပ်မတော်အပါအဝင် လက်ရှိနိုင်ငံရေး ခေါင်းဆောင် တွေ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိပါးရင် နောက်ကြောင်း ပြန်လှည့်နိုင်သလား ဆိုတာပါ။ဒီနေရာမှာ ကြံ့ခိုင်ရေးပါတီက တရားစီရင်ရေးနဲ့ ဥပဒေရေးတာကော်မတီဥက္ကဌ သူရဦးအောင်ကိုမနေ့က မက်ဆင်ဂျာ ဂျာနယ်မှာ ပြောတာ သဘောကျပါတယ်။ " ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ဦးတည်ချက်က မြန်မာနိုင်ငံသားတိုင်းရင်းသားတွေရဲ့ အကျိုးစီးပွါးနဲ့ နိုင်ငံကိုကာကွယ်စောင့်ရှောက်ဖို့ပါ။တချို့က ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကြီးကို ကာကွယ်ဖို့လို့ သဘောပေါက်နေတယ်။တကယ်လို့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေက မြန်မာနိုင်ငံသားတိုင်းရင်းသားတွေရဲ့ ဆန္ဒ နဲ့ ကိုက်ညီမှူ မရှိရင် လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ပြည်သူတွေမှာ ပြင်ဆင်ဖို့တာဝန်ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရမယ် လို့ မျက်စေ့မှိတ်ပြောတာ ပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြူနေသလား ပြန်သုံးသပ်ရပါမယ်။ ပြင်သင့်ပြင်ထိုက်တာတွေရှိလို့ ရဲရဲဝံ့ဝံ့ ပြင်ရမယ်။ တချို့က လက်ရှိရထားတဲ့ စည်းစိမ်ကို ကာကွယ်ဖို့ ၊ အာဏာကို ကာကွယ်ဖို့ နောက်ကြောင်းပြန်လှည့်မယ် သုံးသပ်ကြတယ်။ဒါပေမဲ့ နောက်ပြန်လှည့်မှာကို ပြည်သူက လက်မခံပါဘူး။ နိုင်ငံတကာက လက်မခံပါဘူး။ ပြည်ထောင်စုအစိုးရကစပြီး အကြီးအကဲတွေ လွှတ်တော်က လက်မခံပါဘူး။ နောက်ပြန်လှည့်ဖို့ဆိုတာမရှိပါဘူး၊ အဲဒီခေတ် မဟုတ်တော့ပါဘူးလို့ဖြေချင်ပါတယ်။"

နောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ထိုင်းနိုင်ငံမှာပြောခဲ့တာက ဒီလိုပါ။ " မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေပြီဖြစ်၍ စစ်တပ်၏အခန်းကဏ္ဍကို လျှော့ချထားပြီဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများအောင်မြင်စေရန် တပ်မတော်ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုကို အာမခံချက်ပေးကြောင်း၊ ပြုပြင်ပြောင်းလဲရေးများဆက်လက်တိုးတက်ရန်သာရှိကြောင်း၊ နောက်ကြောင်းပြန်ဆုတ်ရန် မရှိကြောင်း ဆိုပြီးတော့ပါ။" ဒါဟာ ကြားကောင်းရုံ စကားထက် ပိုလေးနက်မှာပါ။

ဒီမိုကရက်တစ် စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ လိုတယ်ဆိုတာကို အဓိကနိုင်ငံရေးပါတီကြီး နှစ်ခုအပါအဝင် အရပ်ဘက် အဖွဲ့အစည်းတွေ နားလည်ပါတယ်။ ဒီအတွက် ဒီချုပ်က လူထုထဲကို ချပြမှာ၊ သဘောထားရယူမှာကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားတယ်၊ နောက်ကြောင်းပြန်သွားမယ်လို့သုံးသပ်တာ (တနည်းပြောရရင် ခြိမ်းခြောက်တာ) အင်မတန်လွဲပါတယ်။ ဒီချုပ် ကိုယ်တိုင်က ပြင်ဆင်းရေးကိုသာ ကိုင်စွဲထားလို့ ဖျက်သိမ်းရေးလိုဟာမျိုးကို နှက်ကြောင်းပေးမယ် မထင်ပါဘူး။ တခုခုပြောတိုင်း တပ်နဲ့ ခြိမ်းခြောက်တာဟာ တပ်မတော်ကို အထင်သေးရာ၊ နှိမ့်ချရာလည်း ရောက်ပါတယ်။ နိုင်ငံရေးအင်အားစုတွေက တပ်မတော်ရဲ့ အခန်းကဏ္ဍကို နားလည်သဘောပေါက်သလို တပ်ကလဲ သူတို့ဟာ ပြန်ပေးဆွဲ အဖွဲ့အစည်းတရပ်လို ဗိုလ်ကျချင်စိတ်နဲ့ အများဆန္ဒ ကို ကန့်လန့်တိုက်မယ် လို့ ကျနော် မထင်ပါဘူး။ လက်တွေ့ကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကို ရဲရဲသာ လျှောက်လှမ်းသင့်ပြီး တောချောက်ပြီး ကျုံးသွင်းလိုသူ အနည်းငယ်မျှသောသူတွေရဲ့ နောက်ကြောင်းပြန်ခြိမ်းခြောက်မှူဟာ ကိုယ်ကျိုးစီးပွါး၊အာဏာပေါ်မူတည်ပြီး ထွက်လာသော အသံသာဖြစ်ပြီး တိုးတိတ်မှိန်ဖျော့သွားမယ်လို့မြင်ပါတယ်။

လင်းဘုန်းသန့်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ယူကေ အပါဝင် ဥရောပ ၄ နိုင်ငံကို ခရီးထွက်မယ်လို့ သိရပါတယ်။

ခရီးစဉ်အသေးစိတ်ကိုတော့ ညိနှိုင်းနေဆဲဖြစ်ပြီး ဒီခရီးဟာ ၂ပတ်ခန့် ကြာမှာဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် အောက်တိုဘာ ၁၇၊ ၁၈ တစ်ရက်ရက်မှာ စပြီး ထွက်ခွာမယ်လို့ ဆိုနေကြပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ရက်အတိအကျနဲ့ မပြောသေးပါဘူး။

အခုခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ယူကေ အပါအဝင် အီတလီ၊ ဘယ်လ်ဂျီယံနဲ့ လခ်ဇင်ဘတ်ခ် နိုင်ငံတွေကို သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ယူကေကိုတော့ အောက်တိုဘာ ၂၂ ရက်လောက်မှာ ရောက်မယ်လို့ ဆိုကြပါတယ်။

ယူကေကို ရောက်ရှိစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြောက်အိုင်ယာလန် ဘက်ကို သွားပြီး လေ့လာဖို့ ရှိတယ်လို့ လည်း သိရပါတယ်။အခုခရီးစဉ်မှာ ဘယ်သူတွေ ပါမလဲ ဆိုတာအပြင် ဘယ်နေရာ တွေကို သွားပြီး ဘာတွေ ဆောင်ရွက်မလဲ ဆိုတာကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က တိတိကျကျ မပြောသေးပါဘူး။

သိရသလောက် ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း၊ ဒေါက်တာ တင်မာအောင်နဲ့ လုံခြုံရေး အတွက် ဦးစိုးဝင်းတို့ လိုက်ပါလာမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ နှစ် ဇွန်လအတွင်းက ယူကေအပါအဝင် ဥရောပ ၅ နိုင်ငံကို ရောက်ရှိခဲ့တဲ့ နောက်မှာအခု ခရီးစဉ်ဟာ ဒေါ်အောင်ဆန်း စုကြည်အတွက် ဒုတိယမြောက် ယူကေ ခရီးစဉ် ဖြစ်ပါတယ်။


ဘီဘီစီ


ကျွန်တော် ဒီဗီဒီယိုလေးကို တင်ရတာ အကြောင်းရှိပါတယ်။ တရားရေးဖက်က မရိုးသားမှုတွေကို မြင်နေကြားနေရလို့ပါ။ စဉ်းစားကြည့်စမ်းပါဦး ဘော်ဒါတို့။ တရားခွင်မှာ တရားသူကြီးက တရားခံလူငယ်တွေကို ဖက်ပွေ့ပြီး နှုတ်ဆက်တယ်တဲ့၊ ပြီးတော့ ပါးကို ဖက်နမ်းတယ်တဲ့။ ပြီးတော့- မင်းတို့ စိတ်မပျက်ကြပါနဲ့၊ ကွင်းလုံးကျွတ်လွတ်မှာပါ၊ ငါတာဝန်ယူပါတယ်လို့ အားပေးစကားပြောတယ်တဲ့။

ပြီးတော့- တရားခွင်အပြီးမှာ တရားခံလူငယ်များရဲ့မိဘတွေ ကားနဲ့တင်ခေါ်သွားတဲ့ စားသောက်ဆိုင်(ဟိုတယ်)ကို တရားသူကြီးနဲ့အဖွဲ့က ရယ်ရယ်မောမော၊ ရင်းရင်းနှီးနှီးနဲ့ လိုက်ပါသွားပါသတဲ့။
(၂-၁၀-၂၀၁၃)ရက်ချိန်းမှာ မီဒီယာသမားတွေ အုံနဲ့ကျင်းနဲ့ လာတာတွေ့တော့ စီရင်ချက်မချပဲ ရက်ချိန်းပြန်ပေးလိုက်တယ်။ ပြန်ပေးတဲ့ရက်ချိန်းက မနက်ဖန် (၉-၁၀-၂၀၁၃) ဆို ရောက်တော့မှာပါ။ ဘယ်လိုဆုံးဖြတ်ချက်ချမှာလဲ။ တရားရေးအရာရှိများအနေနဲ့ အချိန်မီ ဆင်ခြင်သင့်တာများ ဆင်ခြင်နိုင်အောင် စေတနာနဲ့ ဒီဗီယိုဖိုင်လေးနဲ့ သတိပေးလိုက်တာပါ။ စေတနာနဲ့ပါ။

http://www.youtube.com/watch?v=NleemtN3FTk&feature=share&list=UUOCOsxmhrgWTrdnJ8h-boJg

From : Saung Luu

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်သူများအား အသိပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဗဟိုမှ ညွှန်ကြားချက်များကို အမြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ အောက်တိုဘာ ၇ ရက်က ပြည်သူ့လွှတ်တော်သို့ လာရောက် လေ့လာသော အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''ကော်မတီကို ဒါတွေမြန်မြန်လုပ်ဖို့ တိုက်တွန်းသွားပါ့မယ်'' ဟု အဖွဲ့ဝင်များကို ပြောကြားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် လေ့လာသုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးပါဝင်ပြီး အဖွဲ့ချုပ်တွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ ပူးပေါင်း၍ ပြည်သူလူထု၏ ဆန္ဒသဘောထား ရယူသွားမည်ဖြစ်ကာ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ပြည်သူလူထုသို့လည်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြည်သူလူထု၏ ဆန္ဒသဘောထား ကောက်ယူရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ စက်တင်ဘာလက တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ပြည်သူလူထုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းမှုများကို အောက်တိုဘာလအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူလူထုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းမှုများကို အဖွဲ့ချုပ်မှ အဖွဲ့ခုနစ်ဖွဲ့ဖွဲ့၍ တစ်ပြိုင်နက် ကွင်းဆင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေ ဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့စဉ်က ချမှတ်ခဲ့သော မူဝါဒသုံးချက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟူသည့် အချက်လည်း ပါဝင်သည်။

EMG


ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင် (ခ) ဖိုးလပြည့်နဲ့ပတ်သက်မှုလုံးဝမရှိဘူးလို့ မယ်စကြာဝဠာမြန်မာဆုရ မိုးစက်ဝိုင်က အောက်တိုဘာ၇ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

(The Jerusalem Post မှ 30 Sept 2013 ရက်စွဲပါ “Myanmar’s military transformation” သတင်းဆောင်း ပါးကို ဘာသာပြန်ဆိုသည်)

သေချာသည့်အချက်တစ်ခုမှာ တပ်မတော်သည် မကြာမီလာတော့မည့် ကာလတစ်ခုအထိ မြန်မာနိုင်ငံရေးတွင် အရေးကြီးသောကဏ္ဍမှ ဆက်လက်ပါဝင်ကာ အတွင်းသားအစိတ်အပိုင်းအဖြစ် အနည်းဆုံးအားဖြင့် ရှိနေဦးမည့် လက္ခဏာပင်ဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာလ ၁၈ ရက်သည် ၁၉၈၈ အာဏာသိမ်းမှု ၂၄ နှစ်ပြည့်သောနေ့ဖြစ်သည်။ ယင်း ဖြစ်ရပ်သည် လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေးသမိုင်းတွင် တပ်မတော်၏ တတိယမြောက်ကြားဝင်စွက်ဖက်မှု တစ်ခု ဖြစ်သည်။

ထိုအချိန်အထိ မြန်မာနိုင်ငံကို Burma ဟု တရားဝင်သုံးနှုန်းခဲ့ပြီး နောက်တစ်နှစ်တွင် Myanmar ဟု ပြောင်းလဲ ပစ်ခဲ့သည်။

တပ်မတော်၏ ပထမအကြိမ် ကြားဝင်စွက်ဖက်မှုမှာ ၁၉၅၈ တွင် အိမ်စောင့်အစိုးရတာဝန်ထမ်းဆောင်ရန် ဝန်ကြီးချုပ်ဦးနုက ကမ်းလှမ်းခဲ့ချိန်ဖြစ်ပြီး၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ယာယီအိမ်စောင့် အစိုးရဝန်ကြီးချုပ်အဖြစ်တာဝန်ယူကာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။

၁၉၆၂ တွင် တပ်မတော်၏ ဒုတိယအကြိမ် ကြားဝင်စွက်ဖက်မှုဖြစ်ပေါ်ခဲ့သည်။ ပထမအကြိမ်နှင့်မတူပဲ ဒီမိုကရေစီအစိုးရကို အာဏာသိမ်းယူခဲ့ခြင်းဖြစ်ပြီး၊ ဝန်ကြီးချုပ်ဦးနုနှင့် အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးကာ လွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းမှုတွင် အာဏာရှင် ဦးနေဝင်း အစိုးရ အဆုံးသတ်သွားခဲ့ပြီး၊ မြန်မာ့နိုင်ငံရေးတွင် စစ်ဖက်ခေါင်းဆောင် မျိုးဆက်သစ်များ ထွက်ပေါ်လာခဲ့သည်။

နိုင်ငံရေးအသွင်ပြောင်းမှု ဘယ်လိုဖြစ်လာသလဲဟူသော မေးခွန်းသည် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်က လက်ရှိလွှမ်းမိုးနေမှုကို နားလည်သဘောပေါက်ရန်အတွက် အရေးကြီးသောအချက် ဖြစ်သည်။

တပ်မတော်သည် အသွင်တစ်မျိုးမှ နောက်တစ်မျိုးသို့ သူ့ကိုယ်သူကူးပြောင်းရာတွင် ရှင်းလင်းသည့်ပုံစံတစ်ခု ရှိသည်။ ပထမဦးစွာ တပ်မတော်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှတဆင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ဖြင့်အုပ်ချုပ်ခဲ့သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဖြင့် အစားထိုးရန်လည်း ကြိုးစားခဲ့သည်။

နဝတ အစိုးရကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နယက နှင့် ပြည်ခိုင်ဖြိုးပါတီအဖြစ် အသွင်ပြောင်းသည်။ ထို့နောက် ၂၀၁၀ မတ်လတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသိန်းစိန်ကို အစိုးရသစ်ဖွဲ့စည်း အပ်နှင်းပေးပြီးနောက် နယက အဖွဲ့ကို ဖျက်သိမ်းလိုက်သည်။

ထိုကဲ့သို့ တပ်မတော်၏ အသွင်ကူးပြောင်းမှုများ အဆက်ဆက် ဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိအနေအထားတွင် တကယ့် အာဏာလွှဲပြောင်းမှုကို မတွေ့ရပါ။ လက်ရှိအစိုးရကိုလည်း ယခင်တပ်မတော်အစိုးရ အကြီးအကဲ ဦးဆောင်ရေး ဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအရ ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။

လက်ရှိမြန်မာ့နိုင်ငံရေးကို ၂၀၁၂ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့၏ ရလဒ်များက ပုံသွင်း လျက်ရှိသည်။

၂၀၁၀ ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုး USDP ပါတီက အောင်ပွဲခံခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများ တွင် NLD ပါတီက ၄၄ နေရာအနက် ၄၃ နေရာ အနိုင်ရရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက အောင်ပွဲခံခဲ့သော်လည်း လွှတ်တော်တွင်းအတိုက်အခံတို့၏ စုပေါင်း အင်အားသည် အာဏာရပြည်ခိုင်ဖြိုးအစိုးရကို စိန်ခေါ် (သို့) ခြိမ်းခြောက်နိုင်လောက်အောင် အင်အား မတောင့်သေးပါ။

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးစသော အစိုးရ၏ တပ်ခွဲသုံးခွဲ (သို့) မဏ္ဍိုင်သုံးခုစလုံးမှာလည်း ဗိုလ်ချုပ်ဟောင်းများနှင့် စစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီဝင်များကသာ လွှမ်းမိုးထားကြသည်။ တပ်မတော်၏ ထင်သာမြင်သာအခွင့်ထူးအချို့မှာ လွှတ်တော်ကိုယ်စားလှယ် နေရာ ၂၅ ရာခိုင်နှုန်းကို ရွေးကောက်ပွဲမလိုဘဲ ရယူထားခြင်း၊ အရေးပေါ်အခြေအနေတွင် အစိုးရထံမှ အာဏာလွှဲယူနိုင်ခြင်း၊ အခြေခံဥပဒေ ပြင်ဆင်မှုမှန်သမျှ လွှတ်တော်တွင် ၇၅ ရာခိုင်နှုန်း ကျော်ထောက်ခံမှုရရန်လိုအပ်ခြင်း စသည်တို့ဖြစ်သည်။

ထို့အပြင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာကဲ့သို့သော လုံခြုံရေးဆိုင်ရာဆိုင်ရာဝန်ကြီးဌာနများကို လည်း တပ်မတော်အရာရှိများကသာ ထိန်းချုပ်ထားကြသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သည်လည်း အစိုးရအဖွဲ့၏ အာဏာအကြီးဆုံးကောင်စီတစ်ခုအဖြစ် ၂၀၀၈ အခြေခံဥပဒေတွင် ရေးဆွဲထားသည်။ အတိတ်က လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်နေသော ဗိုလ်ချုပ်ကြီးများကိုလည်း ၂၀၀၈ အခြေခံဥပဒေက အာမခံချက်ပေးထားသည်။

ယခုနှစ်ဇူလိုင်လတွင်မူ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့်အခြေခံဥပဒေပါ အငြင်းပွားစရာအချို့ကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် အဖွဲ့ဝင် ၁၀၉ ဦးပါ ကော်မတီကို လွှတ်တော်က ဖွဲ့စည်းပေးခဲ့သည်။ ၎င်းကော်မတီတွင် NLD နှင့် UNSDP အပါအဝင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ကြသည်။

အငြင်းပွားစရာအချက်များအနက်မှ ဖိအားများသော ကိစ္စရပ်နှစ်ခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလာအောင် တားဆီးထားသော စည်းကမ်းချက်ကို ဖယ်ရှား (သို့) ပြင်ဆင်ရေးနှင့် ပြည်နယ်များအား ၎င်းတို့၏ ဝန်ကြီးချုပ်များကို ရွေးချယ်ခွင့်ပြုရေးတို့ကို ကော်မတီက ဖြေရှင်းရန် ကြိုးစားလျက်ရှိသည်။

ကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ဒီဇင်ဘာ ၃၁ ရက်မတိုင်မှီ လွှတ်တော်သို့ တင်ပြမည် ဖြစ်သည် မြန်မာ့နိုင်ငံရေးသည် လက်ရှိတွင် ယိုင်နဲ့နဲ့ ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေသော်လည်း၊ နောက်ပြန် မလှည့်တော့ဟု မှတ်ချက်ပေးရန် အချိန်စောနေသေးသည်။ နောက်ပြန်မလှည့်တော့သော်ငြားလည်း နှောင့်နှေး ကြန့်ကြာလွန်းသည်ဟု အချို့ကဆိုကြသည်။

လက်ရှိအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအများစုနှင့် အပစ်ရပ်သဘောတူညီမှုများ ရရှိထားသော် လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးနှင့် ပတ်သက်၍ အငြင်းပွားစရာမရှိသော နိုင်ငံရေးအဖြေထွက်လာရန် အာမခံနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် နိုင်ငံရေးတွင် တပ်မတော်က မွေးရာပါအခွင့်အရေးသဖွယ် နေရာယူထားခြင်းကို ရုတ်သိမ်းရန်အတွက် ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်မည်ဟုလည်း အာမခံနိုင်ခြင်း မရှိသေးပါ။

ဒါတင်မကသေးပါ။ ၂၀၁၅ ရွေးကောက်ပွဲများ လွတ်လပ်မျှတမှာလားဆိုသည့် ကိစ္စ မရေရာသေးသည့်အပြင်၊ တပ်မတော်အား လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းပေးထားသည့် အခြေခံဥပဒေ စည်းကမ်းကို ပြင်ဆင်မည်ဟူ သော အာမခံချက်လည်း မရှိသေးပါ။

လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍အရာရာကို အကောင်းမြင်နိုင်သကဲ့သို့၊ သမိုင်းကြောင်းဆိုင်ရာ ပြဿနာများရှိမှု၊ တပ်မတော်၏ မွေးရာပါနေရာယူမှုစသော အကြောင်းရင်းခံများရှိနေသောကြောင့် ရေရှည်ပြေလည်မည့် အဖြေထွက်နိုင်ရေးနှင့် ပတ်သက်၍ ပြစ်တင်ဝေ ဖန်စရာ အကြောင်းများလည်း ရှိနေဆဲဖြစ်ပါသည်။

သို့ဖြစ်ရာ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီ၏ ဖြစ်နိုင်ချေ အစီရင်ခံစာနှင့် ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲအပေါ် ချဉ်းကပ်ပုံတို့ကို မှန်းဆရန် အချိန်မတန်သေးသော်လည်း၊ သေချာပေါက် ပြောနိုင် သည့် အချက်တစ်ခုမှာ တပ်မတော်သည် မကြာမှီလာတော့မည့် အနာဂါတ်ကာတစ်ခုအထိ မြန်မာ့နိုင်ငံရေးတွင် အရေးကြီးသောကဏ္ဍမှ ဆက်လက်ပါဝင်ကာ အတွင်းသားအစိတ်အပိုင်းအဖြစ် အနည်းဆုံးအားဖြင့် ရှိနေဦးမည့် လက္ခဏာပင်ဖြစ်သည်။

Yangon chronicle

မြန်မာ့ဂုဏ်ဆောင်များနှင့် တစ်သောင်းပြည့်

၇.၁ဝ.၂ဝ၁၃ (တနင်္လာနေ့) နံနက် (၈းဝဝ) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးတစ်ခုလုံး လူငယ်ပရဟိတ မောင်မယ်ပေါင်း မြောက်များ စွာတို့ စုရုံးရောက်ရှိနေကြသည်။ လူပေါင်းမြောက်များစွာရှိနေသော်လည်း အဆောက်အဦးတစ်ခုလုံး တိတ် ဆိတ်ငြိမ်သက်နေသည်။ နာရေးကူညီမှုလမ်းကြောင်း တောင်းခံသည့် တယ်လီဖုန်းသံအား အားလုံးစူးစိုက် နားထောင်နေကြသည်။ နာရေးကူညီမှု တစ်သောင်းပြည့်မည့် နာရေးရှင်၏ အမည်၊ အသက်နှင့် နေရပ်လိပ် စာတို့အား နားစွင့်နေကြသည်။ ယင်းနေ့တွင် နာရေးကူညီမှု တစ်သောင်းပြည့်ရန်အတွက် နာရေးကူညီမှု တောင်းခံသည့်လမ်းကြောင်း (၇) ကြောင်းရှိသည့်အနက် အကူအညီတောင်းခံသည့် လမ်းကြောင်းများ တစ်ကြောင်းပြီးတစ်ကြောင်း တယ်လီဖုန်းသံတို့ ကြားနေရသည်။ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် တစ် သောင်းပြည့်မည့် အကူအညီတောင်းခံသည့် နာရေးလမ်းကြောင်း တယ်လီဖုန်းမှတဆင့် ကြားသိလိုက်ရ သည်။ ကွယ်လွန်သူမှာ ဦးကြည်သူ အသက် (၄၅) နှစ်၊ တိုက် ၄၈၊ တော်ဝင်အိမ်ရာ၊ မြောက်ဒဂုံမြို့နယ် နေထိုင်သူဟု သိရှိရတော့သည်။ သင်္ဂြိုလ်ပေးရမည့် အချိန်သည်ကား နေ့လည် (၁းဝဝ) နာရီဟု သတ်မှတ် လိုက်သည်။

နံနက် အစောပိုင်းကတည်းက တစ်သောင်းပြည့် ဈာပနလမ်းကြောင်းအား ကူညီမှုပေးနိုင်ရန် စီစဉ် ထားသော နိဗ္ဗာယာဉ်၊ လိုက်ပါပို့ဆောင်မည့် BM ယာဉ် (၃) စီး၊ ရှေ့ပြေးယာဉ်၊ လူနာတင်ယာဉ်၊ မီနီဘတ် အစရှိသည့် မော်တော်ယာဉ် (၁ဝ) စီးတို့ဖြင့် တစ်သောင်းပြည့် ဈာပနလမ်းကြောင်းအား လိုက်ပါကုသိုလ် ယူကြမည့် အသင်းသား/သူများ၊ ဝန်ထမ်းများ၊ မီဒီယာများနှင့်အတူ ဂီတပညာရှင် ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုဆောင်းဦးလှိုင်၊ တေးရေး လင်းထက် (မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း သီချင်းရေးသားသူ)၊ Graffiti Artist လူငယ်ပညာရှင် အာကာကျော်နှင့်အဖွဲ့တို့အပြင် Miss Supranati onal Internet ဆု၊ Missosology Website မှ ပေးအပ်သည့် Miss International 2012 ပြိုင်ပွဲတွင် Miss Internet Award နှင့်အတူ People Choice Award ဆု (၂) ဆုရှင် နန်းခင်ဇေယျာ၊ People Choice Award, Face of Miss Supranational 2013, Belarus Webste မှ ပေးအပ်သည့် Most Beautiful Girl in the World အစရှိသည့် ဆု (၄) ဆုရှင် ခင်ဝင့်ဝါ တို့မှ လာရောက်၍ အများပြည်သူတို့အတွက် အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်ဖြစ်သည့် နာရေးကူညီပို့ဆောင်မှု ကုသိုလ်တော်ကြီးအား ထမ်းရွက်ကြ ရန် အသင့်အနေအထား ဖြစ်နေကြသည်။

နာရေးကူညီမှုဈာပနလမ်းကြောင်းအား လာရောက်၍ မိမိတို့ တတ်စွမ်းသော ဓါတ်ပုံပညာရပ်ဖြင့် ကူညီအားဖြည့် ကုသိုလ်ပြုကြသော ဓါတ်ပုံပညာရှင် ကိုကျော်သူ (W.K.A)နှင့် ကိုစောတင်အောင် တို့သည်လည်း တက်ကြွစွာဖြင့် မှတ်တမ်းဓါတ်ပုံများအား ရိုက်ကူးပေးရန် စောင့်ဆိုင်းလျှက်ရှိသည်။ (၁၂း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် တို့နှင့်အတူ ပရဟိတသမားများ စုံညီစွာဖြင့် နာရေးနေအိမ်သို့ သွားရောက် ကာ နေအိမ်လမ်းထိပ်တွင် နိဗ္ဗာယာဉ်အားရပ်နား၍ နိုင်ငံခြားဖြစ်အခေါင်းအား နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ တို့မှ ဦးဆောင်၍ အသင်းသူများတို့ဖြင့် တိုက်ခန်းရှိရာသို့ သယ်ဆောင်ခဲ့ကြသည်။ ထို့နောက် ကွယ်လွန်သူ ဦးကြည်သူ အသက် (၄၅) နှစ်၏ ရုပ်ခန္ဓာအား တော်ဝင်အိမ်ရာ ဒုတိယထပ်မှတဆင့် ထမ်းပိုးသယ်ဆောင် ၍ တိုက်ခန်းရှေ့တွင် အသင့်ပြင်ဆင်ထားသည့် နိုင်ငံခြားဖြစ် အခေါင်းထဲသို့ထည့်သွင်း၍ ယူဆောင်လာ သော နှင်းဆီပန်းပွင့်များဖြင့် ကွယ်လွန်သူ၏ ရုပ်ခန္ဓာအား ပြင်ဆင်မွန်းမံပေးပြီးနောက် ကျန်ရစ်သူမိသားစု တို့အား အသင်းသား/သူများတို့မှ စုပေါင်း၍ လှူဒါန်းထားသည့် အလှူငွေ ၄၂၆ဝဝဝိ/- (လေးသိန်းနှစ် သောင်းခြောက်ထောင်) ကျပ်တိတိ၊ ဈာပနပို့ဆောင်သူတို့အတွက် အသုံးပြုရန် ပေးဝေသည့် ယပ်တောင် (၃ဝဝ) လက်နှင့် သင်္ကန်းပရိက္ခရာအစုံအား (၇) ရက်ပြည့် ရက်လည်ဆွမ်းကပ် လှူဒါန်းမှုပြုရန်အတွက် ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ရုပ်ခန္ဓာထည့်သွင်းထားသည့် အခေါင်းအား ဦးကျော်သူ၊ ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်၊ လင်းထက်၊ အာကာကျော်တို့မှ ဦးဆောင်၍ အသင်းသားများတို့ဖြင့် နိဗ္ဗာန်ယာဉ်ပေါ် ပြန်လည်တင်ဆောင်ပြီး ရေဝေးသုဿန်သို့ စည်ကားသိုက်မြိုက်စွာဖြင့် ရပ်ကွက်သူ/သားများ၊ တော်ဝင် မေတ္တာ သာမှုနာမှုကူညီရေးအသင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဝတ်ရွတ်အဖွဲ့တို့နှင့်အတူ ပို့ဆောင် သင်္ဂြိုဟ်ပြီးစီးခဲ့ပါသည်။

ထို တစ်သောင်းပြည့် ဈာပနပို့ဆောင် အခမ်းအနားအတွက် အချိန်ပေး၍ လုပ်အားဒါနပြုကြသော အသင်းသား/သူများ၊ ပရဟိတ လူငယ်မောင်မယ်များ၊ ဂီတပညာရှင်များ၊ ပန်းချီပညာရှင်လူငယ်များ၊ မြန်မာ့အလှမယ်များ၊ ပြည်တွင်းသတင်းမီဒီယာများ၊ ဓါတ်ပုံပညာရှင်များနှင့်အတူ သတင်းမှတ်တမ်းများ လာရောက်ရိုက်ကူးကြသော ပြည်ပသတင်းဌာနများဖြစ်ကြသော DVB, RFA ဝိုင်းတော်သားများအားလည်း အများပြည်သူ ဈာပနရှင်တို့ကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခု ၂ဝ၁၃ ခုနှစ်အတွက် နာရေးကူညီမှုတစ်သောင်းပြည့် အခမ်းအနားတွင် လူသားချင်းစာနာစိတ် ရှိကြသော၊ ဗြဟ္မစိုရ်စိတ်ဓါတ်များ လက်ကိုင်ပြုထားသော၊ အများပြည်သူလူထုတို့အား ကျေးဇူးပြန်လည် ဆပ်ကြသော ပရဟိတသူရဲကောင်းများ ဖြစ်ကြသည့် ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုဆောင်းဦးလှိုင်တို့အပြင် မြန်မာ့ဂုဏ်ထူးဆောင် လူငယ်မျိုးဆက်သစ်များဖြစ်ကြသော တေးရေး လင်းထက် Graffiti Artist လူငယ် ပညာရှင် အာကာကျော်နှင့်အဖွဲ့တို့အပြင် နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ တို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အတူတကွ ပူးပေါင်းပါဝင်လာမှုသည် အနာဂတ် လူမှုရေးလောကအတွက် ငြိမ်းချမ်းမှုပြယုဂ်အဖြစ်လူမှုရေးသမိုင်းမှတ်တိုင်တစ်ခုအဖြစ် ထူထောင်နိုင်ခဲ့တော့သည်။

" တိုင်းပြည် ပိုက်ဆံ ပြည်သူ့ ထံ ကြေငြာရန် မလို "ဟု ဆိုလိုက်သော ပါတီ က ဆရာကြီး.... ဟာသ တွေ များ ပြောနေသလားလို့ တောင် စဉ်းစားမိတယ်..။

ဘယ် Point ကနေ စဉ်းစား စဉ်းစား ဒီစကားရဲ့ အဓိပါယ်ဟာ အဖြေမှန် ဆိုတာ ထွက်မလာပါဘူး..ခင်ဗျာ...။

တိုင်းပြည် ပိုက်ဆံဟာ တကယ်တော့ ပြည်သူ့ ဘဏ္ဍာပါ.။

ပြည်သူ ဘဏ္ဍာဆိုတာ ပြည်သူ့ ပိုက်ဆံပါ.ခင်ဗျာ...။ ပြည်သူ သိခွင့် ရှိရမှာပါ..။

တိုင်းပြည် ပိုက်ဆံဟာ ပါတီ ပိုက်ဆံ မဟုတ် သလို လူပုဂိုလ် တစ်ဦး တစ်ယောက်ရဲ့  ပိုက်ဆံလဲ မဟုတ်ပါဘူး..။

ကျုပ်တို့ ပြည်သူတွေ သူများပိုက်ဆံတွေလဲ စိတ်မ၀င်စားပါဘူး..ကိုယ့်တိုင်းပြည်က ပြည်သူရဲ့ ပိုက်ဆံ( တိုင်းပြည်ရဲ့ ဘဏ္ဍာ )ကို ပဲ စိတ်ဝင်စားပါတယ်....။

ဒါမှသာ တိုင်းပြည်ရဲ့  စီးပွားရေး အခြေအနေ တိုးတက်လာမှု့ ကို ပြည်သူတွေ သိနိုင်မယ်..ဗျ..။

ပါတီက ဆရာကြီး ကြည့်လဲ လုပ်ပါအုံးဗျာ....။ စောစော စီးစီး ပြည်သူတွေကို ဟာဒယ ရွှင်ဆေး တိုက်ကျွေးနေသလားလို့ တောင် ထင်ရတယ်....

လူနောက်ကြီး......

ဘစည်(စင်ကာပူ)

မြန်မာနိုင်ငံမှာတော့ ဥပဒေက လူကို ခင်ရင် မူ ကို ပြင်မယ်ဆိုပြီး ဖြစ်နေတဲ့ အတွက် ဥပဒေ အခြေပြုလူ့အဖွဲ့အစည်းမဟုတ်ဘဲ လူကို အခြေပြု့ တဲ့ ဥပဒေ ဖြစ်နေပါတယ်။ဒါဟာ ရေရှည်ဖြစ်လာတဲ့ အတွက် ပြည်သူလူထု ကိုရော ရဲတပ်ဖွဲ့ ကိုရော အမှန်တကယ် ထိခိုက် နှစ်နာစေပါတယ်။
အမေရိက မှာ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်က အစိုးရကို ဘတ်ဂျက် ကိစ္စပိတ်ဆို့ထားတဲ့ အတွက် အခက်အခဲဖြစ်နေချိန်မှာ သမ္မတအိမ်ဖြူတော် ကို ကားနဲ့ အတင်းမောင်းဝင်ရန် ကြိုးစားတဲ့ အာဖရိကန်အမျိုးသမီး ကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ခဲ့ပါတယ်။ အသက် ၃၄နှစ် ရှိပြီဖြစ်တဲ့ သွားဆရာဝန် Miriam Carey ဟာ စိတ်ကျဝေဒနာခံစားနေရသူလို့ သူမ ရဲ့ မိခင်က ပြောပါတယ်။ကားကို ရဲက ရန်တန့်စစ်ဆေးရာမှာ မောင်းပြေးတဲ့ အတွက် ရဲက လိုက်လံ ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်လို့ သူမဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ကားပေါ်မှာတော ၁၈ လသားအရွယ် သူမရဲ့ ကလေးတစ်ဦးကျန်ရှိခဲ့ပါတယ်။

အမေရိက ရဲ့ ဥပဒေ အရ ရဲက တားဆီးရင် ကားကိုရပ်ပေးရပါတယ် မရပ်ပေးရင် အရေးပေါ်မီးဖွင့်ခြင်း စပီးကာဖွင့်တားခြင်း ရဲကားအသံပါဖွင့်ပြီး လိုက်ဖမ်းပါတယ်။အဆင့် ၃ဆင့်တားလို့မှမရရင်တော့ရဲကပစ်ခတ်ဖမ်းဆီးခွင့်ရှိသွားပြီဖြစ်ပါတယ်။ယခုဖြစ်စဉ်မှာ အကြမ်းဖက်လုပ်ရပ်ပုံစံ မဟုတ်ဘဲ US Shutdown အခြေအနေအရ အခံစိတ်ကျဝေဒနာသည် တစ်ယောက် ထင်ရာမြင်ရာ လုပ်လိုက်တဲ့ သဘောလို့ ကားထဲမှာ လည်း ကလေးငယ်တစ်ဦးပါတဲ့အတွက် ယူဆပါတယ်။ သို့ပေမယ့် ကားအတွင်းမှာ ကလေးငယ်ပါသော်လည်း အမေရိကန် ရဲတပ်ဖွဲ့ဟာ ဥပဒေ အဆင့် အတိုင်းလုပ်ဆောင်သွားပါတယ်။အကြမ်းဖက်သမားများရဲ့ အန္တရယ် ကို ကာကွယ်နိုင်ဖို့ အမေရိက မှာ ပြည်သူလူထုကရော ရဲတပ်ဖွဲ့ ကရော ဒီဥပဒေ တွေကိုသိရှိပြီးဖြစ်လို့ အားလုံးဥပဒေ အတိုင်းလိုက်နာကျင့်သုံးကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ဥပဒေက လူကို ခင်ရင် မူ ကို ပြင်မယ်ဆိုပြီး ဖြစ်နေတဲ့ အတွက် ဥပဒေ အခြေပြုလူ့အဖွဲ့အစည်းမဟုတ်ဘဲ လူကို အခြေပြု့ တဲ့ ဥပဒေ ဖြစ်နေပါတယ်။ဒါဟာ ရေရှည်ဖြစ်လာတဲ့ အတွက် ပြည်သူလူထု ကိုရော ရဲတပ်ဖွဲ့ ကိုရော အမှန်တကယ် ထိခိုက် နှစ်နာစေပါတယ်။ ရဲတပ်ဖွဲ့ ရဲ့ ထိန်းသိမ်းပုံတွေဟာ တစ်နေရာတစ်မျိုး ဖြစ်နေမယ်ဆိုရင် ဒီမိုကရေစီ ထူထောင်နေတဲ့ နိုင်ငံတစ်ခုကို ထိထိရောက်သွားနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် ယခုပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်သူတွေ ကို မည်သူမဆို မည်သည့်ဘက်မဆို မည်သည့်ဘာသာဝင်မဆို ဥပဒေ အတိုင်း ဥပဒေ မျက်နှာ ပြည်သူ့မျက်နှာ တိုင်းပြည် မျက်နှာသာ ကြည့်ပြီး ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်။

ညီကေး
၎.၁၀.၂၀၁၃
photo- Alhurra

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.