10/09/13

9.1.2013 နေ့ထုတ် ရွှေနိုင်ငံသစ် သတင်းစာပါ ဆောင်းပါး

တပ်ပိုင်မြေအဖြစ်သိမ်းဆည်းထားသည့် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေကွက်များအား ပြန်လည်ရရှိရေးအတွက် အောက်တိုဘာလ ၂ ရက်နေ့က ရန်ကုန်မြို့တော်အချက်အခြာနေရာဖြစ်တဲ့ မြို့တော်ခန်းမရှေ့မှာ မြေကွက်သိမ်းဆည်းခံထားရတဲ့ ရာနှင့်ချီတဲ့ပြည်သူများ စုဝေးရောက်ရှိလာပြီး သပိတ်စခန်းဖွင့်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီလိုသပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူများအရေးနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၃ရက်နေ့ မွန်းလွဲ ၃ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးက သတင်းမီဒီယာများနှင့်တွေ့ဆုံရာမှာ ဆန္ဒထုတ်ဖော်တာဟာ ဥပဒေနဲ့အညီပြုလုပ်တာ မဟုတ်တဲ့အတွက် ဒါကို တရားဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်ကြောင်း ပြောခဲ့တာတွေ့ရပါတယ်။ ဒါ့ပြင် ဒီလိုလုပ်ခြင်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမှာ အဟန့်အတားတွေဖြစ်လာနိုင်ပါတယ်လို့ ဆက်ပြောသွားတာတွေ့ရပါတယ်။ ဒီအချက်ကအတော်အလေးအနက်ထားစဉ်းစားရမယ့် ပြောကြားချက်လို့ မှတ်ယူပါတယ်။

ဝန်ကြီးပြောလိုတာက ခုလိုမျိုးမြို့တော်ခန်းမရှေ့လူမြင်ကွင်းမှာ ဆန္ဒထုတ်ဖော်လာတာဟာ နိုင်ငံခြားသားတွေရဲ့ အမြင်မှာ မြန်မာနိုင်ငံဟာ တည်ငြိမ်မှုမရှိသေးဘူး၊ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူ တွေအတွက် စဥ်းစားစရာဖြစ်စေပြီး မြန်မာနိုင်ငံကိုလာရောက်ဖို့ တွန့်ဆုတ်သွားစေနိုင်တာကြောင့် အဟန့်အတား ဖြစ်စေတယ်လို့ဆိုလိုတာဖြစ်ပါလိမ့်မယ်။ မှန်ပါတယ်၊ တည်ငြိမ်တဲ့ပတ်ဝန်းကျင်မရှိတဲ့ နိုင်ငံတစ်ခုကို ဘယ်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူကမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သို့သော်လည်း ဆန္ဒပြမှုများရှိနေတိုင်း တည်ငြိမ်မှုပျက်ပြားနေတယ်လို့ သတ်မှတ်လို့မရပါဘူး။ ဒီမိုကရေစီနဲ့ ဆန္ဒပြမှုများဟာ ဒွန်တွဲတည်ရှိ နေမှာပါဘဲ။

ဆန္ဒပြမှုများကိုမငြင်းဆန်ဘဲ လက်ခံတာကလည်း ဒီမိုကရေစီယဉ်ကျေးမှုဘဲ ဖြစ်ပါတယ်။ တရားဥပဒေနဲ့အညီဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုချက်တင်ရာမှာလည်း အကြောင်းပြချက်မျိုးစုံနဲ့ ပယ်ချနေတာတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒါဟာအုပ်ချုပ်ရေးပိုင်းအနေနဲ့ ဒီမိုကရေစီကို သွေဖည်သလိုဖြစ်နေတာကို သတိပြုသင့်ပါတယ်။ ပြည်သူများဟာ အကြောင်းမဲ့ ဒုက္ခဆင်းရဲခံပြီး မိုးထဲ၊ လေထဲ နေပူကျဲထဲ လမ်းဘေးပလက်ဖောင်းပေါ်လာမထိုင်ကြပါဘူး။ ပြည်သူများရဲ့အခွင့်အရေး အမှန်တကယ်ချိုးဖောက်ခံရလို့ နစ်နာမှုရှိကြလို့သာ သက်ဆိုင်ရာအစိုးရများ ထိထိရောက်ရောက်ဖြေရှင်းပေးစေလိုတဲ့ဆန္ဒနဲ့ ဒုက္ခရောက်ခံပြီး ဆန္ဒထုတ်ဖော်ကြရခြင်းပဲဖြစ်ပါတယ်။

“အမှန်အတိုင်းပြောရလျှင် သင်္ဃန်းကျွန်းမိကျောင်းကန်ဒေသကိစ္စသည် ဤမျှကြီးကျယ်လာရန် အကြောင်းယုတ္တိမရှိလှပေ။ ပြောရလျှင် အပ်နှင့်ထွင်းရမည့်ကိစ္စတစ်ခုသည် ပုဆိန်နှင့်ပေါက်ဖြေရှင်းရမည့် အခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်သည်။ မူလပထမ လွန်ခဲ့သောကာလတစ်ခုစီက သင်္ဃန်းကျွန်းမိကျောင်းကန်ဒေသသို့ ဌာနဆိုင်ရာက အတင်းအကျပ်ဝင်ရောက်ဖယ်ရှားမှုပြုစဉ်ကပင် ဤအဆင်၊ ဤအသွင်ထိရောက်မလာအောင် ဆောင်ရွက်ဖြေရှင်းသင့်ခဲ့ပေသည်။”

၆.၁၀.၂၀၁၃ ရွှေနိုင်ငံသစ်သတင်းစာက အထက်မှာထောက်ပြထားသလိုပါဘဲ။ ခုလိုမျိုးမြို့တော်ခန်းမရှေ့လမ်းဘေး ရောက်လာစေတာဟာ အစိုးရတာဝန်ရှိသူများရဲ့ ဖြေရှင်းမှုလိုအပ်ချက်ရှိခဲ့တာသေချာပါတယ်။ လမ်ဘေးရောက်လာတော့မှ နင်တို့လုပ်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့ဘူး၊ အဟန့်အတားဖြစ်စေတယ်လို့ တစ်ဖက်သက်ပြောလို့မရပါဘူး။ အဓိကကတော့ တရားဥပဒေစိုးမိုးမှုပါဘဲ။ တရားဥပဒေစိုးမိုးမှု လျော့နည်းတဲ့တိုင်းပြည်ကို ဘယ်နိုင်ငံကရင်းနှီးမြှုပ်နှံမှုကမှ မလာချင်ကြပါဘူး။ မိကျောင်းကန် ရပ်ကွက်များ အတင်းအဓ္ဓမဖယ်ရှားရှင်းလင်းခဲ့တာကရော တရားဥပဒေနဲ့ကိုက်ညီရဲ့လား မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ပြည်သူအများနားလည်ထားတာက ဒီလိုမျိုးနေထိုင်တဲ့မြေယာပေါ်ကနေဖယ်ရှားခိုင်းတာဟာ တရားမကြောင်းနဲ့ သက်ဆိုင်ပါတယ်။ သက်ဆိုင်ရာတရားရုံးတော်မှာ တရားမမှုစွဲဆိုပြီး နှစ်ဖက်ရင်ဆိုင်ပြီးမှ တရားရုံးအမိန့် အတိုင်းဆောင်ရွက်ရမှာလို့ သိထားကြပါတယ်။ တရားမမှုစွဲဆိုတဲ့နေရာမှာလည်း ကာလစည်းကမ်းသတ် ဆိုတာရှိပါတယ်။ ဘယ်လိုအမှုမျိုးကို စွဲဆိုရင် ကာလစည်းကမ်းသတ်ဘယ်နှနှစ်အတွင်းမှာဘဲ စွဲဆိုခွင့်ရှိတယ်၊ ကျော်သွားရင်စွဲဆိုခွင့်မရှိတော့ဘူး ဆိုတာရှိပါတယ်။ အခုမိကျောင်းကန်ရပ်ကွက်များမှာ ကျူးကျော် နေထိုင်သူလို့ ဆိုတဲ့ပြည်သူတွေဟာ နှစ်ပေါင်းများစွာဒီမြေပေါ်မှာနေထိုင်လာခဲ့ကြတာဖြစ်ပေမယ့် ၀န်ကြီးပြောသလို ခိုင်မာတဲ့အထောက်အထားများတော့ ရှိချင်မှရှိမှာပါ။

ခိုင်မာတဲ့အထောက်အထားများမရှိတိုင်း အတင်းအဓ္ဓမ အင်အားသုံးဖယ်ရှားလို့မရပါဘူး။ သက်ဆိုင်ရာ ဥပဒေများနဲ့အညီမှတပါး ဘယ်သူမှ ဥပဒေဘောင်ကို ကျော်လွန်လုပ်ဆောင်လို့မရပါဘူး။ အခုအချိန်မှာ ဒီမိုကရေစီစနစ်ပြောင်းလဲကျင့်သုံးနေပြီး ဖြစ်တာကြောင့် အာဏာမဏ္ဍိုင် ၃ ရပ်ဟာ ပိုင်းခြားကျင့်သုံးနေပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များနဲ့ အရာရာလုပ်ကိုင်လို့ မရတော့ပါဘူး။ တရားဥပဒေစိုးမိုးရေးလို့ပြောရင် အားလုံးဟာ တရားဥပဒေအောက်မှာ တန်းတူအခွင့်အရေးများ ရရှိရမှာဖြစ်ပါတယ်။

မိကျောင်းကန် ရပ်ကွက်များကို အင်အားသုံးပြီးဖယ်ရှားလိုက်တာဟာ ဥပဒေနဲ့အညီကိုင်တွယ်ခဲ့တာ ဟုတ်၊ မဟုတ် အရင်ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ ခိုင်မာတဲ့အထောက်အထားများရှိရင်လာပြကြ အချိန်မရွေး တင်ပြပေးမယ်၊ ရှင်ပေးမယ်လို့ပြန်ပြောနေရတာကိုက စနစ်တကျ ဖြေရှင်းကိုင်တွယ်ခဲ့တာမဟုတ်မှန်း သိသာစေပါတယ်။ အခုနောက်ဆက်တွဲဖြစ်နေတဲ့ ဆန္ဒပြမှုများဟာ ရွှေနိုင်ငံသစ်က မီးမောင်းထိုးပြထားသလို အပ်နဲ့ထွင်းရမယ့်ကိစ္စမှာ အပ်မသုံးခဲ့လို့ဘဲဖြစ်ပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုတွေဟာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို စဉ်းစားစေတာမှန်ပါတယ်။ သို့သော်ဒါ့ထက်ပိုပြီး အဟန့်အတားဖြစ်စေတာက ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊ ဘာသာရေးဆန်ဆန် မတည်ငြိမ်မှုများပဲဖြစ်ပါတယ်။ ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းများဟာ တရားဥပဒေစိုးမိုးရေးကို အကြီးအကျယ်ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါမျိုးကို အလေးထားကိုင်တွယ်သင့်ပါတယ်။ ဒါ့ပြင်တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်မှုအခြေအနေဟာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတို့ အထူးအလေးထားစောင့်ကြည့်နေတဲ့အချက်ဖြစ်ပါတယ်။

မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေဟာ အပ်တိုတစ်ချောင်းတောင် ကိုင်စွဲထားတာမရှိပါဘူး။ စီတန်းလှည့်လည်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ကျွေးကြော်နေကြတာလဲ မဟုတ်ပါဘူး။ ဒီမိုကရေစီနဲ့အညီမိမိတို့အခွင့်အရေးကို ငြိမ်းချမ်းစွာပဲ ထိုင်ပြီးတောင်းဆိုနေကြတာပါ။ သက်ဆိုင်ရာခွင့်ပြုချက်မယူထားတဲ့အတွက် ဥပဒေချိုးဖောက်မှုဖြစ်တယ်လို့ စွပ်စွဲလို့တော့ရပါတယ်။ ဒီပြဿနာရဲ့ မူလအစကကော တာဝန်ရှိသူများက ဥပဒေနဲ့အညီလုပ်ဆောင်ခဲ့တာ ဟုတ်၊ မဟုတ် အရင်ပြန်သုံးသပ်ရပါလိမ့်မယ်။ ပြည်သူများ ဥပဒေကို လေးစားလိုက်နာလာအောင် ဥပဒေများကိုယ်၌က အများပြည်သူ လက်ခံယုံကြည်တဲ့ တရားတဲ့ဥပဒေများ ဖြစ်ဖို့တော့လိုပါတယ်။ အခြေခံဥပဒေမှာ ပေးအပ်ထားတဲ့ ပြည်သူများရဲ့ အခွင့်အရေးကို ကန့်သတ်သလိုဖြစ်နေတဲ့ ပုဒ်မ ၁၈ လိုကိစ္စမျိုးကို ပြင်ဆင်ဖို့ဆောင်ရွက် သင့်ပါတယ်။

တရားဥပဒေဆိုတဲ့စကားလုံးကို ကိုယ်လိုတဲ့နေရာမှာဘဲ ဆွဲပြီးမသုံးကြဖို့ ပြောချင်ပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာများ အပါအ၀င် ပြည်သူများအားလုံး တရားဥပဒေအောက်မှာ တန်းတူညီမျှ ရှိမှသာ တည်ငြိမ်အေးချမ်းတဲ့လူ့အဖွဲ့အစည်း တည်ဆောက်နိုင်မှာပါ။ ဒါမှသာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများလည်း ယုံကြည်စိတ်ချစွာ ၀င်ရောက်လာကြမှာဖြစ်ပါတယ်လို့ တင်ပြလိုက်ပါတယ်။

Lin Thurein

၁၀.၁၀.၂၀၁၃ ၊ ကြာဿပတေးနေ့ တွင် မြန်မာနိုင်ငံ တရားစီရင်ရေး ကဏ္ဍဧ။် အခြေအနေမှန်ကို သိရမည်ဖြစ်သည်။

နက်ဖြန် ၁၀၊၁၀၊၂၀၁၃ ကြာဿပတေး နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းအား ရွေးကောက်ပွဲမမှန်သတင်း ပေးမှု ပုဒ်မ (၁၈၂) ဖြင့်စွဲဆိုထားသော အမှုအား ဇဗ္ဗူသီရိမြို့ နယ် နေပြည်တော်တွင် အမိန့် ချမှတ်မည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျင်းမည့်နေ့ တွင် မြို့ နယ် (၁၀) မြို့နယ် မှ ရွေး ကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ဝင်များက ဆန္ဒမဲပြားပေါ်တွင် ဖယောင်းသုတ် ထားသည်ကို တွေ့ ရှိရကြောင်း ဗဟိုအောင်နိုင်ရေး ရုံးအဖွဲ့ သို့  တယ်လီဖုန်းဖြင့် သတင်းပေး ပို့ ခဲ့သဖြင့် ဦးဥာဏ်ဝင်းက အဖွဲ့ ချုပ် ဗဟို အလုပ်မှုဆောင်အဖွဲ့ ဝင်များ နှင့် အစည်းအဝေး ကျင်းပခဲ့ပြီး၊ ရွေးကောက်ပွဲဗဟိုကော်မရှင် ထံသို့  အရေးယူဆောင် ရွက်ပေးရန် အကြောင်းကြားခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ ဗဟိုကော်မရှင်က ဦးဥာဏ်ဝင်း အား မမှန်သတင်းပေးပို့ ခဲ့သည်ဆိုကာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၂ အရ တရားရုံးသို့ ဦးတိုက်လျောက်ထား တရားစွဲခဲ့ခြင်းဖြစ်သည်။

ဦးဥာဏ်ဝင်းကမှု အဖွဲ့ ချုပ်အနေနှင့် ရွေးကောက်ပွဲဧ။် ဂုဏ်သိက္ခာကိုကာကွယ်ရန် ကြိုးပမ်း ခြင်းသာဖြစ်ကြောင်း၊ မည်သည့်ပါတီမှ ရွေးကောက်ပွဲ နေ့ တွင် ဖယောင်းသုတ်၊ မသုတ်ကို တချိန်တည်းပြီးစီးအောင် မစစ်ဆေးနိုင်ကြောင်း ပြန်လည် ရှင်းလင်းထားသည်။

အဆိုပါအမှုနှင့်စပ်လျဉ်းပြီး သက်သေများကို စစ်ဆေးနေစဉ်ကာလတွင် ကလောင်အမည် ကို(ဥပဒေ) ဆိုသူက ဦးဥာဏ်ဝင်းသည် မမှန်သတင်းပေးမှုကို ကျူးလွန် ကြောင်း Messenger ဂျာနယ်နှင့်ပြည်မြန်မာ ဂျာနယ်တို့ တွင် ရေးသားခဲ့သည်။

၁၀.၁၀.၂၀၁၃ ရက်နေ့ တွင် ချမှတ်မည့်အမိန့် သည်၊ မြန်မာနိုင်ငံ တရားစီရင်ရေး ကဏ္ဍအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး။ တရားစီရင်ရေး ကဏ္ဍသည် မြန်မာပြည်ဒီမိုကရေစီ အပြောင်းအလဲကာလအတွင်း မည်သို့ မည်ပုံ ရပ်တည် မည်ကို ရှင်းလင်းထင်ရှား စွာ သိစေနိုင်မည့် သမိုင်းတွင်မည့် နေ့ ရက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

NLD CentraL

ကျွန်တော် သိပ်ကြိုက်တဲ့ စာစုလေးပါ ....၀မ်းနည်းစရာကောင်းတာက မူရင်းရေးဖွဲ့သူက ခုချိန်ထိ အမည်မသိပါပဲ.....

--------------------------------------------------

ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ။

ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်၊

ဩော် .... ဒီနေ့ ငါ့မွေးနေ့ပဲလေ (ဇွန်လ ၁၉ ၇က်) ....

ငါ ဘာလုပ်ရင် ကောင်းမလဲ၊

ငါ့ ဘေးနားမှာ ငါ့ကို ချစ်တဲ့ ငါ့ ဖေဖေ မရှိတော့တာလည်း ကြာပါပြီ၊

ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့ မေမေ မျက်ကွယ်ပြုသွားခဲ့တာလည်း (၁၉) နှစ်တောင် ရှိရော့ပေါ့။

ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး၊

ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး၊

ငါ့မွေးနေ့မှာ ငါ့ရဲ့  အရင်းနှီးဆုံး သွေးသားရင်းချာတွေကို ငါ့နားမှာ ရှိစေချင်လိုက်တာ။

ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ၊

ငါ့စိတ်ဓာတ်ကို မာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း

အခွင့်သာရင်တော့ ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ၊

အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်၊ ဘယ်တော့များမှ အခွင့်သာမှာလည်းဟင် ...

တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ၊

လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထား အမှတ်ရနေပြီး အထူးတလည် ကျင်းပတတ်ကြတာပဲ၊

ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့။

အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့ အတူတူ၊ အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ၊

အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအေးတို့နဲ့ အတူတူ၊

ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ၊

အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ။

အို ...

ငါသိပ်လွမ်းတယ် သိလား ...

ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ ...

ငါ့ရဲ့ ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ၊

ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။

အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့၊ မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့၊ မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့၊ ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့

အိမ်မှာ လူတွေများလာလို့။

အို … ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး၊ ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့ရဲ့  အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေ ၀ဲနေလို့ပါလား။

ငါဘာမှနားမလည်ခဲ့ဘူး၊ အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်၊

ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့ ငါချစ်တဲ့ ငါ့ဖေဖေ

အဲဒီ့နေ့က ပြန်မလာခဲ့ဘူး၊ မျှော်ခဲ့လိုက်ရတာ ဖေဖေရယ် ..

နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်၊

ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်၊

လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်၊

အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်၊

ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်

ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး။ ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်။

ဖေဖေရယ် .. ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင် ..

ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ၊

သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင် ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့  ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို လွှမ်းမိုးနေခဲ့တယ်။ ဖေဖေ တကယ် ပြန်မလာခဲ့တော့ဘူးနော် ..

၁၉၆၀ ခုနှစ်။

မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်၊

အိမ်ကလူတွေကို ပစ္စည်းတွေ လိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်၊

ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့၊

မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့ ပြောတယ်၊

ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့၊

မေမေတို့ပြောင်းရတော့မယ် သမီးလေး ..

ဘယ်ကိုလဲဟင်..

နယူးဒေလီကို

ဘယ်မှာလဲဟင်

နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့ ၊

မေမေက ဘာသွားလုပ်မှာလဲဟင်

ဩော် … မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်၊ မေမေအဲဒီ့မှာ သွားနေရမှာ၊ သမီးတို့လည်း

လိုက်ခဲ့ရမှာလေ။

သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ၊

သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့ … ခုဆို မေမေက အဲဒီ့နိုင်ငံကြီးနဲ့ ခု သမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ သွားပြောပေးရမှာလေ။

ဘာစကားတွေ ပြောရမှာလဲဟင် မေမေ၊

သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်၊ ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်လိုက်ဦးနော်၊ မနက်ဖြန်ညကျရင် မေမေ့ သားသမီးလေးတွေနဲ့ သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်၊ သမီးလေးကြိုက်တဲ့ မုန့်တွေ ၀ယ်ထားပေးမယ်။

ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို ပြေးဝင်ခဲ့တယ်။

မေမေက သိပ်တော်တာပဲနော်၊ ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်၊ မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်။

မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို စံနမူနာထားလို့ သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ။

၁၉၆၄ ခုနှစ်။

ငါ ပျော်လိုက်တာ၊ အောက်စဖို့ဒ်တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်၊ ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်။ မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်။ I’m proud of you, honey! လို့ ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့ မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ။

မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး။ ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်။

အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်။ အမှတ်တရဓာတ်ပုံတွေ ရိုက်လို့ သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့ ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ။

အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ။ လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်။ Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး စကားတစ်ခွန်းပြောတယ်။ I believe in you! တဲ့။ ငါကြက်သီးတွေတောင်ထသွားခဲ့တယ်။ မေမေ၀မ်းနည်းနေတာ ငါသိတယ်။ ဒါပေမယ့် မေမေ မငိုခဲ့ဘူး။

လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်။ ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး။ ငါ့ကို ယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်၊ ၀င်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်၊ ဖတဆိုး သမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့ ငါ့ဘ၀ရဲ့  အောင်မြင်မှု ပထမခြေလှမ်းသစ်အတွက် ငါ ဂုဏ်ယူနေလို့ပါ၊ ငါ ပျော်နေလို့ပါ၊ ငါ ပီတိဖြစ်နေလို့ပါ။

တက္ကသိုလ်မှာ ငါ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ ငါ့ရဲ့  Host Parents awGu Lord Gore-Booth တို့မိသားစုပဲ။ သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်။ သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ်အဲရစ်စ်ကို စတွေ့ပြီး ရင်းနှီးခဲ့ရတယ်။ သူက တိဗက်လူမျိုးတွေအကြောင်း လေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ။ တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့ ယောင်္ကျားကောင်းတစ်ယောက်ပါပဲ။

၁၉၆၉ ခုနှစ်။

နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်။ ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့။ မသန်းအေးတို့အိမ်မှာ ငါနေခဲ့တယ်။ သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ။ အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်။ ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ။

မသန်းအေးက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်။ ငါအလုပ်ရခဲ့တယ်။

Administrative and Budgetary Questions rSm Assistant Secretary အဖြစ်နဲ့ပေါ့။

ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်။ မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ။ ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer၀င်လုပ်ခဲ့တယ်။ ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့။ ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင် အချိန်ပေးခဲ့တယ်။ ငါ့ရဲ့ တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်။ နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က (၂) နှစ်ထဲရယ်ပါ။ ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်။

၁၉၇၂ ခုနှစ်။

မိုက်ကယ်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ သူနဲ့အတူတူ ဘူတန်ကို ထွက်ခွာခဲ့တယ်။ မိုက်ကယ်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ Research Officer အဖြစ် ၀င်လုပ်ခဲ့တယ်။

ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲဒီ့ အချိန်တွေကို ငါ အမြဲတမ်း သတိရနေမှာပါ။

မိုက်ကယ်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreemrnt တစ်ခုတောင်းခဲ့တယ်။ ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့။ သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ။ ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား။ မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါတယ်။ မေမေကတော့ ထုံးစံအတိုင်းပဲပေါ့။ I trust you … တဲ့။ တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့ ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်တာဟာ ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ။ ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး။

၁၉၇၃ ခုနှစ်။

အင်္ဂလန်ကို ငါပြန်လာခဲ့တယ်။ ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ် သိလား။ သားကြီး အဲလက်စ်ကို မွေးခဲ့တယ်။ ငါမိခင်တစ်ယောက် ဖြစ်ခဲ့ပြီပဲ။ အဲဒီ့နေ့က မေမေနဲ့ ငါ စကားအကြာကြီး ပြောဖြစ်တယ်။ မေမေရယ်လေ … ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး။ မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်။ ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်။ မိုက်ကယ်လည်း ငါ့ဘေးနားမှာ ရှိနေခဲ့တယ်။

၁၉၇၄ ခုနှစ်။

မိုက်ကယ်အလုပ်ရတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့  တိဗက်ဘာသာစကားဌာနမှာပေါ့။

၁၉၇၇ ခုနှစ်။

သားငယ် ကင်မ်ကို မွေးတယ်။ ငါ့ရဲ့ ဒုတိယသားလေးပေါ့။ ခုဆို ငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ။ ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး။ ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါ စာတွေရေးဖြစ်ခဲ့တယ်။ ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့။ မိုက်ကယ်ကိုလည်း သူလေ့လာနေတဲ့ JY Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်။

၁၉၈၅ ခုနှစ်။

ကျိုတိုတက္ကသိုလ်မှာ Visitng Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ လုပ်ဆောင်ချက်တွေကို

စာတမ်းပြုစုခဲ့တယ်။ ငါ ကျေနပ်အားရ ဂုဏ်ယူမိပါတယ်။ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ။

၁၉၈၆ ခုနှစ်။

ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်။ အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့။ ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်။ ကြည်နူးလိုက်တာ။ ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်။ မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်။ ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ။

၁၉၈၇ ခုနှစ်။

ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်။ မိုက်ကယ်က စာတမ်းတွေ ပြုစုနေခဲ့တယ်။ အင်္ဂလန်ကိုလည်း ငါ ခဏပြန်ခဲ့သေးတယ်။ မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့။ စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်။

ငါ့ရဲ့ Advanced Degree အတွက် Lodon School of Oriental and African studies မှာ စာရင်းပေးခဲ့တယ်။

၁၉၈၈ ခုနှစ်၊ မတ် (၃၁) ရက်နေ့ ။

တယ်လီဖုန်းသံမြည်လာခဲ့တယ်။ ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်။ ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး၊ မေမေလေဖြတ်သွားတယ်တဲ့။

နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်။ ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်။ မေမေရယ် … မှတ်တောင် မမှတ်မိတော့ဘူး။ မေမေ ခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ၊ ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ၊ တော်တော့ကို ပြောင်းလဲသွားခဲ့တာပဲနော်။

ရန်ကုန်မြို့ကြီးမှာလည်း နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်။ အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်။ (၈) ရက်၊ (၈) လ၊ (၁၉၈၈) ခုနှစ်မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်။

စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်။ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့။ တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်။ ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ် …

စက်တင်ဘာ (၁၈) ရက် - စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့။ ငါ ဘာလုပ်ရမလဲ။ ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား၊ ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက် ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်။ ဒါပေမယ့် သေချာတယ်၊ ငါ လိပ်ပြာမလုံဘူး။ ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်။ သူတို့ကို ငါရှက်တယ်၊ ငါ မပြန်ဘူး။ ငါ ဒီမှာနေမယ်။ ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ။

သူတို့ ငါ့ကို လိုအပ်နေပြီလို့ ငါ ခံစားရတယ်။ ဟုတ်တယ်၊ ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါ မျက်ကွယ်မပြုနိုင်ဘူး။ ငါဒီမှာနေမယ်၊ ငါ မပြန်တော့ဘူး။ ငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ငါ မြန်မာပြည်မှာနေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်။ လူတိုင်း ကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာ ဖန်တီးယူနိုင်အောင် ငါ ကြိုးစားမယ်။ ဟုတ်တယ်။

NLD ကို စက်တင်ဘာ (၂၄) ရက်နေ့မှာ စတည်ထောင်တယ်။ အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါ ပါဝင်လှုပ်ရှားတယ်။ ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ။ ဒါကို ငါအသုံးချခဲ့တယ်။ စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက် အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်။

ငါ့ကို အသေတောင် ပစ်သတ်တော့မလို့တဲ့။ သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ။ တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီး လှမ်းလျှောက်သွားခဲ့တယ်။ င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ။

သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို လူထုကြီးက ဟေး …. ဆိုပြီး တခဲနက်အားပေးလိုက်ကြတာ၊ ငါ့မှာ ကြက်သီးတွေတောင် ထလို့။

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ (၂၇) ရက်။

မေမေ ဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ။ ကောင်းရာသုဂတိလားပါစေ မေမေရယ်။ မေမေ့အသက် (၇၆) နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက် ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ (၂) ရက်။

မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်။ မေမေ့ကို မြင်စေချင်လိုက်တာ။ မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီး တိုင်တည်သစ္စာပြုခဲ့တယ်။ ဖေဖေနဲ့ မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး ဆောင်ရွက်ခဲ့ကြတယ်။ ဒီတာဝန်ကို ကျေပြွန်အောင် သမီး ဆက်လက်ထမ်းဆောင်ပါ့မယ်။ သမီးသေသည်ထိပေါ့။

ငါ့ကို လိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်။ အရှက်မရှိလိုက်ကြတာလေ။ ငါတို့ လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်။ ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်။ ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်။

အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ် ပြန်ချလိုက်နဲ့။ နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်။ ငါ့အပေါ် ရက်စက်လိုက်ကြတာ။ ကိုယ်ချင်းမစာလိုက်ကြတာ။ ပြောရက်လိုက်ကြတာ။ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ။ နိုင်ငံအပေါ် သစ္စာဖောက်သူတဲ့၊ လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့။ ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး။ ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်။ ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ။

ငါ့ကို နိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့ ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်။ ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ။ မေမေဂုဏ်ယူပါတယ် သားကြီးရယ်။ မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ ခုချိန်ထိပဲလေ။

မေမေက ကိုယ်ကျိုးရှာသူ ဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ။ သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာ မဟုတ်ပါဘူး။ သားတို့ကို သိပ်ချစ်တာပေါ့။ သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့။ ဒါပေမယ့်သားတို့ရယ်၊ သားတို့ကို ချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို မေမေ ပိုချစ်မိတယ်။ ဒါကို သားတို့ ခွင့်လွှတ်နားလည်ပေးကြပါနော်။ သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်။

၂၀၀၃ ခုနှစ် မေလ (၃၀) ရက်။

ရက်စက်လိုက်ကြတာကွယ်။ ရက်စက်လိုက်ကြတာ၊ မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး။ သတ်ဟေ့သတ်ဟ ချဟေ့ချဟ ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ။ အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေ လွှမ်းနေခဲ့တယ်။

ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်။ သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ။ ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့ မေမေစု ဆုတောင်းပေးပါတယ်ကွယ်။ ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့။

အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ။

ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာ စွန့်လွှတ်ခဲ့ရရှာပြီ။ ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း နွမ်းလျလှပါပြီ။ မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ။

နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ။ ငါ့ ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ။ ငါ့အသက်လည်း ၆၄ နှစ်ထဲ ရောက်ခဲ့ပြီ။ ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ။

ငါ့မှာတော့ ... ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့ .... ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့ …. သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ။

ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်။ အပြင်မှာ နေခြည်တွေ ဖြာနေပြီနော်။

ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်။

ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...

ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...

ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ... တဲ့။

ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး အခန်းပြတင်းကိုဖွင့်လိုက်တယ်။ ငါ့ကို စောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်။ မကြောက်ပါနဲ့ သားရယ်။ ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့ ငါ့ကို ဦးညွှတ်တယ်။ သား စာဆက်ကျက်ပါကွယ် .. စိတ်ကိုအေးအေးသာထားပါ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစား မဟုတ်ပါဘူး။ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက် အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ။

ဒီသစ္စာစကားမှန်ရင် ငါချစ်တဲ့ မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို

ကြိုဆိုနိုင်ပါစေသား။ ငါရှင်သန်နေဦးမှာပါ။ မသေမချင်းပေါ့။

နေရောင်ခြည်ရဲ့ နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်။ အရှင်ဘုရားရဲ့  မေတ္တာကရုဏာတော်အောက်မှာ ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား၊ မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား၊ ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား၊ မတရားမှုများ ဖယ်ခွာနိုင်ပါစေသား။

ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည် … ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ ... အမျှ အမျှ အမျှ … သာဓု ... သာဓု ... သာဓု။

(ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိ ကိုယ်ရေးရာဇ၀င် http://nobelprize.org/nobel_prizes/peace/laureates/1991/kyi-bio.html အား အခြေခံ၍ မြန်မာဘာသာဖြင့် ပြန်လည် ခံစားဖေါ်ကျူးရေးသားခဲ့သော မူလစာရေးသားသူအား အထူးကျေးဇူးတင်ရှိပါကြောင်း ဖေါ်ပြအပ်ပါသည်)။

Aung San Suu Kyi - Biography

nobelprize.org

Nobelprize.org, The Official Web Site of the Nobel Prize

ကိုမျိုးသက်ဆွေအားကျေးဇူးတင်ရှိပါသည်..


လောင်းလုံ NLD အဖွဲ့ဝင်များနှင့်အတူ လွှတ်တော်မှာ ယနေ့တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်(Photo..ခွန်ဒီးယမ်)

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ရေးဆွဲဖို့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခြေလှမ်းများကို သုံးသပ်ပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က တပ်မတော်နှင့်၊ အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်ရေးကို ရှေးရှုနေသည် ဆိုသော ဝေဖန်ချက်အချို့ကို ကြားလိုက်ရပါသည်။ သည်အခါမှာ မေးခွန်းတစ်ခု ပေါ်လာပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့က ထိပ်တိုက် ရင်ဆိုင်ရေးလမ်းကြောင်းကို ရွေးချယ်စရာ ဘာအကြောင်းများ ရှိပါသလဲ။
နောက်ကြောင်းကို အနည်းငယ် ပြန်ကြည့်ဖို့ လိုပါမည်။

မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုဘယ် ငြိမ်းချမ်းရေးဆုရှင်၊ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိထား သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်၊ နေအိမ်မှာ နှစ်ပေါင်းများစွာ အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်း စုကြည်ကို ၁၃ နိုဝင်ဘာ ၂၀၁၀ ညနေ ၅း၀၀ နာရီက လွှတ်ပေး လိုက်ပါသည်။ လွှတ်မိန့်ကို ရဲမှူးချုပ်က ဖတ်ပြပါသည်။ လွတ်လပ်စွာ နေထိုင် လှုပ်ရှားနိုင်ကြောင်း၊ ဘာ အနှောင်အဖွဲ့မှ ဆက်လက် ရှိမနေကြောင်းတို့ကိုလည်း ပြောပါသည်။
နောက်တစ်နေ့ ၁၄ နိုဝင်ဘာ ၂၀၁၀ နံနက် ၁၂ နာရီ လောက်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက် ရွှေဂုံတိုင် လမ်းပေါ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဌာနချုပ် ရုံးစိုက်ရာ နေရာကနေ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အဓိက ပြောသွားခဲ့သည်မှာ အာဃာတ မထားကြောင်းနှင့် အမျိုးသား ရင်ကြားစေ့ရေး နည်းလမ်းကို ယုံကြည်ကြောင်း ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က-
“...အမျိုးသား ရင်ကြားစေ့ရေးကိစ်္စကို ဆက်ပြီးတော့ လုပ်သွားမှာပါ၊ ဒါဟာ အရေးကြီးတယ်၊ ကျွန်မ စိတ်ထဲမှာတော့ ဘယ်သူပဲ၊ ဘာဖြစ်လို့၊ ဘယ်သူနဲ့တော့ဖြင့် အဆင်ပြေအောင် လုပ်လို့ မရဘူး၊ ဘယ်သူနဲ့တော့ဖြင့် စကားပြောလို့ မရဘူး ဆိုတာ လုံးဝ မရှိဘူး၊ ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ ရရမယ်၊ စကားပြောချင်တဲ့စိတ်ရှိရင် စကားပြောလို့ ရရမယ်၊ ကျွန်မကတော့ ဒီလမ်းအတိုင်း သွားမှာပဲ၊ ဒီလမ်းအတိုင်း သွားတဲ့အခါမှာတော့ ကျွန်မတို့ဘက်က ပြည်သူ့ အင်အားတွေ လိုပါတယ်ဆိုတာ အခုဒီမှာ ပြောပြီးတော့ အသိပေး ကြေညာလိုက်ပါပြီ၊ ကျွန်မတို့ ဒီမိုကရေစီအတွက် လုပ်နေတဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတွဲပြီး လုပ်ချင်တယ်၊ ကျွန်မ ယုံကြည်တာ၊ လူ့အခွင့်အရေးကို ယုံကြည်တယ်၊ တရား ဥပဒေ စိုးမိုးရေးကို ယုံကြည်တယ်၊ အဲဒါတွေ အတွက်တော့ ကျွန်မ အမြဲတမ်း လုပ်ဆောင်သွားမှာပါ၊ ပုဂ်္ဂိုလ်ရေးအရ ဘယ်သူ့ကို မုန်းလို့ ဘယ်ဝါ့ကို မုန်းလို့ဆိုပြီးတော့ လုပ်နေတာ မဟုတ်ဘူး၊ အဲဒီစိတ်တွေ ကျွန်မမှာ မရှိဘူး၊ အချိန်လည်း မရှိဘူး” ဟု ပြောခဲ့ သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်၏ တစ်သမတ် တည်း ရှိခဲ့သော သဘောထားဖြစ်ပါသည်။ ယခုထိလည်း ဒီသဘောထား ဖြစ်သည်ကို ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် ပွဲမှာ အတိအလင်း ထပ်မံ ပြောဆိုခဲ့သည်။ ဒီသဘောထားက ပြည်သူ့ သဘောထားပဲ ဖြစ်သည်။
ပြည်သူလူထုက ဒူးထောက် အညံ့ခံ အလျှော့ပေးပြီး ဒီမိုကရေစီ နင်းချေခံရတာကိုတော့ ဘယ်သောအခါမှ လက်ခံမှာ မဟုတ်။ သို့သော်လည်း တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်၊ အပြတ်ရှင်းဖို့ဆိုသည့်နည်းကို စိတ်ပျက်လှပြီ။ အင်အားစုဝင်များ အသက်သွေးတွေ စတေးနေရတာကိုလည်း စိတ်မချမ်းမြေ့တော့ ပြီ။ သေနတ်သံများ၊ သွေးသံရဲရဲများကိုလည်း မကြည့်လို၊ မမြင် လိုကြတော့ပြီ။

မကျေနပ်မှုအချို့ ရှိကောင်းရှိမည်၊ အားမရတာတွေလည်း ရှိကောင်းရှိမည်၊ စိတ်ပျက်ရတာအချို့လည်း ရှိကောင်းရှိမည်၊ သို့သော်လည်း မြန်မာ ပြည်သူလူထု အများစုက ၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလ ကတည်းက ယနေ့အချိန် အထိ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မင်းကိုနိုင်၊ ကိုကိုကြီးစသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များအပေါ် အင်တိုက်အားတိုက် ယုံကြည်မှု ရှိနေဆဲဖြစ်သည်။ ပြည်သူလူထုက ဒီလို ယုံကြည်မှုမျိုး ရှိနေသည်မှာ ပုဂ်္ဂိုလ်ရေး မဟုတ်။ နိုင်ငံရေး ခေါင်းဆောင်များ၏ ခေါင်းဆောင်မှုနှင့် လမ်းစဉ်ကို ယုံကြည်တာ ဖြစ်သည်။ ပြည်သူလူထုကို အထင်သေးလို့ မရပါ။ အထူးသဖြင့် ယနေ့ မြန်မာ ပြည်သူလူထုကြီးမှာ မိမိတို့၏ ဘ၀တစ်လျှောက်လုံး နိုင်ငံရေး အကျပ်အတည်းများကြားမှာ နေခဲ့ကြရပြီး၊ နိုင်ငံရေးကြောင့် အထွေထွေ ပြဿနာများ ကြီးထွား နေသည် ဆိုတာကို လွန်စွာမှ နားလည်ကြသည်။ ဒီလို နိုင်ငံရေး ရင့်ကျက်သည့် အမြင် ရှိနေသည့်အတွက် ခေါင်းဆောင်များ အပေါ် ယုံကြည်ကြတာဖြစ်သည်။ မြန်မာပြည်သူလူထုကြီးက ၁၉၈၈ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ အာဏာရှင် အစိုးရကို အင်နှင့်အားနှင့် ထွက်တိုက်ခဲ့ကြသော်လည်း အစိုးရ ဘာလုပ်လုပ် ဆန့်ကျင်နေတာ မဟုတ်။ အစိုးရသစ် ဆိုတာ ယခင် တပ်မတော် အာဏာသိမ်း အစိုးရကို အခြေခံပြီး ပေါ်ပေါက် လာတာကို ပြည်သူက သိပါသည်။ အစိုးရအဖွဲ့မှာ စစ်ရာထူးရှိသူ အနည်းငယ်ရှိပြီး၊ အများစုမှာ အငြိမ်းစား တပ်မတော် ခေါင်းဆောင် များ ဆိုတာကို မသိတာ မဟုတ်။ ဒါနဲ့ပဲ အစိုးရ တက်လာတာနှင့် ဆန့်ကျင်ကြစို့ ဆိုသည့် ပြည်သူလူထု မဟုတ်။

အစိုးရသစ် ပေါ်လာပြီးသည့်နောက် သမ်္မတဦးသိန်းစိန်နှင့် သူ၏ အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက်္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမျိုးသား လွှတ်တော် ဥက်္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အမျိုးသား လွှတ်တော်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာ့ တပ်မတော်တို့ ဘာတွေကို ဘယ်လို ကိုင်တွယ်ပြီး၊ ဘယ်လို ဖြေရှင်း ဆောင်ရွက်နေကြ သည်ဆိုတာကို မသိလိုက် မသိဘာသာ နေကြတာ မဟုတ်။ သိအောင် ကြိုးစားပြီး၊ လက်ခံစရာများကို လက်ခံပြီးနေတတ် သော ပြည်သူလူထု ဖြစ်သည်။ မည်းမည်း မြင်တိုင်း ဆန့်ကျင် နေကြတာ မဟုတ်။ အဆင်သင့်တိုင်း၊ အခွင့် ကြုံတိုင်း ဆန့်ကျင် တိုက်ခိုက်နေတာ မဟုတ်။ နိုင်ငံရေးအရ ဖြစ်စေ၊ မူအရ ဖြစ်စေ၊ ဆန့်ကျင်စရာအကြောင်း ပေါ်လျှင်သော်မှ အချိန်အဆနှင့် နေတတ်သော ပြည်သူလူထု ဖြစ်သည်။ ပြည်သူ လူထုက ဒီလောက် မညံ့။

အမျိုးသား ရင်ကြားစေ့ရေးမှာ ဒီမိုကရေစီ အင်အားစုများ၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အခြား သော လက်နက်ကိုင် အင်အားစုများ ရှိသည်။ ဒီလို အနေအထား တွင်းမှာ နိုင်ငံရေးအင်အားစု အားလုံးက ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုတို့အတွက် အမျိုးသား ရင်ကြားစေ့ရေးမူကို ကိုင်စွဲပြီး ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ကြရမှာ ဖြစ်သည်။ ဒါကိုပဲ ပြည်သူလူထုက အားပေးရင်း စောင့်မျှော်နေကြတာ ဖြစ်သည်။ ဒါဟာ လွှတ်တော်တွင်း နိုင်ငံရေးသက်သက်မျှ မကဘဲ လွှတ်တော် ပြင်ပမှာ ရှိနေသော နိုင်ငံရေး အင်အားစုများနဲ့ပါ ဆွေးနွေးရမှာ ဖြစ်သည်။ ဒါဟာ နိုင်ငံရေးအင်အားစု အားလုံးအတွက် ရဲရင့်သော ခြေလှမ်းသစ်တစ်ရပ် ဖြစ်လာမှာပဲ ဟု ပြည်သူလူထုက မျှော်လင့် ယုံကြည်နေကြတာ ဖြစ်သည်။

ဤသို့သော အနေအထားတွင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ တိုးမြင့်လာရေး၊ ဒါမှမဟုတ် ဒီမိုကရေစီ ပြည့်ဝ ခိုင်မာရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့ ဖော်ဆောင်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက အခရာကျသည့် အရေးတစ်ခုဖြစ်နေပါသည်။ ဒါက အညှာဖြစ် သည်။ တိုင်းပြည် ပြန်လည် ထူထောင်ရေးကို ဆန်စဉ်ရာ ကျည်ပွေ့ လိုက် ဖြေရှင်းနေလို့ မရ။ အရင်းအမြစ်ကို ကိုင်တွယ်ရမည်။ ဒါကို ကိုင်တွယ် ဖြေရှင်းရမည်မှာ အမှန်ပဲဖြစ်သည်။ ဒါကို ကိုင်တွယ် ဆောင်ရွက်ခြင်းကို ထိပ်တိုက်ရင်ဆိုင်ခြင်းဟု ရှုမြင်လို့ မရနိုင်။ ဘယ်သူကများ ဘယ်သူ့ကို ထိပ်တိုက် ရင်ဆိုင်ချင်ပါမည် နည်း။

စိုးရိမ်ပူပန်ရမည်က ဒီမိုကရေစီ အင်အားစုများကို မဟုတ်။ စိုးရိမ်ပူပန်ရမည်က ပြည်သူလူထုကို မဟုတ်။ စိုးရိမ်ပူပန်ရမည်က ပြည်သူလူထု၏ ဥာဏ်ရည်ဉာဏ်သွေးနှင့် ပြည်သူလူထု၏ နိုင်ငံရေးအမြင် ရင့်သန်မှုကို မဟုတ်။

ပြည်သူ့ခေတ် အယ်ဒီတာ
၅ အောက်တိုဘာ ၂၀၁၃


(UPI မှ 7 Oct 2013 ရက်စွဲပါ “Myanmar facing Constitutional crisis” သတင်းကို ဘာသာပြန်ဆိုပါသည်။)

၂၀၀၈ ခုနှစ်က အတည်ပြုဆုံးဖြတ်ခဲ့သော လက်ရှိအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းသည် အမျိုးသား လုံခြုံရေး အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံမှ အာဏာရပါတီက ပြောကြားလိုက် ပါသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအလွန်ကာလတွင် ကသုတ်ကရက်အတည်ပြုခဲ့သော အငြင်းပွားဖွယ်အခြေခံဥပဒေ အား ပြန်လည်ပြင်ဆင် (သို့) ရေးဆွဲရန် တောင်းဆိုနေမှုများကို အာဏာရပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်လျက် ရှိသည်။

အကယ်၍ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်း (သို့) ပြန်ရေးလျှင် ဆိုးဝါးသော အကျိုးဆက်များကို တိုင်းပြည် နှင့် လူထုက ခံစားရလိမ့်မည်ဟု ၎င်းပါတီက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုအတောအတွင်း အဓိက အတိုက်အခံပါတီ NLD က အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမှုနှင့် ပတ်သက်ပြီး လူထု ဆန္ဒခံယူရန် စဉ်းစားနေပြီး၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ဖော်ပြောကြား ထားသည်။

အငြင်းပွားဖွယ်၂၀၀၈ အခြေခံဥပဒေကို ယခင်တပ်မတော်အစိုးရ လက်ထက်က ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ယင်း အခြေခံဥပဒေတွင် ပြင်ဆင်မှုများကို ခွင့်ပြုထားသော်လည်း တစ်ခုလုံးမည်သို့ အသစ်ရေးဆွဲရမည်ကို ဖော်ပြ ထားခြင်း မရှိပေ။ အတိုက်အခံပါတီများနှင့် တိုင်းရင်းသားပါတီများကမူ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲ မှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လွယ်ကူချောမွေ့လိမ့်မည်ဟု ပြောကြားကြပါသည်။

“ဒီ အခြေခံဥပဒေမှာ အသစ်ပြန်ရေးဖို့ ခွင့်ပြုတဲ့စည်းကမ်းချက် မပါပါဘူး။ ဒီ ကိစ္စဟာ တပ်မတော်နဲ့ ထိပ်တိုက် တွေ့နိုင်ပါတယ်။” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ထိုင်းအခြေစိုက် ဧရာဝတီသတင်းဌာန သို့ ပြောကြားသည်။

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မနှစ်က ကြားဖြတ်ရွေးကောက်ပွဲများတွင် အနိုင်ရကာ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

လွှတ်တော်တွင် အမျိုးသမီးများ ယခုထက် ပိုမိုပါဝင်သင့်သည်ဟု သူမက ယခင်အပတ်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲများအပြီးတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ခြင်းကြောင့် ပြည်တွင်းပြည်ပမှ ချီးကျူးကြိုဆိုမှုများကို လက်ခံရရှိနေသော်လည်း လူမျိုးရေးအဓိကရုဏ်းများနှင့် တိုင်းရင်း သားစစ်ပွဲမျာက လောင်းရိပ်မိုးလျက်ရှိသည်။

လက်ရှိမြန်မာ့နိုင်ငံရေးသည် အလွန်ရှုတ်ထွေးကာ မှန်းဆရန်ခက်ခဲနေပြီး၊ နောက်ကွယ်မှ နိုင်ငံရေးပယောဂ ဆရာကြီးများ၏ လှည့်ကွက်များကို မကြာမှီမြင်တွေ့ရဖွယ်ရှိကြောင်း ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေး ပြောဆိုထားသည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.