10/12/13

မင်းတို့ နားလည်ထားဖို့က ဒါကိုကိုးကျွန်းမဟုတ်ဘူး။ အင်းစိန် စံပြအကျဉ်းထောင်ဆိုတာ နားလည်ရမယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဘာတွေ နားမလည်ဘူး။ အကျဉ်းသားက အကျဉ်းသားပဲ။ ထောင်စည်းကမ်းကို နားလည်ရမယ်။ နားမလည်ရင် နားလည်အောင် ပုံစံပေးရမှာပဲ . . .
  
အင်းစိန်ထောင် ရောက်သည်နှင့် ကျွန်တော်တို့ကို ကိုယ်ထိ လက်ရောက် ရိုက်နှက် စော်ကား တော့မည်ကို တွက်ချက် မိပါသည်။ ထိုသို့ ရိုက်နှက်မှုကို ရင်ဆိုင် မည်ဟု ဆုံးဖြတ် ထားပြီး နိုင်ငံရေးသမား ပီပီ ဖိနှိပ်မှုကို လက်မခံကြောင်း ကြွေးကြော် တိုင်တည် ဖို့လည်း ဆုံးဖြတ် ထားကြ၏။ ဗကပ၊ အလံနီနှင့် မလညပ ၃ ခုစလုံးကို ထောင်ထဲ သွင်းပြီး ပုံစံ ထိုင်ခိုင်း သည်မှ အစ ရိုက်နှက် လာလျှင် ကြွေးကြော် သံများကို တိုင်တည် ဖို့လည်း သဘောတူ ဆုံးဖြတ် ထားကြပါသည်။

မနက်ပိုင်း ၂ နာရီ လောက်တွင် သင်္ဘောသည် ရန်ကုန် မြစ်ထဲသို့ ၀င်လာပြီး ပန်းဆိုးတန်း ကျန်းမာရေး ဆိပ်ကမ်းသို့ ဆိုက်ကပ် လေသည်။ သင်္ဘော ဆိုက်ကပ် တော့မည်ကို ကျွန်တော်တို့ သိ၏။ ထောင် အမှုထမ်း များက တံခါး ပေါက်မှနေ မိမိတို့ အထုပ် အပိုးများ ပြင်ထားဖို့ နာမည် ခေါ်လျှင် ခေါ်သည့် အတိုင်း ၂ ယောက်တစ်တွဲ ထွက်လာဖို့ အော်ပြောပါသည်။ ကျွန်တော်တို့က ရှေ့ဆုံးတွင် ကျ၏။ ရှေ့ဆုံး အဖွဲ့တွင် လေထီး ဗိုလ်အုန်းမောင်၊ ဆရာရာဂျန်၊ ဦးခင်မောင်မြင့်၊ ဆရာမြသန်းတင့် စသော လူကြီး များလည်း ပါလာ ကြ၏။ သူတို့က ကျွန်းတွင် တက်စဉ်က စာရင်းအတိုင်း အင်းစိန် ထောင်ပိုင်ဆီ လွှဲပေး ရမည် ဖြစ်သောကြောင့် တစ်ဦးချင်း အကျဉ်းသား နာမည်၊ အဖေ နာမည်ကို အတည်ပြုပြီး သင်္ဘောပေါ်မှ ဆိပ်ကမ်းသို့ ဆင်းရ လေသည်။

တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် တင်ဦးကိုလည်း ကျွန်တော်တို့ လှမ်းကြည့်လိုက်ရာ တွေ့ရ၏။ သူနှင့်အတူ တပ်မတော် အရာရှိများ၊ ထောင်မင်းကြီးများ၊ ထောင်မှူး ထောင်ပိုင် များမှာလည်း ဆင်းနေသော ကျွန်တော်တို့ကို ကြည့်နေ ကြလေသည်။ ရှေ့ဆုံးအသုတ်ကို ကားတစ်စီး ပေါ်တင်ပြီး နောက် အသုတ်များ ကိုလည်း ကားများ ပေါ်တင်ကာ ကားတန်းကြီးမှာ မနက် ၃ နာရီကျော် ကျော်တွင် အင်းစိန် ထောင်သို့ ထွက်လာ ခဲ့ကြသည်။ မနက် ၄ နာရီ လင်းအားကြီးတွင် အင်းစိန် ထောင်ဘူးဝကို ရောက်သည်။ ထောင်ဘူးဝတွင် အသင့်စောင့် နေသော ထောင်ဝါဒါ များက““နှစ်ယောက်တစ်တွဲဆင်း၊ နှစ်တစ်ယောက် တစ်တွဲဆင်း”” ဟု အော်ကြသည်။ ““ နှစ်ယောက်စီ တန်းစီပြီး ပုံစံရပ်ကြ””ဟု ထောင်ဝါဒါ များက အော်ကြ၏။ …
““ပုံစံရပ်၊ ပုံစံထိုင်”” ဆိုသည်မှာ ထောင်တွင် အကျဉ်းသားများကို အာဏာပိုင်များက အမိန့်ပေးလျှင် ပေးသလို လုပ်ရခြင်း ဖြစ်သည်။ ပုံစံရပ်သည် ဆိုသည်မှာ ခြေထောက် နှစ်ချောင်းကို သတိ အနေအထား ဖနောင့်ချင်း ထိပြီး ရပ်ရခြင်း ဖြစ်သည်။ လက်များကို ဆန့်ကာ ညာဘက် လက်အောက်၌ ဘယ်ဘက်လက် ကိုထား လက်များကို ယှက်ဖိပြီး ဆန့်တန်း ဆုပ်ကိုင် ထားသော ထိုလက်နှစ်ဖက်ကို ထားရ၏။ တန်းဖြုတ်ဆိုမှ ထိုလက်နှစ်ဖက်ကို ချရလေသည်။ ပုံစံထိုင်ရသည့် အနေအထား မှာလည်း ကြမ်းပြင် သို့မဟုတ် မြေပြင် ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ရ၏။ လက်နှစ်ဖက်ကို လက်မအောက်တွင် ထားကာ လက်သီး ဆုပ်ရ၏။ ထိုနှစ်ဖက်ကို ဆန့်တန်းကာ ဒူးနှစ်ဖက် ပေါ်တွင် တင်ထားရသည်။ ခန္ဓာကိုယ် ကိုလည်း ၉၀ ဒီဂရီ မတ်ထား ရသလို မျက်နှာကိုလည်း မတ်မတ်ထားကာ ရှေ့တည့်တည့်သို့ ကြည့်နေရသည်။ တန်းဖြုတ် ဆိုမှသာ လက်များ ကို ဖြေလျှော့ပြီး သက်သောင့် သက်သာ ထိုင်ခွင့် ရပါသည်။

ကားများလည်း ထောင်ဝင်း အပြင် ဘက်သို့ တစ်စီးပြီး တစ်စီး ထွက်ခွာ သွားကြ ၏။ ကျွန်တော်တို့ အကျဉ်းသားများသာ ထောင်ဘူး အောက်တည့်တည့် ရပ်နေရသည်။ မီးဆလိုက်ကြီး များက ကျွန်တော်တို့ ကို ထိုးထားပြီး ရှေ့တွင် ဘူးပေါက်ငယ် ကလေးကိုသာ ဖွင့်ထားလေသည်။ ဘူးပေါက်ထဲ မ၀င်ခင်၊ ကျွန်တော်တို့ ခေါင်းများကို စောင်မအုပ်ခင် တွဲဖက်ထောင် စစ်တပ်မှ ဒုအရာခံ ဗိုလ်ဦးကျော်အေးက-
““အားလုံးပုံစံထိုင်ကြ”” ဟု အော်ပြော လိုက်၏။ ထိုအခါ ကျွန်တော်တို့ ထဲမှ တစ်ယောက်က- ““ကျွန်တော်တို့ အားလုံးဟာ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တယ်။ ရာဇ၀တ် အကျဉ်းသားတွေ မဟုတ်တဲ့ အတွက် ပုံစံ မထိုင်နိုင်ပါဘူး”” ဟု ပြန်ပြောကာ ရပ်မြဲ ရပ်နေ ကြပါသည်။ ထိုအခါ ဦးကျော်အေး က ကျွန်တော်တို့ကို ခပ်ပြုံးပြုံး ကြည့်ပြီး-

““အေး၊ အေး၊ အေး မထိုင် ချင်လည်း ရပါတယ်။ ကိုယ့်အသိနဲ့ ကိုယ်ထိုင်အောင် လုပ်ပြရမှာပေါ့။ မင်းတို့ နားလည်ထားဖို့ က ဒါကိုကိုးကျွန်း မဟုတ်ဘူး။ အင်းစိန် စံပြ အကျဉ်းထောင် ဆိုတာ နားလည်ရမယ်။ နိုင်ငံရေး အကျဉ်းသားတွေ ဘာတွေ နားမလည်ဘူး။ အကျဉ်းသားက အကျဉ်းသားပဲ။ ထောင်စည်းကမ်းကို နားလည်ရ မယ်။ နားမလည်ရင် နားလည်အောင် ပုံစံ ပေးရမှာပဲ””ဟု ပြောလေသည်။ သူသည် လက်သံပြောင်သော ထောင်အရာရှိ တစ်ဦး ဖြစ်သည်။ ဒုအရာခံ ဗိုလ်ဝတ်စုံ ၀တ်ဆင် ထားသော်လည်း ထောင်၌မူ ထောင်မှူးကြီး လောက် အဆင့်ရှိသည်။ သူသည် ထောက်လှမ်းရေးမှ ဖြစ်ပါ လိမ့်မည်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသား များကို အုပ်ချုပ် ရသည်။ သူသည် တွဲဖက်ထောင်တွင် ထင်ရှားသူဖြစ်၏။ နိုင်ငံရေး အကျဉ်းသားများကို နှိပ်ကွပ် ရာတွင် ဦးကျော်အေးက ဦးဆောင်၍ နှိပ်ကွပ်လေ့ ရှိသည်ဟု ကြားဖူး၏။ တုတ်တုတ် ခိုင်ခိုင်နှင့် သန်မာပုံရ၏။ သူ့မျက်နှာ ပြုံးရယ်လေ့ မရှိ။ မေးရိုးလေး ထောင့်ကျကျနှင့် အကျဉ်းသားများကို ကြည့်လျှင် မျက်စိတည့်တည့် စူးစူးရဲရဲ ကြည့်တတ်၏။ တော်ရုံတန်ရုံ အကျဉ်းသား ဆိုလျှင် သူ၏ စူးစူးရဲရဲ အကြည့်ကြောင့် တုန်လှုပ် ချောက်ချား သွားတတ် ကြပါသည်။

““ကဲ၊ အားလုံးကို အထဲ သွင်းတော့”” ဟု ဦးကျော်အေးက အမိန့် ပေးလိုက်၏။ ကျွန်တော်တို့ တစ်ယောက်ချင်း ခေါင်းပေါ်သို့ စောင်များကို ဘေးမှ ထောင်အမှုထမ်း များက အုပ်ချလိုက်သည်။ ထိုအချိန်တွင် ထောင်ဘူးဝ အပေါ်မှနေ လော်စပီကာ နှစ်လုံးဖြင့် အင်းစိန်မြို့ ဘက်ဆီ ချိန်ရွယ်ကာ အသံကုန် ဖွင့်ထားသည်ကို ကြားရသည်။ ဖွင့်ထားသော သီချင်းမှာ တွံတေးသိန်းတန် ၏ ““ပန်းနွယ်ကစိမ်း”” ဆိုသော သီချင်း ဖြစ်၏။ ဘူးဝ အပေါက် ကလေးကို ငုံ့၍ ၀င်ရ ပါသည်။ ကျွန်တော့် ညာဘက်တွင်ကို ဖေအောင် ရှိပါသည်။ ကျွန်တော်က အ၀တ် ဦးထုပ်ကလေး တစ်ခုကို ခေါင်းပေါ်တွင် ဆောင်းထားသည်။ ကိုဖေအောင် ဘူးဝငုံ့ ၀င်လိုက်သည် ကိုလည်း ကျွန်တော် တွေ့ရသည်။ သူ့နောက်မှ ကျွန်တော် ၀င်ရပေမည်။ ကိုဖေအောင် ငုံ့ဝင်လိုက်သည်နှင့် ကိုဖေအောင့် ညာဘက်မှ နေ လက်သီး တစ်လုံး ခပ်ပြင်းပြင်း ထိုးလိုက်သည်ကို တွေ့ရ၏။ ကိုဖေအောင့်ဆီမှ “အင့်” ဆိုသော အသံကြားရပြီး ဘူးထဲသို့ လိမ့်ဝင် သွားလေသည်။
ကျွန်တော်က စောင်ခြုံထား ရာမှနေ ညာဘက်ကို သတိထား၏။ ကိုဖေအောင် ကို ညာဘက်မှ လက်သီးဖြင့် ထိုးလိုက်သည်ကို သတိစုမိပြီး ညာဘက်တွင် ထိုးမည့်သူများ ရှိနေသည်ဟု ယူဆကာ ညာဘက်ကို သတိရပြီး ဘူးဝကို ငုံ့ဝင်လိုက် ပါတော့သည်။ ထိုအချိန်၌ ကျွန်တော် ထင်သလို ညာဘက်မှ ၀င်မလာတော့ဘဲ ဘယ်ဘက်မှနေ အလွန်ပြင်းသော လက်သီးတစ်ချက် အရှိုက်တည့်တည့် ၀င်လာပြီး ကျွန်တော်လည်း အင့်ခနဲဖြစ်ကာ ဟပ်ထိုး လဲသွားချိန်တွင် ကျောကုန်းပေါ် ရိုက်လိုက်သော တုတ်ချက်များ ကိုလည်း ခံစားလိုက် ရသည်။ ရှေ့မြေပြင် ပေါ်သို့ ခွေကျသွား၏။ သတိက မမေ့သေးပါ။ 

ကျွန်တော့်နှုတ်မှနေ-
““ဖိနှိပ် ချုပ်ချယ်မှု အလိုမရှိ၊ အလို မရှိ”” ဆိုသော ကြွေးကြော်သံကို အော်ဟစ် တိုင်လိုက်သော အခါ ကျွန်တော့်ဘေးမှ ရဲဘော်များ၏ ကြွေးကြော်သံ များကိုလည်း ကြားရ လေသည်။
““ဖိနှိပ် ချုပ်ချယ်မှု အလိုမရှိ၊ အလို မရှိ”” ဆိုသော ကြွေးကြော် သံများ တစ်ပြိုင်တည်း ပေါ်လာ၏၊ တစ်ချိန်တည်း မှာပင် ““ချကွာ၊ ချကွာ”” ဆိုသော အသံများ နှင့် ရိုက်သံ များကိုလည်း ကြားရသည်။ ကျွန်တော့် ကျောပြင် ပေါ်ကိုလည်း ရိုက်နှက်ခြင်း ခံနေရ ပါသည်။ ထိုအချိန်တွင် ပုံစံ ထိုင်ခိုင်းသော အသံကိုလည်း ကြားရ ၏။ ပုံစံထိုင်ချိန် မရလိုက်ပါ။ ကျွန်တော့် နားသယ်သို့ ခပ်ပြင်းပြင်း ရိုက်လိုက်ခြင်း ကြောင့် ကျွန်တော် ရှေ့သို့ ပုံကျကာ သတိလည်း လစ်သွား လေတော့သည်။ ကျွန်တော် သတိရချိန်၌ ကျွန်တော့် ကုပ်မှနေ ၀ါဒါ တစ်ယောက်က အတင်း ဆွဲခေါ်နေ၏။ ဘယ်ကို ခေါ်သွားမှန်း မသိပါ။ နောက်သမံတလင်းပေါ် ဖြတ်လျှောက် လာပြီး အခန်းတစ်ခုထဲ ကျွန်တော့်ကို ပစ်ထည့် လိုက်လေ တော့သည်။

ကျွန်တော့်လိုပင် အခန်းထဲ ပစ်ထည့် ခံရသော သူများလည်း ရောက်လာ၏။ ကိုဇော်လွင်၊ ကိုအောင်ထီ၊ ကိုသိန်းလွင် ဦးသန်း(ပြည်) စသော ရဲဘော်များ တစ်ယောက်ပြီး တစ်ယောက် ရောက်လာ၏။ အချိန်အတန် ကြာသောအခါ မနက် ၅ နာရီ လောက်ရှိမည် ထင်ပါသည်။
““တန်းစီမယ်ဟေ့”” ဆိုသောအသံ ကို ကြားလိုက်ရကာ အမှုထမ်းများ တ၀ုန်းဝုန်း လျှောက်လာသံကို ကြားလိုက်ရသည်။ အခန်း တံခါးဖွင့် သံကြားလိုက် ရပြီးနောက် အရှေ့မှ ထောင်မှူးနှင့် နောက်မှထောင် ကြပ်များ ပါလာသည်။ ထောင်မှူးက နာမည်နှင့် အဖ နာမည်ကို ခေါ်၏။ ကျွန်တော်တို့က နာမည် ခေါ်သံ ကြားရသည်နှင့် “ရှိ”ဟု ခေါ်ရလေသည်။ ကျွန်တော်တို့ အခန်းနံပါတ်မှာ ၆ ဖြစ်၏။
၎ ဆောင်မှာ ဆရာ ဒဂုန်တာရာ နေခဲ့ ရသော အဆောင်ဖြစ်ပါသည်။ သူ၏ ဆိပ်ဖလူးနံ့ သင်းသော နေရာမှာ ၄ ဆောင်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော ၄ ဆောင် တွင်ကျွန်တော်တို့ ရောက်သည် အထိ ဆိပ် ဖလူးပင်ကြီး ရှိနေပါသည်။ ညဘက် ရောက်သော အခါ သင်းပျံ့သော ဆိပ်ဖလူး ပန်းနံ့မှာ ၄ ဆောင်တစ်ခုလုံးကို သင်းကြိုင် မွှေးပျံ့ နေစေ တော့သည်။ အင်းစိန်သည် ကိုကိုး ကျွန်းမဟုတ်ပေ။ အင်းစိန်တွင် မနက် ၅ နာရီထိုး လူစစ် တန်းစီ ရသလို ညနေတွင်လည်း လူစစ် တန်းစီ ရသည်။ မနက် ၁၀ နာရီ၊ ၁၁ နာရီလောက်တွင် မနက်စာ ကျွေး၏။ ပျစ်ပြီး မွှေးနေသော ပဲဟင်းမတ် ခွက်တစ်ခွက်၊ ဆန်ဖြူနှင့် စိမ်းစားငါးပိကို ကြက်သွန်နှင့် ကြော်ထားသော ငါးပိကြော် တစ်ပွဲ၊ တို့စရာ တစ်ပွဲ ကျွေးပါသည်။ တနင်္လာ ဆိုလျှင် ငါးပိရည်အဖျော်နှင့် တို့စရာ ကျွေးသည်။ မနက်ပိုင်း အသား မစားရ၊ ညနေ ပိုင်းတွင် အမဲ၊ ကြက်၊ ၀က်၊ ဆိတ်၊ ငါး၊ ဘဲဥ တစ်ပတ်လုံးလုံး ဟင်းမယ် ချည်လုံးဝ မတူအောင် ကျွေးထားလေသည်။ နေ့စဉ် ၀င်းထဲ ထွက်၍ ရေချိုးချိန် ၁ နာရီ ပေးထား၏။ ည ၉ နာရီတွင် အိပ်ရလေသည်။ ထောင်စည်းကမ်း အတိုင်း သတင်းစာ ဖတ်ရ လေသည်။ တခြားစာများ ဖတ်ခွင့်မရ။ ကျွန်းမပို့ခင်က ဆိုလျှင် ရဲဘော် ဘခက်နှင့် သခင်မြ ရေးသော သခင်သန်းထွန်း၏ နောက် ဆုံးနေ့များ စာအုပ်ကို တစ်ခန်းလျှင် ပထမတွဲနှင့် ဒုတိယတွဲ ၂အုပ်စီ ပေးလေသည်။

ထောင်ဘ၀မှာ  ထိုအတိုင်း ဖြစ်ပါသည်။ ပုဒ်မ ၅ ထုံးစံ အတိုင်း ဘယ်တော့ လွတ်မည်ကို မသိ။ ဘယ်လောက် နေရမည် ကို မသိပေ။ ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာ လကုန် ပိုင်းလောက်တွင် ကျွန်တော်တို့ကို ခေါ်ယူ ၍ စစ်ဆေး လေတော့သည်။ စစ်ထောက်လှမ်းရေးက လာရောက်၍ မေးမြန်းခြင်းဖြစ်၏။ အထွေအထူး မေးခွန်းများ မဟုတ်ပါ။ မေးခွန်းပေါင်း ၁၁ ချက်ကို မေးခွန်းများနှင့် ဖြေစရာ စာရွက်များ ပေးကာ ဖြေခိုင်းလေသည်။  မေးခွန်းများ ထဲတွင် ဘာကြောင့် အဖမ်းခံရသလဲ။ ဘယ်တုန်းက အဖမ်းခံရ သလဲ။ မိမိကို လွှတ်သင့် သည်ဟု ယူဆပါ သလား။ မိမိနှင့် အတူ နေထိုင်သူများ အနက် မည်သူ့ကို လွှတ်သင့်သည်ဟု ထင်ပါသလဲ။ ဗကပအပေါ် ဘယ်လိုမြင်သလဲ။ မဆလအပေါ် ဘယ်လိုမြင်သလဲ။ အလံနီပါတီ အပေါ်ဘယ်လို မြင်သလဲ။ လွတ်ရင် ဘာ လုပ်မလဲ။ ယနေ့ နိုင်ငံရေးအခြေအနေကို မိမိသဘောအတိုင်း ရေးပြပါ။ စသည် စသည်ဖြင့် မေးလေသည်။ မနက်စာ စားပြီး သည်နှင့် ထွက်၍ ဖြေရ၏။ ကျွန်တော့် အနေဖြင့် လွှတ်မည် ဆိုလျှင်လည်း ခံဝန်ချက်ကို လက်မှတ်ထိုးမှ လွှတ်မည်ဖြစ် သဖြင့် ထိုမေးခွန်းများကို ခေါင်းထဲ မထားပါ။ လိုရင်း တိုရှင်းပင် ရေးချလိုက်၏။ မဆလကို မထောက်ခံကြောင်း၊ ဗကပ၊ အလံနီတို့မှာ တော်လှန်ရေး ပါတီများ ဖြစ်ကြောင်း၊ ပြည်သူလူထု လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသော ပါတီများ ဖြစ်ကြောင်း၊ မိမိကို ဘာကြောင့် လွှတ်သင့်သည် ဆိုသည်ထက် မိမိကို အစ ကတည်းက မဖမ်း သင့်ကြောင်း၊ လိုရင်းကို ဖြေကြားပြီး အခန်းထဲ ၀င်ကာ ခုတင် ပေါ်တွင် လဲလျောင်း အနားယူ နေခဲ့ ပါတော့သည်။

ထက်မြက်
(မြန်မာသံတော်ဆင့်)

အနှစ်၅၀ ကျော်အလှမ်းကွာဝေးနေခဲ့သော မယ်စကြဝဠာပြိုင်ပွဲ ကို မြန်မာနိုင်ငံက ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်တော့မှာမို့ မြန်မာနိုင်ငံသားတို့ ရင်ခုန်စွာ စောင့်မျှော်နေကြတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဝင်ပြိုင်မယ့်သူကတော့ တက္ကသိုလ်များ ချန်ပီယံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအတွက် ဆုဖလားကိုကိုင်ပြီး အဝါ ရောင်ပြိုင်ကားပေါ်ကဆင်းလာတဲ့ ဓာတ်ပုံ ကြောင့် ဟိုးလေးတကျော် နာမည်ကြီးနေ တဲ့ “မိုးစက်ဝိုင်”ပဲ ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံအကြောင်း လူတကာရဲ့ ပါးစပ်ဖျား ရောက်သွားရတာက ပြိုင်ကားအဝါကြီးနဲ့ ဆုဖလားကြောင့်မဟုတ်သလို မိုးစက်ဝိုင် ရဲ့ ပင်ကိုအလှကြောင့်လည်း မဟုတ်ပါဘူး။ ဓာတ်ပုံထဲက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့မြေးအနှစ် နေရွှေသွေးအောင် (ခ) ဖိုးလပြည့်ကနေပြီးတော့ ပြိုင်ကားပေါ်ကဆင်းလာတဲ့ အသစ်စက်စက် မယ်စကြဝဠာမြန်မာကို စောင့်ကြိုနေပုံက မြင်သူတိုင်းကို ရင်ခုန်စေခဲ့တာပါ။ ကိုယ့်စိတ်ကူးနဲ့ ကိုယ် အမျိုးမျိုးပုံဖော်တွေး၊ ဆက်စပ် တွေးလိုက်ကြတာ မိုးစက်ဝိုင်ကိုယ်တိုင်က သူမနဲ့ နေရွှေသွေးအောင် ဘယ်လိုမှမပတ် သက်ပါကြောင်း စာနယ်ဇင်းရှင်းလင်းပွဲ လုပ်ရတဲ့အထိပါပဲ။ နေရွှေသွေးအောင်ကလည်း ဝဘ်ဆိုက်တစ်ခုကတစ်ဆင့် ဆိုခဲ့ပြီးဖြစ်တဲ့ တက္ကသိုလ်ဘောလုံးပွဲကို ဘယ်လိုကြောင့် ရောက်သွားရကြောင်း ရှင်း လင်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပျံ့နှံ့သွားပြီးဖြစ်တဲ့ ဓာတ်ပုံတွေကို ပြန်သိမ်းလို့မရနိုင်တော့သလို လူအများရဲ့ “သို့လော၊ သို့လော”အတွေးတွေကလည်း ပျောက်ပျက်မသွားခဲ့ပါ။ နေရွှေသွေးအောင် က မိုးစက်ဝိုင်ကို မော်စကိုမြို့အထိ လိုက်ပါအားပေးမယ်ဆိုတဲ့ ကောလာဟလတွေက ထွက်နေသေးတယ်။ မိုးစက်ဝိုင်က လည်း မည်သူမဆို လိုက်ပါအားပေးနိုင်ခွင့်ရှိတယ်။ အားပေးမှုကို ဖိတ်ခေါ်ပါတယ် လို့ လိမ္မာပါးနပ်စွာ ဖြေကြားထားတယ်။ အဲဒီလို အပြောစွမ်းရည်ကျွမ်းကျင်လိမ္မာမှုကို နိုဝင်ဘာ ၉ ရက်နေ့မှာ ကျင်းပမယ့် မယ်စကြဝဠာပွဲမှာ အသုံးချနိုင်လိမ့်မယ် မျှော်လင့်တယ်။

ပြိုင်ပွဲရက်နဲ့ တစ်လတိတိအလို အောက်တိုဘာ ၉ ရက်နေ့မှာ အွန်လိုင်း ပေါ်တက်လာတာက ၂၀ဝ၉ ခုနှစ်ကလုပ် တဲ့ Miss Chinese Burma ပြိုင်ပွဲမှာ မိုးစက်ဝိုင် ဒုတိယဆုရခဲ့တဲ့သတင်းနဲ့ဓာတ်ပုံများပါပဲ။ တချို့လူတွေက တရုတ်နိုင်ငံမှာ လုပ်တဲ့ မယ်ပြိုင်ပွဲဝင်ထားသူတစ်ဦး က မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ ဖြစ်သင့်သလားပေါ့။ တကယ်ကတော့ အဲဒီ Miss Chinese Burma က တရုတ်ကုန် သည်ကြီးများအသင်းနဲ့ “Gold Phoenix - ဇာမဏီ” သတင်းစာ က ပူးတွဲကမကထပြုပြီး ရန်ကုန်မှာကျင်းပခဲ့တာပါ။ ရိုးရိုးရှင်းရှင်းပြောရရင် မြန်မာနိုင်ငံသား တရုတ် အမျိုးသမီးများသာ သီးသန့်ပြိုင်တဲ့ မယ်ပြိုင်ပွဲ ပေါ့။ အဲဒီတော့ မိုးစက်ဝိုင်ရဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့် (Eligibility) အပေါ် မေးခွန်းထုတ်စရာ မရှိတော့ပါ။ အဲဒီ ၂၀ဝ၉ ခုနှစ် ပွဲသတင်းကတစ်ဆင့် သိလိုက်ရတာက မိုးစက်ဝိုင်ရဲ့ တရုတ်နာမည်က “ယန်စင်ရောင်း” (Yang Xinrong) ပါတဲ့။

အဲ . . . မေးစရာရှိတာက “ယန်စင်းရောင်း”ဆိုတဲ့ အလှမယ် ဘယ်ပုံဘယ်နည်းနဲ့ မြန်မာနိုင်ငံသားဖြစ်လာသလဲဆိုတာပါ။ မျိုးဆက် ဘယ်နှဆက် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ပြီလဲ။ နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်လာတာလား။ ဒါတွေက မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ မိတ်ဆွေ တစ်ယောက်ဆို တရုတ်သွေး တစ်မတ်ပါလို့ ၁၈ နှစ်ပြည့်မှတ်ပုံတင်လဲဖို့အတွက် လျှောက်လွှာမှာ “မြန်မာ-ရှမ်း-တရုတ်”လို့ ဖြည့်မိလို့လားမသိ နှစ်ပေါက်အောင်ကြာနေတာ ယနေ့အထိ မကျလာသေးဘူး။ မျက်နှာကြီးရာ ဟင်းအိုးပါထည့်ပေးလိုက် ကြသလား။

မြန်မာနိုင်ငံသားစစ်စစ်ဖြစ်လျှင် တရုတ်၊ ကုလား၊ ဂျူး၊ အာမေးနီးယန်း ဘယ်လူမျိုးမဆို အရည်အချင်းပြည့်မီရင် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်ပါတယ်။

ဒါပေမဲ့ ခံစားမိတာတစ်ခုက မြန်မာတိုင်းရင်းသူစစ်စစ်ကလေးတွေ တရုတ် ပြည်ကို နည်းမျိုးစုံနဲ့ လူကုန်ကူးခံနေရတာတွေကို နိုင်နင်းစွာ မဟန့်တားနိုင်သေးခင် ကျွန်တော့်တစ်သက်တာမှာ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မယ့်၊ ကမ္ဘာက အာရုံစိုက်တဲ့ မယ် စကြဝဋ္ဌာပြိုင်ပွဲကို မြန်မာနိုင်ငံက တရုတ်အမျိုး သမီးစစ်စစ်က မြန်မာနိုင်ငံကို ကိုယ်စားပြု မယ်ဆိုတော့ “ဖြစ်မှဖြစ်ရလေခြင်း”ပေါ့။ ဘယ်သူတွေညံ့လို့လဲ။ မီးကျိုးမောင်းပျက် တရုတ်အမျိုးသားကြီးများရဲ့ မျိုးဆက်ရှင်သန်ရေးအတွက် ကူညီပေးနေရတဲ့ (လူကုန်ကူးခံနေရတဲ့)မြန်မာတိုင်းရင်းသူလေးတွေအတွက် မချိတင်ကဲဖြစ်မိတာပါ။ သူတို့ထက် ကံဆိုးသူတွေကတော့ လိင် အလုပ်သမလေးတွေ ဖြစ်ရပေါ့။ “တွေးမိတိုင်း အရိုးနာသည်၊ အမျိုးပါဆဲချင် ပလေး” ဆိုတာမျိုး ပေါ့။ ကျွန်တော်ကကော ဘာများ တတ်နိုင်ဦးမှာလဲ။

မိုးစက်ဝိုင်ရဲ့ နိုင်ငံသားဖြစ်မှုအပေါ် သံသယဝင်မိတာက တရုတ်ရုပ်သံလိုင်း CCTV မှတစ်ဆင့် ကြည့်လိုက်ရတဲ့ ဗီဒီယိုအင်တာဗျူးမှာ အင်္ဂလိပ်လို ရေလည် အောင်ပြောသွားနိုင်ပေမယ့် ပြည်မကြီး တရုတ်လေသံကပ်ပါလာတာကို သတိပြုလိုက်မိလို့ပါ။ သူငယ်ချင်း မြန်မာတရုတ်တွေ အင်္ဂလိပ်လိုပြောတာကို နားရည်ဝ နေတဲ့အပြင် ပြည်မကြီးတရုတ်များနဲ့လည်း ထိတွေ့ဆက်ဆံဖူးတဲ့အတွက် ကွာခြားချက်ကို သတိပြုမိတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ရှိသူတွေ တာဝန်မယူသေးမီအထိတော့ မယ်စကြ ဝဠာမြန်မာ မိုးစက်ဝိုင်(ခ) ယန်စင်ရောင်း ရဲ့ မော်စကိုခရီးစဉ်ဖြစ်တဲ့ “Journey To The West” ကို ရင်ခုန်စွာ စောင့်စားအား ပေးနေမှာပါ။

ဥက္ကာဦး
စောင့်ကြည့်ဂျာနယ်၊ အတွဲ(၈)၊ အမှတ်(၁၉)

မန္တ လေး ကားလောကသမားများထံ မှ ကားစလစ်ဖိုး ငွေကျပ်သိန်းလေး သောင်းခန့်ကိုလိမ်လည်ပြီး တိမ်း ရှောင်နေသူက ယနေ့နံနက်ပိုင်း တွင် ချမ်းအေးသာဇံမြို့နယ် အမှတ်(၆)ရဲစခန်းသို့ ကိုယ်တိုင် လာရောက် အဖမ်းခံခဲ့ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။ မန္တလေးကားလောကရှိ လူ ၇ဝကျော်ထံမှ ကားတင်သွင်းခွင့် နှင့်သက်ဆိုင်သည့် ကညနလုပ်ငန်း ဆိုင်ရာများ အတွက် ငွေကျပ် သိန်းလေးသောင်းနီးပါးကို လိမ် လည်သွားသူ သည် ငွေလိမ်ခံ ထား ရသူများ၏ အမှုဖွင့်တိုင်ကြားခြင်း နှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ပြောကြားမှုများအပြီး တစ်ပတ် အကြာ အောက်တိုဘာ ၁၁ရက် နံနက် ၅နာရီတွင် အမှတ်(၆) ရဲ စခန်းသို့ လာရောက် အဖမ်းခံခြင်း ဖြစ်ကြောင်း နစ်နာသူ ကားလုပ် ငန်းရှင်များထံမှ သိရသည်။

သို့သော် ငွေကြေးလိမ်လည် သူဟု စွပ်စွဲတိုင်ကြားခံထားရသူ ကိုကျော် ခိုင်စိုးကို ချမ်းအေးသာဇံမြို့နယ် အမှတ်(၆)ရဲစခန်းက ယနေ့ မွန်း လွဲ ၃နာရီခန့်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း အခြေအနေကို စောင့်ကြည့်နေ သည့် နစ်နာသူ ကားလုပ်ငန်းရှင် များထံမှ သိရသည်။ အဆိုပါလိမ်လည်မှုနှင့်ပတ် သက်ပြီး နစ်နာသူ ၇၆ဦးအဖွဲ့မှ ၁ဝဦးကော်မတီဖွဲ့ပြီး အမှုတစ် ခုချင်းစီအလိုက် တရားစွဲဆိုသွား ရန်အတွက် စီစဉ်နေကြောင်းသိရ ပြီး ယင်းလိမ်လည်ခံရမှုကို အောက် တိုဘာ၁၄ ရက်တွင် တရားရုံး၌ ရုံး ထုတ်စစ်ဆေးမည်ဖြစ်ကြောင်း နစ်နာသူများဘက်က ပြောကြား မှုအရ သိရသည်။

ကိုအောင်နိုင်ဝင်းက ''ကျွန် တော်တို့အနေနဲ့ သူ့ကို ညှိနှိုင်းဖို့ မရှိပါဘူး။ သူက ညှိနှိုင်းရင်လဲ အမှန်ပြောမယ့်သူ မဟုတ်ပါဘူး။ အခုတောင် မနက်ပိုင်းက လာ အဖမ်းခံတယ်။ နေ့လယ်ပိုင်းကျ တော့ အာမခံနဲ့ ပြန်ထွက်သွား တယ်။ ဒါတွေက ရုပ်ရှင် ဆန်ဆန် အကွက်ကျကျ လုပ်သွားတာပါ။ ကျွန်တော်တို့ တောက်လျှောက် လိုက်ကြည့်နေတဲ့အတွက် သူ့ကို ရဲစခန်းကို လာပို့တဲ့သူကပဲ အခု ပြန်ခေါ်သွားတာပါ။ လူရ၆ဦးလုံး တစ်မှုချင်းစီ တရားစွဲဆိုဖို့အတွက် ကူညီဆောင်ရွက်သွားမှာပါ။ အခု ၁ဝဦး ကျော်က သူ့ကို တရားစွဲဖို့ အမှုဖွင့်နေပြီ''ဟု ယင်းကျပ်သိန်း လေးသောင်းခန့် လိမ်လည်ခံရမှု တွင် ကျပ်သိန်းနှစ်ထောင်ကျော် ဆုံးရှုံးခဲ့သူက ပြောသည်။

အဆိုပါပုဂ္ဂိုလ်သည် မန္တ လေး ကားလောကတွင် အကြီး မားဆုံးလိမ်လည်မှုကို ယခုနှစ် ဧပြီ လအတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး ငွေကြေးများကို လိမ်လည်ထွက် ပြေးချိန်သည် စက်တင်ဘာ၂၀ ရက် နောက်ပိုင်းတွင်ဖြစ်ကြောင်း နစ်နာသူ ကား လုပ်ငန်း ရှင်များ ၏ ပြောကြားမှုအရ သိရသည်။ အဆိုပါလိမ်လည်မှုနှင့်ပတ် သက်ပြီး ချမ်းအေးသာဇံမြို့နယ် အမှတ်(၆)ရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ''နံနက်တုန်းက ကား လိမ်လည်မှုအတွက် တိုင်ကြားထား သူ လာအဖမ်းခံတယ် ဆိုတာ ဟုတ် ပါတယ်။ သူ့ကို အခုစစ်ဆေးနေ တုန်းမို့လို့ အသေးစိတ်ပြောလို့ မရသေးပါဘူး''ဟု အောက်တိုဘာ ၁၁ရက် နေ့လယ်က ပြောသည်။

ကျော်ဇေယျ
Yangon Media Group


ကျွန်မ မြန်မာပြည်မှမွေးပြီး မြန်မာပြည်မှ ကြီးပါတယ်။ အဖေဘက်က အဘိုးနဲ့ အဘွားက တရုတ်စစ်စစ်ပါ။ အမေဘက်က အဘိုးက တရုတ်သွေးများပြီး ပြင်သစ်တစ်မတ်ဖိုးလောက်စပ်ပါတယ်။ အဘွားကတော့ မြန်မာပြည်ဖွား ကရင်တိုင်းရင်းသူစစ်စစ်ပါ။

အဲဒီဘိုးဘွားလက်ထက်ကစလို့ မြန်မာပြည်မှာ အခြေချခဲ့တာပါ။ ဥပဒေတွေကြောင့် မြန်မာပြည်ရောက် တတိယမျိုးဆက်ဖြစ်လင့်ကစား ဧည့်နိုင်ငံသားကဒ်ကိုပဲ ကိုင်ဆောင်ခွင့်ရခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာ လူမျိုးကိုမေးလာရင်တော့ တရုတ်-ကရင်လို့ ကိုယ့်ကိုယ်ကို ခံယူပါတယ်။

မြန်မာပြည်ပမှာတော့ ဘယ်သူလာမေးမေး မြန်မာနိုင်ငံက မြန်မာနိုင်ငံသားပါလို့ ဝင့်ကြွားဂုဏ်ယူစွာမိတ်ဆက်ပါတယ်။ မျိုးရိုးဇာတိအရ ကျွန်မရဲ့ အဘိုးက တယုတယနဲ့ မှည့်ပေးခဲ့တဲ့ Yang Bao Ling (楊寶玲) ဆိုတဲ့ တရုတ်နာမည်လည်းရှိပါတယ်။

ဒါပေမယ့် အမေရိကန်မှာ ပညာသင်နေတဲ့ကာလတလျှောက်လုံး မြန်မာနာမည်ကိုပဲ စွဲစွဲမြဲမြဲသုံးပါတယ်။ ကျွန်မ အာဆီယံမှာ နိုင်ငံကို ကိုယ်စားပြုခဲ့တုန်းကလည်း ကိုယ့်ကိုယ်ကို တရုတ်လို့ မခံယူပဲ မြန်မာစိတ်ဓာတ်နဲ့ ကိုယ်စားပြုခဲ့တာပါ။ အခု မြန်မာပြည်က ကမ္ဘာ့အလယ်မှာ မြန်မာကို ကိုယ်စားပြုဦးမယ့် မယ်တစ်ယောက် ရွေးချယ်ထားပြီးပါပြီ။

သူ တရုတ်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပဲဖြစ်ဖြစ်၊ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာကြီးတာပါ။ သူ့ရဲ့ရင်ထဲမှာ မြန်မာပြည်အတွက်ဆိုတဲ့ အမျိုးသားရေးစိတ်ဓါတ်ကို ထည့်ထားပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ပဲ လိုပါတယ်။ ကျွန်မတို့တတွေ သူ့ကို ရွေးချယ်ခဲ့ပြီးပြီမို့ သူ့အပေါ်မှာ ယုံကြည်ချက်လေးထားပြီး လိုအပ်ချက်တွေကို အပြုသဘော ဝိုင်းဝန်းထောက်ပြပေးရင်း

တိုင်းပြည်တာဝန်ကို တက်ကြွရွှင်လန်းဂုဏ်ယူစွာ ထမ်းဆောင်ခွင့် ပေးစေချင်ပါတယ်။ ပြိုင်ပွဲဝင်တိုင်းအတွက် စိတ်ဓာတ်ရေးရာ ခိုင်မာဖို့ အများကြီးအရေးကြီးပါတယ်။ ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ကို တရားဝင် လက်ဝယ်ရထားပြီးဖြစ်တဲ့ မိုးစက်ဝိုင်အပေါ်မှာ မေတ္တာထားပြီး တတ်နိုင်သလောက် အားပေးပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်ရှင်။

အိရူပါဝင်း(October 9 near Los Angeles, CA, United States)
facebook

ပြည် မြို့ နဝဒေးတံတားအနီး View Point ကမ်းနားသောင်ပြင်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက် ပြီး ပြစ်မှုကျူးလွန်သူများအား မှန်ကန်စွာ ဖော်ထုတ်အရေး ယူ ဆောင်ရွက်ပေးစေရန် ပြည်သူ ပေါင်း ၄ဝဝဝဝကျော် ၏လက်မှတ် များဖြင့် သမ္မတနှင့် အာဆီယံအ ဖွဲ့အစည်းများထံသို့ အောက်တို ဘာ ၁၀ ရက်တွင်တင်ပြခဲ့ကြောင်း သိရသည်။

ယင်း လက်မှတ်ထိုးစာရင်း ထဲတွင် ပြည်မြို့မှ အများဆုံးပါ ဝင်ပြီး ရွာပေါင်း ၃ဝကျော်သို့သွား ရောက်၍ လက်မှတ် စာရင်းအား ကောက်ယူခြင်း များပြုလုပ်ခဲ့ကာ ယင်းသို့ လက်မှတ်ကောက်ခံမှု သည် အချိန်တစ်လကြာမြင့်ခဲ့ ကြောင်း သိရသည်။

''ခုလိုမျိုး ပြည်သူတွေဆီက လက်မှတ်တွေကို စုဆောင်းပြီး တော့ နိုင်ငံတော်သမ္မတကြီးနဲ့ အာဆီယံအဖွဲ့အစည်းတွေကို တင် ဖို့လုပ်တာက အပြစ်ရှိတဲ့သူကို အ မှန်အတိုင်း အရေးယူဆောင်ရွက် ပေးစေချင်လို့ပါ။ ဘယ်လိုလူမျိုး ပဲဖြစ်ဖြစ် တရား ဥပဒေ အတိုင်း ဆောင်ရွက်တာ မျိုးကိုပဲ ဖြစ်စေ ချင်တယ်။ ဒါမှလဲ တရားဥပဒေ စိုးမိုးရေးနဲ့ ကိုက်ညီမှာပါ။ မိသား စုဝင်တွေဘက်ကလဲ ခုလိုမျိုးလုပ် တာကို မကျေနပ်ဘူးလို့ပြောတယ်။ ဒီကိစ္စထဲကိုတော့ ပါဝင်ပြီးလှုပ် ရှားတာမျိုး တော့ သူတို့ တွေ မ လုပ်နိုင်ဘူး။ ကျွန်တော်တို့ကပဲ ဦးဆောင်ပြီးလုပ်ပေးတာပါ။ ကျွန် တော်တို့ ခုလိုမျိုးလုပ်တာကလဲ တရားဥပဒေဘောင်အတွင်းကပဲ သူတို့တွေ အဖြစ်မှန်ကိုဖော်ထုတ် ပြီး အရေးယူဆောင်ရွက်ပေးတဲ့ အထိကို ဆက်လုပ် သွား မှာပါ'' ဟု ပြည်မြို့ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ ကိုသန်းထိုက် က ပြောသည်။

အဆိုပါကိစ္စရပ်နှင့်ပတ် သက်ပြီး ပြည်မြို့နှင့်ရပ်ရွာများ ရှိ ပြည်သူများအပြင် ယခုအခါ အဖွဲ့အစည်းများ၏ လက်မှတ်များ အားလည်း လိုက်လံစုဆောင်းသွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လက်မှတ်ထိုးသည့် စာရင်းထဲ တွင် ပါဝင်သည့် နာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ က ''ကျွန်တော် လက်မှတ်ထိုးခဲ့ တာက ပြည်သူတွေအားလုံးအ တွက်ပါ။ တရားဥပဒေစိုးမိုးမှုရှိ စေချင်တဲ့အတွက်ပါ။ အခုဆိုရင် ပြည်သူတွေက ကျီးလန့်စာစားနေ ရသလိုဖြစ် နေတယ်။ တကယ် အ ပြစ်ရှိတဲ့သူကို အပြစ်ရှိသလို ဆောင် ရွက်နိုင်တာမျိုးပဲ ဖြစ်စေချင်တာ ပါ။ တကယ်လို့ ဒီကိစ္စမှာ စစ် သားတွေက တရားခံအစစ်အ မှန်မဟုတ်ဘူးလို့ယုံကြည်ရင် ရှင်း အောင်လုပ်ပေါ့။ ဖမ်းမိတာက ရဲ တွေက ဖမ်းတာ လေ။ တကယ်မ ဟုတ်ဘူးဆိုရင် ရဲတွေကိုပြန်စစ် ပေါ့။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေ အတွက် အပြစ်ရှိတဲ့သူကိုဖော် ထုတ်အရေးယူပေးစေချင်တယ်။ ဒါမှလဲ ပြည်သူတွေရဲ့ စိုးရိမ်စိတ် တွေ ပြေပျောက်နိုင်မယ်လို့ထင် တယ်''ဟုပြောသည်။

အဆိုပါ အမှုကိစ္စသည် ဧပြီ ၂၃ရက်က ပြည်မြို့နဝဒေးတံတား အနီး ကမ်းနားသောင်ပြင်တွင်ဖြစ် ပွားခဲ့သည့် ပစ္စည်းယူလူသတ်ခဲ့ သည်ဟုစွပ်စွဲထားသည့် တပ်မ တော်သားသုံးဦးအား အရေးယူ ဆောင် ရွက်ခြင်း မရှိသေးသဖြင့် ယခုကဲ့သို့ လက်မှတ် များကောက် ယူပြီး သမ္မတနှင့် အာဆီယံအဖွဲ့ အစည်းများထံသို့ပေးပို့ရန်ပြုလုပ် ခြင်းသည် ဥပဒေနှင့်အညီ ဆောင် ရွက်စေခြင်း၊ နစ်နာသူများအား ကုစားခွင့်ဆောင်ရွက်ပေးရန်နှင့် အလားတူကိစ္စရပ်များမဖြစ်ပေါ် စေရေး အတွက် အာမခံမှု များရ ရှိအောင်လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။

Yangon Media Group


သူတို့ရင်ထဲက ဗိုလ်မှူးချုပ်ကျော်ဇော(ရဲဘော်ဦးတင်)ကွယ်လွန်ခြင်းတနှစ်ပြည့်အမှတ်တရ အတွဲ(၁) ထွက်ပါပြီ ....
မန္တလေးမှာ စာအုပ်မိတ်ဆက်ပွဲ လုပ်ပါမယ် ... ကြွရောက်အားပေးကြပါဦး .

Soe Win Nyein

အောက်တိုဘာ ၁၁ ရက်နေ့ ည ၈နာရီ ၅၀ အချိန် တောင်ငူမြို့ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါဧည့်ရိပ်သာ၏ အပေါ်ထပ်အခန်းနံပါတ် (၆)မှပေါက်ကွဲခဲခြင်းဖြစ်ပြီး ယင်းအခန်းတွင် တည်းခိုသူ မြို့မ(၄) ရပ်ကွက် ညောင်လေးပင်မြို့နေသူများဖြစ်ကြသော မယုယုခိုင်(ဘ) ဦးသိန်းဝင်း( ၂၄ နှစ်) မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး မငြိမ်းသီတာ(ဘ) ဦးခင်မောင်သန်း(၂၇) မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး တောင်ငူ
ခရိုင်ပြည်သူဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။

၎င်းအခန်း ၆ နှင့် ကပ်လျှက် အခန်း (B) တွင်တည်းခိုသူ နေမျိုးကျော် (၂၉နှစ်) (ဘ)ဦးကျော်လွင် ဌက်ပျောတောကျေးရွာ လယ်ဝေးမြို့နေသူမှာ ပွဲချင်းပြီးနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

နောက်ဆုံးသတင်းအရ  ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သော အသက် ၂၂ အရွယ် အမျိုးသမီးမှာ တောင်ငူ ပြည်သူ ဆေးရုံတွင် ယနေ့ည ၁၁နာရီ မိနစ်၂၀ ခန့်တွင် သေဆုံးခဲ့ပြီး ယင်းအမျိုးသမီးမှာ ညောင်လေးပင်မြို့မှ မယုယုခိုင် ဖြစ်ကြောင်း သိရှိရပါတယ်.

Ko Kyaw Swar.

အာဏာရှိသူတွေသည် အာဏာကိုစွန့်လွှတ်ရမည်ကို အလွန် ကြောက်တတ်ကြပါသည်။ ပြည်သူတွေ ဒုက္ခရောက်မည်ကို စိုးရိမ်၍ မဟုတ်၊ သူတို့အတွက်ဖြစ်သည်။ အာဏာအတွက်ဆိုလျှင် တစ်ပြည်လုံးကို သတ်ဖြတ်ရမည်ကိုလည်း ဝန်မလေး၊ အာဏာအတွက် ဥာဏ်နီ ဥာဏ်နက်များလည်း သူတို့ဦးနှောက်ထဲက ကောင်းကောင်းကြီးထွက် လာသည်။ အဘယ်ကြောင့်ဆိုသော် အာဏာသည်သာ သူတို့အသက် သူတို့ဘဝ၊ သူတို့၏စည်းစိမ်ချမ်းသာ မဟုတ်ပါလော။

ရာဇဝင်ခေတ်ကလည်း အာဏာသည် တစ်ဦးတစ်ယောက်၏ လက်ထဲမှာ သာရှိသည့်အတွက် ထိုအာဏာရှင်သည် မည်မျှပင် တိုင်းပြည်အတွက် လုပ်နေသည်ဖြစ်စေ၊ သူ့အာဏာကို ထိပါးမည်ဆိုလျှင် သားကိုလည်းကောင်း၊ မယားကိုလည်းကောင်း၊ ဖခင်ကိုလည်းကောင်း၊ ညီအစ်ကိုအရင်းကိုလည်းကောင်း သတ်ဖြတ်ခဲ့သည်မှာ တုန်လှုပ်ဖွယ်ပင်ဖြစ်ပါသည်။ ရာဇာဓိရာဇ်က သူ့သားအရင်း ဘောလောကျန်းဒေါကို သတ်ပစ်ခဲ့သည်ကိုလည်းကောင်း၊ နန်းမတော်မမြကလေး အသတ်ခံခဲ့ရသည်ကိုလည်းကောင်း၊ အနောက်ဘက်လွန်မင်းကို သူ့ သားသတ် ပစ်ခဲ့သည်ကိုလည်းကောင်း၊ ကုန်းဘောင်ခေတ်က ဘုမသိ၊ ဘမသိ စကြာမင်းသားလေးကို အပြစ်မရှိဘဲရေချကွပ်မျက်ခဲ့သည်ကိုလည်းကောင်း၊ ပုဂံခေတ်နောက်ဆုံးမင်း နရသီဟပတေ့ကို သူ့သား အ ရင်းသတ်ခဲ့သည်ကိုလည်းကောင်း၊ မြန်မာဘုရင် နောက်ဆုံးမင်း သီပေါ နန်းတက်စက မင်းညီမင်းသားများအပြစ်မဲ့စွာ သတ်ဖြတ်ခံခဲ့ရသည်ကိုလည်းကောင်း၊ ရာဇဝင်ကိုဖတ်လျှင် တုန်လှုပ်ချောက်ချားဖွယ် တွေ့မြင်ကြရပါမည်။
ရာဇဝင်သာမက ဗုဒ္ဓဝင်ကိုဖတ်လျှင်လည်း ဤအဖြစ်မျိုးတွေ့ကြရပါမည်။ အဇာတသတ်က သူ့ဘခင်ကို လုပ်ကြံ ထောင်သွင်းအကျဉ်းချပြီး သတ်ခဲ့သည်မှာလည်း အာဏာအတွက်ပင်မဟုတ်ပါလား။
ရာဇဝင်ခေတ်သာ မဟုတ် ယနေ့လက်ရှိ အာဏာရှင်စနစ်အောက်မှာလည်း အာဏာရှင်များသတ်ဖြတ်ခဲ့၍ အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်များက တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
ဂဠုန်ဦးစော သည်ပင်လျှင် အာဏာလိုချင်လွန်း၍ အာဏာရူးရူးကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းပြည်ကောင်းကျိုး ကြိုးပမ်းဆောင်ရွက်နေကြသော ပြည်သူ့ခေါင်းဆောင်အာဇာနည်များကို သတ်ဖြတ်ခဲ့သည် မဟုတ်ပါလော။

ယခုလက်ရှိ နိုင်ငံရေးရာ အဖြစ်အပျက်များကိုပဲကြည့်ပါ။ အီရတ်က ဆက်ဒမ်ဟူစိန်၊ လစ်ဗျားက ဂဒါဖီ၊ အီဂျစ်က မူဘာရက် ယခုလက်ရှိဆီးရီးယားက အာဆတ်တို့ အာဏာကြောင့်ဒုက္ခရောက်ကြရသည်။ လက်ရှိ လောလောလတ်လတ် ကမ္ဘောဒီးယားက ဟွန်ဆန်လည်း ပြဿနာရှိနေပြီ။
ကမ္ဘာ့သမိုင်းမှာတော့ ထင်ရှားကျော်ကြားပြီး အထင်ကရ ပြောစမှတ်ပြုရသည့် အာဏာစွန့်သူ စစ်ဘုရင်အသောက ကတော့ အာဏာရှင် များ၏အကြားတွင် အလွန်ထူးခြားလှပါသည်။ ကလိင်္ဂတိုင်းကို အောင်နိုင်လိုက်သည့်အချိန်မှာ သူသံဝေဂရသွားသည်။ လူသေများ၊ မသေမရှင်များ၊ နိုင်ငံအပျက်အစီးများ၊ ငိုယိုပူဆွေးနေကြသူများ . . . ကလိင်္ဂကို သူရပြီ။ သို့သော် ဘယ်မှာလဲ အကျိုးအမြတ်၊ အားလုံးမီးလောင်ပြင်နှင့် လူသေအလောင်းများကိုသာ သူရလိုက်သည်။ ထိုအချိန်ကစ၍ စစ်ကို သူစွန့်လွှတ်လိုက်သည်။ အာဏာဟူသမျှကို စွန့်လွှတ်လိုက်သည်။ သူ့ရှိ သမျှကိုလှူဒါန်းသည်။ လူမှုအကျိုးစီးပွားအားလုံးကို သူလုပ်ဆောင်သည်။ ကမ္ဘာ့သမိုင်းမှာတော့ သူ၏အကြီးအကျယ်အောင်မြင်မှု၊ စစ်နိုင်မှုတို့ကို စွန့်လွှတ်ကျောခိုင်းခဲ့သည့် အသောကမင်းကြီးလောက် ထူးခြားသော မင်းမရှိဟုဆိုရမည် . . .။

တကယ်တော့ ဘယ်ဘာသာကမဆို လူကိုတန်ဖိုးထားလေးစားရမည်၊ ဘယ်သူ့ကို ဘယ်သူကမျှ မထီလေးစားမပြုအပ်၊ အကြောင်းမဲ့ သက်သက် မသတ်ဖြတ်အပ်ဟု အထင်အရှားဟောကြားခဲ့ကြသည်။
ခရစ်ယာန်ဘာသာအရ ဘုရားသခင်သည် လူကိုမိမိ၏ ပုံသဏ္ဌာန် တော်အတိုင်းဖန်ဆင်းတော်မူသည်။ ထို့ကြောင့်လူတို့သည် ဘုရားသခင် ၏ သားတော်သမီးတော်များဖြစ်သည်ဟုဆိုသည်။

အစ္စလာမ်ဘာသာအရ အာလ္လာ အရှင်သည် ပထမနတ်များကို ဖန်ဆင်းတော်မူသည်။ ထို့နောက်လူများကို ဖန်ဆင်းတော်မူသည်။ လူတို့ ကိုဖန်ဆင်းတော်မူပြီးနောက် နတ်များကို အာလ္လာအရှင်က လူ့ပြည်သို့ ခေါ်လာသည်။ လူတို့အားရှိခိုးခိုင်းသည်။ အီဗလစ်အမည်ရှိ နတ်တစ်ပါးက လူများကို ရှိခိုးဖို့ငြင်းဆန်သဖြင့် အာလ္လာ အရှင်၏ အမိန့်ကို မနာခံသောကြောင့် အာလ္လာက စေတန်(ရှိုက်တန်) မာန်နတ်ဖြစ်စေဟု အမိန့် တော်ချမှတ်လိုက်သည်။

ဟိန္ဒူကမူဆွာမိဝိကေနန္ဒက “ဘုရားဆိုသည်မှာ လူတို့၏ဝိညာဉ်အစုအပေါင်းဖြစ်သည်”ဟုဆိုသည်။ ထို့ကြောင့် လူကိုအလေးအ မြတ်ထားခြင်းသည်ပင် ဘုရားရှိခိုးခြင်းမည်ပါသည်။

ဗုဒ္ဓဘာသာကမူ လူ့အဖြစ်သည်ရခဲလှသည်။ နတ်အဖြစ်၊ ဗြဟ္မာ အဖြစ်တို့ထက်မြတ်သည်။ နတ်တို့ ဗြဟ္မာတို့ဖြစ်လျှင် ဘုရားမဖြစ်နိုင်၊ လူဖြစ်မှသာလျှင် ဘုရားဖြစ်နိုင်သည်။
ဤသို့ ဘာသာပေါင်းစုံကိုကြည့်လျှင် လူကိုတန်ဖိုးထားလေး စားရမည်ဆိုသော သဘောတရားမှာ အားလုံးညီညွတ်ကြပါသည်။

အာဏာရှင် ဝါဒသမားများကတော့ မယုံကြည်ကြပါ။ လူထဲတွင် မိမိတစ်ဦးတည်းကသာ ပို၍မြတ်သည်။ မိမိမှတပါးကျန်လူများသည် မိမိ၏ကျေးကျွန်များ ဖြစ်သည်။ မိမိတို့ခိုင်းစေသမျှ လုပ်ရမည်။ မိမိတို့ အမိန့်ဩဇာပေးသမျှကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အားလုံးက နာခံရမည်။ မိမိတို့မကြိုက်မနှစ်သက်လျှင် ထိုသူကို အပြစ်အမျိုးမျိုး ပေး၍ သတ်ဖြတ်ညှဉ်းဆဲနိုင်သည်ဟု သဘောထားကြသည်။
ဤသည်မှာ အာဏာရှင်ဝါဒဖြစ်သည်။ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းတွင် လူကိုဘုရားသခင်က တန်းတူ ဖန်ဆင်းခဲ့သည်။ လူတိုင်းမှာ ပိုင်ရေးပိုင်ခွင့်ရှိသည်။ ထိုပိုင်ရေးပိုင်ခွင့်တွင် အသက်ရှင်နေထိုင် ခွင့်လည်းပါသည်။ အသက်ရှင်နေထိုင်ခွင့်ဆိုသည်မှာ လွတ်လပ်စွာ နေနိုင်ခွင့်နှင့် အကျိုးစီးပွားရှာပိုင်ခွင့်ရှိသည်။ ထို့ကြောင့် လူကို အရမ်းမသတ် ရပါ။

ယနေ့ ကမ္ဘာမှာ သက်ဦးဆံပိုင် ဘုရင်ခေတ်၊ အာဏာရှင်ခေတ်တို့မှာ ခေတ်ဟောင်း၏ အမွေအနှစ်ဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်သို့ တစ်စတစ်စပြောင်းလဲလာရသည်။ တစ်ချိန်ကလည်း လူတို့သည် ဒီမိုကရေစီဟူသော လူအများ၏ သဘောဆန္ဒနှင့်အညီ လူအများ၏ အကျိုးစီးပွားအတွက် စုပေါင်းအုပ်ချုပ်နေထိုင်ခဲ့ကြသည်။ နှစ်ပေါင်း ၂၅၀ဝ က အေသင်နိုင်ငံသည် ဒီမိုကရေစီစနစ်နှင့်နေထိုင်ခဲ့သည်။ အိန္ဒိယမှာလည်း ဘုရားရှင်လက်ထက်က လစ္စဝီမင်းများလက်ထက် ဒီမိုကရေစီနိုင်ငံများ ပေါ်ပေါက်ခဲ့ပါသည်။
လူ့လောကသည် တစ်စတစ်စ တိုးတက်လာသည်ဟု ယုံကြည်လျှင် အာဏာရှင်စနစ်ဟောင်းမှသည် ဒီမိုကရေစီ စနစ်ကောင်းသို့ ပြောင်းလဲလာရမည်မှာ အမှန်ပင်ဖြစ်သည်။

ဒီမိုကရေစီစနစ်သည် အားလုံးကို ကိုယ်စားပြုသည်။ ပြည်သူလူထုက အမှန်တကယ် ရွေးကောက်တင်မြှောက်သူသာ သမ္မတတို့ ဝန်ကြီးချုပ်တို့ လုပ်ရမည်။ ထို သမ္မတ၊ ဝန်ကြီးချုပ်တို့မှာလည်း တစ်သက်လုံးမသေမချင်း ဤရာထူးကို ယူမထားရ၊ ၄ နှစ်တစ်ကြိမ်ရွေးကောက်ရသည်။ အလွန်အကျွံ သမ္မတ သက်တမ်း ၂ ကြိမ်သာနေရမည်။ ထို့ကြောင့် မည်သူမျှ အာဏာရှင်အဖြစ် ခြေကုပ်ယူကာ တစ်သက်လုံးမအုပ်ချုပ်ရပါ။
အာဏာသည် အလွန်ကြောက်စရာ ကောင်းသော အန္တရာယ်ပင် ဖြစ်ပါသည်။ စစ်ဘုရင်နပိုလီယံသည်လည်းကောင်း၊ ကမ္ဘာကြီးတစ်ခု လုံးသူ့လက်အောက်ကျရမည်ဟူသော စစ်အာဏာရှင် ဟစ်တလာသည်လည်းကောင်း၊ ဖက်ဆစ်မူဆိုလိုနီသည်လည်းကောင်း၊ သူတို့ဘဝကို မည်သို့နိဂုံးချုပ်ခဲ့ရသည်ကိုကြည့်လျှင် အာဏာ၏ ကြောက်မက်ဖွယ်ရာ ကိုသိမြင်နိုင်ပါသည်။ အာဏာသည် တစ်ဦးတစ်ယောက်တစ်ဖွဲ့၏ လက် ထဲမှာရှိနေသရွေ့ ထိုအာဏာသည် အာဏာရှင်အတွက်လည်းကောင်း၊ အာဏာရှင်၏ အုပ်ချုပ်ခံပြည်များအတွက်လည်းကောင်း အကြီးအကျယ် အန္တရာယ်ပင် ဖြစ်ပါသည်။

ထိုအန္တရာယ်ကို ဖယ်ရှားရန်မှာ အနာခံမှ အသာစံရသည်ဟူသော အရိုးခံစကားလုံးနှင့်သာ ပြောရမည်ဖြစ်ပါသည်။
ထိုအန္တရာယ်ကို ဖယ်ရှားရန်မှာ အုပ်ချုပ်ခံလူတန်းစားတစ်ရပ်လုံး၏ တာဝန်လည်းဖြစ်သလို အန္တရာယ်ရှိသောအာဏာကို ပိုင်ဆိုင်နေ သူများကလည်း ထိုအန္တရာယ်ကို အမြဲအစဉ် ဖက်ပွေ့မထားရန် အရေးကြီးပါသည်။ ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုသော ပြည်သူ့ဒီမိုကရေစီစနစ်သို့ မပြောင်းလဲမချင်းအာဏာသည် အန္တရာယ်တစ်ရပ်ပင် ဖြစ်နေပါလိမ့်မည်။

တင်တင်ဦး
စောင့်ကြည့်ဂျာနယ် အတွဲ(၈) အမှတ်(၁၈)

အောက်တိုဘာ ၁၁ ရက်နေ့ ချီးမြင့်တဲ့ ၂၀၁၃ ခုနှစ်အတွက် နိုဗယ်လ် ငြိမ်းချမ်းရေးဆုကို နယ်သာလန် နိုင်ငံ ဟေ့ဂ် အခြေစိုက် ဓာတု လက်နက်တွေကို စောင့်ကြည့်နေတဲ့ ဓာတု လက်နက် တားဆီး ကာကွယ် ရေး အဖွဲ့ (OPCW)က ရရှိသွားပါတယ်။ ဓာတုလက်နက် ဖျက်သိမ်းရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်တဲ့ အတွက် အခုလို ချီးမြင့်တာ ဖြစ်တယ်လို့ နိုဗယ်လ်ဆု ရွေးချယ်ရေး ကော်မတီက နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့အခမ်းအနားမှာကြေညာပါတယ်။

(OPCW)အဖွဲ့ကို ၁၉၉၇ ခုနှစ် ဧပြီမှာ တည်ထောင်ခဲ့တာ ဖြစ်ပြီးတော့ အဖွဲ့ဝင်နိုင်ငံ ၁၉ ၀ နိုင်ငံ ပါဝင်ပါတယ် ။ အင်ဂိုလာ ။ မြန်မာ အီဂျစ် ။ အစ္စရေး ။ မြောက်ကိုရီးယား နဲ့ တောင်ဆူဒန်တို့ ကတော့ အဖွဲ့ ဝင် အဖြစ်မပါဝင်ထားပါဘူး။ ရန်ပုံငွေ ယူရို ၇၄ သန်း ရှိပီး ၀န်ထမ်း ၅၀၀ လောက် နဲ့  တာဝန် ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။ နယ်သာလန် နိုင်ငံ သည်ဟိတ်မှာ ဌာချူပ်ရှိပါတယ်။ OPCW ရဲ့ အကြီးအကဲ ညွန်ကြားရေးမှူးချူပ် ကတော့ တူရကီနီုင်ငံသား အာမက် အူဆီမူရှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာကုလသမဂအဖွဲ့ဝင်မဟုတ်ပေမယ့် ဓာတုလက်နက်နဲ့ဆိုင်တဲ့အရေးကိစ္စတွေမှာ မူဝါဒချမှတ်ရာမှာရောလက်တွေ့လုပ်ဆောင်ရာမှာပါကုလသမဂနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

၂၀၁၃ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် လျာထားစာရင်းမှာတော့ အမျိုးသမီးရဲ့ ပညာရေးနဲ့ အမျိုးသမီးအခွင့် အရေးကို ဆောင်ရွက်နေတဲ့ အသက် ၁၆ နှစ်အရွယ် မာလာလာ ယူဆွတ်ဆေး၊ အမေရိကန် အစိုးရရဲ့ လျို့ဝှက်ချက်တွေကို ၀ီကီလိဒ် အင်တာနက်စာမျက်နှာကို ပေးအပ်ခဲ့တယ်လို့ စွဲဆို ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ချဲလ်ဆီးဘရက်လေ မန်းနင်း၊ အကြမ်းမဖက် နိုင်ငံရေး အံတုနည်း ဗျူဟာတွေနဲ့ အာဏာရှင်စနစ်အောက် က ဒီမိုကရေစီရေးအတွက် ကမ္ဘာတ၀ှမ်းမှာ ရုန်းကန် တိုက်ပွဲ ၀င်သူတွေ အပေါ် သြဇာလွှမ်းခဲ့တဲ့ အမေရိကန် လူမျိုးပညာရှင် ဂျင်းရှပ် စသူတို့ ရွေးချယ်ခံထားရတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

DVB TV News

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.