10/13/13

သမတအတွက် ဒါဏ်ရာနှစ်ချက်
၂၀၁၃ခုနှစ်အတွက်ငြိမ်းချမ်းနိုဘယ်လ်ဆု ဟာ မြန်မာသမတကြီးကို ဒါဏ်ရာနှစ်ချက်ရစေတယ်။တချက်က သူ့နှလုံးသားတည့်တည့်ဖြစ်ပြီး နောက်တချက်က ခေါင်းတည့်တည့်ဖြစ်တယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကြီးနဲ့လွဲသွားလို့ နှလုံးသားကို ထိမှန်တဲ့ဒါဏ် သမတကြီးခံနိုင်ရည် ရှိကောင်းရှိမှာပါ။ ဒါပေမဲ့နယ်သာလန်အခြေစိုက် ဓာတုလက်နက် တားမြစ်ပိတ်ပင်ရေးအဖွဲ့( Organisation for theProhibition of Chemical Weapons- OPCW) အဖွဲ့ နိုဘယ်လ်ဆုဆွတ်ခူးသွားတာကတော့ သမတဦးခေါင်းမိုးကြိုးပစ်ခံရတာနဲ့ တူကောင်းတူနိုင်ပါတယ်။ တနည်းပြောရရင် သမတကြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုမရတာထက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရသွားတဲ့ အဖွဲ့နဲ့ မလွဲမသွေ ရင်ဆိုင်ရတော့မဲ့ အခြေအနေကသမတဦးသိန်းစိန်အတွက် ပြဿနာပါ။

ဓာတုလက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်မှု

မြန်မာနိုင်ငံမှာ တိုင်းရင်သားလက်နက်ကိုင်တွေနဲ့အသေအကြေ စစ်ပွဲတွေဖြစ်ပွားပြီး ပြည်တွင်းစစ်အရှိန်ကောင်းနေတဲ့ကာလ ၁၉၉၇ ခုနှစ်မှာ နယ်သာလန်အခြေစိုက် ဓာတုလက်နက်တားမြစ်ပိတ်ပင်ရေးအဖွဲ့ OPCW စတင်ပေါ်ပေါက်လာတာပါ။မကြာသေးခင်က ဆီးရီးယားမှာ အစိုးရရဲ့ ဓာတုလက်နက်အသုံးပြုမှုကြောင့် လူမမယ် ခလေးငယ်တွေအပါအ၀င်အစိုးရဆန့်ကျင်သူ ၅၀၀ကျော်သေဆုံးခဲ့ပြီးနောက် OPCW ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ကျိုးပမ်းအားထုတ်နေမှုအပေါ်နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီကဂုဏ်ပြုထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဓာတုလက်နက် ပျက်သုန်းကင်းစင်ရေးအတွက်ကျယ်ကျယ်ပြန့်ပြန့် အားထုတ်ကျိုးပမ်းမှု အတွက် ချီးမြှင့်ရတာဖြစ်တယ်လို့ နိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေးကော်မတီကသတင်းထုတ်ပြန်ခဲ့ပါတယ်။

OPCW ရဲ့ အထွေထွေညွှန်ကြားရေးမှုး အာခါရ်မက်အူဇူးမ်ရိုး(Ahmet Uzumcu) ကတော့ လွန်ခဲ့တဲ့ ၁၆နှစ်အတွင်း ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးအတွက် ကျနော်တို့အဖွဲ့ရဲ့ကျိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုပေးတဲ့ ဆုပါဘဲလို့ ၀မ်းမြောက်ကြိုဆိုလိုက်တယ်။ ပြီးတော့“တရားဝင်ညွှန်ကြားချက်တွေအရ ဆီးရီးယားမှာဖြန့်ကျက်လှုပ်ရှားနေတဲ့ ကျနော်တို့ဝန်ထမ်းတွေရဲ့သတ္တိပြောင်မြောက်တဲ့ အားထုတ်ကျိုးပမ်းမှုတွေကိုလည်း အသိအမှတ်ပြုပေးလိုက်တာဖြစ်ပါတယ်”လို့ နော်ဝေးအခြေစိုက် NRK သတင်းဌာနကို ပြောဆိုခဲ့တယ်။ သူက အဖွဲ့ရဲ့ ဓာတုလက်နက်ဆိုင်ရာအထူးကျွမ်းကျင်သူ(၂၇)ဦး ဆီးရီးယားက ဓာတုလက်နက်သိုလှောင်ထုတ်လုပ်ရာနေရာတွေကို သွားရောက်လေ့လာခဲ့တယ်လို့ပြောပါတယ်။

ဒီနှစ်အတွက်နိုဘယ်လ်ငြိမ်းချမ်းရေးဆုဟာ ဆီးရီးယားနိုင်ငံအဖို့ လူပေါင်းသန်းနဲ့ချီ လွတ်မြောက်ရာဆီထွက်ပြေးကုန်ပြီး လူတသိန်းကျော်သေဆုံးသွားပြီဖြစ်တဲ့ ၃နှစ်ကြာပြည်တွင်းစစ်ကြီးထဲ အတွင်းကျကျစုံစမ်းအားထုတ်မှုကနေ ရလာတဲ့အကျိုးဆက်ဖြစ်ပါတယ်။

ပြဿနာများတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု


နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီရဲ့အသင်းအဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးဆုချီးမြှင့်ရာမှာ OPCW အဖွဲ့ဟာ အကြိမ် ၂၀ခုမြောက်အသင်းအဖွဲ့အနေနဲ့ ဆုရရှိခဲ့တာပါ။ ဒီအရင် ကုလသမဂလက်အောက်ခံအဖွဲ့များ အပါအ၀င် သဘာ၀၀န်းကျင်နဲ့ကမ္ဘာမြေငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့အစည်း တချို့လည်း အသင်းအဖွဲ့အနေနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကိုရဖူးပါတယ်။ နိုင်ငံတကာကြက်ခြေနီကော်မတီ

(ICRC)အဖွဲ့ဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ( ၁၉၁၇၊ ၁၉၄၄၊ ၁၉၆၃ )နှစ်တွေမှာ ၃ကြိမ်တိတိ ရခဲ့ဘူးပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေးအဖွဲ့ဟာ ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းနဲ့မှနိုင်ငံရေး၊ စီးပွားရေးကိစ္စ လားလားမှ မဆက်စပ်ပဲ သီးခြားလွတ်လပ်တဲ့ နိုင်ငံရေး၊ လူမှုရေးအတွေ့အကြုံကြီးမားတဲ့သီးခြားလွတ်လပ်တဲ့ ဂုဏ်သရေရှိအမျိုးသား၂ဦး အမျိုသမီး ၃ဦးနဲ့ ဖွဲ့စည်းထားတဲ့ ၅ဦးကော်မတီအဖွဲ့ဖြစ်ပါတယ်။လွတ်လပ်တဲ့ ကော်မတီ ဆိုပေမဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရစာရင်း ထုတ်ပြန်တိုင်း အငြင်းပွားမှုတွေရှိခဲ့တယ်။ဥပမာ ၁၉၉၄ ပါလက်စတိုင်း ပြောက်ကျားခေါင်းဆောင် ယာဆာအာရာဖတ် နဲ့အစ္စရေး ၀န်ကြီးချုပ်ယီးဇပ်ခ် ရာဗင်း တို့ကို ပူးတွဲ ဆုချီးမြှင့်မှု၊ ၂၀၀၉ခုနှစ်က အမေရိကန်သမတ အသစ်စက်စက်ဘားရက်ခ် အိုဘားမား ကို ရွေးချယ်မှု ကစလို့ မနှစ်က EU ဥရောပသမဂကို ချီးမြှင့်တဲ့အထိအယူအဆအမျိုးမျိုးနဲ့ ဂယက်ထခဲ့ပါတယ်။

၁၉၉၁ခုနှစ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်စဉ်ကတော့ အဲဒီတုန်းက မြန်မာစစ်အစိုးရနဲ့တရုတ်အစိုးရကလွဲလို့ နိုင်ငံတကာက သြဘာပေးခဲ့ပါတယ်။ အခုတခါ ၂၀၁၃ခုအတွက် ဆုချီးမြှင့်ခံရတဲ့OPCW အဖွဲ့ကိုလည်း ကန့်ကွက်ဝေဖန်တာမျိုး မကြားရပါဘူး။ ဒီဆုဟာ နိုင်ငံတကာ ဓာတုလက်နက်ဖျက်သိမ်းရေးအတွက်အရှိန်မြှင့်တက်စေမှာဖြစ်သလို အမေရိကန်၊ ရုရှားနဲ့ တရုတ်လို နိုင်ငံကြီးတွေရဲ့ ဓာတုလက်နက်ပိုင်ဆိုင်မှုနဲ့ လှို့ဝှက်စမ်းသပ်မှုတွေကိုလည်း စိမ်ခေါ်မယ့်အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်။

မြန်မာ နဲ့ OPCW


ဓာတုလက်နက်တားမြစ်ပိတ်ပင်ရေးအဖွဲ့OPCW ဟာ ဖွဲ့စည်းပြီး ၁၆နှစ်အတွင်း အဖွဲ့ဝင်နိုင်ငံပေါင်း၁၉၀ လောက် ပါဝင်တယ်။ ဓာတုလက်နက်တားဆီးကာကွယ်ရေးကို သဘောတူလက်မှတ်ထိုးတဲ့နိုင်ငံမှန်သမျှအလိုအလျှောက်အဖွဲ့ဖြစ်တယ်။ အာဖရိကတိုက်က ဆိုမာလီ နိုင်ငံဟာ နောက်ဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ကမ္ဘာ့ လူဦးရေ ၉၈ ရာခိုင်နှုံးက ဓာတုလက်နက်ကို ခါးခါးသီးသီးက ဆန့်ကျင်နေကြပေမဲ့ အဲဒီထဲမှာမြန်မာနိုင်ငံတော့ မပါသေးတာကို စိတ်မကောင်းစရာတွေ့ရတယ်။ မြန်မာနဲ့ အစ္စရေးနိုင်ငံဟာနောက်ပိုင်းမှာ လက်မှတ်ထိုးပေမဲ့ အဖွဲ့ရဲ့ စည်းကမ်းတွေ လိုက်နာအကောင်အထည်ဖော်ဖို့တော့ပျက်ကွက်နေတုန်းပါ။ အင်ဂိုလာ၊ အီဂျစ်၊ မြောက်ကိုရီးယား၊ တောင်ဆူဒန်နိုင်ငံတို့ဟာ ဓာတုလက်နက်အသုံးမပြုရေးစာချုပ်ကိုလုံးဝ လက်မှတ်မထိုးပါဘူး။ OPCW အဖွဲ့ဟာ ကမ္ဘာသိ ကြေငြာခံထားရတဲ့ ဓာတုလက်နက်ကုန်ပစ္စည်း၇၁၁၉၆ မက်ထရစ်တန်ချိန် တွေထဲက တန်ချိန် ၅၈၁၇၂ ဒါမှမဟုတ် ၈၁. ၇၁ ရာခိုင်နှုံး ကို ဖျက်ဆီးနိုင်ခဲ့တယ်။

၁၉၉၇ အဖွဲ့စတင်လှုပ်ရှားစဉ်ကစပြီး ဓာတုလက်နက်ပိုင်ဆိုင်မှုမှာနာမည်ဆိုးထွက်နေတဲ့ နိုင်ငံပေါင်း ၈၆ နိုင်ငံရဲ့ ဓာတုလက်နက်ထုတ်လုပ်ရေးနေရာဌာန ၁၉၀၀ ကျော်နဲ့ ဓာတုလက်နက် ဆက်စပ်တည်ရှိတဲ့နေရာပေါင်း၂၂၈ နေရာမှ စုံစမ်းစစ်ဆေးမှုပေါင်း ၅၃၀၀လောက် ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ OPCW က သတင်းထုတ်ပြန်ခဲ့တယ်။ကမ္ဘာတ၀ှမ်းက လက်နက်ထုတ်လုပ်ရာဌာန ၅၀၀၀ နီးပါးမှာ တရားဝင်စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီးဖြစ်တယ်။

ယခ္ခုပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်ပြီးဓာတုလက်နက်နဲ့ ညူကလီးယားလက်ဝယ်ကိုင်ဆောင်ထားတဲ့ မြောက်ကိုးရီးယားမှာ စစ်ဘက်ဆိုင်ရာအကူအညီရယူဖို့ တရုတ်ကြားခံ အကူအညီနဲ့ ဆောင်ရွက်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကပဲအမေရိကန်ပြည်ထောင်စုက မြန်မာ နယ်စပ်ရေးရာ စစ်ဝန်ကြီး ဗိုလ်ချုပ်ကြီး သိန်းဌေး ကို မြောက်ကိုးရီးယားနဲ့ဆက်နွယ်မှုနဲ့နာမည်ပျက်စာရင်းထဲထည့်ထားပါတယ်။

စစ်တပ်နဲ့ ဓာတုလက်နက်

OPCWအဖွဲ့အပေါ်ခင်ကတည်းက ကရင်ပြည်နယ်တွင်းစစ်ပွဲတွေမှာ ဓာတုလက်နက်သုံးစွဲခဲံတဲ့သာဓကတွေရှိခဲ့တယ်။၁၉၉၄ ကရင်ပြည်နယ် မာနယ်ပလော တိုက်ပွဲနဲ့ ၀မ်ခ တိုက်ပွဲ အတွင်းမှာ တပ်မတော်က ဓာတုလက်နက်တွေ အသုံးပြုတဲ့ သတင်း ထွက်ပေါ်ခဲ့ဖူးတယ်။ ထိုစဉ်က ဘီဘီစီ အင်တာဗျူးတခုမှာ KNU ပြောခွင့်ရသူတယောက်က မြန်မာ့တပ်မတော်ဟာ အမျိုးအမည်မသိရတဲ့ လက်နက်ဆန်းတချို့ကိုအသုံးပြုတယ်လို့ ယူဆရတဲ့အကြောင်း၊ မိမိတို့ KNU တပ်သားတချို့ တဖက်တပ်က ပစ်ဖောက်တဲ့ဓာတ်ငွေ့တချို့ရှုရှိုက်မိပြီး နှာခေါင်းနဲ့ နားတွေက သွေးတွေစီးထွက်လာတဲ့အကြောင်း သတင်းထုတ်လွှင့်ဖူးပါတယ်။ဝမ်ခတိုက်ပွဲမှာ ပါဝင်ခဲ့သူ လောလောဆယ် နယ်သာလန်နိုင်ငံမှာ နေထိုင်နေတဲ့ ကိုမောင်မောင်မော်ကလည်း“ ကျနော်ကိုယ်တိုင် ဓာတုလက်နက်လို့ထင်ရတဲ့ ဓာတ်ငွေ့စူးစူးရှရှအနံ့ကို ဘယ်လိုမှ သီးမခံနိုင်လို့တဖွဲ့လုံးနဲ့အတူ တပ်ဆုတ်ခဲ့ရတယ်။ အင်မတန်ဆိုးဝါးပြီး အသက်ရှုကြပ်တယ်” လို့ ပြောပါတယ်။

လောလောဆယ် ဆွီဒင်နိုင်ငံမှာနေထိုင်နေတဲ့ KNU အရာရှိဟောင်းတယောက်ကလည်း သူတပ်က ရဲဘော်တချို့တပ်မတော်ကပစ်ခတ်တဲ့ ဓာတုလက်နက်လို့ ယူဆရတဲ့ အမျိုးအမည်မသိ လက်နက်ဒါဏ်ကြောင့်ခန္ဒာကိုယ်အရေပြားတွေလောင်ကြွမ်းခဲ့သလို၊ နားနဲ့ နှာခေါင်းထဲက သွေးတွေယိုစီးပြီး သေဆုံးမှုတွေ၊ တချို့ လက်နက်ဆန်းဒါဏ်ကြောင့်နာတာရှည်ဝေဒနာတွေခံစားနေရတဲ့အကြောင်းလည်း သိရပါတယ်။ ဓာတုလက်နက်ဟာ အသက်ရှုလမ်းကြောင်းတလျှောက်ထိခိုက်နာကျင်စေသလိုကုသဖို့မလွယ်ကူတဲံ နာတာရှည်ရောဂါဝေဒနာကို ခံစားကြရတာဖြစ်တယ်။ တကယ်တမ်းဆို စစ်ပွဲတွေရဲ့နှစ်ဘက် ရင်ဆိုင်တိုက်ပွဲတွေမှာ မျက်ရည်ယိုဗုံးတောင် သုံးခွင့်မရှိဘူးလို့ ဂျနီဗာ ကွန်ဗင်းရှင်းမှာပြဌာန်းထားပါတယ်..

မြန်မာ့ ဓာတုလက်နက်ထုတ်လုပ်မှု

လောလောဆယ် နော်ဝေးနိုင်ငံမှာနေထိုင်နေပြီး လွန်ခဲ့တဲ့၃နှစ်လောက်က မြန်မာနိုင်ငံက လှို့ဝှက်ထွက်လာပြီး မြန်မာစစ်အစိုးရရဲ့ ညူကလီးယားလက်နက်ပိုင်ဆိုင်ဖိုဲ့လှို့ဝှက်ကြံစည်မှုတွေကို နိုင်ငံတကာသိအောင် ဖွင့်ချခဲ့တဲ့ မကွေးတိုင်း အမှတ် ၂ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံ ဌာနစုမှုး ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းကတော့တပ်မတော်က ဓာတုလက်နက်ပိုင်ဆိုင်တယ်မပိုင်ဆိုင်ဘူး တိကျတဲ့ အထောက်အထားမပြနိုင်ပေမဲ့ဓာတုလက်နက် ထုတ်လုပ်သုံးစွဲခဲ့တာကတော့ သေချာတယ်လို့ ပြောပါတယ်။

ယခင် အမှတ် ၅ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ(ကပစ)မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှးုကြီးဥာဏ်ထွန်း တပ်မတော်နည်းပညာတက္ကသိုလ် ကထိက ဘ၀မှာသူတို့ ဗိုလ်လောင်းတွေကို စစ်လက်နက်ဆိုင်ရာပညာပို့ချနေရင်း ကရင်ပြည်နယ်စစ်ပွဲတွေမှာဓာတုလက်နက်တွေ ထုတ်လုပ်သုံးစွဲခဲ့ကြောင်း ဖွင့်ပြောခဲ့ဖူးတယ်လို့ ရှင်းပြပါတယ်။

“၁၉၉၆ခုနှစ် ကျနော်တို့တတိယနှစ်ဗိုလ်လောင်း ကျောင်းသားဘ၀ သင်တန်းပိုချတုန်းက ကေအင်ယူဝမ်ခစခန်းကိုတပ်မတော်စစ်ကြောင်းထိုး တိုက်ခဲ့တုန်းက တပ်မတော်ဘက်က အကျအဆုံးများပြီး၊ သမရိုးကျနည်းနဲ့တိုက်လို့ မနိုင်တာကြောင့် တမျိုးကြံကြရအောင်ဆိုပြီး၊စက်ရုံကနေ ဓာတုလက်နက်တွေထုတ်သုံးကြတာတဲ့၊ပြီးတော့ ရိုးရိုး High Explosive Shell( ပြင်းထန်စွာပေါက်ကွဲစေတတ်တဲ့ အမြှောက်ကျီ)တွေကြားထဲမှာ Chemical ဓာတုလက်နက်တွေ ရောသုံးကြတယ်။

လက်နက်တွေကို ကပစ(၅) ကပဲထုတ်ပေးတယ်လို့ဗိုလ်မှုးကြီးဥာဏ်ထွန်းကိုယ်တိုင် ကျောင်းသင်ခန်းစာနဲ့ ဆက်စပ်ပြီး ပြောခဲ့ဖူးပါတယ်၊ ဒါပေမဲ့ နောက်ပိုင်း ကျနော်တို့ အဲဒီ အမှတ်(၅)စက်ရုံကို သွားလေ့လာရတဲ့အခါ ကလိုရင်း စက်ရုံဖောင်ဒေးရှင်းကြီးပဲ ကျန်တော့တယ်။ သူတို့လုပ်ချင်တဲ့ ဓာတုလက်နက်တွေထုတ်ပြီး ပြန်ဖျက်လိုက်တာပါ၊ဘာလို့လဲဆိုတော့ ဂျနီဗာသဘောတူညီချက်နဲ့ ငြိနေတာကိုး၊ တရားဝင်သုံးလို့မရဘူး” လို့ ဗိုလ်မှုးဟောင်းစိုင်းသိန်းဝင်းကပြောပါတယ်။


ဆင်တဲ ကပစ(၃)အနားမှာ

၁၉၉၉-၂၀၀၀ လောက်က တရုတ်အကူအညီနဲ့ ဓာတုလက်နက်ထုတ်လုပ်ရေး စက်ရုံတခု ဆောက်လုပ်ခဲ့တယ်လို့ သတင်းတွေပေါ်ထွက်ခဲ့ဖူးတယ်။မကွေးတိုင်းအတွင်းမှာလည်း မြောက်ကိုးရီးယားအကူအညီနဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံတည်ထောင်ခဲံ့တဲ့သတင်းတွေကြားရပါတယ်။

မြန်မာနိုင်ငံအမှတ်(၃) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံဟာ လက်နက်ခဲယမ်းမီးကျောက်တွေ အဓိကထား ထုတ်လုပ်တာဆိုပေမဲ့လေယာဉ်ဗုံးတွေလည်း ပါဝင်ကြောင်းသိရတယ်။ အဲဒီဗုံးတွေမှာ Thicknel လို့ခေါ်တဲ့ စေးပျစ်ပျစ်နဲ့မီးလောင်လွယ်တဲ့ ဘန်ဇင်း လိုဓာတုပစ္စည်းကိုအခြေခံထုတ်ကြတာဖြစ်တယ်။ မနှစ်က ကချင်ပြည်နယ်မှာအဲဒီဗုံးတွေ သုံးခဲ့တယ်လို့ သတင်းတွေပေါ်ထွက်ခဲ့တယ်။ကချင်သူပုန်တွေ အဆိပ်လက်နက်ဒါဏ်ထိခဲ့ကြောင်း၊စိုက်ခင်းတွေ ပျက်ဆီးသလို သဘာဝမိုးနဲ့မတူတဲ့ မိုးစက်တွေကျခဲ့တဲ့အကြောင်း သတင်းတွေပေါ်ခဲ့ဖူးပါတယ်။လူကို ထိရင် မီးလောင်ပြီး တကိုယ်လုံးမဲတူးသွားတာမျိုးပါ။ လောင်ကြွမ်းမှုပိုပြီးမြှင့်ချင်ရင်သတ္တုအမှုံတွေသုံးတတ်တယ်လို့လည်း ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းကရှင်းပြခဲ့တယ်။ လက်ပန်တောင်းသပိတ်ဖြိုခွဲတုန်းကတော့ ဖော့စ်ဖရပ်စ်မီးစုန်းဓာတ်ပါတဲ့ မီးလောင်ဗုံးအမျိုးအစားတွေအသုံးပြုခဲ့တာပါ။ အဲဒါ ဓာတုလက်နက် အမျိုးအစားမှာပါဝင်တယ်။( ဒေါ်အောင်ဆန်းစုကြည်က စစ်လက်နက်တွေအကြောင်း မလေ့လာထားပဲ၊ အစိုးရ တာဝန်ရှိသူတွေလိမ်လည်ရှင်းပြသလို သံယောင်လိုက်ပြီးမျက်ရည်ယိုဗုံးပါလို့မှားယွင်းပြောဆိုခဲ့တာဖြစ်တယ်)

မြန်မာပြည်မှာဓာတုလက်နက်ထုတ်ဖို့ အန္တရာယ်များတယ်ဆိုပေမဲ့ လွယ်ကူပါတယ်လို့လည်း ဗိုလ်မှုးစိုင်းသိန်းဝင်းကပြောပြတယ၊် “ ဒီလိုဗုံးမျိုးတွေက ပထမကမ္ဘာစစ်ကတည်းက အသုံးပြုနေတာဆိုတော့ထုတ်လုပ်ဖို့လွယ်ကူပါတယ်၊ ကလိုရင်းကနေ ထုတ်ခဲ့တဲ့သာဓကတွေလည်းရှိတယ်၊ ကချင်မှာလည်း သုံးစွဲခဲ့တဲ့ သတင်းတွေလည်းထွက်နေတာပဲ၊ဓာတုလက်နက်ကို ရိုးရိုး လက်နက်တွေနဲ့ တွဲသုံးတာတိုက်ပွဲမှာ ထိရောက်တယ်။ ဥပမာဘန်ကာထဲမျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးတွေထည့်ပစ်တော့ တဖက်ရန်သူက မခံနိုင်လို့ အပြင်ထွက်လာတဲ့အခါမျိုးမှာပိုင်ပိုင်နိုင်နိုင် ပစ်သတ်တာမျိုးပါ”

မြန်မာ အစိုးရ OPCW နဲ့ ပူးပေါင်းမလား

ဒီမေးခွန်းဟာသမတဦးသိန်းစိန် ကို ခေါင်းစားစေပါတယ်။ OPCW နိုဘယ်လ်ငြိမ်းချမ်းရေးဆုရလိုက်တာ မြန်မာအစိုးရအတွက်နှစ်အတန်ကြာလှို့ဝှက်ပြီး မရှင်မရှင်းလုပ်ခဲ့တာတွေကို အထုတ်ဖြေပြရမလိုဖြစ်နေပါတယ်။OPCW အဖွဲ့ဟာ အခုနှစ် ဖေဖ၀ါရီကပဲ နေပြည်တော်ကိုသွားရောက်ပြီး ဓာတုလက်နက် အသုံးမပြုရေးကိုလက်တွေ့အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့ပါတယ်။ မြန်မာဘက်က တိကျတဲ့ အဖြေမပေးခဲ့ပါဘူး။ဘာကြောင့် ဓာတုလက်နက်ဖျက်သိမ်းရေးကို မလုပ်ရဲတာလည်းဆိုတာ စဉ်းစားစရာတွေပါ။

ဓာတုလက်နက်မစွန့်လွှတ်ချင်သေးတဲံ့ သဘောလား၊ ပြည်တွင်းစစ် အဆုံးသပ်ဖို့ မရေရာသေးတဲ့သဘောလား၊ ဒီကနေ့လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် အာမ မခံနိုင်လို့လား၊ ပြည်တွင်းစစ်မီးဆက်တောက်နေအုံးမဲ့ လက္ခဏာလား ဆိုတာ မကွဲပြားပါဘူး။

တကယ်လို့OPCW နဲ့ အပြည့်အ၀ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မိမိတို့ရဲ့ လက်နက်စက်ရုံတွေ အစစ်ဆေးခံရမှာဖြစ်ပါတယ်။ လူသိထင်ရှားဖြစ်မှာစိုးရိမ်ဟန်တူပါတယ်။

ငြိမ်းချမ်းရေးလိုချင်ရင် ဓာတုလက်နက်ဖျက်သိမ်းပါ

သမတဦးသိန်းစိန်အစိုးရအနေနဲ့ရွေးစရာလမ်းတခုထဲရှိပါတယ်။ ငြိမ်းချမ်းရေးအတွက် ပုန်းလျှိုးကွယ်လျှိုး တည်ဆောက်ထားတဲ့ဓာတုလက်နက်တွေ ဖျက်သိမ်းရပါမယ်။ OPCW အနေနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြီမို့မိမိရည်မှန်းချက်ကို အရှိန်မြှင့်လုပ်ဆောင်မှာဖြစ်ပါတယ်။ အမေရိကန်သမတ အိုဘားမားနဲ့အိမ်ဖြူတော်ပြောခွင့်ရပုဂိုလ် ကလည်း OPCW ရဲ့ တန်ဘိုးမြင့်လာမှုကို ၀မ်းမြောက်ကြိုဆိုခဲ့ပါတယ်။

ဒီဆုဟာOPCW ရဲ့ ဆီးရီးယားအပါအ၀င် နိုင်ငံတကာရဲ့ဓာတုလက်နက်ဆိုးတွေ ဖျက်သိမ်းရေး နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ကမ္ဘာ့ပြည်သူတွေကို တပ်လှန့်ပေးလိုက်တာလည်းဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့လက်တွဲပြီး ပွင့်လင်းမြင်သာတဲ့ ဖွံ့ဖြိုးရေးကဏ္ဍသစ်တရပ်ကို ဖော်ထုတ်ပြသဖို့ အချိန်ကျနေပါပြီ။သမတဦးသိန်းစိန် အနေနဲ့ မိမိကို လာမှန်တဲ့ ငြိမ်းချမ်းရေး နိုဘယ်လ် မျှားချက်ကို သတ္တိရှိရှိရင်ကော့ခံရုံကလွဲလို့ တခြားလမ်းမရှိတော့ပါ..။

ကိုညို( အော်စလို)

၁၃အောက်တိုဘာ၂၀၁၃။

ရန်ကုန်မြို့တော်ရဲ့ အလယ်ဗဟို အသဲနှလုံးနေရာမှာ အထပ်မြင့်အဆောက်အအုံနှစ်လုံး ဆောက်ဖို့ ပြင်နေတာတွေ့တော့ ဘယ်သူတွေကများ ခွင့်ပြုပါလိမ့်လို့ တွေးမိတယ်။ ရန်ကုန်မြို့ကြီး ဒီလောက်ကျယ်တာ ဘယ်နေရာ ဆောက်ဆောက်၊ ဆောက်စရာတွေ ပြည့်လို့။ ဒီမြို့လယ်နေရာမှာမှ လာပြီး နေရာဦးရတယ်လို့။ မြို့လယ်ဧရိယာဆိုတာ တန်ဖိုးထား ထိန်းသိမ်းစရာ ကိုလိုနီခေတ်လက်ရာ ရှေးဟောင်း အဆောက်အဦတွေ အများဆုံးရှိတဲ့ နေရာ။ ဒီနေရာမှာ အရင် ဘာမှ မသိနားမလည်တဲ့သူတွေ လုပ်ခဲ့လို့ အလှပျက်ခဲ့ပြီးပြီ။

မြို့အလှဆိုတာ ခေတ်မီ အထပ်မြင့်အဆောက်အအုံကို ပြောတာမဟုတ်ဘူး။ လက်ရာအသစ်တွေနဲ့ ပြင်ဆင်ချယ်သထားတဲ့ ဘုန်းကြီးပျံ လောင်တိုက်လို အဆောက်အအုံတွေကို ပြောတာမဟုတ်ဘူး။ နေရာတကာ ကလက်တက်တက် အိနြေ္ဒမရ၊ ဒစ်စကိုရွှေရောင် တစ်ပြောင်ပြောင်ဖြစ်နေတာကို ပြောတာမဟုတ်ဘူး။ စံချိန်စံညွှန်းမမီတဲ့ ခိုအိမ်သာသာ အထပ်မြင့်အဆောက်အအုံတွေကို ပြောတာမဟုတ်ဘူး။ ပေမမှီဒေါက်မမှီ လူပုလေးတွေနေတဲ့ တိုင်းပြည်လို ဆောက်ထားတဲ့ ဈေး၊ ကားရပ်နားကွင်း၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ပွဲရုံတန်း၊ ရှော့ပင်းစင်တာတွေကို ပြောတာမဟုတ်ဖူး။ တစ်ခုခုဖြစ်ရင် နှိမ်နင်း နှိပ်ကွပ်လို့ လွယ်အောင်၊ ပြည်သူလူထုနဲ့ အလွယ်တကူ ပူးပေါင်းလို့မရအောင် လူမနီး၊ သူမနီး တောကြီးမျက်မည်း၊ မြစ်ကူး၊ ချောင်းခြားမှာ စစ်ရေးအမြင်နဲ့ သူ့လူတွေပဲ ကန်ထရိုက်ပေး ဆောက်ထားတဲ့ တက္ကသိုလ်၊ ကောလိပ်တွေကို ပြောတာမဟုတ်ဘူး။ အပေါစား တရုတ်ဆေးတွေသုတ်ထားတဲ့ ပလက်ဖောင်း အပေါက်အပြဲနဲ့ လမ်းကို အုတ်တံတိုင်းကာနေတာတွေကို ပြောတာမဟုတ်ဘူး။ သူ့ဖာသာအတိုင်း နှစ်၅၀ကျော်လောက် တည်မြဲလာခဲ့တဲ့ ဦးဝိစာရလမ်းလယ်က နိုင်ငံတကာအဆင့်မီ ပလက်ဖောင်းတွေ ဖြို၊ မြက်တွေကော်ပစ်ပြီး အုတ်တံတိုင်းလို အမြင့်ကြီးကာ၊ သဲနဲ့ ဖွဲ ပြန်ဖို့၊ မြက်တစ်ပင်ချင်းပြန်စိုက်တာကို ပြောတာမဟုတ်ဘူး။ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)ရဲ့ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းစရင် စားပေါက်ပိတ်မယ့်အရေးတွေးပြီး ရတဲ့နေရာ ပရောဂျက်တင်၊ ပန်းရံဆရာနဲ့ လက်သမားနဲ့ပေါင်း၊ လူမြင်ကောင်းတဲ့နေရာတွေမှာ ဒရောသောပါး လမ်းခင်းပြ၊ ပလက်ဖောင်းလုပ်၊ ဟိုပန်းခြံ၊ ဒီပန်းခြံလေး ဆေးခွာ၊ ထုံးသုတ်၊ နိုင်ငံတကာ မြူနီစပယ်လို ညဥ့်နက်ပိုင်း လူသွားလူလာ မရှိတဲ့အချိန် အလုပ်မလုပ်ပဲ လူသွားလူလာများချိန် လမ်းလယ်ခေါင် အလုပ်ရှုပ်ချင်ယောင်ဆောင်ပြ၊ ခေတ်အဆက်ဆက်က သတ်မှတ်ခဲ့တဲ့ အများပြည်သူအတွက် အပန်းဖြေနားနေဖို့ ပန်းခြံနေရာကို ကိုယ်ကျိုးရှာပြီး ရောင်စား၊ ဖုတ်ပူမီးတိုက် ဂရံထုတ်ပေးပြီး နှစ်ပေါင်းများစွာ ပိုင်ဆိုင်လာတဲ့ ဘိုးဘွားမြေနေရာတွေကို မောင်ပိုင်စီး၊ စီးပွားရှာတာကို ပြောတာမဟုတ်ဘူး။ အဲဒါ အလှတရားမဟုတ်ဖူး။ အလှတရားတွေကို ဖျက်ဆီးနေတာ။ ကိုယ့်ကိုယ်ကိုယ် ခေတ်မီတယ်လို့ထင်နေတဲ့ တောင်မရောက် မြောက်မရောက် မြှောက်ကားကား တောသူကြီးသားလိုပဲ။ အင်တာနေရှင်နယ် တောသားလို ပြုမူနေတာ။သမိုင်းအမွေအနှစ်တွေကို ဘယ်လောက် တန်ဖိုးထား ထိန်းသိမ်းနိုင်သလဲဆိုတာကမှ အလှတရား။ အဲဒါ မှ ခေတ်မီတာ။

ဗိုလ်ချုပ်တို့ အလုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံးဟောင်းဆိုရင် နေပြည်တော်က ဘာအဓိပ္ပါယ်မှမရှိတဲ့ လမ်း၂၀သွား လမ်းလောက်တောင် အကုန်အကျခံပြီး ထိန်းသိမ်းခဲ့တာမဟုတ်ဘူး။ ကျနော်ဒီလို နှိုင်းပြီး မပြောချင်ဘူး။ မပြောချင်ပေမဲ့လည်း ဒီလိုနှိုင်းပြောမှ ထိရောက်မှာ။ ဒါဆို အာဇာနည်ဗိမ္မာန်ကိစ္စ၊ တခြား ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အမှတ်တရကိစ္စတွေ အားလုံးပါလာတော့မယ်။ နိုင်ငံခြားသားတွေကို တဟိုဟိုလာနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးတောင် သွားကြည့်အုံး။ ဘယ်လောက် ပစ်စလက်ခတ် ထားသလဲဆိုတာ။ အင်းစိန်၊ အောင်ဆန်းမှာရှိတဲ့ ဗိုလ်ချုပ်ထိုင်လျက် ကြေးရုပ်ကို သွားကြည့်အုံး။ ဘယ်လောက်ကြာအောင် ပစ်ထားလဲဆိုတာ။ လမ်းချင်းတူရင်တောင် ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ တခြားလမ်း ယှဉ်ကြည့်အုံး။ ဘယ်လမ်းကိုပဲ အရင်ဦးစားပေးပြင်လဲဆိုတာ။ ပြောရရင်ဆုံးမှာ မဟုတ်ဖူး။

ဘယ်တိုင်းပြည်ကနေ ဘာသာရေးအရေခြုံ အထောက်အပံ့ယူနေမှန်းမသိ၊ ဘယ်ပြည်ကြီးက လူယုံ၊ ဒလန်မှန်းမသိ လူတွေလက်ထဲကို ရန်ကုန်မြို့ကြီး ထိုးအပ်တော့မှာလားလို့ပဲ စိတ်မရှည် လက်မရှည် ကလေးလိုပြောချင်တော့တယ်။
ပြောတာတွေမှာ ခံစားချက်တွေ ပါသွားပြီ။ မတတ်နိုင်ဘူး။ ကျနော်လည်း သာမန်လူတစ်ယောက်မို့ တစ်ခါတစ်ခါ ထိန်းမနေနိုင်ဘူး။ စိတ်ထဲရှိတာ ဖွင့်မိတယ်။

အဲဒီအတွေးနဲ့ ဒီနေ့ထုတ် The Voice Weekly အတွက် ခေါင်းကြီး ရေးဖြစ်တယ်။ ဒီခေါင်းကြီးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကရေးနေတဲ့အချိန် ကျနော့် အစာအိမ်အနာ နည်းနည်းပြန်ထလို့ ဘိုက်မကောင်းတဲ့ကြားထဲက ရေးလိုက်တော့ ဝေဒနာသံ နည်းနည်း ပါကောင်းပါမယ်။ စိတ်ပျက်လက်ပျက်လေသံ၊ အပြစ်တင်တဲ့ လေသံပါသွားရင် ခွင့်လွှတ်သည်းခံပြီး ဖတ်ပေးကြပါ။ ဝေဖန်ဖို့ နဲ့ ဆင်ခြင်သတိပြုမိဖို့ပါ။

တန်ဖိုးနားလည်မှသာ တန်ဖိုးရှိသည်

မြန်မာနိုင်ငံတွင် အကြီးဆုံး၊ အချက်အချာအကျဆုံး၊ လူဦးရေအများဆုံးနှင့် ကိုလိုနီခေတ် သမိုင်းဝင် အဆောက်အအုံများ တစုတစည်းတည်း အများဆုံးရှိ နေသည့် ရန်ကုန်မြို့တော်သည် အတိတ်အချိန်က အရှေ့တောင်အာရှတွင် ခေတ်အမီဆုံးနှင့် အသန့်အရှင်းဆုံး မြို့တော်ဖြစ်ခဲ့သည်။

ပြင်သစ်နိုင်ငံ ပါရီမြို့တော် သည်လည်း ဥရောပတိုက်တွင် အနုပညာဗိသုကာ လက်ရာအမြောက်ဆုံး၊ အလှဆုံး၊ အခံ့ညားဆုံး သမိုင်းဝင်အဆောက်အအုံများ တည်ရှိသော မြို့တော်တစ်ခုဖြစ်သည်။ ပြင်သစ်အစိုးရသည် ထိုအချက်ကို ကောင်းစွာ နားလည်သောကြောင့် ယင်းအဆောက်အအုံများ တည်ရှိနေသည့် မြို့တော်ဧရိယာအတွင်း ထိုအဆောက်အအုံများထက် မြင့်မားသော မည်သည့် အထပ်မြင့် အဆောက်အအုံကိုမျှ အသစ်ဆောက်လုပ်ခွင့် မပြုပေ။

ခေတ်မီ အထပ်မြင့်အဆောက်အအုံများ ယင်းဧရိယာအတွင်း ဆောက်လုပ် ခွင့်ပြုလိုက်ပါက ရှေးဟောင်း အနုပညာလက်ရာမွန် များဖြင့် ခံ့ညားလှပသည့် မြို့တော်၏ ဂုဏ်အင်္ဂါကို ဖျက်ဆီးသကဲ့သို့ ဖြစ်သွားနိုင်ပေသည်။ ပြင်သစ်နိုင်ငံသို့ လာရောက်ကြသည့် ကမ္ဘာလှည့် ခရီးသွားများကလည်း ပါရီမြို့တော်၏ နာမည် ကျော်ကြားလှသော ယင်းအဆောက်အအုံများ၏ အနုပညာနှင့် ဗိသုကာပညာ များကို တခုတ်တရ ခံစားလေ့လာလိုကြသည်။

ခေတ်မီအဆောက်အအုံ ဆိုသည်မှာ အချိန်မရွေး တည်ဆောက်နိုင်ပြီး ကမ္ဘာအရပ်ရပ် မည်သည့်နေရာတွင် မဆို တွေ့နိုင်သည်။ သို့သော် ရှေးဟောင်း လက်ရာများ၊ ရှေးဟောင်းအနုပညာ များနှင့် ဗိသုကာလက်ရာ များသည်ကား တန်ဖိုးဖြတ်၍မရသော အမွေအနှစ်များ ဖြစ်သည်။ ထိုအမွေအနှစ်များသည် တန်ဖိုးထားတတ်သူများ ရှိမှသာ ရေရှည် တည်တံ့ခိုင်မြဲတတ် သည့်အပြင် တလေးတစား ထိန်းသိမ်းစောင့်ရှောက် တတ်မှသာ တန်ဖိုးတက်သည်ထက် တက်တတ်သည်။

မြန်မာနိုင်ငံတွင် ရှေးဟောင်းယဉ်ကျေးမှုနှင့် အနုပညာလက်ရာများ၊ ဗိသုကာလက်ရာများကို တန်ဖိုးမထားတတ် သောကြောင့် ကုန်ခဲ့သည့် အနှစ် နှစ်ဆယ်ခန့်အတွင်း အဖိုးတန် ရှေးဟောင်းလက်ရာတို့ များစွာ ပျက်စီးဆုံးရှုံးခဲ့ ရပြီးဖြစ်သည်။ ပုဂံရှိ စေတီဘုရားများကို ပန်းရန်ဆရာဖြင့် ပြင်ဆင်ခြင်း၊ မြန်မာနိုင်ငံ အရပ်ရပ်ရှိ ရှေးဟောင်းစေတီများ အတွင်းရှိ ရှေးခေတ်လက်ရာ နံရံဆေးရေးပန်းချီ များကို ထုံးသုတ်ခြင်း၊ လေဝင်လေထွက် ကောင်းမွန်စေရန်၊ ရွှေတိဂုံစေတီတော်ရှိ သဘာဝအလင်းရောင် လုံလုံလောက်လောက် ရရှိစေရန် စနစ်တကျ တွက်ချက် တည်ဆောက်ခဲ့သော ရှေးမြန်မာ ဗိသုကာလက်ရာ တောင်ဘက်မုခ်နှင့် စောင်းတန်းကို ဖျက်ဆီးကာ မျက်မှောက်ခေတ် လက်ရာများဖြင့် အသစ်ပြင် ဆောက်လိုက်ခြင်းကြောင့် သဘာဝအလင်းရောင် မရရှိတော့ဘဲ လေဝင်လေထွက်ပါ ပိတ်သွားခဲ့ခြင်း၊ ကိုလိုနီခေတ်က များစွာ နာမည်ကျော်ကြားလှ သည့်အပြင် ဗိုလ်ချုပ်နှင့်တကွ ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်များ၏ ရုပ်ကလာပ်များကို အများပြည်သူ လာရောက် ဂါရဝပြုရန် ထားရှိခဲ့သော ဂျူဗလီဟောကဲ့သို့ သမိုင်းဝင် အဆောက်အအုံ ကြီးကို ဖြိုဖျက်ကာ မည်သည့်နေရာ၊ မည်သည့်အချိန်မဆို တည်ဆောက်၍ရသော စစ်သမိုင်းပြတိုက် ဖြင့် အစားထိုးခြင်း၊ မန္တလေးမြို့တော်ရှိ ပြင်သစ်ဗိသုကာ လက်ရာ နာမည်ကျော် ဈေးချိုတော် တိုက်တန်းများကို အားလုံးဖျက်သိမ်းကာ ခေတ်မမီသည့် အထပ်မြင့် ဈေးဆိုင်တန်းများ ဖြစ်သွားခြင်း၊ ရန်ကုန်မြို့လယ်ရှိ သမိုင်းဝင် ဆူးလေစေတီတော်နှင့် မြို့တော်၏ အသည်းနှလုံး မြို့တော်ခန်းမ ပတ်ဝန်းကျင် ဧရိယာတွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ် ခွင့်ပြုခဲ့ခြင်း စသည်တို့သည် အဖိုးတန် ရှေးဟောင်းအမွေအနှစ် များ၏ တန်ဖိုးကို နားမလည်သည့် သဘောဖြစ်သည်။
ပညာရှင်များက မေတ္တာရပ်ခံ တားမြစ်နေသည့်ကြားက အထက်ပါ အခြေအနေများ ဖြစ်ပေါ်ခဲ့ရာ များစွာ သင်ခန်းစာယူစရာ ကောင်းလှသည်။

သို့သော် ယင်းတို့ကို သင်ခန်းစာ မယူသည့်အပြင် ရန်ကုန်မြို့လယ်ဧရိယာ ဆူးလေစေတီတော် အနီးတွင် နောက်ထပ် အထပ်မြင့်အဆောက်အအုံနှစ်ခု ဆောက်လုပ်ရန် ပြင်ဆင်နေသည်ကို တွေ့ရသည်မှာ ရန်ကုန်မြို့တော်၏ သမိုင်းဝင် အဆောက်အအုံများရှိရာ ဧရိယာ၏ အနာဂတ်အတွက် စိတ်ပူစရာ ဖြစ်လာပေသည်။ ကမ္ဘာ့ ယဉ်ကျေးမှုများအမွေအနှစ်များ ရန်ပုံငွေ ထောက်ပံ့ရေးအဖွဲ့ (MWF) သည် ရန်ကုန်မြို့လယ် ဧရိယာကို ၂၀၁၄ ခုနှစ် စောင့်ကြည့်ရမည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ စာရင်းတွင် ထည့်သွင်းထားပြီး စောင့်ကြည့်ကာလ ကုန်ဆုံးသည် အထိ ယင်းအမွေအနှစ်များကို အနှောင့်အယှက်ပြုနိုင်သည့် တစ်စုံတစ်ရာ မပေါ်ပေါက်ပါက ရှေရှည် တည်တံ့စေရန် စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ပေးသွားမည် ဖြစ်သည်။

သို့သော် ဆူးလေဘုရားလမ်းပေါ်တွင် လက်ရှိတည်ဆောက်ရန် ဟန်ပြင်နေသည့် အထပ်မြင့် အဆောက်အအုံ စီမံကိန်းနှစ်ခုကြောင့် ဆူးလေစေတီတော် အပါအဝင် မြို့လယ်ဧရိယာ အတွင်းရှိ ရှေးဟောင်းအဆောက်အအုံ များ၏ တည်ရှိမှုကို မှေးမှိန်ယုတ်လျော့ သွားစေပါလျှင် MWF ၏ စောင့်ကြည့်စာရင်းမှ ပယ်ဖျက်ခံရကာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် ရန်ပုံငွေထောက်ပံ့ ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် တော့မည် မဟုတ်ကြောင်း မြို့တော် စီမံခန့်ခွဲရေးအတွက် တာဝန်ရှိသူများ အထူးသတိချပ်ရမည် ဖြစ်ပေသည်။

အယ်ဒီတာ (၁၀-၁၀-၂၀၁၃)

စင်ကာပူ ၂၀၁၃ စက်တင်ဘာလ၊ ရုံးသွားချိန် မနက်၇နာရီလောက်
MRT ဆိုတဲ့ ရထားဘူတာကိုသွားနေတဲ့ စုံတွဲတစ်တွဲနောက်က လမ်းလျှောက်နေတုန်း ရှေ့က သူတို့၂ယောက် မြန်မာလို့စကားပြောနေတယ်။ လက်ချင်းကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ..မိန်းကလေးက ကြောက်လို့၊ အလုပ်ထဲမှာပြန်မပြောရဲဘူး...ပြောတော့ ယောင်္ကျားလေးက အားပေးစကားပြောနေသံကြားရတယ်။ သူတို့ပုံစံနဲ့ စကားပြောလေသံအရ လစာကောင်းကောင်းရဟန်မတူပါ။ သို့သော် လူငယ် အသက်၂၅-၃၀ အရွယ်သဘာဝအတိုင်း တက်ကြွရွှင်လန်းမှုတွေ တွေ့ရပါတယ်။ အများအားဖြင့်တော့ စားသောက်ဆိုင်များ၊ စက်ရုံအလုပ်ရုံများမှာ လစာနဲနဲနဲ့ လုပ်ရတဲ့မြန်မာအများစုဖြစ်ပါတယ်။ မနက်အလုပ်အတူတူသွားနိုင်တဲ့ အတွဲဆိုတော့ ကုသိုလ်ကံကောင်းတယ်လို့ပဲ ဆိုချင်ပါတယ်။ သို့သော် သူတို့၂ဦးဟာ စင်ကာပူလို ဈေးကြီးတဲ့နိုင်ငံမှာ ငွေအတွက်လာရောက်လုပ်နေရတာတော့ သေချာပါတယ်။ ခေတ်သစ်ငွေဝယ်ကျွန်တစ်မျိုးပါ။ ဒီထက်ပိုဆိုးတဲ့ ငွေဝယ်ကျွန်ကတော့ အိမ်စေအလုပ် လာလုပ်တဲ့မိန်းကလေးတွေဖြစ်ပါတယ်။

လွတ်မြောက်ရာလမ်းတွေ အများကြီးရှိပါတယ်။

ကျုပ်မြန်မာပြည်ကထွက်လာပြီး၊ စင်ကာပူမှာအလုပ်စလုပ်တဲ့ ၁၉၉၀ပြည့်နှစ်မှာ လစာတစ်လ ဒေါ်လာ၁၂၀၀နဲ့လုပ်ပါတယ်။ အိုဗာတိုင် တစ်နာရီ၉ဒေါ်လာနဲ့ဆို သင်္ဘောပြင်တဲ့လုပ်ငန်းဖြစ်တော့ နေ့ည၊မရွေးလုပ်ရပါတယ်။ တစ်လကို ဒေါ်လာ၂၀၀၀လောက် အသားတင်ကျန်တယ်။ အစိုးရက တစ်လကို ဒေါ်လာတစ်ထောင် CPF ဘဏ်မှာ စုဆောင်းပေးတယ်။ အဲဒီခေတ်ကာလမှာ အရှေ့တောင်အာရှ၊ စင်ကာပူအပါအဝင် ဘယ်နိုင်ငံသွားသွား ဗီဇာမလိုပဲ၊ လာလို့ရပါတယ်။ အသက်၂၉နှစ်အရွယ်၊ သမီးတစ်ယောက်၊ သားတစ်ယောက်ဖခင်ဖြစ်ပေမဲ့ ပျော်ချင်တဲ့အရွယ်ပါ။ ၁၉၉၇ခုနှစ်မှာ မြန်မာပြည်ကို အပြီးပိုင်ပြန်မယ်ဆိုပြီး စုဆောင်းငွေ CPF ပိုက်ဆံ ဒေါ်လာ၇သောင်းကျော် ထုတ်ပြီး၊ ပြန်ပါတယ်။ ဘာကြောင့်ပြန်ရသလဲဆိုတော့ စီးပွားကပ်ဆိုက်တာနဲ့ နိုင်ငံခြားသားတွေကို အလုပ်ပါမစ်တွေမပေးတော့၊ ကိုယ့်ပိုက်ဆံပြန်ထုတ်ပြီး ပြန်ရခြင်းဖြစ်ပါတယ်။ အဲဒီ ၇နှစ်ကာလမှာ အလွန်အသုံးကျလှတဲ့ လူငယ်ဘဝကို ငွေဝယ်ကျွန်ဘဝနဲ့ အချိန်အားလုံး ဆုံးရှုံးသွားပါတယ်။ ၁၉၉၀-၁၉၉၇ ခုနှစ်အတွင်း ကျွန်တော်တို့ တစ်လဒေါ်လာ၂၀၀၀ကျော် ဝင်ငွေဟာ အင်္ဂလိပ်စကားနဲ့ပြောရရင် မြန်မာပြည်မှာတော့ Big Money ဖြစ်ပါတယ်။ မြန်မာပြည်မှာ တယ်လီဖုန်းနဲ့မော်တော်ကားကလွဲရင် အားလုံးဈေးချိုပါတယ်။ အခုခေတ် သိန်း၁၀၀၀ တန်အိမ်မြေ၊ တိုက်ခန်းတစ်လုံးကို အဲဒီတုန်းက စင်ကာပူဒေါ်လာ တစ်သောင်းလောက်နဲ့ ဝယ်လို့ရပါတယ်။ တယ်လီဖုန်းတစ်လုံး ဒေါ်လာ၅ထောင်၊ ကားစုတ်တစ်စီး ဒေါ်လာ၅ထောင် တယ်လီဖုန်းနဲ့ဒတ်ဆန်ကားတစ်စီး ဈေးအတူတူလောက်ပဲ..ရယ်စရာ ကသောင်းကနင်းခေတ်တွေပါ။ အဲဒီကတည်းက ကျုပ်လဲ ကိုယ့်ကိုယ်ကို ငွေဝယ်ကျွန်ဘဝ ရောက်နေတယ်လို့ သတ်မှတ်ပေမဲ့ လွတ်အောင်ရုန်းမထွက်နိုင်တာ နှစ်ပေါင်း ၂၀ကျော်သွားပါတယ်။

အဲဒီခေတ်ကာလမှာ မြန်မာပြည်ပြန်ချင်ပေမဲ့ ဘာမှလုပ်မစားတတ်ပါ။ မြန်မာစကားပုံရှိပါတယ်။ ကိုရင်လူထွက်နဲ့ ထောင်ထွက် ၂ဦး၊ အပြင်မှာလုပ်မစားတတ်ကြဘူးတဲ့။ နောက် စစ်အုပ်ချုပ်ရေးကာလမှာတော့ စစ်ပြန် (စစ်သားထွက်)တွေ လုပ်မစားတတ်ပဲ ရပ်ရွာ၊အုပ်ချုပ်ရေးတွေမှာပဲ ဆက်လုပ်စားနေတဲ့ ခေတ်ကို ရောက်ပါတယ်။ အခု ၂၀၀၀နောက်ပိုင်းမှာတော့ နိုင်ငံခြားပြန် ဆိုတဲ့အုပ်စုတစ်ခု ပေါ်ထွန်းလာပါတယ်။ စင်ကာပူမှာ ဘယ်လို၊ ထိုင်း၊မလေးရှားမှာ ဒီလို.. ပြောနေပေမဲ့ မြန်မာပြည်ပြန်ရောက်တော့ စုဆောင်းထားတာတွေ ကုန်ပါလေရော။ ဒါနဲ့ နိုင်ငံခြားပဲ ပြန်သွား၊ ငွေဝယ်ကျွန်အလုပ်တွေ ပြန်လုပ်စားနေရပါတယ်။

အခုတော့ မြန်မာပြည်ကြီး ဒီမိုကရေစီရပြီ၊ ကိုယ်ပိုင်စီးပွားရေးများ ကမ္ဘာနဲ့တန်းတူလုပ်ကိုင်လို့ရတဲ့အတွက်၊ စင်ကာပူလာအလုပ်လုပ်သူများ မြန်မာပြည်ပြန်ဖို့ အခွင့်အရေးရှိနေပါတယ်။ မြန်မာပြည်မှာတော့ ကုမ္ပဏီတွေ ရောက်မလာသေးတော့ ပုဂ္ဂလိကလုပ်ငန်းပဲ လုပ်စားနေရတဲ့အချိန်ဖြစ်ပေမဲ့ အခုနေအချိန်ဟာ စိတ်နေစိတ်ထား Attitude ကိုပြင်နိုင်ရင် ငွေဝယ်ကျွန်ဘဝက လွတ်မဲ့အခွင့်လမ်းများစွာရှိပါတယ်။ စင်ကာပူမှာ တစ်လ ဒေါ်လာ ၂၀၀၀ ရသူလဲ မြန်မာပြည်ပြန်ရင် တစ်လ ဒေါ်လာ၂၀၀ အလုပ်တောင် ရှာရခက်နေတယ်။ ကိုယ့်ဆွေမျိုး၊မိတ်ဆွေလူငယ်တွေပဲ ခေါ်ခန့်နေတဲ့ခေတ်ပါ။ စင်ကာပူမှာ တစ်လဒေါ်လာ ၅၀၀၀ ရသူအဖို့တော့ မြန်မာပြည်ပြန်လုပ်ဖို့ လမ်းမရှိသလောက်ဖြစ်ပါတယ်။ စင်ကာပူမှာပဲ ငွေဝယ်ကျွန် လခစားအဖြစ် ဆက်နေရမယ်။ ၂၀၁၅ နောက်ပိုင်းမှာလဲ အကယ်၍ နိုင်ငံခြားကုမ္ပဏီများစွာ မြန်မာပြည်ရောက်လာပြီး စင်ကာပူက မြန်မာတွေ၊ အမေရိကားက မြန်မာတွေကို Expat Salary ဟိုမှာအတိုင်းပေးနိုင်လာရင်တော့ လခစားအလုပ်တွေ ပေါလာမှာဖြစ်ပါတယ်။

သို့သော် ... ငွေကိုမှီနေရတဲ့ ဘဝဟာ အင်မတန်ပူလောင်ပါတယ်။ ငွေက ကိုယ့်ကိုခိုင်းနေသလား၊ ကိုယ်ကငွေကို ခိုင်းနေသလား.. သေချာစဉ်းစားပြီး ကိုယ့်ဘဝကို ရှောက်လှမ်းရပါမယ်။ လူတစ်ရာမှာ ၃ယောက်၊ ၄ယောက်လောက်ပဲ အသက် ၂၅-၃၀မှာ ငွေဝယ်ကျွန်ဘဝက လွတ်နိုင်ပါတယ်။ အဲဒီအရွယ်တွေပဲ လူသားများအတွက် စွမ်းစွမ်းတမန်လုပ်ရပ်များ လုပ်သွာကြပါတယ်။ ဥပမာ မိုဟာမက်၊ ဗုဒ္ဓ၊ ယေရှု၊ ပေါလု၊ အိုင်ဇက်နယူတန်၊ အိုင်စတိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးသန့်.. ။ ငွေဝယ်ကျွန် လခစားဘဝကို ၁၀နှစ်အထက် ရောက်သွားရင်တော့ တသက်လုံးလွတ်ဖို့ တော်တော်ကို ခဲယဉ်းသွားပါပြီ။

ငွေဝယ်ကျွန်ဆိုတာ သမိုင်းဆရာများအဆိုအရ အနိုမ့်ဆုံးအဆင့်လူတန်းစားကိုခေါ်ပါတယ်။ ခေတ်အဆက်ဆက်ကို ကြည့်ရင်
- ကျွန်ခေတ်၊ မြန်မာများမှာ ဘုရားကျွန်အမျိုးများရှိပါတယ်
- ယခုခေတ် Illegal Worker တရာမဝင်အလုပ်လာလုပ်သူ (သို့မဟုတ်) အခြားနိုင်ငံမှာ ပညာမရှိပဲအလုပ်လာလုပ်သူများဖြစ်ပါတယ်။
မြန်မာများမှာ ငွေဝယ်ကျွန်အဆင့်ကို
၁။ ပြည်တွင်းမှာ၊ ပညာမတတ်ပဲ အိမ်များမှာကြုံရာအလုပ်လုပ်နေသူများ
၂။ ထိုင်း၊မလေးရှာများမှာ တရားမဝင်လာရောက်နေထိုင် လုပ်ကိုင်သူများ
၃။ စင်ကာပူ၊မလေးရှားတွေမှာ အိမ်စေ၊ လူအိုရုံများမှာ လာရောက်လုပ်ကိုင်သူများ ..စသဖြင့်ခွဲခြားနိုင်ပါတယ်။
၎။ လစာကောင်းတယ်၊ လုပ်ငန်းပိုင်ရှင် ..စတဲ့ ဝင်ငွေကောင်းသူလူတန်းစားဖြစ်ပါတယ်။
ဝင်ငွေကောင်း၊ငွေရှိပြီး ငွေနောက်လိုက်နေသူကိုလည်း ကျုပ်ကတော့ ငွေဝယ်ကျွန်အကြီးစားအဖြစ် သတ်မှတ်ပါတယ်။ ဆင်းရဲပြီး ပထမ (၃)မျိုးဟာ သေရင်၊ အပယ်မလာပဲ နိဗာန်ရောက်ဖို့ အခွင်လမ်းကောင်းပါတယ်။ နောက်ဆုံး နံပါတ်(၄)အမျိုးအစားကတော့ ငွေချမ်းသာ၊ ငွေရှိပြီး၊ ငွေကိုစွန့်ပစ်ဖို့ ခဲယဉ်းလွန်းတာကြောင့် အပယ်လားဖို့ အင်မတန်လမ်းများပါတယ်။ သူတို့က အလှုဒါန်းများများပေးရင် နိဗာန်ရောက်မယ် ထင်နေတဲ့လူတန်းစားဖြစ်ပါတယ်။ တကယ်တော့ အလှုဒါန်းပေတဲ့အဆင့်တွေမှာ ငွေနဲ့လှုဒါန်းခြင်းဟာ အနိုမ့်ဆုံးသော အလှုဒါနဖြစ်ကြောင်း ဘာသာတရားကြီးတိုင်းက အဆိုရှိပါတယ်။ ဒီ(၄)မျိုးသော ငွေဝယ်ကျွန်များဘဝအခြေအနေနဲ့ လွတ်မြောက်ရာလမ်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အပျော်ရွှင်ဆုံးငွေဝယ်ကျွန်ဘဝကတော့ အသက်၂၅-၃၅အရွယ်ပဲဖြစ်ပါတယ်။ အသက်၃၅နှစ်အလွန်မှာ ဒေါ်လာတစ်သန်း (ကျပ်သိန်းတစ်သောင်း) မပိုင်ဆိုင်သေးဖူးဆိုရင် ငွေနောက်လိုက်တာမျိုး ရပ်လိုက်ပါတော့။ သူဌေးကြီးမဖြစ်နိုင်တော့ပါဘူး။ သူဌေးကြီးအားလုံးကို လေ့လာရင် အသက်၃၅လောက်မှာ အရမ်းချမ်းသာနေပါပြီး။ လူတော်တော်များများဟာ အသက်၄၀ကျော်၊ ၅၀ကျော်မှာ အိမ်မြေ၊ငွေများစွာ စုဆောင်းရရှိပြီးတော့ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကြပါတယ်။ တိုးပွားဖို့ပဲကြိုးစားရင်း ဆုံးရှုံးမှုနဲနဲဖြစ်လာတာနဲ့ အိပ်မပျော်၊စားမဝင်ဖြစ်လာပါတယ်။ ဒီလိုနဲ့ပဲ အသက်တွေကြီးလာပါတယ်။ ဘဝလွတ်မြောက်မှုကို ရသူများကတော့ မိုက်ကရိုဆော့ပ် ဘီးလ်ဂိတ်လို လှုဒါန်းပစ်လိုက်ပါတယ်။ အများစုကတော့ ပိုင်ဆိုင်မှုတွေမသယ်နိုင်ပဲ ဘဝတပါးကူးပြောင်းသွားရှာပါတယ်။

ငွေမရှိ၊ ရာထူးမရှိပဲ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးလုပ်ငန်းများမှာ ဘဝကို မြှတ်နှံထားတဲ့ မြန်မာများစွာ၊ အချို့ဆိုရင် စစ်အာဏာရှင်စနစ်ကို တိုက်ဖြတ်ရင်း ထောင်၁၀နှစ်၊ အနှစ်၂၀ ကျခံရတဲ့ လူများကို ရည်ရွယ်ပါတယ်။ ငွေဝယ်ကျွန်မဟုတ်သူများကို ဂုဏ်ပြုလေးစားရင်း ...။

ကျုပ်ကိုယ်တိုင် .ငွေဝယ်ကျွန်ဖြစ်နေဆဲလား...။

ဝတ်မှုန်
http://myanmarinsingapore.com

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.