10/16/13

ခေတ်ကာလကြီးက တယ်လည်း တိုးတက်သကိုး။ သတင်းတွေက အလင်းနှုန်းနီးပါး မြန်သလားတောင် အောက်မေ့ရတယ်။ မနက်စောစောစီးစီး ရင်တုန်စရာသတင်းတွေဖတ်ရင်း ရင်ထဲဖိုးသိုးဖတ်သတ်ဖြစ်နေတာနဲ့ပဲ စားမြုံ့ပြန် ရင်ဖွင့်နိုင်ဖို့ လက်ဖက်ရည်ဆိုင်ကို ခပ်သွက်သွက်ကလေး သုတ်ချေတင် လိုက်တယ်။

ဆိုင်ထဲဝင်လို့ ဝိုင်းလွတ်တစ်ခုမှာ ထိုင်မလို့ ဟန်ပြင်ရုံ ရှိသေး “ဗုံးဗျ…၊ ဗုံး။ ဗုံး” ဆိုပြီး ဘော်ဒါတစ်ယောက်က ပြာပြာသလဲ လှမ်းအော်တော့ ကိုယ်လည်း “အမယ်လေး ဗုဒ္ဓေါ” နှုတ်ကယောင်ပြီး နောက်ခြေတစ်လှမ်းဆုတ်မိသွားတယ်။

“ဘယ်မှာလဲ…၊ ဘယ်မှာလဲ” အော်သူအော်နဲ့ ဆိုင်ထဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ အဲဒီတော့မှ ငတိက လက်ထဲက သတင်းစာကိုလှုပ်ပြပြီး “ဗုံးတွေတွေ့တယ် ဆိုတဲ့ သတင်း ခင်ဗျားတို့ ဖတ်ပြီးပြီလား” လို့ လှမ်းမေးတယ်။

အမယ်လေးနော်… ရင်ထဲ အထိတ်တလန့်ရှိလိုက်ပါဘိနှယ်။ အစ-အနောက်ကလည်း သန်ပါသဘိနဲ့။ နို့ပေမယ့် ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဆိုတော့ လန့်လန့်နဲ့ပဲ ခွင့်လွှတ်လိုက်ပါတယ်။ ဒီလူက အမြဲ အဲသလို ကျီစားနေတာ နှစ်တွေ နည်းတော့တာမှ မဟုတ်တာ။ ကိုယ်က သတ္တိကြောင်ပြီး သူ့အကွက်မိသွားတော့ခံပေါ့။

ဒါနဲ့ ငတိရှိရာ ဝိုင်းကို သွားပြီး “ဘာဗုံးလဲဗျ၊ လောင်မီးဗုံးလား၊ မီးလောင်ဗုံးလား” လို့ သိသိကြီးနဲ့ စကားစရင်း မေးလိုက်တယ်။

“ခင်ဗျားတို့နှယ် တစ်ဆိတ်ရှိ ဒီလက်ပံတောင်း အာရုဏ်ဆွမ်း လောင်မီးဗုံးပဲ ပြောနေတယ်၊ အဲဒီတုန်းက တရုတ်ကြီးကို ကြောက်ရလို့ပါဗျ”
လို့ ငတိက ပြစ်တင်သံနဲ့ အော်တယ်။

အဲဒါနဲ့ “အဲဒါဆို အခုက ဘာကိုကြောက်ရလို့တဲ့တုန်း” ဆိုပြီး အလိုက်ကမ်းဆိုး မသိစွာနဲ့ ဆက်ပြီး ငေါ့လိုက်တယ်။
“အာ… ဒီလူ့နှယ် ခက်ပါဘိ” လို့ ငတိက ညည်းသံထွက်လာတော့ ကိုယ်လည်း “သိပါတယ်ဗျာ၊ သတင်းတွေ ဖတ်ပြီးပါပြီ၊ ချိန်ကိုက်ဗုံး တွေပါ” လို့ အလိုက်သင့်လေး လမ်းကြောင်းခင်းပေးလိုက်တယ်။

“ဟုတ်ပ၊ အချိန်ကိုက်မှ တကယ့်အချိန်ကိုက်ပဲ၊ လူထုကြီးကလည်း နိုးနိုးကြားကြားနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်၊ ဖြုတ်မယ်၊ အကုန်ပြန်ရေးမယ်ဆိုပြီး နိုင်ငံရေး ရေချိန်တက်နေတဲ့ အချိန်ဗျ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ငြိမ်းချမ်းရေး ဆွေးနွေးနေကြတဲ့အချိန်၊ ပြီးတော့ သမ္မတကြီးကလည်း ပူပူနွေးနွေး တူကလေးကို ကိုင်ပြီး အာဆီယံ ဥက္ကဌရာထူးကို လွှဲပြောင်းယူလိုက်တဲ့ အချိန်ဗျ၊ ဒီလိုလူထုကြီးတစ်ရပ်လုံးက နိုင်ငံရေးနိုးကြားနေတဲ့အချိန်မှာ အထိတ်တလန့်နဲ့ ခြေမကိုင်မိ လက်မကိုင်မိ စိုးရိမ်သွားစေတဲ့ ခံရခက်တဲ့ အချိန်ကိုက်ဗုံးဗျ”

ဆိုပြီး ငတိက နိုင်ငံရေးသုခမိန်လေသံနဲ့ ဖိန်းတယ်။

အဲဒါကြောင့် “ဘယ်ကလာ….၊ ဘွာ ဘွာ့ ဘွား…၊ ခင်ဗျားအတော်နောက်တဲ့လူ။ ကျုပ်ပြောတဲ့ အချိန်ကိုက်ဗုံးဆိုတာ သတင်းမှာပါတဲ့ လက်လုပ်ဗုံးဗျ၊ သူ့အချိန်နဲ့ သူ အံကိုက်ကွဲတဲ့ဗုံးကို ပြောတာ” လို့ ဟောက်လိုက်ရတယ်။

“ဘာဗုံးပဲဖြစ်ဖြစ် ကျုပ်ကတော့ မကြိုက်ဘူး၊ ပြည်တွင်းမှာ အရင် ပေါက်သမျှ ဗုံး တဝုန်းဝုန်းခဲ့သမျှလည်း ရေရေရာရာ လက်သည် ပေါ်ခဲ့တာ နည်းတယ်။ တကယ်သေရတာက ပြည်သူတွေဗျ။ အခုလို ပဋိပက္ခတွေ ဖြစ်လိုက် လောင်မီးကျလိုက်ဖြစ်လို့ လူထု ကျီးလန့်စာ စားနေရ သလို ဖြစ်နေရတဲ့ကြားထဲ အခုလို ဝုန်း ဝုန်း ခြိမ်းသံ၊ ခြောက်သံ၊ ဗုံးလုံး ဟိန်းသံ၊ ဟောက်သံတွေနဲ့ဆိုတော့ ထိတ်စရာကြီးဗျာ”လို့ ငတိက ညည်းတယ်။

“ခင်ဗျားတို့ ကျွန်တော်တို့ကသာ ထိတ်နေ၊ လန့်နေ၊ စိုးရိမ်စိတ်တွေများနေကြတာ၊ တချို့က ကျေးဇူးတောင်တင်နေကြသေး” ဆိုပြီး ပြောလိုက်တော့ ငတိက မျက်လုံးပြူး မျက်ဆံပြူးနဲ့ “ဘာရယ်” လို့ ပြန်မေးရှာတယ်။

“ဟုတ်တယ်လေဗျာ…… အလုံမြို့နယ်က အရာရှိကြီး ပြောသွားတာဗျ၊ လုပ်ချင်လွယ်လွယ်လေးပါ၊ ကွမ်းတံထွေးစားပြီး ထွေးသလောက် မြန်ပါတယ်၊ ပြည်သူတွေကို အသက်အိုးအိမ်စည်းစိမ်တွေ သေဆုံးသွားတာ မလိုလားဘူးဆိုတဲ့ စိတ်ဆန္ဒတွေလည်း တွေ့ရှိရတယ်၊ အရာဝတ္ထုတွေပျက်စီးသွားလိုတဲ့ ဆန္ဒမရှိဘူးဆိုတာလည်း သိရှိရတယ်၊ ဘာပဲပြောပြော လူသားဆန်တယ်ပေါ့နော်၊ မဟုတ်တာ လုပ်နေပေမယ့်လည်း လူသားဆန်တဲ့အတွက် ဒီပြုလုပ်သူကိုသော်လည်းကောင်း အဖွဲ့အစည်းကိုသော်လည်းကောင်း အင်မတန် ကျေးဇူးတင်ပါတယ်” ဆိုပြီး ကြိုက်လွန်းလို့ အလွက်ကျက်ထားတာလေး အံဝင်ဂွင်ကျ ရွတ်ပြလိုက်တဲ့အခါ ငတိလည်း မှိုင်သွားရှာတယ်။

“ဒီလောက်လည်း အတွေးလွန်ပြီး မမှိုင်နေပါနဲ့ဗျာ၊ သူတို့က လူသားဆန်ဆန်ဖောက်ကွဲရေးသမားတွေဆိုတော့ စိုးရိမ်စရာ မရှိပါဘူး။ အရာရှိကြီး ပြောသလိုပေါ့။ လုပ်ချင်လွယ်လွယ်လေးပါဆိုတော့ မလုပ်ချင်သေးဘူး၊ ခြောက်ရုံ၊ လှန့်ရုံ ခင်ဗျားလို ကျီစားတာနေမှာပေါ့၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် စကားနဲ့ ပြောရမယ်ဆို ဗမာ့ရွာမှာ ဘာတွေ ဘာတွေပေါ၊ ဆန္ဒပွဲတွေ တပြပြနဲ့ လောင်ဗုံးတွေ ဟုန်းဟုန်းပေါ ဆိုသလိုပေါ့” ဟု အာပေါင်အာရင်းသန်သန်ဖြင့် ငတိအား ပြောနေချိန်မှာပဲ-

“ဝုန်း-ဗိုင်း” ဆိုပြီး စားပွဲခုံအောက်မှ ရုတ်တရုတ် ပေါ်ထွက်လာသော ပေါက်ကွဲသံကြီးကြောင့် လန့်ပြီး ကြောက်လန့်တကြား ထခုန် မိသွားတယ်။

တစ်ဆိုင်လုံးလည်း အထိတ်တလန့်နဲ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့မှ ငတိက စပ်ဖြီးဖြီးကြီးနဲ့ ကျွန်တော့်ကို ပြုံးပြုံးကြီး ကြည့်လို့-

“မကြောက်ပါနဲ့ဗျာ၊ ဗြောက်အိုးပါဗျ၊ ဗြောက်အိုး၊ ကျုပ်တူလေးဆီက အသာနှိုက်ယူလာတဲ့ တရုတ်လုပ် ဗြောက်အိုးလေးပါ” လို့ ယမ်းငွေ့ တွေကြားထဲ စပ်ဖြဲဖြဲ မျက်နှာနဲ့ ပြောလေတယ်။
အော် ကျုပ်နှယ်… ခံရပြန်ပါပြီ။

“ဒီလိုကြီးတော့ မကျီစားစမ်းပါနဲ့ဗျာ၊ ကျုပ်တို့က ပြည်သူတွေဆိုတော့ သူများတွေလို ကျေးဇူးမတင်ရဲပါဘူး။ တကယ်ကို ကြောက်လွန်းလို့ပါ” လို့ အသာမေးငေါ့ပြောပြီး စိတ်ထဲ မကျေနပ်ပေမယ့်လည်း အရှက်ပြေ ရေနွေးကြမ်းတစ်ခွက် ဂွပ်ခနဲမော့ရင်း မျှောချလိုက်ရတယ်။ ငတိကိုလည်း ဘယ်စိတ်ဆိုးလို့ ဖြစ်ပါ့မလဲ…၊ ကိုယ့် အရပ်နဲ့ ကိုယ်ဇာတ်ပဲကိုးဗျ။ ဟုတ်တယ်မဟုတ်လားနော့…။

နေစကြာနိုင်
ရန်ကုန်တိုင်းမ်သတင်းစာ၊ အတွဲ(၁)၊ အမှတ် (၁၄၄)

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် တောင်ငူတို့တွင် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများတွင် မသင်္ကာသူ ခြောက်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သက်ဆိုင်ရာ ရဲတပ်မှူးရုံးများက စုံစမ်းသိ ရှိရသည်။

ရန်ကုန်မြို့တွင် အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်များက စော်ဘွားကြီးကုန်း၊ သာကေတ၊အလုံမြို့နယ်ရှိ Western Park 2 နှင့် ကုန်သည်ကြီးများဟိုတယ်တို့တွင် ပေါက်ကွဲမှုများနှင့်စပ်လျဉ်း၍ သံသယရှိ သူတစ်ဦးအား မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်တလင်း ကားလမ်းပေါ်တွင် အောက်တိုဘာ လ ၁၅ ရက် နံနက် ၆ နာရီက ဖမ်းဆီးခဲ့သည်။

“ကျွန်တော်တို့လည်း ဘီလင်းမြို့ရဲ့အပြင်ဘက် နတ်ကြီးသွားတဲ့လမ်းမှာ ကျွန်တော်တို့ ထွက်စောင့်တာပေါ့။ စောင့်နေ
တုန်း သူက ဆိုင်ကယ်နဲ့လာတာကို တွေ့လိုက်ပါတယ်။ အဲ့မှာ သူက ကျော်သွားတော့ ကျွန်တော်တို့က လိုက်တာ
ပေါ့။ လိုက်တော့ သိပ်မကြာလိုက်ပါဘူး။ ဓာတ်တိုင်တစ်တိုင်လောက်မှာပဲ မိတာပေါ့”ဟု ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး
ရုံးမှ ဒု-ရဲအုပ်ပန်းဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ဦးစီး (၂) ဌာနခွဲမှူး ရဲမှူးမြင့်ထွေးက “အခုလောလောဆယ်တော့ ဒီပေါက်ကွဲမှု
တွေမှာ မင်္သကာစရာဆိုပြီး ဖမ်းထားတာ သုံးယောက်ရှိတယ်။ သူတို့ကို စစ်ဆေးနေတယ်။ တရားခံလို့ ယူဆရသူ တစ်ယောက်ကို ဖမ်းထားတယ်၊ သူတို့နဲ့ပတ်သတ်တဲ့အချက်တွေ နာမည်တွေကိုတော့ မပြောပြနိုင်သေးဘူး။ ကွင်းဆက် ပျောက်သွားမှာစိုးလို့ပါ။ ထပ်ပြီးလည်း ဆောင်ရွက်နေတယ်။ အဆင့်ဆင့် အဆက်မပြတ်သွားအောင်
လည်း လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။

ထို့အပြင် မန္တလေးမြို့၌လည်း အောက်တိုဘာလ ၁၄ ရက်က ရွှေဘဲစားသောက်ဆိုင်တွင် အမေရိကန်လုပ် လက်ပစ်ဗုံး
တစ်လုံးကို တွေ့ရှိခဲ့ပြီး ဆိုင်သို့ လာရောက်စားသောက်ခဲ့သော မသင်္ကာသူနှစ်ဦးအား CCTV မှတ်တမ်းပုံရိပ်မှ ရယူခဲ့
သည်။ ထိုမသင်္ကာသူနှစ်ဦးအား မန္တလေးမြို့ အထွက်ပေါက်များတွင် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ထိုနေ့ ညနေ ၆ နာရီတွင် အမရပူရမြို့နယ် ဦးပိန်တံတားအနီးတွင် ဆလွန်းအနက်ရောင် တက္ကဆီနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထိုနှစ်ဦးသည် မလေးရှားနိုင်ငံရှိ CHL Foam ဖော့စက်ရုံတွင် လုပ်ကိုင်ခဲ့သူ အောင်အောင်(ခေါ်) မိုအာ မက်ဆာလေး
နှင့် မလေးရှားနိုင်ငံသူ Mrs.Nikol (ခေါ်) Chin Suet Yin တို့ကို အောင်မြေသာစံမြို့နယ် မြို့မရဲစခန်းတွင် ဒု-ရဲမှူး
အောင်မြင့်က တရားလိုအဖြစ်လုပ်ကာ (ပ)၅၅၉/၂၀၁၃ ပေါက်ကွဲ ၃ အရ အမှု ဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကိုင်းတိုင်း မင်းလမ်းရပ်ကွက်ရှိ “ရွှေပြည့်စုံ”ဟိုတယ် စားသောက်ခန်းတွင် အောက်တိုဘာ လ ၁၅ ရက် နံနက် အစောပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် ဟိုတယ်တွင် တည်းခိုနေသော အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကို စစ်ဆေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူး သိန်းဆွေက မဇ္ဈိမကို ပြောသည်။

ညစာစားပြီးအချိန်၌ ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းက စားသောက်ခန်းသို့ သန့်ရှင်းရေးလုပ်နေစဉ်တွင် ထိုသံသယရှိသူ သုံးဦးသည် စားသောက်ခန်းထဲတွင် နောက်ဆုံး ကျန်ရှိနေသောကြောင့် သံသယရှိခြင်းဖြစ်ကြောင်း ဒု-ရဲမှူးက
ပြောသည်။

လက်ရှိတွင် ဟိုတယ်တွင် တည်းခိုနေသော သံသယရှိသူ သုံးဦး အပါအ၀င် အမျိုးသား၂၄ ဦး၊ အမျိုးသမီး ၁၇ ဦးနှင့် ကလေးသုံးဦး၊ စုစုပေါင်း ၄၄ ဦးကို ဟိုတယ်မှ ထွက်ခွင့်မပြုဘဲ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ဟိုတယ်မန်နေဂျာ
ကိုလည်း ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့ပြီး လိုအပ်ပါက ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း ရွှေပြည့်စုံဟိုတယ်မန်နေဂျာ ကိုစိုးထက်အောင်က မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၁၅ ရက် နံနက် ၃ နာရီ ၄၅ မိနစ်က စစ်ကိုင်းမြို့ “ရွှေပြည့်စုံ” ဟိုတယ်၊ အပေါ်ဆုံးထပ်ရှိ စားသောက်ခန်းတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဟိုတယ်မန်နေဂျာ ကိုစိုးထက်အောင်က “မနက် ၃ နာရီ ၄၅ မှာ ၀ုန်းဆိုပြီး အသံကြား
လို့ မိန်းတွေ ချပစ်လိုက်တယ်။ လျှပ်စစ်ရှော့ဖြစ်ပြီး ပေါက်ကွဲတယ်ထင်လို့ပါ။ တံခါးဖွင့်လိုက်တော့ မီးခိုးလုံးတွေ ထွက်လာတယ်။ ကျွန်တော်လည်း လန့်သွားတယ်။ ချက်ချင်းပဲ ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။ ကျွန်တော်တို့
လည်း ဘာမှ မပြောပြတတ်တော့ဘူး”ဟု ဖြစ်စဉ်ကို ရှင်းပြသည်။

ပေါက်ကွဲခဲ့သော ဗုံးအမျိုးအစားနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူးသိန်းဆွေက “ဒေသန္တရ လက်လုပ်ဗုံးပါ။ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ စစ်ဆေးမှုတွေ လုပ်နေတယ်။ သံသယနဲ့တော့ အဖြေ မပြောချင်သေးဘူး”ဟု မဇ္ဈိမကို ပြောကြားသည်။

ထိုနေ့တွင်ပင် နံနက် ၅ နာရီအချိန်က စစ်ကိုင်းတိုင်း ဆွမ်းဦးပုညရှင် ဘုရားရင်ပြင်တော် မြောက်ဘက်ရှိ ကားပါကင်
နေရာတွင်လည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ရဲအုပ်မင်းလွင်ထွန်းက ပြောသည်။

စစ်ကိုင်းတိုင်းတွင် လုံခြုံရေးအတွက် မြို့ပေါ်နှင့် မြို့အ၀င်အထွက်နေရာများတွင် လုံခြုံရေး တင်းကျပ်စွာ တိုးမြှင့်ချ ထားကြောင်း သိရသည်။

ပဲခူးတိုင်း တောင်ငူမြို့တွင်လည်း အောက်တိုဘာလ ၈ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူ၏ အမည်ကို ဖော်ထုတ်ခဲ့ပြီး ဖမ်းဆီးစစ်ဆေးနိုင်ရန် ဆက်လက် ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဒု-၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

ဗုံးပေါက်ကွဲမှုများသည် အောက်တိုဘာလထဲ၌ပင် ၁၃ ရက်က ရန်ကုန်မြို့ စော်ဘွားကြီးကုန်း ကားမှတ်တိုင်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုနေ့ညနေပိုင်းတွင်ပင် သာကေတမြို့နယ်တွင် မာန်ပြေမှတ်တိုင်အနီးတွင် ထပ်မံပေါက်ကွဲခဲ့ကာ ၁၄ နှစ်အရွယ် ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁၄ရက်ကလည်း ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Western Park 2 နှင့် မန္တလေးတွင် မပေါက်ကွဲသေးသော ဗုံးတွေ့ခြင်း၊ ဗုံးလန့်ခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၁၄ ရက် ညပိုင်းက ထရိတ်ဒါးဟိုတယ်တွင် လူနေခန်းထဲ၌ ဗုံးပေါက်ကွဲခဲ့ပြီး အမေရိကန်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ပြည်သူများအနေဖြင့်လည်း ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာနေရာများနှင့် လမ်းကြိုလမ်းကြားများတွင် မသင်္ကာစရာ အထုပ်များတွေ့ရှိပါက ဖွင့်ဖောက်ခြင်း မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံနှင့် မြို့နယ်ရဲစခန်းများသို့ ချက်ချင်း သတင်းပေးပို့ကြရန်လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Mizzimaburmese

CC-16-10
အောက်တိုဘာ ၁၄ ရက်ညပိုင်းက Traders ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အမေရိကန် နိုင်ငံသားများအတွက် အမေရိကန်သံရုံးက သတိပေးစာတစ်စောင်အား အမေရိကန်သံရုံး ၀က်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများမှတစ်ဆင့် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတိပေးစာတွင် မြန်မာနိုင်ငံ၌ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် အမေရိကန် နိုင်ငံသားများ အနေဖြင့် သတိရှိကြရန်နှင့် အဆိုပါ ပေါက်ကွဲမှုများသည် အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထား တိုက်ခိုက်သည်ဟု ယူဆနိုင်ဖွယ် မရှိသော်လည်း လူစည်ကားရာ ဒေသများ၊ ပွဲလမ်းသဘင်များတွင် ရောက်ရှိနေပါက မိမိ၏ ပတ်ဝန်းကျင်အား သတိထား စောင့်ကြည့်ကြရန် အဆိုပါ သတိပေးစာတွင် တိုက်တွန်းထားသည်။
ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံတစ်ဝန်း ရောက်ရှိနေသော အမေရိကန် နိုင်ငံသားများ အနေဖြင့် ပန်းခြံများ၊ ဈေးများနှင့် ကားမှတ်တိုင်များ၌ အထူးဂရုပြုကြရန်လည်း အဆိုပါ သတိပေးစာတွင် ဖော်ပြထားသည်။ ထို့အပြင် သံသယဖြစ်ဖွယ် ကိစ္စရပ်များအား တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များသို့ အကြောင်းကြား၍ ထိုနေရာမှ ပြောင်းရွှေ့ကြရန် အမေရိကန် သံရုံးက အကြံပြုထားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံသားများ အနေဖြင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ လုံခြုံရေး ၀န်ဆောင်မှုဖြစ်သည့် Smart Traveler Enrollment Program (SETP) တွင် www.Travel. State.Gov မှတစ်ဆင့် စာရင်းပေးသွင်းသင့်ကြောင်း ပြောကြားထားပြီး အင်တာနက် အသုံးပြုရန် ခက်ခဲပါက နီးစပ်ရာ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးများတွင် စာရင်းပေးသွင်းရန် တိုက်တွန်းထားသည်။

အဆိုပါ သတိပေးချက်ကို မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနှင့် မပေါက်ကွဲသေးသော ဗုံးများတွေ့ရှိမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုများကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်ဟု သိရပြီး အမေရိကန်နိုင်ငံသူတစ်ဦး အပါအ၀င် ဒဏ်ရာရသူများ ရှိခဲ့ကြောင်း အဆိုပါ သတိပေးချက်တွင် ဖော်ပြထားသည်။

Eleven media group


၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကဲ့သို့ ပြင်ဆင်ရန် ခက်ခဲ ရှုပ်ထွေးသည့် ဥပဒေမျိုးကမ္ဘာ ပေါ်တွင်မရှိဟု NLD မှ ဖွဲ့စည်း ထားသည့်အခြေခံဥပဒေပြင်ဆင် ရေးကော်မတီဝင် တရားလွှတ် တော်ရှေ့နေ ဦးကိုနီက ပြော သည်။

ကမ္ဘာပေါ်၌ အခြေခံဥပဒေ ပြင်ဆင်ရာတွင်

(၁) လွယ်ကူ သောပြင်ဆင်ခြင်း၊

(၂) ခက်ခဲ သော ပြင်ဆင်ခြင်း၊

(၃) အလွန် ခက်ခဲသော ပြင်ဆင်ခြင်းဟူ၍ ခွဲ ခြားထားကြောင်း၊

လွယ်ကူသော ပြင်ဆင်ခြင်းမှာလွှတ်တော်အမတ် ၅၁ ရာခိုင်နှုန်းထောက်ခံရန် လို အပ်ကြောင်း၊ ခက်ခဲသည့်ပြင်ဆင် မှုမှာ လွှတ်တော်အမတ် ၆၇ ရာ ခိုင်နှုန်းထောက်ခံရန် လိုအပ် ကြောင်း၊ အလွန်ခက်ခဲသည့် ပြင် ဆင်မှုမှာ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းထောက်ခံရန် လိုအပ် ကြောင်း စသည်ဖြင့် သတ်မှတ် ထားကြောင်းသိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ ရှုပ် ထွေးသည့် ဥပဒေအမျိုးအစား ကမ္ဘာပေါ်တွင်မရှိဘဲ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ရန်အတွက် လွှတ်တော်အတွင်းမှ အမတ် ၂၀ ရာခိုင်နှုန်းက ဦးစွာ ထောက်ခံရန် လိုအပ်ပြီး ၎င်း ၂၀ ရာခိုင်နှုန်းထောက်ခံပြီးပါက ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရန် လိုအပ်ကာ ၇၅ ရာခိုင်နှုန်းကျော် ကောက်ခံပြီးပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရမည်ဖြစ်ကာ မဲထည့်နိုင်သူဦးရေစုစုပေါင်း၏ ၅၁ ရာခိုင်နှုန်းထောက်ခံမှ ပြင် ဆင်နိုင်မည်ဖြစ်၍ ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံး ပြင်ဆင်ပုံဖြစ် သည်ဟု ဦးကိုနီကဆိုသည်။

၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ အခြေခံဥပဒေများအနက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တစ် ပါတီအာဏာရှင်စနစ်တွင်ပြဋ္ဌာန်း ခဲ့သည့် အခြေခံဥပဒေများထက် တပ်မတော်ကို ပိုမိုနေရာပေးထား ပြီး ၂၀၀၈ အခြေခံဥပဒေတွင် အာဏာသုံးရပ်ရှိသော်လည်း ထို အာဏာသုံးရပ်ကိုနောက်ဆုံးချုပ် ကိုင်ထားသည်မှာ ကာကွယ်ရေး ဦးစီးချုပ်ပင်ဖြစ်သည်ဟု ဦးကိုနီ ကဆိုသည်။

The hot news weekly

Photo..အဘ ဥက္ကာကိုကို
ယခုတလောတွင် မြန်မာနိုင်ငံ၌ အရေးပါသော အလှည့်အပြောင်းများ ဆက်တိုက် ဖြစ်ပေါ်နေသည်။ နိုင်ငံတကာမှ အားကစား သမားများနှင့် ဧည့်သည် အမြောက်အမြား လာရောက်ကြမည့် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရန် နှစ်လခန့်သာ အချိန်ကျန်ရှိတော့သည်။ နိုင်ငံရေးတွင် ဆယ်စုနှစ်ပေါင်း များစွာအတွင်း ပထမဆုံးအကြိမ် တစ်နိုင်ငံလုံး သေနတ်သံ ချုပ်ငြိမ်းနိုင်မည့် အခွင့်အရေး ဖြစ်သည့် အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကြား ငြိမ်းချမ်းရေး သဘောတူညီချက်များ ရေးထိုးနိုင်မည့် အလားအလာ နီးကပ်လာနေပြီ ဖြစ်သည်။ NLD ဦးဆောင် ပြုလုပ်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး လူထုလှုပ်ရှားမှုများ အရှိန်အဟုန် ကောင်းလာနေပြီ ဖြစ်သလို ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် အာဆီယံ ဥက္ကဋ္ဌအဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ ပြန်လည်ဝင်ဆံ့ လာနိုင်ခဲ့သည်။ ခြုံငုံ၍ သုံးသပ်ရမည် ဆိုလျှင် လက်ရှိ ဖြစ်ပေါ်နေသော အပြောင်းအလဲများသည် အပြုသဘောဆောင်ပြီး မြန်မာနိုင်ငံ အနေဖြင့် တည်ငြိမ်အေးချမ်းသော ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ် ဖော်ဆောင်ရေး လုပ်ငန်းကို ပိုမိုနီးကပ်လာစေသည့် အပြောင်းအလဲများ ဖြစ်သည်ဟု သုံးသပ်ရမည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် တိုင်းပြည်အတွက် အပြုသဘောဆောင်ပြီး အရေးပါသော အလှည့်အပြောင်းများ ဖြစ်ပေါ်သည့်အချိန် အတော်များများတွင် ဆုတ်ယုတ် ပျက်စီးစေနိုင်သည့် ပဟေဠိဆန်သော အဖျက်အဆီးများလည်း ဖြစ်ပေါ်တတ်သည့် အစဉ်အလာဆိုး တစ်ခုရှိနေသည်။ ယခုလို ကောင်းမွန်သော အပြောင်းအလဲများ ဖြစ်ပေါ်နေသည့် အချိန်တွင်လည်း မြန်မာနိုင်ငံသည် အဆိုပါ အစဉ်အလာဆိုး နွံထဲမှ ရုန်းထွက်နိုင်ခြင်း မရှိခဲ့ပြန်ပေ။ အောက်တိုဘာ ၉ ရက်တွင် ဖြူးမြို့၌ ခရီးသည်တင် ယာဉ်ပေါ်မှ အသက်ဝင် နေသေးသည့် လက်လုပ်ဗုံး တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် နှစ်ရက်အကြာတွင် တောင်ငူမြို့တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခြင်းကြောင့် လူနှစ်ဦး သေဆုံးခဲ့ရသည်။ နောက်ထပ် နှစ်ရက်အကြာ အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မြို့အတွင်း လက်လုပ်ဗုံး ပေါက်ကွဲမှု တစ်ရက်တည်းတွင် နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယမန်နေ့တွင်လည်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပေါက်ကွဲလုဆဲဆဲ အသက်ဝင် နေသေးသည့် ဗုံးသုံးလုံးကို ရှာဖွေတွေ့ရှိ ခဲ့ပြန်ပါသည်။

အကြမ်းဖက်မှုများ၊ ဗုံးဖောက်ခွဲမှုများသည် များသောအားဖြင့် ယုံကြည်ချက် တစ်စုံတစ်ရာကြောင့် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ကြခြင်း ဖြစ်သည့်အတွက် ဖြစ်ပွားပြီးသည့် အချိန်တွင် မည်သူမည်ဝါက မိမိတို့အဖွဲ့ လက်ချက်ဖြစ်ကြောင်းဖြင့် ပြောဆိုကြလေ့ ရှိသည်။ ယခုဖြစ်ပွားသော အကြမ်းဖက် ဖောက်ခွဲမှုများမှာမူ မည်သူမည်ဝါမှန်း လက်သည် ရှာမရသည့်အပြင် အဆိုပါ ပေါက်ကွဲမှုများအတွက် တာဝန်ခံသည့် အဖွဲ့အစည်းလည်း မရှိဘဲ ပဟေဠိဆန်စွာ ဖြစ်ပွားနေသည်။ သို့သော် အဆိုပါ ဗုံးပေါက်ကွဲမှုများကြောင့် အကြောက်တရား အရိပ်ဆိုးအောက်မှ ရုန်းထွက်နိုင်တော့မလို ဖြစ်နေသည့် ပြည်သူများ၏ ရင်ထဲတွင် အကြောက်တရားများ ပြန်လည်ကိန်းအောင်း လာခဲ့သည်။ နိုင်ငံရေး အပြောင်းအလဲတွင် လွတ်လပ်သော စိတ်ဓာတ်များ စတင် အညှောက်ထွက်ခါစ အချိန်တွင် ယခင်လို ကျီးလန့်စာစား အခြေအနေများ ပြန်လည်ကြီးစိုး လာမည်မှာ မဖြစ်သင့်တော့ပေ။

တစ်စုံတစ်ဦးက သော်လည်းကောင်း၊ အဖွဲ့အစည်းက သော်လည်းကောင်း ကြိုးကိုင် ပြုလုပ်နေသည့် အကြမ်းဖက် ဖောက်ခွဲမှုများ၏ လားရာသည် တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးပြီး ပြည်သူများ၏ ရင်ထဲတွင် အကြောက်တရား သွတ်သွင်းနေသော ရည်ရွယ်ချက်ရှိရှိ ဖန်တီးသည့် လုပ်ရပ်များဟု ယေဘုယျအားဖြင့် ကောက်ချက် ဆွဲနိုင်ပါသည်။ သတိကြီးစွာထား၍ ရင်ဆိုင်ဖြေရှင်း ရမည်ဖြစ်သည်။ ထို့ကြောင့် တာဝန်ရှိသူများ အနေဖြင့် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်နေသော ယခုလို ပဟေဠိဆန်သော အဖျက်အမှောင့် လုပ်ငန်းများ ကျူးလွန်နေသူများကို ပြည်သူ့မျက်နှာ တစ်ခုတည်းကို ကြည့်၍ နှိမ်နင်းဖော်ထုတ် ပေးပါရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။

The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.