10/17/13

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တ္တလေးနဲ့ မြန်မာနိုင်ငံနေရာအတော်တော်များမှာ ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လိုရည်ရွယ်ချက်၊ ခံယူချက်တွေနဲ့ လုပ်ဆောင်နေသလဲဆိုတာကို မြန်မာသတင်းသမား မောင်သွေးသစ် နဲ့ ကိုသီဟသွယ်တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ်။ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေပါတယ်ဆိုတာကို လူထု တကယ်ယုံကြည်လာအောင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံလာအောင် တာဝန်ရှိသူများအနေနဲ့ ကြိုးစားနေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာတာဟာ တိုင်းပြည်ရဲ့  ပုံရိပ်ကို ထိခိုက်နိုင်တယ်လို့ လူတကာက သုံးသပ်ယူဆနေကြတာပါ။ ဒါကို ပြည်သူတွေရဲ့  သဘောထားကို ထင်ဟပ်တဲ့ သတင်းသမားနှစ်ဦးရဲ့  အမြင်သုံးသပ်ချက်ကို ကြည့်ကြရအောင်ပါ။ ပထမဦးဆုံးတဦးကတော့ မြန်မာ့တိုမ်စ် သတင်းစာ သတင်းစာဆရာ မောင်သွေးသစ် ဖြစ်ပါတယ်။

မောင်သွေးသစ် ။ ။ နိုင်ငံရဲ့  image ကို အများကြီး ထိခိုက်ပါတယ်။ ပြည်ပအနေနဲ့လည်း အမြင်တိမ်းနိုင်သလို၊ ပြည်တွင်းမှာ ပြည်သူလူထုကလည်း လုံခြုံမှုမရှိဘူးပေါ့။ ကျောင်းကန်ဘုရားတို့၊ လူစည်းကားတဲ့အရပ်တွေသွားဖို့လည်း တော်တော်လေးကို စိုးရိမ်နေကြတယ်။ မကြာခင်မှာပဲ ပွဲတော်ကြီး (၃) ခုက ကျနော်တို့ဆီမှာ တပတ်အတွင်းမှာ ကျင်းပတော့မယ်။ (၁၉) ရက်နေ့မှာ သီတင်းကျွတ်လပြည့်နေ့။ ဒါက မြန်မာနိုင်ငံရဲ့  အမွန်မြတ်ထားတဲ့နေ့။ နောက်တခါ …၊ နောက်တခါ အခြားဘာသာဝင်တခုပေါ့။ ပွဲတော်တွေကလည်း ဆက်တိုက်ရှိနေတဲ့အချိန်။ ဒီထက်ပိုဆိုးတာက အရှေ့ တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲကလည်း နိုင်ငံအနေနဲ့ ဂုဏ်ယူစရာပွဲပေါ့။ နောက်တခါ အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့ ၂၀၁၄ မှာ ယူထားတယ်ဆိုတော့ ဘက်စုံခြုံကြည့်မယ်ဆိုရင်တော့ ကျနော်တို့အမြင်နဲ့ မြင်တာက နိုင်ငံတကာအမြင်နဲ့ ကျနော်တို့ image က မကောင်းဘူးဗျ။ ပေါက်တာက တောင်ငူက စလိုက်ပြီး (၃) ရက်ဆက်တိုက်မှာ ပဒေသာလို ပေါက်နေတာပေါ့။ ပေါက်တဲ့အခါမှာ လူအထိအခိုက် အနည်းအများ ရှိတာမရှိတာထက် ပိုဆိုးတာက ရန်ကုန်မြို့ မှာ အထင်ကရ နာမည်ကြီးတဲ့ Trader ဟိုတယ်။ နိုင်ငံခြားသားတွေ လာတည်တဲ့နေရာမှာ ဒီလိုဖြစ်တယ်ဆိုတာကတော့ ကျော်မကောင်းကြားမကောင်း ဖြစ်တာပေါ့။

ဦးကျော်ဇံသာ ။ ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုတော့ ထိခိုက်မှု ရှိနိုင်ပါမလား။

မောင်သွေးသစ် ။ ။ Trader ပေါက်လိုက်တဲ့ကိစ္စကတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုတော့ ကြီးစွာတုန်ခါသွားလိမ့်မယ်လို့ ထင်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေက လာရောက်ဝင်ရောက်မှုက ရာခိုင်နှုန်းများတယ်ဆိုပြီး ကျနော်တို့က ဂုဏ်ယူနေတဲ့ကာလမှာ နောက်တခါ တိုင်းပြည်က ပွင့်လင်းရာသီလည်းရောက်ပြီ၊ ပွဲလမ်းရာသီလည်း ရောက်တဲ့ရာသီမှာ နိုင်ငံတကာခရီးသွားတွေရဲ့  စိတ်ဝင်စားမှုကို အထူးခံစားနေရတဲ့အချိန်မှာ အခုလို ဖြစ်တဲ့အတွက် အများကြီးထိခိုက်တယ်။

ဦးကျော်ဇံသာ ။ ။ အခုဆက်လက်ပြီးတော့ NHK သတင်းဌာနရဲ့  သတင်းထောက် ကိုသီဟသွယ်ရဲ့  သဘောထားကို ကြည့်ကြအောင်ပါ။

ကိုသီဟသွယ် ။ ။ အဲဒီဖြစ်တဲ့နေ့က ကျနော်က ကေအိုင်အေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရှိနေတဲ့အခါကြတော့ ကေအိုင်အေနဲ့ ဆွေးနွေးပြီးရင် tension တွေ ကျသွားပြီးတော့ အခြေအနေကောင်းပြီလို့ တွေးထားတာ။ ဒါပေမဲ့ သူတို့ပြီးတဲ့ နောက်ရက်မှာပဲ တောင်ငူကနေ ဗုံးကွဲတာ တော်တော်လေး အံ့သြတယ်။ အံ့သြတယ်ဆိုပေမယ့် ကျနော်တို့ သမိုင်းကြောင်းနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဒီလို ဗုံးကွဲမှုမျိုးက ရိုးမတကျော လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတွက် သိပ်တော့လည်း မအံ့သြဘူး။ ဒါပေမဲ့လဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တောက်လျှောက်ဖြစ်နေလျက်နဲ့ အဲဒီလို ဒီလိုကိစ္စမျိုးတွေ ဖြစ်သလဲဆိုပြီးတော့ တွေးစရာတော့ ဖြစ်တာပေါ့။ ကျနော်တို့အားလုံး အဓိက အံ့သြသွားတာက Trader လို နေရာမျိုးတွေကို ပစ်မှတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ Trader က ကျနော်တို့တိုင်းပြည်မှာ တကယ့် အထင်ကရ ဟော်တယ်ကြီးလည်းဖြစ်တယ်။ နောက်တခါ တကယ့်ကို ဧည်ကောင်းတွေတည်တယ်။ စီးပွားရေးသမားတွေ၊ နိုင်ငံတကာကလာတဲ့ တရားဝင်လာတဲ့ state visit လိုမျိုးတွေ တည်တဲ့နေရာမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီနေရာကို ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်လည်း စေ့စပ်ထားတဲ့အဖွဲ့ကို ကျနော်တို့ တော်တော်လေး စဉ်းစားရကြပ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ ဗုံးဖောက်ခွဲလိုက်ခြင်းအားဖြင့် အခုဆိုပဲ ကျနော်တို့ ကြားနေရပါပြီ၊ Booking တွေ cancellation လုပ်ကြတယ်။ စီးပွားရေးအရ tourism ကို တိုက်ရိုက်ထိခိုက်တယ်။ နောက်တခုက ပိုဆိုးတာက တိုင်းပြည်ရဲ့  image - တိုင်းပြည်က အခုဆိုရင် အာဆီယံဥက္ကဋ္ဌလည်း ဖြစ်ပြီ။ အာဆီယံနဲ့ ပတ်သက်တဲ့ meeting တွေ အများကြီးလည်း ကျင်းပဖို့ရှိတယ်။ နောက်တခါ အနီးစပ်ဆုံးက Sea Game - နိုင်ငံတကာက ဧည်သည်တွေ အများကြီးလာမယ်။ ဒီလိုမျိုး ဗုံးတလုံးတလေ ကွဲတာမဟုတ်ဘဲနဲ့ ရက်ဆက်ဆိုသလို ဗုံးတွေတွေ့တယ်။ ဗုံးလန့်မှုတွေဖြစ်တယ်။ ဒီလိုမျိုး လုံခြုံရေးအားကောင်းတဲ့ နေရာမှာ ဖောက်ခွဲချလိုက်တာဟာ နိုင်ငံတကာက လာမယ့်ဧည်သည်တွေ၊ Delegation တွေ အားလုံးကို မလုံခြုံဘူး၊ လာဖို့ မသင့်ဘူးလို့ message ပေးသလို ဖြစ်သွားတယ်။ ဆိုတော့ ကျနော်တို့ တိုင်းပြည်အတွက် ဒီဗုံးပေါက်ကွဲမှုက ထိခိုက်မှုက လူသေလောက်အထိ မဖြစ်ပေမဲ့လဲ ဖြစ်ပွားတဲ့နေရာနဲ့ အနေအထားနဲ့ အချိန်ကာလက တော်တော်လေး တိုင်းပြည်အတွက် ထိခိုက်စရာဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလောက် အလားအလာကောင်းနေတယ်လို့ ပြောရမယ့်အချိန်။ လူတွေကလည်း ရင်တမမနဲ့ ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်ပါစေ၊ ရှေ့ ကိုဆက်ပြီးတော့ အရှိန်ဟုန်ပြင်းပြင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ပါစေလို့ လူတိုင်းက မျှော်လင့်စောင့်စားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီလိုအချိန်မှာမှ ဒီဟာကို ဘာဖြစ်လို့ ဘယ်သူတွေက ရည်မှန်းချက်နဲ့ လုပ်နေကြတယ်လို့ ထင်ကြပါသလဲ။ ဆရာ မောင်သွေးသစ် အရင်ပြောပါ။

မောင်သွေးသစ် ။ ။ အဲဒါကတော့ မနေ့က သက်ဆိုင်ရာ ဖြေကြားပုံအရဆိုလို့ရှိရင် အရင်တုန်းက ဖြစ်ပြီဆိုရင်တော့ တောတွင်းလက်နက်ကိုင်တွေကို လက်ညှိုးညွှန်လေ့ရှိတယ်။ ကေအန်ယူ၊ ဗကပ၊ အေဘီအက်စ်ဒီအက်ဖ် တို့ပေါ့။ ဒါပေမဲ့ အဲဒီလူတွေက အခု ငြိမ်းချမ်းရေး dialogue လုပ်နေတဲ့အချိန်ကြတော့ သူတို့ လက်ညှိုးညွှန်ဖို့က ခက်တယ်။ သို့သော် ကျနော်တို့ ဒီမှာ သုံးသပ်နေတာကတော့ ပြုပြင်ပြောင်းလဲရေးကို လက်မခံတဲ့ လူတစုကနေပြီးတော့ ဆူပူမှုကို လုပ်နေသလား။ နောက်ပြန်လည့်ချင်တဲ့ လူတစုကပဲ ဆူပူမှုတွေကို ချိန်ကိုက်ဖန်တီးနေသလား။ နောက်တချက် စဉ်းစားရမှာက ပေါက်ကွဲတဲ့ ဗုံးတွေက နိုင်ငံခြားကလာတဲ့ ဗုံးတွေမဟုတ်ဘူး။ ပြည်တွင်းမှာပဲ လုပ်ပြီးတော့ ပြည်တွင်းမှာပဲ လေ့ကျင့်ပြီးတော့ အတွေ့အကြုံများတဲ့ လူတွေကလုပ်တယ်ဆိုပြီးတော့ သက်ဆိုင်ရာက ပြောတယ်။ အဲဒီတော့ ကျနော်တို့ ယူဆတာကတော့ ဒီလုပ်ကိုင်မှုက စနစ်တကျနဲ့ ဖြန့်ချက်ပြီးတော့ နေရာအနှံကို ခြိမ်းခြောက်နေတဲ့၊ နှောက်ယှက်နေတဲ့၊ အဟန့်အတားဖြစ်နေတဲ့ လုပ်ဆောင်မှုတရပ်ပဲဖြစ်တယ်လို့ ကျနော်ယူဆတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလို တိုးတက်မှုကို မလိုလားတဲ့ လူတစုက လုပ်တယ်ဆိုတဲ့ကိစ္စက ဒီကိစ္စတင်မကပါဘူး။ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေကိုလည်း ဒီလူတစုက ဟိုနေရာ ဒီနေရာ လည့်ပြီးဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ ပြောတဲ့ဆိုတဲ့ အသံတွေကို မကြာခဏ ကြားနေရပါတယ်။ အဲဒါ ဘယ်သူတွေလဲဆိုတာကို လက်ညှိုးထိုးပြီးတော့ အမှန်တကယ်ဖော်ထုတ်ပြီး အရေးယူဖို့ မဖြစ်နိုင်ဘူးလား။

မောင်သွေးသစ် ။ ။ သမ္မတကြီး ရခိုင်ခရီးစဉ်သွားတဲ့အချိန်ကလည်း ဒါကလည်း ချိန်ကိုက်ပြီး လုပ်တယ်။ အဲဒီလူတွေကတော့ ကျနော်တို့ ရန်ကုန်မှာနဲ့ သတင်းဌာနတွေမှာ အများကြီး ထွက်ပေါ်နေတဲ့သတင်း ဖြစ်ပါတယ်။ ယူဆချက်၊ ကောက်ချက်တွေပါပဲ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလူတစုကို ဘာကြောင့် တိတိကျကျ ဖော်ထုတ်ပြီး အရေးမယူနိုင်သလဲ။

မောင်သွေးသစ် ။ ။ အဲဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မိတ္ထီလာက စရမှာပဲ။ မိတ္ထီလာ၊ ရခိုင်မောင်တောကနေ ဖမ်းဆီးထားတယ်။ ဖမ်းဆီးထားတယ်ဆိုလို့ရှိရင် မိထားတဲ့ တရားခံတွေကို စစ်ကြောမေးမြန်းလိုက်လို့ရှိရင် သူတို့နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့လူတွေကို ဖော်ထုတ်လို့ ရရမှာပေါ့။ အခုက စစ်ဆေးမေးမြန်းတာပဲရှိတယ်။ နောက်ကနေ ကြိုးကိုင်နေတဲ့ Godfather သို့မဟုတ် Group ကို ဘာကြောင့် မပြောနိုင်တာလဲ။ အဲဒါကလဲ စဉ်းစားစရာတချက်ပါ။ ဒါက တခါတရံမှ ဖြစ်တာမဟုတ်ဘူး။ အမြဲတမ်း ဖြစ်နေတာပဲ။ ဖြစ်နေတာကို ဘာကြောင့် မဖော်ထုတ်နိုင်သလဲဆိုတာကို သက်ဆိုင်ရာက ဖြေရှင်းဖို့ ကောင်းတာပေါ့။

ဦးကျော်ဇံသာ ။ ။ ဆရာသီဟသွယ်ရဲ့  သဘောထားကို ဆက်ပြောပါ။

ကိုသီဟသွယ် ။ ။ အဓိကတော့ နှစ်ချက်မြင်တယ်။ တချက်က ပထမဦးဆုံး တောက်လျှောက်ကြည့်လာတာ ဘာမြင်သလဲဆိုတော့ ကျနော်တို့ ဗုံးနေရာအများအပြား၊ public နေရာတွေမှာ တွေ့တဲ့ဟာမျိုးတွေ ဖြစ်တဲ့အခါကြတော့ public panic ဖြစ်အောင်၊ လူထု မတည်ငြိမ်သလို ခံစားရအောင်၊ လူထု ကြောက်ရွံထိတ်လန့်စိုးရိမ်နေအောင် လုပ်သလား။ အဲဒီ ရည်ရွယ်ချက်တခုကို သတိထားမိတယ်။ လူတွေအားလုံးက တယောက်နဲ့တယောက် သံသယတွေဖြစ်မယ်။ ကျနော်တို့ လူ့အဖွဲ့အစည်း မတည်မငြိမ် ဖြစ်မယ်ဆိုလို့ရှိရင် ဘယ်သူမှ ရင်းနှီးမြှုပ်နှံချင်မှာ မဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံလို့ ကောင်းမှာမဟုတ်ဘူး။ ဆိုတော့ မတည်ငြိမ်သေးတဲ့ အကျိုးဆက်တွေ အများကြီး ကျနော်တို့ ဖြစ်လာနိုင်မယ့်ဟာကို ပထမဦးဆုံး သတိထားမိတယ်။ လုပ်တဲ့လူရဲ့  ရည်ရွယ်ချက်က ဒါလားပေါ့။ Trader လို နေရာမျိုးကို လုပ်လိုက်တယ်ဆိုတော့ ဒီထက်ပိုပြီး ကြီးမားတဲ့ ရည်ရွယ်ချက်ကို သွားတွေ့တယ်။ အဲဒါက နိုင်ငံတကာက ဧည်သည်တွေ မလာရဲအောင်။ နိုင်ငံတကာက delegation တွေ လာဖို့မသင့်တော်ဘူးလို့ ထင်အောင်။ နိုင်ငံတကာက အစည်းအဝေးတွေ ကျင်းပဖို့ကို ဖြစ်ပါ့မလားဆိုတဲ့ သို့လောသို့လော အတွေးတွေဝင်အောင် လုပ်သလားဆိုတဲ့ နောက်ထပ်ရည်ရွယ်ချက်တခုကို ဆက်တွေ့တယ်။ အဲဒီ ရည်ရွယ်ချက်ကတော့ ကျနော်တို့ သတင်းထောက်လုပ်ခဲ့တဲ့သမိုင်း၊ သိမှီတဲ့သမိုင်းမှာ ပထမဦးဆုံး ဒီလို ရည်ရွယ်ချက်ထားတာကို တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဘယ်သူတွေက လုပ်သလဲဆိုတာကို စဉ်းစားမိကြပါသလား။ သတင်းထောက်အသိုင်းအဝိုင်း၊ သတင်းလောက က။ သုံးသပ်ကြသလား။

ကိုသီဟသွယ် ။ ။ အခုဟာက ခေတ်ကလဲ သိတဲ့အတိုင်း transitional period မှာ အများကြီး ပြဿနာတွေရှိတယ်။ ဆိုတော့ အဖွဲ့ဟောင်းတွေ ရှိသလို၊ အဖွဲ့သစ်တွေလည်း ရှိလာတယ်။ ဂိုဏ်းကွဲတွေလည်း ရှိလာတယ်ဆိုတော့ ပြောရမှာတော့ ခက်တယ်။ အရင်တုန်းက လုပ်ခဲ့တဲ့ အဖွဲ့အစည်းကလည်း မလုပ်တော့ဘူး။ ဒါပေမဲ့ အဲဒီအဖွဲ့အစည်းတွေက transition မှာ အစိုးရကိုယ်တိုင်က နှစ်ပိုင်းကွဲနေသလို ဖြစ်နေတယ်။ Hardliner နဲ့ Softliner ရှိသလို၊ အတိုက်အခံ၊ ဒီမိုကရေစီအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်း၊ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာလည်း Hardliner နဲ့ Softliner ရှိတယ်ဆိုတော့၊ တော်တော်ပြောရခက်တယ်။ ဒါပေမဲ့ ထူးခြားတာက နိုင်ငံရေးပစ်မှတ် မဟုတ်ဘူး။ အဓိက စီးပွားရေးပစ်မှတ်။ အဓိက ဒီတိုင်းပြည်မှာ လုံခြုံရေးအရ မလုံခြုံဘူး။ နိုင်ငံတကာက လာပြီးတော့ စီးပွားတွေလုပ်ဖို့ မသင့်တော်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးကိုဆောင်တဲ့ တိုက်ခိုက်မှုမျိုး သဘောဆောင်တယ်။ ဆိုတော့ ကျနော်က စဉ်းစားတာက ဒီရည်ရွယ်ချက်က ပြည်တွင်းမှာရှိတဲ့ အတိုက်အခံက ရည်ရွယ်မလား။ ဒါမှမဟုတ် စီးပွားရေးအရ တခြား နိုင်ငံတကာ Relationship သဘောအရ ကျနော်တို့ တိုင်းပြည်ကို မလိုလားတဲ့၊ ဒါမှမဟုတ် ကျနော်တို့တိုင်းပြည်ကို ဒီအဆင့်မျိုး မရောက်ရှိအောင် ဖြစ်စေချင်တဲ့ အဖွဲ့အစည်းတခုက လုပ်သလား။ ကျနော်က ဘယ်လိုတွေးသလဲဆိုတော့ အပြင်က အဖွဲ့အစည်းလား။ အတွင်းက အဖွဲ့အစည်းဆိုရင်လည်း အပြင်ကို အခြေခံတဲ့ အဖွဲ့အစည်းလားပေါ့။ ကျနော်တို့ မြင်နေတဲ့အမြင်က အပြင်ကို ပိုပြီးသတိထားမိတယ်။ ရည်ရွယ်ချက်သည် ကျနော်တို့ တိုင်းပြည်ထဲမှာနေတဲ့ လူတွေက စဉ်းစားတယ့် စဉ်းစားပုံ စဉ်းစားနည်းမျိုး မဟုတ်ဘူးလို့ မြင်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ ကလဲ မကြာသေးခင်က ဗုံးပေါက်ကွဲမှုတွေ မတိုင်ခင်ဘဲ ဘာသာရေးဆန်ဆန်၊ လူမျိုးရေဆန်ဆန် အဓိကရုဏ်းတွေလည်း ဖြစ်တယ်။ အဲဒီကိစ္စတွေမှာလည်း တိုင်းပြည်တိုးတက်မှုကို မလိုလားတဲ့လူတွေက နောက်ကကြိုးကိုင်နေတယ်။ လောလောဆယ် ဖြစ်ပွားမှုမှာ ပါဝင်တဲ့လူတယောက်ကို ဖမ်းမိတာ၊ နောက်က ကြိုးကိုင်နေတဲ့ လူတွေကို မမီဘူးဆိုပြီး လူတွေ သုံးသပ်တာရှိပါတယ်။ အဲဒါတွေနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါသလား။

ကိုသီဟသွယ် ။ ။ ကျနော်တကိုယ်ရည်အမြင်က ဘယ်လိုရှိသလဲဆိုတော့ ဒီလိုမျိုး လူမျိုးပဋိပက္ခတွေ ဖြစ်တဲ့အခါမှာ သဘာဝအလျောက်ဖြစ်တာ ရှိသလို၊ သဘာဝအလျောက်မဟုတ်ဘဲ နောက်ကဖန်တီးပြီး ဖြစ်တာတွေရှိတယ်။ ဆိုတော့ ကျနော်ပြောချင်တာက ကျနော်တို့တိုင်းပြည်မှာ အားပြိုင်နေတဲ့ နိုင်ငံရေးအုပ်စုတွေ အများကြီးရှိတယ်။ လက်နက်ကိုင်အုပ်စုတွေ အများကြီးရှိတယ်ဆိုတော့ ဒီလိုမျိုး မီးတောက်ရှိတဲ့အခါမျိုးမှာ ဒီလိုမျိုး ပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေ အရမ်းကြီးမားနေတဲ့အချိန်မှာ ဒီဟာကို လိုသလို ကြိုက်တဲ့ရည်ရွယ်ချက်နဲ့ သုံးလို့ရတဲ့ အနေအထားရှိတဲ့အတွက် တခုခုကို ပြောဖို့အရမ်းခက်တယ်။ ဒါပေမဲ့ အခု ဗုံးပေါက်ကွဲမှုတွေ ရှိတဲ့အခါမှာ မြန်မာနိုင်ငံဒေသ အနှံအပြားမှာ ဖြစ်တယ်ဆိုတော့ ကွန်ရက်က ကြီးတယ်လို့ ပြောလို့ရတယ်။ ရည်ရွယ်ချက်ကြီးတယ်၊ ကွန်ရက်ကြီးတယ်။ လုံခြုံရေးကို နားလည်းတယ်။ နောက်တခုက Trader မှာ ဖြစ်တယ်ဟာဆိုရင် အတော်အံ့သြတယ်။ လုပ်တဲ့လူက သေချာပေါက် security camera မှာ ပါနိုင်တယ်။ သူ့ရဲ့  identity ကိုပြရတဲ့အတွက်ကြောင့် သူကိုလည်း အလွယ်တကူ ခြေရာကောက်နိုင်တယ်။ ဒါကိုသိသိနဲ့ ဘာဖြစ်လို့ လုပ်သလဲဆိုတဲ့ဟာကိုလည်း ထည့်စဉ်းစားရတယ်။ တချို့ ကလည်း အာဏာပိုင်နဲ့ ပတ်သက်နေတယ်လို့ တွက်ကြတာပေါ့။ အဲဒီမှာ ထည့်တွက်ရမယ့် အကြောင်းအရာတွေ အများကြီးရှိတယ်ဆိုတော့ ဒီတခေါက်တော့ တော်တော်လေး ခန့်မှန်းရခက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဖြစ်ရပ်မှန် အမှန်တကယ် ပေါ်ပေါက်လာလိမ့်မယ်၊ လက်သည်တရာခံကို တကယ် အတိအကျ ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါသလား။

ကိုသီဟသွယ် ။ ။ ကျနော်ကတော့ ဒီအချိန်မှာတော့ ဖော်ထုတ်သင့်ပြီလို့ ထင်တယ်။ ဒါပေမဲ့ ဒီကိစ္စတော်တော်များများက ကျနော်တို့ တိုင်းပြည်မှာ လူတွေက ပြောစမှတ်ရှိတယ်။ ဗုံးပေါက်ကွဲမှု တော်တော်များများက ဘယ်တော့မှ မပေါ်ဘူး။ အဲဒီလိုပဲ ဖြစ်မယ်။ ပေါ်တယ်ဆိုရင်တောင်မှ ပိုက်ဆံပေးလို့ ခွဲရပါတယ်ဆိုတဲ့နေရာမှာ ရပ်သွားတာများတယ်။ ပိုက်ဆံရလို့၊ ငွေရေးကြေးရေး အကျိုးအမြတ်ရှိလို့ ကျနော်တို့ကို အမည်မသိ ပုဂ္ဂိုလ်ကနေ ခိုင်းလို့။ ဒါလေး ဒီမှာထားပေးပါဆိုလို့ ထားပေးရပါတယ်ဆိုတာနဲ့ ကိစ္စနဲ့ နောက်ဆုံးသွားတာများတဲ့အတွက်ကြောင့် တကယ် နောက်က ဘာကြောင့် လုပ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိဘူး။ ဒီတကြိမ်လည်း ဒီလိုဖြစ်သွားမယ်ဆိုရင်တော့ နောက်ထပ်ဒီလို ဖြစ်ဆင်မျိုးကို ဖိတ်ခေါ်တာနဲ့ အတူတူပါပဲ။

ဦးကျော်ဇံသာ ။ ။ လွတ်လပ်ရေးရပြီစ မြန်မာနိုင်ငံရဲ့  မတည်မငြိမ်တဲ့ အခြေအနေကို ဆရာမြတ်ထန် က တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် တင်စားမှတ်တမ်းတင်ခဲ့ဘူးပါတယ်။ အခုအခါမှာလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုတာ သီးကင်းနုစအရွယ်တောင် မရောက်နိုင်တဲ့အချိန်မှာ တိုက်ခိုက်လာနိုင်တဲ့ မုန်တိုင်းရဲ့  အတိုင်းအတာနဲ့ တိုင်းပြည်ရဲ့  အန္တရာယ်ကို တာဝန်ရှိသူတွေသာမက ပြည်သူလူထုတရပ်လုံးက နိုးနိုးကြားကြား နဲ့ သတိထားနိုင်ကြမှ တော်ရာကြမယ်လို့ ထင်မိပါကြောင်း ပြောကြလိုပါတယ်။

Voa burmese

"ယခင် န၀တ အစိုးရလက်ထက်ဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်အေဘယ်နှင့် သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ် ရဲ့အဖေ၊ ယခင်စာပေစိစစ်မှ ဗိုလ်မှူးတင့်ဆွေတို့ရဲ့ အဖေတွေ တက်ရောက်ခဲ့တဲ့ ကမ္ဘာကျော်ဆင်းဟတ်စစ်တက္ကသိုလ်မှာလူထုခေါင်းဆောင် မိန့်ခွန်းပြောမယ်ဆိုတော့.....သူမရဲ့ စစ်ရေးအမြင် ဘယ်လောက်ရှိတယ်ဆိုတာလည်းခန့်မှန်းလို့ရနိုင်ပါလိမ့်မယ်.."

( မြန်မာ့ထိပ်တန်းတပ်မတော်သားများ စစ်ပညာသင်ယူခဲ့ကြသော ကမ္ဘာကျော်ဆင်းဟတ်စစ်တက္ကသိုလ်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည် ) မြန်မာပို့စ်ဂလိုဘယ် အမှတ် (၁၃၁)

မြန်မာဒီမိုကရေစီခေါင်းဆောင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ယခုလကုန်ပိုင်းတွင်သွားရောက်မည့် အင်္ဂလန်ခရီးစဉ်အတွင်း ကမ္ဘာကျော် ဆင်းဟတ်စစ်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး အိုင်ယာလန်နိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တို့အတွက် ဆွေးနွေးမည်ဖြစ်ကြောင်း အင်ဒီပန်းဒင့်သတင်းစာက ဖော်ပြသည်။

အဆိုပါဆင်းဟတ်တက္ကသိုလ်သည် မြန်မာနိုင်ငံမှ ထင်ရှားသော ထိပ်တန်းတပ်မတော်သားများ လွတ်လပ်ရေးမရမီကာလ ၁၉၄၇ ခုနှစ်ကတည်းက စစ်ပညာသွားရောက်သင်ကြားခဲ့ရာ ထိပ်တန်းစစ်တက္ကသိုလ်ကြီးတစ်ခုဖြစ်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူတို့က ပြောသည်။

မြန်မာနိုင်ငံမှ စစ်ပညာသွားရောက်သင်ကြားခဲ့ကြသူများအနက် လက်ရှိအချိန်တွင် အကြောင်းကြောင်းကြောင့် လူသိများကြသူများမှာ ၁၉၄၉ ခုနှစ်တွင် ဗိုလ်လောင်းရွှေသန်း ( လက်ရှိပြန်ကြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးနှင့် သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ဖခင်ဖြစ်ပြီး မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း) ၁၉၅၂ ခုနှစ်တွင် ဗိုလ်လောင်းခင်မောင်တင့် (ယခင်စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ညွှန်ကြားရေးမှူးနှင့် ယခု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ(ဗိုလ်မှူးဟောင်း) ၏ဖခင်) နှင့် ၁၉၅၂ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ စစ်ပညာသွားရောက်သင်ကြားခဲ့သော ယခင် န၀တ အစိုးရလက်ထက် ၀န်ကြီးဟောင်း ဗိုလ်မှူးချုပ်အေဘယ်လ် တို့မှာ ထင်ရှားသည်။

ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် ကို ၁၇၂၀ ကတည်းကစတင်ထူထောင်ခဲ့ပြီး ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားသော စစ်တက္ကသိုလ်ကြီးများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ အဆိုပါတက္ကသိုလ်တွင် တက်ရောက်နေသည့် ၉၀ ရာခိုင်နှုန်းမှာ ဗြိတိန်တပ်မတော်သားများဖြစ်ကြပြီး နိုင်ငံရပ်ခြားမှ လာရောက်ပညာသင်ကြားသူ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။ ယင်းတက္ကသိုလ်တွင် စပိန်ဘုရင် အယ်ဖွန်ဆို-၁၂ ၊ ထိုင်းဘုရင် ဗာဂျီယာရာဘတ်၊ ဂျော်ဒန်ဘုရင် ဟူစိန်၊ ဆော်ဒီ၊ ကာတာ ၊ ကူဝိတ်၊ ဘာရိန်းနှင့် ဂျော်ဒန်တို့မှ ဘုရင်နှင့် မင်းညီမင်းသားများ၊ အိန္ဒိယစစ်ဦးစီးချုပ်၊ နီပေါလ် စစ်ဦးစီးချုပ်၊ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း ဆာဝင်စတန်ချာချီ၊ ဂျိမ်းစဘွန်းစာရေးစရာ အီရန်ဖလင်းမင်း စသည့် ကမ္ဘာအရပ်ရပ်မှ ထိပ်တန်းပုဂ္ဂိုလ်များ တက်ရောက်ပညာသင်ကြားခဲ့သည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်သို့ရောက်ရှိစဉ် အောက်တိုဘာ ၂၂ ရက်တွင် လန်ဒန်မှ ၀ါရင့်နိုင်ငံရေးခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ပြင်သစ်၊ ဘယ်လဂျီယံနှင့် လူဇင်ဘတ်နိုင်ငံများသို့ ခရီးဆက်လက်ထွက်ခွာမည်ဖြစ်ကာ Strasboury မြို့တွင် ဥရောပပါလီမန်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ အီတလီနိုင်ငံသို့လည်း သွားရောက်ရန်မျှော်လင့်ထားကြောင်းလည်း သိရသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာကျော်ဆင်းဟတ်စစ်တက္ကသိုလ် သို့ရောက်ရှိစဉ်တွင် ဗိုလ်လောင်းများလေ့ကျင့်နေသည်ကို ကြည့်ရှုလေ့လာမည်ဖြစ်သည်။

ယခုနှစ်အစောပိုင်းက ဗြိတိန်နိုင်ငံက မြန်မာနှင့်စစ်ရေးဆက်ဆံ မှုများ ပြန်လည်စတင်မည်ဟုကြေငြာခဲ့ခြင်းကြောင့် လူထုခေါင်းဆောင်၏ အဆိုပါခရီးစဉ်မှာ အငြင်းပွားဖွယ်ရာကိစ္စရပ်များရှိလာနိုင်ကြောင်း အင်ဒီပန်းဒင့်သတင်းစာက သုံးသပ်ဖော်ပြသည်။

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ဃ တွင် နိုင်ငံတော် သမ္မတသည် နိုင်ငံတော်ရေးရာများဖြစ်သော နိုင်ငံရေး ၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေးအမြင်များရှိရမည်ဟူသော အချက်ပါဝင်သည်။ ယင်းအချိန်တွင် မြန်မာ့ဒီမိုကရေစီမီးရှူးတန်ဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကမ္ဘာကျော်စစ်တက္ကသိုလ်ကြီးတစ်ခုတွင် မိန့်ခွန်းပြောကြားပေးရန် ပန်ကြားခံရခြင်းသည် သူ၏ စစ်ရေးအမြင်အပေါ် များစွာအသိအမှတ်ပြုရာရောက်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူတို့က သုံးသပ်သည်။

လေးစားလျက် .
Than Htaik Thu

ဘွဲ့ရ အမျိုးသမီးတွေကို စစ်တပ်ကဗိုလ်လောင်းအဖြစ်နဲ့ခေါ်နေသတဲ့ ..ရုတ်တရက်ကြည့်ရင် ၀မ်းသာစရာ၊အလုပ်မရှိသေးတဲ့ ဘွဲ့ရအမျိုးသမီးတွေတော့ပျော်စရာ ဘ၀ အတွက် အခွင့်အလမ်း လို့ ယူဆလို့ရတာပေါ့ ..အပေါ်ယံပိုင်းကကြည့်ရင်လဲမှန်သလိုပဲ၊တပိုင်းကပြန်ကြည့်ရင်တော့ ..သတိထားရမှာက တပ်ထဲမှာမရောက်ခင်တုန်းကတော့ တမျိုးပြော၊ တမျိုးလုပ်ပြီး တပ်ထဲအတွင်းစည်းထဲရောက်ပြီဆိုရင် အမိန့်တွေတပ်စည်းကမ်းဆိုတဲ့ စကားလုံးတွေနဲ့အပိုင်ချည်တော့တာပဲ..ဆိုတာကိုတော့ ကြိုပြီးသိထားဖို့လိုတယ်၊

ဒီ စစ်သူနာပြု ဟာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကမြန်မာနိုင်ငံအမျိုးသမီးသူနာပြုအသင်းမှာ ဥက္ကဌ လုပ်ခဲ့ဖူးသေးတယ်၊အဲဒီအရှိန်ကို ယူပြီး ဗိုလ်နေ၀င်းသူ့လက်ထက်လဲရောက်ရော စစ်သူနာပြု Nursing cadet ဆိုပြီးအမျိုးသမီးတွေကိုခေါ်ပါတော့တယ်၊ဗိုလ်နေ၀င်းအာဏာသိမ်းပြီး ဆိုရှယ်လစ်စံနစ်ကို အသက်သွင်းတော့လဲ ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်ဆိုပြီးဝါဒဖြန့်၊နောက်မှထင်ရာလုပ်တော့တာပဲ၊

အဲဒီကစပြီး တိုင်းပြည်မှာလဲရုံးထဲက ပန်ကာအောက်ထိုင်ပြီးသူခိုးကြီးတွေဖြစ်၊ ဌာနဆိုင်ရာ
က ၀န်ထမ်းတွေကလဲ အေးဓါးမြတွေဖြစ်၊အကျင့်ပျက်လာဒ်စားပြီးတိုင်းပြည်မွဲလာတာယနေ့ထိပဲ၊
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကို ဂုဏ်ပြုသလို လို နဲ့စတင်ခဲ့ပြီး နောက်တော့ ဗိုလ်နေ၀င်းသမီးစန္ဒာဝင်း
က အရင်ဆုံး တပ်ထဲမှာအရာရှိဖြစ်တာပဲ၊ အပြင်ကထက် တပ်အသိုင်းအ၀န်းထဲက..သို့မဟုတ်...တပ်နဲ့
အနီးကပ်ပတ်သက်တဲ့ သူမှ ရွေးပါတယ်၊ နောက်တော့လာဒ်ထိုးပြီးဝင်ရတဲ့အခြေနေပါ။

အဲဒီစစ်သူနာပြုအမျိုးသမီးတွေက အပြင်ကအရပ်သားကို မယူရဘူးဆိုပြီးတပ်တွင်းစည်းကမ်း ထွက်လိုက်သေးတယ်၊တပ်စည်းကမ်းကလဲလိပ်ခေါင်းရောဂါ လိုပဲ ထွက် လာလိုက် ပြန် ၀င်သွားလိုက်ပါပဲ။.
..တပ်ကအထက်ကလူကြီး တွေ မူးမူးရူးရူးနဲ့ ပါးစပ်ထဲတွေ့တာကို ထုတ်ပြောရင်အမိန့်ဖြစ်တယ်၊
စည်းကမ်းဖြစ်တယ် ဆိုတာ အခုအမျိုးသမီးဗိုလ်လောင်းလုပ်ချင်တဲ့အမျိုးသမီးများ သိထားသင့်တယ် ဆိုတာပဲ။

ဗိုလ်နေ၀င်းသမီး စန္ဒာဝင်းက...ဆယ်တန်းမှာ ALL D ထွက်တယ်ဆိုပြီးဆေးကျောင်းတက်တယ်ပေါ့၊
နိုင်ငံခြားပညာသင် ၄ ဦးလား ၆ ဦးလားမသိဘူး၊စန္ဒာဝင်းတယောက်ပဲ အရည်အချင်းမမှီလို့ အင်္ဂလိပ်စာကို
အခြေခံကစပြီးပြန်သင်ရမယ်ဆိုပြီး ပြန်လွှတ်တယ်လို့အပြင်မှာအသံထွက်ခဲ့ပါတယ်၊နောက်တော့ ဗိုလ်နေ၀င်းကမြန်မာနိုင်ငံပညာရေးကို အင်္ဂလိပ်စာကို သူငယ်တန်းက စပြီးသင်ရမယ်ဖြစ်လာတယ် ။အင်္ဂလိပ်စာကိုသူငယ်တန်းက စ သင်ရမယ်ဆိုတာ အဲဒီက စ လာတာ...ကျနော်တို့ တုန်းက အင်္ဂလိပ်စာကို ငါးတန်းရောက်မှအေ ဘီ စီ ဆိုပြီး စသင်ရတယ်။ အခုသူငယ်တန်းက စပြီး အင်္ဂလိပ်စာသင်နေရတဲ့ ကလေးအများစုကကျနော်တို့ ငါးတန်းမှ အင်္ဂလိပ်စာ သင်ရတဲ့သူတွေထက် ပိုညံ့လာတယ်၊ စဉ်းစားစရာပေါ့ ..အဲဒီနောက် စန္ဒာဝင်းလဲ ဘာမသိညာမသိ ဆရာဝန်ကနေ တပ်ထဲရောက်ပြီး ဗိုလ်မှုးစန္ဒာဝင်းဖြစ်တော့တာပဲ ။

အရင်ကတော့ ဆယ်တန်းအောင်ပြီးဝင်ရင် သင်တန်းသုံးနှစ်လားမသိဘူး၊နဲနဲမေ့နေလို့.. မင်္ဂလာဒုံစစ်ဆေးရုံနဲ့အမှတ် ( ၁ ) စစ်ဆေးရုံမှာစာတွေ့လက်တွေ့ တက်ရတယ်။ သင်တန်းပြီးရင် ဒုဗိုလ် ..တပွင့် ပေါ့ ..နောက်အပြင်အင်္ဂျင်နီယာတက္ကသိုလ်၊ အပြင်ဆေးတက္ကသိုလ်က ဘွဲ့ရပြီးလို့တပ်ထဲဝင်ရင် သင်တန်းပြီးရင်ဗိုလ်အဆင့်ပေးတယ်။နှစ်ပွင့်ပေါ့ ...အဲလို..နောက် တပ်ထဲရောက်ပြီး မှ စစ်တပ်ကလဲ အပိုင် ကိုင်တော့ တာ ...အခုလက်ရှိ ရှိနေတယ်၊ တပ်မတော် စစ်သူနာပြု တက္ကသိုလ် ဆိုပြီးတော့ လေ..ယောင်္ကျားလေးတွေ...အရင်မင်္ဂလာဒုံ ဆေးတက္ကသိုလ်ဝန်းနဲ့အဆောက်အဦးကို တပ်က အပိုင်သိမ်းပြီးတော့ အပြင်ဆေးတက္ကသိုလ်MC. 2 ကို မြောက်ဥက္ကလာဖက်ကို နှင်လိုက် တာ ...အဲဒီ တပ်မတော် စစ်သူနာပြု တက္ကသိုလ် ကဆင်းလာတဲ့

သူတွေက အရာရှိ လို့ပြောရအောင်ကလည်း ပုခုံးပေါ်မှာအပွင့်မပါဘူး၊ ကော်လံမှာ ဗီယက်နမ် စစ်သားတွေလိုရာထူးအဆင့်ကို ပြထားတယ်။ ပုခုံးပေါ်မှာ အပွင့် မပါတော့ Other Rank တွေက အလေးပြု ရမှာလား..မပြုရဘူးလား နဲ့ ရှုပ်နေတာ ခုချိန်ထိမသဲကွဲဘူး၊ ဒါပေမဲ့ လစာကတော့ အရာရှိလစာ ပေးထားပြန်တယ်၊

အခုလက်ရှိအမျိုးသမီးဆေးတပ်အရာရှိတွေမင်္ဂလာဒုံစစ်ဆေးရုံမှာနဲနဲကျန်နေသေးတယ်၊
အရင်လက်ကျန်တွေပေါ့၊တပ်ထဲကရောအပြင်လူတွေကရော ဗိုလ်ကြီး မမ တွေ လို့ ကွယ်ရာမှာခေါ်ကြတယ်။

အဲဒီအမျိုးသမီး စစ်သူနာပြုတွေနဲ့ တပ်ထဲက လုပ်ပိုင်ခွင့်ရှိတဲ့ အရာရှိကြီးတွေနဲ့လဲ ...ရာထူးတိုးဖို့အရေး၊
နေရာကောင်းရဖို့အရေး မှာ လိင်ကိစ္စအနံ့တွေ လှိုင်နေအောင်ထွက်တာ ..
တပ်ထဲဝင်မယ်ဆိုရင် Bond စာချုပ် ချုပ်ရတယ်၊ ဘယ်နှစ်နှစ် လုပ်ရမယ်ဆိုပြီးတော့သတ်မှတ်ချက်ပေါ့။

တပ်ထဲမ၀င်ခင်ကတော့ စာချုပ်သက်တမ်းပြည့်ရင် ထွက်လို့ရတယ်လို့ ပါးစပ်စကားပြောခဲ့ပေမဲ့
စာချုပ်သက်တမ်းပြည့်ပြီးလို့ မပျော်ရင်ပဲဖြစ်ဖြစ်.. ထွက်တော့မယ်လဲဆိုရော စာချုပ်သက်တမ်းပြည့်လဲ ထွက်မရဘူး၊စာချုပ်သက်တမ်းပြည့်တယ်ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ်ထွက်ရင်တော့ တပ်ပြေး အမှု နဲ့ ဖမ်းပြီးထောင်ချ တာပဲ ။

Deserter ဆိုပြီးတော့ ပေါ့။အခုလိုအချိန်အခါမျိုးမှာ ဘွဲ့ရ အမျိုးသမီးတွေကို ဗိုလ်လောင်းအဖြစ်ခေါ်တာ ဒီလက်ရှိစစ်တပ်အဖွဲ့အစည်းမှာ အကြံအစီတခုခုတော့ရှိလိမ့်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ ..


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကအမျိုးသမီးတွေကိုအထူးဦးစားပေးပြီးနိုင်ငံရေးမှာ
ပါဝင်ဆောင်ရွက်ဖို့အလေးထားပြီးပြောဆိုစည်းရုံးနေစဉ်မှာဘွဲ့ရအမျိုးသမီးတွေကိုစစ်တပ်ကခေါ်တာအတော်ထူးဆန်းနေတာကို
တွေ့ရတယ်။

လက်ရှိ တိုင်းပြည်ကဘွဲ့ရလူငယ်တွေ အနေနဲ့ အလုပ်လဲရမယ်၊ အရာရှိလဲဖြစ်မယ် ဆိုတဲ့ အတွေးသက်သက်နဲ့တော့မ၀င်စေချင်ဘူး၊ သေချာလေ့လာ စုံစမ်းပြီး မှ လုပ်စေချင်တယ်။

လက်ရှိစစ်အစိုးရဟာမဖြစ်မနေ ကို အရာရာမှမဖွင့်ချင်ပဲနဲ့ ဖွင့်ပေးနေရတဲ့အခြေအနေဖြစ်တယ်။
အပြင်ကုမ္မဏီမှာအလုပ်ဝင်လုပ်လို့ မကြိုက်ရင်ဒီနေ့ စာတင် မနက်ဖြန်ထွက်နိုင်ပေမဲ့ စစ်တပ်မှာတော့
တပ်ပြေးအမှုနဲ့ အဖမ်းခံရမယ်ဆိုတာကိုလည်းသိထားသင့်တယ်။နောက်တခုက ပုံစံခွက်ထဲကို
အတင်းသွတ်သွင်းခံလိုက်ရတာက လူရဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးကိုပါ ဆုတ်ယုတ်ပျက်စီး သွားတယ်ဆိုတာပဲ။

လူဟာ ခိုင်းမှ အမိန့်အရ ဆိုတဲ့ စကားလုံးနဲ့ မှ ဘာမဆိုလုပ်တတ်၊ကိုင်တတ်တော့တယ်။ထိုးထွင်းဥာဏ်တွေ၊ သိမြင်မှုတွေကို တုံးသွားစေတာက ပိုဆိုးတယ်၊

ဝေးဝေးမကြည့်နဲ့ ..အခုလက်ရှိ တိုင်းပြည်မှာ စစ်တပ်ကနေ အာဏာသိမ်းပြီးတော့ စစ်ခေါင်းဆောင်တွေက စီမံခန့်ခွဲလိုက်တာတိုင်းပြည် ဘာဖြစ်သွားသလဲ ဆိုတာကို ဆန်းစစ်ကြည့်ရင် မြင်နိုင်တယ်၊

အခုဘွဲ့ရအမျိုးသမီးတွေဟာ စစ်တပ်ထဲရောက်ရင် အခု တိုင်းပြည်ကိုမွဲ အောင်ဖန်တီးတတ်တဲ့၊ တိုင်းပြည်မှာပြသာနာတွေရှုပ်သထက်ရှုပ်ထွေးအောင်လုပ်တတ်တဲ့စစ်ခေါင်းဆောင်တွေလက်အောက်မှာ
အမှုထမ်းရမယ်ဆိုတာကိုပါထည့်စဉ်းစား ထားသင့်တယ်လို့ အကြံပြုပါတယ်၊ ဒါပေမဲ့ စစ်တပ်ဟာအရင်ပုံစံအချိုးတွေ အကျင့်ဟောင်းတွေကို တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းအတွက် ပြုင်ပြီး ဒီမိုကရေစီတိုင်းပြည်တည်ဆောက်မယ်ဆိုတဲ့ စိတ်
ကောင်း စေတနာကောင်းတွေနဲ့ အမှန်တကယ် ပြင်လာတယ်ဆိုရင်တော့လဲ ကျဉ်ပွေ့ အတက်ပေါက်သလိုပေါ့..

တကယ်တော့ { တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ် } ဆိုတာကိုကျနော်တော့လက်မခံဘူး။

{ တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမှာသာဖြစ်တယ်}

တိုင်းပြည်ကမွဲနေပြီးတော့တပ်မတော်မှာလူများနေရင်တပ်မတော်ဟာလူကြမ်းဖြစ်လာပြီးပြည်သူနဲ့
ကင်းကွာသထက်ကင်းကွာလာတတ်တာလက်တွေ့ပဲ။

ဘွဲ့ရ လူငယ် အမျိုးသမီးအမျိုးသားတွေဟာ စစ်တပ်ထဲဝင်တာထက် ကြောက်ရွံ့ မှုကင်းကင်းနဲ့ စိတ်ကို ပွင့်လင်းလွတ်လပ်မှု့နဲ့ အတူ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ ဒီမိုကရေစီခေါင်းဆောင်နောက်ကနေ သတ္တိရှိရှိရွပ်ရွပ်ချွန်ချွန်ဖြင့်မဝေးတော့တဲ့သမိုင်းတခေတ်ကိုတို့ဖွင့်လှစ်မယ်ဆိုတဲ့ခိုင်မာသောစိတ်ဓါတ်များဖြင့်ကျိုးစား
အားထုတ်သင့်လှကြောင်းတင်ပြလိုက်ပါတယ်။

ဖီလော်ဆိုဖာမောင်မြသာ

Photo..ဇေယျာသော် facebook
(Oct , 2013 လထုတ် Life Style မဂ္ဂဇင်းတွင် ဖော်ပြခဲ့)
ယခုတစ်လကတော့ ထူးထူးခြားခြား မြန်မာပြက္ခဒိန်ထဲမှာ ထူးခြားတဲ့ သီတင်းကျွတ်ကာလဖြစ်နေပါတယ်။ ဒါကြောင့် ရေးလက်စ လူကြီးမိဘတို့ရဲ့ ကလေးပြုပြင်ထိမ်းသိမ်းရေးကို ဆွေးနွေးတင်ပြနေရာမှာ သီတင်းကျွတ်နဲ့ပတ်သက်ပြီး စကားစပ် ပြောလိုက်ချင်ပါတယ်။ သီတင်းကျွတ်ကာလဟာ ဗုဒ္ဓ
ဘာသာကို အခြေခံပြီး မိဘကျေးဇူးဆပ်တဲ့အနေနဲ့ တာဝတိံသာနတ်ပြည်ကို ကြွရောက်ပြီး အဘိဓမ္မာတရား ဟောကြားခဲ့တဲ့ မြတ်စွာဘုရားကို လူပြည်ကနေ ဆီးကြိုပြီး ဆီမီးနဲ့ပွဲဇော်တဲ့ အထိမ်းအမှတ်ပွဲ၊သက်ကြီးဝါကြီးနဲ့ လူကြီးမိဘတို့ကို တစ်နှစ် တစ်ခါ သတိတရဂါရ၀တရားနဲ့ ကန်တော့တဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒီလိုကာလမှာ မြန်မာလူမျိုးတို့ဟာ ဗုဒ္ခဘာသာဝင်မှမဟုတ်ပဲ ဘာသာမရွေး သီတင်းကျွတ်ပွဲကို ဆင်နွဲပျော်ကြတာပါပဲ။

အရင်ကဆို အိမ်တိုင်းလိုလို မီးရောင်စုံထွန်းပြီး ပျော်ကြတဲ့ပွဲလေးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ငယ်ငယ်ကဆို မြို့အနှံ့ အိမ်တွေမှာ မီးရောင်စုံထွန်းထားတာ ကို လိုက်ကြည့်ရတာကိုက ပျော်စရာပါ။ဒါ့အပြင် တေးဂီတဖျော်ဖြေပွဲတွေ၊ ကပွဲတွေ၊ အရပ်ပြဇာတ်တွေဆိုတာလည်း ရှိတတ်ပါသေးတယ်။
ရန်ကုန်မြို့မှာဆိုရင် ကမာရွတ်တို့၊ ကြည့်မြင်တိုင်တို့ဆိုတာ သီတင်းကျွတ်မှာ နာမည်ကြီးစည်ကားတဲ့နေရာတွေပေါ့။ ဒါ့အပြင် အရပ်ထဲမှာတစ်အိမ် နဲ့တစ်အိမ် မုံ့တွေဝေ၊ လက်ဆောင်ပေး၊ သက်ကြီးသူကိုငယ်သူတွေက ၀ိုင်းကန်တော့နဲ့ အတော် ပျော်စရာကောင်းပါတယ်။ အခုလည်း အရင်လောက်မဟုတ်ရင်တောင် ပျော်စရာတွေ အတော်များများကျန်နေသေးပြီး သက်ကြီးဝါကြီးကို ကန်တော့ရမယ်ဆိုတဲ့အသိကလည်း ရှိ နေပါသေးတယ်။ ဒီကာလမှာ သီတင်းကျွတ်ကို သိပ်မဖြတ်သန်းဘူးသေးတဲ့ ကလေး
ငယ်များအတွက် သီတင်းကျွတ်ဟာ လူကြီးမိဘနဲ့ သက်ကြီးဝါကြီးတွေကို သတိတရ ဂါရ၀ပြုတဲ့ပွဲဆိုတာ သင်ကြားပေးဖို့ အခွင့်အရေးပါပဲ။ (အထက်လူကြီးကို တရားဝင်လာဘ်ပေးလို့ရတဲ့ အခွင့်အရေးလည် ဖြစ်တတ်တာကိုတော့ သူ့ကို နောင်မှ ပတ်ဝန်းကျင်က သင်ပေးပါလိမ့်မယ်)။

ကလေးကို အဘိုးတို့အဘွားတို့၊ အဖေတို့အမေတို့ကို ကန်တော့စေပြီး ကန်တော့ရာမှာလည်း ပြီးပြီးရောမဟုတ်ပဲ ကလေးကို သူ့ အရွယ်နဲ့သူ နည်းနည်းနားလည်လေးနက်အောင် သင်ပေးလို့ရပါတယ်။ ဥပမာ၊ သားလေးက ဘွားဘွားကို စိတ်ဆိုးပြီးရိုက်ခဲ့တာတွေ ရှိတယ် မဟုတ်လား၊ အဲဒါတွေကိုနောက်မလုပ်တော့ပါဘူးဆိုပြီး ဘွားဘွားကို ကန်တော့ရမှာ။ ဖေဖေကလည်း အဲဒီလိုသားနဲ့အတူကန်တော့မှာ ဆိုတာမျိုးပြောပြပြီး နောင်ကို ဘွားဘွားကိုမအော်နဲ့၊ မရိုက်နဲ့နော်၊ ကောင်းကောင်းပြော
ရမယ်နော် စသဖြင့် သင်ပေးလို့ရပါတယ်။ သီတင်း ကျွတ်မှာ ကြည်နူးစရာကောင်းတဲ့ ပျော်ရွှင်မှုကငယ်ရွယ်သူက ၀န်ချဝပ်တွား ဂါရ၀ပြုတာနဲ့ ကြီးရင့်သူက ခွင့်လွှတ်ကြည်ဖြူ ကောင်းချီးပေး တဲ့ အစဉ်အလာပါပဲ။ ဒီအစဉ်အလာကို နောက်မျိုးဆက်ဆီ ဆက်ကမ်းပေးဖို့အတွက် ကမ်းပေးမယ့် မျိုးဆက်ကလူတွေက သီတင်းကျွတ်ရဲ့ အပြန်အလှန် နားလည်ကြည်နူးရတဲ့ တန်ဖိုးကို နားလည်တန်ဖိုးထားဖို့လိုပါတယ်။ ဒီလို တန်ဖိုးထားခြင်းနဲ့အတူ ကလေးကိုလည်း သူ့ အရွယ်နဲ့သူ သီတင်းကျွတ်ကို တန်ဖိုး
ထားချစ်တတ်အောင်၊ အနည်းဆုံး သီတင်းကျွတ်မှာ အပြစ်ကင်းကင်း ပျော်နိုင်အောင် လူကြီးမိဘတွေ က လေ့ကျင့်သင်ကြားပေးရပါမယ်။

သီတင်းကျွတ်မှာ အရင် အစဉ်အဆက်ကတည်းက ပျော်ခဲ့ကြတဲ့အထဲမှာ ကောင်းတာရောဆိုးတာပါ မပျောက်မပျက်ရှိနေတာ တွေထဲက တစ်ခုကတော့ ဗျောက်အိုးဖေါက်တာပါပဲ။ မဖေါက်ရဘူးဆိုပြီး ဘယ်လိုပဲတားတား အဲဒီအစဉ်အလာက မြန်မာ့ယဉ်ကျေးမှု အစစ် လိုလို ဘာလိုလိုနဲ့ ရှိပြီးကျန်နေတာပါပဲ။ အရင်က မီးပုံးကလေးတွေ ထွန်းတဲ့ပွဲအဖြစ်ကနေ လျှပ်စစ်မီးတွဲကလေးတွေ ထွန်းတဲ့ဆီကို ပြောင်း လဲ ရောက်ရှိသွားပြီး ဟိုးယခင်က ကိတ်မုန့်ဘူးတို့ဘာတို့နဲ့ ကန်တော့တဲ့အဖြစ်ကနေ ခြင်း
နဲ့ဘာနဲ့ကန်တော့တာကို ပြောင်းလဲ၊ အရင်က သီတင်းကျွတ်ကို စောင့်ပြီး မင်္ဂလာဆောင်ရတဲ့အတွက် ချစ်သူတွေအတွက် ကျက်သရေရှိတဲ့ မင်္ဂလာလမြတ်ကနေ အခုတော့ ၀ါတွင်းလည်း သိပ်မရှောင်နိုင်ကြတာမို့ သိပ်ထူးထူးခြားခြားမဟုတ်တော့တဲ့ ၀ါကျွတ်ချိန်အဖြစ် ပြောင်းလဲစသဖြင့် ပြောင်းလဲမှုတွေ
ရှိပေမယ့် ဗျောက်အိုး ဖေါက်တာကတော့ အမြဲရှိနေတာကို တွေ့ရပါတယ်။

ကျွန်တော်ကတော့ ငယ်ငယ်တုန်းကလည်း ဗျောက်အိုးဖေါက်ပြီး သိပ်မပျော်ခဲ့ဖူးပါဘူး။ကိုယ့်မိဘတွေကလည်း အဲဒီကစားနည်း ကို အားမပေးတဲ့အတွက် ဆော့ရကောင်းမှန်း မသိတာ
လည်း ပါမှာပါ။ နည်းနည်းနားလည်လာတဲ့အခါကျတော့ သူများလန့်မှထိပ်မှ၊ သူများ ကို အနှောက်အယှက်ပေးမှ ကိုယ်ပျော်ရမယ်ဆိုတာကို ပိုလက်မခံနိုင်ပဲ ဖြစ်လာပါတယ်။ ဒါကြောင့် အလယ်တန်းကျောင်းသားဘ၀လောက် ရောက်လာတော့တောင် အဲဒီဗျောက်အိုးဖေါက်ရမှာ ဆိုတာကို ကိုယ်တိုင်က မကြိုက်ပဲ မလုပ်ဖြစ်ခဲ့ပါဘူး။ ကိုယ်တိုင်က ဒါကို ပျော်စရာလို မထင်တဲ့အတွက် သူများက ကိုယ့်ကိုလန့်အောင်လာလုပ်ပြီး ပျော်ရင်လည်း မနည်းကြီး သည်းခံခွင့်လွှတ်ခဲ့ရတယ်။ ဒါကြီးကို ဘယ်လိုပျော် ကြပါလိမ့်ဆိုတာ နားကို မလည်နိုင်ခဲ့ပါဘူး။ ဒီတော့ ကိုယ့်သားသမီးတွေကျတော့လည်း ကိုယ်က ထူးထူးထွေထွေ မတားမြစ်ရပဲကို သူတို့ မှယ အဲဒီလို သူများထိခိုက်ပြီးမှ ပျော်ရမယ်ဆိုတဲ့အလုပ်ကို (လူကြီးက စမပေးတာလည်း ပါပါလိမ့်မယ်) မပျော်တတ်တော့တဲ့အတွက် ကျွန်တော့် မိသားစုမျိုးဆက်ထဲမှာ အရင်မျိုးဆက်မှာရော ကိုယ့်မျိုးဆက်မှာပါ ဗျောက်ဖေါက်သူမပါဘူးလို့ ဆိုရလိမ့်မယ်။

တချို့ကျတော့လည်း ကစားတာလောက်ကိုတော့ ထည့်မပြောနေနဲ့၊ အသက်မွေးမှုကိုကသူများလန့်မှကြောက်မှ ကိုယ်က ထမင်းအိုး မြဲတဲ့အဖြစ်မျိုး ရှိတတ်တာကိုး။ (တမျိုးမထင်ပါနဲ့ဗျာ၊
ဥပမာဆိုရင် သရဲကားရိုက်တဲ့ ထုတ်လုပ်သူတို့ ဒါရိုက်တာတို့ကို ပြောတာပါ)။ တချို့ကျတော့လည်းကိုယ်တိုင်က ၀ါသနာပါလှလို့မဟုတ်တောင် သူများခိုင်းတာနဲ့ လူတွေကို ခြောက်စားလှန့်စားရတဲ့အလုပ်ကို လုပ်ရတာကိုး။ (ဒါကတော့ သရဲကားရိုက်တဲ့ မင်းသားမင်းသမီးကို ပြောတာပါဗျာ)။ တချို့ကျတော့လည်း ကိုယ့်ကိုခြောက်လှန့်စားတဲ့သူကိုပဲ ]သြော် ဒါက သူ့အလုပ်ပေပဲ၊ သူ့နေရာမှာ ငါဆိုလည်း ဒီလိုပဲလုပ်ရမှာပဲ}ဆိုပြီး ကိုယ့်ကိုလန့်စားခြောက်စားနေတာကိုပဲ အားပေးအားမြှောက် လုပ်
သလို အလိုက်သင့်နေသူများလည်း ရှိတတ်တာကိုး။ (ဒါကတော့ သရဲကားကို ကြိုက်လည်းကြည့်၊မကြိုက်လည်းဘာမှမပြောပဲကြည့်တတ်တဲ့ ပရိသတ်ပေါ့ဗျာ၊ တခြားတလွဲတွေမတွေးပါနဲ့နော်)။

ကျွန်တော်ကတော့ ကိုယ့်နောက်မျိုးဆက်ကလေးများကို ခြောက်စားသူများရော၊ ခြောက် စားဟောက်စားသူမျိုးကို အလိုက်သင့်ငုံ့ခံသူ၊ သို့မဟုတ် မပြောချင်လို့ အောင့်ခံရသူ မဖြစ်စေချင်
ပါဘူး။ ဒါကြောင့် သီတင်းကျွတ်ကာလမှာ ကိုယ့်ကလေးဟာ ဗျောက်အိုးဖေါက်သူ၊ တနည်းအားဖြင့် သူများကြောက်မှလန့်မှ ဒုက္ခရောက်မှ ပျော်တတ်သူ မဖြစ်စေချင်သလို သူများပျော်ဖို့ ဖေါက်
တဲ့ဗျောက်အိုးကြောင့် လန့်ရ၊ ကြောက်ရသူ၊ တနည်းအားဖြင့် သူများပျော်ဖို့ ကိုယ်က စိတ်ဆင်းရဲဒုက္ခရောက်ရသူ မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ကိုယ့်သားသမီးက သူများလို ဗျောက်
ဖေါက်ချင်တယ်ဆိုရင်တောင် လူမရှိတဲ့နေရာ၊ သူများကို ထိတ်လန့်တကြားမဖြစ်စေ တဲ့နေရာမျိုးမှာပဲ ဖေါက်စေပါတယ်။ ဒီလိုပဲ တခြားလူက ကိုယ့်ကလေးကို လန့်အောင်လာလုပ်တာမျိုး
ကိုလည်း သီတင်းကျွတ်မို့ ဗျောက်ဖေါက်တာပဲဆိုပြီး လက်ခံခွင့်လွှတ်မပေးပါဘူး။ ရန်ဖြစ်တာမဟုတ်ပေမယ့် ကိုယ့်အိမ်ထဲကို အဲဒီလိုလာဖေါက်တာ မကြိုက်ဘူးဆိုတာ ပြောဖြစ်အောင်
ပြောတာပဲ။ တခြားလူတွေနဲ့ နှိုင်းယှဉ်ရင် ခွကျကျ ဖြစ်ကောင်းဖြစ်မှာပေမယ့် ကျွန်တော်ကတော့ ဗျောက်ဖေါက်တဲ့ကိစ္စဟာ မြန်မာ့ယဉ်ကျေးမှုမဟုတ်တဲ့အပြင် တစ်ဦးကိုတစ်ဦး နား
လည်ကြည်ဖြူ ခွင့်လွှတ်ခြင်း၊ ဂါရ၀ပြုခြင်း၊ ကောင်းချီးပေးခြင်းတို့လို မင်္ဂလာတရားတွေနဲ့ပြည့်စုံတဲ့ သီတင်းကျွတ်ကို အကျည်းတန်စေတယ်လို့ ထင်မိတာပါပဲ။

နောက်တစ်ခုကတော့ သီတင်းကျွတ်ကာလ သွားကန်တော့တဲ့အခါ လူကြီးမိဘများကကောင်းကျိုးမင်္ဂလာတွေဖြာဝေဖို့ ဆုတွေ အမျိုးမျိုးပေးတာနဲ့အတူ မုံ့ဖိုးတွေလည်း ပေးတတ်ပါ
တယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ ကန်တော့ရင်မုန့်ဖိုးပြန်ပေးတယ်ဆိုတာ လူကြီး တွေကအမြဲလုပ်နေကျကိစ္စမျိုးမဟုတ်ပဲ တချို့သောလူကြီးများကသာ ပေးတတ်တာပါ။ အဲဒီကာလ
လူကြီးမိဘအများစုက စည်းကမ်းကြီး တတ်ပြီး ပိုက်ဆံဟာကလေးတွေကို ပျက်စီးစေတတ်တယ်လို့ ယူဆတာမို့ ချမ်းသာတဲ့သူဖြစ်စေကာမူ မုံ့ဖိုးပေးချင်မှပေးတတ်တာမျိုး ဖြစ်ပါ တယ်။
ဒါပေမဲ့ ခေတ်ကာလရွေ့လျားလာတာနဲ့အမျှ အခုအခါမှာတော့ ကလေးတွေလာကန်တော့လို့မုံ့ဖိုးပြန်မပေးရင် ကပ်စေးနဲတဲ့ဟာကြီး၊ လူ့ခွစာကြီး ဖြစ်သွားတတ်ပါတယ်။ ကလေးတွေက
လည်း ကန်တော့တာဟာ ဂါရ၀သဘောထက် မုံ့ဖိုးလိုချင်လို့ လူကြီးကျေနပ်အောင် လုပ်ပြရတာမျိုး ဆန်ဆန် ဖြစ်လာပါတယ်။ ခေတ်ကာလကြီးက ဘယ်လိုပဲဖြစ်စေ ကိုယ့်ကလေးကို
ဂါရ၀တရားပေါ်လေးနက်ဖို့နဲ့၊ မုံ့ဖိုးမျှော် ပီး ကန်တော့တဲ့ကလေးမျိုးမဖြစ်စေပဲ မုံ့ဖိုးရလည်းယူစေ၊ မရလည်း ဒါကရကိုရရမယ့်ကိစ္စမဟုတ်ဘူးရယ်လို့ နားလည်ကျေနပ်စေအောင် သွန်
သင် ပြောဆိုထားမယ်ဆိုရင် အားလုံးအတွက် ပိုကောင်းပါလိမ့်မယ်။

ဒီလိုမဟုတ်ပဲ ကလေးက မုံ့ဖိုးမျှော်ကိုးပြီးကန်တော့တဲ့ကလေးမျိုးအဖြစ် ကြီးပြင်းလာရင် နောင်ကို သူဟာ သီတင်းကျွတ်ကို လာဘ်ပေးလာဘ်ယူကိစ္စမှာ ပေးသူနေရာကဖြစ်စေ၊ ယူသူနေရာကဖြစ်စေ အသုံးချဖို့သာ စိတ်ဝင်စားတဲ့လူကြီးမျိုးသာဖြစ်လာပါလိမ့်မယ်။ ဒီလို ကလေးတွေလူကြီးတွေများလာပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ ချစ်စရာသီတင်းကျွတ်ကာလဟာ တစ်ဦးကိုတစ်ဦး "လှီးဖို့၊ဖြတ်ဖို့၊ ချူဆီထည့်ဖို့" လေ့ကျင့်ပေးရာ ကာလမျိုးအဖြစ် ပြောင်းလဲပြီး တစ်ဦးကိုတစ်ဦးကန်တော့ရာကနေ "ကန်"ကြ"တော့"ကြဖို့ပဲ စိတ်ဝင်စားတဲ့အဖြစ်ကို ရောက်လာ
လိမ့်မယ်လို့ပဲ (ဇွတ်ကြီးကို) သတိပေးလိုက်ချင်ပါတယ် ခင်ဗျား။ ။(Life Style မှာ ကလေးပြုပြင်ထိန်းသိမ်းရေးကို သရော်စာပုံသဏ္ဍာန်နဲ့ လစဉ်ရေးဖြစ်ပေမယ့်
ဖေ့စ်ဘွတ်မတင်ဖြစ်ပါဘူး။ ဒီလတော့ သီတင်းကျွတ်အမှတ်တရအဖြစ် တင်လိုက်ပါတယ်)။
ရီနေနိုင်

နေ ရာအနှံ့ဗုံးပေါက်ကွဲမှု များကြောင့် အောင်မင်္ဂလာအဝေးပြေးနှင့် ဘုရင့်နောင်ပွဲရုံဝင်းများတွင် လုံ
ခြုံရေးတိုးမြှင့်လုပ်ဆောင်မှုများရှိ နေသော်လည်း ညပျော်နေရာ များကြောင့် စိုးရိမ်မှုများရှိနေ ကြောင်း သိရသည်။

ဘုရင့်နောင်အဝေးပြေးပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ရှင်အသင်း ဥက္ကဋ္ဌဦးလှဦးက''မနေ့က စည်ပင်ဌာနဘုရင့်နောင် ရယ်၊ သာယာရေးရုံးက လူတွေ၊ ဒီက ကားသမား၊ ဆိုင်ခန်းပွဲရုံ လုပ်ငန်းရှင်တွေအားလုံးပါဝင်ပြီး အစည်းအဝေးလုပ်တယ်။ ညတွင်း ချင်းပဲ လုံခြုံရေးအစီအမံတွေ လုပ်တယ်။ လူဝင်လူထွက်နဲ့ ကား တွေစစ်တယ်။ ညပျော်အနှိပ် ခန်းတွေကအစ ည ၁၁နာရီ နောက်ဆုံးထားပြီးပိတ်ဖို့ ဗီနိုင်း တွေနဲ့ ကြော်ငြာတွေကပ်ပြီးကို လုပ်ဆောင်နေတယ်''ဟုဆိုသည်။

လက်ရှိအချိန်တွင် ဘုရင့် နောင်ဝင်းအတွင်း ညလုံခြုံရေး ဝန်ထမ်းအင်အား ၆၀ ကျော် ထားရှိပြီး ဝင်ထွက်နေသောကား များအား ကားရှင်းလင်းရေးအဖွဲ့၊ ယာဉ်ထိန်းရဲ၊ နယ်မြေလုံခြုံရေး ရဲများ၊ စည်ပင်နှင့် ဌာနဆိုင်ရာ ရဲများ စုပေါင်းကင်းလှည့်ကာ ညဘက်မသင်္ကာသူများအားစစ် ဆေးနေကြောင်း ယင်းကပြော ဆိုသည်။

သာယာရေးရုံးမှ တာဝန်ရှိ သူက ''ရဲကပါတယ်ဆိုပေမယ့် သူတို့အင်အားက အားရစရာ မရှိပါဘူး။ လိုအပ်လို့သွားခေါ် လဲ သူတို့က မလိုက်နိုင်တာများ တဲ့အတွက် သိပ်အဆင်မပြေဘူး၊ တချို့အနှိပ်ခန်းတွေလိုနေရာ မျိုးတွေကိုရှင်းဖို့အတွက်ဆိုရင် လူမှုရေးအဖွဲ့တွေအပြင် ဌာနဆိုင် ရာရဲ့အဖွဲ့တွေက ပိုမိုပူးပေါင်းပေး ဖို့လိုတယ်''ဟုဆိုသည်။

ဗုံးပေါက်ကွဲမှုများကြောင့် ကားဝင်းများအတွင်း ဝင်ထွက် သွားလာနေ သည့်ကား များနှင့် ပစ္စည်းများအား အလေးထား စစ်ဆေးနေသည်သာမက ခရီး သည်များ၏ခရီးဆောင်အိတ် များကိုပါ စစ်ဆေးရမည်ဖြစ်၍ ပြည်သူ ခရီးသည်များ ပူးပေါင်း ဆောင်ရွက်ရန်နှိုးဆော်စာများ ထုတ်ထားကြောင်း အဆိုပါကား ဝင်းတာဝန်ခံများထံမှ သိရသည်။

အောင်မင်္ဂလာကားဝင်း စည်ပင်ဌာနမှ ဦးဉာဏ်ထွန်းက ''လုံခြုံရေးကတော့ ဗုံးသတင်းကြား ကတည်းက ဒီကရှိနေတဲ့အဖွဲ့ တွေနဲ့ အတူတူပူးပေါင်း လုပ် ဆောင်နေ တယ်။ အင်အားတွေ လဲ တိုးချဲ့ချထားတယ်။ ဘယ် လောက်ချထားတယ်။ ဘယ်လို ပုံစံမျိုးဆောင်ရွက်နေတယ်ဆို တာကတော့ လုံခြုံရေးအစီအမံ ဖြစ်လို့ အသေးစိတ်မပြောလိုပါ ဘူး။ လုံခြုံရေးအတွက်အားလုံး အဆင်ပြေအောင်ကားဝင်း သမား တွေကိုနှိုးဆော် ထားတယ်''ဟု ဆိုသည်။

လက်ရှိ ဘုရင့်နောင်ဈေး နှင့် ပွဲရုံဝင်းအတွင်းနိုင်ငံတကာ မှကုန်စည်များ အဓိကဝင်ရောက် နေပြီး အောင်မင်္ဂလာအဝေး ပြေးကားဝင်းမှာ ခရီးသည်နှင့် အတူပမာဏနည်းကုန်စည်များ စီးဝင်နေရာ ရန်ကုန်၏အဓိက ကုန်စည်စီးဆင်းဝင်ပေါက်များ ဖြစ်ပေါ်လာပါက ကုန်စည်စီးဆင်း မှုများထိခိုက် သွားနိုင်သည့် အတွက် လုံခြုံရေးကင်မရာတပ် ဆင်ခြင်း များပြုလုပ်ရန်နယ်စပ် လုံခြုံရေးနှင့် စည်းကမ်းထိန်း သိမ်း ရေးဝန်ကြီး ကပြောဆိုထားသော် လည်း ဘဏ္ဍာငွေအခက်အခဲ များကြောင့် တပ်ဆင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Yangon media group


photo..Lsomaungmaung Maung
ဒီနေ့ 17.10.2013 မနက်၇ နာ၇ီ အချိန်တွင် နမ့်ခမ်း မြို့ လည် ရှိ ဘုရားကြီး ရှေ့ ၌ ဗုံး တစ် လုံး ပေါက် ကွဲ ပြီး အမှိုက် သိမ်း သော စည်ပင် ၀န်ထမ်းတစ် ဦး သေ ဆုံး ခဲ့ ပါသည် ထိုဗုံးပေါက်ကွဲခြင်းသည် ၃လုံးမြောက် ဗုံးပေါက်ကွဲခြင်းဖြစ်သည်....

ထူးခြားချက်မှာ ဗုံးမပေါက်ကွဲမှီ တစ်နာရီ (ည ၉ နာရီအချိန်ခန့်) ကစ၍ နမ့်ခမ်းမြို့လယ်မှ နောင်တိန်း ကူးတို့ဆိပ်အသွားလမ်းအား အစိုးရ၏စစ်တပ်က နေရာကြိုကြား ကြိုကြား လုံခြုံရေး
ယူထားသည် ကိုတွေ့ရကြောင်း နမ့်ခမ်းမြို့ခံများကပြောပါသည်။(သျှမ်းသံတော်ဆင့်)

မြန်မာ့လင်းရောင်ခြည်


ပြည်တွင်း ဗုံးဖေါက်ခွဲ မှုနှင့် ထရိတ်ဒါး ဗုံးပေါက်ခွဲ မှုသည် KNU လက်ချက်ဟု စွပ်စွဲ ခဲ့လျှင် မည်သည့် အချက် အလက်ဖြင့် စွပ်စွဲ နေသည်ကို သိလိုကြောင်း၊ KNU စစ်ဦးစီးရုံး တာဝန်ခံ ဗိုလ်မှူးချုပ် ရော်ဂျာခင်က ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။

“ KNU မှာ ပြည်တွင်းမှာ ဗုံးဖေါက် ခွဲဖို့ ပေါ်လစီ မရှိဘူး။ လုပ်လည်း မလုပ်ဘူး။ တကယ်လို့ စွပ်စွဲမယ် ဆိုရင် ဘယ်သူက စွပ်စွဲတာလဲ ဘယ်အချက် အလက် အပေါ် အခြေခံပြီး စွပ်စွဲ တာလဲ ကျနော်တို့ ဆန်းစစ်မယ်။ မဟုတ်ဘူး ဆိုရင်တော့ အဲဒီ စွပ်စွဲ ချက်ကို ဘယ်သူ တာဝန်ခံ မှာလဲ သိချင်တယ်။ မဟုတ်ရင် KNU ကို သိက္ခာ ချဖို့ ဖန်တီး နေတာလား ဆိုတာ ဖြေရှင်း လိုတယ်” ဟု ဆိုပါသည်။

အလားတူ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီကလည်း စွပ်စွဲချက်ရှိခဲ့လျှင် KNU ကလည်း အဖြစ်မှန်ကို ဖေါ်ထုတ် ချင်ပါသည်ဟု ဆိုပါသည်။

ယခု ဗုံးဖေါက် ခွဲမှုသည် လက်ရှိ နိုင်ငံရေး အခြေအနေအား သဘောမကျ သူများက ဖေါက်ခွဲ သည်လည်း ဖြစ်နိုင်ကြောင်း၊ တချို့ ကမူ ရည်ရွယ်ချက် တခုဖြင့် ဆီးဂိမ်း လုံခြုံရေးကို ထိုးစစ် သဘော တရားဖြင့် တပ်လှန့် ခြင်းသာ ဖြစ်သည့် အတွက် အစိုးရ လက်ချက်ဟု ပြောကြကြောင်း၊ တချို့ကမူ ဗုံးပေါက်မှု သမိုင်းကို အခြေခံပြီး တပ်တွင်း ပြသနာလည်း ဖြစ်နိုင်ကြောင်း သုံးသပ် ကြပါသည်။

ယခင် နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေး ခေတ်က ဗုံးပေါက်ကွဲ မှုများသည် အများ စုသည် လက်သည် မပေါ်သဖြင့် အစိုးရ အပေါ်သံသယ ပွားကြ ပါသည်။ KNU ကမူ ယခုကဲ့သို့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကာလတွင် KNU အား စွပ်စွဲ လာခြင်း ဖြစ်လာ ပါက စွပ်စွဲချက် အပေါ် အလေးအနက် ထားမည် ဖြစ်ကြောင်း ဆိုပါသည်။

အထူး သဖြင့် KNU တပ်မဟာ (၅) ၏ လက်ချက် ဖြစ်သည်ဟု သတင်များ ထွက်ပေါ်နေသော်လည်း တိကျသော စွပ်စွဲမှု မရှိသေးကြောင်း ဆိုပါသည်။ ဖြစ်နိုင်ခြေ ရှိသည်မှာ ဆီးဂိမ်း အားကစားပွဲ လုံခြုံရေး အတွက် အာရုံလွှဲ ပြောင်းခြင်း ဖြစ်နိုင် ကြောင်း၊ ယခု အချိန်အထိ ဟိုလိုလို သည်လိုလိုသာ ရှိနေ သေးသည်ဟု ထုတ်ဖေါ်ပြောဆို ခဲ့ပါသည်။

KNU သည် မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေးကို ထောက်ခံသည့် အဖွဲ့ ဖြစ်ကြောင်း၊ နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ ဖြေရှင်းလိုသည့်အတွက် အပစ်အခတ် ရပ်စဲ ခဲ့ကြောင်း၊ အပစ်အခတ် ရပ်စဲ ရာတွင် KNU နှင့် သဘောတူ ထားသည့် အချက်များ အစိုးရဖက်မှ လိုက်လံ အကောင် အထည် ဖေါ်ခြင်း မရှိသော်လည်း ပြေလည်မှု ရသည် အထိ ဆွေးနွေး သွားမည်ဟု ခံယူ ထာေးကြာင်း ဆိုပါသည်။

ဤကဲ့သို့ သဘောထား ရှိသည့် KNU အား ဗုံးဖေါက်သည့် အဖွဲ့ဟု စွပ်စွဲ လာပါက စွပ်စွဲမှုကို တာဝန်ခံ ရမည် ဖြစ်ကြောင်း၊ ဤကဲ့သို့ ဖြစ်လာ ပါက အပြုသဘောဖြင့် KNU မှ လေးနက်စွာ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆိုပါသည်။

ရွှေဟင်္သာ သတင်းဌာန

စံချိန်တင် မိုးရေကြောင့် တောင်စောင်းတွေ ပြိုကျပြီး အိုရှီးမားကျွန်းက လူနေအိမ် အတော်များများ မြေကြီးတွေအောက် နစ်မြုပ်ကုန်ပါတယ်။
တိုကျိုမြို့ပ်ါမှာလည်း စာသင်ကျောင်းတွေ ပိတ်ထားရပြီး ရထားနဲ့ လေယာဉ် ခရီးစဉ်တွေ ရပ်ဆိုင်းထားရ။
ဂျပန်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်း မုန်တိုင်း ဝီဖာ ဝင်ရောက် တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁၇ ဦး သေဆုံးသွားခဲ့ပြီး လူ ၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

မုန်တိုင်းဟာ ထိခိုက်ပျက်စီးမှုတွေ ရှိနေတဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ရှိတဲ့ နိုင်ငံ အရှေ့မြောက်ဘက်ကို ဖြတ်ကျော် တိုက်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

နျူကလီးယား စက်ရုံထဲ နောက်ထပ် ရေကြီးမှုတွေကို တားဆီးနိုင်ဖို့ စက်ရုံကို တာဝန်ယူထားတဲ့ တက်ပ်ကို ကုမ္ပဏီဟာ မိုးရေတွေကို စက်ရုံထဲကနေ စုပ်ထုတ်နေပါတယ်။

စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်နေတာကြောင့် နိုင်ငံတလွှား လမ်းပန်း ဆက်သွယ်မှုတွေကို ထိခိုက်မှု ရှိနေပါတယ်။

တိုကျိုမြို့ တောင်ဘက်ပိုင်းက အိုရှိမာ ကျွန်းမှာ သေဆုံးမှု အများဆုံးဖြစ်ပြီး မြေပြိုမှုတွေကြောင့် အိမ်ပေါင်း ဒါဇင်နဲ့ချီ မြေကြီးအောက် ရောက်သွားခဲ့ပါတယ်။ တချို့အိမ်တွေကတော့ မြစ်ရေတက်လို့ ရေထဲ မျောပါသွားခဲ့ကြပါတယ်။
BBC burmese

အဆိုတော် စန္ဒီဟာ သူမ မကွယ်လွန်မှီ ရောဂါဝေဒနာ ခံစားနေရတဲ့ နောက်ဆုံးအချိန်မှာ Facebook ကနေအားလုံးကို နူတ်ဆတ်သွားခဲ့ပါတယ်.
၁၅၀၀ စီးရီးဖြင့် လူငယ်များ ကြား အောင်မြင်မှု ရရှိခဲ့သော အဆို တော် စန္ဒီ(၁၅၀၀) (ခ) မအေးမြတ် စန္ဒီ သော် (အသက် ၃၀) သည် အစာ အိမ်ရောဂါ ဖြင့် အောက်တိုဘာ ၁၆ ရက်(၀၀း၂၀) နာရီအချိန် ကျွန်းတော လမ်းနေအိမ် စမ်းချောင်းမြို့နယ်၊ တိုက်(၃)၊ အခန်း (၃၀၁)တွင် ကွယ်လွန်ကြောင်း သိရ သည်။

စန္ဒီ(၁၅၀၀)နှင့် တွဲဖက်၍ လက် ခုပ်နှစ်ဖက် သီချင်းဖြင့် သီဆိုပေးခဲ့ဖူးသူ တေးရေးတေးဆို သြရသကလည်း "ဒီကောင်မလေးက စိတ်ထား အရမ်း ဖြူစင်တယ်။ ခက်ခက်ခဲခဲ ဘ၀ကို ဖြတ်သန်းရတာ၊ ကိုယ်ချင်း စာတယ် သူလည်းအောင်မြင်နေ ရဲ့သားနဲ့ ရှိုး ပွဲမှာ သီချင်းတွေ အများကြီး မဆိုရ ဘူး။ ဘာပဲပြောပြော စိတ်မကောင်း ပါဘူး။ ကောင်းရာ ဘုံလေးမှာ စိတ် ချမ်းသာနေနိုင် ပါစေ၊ မိသားစုကို လုပ်ကျွေးနေတဲ့ သမီးပါ"ဟု ၀မ်းနည်းစွာ ဆုတောင်း စကားပြောဆို သွား သည်။

ဆက်လက်၍ ၄င်းကစန္ဒီ (၁၅၀၀) ပထမအခွေကို ၂၀၁၁ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး ဒုတိယ စီးရီး တွင်လည်း စုံတွဲ သီချင်း သီဆိုထား ကြောင်း ဒုတိယစီးရီးတွင် သီချင်း ရှစ် ပုဒ် သွင်းပြီးနောက် ကွယ်လွန်သွား ကြောင်း ပြောသည်။
စန္ဒီ(၁၅၀၀) နာရေးကို အောက် တိုဘာ ၁၈ ရက် နေ့လယ် ၄ နာရီ တွင် ရေဝေး သုဿာန်တွင် သဂြိုလ် မည်ဖြစ်ပြီးနေ့လယ် ၁ နာရီတွင် နေ အိမ်မှ ကားများ ထွက်ခွာ မည်ဖြစ် ကြောင်း သိရသည်။

မြန်မာပို့စ်(ဂလိုဘယ်)


ထိုင်းနိုင်ငံက နှစ်စဉ် ချီးမြှင့်ပေးနေတဲ့ အရှေ့တောင်အာရှအကောင်းဆုံး စာပေဖန်တီးမှုဆုကို ဒီနှစ်အတွက် မြန်မာနိုင်ငံက စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရရှိခဲ့ပါတယ်။

ဒီနှစ်အတွက် အရှေ့တောင်အာရှအကောင်းဆုံး စာပေဖန်တီးမှုဆုတွေ ရွေးချယ်ရာမှာ အာဆီယံ ၁၀ နိုင်ငံက စာပေပညာရှင် ၁၀ ဦးစလုံး ရရှိခဲ့ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံက စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲက ကျင်းပခဲ့ပြီး ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီ သီရိဒုံက ဆုချီးမြှင့်ပေးခဲ့ပါတယ်။

ဒီဆုကို အရှေ့တောင်အာရှနိုင်ငံတွေက အရေးအသားနူးညံ့ ထက်မြက်ထူးချွန်တဲ့ စာရေးဆရာတွေကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ပေးအပ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉၇၉ ခုနှစ်က စတင်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

အစပိုင်းမှာ ထိုင်းနိုင်ငံ အိုရီယန်ဟိုတယ်ပိုင်ရှင်ကနေ စတင် ထောက်ပံ့ပြီး အဲဒီနောက်ပိုင်း ထိုင်းအဲယားဝေးလေကြောင်းလိုင်းနဲ့ ဘန်ကောက်ဘဏ် အစရှိတဲ့ ထိုင်းလုပ်ငန်းရှင်တွေကပါ ထောက်ပံ့ကူညီခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက စာရေးဆရာတွေလည်း ဒီဆုကို ရရှိခဲ့ကြတာမှာ မောင်စိန်ဝင်း (ပုတီးကုန်း) ကတော့ ပဉ္စမမြောက်ဆုရှင် ဖြစ်ပါတယ်။

ဒီဆုကို စာရေးဆရာ ဆင်ဖြူကျွန်း အောင်သိန်းက ၁၉၉၈ ခုနှစ်၊ ဆရာကျော်အောင်က ၁၉၉၉ ခုနှစ်၊ ဆရာမကြီး ဒေါ်ရင်ရင် ခေါ် စောမုံညင်းက ၂၀၀၀ ခုနှစ်နဲ့ ဆရာ တက္ကသိုလ်ထင်ကြီး တို့က ၂၀၀၁ ခုနှစ်တွေမှာ အသီးသီး ရရှိခဲ့တာ ဖြစ်ပါတယ်။

DVB - October 16, 2013 by နန်းမြနဒီ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စအတွက်လူထုသာလျှင် အဓိက ကျကြောင်း ၊ ပြည်သူလူထု နှင့်အစိုးရကြားတွင်ချုပ်ဆိုထားသော ပဋိဉဉ်စာချုပ်ဖြစ်သည့်အတွက်၊ ပြည်သူ့ဆန္ဒသာ အရေးပါဆုံးဖြစ် ကြောင်း၊ ဆရာဖေမြင့်၊ ဆရာ နေ၀င်းစံ၊ ကိုမျိုးရန်နောင်သိမ်း၊ ကိုထွန်းလင်းဦး၊ မစူစန္ဒာလှလှစိုး တို့ဦးဆောင်ဆွေးနွေးသည့်အရပ် ဖက်လူ့အဖွဲ့အစည်းများအစည်း အဝေးမှတညီတညွတ်တည်းဆုံး ဖြတ်၍ အောက်တိုဘာ ၁၇ရက် နေ့တွင် ရွှေဂုံတိုင်တော်ဝင်နှင်းဆီ ခန်းမ၌ လူထုစည်းဝေးပွဲတစ်ရပ် ခေါ်ယူအတည်ပြုသွားရန်ဆုံးဖြတ် လိုက်ကြကြောင်းသိရသည်။

အောက်တိုဘာ ၁၂ရက်နေ့ က လှည်းတန်းရပ်ကွက်စံရိပ်ငြိမ် ၂ လမ်းရှိအမျိုးသမီးရေးရာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ရုံး၌ပြုလုပ်သောအဆိုပါအစည်း အဝေးတွင်ဆရာဖေမြင့်က “၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ အသစ်ရေးဖို့ဆိုတာ လူထုကိစ္စ ဖြစ်ပါတယ်။ လူထုကဒီဖွဲ့စည်းပုံ ဟာကောင်းဘူးလားဆိုတာကောင်း ကောင်းနားလည်ပါတယ်။ ဒီဖွဲ့ စည်းပုံကိုလူထုကစိတ်မ၀င်စားဘူး လို့ပြောဆိုနေတဲ့သူတွေဟာလူထုကို အထင်သေးတာပါပဲ လူထုထဲမှာ အချိန်မရွေးသမ္မတတက်လုပ်ပေးပါ ဆိုရင်လုပ်ပေးနိုင်တဲ့သူတောင်ရှိ ပါတယ်”” ဟုပြောကြားပြီးနိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က ““ဒီနေ့အရှိ တရားအရရင်ဆိုင်ကြုံတွေ့နေရတဲ့ အကျပ်အတည်း ဟာ ဖွဲ့စည်းပုံ ပြဿနာပါပဲ ။ NLDကလည်း လူထုသဘောထားကောက်ယူနေ ပါပြီ၊ အချုပ်အခြာအာဏာရဲ့ ပိုင်ရှင်အစစ်ဟာပြည်သူဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ CSO တွေမှာလည်းတာဝန်ရှိပါတယ်။ ၁၇ ရက်နေ့ကျင်းပမယ့်လူထုစည်း ဝေးပွဲပြီးရင်တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ကွန်ရက်ကြီးတစ်ခုဖြစ် သွားနိုင်ပါတယ်။ ဒီအတွက်အခု ရောက်ရှိနေတဲ့အဖွဲ့ ၃၀ ကျော်က အစပြုဆွေးနွေးပြီးလူထုအစည်း အဝေးပွဲတွေ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာကျင်းပသွားရမှာ ဖြစ်ပါတယ်”” ဟုဆိုသည်။

အဆိုပါလူထုအစည်းအဝေး များမှရရှိလာမည့်ရလဒ်များကို နိုဝင်ဘာ ၂၅ ရက်မတိုင်ခင်လွှတ် တော်များသို့တင်သွင်းသွားမည် ဖြစ်ကြောင်း၊ တပ်မတော်သား ၂၅ ရာခိုင်နှုန်းလွှတ်တော်ထဲထား ခြင်းသည်စနစ်တကျဆုတ်နေခြင်း ဟုထင်မြင်သည့်အတွက် ၎င်း အချက်ကိုအမြစ်ပါမကျန်လှန်မည် ဆိုလျှင် ဦးနှောက်ကြီးကြီးဖြင့် စဉ်းစားရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသောအရပ်ဘက် လူ့အဖွဲ့အစည်းများကဆွေးနွေး ခဲ့ကြသည်။

တော်ဝင်နှင်းဆီခန်းမ၌ အောက်တိုဘာ ၁၇ ရက်နေ့ နေ့လည် ၁ နာရီတွင်ကျင်းပမည့် လူထုအစည်းအဝေးကြီးအားဗီဒီယို မှတ်တမ်းခွေများထုတ်၍မြို့ရွာ အနှံ့ဖြန့်ဝေသွားပြီး၊ပြည်သူ့သဘော ထားများကောက်ခံသွားမည်ဟု အဆိုပါအစည်းအဝေးမှဆုံးဖြတ် ခဲ့ပြီးအရပ်ဘက်လူ့အဖွဲ့အစည်း ၃၀ ကျော်ပါဝင်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပြည်သူ့ကွန် ရက်တစ်ခုကိုဖွဲ့စည်းခဲ့လိုက်ကြသည်။

၎င်းကွန်ရက်သို့ထပ်မံပူး ပေါင်းမည့်အဖွဲ့အစည်းများကိုလည်း ဆက်လက်ဖိတ်ခေါ်၍ပြည်သူ့ ဆန္ဒနှင့်ညီသောဖွဲ့စည်းပုံပြင်ဆင် ရေးသဘောထားများကိုလွှတ်တော် သို့ တင်သွင်းနိုင်ရန်ကြိုးပမ်းသွား မည်ဖြစ်ကြောင်းသိရသည်။

ဇော်မြင့်
The hot news weekly

ယနေ့ကာလသည် မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်း ဖြေရှင်းရေး ကြိုးပမ်းအားထုတ်နေကြချိန်ဖြစ်သည်။ တိုင်းရင်းသား ဒေသအသီးသီးတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ကြိုးပမ်းနေချိန်လည်း ဖြစ်သည်။
ယခုလိုအချိန်မျိုးတွင် တိုင်းပြည်နေရာအနှံ့ ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ်လာခြင်းနှင့်ပတ်သတ်၍ ကျွန်ုပ်တို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် ပြင်းထန်စွာရှုံ့ချသည်။

ထို့အတူ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်ရင်း လမ်းမများ ပေါ်တွင်လည်းကောင်း၊ အကျဉ်းထောင် ရဲဘက်စခန်းများတွင်လည်းကောင်း၊ တောတွင်းနယ်စပ်ဒေသ အသီးသီးတွင်လည်းကောင်း ကျဆုံးခဲ့ရ သည့် များစွာသော ရဟန်းရှင်၊ လူ၊ ပြည်သူအပေါင်း၏ လက်ရှိနိုင်ငံရေးဖြစ်စဉ်ကို အကြမ်းဖက် တိုက်ခိုက်ခြင်းပင်ဖြစ်သည်၊
အထူးသဖြင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု၊ နစ်နာဆုံးရှုံးမှု၊ ထိတ်လန့်နေရမှုများသည် စနစ်တကျစီစဉ်ထားသော အကြမ်းဖက်မှုများပင်ဖြစ်သည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး ကြိုးပမ်းနေမှုများ ပျက်ပြားစေရန်၊ ပြည်သူများ အကြား လုံခြုံမှုကင်းမဲ့စေရန် ဖန်တီးနေခြင်းဖြစ်သည်ဟု ရှု မြင်သည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် တိုင်းရင်းသားပြည်သူတရပ်လုံး နှင့်အတူ ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူရေး၊ လူ့အခွင့်အရေး ဦးတည်ချက်များကို တစိုက်မတ်မတ်ကိုင်စွဲရင်း အကြမ်းဖက်မှု မှန်သမျှကို ဆန့်ကျင်တွန်းလှန်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ထုတ်ပြန် ကြေငြာလိုက်သည်။

၈၈ မျိုးဆက်
(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)