10/27/13

““ခင်ဗျားတို့ကို ထောက်ခံပါတယ် ခင်ဗျားတို့အလိုကျနေပါမယ်ကျွန်တော် ဗိုလ်ချုပ်ကြီးနေ၀င်းကိုလည်း ရိုသေပါတယ် မှားခဲ့သမျှကို လည်း ၀န်ချတောင်းပန်ပါတယ် ခင်ဗျားတို့ကို လုံးဝမဆန့်ကျင်တော့ပါဘူး”” ဟု အသနားခံစာတင်ကာ အလျှော့ပေး လက်မြှောက် သူများ ကိုလည်း သူတို့သည် သိက်္ခာမဲ့သူများအဖြစ် နှစ်ရှည်ထားလေ့ရှိ . . .
 
ထောင်ထဲတွင် စာမေးပွဲဟု ခေါ်ကြသော မေးခွန်းများကို ဖြေရသည် ဆိုလျှင် ဖြစ်နိုင်ခြေ ၂ ခုသာ ရှိပါသည်။ တစ်ခုမှာ ထောင်မှ လွှတ်ပေးခြင်းနှင့် တစ်ခုမှာ ထောင်ပြောင်း ရွှေ့ခြင်း ဖြစ်၏။ ထိုကိစ္စကိုက ထောက်လှမ်းရေးက သူတို့အတွက် ကြီးကျယ်သော အလုပ်များ အဖြစ် လုပ်လေ့ရှိ ကြသည်။ ဖမ်းဆီးထား သူများကို ကတိခံ ၀န်ချက် အမျိုးမျိုးနှင့် ချုပ်နှောင်ပြီးမှ သူတို့ လုပ်ချင်တာ လုပ်လေ့ရှိသည်။ ထိုလုပ်ရပ် များမှာ မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ် များလည်း ဖြစ်ပေသည်။ ထောက်လှမ်းရေးက သူတို့ ဖမ်းဆီးထားသူ များတွင် ၂ မျိုး ၂ မျိုးစားကို နှစ်ရှည် ထားလေ့ရှိ၏။ တစ်မျိုးမှာ သူတို့ကို ဆန့်ကျင်ပြီး သူတို့ကို ဆန္ဒပြခြင်း၊ အစာငတ် ခံခြင်း စသည် များအား ပြုလုပ်သူများကို ပထမတစ် အမျိုးအစား ထားပြီး တစ်စုံတစ်ရာ ပြောင်းလဲမှု အခြေအနေ ရောက်မှ လွှတ်ပေးလေ့ ရှိသည်။ ဗြိတိသျှခေတ်က ထားရှိသော ပုဒ်မ ၅ လို ဥပဒေကို လွတ်လပ်ရေး ရပြီး ဖဆပလ ခေတ်တွင်ရော၊ တော်လှန်ရေး ကောင်စီခေတ် တွင်ပါ ဆက်လက် ကျင့်သုံး ခဲ့ပါသည်။ နောက်တစ်မျိုးမှာ ““ခင်ဗျားတို့ကို ထောက်ခံ ပါတယ်။ ခင်ဗျားတို့ အလို ကျနေပါမယ်။ ကျွန်တော် ဗိုလ်ချုပ်ကြီး နေ၀င်း ကိုလည်း ရိုသေ ပါတယ်။ မှားခဲ့သမျှ ကိုလည်း ၀န်ချတောင်းပန် ပါတယ်။ ခင်ဗျားတို့ကို လုံးဝ မဆန့်ကျင်တော့ ပါဘူး”” ဟု အသနားခံစာ တင်ကာ အလျှော့ပေး လက်မြှောက် သူများ ကိုလည်း သူတို့သည် သိက္ခာမဲ့သူများ အဖြစ် နှစ်ရှည် ထားလေ့ရှိ ပါသည်။ ကျွန်တော်တို့မှာ ဒုတိယအမျိုး အစားထဲ မပါသည်က သေချာ၏။ …

ကိုကိုးကျွန်းမှ ပြန်လာပြီး တစ်လ၊ နှစ်လ အတွင်း ထိုကဲ့သို့ စာမေးပွဲ ဖြေရသည့် အတွက် ကျွန်တော်တို့ ခေါင်းထဲတွင် စဉ်းစားစရာ များ ဖြစ်လာပါ သည်။ နောက်တစ်ကြိမ် ထောင်ပြောင်း မလားဟုသာ စဉ်းစားနိုင်သည်။ ကိုကိုးကျွန်းသို့ ပြန်ပို့မည်ဟု မစဉ်းစားပေ။ အဘယ်ကြောင့် ဆိုသော် ကိုကိုးကျွန်း အကျဉ်းထောင်မှာ ကျွန်တော်တို့၏ တိုက်ပွဲဝင် မှုကြောင့် ကြေမွနေပေသည်။ လွှတ်ပေး မလားဟုလည်း မစဉ်းစားခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် လွန်ခဲ့သော ၃ နှစ် ကိုကိုးကျွန်းမှာ ရှိစဉ်ကတည်းက သူတို့ အလိုကျ မနေခဲ့ပေ။ အစာငတ်ခံ ဆန္ဒပြပွဲများသာ ပြုလုပ်ခဲ့ သည်။ စစ်အာဏာရှင် တို့၏ အုပ်ချုပ်ရေး ကာလတစ်လျှောက်လုံး ပြည်သူတို့၏ ဆန္ဒကို လိုက်လျော ခဲ့သည် ဆိုသည်မှာ လုံးဝမရှိခဲ့။ ယခု ၅၃ ရက် အစာငတ်ခံ တိုက်ပွဲ၊ ရက် ၄၀ အစာငတ်ခံတိုက်ပွဲများ ကိုသာ မဆလအစိုးရ အရှုံးပေး လိုက်လျော ခဲ့ရသည်။ ကျွန်တော်တို့ကို လုံးဝကျေနပ် မည်မဟုတ်။ ထို့ကြောင့် ကျွန်တော်တို့ကို လွှတ်ပေးဖို့ ဆိုသည်မှာ အစဉ်းစားရ ကျပ်လှ လေသည်။ သို့သော် နိုင်ငံရေး အခြေအနေမှာ ပြောရ ခက်ပါသည်။ သူတို့၏ အုပ်ချုပ်မှု အသားကျနေသည်ဟု ယူဆပြီး ကမ္ဘာ့ အမြင်တွင် နိုင်ငံရေး အကျဉ်းသားပေါင်း များစွာ ထားသည်မှာ အရုပ်ဆိုး အကျည်းတန် လှသည် ကိုလည်း သူတို့ သဘောပေါက်၏။ ထို့ကြောင့် သူတို့၏ အုပ်ချုပ်ရေးနှင့် နိုင်ငံရေး တည်ငြိမ် လာသည်နှင့် တင်းကျပ် ထားသမျှကို ဖြေလျှော့ ပေးဖို့ လည်း သူတို့ ဖန်တီး နိုင်ပါသည်။

လွှတ်ပေးသည် ဆိုလျှင် ယခုထက်တိုင် သူတို့ အစဉ်အလာ အရ လုပ်လေ့ ရှိသည်မှာ Bond  ဘွန်းခေါ် ခံဝန်ချက်များ လက်မှတ် ရေးထိုးခိုင်းခြင်း ဖြစ်သည်။ ကျွန်တော်တို့ ကမူ လက်မှတ် လုံးဝ ရေးထိုးခြင်း မပြုနိုင်ပါ။ စဖမ်း ကတည်းက စစ်အာဏာရှင် တို့ကို လုံးဝ အရှုံးပေး ဒူးထောက်ခြင်း မပြုနိုင်ဟု ဆုံးဖြတ်ထားကြသည်။ အသက်ပင် သေသေ စစ်အာဏာရှင်တို့နှင့် လုံးဝ စေ့စပ် ညှိနှိုင်းခြင်း လုပ်မည် မဟုတ်ပေ။ ကျွန်တော်တို့ ထောင်ထဲ အတူနေစဉ်က အမြဲလိုလို အသနားခံစာ တင်လေ့ရှိသော နိုင်ငံရေးသမား များကို တွေ့ခဲ့ ရပါသည်။ အင်းစိန်ထောင် တွင်လည်း တစ်လ တစ်ခါ အသနားခံစာ တင်သူများ ရှိသည်။ ကိုကိုးကျွန်း တွင်လည်း တစ်ပတ် တစ်ခါ၊ ၂ ပတ် တစ်ခါ အသနားခံစာ တင်သူရှိ၏။ တစ်နေ့ တစ်ခါ တင်ခွင့် ရလျှင် တင်ကြမည့် သူများ ဖြစ်၏။ နိုင်ငံရေး အမှုနှင့် မဟုတ်ဘဲ ဗိုလ်မှူး၊ ဗိုလ်ချုပ်များက အမြင်ကတ်မှုနှင့် ပုဒ်မ ၅ ဖြင့် အဖမ်းခံရသူ များမှာ အသနားခံစာ တင်လေ့ ရှိသလို နိုင်ငံရေးသမား ရင့်မာကြီး ဖြစ်လျက်၊ ပါတီ ဗဟိုကော်မတီတွင် ပါဝင်သူ ဖြစ်လျက်နှင့် အသနားခံစာ တင်သူ များလည်း ရှိပေသည်။ ယခုအခါ၌ သူတို့ မှာ ကွန်မြူနစ်ဝါဒကြောင့် ထောင်ကျ ခံရသည်။ ဗကပ၏ စည်းရုံး သိမ်းသွင်းမှုကြောင့် အစိုးရက အထင်လွဲကာ ထောင်ကျခဲ့ရသည်။ ထို့ကြောင့် ကွန်မြူနစ်ဝါဒနှင့် ဗကပမှာ သူ တို့၏ ကမ္ဘာမကျေ ရန်သူများ ဖြစ်သည်။ စစ်အစိုးရက သူတို့၏ အသက် သခင် ကျေးဇူးရှင်များဖြစ်သည်။ တချို့ဆို စစ်တပ်က သူတို့အသက်ကို ၂ ကြိမ်တိုင်တိုင် ကယ်ခဲ့သည့် အသက် သခင် ကျေးဇူးရှင်များဟု အနန္တောအနတ္တ ၆ ပါး၌ ထည့်သွင်း ခဲ့ကြသည်။ ထိုသူများမှာ ရယ်စရာ လည်းကောင်း သလို ရွံစရာလည်း ကောင်းလှပေသည်။ ထိုသူများမှာ ယခု ဗကပထဲတွင် ရှိသလို အလံနီများ၊ NLD များနှင့် ကဗျာ ဆရာများ ထဲတွင်လည်း ရှိလေသည်။

တချို့ လှုပ်ရှား တက်ကြွသူများသည် သူတို့၏ ပါဝင်ပတ်သက် မှုကြောင့် ကျူပင်ခုတ် ကျူငုတ်ပါ မကျန်အောင် ဖမ်းဆီးရာတွင် သူတို့လည်း ထောင်ထဲ ရောက်သွား၏။ ထောင်ဆိုသည်မှာ အကောင်း တစ်ကွက်မှ မရှိပေ။ နိုင်ငံရေးသမား ဆိုလျှင် တိုက်ခန်းထဲ ထားကာ စိတ်ရော ရုပ်ပါကျ ဆင်းသွားအောင် ညှဉ်းပန်းသည့် အချိန်တွင် သူတို့သည် NLD ကိုလည်း အပြစ်ပုံချ တော့သည်။ ဗကပကိုလည်း ဆဲရေးတိုင်းထွာ တော့သည်။ NLD ခေါင်းဆောင်ကိုလည်း အမနာပ အော်ဟစ် ပြောဆိုတော့၏။ ထိုတွင် စာရေးဆရာ၊ ကဗျာဆရာ များလည်း ပါသည်။ ထိုသို့ သူတို့၏ ဆဲရေးတိုင်းထွာမှုကို ထောင်ထဲ အတူရှိနေသော နိုင်ငံရေး သမားများက သိသည်။ အတူ နှိပ်စက်ခံရ သူများကလည်း ကြားနေရသည်။ သူတို့ကို စက်ဆုပ် ရွံရှာခဲ့ကြ၏။ ထောင်က လွတ်လာသည့် အခါတွင်လည်း သူတို့သည် ဒီမိုကရေစီကိုလည်း ဆန့်ကျင်ရှုတ်ချ၏။ ဗကပကိုလည်း ဆန့်ကျင် အပုပ်ချသည်။ သို့သော် စစ်အာဏာရှင်များနှင့် စစ်အစိုးရကိုမူ ဆန့်ကျင်သည့် စကားမပြောကြပေ။ အခြေအနေများ ပြောင်းလဲ လာပြီး ဒီမိုကရေစီ အသံများ ကြားလာရသော အခါတွင် သူတို့သည် စစ်အစိုးရကို ကျေးဇူး တင်ဆဲ ရှိနေကြသည်။ ဗကပကို ဆန့်ကျင် ပြောဆိုကြသည်။ ဗကပ ရှုံးနိမ့်နေသည့် အခါတွင် ဗကပကို အပုပ်ချ ပြောဆို နေသည်မှာ အော့နှလုံး နာစရာ ကောင်းသလို လဲနေသူအား ခြေထောက်နှင့် ကန်ကာ မှတ်ပြီ လားဟု အော်နေသော သူရဲကောင်းယောင်များ ဖြစ်လာ ကြသည်။ ထောင်ထဲတွင် ဘ၀တူ များကိုလည်း ဆန့်ကျင်ခဲ့ ကြသလို သူတို့၏ ရပ်တည်ချက် များကို အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများလည်း သိကြသည်။ သို့သော် သူတို့က ယခုအခါ ရဲရင့် သူများ ဖြစ်လာကြသည်။ သူတို့၏ ယခင် အော်ဟစ်ဆဲဆို ခဲ့မှုများကို ဖုံးကွယ်ကာ စာပေဟောပြောပွဲ များ၌ စစ်အာဏာရှင် များအား သူတို့က ဦးဆောင် တိုက်ခိုက်ခဲ့ သယောင် ပြောဆို ခဲ့ကြသည်။ အမှန်မှာမူ သူတို့သည် အကျဉ်းထောင်ထဲတွင် ဒုတိယ အမျိုးအစား၌ ပါဝင်ခဲ့လေသည်။

ထောင်ဆိုသည်မှာ ကောင်းကွက် ရှိသည်ဟု မပြောနိုင် သော်လည်း လူတို့၏ ခံနိုင်ရည်အားကို စမ်းသပ်သော စမ်းသပ် ကွင်းအဖြစ်ကား ပြောနိုင်ပေသည်။ လေတစ်လုံး မိုးတစ်လုံး ပြောနေသူများအား ထောင်ကျ စေချင်သည်ဟု ပြောခြင်းမှာ သူတို့၏ ခံနိုင်ရည်အား၊ စိတ်ဓာတ်ကို စမ်းသပ်လိုခြင်းကြောင့် ထောင်ကျခံစေလို ခြင်းဖြစ်ပါသည်။ မိမိ၏ နိုင်ငံရေး ခံယူချက်၊ အယူအဆ သဘောထားကို ခိုင်မြဲအောင် ကိုင်စွဲသူများမှာ အရှုံးမပေး ဒူးမထောက် ကြပေ။ လူပုဂိ္ဂုလ်အရပင် လေးစားသင့်သော ရဲစွမ်းသတိ္တ ရှိသူများဟု သတ်မှတ်ရ ပေမည်။ ထို့ကြောင့် ထောင်သည် မိမိ၏ နိုင်ငံရေး ယုံကြည်ချက်ကို စမ်းသပ်ခြင်း၊ လူပုဂိ္ဂုလ်တစ်ဦး၏ ခံနိုင်ရည် အားကို စမ်းသပ်ခြင်း စသည်တို့ကို ဖော်ဆောင်သည့် နေရာဖြစ်သောကြောင့် နိုင်ငံရေး လုပ်မည် ဆိုလျှင် ထောင်ကျဖူး သူသည် ထောင်မကျ ဖူးသူထက် ပို၍ နိုင်ငံရေး အင်အားရှိသည်ဟု ဆိုရပေမည်။ ထောင်ကျဖူး သူများတွင်လည်း ထောင်ထဲတွင် သူတို့၏ နိုင်ငံရေး ရပ်တည်ချက်ကို သိရပြန်ပါသည်။ အချို့က အသနားခံစာ အမြဲတင်သူများ ရှိ၏။ တချို့က ထောက်လှမ်းရေးနှင့် စစ်အစိုးရက ပေးသော ကတိခံဝန်ချက်ကို လက်မှတ် ရေးထိုးကာ မိမိ ယုံကြည်ချက်ကို အရှုံးပေးကာ ထောင်ထဲ ထွက်ခဲ့ကြသည်။ တချို့မှာ အသနား ခံစာတင်ကာ နိုင်ငံရေး လုံးဝ မလုပ်တော့ဘဲ စီးပွားရေး သမားက စီးပွားရေးပဲ လုပ်ပါမည်။ စာရေးသူက စာပဲ ရေးပါတော့မည်ဟု ကတိခံဝန်ပြုကာ ထောင်မှ လွတ်လာခဲ့သည်။ တချို့က ကြွေးကျန် ၄၀၁ ပုဒ်မကို လက် မှတ်ထိုး ကြသည်။ ထိုသို့ လက်မှတ် မရေးထိုးခြင်း၊ ခံဝန် မထိုးခြင်းကို ရှေ့ဆုံးတန်း၌ ရပ်တည်သူများမှာ ၁။လက်ဝဲသမားများ ဖြစ်သည်။ ၂။ ကျောင်းသား ရဲဘော်များဖြစ်၏။ ၃။ ခိုင်မာသော ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွ သူများဖြစ်သည်။

ကျွန်တော်တို့ကို စာမေးပွဲ စစ်ပြီးသည့် နောက်ပုံမှန်အတိုင်းပင် ထားရှိပါသည်။ ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ထဲသို့ ရောက်လာ၏။ အခြေအနေမှာ တစ်စုံတစ်ရာ အပြောင်းအလဲသို့ ရောက်နေပြီဟု ကျွန်တော်တို့ မှန်းကြည့် ပါသည်။ သူတို့ပြိုလဲအောင် ဗကပနှင့် ကျန်အင်အားစု များက ပြိုလဲအောင် လုပ်နိုင်မည် မဟုတ်။ သူတို့ မျက်လှည့်ပြဖို့ အကွက် တစ်ခုခုတော့ ကြံစည် နေပြီဟု ခန့်မှန်းကြသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ ရေးဆွဲ နေကြောင်း ထောင်ထဲတွင် ဖတ်ရသော လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာတွင် ဖတ်ရသည်။ ထိုအခါ ကမ္ဘာ့ အမြင်ကောင်းအောင် နိုင်ငံရေး ဖြေလျှော့မှု တစ်ခု သူတို့ လုပ်ရပေမည်။ နိုင်ငံရေး အကျဉ်းသားများကို ညှဉ်းပန်း နေသည်ထက် လွှတ်ပေးခြင်းက ပို၍ မျက်နှာပန်း လှပါသည်။ သို့သော် စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း လွယ်လွယ် ကူကူ လွှတ်ပေး ဖို့ကား မလွယ်လှပေ။ ယခုလို ထောင်ထဲတွင် စစ်ဆေးနေသည် ကပင် သူတို့ သဘောထား မမှန်ကြောင်း သိနိုင်သည်။ မေးခွန်းများ မေးကာ ထိုလူခေါင်းမာ မမာ၊ လွှတ်ပေးသင့် မပေးသင့် စစ်ဆေးနေခြင်း ဖြစ်၏။ ကျွန်တော်တို့က မဆလကို လုံးဝ မထောက်ခံ။ စစ်အာဏာရှင် တို့ကို ဆန့်ကျင်သည်။ ဗကပ မှာမူ ပြည်သူ၏ ထောက်ခံမှု ရလျှင် ရသလောက် အောင်ပွဲဆင် နိုင်ပြီး ပြည်သူ၏ ထောက်ခံမှု မရလျှင် အောင်ပွဲဆင် နိုင်မည် မဟုတ်ဟု ကျွန်တော်၏ သဘောထားကို ဖြေဆိုခဲ့သည်။ လွှတ်မည် ဆိုလျှင် စစ် ထောက်လှမ်းရေး၏ သံမဏိ စည်းကမ်းအရ ခံဝန်လက်မှတ် မထိုးလျှင် လွှတ်မပေးဟု သတ်မှတ်ချက်ကြောင့် ကျွန်တော် လွတ်မည်ဟု မထင်ခဲ့ပေ။

နေ့လယ် ၂ နာရီခန့်တွင် ကျွန်တော်တို့ တစ်ရေး တမော ခုတင်ပေါ်တွင် အိပ်နေချိန်၌ တံခါးမကြီး ဖွင့်သံကို ကြားရ၏။ နောက်ထောင်မှူး တစ်ယောက်နှင့် ထောင်ကြပ်များ ၀င်လာကာ လူနာမည်နှင့် အဖေ နာမည်တွဲ ခေါ်၏။ နာမည် ခေါ်ခံရသူများအား မိမိတို့ ပစ္စည်းများကို ထုပ်ပိုးခိုင်း၏။ ၂ ယောက်တစ်တွဲ ထွက်ကာ ရှေ့တွင် တန်းစီ ခိုင်းပါသည်။ ကျွန်တော့် နာမည်ကို ခေါ်သည်။ အဖေနာမည် ကိုလည်း ခေါ် သည်။ မှန် မမှန် စစ်ပြီးသည်နှင့် ရှေ့ထွက် ခိုင်းလေသည်။ ထိုအချိန်တွင် ကျွန်တော်နှင့် နာမည်တူ အလံနီပါတီမှ ကျွန်တော်တို့ အခေါ် ကိုအောင်ကြီးကလည်း ကျွန်တော့် နာမည်နှင့် နာမည်အရင်း တူနေသော ကြောင့်ထ၏။ သို့သော် အဖေ နာမည် မတူပေ။ သူ့ကိုခေါ် မထုတ်ပါ။ ကျွန်တော့်ကို ခေါ်ထုတ်သွားသည်။ ကျွန်းတွင် ကျွန်တော်တို့ စောင်များကို ထုတ်သော အနွေးထည် အင်္ကျီများကို ထုပ်ကာ အခန်းအပြင် ထွက်လိုက်သည်။ ကျွန်တော်တို့ အားလုံးကို နောက်မှ လိုက်ခဲ့ရန် ထောင်မှူးက ပြောကာ အရှေ့မှ ထွက်သွားသည်။ ကျွန်တော်တို့ ထောင်တွင် နေရသည့် လေး၊ ငါး၊ ခြောက်နှစ် အတွင်း တစ်နေရာမှ တစ်နေရာ ခေါ်သည့်အခါ ခေါင်းပေါ်စောင် အုပ်လေ့ ရှိသည်။ ခေါင်းမြီး မခြုံရသည်မှာ ယခု တစ်ကြိမ်သာ ရှိသည်ဟု ဆိုရမည်။ ထောင်ဘူးဝသို့ ခေါ်သွား၏။ တစ်ယောက် နှင့် တစ်ယောက် မျက်လုံးချင်း ဆိုင်ကြည့် လိုက်ကာ လွှတ်တာ ဖြစ်မည်ဟု တိုးတိုး ပြောဖြစ်ကြသည်။ လွှတ်ရင် ဘွန်းမထိုးနဲ့ နော်ဟုလည်း အလေးအနက် သတိပေး ပြောလိုက် ကြပါသည်။ ကျွန်တော်တို့ကို ထားသော ၄ ဆောင်မှ လူအတော်များများ ပါလာကြ၏။ ဘူးဝထောင် ၀င်စာဘက် မိန်းမဆောင် ရှေ့ရောက်သည့် အခါတွင် ကျွန်တော်တို့ကို ထိုင်ခိုင်းလေသည်။ ၃ ဆောင်၊ ၅ ဆောင် စသည် တို့မှလည်း လူများ ရောက်လာ ကြသည်။ အားလုံးလိုလိုမှာ ကျွန်းတွင် နေခဲ့ရသူများ ဖြစ်လေသည်။ ဘဖူးညွန့်၊ ချိုကြီး၊ ကိုဇော်လွင်၊ ခင်မောင်ဇော် စသည့် ရဲဘော်များကို မှတ်မိနေ၏။ အခြေအနေ အခင်းအကျင်းမှာ ကျွန်တော်တို့ကို လွှတ်ဖို့ သေချာသလောက် ဖြစ်နေပါတော့သည်။

မြန်မာသံတော်ဆင့်

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပုဂ်္ဂိုလ်ရေးအခြေပြု ဆက်ဆံရေးကောင်း တစ်ခုကိုရရှိခဲ့သော်လည်း ဒိုင်ယာလော့၏ အသီး အပွင့်ကိုမူ ပြည့်ဝစွာမခံစားခဲ့ရဟု ဆိုသည် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာခရီးစဉ်များအတွင်းတွင်သာ အတိုက် အခံအသွင်သဏ္ဌာန်ရုပ်လုံးပေါ်ပြီး အုပ်ချုပ်ရေးပိုင်း၊ တပ်မတော်တို့အား ဝေဖန်ထောက်ပြမှုပြုနေခြင်းမှာ အဆိုပါဒိုင်ယာလော့များ၏ အကျိုးဆက် ဟု ယူဆသူများလည်းရှိ . . .
 
Journal of Democracy ၏ အယ်ဒီတာ တစ်ဦး ဖြစ်သူ ဆောင်းပါးရှင် လာရီဒိုင်း မွန်းက ၂၀၁၂ အောက်တိုဘာ ဂျာနယ်တွင် ရေးသားခဲ့သော Opening in Burma  စာတမ်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သုံးသပ်ချက် တချို့ကို တင်ပြခဲ့သည်။ သုံးသပ်ချက် အများစုမှာ လက်တွေ့ကျပြီး မြန်မာ့နိုင်ငံရေး ရှေ့ခရီးအတွက် အသုံးချ ယူငင်စရာ သဘောထား အမြင်များစွာပါ ရှိ၍ စာတမ်း တစ်ခုလုံး ခြုံငုံကြည့်လျှင် အထူးကောင်းမွန် သည်ဟုပင် ဆိုရမည်။ ဥပမာ အဆိုပါ ဆောင်းပါး၏ အပိုဒ် တစ်ပိုဒ်၌ ““ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒီမို ကရေစီ အင်အားစု များကို ဦးဆောင်၍ ဆွေးနွေးညှိနှိုင်း မှုများ လုပ်ရမည် ဖြစ်သလို သူမ၏ ပါတီအား အားကောင်းရန် ထူထောင် ရန်လိုပြီး တခြားသော နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား ပါတီများ ပါဝင်သည့် ညွန့် ပေါင်းတစ်ခုကို တည်ဆောက် သင့်ပါသည်”” ဟု ဖော်ပြထားရာ လက်တွေ့ကျသော သုံးသပ်ချက် တစ်ခုဖြစ်ကာ NLD ပါတီ အနေဖြင့် အထူးအလေး အနက်ထား စဉ်းစားခဲ့ သင့်သောအမြင် တစ်ခုဟုပင် ဆိုရပါမည်။

လာရီဒိုင်းမွန်းက ဆက်လက် ရေးသားသည်မှာ ““အကဲဆတ်သော ဆွေးနွေးမှုများကို အပေးအယူ သဘော ညှိနှိုင်းမှုများဖြင့် သိမ်မွေ့စွာ ဆောင်ရွက် ရမည်ဖြစ်သလို တချို့သော ကိစ္စရပ်များ၌ ပုဂိ္ဂုလ်ရေး အရ လျှို့ဝှက်စွာ ကျိတ်ဝိုင်း ဆွေးနွေးပွဲများ ပြုလုပ်ရ လိမ့်မည်။ ထိုအခါမှသာ ယုံကြည်မှု တည်ဆောက်နိုင်မည်””ဟူ၍ဖြစ်သည်။
လွန်ခဲ့သော ၂၀၁၃ မေလ အတွင်း၌ ပြည်တွင်းမှ အထင်ကရ နိုင်ငံရေး ဆောင်းပါးရှင် တစ်ဦး၏ ဆောင်းပါး တစ်ပုဒ်အား ဖတ်မိခဲ့သည်။ အဆိုပါ ဆောင်းပါး၏ ခေါင်းစဉ်ခွဲ တစ်ခုဖြစ်သည့် “အနည်းဆုံး ညှိလမ်းကြောင်း”ပါ အကြောင်းအရာများမှာ လာရီဒိုင်းမွန်း၏ ယူဆချက်နှင့် အမြင်ချင်း တူနေသည် ဟုပင် ဆိုရမည်။ အချက် အလက်တချို့ကို ဖော်ပြရလျှင်- …

““စာရေးသူ အာရုံညွတ်သော အယူအဆ တစ်ရပ်ရှိသည်။ Minilateralism “အနည်းဆုံး ညှိလမ်းကြောင်း ဆိုပါစို့။ အားလုံး ပါဝင်ညှိနှိုင်း ဆွေးနွေးကြသည့် Minilateralism မှာ သီအိုရီ အရ ကောင်းပါ၏။ လက်တွေ့ အဖြေပေါ်ဖို့ သိပ်မလွယ်။ အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်မည့် လူပုဂိ္ဂုလ် အနည်းငယ်မျှ ညှိနှိုင်းအဖြေရှာ ကြသည့် Minilateralism ကသာ အလုပ် ဖြစ်လိမ့်မည်ဟု ထင်သည်။ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးရွှေမန်း သူတို့ အချင်းချင်း နားလည်မှုဖြင့် အကျပ် အတည်းကို ကျော်နိုင်လျှင် မကောင်းပါ သလော။ ကောင်း သည်ဟု ယုံသည်”” ဟူ၍ စာရေးသူ၏ ယုံကြည်ချက်ကို ဖော်ပြထားသည်။ ပြည်သူလူထု ပါဝင်မှု အခန်း ကဏ္ဍ၊ အားလုံး ပါဝင်ညှိနှိုင်း ဆွေးနွေးခြင်း အခန်းကဏ္ဍ များထက် နိုင်ငံရေး အီလစ် တစ်ခုဖြင့် တိုင်းပြည် ပြောင်းလဲ နိုင်စွမ်းအပေါ် အားပြုပုံ ပေါ်သည့် အဆိုပါ စာရေးသူ၏ အယူအဆအား အကဲခတ်မိရင်း အနည်းဆုံး ညှိလမ်းကြောင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ပေါ်လာပါသည်။

ဤတွင် Dialouge ဆိုသော စကားလုံးက အတွေးထဲဝင်လာသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အကူးအပြောင်း၏ စေ့စပ်ညှိနှိုင်းခြင်း ဖြစ်စဉ်အား တောင်အာဖရိကနှင့် ပုံနှိုင်း တင်ပြကြလေ့ ရှိသည်။ ပြည်တွင်းမှ ဆောင်းပါးရှင် အများစု တင်မက လာရီဒိုင်းမွန်း၏ စာတမ်းတွင်ပင် ဒီကလပ် နှင့် မင်ဒဲလားတို့၏ တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ရပ်များအား ကိုးကား တင်ပြထားသည်။ တောင်အာဖရိက၏ အသွင် ကူးပြောင်းမှုတွင် မြန်မာနိုင်ငံနှင့် တူညီသော အချက်များ ပါဝင်ပြီး စေ့စပ်ညှိနှိုင်း သဘောတူညီမှု ယူပုံများ၊ နိုင်ငံတကာ၏ ဖိအားများ၊ ဒီ ကလပ်နှင့် မင်ဒဲလားအား ပူးတွဲ နိုဘယ်ဆု ချီးမြှင့်၍ စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ် ရောက်အောင် နိုင်ငံတကာ၏ အမြော်အမြင် ရှိသော တွန်းအားများ၊ စေ့စပ်ညှိနှိုင်းမှု အထမြောက်ပြီး ရွေးကောက်ပွဲ စနစ်ဖြင့် အာ ဏာခွဲဝေမှုအား စီမံနိုင်ခဲ့ ပုံများမှာ အထူး မှတ်သားစရာများ ဖြစ်ပြီး သင်ခန်းစာ ယူစရာ အချက်အလက် များလည်း ပါဝင် နေပါသည်။ ဤတွင် အထူးတင်ပြ လိုသည့် အချက်မှာ တောင်အာဖရိက စေ့စပ်ညှိနှိုင်း သူများနှင့် မြန်မာ စေ့စပ် ညှိနှိုင်း သူများ၏ နောက်ခံ အခင်းအကျင်း မတူညီခြင်းပင် ဖြစ်သည်။ တောင်အာဖရိက စေ့စပ်ညှိနှိုင်းမှုအား မြန်မာ့နိုင်ငံရေး အခင်းအကျင်းပေါ် ထပ်တူကျ မတင်မိစေရန် ရည်ညွှန်း လိုရင်း ဖြစ်ပါ သည်။ ဤသို့ နောက်ခံ အခင်းအကျင်းချင်း မတူညီသည့် အချက်များအား တစ်ချက်ချင်း တင်ပြသွားပါသည်။

၁။ မင်ဒဲလား ထောင်သွင်း အကျဉ်းချ ခံနေရချိန်တွင် လွတ်မြောက်နေသော ခေါင်းဆောင်များ၏ လှုပ်ရှားမှု လုပ်ငန်း ဆောင်တာများမှာ အတော်ပင်တာ သွားခဲ့သည်။ မင်ဒဲလား လွတ်မြောက် လာချိန်တွင် လွတ် မြောက်နေသောခေါင်းဆောင်များ၏ အမြော်အမြင်ရှိရှိ လက်တွေ့ကျသော စီမံ ဆောင်ရွက်မှုများဖြင့် လူဦးရေ နှစ်သန်းကျော်အား ကိုယ်စားပြုသော အဖွဲ့အစည်းပေါင်း ခုနစ်ထောင်ကျော် ရှိနေခဲ့ပြီ ဖြစ်သည်။ စနစ် တကျ ဖွဲ့စည်းထားသော လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ ရှိနေသလို ပြည်ပတွင်လည်း ထောင်နှင့် ချီသော နိုင်ငံရေး၊ ပညာရေး၊ ဥပဒေရေး စသည့် ကဏ္ဍစုံ၌ ဆိုင်ရာ ဆိုင်ရာ ပညာရှင်များ ရှိနေခဲ့သည်။ မင်ဒဲလား လွတ်မြောက် ချိန်တွင် အဆင်သင့် ဖြစ်နေခဲ့သော ဤအင်အားစု များက မင်ဒဲလား နောက်မှ Institution Background အဖြစ် အခိုင်အမာ ရှိနေခဲ့သည်။ ဒီကလပ်အား စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းပေါ် ရောက်အောင် မင်ဒဲလား၏ အဖွဲ့အစည်း နောက်ခံ အင်အားစုကြီးက တွန်းအား တစ်ရပ်ဖြစ်စေခဲ့သည်။

၂။ စေ့စပ် ဆွေးနွေးရေး ကာလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း တစ်ခု ဒီကလပ်နှင့် မင်ဒဲလားတို့ကြား ပေါ်ပေါက်ခဲ့သည်။ ဤတွင် မင်ဒဲလား၏ ANC ပါတီမှ လူထုလှုပ်ရှားမှု တစ်ခုဖြင့် ဒီကလပ် လူဖြူအစိုးရ၏ ဒီမိုကရေစီပန်းတိုင် တကယ်ရှိ၊ မရှိစမ်းသပ် ခဲ့သည်။ လူဖြူ အစိုးရ အနေဖြင့် အကြမ်းဖက် နှိမ်နင်းလျှင် ပြည်သူနှင့် နိုင်ငံတကာအား စစ်မှန်သော ဒီမိုကရေစီ ပန်းတိုင် မရှိကြောင်း သက်သေ ပြရာ ရောက်မည် ဖြစ်သည့်အတွက် အကြမ်းဖက်ခြင်း နည်းလမ်းအား အသုံးမပြုခဲ့ပါ။ ဤသို့ နိုင်ငံရေးအရ မတိုးသာ၊ မဆုတ်သာ အကျပ်အတည်း အခြေအနေ (political deadlock) ကပင် ဖိအားအဖြစ် စေ့စပ်ညှိနှိုင်းခြင်း လမ်းကြောင်းသည် ပိုမို အသက်ဝင် လာပါသည်။ စစ်မှန်သော ဒိုင်ယာလော့ တစ်ခု အသက်ဝင်ရန် နှစ်ဦး နှစ်ဖက်စလုံးမှ မတိုးသာ၊ မဆုတ်သာ အကျပ်အတည်း အခြေအနေ (political deadlock) တစ်ခု လိုအပ်ကြောင်း ပဋိပက္ခ ဖြေရှင်းရေး ပညာရပ်တွင် အခိုင်အမာ ဆိုထားသည်။ ဒိုင်ယာလော့ ဆိုသည်မှာ ကိုယ့်ဘက်မှ သာမှ လုပ်သည်ဟူသော အယူအဆ တစ်ရပ်လည်း ရှိသည်။ အခြေအနေ အရပ်ရပ်တွင် အသက် ရှူချောင်ကာ တစ်ပန်း သာနေသည့် အင်အား စုဘက်မှ ဒိုင်ယာလော့အား စတင် ကမ်းလှမ်းခြင်းမျိုး ဖြစ်သည်။ ဤသို့သော ဒိုင်ယာလော့များ၏ အပေးအယူတွင် မမျှတမှုများ ပေါ်ပေါက် တတ်သည်။ အသာစီးရ ယူပြီးမှ ဒိုင်ယာလော့ စတင်သည့် အတွက် နည်းနည်း ပေးပြီး များများ ယူသော ဒိုင်ယာလော့ဟု ပညာရှင်များက ဆိုသည်။
၉၀နှင့် ၉၂ခုနှစ် စေ့စပ် ညှိနှိုင်းခြင်း ကာလအတွင်း နိုင်ငံရေး အစွန်းရောက် များသည် တတိယ အင်အားစု အဖြစ်ပေါ် ပေါက်လာပြီး အကြမ်းဖက်မှု များဖြင့် တိုင်းပြည် မတည်မငြိမ် ဖြစ်ကာ လူအများအပြား သေဆုံး ခဲ့သည်။ ဤတွင် နိုင်ငံတကာမှ ၁၉၉၂တွင် ဒီကလပ်နှင့် မင်ဒဲလားအား ပူးတွဲနိုဘယ်ဆု ချီးမြှင့်လိုက်ခြင်းဖြင့် စေ့စပ် ဆွေးနွေးရေး စကားဝိုင်း မဖြစ်မနေ လုပ်ဆောင်ရန် တွန်းအားတစ်ရပ် ပေးခဲ့သည်။

မင်ဒဲလား ထောင်ကျနေစဉ် ၁၉၈၃ တွင် လူထု လှုပ်ရှားမှုများကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် အခြေခံ ဥပဒေအသစ် တစ်ခုကို လူဖြူ အစိုးရက ရေးဆွဲပြီး ဆန္ဒခံ ယူပွဲကျင်းပရာ ၈၀ရာခိုင်နှုန်းက မဲမထည့် ဘဲ ဆန္ဒခံယူပွဲအား ညီညီညွတ်ညွတ် သပိတ်မှောက်ခဲ့၍ အစိုးရ၏ လှည့်ကွက်မှာ အလုပ် မဖြစ်ခဲ့ချေ။

ANC  ပါတီ၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သော လူသူလီသည် ၁၉၆၁ခုနှစ်တွင် အော်စလို ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ပြီး ဆုသွား ရောက်ယူခွင့် ရခဲ့သည်။ မင်ဒဲလား ထောင်ကျနေချိန် ၁၉၈၄ခုနှစ်တွင်လည်း ဘုန်း တော်ကြီ ဒက်စ်မွန် တူးတူးသည် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ပြီးနောက် လူဖြူအစိုးရ အပေါ် နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့ မှုများ စတင်လာသည်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့် မတူသည်မှာ တောင် အာဖရိက လွတ်မြောက်ရေး တိုက်ပွဲ အတွင်း မင်ဒဲလားအပြင် ခေါင်းဆောင်ကောင်းများ ရှိနေခဲ့ပြီး အဖွဲ့အစည်း နောက်ခံ Institution background လွန်စွာအား ကောင်းခြင်းဖြစ်သည်။ ထို့ပြင် မင်ဒဲလား ထောင်ကျ နေသော်လည်း ခေါင်းဆောင် မျိုးဆက် ပြတ်သွား ခြင်းမရှိဘဲ ANC ပါတီသည် မယိုင်မလဲ ကြံ့ကြံ့ခိုင် ရပ်တည် နိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၁ သြဂုတ်လတွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ သမိုင်းဝင် တွေ့ဆုံမှုသည် မြန်မာ့ နိုင်ငံရေး၏ ကြီးမားသော အချိုးအကွေ့ တစ်ခုဟု နိုင်ငံရေး ပညာရှင်များက သုံးသပ်ခဲ့သည်။ သို့သော် တွေ့ဆုံမှု၏ အသေးစိတ် အချက်အလက် များကို ယနေ့အထိ ထုတ်ပြန်ကြေညာခြင်း မရှိဘဲ NLD ပါတီ ခေါင်းဆောင်များပင် ဂဃဏနမသိဟု နိုင်ငံရေး အသိုင်းအ၀ိုင်းက ဆိုသည်။ ထိုတွေ့ဆုံမှုတွင် မည်သို့ စေ့စပ် သည်၊ မည်သို့ ညှိနှိုင်းသည်၊ မည်သို့ အပေးအယူ လုပ်သည်ကိုလည်း ခန့်မှန်းရ ခက်ခဲ နေပြီး စစ်မှန်သော ဒိုင်ယာလော့ တစ်ခု ဟုတ်မဟုတ် ကိုလည်း မည်သူမျှ အကဲမဖြတ် နိုင်ခဲ့ချေ။

လက်ရှိအချိန် အထိ သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် ၆ ကြိမ်တိုင် တွေ့ဆုံပြီး ဖြစ်သော်လည်း ဆွေးနွေးမှု အကြောင်းအရာ များအား တစ်ကြိမ်မျှ ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိချေ။ နိုင်ငံရေး လေ့လာသူတို့ သုံးသပ်သည် မှာတော့ ထိုတွေ့ဆုံမှု များတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပုဂ်္ဂိုလ်ရေး အခြေပြု ဆက်ဆံရေး ကောင်းတစ်ခုကို ရရှိခဲ့သော်လည်း ဒိုင်ယာလော့၏ အသီးအပွင့်ကိုမူ ပြည့်ဝစွာ မခံစားခဲ့ရဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ခရီးစဉ်များ အတွင်းတွင်သာ အတိုက်အခံအသွင် သဏ္ဌာန်ရုပ်လုံး ပေါ်ပြီး အုပ်ချုပ်ရေးပိုင်း၊ တပ်မတော်တို့အား ဝေဖန်ထောက်ပြမှုပြု နေခြင်းမှာ အဆိုပါ ဒိုင်ယာလော့များ၏ အကျိုးဆက်ဟု ယူဆသူများလည်း ရှိသည်။ အဘယ်အတွက်ကြောင့် ပြည်တွင်းတွင် အတိုက်အခံ သရုပ်သကန် အဖြစ် ပြတ်သားစွာ ရုပ်လုံး မပေါ်ခြင်းကိုလည်း နိုင်ငံရေး လေ့လာသူ တချို့က အားမလို အားမရ ဖြစ်ခဲ့ကြသည်။

ဒိုင်ယာလော့ ဆိုသည်မှာ ကိုယ့်ဘက်မှ သာမှ လုပ်သင့်သည် ဟူသော ရှုထောင့်မှ ကြည့်လျှင် အာဏာပိုကြီးသူ (အဘက်ဘက်မှ တစ်ပန်းသာ နေသူ) ဘက်မှ မည်သည့်အချက် အလက်များအား သဘောတူသင့် သည်ကို တင်ပြခြင်း သက်သက်သာ ဖြစ်သည်။ စေ့စပ်ဆွေးနွေးမှု တိုင်းတွင် အပေးအယူလုပ် ညှိနှိုင်းခြင်း သဘောသည် မဖြစ်မနေ ပါရှိရပါသည်။ ဤတွင် ကိုယ့်ဘက်က ရလိုက်သည့် ရာခိုင်နှုန်း ကိုယ့်ဘက်က ပေးဆပ်လိုက်ရ မည့်ရာ ခိုင်နှုန်း အချိုးအစားကို ကြိုတင် တွက်ဆ နိုင်ခြင်းကိုပင် နိုင်ငံရေး အမြော် အမြင်ရှိခြင်းဟု ဆိုရ ပါလိမ့်မည်။

မြန်မာသံတော်ဆင့်

မြန်မာနိုင်ငံမှာ ပြည်သူလူထုက ချစ်ခင်မြတ်နိုးပြီးတော့ ဂုဏ်ယူတဲ့စစ်တပ်မျိုး ရှိစေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သာဆိုရင် ပြုပြင်ပြောင်းလဲရေး ရှေ့တိုးနိုင်မှာ မဟုတ်တော့ဘူးလို့လည်း ဗြိတိန်နိုင်ငံ၊ Sandhurst တော်ဝင်စစ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားတာပါ။ အသေးစိတ်ကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်မှာရှိတဲ့ Sandhurst တော်ဝင် စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
“တိုင်းပြည်ဟာ စစ်တပ်ရဲ့အခိုင်းအစေ မဖြစ်သင့်ပါဘူး၊ စစ်တပ်ဟာ တိုင်းပြည်ရဲ့အောက်ခြေ ဖြစ်ရပါလိမ့်မယ်။ ဒါဟာ Sandhurst တက္ကသိုလ်က သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။”

ဒီတစ်ခေါက် ဗြိတိန်နိုင်ငံ ငါးရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst တော်ဝင်စစ်တက္ကသိုလ်ကို သောကြာနေ့က ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူလူထုက လေးစားချစ်ခင်ပြီး ဂုဏ်ယူတဲ့ ပြည်သူ့ဝန်ထမ်း စစ်တပ်စစ်စစ် ရှိစေချင်လို့ တကယ်ကောင်းမွန်တဲ့ ပြည်သူ့ဝန်ထမ်း စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို လေ့လာရအောင် လာရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်လောင်းတွေနဲ့ လက်ဖက်ရည်သောက်ရင်း Sandhurst တက္ကသိုလ်ဟာ ဖျက်ဆီးဖို့မဟုတ်ဘဲ ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ စစ်တပ်ကောင်းတစ်ခုဖြစ်အောင် မှန်ကန်တဲ့ ခေါင်းဆောင်မှုတွေကို ပို့ချပေးနေတဲ့နေရာလို့လည်း သူမက ချီးကျူးပြောခဲ့ပါတယ်။

ဗြိတိသျှလက်အောက်ကလွတ်မြောက်အောင် တိုက်ပွဲတွေကို ဦးဆောင်ခဲ့တဲ့ သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ မီးရှူးတန်ဆောင်ဘဝကနေပြီးတော့ အခုအခါမှာ ပါလီမန်မှာ အတိုက်အခံခေင်းဆောင် နိုင်ငံရေးသမားအဖြစ် ပြောင်းလဲခဲ့ပါပြီ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့် ရလဒ်ကို အသိအမှတ်ပြုခြင်းမခံခဲ့ရပါဘူး။ အခုအခါမှာတော့ ပြီးခဲ့တဲ့နှစ်က ကြားဖြတ်ရွေးကောက်ပွဲမှာ သူမရဲ့ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ တခါ ၂၀၁၅ ရွေးကောက်ပွဲမှာ သူမကိုယ်တိုင် သမ္မတအဖြစ် ဝင်ရောက်အရွေးခံဖို့ ရည်ရွယ်ထားပြီး ဖွဲ့စည်းပုံဥပဒေကို ပြုပြင်နိုင်မှသာ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးနိုင်မယ်ဆိုတာ ကမ္ဘာက သိစေချင်တယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Sandhurst တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားတဲ့အခါ အခုလို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

“ဒါဟာ ကျမ သမ္မတဖြစ်လာနိုင်မယ့် အရေးလောက်နဲ့သာ ပတ်သက်နေတာ မဟုတ်ပါဘူး။ အခုလက်ရှိ အခြေအနေမှာကို ဖွဲ့စည်းပုံက ဒီမိုကရေစီကို အလွန့်အလွန် ကန့်သတ်ထားတဲ့သဘော ဖြစ်နေပါတယ်။ မြန်မာတနိုင်ငံလုံးဟာ ဒီမိုကရေစီလမ်းပေါ်ကို တက်လှမ်းနေပြီလို့ ကမ္ဘာက ထင်နေပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံနဲ့သာဆိုရင်တော့ လက်ရှိအခြေအနေထက် ရှေ့တိုးနိုင်စရာကို မရှိတော့ပါဘူး။”

မကြာသေးမီရက်များအတွင်းက မြန်မာနိုင်ငံမှာ မူဆလင်လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ထိထိရောက်ရောက် ရှုတ်ချတာမျိုးမရှိဘူးလို့ ဗြိတိန်နိုင်ငံ မီဒီယာတွေက ဝေဖန်ခဲ့ကြပါတယ်။

ကျယ်ပြန့်လာတဲ့ မူဆလင်ဆန့်ကျင်ရေး ခံစားမှုတွေဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် အန္တရာယ်ဖြစ်နေပြီး ဒီမုန်းတီးမှုတွေဟာ ရာစုနှစ်ဝက်ကျော်ကျော် စစ်အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတဲ့ ရလဒ်ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနားက ဆိုထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။

“အကြမ်းဖက်မှု၊ မုန်းတီးမှုမှန်သမျှကို ကျမ ရှုတ်ချပါတယ်။ ဒါပေမဲ့ လူတွေကို ရှုတ်ချနေလို့တော့ အကျိုးရှိမယ်လို့ ကျမ မယုံကြည်ပါဘူး။ လူတွေကို ကျမတို့ ပြုပြင်နိုင်ပါတယ်။ လူတွေရဲ့ အတွေးအမြင်တွေကိုလည်း ပြောင်းလဲပေးအောင် လုပ်နိုင်ပါတယ်။ ရှုတ်ချနေရုံနဲ့ ဒါတွေ ဖြစ်မလာနိုင်ပါဘူး။ ဒီနေရာမှာ သတင်းထောက်တွေက ဘယ်လိုလုပ်မလဲလို့ မေးတော့ နည်းလမ်းကတော့ လူတွေဟာ တဖက်သားရဲ့ ပြဿနာတွေကို ဓမ္မဓိဌာန်ကျကျ ရှုမြင်နိုင်အောင် သူတပါးရဲ့ စိုးရိမ်စိတ်၊ မုန်းတီးစိတ်တွေကို သိရှိနားလည်နိုင်အောင်၊ စိတ်ဓာတ်လုံခြုံမှု အာမခံချက် ပေးရပါလိမ့်မယ်။ အဲဒီနောက် ဒီမုန်းတီးစိတ်၊ စိုးရိမ်စိတ်တွေ ပပျောက်အောင်လို့ ကြိုးပမ်းကြရမှာပါ။”

မြန်မာအစိုးရကတော့ ၂၀၁၂ ဇွန်နဲ့အောက်တိုဘာတုန်းက ရခိုင်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ပဋိပက္ခကြောင့် လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ မူဆလင်တွေဟာ မျိုးဆက်အလိုက် နေထိုင်ခဲ့ကြသူတွေဖြစ်ပေမဲ့ မြန်မာဘက်ကတော့ သူတို့ကို ဘင်္ဂလားဒေ့ရှ် ဘက်က တရားမဝင် ခိုးဝင်လာသူတွေလို့ ယူဆထားပါတယ်။ ဒီပဋိပက္ခတွေဟာ ကျန်တဲ့နေရာတွေကိုပါ ပျံ့နှံ့လာပြီး ရိုဟင်ဂျာတွေနဲ့ကွဲလွဲတဲ့ ကမန်အပါအဝင် တခြားသော မူဆလင်တွေကိုပါ ပစ်မှတ်ထားလာကြပါတယ်။

သန်း ၆၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံရဲ့လူဦးရေထဲမှာ ၅ % ဟာ မူဆလင်တွေဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

Voa burmese

ဘုရားအသက်နှင့်လူကို ကယ်တင်ခြင်း
    ၂၅.၁ဝ.၂ဝ၁၃ ရက်နေ့ သောကြာနေ့ နံနက် (၉းဝဝ)နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူသည် အလုပ်အမှုဆောင်အစည်းအဝေး လုပ်နေစဉ်အတွင်း ဦးကျော်သူထံသို့ တယ်လီဖုန်း ဝင်လာခဲ့သည်။ အမည်မှာ မဇာလီဝင်းနှင့် မသန္တာဟု သိရှိရပြီး အလုံ သစ်တောဝင်းရှိ မီးကင်းထဲတွင် အမည်မသိ အမျိုးသားတစ်ဦး သတိလစ် လဲကျနေသောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ကူညီပေးနိုင်ရန် ဆက်သွယ်ခြင်းဖြစ်သည်။ ထိုအခါ ဦးကျော်သူမှ သက်ဆိုင်ရာ ရပ်ကွက်ရုံးသို့ ဦးစွာအကြောင်းကြားထားပေးရန် ပြန်လည်ဖြေကြားသောအခါ ၄င်းတို့မှ ရပ်ကွက်ရုံးကိုလည်း သွားပြီးပါပြီ ရပ်ကွက်ရုံးမှလည်း ဘယ်သူမှ လိုက်မလာဘူး မိုးတွေကလည်း အရမ်းရွာနေတယ်၊  လူနာကလည်း အညစ်အကြေးတွေ၊ ဆီး၊ ဝမ်းများ မနိုင်၍ ပေကျံနေတယ်၊ လူတွေကလည်း ဝိုင်းအုံနေတယ်။ ဒါ့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေနဲ့ အမြန်ဆုံး ကူညီပေးစေချင်ပါကြောင်း အကူအညီတောင်းခံခဲ့သည်။ ထိုအခါ ဦးကျော်သူမှ လူနာကိုဆေးရုံသို့လိုက်ပါ ပို့ဆောင် ကူညီနိုင်ရန်အတွက် လူတစ်ဦးနှင့် ရပ်ကွက်ရုံးမှ တာဝန်ရှိသူတစ်ဦး လိုက်ပါရန် လိုအပ်သဖြင့် ရပ်ကွက်ရုံးမှ တာဝန်ရှိသူတစ်ဦးလိုက်မလာပါက ထိုကိစ္စအား နေပြည်တော်ထိ စာတင်မည်ဟု ပြန်ပြောခိုင်း လိုက်သည်။ ထို့နောက် ရပ်ကွက်ရုံးမှ တာဝန်ရှိသူများမှ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးကျော်သူအား ပြန်လည်၍ တယ်လီဖုန်းဖြင့် မဇာလီဝင်းနှင့် မသန္တာတို့မှ ထပ်မံအကြောင်းကြားလာခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ကျ အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်ဇော်၊ ဦးရဲလင်းမြင့်၊ ဦးမိုးယံကိုနှင့် မလင်းလင်းခိုင်တို့သည် လူနာတင်ယာဉ်ဖြင့် အဆိုပါနေရာသို့ အမြန်ဆုံးထွက်ခွာခဲ့ကြကာ မေ့မျောနေသော လူနာအားဖေးမကူညီ၍  ရန်ကုန်မြို့ရှိ အနောက်ပိုင်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ ကြပါသည်။ ထိုနေရာမှ မထွက်ခွာမှီ ၄င်းရပ်ကွက်အတွင်းရှိ အမျိုးသမီးတစ်ဦးမှ လူနာသယ်ဆောင်ပေးခအတွက် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များလက်ထဲသို့ ပိုက်ဆံများပေးခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးမှ “ကျွန်တော်တို့အသင်းက အားလုံး အခမဲ့ ကူညီတာပါခင်ဗျာ ငွေကြေးတစ်စုံတစ်ရာ ပေးရန်လုံးဝမလိုပါဘူးခင်ဗျာ” ဟု ပြန်ပြောလိုက်သည့်အခါ အနီးဝန်းကျင်ရှိ လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသားနှင့် လူနာတင်ယာဉ်အား ငေးကြည့်ရင်းကျန်ခဲ့ပါတော့သည်။

 အနောက်ပိုင်းဆေးရုံကြီးသို့ လူနာတင်ယာဉ်ဝင်ရောက်သွားသည့်အချိန်တွင်လည်း ဆေးရုံမှ ဆရာဝန်/ ဆရာဝန်မကြီးများ၊ သူနာပြုဆရာမကြီးများနှင့် ဝန်ထမ်းအားလုံးတို့မှာ ပြာပြာသလဲဖြင့် လူနာအား ဝိုင်းဝန်းဂရုစိုက် စမ်းသပ်ကာ လိုအပ်သည့် ကုသမှုများကို အချိန်မဆိုင်းဘဲ ဝိုင်းဝန်းကုသပေးကြပါတော့သည်။ လူနာအား စမ်းသပ်ရာတွင် သွေးပေါင်ချိန်သည်အလွန်နည်းကာ အခြေအနေမှာ လုံးဝဆိုးရွားနေပြီး ဆရာဝန်မလေးများ၏ ဆေးသွင်းခြင်းနှင့် လိုအပ်သောကုသမှုများကို စေတနာဖြင့် ဝိုင်းဝန်းကုသပေးမှုကြောင့်လူနာမှာ ချက်ခြင်းပင် မျက်လုံးဖွင့်ကာ စကားပြောနိုင်လာခဲ့သည်။ ထို့နောက် သူနာပြုဆရာမတစ်ဦးမှ လူနာအား နာမည်မေးရာ ၄င်း၏ အမည်မှာ ???? ။ အသက်ဘယ်လောက်ရှိပြီလဲဟုမေးရာတွင် “ကျွန်တော့်ရဲ့အသက်က ….. ဘုရားအသက်” ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။ နောင်မှသိရသည်မှာ ထိုသူမှာ စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်နေပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များ၏ စေတနာနှင့် အနစ်နာခံပေးဆပ်မှု၊ ရန်ကုန် အနောက်ပိုင်း ဆေးရုံမှ Dr.မေလင်းထွန်းနှင့် ဆရာဝန်/ဆရာဝန်မများ သူနာပြုဆရာမများ၏ လူသားချင်းစာနာမှု၊ ကရုဏာထားမှု၊ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြား ပေးခဲ့သောတာဝန်သိပြည်သူနှစ်ဦးဖြစ်သော မဇာလီဝင်းနှင့် မသန္တာ တို့၏ မေတ္တာတရား တို့ကြောင့် အတိတ်မေ့နေသူတစ်ဦး၊ ရာဇဝင်မဲ့နေသော လူနာတစ်ဦး၊ စိတ်ဝေဒနာရှင်တစ်ဦး၊ ဘုရားအသက်နှင့်ဆိုသောသူတစ်ဦးအား သေခြင်းတရားထံမှ မိနစ်ပိုင်းအတွင်းတွင် ကယ်တင်ခွင့်ရရှိခဲ့သည်။ ထို့ကြောင့် ဘုရားအသက်နှင့်လူကိုယ်စား သက်ဆိုင်သူများအားလုံး နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သာဓု … သာဓု … သာဓု ဟု ခေါ်ဆိုလိုက်ရပါတော့သည်။

  ထို့နောက် အနောက်ပိုင်းဆေးရုံမှ လူနာအားကယ်တင်အပြီးတွင် နောက်ထပ် တယ်လီဖုန်းတစ်ခုထပ်ဝင် လာခဲ့တော့သည်။ လူနာအမည်မှာ ဒေါ်သန်းကြည်ဖြစ်ပြီး ဦးနှောက်နှင့်အာရုံကြောဆေးရုံကြီးမှ လှိုင်သာယာရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးရန် ဖြစ်သဖြင့် တစ်ဆက်တည်းမှာပင် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များ သည် အနောက်ပိုင်းဆေးရုံမှ ဦးနှောက်နှင့်အာရုံကြောဆေးရုံကြီးရှိရာသို့ ချီတက်ခဲ့ကြ ပါတော့သည်။ လူနာကို တွေ့လျှင်တွေ့ခြင်း များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတော့သည်။ လူနာမှာ လှိုင်သာယာမြို့ရှိ အခြေခံလူတန်းစား များသာ နေထိုင်သော ရပ်ကွက်တစ်ခုတွင် တဲအိမ်ကလေးဖြင့် နေထိုင်ရပြီး အိမ်သာမရှိသဖြင့် အပေါ့အလေး သွားရန်အတွက် ဝါးကြမ်းခင်းအား အပေါက်ဖောက်ကာ အပေါ့အလေးသွားနေရသည်။ လွန်ခဲ့သော တစ်ပါတ်ခန့်က ညအချိန်မတော် အပေါ့အလေးသွားနေစဉ် ကြမ်းပေါက်မှ ကျွံကျကာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ ဦးနှောက်နှင့် အာရုံကြောဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်း ရောဂါအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသည့်အပြင် ဝမ်းဗိုက်မှာ ဖောင်းလာသည့်အတွက် ဆရာဝန်မှ ဓါတ်မှန်ရိုက်ရန် ညွှန်ကြားခဲ့သည်။ ဓါတ်မှန်ရိုက်ရန်အတွက် ကုန်ကျငွေကျပ် (လေးသောင်း)အား မတတ်နိုင်သည်ကတစ်ကြောင်း၊ ဆရာဝန်မှလည်း လက်ရှိ ဝယ်ယူထားသော ဆေးများအားဆက်လက် တိုက်ကျွေးရန် ညွှန်ကြားသဖြင့် ဆရာဝန်ကြီးအား ခွင့်တောင်းကာ ဆေးရုံမှ ဆင်းလာခဲ့ခြင်းဖြစ်သည်။ လူနာ၏ အိမ်သို့ရောက်သည့်အချိန်တွင် လူနာအား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ခက်ခဲစွာသယ်မ၍ နေအိမ်ပေါ်သို့ တင်ပေးခဲ့ရသည်။ ထို့အပြင် လူနာမှာ အောက်ဆီဂျင် ရှုရန်လိုအပ်သဖြင့် အရေးပေါ် လူနာတင်ယာဉ်ပေါ်မှ အောက်ဆီဂျင်အိုးအား ဖြုတ်ယူကာ လူနာအား ငှားရမ်းပေးခဲ့သည်။ ထို့နောက် လူနာ၏ မိသားစုဝင်များအား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ အားပေးစကားပြောကြားခဲ့ပြီးနောက် အဖွဲ့ဝင်များမှ မိမိတို့၏ ကိုယ်ပိုင်ငွေကြေးများအား ထောက်ပံ့ပေးခဲ့သလို ထပ်မံ၍ အကူအညီလိုအပ်ပါကလည်း တောင်းခံနိုင်ရန် ကူညီပေးခဲ့သည်။
 
ထို့ကြောင့် တစ်နေ့တည်းတွင် အထက်ပါလူနာနှစ်ဦးအား အသက်ကယ်တင် ကူညီပေးနိုင်ခဲ့ပြီးဖြစ်သည်။ ထိုသို့ကူညီနိုင်ခြင်းမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စဉ်ဆက်မပြတ်လှူဒါန်းကြသော အလှူရှင်များ၏ သဒ္ဒါတရား၊ လူနာတင်ယာဉ်များ လှူဒါန်းခဲ့ကြသော အလှူရှင်များ၏ တန်ဖိုးမဖြတ်နိုင်သော ကုသိုလ်တရား၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ စေတနာ၊ အကြင်နာ၊ ကရုဏာများ အပြင် သက်ဆိုင်ရာဆေးရုံများမှ ပြည်သူ့ဝန်ကိုထမ်းခဲ့ကြသော ဆရာဝန်/ဆရာဝန်မကြီးများ သူနာပြု ဆရာမကြီးများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးသမားများ၏ စစ်မှန်သော လူမှုရေးစိတ်ဓါတ်များ ကြောင့်သာဖြစ်ပါကြောင်း။
နာရေးကူညီမှုအသင်း(ရန်ကုန်)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.