ကြားကြားသမျှ ကောင်းကြ သေးရဲ့လား အရပ်ကတို့ရေ။ ဘယ်နှယ့်၊ ကျုပ်တို့ ပြည်သူတွေမှာ ရှေ့ရေး မျှော်တွေးပြီး ပျော်မယ်ကြံကာ ရှိတုံး အတိတ်တစ္ဆေက ရိုးရိုးရာရာ မပျက် ဖြဲခြောက်တာ ခံရပါရောလား ဟရို့။ ဘဇာအရေး ကိစ္စဆို မေးမနေနဲ့ ဗျို့။ အခု တစ်လော သောင်းကျန်း လွန်းလှတဲ့ လုပ်ဇာတ်တွေ …လုပ်ဗုံးတွေနဲ့ …၊ ဒီဇာတ် …ဒီအခင်းတွေကို ကျုပ်မှာ ကြားရ၊ မြင်ရလေတော့ ညညဆို အိပ်တောင် မပျော်တာကြာပါ ပေါ့လား။ (သူများစကား ငှားသုံးရရင်) “မဖြစ်သင့်တာတွေ  ဖြစ်မလာဖို့အတွက် စိုးရိမ်စိတ်” ဖြစ်ရတာ ကြောင့်ပေါ့ဗျာ။

တကယ်တော့ ဒီစကားကို ငှားသာ သုံးရတာ မူပိုင်ခွင့် ဘယ်သူဆိုတာတော့ ကျုပ်မသိတာ အမှန်ဘဲ။ ဘာကြောင့်ဆို ဒီစကား၊ ဒီဝေါဟာရကို သုံးပြီး မြန်မာပြည် အပေါ် ပူပန်ကြ သူတွေက အများသား မဟုတ်လား။ ဟိုအရင် အတီအတေက ကမ္ဘာ့ နိုင်ငံရေး ခေါင်းဆောင်ကြီးများလည်း ကျုပ်တို့ မြန်မာနိုင်ငံအရေး စိုးရိမ်ကြောင်း …တဖွဖွပြောခဲ့၊ စိုးရိမ်စိတ်ကြီးစွာနဲ့ပဲ ပိတ်ခဲ့ ဆို့ခဲ့ကြ မဟုတ်လား။ အခုထိလည်း အိုဘားမားတို့၊ ကင်မရွန်တို့ စတဲ့ … စတဲ့သူတွေ၊ ကမ္ဘာ့ အဖွဲ့အစည်းတွေ ဆိုရင်လည်း ကုလသမဂ္ဂတို့၊ ဥရောပ သမဂ္ဂတို့၊ နိုင်ငံတကာ ဘာအဖွဲ့ ညာအဖွဲ့ ဆိုတာတွေ စသည် …စသည်ဖြင့် စိုးရိမ်ကြောင်း တဖွဖွပြောနေတုန်း မဟုတ်လား။

ဒီလိုပြောတော့ အစဉ်အလာ အတိုင်းပဲ အရပ်ကတို့က ကျုပ်လို မြီးကောင်ပေါက်ကို ရာရာစစ ကမ္ဘာ့ ထိပ်တန်း တွေနဲ့ နှိုင်းယှဉ် ပြီးတော့များ ပြောရမလားလို့ အပြစ်တင် မစောကြနဲ့ အုံးဗျို့။ သူတို့ ခင်ဗျားလည်း ကျုပ်လိုပဲ စိုးရိမ်ကြောင်းပဲ ပြောနိုင် ရှာကြတာပါ။ သူတို့ စိုးရိမ်ကြောင်း ပြောလို့လည်း မြန်မာနိုင်ငံအရေး စိုးရိမ်စရာတွေ မြင်းလည်း မလှုပ်၊ ခုံလည်း မလှုပ်ဆိုတာ အရပ်ကတို့လည်း အသိသား မဟုတ်လား။ ဒီတော့ အတူတူနဲ့ အနူနူ အဆင့်အတန်း မခွဲတမ်း ကောင်းပါဘူး ဗျနော်။ အရပ်ကတို့လည်း အရပ်ထဲ ကျားထိုးရင်း၊ လက်ဖက်ရည်ဆိုင် ထိုင်ရင်း အပေါင်းအသင်း စုံရင် စိုးရိမ်စကားတွေ တွင်တွင် ပြောကြတာပဲ မဟုတ်လား။ ကျုပ်လည်း “မဖြစ်သင့် တာတွေ ဖြစ်မလာဖို့ အမိ မြန်မာနိုင်ငံသား လူငယ်တစ်ယောက် အနေနဲ့ စိုးရိမ်စိတ်” ရှိရှာသပေါ့။

ဒါဆို အရေးအရာ လုပ်ပြီးများ ဘာလို့ ပြောနေသေးလဲ လို့လည်း ရွှေစိတ်တော် မညှိုးကြနဲ့ အုံးဗျို့။ ကျုပ်တို့ နိုင်ငံသမိုင်းမှာ စိုးရိမ်စကား ပြောပြောပြီး မြန်မာပြည် အရေးကို ပြောင်းစေခဲ့တာ တွေလည်း ရှိသဗျ။ ကုန်းဘောင်မင်း ဆက်မှာ အာဏာလုကြရင်း ပြည်တွင်းရေး သွေးစွန်းစဉ်က ဗြိတိသျှ တွေဝင်ပြီး စိုးရိမ်စိတ် ကြီးခဲ့လေတာ မြန်မာတွေ နှစ်ပေါင်း တစ်ရာကျော် ကျွန်သဘောက် ဖြစ်ခဲ့ရ မဟုတ်လား။ လွတ်လပ်ပြီးတော့ လည်း တိုင်းရေး ပြည်ရေး မငြိမ်သက်လေတော့ ဖဆပလ ၀န်ကြီးချုပ်ကြီး စိုးရိမ် စိတ်ကြီးလိုက်တာ  မိုးပေါ် ထောင်ပြီး သေနတ်မပစ်တတ် လေသူကြီးက အာသာတ ငမ်းငမ်းနဲ့ အာဏာ အမဲသားစား မိလေသမျှ နောက်ဆက်တွဲအဖြစ် ကျုပ်တို့ မြန်မာပြည် သူတွေမှာ စစ်အာဏာရှင် ပုံစံတစ်လှည့်၊ တစ်ပါတီ အာဏာပုံစံ တစ်လှည့် ပြာပုံတိုးခဲ့ရ မဟုတ်လား။ အာဏာရှင်စနစ်ကို မခံနိုင်လို့ ပြည်သူ တစ်ရပ်လုံး အုံကြွကာ ဒီမို ကရေစီ ခြေလှမ်း လှမ်းတော့လည်း တိုင်းပြည်ကို ကယ်တင်သူကြီးတွေက စိုးရိမ်စိတ် ကြီးလိုက်တဲ့ အခါ ကျုပ်တို့ မြန်မာပြည် သူတွေပဲ အာဏာရှင် စနစ် နှစ်တိုးပြီး တိုင်းပြည်ကြီးမှာ ဖွတ်မင်းနောင် ဖြစ်ခဲ့ရ မဟုတ်လား။ ဒီတော့ တချို့၊ တချို့ရဲ့ စိုးရိမ်စကားက လေမှာ ပျောက်သွားပေမယ့် ..တချို့၊ တချို့ရဲ့ စိုးရိမ်စကားတွေ ကတော့ အထင်းသား၊ အရှင်းသားဆိုတာ သတိထား သင့်လှပေါ့ အရပ်က တို့ရေ။
ကျုပ်တို့ နိုင်ငံကြီးမှာ ရှေးရှေးက စိုးရိမ်စကားတွေ ပေါ်ပေါ် လာရတဲ့ အရင်းခံ အကြောင်းများတော့ သိကြပြီး သမို့ ဋီကာ မချဲ့ချင်တော့ ဘူးဗျို့။ လတ်တစ်လော ကျုပ်ရဲ့ စိုးရိမ်စကားနဲ့ ကလောင်ကွန့် နေရတဲ့ ကိစ္စတွေ ကိုပဲ ရှင်းကြအုံး စို့ရဲ့။

ရှေ့မှာပြောခဲ့တဲ့ ထဲက လုပ်ဇာတ်ကို စပြောရမှာပဲ။ ဒါကလည်း ကျုပ်က သိလှတတ် လှလို့ မဟုတ်လှပါဘူး။ သက်ကြီးစကား သက်ငယ်ကြား ဆိုသလို အတွေ့အကြုံကြီး ရင့်သူတွေဆီက နာကြား မှတ်သား ရတာတွေပါပဲ။ ဘာတဲ့ဆိုရင် သက်တော်ရှည် ညီလာခံကြီးဗျာ၊ ဒီညီလာခံကြီးက ညှစ်ထုတ် လိုက်တဲ့  ၂၀၀၈ဖွဲ့စည်း ပုံအခြေခံ ဥပဒေကြီးဗျာ၊ နောက် စစ်တပ် စပွန်ဆာဆိုလား …မဲမ သမာမှုတွေ လုပ်တယ် ဆိုလား ပြောကြတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးဗျာ၊ နောက်အခြေခံ ဥပဒေအရလို့ပဲ ဆိုတဲ့ လွှတ်တော်တွေ၊ အစိုးရ အဖွဲ့တွေဗျာ။ ဒီလို ခေါင်းစဉ်တွေက နေဖြစ်လာတဲ့ အင်အားကြီးကြီး လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ၊ နှစ်ဆယ့် ငါးကျပ်သား (ဘွာတေး …ဘွာတေး၊ ဒီလိုမျိုး ပုံစံအသုံးအနှုန်း ကောင်းလို့ ဂျာနယ်ကြီး တစ်စောင်က တာဝန်ရှိသူတွေ ခေါ်အ ကြိတ်ခံရတာ မေ့သ၊ွားလို့ဗျို့ )၊ နှစ်ဆယ့် ငါးရာခိုင်နှုန်း ကိုယ်စားလှယ်ကြီးတွေ၊ လူရွှင်တော် ကိုဇာဂနာ သတင်းစာ တစ်ရွက် ပြီးတစ်ရွက် ရေခွက်ထဲ နှစ်ပြသလိုပဲ ပျက်လုံးမျိုးဖြစ်တဲ့ အစိုးရအဖွဲ့ဝင်ကြီး၊ အဖွဲ့ဝင် ကလေးတွေ ( စာစီစာရိုက်များ သတိပြုရန် ။  ။ ““၀န်”” ဟု နငယ်သတ်ဖြင့် မှားမရိုက်ပါရန်။ ) ၊ စတဲ့ ဇာတ်ကောင်တွေ။ ဒီလို ခေါင်းစဉ်၊ ဇာတ်ကောင်တွေနဲ့ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ငြိမ်းချမ်းရေး ဆိုတဲ့ ဇာတ်ကွက်တွေ အခန်းစဉ်ချပြီး ကန့်လန်ကာ ရှေ့မှောက် အသုံးတော်ခံကြ တဲ့ မြန်မာ့နိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး ဇာတ်မဟာကြီးကို လုပ်ဇာတ်ဆိုသတဲ့။

ဒီအပြောအပါ် အယူခံဝင်ချင် သူတွေက၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ NLD  တစ်ခနဲ အနိုင်ရခဲ့တာ ကနေစပြီး ကောင်းကျိုး အထွေထွေ ရှိကြောင်း လေပြေခင်း ပြလာရင် ကျုပ်ကတော့ ကလိထိုးပြီး သာ အော်ရယ်လိုက် မှာပဲဗျို့။ စဉ်းစားသာ ကြည့်ပေါ့ အရပ်ကတို့ရယ်။ ၉၀ ရွေး ကောက်ပွဲ ကာလကနေ လုပ်ချင် သလို လုပ်ခဲ့ပြီးတော့ အခြေခံ ဥပဒေရေးဖို့ လိုသေးတယ်ဆိုကာ ဆယ်စုနှစ်စုကြာ ဇာတ်ညွှန်း ခွဲထားတဲ့ ဒီဇာတ်။ ဘယ်အခန်းပြီး၊ ဘယ်အခန်းဆိုတာ ရိုက်ညွှန်းတွေတော့ ရှိမပေါ့။ မြန်မာဗွီဒီယို ကားတွေလို ရိုက်ကွင်း ပေါ်ကြမှ ဇာတ်ဝင်ခန်း ထိုင်ရေးပြီး သုံးလေး ရက်နဲ့အပြီး ရိုက်ကြတာမှ မဟုတ်ဘဲကိုး။

ပြင်ဆင်ပေးဖို့ နဂိုကတည်းက ရည်မှန်းထားတဲ့ အခြေခံ ဥပဒေပါ အချက်အချို့ကို NLD  ကလက်မဦးခင် လွှတ်တော်ထဲ အစဖော်ခဲ့တာလည်း  ဒီအခန်း၊ ဒီအကွက် ရောက်ရင် ဒီလိုလုပ်ကြမဟေ့ ဆိုတဲ့ ဇာတ်ညွှန်းထဲ ပါခဲ့ဖို့ သေချာသလောက် ရှိသပေါ့။ နို့ပေမယ့် ပြည်သူလူထုနဲ့ အတိုက်အခံတွေကို လျော့တွက်ခဲ့မိ လေတော့ အခြေခံ ဥပဒေပြင်ဆင်ရေး ဆိုတာ ပျားရည်နဲ့  ၀မ်းချတဲ့အဆင့် မဟုတ်တော့ဘဲ ဆေးခါးကြီး မျိုချရသလို ဖြစ်သွားကြ နိုင်တာလည်း သေချာသလောက်ပေါ့ အရပ်ကတို့ရယ်။ (သူတို့ ရေးခဲ့တဲ့ ဇာတ်ညွှန်းထဲ ပြည်သူလူထုနဲ့ ဒီမိုကရက်တစ် တွေကို လျော့တွက် ခဲ့လေတယ် ဆိုတာတော့ မြန်မာပြည် အနှံ့အပြားမှာ အစိုးရနဲ့ လူထုကြား ဖြစ်နေကြတဲ့ ပဋိပက္ခတွေက အရှင်းသား မဟုတ်လား။) ဒီတော့လည်း ထုံးစမ်းအတိုင်း A Plan နဲ့မရတဲ့အခါ၊ B Plan ကို ထုတ်သုံးကြလေ သလားမသိ၊ ပြင်ဆင်ရေးက လွှတ်တော်ထဲမှာ အပိုင်ရိုက်လို့ရ လေတော့ ခေါင်းထောင် ထလာတဲ့ အသစ်ရေးဆွဲရေး ဆိုတာကို လုပ်ရင် လူထုမှာ မမျှော်မှန်းနိုင်တဲ့ အန္တရာယ် ကျရောက် နိုင်တယ်ဆိုတဲ့ ကြေညာချက်တွေ၊ အရိပ်အယောင် စကားတွေကို ဆန်းစစ်ကျလို့မှ မဆုံးသေးခင် ကျုပ်ပြောခဲ့တဲ့ လုပ်ဗုံး ဖောက်ခွဲမှုတွေ လူထုကြားထဲ ပေါ်လာတော့တာ ပဲဗျို့။

ဒီလို ဗုံးပေါက်ဖောက်ခွဲမှုတွေဆိုတာ ကျုပ်တို့မြန်မာပြည်မှာ အဆန်းတကြယ် ကိစ္စတော့ မဟုတ်လေဘူး။ ဟိုအရင့် အရင် သေနတ်ကိုင် အာဏာရှင်တွေ လက်ထက်မှာ အချိန်သင့် အခါသင့်တွေဆို ဒီထက် ဆိုးတဲ့ ဗုံးတစ္ဆေက လူထုကို ခြောက်လှန့်ခဲ့တာ အကြိမ်ကြိမ် မဟုတ်လား။ အဲဒီ အကြိမ်၊ အကြိမ်တွေတုန်း ကတော့ လက် ညွှန်းထိုး ပြစရာက အပေါသား ဖြစ်ခဲ့သဗျ။ အခု ဗုံးဖောက်မှုတွေ ကတော့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ဆိုလည်း တစ်ချိန်က လက်ညှိုးထိုး မလွဲခံခဲ့ရတဲ့ အဖွဲ့ကြီးနဲ့တောင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ညီရင်းအကို ဇာတ်ခင်းလို့၊ ပြည်တွင်း ပြည်ပ အဖျက်သမားလို့ တစ်ချိန်က အစိုးရမင်းများ လေဟစ် ခဲ့သူတွေနဲ့လည်း အခုအခါ ပြည်တွင်းက လူလည်း ပေါင်းကြ သင်းကြလို့၊ ပြည်ပက လူတွေလည်း ၀င်လိုက်ထွက်လိုက် ကူချည့် သန်းချည့် အခါအခါ လုပ်လို့၊ အကြမ်းဖက်သမားလို့ အမြဲ အပြောခံရသူ တချို့တောင် အခုဆို ပြည်တွင်းမှာပဲ ပြန်အခြေချပြီး ကားပါမစ်တွေ ရသူရနဲ့ ပနာသင့် နေကြ သမို့လား။ ကျုပ်ဉာဏ်လေး တစ်ထွာတစ်မိုက် နဲ့တော့  ဘယ်အပယ် လေးဘုံကကျလာတဲ့ အသူရကယ်တွေ လုပ်တယ်ဆိုတာ မသိနိုင်တာတော့ အမှန်ပဲဗျို့။ ကျုပ်တင် ဉာဏ်မမီတာ လားလို့ အားငယ်စရာတော့ မလိုပါဘူး။ ဘာကြောင့်ဆို တာဝန်ရှိ အစိုးရမင်းများ ကိုယ်တိုင် တရားခံအချို့ ဖမ်းမိထားတယ် ဆိုတာတောင် နောက်ကွယ်က ဘယ်သူဆိုတာ သိပြီဟေ့လို့ ပြောသံ မကြားမိသေး သကိုး။ ဒီတော့လည်း အရပ်ကတို့ပဲ တရားခံဘယ် သူဆိုတာ အဖြေထုတ်ကြည့်ကြပေတော့။
ကျုပ်ကတော့ ဉာဏ်မမီတဲ့ ဒီလို ကိစ္စတွေ ဖြစ်လာလေလေ ရှေ့အစဉ်အလာ အတိုင်း “မဖြစ်သင့်တာတွေဖြစ် မလာဖို့ အတွက် စိုးရိမ်စိတ်” ၀င်တဲ့ စကားသံနဲ့ တိုင်းပြည်ကြီး ချောက်ထဲကျဖို့ လက်နှစ်လုံး အလို ဇာတ်ကွက်ကို ရိုက်ကွင်းတည် လိုက်ရင်ဖြင့် ကယ်တင်ချင် သူတွေလက်ထဲ မြန်မာနိုင်ငံကြီး နောက်တစ်ဖန် ရေရှည် နစ်ရရင်ဖြင့် ဆိုပြီးသာ ဘုရားတနေမိတာ ပါပဲ။
ဒီနေ့ ဒီအချိန်မှာ ကျုပ်တို့ပြည်သူတွေက ဟိုအရင်တုန်းကလို မဟာဇာတ်ထုတ်ကြီးကို အသာငြိမ် ကုတ်ပြီး ဇာတ်ကရာ ကြည့်မော မနေကြတော့ဘူး ဆိုတော့၊ ကယ်တင်ချင် သူတွေကလည်း တိုင်းပြည်ကြီး ချောက် ထဲကျတဲ့ အနေအထားကို ဂွင်ဆင်လာကြ လေသလားလို့လည်း ပူပန်နေရသဗျို့။
ဒါကြောင့် ကျုပ်မှာ ညညဆို အိပ်မပျော်တဲ့ ဝေဒနာဖြစ်လို့ တစ်ခါတလေများ မှေးခနဲ ဖြစ်သွားရင်တောင် စကားတစ်ခွန်းကို ယောင်ရမ်း ရွတ်မိတာက-

““သုမန မြန်ပြည်ကျောမှာ ဒဏ်ရာတွေနဲ့ ချည်းမို့ … စိုးရိမ်သူ၊ ကယ်တင်သူ အပေါင်းကို၊ ကန်တော့ ဆွမ်းသာ အဖန်ဖန် လောင်းလိုက် ပါကြောင်း …””

အံ့ခေါင်မင်း
မြန်မာသံတော်ဆင့်