11/06/13

အဘ မြို့တော်ဝန်ကြီးက ရန်ကုန်တိုင်း တာဝန်ခံဆိုတော့ မကြာခဏ လမ်းတွေ လာစစ်ရင် မြို့နယ်ရုံးကို ၀င်တတ်တော့ အဘမြင်အောင် ချိတ်ထားခြင်းဖြစ်သည် အဲ့ဒီတုန်းက ဗျိုင်းရေအိုးစင် ရွာမရပ်ကွက် တွဲဖက် စည်းမှူး ကိုသန့်စင်ဦးက ပုံကြီးချဲ့ပေးပြီး သျှင်ပါကူ ဆေးရုံရှေ့က ဓာတ်ပုံပေါင်ဆိုင်မှာ မိမိကိုယ်တိုင် ရွှေပေါင်ကွပ်ပြီး ပြုံးနေသည့် အဘပုံ ရုံးနောက်ဖေးခန်းထဲ ပြောင်းရွှေ့ ထားခဲ့ရတာတွေဟာ အဘတို့ နှစ်ဦးကြားကို မလိမ့်တပတ် လုပ်ခဲ့တာတွေ ခွင့်လွှတ်ပေးပါဟုသာ တောင်းပန်ချင်ပါသည် . . .
 
အခုတစ်လော နံနက်လမ်းမလျှောက် ဖြစ်တာကြာပြီ၊ ဒီနေ့တော့ လမ်းပြန်လျှောက်မှ ဖြစ်တော့မည်။ ခရီးများ သွားနေရခြင်းကြောင့် လမ်းမလျှောက် ဖြစ်ခဲ့ခြင်း ဖြစ်သဖြင့် လမ်းပြန်လျှောက်မှ ဖြစ်မည်။ ဒါမှ ကျန်းမာမည်။ မိမိအသက် (၄၀)ကျော်ပြီ၊ နည်းနည်း ကျော်တာမဟုတ်၊ (၅၀)နား ကပ်လာပြီဖြစ်သည်။ ဘယ်သူမေးမေး (၄၀) ကျော်လို့သာ ဖြေမိသည်။ ကျန်းမာရေး လိုက်စားမှ ဖြစ်မည်။ အခုတစ်လော မိမိတို့အား မလိုသူတွေ မျက်မုန်း ကျိုးနေကြသူတွေ ရှိနေသည်။ မိမိတို့ လုပ်ဖော်ကိုင်ဖက် ကိုခင်သိန်း လေဖြတ်သွားသဖြင့် SSC ဆေးရုံ တင်လိုက်ရ၍ သွားကြည့်ခဲ့သေးသည်။ လေးစားရသော တိုင်းအတွင်းရေးမှူး အစ်ကိုကြီး ဦးအေးမြင့်လည်း ကွယ်လွန်သွားပြီ ဖြစ်သည်။ နှမြောမိသည်။ လူတော် လူကောင်းများ ကွယ်ပျောက်ကုန်ပြီ။ အသင်းကြီး စတင်ကတည်းက စေတနာ၊ ၀ါသနာ၊ အနစ်နာခံပြီး လုပ်ခဲ့တဲ့သူတွေ နည်းသွားပြီ၊ အစ်ကိုကြီး ကိုအေးမြင့် ကောင်းရာ သုဂတိ ရောက်မှာ အသေအချာပင်။ အသင်းကြီးနှင့် ပါတီပြောင်းချိန်အထိ အစ်ကိုကြီး ကိုအေးမြင့်တို့လို ဖြူစင်ဝင်းပ စေတနာကောင်းတဲ့ သူတွေနဲ့ ကြုံဆုံခဲ့ရသလို မပြည့်ဝတဲ့ ဟန်ဆောင်နေသည့်သူ များနှင့်လည်း တွေ့ဆုံ လက်တွဲခဲ့ရဖူးသည်။ 

မိမိကျန်းမာမှဖြစ်မည်။ နေ့မြင်ညပျောက် တော်ကြာ မလိုသူတွေ ၀မ်းသာနေကြဦးမည်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်၍ လမ်းလျှောက်လာစဉ် ဦးချစ်မောင်အိမ်ရာ အရောက် ဟေ့ တာမွေအောင်ကို လမ်းလျှောက်နေတာလား၊ ကောင်းတယ်။ ကျန်းမာရေး လိုက်စားတာ ကောင်းတယ်။ ခင်ဗျား ဆောင်းပါးတွေ ဖတ်ရတယ်။ ရေးပါဦး။ ကျွန်တော် သံတော်ဆင့် အပတ်စဉ် ဖတ်တယ်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဟု ပြန်ပြုံးပြ နှုတ်ဆက်ခဲ့သည်။ သြော် သူတို့ကျတော့လည်း အားပေးနေကြပါလား။ ပြည်သူ့ ဆက်ဆံရေးဌာနက (ဗိုလ်ကြီးငြိမ်း) ကိုကျော်သူရ တို့နှင့် လူနည်းစု တချို့ကတော့ မိမိတို့ ရေးသားချက်များကြောင့် ခေါင်းဖြတ်မည်။ အရေခွံဆုတ်မည်ဟု ခြိမ်းခြောက်၊ … တချို့ကျတော့လည်း ရေးပါဦးတဲ့ အားပေးကြသည်။ အရင်တုန်းကထက် တာမွေအောင်ကိုအား လမ်းမှာ တွေ့တဲ့သူများက နှုတ်ဆက်၊ ပြုံးပြ မိတ်ဆက် လာကြသူတွေ များလာသည်ဟု သတိထားမိသည်။ ဘ၀င်မမြင့်နဲ့ ဘ၀မြှင့်ပါလို့ မိမိကိုယ်မိမိ စိတ်ထဲ ဆုံးမမိသည်။ အရင် ၂၀၀၇ ခုနှစ်တုန်းက သူငယ်ချင်းဖြစ်သူ မျိုးသန့်ထွန်း ဂျပန်က ပြန်အလာ မိမိကို ပြောသည့်စကား ပြန်အမှတ်ရမိသည်။ သူငယ်ချင်း မင်းဘာတွေ လျှောက်လုပ်နေတာလဲ။ မင်းသတင်းတွေ ငါကြားတယ်၊ အင်တာနက်ပေါ်မှာပါတဲ့ ဘုန်းကြီးတွေဖမ်းတဲ့ ပစ်မှတ်စာရင်းမှာ မင်းရဲ့အမည်က ထိပ်ဆုံးမှာ ပါတယ်တဲ့။ 

မင်းစီးပွားရေးဖြစ်တဲ့ ကျောက်စာအလုပ်ပဲ လုပ်ပါကွာ၊ မင်းတို့ကို အများပြည်သူက ရွံကြောက်ကြီး တွေဖြစ်နေပြီ၊ မင်းအတွက်၊ မင်းမိသားစု အတွက် ငါစိုးရိမ်တယ်ဟု ပြောခဲ့သည်။ မိမိကတော့ အဲဒီတုန်းက သူငယ်ချင်းပြောတဲ့ စကားအမှတ်မထား၊ သူ့ကိုတောင် စိတ်ထဲ မကြည်မလင် ဖြစ်ခဲ့သည်။ အဲဒီအချိန်က မိမိစိတ်ထဲ ရင်ထဲတွင် ပြည်ခိုင်ဖြိုးမှ ပြည်ခိုင်ဖြိုး။ သေရမှာလည်း မကြောက်၊ ချောင်းရိုက် ခံရမှာလည်း မကြောက်၊ မကြောက်မရွံ့ စိတ်ဖြင့် တာဝန်ပေးခဲ့သည်များကို တာဝန်ယူ ကျေပွန်စွာ ဆောင်ရွက်ခဲ့သည်။ မိတ်ဆွေ အပေါင်းအသင်း တချို့က ကြံ့ဖွတ်ဟု ခေါ်သည်ကို ပြတ်ပြတ်သားသား ပြန်လည်ချေပ ပြောဆိုခဲ့ပြီး သူတို့ကို ရန်လုပ် အမုန်းကြီး မုန်းခဲ့ဖူးသည်။ သူတို့နှင့် အဆင်မပြေဖြစ်ခဲ့ပြီး စကားမပြောတော့ဘဲ လမ်းခွဲ ခဲ့ကြဖူးသည်။ မှတ်ကျောက်တင် ခံရဲသည်။ မိသားစုအရေး၊ မိဘများအရေးထက်ပင် ကြံ့ခိုင်ရေး အလုပ်များကို ဦးထိပ်ထား ဆောင်ရွက်ခဲ့တာ တစ်မြို့နယ်လုံး အသိပင်ဖြစ်သည်။ အစည်းအဝေးတွေ တက်ရတဲ့အခါ တုတ်ဝေတော့ နင်သွား၊ မုန့်ဝေတော့ ငါသွားမယ်။ သူတို့ချင်း အချိတ်အဆက်တွေ ရှိနေကြပြီး ဒီနေ့အစည်း အဝေး အခြေအနေ ကောင်းမကောင်း ကြိုသိနေကြသည်။ သင်တန်းတွေ သွားတက်မယ့်သူ မရှိရင် မိမိပဲ မဲပေါက်လေသည်။ နင်ပဲ သွားတက်လိုက်ပါ။ ကောင်းတော့ ကောင်းပါသည်။ အတွေ့အကြုံ အများကြီး၊ သင်ခန်းစာတွေ အများကြီး ရရှိခဲ့သည်။ နောက်လိုက်ကောင်း ပီသစွာ တာဝန်ကျေပွန်ခဲ့သည်။ ဘာကိုမှ မကြောက်မရွံ့ စိုးရိမ် ကြောင့်ကြမှုမရှိ ထင်ပေါ်စွာဖြင့် ကြံ့ခိုင်ရေးအလုပ်တွေ၊ NLD ဆန့်ကျင်ရေး လုပ်ငန်းတွေ လုပ်ခဲ့ကိုင်ခဲ့ ရသည်။ ဒါကြောင့် ကြံ့ခိုင်ရေး ဖက်တီးဟုပင် အမည်နာမတစ်ခု ရရှိခဲ့သည် မဟုတ်ပါလား။ မြေပြင်မှာ လာရောက် စုံစမ်းစေချင်ပါသည်။ ဘယ်သူတွေ လုပ်ခဲ့သလဲ၊ ဘယ်သူတွေ အချောင်ခိုနေသလဲ၊ ကြံ့ခိုင်ရေးကို ဘာကြောင့် စိတ်နာသွားသလဲ၊ ဘယ်လို ခံစားချက်နှင့် ကင်းကွာသွားသလဲ ဆိုတာကို သေချာမသိဘဲ ရမ်းပြောနေကြပြီး အသင်းကြီးကို အမှီပြု ယခုအထိ အကျိုးရှိသူတွေနှင့် မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ သူတွေကတော့ မိမိတို့၏ ရင်ဖွင့်ချက်များကို အမုန်းကြီး မုန်းနေလျက် ရှိနေပြီး အရေခွံဆုတ်ချင်၊ ခေါင်းဖြတ်ချင်နေတာ မဆန်းပါ။ ကိုယ်လုပ်ခဲ့တာတွေ ပေါ်မှာစိုး၍ အတွင်းကျကျ သိသူတွေကို ဘေးရောက်အောင်၊ ကင်းကွာအောင်၊ စိတ်နာသွားအောင်၊ စိတ်ပျက်အောင် စုန်းကဝေ အတတ်ပညာတွေ ထက်ဆိုးတဲ့၊ ကလိမ်ကကျစ် ပရိယာယ်တွေနဲ့ လုပ်ခဲ့သူတွေကတော့ မိမိကိုယ်မိမိ သိနေကြမှာပါ။ တွေ့ကြုံခဲ့ရတဲ့ အကြောင်းအချက်တွေ အများကြီး ရေးဖို့ကျန်ပါသေးတယ်။ အခုဆို အဲဒီသူတွေကို ကျေးဇူးတောင် တင်နေမိတယ်။ မိမိနှင့် မအပ်စပ်တဲ့ အသိုက်အ၀န်းနဲ့ ကင်းဝေးရှောင်ဖယ် ကျောခိုင်းခဲ့တာ အခုတော့ မှန်သွားလေပြီ။ ကိုယ်တိုင်ကြုံတွေ့ ဖြစ်ပျက်ခဲ့တာတွေ၊ စိတ်ဓာတ်တွေ ရိုက်ချိုး ပစ်ခဲ့တာတွေကို မိမိခံစားချက်နဲ့ ရေးခဲ့၊ ဖော်ပြခဲ့တာတွေဟာ အပြစ်လား။ ဖခင်ကြီး ရှိနေတုန်းက ပြောခဲ့တဲ့စကား   ““ဟုတ်တာဆို နာလိုခံခက်၊ အမျက်ထွက်”” တဲ့။ အဖေက နေ့စဉ် BBC, BOA, RFA ရေဒီယိုလိုင်းတွေ အမြဲဖွင့်သည်။ ကြံ့ခိုင်ရေး သတင်းတွေ လာပြီဆို အဖေနဲ့ကျွန်တော် အမြဲ အတိုက်အခံ ပြောဖြစ်သည်။ မိမိက လည်း ကြံ့ခိုင်ရေး ထိလျှင်မခံ၊ ရေဒီယိုက အမြဲကြံ့ဖွတ်ဟု သုံးနှုန်းသည်။ နောက်တော့ သားစိတ်မကောင်းမှာ စိုးလို့ အဖေကပဲ ရေဒီယို ပိတ်ပစ်လိုက်သည်။ ဒါပေမဲ့ အဖေ့ပါးစပ်ကတော့ မခံချင်အောင် စသွားသေးသည်။ ဟုတ်တာဆို နာလိုခံခက် အမျက်ထွက်တဲ့။ 

အခုလည်း မိမိတို့ကို ဟုတ်တာတွေ ဆိုနေတော့ ခေါင်းဖြတ်ချင်၊ အရေခွံ ဆုတ်ချင်နေကြတာ ဖြစ်မှာပေါ့။ အဲဒီသူတွေ နဖူးပေါ်လက်တင်ပြီး တွေးကြည့်စေချင်သည်။ ငါတို့ သူတို့လောက် အသင်းကြီးရဲ့တာဝန်တွေ၊ လုပ်ငန်းစဉ်တွေမှာ လုပ်ခဲ့သလား၊ လုပ်နိုင်ခဲ့သလား ဆိုတာကို လက်တင်ပြီး တွေးကြည့်လိုက်ပါ။ အကျိုးလိုလို့ ညောင်ရေသွန်းသလို လူကြီးများအကြိုက်ပြော ညာမနေကြပါ နဲ့တော့၊ အားလုံး သိနေကြပါပြီ၊ ရိုးအီနေပါပြီ။ အသင်းကြီးမှာ ရှိနေစဉ်တုန်းက အဖြစ်အပျက်လေးတစ်ခု မှတ်မိနေသေးသည်။ ဖော်ကောင်ဘညွန့် လုပ်တာတော့ မဟုတ်ပါ။ မှန်တာကို ပြောပြခြင်းဖြစ်သည်။ အဲဒီတုန်းက အဘ၀န်ကြီးများကိုတော့ အားနာမိပါသည်။ မြို့နယ်ရုံးကို နယ်မြေ တာဝန်ခံဝန်ကြီး လာမည်ဖြစ်၍ ရုံးတွင်း သန့်ရှင်းရေး အပြင်အဆင်တွေ လုပ်ကြသည်။ နယ်မြေတာဝန်ခံဝန်ကြီး အဘ ဦးအောင်သောင်း တာဝန်ယူသည့် ဗဟန်း၊ ပန်းဘဲတန်း မြို့နယ်တွေလည်း ပါမည်ဖြစ်သည်။ အဘနယ်မြေခံဝန်ကြီး ထိုင်မည့် နေရာချထားရင်း တာဝန်ရှိသူက ဟိုအဘ မြို့တော်ဝန်ဦးအောင်သိန်းလင်းပုံ ဖြုတ်သိမ်းထားမှ ဖြစ်မယ်။ နယ်မြေတာဝန်ခံ အဘ၀န်ကြီးတွေ့သွားရင် မကောင်းဘူး။ အဲဒီတုန်းက အဘမြို့တော်ဝန်ကြီးက ရန်ကုန်တိုင်း တာဝန်ခံ ဆိုတော့ မကြာခဏ လမ်းတွေ လာစစ်ရင် မြို့နယ်ရုံးကို ၀င်တတ်တော့ အဘမြင်အောင် ချိတ်ထားခြင်း ဖြစ်သည်။ အဲ့ဒီတုန်းက ဗျိုင်းရေအိုးစင် ရွာမ ရပ်ကွက် တွဲဖက်စည်းမှူး ကိုသန့်စင်ဦးက ပုံကြီးချဲ့ပေးပြီး သျှင်ပါကူဆေးရုံရှေ့က ဓာတ်ပုံပေါင်ဆိုင်မှာ မိမိကိုယ်တိုင် ရွှေပေါင်ကွပ်ပြီး ပြုံးနေသည့် အဘပုံ ရုံးနောက်ဖေးခန်းထဲ ပြောင်းရွှေ့ ထားခဲ့ရတာတွေဟာ အဘတို့နှစ်ဦးကြားကို မလိမ့်တပတ် လုပ်ခဲ့တာတွေ ခွင့်လွှတ်ပေးပါ ဟုသာ တောင်းပန်ချင်ပါသည်။ သင်္ဃန်းကျွန်း မြို့နယ်တွင်လည်း တယ်လီဖုန်း ပါမစ် ကောင်းစားစဉ်က နယ်မြေတာဝန်ခံ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် ဓာတ်ပုံကို ရုံးခန်းတွင် ချိတ်ထား ခဲ့သေးသည်။ ဆက်လက်၍ လိမ်ညာ လှည့်စားခံရခြင်း ကင်းဝေးစေရန် အတွက်လည်း ဆုတောင်း နေမိပါသည်။ ဟိုတုန်းက BBC လိမ်နေသည်။ VOA ညာနေသည်။ အခုတော့ ညာနေသည်။ လိမ်နေသည်။ လုပ်ဖော်ကိုင်ဖက် ကော်မတီဝင်တစ်ဦး ပြောခဲ့သော သူများကို လက်တစ်ချောင်းထိုးရင် ကျန်တဲ့ လက်လေးချောင်း ကိုယ့်ပြန်ထိုးနေသည်။ မှန်လိုက်လေ ကော်မတီဝင်ကြီးရေ၊ အသင်းကြီး၏ အသီးအပွင့်တွေ ဘယ်သူတွေ စားခဲ့သလဲ၊ ဘယ်သူတွေ မိမိစီးပွားရေး လုပ်ငန်းသဖွယ် လုပ်ဆောင်ခဲ့သလဲ။ နာယကကြီး မျှော်မှန်းခဲ့တဲ့ အသင်းကြီး၏ ပုံရိပ်တွေ အရောင်မှိန်အောင်၊ အရှိန်အဟုန် ပျက်အောင် မည်သူတွေလုပ် ဆောင်ခဲ့သလဲ၊ လုပ်ဆောင်နေလဲဆိုတာ တာဝန်ရှိသူတွေ သိအောင် ရေးပြ ဖော်ပြခဲ့ခြင်းသာ ဖြစ်သည်။ အသင်းကြီးမှာရှိတဲ့ တက်ကြွတဲ့သူတွေ၊ စိတ်ဓာတ်ရှိသူတွေ၊ အလုပ်ကြိုးစားပြီး ၀ီရိယ ရှိသူတွေကို မိမိ လုပ်ပိုင်ခွင့်များကို အသုံးချပြီး အသင်းကြီးကနေ သွေဖည်သွားအောင် ဘယ်သူတွေ လုပ်ခဲ့သလဲဆို တာတွေကို ကြည့်တတ်ရင် လယ်ပြင်မှာ ဆင်သွားသလို ပေါ်လွင်လာမှာ ဖြစ်ပါတယ်။

ယခု အစိုးရ၀န်ကြီး နောက်ခံတွေနှင့် သတင်းဂျာနယ်၊ သတင်းစာတွေ ရပ်တည် နေကြသည်ဟု သိရသည်။ မဆန်းပါ။ ဆရာမြား ပြောတာ သတိရသည်။ သူ့ကို ဆရာရဲရင့်တင့်ဆွေက ပြောသည်တဲ့၊ —ဂျာနယ်က နောက်မှာ ဘယ်သူဘယ်ဝါရှိတယ်။ ဒါတွေက —– လုပ်ဖို့ ခက်တယ်လို့။ အဲဒီခေတ်ကလည်း အသင်းကြီး ကောင်းစားစဉ်ပေါ့။ ဗဟို အလုပ်အမှုဆောင်တစ်ဦး ယခုသမ္မတရုံး ၀န်ကြီးတွေထဲက  ၀န်ကြီးတစ်ဦး ကိုယ်တိုင် လက်မှတ်ထိုးပြီး ပြန်ကြားရေးမှာ မဂ္ဂဇင်းကို သတင်းဂျာနယ် ပြောင်းလဲ ထုတ်ဝေခွင့်တင်ခဲ့တာ။ ဂျာနယ်ထုတ်ဖို့ ငွေသိန်းရာချီ ထုတ်လာခဲ့တာ။ နောက်ဆုံးလုပ်တဲ့ သူတွေရဲ့ ရပ်တည်ချက် လမ်းကြောင်းမမှန်လို့ ရပ်သွား ခဲ့ရတဲ့ ဖြစ်ရပ်မှန်။ အခု မြန်မာသံတော်ဆင့်က ဂျာနယ်ထွက်ပြီး (၂)နှစ်အတွင်း စာဖတ်ပရိသတ် မမျှော်မှန်း နိုင်လောက်အောင် များပြားလာမှု၊ ဒါတွေကို နှိုင်းယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေများ၊ သမ္မတကြီး ထိုစဉ်တုန်းက ကြံ့ခိုင်ရေး ဗဟိုနာယကအဖွဲ့ဝင် ဖြစ်တော့ အခြေအနေမှန်တွေ တိတိကျကျ သိခွင့်ရပါ့မလား။ ယခုကော အောက်ခြေက စာနယ်ဇင်းတွေရဲ့အခြေအနေမှန်ကို သမ္မတကြီး သိပါ့မလား။

နှစ်ပေါင်း ၂၀ လောက် တွေ့ကြုံခံစား ခဲ့တာတွေဟာ ခံစားချက်ရှိမှ ရေးလို့ရပါသည်။ လိမ်ညာပြီး ရေးလို့ ရတဲ့ အရာမဟုတ်ပါ။ အမှန်တရား အဖြစ်အပျက်တွေကို ရေးလို့ ကုန်နိုင်လိမ့်မယ်မထင်၊ အရွယ် ကောင်းအချိန် ကစပြီး စိတ်ဓာတ်၊ စည်းကမ်း ကြံ့ခိုင်စည်းလုံးဆိုတဲ့ အသင်းကြီးရဲ့ ဆောင်ပုဒ်တွေကို ရင်ဝယ်ပိုက်ပြီး အဓိဋ္ဌာန် ကျင့်ဝတ်၊ ဆောင်ပုဒ်များ၏ အနက် အဓိပ္ပာယ်ကို ကျေညက်နေအောင် သင်တန်းများ အခါခါတက်ပြီး ပါတီ ပြောင်းချိန်အထိ ရွေးကောက်ပွဲ ကာလတစ်လျှောက် တက်ကြွစွာ ပါတီအနိုင်ရရှိအောင် ဘယ်သူတွေ ဆောင်ရွက် ခဲ့တယ်ဆိုတာ မြို့နယ်တွင်း ရှိသူများအားလုံး အသိဖြစ်သည်။ မိမိနှင့် မအပ်စပ်သည့် သူများ၏ နေရာဒေသမှ ဖယ်ခွာခဲ့သည့် နတ်ကောင်း နတ်မြတ်များကိုလည်း ကျေးဇူးတင်မိသည်။ အတိတ်သမိုင်း ဆိုတာ ဖျောက်ဖျက်လို့ မရသလို မိမိရဲ့အဇ္ဈတ္တသန္တာန်ရုပ်ကို ဖုံးကွယ်ချင်တိုင်း ဟန်ဆောင်မှု မာယာတွေနဲ့ ရှောင်ထွက်သွားတဲ့ သူတွေကို အလွဲသုံးစား လုပ်တယ်ဆိုပြီး ထိုးချချင်တဲ့ သူတွေသာ မိမိကိုယ်မိမိ အသိဆုံး ဖြစ်မှာပါ။ ဘယ်သူက ကင်းတယ်၊ မကင်းဘူး ဆိုတာ မိုးနတ်မင်းကြီးနှင့် နတ်မင်းကြီး လေးပါးတို့က သိနှင့်နေကြ ပါသည်။ ကိုယ့်အကျိုး အတွက်ကိုသာကြည့်ပြီး အသင်းကြီး၏ အနှစ်သာရ ရည်ရွယ်ချက်တွေကို ရိုက်ချိုး ဖျက်ဆီးနေကြ သူများအတွက် ပြောလိုက်ချင်တာကတော့ လူကြီးများ ရည်မှန်းထားခဲ့သော မူဝါဒ သဘောတရားများကို သဘောပေါက် နားလည်နေသင့်ပြီ ဖြစ်သည်။ 

ယခုလက်ရှိ စေတနာမှန်ဖြင့် ပါဝင်လှုပ်ရှား နေသူများ အတွက် လူလူချင်း ခြယ်လှယ်ခြင်း၊ လိမ်ညာခြင်း၊ မတရား အမြတ်ထုတ်ခြင်း၊ ဖိနှိပ် ချုပ်ချယ်ခြင်းများ ကင်းဝေးကြစေရန် ဆုတောင်းလျက် မိမိအတွက်ကတော့ မမှန်မကန်သည့် လူနည်းစု၏ အမုန်းခံရတာ မဆန်း တော့ဟု ဆိုလိုက်ချင်သည်။

မြန်မာသံတော်ဆင့်

သူ့ထုံးစံအတိုင်း လေသံအေးအေးနဲ့ပြောတဲ့ စကားတစ်ခွန်းကိုတော့ သတိတရ ရှိမိပါတယ် . . . ““ကိုယ်တို့လည်း ဦးနေ၀င်းခေါ်တဲ့ ပြည်သူ့လွှတ်တော်မှာ အကျယ်ချုပ်နဲ့ တက်နေရပါကလား””တဲ့ . . .
သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း (၉၂) နှစ်ဟာ လူကြီးရောဂါနှင့် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီကျော်မှာ ကွယ်လွန် သွားရှာပြီ ဆိုတဲ့သတင်း ထိုနေ့ ညနေကပဲ စာနယ်ဇင်း လောကမှာ တမုဟုတ်ချင်း ပျံ့နှံ သွားတယ်ဗျာ။
ကျွန်တော့်ထံကိုလည်း သံတော်ဆင့် သတင်းဂျာနယ်က ဒုတိယ အယ်ဒီတာချုပ် ကိုအံ့ခေါင်မင်းက သတင်းပို့လို့ သိလိုက်ရတယ်ဗျာ။ ထိုအချိန်မှာ ကျွန်တော်လည်း ကောင်းစွာ နေမကောင်းလို့ အိပ်ရာထဲမှာ လဲလျောင်းရင်း ဆရာဦးစိန်ဝင်းနဲ့ တွေ့ဆုံခဲ့ကြပုံအချို့ကို ပြန်ပြောင်းပြီး သတိရပုံ ဖော်မိတယ်ဗျာ။
ဆရာဦးစိန်ဝင်းဟာ ဖဆပလခေတ်၊ မဆလခေတ်၊ နအဖခေတ်တွေမှာ ထင်ပေါ် ကျော်ကြားခဲ့တဲ့ သတင်းစာဆရာတစ်ဦး ဖြစ်တာနဲ့အညီ သူ့ရဲ့ကိုယ်ရေး အတ္ထုပ္ပတ္တိကို စာနယ်ဇင်းတွေမှာ ရေးသား ဖော်ပြကြ ပြီးဖြစ်ပါတယ်။
ကျွန်တော်ကတော့ ဆရာနှင့် ထိတွေ့ပုံ တစ်စွန်းတစ်စနှင့် ဆရာ့ရဲ့ သတင်းစာ စိတ်ဓာတ်ကိုသာ ဖော်ပြ လို … ပါတယ်ဗျာ။

ဂါးဒီးယန်း အင်္ဂလိပ် သတင်းစာဟာ ကနဦးက စောင်ရေ ၁၄၀၀ ကျော်လောက် ရှိရာက ဆရာဦးစိန်ဝင်း ကြိုးစား ပုံဖော်မှုကြောင့် စောင်ရေသုံးသောင်းနီးပါး ဖြစ်လာတာလည်း အများအသိပါ။ ကျွန်တော်တို့ သတင်းထောက် အချို့ မြို့တော်ခန်းမ အရှေ့ဘက် ထောင့်စွန်းမှာရှိတဲ့ သတင်းထောက် အသင်းမှာ စုဝေး ရောက်ရှိတဲ့အခါ ဆရာဦးစိန်ဝင်းလည်း ရောက်လာတတ်ပါတယ်။
သူက သတင်းထောက် လူငယ်များကို လက်ဖက်ရည်နှင့် မုန့်များ တိုက်ကျွေးပြီး သတင်း ဘာထူးသလဲ မေးလေ့ရှိပါတယ်။ ဆရာက သတင်းကိစ္စကလွဲလို့ ရောက်တတ်ရာရာ ပြောလေ့မရှိပါဘူး။ ကျွန်တော်တို့လည်း ဆရာ့ထံက သတင်းစကား နေ့တိုင်းလို ကြားရပြီး သတင်းသမားလုံးလုံး ဖြစ်လာကြရပါတယ်။
သတင်းစာများကို ပြည်သူပိုင်သိမ်းပြီး ၁၉၆၄ ခု နောက်ပိုင်းမှာတော့ ဂါးဒီးယန်း သတင်းစာက ဓာတ်ပုံ သတင်းထောက် ကိုထွန်းမင်း (ကွယ်လွန်) ကြေးမုံကို ရောက်ရှိ လာပါတယ်။ သူဟာ ဆရာဦးစိန်ဝင်းကို လေးစား ချစ်ခင်သူဖြစ်လို့ ဆရာဦးစိန်ဝင်း အိမ်ကို မကြာခဏ ရောက်ပါတယ်။
ကျွန်တော့်ကိုလည်း သူ့ဆိုင်ကယ် နောက်မှာ တင်ပြီး ခေါ်ဆောင် သွားလေ့ရှိလို့ ကျွန်တော်လည်း ဆရာဦးစိန်ဝင်းထံ မကြာခဏ ရောက်လေ့ရှိပါတယ်။ ဆရာ ဦးစိန်ဝင်း အထိန်းသိမ်းခံရာက လွတ်မြောက်တဲ့ တစ်နေ့မှာ သူရေးသား ပြုစုလိုက်တဲ့ “နိုင်ငံရေး အကွဲအပြဲဇာတ်လမ်း” စာအုပ်ကလေးကို ဖတ်ရှုရတဲ့ အခါမှာတော့ ဆရာ့ရဲ့ သတင်းစာသမား ဘ၀ကို ပေါ်လွင်စွာ သိရှိရပါတယ်။

နိုင်ငံရေး ခေါင်းဆောင်ကြီးများ သန့်ရှင်း တည်မြဲ ကွဲပြဲပြီး ဖဆပလ အဖွဲ့ကြီး ပြိုကွဲပြီးနောက် တော်လှန်ရေး ကောင်စီ အာဏာသိမ်းခါနီး အခြေအနေ ပုံရိပ်များကို ထင်ဟပ်ထားပါတယ်။ သတင်းစာဆရာကြီး တစ်ဦး အနေနှင့် အရေးပါသော အခန်းက ပါဝင်ခဲ့ရပုံ သိသာ ထင်ရှားပါတယ်။
ကျွန်တော်တို့ လူငယ် သတင်းထောက်များနှင့် ဆရာဂါးဒီးယန်း ဦးစိန်ဝင်း ထိတွေ့ရချိန်ကတော့ ၁၉၇၄ ခု နှစ်ဦးပိုင်း မဆလ အစိုးရက ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ကာလများက ဖြစ်ပါတယ်။
မဆလ အစိုးရခေတ်မှာ ၁၉၇၃ ခုနှစ်က တစ်ပြည်လုံး ဆန္ဒခံယူပွဲများကို မလုပ်မနေရ ကျင်းပခိုင်းပြီး အခြေခံဥပဒေ တစ်ရပ် ရေးဆွဲ အတည်ပြုပါတယ်။ တစ်ပါတီ အာဏာရှင်စနစ်ကို အခိုင်အမာ ပြုလုပ်ခြင်းပါပဲ။ အဲဒီအချိန်မှာ ဦးနေ၀င်းဟာ တစ်ပြည်လုံး အခြေခံဥပဒေ ဆန္ဒခံယူပွဲ အောင်မြင်ရေးအတွက် နိုင်ငံရေး သမားဟောင်းများ သာမက စာပေသမား၊ စာရေးဆရာ၊ သတင်းစာဆရာတွေလိုပဲ နယ်ထွက် ဟောပြောပွဲတွေ လုပ်ခိုင်းပြီး ထောက်ခံခဲ့စေပါတယ်။
အဲဒီနောက် သမ္မတကြီး ဦးနေ၀င်းရဲ့ မဆလအစိုးရ ပြည်သူ့လွှတ်တော် အစည်းအဝေးကို သမ္မတ အိမ်တော်မှာ စတင် ကျင်းပပါတယ်။ အဲဒီ ပြည်သူ့လွှတ်တော် အစည်းအဝေးကို သတင်းထောက်တွေ တက်ရောက် သတင်းယူခွင့် ပြုပါတယ်။

သို့သော် အစည်းအဝေးကြီး ကျင်းပရာ အိမ်တော်မဏ္ဍပ် အတွင်းမှာ မဟုတ်ပါ။ အိမ်တော်ဝင်းထဲက သီးခြား အိမ်ကလေး တစ်လုံးမှာ နေရာပေးပြီး သတင်းများ ရယူနိုင်ရန် စပီကာ တပ်ပေးထားလို့ ဟောပြော ဆွေးနွေး ချက်တွေကို လိုက်လံ မှတ်သားရပါတယ်။
အဲဒီနေရာ အဆောင်ကလေးထဲသို့ အေပီသတင်းဌာန သတင်းထောက်အဖြစ် ဆရာဂါးဒီးယန်း ဦးစိန်ဝင်း လာရောက်လေ့ ရှိပါတယ်။ ပြီးတော့ နိုင်ငံခြားသတင်းဌာန သတင်းထောက်ကြီးဖြစ်တဲ့ ဦးချစ်ဖေကို မှတ်မိနေပါတယ်။

သူက ဘုတလင်ဘက်က အညာသားကြီး တစ်ဦးဖြစ်ပေမယ့် သူ့စကားပြောဟန် လေယူလေသိမ်းက အင်္ဂလိပ်သံ ပေါက်နေလို့ပါ။ လုပ်သားပြည်သူ့ နေ့စဉ်က သတင်းထောက်ချုပ် ဦးကြည်၊ ဦးမြတ်သာ၊ မြန်မာ့ အလင်းက ဦးသိန်းရွှေ၊ ဗိုလ်တထောင်က ကိုအောင်သန်းလေး စသူတို့ တက်ရောက် သတင်းယူလေ့ ရှိကြ ပါတယ်။ ကြေးမုံကတော့ ဦးဝင်းဌေး (ကွယ်လွန်)နှင့် ကျွန်တော် တစ်လှည့်စီ တက်ရောက် ခဲ့ကြရတာပါ။
အဲဒီအချိန်မှာ ဆရာဂါးဒီးယန်း ဦးစိန်ဝင်းဟာ ကျွန်တော်တို့ လူငယ် သတင်းထောက်တွေကို အမြဲလို ဒကာခံပြီး ကျွေးမွေးလေ့ ရှိပါတယ်။ ပြီးတော့ဆရာက သူ့ထုံးစံအတိုင်း လေသံအေးအေးနဲ့ပြောတဲ့ စကားတစ်ခွန်း ကိုတော့ သတိတရ ရှိမိပါတယ်။

““ကိုယ်တို့လည်း ဦးနေ၀င်းခေါ်တဲ့ ပြည်သူ့လွှတ်တော်မှာ အကျယ်ချုပ်နဲ့ တက်နေရပါကလား””တဲ့။

မြန်မာသံတော်ဆင့်

(4 Nov 2013 ရက်စွဲပါ SBS မှ AAP ၏ Burma still fragile: Peace Prize Winner ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် နှိပ်စက်သောစစ်အစိုးရအုပ်ချုပ်ရေးမှ ဝေးရာသို့သွားနေသော်လည်း တိုင်းပြည်၏ ဒုက္ခသည်များ ကိစ္စကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန် အလှမ်းဝေးနေသေးကြောင်း ဆစ်ဒနီမှ အသစ်ချီးမြှင့်သော ငြိမ်းချမ်းရေးဆုရသူ ဒေါက်တာစင်သီယာမောင် က ပြောကြားခဲ့ပါသည်။

ဒေါက်တာစင်သီယာမောင်သည် တိုင်းရင်းသား ကရင်လူမျိုးဖြစ်ပြီး ၁၉၈၈ အရေးအခင်းအပြီးတွင် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးခဲ့သူ ဖြစ်ပါသည်။ သူသည် နယ်စပ်ရှိအိမ်ကလေးမှ စတင်၍ မယ်တော်ဆေးခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်လျှင် လူ (၁၅၀၀၀၀) ခန့်ကို စောင့်ရှောက်မှုပေးနေပါသည်။

ဆေးခန်း၏လူနာအများစုမှာ ပြည်တွင်းမှ အိုးမဲ့၊အိမ်မဲ့များ (IDFs) နှင့် ထိုင်းနိုင်ငံတွင် တရားဝင်စာရွက်စာတမ်း မရှိပဲ အလုပ်လုပ်နေသူမြန်မာများဖြစ်ပါသည်။

ဆေးခန်းသည် သားဖွားဆရာမများ၊ ကျန်းမာရေးလုပ်သားများကိုလည်း လေ့ကျင့်သင်ကြားပေးပြီး မြန်မာနိုင်ငံ၏ ကလေးငယ်သေဆုံးမှုနှုန်းမြင့်မားမှုကို လျှော့ချရန် ရည်ရွယ်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် ကလေးသူငယ်များ၏ တစ်ဝက်ခန့်မှာ အိမ်တွင် မွေးဖွားကြရပါသည်။ နယ်စပ်မြို့ များနှင့် တိုင်းရင်းသားဒေသများတွင် အဆိုပါကိန်းဂဏန်းမှာ ၉၀% ခန့်ရှိလာသည်ဟု ၎င်းက ပြောပါသည်။

ထိုသို့သော ကျန်းမာရေးအရ ဆိုးရွားနေသည့် အခြေအနေများရှိသည့်အပြင် နေအိမ်တွင် မွေးဖွားသော ကလေးများ သည် မျိုးဆက်တစ်ခုလုံး ဒုက္ခသည်ဖြစ်စေရန်ဖန်တီးလာရကြောင်း အကြောင်းမှာ ၎င်းတို့မှာ မှတ်ပုံတင်၍ မရသဖြင့် နိုင်ငံ သားဖြစ်ခွင့်လည်းမရသောကြောင့် ဖြစ်သည်ဟု Dr မောင် ကဆိုပါသည်။

“ဒါက ဘာကိုဆိုလိုသလဲဆိုတော့ ကလေးငယ်များစွာဟာ ဆိုးရွားတဲ့အခြေအနေမှာရှိနေပြီး ကလေးအလုပ်သမားနဲ့ လူကုန်ကူးမှုတွေဖြစ်စေပါတယ်။” ဟု ၎င်းက AAP သို့ တနလာင်္နေ့ကပြောကြားပါသည်။

မကြာသေးမီက ဆေးခန်းသည် ကျောင်းတစ်ကျောင်းဖွင့်လှစ်ခဲ့ရာ ကျောင်းသို့ လာရောက်ကျသော ကလေးများ၏ ၇၀% သည် စာအုပ်မပါကြကြောင်း သူက ပြောပါသည်။

Dr.မောင်က ပြောကြားရာတွင် ဆုကိုအသုံးပြု၍ သြစတြေးလျလူမျိုးများကို သတိပေးလိုသည်မှာ မြန်မာနိုင်ငံက ဖိနှိပ်သောစစ်အစိုးရ၏ သမိုင်းကို ထားခဲ့ရန်ကြိုးစားနေသော်လည်း တိုင်းပြည်၏ တိုင်းရင်းသား လူဦးရေအများစု မှာ နေအိမ်များ စွန့်ခွာထွက်ပြေးရဆဲ ဟုဆိုပါသည်။

“အပစ်အခတ်ရပ်စဲရေးက သိပ်မခိုင်မာလှသေးပါဘူး။ ဒုက္ခသည်တွေက သူတို့အရပ်ပြန်ချင်ပေမယ့် ကြောက်နေ ကြသေးတယ်” ဟု သူကဆိုပါသည်။

“မြေယာသိမ်းဆည်းမှုများမှာလည်း ဒုက္ခသည်တွေ နေရပ်ပြန်မယ့်ကိစ္စမှာ အတားအဆီးဖြစ်နေတဲ့ကိစ္စတစ်ခု ဖြစ်ပါ တယ်” ဟု ဆိုပါသည်။

Dr.မောင် သည် ကြာသာပတေးနေ့တွင် ဆုလက်ခံမယူမီ ဗုဒ္ဒဟူးနေ့၌ ဆစ်ဒနီမြို့တော်ခန်းမတွင် ငြိမ်းချမ်းရေး ဆုအမှာစကားပြောကြားမည် ဖြစ်ပါသည်။

ယခင်က ထိုဆုရရှိခဲ့ဖူးသူများတွင် ဘုန်းတော်ကြီး ဒက်စမွန်တူး၊ ပါမောက္ခ ချောင်စကီတို့ပါဝင်ပြီး၊ ပြီးခဲ့သည့်နှစ် က ဇင်ဘာဘွေ ဆီနိတ်တာ Sekai Holland ကရရှိပါသည်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.