11/12/13

သမိုင်းနှင့်ပတ်သက်၍ နိုင်ငံတစ်ခု၏ အဆင့်အတန်းအား သတ်မှတ်ရာ၌ အမျိုးသား စာကြည့်တိုက်အတွင်း သမိုင်း မှတ်တမ်းမှတ်ရာများ၊ အထောက်အထားများ သိမ်းဆည်းထားနိုင်မှု မည်မျှအထိ ရှိ၊မရှိမှာ တစ်ခု အပါအ၀င်ဖြစ်ပြီး မြန်မာနိုင်ငံတွင်မူ အမျိုးသား စာကြည့်တိုက်မှာ ရှာမရအောင်ပင် ဖြစ်နေပြီဟု စာနယ်ဇင်း ကောင်စီဝင်ဟောင်း ဖြစ်သူ ဦးဟိန်းလတ်က မြန်မာသံတော်ဆင့်သို့ နိုဝင်ဘာ ၁ ရက်က ပြုလုပ်သည့် မြန်မာ့နိုင်ငံရေး သမိုင်းထဲမှ အလံနီ စာအုပ်မိတ်ဆက်ပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ၌ အမျိုးသား စာကြည့်တိုက် တစ်ခုစီသာ သီးသန့်ထားရှိလေ့ ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ထူးထူးခြားခြား အနေဖြင့် အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် တစ်ခုစီ ထားရှိထားကြောင်း၊ ရန်ကုန်မြို့ရှိ စာကြည့်တိုက်မှာ မကြာခဏ နေရာပြောင်းနေရပြီး ယခုလက်ရှိ စာကြည့်တိုက်နေရာမှာ လူသူ အရောက်အပေါက် နည်းသည့် နေရာ၌ ထားရှိသည့်အတွက် မည်သို့ လမ်းညွှန်ရမည်ကိုပင် မပြောနိုင်သည့် အနေအထား ဖြစ်နေကြောင်းနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ …

““အမျိုးသား စာကြည့်တိုက်က ရိုင်းရိုင်းပြောရရင် ခွေးနေရာ မရသလို ဖြစ်နေတယ်။ နောက်ဆုံး ကမ္ဘာအေးဘုရား၊ လမ်းညွှန်လို့တောင် မရဘူး ဖြစ်နေတယ်။ ဟိုဘက်မှာ အင်းယားလိပ် ဟိုတယ်ရှိတယ်။ အဲဒီ ဘက်ကလည်း မဟုတ်ဘူး။ အဲဒီကလည်း တည့်တည့်သွားရင်လည်း ဘတ်စ်ကားနဲ့ သွားလို့မရဘူး။ ကားလမ်း ကလည်း အင်မတန်မှ ကြမ်းတယ်။ အိမ်ကြို အိမ်ကြားကနေ သွားပြီးတော့ ၀င်းတံခါးကြီး ပိတ်ထားတယ်။ အဲဒီနေရာ ဘာရှိလို့ ရှိမှန်းတောင် မသိဘူး။ အဲဒီနေရာရဲ့ နောက်ထပ် နှစ်လံကျော် သုံးလံလောက်မှာ အမျိုးသား စာကြည့်တိုက်ရှိတယ်။ စာဖတ်တဲ့လူလည်း တစ်ယောက်မှ မရှိဘူး။ ဘယ်သူမှလည်း မလာဘူး။ ၀န်ထမ်းတွေလည်း အေးဆေးပါပဲ။ စာလာရှာတဲ့ လူလည်းမရှိဘူး။ စစ်ဆေးတဲ့လူလည်း မရှိဘူး။ အဲဒီမှာမှ အမျိုးသား စာကြည့်တိုက်က နေပြည်တော်တစ်ခြမ်း ပြန်ပြောင်းသွားသေးတယ်။ မရှိမယ့်ရှိမယ့် တစ်ခြမ်းကို နေပြည်တော်က နောက်ထပ်တစ်ခြမ်း ယူသွားပြီးတော့ အမျိုးသား စာကြည့်တိုက်က နိုင်ငံတကာမှာ တစ်ခုပဲရှိ တယ်။ မြန်မာနိုင်ငံမှာ ပြောရမယ်ဆိုရင် နှစ်ခုဖြစ်သွားပြီ။ ဘာမှသာမရှိတာ အမျိုးသား စာကြည့်တိုက်နှစ်ခု။ ဘာ အထောက်အထားမှလည်း မရှိဘူး”” ဟု စာနယ်ဇင်း ကောင်စီဝင်ဟောင်းလည်းဖြစ်၊ နိုင်ငံတကာတွင် စာကြည့်တိုက်ပညာ သင်ယူခဲ့သူ ဦးဟိန်းလတ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာနိုင်ငံတွင် အင်္ဂလိပ် အစိုးရ အုပ်ချုပ်စဉ် ကာလက ရှိခဲ့သည့် ဘားနဒ် အခမဲ့ပိဋကတ် စာကြည့်တိုက်အား လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်၌ ရန်ကုန် မြူနီစပယ် စာကြည့်တိုက် အနေဖြင့် ထိန်းသိမ်းခဲ့ရာမှ ၁၉၇၂ ခုနှစ်ကျမှ အစိုးရသို့ လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။ စစ်တပ်မှ အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်တွင် ပန်းဆိုးတန်း တိုက်အမှတ် ၁၆၆၊ ဒုတိယထပ်နှင့် တတိယထပ်သို့ အဆိုပါ စာကြည့်တိုက်အား ရွှေ့ပြောင်းကာ ပိတ်ထားခဲ့သည်။ ထို့နောက် ၁၉၆၅ ခုနှစ်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး မြို့တော်ခန်းမသို့ ရွှေ့ပြောင်းစေခဲ့သည်။ ထိုမှတစ်ဆင့် ၁၉၇၄ ခုနှစ်တွင် ကမ်းနားလမ်းရှိ ခြောက်ထပ်ရုံးသို့ ထပ်မံ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။

““မြို့တော်ခန်းမကြီးမှာ ထားတယ်။ ဂုဏ်ယူစရာပါပဲ။ နောက်မကြာဘူး။ တိုင်းကောင်စီရုံး လုပ်မယ်ဆိုပြီးတော့ နေရာ ပေးတဲ့အတွက် အမျိုးသား စာကြည့်တိုက်က ဟိုးခြောက်ထပ်ရုံးကို ရောက်သွားတယ်။ ခြောက်ထပ်ကြီးမှာ သီးသန့်နေရာ မထားဘူး။ တချို့နေရာကျတော့ အိမ်သာဘေးမှာ ဂုန်နီအိတ်နဲ့ ထားတယ်။ တချို့နေရာက လှေကားအောက်မှာ ထားတယ်။ တချို့ နေရာက ထပ်ခိုးမှာ ထားတယ်။ သမိုင်းဆိုင်ရာ အချက်အလက်တွေ အားလုံး အဲဒီခြောက်ထပ်ရုံးမှာ ပျောက်ဆုံး သွားတယ်။ အမျိုးသား စာကြည့်တိုက်က ရိုင်းရိုင်း ပြောရရင် ခွေးနေရာမရသလို ဖြစ်နေတယ်””ဟု ဆရာဟိန်းလတ်က အမျိုးသား စာကြည့်တိုက် နေရာ မတည်ငြိမ်ဘဲ ရွှေ့ပြောင်းခဲ့ရမှု အကြောင်းကို ပြောပြခဲ့သည်။

ခြောက်ထပ်ရုံးတွင် ထားရှိသည့် အမျိုးသား စာကြည့်တိုက်အား ၁၉၉၅ ခုနှစ်တွင် ယခင် တာမွေသုသာန် နေရာသို့ ထပ်မံပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် နောက်ဆုံးအဖြစ် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ထိုမှတစ်ဆင့် စာကြည့်တိုက်အား နေပြည်တော်၌ ခွဲခြား ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် နေပြည်တော်ရှိ အမျိုးသား စာကြည့်တိုက်တွင် မြန်မာ၊ အင်္ဂလိပ်နှင့် အခြားဘာသာများဖြင့် ရေးသားထားသည့် စာအုပ်၊ စာတမ်း၊ စာနယ်ဇင်း ရည်ညွှန်း စာအုပ်၊ ဘွဲ့ယူကျမ်း၊ အာဆီယံစာစု၊ ကုလသမဂ္ဂ စာစု၊ သီးသန့်စာစု၊ ရှေးဟောင်း သုတေသနဆိုင်ရာ စာစု၊ မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အကြောင်းအရာ များကို အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသည့် စာအုပ်များနှင့် ကလေးစာစု အပါအ၀င် စုစုပေါင်း နှစ်သိန်း လေးသောင်းကျော် စုဆောင်းထားရှိသည်ဟု အဆိုပါ အမျိုးသား စာကြည့်တိုက် ဖွင့်လှစ်ခဲ့သည့် ၂၀၁၃ ခုနှစ် မေ ၅ ရက်တွင် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်ဦးက ပြောခဲ့သည်။

သို့သော် တာမွေမြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် အမျိုးသား စာကြည့်တိုက် အဖြစ်ရှိခဲ့စဉ် ၂၀၀၃ ခုနှစ် စာရင်း များအရ အမျိုးသား စာကြည့်တိုက်၌ စာနယ်ဇင်းဆိုင်ရာ စာအုပ် ခြောက်သိန်းခွဲနှင့် အခြားစာအုပ်ပေါင်း တစ်သိန်း ရှစ်သောင်းကျော် ရှိခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

““မြန်မာပြည်က အမျိုးသား စာကြည့်တိုက်ကတော့ တော်တော်စုံတယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ အမှန် ပြောရရင်တော့ Accessible ဖြစ်လားဆိုရင် မဖြစ်ဘူးလို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ အနေနဲ့က ဒီက လိုင်ဘရီတွေက သူတို့ရဲ့ လိုင်ဘရီစနစ်အရ အပြင်က လူတွေ လာသုံးအောင် Encourage (အားပေးမှု) မလုပ်ဘူးလေ။ သူတို့ဟာသူတို့ပဲ ရှိနေတာ။ ဒီ ပြည်သူလူထုရဲ့ ထိတွေ့မှုတို့၊ လိုင်ဘရီသုံး လာအောင် သူတို့ဆီမှာ ဘာတွေ ရှိပါတယ် ဆိုတာမျိုးတွေကအစ ဘာမှ Information အပြင်ကို ထုတ်ထားတာ မရှိတဲ့အတွက် ကျွန်မတို့က အဲဒီဟာကို သုံးဖို့လည်း ခက်တယ်။ နောက်ပြီး ဒုတိယက ဘာလဲဆိုတော့ ဥပမာ တချို့ လိုင်ဘရီတွေ သုံးဖို့ ကြိုးစားတဲ့ လိုင်ဘရီ၊ ဥပမာ အီကိုက လိုင်ဘရီမျိုး၊ ရန်ကုန် တက္ကသိုလ်ထဲက လိုင်ဘရီမျိုးတွေ ဆိုရင်လည်း သုံးခွင့် မရှိဘူးလေ။ ကျောင်းသားကတ်တွေ ဘာတွေ မရှိတာလည်း ပါတယ်။ ဒီလိုမျိုးဆိုတော့ မသွားဖြစ်ဘူး””ဟု ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် လူမှုရေး သိပ္ပံဘာသာရပ်ဖြင့် မဟာဘွဲ့ ယူခဲ့သည့် မဖြူဖြူက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီ တက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဖြင့် မဟာဘွဲ့ယူနေသူ မြန်မာနိုင်ငံသား ကိုမုတ်သုန်ကလည်း အိန္ဒိယနိုင်ငံရှိ အမျိုးသား စာကြည့်တိုက်သို့ မရောက်ဖူးသော်လည်း တက္ကသိုလ် စာကြည့်တိုက်တွင်ပင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ရှာဖွေနိုင်အောင် အစိုးရက စီစဉ် ပေးထားသည့် အတွက် အဆင်ပြေနေကြောင်းကိုလည်း ယခုကဲ့သို့ ပြောဆိုခဲ့သည်။

စာအုပ် စုံလင်သည့်အတွက် ““စာအုပ်တွေကတော့ဗျာ လျှောက်လှည့် ကြည့်တာတောင် တစ်မနက်လောက် အချိန် ပေးရတယ်။ ကမ္ဘာ့သမိုင်း၊ အိန္ဒိယသမိုင်း၊ တက်ကျမ်း၊ သိပ္ပံ၊ သင်္ချာ၊ သုတ စုံနေတာပဲ။ ကမ္ဘာ့ ပုဂ္ဂိုလ်ကျော်၊ အိန္ဒိယ ပုဂ္ဂိုလ်ကျော်တွေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတို့၊ သူများ ရေးထားတာ တွေတို့။ နောက် သိပ္ပံခေါင်းစဉ် အောက်မှာ ဆိုရင်လည်း ဓာတုဆိုင်ရာ၊ ရူပဆိုင်ရာ၊ အဏုမြူဆိုင်ရာ (မော်ဒန်ဖီးဆစ်)တို့ အကန့်လိုက် ခွဲထားသေးတယ်။ အဲဒီစာအုပ်တွေကို တစ်ယောက်တည်း ဖတ်ရင် တစ်သက်လုံး ဖတ်တောင် ကုန်မှာ မဟုတ်ဘူး။ စွယ်စုံကျမ်းလို စာအုပ်ကြီး တွေဆိုရင် တသီတတန်းကြီးပဲ””ဟုမြန်မာသံတော်ဆင့်သို့ အင်တာနက်မှတစ်ဆင့် ပြောကြားခဲ့သည်။

လက်ရှိ စာပေလောက၌ နိုင်ငံရေးနှင့် ပတ်သက်သည့် စာအုပ်စာတမ်းများ ထွက်ပေါ်လာပြီ ဖြစ်သော်လည်း မြန်မာပြည် အုပ်ချုပ်မှု စနစ်အရ နိုင်ငံရေးနှင့် ပတ်သက်လျှင် စာရွက်စာတမ်း ရှိရုံဖြင့် ဖမ်းဆီး ခဲ့မှုများကြောင့် သမိုင်း မှတ်တမ်းများ ပျောက်ဆုံးနေကြောင်း၊ သမိုင်း မှတ်တမ်း စာအုပ်များ ထုတ်ဝေရန်အတွက် ကိုးကားမှုများ ပြုလုပ်ရာတွင် အမျိုးသား စာကြည့်တိုက်များအား အသုံးချနိုင်မှု အားနည်း နေသေးကြောင်း၊ ကိုးကားမှုများ ပြုလုပ်နိုင်ရန်အတွက် သက်ရှိထင်ရှား ရှိနေသေးသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်းကာ (Oral History) နှုတ် ပြော သမိုင်းမှတ်တမ်းများ ယခုထက်ပိုမို ပြုလုပ်နိုင်ရန် လိုအပ်နေကြောင်းလည်း ဦးဟိန်းလတ်က မြန်မာ့နိုင်ငံရေး သမိုင်းထဲမှအလံနီ စာအုပ်မိတ်ဆက်ပွဲ၌ပင် ထည့်သွင်း ပြောဆိုခဲ့သည်။

““တကယ်လို့ အမျိုးသား စာကြည့်တိုက်သာ ခိုင်ခိုင်မာမာရှိရင် ဟိုး ရတနာပုံခေတ် သတင်းစာကနေ စပြီးတော့ အခုခေတ် သတင်းစာအထိ အကုန်ရှိတယ်။ စာကြည့်တိုက်တွေ ထုံးစံအရ နိုင်ငံရေး ကြေညာစာတမ်း၊ လှုံ့ဆော်စာတမ်း၊ ဆန္ဒပြစာတမ်းအစ စာကြည့်တိုက်က သိမ်းရတယ်။ အဲဒါလည်း လိုင်စင်ရှိရင်ရတယ်။ မဟုတ် ရင် အရေးယူခံရတယ်။ အမျိုးသား စာကြည့်တိုက်က သိမ်းထားရင် ဒါ ကင်းလွတ်ခွင့်ရတယ်။ သမိုင်း အထောက်အထားတွေ ပြည့်စုံအောင် နိုင်ငံတကာမှာ လုပ်တယ်။ မြန်မာပြည်မှာ စာကြည့်တိုက်တောင် ရှာလို့ မရတဲ့ အခြေအနေပဲ။ အဲဒါကြောင့် တတ်နိုင်သမျှ မျိုးချစ်စိတ် မပျောက်အောင် နောက်ဆုံးကျတော့ ဘာပဲ ဖြစ်ဖြစ် ပြည်သူ့ခေါင်းပေါ်ပဲ ကျတယ်””ဟု စာနယ်ဇင်း ကောင်စီဝင်ဟောင်း ဦးဟိန်းလတ်က မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။

မြန်မာ သံတော်ဆင့်


မဲလ်ဘန်းမြို့ ” – နေ့ ရက်၊ အချိန်၊ နေရာ ကြေညာချက်။

တွေ့ ဆုံပွဲ တက်ရောက်ရန် ကြိုတင်စာရင်းပေးခြင်းဆိုင်ရာ အသိပေးကြေညာချက်အား ဆက်လက်ဖတ်ရှူနိုင်ပါသည်။

သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ နံနက် (၉း၃၀) နာရီ မှ နံနက် (၁၀း၃၀) နာရီထိ Melbourne မြို့ရှိ Dendenong Stadium - No. 270 Stud Road, Dandenong North VIC 3175 (Mel Ref – 90 G1) တွင် ကျင်းပပါမည် ဖြစ်ပါသည်။

ဤတွေ့ဆုံပွဲကို မပျက်မကွက် တက်ရောက်ကြမည့်သူများအနေဖြင့် ကြိုတင်စာရင်းပေးထားရန် မဖြစ်မနေ လိုအပ်ပါသည်။ နေရာအရေအတွက် ကန့်သတ်ချက်ကြောင့် ကြိုတင်စာရင်းပေးသွင်းထားသည့်သူများသာလျှင် တွေ့  ဆုံပွဲခန်းမကြီးအတွင်းသို့  ၀င်ရောက်ခွင့် ရရှိမည် ဖြစ်ပါသည်။

တွေ့ ဆုံပွဲ တက်ရောက်ကြမည့်သူများမှ တစ်ဦးချင်းစီ မိမိ၏ အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Email လိပ်စာများအား ကြိုတင် စာရင်းပေးထားရမည် ဖြစ်ပါသည်။

ဤတွေ့ဆုံပွဲသို့  တက်ရောက်ကြမည့်သူများအနေဖြင့် မိမိတို့ ၏ မိသားစုဝင် ကလေးသူငယ်များအား တစ်ပါတည်းခေါ်ဆောင်လာပါက ကလေးသူငယ်များနေထိုင်ရန် သီးသန့် အခန်းကြီးတစ်ခုအား စီမံထားရှိပြီး၊ တွေ့  ဆုံပွဲအချိန်ကာလအတွင်း ကလေးသူငယ်များအတွက် ဖြော်ဖြေရေးအစီအစဉ် သီးသန့်  ထားရှိထားမည် ဖြစ်ပါသည်။

တက်ရောက်ရန်စာရင်းပေးမှု (Registration) အား နောက်ဆုံးပိတ်ရက်ဖြစ်သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့ နောက်ဆုံးထား၍ ပြုလုပ်ရမည်ဖြစ်ပါသည်။ သို့ သော် အဆိုပါ နောက်ဆုံးရက်မတိုင်မှီ သတ်မှတ်ထားသော နေရာအရေအတွက် ပြည့်သွားပါက တက်ရောက်ရန် စာရင်းပေးမှု (Registration) အား ရပ်ဆိုင်းကြောင်း အသိပေးကြေညာမည် ဖြစ်ပါသည်။

“တွေ့ ဆုံပွဲ တက်ရောက်ရန်အတွက် ကြိုတင်စာရင်းပေးရန်”

အင်တာနက်စာမျက်နှာတွင် စာရင်းကြိုတင်ပေးပါရန် - www.welcome-dassk-to-melbourne.blogspot.com

Email သို့  ပေးပို့ ပါရန် - welcome.daw.aung.san.suu.kyi@gmail.com

ဖုန်းနံပါတ်များသို့  ပေးပို့ ပါရန် - ဦးမျိုးအေး (0458 838 883)၊ ဦးတင်စိုး (0420 732 466)၊ ဦးကျော်စိုးမိုး (0432 711 294)၊ ဦးကြည်လွင် (0422 885 456)၊ ဒေါ်မီးမီး (0432 065 265)။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”။

သတင်းအချက်အလက်များနှင့် ကြေညာချက်များအား အင်တာနက်စာမျက်နှာ www.welcome-dassk-to-melbourne.blogspot.com နှင့် ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/welcome.melbourne.9 တို့  တွင် ပုံမှန် ဖေါ်ပြပေးနေမည် ဖြစ်ပါသည်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.