11/16/13



လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီက တင်ပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ၆၉ ယောက်ကို မြန်မာ နိုင်ငံ အကျဉ်းထောင် အသီးသီးကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

နိင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သောကြာနေ့က ပြန်လွတ် လာကြသူတွေထဲမှာ မဆလ ဥက္ကဌ ဟာင်း ဦးနေဝင်းရဲ့ မြေး နှစ်ယောက် ဖြစ်တဲ့ ကိုအေးနေဝင်း နဲ့ ကိုကျော်နေဝင်း တို့လည်း ပါဝင်ပါတယ်။

ဦးနေဝင်းရဲ့ သားမက်နဲ့ မြေးသုံးယောက်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က နိုင်ငံတော် အာဏာသိမ်းဖို့ ကြိုးပမ်းတယ် ဆိုပြီး နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်က သေဒဏ် ချမှတ် ခံခဲ့ကြရပါတယ်။

သားမက် ဖြစ်သူ ဦးအေးဇော်ဝင်းနဲ့ မြေးတစ်ယောက် ဖြစ်တဲ့ ကိုဇွဲနေဝင်းကတော့ ၂၁၀၂ ခုနှစ် နှစ်ဆန်းပိုင်းက ပြန်လွတ် လာခဲ့ပြီး ဖြစ်ပါတယ်။

ထောင်ထဲက သီးသန့်ဆောင်မှာ ထောင်ကျနေတဲ့ ကာလ တစ်လျှောက်လုံး မိသားစုနဲ့ တွေ့မရဘဲ နှစ်ပတ် တစ်ခါ ထောင်ဝင်စာ ပေးပို့ခွင့်သာ ရခဲ့ကြတယ်လို့ ကိုအေးနေဝင်းက ဘီဘီစီကို ပြောပါတယ်။

သူ့ကို စွပ်စွဲထားတဲ့ ပြစ်မှုတွေကို တစ်ခုမှ မကျူးလွန်ခဲ့တဲ့ အတွက် လိပ်ပြာ သန့်နေလို့ ထောင်ထဲကို ရောက်သွားချိန်ကစပြီး ပြန်လွတ်လာချိန် အထိ ၁၁ နှစ်ကျော် ကာလမှာ သူ့ကိုယ်သူ ဖမ်းဆီးချုပ်နှောင် ခံထားရသူ အဖြစ် မခံစားရဘူးလို့လည်း ကိုအေးနေဝင်းက ပြောပါတယ်။

သူတို့ရဲ့ ညီဖြစ်သူ ကိုဇွဲနေဝင်းက အစ်ကို နှစ်ယောက် လွတ်မြောက်ရေး အတွက် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး အဖွဲ့ကို လာရောက် တင်ပြတဲ့ အတွက် အဖွဲ့ဝင်တွေအားလုံးရဲ့ သဘောတူညီချက်နဲ့ တင်ပြပေးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး အဖွဲ့ဝင် ကိုရဲအောင်က ပြောပါတယ်။

ပြန်လွှတ်ပေးဖို့ တင်ပြထားတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသား ၆၀ လောက် ရှိသေးတယ်လို့ သူက ဆိုပါတယ်။

ကျန်နေသေးတဲ့ အထဲမှာ လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက ဖြစ်သူ၊ အရင် အစိုးရခေတ် ကာကွယ်ရေး ဝန်ကြီး ဌာနက ထိပ်တန်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ရဲ့ နိုဝင်ဘာလ ၂၀၀၈ ခုနှစ်က မြောက်ကိုရီးယား နိုင်ငံ လျှို့ဝှက် ခရီးစဉ် အကြောင်း သတင်း ပေါက်ကြားစေခဲ့သူ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်၊ RCSS ရှမ်းပြည် တပ်မတော် တောင်ပိုင်း အမှုနဲ့ ဖမ်းဆီး ခံထားရတဲ့ ABSDF ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း ကိုသံချောင်း ခေါ်ကိုမြင့်စိုး တို့လည်း ကျန်သေးတယ်လို့ ကိုရဲအောင်က ပြောပါတယ်။

အခု ပြန်လွတ်လာသူတွေထဲမှာတော့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဒေါ်နော်အုန်းလှ အပြင် နိုင်ငံရေး ပုဒ်မ အမျိုးမျိုးနဲ့ အကျဉ်းကျ နေသူတွေလည်း ပြန်လည် လွတ်မြောက် လာကြပါတယ်။

သမ္မတ ဦးသိန်းစိန်က အခုနှစ် မကုန်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်လို့ ပြောထားပါတယ်။
bbc

(14 Nov 2013 ရက်စွဲပါ The Christian Science Monitor မှ Joseph J.Schatz ရေးသားသော Bill Clinton urges reconciliation in surprise trip to Myanmar ကို ဘာသာပြန်ဆိုသည်)

အမေရိကန် သမ္မတဟောင်း Bill Clinton သည် မြန်မာနိုင်ငံသို့ အံ့အားသင့်ဖွယ် ရောက်ရှိလာခဲ့ပြီး စစ်အုပ်ချုပ်ရေး မှ ဝေးရာသို့ သွားနေသော အသွင်ကူးပြောင်းရေး ကာလနှစ်နှစ်အတွင်း တိုင်းပြည်ကို ရှေ့ဆက်မတက်ရန် အကြိမ်ကြိမ် ဖြစ်ခဲ့သော တိုင်းရင်းသားနှင့် ဘာသာရေးဆိုင်ရာ ခွဲခြားမှုများ ရပ်ဆိုင်းကြရန် အမျိုးသားခေါင်းဆောင်များအား ကြာသာပတေးနေ့က တိုက်တွန်းခဲ့ပါသည်။

“ခင်ဗျားတို့နိုင်ငံ တံခါးဖွင့်ကတည်းက တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံကိုချဉ်းကပ်လာကြ ပါတယ်” ဟု Mr.Clinton က နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေး ခေါင်းဆောင်များပါဝင်သော အုပ်စုအား ရန်ကုန်တွင် ပြောကြားခဲ့ပါသည်။ “တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ခု ထွက်ပေါ်လာတိုင်း ချီးမွမ်းကြပါတယ်။ ဘာသာရေးအရ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးဖတ်ရရင်တော့ အတော်စိတ်မကောင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောပါသည်။

ကလင်တန်အတွက် ယခုခရီးစဉ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ၎င်းသည် အမေရိကန်သမ္မတအဖြစ် ၁၉၉၀ ခုနှစ်များက မြန်မာစစ်အစိုးရအပေါ် စီးပွားရေးအရ အရေးယူမှုများ တိုးမြှင့်ချမှတ်ရန် ဦးဆောင်ခဲ့သူ ဖြစ်ပါသည်။ ၎င်း၏ ဇနီး ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ ခြင်းသည် စစ်အစိုးရအပြီး အမည်ခံအရပ်သား အစိုးရနှင့် အမေရိကန်ကြား နွေးထွေးသော ဆက်ဆံရေးအပြုအမူကို အချက်ပေးသည့်သဖွယ် ဖြစ်ခဲ့ပါသည်။

ကလင်တန် သွားရောက်လည်ပတ်ခြင်းမှာ ၎င်း၏ ဖောင်ဒေးရှင်းကို မြန်မာနိုင်ငံတွင် အကူအညီပေးရေး ဖြစ်ပါသည်။ ကလင်တန်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် အကူအညီပေးရေး ဖြစ်ပါသည်။ ကလင်တန် ဖောင်ဒေးရှင်းသည် မြန်မာနိုင် ငံတွင် HIV/AIDS ၊ ငှက်ဖျားနှင့် တီဘီဆေးများ၊ ဆေးယဉ်ပါးသည့် ကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေး ကျန်းမာရေးနှင့် စိုက်ပျိုးရေး တိုးတက်မှုများအတွက် အကူအညီပေးမည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။

သို့သော် မြန်မာနိုင်ငံတွင် ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ဆန့်ကျင်ခဲ့သော တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရန်ကြိုးပမ်းနေမှုနှင့် ပြီးခဲ့သည့်နှစ် ရခိုင်ပြည်နယ်မှ စတင်ခဲ့သော မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများမှာ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်ပါသည်။

ကလင်တန်သည် ကြာသာပတေးနေ့က ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန် နှင့် လွှတ်တော် ဥက္ကဌဦးရွှေမန်း တို့ဖြင့် နေပြည်တော်တွင် တွေ့ဆုံအပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့ပါ သည်။

ကလင်တန်က လူထုအခြေပြု အဖွဲ့အစည်းခေါင်းဆောင်များသို့ မိန့်ခွန်းပြောကြားရာတွင် ဘရာဇီးမှာ မိုးရာသီ သစ်တောများ (Rain Forest) အကြောင်း၊ မြောက်ပိုင်းအိုင်ယာလန်၊ လူ့မျိုးရိုးဗိဇများ၊ ရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုနှင့် ရာစာအာရာဖတ်နှင့် စကားပြောခဲ့ခြင်း များအကြောင်း ဆွေးနွေးသွားပါသည်။ ၎င်းသည် ပဋိပက္ခများကြောင့်၊ ဖိနှိပ်မှုများ ကြောင့် ခွဲခြားခံရသော လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေးအတွက် ကာလကြာရှည် အခြေအတင်ပြောဆိုမှုများ ဖြစ်နိုင် ကြောင်း အာရုံပြု ပြောကြားခဲ့ပါသည်။

“အာဏာရှင်ပြန်မလုပ်တော့ပါဘူးလို့ ပြောနေရုံနဲ့ မပြီးပါဘူး။ အုပ်စုတွေအားလုံး ပါဝင်ခွင့်ရဖို့ စနစ်တကျ စုစည်း ရပါမယ်။ မဟုတ်ရင် ကျန်ခဲ့နိုင်တာတွေရှိပါတယ်။ သဘောတူနိုင်မယ့်အချက်တွေကို ရှာဖွေဖို့ အရေးကြီးပါ တယ်” ဟု ၎င်းက ပြောပါသည်။

ကလင်တန်သည် ပြီးခဲ့သည့်နှစ်အတွင်း မွတ်ဆလင်အများစုပါဝင်သော လူများသေဆုံးခဲ့ရသော ဗုဒ္ဓဘာသာ- မွတ်ဆလင် အကြမ်းဖက်မှုကိစ္စရပ်ကို ပြောကြားရာတွင် ၎င်း၏ စကားလုံး အသုံးအနှုန်းများမှာ သိသိသာသာ သတိထား သည်ကို တွေ့ရပါသည်။ ဤကိစ္စမှာ မြန်မာနိုင်ငံ၌ ထိရှလွယ်သော သဘာဝရှိခြင်းကြောင့် ဖြစ်ပါသည်။ အနောက်နိုင်ငံ အစိုးရများသည် မြန်မာအစိုးရသစ်အား ကြိုဆိုပြီး၊ ၎င်းတို့၏ ကုမ္မဏီများအား ရင်းနှီးမြှုပ်နှံရန် အားပေးနေချိန်တွင် အဆိုပါ ကိစ္စသည် စိတ်ပျက်ဖွယ် အနေအထားတွင် ရှိပါသည်။ ရခိုင်ပြည်နယ်တွင် တင်းမာမှုများ မြင့်တက်နေဆဲ ဖြစ်ပါသည်။ ရခိုင် ပြည်နယ်တွင် အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ရိုဟင်ဂျာ မွတ်ဆလင်အသိုင်းအဝိုင်းမှာ သိသိသာသာ သံသယများထားရှိခံရပြီး အကြမ်းဖက်မှု ခံနေရပါသည်။

သို့တိုင် ၎င်း၏ မိန့်ခွန်းကို အမြင်မတူသော အသိုင်းအဝိုင်းမှ လူများအားလုံးက လက်ခုတ်သြဘာပေးခဲ့ကြပါသည်။

“သူက စကားလုံးတွေ ရွေးပြောပေမယ့်လည်း သူပေးချင်တဲ့ မက်ဆေ့ခ်ျကို ရအောင်ပေးနိုင်ခဲ့ပါတယ်” ဟု အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင် ရိုဟင်ဂျာထောက်ခံသူ ဦးခင်မောင်မြင့် က ပြောပါသည်။

“သူက ပြန်လည်ရင်ကြားစေ့ရေးကိုပဲ ပြောပါတယ်။ လက်တုန့်ပြန်ဖို့၊ တရားစီရင်ဖို့ကိစ္စတွေ မပြောပါဘူး။” ဟု ကုလသမဂ္ဂ အရာထမ်းဟောင်းတစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ်မှ ရိုဟင်ဂျာကိစ္စ ဝေဖန်သူ ဒေါ်ယဉ်ယဉ်နွယ် က ပြောကြားခဲ့ပါသည်။ ဒေါ်ယဉ်ယဉ်နွယ်က ၎င်းအနေဖြင့် သိထားသည်မှာ မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားဟောင်း များကပင် လက်စားချေရေး၊ တရားစီရင်ရေးကိစ္စများကို တောင်းဆိုနေမှု မတွေ့ရဟုဆိုပါသည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.