11/23/13

“ဗိုလ်ကျစိုးမိုး လူ့ဂျပိုးတို့ရဲ့ဘူလီ်ီယဉ်ကျေးမူ”
မြန်မာပြည်သား မျက်နှာမွဲ နင်းပြားဆင်းရဲသားတွေအတွက်တော့ ဗိုလ်ကျခံရတယ်။ အနှိမ်ခံရတယ်။ အနိုင်ကျင့်ခံရတယ်ဆို တွေဟာ သေရာပါဆိုးမွေကြီးတွေလို ပိုင်ဆိုင်ခဲ့ရတာကြာပြီကော။
တကယ်တော့ဆင်းရဲသားချည်းပဲ ဗိုလ်ကျခံရတာမဟုတ်ဘူး။ ဗမာပြည်တနံတလျားမှာရှိရှိသမျှလူတွေအားလုံး တိုင်းရင်း သားရဟန်းရှင်လူပြည်သူလူထုကြီးတရပ်လုံးမှာ ဆင့်ကဲဆင့်ကဲဗိုလ်ကျအနိုင်ကျင့်မူတွေခံနေရတာ နေ့တဓူဝကြုံတွေ့ခံစား နေရတော့ ဒါတွေဟာထုံးစံပဲလို့ အမှတ်မှားလာခဲ့ကြရတယ်လေ။
ဒို့နိုင်ငံရဲ့အသေးဆုံးလူ့အဖွဲ့အစည်းဖြစ်တဲ့ မိသားစုအဆင့်ကစလို့ ရပ်ရွာသာရေး နာရေးအဖွဲ့တွေ မြို့နယ်အဆင့်လူ့ အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့အစည်း၊ သံဃာအဖွဲ့အစည်း၊ တိုင်းရင်းသားအသင်းအဖွဲ့တွေ၊ အစိုးရ၀န်ထမ်းလောက၊ ရဲ၊ စစ်တပ်စတဲ့လက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကနေ တိုင်းပြည်ကိုစီမံအုပ်ချုပ်ရတဲ့နိုင်ငံတော်ရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့အစိုးရထိအောင် ဗိုလ်ကျစီးပိုးရေးဝါဒနဲ့ ဘူလီယဉ်ကျေးမူဟာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ် နေခဲ့တာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပြီ။
(၁၉၆၂)ခုနှစ် တော်လှန်ရေးကောင်စီအာဏာမသိမ်းခင်မှာ ဗိုလ်ကျမှုတွေမရှိဘူးလားလို့ စောဒကတက်စရာရှိလိမ့်မယ်။ ဘယ်လူ့အဖွဲ့အစည်းမဆို စင်းလုံးချောတော့မရှိဘူး။ နဲတာနဲ့များတာပဲကွာလိမ့်မယ်။ ဒါပေမယ့် ဗိုလ်ချုပ်နေ၀င်းသေနတ် ဖောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တဲ့ နိုင်ငံတော်အာဏာကို ဓါးမြတိုက်လုယူမှုဟာ ဗိုလ်ကျစီးပိုးရေးအလံကို ဒို့နိုင်ငံရဲ့ အိမ်ဦးခန်းမှာ တရားဝင်စိုက်ထူလိုက်တာဖြစ်တယ်။ ဗြောင်ကျကျအနိုင်ကျင့်ခွင့်လိုင်စင်ကို ဆင့်ကဲဆင့်ကဲလက်ပြောင်းယူ နိုင်ဖို့ အမွေဆိုးကိုထားရစ်ခဲ့တာဖြစ်တယ်။
အဲ့ဒီကထဲကဒို့နိုင်ငံမှာမိသားစုတစ်စုထဲမှာတင်၊လင်ကမယားကိုအနိုင်ကျင့်တာ၊မယားကလင်ကိုအနိုင်ကျင့်တာ၊မိဘကသားသမီးကိုအနိုင်ကျင့်တာ၊သားသမီးကမိအိုဖအိုကိုအနိုင်ကျင့်တာ၊ညီအကိုမောင်နှမသားချင်းကြားအနိုင်ကျင့်တာတွေပိုရှိလာသလို၊၀န်ထမ်းလောကမှာ၊လက်နက်ကိုင်အဖွဲ့အစည်းတွေအထဲမှာအထက်အရာရှိကအောက်လက်ငယ်သားကိုနိုင်လိုမင်းထက်ပြုကျင့်သလို၊အဆက်အသွယ်ကောင်းတဲ့လက်အောက်ငယ်သားကလည်းရိုးသားတဲ့အထက်အရာရှိကိုအနိုင်ကျင့်တာတွေ၊အုပ်စုဖွဲ့ဗိုလ်ကျတာတွေ ၊
ကျောင်းသားအဖွဲ့အစည်းတွေအကြားမှာ၊သံဃာအဖွဲ့အစည်းတွေအထဲမှာလူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ဘာသာတစ်ခုနဲ့တစ်ခုအကြား၊နိုင်ငံရေးပါတီတွေ၊လူမှုရေးအသင်းအပင်းတွေအထဲမှာအုပ်စုဖွဲ့အနိုင်ကျင့်ဗိုလ်ကျမှုတွေ တရားဝင်လို၊ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာတွေ့ရတယ်။
ဆိုလိုချင်တဲ့သဘောကအုပ်ချုပ်သူအစိုးရကို ကိုယ်တိုင်ကလက်နက်အားကိုး၊ အာဏာအားကိုးနဲ့ပြည်သူကို ဗိုလ်ကျခဲ့တော့ ခေါင်ကစလို့ကြမ်းပြင်အထိ ပိုင်ရာဆိုင်ရာအလိုက် ဗိုလ်ကျစီးပိုးလိုက်ကြတာ ဒို့နိုင်ငံလည်းဘူလီတိုင်းပြည် ကြီးလုံးလုံးဖြစ်ခဲ့ရတာမဟုတ်လား။
အင်္ဂလိပ်စကားမှာတော့ လူအချင်းချင်းအနိုင်ကျင့်ဗိုလ်ကျတာကို(Bully)လုပ်တယ်လို့ သုံးနှုန်းတယ်။ လူတစ်ဦးကအခြား တစ်ဦးကို ဒါမှမဟုတ် လူတစ်မျိုးကအခြားတစ်မျိုးကို ဘာကြောင့်အနိုင်ကျင့်ကြပါလိမ့်။ ဒီမေးခွန်းကိုသေသေချာချာစဉ်းစား လိုက်ရင်အောက်ပါအတိုင်း ရိုးရှင်းတဲ့အဖြေကိုတွေ့ရမှာပါ။
အသိတရားချို့တဲ့မှု၊ ကိုယ်ကျင့်တရားနဲ့သိက္ခာကင်းမဲ့မှုတွေကြောင့် လူတစ်ဖက်သားရဲ့တန်ဖိုးကိုမှားယွင်းစွာတွက်ချက်မိရာ က ထွက်ပေါ်လာတဲ့ပြုမူတုန့်ပြန်မှုတွေဖြစ်တယ်။ (Bullying in its simplest form is a reaction to a poor evaluation of a person’s worth with the absence, lack or reduction of self- esteem.)
မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ အုပ်ချုပ်သူအစိုးရတစ်ရပ်အထဲမှာ လုပ်ပိုင်ခွင့်အာဏာရထားတဲ့သူဟာ သူရထားတဲ့အာ ဏာနဲ့လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန်အသုံးချဖို့လည်းလိုပါတယ်။
အဲ့ဒီလုပ်ပိုင်ခွင့်နဲ့အာဏာကိုမှားယွင်းစွာရှုမြင်မိသူတွေဟာ ကိုယ်ကျင့်သိက္ခာကိုလည်းတန်ဖိုးမထားတော့ပဲ အာဏာကိုအ အလွဲသုံးစားပြုပြီး တစ်ခြားသူတွေကိုအနိုင်ကျင့်ဗိုလ်ကျတော့တာပါပဲ။
ဒို့တိုင်းပြည်မှာဗွက်ထအောင်ဖြစ်ပွားနေတဲ့ အနိုင်ကျင့်ဗိုလ်ကျမူတွေကိုကြည့်လိုက်ရင် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဖြစ်ပွားနေတာ တွေ့ရတယ်။

တစ်ချို့က ကိုယ်ကာယ ဗလအာကိုးနဲ့အနိုင်ကျင့်ကြတယ်။
တစ်ချို့က လက်နက်အားကိုးနဲ့ဗိုလ်ကျတယ်။
တစ်ချို့က စီးပွားရေးအင်အားနဲ့အနိုင်ကျင့်ကြတယ်။
တစ်ချို့က ဥာဏ်ရည်အားကိုးနဲ့ဗိုလ်ကျတယ်။
တစ်ချို့က အဆက်အသွယ်အပေါင်းအသင်းအားကိုနဲ့ အနိုင်ကျင့်တယ်။
တစ်ချို့ကအရေအတွက်အင်အားနဲ့ အများစုကအနဲစုကိုစော်ကားအနိုင်ကျင့်ကြတယ်။
တစ်ချို့က လုပ်ပိုင်ခွင့်အာဏာနဲ့ အနဲစုကအများစုကိုဗိုလ်ကျကြတယ်။
တစ်ချို့ကြတော့မွေးကတည်းက သန္ဓေဆိုး ဥာဉ်ဆိုးနဲ့တမင်သက်သက်ဗိုလ်ကျရတာကို နှစ်သက်ရင်းစွဲရှိတဲ့ လူ့ဂျပိုးတွေဖြစ် နေတတ်သလို တစ်ချို့ကြတော့ဗိုလ်ကျလိုတဲ့စိတ် မရှိပေမယ့် အစဉ်အလာအဟောင်း၊ ဓလေ့အဟောင်းတွေကြောင့် မရည် ရွယ်ပဲ ဗိုလ်ကျသလိုဖြစ်နေတတ်တာတွေသတိပြုမိဖို့လိုတယ်။

စီစစ်ဝေဖန်ခွင့်၊ အပြန်အလှန်ဆွေးနွေးခွင့်အားနဲသော အာရှတန်ဖိုး၊ မိသားစုတန်ဖိုးအားနည်းချက်
ဒီနေရာမှာဖြစ်ပြောချင်တာက ၁၉၉၀ ၀န်းကျင်လောက်မှာ စတင်လူပြောများလာတဲ့အာရှတန်ဖိုး(Asia Value) အကြောင်း ပါ။ တကယ်တော့အာဏာရှင်တွေက အာရှတန်ဖိုးဘိုအသုံးချသွားတာပါ။ သူတို့ဗိုလ်ကျအုပ်ချုပ်နေတာကို ဖုံးကွယ်ဖို့ကြိုး ပမ်းမှုတစ်ရပ်သာဖြစ်ပါတယ်။
အာရှတိုက်ရဲ့သက်တော်ရှည်အာဏာရှင်ကြီးတွေဟာ ဒီမိုကရေစီမျက်နှာဖုံးကလေးစွပ်ပြီး ရာဇာပလ္လင်ဖင်မြဲ နေလို့ရ အောင် အာမခံပေးမဲ့ အာရှဒီမိုကရေစီ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ကျင့်သုံး ခဲ့ကြတာဖြစ်ပါတယ်။။

ဒါပေမယ့်သူတို့ဗိုလ်ကျတဲ့နည်းက အလွန်သိမ့်မွေ့တယ်။ သူတို့ဟာသူတို့ရဲကတိုင်းသူပြည်သားတွေရဲ့ အခြေခံလိုအပ်ချက် တွေဖြစ်တဲ့
(၁) စားဝတ်နေရေး နဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ (Physiological needs )၊
(၂) အလုပ်အကိုင်နဲ့ဥစ္စာပစ္စည်းပိုင်ဆိုင်မှု ဘ၀လုံခြံစိတ်ချရမှု့ ( Safety needs )
(၃)မိသားစုနဲ့မိတ်ဆွေချစ်ခင်ပေါင်းသင်းဆက်ဆံမှုလူမှုရေးရာကိစ္စ (Love/Belonging needs ) စတာတွေအထိ လူတန်းစေ့အောင်ဖြည့်ဆီးကြတယ်။ လွတ်လပ်ခွင့်ပေးထားတယ်။ ဒါပေမယ့် နိုင်ငံတော်အာဏာကိုတော့ ဘယ်သူ့ကိုမှခွဲဝေမပေးဘူး။ သူတို့နဲ့သူတို့ရဲ့မျိုးတူအုပ်စုဝင်တွေကပဲတောက်လျှောက်ချယ်လှယ်မင်းမူခဲ့ကြတာ အာရှတိုက်သမိုင်းမှာအထင်အရှားကျန်ရစ်ခဲ့တယ်။သူတို့ရဲ့တိုင်းပြည်ကိုလည်းစီးပွားရေးအရအောင်မြင်အောင်လုပ်ဆောင်ပေးရင်း၊သူတို့နဲ့ဆွေမျိုးသားချင်းတွေကောင်းစားရေးကိုလည်းလက်ကုန်နှိုက်ပြီးယူကြတယ်။ တနည်းပြောရရင်အာရှတိုက်သားလူလည်ကြီးများရဲ့အဆင့်မြင့်ခေတ်သစ်ဗိုလ်ကျစိုးမိုးရေးဝါဒပဲဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်လူလည်ကျမှုလို့ပြောရင်မှားမယ်မထင်ဘူး။ ဒို့တိုင်းပြည်ကစစ်အာဏာရှင်တဖြစ်လည်း ဒီမိုကရေစီလူလည်ကြီးတွေလည်း အဲ့ဒီလမ်းကိုအားမကျဖို့ အားလုံးကတားဆီးကြရလိမ့်မယ်။
ဒါပေမယ့် (၁၉၄၃) ခုနှစ်လောက်က စတင်ပေါ်ထွန်းလာတဲ့ အေဗရာဟမ်မက်စ်လို့စ် (Abraham Maslow) ရဲ့ လူသားတွေ ရဲ့ လိုအပ်ချက်နဲ့လှုံ့ဆော်နိုင်မှု တွန်းအားအဆင့်ဆင့်အခြေပြဇယား(Maslow’s hierarchy of needs)နဲ့ အထက်ကဖော်ပြ ခဲ့တဲ့ အာရှသားအာဏာရှင်တွေက သူတို့ရဲ့ပြည်သူကိုခွင့်ပြုဖြည့်ဆီးပေးထားတဲ့လိုအပ်ချက်တွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် နောက်ဆုံးလိုအပ်ချက်နှစ်ခု ချိနဲ့နေတာအထင်အရှားတွေ့ရပါတယ်။အဲ့ဒါတွေကတော့လူ့သိက္ခာနဲ့လူ့တန်ဖိုးလေးစားမှု မိမိကိုယ်ကိုယ်ယုံကြည်မှု (Self-Esteem, confidence, achievement, respect of others, respect by others) နဲ့ လွတ်လပ်စွာဖန်တီး ခွင့်၊ ဘက်မလိုက်မှု၊ မျှတမှု၊ ကိုယ်ကျင့်သီလ (Seff-actualization- morality, creativity, lack of prejudice & acceptance of facts) စတာတွေဖြစ်တယ်။

အဲ့ဒီအမြင့်ဆုံးလိုအပ်ချက်(၂)ခုဟာ အာဏာရှင်တွေရဲ့ရာဇပလ္လင်ကိုဆွဲလှုပ်ခါရမ်းပစ်မယ့် လိုအပ်ချက်တွေဖြစ်ကြတယ်။
အချုပ်အနေနဲ့ပြောရရင် ဒို့တိုင်းပြည်မှာကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ ဗိုလ်ကျအနိုင်ကျင့်မူတွေ အောက်ခြေကစလို့ နိုင်ငံ တော်အဆင့်ထိရှိနေတာကို အားလုံးကအမြစ်လှန်ပစ်ဖို့လိုတယ်။ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာ ဗိုလ်ကျမှုတွေကြုံလာရရင် ဥပမာ-လက်မှတ်တန်းစီနေတာကို ကြားဖြတ်တိုးဝင်ဗိုလ်ကျရင် အားလုံးကခေါင်းငုံမခံပဲ ၀ိုင်းဝန်းဆန့်ကျင်ရမယ်။ မသိတဲ့သူ တွေကို သိတဲ့သူတွေက အနိုင်ကျင့်မှုမှန်ရင်မြင်တတ်လာအောင်၊ သိလာရင်လည်း ဆန့်ကျင်ရဲတဲ့သတ္တိတွေရှိလာအောင် ပ ညပေးလှုံ့ဆော်မှုတွေကိုလုပ်ကြရမယ်။
ဒို့တိုင်းပြည်မှာလူတိုင်းသိတဲ့ နိုင်ငံတော်အဆင့်ဗိုလ်ကျမှုကတော့(၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်။ နာဂစ် ကြောင့် တနိုင်ငံလုံးအသုဘရှုနေရတဲ့အချိန်မှာ၊ အောက်လမ်းနည်းသုံးပြီး မသာအိမ်ဖဲလိမ်ရိုက် ဆေးလိပ်ခဲရင်းဇွတ်အတည် ပြုထားတဲ့ အခြေခံဥပဒေဖြစ်တယ်။ လက်နက်အားကိုး၊ အာဏာအားကိုးနဲ့ဗိုလ်ကျအနိုင်ကျင့်မှုပြယုဂ်တစ်ခုဖြစ်လို့ နိုင်ငံ သားတိုင်းက ဆန့်ကျင်ရမှာဖြစ်သလို ဒီမိုကရေစိကိုအာမခံမယ့် အခြေခံဥပဒေဖြစ်အောင်ပြင်ဆင်ကြရမှာ ဒို့အားလုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်တယ်ဆိုတာအသိပေးလိုက်ပါတယ်။

လေးစားစွာဖြင့်- မင်းကောင်းချစ်(မန္တလေး)

ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ ပြောကြားချက် ကာကွယ်ရေးဦးစီးချုပ် သဘောထားများကိုပင် အကုန်မထောက်ခံသည့် ပုံစံဖြစ်နေဟု သုံးသပ်

 
ရန်ကုန်၊ နိုဝင်ဘာ ၂၀
မြန်မာတိုင်းမ်ဂျာနယ်၊ အတွဲ(၃၃)၊ အမှတ် (၆၄၆)တွင် ဖော်ပြခဲ့သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် သီးသန့် တွေ့ဆုံမးမြန်း ခန်းတွင် ဖော်ပြ ထားသော ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၏ ပြောကြားချက် သဘောထားများ သည် ကာကွယ်ရေး ဦးစီးချုပ်၏ မကြာသေးမီက ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားခဲ့သော သဘောထား များကိုပင် အလုံးစုံ ထောက်ခံမှုမရှိသည့် သဘော သက်ရောက်နေ၍ တပ်မတော်တွင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြစ်စေချင်ကြောင်း ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က သုံးသပ် ပြောကြား လိုက်သည်။
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် မြန်မာတိုင်းမ်ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် တပ်မတော်၏ အခန်းကဏ္ဍ အပစ်အခတ် ရပ်စဲရေးအပေါ် တပ်မတော်၏ ဆောင်ရွက်ချက်၊ မြစ်ကြီးနား ဆွေးနွေးပွဲတွင် တိုင်းရင်းသားများနှင့် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းမှုများအပေါ် သဘောထား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် သဘောထားတို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပေါ် တပ်မတော်၏ သဘောထား ရပ်တည်မှုများ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လျှော့ချသွားရန် အနေအထား ကိစ္စရပ်များ၊ လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ပြည်သူလူထု ရွေးချယ်သည့် ကိုယ်စားလှယ်များဖြင့် အစားထိုးရန် ရှိ/မရှိ ကိစ္စရပ်များအပေါ် ဖွင့်ဟ ပြောကြားခဲ့ခြင်း ဖြစ်သည်။ …

ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲမှုများ ပြုလုပ်ထားသော်လည်း တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းအပေါ် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ““အခုပြောနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရင်တော့ ဒီပြဿနာတွေက ဖြစ်နေမှာပဲ။ အဲဒီအပိုင်းမှာ တပ်မတော်ကပဲ ကတိဖောက်ဖျက်လို့ တိုက်ပွဲတွေ ဖြစ်တာလို့ စွပ်စွဲတာရှိပါတယ်။ တကယ်လို့ စစ်မြေပြင်အထိ သွားပြီး လေ့လာမယ် ဆိုရင်တော့ အသိဆုံး ဖြစ်မှာပေါ့။ ဒီငြိမ်းချမ်းရေး မဆွေးနွေးခင် ကတည်းက ဒီတပ်တွေ ရောက်နေတယ်ဆိုတာ သူတို့ လည်းသိတယ်။ ကိုယ်တို့လည်း သိတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ထုတ်ပြန်ခဲ့တဲ့ အချက်ခုနစ်ချက်မှာ တစ်ချက်က ကျန်ရှိတဲ့ လမ်းတွေကို အကုန်ဖွင့်မယ် ဆိုတာ နှစ်ဖက်က သဘောတူတယ်။ ကိုယ်တို့က လမ်းကြောင်းတွေ ဖွင့်မယ်။ ဖွင့်ရင်းနဲ့ လမ်းကြောင်းရှင်းနဲ့ သစ်မှောင်ခိုတွေ၊ နွားမှောင်ခိုတွေ တွေ့တယ်။ တွေ့ရင်းနဲ့ ဆက်ရှင်းတဲ့အခါမှာ ထိတွေ့တယ်။ အခုထွက်နေတာက တပ်ကပဲ လုပ်နေသယောင်ယောင်  ပြောနေတာတွေ ရှိတာပေါ့။ ဒီပေါ်မှာ ဖြစ်တာက တပ်မတော်က ရှင်းတာဟာ တပ်မတော်ဘက်က လွန်တယ်လို့ ပြောလို့ရသလား”” ဟုပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍လည်း ““၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ အခုချက်ချင်း ကောက်ပြီး ရေးဆွဲထားတာ မဟုတ်ပါဘူး။ ပြည်သူလူထုက ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံပြီး အတည်ပြုထားတဲ့ ဖွဲ့စည်းပုံဟာ လူတစ်စုလောက်က ဟိုပြောဒီပြောတာနဲ့ ဒီဖွဲ့စည်းပုံကို ပြည်သူလူထုက မကြိုက်ပါဘူးလို့ သတ်မှတ်လို့ရလား။ နောက်တစ်ခုက အခုလို ပြောတယ်ဆိုတာ ဘယ်သူတွေက ပြောတာတုန်း။ နောက်တစ်ခုက သမ္မတရဲ့အထက်မှာ ကာချုပ်ရှိတယ်လို့ ပြောနေတယ်။ ဒီကနေ့ နိုင်ငံတော်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်က အဓိကပဲ။ ဒီအာဏာသုံးရပ် အပေါ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘာတွေများ ၀င်ရောက် စွက်ဖက်တာ ရှိလို့လဲ။ လွှတ်တော်မှာ တပ်မတော် ကတော့ ၂၅ ရာခိုင်နှုန်း ထားတယ်။ ဒီကနေ့ နှစ်နှစ်ခွဲ ကျော်လာပြီ။ တပ်မတော်က ၂၅ ရာခိုင်နှုန်းကြောင့် ဘာတွေ အခက်အခဲရှိလဲ။ ဘာတွေ ၀င်ရောက် စွက်ဖက်ခဲ့လဲ။ အဆိုတင်သွင်းတဲ့ အပေါ်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဘာတွေများ ထိပ်တိုက် တွေ့ရတာရှိလဲ။ ဒါကိုကြည့်ရင် ရှင်းရှင်းလေးပဲ။ ဒီကနေ့ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ အဓိက တာဝန်ရှိတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်”” ဟု ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် တပ်မတော် အကြီးအကဲ တစ်ဦးအနေဖြင့် ၎င်း၏ ပြောကြားချက် သဘောထားများသည် မြန်မာ့နိုင်ငံရေး၌ တပ်မတော်၏ သဘောထား ရပ်တည်ချက်များအဖြစ် ကိုယ်စားပြု နေသည်သာဖြစ်၍ ၎င်း၏ ပြောကြားချက်များအပေါ် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ သုံးသပ်၍ မြန်မာ့နိုင်ငံရေးဖြစ်စဉ် ကို ခန့်မှန်း ဝေဖန်လျက် ရှိကြသည်။

၎င်း၏ ပြောကြားမှုများအပေါ် မြန်မာ့နိုင်ငံရေးတွင် လူအများစု လေးစား ကြည်ညိုခြင်း ခံရသလို မီဒီယာ အသိုင်းအ၀ိုင်းအတွင်း ၀ါရင့် သတင်းစာဆရာကြီး တစ်ဦးအဖြစ် အတိုင်ပင်ခံ ကြည်ညို လေးစားခြင်း ခံရသူ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က အောက်ပါအတိုင်း အနှစ်ချုပ် သုံးသပ် ပြောကြားခဲ့သည်။

““သူဟာ ကာကွယ်ရေး ဦးစီးချုပ်ရုံး ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်တော့ သူ့လိုပုဂ္ဂိုလ်မျိုးရဲ့ အယူအဆဟာ တပ်မတော်ရဲ့ ပေါ်လစီ၊ တပ်မတော်ရဲ့ သဘောထားတွေ အပေါ်မှာ ဘာပဲပြောပြော သြဇာသက်ရောက် မှုတော့ ရှိမှာပဲလို့ ကျွန်တော် ယူဆရတယ်။ သူ့ရဲ့ အခုပြောတဲ့ အယူအဆတွေဟာ ပြင်းထန်တယ်၊ နည်းနည်းလေး မာကျောတယ်ပေါ့ဗျာ။ ဒါဆိုရင်တော့ သိပ်ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ဘာပဲပြောပြော အခုအချိန်မှာ တပ်မတော်ဟာ ဒီမိုကရေစီ ကျင့်သုံးနိုင်သလောက်၊ ကျင့်သုံး သင့်သလောက် ကျင့်သုံးရမယ်။ သူတို့လည်း အများရဲ့ အယူအဆကို ငဲ့ကွက်ရမယ့် အနေအထားမျိုးတော့ ရောက်လာပြီလို့ ကျွန်တော် ယူဆတယ်။ အဲဒါကြောင့် သူပြောတဲ့ သဘောထားတွေဟာ ဘယ်လောက်ပဲ မာကျောတယ်ပြောပြော တပ်မတော် အတွင်းမှာရှိတဲ့ အခြားအခြားသော ခေါင်းဆောင်များကတော့ စဉ်းစား ချင့်ချိန်လိမ့်မယ်လို့ ယူဆတယ်။ ဥပမာအားဖြင့် တစ်ခုပြောမယ်ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းမှာ ကမ္ဘာ့ ခေါင်းဆောင်တွေ ရှေ့ ပြောတဲ့ စကားရှိဖူးတယ်။ ထိုင်းဝန်ကြီးချုပ်နဲ့ ပြောတဲ့အခါမှာ အချက်သုံးချက်ပါတယ်။ တပ်မတော်ဟာ ဒီနေ့ မြန်မာပြည်မှာ လုပ်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို သဘောတူညီတယ်၊ ကူညီနေတယ်ဆိုတာ ကို တစ်ချက် ပြောတယ်။ နှစ်က မြန်မာပြည်ရဲ့ တပ်မတော်ဟာ နိုင်ငံရေး တည်ငြိမ်မှုကို အာမခံတယ်ဆိုတာ တစ်ချက်ပြောတယ်။ သုံးအချက်က တပ်မတော်ဟာ နောက်ကြောင်းပြန်မယ်ဆိုတဲ့ လုပ်ငန်းတွေ မရှိဘူးဆိုတာ ပြောတယ်။ အဲဒီသုံးချက်ကို သူပြောသေးတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားတွေ အကုန်လုံးဟာ တပ်မတော်အပေါ်မှာ သြဇာ သက်ရောက်မှု ရှိနိုင်တယ်။ အခုဗိုလ်ချုပ်ကြီးမြင့်စိုးရဲ့ ပြောကြားမှုတွေအရ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောထားတောင် သူက အကုန်လုံး ထောက်ခံတာ မဟုတ်ဘူးလို့တောင်မှ ယူဆ လို့ရတယ်။ အဲဒီတော့ ကျွန်တော်ကတော့ ဘာပဲပြောပြော တပ်မတော်အတွင်းမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရှိစေချင်တယ်။ တပ်မတော်ဟာ မြန်မာပြည်ရဲ့ အနာဂတ်ကာလမှာ ဖြစ်ပေါ်နေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးပေါ့ဗျာ။ အဲဒီ ကိစ္စတွေအပေါ် ဆွေးနွေးတဲ့အခါမှာ ဘာပဲပြောပြော သူတို့ဟာ ညီညီညွတ်ညွတ်နဲ့၊ စည်းစည်းလုံးလုံးနဲ့ပဲ အရှည်ကို မျှော်တွေးပြီးတော့ လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယူဆတယ်။ အခုသူတို့ စကားပြောတဲ့ အထဲမှာတော့ ကွဲလွဲချက်တွေကတော့ ရှိသင့် သလောက်တော့ ရှိနေတယ်။ အဲဒီ ကွဲလွဲချက်တွေဟာလည်း ညှိလို့ရတဲ့ ကွဲလွဲချက်တွေ ဖြစ်စေချင်တယ်။ ကျွန်တော် ပြောချင်တာကတော့ ကာကွယ်ရေး ဦးစီးချုပ် ပြောတဲ့ စကားအဆင့်လောက် အထိတော့ ကျွန်တော်က သဘောတူတယ်””ဟု ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်၏ သဘောထား ပြောကြားချက်များကို အခြားနိုင်ငံရေး အသိုင်းအ၀ိုင်းမှ သူများနှင့် လေ့လာစောင့်ကြည့် သူများက နှစ်ခြိုက်မှုရှိသော်လည်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ ငြိမ်းချမ်းရေးကိစ္စရပ် ပြောကြားချက် အချို့နှင့်  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သက်ဆိုင်သည့် ပြောကြားချက်များ၊ တပ်မတော်၏ မြန်မာ့နိုင်ငံရေး ပါဝင်ပတ်သက်မှု သဘောထား ပြောကြားချက်များကို နိုင်ငံရေး အသိုင်း အ၀ိုင်းနှင့် လေ့လာစောင့်ကြည့်သူများက လက်ခံနိုင်ခြင်း မရှိကြောင်းလည်း ဝေဖန် သုံးသပ်လျက် ရှိသည်။
လင်းယုန်
မြန်မာသံတော်ဆင့်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.