12/02/13

တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံက ဖက်ဒရယ်ဖြစ်နေရင် ဖက်ဒရယ်တပ်မတော်ပဲ  . . . အာဏာရှင်စနစ်

ဖြစ်တယ်ဆိုရင် အာဏာရှင်တပ်မတော်ပဲ . . . တိုင်းပြည်ရဲ့ အခြေခံဥပဒေပေါ်မှာ တည်တယ် . . .

အပစ်အခတ်ရပ်စဲရေးကို အသေဆုပ်ကိုင်ပြီးတော့ အပစ်အခတ် ရပ်စဲရေးမပြတ်လို့ နိုင်ငံရေး မဆွေးနွေး နိုင်သေးဘူး သို့မဟုတ် ရင်လည်း  အပစ်အခတ် ရပ်စဲရေးပြဿနာတွေကို နိုင်ငံရေးဆွေးနွေးပွဲပြဿနာနဲ့ ယှဉ်တွဲပြီးတော့ ချိတ်မယ် ဆိုတာ မျိုးတွေ လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးကိစ်္စဟာ အောင်မြင်မှာမဟုတ်ဘူး . . . တကယ်ငြိမ်းချမ်းရေး လုပ်နေတယ်ဆိုတဲ့ အစိုးရ၊ တပ်မတော်ဆိုရင် ဝေါဟာရလောက်ကို တွယ်ကပ် မနေသင့်ပါဘူး . . .
u win tinတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးအား နိုဝင်ဘာ ၈ ရက်ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်တွင် သီးသန့် တွေ့ဆုံမေးမြန်း ခန်းပြုလုပ်၍ လက်ရှိဆောင်ရွက် လျက်ရှိကြသော ငြိမ်းချမ်း ရေး ကိစ်္စရပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ကိစ္စရပ်များအပေါ် တပ်မတော်၏အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးအနေဖြင့် အမြင်သဘော ထားများ၊ မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေးအခန်းကဏ္ဍတွင် တပ်မတော်၏ပါဝင်ပတ်သက်နေမှုနှင့် လာမည့်အနာဂတ်၌ တပ်မတော်၏ အခန်းကဏ္ဍ တို့အပေါ် ပြောကြားချက်များကို ဖော်ပြခဲ့ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးသည် လက်ရှိငြိမ်းချမ်းရေး လုပ် ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် တပ်မတော်တို့၏ လက်ရှိအချိန်ထိ ဖြစ်ပေါ်လျက်ရှိသော တိုက်ပွဲ ကိစ္စရပ်များနှင့် ပတ်သက်၍  နိုင်ငံရေး အသိုင်းအ၀ိုင်းကြား ထင်ရှား ပေါ်လွင်လျက်ရှိနေသူတစ်ဦးဖြစ်သလို တပ်မတော် တွင် လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသော ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ အရာရှိကြီးတစ်ဦးဖြစ်၍ ၎င်း၏ အမြင်သဘောထား များနှင့် ပြောကြား ချက်များသည် မြန်မာ့နိုင်ငံရေး အတွက် အထူးအလေးထားရှုမြင်ရမည့် သဘောထားများဖြစ်သလို ၎င်းင်း၏သဘောထားများသည် တပ်မတော်ကို ကိုယ်စားပြုခြင်းဖြစ်နိုင်သလို တပ်မတော်အပေါ်တွင် ထိုသဘောထားများက တစ်စုံတစ်ရာ ရိုက်ခတ်မှုများလည်း ဖြစ်ပေါ်နိုင်ပါသည်။ ထိုသို့ အရေးကြီးသော သဘောထားအမြင်ပြောကြားချက်များအပေါ်  နှစ်ပေါင်းများစွာ တပ်မတော်၏ သဘောထား ရပ်တည်ချက် အဖုံဖုံနှင့်ထိတွေ့မှုရှိခဲ့သလို မြန်မာ့နိုင်ငံရေး၏ ဖြစ်ပေါ်မှုအရပ်ရပ်အပေါ် ကိုယ် တိုင်ကြုံတွေ့ခဲ့ရသူ ၀ါရင့်သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင်၏ ရှုမြင် သုံးသပ်ချက်များကို မြန်မာသံတော်ဆင့်မှ သွားရောက် တွေ့ဆုံမေးမြန်းကာ ပြည်သူလူထုအနေဖြင့် နှိုင်းယှဉ်ချင့်ချိန်ရှုမြင်နိုင်ရန် တင်ပြ လိုက်ရပါသည်။


ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးရဲ့ ပြောကြားချက်က  ငြိမ်းချမ်းရေးကိစ္စမှာ အခုလုပ်နေတာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရလို့သာ အပစ်အခတ် ရပ်စဲရေးကို သွားနေရတာပေါ့။ တကယ်လို့ နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းလို့ရရင် စစ်ပွဲတွေဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်မှုပေါ့။ တိုင်းရင်းသားတွေ ဘက်က မြစ်ကြီးနား ဆွေးနွေးပွဲ မတိုင်ခင်အထိ တောင်းဆိုနေတာက နိုင်ငံရေးနည်းနဲ့ အရင်ဆုံးဖြေရှင်းပေးဖို့ တောင်းဆိုနေတဲ့ ကိစ္စရှိဆဲမှာ အဲဒီလို ပြောတာပေါ့။
ဒီစကားက စကားလုံးအနေနဲ့ ပြောမယ်ဆိုရင်တော့ အသိဉာဏ်ကြီး တဲ့စကားလုံးလို့ပဲပြောရမှာပေါ့။ ဘယ်ပြဿနာပဲဖြစ်ဖြစ် တိုင်းပြည်မှာ ဖြစ်နေတာ အားလုံး နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်လို့သာ ဖြစ်ရတာကိုး။ ဒါက အသိဉာဏ်ကြီးတဲ့ စကားဖြစ်တဲ့ အတွက်၊ ဒီလိုအသိဉာဏ် ကြီးတဲ့ စကားမျိုးကိုပြောတဲ့ အတွက် ၀မ်းသာဖို့ ကောင်းတယ်။ သို့သော် အသိဉာဏ်ကြီးတဲ့ ဒီလိုစကားကိုပြောတာက နောက်ကျနေတယ်။ တကယ်က  သူ့ရှေ့ကနေပြီးတော့ ဖြစ်ခဲ့တဲ့စစ်ဗိုလ်ကြီးတွေအကုန်လုံး ဒီလိုသာ အသိ ဉာဏ်ရှိရင်၊ ဒီအသိဉာဏ်ကို အသိအမှတ်ပြုရင် စစ်ပွဲတွေတောင် မဖြစ်ဘူး။ အစောကြီးတည်းက နိုင်ငံရေးနဲ့ ရှင်းမှာ။ တိုင်းရင်းသားတွေ ပြောနေတဲ့ ဟာကလည်း၊ … ကရင်ဆိုရင်လည်း စဖြစ်တည်းကိုက နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပြောနေတာပဲ။ ကရင်ခေါင်းဆောင်တွေလည်း နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် လိုလားပါတယ်ဆိုတာ အခုခေတ် ပြောနေတယ်။ ဟိုခေတ်တုန်းက ဘယ်လိုပဲစွပ်စွဲ စွပ်စွဲပေါ့။  သူတို့စစ်တပ် ဘက်ကသာ ခွဲထွက် ချင်လို့ လက်နက်ကိုင် နေကြတာ ဆိုတာမျိုး ပြောတာ။ သို့သော် ကရင်ခေါင်းဆောင်တွေ တစ်လျှောက်လုံး ပြောတာ၊ အခုခေတ် ကရင်ခေါင်းဆောင်တွေက အတည်ပြုပြီးတော့ ပြောနေတာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်း ချင်တယ်။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရတဲ့အတွက် လက်နက်ကိုင်ရတယ်ပေါ့။ တခြားတိုင်းရင်းသားတွေလည်း ဒီလိုပဲ၊ ကချင်ဆိုရင် သူတို့က သူပုန်မဟုတ်ဘူး။ သူတို့ရဲ့အခွင့်အရေးတွေ တောင်းဆိုတာ။ နိုင်ငံရေး တောင်းဆိုချက်တွေ မရလို့သာ လက်နက်ကိုင် တိုက်ပွဲဝင်ရတာ ဆိုတဲ့ စကားမျိုးတွေ ပြောတယ်ပေါ့။ အဲဒီတော့ ဆိုလိုတာ ကတော့ နိုင်ငံရေး ကြောင့်ဖြစ်ရတာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်ဆိုတာ တိုင်းရင်းသား တွေဘက်က ပြောတာ နှစ်ပေါင်းများစွာကို ကြာနေပြီ။ ပြည်တွင်း စစ်ကာလတလျှောက် ဒီစကားကို ပြောဆို လာခဲ့ကြတာပဲ။ အခု ဗိုလ်ချုပ်ကြီးမြင့်စိုးက ဒီစကား ပြောတယ်ဆိုတာ အင်မတန်ပဲ ကောင်းပါတယ်။  အသိ နောက်ကျတယ်လို့ တောင်မှ ကျွန်တော်က ပြောချင်တယ်ပေါ့။ ဒီလိုအသိသာ အစောကြီးကတည်းက  တစ်လျှောက်လုံး ရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေက ပြောခဲ့ရင်၊ ဒီစကားမျိုးကိုသာ အသိအမှတ်ပြုတယ်ဆိုရင် အစောကြီးတည်းက နိုင်ငံရေး ပြဿနာဖြေရှင်းဖို့ လမ်းစတွေက ပေါ်မှာပဲ။

ကောင်းပြီ။ ဗိုလ်ချုပ်ကြီး မြင့်စိုးပြောတာ ကောင်းတယ်။ ဒါပေမဲ့   စစ်မှန်တဲ့ သဘောထားဖြစ်ဖို့လိုတယ်။ ဒါကို စေတနာ ကောင်းနဲ့ အသိအမှတ်ပြုပြီး ပြောတာမျိုးဖြစ်ရင်တော့ ကောင်းတယ်။ သို့မဟုတ် သံယောင်လိုက် ပြောတာတို့၊ ဒီစကားကို လူထုရှေ့မှာ လှအောင်ပြောတာမျိုး ဆိုရင်တော့ သိပ်အကြောင်း မထူးဘူး။ အရင်တုန်းက လမ်းအတိုင်းပဲ လျှောက်မှာပဲ။ အရင်တုန်းက အခြေအနေမျိုးနဲ့ ပြည်တွင်းစစ် ပုံစံပဲဖြစ်မှာပဲလို့ ကျွန်တော်က ယူဆတယ်။


အဲဒီတော့ အခုဖြစ်ပေါ်နေတဲ့ အနေအထား အရကတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုတဲ့ လမ်းစတွေ ကတော့ပေါ်တယ်။ ဘယ်လိုပဲပြောပြော ပေါ်လာတယ်ပေါ့။ ဘယ်သူက လုပ်တယ်တို့၊ ဘယ်သူကတောင်း ဆိုတယ်တို့ ဒီလိုပြော မနေတော့ပါဘူး။ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အခြေအနေတွေ ပေါ်လာတယ် အဲဒီအခြေအနေတွေ ကို ဖြစ်အောင်လုပ်ကြပါ။ ဖြစ်အောင်လုပ်ဖို့ပဲ လိုပါတယ်။ အဲဒီအပစ်အခတ် ရပ်စဲရေးကို အသေဆုပ်ကိုင်ပြီးတော့ အပစ်အခတ် ရပ်စဲရေး မပြတ်လို့ နိုင်ငံရေး မဆွေးနွေး နိုင်သေးဘူး။ သို့မဟုတ် ရင်လည်း အပစ်အခတ် ရပ်စဲရေး ပြဿနာတွေကို နိုင်ငံရေးဆွေးနွေးပွဲ ပြဿနာနဲ့ ယှဉ်တွဲပြီးတော့ ချိတ်မယ် ဆိုတာမျိုးတွေ လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေး ကိစ္စဟာ အောင်မြင်မှာ မဟုတ်ဘူး။ အဲဒီတော့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆို တဲ့ဟာက စေတနာပါပါနဲ့၊ စေတနာကောင်းနဲ့ ပြောတာ ဆိုရင်တော့ ဒီအသိဉာဏ်ဟာ အလွန်ကိုအရေးကြီးတဲ့ အသိဉာဏ်ဖြစ်တယ်။ အဆိုပြုချက်ဖြစ်တယ်။

ငြိမ်းချမ်းရေး ကိစ္စတွေမှာ တပ်မတော်က နိုင်ငံတော်သမ္မတကြီးရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်နေတယ်လို့ သူကဆိုတယ်ပေါ့။ ဒါပေမဲ့ နိုင်ငံတော် သမ္မတက ငြိမ်းချမ်းရေး ဆောင်ရွက်နေပေမယ့် တပ်မတော်နဲ့ တိုင်းရင်း သားတွေ တိုက်ခိုက်မှုတွေ ဖြစ်နေတယ်။ မန်စီဒေသမှာ ဆိုရင် အခုဖြစ်နေတယ် ပေါ့နော်။ အဲဒီအပေါ်မှာ ကျတော့ သူကဘာပြောလဲ ဆိုတော့ ဒီလိုမျိုး တိုက်ပွဲတွေ ဖြစ်တယ် ဆိုတာက တပ်မတော် အလွန်မဟုတ်ဘူး ပေါ့လေ။ တပ်မတော် အနေနဲ့က လမ်းကြောင်းတွေကို ရှင်းတာမျိုး၊ မှောင်ခိုတွေကို ရှင်းတာမျိုး လုပ်နေတာ ပေါ့လေ။ ဒါဟာ တပ်မတော်ရဲ့တာဝန်မို့လို့ပဲ သူတို့က လုပ်ရတာပေါ့။ ပြီးတော့ အောက်ခြေက မသိလို့ဖြစ်တယ် ဆိုတာလည်း မဟုတ်ဘူးပေါ့။ ဒါတွေက အထက်က ရှင်းခိုင်းလို့ဖြစ်တာ။ ဒါကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်ကလက်ခံရင် ဘာမှတိုက်ပွဲတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး။ လက်မခံလို့ ဖြစ်တာဆိုပြီး တော့လည်း ပြောကြားတာမျိုး တွေ့ရတယ်ခင်ဗျ။

ဒါနဲ့ပတ်သက်လို့ ကတော့ အကြောင်းပြချက်တွေနဲ့ ပူးတွဲပြီးတော့ ပြောကြမယ် ဆိုရင်တော့ အများကြီး ရှိတာပေါ့။ အဲဒီတော့ တပ်အနေနဲ့ မှောင်ခိုလမ်းကြောင်းတွေ အရှည်ကြီး လွှတ်ထားပြီးမှ ရှင်းတာမျိုးထက် စတဲ့နေရာတွေကို ရှင်းတဲ့ဟာမျိုးတွေ လုပ်သင့်တာပေါ့။ တပ်နှစ်ဖက် မျက်နှာချင်းဆိုင် နေရာတွေမှာ သွားပြီးတော့ မှောင်ခိုရှင်းတယ် ဆိုရင်လည်း မှောင်ခိုကို ပစ်တဲ့ သေနတ်ဟာ တစ်ဖက်ကရှိတဲ့ အင်အားစုကို သွားမှန်မယ်။ တစ်ဖက် အင်အားစုက ပစ်တဲ့သေနတ်ကလည်း တပ်ကို မှန်လိမ့်မယ်။ အဲဒီလိုဆိုရင် ဒီမီးစဟာ အမြဲတမ်းမီး ထတောက်နိုင်တဲ့ အနေအထား ဖြစ်တာပေါ့။ တကယ် လုပ်ရမှာက ဒီမှောင်ခို ပြဿနာတွေ ရှင်းဖို့ ရှိတယ်ဆိုရင်လည်း ဒီမှောင်ခိုတွေ ဘယ်ကလာလဲ။ ဆိုပါတော့ မှောင်ခိုတွေလာတဲ့ နေရာဟာ ကချင်နဲ့ တပ်မတော်နဲ့ ထိပ်တိုက် ရင်ဆိုင်နေရတဲ့ နေရာတွေ၊ ရှမ်းနဲ့ တပ်မတော်နဲ့ ထိပ်တိုက် ရင်ဆိုင်နေရတဲ့ နေရာတွေမှာ ဖြစ်နေတာ မဟုတ်ဘဲနဲ့ အစနေရာ တည်းက စရှင်းလိုက်ရင် တစ်ဖက်က သေနတ်ကျည်ဆန်ဟာ တစ်ဖက်က အင်အားစုဆီကို ရောက်စရာ အကြောင်း မရှိဘူးပေါ့။ အဲဒီတော့ ဆိုလိုတာ ကတော့ ဖြစ်နိုင်ရင် အခုတိုင်းရင်းသားတွေ ပြောနေတဲ့ အတိုင်းပဲ တပ်တွေကို ဆုတ်ပါ၊ တပ်တွေကို ခွာပါဆိုတဲ့ ဟာက လုပ်ကောင်းတဲ့ ဟာလို့ ကျွန်တော်ကတော့ ယူဆတယ်။ ကျွန်တော်တို့ အစောကြီးတည်းကလည်း ပြောနေတယ်။ ဆောင်းပါးတွေ ရေးတဲ့ အထဲမှာလည်း ပါတယ်။ နှစ်ဖက်တပ်တွေ ဆုတ်ပေးပါ။ တပ်တွေ ဆုတ်ခွာတယ် ဆိုရင် ပြီးတာပါပဲ။ မှောင်ခိုတွေကို ရှင်းဖို့လိုတယ် ဆိုရင်ရှင်းပါ။ နောက်ဆုတ် ပြီးတော့မှ ရှင်းပါ။ ထိပ်တိုက် တပ်နေရာတွေ၊ သေနတ် တစ်ကမ်းနေရာတွေမှာ သွားရှင်း မနေပါနဲ့။ ဒီမှောင်ခိုတွေ ဘယ်က စတာလဲ။ အနောက်ဘက် မိုင် ၁၀၀ မှာ၊ မိုင် ၅၀ မှာ စတယ်ဆိုရင် အဲဒီမိုင် ၅၀၊ ၁၀၀ ကိုဆုတ်ပြီးတော့ အဲဒီ နေရာက မှောင်ခိုတွေကို ရှင်းလိုက်ရင်  ခုနပြောတဲ့ ထိပ်တိုက် ရင်ဆိုင်တဲ့ နေရာအထိ မှောင်ခိုတွေဟာ မရောက်တော့ ဘူးပေါ့။ မှောင်ခိုတွေလည်း ကင်းစင်သွားမယ်ပေါ့။ အဲလိုဆိုရင် နှစ်ဖက် ပဋိပက္ခတွေဟာ ရှည်ကြာစရာ မီးထတောက်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်ကတော့ ဒီလိုပဲမြင်တယ်။
နောက်တစ်ချက်က အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးနဲ့လုပ်တဲ့ အခါမှာ တပ်မတော်ရဲ့အခန်းကဏ္ဍက  အရေးကြီးတော့ အဲဒီအပေါ်မှာ တပ်မတော်ရဲ့သဘောထားနဲ့ပတ်သက်လို့ သူက ဘာပြောလဲဆိုတော့ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကိုယ်စားပြုထား တာ ပေါ့လေ။ နိုင်ငံတော် ဆိုတဲ့နေရာမှာလည်း နံပါတ် ၁ က အစိုးရပေါ့။ နံပါတ် ၂ ကတော့ ပြည်သူ၊ နံပါတ် ၃ ကတော့ အချုပ်အခြာ အာဏာ၊ နံပါတ် ၄ ကတော့ နယ်နိမိတ်ပေါ့။ အားလုံးအပေါ်မှာ တပ်မတော်က ကိုယ်စားပြုပြီးတော့ ရပ်တည်နေတယ်ပေါ့။ တပ်မတော်  ဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းဖြစ်တယ်။  အဲဒီတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး တော့ တပ်မတော်က အခုအချိန်မှာတော့ အဓိကအနေနဲ့ ပေးအပ်ထားတဲ့ တာဝန်ကိုတော့ ယူနေတာပဲပေါ့။ ပြီးတော့ ဒီကနေ့ အပစ်အခတ် ရပ်စဲရေး ကိုလည်း တပ်မတော်အနေနဲ့ လိုလားတဲ့အတွက် စိတ်ရှည်သည်း ခံပြီးတော့ စောင့်ပြီးတော့ ဆောင်ရွက်နေတယ်ပေါ့။ အဲဒီအပေါ်မှာရော ဘယ်လို သုံးသပ်မိလဲခင်ဗျ။
ဒါကတော့ ဒီလိုရှိတယ်။ တပ်မတော်ဟာ အစိုးရအဖွဲ့ရဲ့ အောက်မှာရှိ တယ်။ တပ်မတော်ဟာ နယ်မြေဒေသ၊ တပ်မတော်ဟာ ပြည်သူဆိုတဲ့ဟာတွေ၊ ဒါတွေက ပင်ကိုအားဖြင့် မှန်တဲ့ဟာတွေပဲ။ သူပြောတဲ့စကားကောင်း ပါတယ်။ သို့သော် သဘောပေါက်ဖို့က ဘာလဲဆိုရင် တပ်မတော်ဟာ အစဉ်အမြဲပဲ အစိုးရရဲ့အမိန့်တွေကို နာခံနေသလား။ သို့မဟုတ်ရင်လည်း ပြည်သူတွေရဲ့နစ်နာချက်တွေ၊ ပြည်သူတွေရဲ့ ဆုံးရှုံးချက်တွေ၊ အသက် ဆုံးရှုံးတာတို့၊ ပစ္စည်းဆုံးရှုံးတာတို့ဆိုတဲ့ဟာတွေကို၊ အဲဒါတွေကို ငဲ့ကွက် သလား။ နောက်တစ်ခါ နယ်မြေဒေသနဲ့ ပတ်သက်လို့လည်း နယ်မြေဒေသကို ရှေ့တိုးပြီးတော့ စီးထားမယ်၊ ချုပ်ကိုင်ထားမယ် ဆိုတဲ့ဟာမျိုး တွေရော ဘယ်လောက်ရှိသလဲ အဲဒီအပေါ်မှာ သွားတည်တာပဲ။ ပြော တာကတော့ တပ်မတော်ဟာ အစိုးရအမိန့်ကို နာခံရတယ်။ တပ်မတော်ဟာ အစိုးရရဲ့ဦးဆောင်မှု အောက်မှာရှိတယ်။ ဒါမျိုးတွေကတော့ ပြောတာပဲလေ။ အရေးကြီးတာက အစိုးရအမိန့်ကို တပ်မတော်က တကယ်ရော နားထောင်လားဆိုတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကချင်ပြည်နယ်မှာ ဖြစ်တဲ့ စစ်ပွဲတွေမှာဆိုရင် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် မှာတည်းက ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ထိုးစစ်တွေ အကုန်ရပ်ဆိုပြီးတော့ မရပ်ဘူး ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်ထားတဲ့ အနေအထားကနေ ပြီးတော့ပြန်စကြတာကိုး။ ကချင်တိုက်ပွဲတွေ မစခင်တုန်းကဆိုရင် ကချင်လူထု ဟာ အေးအေးဆေးဆေး နေလို့ ရသေးတယ်။ အခု တိုက်ပွဲတွေစတဲ့ အခါကျတော့ ဘာပဲပြောပြော ပြည်သူလူထုအပေါ်မှာ ငဲ့ကွက်ခြင်းနည်း သွားတဲ့ အခါကျတော့ ပြည်သူလူထုက ထွက်ပြေးရ၊ ရွာတွေစွန့်သွားရနဲ့ ဒုက်္ခတွေရောက်တယ်။ နယ်မြေအရ လုပ်တာ လုပ်ရင်း လုပ်ရင်း ကနေပြီးတော့ တပ်မတော်က လိုင်ဇာကို အပေါ်စီးရတဲ့အထိ အတင်းကိုယူခဲ့တာပဲ။ ဒီဟာတွေက စကားအရတော့ လှအောင်ပြောရင်တော့  နိုင်ငံတော်တို့၊ ပြည်သူတို့၊ နယ်မြေတို့၊ အချုပ်အခြာ အာဏာတို့ဆိုတာ ပြောလို့ရတာပဲ။ လက်တွေ့မှာ ဒီဟာတွေကိုလုပ်တဲ့နေရာမှာ ဘယ်လောက် ငဲ့ကွက်မှုရှိ လဲ၊ ဘယ်လောက်စဉ်းစားမှုရှိလဲ၊ ဘယ်လောက်ချင့်ချိန်မှုရှိလဲ။ ဒါတွေ လည်းရှိတယ်။ အဲဒီလို မချင့်ချိန်ဘဲနဲ့ သို့မဟုတ်ရင်လည်း အစိုးရအမိန့်ကို မနာခံဘူး။ ပြည်သူ့ရဲ့ဒုက်္ခတွေကိုလည်း မငဲ့ကွက်ဘူး။ နောက်တစ်ခါ နယ်မြေဒေသနဲ့ ပတ်သက်လို့လည်းရတဲ့ နေရာစီးမယ်၊ ရတဲ့နေရာ တက်ပြီးတော့ သိမ်းမယ်ဆိုတဲ့ နယ်မြေသိမ်းဆည်းမှု သဘောဆောင်တဲ့ ဟာတွေလုပ်နေမယ် ဆိုရင်တော့ ဒါတွေက ဘယ်တော့မှ အေးချမ်းမှာလည်း မဟုတ်ဘူး။
မြစ်ကြီးနားဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ ဘက်က တင်ပြတဲ့ အချက်တွေထဲက နှစ်ချက်မှာ တစ်ချက်က ကျတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို တော်လှန်သော လက်နက်ကိုင် အင်အားစုများလို့ သုံးစွဲရမယ့် ကိစ္စတို့၊ နောက်တစ်ချက်က ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တပ်မတော် အနေနဲ့ သဘောမတူတဲ့ သဘောထားမျိုး သူ့ပြောပုံအရ လေ့လာမိတယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေအနေနဲ့ တော်လှန်သော လက်နက်ကိုင် အင်အားစုလို့ သုံးမယ်ဆိုရင် အခုအချိန် အထိလည်း အစိုးရကို တော်လှန်နေတယ်လို့ သဘောသက်ရောက်နိုင်တယ်လို့ သူက သုံးသပ်တယ်။ နောက် နိုင်ငံတော်မှာ တပ်မတော်ဆိုတာ တစ်ခုတည်း ရှိတယ်၊ ဒီပြည်ထောင်စု တပ်မတော်ဆိုတာ လုပ်လိုက်လို့ရှိရင် တပ်မတော်ကို ဖျက်သိမ်းပြီးတော့ အသစ်ပြန်ဖွဲ့ရမယ့် ပုံစံမျိုး ပေါက်နေတယ်လို့ ပြောတာလေ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်လှန်သောဆိုတာဟာ ရှင်းရှင်းပြောရရင် တိုင်းရင်းသားတွေ ဘက်ကလည်း သူပုန်လို့ အပြောမခံနိုင်ဘူး။ အမှန်အတိုင်း ပြောရရင် ကျွန်တော့်အတွေ့အကြုံအရဆိုရင် ကျွန်တော်က သူပုန်ဆိုတဲ့ အသုံးအနှုန်းကို တစ်ခါက သွားသုံးမိတယ်ဗျ။ သုံးတဲ့အခါမှာ လူတော်တော် များများကတောင် ကန့်ကွက်တာ ရှိတယ်။ အဲဒီတော့ သူပုန်ဆိုတဲ့ စကားက တိုင်းပြည် ဆူပူအောင် ဖျက်လိုဖျက်ဆီး လုပ်တဲ့ဟာမျိုး ယူဆကြ  တယ်။ တကယ်ဆိုတော့ ဒါတွေအယူအဆ ပိုင်းပါပဲ။ သူပုန်ဆိုတာလည်း မတရားသဖြင့် ချုပ်ချယ်နေတဲ့ အစိုးရကို တွန်းလှန်တာပဲ။ ဒါပေမဲ့ ကျောင်းသား လူငယ်တွေက ဘာကြိုက်လဲဆိုတော့ တော်လှန်သော ဆိုတာကို ကြိုက်တယ်ပေါ့ဗျာ။ ဒါခေတ်ပဲဗျ။ တိုင်းရင်းသားတွေ ကလည်း အလားတူပဲ။ သူတို့ဟာ သူပုန်ဆိုတာကို အသုံးမခံနိုင်ဘူး။ ကျွန်တော်ပြောချင်တာက စကားအပေါ်မှာ သွားပြီးတော့ အငြင်းပွားနေဖို့ အကြောင်းမရှိပါဘူး။ တပ်မတော်က ခေါင်းဆောင်ဆိုသူတွေဟာ ဒီအဖွဲ့အစည်းတွေကို သူ တို့နဲ့အဆင်ပြေချိန်တွေမှာ စကားတွေ ဒီလိုပဲလွှဲပြောင်း သုံးတာပဲ။ လွှဲ ပြောင်းမသုံးချင်တဲ့ အခါကျတော့ သောင်းကျန်းသူလို့ သုံးခဲ့တာပဲ။ သူပုန်ဆို တာတွေ သုံးတာပဲ။ သူတို့သုံးချင်တဲ့ အခါကျတော့ တော်လှန်ရေး ခေါင်းဆောင်ကြီး ဆိုတာမျိုးတွေ၊ KNU ခေါင်းဆောင်ဆို ဗိုလ်ချုပ်မြလို့တောင် သုံးခဲ့တာပဲ။  သိပ်အရေးကြီးတဲ့ ကိစ္စတွေ မဟုတ်ပါဘူးလို့ ကျွန်တော်ထင်ပါတယ်။ တစ်ဖက်ကပြန်ကြည့်ရင် တိုင်းရင်းသားတွေဘက်က ပြောတဲ့စကား ကျတော့လည်း သူတို့ရဲ့မူလအခွင့်အရေးတွေ ဆုံးရှုံးနေလို့၊ တိုင်းရင်းသား အခွင့်အရေးတွေ ဆုံးရှုံးနေလို့ သူတို့ရဲ့ နယ်မြေတွေ ဆုံးရှုံးနေတဲ့အတွက် တော်လှန်တာ။ တော်လှန်ရေးလုပ်တာ။ ဒါကြောင့်မို့လို့ တော်လှန်ရေး သမားတွေလို့ သူတို့ယူဆတယ်။ သူပုန်လို့ယူဆရင် နိမ့်ကျတယ်ပေါ့ဗျာ။ ဒါကြောင့်မို့ ကျွန်တော့် အယူအဆကတော့ အဲဒီပုံစံမျိုး မနိမ့်ကျပါဘူး။ သူပုန်လို့ခေါ်လည်း အရေးမကြီးပါဘူး။ ဘာလို့လဲဆိုတော့ ဆရာစံ သူပုန်လို့ ခေါ်တာပဲ။ ကျွန်တော်တို့ ဒီနေ့ဒီအချိန်အထိ ဆရာစံ သူပုန်ကြီး ဆိုတဲ့ဟာက ဘာပဲပြောပြော တိုင်းပြည်မှာ ဂုဏ်သရေရှိတဲ့ အင်အားစုကြီး တစ်ခုရဲ့ လှုပ်ရှားမှုကြီးတစ်ခုပဲ။ ဒါက သိပ်ပြီးတော့ အရေးမကြီးပါဘူး။ သို့သော် ဘာပဲပြောပြော ခေတ်အခါအလိုက်တော့၊ ခေတ်အခါ အလျောက်တော့၊ ခံစားချက်တွေ အလျောက်တော့ ဆက်စပ်ပြီးတော့ စကားလုံးဟာ ကောင်းတယ်ဆိုးတယ်ဆိုတဲ့ သုံးသပ်ချက်တွေ၊ သတ်မှတ် ချက်တွေဟာ ပေါ်ပေါက်လာတယ်။ အမှန်စင်စစ်ကတော့ တိုင်းရင်းသားတွေကို သွားပြီးတော့ တော်လှန်သော သုံးတဲ့အတွက်တော့ ဒီအစိုးရ ကိုဆန့်ကျင်နေတယ် ပြောလို့မရဘူး။ ဒီတော့ တကယ်ငြိမ်းချမ်းရေး လုပ်နေတယ် ဆိုတဲ့ အစိုးရ၊ တပ်မတော်ဆိုရင် ဝေါဟာရလောက်ကို တွက်ကပ် မနေသင့်ပါဘူး။ ဒါကတစ်ခုပေါ့ဗျာ။ နောက်တစ်ခုကတော့ တပ်မတော် သည် ဖက်ဒရယ်နဲ့ပတ်သက်လို့ လက်မခံနိုင်ဘူး။ လက်မခံနိုင်တဲ့ အခြေခံ သဘောတရားက ဘာလဲဆိုတော့ ရှိသမျှတပ်တွေအကုန်လုံးဟာ ငြိမ်း ချမ်းရေးယူပြီးတဲ့အခါဖြစ်ဖြစ်၊ သို့မဟုတ်ရင်လည်း အပစ်အခတ်ရပ်ပြီးတဲ့ အခါဖြစ်ဖြစ် လက်နက်ကိုင်တပ်ဖွဲ့မှန်သမျှဟာ ကာကွယ်ရေးဦးစီးချုပ်လက် အောက်မှာ ရှိရမယ်ဆိုတဲ့ဟာရှိတယ်။ ဒါကလည်း အမှန်စင်စစ်တော့ ဘယ် ကိုရောက်သွားလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေကို ရောက်သွားတာပဲ။
အကယ်၍ ဒီသဘောတရားကို ကိုင်တယ်ဆိုရင်တော့ အခြေခံဥပဒေ ကိုလည်း ပြန်ကိုင်ရမှာပဲ။ ဗိုလ်ချုပ်ကြီးမြင့်စိုးက ဒီအခြေခံဥပဒေကိုကိုင်တဲ့သဘောထားနဲ့ ပြောနေတာ။ နောက်ဆုတ်မယ် နောက်ဆုတ်မယ် ကောင်းပြီဆုတ်၊ နောက်ဆုံးကျတော့ ရှိသမျှတပ်တွေအကုန်လုံး၊ လက် နက်ကိုင်အဖွဲ့အစည်း၊ ရဲအပါအ၀င်ပေါ့ဗျာ။ ပြောက်ကျားတွေအပါအ၀င် အားလုံးဟာ တပ်မတော်ရဲ့အောက်မှာရှိနေတာ ကျွန်တော်တို့ပြောရမယ်။ ရဲဆိုလို့၊ စကားလေးဆက်ပြောရမယ်ဆိုရင် အခု ဒီအခြေခံဥပဒေအရ ဆိုရင် ကာလုံမှာ ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ ခန့်နိုင်တဲ့ဝန်ကြီး သုံးဦးရှိတယ်။ အဲဒီအထဲမှာ ကာကွယ်ရေးရယ်၊ ပြည်ထဲရေးရယ်၊ နယ်စပ် ရယ်။ အဲဒီတော့ ပြည်ထဲရေးဆိုတာ ပြည်ထဲရေးအောက်မှာ ရဲရှိတယ်။ ဆိုလိုတာက အခုလက်ရှိ ရှိနေတာလည်း ရဲနဲ့စစ်တပ်ဟာ အတူတူမဟုတ် ဘူးလို့သာပြောတယ်။ ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းရဲ့အောက်ထဲမှာ ရဲက ရှိနေတာပဲ။ အဲဒါဘာလဲဆိုတော့ အခြေခံဥပဒေပဲဗျ။ အခြေခံဥပဒေ သဘောတရားအတိုင်း သူကပြောနေတာ။ ဟိုဘက်က တိုင်းရင်းသားတွေ ပြောနေတာကလည်း ကောင်းတယ်။ ဒါ ဗိုလ်ချုပ်ဂွမ်မော်ပြောတဲ့စကားထဲမှာလည်းပါတယ်။ ဒီဟာကတော့ အငြင်းပွားနေစရာ မရှိပါဘူးတဲ့။ ထားပါဦးတဲ့၊ ကျွန်တော်တို့က သူတို့ပြောနေတဲ့ဟာက ဖက်ဒရယ်ပြည် ထောင်စုကို တောင်းဆိုနေတယ်။ အဲဒီဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဖြစ်လာရင် ဖက်ဒရယ် တပ်မတော်ပဲ ဖြစ်ရမှာပေါ့။ ဖွဲ့စည်းပုံအောက်မှာ ရှိတဲ့ တပ်မတော်။ ဆိုပါတော့ ကချင်ကလည်း ကချင်တပ် ရှိမယ်၊ ရှမ်းကလည်း ရှမ်းရှိမယ်၊ အဲဒီတပ်တွေ အားလုံးကလည်း သီးခြားလွတ်လပ်တဲ့ သူ့ရဲ့ပြည်နယ်အောက်မှာရှိတဲ့ ပြည်နယ်တပ်တွေ ဖြစ်လာမယ်။ ဒီအခါ ကာကွယ်ရေးဦးစီးချုပ်က တစ်ယောက်တည်းဖြစ်ချင်မှဖြစ်မယ်။ အများ ကြီးဖြစ်ရင်လည်းဖြစ်မယ်။ အဲဒီလိုအကုန်လုံးဟာ အခြေခံဥပဒေနဲ့ဆိုင် တယ်။ ကျွန်တော်တို့တောင်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုသာ မဖြစ်ဘူး ဆိုရင် အာဏာရှင်စနစ်ကြီးကို ပြောင်းသွားမယ် ဆိုရင်လည်း အာဏာရှင် တပ်မတော်ပဲဖြစ်ရမှာပေါ့တဲ့။ ဗိုလ်ချုပ်ဂွမ်မော် ပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်။ ဒီတော့ အာဏာရှင်ဖြစ်သလား၊ ဖက်ဒရယ်ဖြစ် သလားဆိုတာ အခြေခံဥပဒေပေါ်မှာ တည်တယ်၊ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ ပုံသဏ္ဌာန်ပေါ်မှာ တည်တယ်၊ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံက ဖက်ဒရယ်ဖြစ်နေရင် ဖက်ဒရယ် တပ်မတော်ပဲဖြစ်မှာပေါ့။ အာဏာရှင် စနစ်ဖြစ်တယ်ဆိုရင် အာဏာရှင် တပ်မတော်ပဲ ဖြစ်မှာပေါ့။ တိုင်းပြည်ရဲ့ အခြေခံဥပဒေပေါ်မှာ တည်တယ်။  အခြေခံကွဲ နေတာဟာဒါပဲ။ တိုင်းရင်းသားတွေ ရှေးရှုနေတာဟာ ဖက်ဒရယ်နိုင်ငံ။  ဖက်ဒရယ်နိုင်ငံ ဖြစ်ရင် တပ်မတော်ဟာ ဖက်ဒရယ် တပ်မတော်ဖြစ် လာမယ်။ အခု ဗိုလ်ချုပ်ကြီးမြင့်စိုးတို့ပြောနေတဲ့ဟာက ၂၀၀၈ အခြေခံ ဥပဒေကို သူတို့လက်မလွှတ်နိုင်ဘူး ဒါပဲ။ ၂၀၀၈ အခြေခံ ဥပဒေအတိုင်း လုပ်ပါလို့ပြောတယ်။ ၂၀၀၈ အခြေခံ ဥပဒေအတိုင်း ဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ လက်နက်ကိုင် အားလုံးရဲ့ အပေါ်မှာရှိမယ်။ လက်နက်ကိုင်အားလုံး၊ တပ်ဖွဲ့အားလုံးဟာလည်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် လက်အောက်မှာရှိမယ်။ အဲဒါပဲဗျ။ အဲဒီနှစ်ခု ကွဲပြားချက်က။ ဒါကလည်း ရှင်းရှင်းပြောရရင် အခုနေပြောရင် အစိုးရက ၂၀၀၈ အခြေခံ ဥပဒေကို အသေကိုင်ပြီး ပြောနေတာ။ ဟိုဘက်က ပြောနေတာကလည်း ဖက်ဒရယ်ကို အသေကိုင်ပြီး ပြောနေတာပဲ။ ဒီနှစ်ခုဟာ နိုင်ငံရေးဆွေးနွေး ပွဲတွေရဲ့ ရလဒ်ပေါ်မှာတည်ပြီးတော့ အဖြေထွက်လာ မယ်လို့ပဲ ယူဆပါတယ်။
အခြေခံဥပဒေနဲ့ ပတ်သက်လို့ အခုပြင်ဆင်ဖို့၊ အသစ်ရေးဆွဲဖို့ ပြောနေကြတာအပေါ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်သူလူထုရဲ့ ထောက်ခံမဲ ယူထားတဲ့ ဖွဲ့စည်းပုံ ဖြစ်တယ်ပေါ့။ ဒါကိုလူတစ်စုက ဟိုပြောဒီပြောနဲ့ ဖွဲ့စည်းပုံကို ပြည်သူလူထုက မကြိုက်ဘူးလို့ သတ်မှတ်လို့ရသလားပေါ့။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီမကျဘူး၊ သမ်္မတအပေါ် ကာချုပ် ရှိနေတယ်ဆိုတာကော ဘာကိုကြည့်ပြီးပြောတာလဲ။ ဥပဒေပြုရေး၊ တရား စီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်သုံးရပ်ထဲမှာ ကာချုပ်ကအခုအချိန်ထိ ဘာ တွေများဝင်စွက်နေတာတွေ့လို့လဲဆိုပြီး ပြောတာလည်း တွေ့ရတယ်။
ဒီအခြေခံဥပဒေကြီးဟာ ကာချုပ်ကနေပြီးတော့ ဘာများ နိုင်ငံတော် ကိုဝင်ပြီးတော့ စွက်ဖက်သလဲလို့ ပြောတာထက် ဘယ်လောက်အထိ လိုက်နာခြင်း၊ မလိုက်နာခြင်းရှိလဲလို့ ပြန်မေးခွန်းထုတ်ရမှာပဲ။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာ သမ္မတကနေပြီးတော့ အကုန်လုံးရပ်လို့ပြောလိုက် တဲ့အခါမှာ မရပ်ဘဲနေတာဟာ စွက်ဖက်တာထက် ဆိုးတာပေါ့။ နားလည်း မထောင်ဘူး။ ဒီနေ့ တပ်မတော်ကနေပြီးတော့ အပစ်အခတ်ရပ်စဲရေး ပြောနေပေမယ့် အောက်ခြေမှာ တိုက်ပွဲတွေဖြစ်နေတယ်။ စွက်ဖက်ခြင်း၊ မစွက်ဖက်ခြင်းဆိုတဲ့ဟာတွေထက် နာခံခြင်း၊ မနာခံခြင်းက အရေးကြီး ပါတယ်။ အခြေခံဥပဒေက ပြဋ္ဌာန်းထားတာဟာ သမ်္မတက ကာချုပ်အပေါ် မှာရှိတယ်ဆိုရင် ပြဿနာရှင်းနေတာပဲ။ ဒါပေမဲ့ တကယ်ဖြစ်နေတာက သမ်္မတနဲ့အစိုးရအပေါ်မှာလည်း အခြေခံဥပဒေက မရှိဘူး။ ကာချုပ်အပေါ် မှာလည်း သမ်္မတက မရှိဘူး။ သမ္မတအပေါ်မှာသာ ကာချုပ်က ရောက်သလို ဖြစ်နေတာ။ ဒါဟာ ပြဿနာပဲလို့ ကျွန်တော် ပြောချင်တယ်။
အရင်ကလည်း ဦးဌေးဦးက အခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့လူတွေဟာ လက်တစ်ဆုပ်စာလူတွေပဲ။ ဒီလူတွေက အရူးပဲ ဆိုတာကို ပြောတယ်။ ဒါက သူတို့ပြောတာ။ ဒီနေ့ လက်တွေ့မှာ တိုင်းပြည်မှာ လှုပ်ရှားနေတာ အခြေခံဥပဒေကိုပြင်ပါ။ ဒါက တစ်ခု။ နောက်တစ်ခုက အခြေခံဥပဒေကို အသစ်ရေးဆွဲပါ။ ဒါက တစ်ခု။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လို အလွန်အင်အားကြီးတဲ့ ပြည်တွင်း အင်အားစု၊ နိုင်ငံရေးအင်အားစုက ပြင်ဖို့ ဆိုတဲ့ လိုင်းကိုတောင်းဆိုနေတယ်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ဆန္ဒခံယူတဲ့အခါမှာ ၉၀ ရာခိုင် နှုန်းလောက်က ပြင်ဖို့ဖြစ်နေလို့ ပြည်သူ့ဆန္ဒအရ ပြင်ဖို့လိုင်းဖြစ်လာတာ။
တိုင်းရင်းသားတွေ ဘက်ကဆိုရင် ဖက်ဒရယ်နိုင်ငံ တည်ထောင်ရေးအတွက် အခြေခံဥပဒေကိုပြင်ဖို့ ဦးတည်တယ်၊ နိုင်ငံရေး ဆွေးနွေးပွဲကြီးလုပ်ဖို့ကို ဦးတည်တယ်ဆိုတဲ့ ကြေညာချက်ရှိတယ်။ ဒီတော့ နိုင်ငံရေး အင်အားစုတွေ အားလုံးက ပြင်ဖို့အတွက်ကို အားယူနေတယ်။
တစ်ချိန်တည်းမှာပဲ လက်နက်ကိုင် အင်အားစုတွေက အခြေခံဥပဒေ ဖျက်သိမ်းပြီး အသစ်ရေးဆွဲရေးကို တောင်းဆိုတယ်။ ဒီအထဲမှာလည်း ကွဲလွဲချက်တွေရှိတယ်။

ကျွန်တော်ဆိုရင်လည်း အသစ်ရေးဆွဲရေးလိုင်းကို ထောင်က ထွက်တဲ့နေ့ကစပြီး အခုထိပြောခဲ့တယ်။ နိုင်ငံရေး အကျဉ်းသားတွေလိုပဲ ပြည်သူလူထုကလည်း အကျဉ်းသားဖြစ်နေတယ်။ အခြေခံဥပဒေရဲ့ အကျဉ်း သားတွေဖြစ်တယ်။ ပြည်သူကို အကျိုးပြုလား ဆိုတော့လည်း မပြုဘူး။ အဲဒါကြောင့် ဒီအခြေခံဥပဒေဟာ ဆုတ်ဖြဲပစ်ရမယ် လို့တောင် ကျွန်တော်ပြောတယ်။ သို့သော် ကျွန်တော်လည်း ပါတီရဲ့ နိုင်ငံရေးသဘောထား အတိုင်းပဲ ပြင်ဆင်ရေးကို တွဲလုပ်တယ်။
ဒါဟာ ဘာကိုပြလဲဆိုရင် အသစ်ရေးဆွဲရေးလို့ပဲ ပြောပြော၊ ပြင်ဆင်ရေးပဲ ပြောပြော ဒီနှစ်ခုစလုံးရဲ့ အဓိပ္ပာယ်က အခြေခံ ဥပဒေကို မိမွေးတိုင်း၊ ဖမွေးတိုင်း လက်ခံတယ်၊ တစ်လုံးမှ မပြောင်းတော့ဘူးဆိုတဲ့ စကား ကို ပြည်သူတွေ ဘယ်သူမှ မပြောဘူး။ ပြည်သူလူထုက ဒီအခြေခံဥပဒေကို ငြင်းပယ်လိုက်တယ် ဆိုတဲ့ သဘောပဲ။
လူထုကိုပဲ အခြေခံပြီး နိုင်ငံရေး အင်အားစုတွေ၊ လက်နက်ကိုင် အင်အားစုတွေရဲ့ သဘောထားက ဘာလဲဆိုတော့ ဒီအခြေခံ ဥပဒေကို ကျွန်တော်တို့ မလိုချင်ဘူး။ အသစ်ရေး ဆွဲရင်လည်း အသစ်ရေးဆွဲပါ။ ဒါမှမဟုတ် ပြုပြင်တယ် ဆိုရင်လည်း ပြုပြင်။ ဒါလူထုရဲ့ သဘောထား။ ပြည်သူလူထုက ဒီအခြေခံဥပဒေကို ငြင်းပယ်လိုက်ပြီ။ ပြည်သူလူထုက ငြင်းလိုက်ပြီ ဆိုတည်းကိုက ကျွန်တော်တို့က ကျေနပ်ပြီ။ တော်ပြီ။ နိုင်ငံ ရေးပဲဗျာ ဒါတွေက။
ဒီအဆင့်မှာ ပြင်ပြီးရင် နောက်တစ်ဆင့်မှာ အသစ်ရေးဖို့ တက်လှမ်းလို့ ရတယ်။ အခု ပြည်သူလူထုက ပြင်ဆင်ရေးပဲ သွားပါဆိုတော့ ပြင်ဆင်ရေး သွားရမယ်။ အသစ်ရေးဆွဲပါဆိုလည်း အသစ်ရေးဆွဲ ရေးကို သွားရမှာပဲ။ အခြေခံဥပဒေကတော့ အသစ်ကိုရေးဆွဲရမယ့် အနေအထားရှိတာအမှန်ပဲ။ အဓိကက ပြည်သူလူထုက အခြေခံ ဥပဒေကို လုံးဝလက်မခံဘူး။ ငြင်းလိုက်ပြီဆိုတာ ထင်ရှားနေပြီ။

တစညပါတီက တစ်ခါပြောဖူးတယ်ဗျ။ ဟိုးအစောတုန်းက။ ဘာမှ မပြင်နဲ့ ပြင်စရာကိုမလိုဘူး။။ တစညခေါင်းဆောင်တစ်ယောက်က ပြောတာနော်။  အခု တစညလည်း ပြင်ဖို့လိုင်းရောက်လာပြီ။ မြန်မာပြည်မှာ ရှိသမျှ နိုင်ငံရေး အင်အားစုတွေ အကုန်လုံးက ဘာမှမပြင်ပါနဲ့၊ ဒီအတိုင်းပဲ ရှိပါစေဆိုတဲ့လူက မရှိသလောက် ဖြစ်သွားပြီ။  နိုင်ငံခြားမှာရှိနေတဲ့ အဖွဲ့ အစည်းတွေ၊ ပညာရှင်တွေ ကလည်း ပြင်ပါ ပြောရင်ပြောမယ်။ အသစ်ရေး ဆွဲပါလို့ ပြောရင်ပြောမယ်။ မပြင်ပါနဲ့ ဘာမှမပြင်ပါနဲ့၊ ဒီအတိုင်းပဲ ထားပါဆိုတဲ့ လူက မရှိသလောက်ဖြစ်နေတာ လက်တွေ့ပဲ။
အံ့ခေါင်မင်းပြန်လည်တင်ပြသည်

မြန်မာသံတော်ဆင့်

ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀မှ အမှတ်တရ

ဒေလီမှာ လူတွေ သန်း ၅၀ ကျော်ရှိတာ အဲဒီထဲမှာ ခင်ဗျားလိုလူ ၁၀ သန်းရှိတယ်ဆိုရင် လူတွေက ဒေါသထွက်ကုန်ကြတော့မှာပေါ့ဗျ ဒီတော့ ဘယ်သူလက်ချက်လဲဆိုတာ စုံစမ်းမယ်ဗျာ နောက်ဆုံး အစိုးရက ဓာတ်ဆီဈေးတက်လို့ဆိုတာ သိသွားတဲ့အခါ အစိုးရကို ၀ိုင်းအပြစ်တင် . . .
အိန်္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမြို့မှာ ၂၀၀၉ ခုနှစ် နှောင်းပိုင်းကနေ ၂၀၁၃ ခုနှစ် အစောပိုင်းအထိ သတင်း ထောက်ဘ၀နဲ့ လုပ်ခဲ့စဉ်က အဓိကအနေနဲ့ ထိတွေ့ခဲ့ရတာကတော့ မြန်မာဒုက္ခသည် တွေပါ။ ထို့အတူ နောက်ထပ် ထိတွေ့ရတာ ကတော့ ဘယ်နေရာ သွားသွား ကိုယ့်ရဲ့ ကိုယ်ပိုင်ကား လိုအားကိုးရတဲ့ အော်တို လေးတွေပါ။ အော်တိုဆိုလို့ တခြားမထင်ပါနဲ့။ ထိုင်းနိုင်ငံမှာ ဆိုရင် တုတ်တုတ်လို့ ခေါ်ပြီး မြန်မာတွေ မျက်စိမြင်အောင်ပြော ရရင်တော့ သုံးဘီးကားပေါ့။
တခြားလိုင်းကားတွေ ရှိပေမယ့် ကမ္ဘာက စံတင်လောက်အောင် ယာဉ်ကြောပိတ်ဆို့တဲ့ နယူးဒေလီမြို့မှာ အော်တိုက ကျွန်တော်တို့အတွက် တကယ့်ကို မိတ်ဆွေကောင်းပါပဲ။ လိုရာခရီးကို မြန်မြန်ရောက်ဖို့ အတွက်က အော်တိုနဲ့ အကောင်းဆုံးဖြစ်တာမို့ ကျွန်တော်ရဲ့ သတင်းလိုက်ဖော်လိုက် ဖက်အနေနဲ့ အမြဲတမ်း အားကိုး နေရတာပါ။
တစ်ရက်မှာတော့ ထူးထူးခြားခြား မြို့ထဲကို သတင်းလိုက်ဖို့အတွက်သွားတဲ့ အချိန် ကျွန်တော့် အချစ်တော်များကို လမ်းထက်မှာ တစ်စီးမှ မတွေ့တော့ပါဘူး။ ဘာကြောင့် ပါလိမ့်ပေါ့။ သတင်းကလည်း မြို့ လယ်က ဂျန်တားမန်တားကို သွားယူရမှာ ဆိုတော့ အချိန်ပေးရဦးမယ်။ အော်တိုက လည်းမရှိ။ ဒါနဲ့ မထူးဘူးဆိုပြီး private taxi တစ်စီးငှားပြီး ကမန်းကတန်းသွား လိုက်ရတယ်။ ဒီနေရာမှာ တစ်ခုရှိတာက အော်တိုတွေလိုပဲ private taxi ရှိပေမယ့် စရိတ်ပိုကုန်တာကြောင့် မစီးတာပါ။ …
ဒီလိုနဲ့ သတင်းလိုက်ပြီး ပြန်အလာကျမှ မြန်မာပြည်ပေါက် အိန်္ဒိယနိုင်ငံသား မြန်မာစကားတတ်သူကို အကြောင်းစုံ မေးကြည့်ရ တော့တယ်။ ဘာကြောင့်များ ဒီကနေ့ နယူးဒေလီမြို့မှာ အော်တိုတွေ လမ်းပေါ် မရှိတာလဲပေါ့။ သူပြောလိုက်တော့မှ ကျွန်တော့်မှာ အံ့သြသွားတယ်။ အဲဒါ အော်တိုတွေက Burn ထားတာတဲ့။ Burn တယ်ဆိုတာကို မြန်မာလို ပြန်မယ် ဆိုရင် ““မီးလောင်သည်၊ မီးရှို့ဖျက်ဆီး သည်””လို့ အဓိပ္ပာယ် ထွက်ပါတယ်။ ဒီနေရာမှာတော့ အဲဒီလို အဓိပ္ပာယ် မထွက်ပါဘူး။ သူတို့သုံးနှုန်းတဲ့ Burn တယ်ဆို တာက အစိုးရက တစ်ခုခုလုပ်လို့ မကျေနပ်တဲ့ဟာကို ဆန္ဒပြ ကန့်ကွက်တာကို ဆိုလိုတာပါ။
အဲဒီနေ့က အစိုးရက ဓာတ်ဆီတစ်လီတာကို အိန်္ဒိယ နိုင်ငံသုံးငွေဖြစ်တဲ့ ၂ ရူပီး ဈေးတက်လိုက်တာကို အော်တိုမောင်း သူတွေက မကျေနပ်လို့ တစ်စီးမှ မထွက်တော့ဘဲ ရပ်လိုက်တာပါ။ ၂ ရူပီးဆိုတာ မြန်မာငွေနဲ့ တွက်မယ်ဆိုရင် ၃၂ ကျပ်ပဲ ရှိပါတယ်။ ဒီလောက် ငွေလေးတက်တာကို ဘာလို့များ ဒီလိုလုပ်တာလဲ၊ ဒီလိုလုပ် တော့ကောဘာအကျိုး ရှိလို့လဲလို့ ကျွန်တော်က ဆက်မေးခွန်းထုတ်လိုက်မိတယ်။
အကျိုးရှိတာပေါ့တဲ့။ အခုလိုအော်တိုတွေ မထွက်တော့ ခင်ဗျားပဲ ဒုက္ခရောက် ခဲ့ရတယ်မဟုတ်လား။ အော်တိုနဲ့ သွားရင် ရူပီး ၂၀၀ လောက်ပေးရမယ့် ခရီးကို အခု private taxi စီးလိုက်တော့ ရူပီး ၅၀၀ လောက် ကုန်သွားတယ် မလား။ ဒါ ခင်ဗျား တစ်ယောက်တည်းရှိသေးတယ်။ ဒေလီမှာ လူတွေ သန်း ၅၀ ကျော်ရှိတာ။ အဲဒီထဲမှာ ခင်ဗျားလိုလူ ၁၀ သန်းရှိတယ်ဆိုရင် လူ တွေက ဒေါသထွက်ကုန်ကြတော့မှာပေါ့ ဗျ။ ဒီတော့ ဘယ်သူလက်ချက်လဲဆိုတာ စုံစမ်းမယ်ဗျာ။ နောက်ဆုံး အစိုးရက ဓာတ်ဆီဈေး တက်လို့ဆိုတာ သိသွားတဲ့အခါ အစိုးရကို ၀ိုင်းအပြစ် တင်တော့ တာပေါ့ဗျာ။
ဒါတင်လား မဟုတ်သေးပါဘူး။ အဲဒီလို Burn တဲ့နေ့မှာ အော်တိုသမား တစ်ဦးဦးက မသိချင်ယောင် ဆောင်ပြီး လမ်းပေါ်တက်၊ စီးပွားရှာမယ်ဆိုရင် ကျန်တဲ့အော်တို သမားတွေက ထွက်လို့ မရအောင်ကို ၀ိုင်း ကန့်ကွက်ကြတယ်။ ပြီးတော့ ဒါဟာ အများအတွက် လုပ်တာ ဖြစ်တဲ့အတွက် လိုက်နာရမယ်ဆိုပြီး ၀ိုင်းပြော ကြနဲ့၊ နောက်ဆုံး ဘယ်အော်တို သမားမှ လမ်းပေါ်မထွက် ကြတော့ဘူးလေ။
အဲဒီကျတော့မှပဲ ကျွန်တော်လည်း ဇာတ်ရည်လည်တော့တယ်။ ဒါကြောင့် အော်တိုသမားတွေ လမ်းပေါ် မထွက်ကြတာကိုး။ ဒါနဲ့ ဆက်ပြီး မေးမိတာက အခုလိုမျိုး Burn တာတွေက အော်တိုသမား တွေပဲလားလို့။ ဘယ်ကလာ နေရာပေါင်းစုံ ကနေ Burn တဲ့။ ဥပမာ ခရမ်းချဉ်သီး တစ်ကီလိုကို တစ်ရူပီး လောက်တက်တာနဲ့ ဈေးသည်တွေ Burn တာ အပါအ၀င် အစိုးရက အများပြည်သူနဲ့ ပတ်သက်တဲ့ လုပ်ငန်းရပ်တွေမှာ ပြည်သူက ထိခိုက်နစ်နာ တယ်ဆိုရင် အကြောင်းအရာ အလိုက် သူ့ နယ်ပယ်နဲ့သူ Burn လေ့ရှိပါတယ်။ သူပြောတဲ့ထဲမှာ မှတ်မှတ်ရရ ဆိုရင် ခရမ်းချဉ်သီးဈေး တက်တာကို မဖြေရှင်းပေးလို့ ပြုတ်တဲ့သူတောင် အစိုးရအဖွဲ့ဝင်တွေ တောင် ရှိတယ်တဲ့လေ။ အံ့သြပါပေါ့ဗျာ။
အိန်္ဒိယ နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာတာ ရာစုနှစ် တစ်ဝက်ကျော် နေပါပြီ။ ဒါပေမဲ့ အခုအချိန်ထိ အစိုးရရုံးတွေမှာ ဗျူရိုကရက် ဆန်ဆန် ကြိုးနီစနစ်တွေကြောင့် ကြန့်ကြာမှုတွေ၊ ခွဲခြားမှုတွေ ရှိတာကတော့ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ အစိုးရရဲ့လုပ်ရပ်တစ်ခုခုဟာ ပြည်သူကို ထိခိုက်လာမယ်ဆိုရင် မကြောက်မရွံ့တန် ပြန်ရမယ့်အသိ အားကောင်းမောင်းသန် ရှိမှုကတော့ ချီးကျူးရမှာပါ။ ဒီလိုမျိုး Burn တဲ့ အလေ့အထဟာ အခုဆိုရင် အိန်္ဒိယ ပြည်သူတွေရဲ့ စိတ်ထဲမှာ ပြည်သူရဲ့လုပ်ပိုင်ခွင့် အာဏာဆိုတာက စွဲနေပါပြီ။ နောက်ဆုံး ဘယ်လောက်ထိအောင် အောင်မြင်သလဲ ဆိုရင် ကမ္ဘာ့စွယ်စုံကျမ်းလို့ ပြောဆိုကြတဲ့  Wikipedia မှာတောင် အိန်္ဒိယကို အခြေပြုလို့ Bride Burning ဆိုတာကို သီးခြား အကြောင်းအရာ တစ်ခုအနေနဲ့ အဓိပ္ပာယ် ဖွင့်ထားရပါတယ်။ စာတွေ ရှည်ကုန်မှာ စိုးလို့ သိချင်တယ်ဆိုရင် ၀င်ပြီးဖတ်ကြည့်လို့ ရပါတယ်။
အိန်္ဒိယနိုင်ငံမှာ တရားဝင်ဆန္ဒပြ မယ်ဆိုရင် မြန်မာနိုင်ငံမှာလိုပဲ ဆန္ဒပြခွင့် တောင်းဆိုရသလို ဆန္ဒပြခွင့်မရှိတဲ့ နေရာတွေကိုလည်း သီးခြား သတ်မှတ်ထားပြီး သားပါ။ ဒါပေမဲ့လည်း သတ်မှတ်ထားတဲ့ နေရာမှာ ဆန္ဒပြတာကို အစိုးရက အရေး တယူမလုပ်မှာ စိုးရိမ်လို့ အခုလိုမျိုး Burn တာတွေက အခုအချိန်ထိ ရှိနေတုန်းပါ။
မြန်မာပြည်မှာလည်း ဒီလိုပုံစံမျိုး အလားတူ Burn တဲ့ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးပါတယ်။ အဲဒါက ၁၉၃၈ ခုနှစ် ဒီဇင်ဘာလက ဖိနှိပ်ချုပ်ချယ်သူ ဗြိတိသျှတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားဖြစ်တဲ့ အတွင်းဝန်များရုံးကို အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပြည်သူစသဖြင့် နယ်ပယ်ပေါင်းစုံက လူတွေ ပိတ်ပင်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ဒါပေမဲ့ အဲဒီ နောက်ပိုင်း အစိုးရရဲ့ယန္တရားကို ထိခိုက်စေနိုင်ခဲ့တဲ့ ပြည်သူ့လုပ်ရပ်က မရှိသလောက် လို့တောင် ပြောရမှာပါ။
လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ အခြေခံ ဥပဒေအရပေးထားတဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့် ကလည်း ပုဒ်မ ၁၈ ဆိုတဲ့ ခြေချင်းနဲ့ ခတ်ခံရဆဲပါ။ ဒါကိုလည်း နိုင်ငံရေး နယ်ပယ်အသီးသီးနဲ့ လွှတ်တော်အမတ် တချို့ကလည်း တိုက်ဖျက် နေဆဲပါ။ ဒါပေမဲ့ မအောင်မြင်သေးပါဘူး။ ဒီခြေချင်းနဲ့ပဲ အခုဆိုရင် တစ်ယောက်ပြီးတစ်ယောက် ထောင်နန်း စံနေရတာလည်း မီဒီယာတွေမှာ ဖတ်ကြည့်ရင် တွေ့နိုင်ပါတယ်။
ခြေချင်းခတ်ထားတဲ့ ပုဒ်မ ၁၈ ကို မျက်နှာလွှဲလို့ကျွန်တော်တို့လည်း မဇ္ဈိမ သားတို့ထုံး နှလုံးမူကြရင်ကော။ အနည်းဆုံးတော့ ပုဒ်မ ၁၈ နဲ့ လွတ်ကင်းနိုင်သလို ပြင်ပမှာ ငိုကြွေးတမ်းတ နေရမယ့် မိဘဆွေ မျိုးတွေလည်း စိတ်ချမ်းသာကြပါလို့…။


မြန်မာသံတော်ဆင့်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.