Photo From :Mizzima - News in Burmese
မပြောမပြီး၊ မတီးမမြည်ဆိုသလို မပြောချင်ပေမယ့် ပြောကိုပြောရမယ့် အခြေအနေမျိုးက ပေါ်ပေါ်လာတယ်။ သတင်းစာဆရာဆိုတာ မတော်မတည့်တာတွေ့ရင် ထောက်ပြ၊ အကြံပြုဖို့ တာဝန်ရှိတယ်။ အဲဒီအတွက် ဘယ်သူ့မျက်နှာကိုမှ ထောက်နေမှာမဟုတ်ဘူး။ အရေးကြီးတာက ကျနော်တို့သတင်းစာဆရာတွေ ဘယ်နေရာကနေ ရပ်ပြီး ပြောနေသလဲဆိုတာ ကွဲဖို့ပဲလိုတယ်။ ကျင့်ဝတ်နဲ့လည်းညီ၊ ရိုးသားမှုလည်းရှိ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမပါ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားဖက်က ရပ်တည်၊ ရည်ရွယ်တာလည်းမှန်ရင် မပြောရဲ၊ မရေးရဲစရာ ဘာမှ မရှိဘူး။ အရေးကြီးတာက ဒီလို ခံယူချက်ရှိတဲ့ သတင်းစာဆရာတွေနဲ့ သတင်းမီဒီယာတွေ ရေရှည်ရပ်တည်နိုင်ဖို့ပဲ။ ဒီလိုမှမဟုတ်ပဲ အဖေတော့၊ မောင်တော့၊ အတင်းအဖျင်း၊ ဆဲစာ၊ ဆိုစာ၊ ကလော်တုတ်စာတွေနဲ့ သိမ်ဖျင်းနိမ့်ကျတဲ့ သည်းခြေကြိုက် အဝါရောင် သတင်းမီဒီယာတွေသာ ကြီးစိုးလာရင် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသလို ဘယ်သူက ဝင်အမြတ်ထုတ်သွားမလဲဆိုတာ ပြောနေစရာလိုမယ်မထင်ဘူး။

ဒါပေမဲ့ခက်တာက နှစ်အများကြီး တစ်ဖက်သတ် အဖိအနှိပ်၊ အကွပ်အညှပ်ခံခဲ့ရတဲ့ ပြည်သူအများစုက သူတို့အရင်က မပြောရဲ၊ မဆိုရဲခဲ့တာတွေ၊ သူတို့ မသိသေးတဲ့ တစ်နည်းအားဖြင့် သူတို့ မုန်းတီးခဲ့တဲ့ အာဏာရှင်နဲ့ ခရိုနီတွေရဲ့ အမှန်၊ အမှားရောနေတဲ့ အတင်းအဖျင်းတွေကို အာသာငမ်းငမ်းဖြစ်တာ ဆန်းတော့ မဆန်းဘူး။ အဲတော့ ပရော်ဖက်ရှင်နယ် ပီပီသသ ရပ်တည်ပြီး တည်တည်ငြိမ်ငြိမ် သွားနေတဲ့ သတင်းမီဒီယာတွေ အနည်းနဲ့ အများဆိုသလို ထိခိုက်တာပေါ့။ နေ့စဉ်သတင်းစာထုတ်နေတဲ့ မီဒီယာတချို့ဆိုရင် ဘယ်ခရိုနီ၊ ဘယ်ဗိုလ်ချုပ် သားသမီးနဲ့ မှ မပတ်သက်ပဲ ကိုယ့်ချွေးနဲစာနဲ့ ရည်တည်နေရတာ။ သတင်းစာ စထုတ်တဲ့နေ့စပြီး နေ့စဉ်ရှုံးလာတာ အခုဆို ခုနှစ်လကျော် ရှစ်လထဲရောက်တဲ့အထိ ရှုံးနေတုန်း။ အစိုးရက ပါးစပ်က ဒီမိုကရေစီပြော၊ ပုဂ္ဂလိက မီဒီယာတွေကို အလေးထားတယ်ပြောနေပေမဲ့ လက်တွေ့မှာတော့ ပုဂ္ဂလိက မီဒီယာစစ်စစ်တွေကို သွယ်ဝိုက်ပြီး သေအောင်သတ်သလိုပဲ။

ဒီနေရာမှာ ပုဂ္ဂလိက မီဒီယာစစ်စစ်တွေလို့ ပြောတာ အကြောင်းရှိတယ်။ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ ကာလတွေတုန်းက အဆဲအဆိုခံ၊ အတိုင်အတောခံ၊ အပိတ်အသိမ်းခံ၊ အခြိမ်းအခြောက်ခံ၊ ရန်-ငါစည်း အခြားခံ၊ တရားအစွဲခံပြီး ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ရပ်တည်လာခဲ့တဲ့ သတင်းသမားစစ်စစ်တွေရဲ့ သတင်းမီဒီယာစစ်စစ်တွေ ဒီနေ့အချိန်မှာ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ မနည်းအားယူရပ်တည်နေရတဲ့အချိန် အာဏာရှင်တွေနဲ့ သိသိသာသာတစ်မျိုး မသိမသာတစ်မျိုး၊ တိုးတိုးတိတ်တိတ်တစ်မျိုး တစ်ချိန်လုံးပေါင်းစားလာခဲ့တဲ့ သူတွေ၊ အာဏာရှင်အဆွယ်အပွားတွေ၊ ခရိုနီလို့ပြောရမယ့် အခွင့်အရေးသမား လုပ်စားကိုင်စားတွေ၊ နိုင်ငံတကာ ထောက်ပံ့လှူဒါန်းငွေတွေ ဗုံးပေါလအောရပြီး ပြည်ပမှာ အီလစ်တွေလိုနေလာတဲ့သူတွေ (ထောက်လှမ်းရေးက ပြည်ပြေးကျောင်းသားတွေနဲ့ ရောလွှတ်လိုက်တဲ့ ငါးထောင်စား၊ သုံးထောင်စားသတင်းပေးတွေ) လွတ်လပ်ခွင့်ပေးတဲ့ကာလလည်းရောက်ရော မီဒီယာလောကထဲ ဒိုင်ဗင်ပစ်ဝင်လာလိုက်ကြတာ နေရာတကာ သူတို့ချည်း။ အဲတော့ သာမန်လူတွေ ဘယ်လိုမှ မရနိုင်တဲ့ ထောက်လှမ်းရေးရီပို့တို့၊ ရဲစစ်ချက်တို့ ရတာ ဘာမှမဆန်းဘူး။ တကယ်တော့ အခုမှ သူတို့အချင်းချင်း အရင်က မကြေနပ်တာတွေ အပြန်အလှန် ခွပ်ချင်တာနဲ့ ဒီမိုကရေစီ အလံလွှင့်ပြီး အသံကောင်းဟစ်နေကြတာ။ တကယ်တော့ အချင်းချင်း ပြန်ဆော်နေကြတာ။ သေချာဖတ်ကြည့်လေ။ ခရိုနီဆိုပြီး ဆဲတဲ့အထဲမှာ ဘယ်ခရိုနီတွေ မပါဘူးလဲ၊ အာဏာရှင်ဆိုပြီး ကလော်တုပ်တဲ့အထဲ ဘယ်ဗိုလ်ချုပ်တွေ မပါဘူးလဲ ဆိုတာ။ ဒီနေ့ ပြည်တွင်းမှာ ငါကွ လုပ်နေတဲ့သူတချို့ကိုလည်းကြည့်ဦး။ သူတို့ မလိုတဲ့သူမှန်သမျှ ပတ်ဆဲ၊ အပုတ်ချ၊ လိုတဲ့သူ ဒါမှမဟုတ်၊ မိတ်ဆွေဖွဲ့ထားတဲ့သူ၊ ရှယ်ရာဝင်ထားတဲ့သူကျ ဘာမဟုတ်တာလုပ်လုပ် ဘာမှ မပြောဘူး။ ဒါတွေပြောရင် ကိုယ်ပဲ အဆိုးမြင်တယ် ဖြစ်အုံးမယ်။ တော်ပြီ။ မပြောချင်တော့ဘူး။

ပြောချင်တာက မိကျောင်းကန်ကိစ္စ။ ဒီတစ်ခါတော့ ၂၀၀၇ မတိုင်ခင် ၂၀၀၃ ဒီပဲယင်းကိစ္စကတည်းက စနစ်တကျ လေ့ကျင့်ထားတဲ့ အကြမ်းဖက် ခေါ်စွမ်းအားရှင်တွေကို ဝတ်စုံတစ်ခု ဝတ်ခိုင်းပြီး ထုတ်သုံးတယ်လို့ ယူဆစရာရှိတယ်။ သာမန်အားဖြင့် ဒီလိုငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ အသက်အရွယ်ရ အမျိုးသမီးကြီးတွေကို ဒီလိုနည်းနဲ့ အကြမ်းဖက်ဖို့ မဖြစ်နိုင်ဘူး။ ၂၀၀၇မှာ သံဃာကိုတောင် မရှောင် လက်ရဲဇက်ရဲ ရိုက်ရဲ၊ သတ်ရဲတဲ့သူတွေကို သုံးဖို့များတယ်။ ခန့်မှန်းကြည့်တာပါ။ ဖြစ်နိုင်ခြေတော့များတယ်ထင်တာပဲ။ တကယ်ဆို ဆန္ဒပြတဲ့သူတွေ မှားတာ၊ မှန်တာ၊ လွန်တာ၊ မလွန်တာ တစ်ပိုင်း။ ဒီလိုနည်းနဲ့သုံးပြီး ဖြိုခွဲတာမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ သူတို့တကယ်နစ်နာကြလို့သာ ဒီလောက်အထိ ဇွဲရှိရှိ ဆန္ဒပြကြတာပေါ့။ ကိုယ်ကလည်း မတရားသိမ်းထားသေး။ အကြမ်းနည်းလည်းသုံးသေးဆိုရင် သိပ်ကြည့်မကောင်းဘူး။ ကိုယ့်ဘာသာ ကိုယ် အိုးမဲပြန်သုတ်မိသလိုဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ လာပြောတာကလည်း ရိုက်နှက်ပြီးမှ ဖြစ်နေတယ်။ လာတဲ့ လွှတ်တော်ကိုယ်စားလှယ်ကိုကြည့်အုံး။ သူကိုယ်တိုင် တောင်ဥက္ကလာက ပန်းဥယျာဉ်နဲ့ ကစားကွင်းမြေနေရာကိစ္စ ငြိထားတဲ့သူ။ ဘာတွေဖြစ်နေကြတာလဲ၊ ဘာ့ကြောင့် ဖြစ်ရတာလဲ၊ နောက်ကွယ်မှာ ဘာတွေရှိနေလဲ၊ ဘာကြောင့် ဒီလောက် လုပ်ရတာလဲ၊ ဘယ်သူက အမိန့်ပေးတာလဲ၊ ဘယ်သူ့ကို ရောင်းထားပြီးသားဖြစ်နေလို့လဲ၊ ရောင်းထားပြီးသားဖြစ်နေရင်တောင် ညှိနှိုင်းလို့ မရတော့ဘူးလား၊ နစ်နာသူတွေကို ဖြေသိမ့်စရာ တခြားနည်းလမ်း မရှိတော့ဘူးလား၊ မေးခွန်းတွေ တသီကြီး။

အဲဒီအတွေးတွေနဲ့ပဲ မနက်ဖန်ထုတ် သတင်းစာအတွက် ခေါင်းကြီးရေးဖြစ်တယ်။ မအောင့်နိုင်တာနဲ့ ဒီနေ့ကြိုတင်လိုက်တယ်။ သတင်းစာထွက်လာရင်တော့ ဝယ်ဖတ်ပြီး အားပေးကြအုံး။

ဟန်ပြအပြောင်းအလဲလော

၁၉၉၂ခုနှစ်ခန့်ကပင် တပ်မတော် အင်ဂျင်နီယာတပ်ရင်း
က သိမ်းယူထားသည့် သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက်မြေနေရာများ ပြန်လည်ရလိုသောကြောင့် သပိတ်စခန်းဖွင့်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူ မူလပိုင်ရှင် အမျိုးသမီးကြီးများကို တပ်စည်ပင်တံဆိပ်များပါသည့် အပေါ်ဂျာကင် ဂျိုင်းပြတ်အနက်ရောင် တူညီဝတ်စုံဝတ်ဆင်ထားသူများက အကြမ်းဖက် ဝင်ရောက်ရိုက်နှက်ခဲ့ကြသည်။

ထိုသို့ အကြမ်းဖက်ရိုက်နှက်ခဲ့သောကြောင့် ဆန္ဒထုတ်ဖော်နေသူ အမျိုးသမီး ဆယ်ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရသည်အထိ အခြေအနေတင်းမာသွားခဲ့သည်။

၂၀၀၇ခုနှစ် သံဃာတော်များဆန္ဒပြမှုနောက်ပိုင်း ပဋိပက္ခများ၊ အထိကရုဏ်များကို ပြည်သူ့ရဲတစ်ဖြစ်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့များဖြင့် နှိမ်နင်းလာခဲ့ရာ လူ့အခွင့်အရေးကိုအခြေခံကာ နိုင်ငံတကာက လက်ခံထားသည့် အထိကရုဏ်းနှိမ်နင်းသည့်ပုံစံမျိုးမဟုတ်သည့်အတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် သံဃာတော်များကို ရက်စက်စွာ အကြမ်းဖက် ရိုက်နှက်ခြင်း၊ ညအချိန်မတော်တွင် သံဃာတော်များ သီတင်းသုံးရာ ကျောင်းတိုက်အတွင်း အလစ်အငိုက် ဝင်စီးကာ အကြမ်းဖက် တိုက်ခိုက်ခြင်း၊ လာရောက်ကြည့်ရှုသော လူအုပ်အတွင်း သေနပ်ဖြင့် ပစ်ခတ်ခဲ့ခြင်းမှာ တပ်မတော်အစိုးရ တစ်နည်းအားဖြင့် စစ်အစိုးရလက်ထက်တွင် ဖြစ်နေသောကြောင့် များစွာ စောဒကတက်စရာမရှိပေ။

သို့သော် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ထားသည့် သမ္မတဦးဆောင်သော အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်နေပါသည်ဟု တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ထုတ်ဖော်ကြေညာထားသော ကာလမျိုးတွင် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများကို နှိမ်နင်းဖြေရှင်းရာတွင် ယခင်စနစ်ဆိုးအတိုင်းရှိနေခြင်းမှာ မေးခွန်းထုတ်စရာကောင်းလှသည်။

လက်ပံတောင်းတောင်ဒေသ ဆန္ဒပြသူ သံဃာတော်များ၏ သပိတ်စခန်းကိုလည်း ညအချိန်မတော် သူပုန်စခန်းဝင်စီးသကဲ့သို့ အလစ်ဖမ်း တိုက်ခိုက်သည့်အပြင် မီးလောင်စေတတ်သော လက်နက်များ အသုံးပြုခဲ့ခြင်း၊ ရန်ကုန်မြို့တော် ၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းဘေးရှိ အလှစိုက်ပန်းပျိုးပင်ရောင်းချသူများကိုလည်း ညအချိန်မတော်တွင် ထွက်ပေါက်ပိတ် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ယခုလတ်တလော မိကျောင်းကန်မြေအရေး ဆန္ဒပြသူများကိုလည်း ထပ်မံ အကြမ်းဖက် ဖြိုခွင်းလာခြင်းတို့မှာ အပြောနှင့် အလုပ် ညီပါ၏လောဟု မေးစရာရှိပေသည်။

ပြည်ထဲရေးဝန်ကြီးဌာနဖြစ်စေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရဖြစ်စေ၊ ကာကွယ်ရေးဝန်ကြီးဌာနဖြစ်စေ ယနေ့အချိန်အထိ ပြည်သူလူထုက အစိုးရဟုသာ တစ်ပေါင်းတစ်စည်းတည်း မှတ်ယူထားခံရသူများအနေနှင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများကို ဒီမိုကရေစီစံနှုန်းများနှင့် အညီ တာဝန်ယူဖြေရှင်းပေးရန် တာဝန်ရှိပေသည်။ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် ဖြစ်ပေါ်လာမည့် ဖျောက်ဖျက်မရသည့် နောက်ဆက်တွဲပြဿနာများကိုလည်း အကြမ်းဖက်နှိမ်နင်းရန် အမိန့်ပေးစေခိုင်းသူများကို ကိုယ်စားပြုသော အဖွဲ့အစည်း သို့မဟုတ် အစိုးရက တာန်ယူရမည်ဖြစ်သည်။

ပြီးခဲ့သော ကာလများအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဘာသာရေးအရေခြုံ လူတစ်စုက ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ကျူးလွန်ခဲ့သော လူသတ်၊ မီးရှို့၊ လုယက်၊ အကြမ်းဖက်လုပ်ရပ်များကိုမူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများနှင့်မတူ ကွဲပြားစွာ ထိန်းသိမ်းသော ပြည်ထဲရေးဝန်ကြီးဌာန၏ အပြုအမူမှာ များစွာသံသယဖြစ်စရာကောင်းကြောင်း ဝေဖန်သုံးသပ်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လျှက်ရှိသည်။

အင်အားသုံးကာ အကြမ်းဖက်နှိမ်နင်းမှုများ၏ နောက်ကွယ်တွင် အများပြည်သူအား ပွင့်လင်းစွာ မထုတ်ပြန်ရဲသော ကြီးမားသည့် အကျိုးစီးပွားများ ပါဝင်ပတ်သက်နေသလောဟူ၍လည်း မေးခွန်းထုတ်စရာရှိပေသည်။ လက်ရှိဆန္ဒပြနေသော မိကျောင်းကန်မြေနေရာများမှာ နိုင်ငံခြားကုမ္ပဏီတစ်ခုထံ နှစ်ရှည်ငှားရမ်းရောင်းချထားကြောင်း အတည်မပြုရသေးသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိရာ ယခုကဲ့သို့ အင်အားသုံးကာ ဇွတ်အတင်းအကြမ်းဖက် နှိမ်နင်းခြင်းက ထိုသတင်းမှန်ကန်ကြောင်း သက်သေပြသကဲ့သို့ ရှိပေမည်။

မြန်မာနိုင်ငံသာမက ကမ္ဘာတစ်ဝန်းလုံး ဒီမိုကရေစီလူ့ဘောင်တစ်ရပ်ဆီသို့ ဦးတည်စပြုနေသောကာလမျိုးတွင် ဤသို့သော အရေးကိစ္စမျိုးကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းဖြင့် ရှည့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေမျိုး ဖန်တီးသင့်သော်လည်း ယခင်နည်းလမ်းဟောင်းများအတိုင်းသာ ဖြေရှင်းနေပါက လက်ရှိအပြောင်းအလဲသည် အစစ်အမှန်မဟုတ်ပဲ ဟန်ပြသက်သက်ဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာကို လိမ်ညာနေခြင်းဟု သံသယကြီးစွာ စွပ်စွဲပြောဆိုနေသူများ မှန်ကန်ကြောင်း လက်တွေ့လုပ်ရပ်များဖြင့် သက်သေပြသကဲ့သို့ ဖြစ်နေမည်ကို အထူးသတိချပ်သင့်ပေသည်။

အယ်ဒီတာ(၈-၁၂-၂၀၁၃)
Kyaw Min Swe