12/15/13



မမျှမတရေးထားတဲ့ဥပဒေနဲ့တော့၂၀၁၅ရွေးကောက်ပွဲမဝင်သင့်ဖူး * နိုင်ငံရေးအာဏာကိုကြာကြာယူမထားနိင်ပေမဲ့ဂုဏ်သိက္ခာက နိုင်ငံတည်သ၍တည်နိုင်တယ် * အနိုင်ရတာကောင်းပေမဲ့အနိုင်ရတဲ့နည်းက ကောင်းဖို့အရေးကြီးတယ် * ကိုယ်ကအစိုးရလုပ်နေရရင်ကောင်းတယ်ပြောပြီး အခြားသူတွေကအစိုးဖြစ်ဖို့ကြိုးပမ်းတာကျတော့လောဘလို့ပြောနေတာ ဘယ်တရားမလဲ။မပြုပြင်မပြောင်းလဲရဲတာလည်းအဂတိလိုက်စားတာပဲ။

* ကျွန်မနဲ့အပြေးပြိုင်မဲ့သူကိုအနိုင်ရဖို့ သူ့ခြေထောက်တွေကိုတုတ်နှောင်ပြီးမှ အနိုင်ရမယ်ဆိုရင် ကျွန်မကိုယ် ကျွန်မရှက်တယ်..

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်တယ်လို့ ပြည်သူတွေက စာလေး လေးငါးကြောင်း ရေးပို့လိုက်ရင်တောင် လွတ်တော်က ဖတ်လို့တောင် နိုင်မှာမဟုတ်ဘူး။

ကျမပွင့်ပွင့်လင်းလင်းပဲပြောပါရစေ၊ ကိုယ်အရင်တုန်းက အတိတ်တုန်းက လုပ်ခဲ့တဲ့ ကိစ္စတွေအတွက် လိပ်ပြာမသန့်လို့ ရှိရင်လည်းရတယ်၊ ကျမတို့ဆွေးနွေးပြီးတော့ ပြေလည်အောင်လုပ်ယူမယ်၊ ဒီလိုသတ္တိမျိုးတော့ရှိရမှာပေါ့၊ အားလုံးကိုယ့်လက်ထဲမှာရှိမှ လုပ်ရဲတယ်ဆိုရင် ဒါသတ္တိမဟုတ်ဘူး၊ အလွဲသုံးစားလုပ်တာပဲ။

ကျမကလေ လူတစ်ယောက်နဲ့ အပြေးပြိုင်လို့ရှိရင် သူ့ကိုတော့ခြေထောက်နှစ်ဖက်ချည်ထားပြီးမှ အပြေးပြိုင်တာမျိုးကျမ မလုပ်ချင်ဘူး။အဲဒါ ကျမ သိက္ခာအတွက် ပါ။ အဲဒီတော့ နိုင်ရုံနဲ့သိက္ခာရှိတာမဟုတ်ပါဘူး။ နိုင်ပုံ နိုင်နည်းက အများကြီးစကားပြောပါတယ်လို့ ကျမပြောချင်ပါတယ်။

အချို့က အမျိုးသားဒီမိုကရေစီ အဖွဲ့သာ အစိုးရဖြစ်ရင် အုပ်ချုပ်ရေးအာဏာ ရရင် ကလဲ့စားချေမယ်။ ဒဏ်ပေးမယ်။ ရန်ပြုမယ်။ ဒီလို စိတ်ထဲ ရှိနေကြပါတယ်။ အဲဒါကတော့ ကိုယ့်စိတ်နဲ့ ကိုယ်နိုင်းရင်တော့မသိဘူး။ ကျမတို့မှာ အဲလို လုံးဝ မရှိပါဘူး ။

အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိုလုပ်ဆောင်တဲ့အခါမှာ တကယ့် အဟန့်အတားကြီး ကတော့ ဒီအဖွဲ့ စည်းပုံ အခြေခံဥပဒေပဲ ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ချင်ပါတယ်လို့ ပြောတာ ဒါက ကျမတို့ တရားဝင်ပြောတာပါ ။ ခိုးကြောင် ခိုးဝှက် မပြင်ချင်သလို ပြင်ချင်သလို လုပ်နေတာမဟုတ်ပါဘူး။
ကျမတို့ အဲလိုပြောချင်းဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေပြင် မှသာလျှင် ကျမတို့ ရှေ့ကို တိုးတတ်နိုင်မယ်လို့ ယုံကြည်လို့ပါ။ ဒါကို တိုင်းပြည်ကို မတည်ငြိမ်အောင် လုပ်တယ် လို့ ဝေဖန်တဲ့သူတွေ ရှိပါတယ်။

မမျှတတဲ့ဥပဒေနဲ့ အထက်စီးယူပြီး ရွေးကောက်ပွဲဝင်တဲ့သူတွေဟာ သိက္ခာမရှိဘူး။

နိုင်ငံရေးပါတီတစ်ခုအနေနဲ့ အစိုးရဖြစ်ဖို့ကျိုးစားတာဟာ ဒီမိုကရေစီ လုပ်ရိုးလုပ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒါကို လက်မခံနိုင်ဘူးဆိုရင် ဒီမိုကရေစီကို ပြစ်ပယ်ရာရောက်တယ်။

ဒေါ်အောင်ဆန်းစုကြည်
Credit : ထင် လင်း ဦး


ဓာတ်ပုံတစ်ခုဟူသည် သမိုင်းဖြစ်သည်။ အထူးသဖြင့် ထိုသမိုင်းသည် သံမဏိအမျိုးသမီးဟု ကမ္ဘာကအမည် နာမတပ် ရသည်အထိ လေးစားကြသော မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဘဝကို ပေးဆပ်မြှုပ်နှံထားခဲ့သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့တန်းရောက်ခွင့်မရသော မိသားစုသမိုင်း။ ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်၊ စနေနေ့က မိဘနှစ်ပါးစုံညီစွာ ဖြင့် သားနှစ်ဦးကို ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပခွင့်ရခဲ့သည့် မှတ်တမ်းဓာတ်ပုံ။ အသံမဲ့ စကားလုံးများက ခံစားတတ်သူတိုင်း၏
နှလုံးသားကို ခပ်ပြင်းပြင်းခေါက်လိုက်သလိုပင်ဖြစ်သည်။
ထိုပုံကို အင်တာနက်ဖေ့စ်ဘွတ်တွင် တင်ခဲ့သူက မစီစီရိုဇာ။ သူက ထိုပုံကို ကျော်ကြားမှုနှင့် အကျိုးမျှော်လင့်ချက် တစ်စုံ တစ်ရာအတွက် တင်ခဲ့ခြင်း မဟုတ်။ ထိုပုံ တင်ဖြစ် ခဲ့ခြင်း တွင် အဓိပ္ပာယ်များစွာ ရှိပြီး ထိုဓာတ်ပုံတွင်လည်း ပြန် လည်တူးဆွစရာသမိုင်းနှင့် ခံစားချက်များစွာရှိပါသည်။

”မေမေစု အကြောင်း ဆိုရင် သူ အကျယ်ချုပ်တုန်း က ဆင်းရဲဒုက္ခခံခဲ့ရတာတွေ ပဲ လူတွေက ပြောကြတယ်။ မိသားစုလည်း ဥကွဲ သိုက် ပျက် ဒုက္ခရောက်ခဲ့ရတယ်။ မိသား စုဆိုတာက ပင်လယ် သမုဒ္ဒရာတွေခြားနေရတယ်။ ဒီမှာကျတော့လည်း ယောက်ျားလည်းမရှိ၊ သားတွေလည်းမရှိ၊ အဖေလည်းမရှိ အမေလည်းမရှိနဲ့ မြန်မာပြည်သူ သန်း ၆ဝ အတွက်ပဲ သူနေခဲ့တာပါ။ တကယ်တော့ ဒီပုံတင်တာဟာ ဗိုလ် ချုပ်မို့ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်မို့လို့ မဟုတ်ဘဲ၊ အဲဒါ တွေ ကြားချပြီး လူသားဆန်ဆန်နှလုံးသားတွေကို ပြချင်တာပါ” ဟု မစီစီက သူပုံတင်ဖြစ်ခြင်း၏ ခံစားချက်ကို ပြောသည်။

သူ့ခံစားချက်က ပြောစရာများသည်။ တကယ်တော့လည်း အမှန်တရားဖြစ်ပါသည်။ ဒေါ်စု၏ ခင်ပွန်းဖြစ်သူက ကင်ဆာ ရောဂါဖြစ်ပွားချိန်တွင် ကျန်းမာရေးအကြောင်းပြ ချက်ဖြင့် ပြည်ဝင် ခွင့်မရခဲ့ချိန်တွင်တော့ စိတ်ဂျုံးဂျုံးကျကာ ကွယ်လွန်ခဲ့ခြင်း ဖြစ် သည်။

ထို့ပြင် ထိုဓာတ်ပုံတွင် ဒေါ်စုက သားဖြစ်သူကို ငေးကြည့်နေ သည့် မျက်ဝန်းများကိုလည်း မစီစီက”ပုံထဲမှာ သားကိုပဲ ကြည့်နေ တာ။ သားကို ဘယ်လောက်ချစ်လဲ ဆိုတာ ပေါ်လွင်နေတာပဲ”ဟု သူ့ခံစားချက်ကို ပြောသည်။
တကယ်တမ်း မစီစီသာမက ဖတ်ဖူးသည့်လူသားတိုင်း စိတ်မကောင်းဖြစ်ရသည်ကNoriko Otsu ၏ Letter for Aung San Su Kyi (မသီတာ-စမ်းချောင်းဘာ သာပြန်) ‘ဒေါ်အောင် ဆန်းစုကြည်အတွက် စာတစ်စောင်’စာအုပ်ထဲမှ ဒေါ်စုက ခင်ပွန်း ဖြစ်သူကို နောက်ဆုံးပြောခဲ့သည့်စကား ဖြစ်သည်။

”အဲဒီစာကိုဖတ်ရတာ စိတ်ထိခိုက်ရတယ်။ အဲဒီမှာရေးတာက ”မိုက်..မင်းနဲ့ငါနဲ့အချစ်ကို ဘယ်သူမှ ရွေ့လျားလို့ မရနိုင်ပါဘူး တဲ့”ဟု မစီစီက သူ့ခံစားဖြင့် မျှဝေပြောပြ သည်။ သူကပင်ဆက်၍ ”ဒီစာအုပ်က မြန်မာပြည်သားတိုင်း လူတိုင်းဖတ်သင့်တဲ့စာအုပ်ပါ။ ဒီစာအုပ်ကို ဖတ်ရင် နှလုံးသားရှိတဲ့သူငိုမှာပဲ။ မငိုတဲ့သူဟာ နှလုံးသားမရှိတဲ့ သူဖြစ်မှာပါ”ဟုလည်း လှိုက်လှဲစွာဆိုခဲ့သည်။
ထိုဓာတ်ပုံတွင် ခင်ပွန်းဖြစ်သူ မိုက်ကယ်က ဇနီးနှင့် သား များကိုချစ်မြတ်နိုးကာ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း သံဃာ တော်တွေကို ရှိခိုးကန်တော့ခဲ့သည်ကို လည်း မြင်နိုင်ပြီး ထိုဓာတ် ပုံကို ဒေါ်စု အကျယ်ချုပ်မှ လွတ်မြောက်စဉ်က မစီစီကိုယ်တိုင် ဒေါ်စုထံပေးခဲ့ဖူးပြီး ထိုမှတ်တမ်းများ အယ်လ်ဘမ်နှင့် ရှိသည်ဟု လည်း ပြောခဲ့ သည်ဟု မစီစီက သမိုင်းကို ဖြည့်စွက်ခဲ့သည်။
တကယ်တော့ ဒေါ်အောင် ဆန်းစုကြည်သည်လည်း လူ သားတစ်ဦးပင်ဖြစ်ရာ မြန်မာ ပြည်သူများအတွက် ကြံ့ကြံ့ခံရပ်တည်ရင်ဆိုင်နေသော်လည်း သူ၏နှလုံးသားထဲ လူသားဆန်သော အလွမ်း၊ ဆုံးရှုံးမှုနှင့် မျိုသိပ်ခံစားရခြင်းများလည်း ရှိနိုင်ပေရာ ထိုဓာတ်ပုံကအမှတ်မထင်လှပ်ပြနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

Popular Myanmar

ရ၅% ဒီမိုကရေစီ ဖြစ်သယောင်လုပ်ထားသော်လည်း အမှန်မှာ ၀% ဒီမိုကရေစီဖြစ်အောင် လုပ်ထားတာပါ။ ၁၀၀% အာဏာရှင်စနစ် ဖြစ်အောင် လုပ်ထားတာပါ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လွှတ်တော်မှာ ဆွေးနွေးတင်ပြသမျှတွေကို လွှတ်တော်အမတ်တွေထဲက ၂၅% သော စစ်သားတွေအား ထောက်ခံပါ ငြင်းပယ်ပါလို့ ဗိုလ်ချုပ် မင်းအောင်လှိုင်က အမိန့်ပေးနိုင်ပါ တယ်။ စစ်သားလွှတ်တော်အမတ်တွေဟာဘာကိုမှ စဉ်းစားစရာမလိုပါ။ ဗိုလ်ချုပ် မင်းအောင် လှိုင်က ထောက်ခံလိုက်ပါလို့ အမိန်ပေးရင် ထောက်ခံမယ်။ ငြင်းပယ်ပါ ဆိုရင် ငြင်းပယ် မှာပါ။ ဘာမှစဉ်းစားစရာမလိုတဲ့အတွက်လည်း စစ်သားတွေ လွှတ်တော်ထဲမှာ အိပ်နေတာပါ။ လူဦးရေ သန် ၆၀ ရဲ့ ၂၅% ဟာ ၁၅,၀၀၀,၀၀၀ ဖြစ်ပါတယ်။ ဒါကြောင့် သူတစ်ယောက်တည်းက လူ ၁၅ သန်းရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ကိုင်ထားနေ ပါတယ်။

သာမန်ကြည့်လျှင် ၇၅% ဒီမိုကရေစီဖြစ်နေတယ်လို့ ထင်စရာရှိပါတယ်။ မဟုတ်ပါ။ ဒီမိုကရေစီ မဖြစ်နိုင် အောင် တိုင်းပြည်အတွက် အရေးကြီးတဲ့ ဆုံးဖြတ် ချက်ကိုလည်း လွှတ်တော်မှာ ၇၅% ကျော်ထောက် ခံမဲရမှ အောင်မြင်ရမယ်လို့ သတ်မှတ်ထားလိုက်ပြန် ပါတယ်။ ၇၅%မှ ကျော်သောသူတို့သည် စစ်သားများပါ။ ထို့ကြောင့် စစ်သားများမထောက်ခံလျှင် မည်သည့် အရာမျှမအောင်မြင်အောင် လုပ်ထားတာပါ။ ပြည်သူတွေက ရွေးချယ်တင်မြှောက်ခြင်းမခံရတဲ့ လွှတ်တော်ထဲကစစ်သားအမတ်တွေ မထောက်ခံ ရင် ဘာမျှမအောင်မြင်နိုင်အောင်လုပ်ထားတာပါ။

ရ၅% ဒီမိုကရေစီ ဖြစ်သယောင်လုပ်ထားသော်လည်း အမှန်မှာ ၀% ဒီမိုကရေစီဖြစ်အောင် လုပ်ထားတာပါ။ ၁၀၀% အာဏာရှင်စနစ် ဖြစ်အောင် လုပ်ထားတာပါ။ တိုင်းပြည်ကြီး ထာဝရစစ်အာဏာရှင်အောက်မှာ ရောက်နေပါတယ်။ ပြည်သူတွေရဲ့ဆန္ဒကို ဆန့်ကျင်တဲ့မတရားမှုကြီးပါ။

Prodemo Aung Khin

ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမ တနေရာ။(photo.Irrawaddy)

ဆင်၊ မျောက်၊ ခါ သတ္တ၀ါ သုံးဦးမှာ ဘယ်သူအသက်ကြီးဆုံးလဲ သိချင်တဲ့အခါ သူတို့နေတဲ့ ညောင်ပင်ကြီးနဲ့ တိုင်းကြည့်ကြသတဲ့။ ကိုယ်တို့အစိုးရ၀န်ထမ်းတွေလည်း ၀န်ထမ်းသက် ဘယ်သူပိုကြီးသလဲ သိချင်ရင် နေပြည်တော်ကြီး အ၀ှာပြုတုန်းက မင်းဘယ်ရောက်နေသလဲ ဆိုတာနဲ့ တိုင်းရမယ် ထင်ပါတယ်။ ကိုယ့်အဖို့ကတော့ မှတ်မှတ်ရရပါပဲ။ ၂၀၀၆ မေလမှာ အထူးကုလက်ထောက်ဆရာဝန်အဖြစ်နဲ့ လောက်ကိုင်ကို အော်ဒါထွက်တော့ အမိန့်စာကို ဆေးရုံကြီးနံဘေး အခုဗဟိုအမျိုးသားသွေးလှူဘဏ်လုပ်ထားတဲ့ ဆေးသိပ္ပံပညာဦးစီးဌာနမှာ သွားယူရတာ။ အဲဒီမှာ ရုံးစာရေး နည်းနည်းပါးပါးပဲ ကျန်တော့တယ်။ တော်တော်များများက နေပြည်တော်ပြောင်းသွားကြပြီ။ ပြောင်းတုန်းကတော့ နေ့ကောင်းရက်သာရွေးပြီး မင်္ဂလာအချိန်အခါတွေနဲ့ “အောင်ပြီ။ အောင်ပြီ။” ကြွေးကြော်လို့ ကားတန်းကြီးနဲ့ ချီတက်ကြရတာပေါ့။ ဟိုရောက်တော့ နေစရာထိုင်စရာတောင် အသင့်မဖြစ်သေးတာမို့ အရာရှိကြီးတွေတောင် ရုံးမှာ ခြင်ထောင်ထောင် အိပ်ကြရသတဲ့။ “မလိုက်ချင် အလုပ်ထွက်” လို့ ပြတ်ပြတ်သားသား ရာဇသံပေးပြီး ထားခဲ့တဲ့သူတွေကို နောင်တရသွားစေဖို့ အဲသည်အချိန်က နေပြည်တော်မှာလိုက်ပြီး ဒုက္ခခံတဲ့သူတွေကို အိမ်ခန်းကောင်းကောင်း၊ ရာထူးကောင်းကောင်းတွေ ပေးပြီး ချွေးသိပ်ခဲ့တာ ခုဆို တော်တော်တောင် အမောပြေလောက်ရော့မယ်။ ဘာပဲပြောပြော အခုတော့ ရာဇဌာနီ ဖြစ်သွားပြီ မဟုတ်လား။

ကိုယ်တို့အတွက်ကြတော့ နေပြည်တော်ဆိုတာ ထီးစိုက်နန်းတည် အချုပ်အခြာ အာဏာပိုင်စိုးရာ ဒေသသက်သက်တင် ဘယ်ဟုတ်မလဲ။ ခုနစ်ခွေရစ် တောင်မြစ်သတ္တရဘံလယ် နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့ စံစိုးသိမ်းမြန်းရာ တောင်မြင့်မိုရ်ကြီးပမာလည်း ဖြစ်တယ်။ အရေးဆို ခိုကိုးပသရတဲ့နေရာ ဆိုပါတော့လေ။ လာလာပြီး ဂါရလွန်းလို့ ဂါရာလို့ခေါ်ရင်တောင် ရလောက်တယ်။ သတ္တဌာနလည်း ရှိပြီးသားဥစ္စာ။ ရှေးရိုးစွဲအယူဝါဒတွေအရ ပိုင်ရာဆိုင်ရာ ဘိုးတော်ဘတော်တွေကို လက်ဘက်ကွမ်းဆေး ကန်တော့ပွဲများပေးလို့ ဆုတောင်းဆုယူ အဓိဌာန်တွေက အခုခေတ်လူတွေ အယုံအကြည် မရှိတော့ပါဘူး။ ဒါပေမယ့် ခေတ်ကာလ ကိုကြီးကျော်များ မင်းကြီးမင်းလေးများကို ၀တ်လဲတော်၊ ပဏ္ဏာတော်များနဲ့ ပုလင်းဆက် ခြင်းဆက်၊ ရိုးရာမပျက် မောင်းမစုံအပျော်ကြူးနိုင်ဖို့ ကန္နားကြီး ကန္နားငယ်များ ပေးနိုင်ရင်တော့ ကနေ့နက်ဖန် ချက်ခြင်းလက်ငင်း အကျိုးထူးပေးတတ်မှန်း သိသူတွေက ဖော်စားကုန်ကြတဲ့အခါ နေပြည်တော်မှာ လက်ဆောင်ပစ္စည်းမျိုးစုံဆိုင်တွေဆိုတာ ၀င်ကာထွက်ကာ ပတ်ချာကိုလည်နေတော့တာပဲ။ တောင်ပြုံးမှာ နတ်ဆက်တဲ့ ပန်းစည်းတွေကမှ အမှိုက်ပုံးထဲရောက်ချင်ရောက်သွားဦးမယ်။ ဟိုမှာတော့ “တံဆိပ်မခွာ၊ ဘောက်ချာနဲ့တကွ” မဟုတ်ရင် သိပ်တောင် မကြိုက်ချင်ကြဘူး။ သူ့ဆိုင်နဲ့သူ မဟုတ်ရင် ပြန်သွင်းတဲ့အခါ အင်တင်တင် လုပ်ကြလို့။ ဂါရ၀ နဲ့ ပဏ္ဏာသလို့ လာသမျှ လက်ခံရတာ အပြစ်မမြင်ကြနဲ့နော်။ မိုးကြိုးပစ်လိမ့်မယ်။ တစ်ဦးမေတ္တာ တစ်ဦးမှာတဲ့။ မေတ္တာရေစင်ဆက်တယ်၊ မေတ္တာဝေတယ် လို့ သဘောထားလိုက်တာပေါ့။ လူကြီးက မေတ္တာထားနိုင်အောင် ကိုယ့်ဘက်ကလည်း မေတ္တာပို့ရတာ မဆန်းဘူး။ သည်လိုနဲ့ပဲ “မေတ္တာပုလဲပန်းများ သီကြရာဝယ် လွယ်သည်လည်းရှိမယ် ခက်သည်လည်းရှိမယ်” ဆိုတဲ့ မေတ္တာရွှေပြည်ကြီးဆီကို အခါအားလျော်စွာ မကြာမကြာ ရောက်ဖြစ်ခဲ့ရပြန်ပါသေးတယ်။

ဟိုးအရင်ကာလတွေတုန်းကတော့ လမ်းပန်းဆက်သွယ်ရေးက အခုလောက် မချောမွေ့သေးပါဘူး။ လမ်းမှာ နေ့တ၀က်တော့ ကုန်တယ်။ ညကားစီး၊ မနက်စောစောရောက်၊ စည်ပင်မှာဝင် မျက်နှာသစ်၊ ရေမိုးချိုး၊ ရုံးကိစ္စတနေကုန်လုပ်ပြီး အဆင်ပြေရင် အဲသည်ညကားနဲ့ ပြန်ရတယ်။ ဘူတန်သွားဖို့ အင်တာဗျူးခေါ်လို့ လောက်ကိုင်ကဆင်းလာရတဲ့အခါတော့ မှတ်မှတ်ရရပါပဲ။ လားရှိုးကို ညနေရောက်၊ ညကားနဲ့ မန်းလေးဆင်း၊ မန်းလေးကနေ မနက်စောစော မိတ္ထီလာကားစီး၊ မိတ္ထီလာက ပျဉ်းမနားကားစီး၊ ပျဉ်းမနားက နေပြည်တော်ကားတစ်ဆင့်ပြောင်းစီး လမ်းမှာတင် ကားပေါ်တက်ကာဆင်းကာနဲ့ နှစ်ရက်ကြာတယ်။ ဒါပေသိ တတ်နိုင်ဘူး။ လာဆိုလာရတာပ။ ပူတာအို မချမ်းဘောကဆိုလည်း သည်လိုပဲ လာရမှာ။ အဲသည်အချိန်တုန်းကတော့ ကိုယ့်စိတ်ထဲမယ် နေပြည်တော်ဆိုတာ စည်ပင်ရိပ်သာရယ်၊ မြို့မဈေးရယ်၊ ကျန်းမာရေးဝန်ကြီးရုံးရယ်ကလွဲလို့ ဘယ်ကိုမှ မရောက်ဖူးဘူး။ လာရင်းလာရင်းနဲ့မှ တစ်ခါထက်တစ်ခါ စည်စည်လာတာကိုတွေ့ရတယ်။ ၀န်ထမ်းရပ်ကွက်ကလေးတွေဆိုတော့ မနက်လင်းရင် ရုံးကားကိုယ်စီနဲ့ ထွက်ကုန်ကြပြီး တိတ်ဆိတ်ခြောက်ကပ်သွားရာက ညနေမှောင်ရီပျိုးတော့ ဈေးခန်းဆိုင်ခန်းကလေးတွေနဲ့ ပြန်ပြန်စည်ကားလာရော။ ၀န်ထမ်းတွေ အိမ်လေးရာလေးနဲ့ မပူမပင်နေတယ်ဆိုတော့ တော်သေးတာပေါ့လေ။

နေပြည်တော် ဟော်တယ်ဇုံကြီးပြီးခါစ အကယ်ဒမီပေးပွဲကြီးကို နေပြည်တော်မှာ လုပ်လိုက်တဲ့အခါမှာတော့ မင်းသားမင်းသမီးတွေ စတည်းချရာ ဟော်တယ်ကြီးငယ်အသွယ်သွယ်မှာ မီဒီယာတွေ အင်တာဗျူးကြ အကယ်ဒမီဧည့်ခံပွဲတွေကျင်းပကြနဲ့ဆိုတော့ ကြော်ငြာပြီးသား ရသွားပြန်ရော။ ကျောက်မျက်လေလံပွဲတွေ လုပ်လိုက်တဲ့အခါမှာတော့ အခန်းလွတ်တောင် မကျန်တော့ပဲ အထပ်ထပ်တိုးချဲ့လို့ မဆုံးဖြစ်လာပါတယ်။ နေပြည်တော်ကိုဖြတ်ပြီး ရန်ကုန် မန္တလေး အမြန်လမ်းမကြီး ဖောက်ပြီးသွားတော့ နေပြည်တော်တက်တယ်ဆိုတာ ဟိုတုန်းက ပဲခူးသွားသလိုပဲ မနက်သွားညပြန် ဟန်ကျပန်ကျ ဖြစ်လာပါလေရော။ အဆင့်မြင့်ဟီးနိုးကားကြီးတွေကလည်း ကောင်းမှကောင်း။ အောင်မင်္ဂလာ ရန်ကုန်သာ ခုနှစ်ထောင် ရှစ်ထောင်ပေးရမယ်။ ရန်ကုန် နေပြည်တော်ဆို ငါးထောင်နဲ့ ရောက်တာ။ အဲသည်အချိန်မှာကတည်းက နေပြည်တော်မှာ မြေကွက်အသစ်တွေဖော်ပြီး အရောင်းအ၀ယ်ဈေးကွက်ကြီး တွင်ကျယ်လာခဲ့တာ ကမ္ဘာမှာဈေးအကြီးဆုံး Real Estate ဈေးကွက်ကြီး ဖြစ်လာတယ်လို့ သူများတွေပြောတဲ့အခါ ကိုယ်တွေ့မျက်မြင်မဟုတ်လို့ သိပ်မယုံခဲ့သေးဘူး။

အခုတစ်ခေါက် နေပြည်တော်မှာ တစ်ပါတ်လောက်ကြာအောင် နေဖူးသွားတဲ့အခါမှသာ မင်းနေပြည်ကြီး ဘယ်လောက် အပြောကျယ်သလဲ မျက်ဝါးထင်ထင် သိလာရပါတယ်။ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ တောင်ညိုဆိုတဲ့ မြို့ကလေးတွေကို မြိုပလိုက်ပြီ။ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ လို့ နံမယ်အသစ်တွေပေးပြီး မြို့ကွက်အသစ်ကြီးတွေ ဖော်ထားလိုက်ပြီ။ ဟိုတုန်းကလို ၀န်ကြီးဌာနရုံးများ၊ ၀န်ထမ်းအိမ်ယာများနဲ့တင် တည်ထားတဲ့ အုပ်ချုပ်ရေးမြို့တော် မဟုတ်တော့ပဲ သေသေချာချာ စံနစ်တကျ အကွက်ရိုက် ပန္နက်ချပြီး ဖွံ့ဖြိုးအောင် စီမံထားတဲ့ မြို့ပြစီမံကိန်းကြီး ဖြစ်နေပြီ။ ဟော်တယ်ဇုန်ဆိုတာတွေက ရန်ကုန်ဘက်က၀င်တဲ့ တောင်ဘက်မှာတစ်ခု၊ မန္တလေးဘက်က၀င်တဲ့ မြောက်ဘက်မှာတစ်ခု၊ အမြန်လမ်းမကြီးက အနောက်ဘက်ဆင်းသွားရတဲ့ ငလိုက်ဆည် Resort မှာတစ်ခု ရှိနေပြီ။ စည်မျက်နှာကဲ့သို့ ညီညာပါပေသည်ဆိုတဲ့ မြို့တော်ကြီးမှာ ဘူဒိုဇာနဲ့ လွတ်တဲ့ကုန်းမြင့်မြင့်ဆိုလို့ နှစ်ကုန်းလောက်ပဲချန်ထားတယ်။ တစ်ခုက ဥပ္ပါဒသန္တိစေတီရှိပြီး နောက်တစ်ခုက Mount Pleasant Hotel ရှိတယ်။ လူဦးရေသိပ်သည်းမှုနဲ့စာရင် အင်မတန်ပိုပိုမိုမိုစီမံထားတဲ့ ကုတင် ၁၀၀၀ ဆေးရုံကြီးတွေက အရပ်ဘက်မှာတစ်ခု၊ တပ်ဘက်မှာတစ်ခုရှိတဲ့အပြင် မြို့ဝန်းပတ်လည်မှာ ကုတင် ၅၀ ဆေးရုံကလေးတွေ ရံထားသေးတယ်။ ရန်ကုန်မှာ ရှိတဲ့အရာတိုင်း နေပြည်တော်မှာ မရှိတာ ဘာတစ်ခုမှ မရှိစေရဘူး။ YKKO တို့၊ ရွှေပုဇွန်တို့အပြင် Western Park တို့၊ Golden Duck တို့လည်း ရှိတယ်။ လူတွေကို မဆိုထားနဲ့ တိရိစ္ဆာန်ရုံက ပင်ဂွင်းကလေးတွေလည်း နေပူတော်ကို တူတူလိုက်ရတာပဲ။ ရွှေတိဂုံဘုရားကြီးတောင် ကိုယ်တိုင်မလိုက်နိုင်တာနဲ့ ပုံတူတစ်ဆူ ပွားပေးလိုက်ရပါရောလား။ Ocean Super Center ကြီးဆို တောင်တစ်ခု မြောက်တစ်ခု၊ နှစ်ခုတောင်ရှိတာ။ အဲ မရှိတာဆိုလို့ လူသူလေးပါး ပဲ ကျန်တယ်။ တိတ်ဆိတ်ခြောက်ကပ်လို့။

ခြောက်လမ်းသွား ရှစ်လမ်းသွား လမ်းမကျယ်ကြီးတွေပေါ်မှာ ကားအသွားအလာ မရှိပဲ တစ်စီးတည်း မောင်းရတဲ့အခါ ရန်ကုန်မှာ တစ်ဘီးချင်းလှိမ့်နေရတဲ့ကားတွေကို သနားလိုက်ပါဘိ။ မောင့်ပုလဲဆင့်က ၀ရန်တာမှာ ကိုယ်ကလွဲရင် တခြားလူမရှိပဲ ဘီယာလေးသောက်လိုက်၊ ဓါတ်ပုံလေးရိုက်လိုက်လုပ်နေရတော့ အဟောသုခံ ချမ်းသာစွပေါ့။ ရှင်းလင်းနေတဲ့ ရှော့ပင်းမောကြီးမှာ အေးအေးဆေးဆေး လိုက်ကြည့်နေရင်း အအေးငွေ့တွေ လွှတ်ထားတဲ့ကောင်တာပေါ်က အသားငါး အသီးအရွက်၊ သစ်သီးဝလံတွေ ဘယ်သူမှ မ၀ယ်ရင် နောက်တစ်နေ့ ဘာတွေလုပ်ပစ်သလဲလို့ ပူပူပင်ပင် တွေးမိပါတယ်။ ခုလောက် ခြောက်တီးခြောက်ချက် ဈေးဝယ်လာတဲ့လူနဲ့ဆို ခန့်ထားရတဲ့ အလုပ်သမားလစာတောင် ကျေမယ် မထင်ပါဘူး။ ဆိုင်အပြင်ဘက်က လှမ်းကြည့်မိတော့ ရာထောင်ချီတဲ့ ဓါတ်မီးချောင်းတွေက မျက်နှာကျက်တစ်ခုလုံးမှာ လျှာထိုးကြမ်းခင်းတစ်ခု စိပ်စိပ်ခင်းထားသလို ထိန်နေတယ်။ ကိုယ့်ကိုယ်ကိုယ် အရူးတစ်ယောက်လိုခံစားရတယ်လေ။ အိမ်မှာဆို ဒီဘက်အခန်းက မီးပွင့်ပိတ်ပြီးမှ ဟိုဘက်ခန်းကမီးပွင့်ကိုထွန်းတယ်။ မီတာခနှမြောလို့ မဟုတ်ဘူး။ ကိုယ့်အိမ်က မီးပွင့်ကလေးတစ်ပွင့် မလိုအပ်လို့ ချွေတာလိုက်ရင် သစ်ပင်ကလေး တစ်ပင်လောက် အသက်ရှူလို့ဝသွားမလား လို့ တွေးမိတာကိုး။ အခုတော့ နင်သာလူမိုက် ဒုစရိုက်ပါလား လို့ သဘောပေါက်လာတယ်။ မောင့်ပုလဲဆင့်ပေါ်ကကြည့်ရင် နေပြည်တော်ကြီးတစ်ခုလုံးကို နဂါးငွေ့တန်းကြီးလို မြင်ရတယ်။ လူသူမရှိပဲနဲ့ ထိန်ထိန်တောက်နေတာ။

ကားလမ်းမကြီး တဘက်တချက်က ခေတ်မီလှပဆန်းပြားသော လုံးချင်းအိမ်ကလေးတွေလည်း ဒီဇိုင်းအမျိုးမျိုးနဲ့ တွေ့လို့ ဓါတ်ပုံရိုက်မိတာ ခနခန။ လူနေတဲ့ အရိပ်အယောင်တော့ ဆယ်အိမ့်တစ်အိမ်တောင် မတွေ့မိဘူး။ လှိုင်သာယာမှာဆို တဲတစ်လုံးမီးလောင်ရင် လူ၂၀လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတာဆို။ သည်မှာ သန်းခေါင်စာရင်းကောက်ရင် အိမ်နှစ်ဆယ် လူတစ်ယောက်တောင် ပြည့်စရာမရှိ။ ပုဗ္ဗာသီရိဆေးရုံရှေ့က ရပ်ကွက်ကလေးထဲ လမ်းလျှောက်မိတော့ အငြိမ်းစားဝန်ထမ်းတွေအတွက် အကွက်ချပြီး ပုံစံတူ တန်ဖိုးနည်း ပျဉ်ထောင်အိမ်ကလေးတွေ မဆောက်မနေရဆောက်ခိုင်းထားတာမို့ မြေအပြည့် အိမ်အပြည့်တော့ ရှိပါရဲ့။ တကယ်နေဖို့မဟုတ်ပဲ ဈေးတက်ရင် ပြန်ရောင်းဖို့ ရင်းနှီးမြှုတ်နှံထားတာမို့ အစောင့်လောက် လာနေပေးမယ့်လူ ရှိရင်တောင် အလကားပေးနေမယ့်သူတွေချည့်ပဲ။ လူကြီးရပ်ကွက်ထဲက အိမ်တွေလည်း သည်လိုပဲ ရှိလိမ့်မယ်။ လူကြီးဆိုတာမျိုးက ရန်ကုန်မှာတစ်အိမ်၊ မန္တလေးမှာတစ်အိမ်၊ မေမြို့မှာတစ်အိမ်၊ တောင်ကြီးမှာတစ်အိမ်လောက်တော့ အောက်ထစ်ရှိကြတာချည့်ဆိုတော့ နေပြည်တော်ကအိမ်ကို ရောက်ရင်ဝင်တည်း ကိုယ်ပိုင်ဧည့်ဂေဟာထက် မပိုပါဘူး။ ဘယ်အမြဲနေနိုင်ပါ့မလဲ။ ပင်စင်သွားတဲ့အခါ စုမိဆောင်းမိကျန်အောင် ရွှေအိုးကြီး မြှုတ်ထားတဲ့သဘောလောက်သာ။ သူများသာ အတင်းတုပ်နေတာပါ။ ကိုယ်လည်း ဘယ်မြေကွက်မှ အနားမကပ်နိုင်တဲ့အစားမို့သာပေါ့။ နို့မို့ လေးပေ ခြောက်ပေကလေး အပိုင်ရှိရင်တောင် စည်းရိုးကလေးခတ်၊ ပက်လက်ကုလားထိုင်တစ်လုံးချပြီး သွားသွားထိုင်နေဦးမှာ။ နောင်ဆိုရင်တော့ သည်နေရာသည်ဒေသဟာ ကြက်ပျံမကျ စည်ကားလာဦးမှာ။ ရပ်ကွက် မြို့နယ် အိမ်ယာစခန်းတွေလည်းပဲ ရောင်းဝယ်ဖောက်ကား ငှားရမ်းလုပ်ကိုင်လိုသူများ ခြေချင်းလိမ်နေအောင် ၀ယ်လိုအားတွေ တက်လာဦးမှာ။ အခုတောင် တစ်ပေပတ်လည်မြေဈေးက ရေးတောင် မရေးရဲဘူး။ ရေးနေတုန်း တရိပ်ရိပ်ထပ်တက်သွားမှာစိုးလို့။ လက်စသတ်တော့ အမျှော်အမြင်ကြီးမားသူများ အနာဂတ်အတွက် ရင်းနှီးမြှုတ်နှံရာ အောင်မြေမြမန်းကြီး ဖြစ်နေတာကိုး။

မုဒိတာ အကြီးကြီးပွားနေရင်းကမှ အကုသိုလ်မစင်သူပီပီ ၀ဋ်ကြွေးမကင်းသူတွေကို မျက်စိထဲမှာ တန်းကနဲ မြင်ယောင်လာပါတယ်။ လူကြီးတွေ အနာဂတ်ကတော့ မြေကြီးလက်နဲ့ခတ်တာမှ လွဲချင်လွဲဦးမယ်။ ဖြောင့်ဖြူးသေချာနေတာပ။ နာဂစ်တုန်းက အဖေရော အမေရော၊ နေစရာအိမ်ပါ ပျောက်သွားရှာတဲ့ ကလေးတွေခမျာတော့ အနာဂတ်ကို ထားလိုက်ပါဦးလေ။ လာမှမလာသေးတာ။ ပစ္စုပ္ပန်က ဘယ်ဆီနေမှန်းမသိဘူး။ အတိတ်ကရော။ အတိတ်လည်း မရှိတော့ဘူး။ အတိတ်တုန်းကရှိခဲ့တဲ့ မိသားစု၊ နေစရာအမိုးအကာ၊ စားစရာ အလုပ်အကိုင်၊ ဘာတစ်ခုမှ မရှိတော့လို့ အတိတ်ပါပျောက်သွားပြီ။ ဒါတွေအားလုံးဟာ ဗုဒ္ဓဘာသာပီပီ အတိတ်ကံဝဋ်ကြွေးကြောင့်လို့သာ တရားနဲ့ဖြေရတော့မှာလား။ လက်ရှိဘ၀ ဒုက္ခဆင်းရဲကလွတ်အောင် ဘယ်လိုမှလုပ်မရတော့ဘူးလား။ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့ဆိုတာကတော့ လက်ကုန်နေပြီ။ ထပ်လျှော့လို့မရနိုင်တော့ဘူး။ သည်လိုဆိုရင် တို့လည်း သည်လောက်ကြီး မွဲပြာကျနေတာမှမဟုတ်တာ။ နေပြည်တော်တခွင် လှည့်ကြည့်လိုက်စမ်းပါလေ့။ ကြွယ်ဝချက်နှယ်။ အဲသည်ချမ်းသာကြွယ်ဝမှုကို နည်းနည်းလောက် လျှော့ချလိုက်နိုင်ရင်ဖြင့် ဆင်းရဲသားကလေးတွေ ပြောင်ပြောင်ယောင်ယောင် ဖြစ်လာဖို့ နီးစပ်မယ် မဟုတ်ဘူးလား။ လူမရှိတဲ့ဆီက ဆိုဒီယမ်မီးတိုင်ကြီးတစ်ပွင့်လောက် ပိတ်လိုက်ရင် ခွဲခန်းထဲက မီးမောင်းကလေး မလင်းနိုင်ဘူးလား။ ရုံးတက်ရုံးပြန် မမေ့ရန် မီး နဲ့ ပန်ကာပိတ် ဆိုတဲ့သူတွေက ဘယ်သူမှ မရှိတဲ့အရပ်မှာ နေအရောင်လိုပင် လအရောင်လိုပင် ရောင်ရွှင်လင်းလင်းညီးနေတာ မနှမြောကြဘူးလား မသိ။ ဒေါက်တာဇီဗားဂိုးထဲကလို ဆရာဝန်အိမ်ကြီးကို ပါတီကသိမ်းပြီး တစ်ရပ်ကွက်လုံးတက်နေရမယ်လို့တော့ မဆိုလိုပါဘူး။ သမိုင်းရဟတ်ကြီးလည်း တစ်ပါတ်ပြန်မလည်ပါရစေနဲ့။ အသုံးနဲ့အဖြုန်းကို ခွဲခြားနားလည်သော စီမံခန့်ခွဲမှုတစ်ခုလောက်ကိုတော့ ရချင်မိပါတယ်လေ။ ဆီးဂိမ်းကြီး ပြီးတဲ့အခါ ပြောတာပါ။ လောလောဆယ်တော့ ပိတ်ပွဲကြီးကျန်သေးတယ်။ ထွန်းလက်စနဲ့ ဆက်ထွန်းလိုက်ကြဦးစို့။ ချစ်ရောင်ခြည်လေ ချစ်ရောင်ခြည်။ ကဲ လာ။ လိုက်ဆိုကြ။

“စကြာဝဠာတွင်းမှာ လင်းသည်။ လရောင်ကြယ်ရောင်များလည်း ရှုံးပေလိမ့်မည်။ မိုးမြေဒီပါလုံးကို ဖုံးသည်။ ထိန်ဝင်းပြီးသစ်တဲ့ ချစ်ရောင်ခြည်…။”

Soe Min

မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ်ကို အသက်သွင်းနေတဲ့ 2008 နာဂစ် အခြေခံဥပဒေကို ဆန္ဒခံယူနေချိန်မှာ၊ စပိန်နိုင်ငံမှာ ကာကွယ်ရေးဝန်ကြီး အသစ်စက်စက်ကလေး ကာမဲန် ချာကွန် က ကလေးမီးဖွားခဲ့ပါတယ်၊

ကာမန်က ကာကွယ်ရေးဝန်ကြီး ဖြစ်တဲ့ အချိန်မှာ ကိုယ်ဝန် ခုနစ်လ နဲ့ ပါ၊ သူကျွမ်းကျင် တာ က စစ်ပညာ မဟုတ်ပါဘူး၊ ဥပဒေ ပိုင်းပါ၊ အခြေခံဥပဒေ ဆိုင်ရာ အထူးပြုပြီး ယူထားပါတယ်၊ သူက နိုင်ငံရေး သမား ပါ၊ သူ့ပါတီက အစိုးရအဖွဲ့ ဖွဲ့ချိန်မှာ ကိုယ်ဝန်အရင့်အမာ နဲ့ သူ့ကို ဝန်ကြီးချုပ်က ကာကွယ်ရေး ဝန်ကြီးတာဝန်ပေး ခဲ့ပါတယ်။ အမျိုးသမီး တွေကို တန်းတူအခွင့်အရေး ပေးမှုကို ပါ အထင်အရှား တွေ့မြင်နိုင်ခဲ့ပါတယ်။

၂၀၁၂ မှာ သူ့ ဝန်ကြီးချုပ်က ရွေးကောက်ပွဲ မဝင်တော့လို့ ကာကွယ်ရေးဝန်ကြီးရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်၊ ၂၀၁၂ သူတို့ ပါတီညီလာခံမှာ အရေးကြီးဆုံးရာထူး အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ၂၂မဲထဲ ကပ်ရှုံးခဲ့ပါတယ်၊ အခုထိပါတီမှာ တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပြီး ဘာစီလိုနာ မှာ တာဝန်ယူထားပါတယ်၊ သူက ကတ်တလန် ဒေသကို လွတ်လပ်စွာ ခွဲထွက်မှုကို ဆန့်ကျင်သူလို့ နာမည်ကျော်ပါတယ်။

သူ့အကြောင်း ပြောချင်တာက အဓိက မဟုတ်ပါဘူး၊

ဒီမိုကရေစီ နိုင်ငံတွေမှာ စစ်ပညာ လုံးဝမသင်ဖူးတဲ့ အမျိုးသမီး တစ်ယောက်ကို တောင် ကာကွယ်ရေးဝန်ကြီးခန့်တယ် ဆိုတာပါပဲ။ ဒီ မှာက တော့ ကာကွယ်ရေးဝန်ကြီးကို ကာချုပ်က သာ ခန့်ပိုင်ခွင့် ရှိပါတယ်။
2008 မှာ ဖြစ်ပျက်ခဲ့ တဲ့ မတူညီတဲ့ အခြေအနေလေးတွေပါ။

မေပုပ္ပား
၂၀၁၃ ဒီဇင်ဘာ ၁၅
သူစစ်တပ်ကို စစ်ဆေးနေ ပုံနဲ့ ဂုဏ်ပြုတပ်ဖွဲ့ ရဲ့ အလေးပြုခံနေ ပုံလေး တွေ တင်ပေးလိုက်ပါတယ်။
ဗိုက်ထဲက ကလေးတောင် အဆစ် အလေးပြုလိုက်ရသေး တစ်မတ်သားတွေ ကြည့်ထားကြ

ချစ်ခင်လေးစားရပါသော အားကစားဝါသနာရှင်ပရိသတ်များခင်ဗျာ....

ဒီတစ်ခါစာရေးမှာကတော့ ဥက္ကဌ မဟုတ်ပဲကျွန်တော်တို့ Admin Team ကိုယ်တိုင်ပဲဖြစ်ပါတယ်။အမိ မြန်မာနိုင်ငံမှာ ခမ်းနားကြီးကျယ်စွာကျင်းပယှဉ်ပြိုင်လျက်ရှိတဲ့ (၂၇) ကြိမ်မြောက် ဆီးဂိမ်း(စ)ပြိုင်ပွဲကြီးနဲ့ပတ်သက်ပြီး နည်းနည်းလောက်ရေးသားတင်ပြပါရစေ။မြန်မာပြည်သူတစ်ရပ်လုံးက ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြိုနေကြတဲ့ (၂၇) ကြိမ်မြောက် ဆီးဂိမ်း(စ)ပြိုင်ပွဲကြီးဟာ ၁၁/၁၂/၂၀၁၃ ကစလို့တရားဝင်ကျင်းပဖွင့်လစ်လိုက်ပြီဖြစ်သလို ပြည်သူတစ်ရပ်လုံးကလည်း အထူးပဲစိတ်ဝင်တစား၊ နှစ်ခြိုက်စွာအားပေးခဲ့တာကို ပရိသတ်ကြီးအသိပဲဖြစ်ပါတယ်။

ဒီနေရာမှာလက်တစ်ဆုတ်စာသော အဆိုးမြင်ဝါဒီများ ပြိုင်ပွဲကြီးနဲ့ပတ်သက်ပြီး ဖျက်လိုဖျက်ဆီးပြောနေကြတာကို ကျွန်တော်များ Admin Team အဖွဲ့ကမနေနိုင်မထိုင်နိုင် ရေးသားတင်ပြပါရစေ။

(၁) အာဆီယံနိုင်ငံတိုင်းဟာ မိမိတို့အိမ်ရှင်ဖြစ်တာနဲ့အမျှ မိမိတို့နှစ်သက်တဲ့ ကစားနည်းကိုထည့်သွင်းယှဉ်ပြိုင်ခွင့်ရှိသလို ဒါကိုလည်အိမ်ရှင်အဖြစ်ကျင်းပခွင့်ရတဲ့နိုင်ငံတိုင်းက အခွင့်အရေးတစ်ရပ်အနေနဲ့အမြဲတန်းအသုံးချခဲ့ပါတယ်။ မြန်မာနိုင်ငံက နှစ်ပေါင်း(၄၄)နှစ်ကြာမှပြန်ကျင်းပခွင့်ရခဲ့တဲ့ ဒီပြိုင်ပွဲကြီးမှာ ကစားနည်းတချို့ဖြုတ်တာ၊ ထည့်တာဟာအိမ်ရှင်အခွင့်အရေးကို နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် မျှတစွာအသုံးချခြင်းသာဖြစ်ပါတယ်။ အဆိုးမြင်သမားများကတော့ မြန်မာရွှေရတော့လဲရလို့ မရတော့လည်းမရလို့ ဝန်တိုစိတ်ကြီးစွာပြောဆိုနေကြမှာ မြင်ယောင်ပါသေးတယ်။

(၂) ဆီးဂိမ်း(စ)ပြိုင်ပွဲကြီး ခမ်းနားစွာကျင်းပလိုက်လို့ တရုတ်တွေလွှမ်းမိုးသွားပြီ၊ ပြည်သူ့ပိုက်ဆံတွေကုန်ပါပြီလို့ အချေအမြစ်မရှိတဲ့စွပ်စွဲချက်များလည်းတွေ့ရပါတယ်။ ဘယ်ဖွံ့ဖြိုးဆဲနိုင်ငံမဆို ဒီလိုနိုင်ငံ့ဂုဏ်ဆောင်ပြိုင်ပွဲကြီးကျင်းပခွင့်ရခဲ့ရင် အီသီယိုးပီးယားကဖြစ်ဖြစ်၊ ဆိုမားလီးယားကဖြစ်ဖြစ် ဘယ်နိုင်ငံကမှအရှက်ကွဲခံပြီး စုတ်တီးစုတ်ပြတ်ကျင်းပမှာမဟုတ်ပါဘူး။ မီးရှူးဖောက်တဲ့နေရာမှာ တရုတ်ကိုဘယ်သူမှမမှီမှန်းလူတိုင်းသိပါတယ်၊ ဘေဂျင်းအိုလံပစ်ကို သူတို့ဘယ်လိုကျင်းပခဲ့လဲ လူတိုင်းသိပါတယ်။ ဒါ့အပြင် VIP ခုံရှေ့(ကွင်းအတွင်း)မှာ ငုတ်တုတ်ထိုင်နေတဲ့ ဘိုအဖွဲ့၊ ပြိုင်ပွဲကြီးအတွက်အထူးအရေးပါတဲ့ Lighting နဲ့ Video ကိုရိုက်ကူးရေးလုပ်နေကြတဲ့ အဖွဲ့ဟာ အမေရိကန်နိုင်ငံက Grass valley ဆိုတဲ့ ကုမ္ပဏီကြီးဖြစ်မှန်းနောက်မှသိရပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ Admin Team ကပြိုင်ပွဲကြီးကို ခမ်းနားကြီးကျယ်စွာ အရှေ့တိုင်းရော၊ အနောက်တိုင်းအကူအညီရောရယူပြီး မြန်မာကိုကမ္ဘာသိစေခဲ့တဲ့၊ ပြည်သူလူထုအာပေးရကြိုးနပ်စေခဲ့တဲ့ နိုင်ငံတော်အစိုးရအပါအဝင် တာဝန်ရှိသူများအားလုံးကိုကျေးဇူးအထူးတင်ကြောင်းပြောပါရစေ။

(၃) ကျွန်တော်တို့ ဥက္ကဌအပါအဝင် လူအချို့ကိုကတ်ပြားမပါပဲလာတယ်၊ ဘာညာဖြင့် ထုံးစံအတိုင်းလုပ်ကြံပြောဆိုနေကြတာတွေ့ရပါတယ်။ ကျွန်တော် ကိုဖိုးလပြည့်ကို အဖွင့်ပွဲနေ့က ဓာတ်လှေကားနားမှာတွေ့လို့ ဓာတ်ပုံရိုက်ထားတာကိုတင်ပေးလိုက်ပါတယ်(နည်းနည်းဝါးသွားရင်ခွင့်လွှတ်ပါ)။ သူကတ်ပြားမရှိဘူး/မပါဘူးဆိုတာဖြစ်နိုင်ပါ့မလားဗျာ။ တက္ကသိုလ်ဘောလုံးပွဲတောင် သူပြန်စပေးခဲ့တာပဲ၊ မြန်မာ့သမိုင်းမှာ တစ်ခါမှအစဉ်အလာမရှိဘူးပဲနဲ့ ကျောင်းသားဘောလုံးပွဲတောင် Live ပြနိုင်အောင် သူကြိုးစားပေးခဲ့တာပဲ။ ပွဲလာကြည့်တဲ့လူအားလုံး ကတ်မပါရင် ကွင်းထဲလူမပြောနဲ့ ကားတောင်ပေးမဝင်တာ လာကြည့်တဲ့ပရိသတ်အသိဆုံးပါ။ သူ့နဲ့အခြားပွဲလာကြည့်သူများအနေနဲ့ ကတ်ကိုခဏဖြုတ်ထားတာလား၊ သိမ်းထားတာလားမသိပဲနဲ့ ရမ်းသမ်းပြောဆိုနေတာတွေတွေ့လို့ သူအပါအဝင် ခေတ္တကတ်ပြားမဆွဲထားတဲ့ လူအချို့ဓာတ်ပုံများကိုတင်ပေးလိုက်ရပါတယ်။

ဘာပဲဖြစ်ဖြစ်ဗျာ၊ မြန်မာပြည်ကိုတကယ်ချစ်မြတ်နိုးတဲ့လူတိုင်း ဆီးဂိမ်း(စ)ကြီးကိုကြိုဆိုအားပေးကြတာ လူတိုင်းအသိပါဗျာ။ အခုလို အမိမြေအတွက် မင်္ဂလာအရှိဆုံးအချိန်အခါမှာ မြန်မာပြည်သားအချင်းချင်း သံသယ၊ဝန်တိုစိတ်များ ဘေးဖယ်ထားပြီး မြန်မာပြည်ကိုယ်စားပြုအားကစားသမားများကို လှိုက်လှိုက်လှဲလှဲအားပေး၊ဂုဏ်ပြုသွားကြပါဆို့လို့ တိုက်တွန်းရင်း.....

We are Myanmar...We will be moving forward...We will achieve every single success for our mother land !!!!

ပုံ(၁) - ကိုစိုင်းစည်တွမ်ခမ်း နှင့် ကိုနေရွှေသွေးအောင် တို့ကိုကတ်ပြားမပါဘဲတွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ပုံ(၂) - ကိုနေရွှေသွေးအောင် လည်ဆွဲကတ်ဖြင့် ဓာတ်လှေကားမှထွက်လာစဉ်

ပုံ(၃) - မိုးစက်ဝိုင်နှင့် သူမ၏မိခင်ကို ကတ်ပြားမပါဘဲတွေ့ရစဉ်/ မိုးစက်ဝိုင်ကိုကတ်ပြားဖြင့်တွေ့ရစဉ်

ပုံ(၄) - ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် လာရောက်အားပေးသူတချို့ကို အကြောင်းအမျိုးမျိုးကြောင့် ကတ်ပြားမပါဘဲတွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ နှင့် မြန်မာ့အသံ)
\

Universities Champions League

ကျွှန်မ ဒီကွင်းကိုကြည့်လိုက်တဲ့ အခါကြတော့ လူအများစုက ဟိုဘက်ကိုရောက်နေတယ်။ဘာလို့ လဲဆိုတော့ အဲဒီဘက်က အရိပ်ရှိလို့ ပါ။အဲဒီတော့ ကျွှန်မတို့ ဟာ လူ့ သဘာဝပဲ အရိပ်အာဝါသအောက်မှာ အေးအေးချမ်းချမ်းနေချင်ကြတယ်။ကျွှန်မတို့ နိုင်ငံသူ ၊ နိုင်ငံသားတွေ ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ အရိပ်အာဝါသ အောက်မှာ အေးအေးချမ်းချမ်းနေနိုင်ဖို့ ဆိုရင် ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းမှဘဲ ဖြစ်ပါလိမ့်မယ်။ပြည်သူလူထုကို အေးချမ်းမူ ၊ ကာကွယ်မူ မပေးနိုင်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာဟာ နိုင်ငံကို အကျိုးမပြုဘဲနဲ့ နိုင်ငံကို နစ်နာစေမှာ ဖြစ်ပါတယ်။ဒါကြောင့် ကျွှန်မတို့ က ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မူတစ်ခုအနေနဲ့ အဖွဲ့ ချုပ်က ခိုင်ခိုင်မာမာ လက်ထဲမှာ ဆုပ်ကိုင်ခဲ့ တာ ဖြစ်ပါတယ်။

ဖွဲ့ စည်းပုံအခြေခံဥပဒေထဲက အသေးစိတ်ကိစ္စတွေကို ဦးဝင်းမြင့်နဲ့ ဦင်္းဌေးဦးက ရှင်းပြသွားပြီးပါပြီ။ ကျွှန်မက အရေးကြီးတဲ့ ကိစ္စတစ်ခုကို ပြည်သူကို တင်ပြပြီးတော့ ပြည်သူတွေကြားထဲမှာ စူးစမ်းစေချင်ပါတယ်။ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က (၁၉၈၈)ခုနစ် စပြီးဖွဲ့ ထဲက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မယ်ဆိုပြီး ကျွှန်မတို့ လုပ်ခဲ့တာပါ။ဒီတော့ ဒီဖွဲ့ စည်းပုံအခြေခံဥပဒေဟာ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတယ်လို့ ကျွှန်မတင်ပြချင်တယ်။

ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ပြည်သူတွေနဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင်လို့ ရေးဆွဲထားတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေလို့  ကျွှန်မပြောချင်ပါတယ်။

ကျွှန်မတို့ အနေနဲ့ ဒီဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ၊ တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မူကဏ္ဍကို ယူရေး ကိစ္စတွေကို ကျွှန်မတို့ ဆန့် ကျင်တာဟာ တပ်မတော်ကို ဆန့် ကျင်လို့ မဟုတ်ဘူး။တပ်မတော်နဲ့ ပြည်သူရဲ့ အကြားမှာ တစ်သွေးတစ်သားတည်း ဖြစ်ချင်လို့ ဆိုတာကို အများသိစေချင်ပါတယ်။အခုဟာက ဒီဖွဲ့ စည်းပုံအခြေခံဥပဒေဟာ တနည်းအားဖြင့် ဆိုရင် ပြည်သူနဲ့ တပ်မတော်ကြားထဲမှာ တိုက်ပေးယုံတင်မက ပြည်သူမကျေနပ်တဲ့ ကိစ္စတွေနဲ့ ပတ်သတ်လို့ ရှိရင် တပ်မတော်ကို တရားခံဖြစ်အောင် လုပ်ထားတယ်လို့ ကျွှန်မကတော့ ဒီလိုပဲ မြင်ပါတယ်။

ခုနက ရှင်းပြသွားသလို့ (၇၅)ရာခိုင်နုန်းသော ပြည်သူ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို တပ်မတော်ထဲက (၂၅)ရာခိုင်နုန်းသော ကိုယ်စားလှယ်တွေကနေပြီးတော့ ဆန့် ကျင်မယ်ဆိုလို့ ရှိရင် ဒါဟာ ပြည်သူတွေအနေနဲ့ ငါတို့ ရဲ့ လိုအင်ဆန္ဒတွေကို ဆန့် ကျင်တာ တပ်မတော်ဆိုပြီး အဲလိုမတွေးကြဘူးလား။တွေးကြမှာပဲ။ဒီတော့ ဒါတပ်မတော်ကို တရားခံဖြစ်အောင် လုပ်တယ်လို့ ကျွှန်မဒီလိုပဲ မြင်ပါတယ်။

တကယ်ဆိုလို့ ရှိရင် နိုင်ငံအတွင်းမှာ နိုင်ငံသူ ၊ နိုင်ငံသားတွေအထဲမှာ သဘောတူညီမူ မရှိဘူးဆိုရင် လွှတ်တော်ထဲမှာ ဒီကိစ္စတွေကို မျှမျှတတ ကျေလည်အောင် လုပ်ဖို့ က အင်မတန်မှ အရေးကြီးပါတယ်။ဒီတော့ လွှတ်တော်ထဲမှာ ဘယ်သူတွေက လုပ်ရမှာလဲ။ဒါဟာ ပြည်သူတွေက ရွှေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက ပြေလည်အောင် တစ်ယောက်နဲ့ တစ်ယောက် ညှိနိုင်းပြီး လုပ်ရမှာပါ။အဲဒီလုပ်ပိုင်ခွင့်လည်း ရှိရမှာဖြစ်ပါတယ်။ဒါကြောင့် ကျွှန်မတို့ နိုင်ငံရဲ့ အခြေအနေကို သေချာ လေ့လာကြပါ။

အခုတလောဆိုရင် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲတဲ့ ကိစ္စကို မလိုလားတဲ့ သူတွေက ကျွှန်မတို့ ကနေပြီးတော့ တပ်မတော်ကို တိုက်တယ်။တပ်မတော်ကို ထိပါးစေချင်တယ်။ကျွှန်မတို့ ရဲ့ အဖွဲ့ ချုပ်နဲ့ ကျွှန်မတို့ ရဲ့ ပြည်သူတွေနဲ့ တပ်မတော်ကြားထဲမှာ ပိုပြီးစိတ်ဝမ်းကွဲအောင် ၀ါဒဖြန့် ချိရေးတွေလုပ်နေတယ်ဆိုတာလည်း ကျွှန်မသတိပြုမိပါတယ်။ဒီဟာတွေကို ပြည်သူတွေကနေပြီးတော့ သေသေချာချာ စဉ်းစားရမယ်။

ကျွှန်မတို့ တပ်မတော်ကို တန်ဖိုးထားလို့ ရှိရင် တကယ်ကို ပြည်သူကနေပြီးတော့ လေးစားချစ်ခင်နိုင်တဲ့ တပ်မတော် ဖြစ်စေချင်လို့ ရှိရင် ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းကို ပြောင်းရမယ်။

နောက်ပြီးတော့ ကျွှန်မတို့ ကို အခု အစိုးရလုပ်နေတဲ့ သူများ ကပေါ့နော် အစိုးရလုပ်ချင်တဲ့ သူများ ဒါကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အပါအ၀င်ပါ။ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အစိုးရလုပ်ချင်သလားဆိုရင် လုပ်ချင်တယ်ပဲ ပြောရမှာပဲ။လုပ်ချင်တယ်ဆိုတာ အကြောင်း(၂)ခု ရှိပါတယ်။တစ်ခုက ကျွှန်မတို့ နိုင်ငံအတွက် သင့်တော်တယ်လို့ ထင်တဲ့ မူဝါဒတွေနဲ့ နိုင်ငံတိုးတတ်ရေးအတွက် ကြိုးပမ်းနိုင်တဲ့ အခွင့်အရေး ၊ ကြိုးပမ်းရမယ့်တာဝန်ကို ကျွှန်မတို့ ယူချင်တယ်။နောက်တစ်ခုကလည်း ကျွှန်မတို့ ဟာ ကျွှန်မတို့ အဖွဲ့ အစည်းရဲ့ လူပ်ရှားမူကို အနစ်(၃၀)နီးပါး တစ်စိုက်မတ်မတ် ထောက်ခံခဲ့တဲ့ ပြည်သူတွေ ၊ အခုဆိုရင် ဒီကိုလာပြီး နေပူကျဲတဲထဲမှာ ထောက်ခံခဲ့တဲ့ ပြည်သူတွေ ၊ ဘ၀နဲ့ ရင်းပြီး ထောက်ခံခဲ့တဲ့ ပြည်သူတွေအတွက်လည်း ကျွှန်မတို့ ဟာ ဒီမိုကရေစီအောင်နိုင်မူကို ရယူဖို့ လိုတယ်လို့ ကျွှန်မဒီလိုပဲ ယူဆပါတယ်။

ဒါကြောင့် ကျွှန်မမေးချင်တာဟာ အစိုးရလုပ်နေတဲ့ သူများ ၊ အစိုးရလုပ်ချင်တဲ့ သူများဟာ အာဏာကို ယူချင်တာလား ။ တာဝန်ကို ယူချင်တာလား။အဲဒါကို သေသေချာချာ ဆုံးဖြတ်ကြပါ။အာဏာကို ယူချင်တာ မဟုတ်ဘူးဆိုလို့ ရှိရင် မျှတတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ တစ်ခုကို ဆွဲပေးရမယ်။မျှတတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ တစ်ခု ဖြစ်အောင်လို့ လုပ်ပေးရမယ်။အဲဒီတော့ ကိုယ်ကိုကိုယ် ပြည်သူက မလိုချင်ရင်လဲ သိက္ခာရှိရှိ နောက်ဆုတ်ရမယ်။တာဝန်ကို ယူချင်တယ်ဆိုလို့ ရှိရင် ဒီလို မျှတတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေတစ်ခုကို ဦးတည်ရမယ်။

ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ပတ်သတ်လို့ အခု ကိုယ်နဲ့ မဆိုင်သလို နေနေတဲ့ ပုဂ္ဂိုလ်တွေကို အရင်တုန်းက ညီလာခံမှာ ဘယ်ကဏ္ဍက ပါဝင်ခဲ့သလဲလို့ ကျွှန်မက မေးချင်တယ်။ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို အတည်ပြုလာခဲ့တဲ့ ညီလာခံမှာ ပါဝင်လာခဲ့တဲ့ ပုဂ္ဂိုလ်များဟာ အခုတော့ ကိုယ်နဲ့ မဆိုင်သလို နေနေတာဟာ တာဝန်သိစိတ် မရှိဘူးလို့ ကျွှန်မဒီလိုပဲ ပြောချင်ပါတယ်။တာဝန်သိစိတ် မရှိတဲ့ ပုဂ္ဂိုလ်များဟာ ဆက်ပြီးတော့ တိုင်းပြည်ကို အပေါ်မှာ အာဏာလွှမ်းမိုးသွားမယ်ဆိုရင် ကျွှန်မတို့ တိုင်းပြည်အတွက် တိုးတတ်မူဆိုတာ တကယ် မဖြစ်နိုင်ပါဘူး။

တစ်ချို့ က ကျွှန်မက ပြည်သူ့ အားကို ယူပြီးတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ ကြိုးစားနေတယ် ဆိုတော့ ကျွှန်မက ရှင်းရှင်းပဲ မေးချင်တယ်။ပြည်သူ့ အား မယူလို့ ဘယ်သူအား သွားယူရမှာလဲ။ဒါပေမယ့် ပြည်သူ့ အားကို ယူတာနဲ့ ပြည်သူ့ အားကို အလွှဲသုံးစားလုပ်တာနဲ့ မတူဘူးဆိုတာလည်း ကျွှန်မရှင်းပြချင်ပါတယ်။

ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဘယ်တုန်းကမှ ပြည်သူ့ အားကိုအလွှဲသုံးစား မလုပ်ခဲ့ဘူး။ကျွှန်မတို့ စိန်ခေါ်ရဲတယ်။ဘယ်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြည်သူတွေကို ဆူပူအောင် လူံဆော်တာ ရှိခဲ့သလဲ။ဘယ်တုန်းက ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဥပဒေနဲ့ မကိုက်ညီတာ ဥပဒေနဲ့ မကိုက်ညီတဲ့ ကိစ္စတွေ အတင်းအဓမ္မ ပြည်သူတွေကို တွန်းပြီးတော့ ကျွှန်မတို့ အဖွဲ့ ချုပ် တိုးတတ်ရေးအတွက် လုပ်ခိုင်းခဲ့ဘူးသလဲ။ဒီဟာကို ကျွှန်မက သတ္တိရှိရှိနဲ့ စိန်ခေါ်ရဲတယ်။ကျွှန်မတို့ က ပြည်သူတွေကို တခြားဟာတွေ မပြောနဲ့ ။ကျွှန်မတို့ ရဲ့ အစည်းအဝေးတွေတောင်မှ အတင်းတတ်ပါဆိုပြီး ဖိအားပေးတာ ဘယ်တုန်းက ကျွှန်မတို့ လုပ်ခဲ့ဘူးသလဲ။ဘယ်တုန်းကမှ ကျွှန်မတို့ မလုပ်ခဲ့ဘူး။ပြည်သူ့ ရဲ့ အင်အားကို ဘယ်တုန်းကမှ ကျွှန်မတို့ အလွှဲသုံးစား မလုပ်ခဲ့ဘူး။

ကျွှန်မတို့ က အစည်းအဝေးလုပ်မယ်ဆိုရင် သက်ဆိုင်ရာက အသိပေးသင့်တဲ့ အဖွဲ့ အစည်းတွေကို အသိပေးတယ်။ကျွှန်မတို့ ဟာ တရားဥပဒေဘောင်အတွင်းက လုပ်တယ်။ပြည်သူတွေ သိအောင်လို့ ပြောတယ်။လာကြပါ။မလာချင်ရင်လည်း မလာကြနဲ့ ပေါ့နော်။အတင်း ကျွှန်မတို့ ဆွဲခေါ်လို့ လည်း မရဘူး။နောက်ပြီး ကျွှန်မတို့ က တစ်ယောက် ဘယ်လောက် ပေးနိုင်တဲ့ အခြေအနေလဲ မရှိဘူး။ကျွှန်မတို့ အဖွဲ့ ချုပ်က ချမ်းသာ ကြွယ်ဝတဲ့ ပါတီမဟုတ်ပါဘူး။သို့ သော်ငြားလည်း ကျွှန်မတို့ ဟာ ပြည်သူရဲ့ မေတ္တာ ၊ စေတနာအရတော့ အင်မတန်မှ ချမ်းသာကြွယ်ဝတယ်လို့ ကျွှန်မတို့ ကို ကျွှန်မသတ်မှတ်ထားပါတယ်။သို့ သော်လည်း ပြည်သူ့ မေတ္တာ ၊ စေတနာ ဆိုတာလည်း အနိစ္စသဘောတရားက ကင်းတာမဟုတ်ဘူး။ဘယ်နိုင်ငံရေးအဖွဲ့ အစည်းမဆို မှန်မှန်ကန်ကန် မလုပ်ဘူး။နိုင်ငံအကျိုးအတွက် မဆောင်ရွှက်ဘူး ဆိုလို့ ရှိရင် ပြည်သူ့ မေတ္တာ ၊ စေတနာတွေ ဆုံးရူံးရမှာပဲ။ဒီဟာကို ကျွှန်မတို့ ကောင်းကောင်း နားလည်ပါတယ်။

ဒါကြောင့် ပြည်သူ့ အားကို အားကိုးတဲ့ အခါမှာ မှန်ကန်တဲ့ နည်းတွေနဲ့ ပြည်သူကလေးစားမှ ၊ မေတ္တာရှိမှ ၊ စေတနာရှိမှ ၊ ယုံကြည်မှ ဒီအားတွေနဲ့ ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲသင့်သလို ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုတာကို လက်ခံပြီးသားပါ။

ကျွှန်မတို့ ရဲ့ ပြည်သူတွေဟာ ခုဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ပတ်သတ်လို့ သေသေချာချာ နားလည်အောင်ကြိုးစားနေတာ ဒါပါပဲ။နားမလည်ပဲ လက်ညှိးထောင်ပြီး ခေါင်းငုံတဲ့ ပြည်သူမျိုး မလိုချင်ဘူး။ခေါင်းဆိုတာဟာ ငုံဖို့ ပေးထားတာ မဟုတ်ဘူး။စဉ်းစားဖို့ ပေးထားတာပဲ။ဒီခေါင်းက စဉ်းစားလိုက်လို့ ခံရမယ်လို့ ထင်ရင် ခံသာ ခံပေတော့။လိုက်ပြီးတော့ မညိတ်နေနဲ့ ။အဲဒီလို ညိတ်ဖို့ လုပ်ထားတဲ့ ခေါင်းမျိုးဆိုတာဟာ ကျွှန်မတို့ ရဲ့ နိုင်ငံကို ဘယ်လိုမှ အကျိုးမပြုနိုင်ပါဘူး။

ဒါကြောင့် ပြည်သူရဲ့ အားကို ကျွှန်မတို့ အားကိုးတယ်။ပြည်သူရဲ့ အားကို ယူပြီးတော့ ကျွှန်မတို့ ရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေပြောင်းလဲဖို့ ကျွှန်မတို့ ကြိုးစားတယ်။ပြည်သူ့ အားဆိုတာ ဘယ်လိုနည်းနဲ့ ကျွှန်မတို့ သုံးစေချင်သလဲ။ပြည်သူတွေရဲ့ ဆန္ဒကို အများသိစေချင်တယ်။အခု ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သတ်နေတဲ့ ပုဂ္ဂိုလ်များ ၊ အဖွဲ့ အစည်းများဟာ ပြည်သူရဲ့ ဆန္ဒဘယ်လိုရှိတယ်ဆိုတာကို သိစေချင်တယ်။ဒါကတော့ ပြည်သူရဲ့ ဆန္ဒဘယ်လိုရှိသလဲဆိုတာသိချင်ရင် ပြည်သူကို မကြောက်အောင် ထားရမယ်။ပြည်သူကို ပြောရဲဆိုရဲအောင် ထားရမယ်။မာန်ပြီးတော့ သဘောတူသလား ။ သဘောမတူဘူးလားဆိုရင် ပြည်သူလူထုက ဟုတ်ကဲ့ သဘောတူပါတယ်လို့ ပြောတဲ့ အခြေအနေမျိုး ကျွှန်မတို့ လုံးဝမလိုချင်ဘူး။ကျွှန်မတို့ အတွက် အဲဒီလို သဘောတူညီမူမျိုးဟာ အဓိဟယ်လည်း မရှိဘူး။တန်ဖိုးလဲ မရှိဘူး။

တကယ်ပဲ ဒီမိုကရေစီကို ဦးတည်နေတယ် ဆိုလို့ ရှိရင် ပြည်သူတွေရဲ့ အသံကို နားထောင်ရမယ်။ပြည်သူတွေရဲ့ အသံကို ကြောက်စရာ မလိုဘူး။ရွှံ့ စရာ ၊ ပယ်စရာလည်း မလိုဘူး။ကျွှန်မကို တစ်ချို့ က မေးမယ်။ပြည်သူ့ အသံနားထောင်ရမယ်ဆိုရင် ကျွှန်မက ပြည်သူပြောသမျှ အမြဲလက်ခံမလားလို့ မေးရင် ကျွှန်မလက်မခံဘူးလို့ ပြောမယ်။ကျွှန်မက အခုကနေပြီးတော့ ပြည်သူတွေက ဘာတောင်းဆိုမလဲဆိုတာကို ကျွှန်မဆုံးဖြတ်လို့ မရဘူး။အဆိုတစ်ခုရှိပါတယ်။အားလုံးကို အချိန်အတိုင်းအတာ တစ်ခုအထိ လှည့်ဖြားလို့ ရမယ်။အနည်းစုကို အချိန်ထာဝရလှည့်ဖြားလို့ ရမယ်။ဒါပေမယ့် အားလုံးကို ထာဝရလှည့်ဖြားလို့ မရဘူးဆိုတဲ့ အဆိုရှိသလို ပြည်သူတွေကို တစ်ချို့ တွေက စွဲဆောင်မူကြောင့်မို့ လို့ တစ်ခဏအားဖြင့် သူတို့ ဆန္ဒတွေဟာ တစ်မျိုးဖြစ်နေရင် ကျွှန်မအနေနဲ့ တိုင်းပြည်အတွက် ရေရှည်အတွက် မကောင်းဘူးထင်ရင်တော့ ကျွှန်မက ပြည်သူ့ စကားဆိုပေမယ့် ကျွှန်မသဘောမတူဘူးဆိုရင် ပွင့်ပွင့်လင်းလင်း သဘောမတူဘူးလို့ ပြောမယ်။ခိုးကြောင်ခိုးဝှက်တော့ ခေါင်းငုံပြီး ကျွှန်မလုပ်ချင်တာ လုပ်မှာ မဟုတ်ဘူး။ကျွှန်မပြောချင်တာက ပြည်သူကို မလေးစားလို့ မဟုတ်ဘူး။ပြည်သူကို လေးစားလို့ ကိုး ပြည်သူ့ စကား အမြဲပဲနားထောင်မယ်ဆိုတဲ့ ကတိမျိုး ကျွှန်မမပေးနိုင်ဘူး။ပြည်သူအနေနဲ့ လည်း ကျွှန်မတို့ ကို အမြဲထောက်ခံမယ်ဆိုတဲ့ ကတိမျိုး မပေးနိုင်ဘူးဆိုတာ ကျွှန်မလက်ခံတယ်။ထောက်ခံချင်တဲ့ အခါ ထောက်ခံမယ်။ထောက်ခံသင့်တဲ့ဟာ ထောက်ခံမယ်။ဒါ ကျွှန်မတို့ အဖွဲ့ ချုပ်နဲ့ ပြည်သူကြားမှာ နောက်ဆုံးကြတော့ ဖြောင့်ဖြောင့်တန်းတန်းနဲ့ ဆက်ဆံရမယ်။

ပြည်သူ့ အကြိုက် အမြဲလုပ်တယ်ဆိုတာဟာ တကယ်ကြတော့ ပြည်သူ့ အကြိုက် မဟုတ်တော့ဘူး။ကိုယ်ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားနိုင်တယ်။အဲတာမျိုးကို ကျွှန်မတို့ မလုပ်ဘူး။ကြိုက်သည်ဖြစ်စေ ကျွှန်မပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ကျွှန်မအနေနဲ့ ပြည်သူတွေနဲ့ အမြဲပဲ တစ်သဘောထားတည်း ရှိပါမယ်လို့ ကျွှန်မ ကတိက၀တ် မခံနိုင်ဘူး။ဒါပေမယ့် ကျွှန်မတို့ ဘာပဲ လုပ်လုပ် အဖွဲ့ ချုပ်က ဘယ်လိုပဲ မူဝါဒချချ ပြည်သူကို ရှင်းလင်းတင်ပြမယ်။ကျွှန်မတို့ အမြင်နဲ့ ရဲရဲဝင့်ဝင့်နဲ့ အများစုက သဘောမတူရင်လဲ ဘာကြောင့် သဘောမတူကြောင်းဆိုတာကို ကျွှန်မတို့ ပြောမယ်။

အဲဒီတော့ ဒီအတိုင်းပဲ။ပြည်သူကို တကယ်လေးစားတယ်ဆိုလို့ ရှိရင် ဖွဲ့ စည်းပုံအခြေခံဥပဒေကို မပြင်ချင်တဲ့သူတွေက ပြည်သူတွေနဲ့ မျက်နာချင်းဆိုင် ဆွေးနွေးပြီးတော့ ဘာဖြစ်လို့ မပြင်ချင်ပါဘူးလဲဆိုတာကို လက်ခံနိုင်အောင်လို့ ရှင်းပြပါလို့ ကျွှန်မက စိန်ခေါ်ချင်ပါတယ်။ဒီလို တကယ်ပဲ ရှင်းပြနိုင်ရင် ပြည်သူကလဲ လက်ခံမှာပေါ့။ဒါပေမယ့် မမှန်ကန်တဲ့နည်းတွေနဲ့ ပြည်သူကို ဘာကြောင့်မို့ လို့  ဖွဲ့ စည်းပုံအခြေခံဥပဒေကို မပြောင်းမလဲထားချင်သလဲလို့ ပြောရင်တော့ ပြည်သူကလည်း သဘောတူမှာ မဟုတ်ဘူး။

ဒီဖွဲ့ စည်းပုံအခြေခံဥပဒေဟာ (၂၀၀၈)ခုနစ်က အတည်ပြုခဲ့တယ်။အတည်ပြုခဲ့တဲ့ဖွဲ့ စည်းပုံအခြေခံဥပဒေကို လုံးဝ ၊ ထာဝရ မပြောင်းချင်တဲ့စိတ်ရှိတယ် ဆိုတာဟာ တကယ်တော့ ဒါအနိစ္စသဘောကို နားမလည်လို့ ပဲလို့  ကျွှန်မဒီလိုပြောရမှာပဲ။ပြောင်းလဲမူဆိုတာ အမြဲရှိနေတာ။ကျွှန်မပြောပါတယ်။(၁၉၄၈)ခုနစ်တုန်းက ကျွှန်မတို့ လွှတ်လပ်ရေးရခဲ့တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။လိုအပ်ချက်တွေရှိခဲ့ပါတယ်။ဒီဥပဒေဟာ ဖေဖေဦးဆောင်ပြီးတော့ ရေးဆွဲခဲ့တဲ့ဥပဒေပါ။အဲဒီတုန်းက အချိန်ကာလ အခြေအနေအရ ဒီဖွဲ့ စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တယ်။ကောင်းတဲ့ဟာတွေလည်း အများကြီးပါတယ်။မပြည့်စုံတာတွေလည်း ပါတယ်။ဒါကို ကျွှန်မအနေနဲ့ လက်ခံရဲတယ်။ဝန်ခံရဲတယ်။ဖေဖေသာ သက်ရှိထင်ရှားရှိနေလို့ ရှိရင်လဲ သတ္တိရှိရှိနဲ့ တာဝန်ယူပြီးတော့ ရင်ဆိုင်မယ်လို့ ကျွှန်မယုံကြည်တယ်။ဖေဖေကတော့ ငါနဲ့ မဆိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။တာဝန်ယူမယ်လို့ ပြောမှာ။အဲဒီတော့ ဒီလိုပြောရဲတဲ့ သတ္တိကို တန်ဖိုးထားကြပါ။မပြောင်းချင်တဲ့ မာနကို တန်ဖိုးမထားပါနဲ့လို့ ကျွှန်မက မေတ္တာရပ်ခံချင်ပါတယ်။

တစ်ချို့ တွေက ဖွဲ့ စည်းပုံအခြေခံဥပဒေကို အကာအကွယ်တစ်ခုအနေနဲ့ ယူနေကြတယ်။ဒါလဲ ကျွှန်မ ပြည်သူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ့် ကိစ္စပါ။အကာအကွယ်တစ်ခုအနေနဲ့ ဘယ်လိုယူကြလဲဆိုတာ အဲလိုပြောရရင် အဖွဲ့ ချုပ်က အာဏာရသွားလို့ ရှိရင် ကျွှန်မတို့ က အစိုးရဖွဲ့ ဖြစ်သွားလို့ ရှိရင် ပြန်ပြီးတော့ ဂလဲ့စားချေမလား။ထိခိုက်အောင် လုပ်မလားဆိုတဲ့ စိုးရိမ်ပူပန်မူတွေရှိတယ်ဆိုပြီး ကျွှန်မကို မကြာခဏလာပြီးပြောတာရှိတယ်။ကျွှန်မက နံပါတ်တစ်အားဖြင့် ပြောတာက ကျွှန်မတို့ (၁၉၈၈)ခုနစ် ဒီပါတီကို ဖွဲ့ စည်းစဉ်အခါတည်းက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်မယ်လို့ ကျွှန်မတို့ ပြောခဲ့တယ်။အဲဒီတော့ မေးခွန်းတစ်ခု မေးမယ်နော်။ကျွှန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ရော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်တစ်ဦးအနေနဲ့ ရော ပြည်သူတွေကို ပေးခဲ့တဲ့ ကတိတွေ ဖောက်ဖျက်ခဲ့တာ ရှိလားလို့ မေးချင်ပါတယ်။ကျွှန်မတို့ တစ်ခါမှ မဖောက်ဖျက်ခဲ့ဘူး။ကျွှန်မတို့ ရွှေးကောက်ပွဲအတွက် စည်းရုံးတဲ့ကာလ (၁၉၉၀)ခုနစ် ရွှေးကောက်ပွဲအတွက် ၊ အရင်နစ်တုန်းက ကြားဖြတ်ရွှေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်နေတဲ့ အခါကာလတုန်းက ကျွှန်မသေသေချာချာ ကျွှန်မတို့ အဖွဲ့ ဝင်တွေကို ပြောခဲ့ပါတယ်။မတည်နိုင်တဲ့ ကတိတွေ မပေးနဲ့ ။မဲလိုချင်တာနဲ့ ပြည်သူတွေကို ဘာပဲ ကတိပေးရ ၊ ပေးရဆိုတဲ့ မူနဲ့ မလုပ်ပါနင့်လို့ ကျွှန်မသေသေချာချာ ပြောခဲ့တယ်။ကျွှန်မကိုယ်တိုင်လဲ ကျွှန်မပြောခဲ့တယ်။ကျွှန်မပေးနိုင်တဲ့ ကတိတစ်ခုပဲ ရှိတယ်။အဲဒါဘာလဲဆိုတော့ ကျွှန်မအတတ်နိုင်ဆုံး လုပ်မယ်။ကော့မူးမှာ ကျွှန်မလာပြီးတော့ စည်းရုံးရေးဆင်းခဲ့တယ်။မဲဆွယ်ခဲ့တယ်။ကျွှန်မတို့ ကို ထောက်ခံဖို့ မဲပေးဖို့ ကျွှန်မတို့ တောင်းဆိုခဲ့တယ်။အဲဒီတုန်းကလဲ ကျွှန်မ ဒီအတိုင်းပဲ ပြောခဲ့တယ်။ကျွှန်မတို့ အတတ်နိုင်ဆုံး လုပ်ပေးမယ်။ပြည်သူတွေရဲ့ ဘ၀တွေကို တိုးတတ်အောင် အတတ်နိုင်ဆုံး လုပ်ပေးမယ်။ ဒါပေမယ့် ဒီဟာ ၊ ဒီဟာ လုပ်ပေးမယ်ဆိုပြီးတော့ ကိုယ်မပိုင်တဲ့ ကတိတွေကို မပေးပါဘူးလို့ ကျွှန်မပြောခဲ့တယ်။ဒီတော့ ကျွှန်မတို့ ဘယ်တုန်းကမှ ကတိမဖျက်ခဲ့ဘူး။အဲဒါတော့ ကျွှန်မစိန်ခေါ်ရဲတယ်။ကျွှန်မတို့ အဖွဲ့ ချုပ်က ဘယ်ကတိဖျက်ခဲ့သလဲ။ဖျက်ခဲ့တယ်ဆိုရင် ကျွှန်မတို့ ကို လာပြီးတော့ ပြောပါ။ဘာဖြစ်လို့ အဲဒီကတိဖျက်ခဲ့သလဲဆိုရင် ကျွှန်မတို့ မှာ ရှင်းလင်းရမယ့် တာဝန်ရှိတယ်။

ကျွှန်မတို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပတ်သတ်လို့ လည်း ကျွှန်မတို့ ကတိမဖျက်ဘူး။အခုလဲ ဒီကနေပြီးတော့ ကတိပေးချင်တယ်။ကျွှန်မတို့ ပြည်သူပြည်သားတွေကြားမှာ စိတ်ဝမ်းကွဲစေမယ့် ကိစ္စတွေ ကျွှန်မဘယ်တော့မှ မလုပ်ဘူး။စိတ်ဝမ်းကွဲမယ်ထင်တဲ့ ကိစ္စတွေကို ကျွှန်မ မလုပ်လို့ ကျွှန်မကို မထောက်ခံရင်လဲ ရတယ်။မထောက်ခံနဲ့ ။ကျွှန်မက ထောက်ခံမူ လိုချင်လို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ဒီနိုင်ငံတိုးတတ်စေချင်လို့ နိုင်ငံရေးလုပ်နေတာ။အဲဒါကြောင့်မို့ လို့ ဒီလိုကိစ္စတွေနဲ့ ဆွေးနွေးချင်ရင် ဆွေးနွေးဖို့ အဆင်သင့်ပဲ။

ကျွှန်မပြောတယ်နော်။ပြည်သူတွေအထဲမှာ တပ်မတော်သားတွေ ပါဝင်တယ်ဆိုတာ တိတိကျကျ ပြောပါရစေ။တပ်မတော်သားအားလုံးဟာ ကျွှန်မတို့ ပြည်သူတွေပဲ။ကျွှန်မတို့ နိုင်ငံသူနိုင်ငံသားတွေပဲ။ကျွှန်မတို့ နိုင်ငံသူ ၊ နိုင်ငံသားတွေကြားထဲမှာ စိတ်ဝမ်းကွဲစေမယ့် အလုပ် ကျွှန်မ မလုပ်ဘူး။ဒီလိုလုပ်လို့  ကျွှန်မတို့ နိုင်ငံတိုးတတ်နိုင်မှာ မဟုတ်ဘူး။

ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးကိုလည်း ညှိနိုင်းဆွေးနွေးတိုင်ပင်ပြီးတော့ ကျွှန်မတို့ လုပ်သွားချင်တယ်။ဒါကြောင့်မို့ ကျွှန်မ မကြာခင်တုန်းကနေပြီးတော့ လေးဦးလေးဖက် တိုင်ပင်ပါ။ဆွေးနွေးပါ ဆိုပြီးတော့ ကျွှန်မက တောင်းဆိုခဲ့တယ်။အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သတ်လို့ တစ်ဖက်ကနေပြီးတော့ တုန့် ပြန်ချက်က ပါတီတွေ အများကြီးရှိတယ်ပေါ့နော်။ဒီပါတီ တစ်ပါတီတည်းနဲ့ ဆွေးနွေးတယ်ဆိုလို့ ရှိရင် မသင့်တော်လို့ စသဖြင့် ဒီလိုဟာမျိုးကြတော့ ဒီလိုပြောပြီးတော့ စောစောက ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ ပါနေတဲ့ အင်မတန်မှ မမျှတတဲ့ ကိစ္စတွေကိုတော့ မသိချင်ယောင်ဆောင်နေတာဟာ ဒါကတော့ သိပ်မရိုးသားဘူးလို့ ကျွှန်မ ဒီလိုပဲ ပြောရမှာပါ။ဒီလောက်တောင်မှ မမျှတမူကို မလိုလားဘူးဆိုရင် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ကို ပြင်ရမယ်။အဲဒီထဲမှာ မမျှတတဲ့ ကိစ္စတွေအားလုံးကို ဖယ်ရှားပေးရမယ်။အဲဒါတွေတော့ သိသိကြီးနဲ့ ကြည့်နေပြီးတော့ ကျွှန်မက ပါတီတစ်ခုကိုပဲ ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်မို့ လို့ အခုကို တွေ့ ဖို့ မသင့်တော်ပါဘူး ဆိုတာကို ကျွှန်မတို့ ပြည်သူတွေအနေနဲ့ ဒီဟာကို ဘယ်လိုမြင်သလဲလို့ ပြောလို့ ရှိရင် ဒါဟာ အဓိဟယ်မရှိတဲ့ အကြောင်းပြချက်တစ်ခု ၊ ဆင်ခြေတစ်ခုလို့ ကျွှန်မက ပြောမှာပဲလို့ ထင်ပါတယ်။လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကို ဘယ်သူကပဲ ဝေဖန် မလုပ်ရဲတဲ့ သူများဟာ တိုင်းပြည်ကို လုံးဝဦးမဆောင်သင့်ဘူး။

သူတို့ အပြောအဆိုပေါ့နော်။ပြောရမယ်ဆိုရင် အခု ဘယ်သူကိုမှ စောင်းပြောတာ မဟုတ်ပါဘူး။လက်ခုတ်ထူတဲ့ နိုင်ငံရေးမျိုးဆိုတာ ကောင်းတဲ့ နိုင်ငံရေးမျိုး မဟုတ်ဘူး။ပြည်သူလူထုက စိတ်ထဲမှာ ၀မ်းသာလို့ စိတ်ပါလို့ အားရလို့  လက်ခုတ်တီးတယ်။သြဘာပေးတယ်ဆိုရင် ကျွှန်မတို့ က မကျေနပ်ဘူးလား။ကျေနပ်တာပေါ့။ဒါက အဓိကမဟုတ်ဘူး။ဒီဟာအတွက် လက်ခုတ်သြဘာခံယူချင်လို့ ပဲ လုပ်နေတယ်ဆိုရင် အမှားအယွင်းတွေ အများကြီး ဖြစ်သွားနိုင်တယ်။ဟိုလူက တောင်းဆိုလို့ ရှိရင် ဟုတ်ကဲ့ ပြောလိုက် လက်ခုတ်ကလေးတီးလိုက် ၊ ဒီဘက်ကတောင်းဆိုရင်လဲ ဟုတ်ကဲ့ ပြောလိုက် လက်ခုတ်ကလေးတီးလိုက်။ အဲလိုပုံစံနဲ့ ကျွှန်မတို့ နိုင်ငံကို တိုးတတ်အောင် မလုပ်နိုင်ဘူး။

ကျွှန်မအချိန်အကြာကြီးလဲ မပြောချင်ဘူး။နောက်ကျွှန်မတို့ အစီအစဉ်လဲ မပြီးသေးဘူး။ပြည်သူလူထုက နေလှန်းခံနေတာလဲ ကျွှန်မသိတယ်။ကျွှန်မတို့ ပြည်သူတွေ တောင့်တယ်ဆိုတာလဲ သိတယ်။ဒီထဲမှာ ဆိုလို့ ရှိရင် တစ်ချို့ ဆို ဟိုးကျွှန်မတို့ အိမ်ရှေ့ မှာ စနေ ၊ တနင်္ဂနွေ ဟောပြောပွဲတွေမှာကတည်းက လာရောက်ပြီး ထောက်ခံနေခဲ့ တဲ့ ပုဂ္ဂိုလ်တွေက အခုထိ မားမားမတ်မတ်နဲ့ ရှိသေးတယ်ဆိုတာ ကျွှန်မမြင်ရတဲ့ အခါကြတော့ အင်မတန်မှ အားတတ်တယ်။အနစ်(၃၀)နီးပါး တကယ်ကို တောင့်တောင့်တင်းတင်းနဲ့ ကျွှန်မတို့ ကို ထောက်ခံခဲ့တယ်။အဲဒီတော့ တစ်ချို့ တွေ က စိတ်ထဲမှာ သြော် ငါတို့ က မနေ့ တစ်နေ့ က ရောက်လာပြီးဆိုပြီးတော့ အားငယ်တဲ့ စိတ်မရှိပါနဲ့ ။ဘာဖြစ်လို့ လဲဆိုရင် စိတ်ဆိုတာက တစ်စက္ကန့် အတွင်းပြောင်းလဲလို့ ရတယ်။ဒါပေမယ့် ကောင်းတဲ့ ဘက်ကို ပြောင်းဖို့ ပြောတာပါ။မကောင်းတဲ့ ဘက်ကိုလည်း တစက္ကန့် အတွင်းမှာ စိတ်က ပြောင်းသွားလို့ ရပါတယ်။ဒီအချိန် ဒီအခါမှာလည်း ထောက်ခံသင့်လို့ ထောက်ခံလာတယ်ဆိုတာလည်း သူအချိန်သူ့ ကာလအရ လိုအပ်ချက်ဖြစ်လို့ လုပ်ပေးတာကိုလည်း ကျွှန်မတို့ အင်မတန်မှ ကျေးဇူးတင်တယ်။နောက်ပြီးတော့ ကျွှန်မတို့ အချင်းချင်းမှာလည်း အဲဒီဟာတွေနဲ့ ပတ်သတ်လို့ စိတ်ဝမ်းကွဲမူတွေ မရှိစေချင်ဘူး။ဒို့ က ဘယ်တုန်းက ရောက်နေတာ မင်းတို့ က အခုမနေ့ တစ်နေ့ ကမှ အဲလိုပြောကြေးဆိုလို့ ရှိရင် တနေ့ ဆိုရင် ကျွှန်မတို့ လဲ ရှိတော့မှာ မဟုတ်ဘူး။လူငယ်တွေက တတ်လာမှာပဲ။အဲဒီတော့ အပြောင်းအလဲဆိုတာတော့ ရှိမှာပဲ။အသစ်ရောက်လာတဲ့ လူတွေကိုလည်း ကျွှန်မတို့ လက်ကမ်းကြိုဆိုတယ်။အဟောင်း ကျွှန်မတို့ ရဲ့ သစ္စာရှိရှိ ရက်ပေါင်းများစွာ လျှောက်လှမ်းခဲ့တဲ့ သူတွေကိုလည်း အင်မတန်မှ ကျေးဇူးတင်တယ်။တန်ဖိုးထားတယ်။ဒီလိုစိတ်ဓာတ်တွေကို အခြေခံပြီးတော့ ကျွှန်မတို့ နိုင်ငံ တိုးတတ်အောင် လုပ်နိုင်မယ်လို့ ကျွှန်မယုံကြည်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

(14-12-2013)
ခွန် ဒီးယမ်

ကမ္ဘာမြေပြင်ပေါ်သို့ လူသားတစ်ယောက်အနေဖြင့် ရောက်ရှိလာသော လူတို့သည် နိုင်ငံ၊ ဘာသာ၊ လူမျိုးကွဲပြား၍ နေ့စဉ်နေ့တိုင်း လူ့ဘုံလောကထဲသို့ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရောက်ရှိလာကြသည့် (၃၁) ဘုံတွင် ကုသိုလ်ရေးပြုလုပ်ရာတွင် အမြင့်မြတ်ဆုံးဘုံဟု သတ်မှတ်ထားသော လူ့ဘုံလူ့လောကထဲသို့ ရောက်ရှိလာသော သူတို့အား ကံကောင်းသူများဟု သတ်မှတ်ကြသည်။ သို့ရာတွင် မိခင်ဝမ်းမှ လွတ် မြောက်၍ ပြင်ပလူ့လောကသို့ ရောက်ရှိလာသော ရင်သွေးငယ်လေးများသည် မွေးရာပါ နူတ်ခမ်းကွဲခြင်း၊ ပိုလီယိုရောဂါ၊ နှလုံးရောဂါ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံခြင်း တို့သည်လည်းရှိခဲ့သည်။ လူ့လောကသို့ရောက် ရှိလာခြင်းကို ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် သံသရာဝဋ်ကြွေးများဟု သတ်မှတ်ကြ သည်လည်းရှိခဲ့သည်။ ထိုသို့ ဝဋ်နာ၊ ကံနာများနှင့် လူ့လောကသို့ ရောက်ရှိလာသော ရင်သွေးငယ်များထဲ တွင် ထူးဆန်းသောဝေဒနာခံစား၍ ရောက်ရှိလာသော ရင်သွေးငယ်များအား ကျွန်တော်တို့ သုခကုသိုလ် ဖြစ်ဆေးခန်းတွင် မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရသည်။

၁၂.၁၂.၂ဝ၁၃ ရက်နေ့တွင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ (၄) နှစ်သားအရွယ် ယောင်္ကျားလေးနှင့် (၂) နှစ်အရွယ် မိန်းကလေး မောင်နှမနှစ်ယောက်တို့သည် ခံစားနေရသော ရောဂါဝေဒနာများအား မိခင် ဖြစ်သူမှ လာရောက်ပြသခဲ့သည်။ ထိုလူမမယ် ကလေးငယ်မောင်နှမတို့၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ အရေ ပြားများသည် ငါးကြေးခွံကဲ့သို့ အဖတ်အဖတ်များ ခန္ဓာကိုယ်အနှံကွာကျနေကြသည်။ သူတို့မောင်နှမ၏ မိခင်ဖြစ်သူ ပြောကြားချက်အရ သားအကြီးဖြစ်သူ လူ့လောကထဲသို့ စတင်ရောက်ရှိလာချိန်တွင် သာမာန် ကလေးငယ်အဖြစ် ရောက်ရှိလာခဲ့ပြီး ပြင်ပလေနှင့် ထိတွေ့စဉ် အချိန်ကာလမှစ၍ ကလေးငယ်၏ အရေ ပြားများသည် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်းနှင့် သမီးအငယ်လေးသည်လည်း သူ၏အစ်ကိုနည်းတူ မိခင်ဝမ်းမှ ထွက်လာသည့်အချိန်တွင် သာမန်ကလေးငယ် တစ်ယောက်ကဲ့သို့ပင် ဖြစ် ကြောင်းနှင့် ပြင်ပလေနှင့် ထိတွေ့သည့် အချိန်မှစ၍ သူ၏အစ်ကိုဖြစ်သူကဲ့သို့ အရေပြားများ ငါးကြီးကွက် ကဲ့သို့ ဖြစ်ပေါ်လာကြောင်း ပြောကြားခဲ့သည်။ ထိုကလေးငယ်နှစ်ဦးအား သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ထိုင်ရှိသော စေတနာ့ဝန်ထမ်း အရေပြားအထူးကုဆရာဝန် ဒေါက်တာ တင်မောင်စိုး မှ ကြည့်ရှုစစ်ဆေးမှု များပြုလုပ်ခဲ့ရာ ကလေးငယ်များ၏ ရောဂါဝေဒနာသည် ဆေးရုံတင်၍ ရေရှည်ကုသရမည့် အနေအထား ဖြစ်နေသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့တင်၍ ကုသမှုများ ပြုလုပ်ပေးလျှက်ရှိပါသည်။ မြောက်ဥက္ကလာပ ဆေးရုံမှ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာ မြတ်စန္ဒာကျော် သည်လည်း မေတ္တာ၊ စေတနာ၊ ကရုဏာတရား ပြည့်ဝစွာဖြင့် ဂရုတစိုက် ထိုကလေးငယ်နှစ်ဦး၏ ထူးဆန်းသောရောဂါဆိုးအား စတင်၍ ကုသမှုများ ဆောင်ရွက်ပေးနေပြီဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း မှလည်း အများပြည်သူလူထုတို့၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသပေးမှုများကို နေ့စဉ် လူနာဦးရေ (၂ဝဝ) ကျော်အား (အခမဲ့) ကုသပေးခြင်း၊ ဆေးဝါးများ (အခမဲ့) တိုက်ကျွေးခြင်းတို့ကို ပြုလုပ်ပေးနေရ သည်နှင့်အညီ ထိုကလေးငယ် မောင်နှမနှစ်ဦးတို့၏ ရောဂါဝေဒနာဆိုးအား လူသားချင်းစာနာစိတ်ဖြင့် တတ်စွမ်းသရွေ့ အလှူငွေများထည့်ဝင်၍ ကုသမှုများပေးမည်ဖြစ်သောကြောင့် စေတနာရှင်များအနေဖြင့် ဆေးဝါးကုသပေးလိုသော အလှူရှင်များအနေဖြင့် သဒ္ဒါတရားထက်သန်စွာ လှူဒါန်းမှုများ ပြုလုပ်နိုင်ကြရန် နှိုးဆော်လိုက်ရပါတော့သည်။

ဘဝပေးကုသိုလ်ကံကြောင့် လူ့လောကထဲသို့ ရောက်ရှိလာသော်ငြားလည်း ဘဝပေး အကုသိုလ် ကံကြောင့် လူ့လောကထဲတွင် ရပ်တည်နေထိုင်နိုင်ရန်အတွက်၊ လူ့ပတ်ဝန်းကျင်အတွင်း မျက်နှာပြ၍ ရဲရဲ တင်းတင်း ရှာဖွေစားသောက် ပညာသင်ကြားမှုများ မပြုလုပ်နိုင်ရှာကြသော ကလေးငယ် မောင်နှမနှစ်ဦး အား လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းကြား အများသူငါကဲ့သို့ ရပ်တည်နေထိုင်ခြင်း၊ ဆော့ကစားခြင်းနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျွန်တော်တို့အားလုံးတွင် တာဝန်တစ်ရပ်အဖြစ် ဗြဟ္မစိုရ်တရား(၄)ပါးအား လက်ကိုင်ပြု၍ ကျင့်သုံးလိုက်နာကြပါစို့။

ကျော်သူ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.