12/18/13

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ မနေ့ညက ကန်တဲ့ မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲအပြီး မြန်မာအသင်း ရှုံးနိမ့်ခဲ့မှုအပေါ် ပေါက်ကွဲခဲ့တဲ့ ပရိသတ်တွေကို ရဲလုံခြုံရေး တပ်ဖွဲ့တွေက ဖြိုခွင်းတဲ့နေရာမှာ သတင်းရယူနေတဲ့ သတင်းထောက်တွေပါ ကြားညပ်နှိမ်နင်းခံ ရတာ၊ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ရှိခဲ့ပါတယ်။
t11-622x411ဘောလုံးပွဲအပြီး မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတဲ့ ပရိသတ်တွေရဲ့ အခြေအနေ သတင်းရယူနေတဲ့ သတင်းထောက်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ရေပိုက်နဲ့ ထိုးတာ၊ ကင်မရာတွေ လုယူတာ စတဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့သလို ဟစ်တိုင်ဂျာနယ်က သတင်းထောက် ကိုအောင်ခန့်ကိုလည်း သင်္ကန်းကျွန်း ရဲစခန်းက ဖမ်းဆီးထားပါတယ်။

ပြီးခဲ့ညက ဖြစ်ပျက်ခဲ့တဲ့ အခြေနေနဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားရာနေရာမှာ ရောက်ရှိနေခဲ့တဲ့ ဟစ်တိုင်ဂျာနယ် သတင်းအယ်ဒီတာ ကိုသီဟက ခုလို ပြောပါတယ်။
“မနေ့ညက သုဝဏ္ဏမီးပွိုင့်ထောင့်မှာ အင်္ကျီတွေ မီးရှို့တယ်။ စရှို့တဲ့အချိန်မှာ ကျနော်တို့က သတင်းတွေ ယူနေတယ်။ မီဒီယာအုပ်စုတွေ စုပြီး သတင်းယူနေတဲ့အချိန်မှာ လုံထိန်းတွေ ရောက်လာပြီး မီးသတ်ပိုက်နဲ့ ပက်တယ်။ နောက်ကနေ ညာသံပေးပြီး လိုက်ရိုက်တယ်။ လိုက်ဖမ်းတယ်။”
ဒီဗွီဘီက ဆက်သွယ်တဲ့ နေလယ်ပိုင်း အချိန်ထိ ဟစ်တိုင်ဂျာနယ်က ကိုအောင်ခန့်ကို အချုပ်က ထုတ်ယူနိုင်ခြင်း မရှိသေးဘူးလို့လည်း ကိုသီဟက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး သင်္ကန်းကျွန်းမြို့နယ် ရဲစခန်းမှူး ဦးသိန်းအောင်က ဖမ်းဆီး ထိန်းသိမ်းထားသူ ၉ ဦးရှိပြီး သတင်းထောက်တဦး ပါဝင်တယ်လို့ ဒီဗွီဘီကို အတည်ပြုပြောဆိုခဲ့သလို အခုချိန်ထိ တစုံတရာ စွဲဆိုတာတွေ မလုပ်ဆောင်ရသေးဘူးလို့ ပြောပါတယ်။
ရဲစခန်းကို ရောက်ရှိနေတဲ့ သတင်းထောက် ကိုအောင်ခန့်ရဲ့ အစ်မဖြစ်သူကတော့ ဒီဇင်ဘာ ၁၆ ရက်နေ့ည သတင်းသွားယူတာဖြစ်ပြီး သတင်းထောက်လို့ ပြောဆိုခဲ့ပေမယ့် လက်မခံဘဲ ကတ်ပြားထုတ်ပြချိန်မရအောင် ရဲတွေက ထွန်းထိုးဆွဲခေါ်ခဲ့တဲ့အတွက် သတင်းထောက်ကတ် ပျောက်ဆုံးသွားကြောင်း ကိုအောင်ခန့်နဲ့ ရဲစခန်းမှာ တွေ့ဆုံစဉ် ပြောတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ညက သတင်းရယူနေတဲ့ သတင်းသမားတွေဟာ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခကို လုပ်ဆောင်နေတဲ့ လူအုပ်တွေအကြား ပိတ်မိနေခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဝင် ဦးဇော်သက်ထွေးကတော့ ဘောလုံးပွဲကို အကြောင်းပြုပြီး သတင်းရယူနေတဲ့ သတင်းထောက်တွေကို ဆက်လက် ဖမ်းဆီးထိန်းသိမ်း ထားမယ်ဆိုရင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနဲ့ သက်ဆိုင်ရာ စာပေအဖွဲ့အစည်းတွေက ပြန်လွှတ်ပေးအောင် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပရိသတ်တွေကို ဘယ်လို ညင်သာစွာ ကိုင်တွယ် ထိန်းသိမ်း မလဲဆိုတဲ့ မဟာဗျူဟာတွေ လုံခြုံရေး တပ်ဖွဲ့နဲ့ ပြည်သူ့ရဲတွေဆီမှာ ရှိထားသင့်သလို ဒီလို ဖြစ်ခဲ့ရတာဟာ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်တယ်လို့လည်း ဦးဇော်သက်ထွေးက ပြောပါတယ်။
“ပြဿနာဖြစ်ခါမှ စိတ်ကူးတည့်ရာ သွေးပူပြီးလုပ်တာထက်စာရင် ဘယ်လို လုပ်မယ်ဆိုတာ တာဝန်ရှိပုဂ္ဂိုလ်တွေက စီမံချက်ရေးဆွဲထားမှသာ ဒီလိုမျိုးရုပ်ဆိုးတဲ့ မြင်ကွင်းတွေ မမြင်ရမှာပဲ။ အခုတော့ ကျနော်တို့ တိုင်းပြည်မှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပေမယ့် အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှုတွေ၊ နောက်ပြီးတော့ လာရောက် အားပေးတဲ့ လူထုအပေါ်မှာထားတဲ့ သဘောထားတွေဟာ လိုအပ်မှုတွေ ရှိနေတုန်းပဲဆိုတာ ပြသလိုက်ရာ ရောက်တယ်။ နောက်တခုက ဆီးဂိမ်းကျင်းပနေတုန်းမှာ ဒီလို ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်ခဲ့ရတာတွေ အားလုံးဟာ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်တယ်ဆိုတာ သက်သေပြရာ ရောက်နေပါတယ်။”

ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေက ဆီးဂိမ်း ပြိုင်ပွဲ အမျိုးသားဘောလုံး အုပ်စုပွဲစဉ် (ခ) မှာ အိမ်ရှင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်သွားရပြီးတဲ့နောက် ပွဲကြည့်ပရိသတ်အချို့က မကျေမနပ် ပေါက်ကွဲခဲ့ကြပြီး မီးရှို့ဖျက်ဆီး ခဲ့ကြတာပါ။

ဒီဗွီဘီ

(The Associated Press မှ 14 Dec 2013 ရက်စွဲပါ “Majority in Myanmar for constitution amendment” သတင်းကို ဘာသာပြန်ဆိုသည်)

စနေနေ့က ရန်ကုန်ဒေသတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအတိုက်အခံပါတီ NLD က အခြေခံ ဥပဒေဆိုင်ရာ လူထုဆန္ဒခံယူပွဲကို လူထုစည်းဝေးပွဲပုံစံဖြင့် ကျင်းပခဲ့ရာ တက်ရောက်လာသူ ၉၉ ရာခိုင်နှုန်းက လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် သဘောတူထောက်ခံခဲ့ကြသည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်တွင် ပြုလုပ်သော စုဝေးပွဲသို့ လူ ၃၀,၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု တရုတ် Xinhua သတင်းက ဆိုပါသည်။

လက်ရှိအခြေခံဥပဒေသည် ပြည်သူနှင့် တပ်မတော်အကြား ရန်တိုက်ပေးရုံသာမကပဲ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုပါ ထိခိုက်အောင် ရေးဆွဲထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာသော လူထုကို ပြောကြား ခဲ့သည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မှသာလျှင် အခြေခံဥပဒေနှင့်အညီ နိုင်ငံတွင်း၌ ပြည်သူတို့ငြိမ်းချမ်းစွာ နေထိုင်နိုင်မည်ဟု သူမကဆိုပါသည်။

NLD ပါတီသည် အောက်တိုဘာလလယ်မှစ၍ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုသဘောထား ကောက်ယူမှု များကို ဒေသတစ်ဝှမ်း၊ နိုင်ငံတစ်ဝှမ်း၊ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။

ကောက်ယူရရှိသော လူထုဆန္ဒသဘောထားများကို ပြည်သူ့လွှတ်တော် အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ပူးတွဲ ကော်မတီသို့ ဒီဇင်ဘာလမကုန်မှီ NLD ပါတီက တင်ပြသွားမည် ဖြစ်သည်။

NLD ပါတီ၏ အစောပိုင်းထုတ်ပြန်ချက်များအရ ပြည်သူအများစုက အခြေခံဥပဒေပြင်ဆင်မှုကို လိုလားကြပြီး၊ အနည်းစုက ပြန်လည်ရေးဆွဲလိုကြသည်ဟု သိရှိရသည်။

ဇူလိုင်လက လွှတ်တော်တွင် ဖွဲ့စည်းခဲ့သော အဖွဲ့ဝင် ၁၀၉ ဥိးပါ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီက ယင်းကဲ့သို့ အကြံဥာဏ်ပေးခြင်း၊ အကဲဖြတ်ခြင်းများ တင်ပြရန် နောက်ဆုံးရက်ကို ဒီဇင်ဘာ ၃၁ ရက် အထိ နောက်ဆုတ်ပေး ထားသည်။

NLD ပါတီ ကိုယ်၌ကလည်း အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်သည်။

ယခင် တပ်မတော် အစိုးရလက်ထက်က ကျင်းပသော အမျိုးသားညီလာခံမှ ချမှတ်ခဲ့သော အသေးစိတ် အခြေခံ စည်းမျဉ်းများအတိုင်း ရေးဆွဲထားသော စာမျက်နှာ ၁၉၄ မျက်နှာ၊ အခန်း ၁၅ ခန်းပါ ၂၀၀၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေကို ၂၀၀၈ မေလတွင် လူထုဆန္ဒခံယူပွဲ ကျင်းပကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်း အခြေခံဥပဒေအရ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၀ နိုဝင်ဘာလတွင် ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ USDP က အများစု အနိုင်ရရှိကာ ထိုစဉ်က ပါတီဥက္ကဌ ဖြစ်သူ ဦးသိန်းစိန်က အရပ်ဖက်အစိုးရ အကြီးအကဲ သမ္မတသစ်အဖြစ် ၂၀၁၁ မတ်လတွင် အာဏာလွှဲပြောင်းရယူခဲ့သည်။

၂၀၁၂ တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီကို တရားဝင် ရပ်တည်ခွင့်ပေးရန် အတွက် ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို အစိုးရက ပြင်ဆင်ပေးခဲ့သည်။

ထို့နောက် ၂၀၁၂ ဧပြီလတွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲများသို့ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ လစ်လပ်လွှတ်တော်အမတ်နေရာ ၄၅ နေရာ အနက် ၄၃ နေရာ အနိုင်ရရှိကာ လွှတ်တော် နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက် လာခဲ့သည်။

ထို့နောက် ၂၀၁၂ ဧပြီလတွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲများသို့ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လစ်လပ်လွှတ်တော်အမတ် နေရာ ၄၅ နေရာ အနက် ၄၃ နေရာ အနိုင်ရရှိကာ လွှတ်တော်နိုင်ငံရေး နယ်ပယ်သို့ ဝင်ရောက် လာခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုများ၏ နောက်ကွယ်တွင် ရှိနေသော သော့ချက်အကြောင်းအရင်း Key Point မှာ ယခင်အုပ်ချုပ်သူ အကြီးအကဲဟောင်း မိသားစု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ဆက်လက်လုံခြုံမှုရှိရေးကိစ္စပင် ဖြစ်ပြီး၊ ယင်းကိစ္စသည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် အထက်တွင် ရှိနေ သည်ဟု ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးကြသည်။

Yangonchronicle

မိတ္ထီလာမြို့  ဈေးအရှေ့ ပြင်ရပ်ကွက် မြို့ ဈေးကြီး အနောက်တောင်ဘက် ရန်ကုန်-မန္တလေး ကားလမ်းမအနီး အင်းဝဘဏ်တွင် ဒီဇင်ဘာ ၁၇ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က တစ်ကိုယ်တော် အနုကြမ်းစီး လုယက်မှုဖြစ် ပွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အင်းဝဘဏ်မန်နေဂျာ ဒေါ်မိမိယဉ် အသက် ၄၄ နှစ် (ဘ) ဦးသောင်း သည် ဘဏ်ဝန်ထမ်း အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၈ ဦးတို့ နှင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေ ခဲ့သည်။ ဒေါ်မိမိယဉ် သည် ၄င်း ၏ ကွန်ပျူတာထိုင်ခုံတွင် ထိုင်နေစဉ် ဘောင်းဘီရှည် ၊ ပြောက် ကျားအင်္ကျီ ၀တ်ဆင်၍ ကျောပိုးအိတ်တစ်လုံးအား ဆွဲ၍ ၀င်လာသော အမည်မသိ
လူတစ်ဦး က ဒေါ်မိမိယဉ်၏ ကျောဘက်မှ သိုင်းဖက်ကာ ကျန်လက်တစ် ဘက်မှ အရိုးအသွား ၁၅၄ လက္မခန့်ရှိ ဓါးဦးချွန်ဖြင့် ထောက်ကာ တစ်ယောက်မှ မလှုပ်နဲ့ အားလုံးငြိမ်ငြိမ်နေဟု ဆိုကာ ကြမ်းပြင်ပေါ် တွင် ၀န်ထမ်းများအား မှောက်လျက်နေခိုင်းခဲ့သည်။ ထိုနောက်

၎င်းယူဆောင်လာသော ကျောပိုးအိတ်ထဲသို့  ဘဏ်မှ ငွေများထည့်ခိုင်းရာ ဘဏ်ကောင်တာပေါ်တွင် ငွေမရှိသဖြင့် ဘဏ်ဝန်ထမ်းများ က ငြိမ်သက်နေခဲ့သည်။

အနုကြမ်းစီးသူက ၄င်း၏ဓါးကို ကောင်တာ စားပွဲပေးတင်ပြီး ဆက်လက်ငြိမ်သက်နေရန် ဘဏ်ဝန်ထမ်းများကိုပြောဆို ခိုက် ကောင်တာပေါ်မှ ဓါးအား ဘဏ်မန်နေဂျာ က ကောက်ယူလွှင့် ပစ်ပြီး လုံခြုံရေးဝန်ထမ်းများ ရောက်ရှိကာ အနုကြမ်းစီးသူအား ၀ိုင်းဝန်းဖမ်းဆီးကြသည်။

အခင်းဖြစ်ပွားရာသို့  ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုး၊ခရိုင်ရဲတပ် ဖွဲ့မှူး ရဲမှူးကြီး စ၀်နေလင်း ၊မြို့ နယ်အုပ်ချုပ်ရေးမှူး၊မြို့ နယ်ရဲတပ်ဖွဲ့မှူးတို့  ချက်ချင်းရောက်ရှိလာပြီး အရေးယူဆောင်ရွက်မှုများ ကို ဦးဆောင်ကြီးကြပ် သည်။

အဆိုပါ အနုကြမ်းစီးလုယက် သူမှာ ဝေယံမျိုးကျော် ( ၂၆ )နှစ် (ဘ) ဇင်မျိုးကျော် အမှတ် ၆၀၀၆ တင့်ကားတပ်ရင်း ၊ ကန့်ဘလူ မှဗိုလ်ကြီး အဆင့်ရှိသူဖြစ်သည်။

MOI Webportal Myanmar

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.