12/19/13

ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ ပြန်လည် ပြင်ဆင်နိုင်ခြင်းမရှိလျှင် ဂုဏ်သိက္ခာရှိရှိ ဖြင့် ရပ်တည်နေသော နိုင်ငံရေးသမားများအနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသို့ ၀င်ရောက်လှုပ်ရှားမှု မပြုသင့်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းသည် လက်ရှိ ဦးသိန်းစိန်အစိုးရက ပြောနေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တိုးတက်မှုမရှိကြောင်း သက်သေပြသခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၃ ရက်နေ့က သာယာဝတီမြို့တွင် ကျင်းပသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ လူထုဆွေးနွေးပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “ဒီရွေးကောက်ပွဲက အရမ်းစွန့်စားရတဲ့ အရာတစ်ခုပါ။ အဲဒါကို မပြင်နိုင်ဘူးဆိုရင် ပြည်သူကို ကိုယ်စားပြုရမယ့် ကျမအတွက် ဘာမှ ဂုဏ်သိက္ခာရှိမှာ မဟုတ်ဘူး။ အဲဒါအတွက် ကျမ မ၀င်ချင်ဘူး။ ဒါ့ကြောင့် ဂုဏ်သိက္ခာရှိတဲ့ သူတွေအနေနဲ့ လည်း ဒီဖွဲ့စည်းပုံနဲ့တော့ မ၀င်သင့်ဘူး” ဟု ပြောဆိုခဲ့ခြင်းသည် ယခင်စစ်အစိုးရက ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး အတည်ပြုပြဌာန်းခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဆန္ဒ မပြင်းပြသော ဦးသိန်းစိန်အစိုးရနှင့် မြန်မာ့တပ်မတော်အပေါ် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်၏ နောက်ဆုံးဖိအားဖြစ်သည်။

မကြာသေးမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုငင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း တို့နှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲမျိုး ပြုလုပ်ဖို့ တောင်းဆိုခဲ့သော်လည်း အစိုးရဘက်က မဖြစ်နိုင်သေးကြောင်း အကြောင်းပြန်ခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ယခု ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လူပုဂ္ဂိုလ် တဦးတယောက်အတွက်၊ အဖွဲ့အစည်းတရပ် အတွက် ရေးဆွဲထားတာ မဟုတ်ပဲ ပြည်ထောင်စုတိုင်းရင်းသား အားလုံးအတွက် လူတန်းစားအလွှာ အသီးသီးမှ ပါဝင်သည့် ပြည်သူ့ကိုယ်စားလှယ်များက စနစ်တကျရေးဆွဲထားခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောဆိုခဲ့သလို တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟုလည်း အကြိမ်ကြိမ် ပြောဆိုဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်က သာယာဝတီတွင် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြောဆိုရာတွင် တပ်မတော်နှင့် ပြည်သူတို့ မညီမျှမှုကို ထောက်ပြနေခြင်းဖြစ်ပြီး တပ်မတော်ကို မလိုလားခြင်း မဟုတ်ကြောင်း၊ တပ်မတော်ကို ပြည်သူနှင့် တသားတည်းဖြစ်စေချင်သောကြောင့် ထောက်ပြနေခြင်းသာဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သာ အုပ်ချုပ်ရေး အာဏာရရှိခဲ့မည်ဆိုလျှင် ကလဲ့စားချေမည်ဟု ပြောဆိုနေခြင်းမှာ မမှန်ဘဲ မိမိတို့စိတ်တွင် အာဃာတ လုံးဝ မရှိပါကြောင်း၊ မိမိတို့အနေဖြင့် ညီညွတ်ပြီး တိုးတက်သော နိုင်ငံတခု အဖြစ်ကိုသာ လိုလားပါကြောင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်ရာ၌ အခြေခံဥပဒေပြင်ဆင်ရေးသည် အဓိက ကြွေးကြော်သံတစ်ခုဖြစ်ပြီး သူရဦးရွှေမန်း လက်ရှိဦးစီးနေသော ပြည်သူ့လွှတ်တော်ကလည်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ မည်သည့်အချက်များကို ပြင်ဆင်သင့်ကြောင်း မကြာမီ တင်သွင်းမည်ဟု မျှော်လင့်ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲမဝင်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးမဟာမိတ် တိုင်းရင်းသားများက ထောက်ခံကြသည်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက “ဒီဖွဲ့စည်းပုံ မပီမပြင်ကြီးနဲ့ ဆက်လှုပ်ရှားမယ်ဆိုလို့ကတော့ သမိုင်းတရားခံဖြစ်မှာပဲ။ လက်ရှိအခြေခံ ဥပဒေကိုက သမ္မတက အာဏာရှိတာလား၊ ကာကွယ်ရေးဦးစီးချုပ်ကပဲ အာဏာရှိတာလား ဘာမှမပီပြင်ဘူး။ ဒီဖွဲ့စည်းပုံကိုသာ ပြင်ဆင်ရေး မလုပ်ဘူးဆိုရင် လက်ရှိအခြေအနေထက် ပိုဆိုးသွားမှာပဲ။ အချောင်သမားတွေကတော့ ၀င်ပြိုင်ကြမှာပေါ့။ ကျနော်တို့အနေနဲ့ကတော့ မပြင်ဘူးဆိုရင် ဒီဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ ဘာမှ ၀င်ပြိုင်တာတို့ လုပ်မှာ မဟုတ်တော့ဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။

ထို့အပြင် လက်ရှိ နိုင်ငံရေး ဖြစ်ထွန်းမှုသည် စစ်အစိုးရကို ဆန့်ကျင်ခဲ့ကြသော တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးနေကြသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များမှ ခေါင်းဆောင်များ၊ အတိုက်အခံနိုင်ငံရေးသမားများက တိုင်းပြည်တိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း အတွက် အစိုးရနှင့် တပ်မတော်ကို သည်းခံပြီး ပူးပေါင်းဆောင်ရွက်နေသော အဆင့်တွင်ပင် ရှိနေသေးကြောင်းလည်း ဦးခွန်ထွန်းဦးက ဆိုသည်။

လတ်တလော အပစ်ရပ်ရေး ဆွေးနွေးနေသော ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မတော်ဗျူဟာလေ့လာရေး ဌာနမှ ဗိုလ်မှူးနော့်နော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အပြည့်အ၀ ပြင်ဆင်နိုင်မှသာလျှင် ဖယ်ဒရယ်ပြည်ထောင်စု၊ ဖယ်ဒရယ် တပ်မတော်ကို တည်ဆောက် ရန် အဆင်ပြေမှာဖြစ်သည့် အတွက် လက်ရှိအစိုးရအဖွဲ့အနေဖြင့် ပါးစပ်ပြောများကို လျော့ချပြီး လက်တွေ့ အကောင်အထည် ဖော်မှုများ ပြုလုပ်ရမှာ ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

“ကျနော်တို့ ဖြစ်စေချင်တာက စားပွဲပေါ်မှာထိုင်ပြီး ဆွေးနွေးရေးပါ။ အစိုးရဘက်က၊ စစ်တပ်ဘက်က ဒါကို လက်မခံဘူးဆိုရင်တော့ လက်နက်ကို လက်နက်နဲ့ပဲ ပြန်ခုခံရတော့မှာပဲ။ ကျနော်တို့ လက်နက်ကိုင်နေတာ တုံ့ပြန်လက်စားချေနေတာ မဟုတ်ဘူး။ အခု ဖွဲ့စည်းပုံ ပြင်ဆင်ရေး တောင်းဆိုနေတာ တိုင်းပြည်မှာ တိုင်းရင်းသားတွေသာ မဟုတ်ဘဲ တတိုင်းပြည်လုံးက ပြည်သူတွေဖြစ်နေတာ သိသာနေပြီလေ” ဟု ဗိုလ်မှူးနော့်နော်က ဆိုသည်။

ဒီဇင်ဘာလ ၁၆ ရက်ကလည်း ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့တွင် ကျင်းပခဲ့သော ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ခေတ်မီဒီမိုကရေစီနိုင်ငံတရပ်နှင့် ညီစေရန်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို အထောက်အကူပြုစေရန်အတွက် ပြီးပြည့်စုံသော သုံးသပ်မှုများပြုလုပ်ရန်၊ လာမည့် ရွေးကောက်ပွဲတွင် ပါဝင်သူများအားလုံး တရားမျှတစွာ ပါဝင်လာစေရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အားလုံး ယုံကြည်သော၊ ပွင့်လင်းမြင်သာသော၊ အားလုံးပါဝင်နိုင်စေသော အခြေအနေမျိုး ဖြစ်သင့်သည်ဟု တိုက်တွန်းခဲ့သည်။

http://burma.irrawaddy.org/news/2013/12/18/52383.html#.UrIdHL_EcLC.facebook

(Foreign Policy မှ 9 Dec 2013 ရက်စွဲပါ Why Suu Kyi is not Myanmar’s Mandela ကိုဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်သည် တစ်ချိန်တစ်ခါက အာဏာရှင်စနစ် လက်အောက်သို့ ရောက်ရှိခဲ့သော မြန်မာနိုင်ငံ တွင်း ဒီမိုကရေစီ စနစ်ပေါ်ထွန်းရန် ရှေ့ဆုံးမှနေ၍ တွန်းအားပေးခဲ့သောကြောင့် မြန်မာပြည်၏ နယ်လ်ဆင်မင်ဒဲလားဟု မကြာခဏဆိုသလို ခေါ်ဆိုခြင်းခံခဲ့ရသည်။ ယခု နယ်လ်ဆင်မင်ဒဲလား ကွယ်လွန်သွားချိန်တွင် ထူးခြားအံ့သြဖွယ် ကောင်းသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် လုပ်ကိုင်ဆောင်ရွက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းမှာ လတ်တလော သမိုင်းမှတ်တမ်းများတွင် ပို၍ပင် သိသာထင်ရှားလာသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်လ်ဆင်မင်ဒဲလားတို့၏ ဘဝနှစ်ခုကြားမှ တူညီမှုများမှာ လွန်စွာ ရင်သပ်ရှုမော ဖွယ် ကောင်းလှပါသည်။ နယ်လ်ဆင်မင်ဒဲလားသည် တော်ဝင်ပုဂ္ဂိုလ်များ၏ သားတစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ (မြန်မာ့လွတ်လပ်ရေးဗိသုကာ) ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတစ်ဦး ဖြစ်သည်။ နှစ်ဦးစလုံး ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး နှစ်ဦးစလုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးသည်။ မင်ဒဲလားမှာ ၂၇ နှစ်တိတိ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်မှာ နှစ်ပေါင်း ၂၀ နီးပါးခန့် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ ဖမ်းဆီးချုပ်နှောင်ခံ နေရစဉ်အတွင်း နှစ်ဦးစလုံးသည် ပထမပိုင်းတွင် အမျိုးသားသူရဲကောင်းများဖြစ်ခဲ့ကြပြီး နောက်ပိုင်းတွင်မူ ဒီမိုကရေစီ ပြယုဂ်များအဖြစ် ကမ္ဘာတစ်ဝန်းတွင် အသိမှတ်ပြုခံခဲ့ကြရသည်။ ဖမ်းဆီးချုပ်နှောင်ခံရမှုမှ ပြန်လည် လွတ်မြောက်လာ ကြချိန်တွင်လည်း ယခင်ကသူတို့အပေါ် ဖိနှိပ်ချုပ်ခြယ်ပြီး ဖမ်းဆီးချုပ်နှောင်ခဲ့ကြ သူများကို အလေးပေး ဆက်ဆံမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် နှစ်ဦးစလုံး ဝေဖန်ခံခဲ့ကြရသည်။ မင်ဒဲလားသည် တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့ပြီး ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း ယခုအခါတွင် မင်ဒဲလား ကဲ့သို့အလားတူ လုပ်ဆောင်ချက်များ လုပ်ကိုင်လျက်ရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဒီမိုကရေစီရေး လှုပ်ရှားရုန်းကန်မှုတွင် နယ်လ်ဆင်မင်ဒဲလား ကြောင့် အသိဉာဏ်များ ကွန့်မြူးနိုင်ခဲ့သည်ဟု ချီးမွမ်းပြောဆိုခဲ့ဖူးသည်။ သို့သော် မိမိကိုယ်မိမိ မင်ဒဲလားနှင့် တူသော ပုဂ္ဂိုလ် အဖြစ် နှိုင်းယှဉ် ပြောဆိုမှုမျိုးကိုတော့ မပြုလုပ်ခဲ့ပေ။ မင်ဒဲလား ကွယ်လွန်သွားစဉ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆို ရာတွင်လည်း ရိုးရိုးရှင်းရှင်းပင် ယခုလို ပြောဆိုသည်။ “လူသားအဆင့်အတန်း မြင့်မားအောင် လုပ်ဆောင်ခဲ့တဲ့ မဟာလူ သား တစ်ယောက်အဖြစ် ကျွန်မ သူ့ကို ဂါရဝပြုလိုပါတယ်”

သို့သော် မင်ဒဲလား ကွယ်လွန်အနိစ္စရောက်မှုက ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ်နှင့် ပတ်သက်၍ မေးခွန်း များစွာ ထွက်ပေါ်စေခဲ့ပါသည်။ မည်သည့်အချက်တွင် သူတို့နှစ်ဦး၏ ဇာတ်လမ်းများ မတူကွဲပြား ခြားနားသွားမည်နည်း။ ပါလီမန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်ပြီး သမ္မတရာထူးအတွက် မျှော်လင့်စရာများ ဖြစ်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ တစ်ချိန်တစ်ခါက မင်ဒဲလား ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် စိန်ခေါ်မှုမျိုးများနှင့် စတင်တွေ့ကြုံ နေရပြီဖြစ်သည်။ အကယ်၍ သမ္မတဖြစ်ရန် ကြိုးပမ်းမှု အောင်မြင်မည်ဆိုပါက သူမအနေဖြင့် နှစ်ပေါင်းများစွာ စစ်ခေါင်းဆောင်များ၏ ဖိနှိပ်ချုပ်ခြယ်မှုခံခဲ့ရမှုကြောင့် တရားမျှတမှု ပေါ်ထွန်းရန် တောင်းဆိုလျက်ရှိသည့် ပြည်သူများ အတွက် ပြန်လည်သင့်မြတ်ရေးကို လုပ်ကိုင်ပေးရမည့် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ပြည်သူများအပေါ် ဖိနှိပ်ခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများသည် ယနေ့အချိန်အထိ တိုင်းပြည်အုပ်ချုပ်ရေးတွင် ပါဝင်လျက် ရှိနေဆဲပင်ဖြစ်သည်။

မင်ဒဲလားသည် သမ္မတရာထူး စတင်ရယူချိန်တွင် အလားတူ ဆုပ်လည်းစူး စားလည်းရူး အနေအထားမျိုးနှင့် တွေ့ကြုံခဲ့ရသည်။ ခရစ်ယာန်ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၎င်း၏ ဖြေရှင်းနည်းမှာ အသားအရောင် ခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုများကို မှတ်တမ်းတင်ပေးနိုင်သည့် အမှန်တရားနှင့် ပြန်လည် သင့်မြတ်ရေး ကော်မရှင်ကို ဖန်တီးနိုင်ခဲ့သည်။ အသားအရောင်ခွဲခြား ဆက်ဆံခံခဲ့ရသူများအတွက် ထိခိုက်နစ်နာကြေး ပေးမှု၊ လူ့အခွင့် အရေးချိုးဖောက်သူများကို တရားစွဲဆိုမှု အစရှိသည်တို့မှာ ယင်းကော်မရှင်ကြောင့် လုပ်ဆောင်နိုင် ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် အဆိုပါကော်မရှင်သည် တောင်အာဖရိကနိုင်ငံ အသွင်ကူးပြောင်းရေးနှင့် ပြန်လည်သင့် မြတ်ရေး အတွက် အဓိက အခရာကျသော အစိတ်အပိုင်းတစ်ခုအဖြစ် ချီးမွမ်းထောပနာပြုခြင်း ခံခဲ့ရပါသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးကာ မှတ်တမ်းတင်မည့် အလားတူ အဖွဲ့တစ်ခု တည်ထောင်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဂျားကန်တားနား က အဆိုပြုခဲ့ဖူး သည်။ အသွင်ကူးပြောင်းရေးဖြစ်စဉ် ချောမွေ့စေရေးနှင့် ဒဏ်ရာအဟောင်းများ ကုစားနိုင်ရေးအတွက် ကြိုးပမ်းချက် တစ်ရပ်အနေဖြင့် လုပ်ဆောင်ရန် ၎င်းက အကြံပြုခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ အကြံဉာဏ်ကို ဒေါ်အောင်ဆန်းစုကြည်က ယေဘုယျသဘောဖြင့် လက်ခံခဲ့သည်။ သို့သော် သူမသည် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရမှု၊ တစ်နည်းအားဖြင့် နစ်နာမှုများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှုများကိုသာ ကြိုဆိုခဲ့ပြီး ထိခိုက်နစ်နာအောင် လုပ်ဆောင်ခဲ့သူများ (စစ်ဗိုလ်ချုပ်ကြီးများ) အား တရားစွဲဆို ပြစ်ဒဏ်ပေးမည့် ကိစ္စကိုမူ ဆန့်ကျင်နေပုံရသည်။ ယခင် စစ်အစိုးရလက်ထက်က ပြစ်မှုကျူးလွန်ခဲ့သူများအား အမှုဖွင့် အရေးယူနိုင်မည့် ဥပဒေခုံရုံးဖွဲ့မည့်ကိစ္စကို ထောက်ပံ့မှုပြုမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် က မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခုကဲ့သို့သော သဘောထားသည် ဒတ်စမွန်တူးတူး၏ တရားမျှတမှု ထိန်းသိမ်းရေးဟူသည့် အမြင်မျိုးနှင့် တစ်သားတည်းပင် ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။ “ကျွန်မအလိုချင်ဆုံးက ပြန်လည်သင့်မြတ်ရေးပါ၊ ကလဲ့စားချေရေး မဟုတ်ပါဘူး” ဟု ၂၀၁၂ ခုနှစ်က AP သတင်းဌာနကို ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးသည်။

သို့တိုင်အောင် သူမ၏ ရပ်တည်ချက်သဘောထားက မြန်မာပြည်သူများကို စည်းလုံးညီညွတ်စေခြင်းထက် လမ်းမှားသို့ ရောက်အောင် တွန်းပို့နေသကဲ့သို့ ရှိသည်။ စစ်အစိုးရ၏ ညဉ်းပန်းနှိပ်စက်မှုဒဏ်ကို များစွာခံစားခဲ့ရသည့် အတိုက်အခံများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် ရုန်းကန်နေကြသော တိုင်းရင်းသား လူမျိုးစုများသည် အတိတ်ဆီ က ချိုးဖောက်မှု များအတွက် တရားစီရင်ပေးရန် ဆန္ဒရှိကြသည်။ အချို့ကမူ ဒေါ်အောင်ဆန်းစုကြည် သည် ၎င်းတို့၏ နစ်နာမှုများကို လျစ်လျူရှုကာ စစ်တပ်ဘက် လိုက်နေသည်ဟုပင် စွပ်စွဲပြောဆို ကြသည်။ မြန်မာစစ်တပ်၏ စစ်ရေးပြ အခမ်းအနားကြီးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည့်ရှုခဲ့မှု၊ အငြင်းပွားဖွယ် ကြေးနီတောင်သတ္တူတူးဖော်ရေး စီမံကိန်းအား လက်သင့်ခံမှု အစရှိသည်တို့က သူမကို ထောက်ခံအားပေးသူ အများစုအား စိတ်ပျက်အားလျော့မှု ဖြစ်စေခဲ့ သည်။ ထိုမျှမကသေးပေ။ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနှင့် မွတ်စလင်လူနည်းစုအပေါ် ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် သည် ရေငုံနှုတ်ပိတ်နေလျက် ရှိသည်။

နယ်လ်ဆင်မင်ဒဲလားသည် ယခင် အသားအရောင်ခွဲခြားသည့် အစိုးရလက်ထက်က ဝန်ကြီးများအား ၎င်း၏ အစိုးရအဖွဲ့ထဲသို့ ဝင်ရောက်ခွင့်ပြုခဲ့သောကြောင့် ဝေဖန်ခံခဲ့ရသည်။ ၎င်းကို ထောင်သွင်းအကျဉ်းချခဲ့သူများနှင့် အတူ အလုပ်တွဲဖက် လုပ်ကိုင်ခဲ့သောကြောင့်လည်း ပြစ်တင်ခံခဲ့ရသည်။ ယခုအခါတွင်မူ မင်ဒဲလားသည် ပြန်လည်သင့်မြတ်ရေး နှင့်ပတ်သက်၍ ဉာဏ်ကြီးရှင် ပုဂ္ဂိုလ်တစ်ဦးအဖြစ် အောက်မေ့အမှတ်ရခြင်း ခံနေရပြီဖြစ်သည်။

မည်သို့ပင်ဆိုစေ နယ်လ်ဆင်မင်ဒဲလား၏ ကော်မရှင်မှာ နောက်ဆုံးတွင် ထားရှိထားသော ပန်းတိုင်များကို ရောက်အောင် မသွားနိုင်သလောက် ဖြစ်ခဲ့ရသည်။ နစ်နာကြေးပေးမှုများမှာလည်း အနည်းအကျဉ်းသာ ရရှိခဲ့သလို လူ့အခွင့်အရေး ချိုးဖောက်ခံရသူများမှာ ကတိကဝတ်ပြုထားသည်ထက် နည်းပါးသည့် လျော်ကြေးသာ ရရှိခဲ့သည်။ ပြစ်မှု ကျူးလွန်သူများအား တရားစီရင်မှုအများစုမှာ အောင်မြင်မှုမရှိခဲ့ပေ။ ကြီးမားသည့် ချိုးဖောက်မှုများ ကျူးလွန်ခဲ့သော တောင်အာဖရိက လုံခြုံရေးတပ်ဖွဲ့များမှာ ၎င်းတို့၏ ပြစ်မှုများအတွက် မည်သည့်အခါကမျှ တာဝန်ခံခဲ့ခြင်းမရှိပေ။ နယူးယောက်တိုင်းမ် သတင်းစာက မင်ဒဲလားအတွက် နာရေးဆောင်းပါး ရေးသားရာတွင် ၎င်း၏ ကော်မရှင်သည် အောင်မြင်မှု ရရှိခဲ့သော်လည်း နောက်ဆုံးတွင် အမှန်တရားနှင့် ပြန်လည်သင့်မြတ်မှု နှစ်ရပ်စလုံးမှေးမှိန်သွားခဲ့သည်ဟု ဖော်ပြသည်။ (ယခင် အသားအရောင်ခွဲခြားသည့် အစိုးရအရာရှိများမှာ လွတ်မြောက်သွားခဲ့သလို၊ စုံစမ်းစစ်ဆေး မှုမှရသည့် သတင်းအချက်အလက်များက လူမည်းများအတွက် အမျက်ဒေါသကိုသာ ပိုမိုဖြစ်စေခဲ့သည်ဟု ဆိုလိုရင်း ဖြစ်သည်) ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ သိချင်စရာကောင်းသည့် အချက်မှာ မင်ဒဲလားအပေါ် ကြည်ညို မြတ်နိုးမှုမှတစ်ဆင့် မည်သည့် သင်ခန်းစာများ ရယူမည်နည်းဟူသော အချက်ပင် ဖြစ်သည်။ အမှန်တရားနှင့် ပြန်လည် သင့်မြတ်မှု ပေါ်ထွန်းရေး ဖြစ်စဉ်အတွက် လုပ်ဆောင်ရာတွင် တိုင်းပြည်၏ ဒဏ်ရာဒဏ်ချက်များကို ကုစားပေးရန် သူမမည်သို့ စီစဉ်ထားသနည်း ဟူသည်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးပင် ဖြစ်သည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.