12/22/13


ဒီဇင်ဘာ ၁၈ ရက်ကတော်ဝင် နှင်းဆီတွင် ကျင်းပခဲ့သောအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ရန်ကုန်တိုင်း ဒေသကြီးမြို့နယ်၊ ခရိုင်၊ အလုပ် အမှုဆောင်များတွေ့ဆုံညှိနှိုင်းဆွေး နွေးပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယကဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်မှ မိမိတာဝန်ပြီးမည်ဟုယုံကြည် ထားကြောင်းပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီတိုင်းပြည်နဲ့ ပတ်သက်တဲ့ကိစ္စ အ၀၀အားလုံးကို အထူးသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နဲ့ ပတ်သက်တာအမျိုးသားရေး ကိစ္စအ၀၀ကို ထိပ်ဆုံးကနေလုပ် နိုင်ရန် တိတိကျကျပြောရမယ်ဆို ရင်ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်မှ ကျွန်တော်ရဲ့တာဝန်ပြီးမယ် လို့ကျွန်တော်ယုံကြည်တယ်”ဟု NLD နာယကကြီးဦးတင်ဦးက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များအားလုံးမိမိတိုင်းပြည် ၏မျက်နှာမိမိတို့ပြည်သူတွေ၏ မျက်နှာကိုထောက်ထားပြီး ရှေ့ ဆက်လုပ်ရမည့်လုပ်ငန်းများတွင် ယခင်ပြည်သူများ၏လေးစားမှု၊ စာနာထောက်ထားခံရမှုများကို ဆက်လက်ထိန်းသိမ်းလျက်မှန်မှန် ကန်ကန်ရုံးကန်သွားပါက ၂၀၁၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည်အခက်အခဲများကို ကျော်လွှားနိုင်မည်ဟုယုံကြည် ကြောင်း ၎င်းကဆိုသည်။
ဦးတင်ဦးအနေဖြင့် ပါတီသို့ စတင်ဝင်ရောက်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည်အောင်ကိုအောင်မြင်ရမည် ဖြစ်ကြောင်း တိုင်းပြည်၏ကိစ္စအ၀၀ ကို ထိပ်ဆုံးမှလုပ်နိုင်ကိုင်နိုင်ရမည် ဆိုသည့်ရည်ရွယ်ချက်ဖြင့်ဝင်ရောက် ခြင်းဖြစ်ကြောင်း ပါတီဝင်များကို လည်း အစစအရာညီညီညွတ်ညွတ် အပေးအယူမျှတစွာဆောင်ရွက် စေချင်ကြောင်းထပ်လောင်းပြော ကြားခဲ့သည်။

အာကာဗိုလ်
hotnewsweekly

မြန်မာတွေ ကိုယ့်အရက် ကိုယ်သောက်၊ ကိုယ့်ကွမ်းကိုယ်စား၍ ကွင်းထဲ အပြည့်ရောက်နေသည်။ ဘင်ခရာတွေ ဗုံတွေလည်း ပါလာသည်။ "ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း ... မြန်မာ" ဟု ဝိုင်းအော်ကြသည်။ မြန်မာနိုင်ပြီဟု ကြွေးကြော်ကြသည်။ ဝါစိမ်းနီမှာ ကြယ်ဖြူထည့်ထားသည့် အလံကြီးကို ဝှေ့ယမ်းကြသည်။ အင်္ကျီချွတ်၍ အလံပုံကို တစ်ကိုယ်လုံးမှာ ဆေးဖြင့် အပြည့်ရေးဆွဲကြသည်။ ဘောင်းဘီပါလို့ တော်သေးသည်။ နို့မို့ဆို... အလံတော် အောက်က ခေါင်းလောင်းတီးသံ တညံညံ ဖြစ်နေမည်။
မြန်မာ အမျိုးသားအသင်း ကွင်းထဲဝင်လာသည်။ အင်ဒိုနီးရှား အမျိုးသားအသင်းနှင့် ကန်ကြမည်။ ဆီမီးဖိုင်နယ် တက်မည်ဟု ဆိုသည်။ မီးမလာသည့် ရပ်ကွက်များ ဆီမီးထွန်း၍ ဂုဏ်ပြုကြသည်။ အားလုံး တက်တက်ကြွကြွ။ ကွင်းထဲဝင်ခွင့် မရသူ များက LED ဆိုင်းဘုတ်ရှေ့မှာ ပုလင်းထောင်၍ အမြည်းတစ်ပွဲဖြင့် အားပေးကြသည်။
သို့နှင့် စကန်သည်။
မြန်မာအမျိုးသားများ ဘောပျောက်နေသည်။ ဆောင်းတွင်းမို့ ဖြစ်နိုင်သည်။ ရာသီဥတုက အေးပေသကိုး။ ခွင့်လွှတ်လိုက်သည်။
မြန်မာ အမျိုးသားများ တဖြည်းဖြည်းနှင့် သိပ် သဘော ကောင်းလာကြသည်။ ဘောလုံးကို တစ်ဖက်အသင်းလူ ကိုချည်း ထိုးပေးကြသည်။ မြန်မာတွေ ရက်ရောပါသည်ဟု ဂုဏ်ယူခြင်း ဖြစ်မည်။

နည်းပြချုပ်ကြီး ကွင်းအပြင်မှာ မျက်နှာ ငယ်နေသည်။ ပွဲပြီးလျှင် ကွင်းထဲမှ ဘယ်လိုပြန် ထွက်ရပါ့ဟု လမ်းကြောင်း စဉ်းစားနေပုံရသည်။
ဒိုင်လုပ်သည့် ဗီယက်နမ်က သွားလေးအဖီထုတ်ကာ ကွင်းထဲ ပတ်ပြေးနေသည်။ ပရိသတ်ထံမှ ခဲလုံးများ ကွင်းထဲရောက်လာတော့မှ သွားလေးကို ပါးစပ်ထဲ ပြန်သိမ်းလိုက်သည်။ သွားမပါဘဲ အိမ်ပြန်လျှင် မျက်နှာပန်း လှမည်မဟုတ်။

ကန်ရင်း ကန်ရင်းနှင့် ထုံးစံအတိုင်း မြန်မာအမျိုးသားတို့ ရှုံးကြသည်။ ပရိသတ်တွေ ဒေါသသေးသေးလေး ထွက်ကြသည်။ ဆီးဂိမ်းပြိုင်ပွဲမှာ မပါဝင်သည့် အားကစား နည်းကို ထပ်ပြိုင်ကြသည်။ ခဲလုံးပစ် အားကစားနည်း ဖြစ်သည်။ အုတ်ခဲကျိုးများပင် ပါလိုက်သေး၏။
မြန်မာတွေ ထိုင်ခုံ လုသည်ဟု အပြောများသည်။ ခုတော့ မြန်မာတွေ ထိုင်ခုံ မလုကြောင်း သက်သေပြသည့် အနေဖြင့် ထိုင်ခုံများကို ရိုက်ချိုးကြ၏။ ဘောလုံး ဥက္ကဋ္ဌကြီး လက်အုပ်လေး ချီကာ ချီကာဖြင့် ကွင်းထဲပြေးဝင်၍ ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခန်း ဖွင့်သည်။ ထိန်းမရသော် ဘောလုံးသမားများကို ပြေးဖက်၍ ငိုချင်း ချပြန်သည်။ မျက်ရည်များပင် ဘူးသီးလုံး လောက်ကျသွား၏။ နည်းပြချုပ်ကြီး ပတ်ဆောင်ဟွာက "အနော်နဲ့ မဆိုင်ဝူး ညော်" ဟု ဘူးခံငြင်းသည်။ သို့နှင့် သူ့ကို ဝိုင်းဆဲကြပြန်၏။ နားမခံသာ ဖြစ်မည်စိုး၍ အမြော်အမြင် ရှိသူများက ပတ်ဆောင်ဟွာ အမည်ရှေ့တွင် “သောက်” ဟူသည့် စကားလုံးမထည့်ရန် သတိပေးကြ၏။
ခဏကြာသော် နည်းပြချုပ်ကြီးကို တောင်ကိုရီးယား လေယာဉ်လက်မှတ် တစ်စောင် ဝယ်ပေး လိုက်ကြသည်။ တချို့က မြောက်ကိုရီးယားမှ ဖြတ်၍ လမ်းလျှောက် ပြန်ရန် သြဘာပေးကြ၏။
ချစ်မွေးပါသည့် နည်းပြပေတကား။

ပွဲမပြီးခင် ကွင်းထဲဝင်၍ ဒစ်စကိုဒန့်သော ပရိသတ်နှစ်ဦး စခန်းသို့ ခဏလိုက်သွားရ၏။ ရန်ကုန်ပရိသတ် များသည် ကွင်းအပြင်သို့ ထွက်၍ ဆောင်းရာသီ မီးရှို့ပွဲ ကျင်းပကြ၏။ လောင်စာ ရှာမရသော် မိမိဝတ်လာသည့် အင်္ကျီကို ချွတ်ရှို့ကြ၏။ ဆောင်းတွင်းမို့ အေးပေသကိုး။
အေး၍ မီးလှုံနေသည့် ပရိသတ်များကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က စေတနာ ဗရပွဖြင့် ရေပက်ဖျန်းပေးကြ၏။ ရုတ်တရက်ကြီး ရေပက်ခံရသည့် မြန်မာတို့ ကြက်သေသေကာ "သင်္ကြန်နှစ်ဦး တူးပို့ တူးပို့" ဟူ၍ ကယောင်ကတမ်း သီဆို ကခုန်ကြ၏။ ကိုယ့် ခြေထောက်နှင့်ကိုယ် လမ်းလျှောက် လိုက်လာလို့ ရသူများကို ရဲကိုကိုတို့က တရွတ်တိုက် ဆွဲ၍ အချုပ်ခန်းထဲ အခမဲ့ ညအိပ်ခွင့် ပြု၏။
စေတနာကောင်းလေစွ။

မနက်ရောက်သော် ဆူပူ သောင်းကျန်းသူများဟု စွပ်စွဲ၍ ဖမ်းထားသူများကို ငွေငါးသောင်းစီ ပေး၍ ပြန်လွှတ်လိုက်၏။
"ဒီလိုမှန်းသိ ငါးသောင်းရအောင် ခဲနဲ့ ဝင်ပေါက်ပါတယ်" ဟု တချို့က မကျေမချမ်း ရေရွတ်ကြ၏။
များမကြာခင် မြန်မာနှင့် ထိုင်း အမျိုးသမီး ဘောလုံးပွဲကို ထပ်ပြိုင် ကြပြန်၏။ ဒီတစ်ခါတော့ မန်းမြေမှာ ဖြစ်သည်။ အိန္ဒိယမှ ဒိုင်လာလုပ်သူက ချာပါတီ ဝအောင် မစားရ၍ စိတ်ကောက်နေပုံရသည်။ အမျိုးသမီးတို့ ပယ်ပယ်နယ်နယ် ကန်ကြသည်။
ပွဲစစချင်း မြန်မာအမျိုးသမီးများ ဘောပျောက် နေပြန်သည်။ အလွန်တော်သည့် အမျိုးသမီးများ ဖြစ်တာမို့ မကြာမီ ဘောတွေ့သွားကြသည်။ ဘောတွေ့သော် ခြေစွမ်း ပြလာကြသည်။ အစွမ်းပြမှု မလုံလောက်၍ အချိန်ပို နာရီဝက်ပင် ထပ်ကစားကြရ၏။

စွမ်းပေစွ။
သို့နှင့် သရေဖြစ်ပြန်သော် ပင်နယ်တီဟု ဆိုပြီး ပယ်ပယ်နယ်နယ် တီးကြပြန်သည်။ တစ်ယောက်တစ်လှည့် ကန်ရပြီး ဂိုးသမား နှစ်ယောက်က ဒိုင်ခံဖမ်းရသည့် ပင်နယ်တီကို တရွှတ်ရွှတ် သွင်းကြပြန်သည်။

ဘောလုံးပွဲ ကြေညာသူကြီးက ရုပ်မြင်သံကြား ပေါ်တွင် သူတစ်ဦးတည်း သွင်းလိုက် ကန်လိုက် ပုတ်ထုတ်လိုက်ဖြင့် တစ်ကိုယ်တော် ပါးစပ်စွမ်း ပြရှာသည်။ မိဘပြည်သူများ ခမျာ ဟူသည့် စကားလုံးကြီးဖြင့် နှစ်သိမ့်ပေးရှာသည်။ သို့သော် မြန်မာအမျိုးသမီး တစ်ယောက် သွင်းရာတွင် တစ်လက်မ အလိုဖြင့် ကပ်ချော် သွားသောကြောင့် မြန်မာ အမျိုးသမီးအသင်း ရှုံးပြန်၏။ ထိုအခါ ရန်ကုန်တွင် အားပါးတရ ငိုချင်းချပြီး မျက်နှာကြီး မို့အစ်နေသည့် ဘောလုံးဥက္ကဋ္ဌ ဦးဇော်ဇော်ခမျာ မန်းမြေတွင်လည်း ငိုပွဲ လာဆင်ပေးရ ပြန်၏။
အမျိုးသမီးတို့က ဥက္ကဋ္ဌကြီးကို ခြေသလုံး ဖက်၍ ငိုကြလေ၏။ အိမ်ပြန်ရောက်လျှင် မိန်းမဆူမည် စိုးသောကြောင့် ဦးဇော်ဇော် ခမျာ ရုန်းမရ ကန်မရ ဖြစ်နေရှာ၏။ ဒီတစ်ခါတော့ မြန်မာပရိသတ်များ ငိုပွဲနွှဲရသည့် အလှည့်ဖြစ်၏။ အားလုံးက ချာပါတီ ဝအောင် မစားရ၍ စိတ်ကောက်နေသည့် အိန္ဒိယ ဒိုင်မကြီးကို ဝိုင်းဆဲကြကုန်သည်။ အဆိုပါ အိန္ဒိယမကြီး ကလည်း သူ့ကို မြန်မာလို ဆဲနေသည်ကို နားမလည် သည့်အတွက် တည်းခိုရာ ဟိုတယ်ခန်းတွင် လက်နှစ်ချောင်းထောင်၍ စပ်ဖြဲဖြဲဓာတ်ပုံ အရိုက်ခံနေ၏။
ပရိသတ်များ မြေပေါ်တွင် ခြေဆောင့်ငိုကြ၏။ အိမ်သာနံရံကို မျက်နှာအပ်၍ ငိုကြ၏။ ဓာတ်တိုင် ဖက်၍လည်း ငိုကြ၏။
များမကြာခင် ကြေးတံဆိပ်လုပွဲ အတွက် မလေးရှားအသင်း နှင့် ထပ်ကန်ကြသော် မြန်မာအမျိုးသမီး များက ခြောက်ဂိုးတိတိ သွင်းပစ်လိုက်ရာ ပျော်ရွှင်စွာဖြင့် မြန်မာဟူသည့် အသံကြီး ဟိန်းထလေသည်။ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က မြန်မာအမျိုးသမီး များကို နိုင်ငံ့သမီးကောင်း ရတနာလေးများ ဟူ၍ ဂုဏ်ပြုရှာ လေသည်။ မြန်မာအသင်းကို ဂုဏ်ပြုသည့် ကဗျာစာပေများ ပေါ်ထွန်းလာလေသည်။

ဆဲဆိုခြင်း၊ ကြိမ်းဝါးခြင်း၊ ဂုဏ်ပြုခြင်း၊ ချီးကျူးခြင်း စသည်တို့ကို ဖွဘုတ်ဟူသည့် အွန်လိုင်း ကွင်းပြင်ကြီးတွင် အများဆုံး ပြုလုပ်ကြသည်ကို တွေ့ရလေ၏။ အမျိုးသားနှင့် အမျိုးသမီး ကွာခြားချက်ပင် ဖြစ်ပေတော့သည်။

အလုပ်အကိုင် အခွင့်အလမ်းမှ စကာ အမျိုးသမီးများပင် နေရာရ၍ အမျိုးသားများ မျက်နှာ ငယ်ရလေသည်။ အမျိုးသား ဘောလုံးအသင်း ရှုံးနိမ့်သဖြင့် ကွင်းထဲမှ ရုပ်ဖျက်ကာ ထွက်ပြေးရ ကုန်သည်။ အမျိုးသမီး ဘောလုံးအသင်း ရှုံးနိမ့်သဖြင့် စိတ်မခိုင်သည့် ကိုးတောင်ဝတ်များ မျက်ရည် ဘူးသီးလောက် ကျကြကုန်သည်။ အမျိုးသမီး အသင်းသူတို့ အမည်ကို လက်မောင်းတွင် ဆေးမင်ထိုးခြင်းဖြင့် ဂုဏ်ပြုကြ ကုန်သည်။
အမှန်တကယ်လည်း အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့ ကွာခြားချက် ကြီးမား လှပေသည်။ စိတ်ဓာတ်အရ သော်လည်းကောင်း၊ ဇွဲလုံ့လအရ သော်လည်းကောင်း၊ အားထုတ်မှုအရ သော်လည်းကောင်း ... သာပေသည် ... သာပေသည်။

အမျိုးသားများ နှင့် ရင်ပေါင်တန်းလျှင်ပင် အမျိုးသမီးများက လုံးဝ သာပေသည်။ မယုံလျှင် ရင်ပေါင် တန်းခိုင်းကြည့်ပါ။ ရင်ပေါင်တန်းသော် သာရုံတင်မက ရှေ့ပင် ရောက်နေသည့် အရာကို အမှန် တွေ့ရပေလိမ့်မည် တကား.....။
လွန်တာရှိဝန္ဒာမိပါ အရပ်ကတို့...

http://thevoicemyanmar.com/2013/index.php/component/k2/item/4036-mh.html

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.