January 2014

၅၉(စ)ကိစ္စလူပြောများလာလို့ ... ၅၉(စ)ကိုမပြင်ဖို့ကိစ္စ ၂ရက်နေ့မှာ ဟောပြောပွဲလုပ်မယ်ဆိုတာတို့တွေကြားလာရလို့ ကျနော့်အမြင်ကိုရေးထားတဲ့ဆောင်းပါးလေးပြန်တင်ပေးလိုက်ပါတယ်။ ပြည်သူ့ခေတ်မှာ ရေးခဲ့တာလေးပါ။ တစ်ခါတော့တင်ပြီးသွားပြီထင်ပါတယ်။

ခေါင်းဆောင်ကောင်းကို ကောင်းကောင်းအသုံးချကြပါ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ်အင်အားစုတွေဘက်က ပြင်မလား အသစ်ရေးမလားဆိုတဲ့ ဝိဝါဒကွဲပြားမှုတွေအဆုံးသတ်ပြီး ပြင်ဆင်မယ်ဆိုတဲ့ မူကျသွားပြီးတဲ့နောက်မှာ ... တပ်မတော်ဘက် ကရော၊ ကြံ့ဖွံ့ဘက်ကပါ ပြင်သင့်တယ်၊ ပြင်မယ်ဆိုတဲ့ အသံတွေဆက်ထွက်လာတဲ့အတွက် ... ၂၀၁၅ မတိုင်မီမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်ဖြစ်မယ်လို့တော့ မျှော်လင့်နိုင်လာတဲ့ အနေအထားတစ်ခုကို ရောက်လာပြီ လို့ ဆိုနိုင်ပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်ရဲ့ ကျေနပ်စရာကောင်းတဲ့ အဆုံးသတ်လေးပါပဲ။ ဒါပေမယ့် ... ဘယ်လိုပြင်မလဲ၊ ဘာတွေပြင်မလဲဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ အားစမ်းမှုတွေ ကို ၂၀၁၄ ရဲ့ အစမှ ကျနော်တို့အားလုံး မြင်တွေ့ကြရဦးမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ဘယ်လိုပြင်မလဲဆိုတဲ့ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ လေးပွင့်ဆိုင်တွေ့ဆုံပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို ဆွေးနွေးချင်တယ်လို့ တောင်းဆိုထားခြင်းကို ငြင်းထားတာတွေ၊ အချိန်ဆိုင်းထားတာတွေ တွေ့ရပါတယ်။ အဲဒီ့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုတဲ့ လမ်းကြောင်းကို လွှတ်တော်ထဲက ကိုယ်စားလှယ်အချို့နဲ့ အခြားသော နိုင်ငံရေးပါတီတွေ က လက်မခံနိုင်ဘူးဆိုတဲ့ အသံတွေလဲ ကြားလာရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲကနေပဲ ပြင်မယ်၊ ဒါမှမဟုတ်ရင်လဲ ဆွေးနွေးပွဲမှာ လေးပွင့်ဆိုင်ချည်းမဟုတ်ပဲ အခြား နိုင်ငံရေးပါတီတွေကိုလည်း နေရာပေးသင့်တယ် စတဲ့ လမ်းကြောင်းတွေကို ပြောဆိုဆွေးနွေးလာကြပါတယ်။ အဲဒီ့တော့ အခြေအနေက ဖွဲ့စည်းပုံကို ဘယ်လိုပြင်ကြမလဲဆိုတဲ့ ကိစ္စမှာ ဝိဝါဒတွေ ကွဲပြားနေတုန်းပဲဆိုတာ မြင်သာပါတယ်။ လွှတ်တော်ထဲကနေ ပြင်မယ်လို့ စဉ်းစားတဲ့ စဉ်းစားပုံဟာ မူအရမှန် တယ်လို့ဆိုပေမယ့် ဖြစ်နိုင်ချေရှိခြင်း မရှိခြင်းကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ အခြားသော ပါတီတွေ၊ ကြံ့ဖွံ့ပါတီ နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးရဲ့ ထောက်ခံမှုတွေရဖို့ ဆွေးနွေးငြင်းခုံနေရင်းနဲ့ အချိန်တွေမလိုအပ်ပဲ ကုန်နေတာမျိုး၊ ပြင်ဆင်သင့်သဘောက် မပြင်နိုင်တာမျိုးတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ လွှတ်တော်အတွင်းမှာပဲရှိတယ်လို့ ထင်ရင် မှားပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ လွှတ်တော်နိုင်ငံရေး အားကောင်းမောင်းသန် မဖြစ်သေးတာကြောင့် လွှတ်တော်တွင်းနိုင်ငံရေးကို ပြင်ပနိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အားဖြည့်ပေးနိုင်ဖို့ လိုအပ်နေသေးတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ အဲဒီ့အရှိတရားကို အားလုံး နားလည်ထားကြဖို့လိုမယ်ထင်ပါတယ်။ အခုလို ... ဖွဲ့စည်းပုံပြင်ရမယ်လို့ အားလုံးရဲ့ စိတ်ထဲဖြစ်လာတာဟာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေဟာ လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားတွန်းအားပေးခဲ့ကြလို့ပဲဖြစ်ပါတယ်။ ကျနော်အယူအဆအရတော့ ... ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်အတွင်းမှာ အဆင်ပြေပြေ ချောချောမောမော လုပ်နိုင်ဖို့ အပြင်မှာလည်း ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုထားတဲ့ ဒိုင်ယာလော့မျိုး ရှိဖို့လိုမယ်လို့ထင်ပါတယ်။

ဘာတွေပြင်မလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်တဲ့ ငြင်းခုံမှုတွေ၊ အားစမ်းမှုတွေကတော့ ဘယ်လိုပြင်မလဲဆိုတဲ့ ကိစ္စထက်ပိုပြီး ကျယ်လောင်ပြင်းထန်မယ်ဆိုတာ အသေအချာပါပဲ။ အခုတောင် မီဒီယာတွေအပေါ်မှာ တော်တော်လေးကို လှုပ်လှုပ်ရှားရှား ဖြစ်နေပါပြီ။ လူပြောအများဆုံးကတော့ နိုင်ငံတော် အကြီးအကဲ သမ္မတဖြစ်ခွင့်အရည်အချင်းတွေကို ကန့်သတ်ထားတဲ့ အခန်း(၃) ပုဒ်မ ၅၉(စ) ပဲဖြစ်ပါတယ်။ ပုဒ်မ ၅၉(စ) မှာ သမ္မတဖြစ်လိုသူဟာ မြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်သလို၊ သူ့ရဲ့ မိဘ၊ ဇနီးခင်ပွန်း၊ သားသမီး၊ သမက်ချွေးမ အားလုံးဟာလည်း အခြားနိုင်ငံသားမဖြစ်စေရပဲ မြန်မာနိုင်ငံသားပဲဖြစ်ရမယ်လို့ ဖော်ပြပါရှိပါတယ်။ အဲဒီ့တော့ လက်ရှိ ပုဒ်မ ၅၉(စ) အရ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်လာနိုင်စရာအကြောင်း မရှိတဲ့အတွက် သူမကို သမ္မတဖြစ်စေချင်ကြတဲ့ ပြည်သူလူထုအများစုက အဲဒီ့ပုဒ်မကို ပြင်စေချင်ကြပြီး ... အချို့အချို့သော သူတွေကလည်း အကြောင်းအမျိုးမျိုးပြပြီး ၅၉(စ) ကို မပြင်စေချင်ကြတာတွေကို တွေ့လာရပါတယ်။ မပြင်စေချင်ကြသူတွေ ပေးတဲ့ အကြောင်းပြချက်တွေထဲမှာ အပြောအများဆုံး အကြောင်းပြချက်ကတော့ အခြားနိုင်ငံတစ်နိုင်ငံကို သစ္စာစောင့်သိနေတဲ့ အခြားနိုင်ငံသားတွေနဲ့ ပတ်သက်နေတဲ့သူတစ်ယောက် သမ္မတဖြစ်လာမယ်ဆိုရင် နိုင်ငံရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်တဲ့ အလုပ်တွေလုပ်လာနိုင်ပြီး နိုင်ငံကို အန္တရာယ်ပြုလာနိုင်တာကြောင့် လို့ ဆိုကြပါတယ်။

သိပ်မကြာသေးခင် အချိန်ကပဲ ကြံ့ဖွံ့က ဖွဲ့စည်းပုံမှာ ပြင်ဆင်သင့်တဲ့အချက်တွေကို ဖွင့်ထုတ်ပြလိုက်တဲ့အထဲမှာ ပုဒ်မ ၅၉(စ) ကိုပြင်သင့်တယ်လို့ ဆိုပေမယ့် ... ဇနီးခင်ပွန်း၊ သမက်ချွေးမက နိုင်ငံသားမဟုတ်ရင်နေပါ သားသမီးတွေကတော့ နိုင်ငံသားဖြစ်ရမယ်လို့ ဆိုလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ချင်တယ်ဆိုရင် သူ့သားနှစ်ယောက်ကို မြန်မာနိုင်ငံသားခံယူဖို့ စည်းရုံးပေါ့ လို့လဲ ပြောလာပါတယ်။ ဒါကတော့ ပုဒ်မ ၅၉(စ)နဲ့ပတ်သက်လို့ ကြားနေရတဲ့ စကားသံတွေကို ချရေးကြည့်တာပါ။ ဒီနေရာမှာ ကျနော့်ရဲ့ အမြင်ကို နည်းနည်းတော့ ထည့်ဆွေးနွေးချင်ပါသေးတယ်။ ကျနော့်အယူအဆအရတော့ သမ္မတဖြစ်ချင်တဲ့သူဟာ သူကိုယ်တိုင် မြန်မာနိုင်ငံသားဖြစ်ရုံနဲ့တင် လုံလောက်ပြီလို့ထင်ပါတယ်။ မိဘတွေပဲဖြစ်ဖြစ်၊ ဇနီးခင်ပွန်းပဲဖြစ်ဖြစ်၊ သားသမီးပဲဖြစ်ဖြစ်၊ သမက်ချွေးမပဲဖြစ်ဖြစ် သူတို့ဟာ ကိုယ်နဲ့သက်ဆိုင်တယ်ဆိုပေမယ့် ကိုယ်ပိုင်တဲ့သူတွေမဟုတ်ပါဘူး။ ငါ သမ္မတဖြစ်ခွင့်ရအောင် နင်တို့တွေ အခြားနိုင်ငံသားနဲ့ မယူရဘူး၊ အခြားနိုင်ငံသားမကူးပြောင်းရဘူး ဆိုတာမျိုးလုပ်မယ် ဆိုရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်သွားပါပြီ။ နောက်တစ်ခု ထပ်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်လို အရည်အချင်းရှိတဲ့ ၊ ပြည်သူလူထု ချစ်မြတ်နိုးတဲ့၊ နိုင်ငံတကာက အသိအမှတ်ပြုလက်ခံတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် မြန်မာနိုင်ငံမှာ သမ္မတဖြစ်သွားမယ်ဆိုရင် တိုင်းပြည်အတွက် ဘာတွေ အမြတ်ထွက်လာမလဲ၊ ဘာတွေအရှုံးပေါ်နိုင်မလဲ ဆိုတာလေးကို ရိုးရိုးလေးပဲ ဈေးတွက် တွက်ကြည့်ကြစေချင်ပါတယ်။ ပုဂ္ဂိုလ်ရေးဆန်တယ်လို့ ပြောချင်လဲ ပြောပါ ... ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး၊ တိုင်းပြည်အတွက် အသုံးချခံရမယ်ဆိုလဲ ခံမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးရှိတဲ့ခေါင်းဆောင်မျိုးကို နိုင်ငံ့ခေါင်းဆောင်၊ နိုင့်ငံ့အကြီးအကဲဖြစ်စေချင်ပါတယ်။ ဖြစ်လဲဖြစ်သင့်ပါတယ်။ ကျနော်တို့ တိုင်းပြည်ဟာ ခေါင်းဆောင်ကောင်းတွေ ပေါ်လေ့ပေါ်ထရှိပေမယ့် ... ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းနဲ့ အစွမ်းအစကို အပြည့်အဝထုတ်သုံးလိုက်ရတဲ့ အခွင့်အရေးမျိုးကိုတော့ ဘယ်တုန်းကမှ မရခဲ့ပါဘူး။ ရတောင့်ရခဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်းတစ်ယောက် လုပ်နိုင်ကိုင်နိုင်စွမ်းရှိနေချိန်မှာ သူ့ရဲ့ အရည်အချင်းတွေ အစွမ်းအစတွေ ပါဝါတွေကို တိုင်းပြည်ကောင်းစားရေးအတွက် အကောင်းဆုံးအသုံးချနိုင်ဖို့လိုအပ်ပါတယ်။

ပုဒ်မ ၅၉(စ)ကို နိုင်ငံတော်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့နဲ့ တိုင်းတပါးသားတွေနိုင်ငံတော်ကို အန္တရယ်မပြုနိုင်ဖို့ မပြင်ပဲ ဒီအတိုင်းထားသင့်တယ်လို့ ပြောနေကြတဲ့သူတွေကို ပြောချင်တာ နောက်တစ်ခုရှိပါသေးတယ်။ တိုင်းပြည်ကို အန္တရယ်ပြုမယ့်သူ ဟုတ်မဟုတ်ဆိုတာကို ဖွဲ့စည်းပုံက မဖြစ်မနေကန့်သတ်ပေးဖို့လိုရဲ့လားဆိုတာပါ။ သူများနိုင်ငံသားမှ မဟုတ်ပါဘူး ... စိတ်ဓါတ်မမှန်ရင် ကိုယ့်နိုင်ငံသားထဲကကိုပဲ တိုင်းပြည်ကို ဒုက္ခပေးနိုင်ပါတယ်။ သူများနိုင်ငံသားမဟုတ်ပဲ ကိုယ့်နိုင်ငံသားအချင်းချင်း ပေးခဲ့တဲ့ ဒုက္ခတွေကို ကျနော်တို့နိုင်ငံသားတွေ နှစ်ပေါင်းများစွာခံခဲ့ကြရပြီးပါပြီ။ နောက်တစ်ခုက သမ္မတတစ်ယောက်ဖြစ်ဖို့ဆိုတာဟာ ... ပြည်ထောင်စုလွှတ်တော်ကိုဖြတ်သန်းပြီးမှ ဖြစ်ရတာပါ။ ပြည်ထောင်စုလွှတ်တော်ထဲက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကိုလည်း ပြည်သူလူထုက ရွေးချယ်ပေးရတာပါ။ ပြီးတော့ တိုင်းပြည်နဲ့လူထုကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တပ်မတော်သားတွေကလည်း လွှတ်တော်ထဲမှာ ၂၅ရာခိုင်နှုန်းရှိနေပါသေးတယ်။ တိုင်းပြည်ကို အန္တရာယ်ပေးနိုင်တဲ့သူမျိုးကို သမ္မတဖြစ်ခွင့်ပေးတယ် ဆိုရင် အဲဒီ့သမ္မတကို ရွေးပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးနဲ့ အဲ့ဒီ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးပေးလိုက်တဲ့ ပြည်သူတွေအားလုံး တော်တော်ညံ့တယ်လို့ ပြောရမှာဖြစ်သလို ... လွှတ်တော်ထဲမှာရှိနေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေလဲ တော်တော်ညံ့ကြလို့သာဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ပြည်သူတွေနဲ့ ကျနော်တို့ရဲ့ တပ်မတော်သားတွေ အဲဒီ့လောက် မညံ့ဘူးလို့ကျနော်ထင်ပါတယ်။ ကျနော်တို့ ဆုံးဖြတ်နိုင်ပါတယ် ...။ အခုလဲ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ကြတယ် ဆိုတာဟာ ပြည်သူလူထုအနေနဲ့ သူမဟာ တိုင်းပြည်ဒုက္ခရောက်အောင်၊ တိုင်းပြည် အန္တရာယ်ဖြစ်အောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ ရင်ထဲအသဲထဲက ယုံကြည်ကြလို့ပါ။
ဖွဲ့စည်းပုံထဲက ပြုရပြင်ရမှာတွေနဲ့ပတ်သက်ပြီး အများကြီးပြောစရာရှိသေးပေမယ့် အခုတော့ ၅၉(စ)ကိုပဲ အထူးပြုပြောပါရစေ။ တိုင်းပြည်အတွက် အသုံးဝင်မယ့်၊ အသုံးကျမယ့် တိုင်းပြည်ရဲ့ရတနာတွေ၊ တိုင်းပြည်ရဲ့ ပါဝါတွေကို တိုင်းပြည်ကောင်းစားရေးအတွက် လူမှန်နေရာမှန်ထားပြီး အသုံးချတတ်ကြဖို့လိုပါတယ်။ လူတော်တွေကို နေရာမပေးပဲ ဘေးဖယ်ထားကြပြီး အရာရာ ငါတို့သိတယ် ငါတို့တတ်တယ်လုပ်ခဲ့ကြတဲ့အတွက် တိုင်းပြည်လဲ နှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့ပြီးပါပြီ။ အဲဒီ့တော့ အချိန်မနှောင်းခင်မှာ... ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉(စ) ကို အကြွင်းမဲ့ဖြုတ်ပယ်ပြီး ... ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ စွမ်းအားတွေကို တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိအောင် အသုံးချကြပါလို့ အားလုံးကို တိုက်တွန်းချင်ပါတယ်။
နေဘုန်းလတ်
(၀၂-၀၁-၂၀၁၄)

(Bangkok Post မှ 28 Jan 2014 ရက်စွဲပါ “US ends Myanmar refugee program” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်း မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည်များအတွက် ပြန်လည်နေရာချထားခြင်း အထူး အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ရပ်ဆိုင်းလိုက်ပြီဟု ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

အထူးပြန်လည်နေရာချထားခြင်း အစီအစဉ်၏ နောက်ဆုံးအသုတ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့က လက်ခံကာ ၉ နှစ်ကြာ အစီအစဉ်ကို အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာဒုက္ခသည်များအား ရိုးရှင်းသော လုပ်ထုံးလုပ်နည်းဖြင့် တက်နိုင်သမျှ လက်ခံရန်အတွက် ၂၀၀၅ တွင် အစီအစဉ်စတင်ခဲ့ကြောင်း ဘန်ကောက်ရှိ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး ရုံးမှ ပြန်ကြားရေးအရာရှိ ဗီဗီယန်းတန် က ပြောကြားသည်။

အမေရိကန်အစိုးရ၏ လူဦးရေ ဒုက္ခသည်နှင့် ရွှေ့ပြောင်းမှု ဗျူရို လက်ထောက်အတွင်းဝန် အင်နီရစ်ချက် ကလည်း “အမေရိကန်ပြည်ထောင်စုသည် နိုင်ငံတစ်လွှား မြို့ကြီးများနှင့် မြို့ငယ်များတွင် ရွှေ့ပြောင်းနေထိုင် အခြေချ နေကြသော မြန်မာနိုင်ငံသား ဒုက္ခသည် ၇၃,၀၀၀ ကျော်ကို ၂၀၀၅ ခုနှစ်မှစ၍ ကြိုဆိုခဲ့သည်” ဟု ရှင်းလင်း ပြောကြား သည်။

ယခုအခါ ထိုင်း မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် မြန်မာဒုက္ခသည် ခန့်မှန်းခြေ ၁၂၀,၀၀၀ ခန့် နေထိုင် နေကြဆဲ ဖြစ်ပြီး ၎င်းတို့အနက် ထိုင်းအာဏာပိုင်များထံ မှတ်ပုံတင်ထားခြင်း မရှိသူ ၄၀,၀၀၀ ခန့် ပါဝင်ပါသည်။

မှတ်ပုံတင်ခြင်း မပြုသော ဒုက္ခသည်များမှာ သတ်မှတ်ချက်နှင့် အကြုံးမဝင်သောကြောင့် အမေရိကန် ပြည်ထောင်စုတွင် အခြေချနေထိုင်ရန် လျှောက်ထားခြင်းမပြုသူများဖြစ်သည်ဟု ဗီဗီယန်းတန် က ဆိုပါသည်။

ထိုင်း မြန်မာ နယ်စပ်အနီး တပ်ခ် ပြည်နယ်ရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်သူအများစုသည် မြန်မာနိုင်ငံမှ ကရင်မျိုးနွယ်စုဝင်များ ဖြစ်သည်။ ၎င်းတို့သည် မြန်မာစစ်တပ်၏ ကရင်ပြည်နယ် ထိုးစစ်ကို ရှောင်ရှားရန် အတွက် ထိုင်း နိုင်ငံ ဖက်သို့ လွန်ခဲ့သော နှစ် ၂၀ ကျော်က ထွက်ပြေးရောက်ရှိ လာကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ UNHCR ကိုယ်စားလှယ် မီဂျယ်လီဂျရတ် က “ဒီ အစီအစဉ်ရပ်ဆိုင်းမှုဟာ ရွှေ့ပြောင်းအခြေချ စီမံချက်လုံးဝပြီးဆုံးသွားတာ မဟုတ်ပါဘူး။ UNHCR က ဒုက္ခသည်တွေရဲ့ တစ်ဦးချင်း အကာအကွယ်ပေးသင့်တဲ့ လိုအပ်ချက်ပေါ် မူတည်စိစစ်ပြီး တစ်ခြားနိုင်ငံပေါင်းစုံကို ဆက်လက်တင်ပြ ပေးသွားမှာပါ” ဟု ပြောကြားသည်။

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများမှ နောက်ထပ် မြန်မာဒုက္ခသည် ၁၉,၀၀၀ ခန့်မှာလည်း သြစတြေးလျား၊ ကနေဒါ၊ ဖင်လန် နှင့် ဂျပန် အပါအဝင် အခြားနိုင်ငံအသီးသီးသို့ လွန်ခဲ့သော ကိုးနှစ်အတွင်း ရွှေ့ပြောင်း အခြေချ နေထိုင်ခဲ့ကြသည်ဟု UNHCR က ဆိုပါသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပက ဝိုင်းဝန်းစက်ဆုပ်ရွံ့ရှာခြင်းခံရသော စစ်ဖက်အုပ်ချုပ်မှုကို ၂၀၁၁ တွင် ဖျက်သိမ်းပြီးနောက် အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းလဲခဲ့ရာ၊ အာဏာရရှိလာသော သမ္မတဦးသိန်းစိန် လက်ထက် တွင် အပြုသဘောဆောင်သော နိုင်ငံရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ ရှိလာခဲ့သော်လည်း အိမ် ပြန်လာမည့် စစ်ပြေး ဒုက္ခသည်များအတွက် ကရင်ပြည်နယ်တွင် လုံခြုံမှုဆိုင်ရာ ပြဿနာများရှိနေခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း UNHCR က ထုတ်ဖော်ပြောဆိုထားသည်။

yangon chronicle

(၁၆.၁.၂ဝ၁၄ - ကြာသပတေးနေ့ထုတ် “စံတော်ချိန် နေ့စဉ်သတင်း စာ” တွင် ဘို(ဆင်တလည်)မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် “သမ္မတကြီးအလိမ်ခံရတဲ့ ပွဲကြီးလို့ပဲ ကျွန်တော်မြင်ပါတယ်။ သန်း ၆ဝ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ကြပါ။” ဟူသော ဆောင်းပါးအား တင်ပြခြင်းဖြစ်ပါသည်။)
နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ၂ဝဝ၁ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့မှာ စာရေးဆရာ၊ ဒါရိုက်တာ ဘဘ ဦးသုခ စတင်တည်ထောင် သည်။ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ကျော်သူက အနုပညာသက် တမ်း (၁၆) နှစ်နီးပါး ဖြတ်သန်းခဲ့သော အချိန်အထိ မိဘပြည်သူ ပရိသတ်များ ချီးမြှင့်သော အနုပညာငွေများဖြင့် မိသားစုစားဝတ်နေရေး အပြင် သားသမီးတွေကိုလည်း ပညာတတ်များဖြစ်လာအောင် ပြုစုပျိုးထောင် ပေးနိုင်ခဲ့သည့်အတွက် ပရိသတ်များကို ကျေးဇူးဆပ် သည့်အနေဖြင့် သူ၏ကျေးဇူးရှင်ဆရာဖြစ်သော ဘဘ ဦးသုခထံ အလှူငွေများ သွားရောက်လှူဒါန်းခဲ့ရာမှ စတင်ကာအသင်းတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ၂ဝဝ၈ မှ စတင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ဥက္ကဋ္ဌ ဦး ဆောင်နေသော ဦးကျော်သူနှင့် လတ်တလော မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် ပရဟိတဆိုင်ရာများနှင့် ပတ်သက်၍ စံတော်ချိန်က မေးမြန်းခဲ့သည်များမှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

မေး- ပရဟိတလုပ်ငန်များ အများအပြား ပေါ်ထွက်လာမှုအပေါ်မှာ မှတ်ချက်စကားပြောပြပေးပါဦး။

ဖြေ- ဒီလိုအသင်းအဖွဲ့တွေ ပေါ်ပေါက်လာတာဟာ တိုင်းပြည်အတွက်
ကောင်းတယ်။ မင်္ဂလာလည်းရှိပါတယ်။ တိုင်းသူပြည်သားတွေ အတွက်လည်း အများကြီး အကူအညီရတာပေါ့။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေအတွက် လည်း အင်မတန်မြင့်မြတ်တဲ့ အလုပ်တွေမို့ မင်္ဂလာ ရှိပါတယ်။ ဒါပေမဲ့ တချို့အသင်းအဖွဲ့တွေက ပရဟိတ ဆိုတာကို အကြောင်းပြပြီး မိမိနာမည်ကြီးချင်လို့၊ အကြည်ညိုခံချင်လို့။ ဒီထက်ဆိုး တာက အများအလှူငွေကို မိမိကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ပစ်ကြတယ်။ ဒါဟာ အတ္တကြီးချင်းပဲ။ အဲဒီလို အတ္တတွေနဲ့ဆို ပရဟိတ လုပ်ငန်းတွေကို မလုပ်ကြပါနဲ့။ အတ္တကြီးတဲ့ ရည်ရွယ်ချက် အဆိုးတွေနဲ့ ပရဟိတလုပ်ငန်းတွေကို မလုပ်ကြတာ အကောင်းဆုံးပဲလို့ ပြောချင်ပါတယ်။ ရပ်ရွာပြည်သူလူထု အများအကျိုးသယ်ပိုးချင်လို့ လုပ်တယ်ဆိုရင်တော့ ဒါဟာအင်မတန် ကောင်းပါတယ်။ အဲဒီလို အများကောင်းကျိုးအတွက်မဟုတ်ဘဲ လူတစ်ယောက်၊ အသင်းအဖွဲ့ ကောင်းစားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပရဟိတဆိုတာကိုအသုံးချပြီး ထူထောင်ကြမယ်ဆိုရင် အမှားကြီးမှားကြ လိမ့်မယ်လို့ သတိပေးပြော ချင်ပါတယ်။

မေး- ပရဟိတအများအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူတွေကို ဘယ်လိုစိတ်ဓာတ်မျိုး ထားရှိသင့်သလဲဆိုတာ ပြောပြပေးပါလား။

ဖြေ- မြတ်စွာဘုရားရှင်ရဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ကျင့်သုံး ရမယ်။ ကိုယ့်မှာရှိနေတဲ့ အတ္တတွေကို လုံးဝမရှိတော့အောင် ကြိုးစားရမယ်။ အများအကျိုး လုပ်ဆောင်တဲ့အခါ ကိုယ့်အတ္တမပါဘဲ လုပ်ဆောင်နိုင်ရမယ်။ အများအကျိုးအတွက်ဆို ကိုယ်ဘယ် လောက်အထိ ပေးဆပ်နိုင်လဲ။ အနစ်နာခံနိုင်လဲ။ ဒီလိုပရဟိတအများအကျိုး လုပ်ကြတဲ့အခါမှာ အတိုက်အခိုက်တွေနဲ့ ကြုံတွေ့ရတတ်ပါ တယ်။ ကျွန်တော်တို့ဆို ဘဝပျက်လောက်အောင်အထိ အတိုက်အခံတွေရှိခဲ့ပါတယ်။ ဒီအခက်အခဲတွေကို သစ္စာတရားနဲ့ကျော်လွှားနိုင်ရမယ်။ ကိုယ့်လုပ်ရပ် အပေါ်လည်း သစ္စာရှိရမယ်။ ပရိဟတအများအကျိုးကိုသယ် ပိုးတယ်။ မှန်မှန်ကန်ကန်လုပ်ရမယ်။ သစ္စာတရားဆိုရဲရမယ်။ ကူညီတဲ့နေရာမှာ လည်း စေတနာကအရေးကြီးတယ်။ ကိုယ်ချင်းစာစိတ် စာနာစိတ်ရှိရ မယ်။ လူမျိုးဘာသာကွဲပြားနေလို့ ငါတို့လူမျိုးပဲကူညီမယ်ဆိုတဲ့ စိတ်ထား မျိုးမရှိရဘူး။ လူမျိုးဘာသာ ဘယ်လိုပဲကွဲပြားပါစေ။ ဆင်းရဲချမ်းသာမရွေး။ မိတ်ဆွေရန်သူ မခွဲခြားဘဲ လူသား အချင်းချင်း ကူညီရမယ်။ ဒုက္ခရောက်နေကြတဲ့ လူသားတိုင်းကို ကူညီရမယ်ဆိုတဲ့ စိတ်ထားမျိုးထားရှိဖို့က အရေးကြီးတယ်။

မေး- မြန်မာနိုင်ငံရဲ့ နေရာဒေသအနှံ့မှာရှိနေကြတဲ့ ပရဟိတအသင်း အဖွဲ့တွေက ပြည်သူလူထုရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။

ဖြေ- လုံလောက်မှုကတော့မရှိပါဘူး။ အနယ်နယ်အရပ်ရပ်က ပရဟိတ အသင်းအဖွဲ့တွေဆိုရင် အသင်းအဖွဲ့ ထူ ထောင်ကြဖို့အတွက် အခက် အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေရတယ်။ အလှူငွေကြေး အခက်အခဲက အစ သွားလာရေး လွယ်ကူနိုင်အောင် မော်တော်ကားတွေလိုအပ်မယ်။ နိဗ္ဗာန်ယာဉ် လူနာတင်ကား တွေပြည့်စုံမှ အများပြည်သူလူထုကို ထိထိရောက်ရောက်ကူညီနိုင်ကြမှာ။ ဒီလို ပြည့်စုံဖို့ကလည်း အဓိကလိုအပ်ချက်က အစိုးရဘက်က ပံ့ပိုးကူညီမှုတွေလိုအပ်ပါတယ်။ မပံ့ပိုးပေးတဲ့အပြင် အစိုးရဘက်က တားမြစ်တာတို့ နှောင့်နှေး ကြန့်ကြာအောင်လုပ်တာတွေ၊ ပိတ်ဆို့တာတွေလုပ်နေရင် ပရဟိတ အသင်းအဖွဲ့တွေ ဘယ်လောက်ပဲများများ ပြည်သူတွေအတွက် ထိရောက်အောင် ကူညီနိုင်မှာမဟုတ်ပါဘူး။ အစိုးရအနေနဲ့ ပရဟိတ အသင်းအဖွဲ့တွေ ပေါ်မှာ နားလည်မှုရှိရမယ်။ ပရဟိတအဖွဲ့ဆိုတာက နိုင်ငံရေးလုပ်တဲ့အဖွဲ့အစည်း၊ ပါတီထောင်တာမဟုတ်ဘူး။ အများ အကျိုးအတွက် ကိုယ့်ကျိုးစွန့်ပြီး လုပ်နေကြတဲ့သူတွေပါ။ ပရဟိတ လူမှုကူညီရေး သက်သက်လုပ် နေကြတဲ့အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေကို အစိုးရအနေနဲ့ လျော့သင့်တာ လျော့ ပေးသင့်ပါတယ်။ ပရဟိတအဖွဲ့အစည်းဆိုတာလည်း နှစ်မျိုးရှိပါ တယ်။ ပြည်တွင်းက အလှူငွေနဲ့ ရပ်တည်နေကြတဲ့ လူမှုရေးအဖွဲ့ တွေရှိကြသလို၊ ပြည်ပက နိုင်ငံခြားရေးထောက်ပံ့ငွေနဲ့ ရပ်တည်နေကြ တဲ့ INGO နှင့် NGO အဖွဲ့အစည်းတွေလည်း ရှိကြပါတယ်။ ပြည်ပနိုင်ငံခြား ထောက်ပံ့ငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေ ကိုတော့ အစိုးရကစည်း မျဉ်းစည်းကမ်းအတိုင်း လုပ်သင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့လို မြန်မာပြည်ကလှူတဲ့ အလှူငွေတွေနဲ့ ရပ်တည်နေကြတဲ့ လူမှုရေးပရဟိတအဖွဲ့အစည်းတွေကို ငွေကြေးရှင်း တမ်း အတိအကျအမှန်ရှိနေရင် အစိုးရအနေနဲ့ စည်းကမ်းပိုင်းဆိုင်ရာ တားမြစ်တာတွေ ဘာမှလုပ်စရာ မလို တော့ဘူး။ မမှန်မကန်လုပ်ပြီး လူမှုရေးဖောက်ပြန်ခဲ့ရင်လည်း တရားဥပဒေရှိတယ်။ ဥပဒေအတိုင်း စီရင်သွား လိမ့်မယ်။ ဒီလိုပြည်ပကထောက်ပံ့နေတဲ့ ဒေါ်လာငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော် တစ်ခုလောက် မေးကြည့်ချင်ပါတယ်။ ဥပမာပြောရရင် ပြည်သူက ဒေါ်လာ ငွေတစ်သိန်း ထောက်ပံ့ အလှူငွေ ရတယ်ဆိုပါတော့။ ပြည်သူလူထုအကျိုး အတွက်ကို ဒေါ်လာငွေ ဘယ်နှစ်သောင်း၊ ဘယ်နှစ်ထောင်လောက် များ အသုံးချပြီးပြီလဲလို့ မေးချင်ပါတယ်။ ကိုယ့်အိတ်ထဲတာ ဒေါ်လာ ဘယ်လောက်ရှိနေပြီလဲဆိုတာ ပြန်ပြီး သုံးသပ်ဖို့တော့လိုနေပြီ။ ကျွန်တော်တို့အသင်းကိုလည်း ဟိုတလောက ပြည်ပက အထူးကု ဆရာဝန်ကြီးတွေ လာတယ်။ သူတို့က ဧရာဝတီတိုင်းဘက်က ပြည်သူလူထုတွေကို အခမဲ့ ဆေးလာရောက်ကုသပေးတဲ့အဖွဲ့ ဖြစ်တယ်။ သူတို့ပြန်ခါနီး ကျွန်တော်တို့ အသင်းကိုလာပြီး သူတို့ အသုံးပြုခဲ့ပြီး ပိုလျှံနေတဲ့ ဆေးဝါးတွေကို ကျွန်တော်တို့အသင်း ကိုလာလှူတယ်။ အဲဒီအလှူနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့က လူကြီး တစ်ယောက်က ကျွန်တော်တို့အသင်းကို ဒီလိုဆေးဝါးတွေ သွားလှူ တယ်ဆိုရင် နောက်တစ်ကြိမ် ခင်ဗျားတို့ မြန်မာပြည်ကို လာဖို့ အခက်တွေ့သွားမယ်ဆိုပြီး ခြိမ်းခြောက်သလိုပြောတယ်လို့ ကျွန်တော် သိခဲ့ရတယ်။ ဒါတွေဟာ လူသားချင်း စာနာစိတ်ကင်းမဲ့တဲ့ လုပ်ရပ်တွေ ပဲ။ အဲဒီတော့ အစိုးရက တရားဝင်ဆိုင်းဘုတ် တပ်ပြီး ကြေငြာထားတဲ့ “နိုင်ငံခြားခရီးသွား ဧည့်သည်များကိုကူညီပါ။” ဆိုတဲ့ စာသားကို ဘယ်မှာသွားထားတော့မှာလဲ။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ တကယ်ကို ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်နေကြတဲ့ အရပ်ဖက် လူမှုရေးအဖွဲ့အစည်းတွေ ပေါင်းစုံအစည်း အဝေးလုပ်တဲ့အခါမှာ ကျွန်တော်တို့တစ်တွေမှာ တန်ဖိုးကြီးဟိုတယ် တွေငှားပြီး အစည်းအဝေးလုပ်နိုင်ကြတဲ့ အဆင့်မရှိဘူး။ မလုပ်ဘူး ဆိုတာကလည်း ပြည်သူလူထုက အများ အကျိုးအသုံးပြုဖို့ လှူဒါန်း ထားကြတဲ့ငွေတွေကို အလဟသဟိုတယ်တွေကို ပေးသုံးပြီးလုပ်ရတဲ့ အနေအထား မျိုးကို ကျွန်တော်တို့က ဘယ်တော့မှမလုပ်ပါဘူး။ ကိုယ့်အသင်းမှာ လုပ်ချင်လုပ်မယ်။ ဒါမှမဟုတ် ကျောင်းမှာ လုပ်ချင် လုပ်မယ်။

မေး- အစိုးရဖွဲ့စည်းတဲ့ လူမှုရေးအသင်းတွေနဲ့ ပုဂ္ဂလိက အရပ်ဖက် လူမှုရေးအသင်းတွေကြားမှာ ကွာခြားချက်တွေ ရှိပါသလား။

ဖြေ- ကွာခြားချက်ရှိပါတယ်။ အစိုးရဘက်အဖွဲ့အစည်းဆိုရင် ကြံ့ခိုင်ရေးက ထူထောင်ထားတဲ့ အဖွဲ့တွေရှိ တယ်။ သူတို့ဘာတွေ ဘယ်လိုလုပ်တယ်ဆိုတာ ဘယ်အဖွဲ့က ပြည်သူလူထုအပေါ်မှာ ထိထိရောက်ရောက်ကူညီနေ သလဲဆိုတာ ပြည်သူလူထုကသာ အသိဆုံးပါ။ ဘယ်အဖွဲ့အစည်းကတော့ ဟန်ဆောင် လုပ်နေတယ် ဆိုတာက အစ ဒါဟာကိုယ့်အတွက်လုပ်နေတာလား။ အများကောင်း ကျိုးအတွက် လုပ်နေတာလားဆိုတာကို ပြည်သူ လူထုကပဲ ဆုံးဖြတ် ပေးလိမ့်မယ်။ ကျွန်တော်ကတော့မပြောချင်ပါဘူး။ ဒါကြောင့် ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ လိုတယ်ဆိုတာ အဲဒါကိုပြောတာ။ လူမှုရေးသစ္စာဆိုရဲဖို့ အရေးကြီးတယ်။

မေး- အစိုးရအဖွဲ့က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို ဘယ်လိုကူညီ မှုတွေ ပေးသင့်သလဲ။

ဖြေ- လူမှုရေးအဖွဲ့အစည်းတွေကို ကျွန်တော်တို့လို မြန်မာပြည်သူ လူထုကလှူဒါန်းကြတဲ့ အလှူငွေတွေနဲ့ ရပ်တည် နေကြတဲ့ အဖွဲ့အစည်းကိုတစ်မျိုး၊ ပြည်ပက နိုင်ငံခြားဝင်ငွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်း တွေကိုတစ်မျိုး၊ နှစ်မျိုးခွဲခြားမြင်သင့်တယ်။ အမှန်တော့ ကျွန်တော်တို့ အဖွဲ့အစည်းတွေက အစိုးရမဟုတ်သော အရပ်ဖက်လူမှု အဖွဲ့အစည်းတွေပါ။ အစိုးရချုပ်ကိုင်မှု မရှိသင့်တော့ပါဘူး။ ကျွန်တော် တို့ကို ချုပ်ကိုင်ချင်တယ်ဆိုရင် ဒီပြည်ပ နိုင်ငံခြားဒေါ်လာ ထောက်ပံ့ လှူဒါန်းငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေကို ပြည်ထဲရေး လက်အောက်မှာ ထားသင့်တယ်။ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အ စည်းတွေဘက်ကို ထားဖို့မလိုအပ်ဘူး။ ကျွန်တော် တို့အဖွဲ့တွေက မြတ်စွာဘုရားရဲ့ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ကျင့် သုံးနေကြတဲ့အဖွဲ့တွေပါ။ မြတ်စွာရဲ့ တရားကိုကျင့်သုံးနေကြတဲ့ ဒီအဖွဲ့တွေကို စည်းမျဉ်းစည်းကမ်းတွေ ဘောင်တွေနဲ့လာ ပြီးချုပ် ကိုင်နေမယ်ဆိုရင် ပုဂံပြည်က မနူဟာဘုရားလို မြတ်စွာဘုရား အကျဉ်းချထားသလိုဖြစ်လိမ့်မယ်။ ကျွန်တော်တို့လူမှုရေး လုပ်တယ်ဆို တာ အလှူငွေတွေကို စနစ်တကျသုံးပြီးတော့ စာရင်းစစ်နဲ့လုပ်ကြပြီး အတွင်းစာရင်းစစ်၊ အပြင် စာရင်းစစ်တွေနဲ့ လုပ်ထားတဲ့ ငွေစာရင်း ရှင်းတမ်းတွေကို လစဉ်တိုင်းတိုင်း၊ မြို့နယ်၊ ရပ်ကွက် အကုန်လုံး အာဏာပိုင်အဖွဲ့အစည်းတွေဆီ ပို့ပေးနေရတယ်။ ဒီလိုပို့ပေးနေ ရတာကကျွန်တော် တို့ကို အမြင်ရှင်းဖို့လိုတယ်။ ကျွန်တော်တို့အဖွဲ့က နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ ပြည်သူကို တစ်ဖက်တစ်လမ်းက ကူညီနေတာ။ အမြင် မရှင်းဘဲနဲ့ ကျွန်တော့်နောက်ကို S.B ထောက် လှမ်းရေးတွေလိုက်တယ်။ လိုက်ပြီးတော့ ဘာတွေလုပ်လဲဆိုတော့ အမြဲတမ်း ဘယ်သွားသွားလိုက်နေတယ်။ လိုက်နေတယ်ဆိုက တည်းက ဒါအမြင်မရှင်းလို့ဘဲ။ ကျော်သူ လုပ်တဲ့ အလုပ်က မသာချတဲ့ အလုပ်ပဲလုပ်တာ။ ကျော်သူနောက်လိုက်တယ်ဆိုရင်တော့ သင်္ချိုင်း ကုန်းနဲ့ ဘုန်းကြီးကျောင်းပဲရောက်မယ်။ ဒီဟာတွေကို အမြင်ရှင်းဖို့လိုပြီ။ ဘယ်အစိုးရတက်တက် ကျော်သူက မသာချနေမှာပဲ။ ဒါကို အတန် တန်ပြောထားပြီးပြီ။ ပြောထားရက်နဲ့ ဒီလိုမျိုး နောက်ကလိုက်တယ်။ စည်းကမ်း တွေတင်းကြပ်တယ်။ ချုပ်ကိုင်တယ်။ ကယ်ဆယ်ရေး လုပ်တယ်ဆိုရင်ဗျာ။ ဥပမာ အရေးပေါ်ကယ်ဆယ်ရေး ပခုက္ကူရေဘေး ဒုက္ခသည် ကယ်ဆယ်ရေးတုန်းကဆိုရင် သွားကယ်ဖို့ လှေတွေငှား ထားပြီးပြီ။ ကျွန်တော်တို့အဖွဲ့ တွေ ပစ္စည်းဝယ်ပြန်လာလို့ လှေပေါ်တက် မယ်ဆိုပြီး ကမ်းစပ်ရောက်တော့ လှေတွေကတစ်စင်းမှ မရှိကြတော့ ဘူး။ ကျော်သူတို့အဖွဲ့ကငှားရင် လှေမငှားရဘူးဆိုတဲ့ မြို့နယ်က အမိန့်ထုတ်ထားလို့ဆိုပြီး လှေပိုင်ရှင်တွေက ကြောက်ပြီး ထွက်ပြေးကြ တယ်။ အဲဒီတော့ကယ်ဆယ်ရေး ဘယ်လိုထိရောက်တော့မလဲ။ ဒီလိုအချိန်တွေ၊ ကွာဟမှုတွေကြားထဲမှာ လူတွေ၊ အသက်တွေ ဘယ်လောက်တောင် ဆုံးရှုံးကြရမလဲ။ ဒါကို ထည့်တွက်ရမယ်။ ကျွန်တော်တို့က အချိန်နဲ့တပြေးညီ ကယ်ဆယ်ရေးလုပ်ရတယ်။ ကျွန်တော်တို့လို အဖွဲ့အစည်းမရှိဘူးဆိုရင် အစိုးရကရော လုပ်နိုင် သလား။ ဒါကို မေးချင်တယ်။ အစိုးရပိုင်းက ထိထိရောက်ရောက် လုပ်နိုင်ရင် ကျွန်တော်တို့လို လူမှုရေးအဖွဲ့တွေ ရှိနေစရာမလိုဘူး။ ပြည်သူလူထုက ဒီလူမှုရေးပရဟိတအဖွဲ့တွေကိုပဲ အားကိုးနေရတာ ပါ။ ဒါကို ချုပ်ကိုင်ဟန့်တားနေကြမယ်ဆိုရင် ပြည်သူလူထုကလည်း အစိုးရကို ငြိုငြင်လာလိမ့်မယ်။ ပြည်သူ လူထုငြိုငြင်လာရင် သူတို့ အတွက် အစိုးရအနေနဲ့ အလားအလာမကောင်းတော့ဘူး။ ဒါကို သိထားသင့်တယ်။

မေး- သမ္မတဦးသိန်းစိန်အနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို တွေ့ဆုံတာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါ သလဲ။

ဖြေ- ပထမအကြိမ်နေပြည်တော်မှာ အရပ်ဖက်လူမှုရေး အဖွဲ့ အစည်းတွေ့ဆုံမှုမှာ လူမှုရေးအသင်းအဖွဲ့တွေ သိပ်မပါဘူး။ ကျွန်တော်တို့အဖွဲ့ပဲပါတယ်။ နောက်ဆုံးတွေ့ဆုံတာကတော့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ တွေ့ဆုံခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့အဖွဲ့ ဖိတ်စာမရဘူး။ မြန်မာနိုင်ငံမှာ အကြီးဆုံး လူမှုအဖွဲ့အစည်းလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ နာရေး ကူညီမှုအသင်းကို ဖိတ်စာမပေးဘူး။ လုပ်တဲ့သူတွေကလည်း စောစော က ကျွန်တော်ပြောခဲ့တယ်။ နိုင်ငံခြားထောက်ပံ့ လှူဒါန်းမှု ဒေါ်လာငွေတွေနဲ့ ရပ်တည်နေကြတဲ့ ဒေါ်လာစားအဖွဲ့တွေ၊ သူတို့ ဖိတ်သင့်တဲ့သူတွေကိုတော့ ဖိတ်တယ်။ အဲဒီမှာ စကားပြောခွင့် (၁၁) ဖွဲ့ကို တစ်ဖွဲ့ချင်းစီအမည် ကြေညာတော့ နာရေးကူညီမှုအသင်းမပါဘူး။ အဲဒီအဖွဲ့တွေထဲမှာ ဟန်ဆောင်လုပ်နေကြတဲ့အဖွဲ့တွေ အများ ကြီးပါ တယ်။ ပစ္စည်းကြေညာတာတွေ လုပ်ကြတယ်။ ကျွန်တော်၊ ကျွန်မတို့ အဖွဲ့က ဘယ်လိုရန်ပုံငွေရအောင် ဘာကိုရောင်းပါတယ်ဆိုပြီး ပစ္စည်းကြေညာပွဲကြီး ဖြစ်သွားတယ်။ ဒီဟာတွေက သမ္မတကြီးအနေနဲ့ တိတိ ကျကျမသိဘူး။ အဲဒါကြောင့် “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ ရင်” ဆိုတဲ့စာအုပ်ကိုထုတ်တာ။ အားအား ယားယားထုတ်တာ မဟုတ်ပါဘူး။ ဒီစာအုပ်ထုတ်တာ သမ္မတကြီးအနေနဲ့ ပြည်သူလူထု အတွက် ဘာလုပ်သင့် တယ်။ အောက်ခြေက လူထုဒုက္ခတွေ ဘယ်လိုဖြစ်နေလဲဆိုတာသိအောင် ဒီလူမှုရေးအဖွဲ့အစည်းတွေကို (၅) မိနစ်၊ (၁ဝ) မိနစ်စာလောက်လာတွေ့ကြည့်ပါ။ ဒါမှ အားလုံးသိသွား မယ်။ အဲဒီအတွက် ကျွန်တော်ဒီစာအုပ်ကို ရေးတာ။ အခုဟာက သမ္မတကြီးကို လိမ်နေကြတယ်။ ဝိုင်းပြီးလိမ်နေကြတာလို့ မြင်မိတယ်။ လူမှုရေးအဖွဲ့ အစည်းတွေ တွေ့ဆုံပွဲဆိုတာ သမ္မတကြီး ဦးသိန်းစိန်ကို ဝိုင်းလိမ်တဲ့ပွဲကြီး၊ သမ္မတကြီးအလိမ်ခံရတဲ့ပွဲကြီးလို့ပဲ ကျွန်တော်မြင် ပါတယ်။

မေး- ဒီနေ့ခေတ်လူငယ်တွေ ပရဟိတအပေါ်မှာ စိတ်ဝင်စားမှုမြှင့် တက်လာခြင်းအပေါ် မှတ်ချက်စကားလေး ပြောပေးပါဦး။

ဖြေ- အခုလိုပရဟိတစိတ်ဓာတ်တွေ မွေးဖွားလာကြတာဟာ တိုင်းပြည်အတွက်ကောင်းပါတယ်။ လူငယ်တွေ ကိုယ်ထူကိုယ်ထ စိတ်ဓာတ်တွေ ပေါ်ပေါက်လာကြတာ အင်မတန်ကောင်းပါတယ်။ ဒီလိုပေါ် ပေါက်လာကြတဲ့ ပရဟိတလူမှုရေးအဖွဲ့အစည်းတွေ စိတ်ပျက်သွားစေမယ့်ကိစ္စမျိုး ဥပမာ မှတ်ပုံမတင်ဘူးဆိုရင် ထောင်ဒဏ် ဘယ်လောက်တို့ဆိုတာ အစိုးရအနေနဲ့ မလုပ်သင့်ပါဘူး။ မှတ်ပုံ တင်ကြေးဆိုတာလည်း မရှိသင့်တော့ပါဘူး။ မြို့နယ်အာဏာပိုင်က ခွင့်ပြုရင် မှတ်ပုံတင်စရာမလိုဘူးဆိုတဲ့ ဥပဒေမူကြမ်းမှာပါလာတယ်။ ဥပမာ မြောက်ဥက္က လာပမြို့နယ်ကနေ ရန်ကုန်ဆေးရုံကြီးကို သွားချင် တယ်ဆိုပါတော့။ ဒီမြို့နယ်ဖြတ်ကျော်ခွင့် မြို့နယ်အာဏာ ပိုင်ခွင့်ပြု ချက်ရမှ သွားခွင့်ရမယ်ဆိုရင် အရေးပေါ်လူနာတွေဆို အဲဒီခွင့်ပြုမိန့်ကို စောင့်နေရင်းနဲ့သေသွား လိမ့်မယ်။ သန်း (၆ဝ) ပြည်သူလူထုတွေရဲ့ အသက်တွေကို ကယ်တင်ကြပါ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး တွေကို ကယ်တင်နိုင်တဲ့ ဥပဒေမျိုးကိုသာလုပ်ကြပါ။ INGO အဖွဲ့ပြည်ပထောက် ပံ့ငွေတွေနဲ့ ရပ်တည်နေကြတဲ့ အဖွဲ့ကလုပ်တဲ့ ဥပဒေကြမ်းကျတော့ လွှတ်တော်မှာသွားဆွေးနွေးမယ့် အဆင့်ရောက်နေကြပြီ။ ကျွန်တော်တို့ အရပ် ဖက်လူ့အဖွဲ့အစည်းတွေ၊ မြန်မာပြည်မှာရှိနေကြတဲ့ ပရဟိတ လူမှုရေးအသင်း အဖွဲ့အစည်းပေါင်း (၅ဝဝ) ကျော်စုပေါင်း ပြီးတော့ အစည်းအဝေးလုပ်ကာ ဘုံသဘောထားကိုကြေညာပြီး လွှတ်တော်ကို တင်ထားတယ်။ ဒါကျတော့ လွှတ်တော်မှာ မဆွေးနွေးကြဘူး။ ပြီးတော့ ဝန်ကြီးအမတ်တစ်ယောက်ကလည်း ပြောလိုက်သေးတယ်။ ဒါနိုင်ငံ တကာစံနှုန်းနဲ့ ညီပါတယ်တဲ့။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ညီစရာ မလိုပါဘူး။ ပြည်တွင်းမှာ လူမှုရေးလုပ်တယ်ဆိုတာ ပြည်တွင်းမှာပဲ ပြည်သူလူထုတွေ အဆင်ပြေဖို့ အရေးကြီးပါတယ်။

မေး- ဒီနေ့ခေတ် ကိုယ်ထူကိုယ်ထစနစ်နဲ့ ကြိုးစားလုပ်ဆောင်နေကြတဲ့ ပရဟိတလူမှုရေး အဖွဲ့အစည်းတွေပေါ်မှာ အမှတ်တရ စကားလေြးေ ပြောပေးပါဦး။

ဖြေ- ကျွန်တော့်အနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းဥပဒေဆိုတာကို အစိုးရအနေနဲ့ လွှတ်တော်မှာဆွေးနွေးကြမယ့် အပိုင်းကို အတတ်နိုင် ဆုံး ကန့်ကွက်နေပါတယ်။ ဒီလိုကန့်ကွက်မှုတွေလုပ်နေတယ်ဆိုတာ ကျွန်တော်တို့ ရန်ကုန်နာရေးကူညီမှုအသင်းအဖွဲ့အတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ မှတ်ပုံတင်ကြေး ငါးသိန်း၊ ဆယ်သိန်း၊ သိန်းငါးဆယ် ဆိုလည်းရတယ်။ ဒါပေမဲ့ တကယ့်ကို ကိုယ်ထူ ကိုယ်ထ စနစ်နဲ့အားကိုးပြီး ရပ်တည်နေကြရတဲ့ ပရဟိတလူမှုရေး အဖွဲ့ အစည်းတွေ၊ နယ်မှာရှိနေတဲ့ အသင်းအဖွဲ့ပေါင်းများစွာအတွက် မှတ်ပုံ တင်ကြေးတို့၊ ပိတ်ဆို့တာတို့ ဒီလိုချုပ်ကိုင်မှုတွေ ဒဏ်တွေကို ခံနိုင်ရည် မရှိကြတော့ဘူး။ မရှိတော့ ကျွန်တော်တို့က မြန်မာပြည်မှာ ရှိနေကြတဲ့ ပရဟိတလူမှုရေး အဖွဲ့အစည်းတွေ အားလုံးကိုယ်စား ထပ်တူခံစား ပြီးတော့ ရှေ့ဆုံးက ရပ်တည်ပေးပြီး လုပ်ပေးနေပါတယ်။ အားလုံးဒီ အချိန်မှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပရဟိတစိတ်ဓာတ်တွေနဲ့ အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ကြပါ။ လူသား ချင်း စာနာထောက်ထားစိတ်တွေ မွေးဖွားကြပါ။ ဘယ်လိုအခက်အခဲ တွေကြုံခဲ့ပါစေ သစ္စာရှိကြပါ။ တကယ့်ကို လူမှုရေးသစ္စာဆိုရဲ လောက်အောင် လုပ်ကြပါ။ တစ်ချိန်တုန်းက နာရေးကူညီမှုအသင်း (ရန်ကုန်) စလုပ်တုန်းက အခက် အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါကြောင့် စိတ်ဓာတ်မကျဘဲ အများကောင်းကျိုးလုပ်တာပဲ။ လုပ်စရာရှိတာ ဆက်လုပ်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
(စံတော်ချိန် နေ့စဉ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းသူ ဘို (ဆင်တ လည်) အား အထူးကျေးဇူးတင်ရှိပါသည်။)

ကျော်သူ

ထင်လင်းဦး (Wisdom Villa)
_ မြန်မာပြည်မှာ တပ်ပိုင် ၊ တပ်မြေ ၊ တပ်နယ် ဆိုပြီး လုပ်ထားတဲ့ ပြဿနာတွေကတော့ အတော်ကို ကြီးမားနေပြီဆိုတာ ဘယ်လိုမှ ငြင်းလို့ မရတော့တဲ့ ကိစ္စတစ်ရပ်ဖြစ်လာပါပြီ ။ လူနေထူထပ်သိပ်သည်းလှတဲ့ ရန်ကုန်မြို့ကြီးရဲ့ အလည်ခေါင်မှာ စိုက်ထူထားတဲ့ တပ်နယ် မကျူးကျော်ရ ဆိုတဲ့ အနီရောင် ဆိုင်းဘုတ် တွေဟာ ပြည်သူလူထုတွေရဲ့ ရင်ထဲကို စို့နှက်ထားသလိုခံစားနေခဲ့ရပါတယ် ။ အရပ်ထဲရွာထဲ နာကျည်း ခံပြင်းလှစွာနဲ့ တပ်ပိုင်နေသမျှတော့ တိုင်ပတ်နေမှာပဲ ဆိုတဲ့ စကားလုံးတွေကလည်း နားနဲ့ မဆံ့ အောင်ကြားနေရပါတယ် ။ အခု လတ်တလောမှာပဲ ̏ တပ်ပိုင်လို့ တိုင်ပတ် ̋ရတဲ့ တောင်ကြီးမြို့က ဖြစ်ရပ်တစ်ခု အကြောင်းတရားတစ်ခုကို တင်ပြလိုက်ချင်ပါတယ် ။

တောင်ကြီးမြို့က ရွှေဘုန်းပွင့် နဲ့ ရွှေမုဌော ဘုရားစေတီများ တည်ထားကိုးကွယ်ရာ တောင်ခြေနားမှာ အဝေရာဆိုတဲ့ ကွင်းပြင်ကျယ်ကြီးတစ်ခုရှိပါတယ် ။ အဲဒီကွင်းဟာ တောင်ကြီးမြို့ရဲ့ အမှတ်အသား လက္ခဏာ လို့ ဆိုရမဲ့ မီးပုံးပျံများ လွှတ်တင်တဲ့ ကွင်းဖြစ်တဲ့အတွက် မီးပုံးကွင်းလို့ခေါ်ဝေါ်ကြပါတယ် ။ ယခင်မီးပုံးပျံ လွှတ်တင်တဲ့ ကွင်းဟောင်းက ဆရာ့ဆရာကြီးတွေ ကြက်ဆူပင်တွေစိုက်ပစ်လိုက်တာကြောင့် ဒီနေရာကို ရွှေ့ပြောင်းပြီး မီးပုံးပျံလွှတ်တင်ရတာဖြစ်ကြောင်းလဲ မြို့ခံလူများဆီက မေးမြန်းသိရှိခဲ့ရပါတယ် ။ ဒီကွင်းဟာ နှစ်စဉ်နှစ်တိုင်း မြို့ခံလူများရဲ့ ပျော်ပွဲရွှင်ပွဲကျင်းပရာပွဲဖြစ်တာကြောင့် မြို့ခံများအနေနဲ့လည်း အများပြည်သူပိုင် ကွင်း လို့ ဆိုင်းဘုတ်စိုက်ထူထားဖို့ သတိမမူမိခဲ့ကြဟန်တူပါရဲ့ ။
အခုတော့ တစ်ရက်နှစ်ရက်အတွင်းမှာပဲ အဲဒီ အဝေရာ မီးပုံးပျံကွင်းဟာ တောင်ကြီးမြို့သူမြို့သားတွေ ပိုင်ဆိုင်တဲ့ကွင်းတစ်ခုအဖြစ်ကနေ ပိုင်ရှင်ပြောင်းသွားခဲ့ပါပြီ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ် အစမှာပဲ တောင်ကြီး အဝေရာကွင်း မှာ ဟောပြောခွင့်မပြုဖူး ၊ အကြောင်းကတော့ အဲဒီကွင်းဟာ တပ်ပိုင်ဖြစ်လို့ ဆိုပြီး အကြောင်းပြန်ခဲ့တယ်လို့ ရွာငံနဲ့ ညောင်ရွှေက သူငယ်ချင်းတွေက ဖုန်းဆက်အကြောင်းကြားကြပါတယ် ။ အကို လိုက်လာခဲ့ပါ ၊ ဒီကိစ္စကို ကျနော်တို့ ရေဆုံးရေဖြားဖြေရှင်းရမယ် ဆိုတဲ့ အကြောင်းကြားချက်ကြောင့် ၂၄ ရက်နေ့ မနက် ၃း၀၀ နာ၇ီမှာ ရန်ကုန်ကနေ ဟဲဟိုးကို ခရီးပြင်းနှင်ခဲ့ရပါတယ် ။ ဟဲဟိုးအရောက်မှာ သူငယ်ချင်းတွေက လာရောက်တွေ့ဆုံပြီး ဒါဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စဖြစ်ကြောင်း ၊ ဒီကိစ္စကို ဒေသခံလူငယ်တွေအနေနဲ့ အရေးယူဆန္ဒဖော်ထုတ်သွားမှာဖြစ်ကြောင်း ၊ အခုလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို မဖြစ်မနေဆောင်ရွက်မှာဖြစ်ကြောင်း မခံနိုင်မရပ်နိုင်လာရောက်ပြောဆိုကြပါတယ် ။
စာရေးသူအနေနဲ့ကတော့ အခြေအနေကိုစောင့်ကြည့်မယ် ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘာပြောမလဲဆိုတာ နားထောင်မယ် ၊ ဒီရက်ထဲမှာ အခြေအနေ တစ်ခုခုပြောင်းလဲနိုင်သလားဆိုတာ စောင့်ကြည့်ကြမယ် ။ အကယ်၍ ဒီအတိုင်းပဲဆိုရင်တော့ ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လုပ်ကြရ တာ ပေါ့ လို့ ပြောဆိုပြီး တောင်ကြီးကိုဆက်တက်ခဲ့ပါတယ် ။

တောင်ကြီးရောက်တော့လည်း မိတ်ဆွေ သူငယ် ချင်းတွေက နေ့ခင်းကြောင်တောင် အနုကြမ်းစီးခံလိုက်ရသလိုမျိုး ဖြစ်ရတာကို မခံမရပ်နိုင်ပြောကြ ဆိုကြပြန် ပါတယ် ။ ဒီမှာလည်း အခြေအနေကို စောင့်ကြည့်ကြတာပေါ့ ၊ ဒီအခြေအနေအတိုင်းပဲ ဆိုရင်တော့ ကိုယ့် ဒေသ မှာ ကိုယ့်ပြဿနာကိုရှင်းကြရမှာပေါ့ လို့ ပြောပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတိုင်း နမ်ဆန်၊ မိုးနဲ နဲ့ လင်းခေးကို လိုက်သွားခဲ့ပါတယ် ။ အခြေအနေကို အမြဲဖုန်းနဲ့ဆက်သွယ်ပြောဖို့လည်း သတိပေးခဲ့ပါတယ် ။

နောက်နေ့ ဒေါ်အောင်ဆန်းစုကြည် မိုးနဲမှာ မိန့်ခွန်းပြောနေစဉ်မှာပဲ ဖုန်းသတင်းဝင်လာပါတယ် ။ အခြေအနေက မပြောင်းလဲပါဖူး ၊ တောင်ကြီးမြို့က ပြည်သူတွေရဲ့ အများပိုင်ကွင်းဖြစ်တဲ့ အပြင် လွတ်လပ် ရေးနေ့ ၊ ပြည်ထောင်စုနေ့စတဲ့ အခမ်းအနားများကို ကျင်းပမြဲဖြစ်တဲ့ ပြည်နယ်ပိုင်ကွင်းတစ်ခုဟာ ဘယ်သော ဘယ်အချိန်ကများ အရှင်ရယ်တဲ့မှ လတ်လတ် တပ်ပိုင်ကွင်းဖြစ်မှန်းမသိဖြစ် သွားတာသေချာသွား ပါပြီ ။ အဲဒီ အတွက် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ရှင်းလင်း ဟောပြောပွဲကို ခွင့်မပြုဖူး ဆိုတာက သေချာသွားပါပြီ ။ အဲဒီတော့ ဘာလုပ်ကြမလဲ လို့ မေးကြည့်မိတော့ လူငယ်တွေက ကျနော်တို့က တော့ လက်မခံဖူး အကို ၊ နမ်းဆန်တို့ ၊ မိုးနဲတို့ ၊ လင်းခေးတို့မှာတောင် အမေစု ဟောပြောပွဲကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပြီးတော့ ၊ ကျနော်တို့ ပြည်နေယ်မြို့တော် ကျကာမှ ခွင့်ပြုချက်မရလို့ မလုပ်ရဖူး ဆိုရင် တောင်ကြီးသားတွေ ရာဇ၀င်ရိုင်းလိမ့်မယ် ။ တောင်ကြီးသမိုင်း မရိုင်းစေရဖူးဗျ လို့ ပြောကြပါတယ် ။ အေးအဲဒီတော့ ဘယ်လိုလုပ်မလဲဆိုတော့ ကျနော်တို့ အဲဒီကွင်းဘေးက နေရာမှာ မဖြစ်ဖြစ်အောင်လုပ်မယ် ။ တက္ကသိုလ် နောက်ဘက်ကပ်လျက်မှာ လုပ်မယ် ။ လူတွေကို စုစည်းထားပြီး အမေ့ကိုစောင့်မယ် အမေခဏလေးဖြစ်ဖြစ် စကားလေးတစ်ခွန်းနှစ်ခွန်းဖြစ်ဖြစ် ပြောသွားရင် ၊ ပြောသွားရတယ်ဆိုရင် ကျနော်တို့ကျေနပ်တယ် ။ အကယ်၍ အမေစုက ရအောင်ဟောပြောမယ်ဆိုရင် အဆင်သင့်ဖြစ်အောင် လုပ်ထားဦးမှပေါ့ လို့ ဖုန်းနဲ့ပဲ စကားပြောရင်းဆွေးနွေးတိုင်ပင်ကြရပါတယ် ။ ၁၀ ဘီးကားကို ငှားပြီး ရွေ့လျား စကားပြောစင်မြင့် mobile stage လုပ်ကြတော့မယ် ။ အဲဒီကွင်းရှေ့မှာ ဒေါ်အောင်ဆန်း စုကြည် ရောက်လာမဲ့အချိန်မှာ စင်မြင့်ကို မောင်းယူလာမယ် ။ ပြည်သူတွေက ကွင်းရှေ့လမ်းမှာထိုင်စောင့်ကြမယ် ၊ အဲဒီလို လုပ်ကြမယ်လို့ သတင်းပေးပါတယ် ။ အဲဒါနဲ့စာရေးသူလည်း အားလုံးညှိနိုင်းတိုင်ပင်ပြီး ဆက်လုပ်ဖို့ အကြံပေးလိုက်ပါတယ် ။

၂၆ ရက်နေ့မနက် ၇ နာရီ ၁၅ မိနစ်မှာတော့ တောင်ကြီးကဖုန်းမြည်လာပါတော့တယ် ။ မနက်ပိုင်း ကတည်းက ကွင်းထဲမှာ လူတွေစတင်ရောက်ရှိလာပြီး စောင့်ဆိုင်းနေကြပါတယ် တဲ့ ။ မြို့ခံပုဂ္ဂိုလ်တစ်ဦးက သူပိုင်ဆိုင်တဲ့မြေကွက်လပ်ကို အသုံးပြုခွင့်ပေးသော်လည်း ၊ အဲဒီနေရာက အလွန်ကျဉ်းမြောင်းလို့ မူလအတိုင်း ပဲ ကျောက်တစ်လုံးလမ်း ပေါ်မှာပဲ လူတွေစုဝေးနေပါပြီတဲ့ ။ အခု ဆယ်ဘီးကားကြီးတစ်စီးကို ငှားရမ်းပြီး ကား ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောစင်အဖြစ် ( Mobile stage ) ကိုလည်း အဆင်သင့်ပြု လုပ် ထားပြီးပါပြီတဲ့ ။ ပွဲကတော့လှပြီပဲ ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မနက် ၇း ၀၀ နာရီကတည်းက လင်းခေးက ထွက်ခွာပါတယ် ။ လမ်းမှာ ဘုန်းတော်ကြီးကျောင်းများသို့ ၀င်ရောက်ကန်တော့တာကလွဲလို့ တစ်လမ်းလုံးဘယ်နေရာမှာမှ မရပ်တော့ပါဖူး ။ တောင်ကြီးကို ၃း ၀၀ နာရီအရောက်သွားမယ်လို့ လုံခြုံရေးတာဝန်ရှိသူများဆီက သတင်းရပါတယ် ။ အဲဒီအချိန်မှာပဲ တောင်ကြီးက သူငယ်ချင်းများဆီကလည်း ဖုန်းက အဆက်မပြတ်ဝင်လာနေပါတယ် ။ စင်မြင့် ပြင်ဆင်ပြီးသွားပြီ ၊ လူ နှစ်ထောင် ကျော် လောက် ရောက်နေပြီ ။ အာဏာပိုင်တွေလည်းရောက်လာတယ် ။ အနှောက်အယှက်တော့ မပေးဖူး ၊ လာပြီး စောင့်ကြည့် နေတဲ့ သဘောပါပဲ ဆိုတဲ့ သတင်းတွေက အချိန်မဲ့ အမျှရောက်နေပါတယ် ။ တောင်ဆင်းတောင်တက်တွေမှာ အရှိန်ကိုထိန်းမောင်းနေရတဲ့ ကားကို စိတ်မရှည်နိုင်တော့ပဲ ဆင်းပြေးလိုက်ချင် စိတ်တောင်ပေါက်လာပါတယ် ။ ဘေးကနေ ဘာထူးသေးလဲ ကိုထင်လင်းလို့ ခဏခဏမေးတဲ့ အဘ ဦးကျော်ခင်နဲ့ အကျိုး အကြောင်း ပြောလိုက် ၊ တောင်ကြီးမြို့ဖက်ကို လှမ်းမျှော်ကြည့်ရင်း ကားမောင်းသမားကို ဘယ်လောက် လိုသေးလဲ ၊ ဘယ်လောက်ဝေးသေးလဲ နဲ့ပဲ မကြာခဏမေးနေမိပါတော့တယ် ။
ဟိုပုန်းမြို့က အထွက်မှာတော့ အကြိုထောက်နေတဲ့ သူငယ်ချင်းတွေနဲ့ ကိုယ်တိုင်တွေ့ရပါပြီ ။ ၁၁၇ မိုင် အရောက်မှာတော့ တစ်သီတစ်တန်းကြီးလာရောက်ကြိုဆိုနေကြတဲ့ ကားတန်းက မျက်စေ့တစ်ဆုံးပါပဲ ။ တက္ကသိုလ်အနောက်ဖက် အဝေရာကွင်းဘေးက ကျောက်တစ်လုံး ကားလမ်းမပေါ်မှာ လူတွေ ၊ ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ ပြည့်ကျပ်ပိတ်သွားပါပြီ လို့သတင်းပေးကြပါတယ် ။ တောင်ကြီးမြို့ခံပြည်သူတွေသာမက အနီး အပါးမြို့နယ်များကပါ တက်ရောက်လာကြတယ်လို့ဆိုပါတယ် ။ အစကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုမြင်တွေ့ပြီး ဟောပြောတာကိုနားထောင်ချင်လို့ လာကြတာဖြစ်ပေမဲ့ အခုတော့ ကိုယ့်မြို့သူမြို့သားတွေပိုင် တဲ့ကွင်းကို တပ်ပိုင်ကွင်းလို့ အပိုင်စီးခံရတာရယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို ဒီကွင်းမှာ လုပ်ခွင့် မပြုတာရယ်ကြောင့် ခံပြင်းဒေါသဖြစ်နေကြပြီး မရောက်အရောက်လာခဲ့ကြတာဖြစ်တယ်လို့ သိရပါ တယ် ။
ကွင်းစပ်ကိုအရောက်မှာတော့ မဲခဲနေတဲ့ လူအုပ်ကြီးက ရဲရဲနီနေတဲ့ ခွပ်ဒေါင်းအလံတွေကို ဝေ့ယမ်းလို့ ကြိုဆိုနေကြပါပြီ အမေစုကျန်းမာပါစေဆိုတဲ့ အသံက တောင်နံရံကိုပဲ့တင်ထပ်သွားစေပါတော့တယ် ။ လမ်းမကြီးပေါ်မှာ လမ်းနဘေး တောင်ကမ္ဘားယံ ပေါ်မှာ ၊ ကျောက်တံတိုင်းပေါ်မှာ လူတွေက မျက်စေ့တစ်ဆုံး ၊ နောက်ဆုံးကို လှမ်းလို့တောင်မမြင်ရလောက်အောင် များပြားလှပါတယ် ။အဲဒီလူအုပ်ကြီးဆီက တစ်ခဲနက် အော်ဟစ်ကြွေးကြော်နေတဲ့ အသံတွေက ကျနော်တို့ အနိုင်ကျင့်ခံရပါတယ် အမေလို့ ရင်နာနာနဲ့ အော်ဟစ်တိုင်တန်း နေကြသလိုပါပဲ ။ မခံမရပ်နိုင်စွာ အော်ဟစ် ကြွေးကြော်နေတဲ့ အသံများဟာ ကျနော်တို့မှာ အမေက လွဲလို့ အားကိုးစရာ မရှိတော့ပါဖူး လို့ တိုင်တည်နေကြ သလိုပါပဲ ။ ကိုင်ထားတဲ့ လက်ကိုင်ဆိုင်းဘုတ် စာတမ်း တစ်ခုမှာဆိုရင် အဝေရာကွင်းကို တပ်ပိုင်ကွင်းအဖြစ် .. လုံးဝ လက်မခံဖူး ဆိုတဲ့ စာတမ်းကို ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကတော့ တောင်ကြီးမြို့သူမြို့သားများရဲ့ အဖိမခံ ၊ အထိမခံ စိတ်တို့နဲ့ တစ်ခဲနက်တက်ရောက်အားပေးမှုမှာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ် ။ တပ်မတော်နဲ့ ပြည်သူအကြား ထိပ်တိုက်တွေ့အောင် ကျမတို့က လိုက်လုပ်နေတာမဟုတ်ဖူး ၊ တပ်မတော်နဲ့ ပြည်သူကြားမှာ ထိပ်တိုက်တွေ့အောင်လုပ်ထားတာက အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို အားလုံးသိအောင် ကျမတို့က နေရာအနှံ့လိုက်ပြောနေရတာ ဆိုတဲ့ စကားလုံးဟာ ပြည်သူတွေရင်ထဲ စွဲညိသွားခဲ့သလို ၊ ̏ဒီဥပဒေကို အခု ရောက်လာတဲ့ ပြည်သူတွေထဲက ဘယ်နှစ်ယောက်များ အစအဆုံးဖတ်ဖူးလဲ ၊ ဖတ်ဖူးရင်လက်ထောင်ပြစမ်းပါ ̋̋ လို့ ဒေါ်အောင်ဆန်းစုကြည် က မေးမြန်းတဲ့အခါ မဖတ်ဖူးပါဖူး အမေ ဆိုတဲ့ အသံကြီး က ဟိန်းထွက်လာခဲ့ပါတယ် ။ အဲဒီအခါမှာ ̏ ပြည်သူတွေက ဖတ်တောင်မဖတ်ဖူးပါဖူး ဆိုတဲ့ ဥပဒေကို ဘယ်လိုလုပ်ပြီး ရာခိုင်နှုန်း ၉၀ ကျော်နဲ့ အောင်မြင်စွာ အတည်ပြုခဲ့တာလဲ ̋̋ လို့ မေးမြန်းလိုက်တဲ့ အခါမှာတော့ ဘယ်အရာက အလိမ် ဘယ်အရာက အမှန်တရားဆိုတာ ရှင်းလင်းသွားခဲ့တော့တာပါပဲ ။

တောင်ကြီးမြို့ လူထုဟောပြောပွဲကတော့ မတရားမှုကို တရားမှုက အောင်နိုင်ခဲ့ပါပြီ ။လူထု ခေါင်းဆောင် အမျိုးသမီးကြီး ကို ပစ်မှတ်ထားပြီး ပိတ်လား ဆို့လား ၊ တားမြစ်လား လုပ်လာလိုက်တာ တောင်ကြီးလူထုနဲ့ အတွေ့မှာတော့ တိုင်ပတ်သွားပါတော့တယ် ။ ပြည်သူ တွေက လက်မခံဖူးလို့ တညီတညွတ်ထဲဆိုလာကြရင် အမိန့်အာဏာဆိုတာ အငွေ့ပျံသွားရမယ် ဆိုတာကို တောင်ကြီးမြို့ နယ် လူထုက မြန်မာတစ်နိုင်ငံလုံးကို လှုပ်နှိုးသတိပေး တပ်လှန့်လိုက်ပါပြီ ။ ဒီပွဲအပြီးမှာတော့ အများပြည်သူပိုင်ကွင်း ( ပြည်နယ်လူထုပိုင်ကွင်း)ကို တပ်ပိုင်မြေ လုပ်တဲ့ကိစ္စကတော့ အတော်ကိုရှင်းကြ လင်းကြရတော့မှာ ၊ အရပ်စကားနဲ့ပြောရရင် တိုင်ပတ်တော့မှာပါ ။ တစ်မိုးလုံးဖျောက်ဆိပ်ဆိုတဲ စကားတောင် မှေးမှိန် သိမ်ငယ်သွား အောင် လက်ညှိုးညွှန်သမျှ မလွဲတော့တဲ့ပြည်နိုင်ငံတစ်ဝှန်းလုံး တပ်ပိုင်မြေတွေကြောင့် တိုင်ပတ် နေရတဲ့ ကိစ္စ တွေကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ကြသင့်ပါပြီလို့ တိုက်တွန်း နှိုးဆော် လိုက်ပါ တယ်ဗျာ ။

၂၆ ရက်နေ့ တောင်ကြီးကို ပြန်ရောက်ရောက်ခြင်း မှာချက်ခြင်းရေး ချက်ခြင်းပို့ခဲ့တဲ့ ဆောင်းပါး ပါ
ဒီနေ့ ၂၉ . ၁ . ၂၀၁၄ ထုတ် The Chancellor ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ် ။

(South China Morning Post မှ 26 Jan 2014 ရက်စွဲပါ “Suu Kyi will be invited to Beijing , says China’s ambassador to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်ပြည် ဘီဂျင်းသို့ တရားဝင်ခရီးစဉ် ဖိတ်ကြားရန်အတွက် အချိန်ကိစ္စတစ်ခုသာ ညှိနှိုင်းရန်ကျန်တော့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရန်ဟိုလန် က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း “သူမအနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး သြဇာလွှမ်းမိုးထား ဆဲ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်လိုကြောင်း၊ သို့သော် ဖိတ်ကြားမှုသည် တရုတ်အစိုးရထံမှ လာသင့် ကြောင်း” ပြောဆိုထားသည်။

တရုတ်နိုင်ငံမှ အစိုးရတစ်ပိုင်း အဖွဲ့အစည်းများ၏ ယခင်ဖိတ်ကြားမှုများကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်ခဲ့သည်။ တရုတ်သံအမတ်ကြီး ရန်ဟိုလန် က “ဘီဂျင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ အားလုံးနှင့် ဆက်လက်ထိတွေ့ ဆက်ဆံသွားမည် ဖြစ်ကြောင်း၊ အစီအစဉ်များ အတည်မပြုရသေးသော်လည်း နှစ်ဖက်စလုံးအဆင်ပြေသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အား တရားဝင်ဖိတ်ကြားမှု ထွက်ပေါ်လာမည် ဖြစ်ကြောင်း ” ရှင်းလင်းပြောဆိုသည်။

“ကျွန်တော်ဒီမှာ တာဝန်ထမ်းဆောင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ပါ တယ်။ သူမရဲ့ နိုင်ငံတကာ ကျော်ကြားမှုအဆင့်အတန်းနဲ့ မြန်မာတွေအကြား ရေပန်းစားမှု အခြေအနေတွေကြောင့် တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုဟာ အချိန်ကိစ္စတစ်ခုပဲ ကျန်ပါတော့တယ်” ဟု ရန်ဟိုလန်က ဆက်လက်ပြောကြားသည်။

၂၀၁၁ နှစ်ကုန်ပိုင်းတွင် တရုတ်သတင်းမီဒီယာနှင့် အင်တာဗျူးပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသို့ သူမ သွားရောက် လည်ပတ်မည်ဟူသော မှန်းဆချက်များ စတင်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မနှစ်က ဇန်နဝါရီလ တောင်ကိုရီးယားခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ မကြာမှီ အတောအတွင်း သွားရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံပါတီနှင့် တရုတ်နိုင်ငံတို့အကြားမှ ဆက်ဆံရေးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ မတိုင်မှီ ပိုမိုရင်းနှီးမှုရှိအောင် နှစ်ဖက်စလုံးက လိုလားကြ ပုံရခြင်းကြောင့် မနှစ်က သိသိသာသာ တိုးတက်လာခဲ့သည်။

NLD ပါတီဖက်မှလည်း မနှစ်ကတရုတ်နိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ လေးဖွဲ့ စေလွှတ်ခဲ့သည့်အပြင် မကြာသေး မှီ ဒီဇင်ဘာလအတွင်းက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ယုံကြည် စိတ်ချရသူတစ်ဦးဖြစ်သည့် ပါတီအ တွင်းရေးမှူး ဦးဥာဏ်ဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာရောက်ခဲ့သည်။

တရုတ်သံအမတ်ကြီး ရန်ဟိုလန် က “အခြေအနေအသစ်၊ ဖြစ်ရပ်အသစ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ ဆက်လက်မြှင့်တင်သွားဖို့ နည်းလမ်းတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အမြင်တွေကို ကျွန်တော်တို့ ကလည်း နားထောင်ဖို့ စိတ်ဝင်စားနေပါတယ်” ဟု ပြောကြားသည်။

မြန်မာအာဏာပိုင်များ၏ ဒီမိုကရေစီ အမှန်တကယ်လိုလားမှုကို ပီပီပြင်ပြင် စမ်းသပ်မည်ဟု ယူဆရသော ၂၀၁၅ ရွေးကောက်ပွဲများတွင် အာဏာရပြည်ခိုင်ဖြိုးပါတီနှင့် ယှဉ်ပြိုင်သည့်အခါ ပြတ်ပြတ်သားသား အနိုင်ရလိမ့်မည်ဟု NLD ပါတီက မျှော်လင့်လျက်ရှိသည်။

သမ္မတဦးသိန်းစိန်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ရည်ညွှန်းသည့်အနေဖြင့် မည်သည့်နိုင်ငံသားမဆို နိုင်ငံခေါင်းဆောင်ဖြစ်လာနိုင်ရန်အတွက် အခြေခံဥပဒေပြင်ဆင်ခြင်းကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

yangon chronicle

ဇန်နဝါရီလ ၁၉ ရက်နေ့ကထုတ်တဲ့ "မွန်းတည့်နေဂျာနယ်"မှာ ဆရာတော် အရှင်ဥာဏိဿရ မိန့်ကြားတယ်ဆိုပြီး လွဲမှားစွာရေးသားခဲ့တဲ့အတွက် မန္တလေးအခြေစိုက် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က မွန်းတည့်နေဂျာနယ်ကို တရားစွဲမယ်လို့ မစိုးရိမ်တိုက်သစ် ဆရာတော်တွေက ဒီနေ့ မိန့်ကြားပါတယ်။

မန္တလေး မစိုးရိမ်ကျောင်းတိုက်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ဆရာတော် အရှင်က္ကန္ဒာစက္ကာဘိဝံသက တရားစွဲဆိုမယ့်အကြောင်း အခုလိုမိန့်ကြားပါတယ်။

“ဘာသာအချင်းချင်း စိတ်ဝမ်းကွဲစေနိုင်တဲ့ သတင်းဖော်ပြမှုမျိုး သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ စိတ်ဝမ်းကွဲအောင် တမင်တကာ စေတနာဆိုးနဲ့ လုပ်ဆောင်တဲ့ အလုပ်မျိုးတွေ မလုပ်ကြပါနဲ့၊ မီဒီယာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဒီအဖွဲ့ကို တောင်းပန်ပါလို့ တောင်းဆိုတယ်၊ သူတို့ကျင့်ဝတ်ဟာ တရားဥပဒေနည်းလမ်းအရ မညီညွှတ်တဲ့အတွက် သူတို့ရဲ့တုန့်ပြန်မှုကို ကြည့်ပြီးတော့ တရားရေးရာကိစ္စကို ဆောင်ရွက်သင့်ရင် ဆောင်ရွက်ပါ့မယ်လို့ ရှေ့နေကြီးတို့က စောစောကဖြေသွားပါတယ်”

ဇန်န၀ါရီလ ၁၉ ရက်နေ့က မွန်းတည့်နေဂျာနယ် မျက်နှာဖုံးမှာ "ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါက အမျိုးဘာသာ၊ သာသနာ မှေးမှိန်စရာရှိသည်ဟုဆို" ဆိုပြီး ဆရာတော် အရှင်ဥာဏိဿရဓါတ်ပုံနဲ့ ဖေါ်ပြခဲ့ပါတယ်။ ဒါ့အပြင် ' ဒေါ်စုကို ဘယ်ခေတ် ဘယ်အခါနဲ့မှမတူတဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ထားတယ်၊ ဒါပေမဲ့ ဒေါ်စုမှာ အုပ်ချုပ်ရေးအားနည်းတယ်။ ပြီးတော့ ဒေါ်စုက မြန်မာပြည်ရဲ့အထာနဲ့ မြန်မာပြည်ရဲ့အကြောင်းကို သိပ်မသိဘူး'လို့ ဆရာတော်အရှင်ဥာဏိဿရ က မိန့်ကြားကြောင်း ဖေါ်ပြခဲ့ပါတယ်။

အဲဒီလိုရေးသားချက်တွေဟာ ဆရာတော်ရဲ့ မိန့်ကြားချက် မဟုတ်ကြောင်း ၊ ပဋိပက္ခအသွင်ဆောင်တဲ့ အရေးအသားတွေ ဖြစ်နေကြောင်း ဆရာတော်တွေက မိန့်ပါတယ်။

ဆရာတော် ဦးဝီရသူကလည်း အဲဒီလို အရေးအသားတွေဟာ ဘာသာရေးပဋိပက္ခ အသွင်ဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ မိန့်ကြားပါတယ်။

“ဒီမီဒီယာက အခုလည်း မဟုတ်ဘူးဗျ၊ ဦးဇင်းဆိုရင် ဦးဝီရသူ ဦးဝီရသူဆိုပြီးတော့ စာမျက်နှာတိုင်းမှာ ကော်လံတိုင်းမှာ အပိုဒ်တိုင်းမှာ နာမည်တပ်ပြီးတော့ အကြမ်းဖက်သမားဖြစ်အောင် လူသတ်သမားဖြစ်အောင် ဖန်တီးရှင်အနေနဲ့ ဖြစ်အောင်ပေါ့ ရေးထားတာတွေ့ရပါတယ်၊ တစ်ဖက်သတ်ရပ်တည်ပြီးတော့ သက်သက်ကို မီဒီယာကို လက်နက်အဖြစ် အသုံးချနေတဲ့ မီဒီယာမှန်း တအားသိသာတယ်”

ဇန်န၀ါရီလ ၁၉ ရက်နေ့က ရေးသားချက်နဲ့ပတ်သက်ပြီး မွန်းတည့်နေဂျာနယ်က အဲဒီသတင်းဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မကိုက်ညီတဲ့သတင်းဖြစ်တာကြောင့် ပြန်လည်ရုတ်သိမ်းကြောင်း၊ ဆရာတော်အရှင်ဥာဏိဿရထံကိုလည်း ကန်တော့တောင်းပန်လျှောက်ထားပြီးဖြစ်ကြောင်း ကြေညာထားပါတယ်။

RFA Burmese

Oil leaks from the Chinese coal carrier the Shen Neng 1 after the vessel ran aground on Australia's Great Barrier Reef off the coast of the state of Queensland late on April 3. Australia's leader Tuesday voiced anger over a coal carrier which ran aground and spewed oil over the pristine Great Barrier Reef, as officials probed alleged short cuts through the world heritage site.(Source: Sydney Morning HeraldSource: Sydney Morning Herald)
၂၀၁၁ ဧပြီလတွင်ရထားဝန်ကြီးဌာနနှင့် လက်မှတ်ရေးထိုးသည့် MOU အရ
(US$ 20 billion) ရှိသော ကျောက်ဖြူ မှတရုတ်ပြည် (Ruili) ထိသွားမည့် မီးရထားစီမံကိန်းမှာလည်း ကုန်ပစ္စည်း တန်ချိန် ၄၀၀၀ ထိတင်ဆောင်နိုင်ပြီး တစ်နာရီလျှင် (170Km/hr) နှုန်းထိ မောင်းနှင်သယ်ဆောင်နိုင်သော အမြန်မီးရထား လိုင်းစီမံကိန်း ဟုပြည်ပမီဒီယာများတွင် ဖော်ပြထားပါသည်။
။။။။။။။။။။။။။
အဆိုပါ သတင်းမှန်လျှင်ဖြင့်
ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်ပြည်သို့ ရေနံနှင့်အထွေထွေကုန်ပစ္စည်းများတင်ပို့ပေးရုံ သာမက တရုတ်ပြည်၏ ထွက်ကုန်ပစ္စည်းများကို ဥရောပနှင့်အာဖရိကသို့တင်ပို့ရာ အနောက်ဘက် တံခါးပေါက် ဖြစ်လာတော့ မည် ဖြစ်ပါသည်။
အဆိုပါ မီးရထားစီမံကိန်းတည်ဆောက်မှုအရ ကျောက်ဖြူဆိပ်ကမ်းတွင် ကုန်သေတ္တာတင်သင်္ဘောများ (Container Ships)၊ အထွေထွေကုန်တင်သင်္ဘောများ (General Cargo Ships) များ၊ ၀မ်းလောင်း သယ်ယူသည့် (Bulk Carrier) သဘောင်္များ၊ ဓါတုဗေဒပစ္စည်းများတင်ဆောင်သည့် (Chemical Tankers) သဘောင်္များ လည်း လာရောက် ဆိုက်ကပ်တော့မည်ဖြစ်ပါသည်။
။။။။။။။။။။။။။။။
ကမ္ဘာ့ရေကြောင်းလောကနှင့်မြန်မာတို့၏ ထိတွေ့မှုမှာ အလွန်နည်းပါသည်။ သို့ဖြစ်သည့်အတွက် အနည်းငယ် ရှင်းပြခွင့် ပြုစေချင်ပါသည်။
ကွန်တိန်နာ အလုံး ၆၀၀၀ခန့်တင်နိုင်သော အလတ်စားကွန်တိန်နာ သင်္ဘောတစ်စီးတွင် တပ်ဆင်ထားသော ပင်မစက်ကြီး၏မြင်းကောင်ရေမှာငါးသောင်း (၅၀၀၀၀) ဖြစ်ပြီး ဆီစာနှုန်းမှာ တစ်ရက်လျှင် တန်နှစ်ရာ(၂၀၀) (ဆီတိုင်ကီ အလုံး၁၀၀၀ခန့်) ဖြစ်ပါသည်..။ ဂါလံအားဖြင့်ဆိုလျှင်ဖြင့် ဂါလံ ၄၅၀၀၀ ၀န်းကျင် ရှိသည်။
။။။။။။။။။။။။။။။။။။
ယခုလက်ရှိ တရုတ်ပြည်မှ တည်ဆောက်ပြီး စတင်ပြေးဆွဲနေသော ကွန်တိန်နာသင်္ဘောကြီးများမှာ ကွန်တိန်နာအလုံးရေ ၁၀၀၀၀-၁၃၀၀၀ တင်ဆောင်နိုင်ပြီး သင်္ဘောမောင်းနှင် မည့် စက်မကြီးများမှာ မြင်းကောင်ရေ တစ်သိန်းကျော်ထိ ရှိနေပါသည်..။
အဆိုပါသင်္ဘောကြီးများသည် လောင်စာဆီသယ်သော ရေနံတင်သဘောင်္များမဟုတ်ငြားသော်လည်း သင်္ဘောရှိ ပင်မစက် (Main Engine) မီးစက် (Generator Engine) များ အသုံးပြုရန် သိုလှောင်ထားသောဆီမှာ တန်ချိန် ၅၀၀၀ (ပီပါ အလုံးရေ နှစ်သောင်းခွဲခန့်) မှသည် တန်ချိန် ၇၀၀၀ ထိရှိရာ.. အဆိုပါသင်္ဘောများ တိုက်ခိုက် မိခြင်း၊ သောင်တင်ခြင်း၊ နစ်မြှုပ်ခြင်းများသည်လည်း.. မြန်မာ့ကမ်းရိုးတန်းကို.. ကြီးမားသော အန္တရာယ်ပေးနိုင် သည့် အနေအထားမှာရှိနေပါသည်။
။။။။။။။။။။။။။။။။။။။
မြန်မာတို့သည် FPS Unit စနစ်နှင့်ယဉ်ပါးသည်ဖြစ်ရာ SI unit ဖြင့်ဖော်ပြလျှင် မှန်းဆရခက်နေတတ်ပါသည်။
တန်ချိန် ၃သိန်းတင်သော ရေနံတင်သဘောင်္ဆိုသည်မှာ အလေးချိန်ဖြင့်ဖော်ပြသည့်တန်မဟုတ်ပါ။ ထုထည်ဖြင့် သတ်မှတ်ပါသည်။ ၃၀၀၀၀၀ ကုဗမီတာ (သုံးသိန်း) တင်ဆောင်နိုင်သည်ဟု ဆိုပါသည်။
အနည်းစပ်ဆုံးခန့်မှန်းတွက်ချက်ပြလိုပါသည်။
တစ်တန်း 1cu-meter = Litre 1000= 5x 200 litre Drums = 5x 45 gallons =225 gallons
တန်ချိန်သုံးသိန်းရှိ ရေနံတင်သဘောင်္မှ တင်ဆောင်လာသော ဆီပမာဏမှာ
း ၂၂၅ ဂါလံ x ၃၀၀၀၀၀ = ၆၇၅၀၀၀၀၀ ဂါလံ ဖြစ်ပါသည်။
(ဂါလံ ၆၇၅သိန်း ) ဂါလံ တင်ဆောင်လာခြင်းဖြစ်ပါသည်။
။။။။။။။။။။။။။။။။။။။
ထို့ပြင်
သဘောင်္၏ပင်မစက်ကြီးများတွင် အသုံးပြုသည့်ဆီမှာလည်း စေးပျစ်မှုမြင့် သော အရပ်အခေါ် မီးထိုးဆီ ဟုခေါ်သည့် (Heavy Fuel Oil) ဆီမျိုးဖြစ်ပါသည်။ စေးပျစ်မှုကို တိုင်းတာသည့် စင်တီစတုတ် ယူနစ်
ဖြင့်ဖော်ပြပါက 180 Cst, 380Cst, 500 Cst, 700 Cst အမျိုးအစား(၄) မျိုးရှိပါသည်။ သဘောင်္အများစုသုံးသည်က 380 Cst ဖြစ်သည် ။ကျွန်တော်တို့ အများမြင်တွေ့နေကြဖြစ်သည့်၊ ထင်နေကြသည့် ဒီဇယ်ဆီ မဟုတ်ပါ။ ညစ်ပေခဲ့လျှင်သန့်ရှင်းရ အလွန်ခက်ပါသည်။ သာမာန် အပူချိန်တွင် ကတ္တရာစေးနှင့်တူသည်..။
။။။။။။။။။။။။။။။
ကြီးမားသည့် ရေနက်စီမံကိန်းဖြစ်သဖြင့်၎င်း၊ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံရှိသည့် အိမ်နီးချင်း နိုင်ငံကြီး၏ ပို့ကုန်သွင်းကုန် မျိုးစုံကို တင်ပို့မည့် သွင်းယူမည့် ဆိပ်ကမ်းဖြစ်လာတော့မည် ဖြင့်သဖြင့်၎င်း၊ သဘောင်္မျိုးစုံ မြန်မာ့ပင်လယ်ပြင် သို့ဝင်ရောက်လာတော့မည် ဖြစ်ပါသည်။
ဆီတင်သဘောင်္များ (Oil Tanker)၊ ၀မ်းလောင်းသယ်ယူသော သေဘာၤမ်ား( Bulk Carrier)၊ ကြန္တိန္နာ သေဘာၤမ်ား (Container Ship)၊ တို့မှ လောင်စာဆီများ ပင်လယ်ပြင်အတွင်းမတော်တဆ ရောက်ရှိပြီး Oil Pollution ပင်လယ်ပြင်ညစ်ညမ်းမှုဖြစ်စေနိုင်သည့်အရေးကို ကာကွယ်ဘို့ကြိုတင်ပြင်ဆင်ထားယုံသာမက ဓါတုဗေဒပစ္စည်းတင် သဘောင်္များ (Chemical Tanker) များကြောင့်လည်း ပင်လယ်ပြင်ညစ်ညမ်းမှု ဖြစ်စေနိုင်သည့် အခြေအနေကိုလည်း တွက်ဆ ပြင်ဆင် ထားသင့်ပါသည်။
။။။။။။။။။။။။။။။
မမျှော်လင့်၊ မပြင်ဆင်ထားလျှင်ဖြင့်
ရေသယံဇာတ များပျက်စီးယုံသာမက ပျောက်ကွယ်သွားသည် အထိဖြစ်နိုင်သည်။
ရေသတ္တ၀ါတို့၏ ဂေဟစနစ်လည်း ပျက်ယွင်း ပျောက်ကွယ်သွားနိုင်သည်။
ပင်လယ်ပြင်ကိုအမှီပြုနေသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် Hotel & Tourism လုပ်ငန်း လည်း ကာလကြာရှည် ပျက်စီးသွားမည် ဖြစ်ပါသည်။
ကမ်းရိုးတန်းနေ ရေလုပ်ငန်းဖြင့် အသက်မွေးကြသည့် မြန်မာပြည်သူပြည်သား သန်းပေါင်းများစွာ ၏ ဘ၀ နှင့် စားဝတ်နေရေးလည်း မျှော်လင့်ချက်မဲ့
ဘ၀ပျက် ကြရမည်ဖြစ်ပါသည်။
။။။။။။။။။။။။။။။။
ဖြစ်ပေါ်လာမည့် Oil Pollution ကို ရှင်းလင်းရသည့်စားရိတ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီပြီး ကုန်ကျမည် ဖြစ်ပါသည်။ ဥပဒေပြဌာန်းထားခြင်းမရှိသည့်အတွက် သက်ဆိုင်ရာသဘောင်္ကုမ္ပဏီများမှ၊ ၄င်းတို့ အာမခံတင်ထားသည့် နိုင်ငံတစ်ကာ အာမခံကုမ္ပဏီကြီးများထံမှ လျော်ကြေးတောင်းခံနိုင်မည်မဟုတ်သဖြင့်
နိုင်ငံတော် နှင့် မြန်မာပြည်သူလူထု မှ ခါးစည်းခံရမည် ဖြစ်ပါသည်။
။။။။။။။။။။။။။။။။။
နိုင်ငံတစ်ကာ သဘောတူစာချုပ်များကို လက်မှတ်ထိုးအသိအမှတ်မပြုထားခြင်းကလည်း အရေးအကြောင်း မှာ ကိုယ့်နိုင်ငံဘက်က အားနည်းချက် ဖြစ်လာနိုင်ချေရှိမရှိ တွက်ဆ ဘို့ ဆန်းစစ်..လိုနေပြီဖြစ်ပါသည်။
။။။။။။။။။။။။။။။။။
Oil Pollution Accident အတွက် ကြိုတင်ပြင်ဆင်မှုရှိသော၊ အမေရိကန်နိုင်ငံသည် လောင်စာဆီ တန်ချိန် ၂သိန်းကျော် တင်ဆောင်လာသည့် သဘောင်္ Exxon Valdez ၏ Oil Spill Accident တွင် ပင်လယ်ပြင် အတွင်းသို့ တန်ချိန် လေးသောင်းခန့်သာရောက်သွားရန် တားဆီးစီစဉ်နိုင်ခဲ့ပြီး၊
ရေထဲရောက်သွားသည့်၊ ကမ်းရိုးတန်းတွင် တင်ကျန်နေသည့် ဆီများကို လည်း စနစ်တကျခေတ်မှီနည်းလမ်းများဖြင့် ရှင်းလင်းခဲ့သော်လည်း
ပျက်စီးမှု အားလုံး၏တန်ဘိုးမှာ အမေရိကန်ဒေါ်လာဘီလီယံ ဆယ်ပေါင်းများစွာ..။
။။။။။။။။။။။။။။
ပြင်ဆင်မှုမရှိ၊ ဥပဒေမရှိ၊ နည်းပညာနောက်ကျ နေသော ကျွန်တော်တို့ဆီမှာသာ..မပြောကောင်းပြောကောင်း
ကြီးမားသည့် Oil Accident ဖြစ်ခဲ့လျှင်ဖြင့် ဘီလီယံပေါင်း ရာချီပြီး ထိခိုက်နစ်နာသွားနိုင်သည်ဟု ထင်မြင်မိသည်။
သည့်အတွက်လည်း စိုးရိမ်မိသည်။
သည့်အတွက်လည်း ဥပဒေရေးရာပိုင်းများမှာ
အဆိုပါ စီမံကိန်းများ မစတင်မှီမှာပင် ပြီးစီး ခိုင်မာနေသင့်သည်။
။။။။။။။။။။။။။။။။။
ဥပဒေရေးရာအပိုင်းသာမဟုတ် ပင်လယ်ပြင်တွင်းဆီယိုဖိတ်မှုဖြစ်ပေါ်လာပါက အရေးပေါ်တုန့်ပြန် ဆောင်ရွက်မည့် စီမံချက်များကိုလည်း ဆွဲဘို့လိုသည်။
ဆွဲပြီး စာရွက်ပေါ်ရှိနေယုံနှင့်မပြီး။ အကောင် အထည်ဖော်ဘို့လိုသည်။ ပါဝင်ပါတ်သက်လာနိုင်သည့် အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊
ကြား ဆက်သွယ်ရေးကွန်ယက် အကောင်အထည်ဖော်ထားနှင့်ဘို့ ..ပညာပေးသင်တန်းများဖွင့်လှစ် သင်ကြား ထားပေးဘို့လည်း လိုဦးမည်ဟု..အကြံပြုလိုပါသည်။
။။။။။။။။။။။။။။။။။။။
နိုင်ငံခေတ်မှီ ဖွံ့ဖြိုးတိုးတက်ဘို့ အဆိုပါ စီမံကိန်းများ ဆောင်ရွက်မှုကို ပိတ်ပင်ဘို့ မပြောလိုပါ။
သို့သော အကျိုးအပြစ်ကို ကြိုတင်တွက်ဆပြီး လုပ်သင့်တာများကို ဖြင့် လုပ်ကြဘို့ လိုသည်ကိုတော့ မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် စိုးရိမ်စွာ တင်ပြလိုပါသည်။
။။။။။။။။။။။။။။။။
အပိုင်း (၅) ဆက်လက်တင်ပြပါမည်။။။
၊၊၊၊၊၊၊၊၊၊၊၊
ဝင်းအောင်
ရေကြောင်း ကျောင်းဆရာ

Yang Houlan, Chinese Ambassador to Myanmar. Photo: Xinhua
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan က တရုတ်ပြည်ကို တရားဝင် အလည်အပတ် လာရောက်ရေး ကိစ္စ ၂ ဖက်လုံးက အဆင်ပြေမယ့် အချိန်မှာ စီစဉ်ကြမှာ ဖြစ်ပြီး အစီအစဉ် ရက် အတိ အကျ သတ်မှတ်ထားမှုတော့ မရှိသေးဘူးလို့ South China Morning Post သတင်းတခု မှာ ဖော်ပြပါ တယ်။

ဒီအပြင် တရုတ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ အပါအဝင် မြန်မာနိုင်ငံ က နိုင်ငံရေး ပါတီအားလုံးနဲ့ ထိ တွေ့ ဆက်ဆံသွားမှာဖြစ်ကြောင်းလည်း သူက ပြောလိုက်ပါတယ်။

အရင်ကတော့ တရုတ်အစိုးရဟာ အာဏာရ စစ်ခေါင်းဆောင်တွေနဲ့သာ ထိတွေ့ဆက်ဆံလာခဲ့တာပါ။

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး အစိုးရတက်လာပြီးနောက်ပိုင်း တရုတ်နိုင်ငံက အဓိက ရင်းနှီးမြှုပ်နှံထားတဲ့ မြစ်ဆုံစီမံကိန်းကြီးကို ဆိုင်းငံ့လိုက်ပြီးနောက်ပိုင်း တရုတ်နိုင်ငံဘက်က မြန်မာ အစိုးရရဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ဆက်ဆံရေးမျက်နှာစာကို ဖွင့်ခဲ့တာလည်းဖြစ်ပါတယ်။
နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအပေါ် စီးပွားရေး၊ နိုင်ငံရေး သြဇာကြီးနေ ဆဲ
ဖြစ်တဲ့ တရုတ်နိုင်ငံ ကို အလည်အပတ်သွားချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် တရုတ်အစိုးရက ဖိတ်ခေါ်သင့်တယ်လို့တော့ ပြောထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံက အခြား အဖွဲ့အစည်းငယ်တွေရဲ့ ဖိတ်ကြားမှုတွေကိုတော့ အရင်က ငြင်းဆိုထားခဲ့တာပါ။
တရုတ်သံအမတ်ကြီး Yang Houlan က နိုင်ငံတကာ အလယ်မှာရော၊ မြန်မာပြည်သူ တွေကြားမှာ ပါ ရေပန်းစား လူကြိုက် များတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဟာ အကြိမ်ကြိမ်တွေ့ဆုံပြီးဖြစ်ပြီးဖြစ်ပြီး တရုတ်ဘက်က မကြာခင်ဖိတ်ကြားစာ ပို့ဖို့ ရှိ တယ်လို့ ပြောပါတယ်။

၂ဝ၁၁ ခုနှစ်နှောင်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို သာမန်အလည်အပတ် သွားမယ်ဆိုတဲ့ ခန့်မှန်း ချက်တွေလည်း ပေါ်ထွက်ခဲ့ပါသေးတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်တခုအတွင်းမှာ မကြာခင်တရုတ်နိုင်ငံကို အလည်သွားနိုင် လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီတို့အကြား ဆက်ဆံရေးက မနှစ်က စပြီး အတော်တိုးတက် လာပါတယ်။ အခုလို တိုးတက်လာတယ်ဆိုတာကလည်း ၂ ဖက်လုံးက လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ကျင်းပ မယ့် အထွေထွေ ရွေးကောက်ပွဲကြီး နီးလာတာနဲ့ အမျှ ဆက်ဆံရေးနီးကပ်မှုရှိတာ ထင်ရှားလာတာ လည်း
ဖြစ်ပါတယ်။

အထင်အရှားတခုကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း
ခေါင်းဆောင်တဲ့ NLD ပါတီကိုယ်စားလှယ်အဖွဲ့တဖွဲ့ တရုတ်နိုင်ငံကို သွားခဲ့ပါတယ်။
ဒါဟာ NLD ပါတီရဲ့ တရုတ်နိုင်ငံကို စေလွှတ်တဲ့ ကိုယ်စား လှယ်အဖွဲ့ ၄ ခုထဲမှာ အထင်ရှားဆုံးတခု လည်း ဖြစ်ပါတယ်။

source လင်းသန့်
ဧရာဝတီ

မီးပုံးပျံကွင်းကိုစစ်တပ်ပိုင်ကွင်းဆိုပြီး ခွင့်ပြုချက်မပေးဘူး။ ဆယ်ဘီးကားပေါ်မှာ အမေစုဟောပြောစင် လုပ်လိုက်ရတယ်
တောင်ကြီးမြို့ အမေစုဟောပြောပွဲသို့ တောင်နယံမှအားပေးနေသောပြည်သူများ
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ရှမ်းပြည်နယ် ခရီးစဉ်အတွင်းမှာ တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းကို စစ်တပ်ပိုင်ဆိုပြီး ခွင့်မပြုတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို လမ်းဘေး မြေကွက်လပ် တခုမှာ ကျင်းပရတယ်လို့ ခရီးစဉ်အတွင်း လိုက်ပါသူ ညောင်ရွှေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

“နမ့်စန်၊ မိုးနဲ၊ လင်းခေးမှာ ဟောပြောပွဲတွေ လုပ်တယ်။ ပြည်သူလူထုက မျှော်လင့်တာထက် များပါတယ်။ ၁ သောင်းနီးပါးလောက်ရှိတယ်။ မြို့ငယ်လေးတွေကို ၃ နေရာခွဲလိုက်တဲ့ အင်အားက ပြည်မလိုကြီး မများဘူးပေါ့ဗျာ။ တက်ရောက်တဲ့သူတွေက တက်တက်ကြွကြွ တက်ကြပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အမေစုဟောပြောတဲ့အတိုင်း အသစ်ရေးဆွဲရေးက ကြာမယ်။ ပြင်ဆင်တာက ပြင်ကို ပြင်ရမယ်ပေါ့။ သမ္မတအရည်အချင်း၊ ခန့်အပ်တဲ့ကိစ္စကို လျော့ပေါ့ဖို့နဲ့ တိုင်းရင်းသားလူမျိုးငယ်များရဲ့ အခွင့်အရေးကို ဘယ်လောက်အထိပေးမလဲပေါ့။ အမေစုက အခု တောင်ကြီးမှာ ဟောပြောပွဲလုပ်နေတယ်။ တောင်ကြီး မီးပုံးပျံကွင်းကို တောင်းကြတာ။ အာဏာပိုင်တွေ ခွင့်မပြုဘူး။ မပြုတော့ လမ်းဘေးက ကွက်လပ်တခု ဟောပြောပွဲလုပ်ရတဲ့ အနေအထားရှိတယ်။ တောင်ကြီးက မြို့ကြီးဆိုတော့ တက်ရောက်တဲ့ သူတွေက တခဲနက်ပဲဗျာ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်န၀ါရီလ ၂၆ ရက် ညနေ ၄ နာရီခွဲ တောင်ကြီးမြို့ ဟောပြောပွဲကို အဝေရာ မီးပုံးပျံကွင်းရဲ့ မြောက်ဘက် ကျောင်းကြီးစုရပ်ကွက် ကျောက်တလုံးလမ်းမှာ ၁၀ ဘီးကားကို စင်လုပ်ပြီး ဟောပြောခဲ့ ရတယ်လို့ နောက်ဆုံး သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် ခရီးစဉ်ကို ဇန်န၀ါရီလ ၂၄ ရက်နေ့က စတင်ခဲ့ပါတယ်။ နမ့်စန်၊ မိုးနဲ၊ လင်းခေးမြို့တွေမှာ လူထု ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ကို ပြင်ရမယ်လို့ ပြောဆိုခဲ့သလို ဒီလို ပြင်တဲ့ အထဲမှာလည်း တိုင်းရင်းသားတွေအတွက် ပါဝင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း ရှမ်းပြည်နယ်မှာ ပိတ်ပင် တားဆီးတာတွေ ရှိခဲ့သလို မကြာခင်က ချင်းပြည်နယ် ခရီးစဉ်အတွင်းမှာလည်း ချင်းပြည်နယ်အစိုးရ အာဏာပိုင်က ပိတ်ပင်တားမြစ်မှု တချို့ကိုလည်း ကြုံခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

DVB
Photo..ထင်လင်းဦး

ရှက်လွန်လွန်းလို့

၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းတွင် ကျွန်တော်နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သားများသည် ကရင်ပြည်နယ်ရှိ ဘားအံ၊ မြဝတီ၊ ထိုင်းနိုင်ငံ မဲဆောက်မြို့များသို့ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ပရဟိတဟောပြောပွဲများအတွက် ခရီးထွက်ခဲ့ကြသည်။ မြဝတီမြို့ရှိ “စေတနာ” နာရေးလူမှုကူညီရေး အသင်းသို့ ရောက်ရှိသောအခါ ထိုအသင်း၏ နာရေးကူညီမှုလုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေးနှင့် လေလွင့်လူငယ်များအား ထိန်းသိမ်းစောင့်ရှောက်ကာ ပရဟိတသမားများဖြစ်လာအောင် ဆောင်ရွက်ပေး နေမှုများအား တွေ့ရှိခဲ့ရသည်။
ထိုကဲ့သို့ “စေတနာ” နာရေးလူမှုကူညီရေးအသင်းနှင့် တွေ့ဆုံခဲ့စဉ် သမီးစု (ခ) စုမြတ်နိုင် (၁၁) နှစ် အရွယ် ပရဟိတသမီးလေးအားလည်း တွေ့ဆုံခဲ့ရသည်။ ထိုကလေးငယ်၏ ပရဟိတစိတ်ဓါတ် ထက်သန် မှုမှာ အလွန်ပင်မွန်မြတ် ထက်မြတ်မှုအကြောင်းကို ကျွန်တော်သည် “စုမျက်ရည်” ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့ဘူးပါသည်။ ထိုကလေးမလေး၏ လူသားချင်းစာနာစိတ်၊ ဖေးမကူညီလိုစိတ်၊ အပူမီးများအား ငြိမ်းပေး လိုသောစိတ်၊ နာရေးရုပ်ကလပ်အား ကိုယ်တိုင်ကိုယ်ကျ ရေချိုးသန့်စင် ပြင်ဆင်ပေးလိုသော မြင့်မြတ် သောစိတ်ဓါတ်တို့သည် အံ့သြ၍မကုန်နိုင်ဖွယ် ဖြစ်ခဲ့တော့သည်။ ထိုအကြောင်းအရာများသည် ကျွန် တော်၏ စိတ်အစဉ်တွင် ယနေ့တိုင် ကိန်းအောင်းနေဆဲဖြစ်သည်။

မြဝတီမြို့ “စေတနာ” နာရေးလူမှုကူညီရေးအသင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ နာရေးကူညီ မှုအသင်း (ရန်ကုန်)ရှိ အသင်းသား/သူများအား ၁၃.၁.၂ဝ၁၄ ရက်နေ့တွင် နိုင်ငံတကာ အဆင့်မှီ အရေး ပေါ်ကယ်ဆယ်ရေးသင်တန်းအား ကျွန်တော်၏ တိုက်တွန်း အကူအညီတောင်းခံမှုကြောင့် ဥက္ကဋ္ဌ ဦးလှ ထွန်း၊ သင်တန်းနည်းပြ ကိုဇော်ဇော်၊ ဘားအံမြို့ မာဃ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် အဖွဲ့ သား/သူများသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၁၂.၁.၂ဝ၁၄ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာခဲ့သည်။ ထိုအဖွဲ့တွင် သမီး စုမြတ်နိုင် လည်းပါလာခဲ့သည်။ နေ့စဉ် နံနက် (၉းဝဝ - ၅းဝဝ) နာရီအထိ သင်ကြားပို့ချမှုများ လုပ်ဆောင်စဉ် “စေတနာ” နာရေးလူမှုကူညီရေးအသင်း၏ အသင်းသူ ဒေါ်ဥမ္မာ၊ ဒေါ်သန္တာ၊ ဒေါ်နိုင်နိုင်မော်၊ သမီးစုမြတ်နိုင် တို့၏ တောင်းဆိုမှုကြောင့် နာရေးလမ်းကြောင်းအား လိုက်ပါစေခဲ့သည်။ ယင်းလမ်းကြောင်းသည် မြောက်ဒဂုံမြို့နယ်မှ ဦးမြင့်လွင် အသက် (၅၁) နှစ်၏ ရုပ် အလောင်းအား ရေဝေးသုဿန်သို့ မီးသင်္ဂြိုဟ်ပေးရခြင်းဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေ ဖြင့် သေဆုံးသွားသော

ရုပ်အလောင်းအား နေအိမ်၊ ဆေးရုံများသို့ သွားရောက် သယ်ဆောင်ပေးကာ သက် ဆိုင်ရာ သုဿန်များတွင် တိုက်ရိုက်သင်္ဂြိုဟ်ခြင်း၊ အအေးခန်းထားရှိခြင်းတို့အား လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုနာရေးလမ်းကြောင်းအား လိုက်ပါလာသူ သမီး စုမြတ်နိုင်အနေဖြင့် အားမလို အားမရဖြစ်ခဲ့ရသည်။ ထိုနာရေးလမ်းကြောင်းတွင် ကွယ်လွန်သူ၏ နေအိမ်အခန်းကျဉ်းထဲမှ ထုတ်ယူသယ် မကာ နေအိမ်တံတားသေးလေးမှ သယ်ယူပြီး နာရေးနိဗ္ဗာန်ယာဉ်ပေါ်သို့ ပို့ဆောင်ကာ ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်ခန်းမထဲသို့ ထည့်ပေးရသော ဝန်ဆောင်မှုတွင် သမီးစုသည်လည်း ကိုယ်တိုင်ကိုယ်ကျ လုပ် ဆောင်ပေးခဲ့ရသော်လည်း သမီးစုမှာ မကျေနပ်ခဲ့ပေ။ အားမရခဲ့ပေ။ သူမသည် ကွယ်လွန်သူ၏ ရုပ်အ လောင်းအား ကိုယ်တိုင်ကိုယ်ကျ ရေချိုးပေးခြင်း၊ အဝတ်အစားများ ဝတ်ဆင်ပေးခြင်း စသည်တို့ကို လုပ် ဆောင်ပေးလိုသူဖြစ်သည်။ မီးသင်္ဂြိုဟ်စက် အတွင်းသို့လည်း ကိုယ်တိုင်ပို့ဆောင် ထည့်သွင်းပေးလိုသူ ဖြစ်သည်။ သို့ရာတွင် ကျွန်တော်တို့ ရန်ကုန်မြို့၏ အနေအထားအရ ထိုကဲ့သို့ ရေချိုးသန့်စင်ပေးမှု၊ ဝန် ဆောင်မှုများအား ကာယကံရှင်မိသားစုမှ လုပ်ဆောင်ပေးခြင်း (သို့) စည်ပင်သာယာမှ တာဝန်ယူလုပ် ဆောင်ပေးခြင်းနှင့် မီးသင်္ဂြိုဟ်စက်အတွင်းသို့ ကာယကံရှင်အမျိုးသား (၂) ဦးသာ ဝင်ခွင့်ရှိခြင်းတို့ကြောင့် သူမ၏ဆန္ဒ မပြည့်ဝခဲ့ပေ။ ထို့ကြောင့် သမီးစုထံမှ “ဒီမှာက … ဘာမှလည်း လုပ်မပေးရဘူး” ဟူ၍ အား မလို အားမရပြောဆိုခဲ့သည်။

ဟုတ်ပါသည်။ ကျွန်တော်တို့ ရန်ကုန်မြို့၏ နယ်မြေအနေအထားအရ ရထားကြိတ်ခြင်း၊ ကားတိုက် ခြင်း၊ ဆွဲကြိုးချခြင်း စသည့် ရဲမှုခင်းဆိုင်ရာကိစ္စများအား သယ်ဆောင်ခြင်းပြုလုပ်ရာတွင် အမျိုးသမီးများ အနေဖြင့် မသင့်လျော်သောကြောင့် အမျိုးသားများသာ လိုက်ပါပို့ဆောင်စေခဲ့သည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် နယ်ပရဟိတအသင်းများ၏ ပေးဆပ်မှုများနှင့် နှိုင်းယှဉ်ပါက ကွာခြားမှု များရှိပေသည်။

ထို့ကြောင့် ကျွန်တော် ဝန်ခံခဲ့ရတော့သည်။ မြဝတီမြို့ “စေတနာ” နာရေးကူညီမှုအသင်း၏ နိုင်ငံ တကာ အဆင့်မှီ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲတွင် ကျွန်တော်အမှာစကား ပြောကြားရာ၌ “ဒီမှာရှိတဲ့ အသင်းသား/သူအားလုံးကို ကျွန်တော် အသိပေးချင်တယ်။ ကျွန်တော်တို့ နာရေးကူညီမှု အသင်း မြန်မာပြည်အတွင်းမှာအကြီးဆုံး ပရဟိတအသင်းဖြစ်တယ်ဆိုပြီး မာန်မာနတွေ တက်နေလို့မရ ဘူး။ သူများတွေထက် အောက်ကြို့ပြီး ပေးဆပ်နိုင်မှ ပရဟိတသမားဖြစ်တယ်။ အခု ကျွန်တော်တို့ အသင်း ကြီးက မြန်မာနိုင်ငံတွင်မက ကမ္ဘာကပါ သိရှိတဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ ဒီအသင်းကို ဦးဆောင်နေတဲ့ ကျွန်တော်ကျော်သူရဲ့ လုပ်ဆောင်ပေးဆပ်မှုတွေဟာ ဟောဒီ အခမ်းအနားမှာရှိနေတဲ့ မြဝတီမြို့ စေတနာ နာရေးကူညီမှုအသင်းက ပရဟိတမယ်လေး သမီးစုရဲ့ ခြေမှုန်တောင်မမှီပါဘူး။” ဟု ဝန်ခံပြောကြားခဲ့တော့ သည်။ ကျွန်တော်ပြန်လည်၍ အတန်တန် စဉ်းစားမိသည်။ ကျွန်တော်သည် အသင်းသား/သူများ၊ ဝန်ထမ်း များ၏ အနစ်နာခံပေးဆပ်မှုများ၊ လုပ်ဆောင်မှုများ၊ စိတ်ထားတတ်မှုများ၊ ကိုယ်ချင်းစာနာစိတ် မွေးဖွားမှု များအား လေ့ကျင့်ပျိုးထောင်မှုများ လိုအပ်နေပေသေးသည်။ သည်တစ်ကြိမ် သမီးစုနှင့် တွေ့ဆုံရသည်မှာ ကျွန်တော့်အဖို့ “ရှက်လွန်လွန်းလို့” စိတ်ဓါတ်အင်အား၊ တွေးခေါ်မှု အသိဉာဏ်များနှင့် ကာယဉာဏစွမ်း အားများအား ကျွန်တော်တို့၏ အသင်းသား/သူများကို မြှင့်တင်ပေးရန်မှတစ်ပါး အခြားမရှိတော့ချေ။
ကျော်သူ

၂၄.၁.၂ဝ၁၄ ရက်နေ့ ည (၉းဝဝ) နာရီအချိန်ခန့်က ကျွန်တော့်ထံသို့ အမေဒေါ်ခင်ယုမေ ဆုံးသွား ပြီ ဟူ၍ အမေ့အိမ်မှ အကြောင်းကြားခဲ့သည်။ အမေက သူဆုံး-ဆုံးခြင်း ချက်ခြင်းသင်္ဂြိုဟ်ပေးရန်နှင့် မောင် ကျော်သူတို့အား ချက်ခြင်းအကြောင်းကြားရန် မှာကြားခဲ့သည့်အတွက် ကျွန်တော့်ထံသို့ အမေ့၏ ဆွေမျိုး တစ်ဦးမှ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၅.၁.၂ဝ၁၄ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် အမေဒေါ်ခင်ယုမေ၏ ကျန်ရစ်သောရုပ်ခန္ဓာအား လာရောက်သယ်ဆောင်မည့် အစီအစဉ်အား ချက်ခြင်းဆွဲ ခဲ့သည်။ သို့သော် နံနက်အချိန်တွင် သံဃာတော်များအား ဆွမ်းကပ်တရားနာပြီးမှ သယ်ဆောင်လိုကြောင်း အကြောင်းကြားခဲ့သည့်အတွက် နံနက် (၁၁း၃ဝ) နာရီအချိန်တွင် အမေ၏ နေအိမ်ရှိရာ အမှတ် (၂၉)၊ သီရိ မင်္ဂလာရိပ်သာ၊ ကမ္ဘာအေးဘုရားလမ်းသို့ သွားရောက်ကာ အမေဒေါ်ခင်ယုမေ၏ ရုပ်ခန္ဓာအား မှန်ခေါင်းထဲ သို့ ထည့်သွင်းပြင်ဆင်ပြီး နိဗ္ဗာန်ယာဉ်ပေါ်သို့ တင်ဆောင်ကာ ရေဝေးသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပေးခဲ့ သည်။ အမေဒေါ်ခင်ယုမေအားရည်စူး၍ ကျန်ရစ်သူမိသားစုတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူ ငွေ (၅) သိန်းကျပ်တိတိအား လှူဒါန်းခဲ့သည်။ အမေဖြစ်စေချင်သော ချက်ခြင်းသင်္ဂြိုဟ်ပေးခြင်း အမေ့ဆန္ဒ ပြည့်ဝခဲ့ပြီ ဖြစ်ပါသည်။

သို့သော် ကျွန်တော်ပြန်လည်၍ တွေးမိကာ လူတွေဟာ သေခြင်းတရားကို မေ့ပျောက်နေကြသ လား။ သေခြင်းတရားကို အမေ့ခံနေကြတာလား။ သေခြင်းတရားကို မသိကျိုးနွံ ပြုလုပ်နေကြတာလား … ဟူ၍ဖြစ်သည်။ အဘယ့်ကြောင့်ဆို အမေဒေါ်ခင်ယုမေသည် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည့် မော်ဒယ်(လ်)လောက၏ ဘုရင်မတစ်ဦးဖြစ်ခဲ့သည်။ ထို့ပြင် ဂီတလောကတွင်လည်း အောင်မြင်ကျော်ကြား ခဲ့သော အဆိုတော်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ရုပ်ရှင်လောကတွင်လည်း အကယ်ဒမီနှစ်ထပ်ကွမ်း ရုပ်ရှင် မင်းသမီးကြီးတစ်ဦး ဖြစ်ခဲ့သည်။ အဘယ့်ကြောင့် ထိုကဲ့သို့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည့် အနုပညာရှင်တစ်ဦး၏ နောက်ဆုံးခရီးသည် ငြိမ်သက်ခြောက်သွေ့စွာဖြင့် ပြီးဆုံးသွားရသနည်း။ တကယ်ဆို ရုပ်ရှင်၊ ဂီတ၊ ဖက်ရှင်၊ မော်ဒယ်(လ်) လောကမှ ပညာရှင်များ လက်တွဲညီညီ စည်စည်ကားကား ကျင်းပ သင့်သော ဂုဏ်ယူသင့်သည့် မှတ်ကျောက်တင်ရမည့် ဈာပနအခမ်းအနားတစ်ခု ဖြစ်သင့်တော့သည်။

“မည်သည့်အချိန် … မည်သည့်နေရာ … မည်သည့်ပုံစံဖြင့် သေဆုံးကြရမည်ကို သင်တို့အားလုံး မသိနိုင်။ ဒါကြောင့် အချိန်တိုင်း နာရီတိုင်း မိနစ်တိုင်း စက္ကန့်တိုင်းတွင် မရဏာနုဿတိ ပွားများနေထိုင်ကြဖို့ အရေးကြီးလှသည်။”

(ကျော်သူ)


photo...ထင်လင်းဦး
ဓာတ်ပုံပိုင်ရှင်များနဲ့ RFAရုပ်သံသတင်းဌာနအား အထူးကျေးဇူးတင်ရှိပါသည်.
"ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ်ဆိုရင် လူတစ်စုလေးက ရေးထားတဲ့ ဥပဒေဖြစ်တယ်။ ဘာဖြစ်လို့ ကျွန်မတို့ ပြည်သူလူထုက မပြင်နိုင်ရမှာလဲ ပြင်ကိုပြင်နိုင်ရမယ်"

နမ့်စန်မြို့ဘောလုံးကွင်းမှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူလူထုနဲ့တွေ့ဆုံပွဲမှာ ပြည်သူတစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ပေးရင် ပြည်သူတွေဘာလုပ်သင့်လဲဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က "ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ်ဆိုရင် လူတစ်စုလေးက ရေးထားတဲ့ ဥပဒေဖြစ်တယ်။ ဘာဖြစ်လို့ ကျွန်မတို့ ပြည်သူလူထုက မပြင်နိုင်ရမှာလဲ ပြင်ကိုပြင်နိုင်ရမယ်" လို့ ပြောပါတယ်။

ပုဒ်မ ၅၉ (စ) ကို ပြင်ပေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာခဲ့ရင် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အောက်မှာပဲ ရှိနေမှာလားလို့ ပြည်သူတစ်ဦးက မေးတဲ့မေခွန်းကို ဒေါ်အောင်ဆန်းစုကြည်က "ဘယ်သူ့အုပ်ချုပ်မှုအောက်မှာမှ ခံပြီးတော့ ဒီနိုင်ငံကို အုပ်ချုပ်ချင်တဲ့ ဆန္ဒမရှိဘူး" လို့ ပြောခဲ့ပါတယ်။

ဟောပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ကလော နမ့်စန် မိုင်းရှုး ရပ်စောက် ဟိုပုံး ပင်းတယ ဆီဆိုင် ကွမ်လုံမြို့နယ်က ပြည်သူပေါင်း ၄၀၀၀ ကျော်တက်ရောက်ခဲ့ ပြီး ဆန္ဒတောင်းခံခဲ့ရာ ၉၅ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး ၅ရာခိုင်နှုန်းက အသစ်ရေးဆွဲချင်တယ်လို့ ဆန္ဒကောက်ယူရရှိခဲ့ပါတယ်။
_______________________
Author နန်းလွင်

၈  မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာ အမြင်အယူအဆ ကွဲပြား တာတွေကို အကြောင်းပြုပြီးတော့ ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေက ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ လုပ်နေတယ်လို့ ပြောဖို့တော့ ခက်မယ် . . .
၂၀၁၂ ခုနှစ် သင်္ကြန်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် ၈၈ မျိုးဆက် ကျောင်းသားများ သံချပ် ရွတ်ဆိုနေကြစဉ်
လူအုပ်စုကြီးက ထူးကဲစွာ များပြားသည်ဟု ဆိုရမည်။ ပို၍ဆိုရလျှင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်က ဗဟန်း၊ ရေတာရှည်အရပ်၊ အုတ်လမ်းအနီး လူစုလူဝေးကြီး ဖြစ်ပေါ်ခဲ့စဉ်က မြင်ကွင်းကို ပြန်မြင်ယောင် မိစေသည်။ သို့သော် နေရာဒေသ၊ အချိန်ကာလက ကွာခြားလွန်းသည်။ ယခုက ရန်ကုန်မြို့၏ ဗဟိုချက်အဖြစ် မှတ်ယူထားကြသော မြို့လယ်ကောင်နေရာ၊ ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီး။ အချိန်က နှစ်နှစ်နီးပါး ကွာခြားလှသည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၅) ရက်နေ့။
ကော်လံကတုံး လက်ရှည်အင်္ကျီအဖြူ၊ ယောပုဆိုး အနက်ရောင်နှင့်လူတစ်ဦး လူအုပ်အတွင်း အမြင့်နေရာတွင် မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူ့နှုတ်မှ ထွက်ပေါ်လာသော အသံများက လူအုပ်ထဲသို့ ပျံ့ကျ သွားသည်။

““ကျွန်တော်တို့ လွတ်လပ်တဲ့ ပြည်သူတွေ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ကျွန်မဟုတ်၊ သခင်ဖြစ်တယ် ဆိုတာ ပြသဖို့ လာတာလို့ ယုံပါတယ်””ဟု ရှိနေသော လူအုပ်ကို ရည်ညွှန်းသည့် စကားလုံးများလည်း ထိုအသံများအတွင်း ပါဝင်သွားသည်။ သူသည်က၊ လွန်ခဲ့သော တစ်နှစ်အကြာ ၂၀၁၂  ခုနှစ်၊ ဇန်န၀ါရီလ အတွင်းက ယခု စာမျက်နှာ များပေါ်မှပင် ““ကျွန်တော်က လွတ်မြောက်ရေးမှာ နိုင်သလောက် ပါခဲ့တဲ့ အနုပညာ ချစ်သူ တစ်ယောက် အနေနဲ့ပဲ ကျွန်တော့်ဘ၀ကို ကျေကျေနပ်နပ် လက်ကျန်ကို ဖြတ်သန်းချင်တယ်””ဟု ပြော ကြားခဲ့ဖူးသူ ဖြစ်သည်။ ယခုလည်း လွတ်မြောက်ရေးမှာ နိုင်သလောက် ပါခြင်းလားဟု မေးခွန်း ထုတ်ချင်သူများ ရှိကောင်း ရှိနေနိုင်သည်။ သို့သော် . . .

ဟုတ်ပါသည်။ သူက မြန်မာ့နိုင်ငံရေး၏ အိမ်ရှေ့ဥပရာဇာဟု ကင်ပွန်းတပ်ခံခဲ့ရသူ ““မင်းကိုနိုင်””။ ၈၈ အရေးတော်ပုံ မှ မွေးဖွား ပေးလိုက်သော ကျောင်းသားခေါင်းဆောင်၊ ယနေ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း အင်အားစုကြီး၏ အဓိက ခေါင်းဆောင် အဖြစ် ရှိနေသည့် ကိုမင်းကိုနိုင်။
အင်အားကြီးစွာ စုစည်း နေကြသည့်သူများမှာ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက  ဦးဆောင် ပြုလုပ်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် စုဝေး ဆန္ဒထုတ်ဖော်ခွင့် ဥပဒေပါ ပုဒ်မ ၁၈ ကို အဓိက ဦးတည်သော မတရားဥပဒေများ ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက် လာကြသူများဖြစ်သည်။
အမှန်ဆိုရလျှင် ထိုဆန္ဒထုတ်ဖော်ပွဲသည် အကျဉ်းထောင်များ အတွင်းမှ လွတ်မြောက် လာပြီးနောက် သုံးနှစ်ခန့် အကြာအတွင်း ၈၈ အင်အားစုများ၏ အကြီးမားဆုံး နိုင်ငံရေး နည်းလမ်းဖြင့် ပြုလုပ်သည့် တော်လှန်ရေး တစ်ရပ်အဖြစ် ဆိုရမည်။

ယခု လှုပ်ရှားမှုကြောင့်ပင် ၈၈ ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ်မှ နိုင်ငံရေး ကျွမ်းကျင်သူ၊ လေ့လာ စောင့်ကြည့် အကဲဖြတ်သူ တစ်ဦးဖြစ်လာပြီး မကြာမီ ကာလပိုင်းကပင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် ၎င်းတို့ ဦးဆောင်လျက် ရှိသည့် အင်အားစုကြီး ရပ်တည် ဆောင်ရွက်နေမှုကို ပြင်းထန်စွာ ဝေဖန် လှုပ်ခတ် စေခဲ့သည့် ဒေါက်တာ ရန်မျိုးသိမ်းက ““လက်ရှိ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေး လုပ်ဆောင်မှု အပိုင်းဟာ လွန်ခဲ့တဲ့ ရက်ပိုင်းမှာ အတန်အသင့် မြင့်မားလာတယ်လို့ ပြောလို့ ရတယ်”” ဟု ဖွင့်ဟ ပြောကြားလာသည်။
ယခု ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း၏ လှုပ်ရှားမှုသည် ပြည်သူ့အား ဖိနှိပ်ထားသော အာဏာရှင် လက်ကျန် ဆောင်ရွက်ချက်များအပေါ် မည်မျှ ထိရောက်မှု ရှိနိုင်မည် ဆိုသည်ကို မသိသေးနိုင်သော်လည်း နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် မီဒီယာများ၏ နိုင်ငံရေး စာမျက်နှာများထက် ၈၈မျိုးဆက် အင်အားစုကြီး၏ သဏ္ဌာန်များမှာ တစ်ဖန် ပြန်လည် တလူးတလွင့် ရှိလာခဲ့ပြန်သည်။ ထို့ပြင် ယခု လှုပ်ရှားမှု မတိုင်မီ ဖြစ်ပေါ်ခဲ့ သော ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စိစစ်လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့သော အကြံပြုချက် ကိစ္စများ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် အချို့၏ နိုင်ငံရေး ဆိုင်ရာ ပြောကြားချက် များကြောင့်လည်း နိုင်ငံရေးရပ်ဝန်း သင့်ရာတိုင်းတွင် မတူကွဲပြားသည့် အမြင်၊ အပြောများ ကွာခြားစေကာမူ ၈၈ အသံ တမြည်မြည် ဖြစ်လာခဲ့သည်။

၈၈ အင်အားစုမှ ပေးပို့သော အခြေခံဥပဒေ၏ ပြင်ဆင်သင့်သည့် အချက်များ အကြံပြုချက်တွင် အများ မျှော်လင့်ခဲ့သလို အခန်း(၃)၊ ပုဒ်မ၅၉ (စ) မပါဝင်ခဲ့ခြင်းနှင့် ပုဒ်မ ၅၉(စ)ကို မပြင်ဆင်သင့်ဟူသော သဘော သက်ရောက်သည့် ၈၈ ခေါင်းဆောင် အချို့၏ မီဒီယာများတွင် ထွက်ပေါ်လာသော စကားများက ပိုမို ပွဲဆူ နေစေလေသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၏ သားဖြစ်သူ ပိုင်ဆိုင်သည့်  Messenger အခမဲ့ နေ့စဉ်ထုတ် သတင်းစာတွင်  မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့သော ““ အခြေခံ ဥပဒေ ပြင်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အခြေခံမူ အတိုင်းသာပြင်ရန် ၈၈ ကြေညာချက်ထုတ်”” သတင်းတွင် ဖော်ပြသော ကြေညာချက်မှ သဘောထား၊ ထိုသတင်းတွင် ပုဒ်မ ၅၉(စ) နှင့် ပတ်သက်၍ ၈၈ အင်အားစု၏ အထင်ကရ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုဌေးကြွယ်၏ ““  ၅၉(စ) နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ၄၇ ဖွဲ့စည်းပုံ ပြီးခဲ့တဲ့ ၇၄ ဖွဲ့စည်းပုံ၊ ၂၀၀၈ ဖွဲ့စည်းပုံ၊ ဖွဲ့စည်းပုံ အားလုံးမှာ ပြဋ္ဌာန်းချက် အသီးသီး ရှိခဲ့ပါတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့ တကယ်တမ်း ပြောချင်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကျွန်တော်တို့ အနာဂတ်က နိုင်ငံ သားတွေ၊ ကျွန်တော်တို့ အနာဂတ်ရဲ့ နိုင်ငံတော်ကို တကယ်ကို ကိုယ်စားပြုတဲ့ ဖွဲ့စည်းပုံမျိုးအဖြစ် ပြည့်စုံ စေချင်တယ်။ အဲဒီလိုမျိုး ပြည့်စုံအောင် ဆိုလို့ရှိရင်တော့ ကိုယ့်လူမျိုး၊ မပြည့်စုံတဲ့၊ မလုံလောက်တဲ့ ပြဋ္ဌာန်းချက် တွေနဲ့ တိုင်းပြည်ကို ဆက်ပြီး သွားဦးမယ်။ နောက်ထပ် ဖွဲ့စည်းပုံဆိုရင် အကျပ်အတည်း တွေရှိလာမယ် ဆိုလို့ရှိရင် သွေးနဲ့ လွှမ်းပြီးမှ ပြုပြင်ပြောင်းလဲရမယ် ဆိုတဲ့ အဖြစ်မျိုး မဖြစ်စေချင်ပါဘူး”” ဟု ပြောကြားချက်များ စသည်တို့ကြောင့် နိုင်ငံရေး ရပ်ဝန်းအတွင်း မတူညီသော ယူဆပြောကြားချက်များ ထွက်ပေါ်လာသည်။
ပုဒ်မ ၅၉(စ) သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လာမည့် ၂၀၁၅ တွင် သမ္မတအဖြစ် ရွေးချယ်ခံခွင့်ကို တားဆီးနေသဖြင့် ပယ်ဖျက်ပြင်ဆင်ရန် တောင်းဆိုနေကြသည့် ပြဋ္ဌာန်းချက် ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ပြင်ဆင်ရန် သဘောထား ပေးနေသလို ၈၈ အင်အားစု ဘက်မှ ထိုသို့ပြောကြား ထုတ်ပြန်မှုများ ရှိပြီး မကြာမီ အာဏာရှင် အသွင်ပြောင်းအုပ်စု၏ ပြည်ခိုင်ဖြိုး ပါတီကပင် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရဆိုကာ ထို ပြဋ္ဌာန်းချက်ပါ အချက်အချို့ကို ပြင်ဆင် သင့်ကြောင်း၊ ပြင်ဆင်ရန် သဘောတူကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာသည်။ ယင်းကလည်း ပိုမိုနှိုင်းယှဉ် သုံးသပ်ဖွယ်ရာ ဖြစ်လာခဲ့ပြီး ၈၈ မျိုးဆက် အင်အားစု အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ ပြုသည့် အသွင်ဆောင်လာကြောင်း ယူဆမှုများက များပြားလာခဲ့ကြခြင်း ဖြစ်သည်။

ယခုလ အစပိုင်းတွင်မှ စတင်ထုတ်ဝေသည့် အပတ်စဉ်ထုတ် ဂျာနယ်အသစ် တစ်စောင်ဖြစ်သော ““အလင်းခေတ်”” သတင်း ဂျာနယ်တွင်ပင် “ဂိုလ်ရှယ်လေး” အမည်ရှိ ကလောင်ရှင်၏ ““၈၈ ကိုကိုကြီး လောဘကြီးသွားလေပြီ””ဟု ခေါင်းစဉ် တပ်ထားသော ဝေဖန်ချက် ဆောင်းပါးတစ်ပုဒ် ပါဝင်လာခဲ့သည်။ ကိုကိုကြီး ဆိုသည်မှာ ပြည်သူလုထုက နိုင်ငံရေး ခေါင်းဆောင်တစ်ဦးအဖြစ် လည်းကောင်း၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း၏ နံပါတ်နှစ် ခေါင်းဆောင် အဖြစ်လည်းကောင်း နိုင်ငံရေး အသိုင်းအ၀ိုင်း အတွင်း အထင်အရှား လက်ခံ သတ်မှတ်ထားကြသည့် သူပင်။

ဆောင်းပါးပါ ဝေဖန်ချက်ထဲမှ တစ်ခုမှာ ““ယခု ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ကတိအတိုင်း သူမ ဆက်သွားနေလေပြီ။ သို့သော် အသားထဲမှပင် မပုပ်မသိုးခင်တွင် လောက်ကောင်များ ထွက်ကျလာလေသည်။ အကြောင်းမှာ ချမ်းသာခြင်း ကင်းဝေးမည့်ဒဏ်ကို မခံစားနိုင်သော ၈၈ မှ ကိုကိုကြီးသည် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် အခြေခံဥပဒေ မပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ ၀င်နိုင်မှာ မဟုတ် ကြောင်း ထွက်ပေါ်လာပြီး နောက်မှပင် အာပွလာသော အာရှမှ အထင်ကရ ဖောက်ပြန်ရေး စကားလုံး သွတ်သွင်းလိုက်သူ ဖြစ်လေသည်။
၎င်း၏ အကြံပေး နယ်စပ်ပြန်များ၏ စကားလုံးနှင့် ဗဟိုအဖွဲ့မှ ချပေးသည့် စကားလုံးများဖြင့် ၂၀၀၈ အခြေခံဥပဒေ ပြင်ရန် ကာလ မဟုတ်ဘဲ၊ ယုံကြည်မှု ဆက်လက် တည်ဆောက်ရန်ဖြစ်သော အခြေအနေ မျိုးတွင်သာ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ခြံစည်းရိုးပေါ်တွင် ငါသည် ဟိုဘက်မဟုတ် သည်ဘက် မဟုတ်ဆိုသော စကားဖြင့် တစ်ဖက်ဖက်ကို မြှူဆွယ်ခဲ့လေသည်။ ကိုကိုကြီး သတိမထား လောဘများ သွားသည်မှာ ၂၀၀၈ အခြေခံ ဥပဒေ မည်သို့ ဖြစ်ပေါ် လာရသနည်းပင် ဖြစ်ပေမည်။ ကိုကိုကြီး မောဟများ သွားသည်မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဆက်ဝင်ပါလျှင် မိမိမှ ၂၀၁၄ ထူထောင်လိုသော နိုင်ငံရေး ပါတီအဖို့ မဲအလုံအလောက် ရနိုင်ခြေ ရှိပေမည် မဟုတ်ဘဲ လက်ရှိအခြေခံ ဥပဒေအား အစိုးရမှမပြင်ဘဲ တင်းခံ သွားနိုင်မှသာလျှင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၂၀၁၅ တွင် ၀င်လာတော့မည် မဟုတ်၍ မိမိနှင့် မိမိ ၂၀၁၄ တွင် ထူထောင်လိုသော ပါတီအတွက် မဲအရေအတွက် လုံလောက်စွာ ရမည်ဟု ဆင်ကြီးလိုကြံပြီး ထင်ရာစိုင်း ပြောဆိုမှုမျိုး ပထမဆုံးအကြိမ်သာ ဖြစ်သင့်သည်”” ဟုဖြစ်သည်။
ဆောင်းပါးပါ အာဘော်အရ ၈၈ အင်အားစုသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် မြန်မာ့လူထု ခေါင်းဆောင်အဖြစ် ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ ပြုနေသည်ဟု ယူဆမှုများ အခိုင်အမာ ရှိနေကြောင်း ငြင်းချက် ထုတ်စရာ မရှိတော့ပေ။
ဆောင်းပါးရည်ညွှန်းချက်ပါ အလင်းခေတ် သတင်းဂျာနယ်
သို့သော် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးအနေဖြင့် လက်ရှိ ၈၈ အင်အားစုများနှင့် သာမက ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ မူရေးရာ၊ လူပုဂ္ဂိုလ်ရေးရာ ကျွမ်းဝင်မှု ရှိခဲ့သော ဒေါက်တာရန်မျိုးသိမ်းက ““ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကြားမှာ အမြင်အယူအဆ ကွဲပြားတာလေးတွေ ရှိကောင်းရှိနိုင်တယ်။ ရှိလည်းရှိမှာပဲလေ။ ဒါပေမဲ့ ဒီမိုကရက်တစ် နိုင်ငံရေးမှာ အမြင် အယူအဆ ကွဲပြားတယ် ဆိုတာ ပြဿနာမရှိဘူး။ အရေးကြီးတာက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရက်တစ် အင်အားစုတွေနဲ့ဟာ တူညီတဲ့ လုပ်ငန်းတွေကို ပိုမိုပြီး ထိထိရောက်ရောက် ပူးပေါင်းလုပ်နိုင်ဖို့ လိုအပ်တယ်။ ဒီတော့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ အမြင်အယူအဆ ကွဲပြားတာတွေကို အကြောင်းပြုပြီးတော့ ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေက ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ လုပ်နေတယ်လို့ ပြောဖို့တော့ ခက်မယ်”” ဟု သုံးသပ်သည်။
အကျဉ်းကျခံထားရရာမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်တွင် ၈၈ မျိုးဆက် ကျောင်းသားများ ပြန်လည် လွတ်မြောက် ခဲ့ပြီးနောက် ပထမဆုံး ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံ သွားမည်ဟု တရားဝင် ထုတ်ဖော် ပြော ကြားခဲ့ခြင်းများ ရှိခဲ့သည်ကိုလည်း မမေ့သင့်ပေ။ ထိုသို့ သဘောထား ထုတ်ပြန်ခဲ့ဖူးသည့် အင်အားစု အတွင်းမှ သူများအနေဖြင့် ဆန့်ကျင်ဘက် ရပ်တည်မှု ပြုလုပ်လာသည်ဟု ယူဆမှုများ ရှိလာခဲ့ရခြင်းသည် အာဏာရှင်မီး တငွေ့ငွေ့ရှိဆဲ မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲမှု ခရီးရှည်အတွက် အလွန် အန္တရာယ်ကြီးသော၊ အရေးတကြီး အဖြေမှန်ရှာရမည့် ကိစ္စရပ်ဖြစ်သည်ကို သတိမပြု ပေါ့လျော့နေ၍တော့ မရကြောင်း၊ ပတ်သက် ဆက်နွှယ်သူများ အားလုံး သိရှိ ဆောင်ရွက်ကြရန် လိုပေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ အင်အားစု၏ ပတ်သက်ဆက်နွှယ်မှု အခြေအနေနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းက ၈၈ အင်အားစု ခေါင်းဆောင် ကိုကိုကြီး ပြောကြားခဲ့သော စကားစုတစ်ရပ်ကို သတိရမိသည်။
““ပူးပေါင်း ဆောင်ရွက်ဖို့ ဆိုတာမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ၈၈ မျိုးဆက် ကျောင်းသားတွေကို အနာဂတ် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားမလဲဆိုတဲ့ သူ့ရဲ့စိတ်ကူး စိတ်သန်းတွေ ပေါ်မှာလည်း မူတည်မှာပေါ့”” ဟု ဖြစ်သည်။
 အပိုင်း(၂)
၈၈ ခေါင်းဆောင်များအတွင်း လူထုအမြင်နှင့် ထိတွေ့လျက် ရှိနေကြသူများသည်ပင် သုံးနှစ်ကာလအတွင်း ထိတွေ့မှု တစ်စတစ်စ နည်းပါးလာခဲ့သည် တချို့သော ၈၈ခေါင်းဆောင်များမှာမူ လွန်ခဲ့သည့် တစ်နှစ်နီးပါမှ စကာ လူထုမြင်ကွင်းမှ လုံးဝ ပျောက်ကွယ်နေကြသည်
ယခင်တစ်ပတ်မှအဆက်
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကြား ပူးပေါင်း ဆောင်ရွက်ရေးကို ပြည်သူလူထု အများအပြားက မျှော်လင့်မှု ရှိခဲ့ကြကြောင်းမှာ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ၎င်း၈၈ ခေါင်းဆောင်များ လွတ်မြောက်လာပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်ပင် သတင်းမီဒီယာများမှ လူထု၏ကိုယ်စား မေးမြန်းခဲ့သော မေးခွန်းများက သက်သေပြုနေသည်။ ထိုမေးခွန်းများထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းရေး၊ နိုင်ငံရေးပါတီ တစ်ရပ် ဖွဲ့စည်း ရပ်တည်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ရေးတို့ အဓိက ပါဝင်ခဲ့သည်။
ထိုအခါက လက်ရှိ ၈၈ ပွင့်လင်း ခေါင်းဆောင်များ၏ ပြန်လည် ပြောကြားမှုမှာ တူတာများကို လက်တွဲလုပ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး လှုပ်ရှားမှုများတွင် ၀န်းရံသွားမည်ဟု ဆိုကြောင်း အမှတ်ရသည်။ သို့သော် ၎င်းတို့ လွတ်မြောက်စဉ် ကာလက  တွေ့ဆုံမှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ယခုအချိန်အထိ အပြန်အလှန် အခမ်းအနား တက်ခြင်းမျိုးသော ဆက်ဆံမှုကိုသာ ထင်ရှားစွာ တွေ့ရသည်။ …
နိုင်ငံရေး အတွင်းစကားများ အရမှု ၈၈မျိုးဆက် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံမှု နီးစပ်ခြင်း၊ NLD ပါတီသို့ ပူးပေါင်း ပါဝင်လာခြင်းများ ဖြစ်ပေါ်လာမည်ကို NLD ပါတီတွင်း အချို့သူများက မလိုလား ကြ၍ ၈၈ မျိုးဆက် ခေါင်းဆောင်များဘက်မှ ဆက်သွယ်ရန် ကြိုးပမ်းခဲ့မှုများ မအောင်မြင်စေရန်ပင် ဆောင်ရွက် ခဲ့မှုများ ရှိကြောင်း၊ သို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် များကြား ထိတွေ့ နီးစပ်မှုမှာ တဖြည်းဖြည်း ပိုမို ကွာဟခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားချက်အချို့ ရှိသည်။
ထိုပြောကြားချက် များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ကျောင်းသား ခေါင်းဆောင်များကြား ဆက်ဆံရေး လွဲကူစေရန် NLD ပါတီမှ သြဇာအကြီးဆုံး ခေါင်းဆောင်များထဲတွင် ပါဝင်သူ တစ်ဦးက ၎င်းကိုယ်တိုင် ကြားခံ ဆက်သွယ်ရေး လမ်းကြောင်းအဖြစ် ဆောင်ရွက်ပေးမည် ဆိုသော်လည်း ထိုသို့ ဆက်သွယ် ဆောင်ရွက်ရေးအတွက် လုပ်ဆောင်မည့် အခြေအနေများ ဆွေးနွေးရန် ချိန်းဆိုထားပြီးမှ ၈၈ ကျောင်းသား ခေါင်းဆောင်များက လာရောက်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ သို့ဖြင့် ယခုအထိပင် ထိုဆောင်ရွက်မှု ဖြစ်မလာ ခဲ့ကြောင်း ပြောကြားမှုများလည်း ရှိသည်။
မည်သို့ပင် ဆိုစေကာမှု ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ခေါင်းဆောင်များကြား မျှော်လင့်ထားခဲ့ကြသည့် ဆက်နွယ်မှုမျိုး မဖြစ်ခဲ့ကြောင်း မျက်မြင် အခြေအနေများက ညွှန်းနေသည်။ ထို့အပြင် ဖော်ပြပြီး သကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံပြု ရပ်တည်ချက်များပင် ရှိလာကြောင်း သုံးသပ်မှုများ ထွက်ပေါ် လာသော အခြေအနေသို့ ရောက်ရှိ လာရသည်။

ယခုအခြေအနေတွင် အဓိကထား သုံးသပ်လာကြသည်မှာ ၈၈ မျိုးဆက် ပွင့်လင်းလူ အဖွဲ့အစည်း အင်အားစု၏ ဒုတိယ ခေါင်းဆောင်ဟု ဆိုကြသော ဦးကိုကိုကြီးကိုပင် ဖြစ်သည်။ လက်ရှိ ၈၈ မျိုးဆက် ပွင့်လင်း ခေါင်းဆောင်များထဲမှ ပြည်သူလူထု အမြင်နှင့် ထိတွေ့မှု အရှိဆုံးမှာလည်း ဦးကိုကိုကြီးပင် ဖြစ်သည်။ ပြည်သူလူထု အမြင်နှင့်ဟု ဆိုရာတွင် မီဒီယာများတွင် ဖော်ပြပါရှိမှုရှိခြင်းကို အခြေခံ ပြောခြင်းဖြစ်သည်။ အဘယ်ကြောင့် ဆိုသော နိုင်ငံရေးသာမက လူ့အဖွဲ့အစည်းတွင်း ဖြစ်ပေါ်မှုများ၊ လူပုဂ္ဂိုလ် ခေါင်းဆောင် တစ်ဦးခြင်း သို့မဟုတ် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ အားလုံးကို ပြည်သူလူထုက အများဆုံးသိရှိ နိုင်ကြသည်မှာ မီဒီယာများမှပင် ဖြစ်သည်။ သို့ဆိုလျှင် အခြား ခေါင်းဆောင်များမှာ  မည်သို့ရှိနေသလဲဟု မေးကြဖွယ် ရှိသည်။ ( ၈၈မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းတွင် ပြောရေးဆိုခွင့် ရှိသူများအဖြစ် တရားဝင် ထုတ်ပြန် ပြောကြားထားသူ ၁၂ ဦး ရှိပြီး ယင်းထဲတွင် မပါဝင်သော်လည်း ၈၈မျိုးဆက် ပွင့်လင်း လူအဖွဲ့အစည်း အတွင်း ဖွဲ့စည်းထားသော ကော်မတီအလိုက် ဦးဆောင်မှု ပြုလုပ်ရ သူများလည်း ပါဝင်သည်။)

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၏ အဓိက ခေါင်းဆောင်တစ်ဦးဟု ဆိုကြသည့် ကိုမင်းကိုနိုင်မှာ ယခုနှစ် အပိုင်းအခြားများအတွင်း ပြည်ပ ခရီးစဉ်များနှင့် ပြည်တွင်း ဒေသများသို့ ခရီးထွက်မှု များပြားနေသဖြင့်  ပြည်ပ နိုင်ငံရေး ထိတွေ့မှုများ၊ လူထုနှင့် တိုက်ရိုက် ထိတွေ့မှုများ ရှိနေသော်လည်း မြန်မာ့နိုင်ငံရေး၏ မြို့ပေါ် နိုင်ငံရေးနှင့် ခေါင်းဆောင်တို့၏ နိုင်ငံရေး မြင်ကွင်းများတွင် တွေ့မြင်ရမှု နည်းပါးခဲ့သည်။ ထိုသို့ဖြစ်ရခြင်းတွင် ကိုမင်းကိုနိုင်၏ ၈၈ ခုနှစ်မှ စတင်သည့် နိုင်ငံရေး ဖြစ်စဉ်တွင် ၎င်းပါဝင် ပတ်သက်ခဲ့ခြင်းမှာ မတရားခြင်းဟု ထင်မြင်သော အာဏာရှင်စနစ် တွန်းလှန်ရေးအတွက် ဖြစ်ပေါ်လာသော အခြေအနေအရ မတရားမှု တော်လှန်သူ တစ်ဦးအနေဖြင့် ပါဝင် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားချက်များ၊ ထို့ပြင် ၎င်းတစ်ဦးတည်း အနေဖြင့် လည်းကောင်း ၈၈ ပွင့်လင်း အင်အားစု တစ်ရပ်လုံး အနေဖြင့် လည်းကောင်း ရှေ့နိုင်ငံရေး ခရီးစဉ်ဖြစ်သည့် နိုင်ငံရေး ပါတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်ရေးအပေါ် ““ကျွန်တော့် အကြောင်း လည်း ဒီလောက်ဆိုရင် တော်တော်များများ သိမယ် ထင်ပါတယ်။ အနုပညာက လာတယ်။ ပန်းချီ ဆေးကွက်တွေ၊ တူရိယာတွေကြားထဲက ကျွန်တော်လာတယ်။ စာအုပ်ပုံတွေ ကြားထဲမှာ ကျွန်တော် ပျော်တယ်။ လူတွေကြားထဲမှာ ကျွန်တော် လျှောက်သွားရရင် စိတ်ချမ်းသာတယ်လို့ ကျွန်တော်ခံစားရတယ်။ ဒီလောက်ဆိုရင် ကျွန်တော့် တစ်ဦးတည်း ကိစ္စကတော့ ပြတ်သလောက်ရှိသွားပါပြီ။ ကျန်တာတွေက တစ်ဦးချင်း စဉ်းစားကြရမှာပေါ့။ စိတ်တူတွေ လူတွေ ဖွဲ့ပြီးတော့ လုပ်ကြပါလိမ့်မယ်။”” စသည့် ပြောကြား ချက်များကို ထည့်သွင်း စဉ်းစားကြည့်ပါက အနာဂတ် နိုင်ငံရေးတွင် ၎င်းအနေဖြင့် ပါဝင်ရန် မသေချာသည်ကို တွေ့ရမည်။

အခြား ၈၈ ခေါင်းဆောင်များ အတွင်း လူထုအမြင်နှင့် ထိတွေ့လျက် ရှိနေကြသူများသည်ပင် သုံးနှစ် ကာလအတွင်း ထိတွေ့မှု တစ်စတစ်စ နည်းပါး လာခဲ့သည်။ တချို့သော ၈၈ ခေါင်းဆောင်များမှာမူ လွန်ခဲ့သည့် တစ်နှစ်နီးပါးမှ စကာ လူထုမြင်ကွင်းမှ လုံးဝပျေက်ကွယ် နေကြသည်။ လက်ရှိ လူထုအမြင်နှင့် ထိတွေ့ဆဲ ရှိသူများထဲမှလည်း နိုင်ငံရေး ဖြစ်ရပ် သဘောထား မှတ်ချက်ပေးခြင်း၊ ပွင့်လင်း အင်အားစုများ၏ လှုပ်ရှားမှု ဖြစ်စဉ်များ၊ အခြား အဖွဲ့အစည်းများ၏ အခမ်းအနား တက်ရောက်မှုများဖြင့် လူထုမြင်ကွင်းအတွင်း တွေ့မြင် နေရသူက အများဆုံးဖြစ်သည်။

ယခု ကာလအတွင်း ၈၈ ပွင့်လင်း အင်အားစုများနှင့် ပတ်သက်၍ အယူအဆကွဲပြားစွာ ပြောကြား သုံးသပ်မှု များ၏ အဓိက ဇာတ်ကောင်ဖြစ်နေသော ကိုကိုကြီးမှာမှု အခြားသူများထက် နိုင်ငံရေး လှုပ်ရှားမှု ဖြစ်စဉ်များတွင် အများဆုံး ပါဝင်လျက် ရှိနေသူ ဖြစ်သည်။ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ စသည့် အစိုးရ၏ နိုင်ငံရေး ပြဿနာတို့ ဖြေရှင်းမှု ဖြစ်စဉ်များတွင်လည်း အခြားနိုင်ငံရေး ဦးဆောင်ပုဂ္ဂိုလ်များနှင့်အတူ ပါဝင် ဆောင်ရွက်မှု ရှိနေသည်။ ဤသည်တို့က ကိုကိုကြီး၏ နိုင်ငံရေး ဦးဆောင်သူ တစ်ဦးအဖြစ် ပုံရိပ်ကို ခိုင်မာစွဲမြဲ နေစေခြင်းပင်။ ထိုသို့ အခြေအနေတွင် ဝေဖန်မှုများ ပေါ်ပေါက် လာခြင်းဖြစ်သည်။

၈၈ ပွင့်လင်း အင်အားစုအား ဝေဖန်မှုများထဲတွင် မီဒီယာတွင် ဖော်ပြပါဝင်မှု တစ်ခုဖြစ်သော အလင်းခေတ် ဂျာနယ်ပါ ဆောင်းပါး၏ ရေးသားချက်ထဲတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်လာမည့် နိုင်ငံရေးပါတီ တစ်ရပ် ထူထောင်ရန် ဟူသော အချက်ကို အခြေပြု ဝေဖန်ချက် တစ်ရပ်တွေ့ရသည်။ ၈၈ ပွင့်လင်း အင်အားစု တစ်ရပ်လုံး၏ ၃ နှစ်နီးပါး လက်ရှိ နိုင်ငံရေး ဖြတ်သန်းမှုတွင် ထိုကိစ္စရပ်သည် အထူးအဆန်း မဟုတ်။ ကာလ တစ်လျှောက်လုံးတွင် သုံးသပ်မှု အမျိုးမျိုးနှင့် သတင်းစကား အမျိုးမျိုးက အပြင်ရော၊ အတွင်းကပါ မကြာခဏ ထွက်ပေါ် လာနေကြဖြစ်သည်။ အာဏာနိုင်ငံရေးဟု သုံးစွဲမှု ပြုတတ်သော နိုင်ငံရေးပါတီ ထူထောင်ကာ ရွေးကောက်ပွဲတွင် ပါဝင်၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာတို့ ရရှိရေး ဆောင်ရွက်မှုများအပေါ် အင်အားစုအတွင်း အမြင်ရပ်တည်မှု ကွဲလွဲခြင်းကြောင့် ၈၈ ခေါင်းဆောင်များ လွတ်မြောက်ပြီး  မကြာမီတွင်ပင် သုံးသပ်မှုများနှင့် သတင်းစကား အမျိုးမျိုး စတင်ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။ ထိုအခါကပင် လူထုအခြေပြု အဖွဲ့အစည်း အဖြစ်သာ ဆက်လက် ရပ်တည်သွားရန် ရည်ရွယ်သူများက ပြတ်သားစွာ ပြောကြား ခဲ့သော်လည်း နိုင်ငံရေးပါတီအဖြစ် သွားလိုသူများက တစ်ဦးနှစ်ဦးစမှ လွဲ၍ မတင်မကျ ပြောကြားမှုများသာ ရှိခဲ့သည်။
 ( နိုင်ငံရေးပါတီအဖြစ် ထူထောင်ရပ်တည်ရန် ပြတ်သားစွာ ပြောကြားခဲ့သူများမှာ ယခုအခါတွင် လူထု မြင်ကွင်းမှ လုံးလုံးလျားလျားနီးပါး ပျောက်ကွယ် သွားကြခြင်းကိုမှု ထူဆန်းစွာ တွေ့ရသည်။)

““ယခု ထွက်ပေါ်လျက်ရှိသော မတူကွဲပြားသည့် အမြင်ယူဆချက်များ အားလုံးသည် ၈၈ပွင့်လင်း အင်အားစုအနေဖြင့် နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် ရပ်တည်မှုမရှိခဲ့ခြင်းမှ အခြေပြု ဖြစ်ပေါ်လာခြင်းဖြစ်””
ယခင်တစ်ပတ်မှအဆက်
၈၈ ပွင့်လင်း ခေါင်းဆောင်များထဲမှ အချို့ခေါင်းဆောင်များ ပျောက်ကွယ်နေခြင်း အပေါ်တွင် ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း၊ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ““၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေထဲမှာ တစ်ဦးချင်းစီရဲ့ လေ့လာမှု အနေအထား၊ စရိုက် လက္ခဏာအရ ကွဲပြားမှုတွေရှိတယ်။ အခု ပျောက်ကွယ်နေတဲ့ ခေါင်းဆောင် တွေထဲမှာ တချို့ကလည်း ရှေ့တန်းထွက်မှု နည်းနည်း လာတာလည်း ပါတယ်။ ဒီတော့ ခေါင်းဆောင်တွေထဲမှာ နောက်နည်းနည်း ရောက်သွားတဲ့သူ တချို့လည်း ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒီလူတွေ အားလုံးဟာ ဒီမိုကရေစီ ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းမှာ သူ့နေရာနဲ့သူ တာဝန်ယူပြီးတော့ ဆက်ပြီး လုပ်နေတယ်လို့တော့ မြင်တယ်””ဟု သုံးသပ်သည်။
၈၈ ခေါင်းဆောင်များအတွင်း နိုင်ငံရေးအရ ဆက်လက် ရပ်တည်သွားမည့် ပုံသဏ္ဌာန်အတွက် အယူအဆ ကွဲပြားမှုများ ရှိသည်မှာ သေချာသော် လည်း နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ရေးကိစ္စနှင့် ပတ်သက်၍မှု ယခု အထိ ၈၈ ပွင့်လင်း အဖွဲ့အနေဖြင့် တစ်စုံတစ်ရာ သဲကွဲစွာ တရားဝင် ထုတ်ဖော် ပြောကြားမှုမျိုး မရှိသေးပေ။ ယင်းမှာလည်း စဉ်းစားစရာ အကြောင်းတစ်ရပ် ဖြစ်သည်။ သို့သော် တစ်ဦးချင်း (သို့မဟုတ်) သဘောထား တူရာ တစ်စုထံမှ နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ရေး အသံများကိုမှု ယခင် အတိုင်းပင် မသဲမကွဲ ကြားနေရဆဲ ဖြစ်သည်။

သုံးသပ်မှုများ ရှိကြသလို ၈၈ ပွင့်လင်း ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုကိုကြီး အနေဖြင့် အင်အားစုမှ ခွဲထွက်ကာ သီးခြားပါတီတစ်ရပ် ထူထောင်၍ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ရန် ဆိုသည့် ကိစ္စမှာမူ ၈၈ ပွင့်လင်း အင်အားစုကြီး တစ်ရပ်လုံး၏ လျှောက်လမ်းခဲ့ရာ နိုင်ငံရေး ခရီးတစ်လျှောက် ရောယှက်လျက် ရှိသော ပုံရိပ်များအရ လုံးဝဖြစ်နိုင်စရာ မရှိသော ကိစ္စတစ်ရပ်ဟုတော့ အခိုင်အမာ ဆိုရမည်ဖြစ်သည်။
၈၈ ပွင့်လင်း တစ်ရပ်လုံး အနေဖြင့်မှု လက်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်း အနေဖြင့် ရပ်တည် နေသည်ထက် နိုင်ငံရေး ပါတီတစ်ရပ်အဖြစ် စနစ်တကျ ရပ်တည်သည်မှာ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု အတွက် ပိုမို အားကောင်း စေမည်ဟု ၈၈ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။
နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ရေးမှ ထပ်မံ ထွက်ပေါ်လာသော ယူဆချက်မှာ ၈၈ ပွင့်လင်း အဖွဲ့အစည်းအတွင်း အင်အားစုနှစ်ရပ် အဖြစ်ကွဲပြားမှု ရှိနေသလား ဆိုသော အမြင်များ ဖြစ်သည်။ ယင်းအပေါ်တွင်လည်း ဒေါက်တာ ရန်မျိုးသိမ်းက ထိပ်ပိုင်း ခေါင်းဆောင်များကြား အမြင်အယူအဆ မတူညီမှုများ ရှိသော်လည်း ပွင့်လင်း အဖွဲ့အတွင်း အင်အား ကွဲပြားနေသည်ဟု သုံးသပ်ရန် ခက်ခဲကြောင်း ဆိုသည်။

““အင်အားစုနှစ်စု ကွဲနေတယ်လို့ ပြောဖို့တော့ ခက်တယ်။ ဥပမာ- ၈၈ထဲမှာ ကိုမင်းကိုနိုင်ရှိတယ်၊ ကိုကိုကြီးရှိတယ်၊ ကိုဌေးကြွယ်ရှိတယ်၊ ကိုမင်းဇေယျရှိတယ်၊ ကိုမြအေးရှိတယ်၊ ကိုပြုံးချိုရှိမယ်။ အဲဒီလို ထိပ်ပိုင်း ခေါင်းဆောင်တွေကြားမှာ အမြင်အယူအဆ ကွဲတာတွေရှိမယ်။ ဒါပေမဲ့အဲဒီလို အမြင်အယူအဆ ကွဲတာကို ကြည့်ပြီး ၈၈အင်အားစုထဲမှာ နှစ်ပိုင်းကွဲနေတယ်၊ သုံးပိုင်းကွဲနေတယ်လို့ ပြောဖို့တော့ ခက်မယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ သူတို့လည်း သိပါတယ်။ သူတို့အားလုံးဟာ တစုတစည်းတည်းရှိမှ ဖြစ်မယ် ဆိုတာ။ ဒီလိုမဟုတ်ဘဲ နှစ်ပိုင်းတွေ၊ သုံးပိုင်းတွေ ကွဲသွားမယ်ဆိုရင် ကွဲသွားတဲ့ အပိုင်းတွေမှာလည်း အားနည်းမှုတွေ ရှိပြီးတော့ သူတို့ အစုအဖွဲ့ကြီး တစ်ခုလုံး အနေနဲ့လည်း နစ်နာမှုတွေ၊ တိုင်းပြည်နဲ့ ပြည်သူလူထုကြီး အတွက်လည်း နစ်နာမှုတွေ ရှိလာနိုင်တယ် ဆိုတာ သူတို့လည်း သဘောပေါက် နားလည် လိမ့်မယ်လို့ မြင်တယ်””ဟု ဆိုသည်။
ယခုကာလအတွင်း ထူခြားသော ကိစ္စတစ်ရပ်အနေဖြင့် ပေါ်ပေါက် လာသည်မှာ ၈၈ ပွင့်လင်းမှ အတိုက်အခံ အသွင်ပြုနေသည်ဟူသော သုံးသပ်မှု အချို့ ထွက်ပေါ်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ပွင့်လင်း ခေါင်းဆောင်များ တွေ့ဆုံရေး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှု ပြုလုပ်ပြီးမှ ၈၈ ပွင့်လင်း အနေဖြင့် နိုင်ငံရေးအရ မည်သို့ ဆက်လက် ရပ်တည်သွားသင့်သည် ဟူသော ဆုံးဖြတ်ချက် တစ်ရပ် တရားဝင် ထွက်ပေါ်လာနိုင်မည်ဟု ၈၈ ပွင့်လင်း ခေါင်းဆောင်များဘက်မှ ပြောကြားချက်လည်း ရှိလာသည်။
ဒေါ်အောင်ဆန်းစုကြည်အား အတိုက်အခံ အသွင်ပြုနေသည် ဆိုသော သုံးသပ်မှုများသည် ထိုတွေ့ဆုံမှု အမှန်တကယ် ဖြစ်လာပြီး ထင်မှတ်မထားသော ရလဒ်အဖြေများ ရရှိလာပါက အလိုအလျောက် ပျောက်ပျက် သွားနိုင်ဖွယ်လည်း ရှိသည်။ ယင်းသို့ပျောက်ပျက် သွားသည် ဆိုစေကာမှု ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ပွင့်လင်း ခေါင်းဆောင်များကြား ထိုသို့ သုံးသပ်မှုမျိုး ထွက်ပေါ်လာစေသည်မှာ မည်သည့် အကြောင်းရင်းကြောင့် ဆိုသည်ကိုမှု ဆန်းစစ်ရန်က ကျန်ရှိနေဦးမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူအရ ညီညွတ်ရေးကို တည်ဆောက် နေကြရသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ထိုသို့ ညီညွတ်ရေး ပျက်ပြားစေသည့် ပြောကြားမှုများ ထွက်ပေါ်လာခြင်း၏ အန္တာရယ်မှာ ဘက်တူသော ရပ်တည်သူများကြား ညီညွတ်ရေး ပျက်ပြား စေနိုင်ခြင်းကြောင့် ဖြစ်သည်။
ယင်းကိစ္စရပ်အပြင် ဖော်ပြခဲ့ပြီးသလို ၈၈ ပွင့်လင်း ခေါင်းဆောင်များ အတွင်းတွင်ပင် အင်အားစု ကွဲပြားနေသည် ဆိုသော သုံးသပ် ယူဆမှုများ၊ ၈၈ ပွင့်လင်း ခေါင်းဆောင်များထဲမှ သီခြား ခွဲထွက်ကာ နိုင်ငံရေးအရ သီးခြား အဖွဲ့အစည်းတစ်ရပ် ထူထောင်ရန် ဟူသော ယူဆ သုံးသပ်ချက် အသံများသည် မည်သည့် အတွက်အကြောင့် ယခုအချိန်တွင် မြိုင်ဆိုင်စွာ ထွက်ပေါ် လာသနည်း ဆိုသည်ကိုလည်း အသေအချာ ဆန်းစစ်ရန်လိုသည်။

၈၈ ပွင့်လင်း အဖွဲ့အစည်း၏ နှစ်နှစ်တာ ကာလ ဖြတ်သန်းမှုအတွင်း ဖြစ်ပေါ်မှုများအပေါ်  အားရကျေနပ်မှု ရှိသော သဘောထား အမြင်များ ရှိသလို အားမလိုအားမရ ဖြစ်မှုနှင့် မျှော်လင့်ချက်ကြီးစွာ ထားရှိခဲ့မှုများ၊ ပျက်ပြယ် သွားကြသည့် သဘောထား အမြင်အယူအဆများလည်း ရှိသည်။
အားမလိုအားမရ ဖြစ်မှုနှင့် ကြီးစွာသော မျှော်လင့်ချက်များ ပျက်ပြယ်ရသည်ဆိုသော သဘောထား အမြင်များမှာ ပြင်ပနိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ပြည်သူလူထု အတွင်းတွင်သာမက ၈၈ ပွင့်လင်း ခေါင်းဆောင်များ အတွင်းနှင့် ဆက်စပ်လျက်ရှိသော အဖွဲ့အစည်းများ အတွင်းတွင်ပင် ထိုသဘောထား အမြင်များ ရှိကြသည်ပင်။
သို့အတွက် ယခုကဲ့သို့ သုံးသပ်မှုများ ထွက်ပေါ်လာသည် ဆိုလျှင်မှု အချိန်တန်လျှင် မည်သည့် အမြင်သုံးသပ်မှုများက အမှန်တရားနှင့် မည်မျှ နီးစပ်ခဲ့သည်ကို အဖြေရှာနိုင်ကြပေမည်။ ထို့ထက်ပို၍ ထူးသော အကျိုးဆက်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ပွင့်လင်း ခေါင်းဆောင်များကြား၊ ၈၈ ပွင့်လင်း ခေါင်းဆောင်များအတွင်း၊ နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း ထိုသုံးသပ်မှုများအရ ပြောင်းလဲ ဖြစ်ပေါ်လာရန် မရှိပေ။

သို့သော် ထိုသို့ မဟုတ်ဘဲ နိုင်ငံရေး ညစ်ထေးမှုများနှင့် ဒီမိုကရက်တစ် အုပ်စုများကြား အကွဲကွဲအပြဲပြဲ နိုင်ငံရေးလမ်းစဉ် ဖြစ်ပေါ်စေလိုသည့် အုပ်စုများမှ နိုင်ငံရေး လေသံလွှင့်ခြင်း ဆိုလျှင်မူ ယခုထက် ပိုမိုဆိုးရွားသော နိုင်ငံရေး သားပုပ်လေလွင့်ခြင်းများ ထွက်ပေါ်လာနိုင်ဖွယ် ရှိသေးသည်ကို မျှော်လင့် ထားရပေမည်။ သို့တည်းမဟုတ် ထိုသုံးသပ်မှုများ ထွက်ပေါ်လာစေသည့် ဆောင်ရွက်ချက်များကို အမှန်တကယ် လုပ်ဆောင်မှုများ ရှိနေသည် ဆိုလျှင်မူ လာမည့် ကာလများအတွင်း မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပေါ်မှုများသာ ဖြစ်လာနိုင်စရာ ရှိပေတော့သည်။
မည်သို့ပင်ဖြစ်စေ ယခု ထွက်ပေါ်လျက်ရှိသော မတူကွဲပြားသည့် အမြင်ယူဆချက်များ အားလုံးသည် ၈၈ ပွင့်လင်း အင်းအားစုအနေဖြင့် နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် ရပ်တည်မှု မရှိခဲ့ခြင်းမှ အခြေပြု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုကွဲပြားသည့် အမြင်အယူအဆ အားလုံးတွင် ၈၈ ပွင့်လင်း အင်အားစုများ အနေဖြင့် လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခင်းအကျင်း၌ နိုင်ငံရေးပါတီ တစ်ရပ် ထူထောင်ကာ တရားဝင် နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်အဖြစ် အားကောင်းမောင်းသန် ထွက်ပေါ်လာရန် လိုအပ်လျက်ရှိကြောင်း သေချာ နေစေသည်။
ထိုသက်သေပြုချက်ကို လက်ခံကာ နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်လာလျှင်လည်း မလိုလားအပ်သော နိုင်ငံရေး သင်းကွဲမှုမျိုး မဖြစ်စေရန် ၈၈ ပွင့်လင်း အင်အားစုကြီး တစ်ရပ်လုံး အတူတကွ ပါဝင်ပြောင်းလဲမှု ပြုလုပ်ကြရန် လိုအပ်ပေသည်။

၈၈ ပွင့်လင်း အင်အားစုအတွင်းမှ ပြောကြားချက်အရ ဆိုလျှင် မကြာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီးတွင် ၈၈ ပွင့်လင်း၏ ရှေ့နိုင်ငံရေး ရပ်တည်မှု မည်သို့ဆိုသော အဖြေကို သဲကွဲစွာ သိနိုင် ကြတော့မည် ဖြစ်သည်။ မလိုလားအပ်သော၊ စိတ်ကူးယဉ်ဆန်သော၊ ပြည်သူ့ မျှော်လင့်ချက်များကို မျက်ကွယ် ပြုသော အယူအဆ သဘောထားများဖြင့် ရှေ့နိုင်ငံရေး ခရီးအတွက် အဖြေကို မဆုံးဖြတ်ကြရန်သာ လိုပေသည်။

မြန်မာသံတော်ဆင့်


၂၃.၁.၂ဝ၁၄ ကြာသပတေးနေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပဲခူးတိုင်ဒေသကြီး ပျဉ်ပုံကြီးမြို့ရှိ မိဘပြည်သူများ၏ နာရေးကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် အများ ပြည်သူတို့၏ စေတနာ သဒ္ဓါတရားတို့ဖြင့် လှူဒါန်းထားသော အလှူငွေတို့ဖြင့် ထပ်ဆင့်ပြန်လည်တည်ဆောက် လှူဒါန်းထားခဲ့သော “မီးသင်္ဂြိုဟ်စက်” ရေစက်သွန်းချ လှူဒါန်းပွဲအား ပျဉ်ပုံကြီးမြို့ ဘုံသာဝေယာန် ဓမ္မဗိမ္မာန် တော်၌ ကျင်းပခဲ့သည်။ အဆိုပါ လှူဒါန်းပွဲသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်း ရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများ သွားရောက်ခဲ့ကြပြီး ပျဉ်ပုံကြီးမြို့ မီးသင်္ဂြိုဟ်စက်ဖြစ်မြောက်ရေး နာယက ရာတော်ကြီးများ၊ ရပ်မိ/ဖများနှင့် အခမဲ့ နာရေးကူညီမှုအသင်း (ပျဉ်ပုံကြီး) မှ အသင်းသူ/သားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ အလုပ်အမှုဆောင်များမှ ကြွရောက်တော်မူကြသော ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုတို့အား ဆပ်ကပ်လှူဒါန်းပေးခဲ့ပြီးနောက် မီးသင်္ဂြိုဟ်စက်အား အများပြည်သူတို့ကိုယ်စား ရေစက်သွန်းချ အမျှပေးဝေ ခဲ့သည်။

မီးသင်္ဂြိုဟ်စက် ဖြစ်မြောက်ရေးအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ရာ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ လက်ခံရယူခဲ့ပြီး လှူဒါန်းရခြင်းနှင့် ပါတ်သတ်၍ ရှင်းလင်းပြောကြားပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်း အနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တော့သည်။ ထို့နောက် ပျဉ်ပုံကြီးသုဿန်သို့သွားရောက်ကာ မီးသင်္ဂြိုဟ် စက်အား သွားရောက်လေ့လာကြပြီး အခမဲ့ နာရေးကူညီမှုအသင်း (ပျဉ်ပုံကြီး) မှ ပရဟိတ ညီအစ်ကို မောင်နှမများနှင့် အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွါခဲ့သည်။

အဆိုပါ မီးသင်္ဂြိုဟ်စက်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ငွေကျပ်သိန်း (၉ဝ) ကျော် အကုန်ကျခံ ၍ မတည်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့၏ လှူဒါန်း ငွေများဖြင့် အများပြည်သူတို့အား ပြန်လည် လှူဒါန်းပေးခဲ့သော ကောင်းမှုအစုစုတို့အား မိဘပြည်သူအပေါင်း တို့ မုဒိတာပွားနိုင်ကြ၍ သာဓုအနုမောဒနာ ကြိမ်ကြိမ် ခေါ်ဆိုနိုင်ကြပါစေသော်ဝ်။

အများပြည်သူတို့အတွက် အများပြည်သူကောင်းမှု။