April 2014


သို့
ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ။ ။ ၂၅.၄.၂၀၁၄
အကြောင်းအရာ။ ။ အိမ်ရှင်ဇနီးမောင်နှံနှစ်ဦးမှ အရွယ်မရောက်သေးသော အိမ်အကူအလုပ်သမား မိန်းကလေးငယ်တစ်ဦးအား မတရားရိုက်နှက် ညှင်းပမ်းနှိပ်စက်ခြင်းအပေါ် ထိရောက်စွာ အရေးယူပေးပါရန် တိုင်ကြားခြင်း။
၁။ အထက်ပါကိစ္စနှင့် ပတ်သက်၍ ကျွန်မ နော်မိချို နိုင်ငံသားစိစစ်ရေးကဒ်အမှတ် (လျှောက်ထားဆဲ)နှင့် ခင်ပွန်းဖြစ်သူ ဦးစောချစ်ဦး နိုင်ငံသားစိစစ်ရေးကဒ်အမှတ် (၁၄/ မမန (နိုင်) ၂၆၁၉၀၁) ကိုင်ဆောင်သူတို့သည် ဝဲဒေါင့်ကျေးရွာ၊ မဲကျော်ကျေးရွာအုပ်စု၊ မြောင်းမြမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်သူများ ဖြစ်ကြပါသည်။

၂။ ကျွန်မ နော်မိချိုနှင့် ခင်ပွန်းဖြစ်သူ ဦးစောချစ်ဦးတို့မှ သားသမီး (၆) ဦးထွန်းကားခဲ့ပြီး လက်လုပ်လက်စား ဘဝဖြင့်သာ ဘဝကို ရပ်တည်နေရပြီး စီးပွားရေးကြပ်တည်းမှုကြောင့် ကျွန်မနော်မိချို မွေးဖွားခဲ့သော သားသမီး (၆)ဦးအနက် အကြီးဆုံး သမီးဖြစ်သူ နော်မိုးမိုးအေး အသက် (၁၇)နှစ်မှ မိဘများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အရာရှိရိပ်သာလမ်းတွင် နေထိုင်သော ဦးကိုကိုနိုင်၏ နေအိမ်အကူလုပ်သားအဖြစ် (၂၀၁၃) ခုနှစ် (၁)လပိုင်းတွင် ဝင်ရောက်လုပ်ကိုင်၍ ကျွန်မတို့အား လုပ်ကျွေးသမှုပြုခဲ့ပါသည်။

၃။ ကျွန်မ၏ သမီးအကြီးဖြစ်သူ နော်မိုးမိုးအေး အိမ်အကူအလုပ်သမားအဖြစ် ဦးကိုကိုနိုင်၏ အိမ်တွင် အလုပ်လုပ်ကိုင်နေစဉ် ဦးကိုကိုနိုင်၏ ဇနီးဖြစ်သူမှ ရန်ကုန်တွင် နေထိုင်သော ၄င်း၏ ညီမနေအိမ်တွင် အိမ်အကူအလုပ်သမားတစ်ဦး လိုအပ်နေသဖြင့် ကျွန်မလည်း ငွေရေးကြေးရေးအဆင်ပြေစေရန် အတွက် ကျွန်မ၏ ဒုတိယသမီးဖြစ်သူ နော်ထက်ထက် (ခ) နော်ဆဲအယ်ဝါးအား ရန်ကုန်ရှိ ၄င်း၏ညီမအိမ်တွင် အလုပ်လုပ်ရန် ပြောဆိုသဖြင့် (၂၃.၁.၂၀၁၄) ရက်နေ့တွင် ပုသိမ်မြို့တွင် နေထိုင်သည့် ဦးကိုကိုနိုင်၏ နေအိမ်သို့ ကျွန်မ၏ သမီး နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါးအား ပို့ပေးခဲ့ပါသည်။

၎။ (၂၄.၁.၂၀၁၄) ရက်နေ့တွင် ဦးကိုကိုနိုင်၏ ဇနီးမှ ရန်ကုန်မြို့တွင် နေထိုင်သော ၄င်း၏ ညီမနေအိမ်သို့ အိမ်အကူအဖြစ် လုပ်ကိုင်ရန်အတွက် ကျွန်မ၏ သမီး နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါး အသက် (၁၄)နှစ်အား ပို့ဆောင်ခဲ့ပါသည်။

၅။ ကျွန်မ နော်မိချို၏ သမီးဖြစ်သူ နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါး၏ အိမ်အကူလုပ်အားခငွေတလလျှင် ကျပ် (၂၅၀၀၀ိ/) သတ်မှတ်၍ လုပ်အားခ (၆)လစာ ကျပ် (၁၅၀၀၀၀ိ/)အား ကျွန်မသမီး နော်ထက်ထက် (ခ) နော်ဆဲအယ်ဝါးအား ရန်ကုန်သို့ အလုပ်လုပ်ရန်ပို့ဆောင်ပေးခဲ့သူ ဦးကိုကိုနိုင်၏ ဇနီးဖြစ်သူမှ ထုတ်ပေးခဲ့ပြီး ကျွန်မ၏ သမီးအား မည်သည့်နေရာသို့ ပို့ဆောင်ခဲ့သည်ကို ပြောကြားခဲ့ခြင်းမရှိခဲ့ပါ။

၆။ (၂၈.၃.၂၀၁၄) ရက်နေ့ ည(၈)နာရီခန့်တွင် နောင်ဝိုင်းကျေးရွာ၊ ပုသိမ်မြို့တွင် နေထိုင်သည့် ဆွေမျိုးတော်စပ်သူ စောသာထူးမှ ရန်ကုန်တွင် အိမ်အကူအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်နေသော ကျွန်မ၏ သမီးဖြစ်သူ နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါးမှာ ဒဏ်ရာများဖြင့် ပုသိမ်ဆေးရုံတွင် တင်ထားကြောင်း အကြောင်းကြားလာသဖြင့် ကျွန်မတို့ နေထိုင်ရာကျေးရွာနှင့် ပုသိမ်သို့လာရာလမ်းမှာ ခရီးသွားလာမှု ခက်ခဲသောကြောင့် (၃၀.၃.၂၀၁၄) ရက်နေ့တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ကျွန်မတို့ဇနီးမောင်နှံ နှစ်ဦးရောက်ရှိခဲ့ပါသည်။

၇။ ကျွန်မနှင့် ခင်ပွန်းဖြစ်သူတို့ ပုသိမ်ပြည်သူ့ဆေးရုံသို့ရောက်ရှိစဉ် ဆေးရုံတွင်ဆေးဝါးကုသမှု ခံယူနေသော သမီးဖြစ်သူ နော်ထက်ထက် (ခ) နော်ဆဲအယ်ဝါးအား ဖြစ်ပျက်မှုအား မေးမြန်းကြည့်သောအခါ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကိုယ်မင်းကိုယ်ချင်းရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ အိမ်နံပါတ် (၃၀)တွင် နေထိုင်သော အိမ်ရှင်ဖြစ်သူ မသီတာ(ခ) သီရိကိုကိုနိုင် (အဘ- ဦးကိုကိုနိုင်)နှင့် ခင်ပွန်းဦးကြည်လှမြင့်တို့မှ (၂၂.၃.၂၀၁၄)ရက်နေ့တွင် ဟင်းချက်ခိုင်းရာ ဟင်းအိုးတူးသည်ကို အကြောင်းပြု၍ ဒယ်အိုးထဲရှိ ဆီအပူထဲသို့ လက်နှစ်ဘက်ကို အတင်းဆွဲ၍စိမ်ခြင်း၊ ခန္ဒာကိုယ်အနှံ့ရိုက်နှက်ခြင်း၊ ကတ်ကြေးဖြင့် ညာဘက်နားနောက်ကို ထိုးခြင်း၊ ဘက်ဘက်မျက်စိကို လက်သီးဖြင့်ထိုးခြင်း၊ မျက်နှာတည့်တည့်လက်သီးဖြင့် ထိုးထားသောကြောင့် ပါးစပ်အတွင်းရှိ အောက်အလယ်သွားတချောင်းပဲ့မှုများ ဖြစ်ခဲ့ရပါသည်။

၈။ ထိုသို့ အိမ်ရှင် မသီတာ(ခ) သီရိကိုကိုနိုင်တို့ ဇနီးမောင်နှံညှင်းပန်းရိုက်နှက်မှုကြောင့် ခန္ဒာကိုယ်အနှံ့ဒဏ်ရာများ ရရှိနေခြင်းအား ကာယကံရှင် မိဘထံအကြောင်းကြားခြင်းမရှိဘဲ ပုသိမ်မြို့တွင် နေထိုင်သော ဦးကိုကိုနိုင်မှ ၄င်း၏တပည့်များအား ရန်ကုန်သို့စေလွှတ်၍ အိမ်ရှင်ဖြစ်သူ ၄င်း၏ သမီး မသီတာ(ခ) သီရိကိုကိုနိုင်နှင့် ခင်ပွန်း တို့နှိပ်စက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော အိမ်အကူ နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါးအား (၂၄.၃.၂၀၁၄) ရက်နေ့တွင် သိုဝှက်စွာခေါ်ဆောင်ခိုင်းခဲ့ပြီး ဦးကိုကိုနိုင်နေထိုင်ရာ ပုသိမ်မြို့နေအိမ်တွင် ဆေးဝါးကုသသော်လည်း သက်သာမှုမရှိသောကြောင့် (၂၅.၃.၂၀၁၄)ရက်နေ့တွင် ပြင်ပပုဂ္ဂလိကဆေးခန်းဖြစ်သော လမင်းဆေးခန်းသို့ သွားရောက်ကုသသော်လည်း ရာဇဝတ်မှုမကင်းသောကြောင့် ၄င်းဆေးခန်းမှ ကုသပေးခြင်းမပြုလုပ်ပေးသဖြင့် ၄င်းတို့မှ (၂၆.၃.၂၀၁၄)ရက်နေ့တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ မည်သို့ပြောဆို၍ ဆေးရုံတင်ကုသခဲ့ကြောင်း မသိရှိရပါ။

၉။ ၄င်း ဦးကိုကိုနိုင်၏ သမီးဖြစ်သူ မသီတာ(ခ)သီရိကိုကိုနိုင်နှင့် သမက်ဖြစ်သူ ကိုကြည်လှမြင့်တို့ ရိုက်နှက် ညှင်းပန်းနှိပ်စက်မှုအား အရေးယူပေးပါရန် ပုသိမ်မြို့နယ်အမှတ် (၂) ရဲတပ်ဖွဲ့စခန်းသို့ (၃၀.၃.၂၀၁၄)ရက်နေ့တွင် လက်ခံစစ်ဆေးပြီး အခင်းဖြစ်ပွားရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ လွှဲပြောင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့ထက်ထိ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးစစ်ဆေးခြင်းများ မရှိသေးပါ။
၁၀။ ၄င်း ပြစ်မှုကျူးလွန်သူတို့၏ ရိုက်နှက်ညှင်းပန်းနှိပ်စက်မှုကြောင့် နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါး၏ လက်နှစ်ဘက်မှာ ခွဲစိတ်မှု (၃)ကြိမ်ပြုလုပ်ရသော်လည်း ကောင်းမွန်ခြင်းမရှိ ခန္ဒာကိုယ်အနှံ့အပြားရိုက်နှက်ခံရမှုကြောင့် ရရှိသော ဒဏ်ရာများဖြင့် အသက်အန္တရာယ်ပါ စိုးရိမ်နေရပါသည်။
သို့ဖြစ်ပါ၍ အရွယ်မရောက်သေးသော အိမ်အကူအလုပ်သမား နော်ထက်ထက်(ခ)နော်ဆဲအယ်ဝါးအား မတရားညှင်းပန်းနှိပ်စက်ရိုက်နှက်ခဲ့သော ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။
ဒဏ်ရာရရှိသောပုံများကိုပါ ပူးတွဲတင်ပြအပ်ပါသည်။

လေးစားစွာဖြင့်
နော်မိချို
နိုင်ငံသားစိစစ်ရေးကဒ် (လျှောက်ထားဆဲ)
ဝဲဒေါင့်ကျေးရွာ၊ မဲကျော်ကျေးရွာအုပ်စု
မြောင်းမြမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး


paper art creatorဖန်တီးရှင် Htwe Aung Lwin
 ကျွန်တော့်ရဲ့ ၉ ကားမြောက် paper art ဖန်တီးမှု ဖြစ်ပါတယ်။ ခဲတံ၊ ဘောပင်၊ ပန်းချီဆေး ဘာတခုမှ မသုံးပဲ စက္ကူနဲ့ပဲ ဖန်တီးထားတာပါ။
ဒီကားရဲ့ နာမည်ကို "အမြဲစိမ်း" လို့ အမည်ပေးထားပါတယ်။
My ninth paper art creation... Not drawing nor painting. Use paper only for the creation. This creation named "Ever Green".

ယူနီဖောင်းချွတ်ထားလဲအရောင်မပြောင်းသူ.. ဒါကြောင့်မျက်နှာက စစ်အစိမ်းရောင်ပေါက်နေတာ..


My eighth paper art creation... named, "The immortal". ကျွန်တော့်ရဲ့ ရှစ်ကားမြောက် paper art ဖန်တီးမှုပါ။ "ထာဝရ ရှင်သန်သူ" လို့ အမည်ပေးထားပါတယ်။ —

My sixth Paper art creation "Hanthawaddy U Win Tin" (Master Piece). ကျနော့်ရဲ့ ၆ ကားမြောက် paper art ဖန်တီးမှု အနုပညာပါ။ ဒီ ပုဂ္ဂိုလ်ကြီးကို ကျနော် အပြင်မှာ မတွေ့ဖူးပဲနဲ့ ဖန်တီးထားတာပါ။ —

ဆံချည်မျှင်‌‌စက္ကူ ကြိုးစ ပေါင်း ‌သောင်း‌ကျော်‌ ဖြတ်‌ပြီး တစ်‌မျှင်‌ချင်းဆက်‌ထားတာပါ
My seventh paper art creation... named " Dignified Person" (Master Piece). ကျွန်တော့်ရဲ့ ခုနစ်ကားမြောက် paper art ဖန်တီးမှုပါ။ ကျွန်တော့်ဖန်တီးမှုတွေကို သီးခြားခေါင်းစဉ် မတပ်ဖြစ်ခဲ့ပေမယ့် ဒီပုဂ္ဂိုလ်ရဲ့ပုံကို `လူပီသသောလူ´ လို့ ခေါင်းစဉ် ပေးဖြစ်လိုက်ပါတယ်။ —


အင်မတန်ခက်ခဲနူးညံ့သိမ်မွေ့တဲ့ အနုပညာဖန်တီးချက်ပန်းချီကားပါ.အသေးစိတ်စက္ကူစလေးတွေနဲ့ ဆံပင် မျက်ခုံးမွှေးစသည်တို့ကိုဖြတ်တောက်ပြီး ကော်နဲ့ကပ်ပြီးဖန်တီးးယူလိုက်တဲ့ သိမ်မွေ့လွန်းတဲ့အနုပညာဖန်တည်းမှုအဖြစ် အံသြ၀မ်းမြောက်ဖွယ် ဂုဏ်ယူလိုက်ပါတယ်..ဆံချည်မျှင်‌‌စက္ကူ ကြိုးစ ပေါင်း ‌သောင်း‌ကျော်‌ ဖြတ်‌ပြီး တစ်‌မျှင်‌ချင်းဆက်‌ထားတာပါ..(ကျော်သူ)
paper art creatorဖန်တီးရှင် Htwe Aung Lwin



Amazing Handiwork!
တကယ်ကို ပြောင်မြောက်တဲ့ လက်ရာပါ…
ဘဘဦးဝင်းတင်ရဲ့နောက်ဆုံခရီးကို ဂုဏ်ပြုပြီး နိုင်ငံရပ်ခြားမှ သူ့ရဲ့ စာဖိုမှူးဆောင်အလုပ်ထဲက ဖရဲသီးနဲ့ ပုံဖော်ထားတာပါ
ဖန်တီးရှင်နံမည်က Thein Naingပါ။။
Patricia Lun Lun



ဒီကနေ့လက်ရှိစစ်ခေါင်းဆောင်တစုနဲ့နောက်လိုက်နောက်ပါတွေကို အကြံပေးပါရစေ..ခင်ဗျားတို့လက်ထဲဆုတ်ထားတဲ့ ရွှေငွေရတနာကျောက်သံပတ္တမြားတွေကို ယူချင်သလောက်ယူ..ဟိုဗျားး..လေယာဉ်ပျံတွေလည်း ယူသွားဗျာ..ကြိုက်တဲ့နေရာသွား ..ဒါပေမဲ့မိမိအတ္တအကျိုးအတွက် ကျုပ်တို့တိုင်းပြည်ကိုတော့ဆက်ပြီး မဖျက်ဆီးကြပါနဲ့..တော့..
နောက်ဆုံးကုန်ကုန်ပြောရရင် ကျုပ်တို့ဟာကျုပ်တို့ ဂျောက်ထဲကျရင်လည်းကျသွားပါစေတော့..ကျွန်တော်တို့မှာကိုယ်ပိုင်စွမ်းအားရှိတဲ့တနေ့..
ကိုယ့်ဘာသာကိုယ် ဂျောက်ထဲကပြန်တက်လာမယ်..ဟုတ်တယ်..အခုဥစ္စာက ခင်ဗျားတို့က၀င်ကယ်လေလေ..ကျုပ်တို့က ပိုပိုနက်တဲ့ ဂျောက်ထဲကျသွားလေလေဖြစ်နေတာပေါ့..
ဗိုလ်ချုပ်ကြီးများခင်ဗျား..ကျွန်တော်ပြောတာကြားရဲ့လား


ဤဆောင်းပါး၌ ကျွန်တော်ရေးလိုသည့် အကြောင်းအရာမှာ မြန်မာနိုင်ငံတွင် မည်ကဲ့သို့ မတရားမှုတွေ ဖြစ်ခဲ့သနည်း။ ယင်းမတရားမှုများကို မည်သို့ တရားမျှတအောင် လုပ်ကြမည်ဆိုသည်ပဲ ဖြစ်ပါသည်။ တရားမျှတအောင်လုပ်သည်ဟု ဆိုရာတွင် “ဘာတွေ ဘယ်လို ဖြစ်ခဲ့သည်ဆိုသည်” ကို ပြည်သူများကို ဖွင့်ချပြီး ပြည်သူ၏အဆုံး အဖြတ်ကို ခံယူနိုင်ဖို့ လိုပါသည်။

(၁) သာသနာ့အဆောက်အအုံများကို မတရားသိမ်းပိုက်ထားခြင်း

သာသနာရေးနှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် ဦးနေဝင်းက ဘုန်းကြီးထုနှင့် ကျောင်းသားထုကို အလွန်ကြောက်ခဲ့သည်။ ထို့ကြောင့် ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို ဖေါက်ခွဲဖျက်စီးပြီး ကျောင်းသားထုကို ဦးချိုးခဲ့သည်၊ ထို့နောက် သာသနာတော် သန့်ရှင်းရေးကို အကြောင်းပြပြီး သံဃာတော်များကို ထိန်းချုပ်ရန် သံဃာ့မဟာနာယက အဖွဲ့ကို ဖွဲ့စည်းပြီး အစိုးရက နောက်မှနေ၍ ကြိုးကိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်တွင် လေးငါးသိန်းခန့် ရှိသည့် သံဃာထုကြီးသည် ညီညွတ်ခဲ့လျှင် စစ်အာဏာရှင်ကို အံ့တုနိုင်သည်အထိ အင်အားရှိသည့် အရည်အတွက်ကြောင့် ဖြစ်သည်။ ဦးသန်းရွှေနှင့် ဗိုလ်ခင်ညွန့်တို့ လက်ထက်တွင် သံဃာထုနှင့် မဟာနာယကဟု ခွဲပြီး ကစားလာခဲ့သည်။ မဟာနာယကအဖွဲ့ကို ကား၊ မြေ စသည့် လှူဘွယ်များ လှူဒါန်းပြီး အစိုးရက မြှောက်စားသည့်အခါ မဟာနယကကိုယ်တော်ကြီးအချို့ တရားမေ့ပြီး လောဘတက်ကာ အဝိဇ္ဇာဖုံးလွှမ်း သွားတော့သည်။ အစိုးရက သာသနာ့ဘွဲ့ထူးဂုဏ်ထူးဆောင်ချီးမြှောက်ပြီး လာဘ်ထိုး မြှောက်ပင့်သည့်အတွက် မဟာနာယကများသည် မိမိတို့ ရဟန်းသံဃာတော်များကို ထောင်သွင်းအကျဉ်းချခံရသော်လည်း နှုတ်ဆိတ်နေပြီး သင်္ကန်းချွတ်လည်း မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုခဲ့ကြသည်။ အဆိုးဆုံးမှာ ပြည်သူ့ဖက်က ရပ်တည်ပြီး ဗုဒ္ဓတရားဓမ္မကို ဟောကြားခဲ့သည့်သံဃာတော်များကို တရားဟောခွင့်ပိတ်ပင်သည့်အထိ အတင့်ရဲလာခဲ့သည်။ အစိုးရကို ဗြောင်ဖါးလာသည့် အဆင့်ရောက်လာခဲ့ခြင်းသည် သာသနာတည်တံ့ခိုင်မြဲရေးအတွက် အလွန် အန္တရာယ်ကြီး ပါသည်။

မကြာခင်က တာမွေရှိ မဟာသန္တိသုခဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးနှင့် ပတ်သက်သည့် သာသနာရေးဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ်၊ ၃ လ၊ ၂၅ ရက် အင်္ဂါနေ့၌ မဟာသန္တိသုခကျောင်းအတွင်းရှိ ဆွမ်းစားဆောင်၌ ပြုလုပ်ခဲ့ပါသည်။ ထိုပွဲကို ပီနန်ဆရာတော်ကြီး၊ ဦးပါမောက္ခ၊ ဦးဝီရသူ စသည့် ဆရာတော်သံဃာတော် အပါး ၃၀၀ ခန့်နှင့် ကိုမင်းကိုနိုင်၊ ကိုဇင်ဝိုင်း၊ ကိုမိုးသီးဇွန်စသော တပည့်ဒကာ၊ ဒကာမများ တက်ရောက်ခဲ့ကြပါသည်။

ကျောင်းပိုင်မဟုတ်သော မဟနဆရာတော်ကြီးများက ပီနန်ဆရာတော်ကြီးကို မတ်လ ၃၁ ရက်နေ့တွင် ထွက်ခွာပေးရန် ခြိမ်းခြောက်နှင်ထုတ်သည့်စာကို ထုတ်ပြန်ခဲ့ခြင်းအပေါ် ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတိုက်မှ မတ်လ ၃၁ ရက်နေ့တွင် ထွက်ခွာပေးနိုင်မည် မဟုတ်ကြောင်း၊ မတရားသော နည်းလမ်းများဖြင့် ကျောင်းတိုက်ကို သိမ်းပိုက်ပါက တစ်နိုင်လုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဦးစန္ဒာသီရိမှ ပြောဆိုခဲ့သည်။

နောက်ခံသမိုင်း

မဟာသန္တိသုခဗုဒ္ဓစင်တာသာသနာပြုကျောင်းတော်ကြီးသည် တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက် မြေ ၂ ဧက ပေါ်တွင် တည်ရှိပြီး ၁၉၉၆ ခုနှစ်တွင်ပီနန်ဆရာတော်ကြီး၏အမည်နှင့် ဂရန်ပေါက်ပြီးဖြစ်သည်။ ဆရာတော်ကြီးမှ ဒေါ်လာတစ်သိန်း တစ်သောင်းငါးထောင်၊ စင်္ကာပူရှိ ဆရာတော်တပည့် ဦးတိလောကမှ ဒေါ်လာတစ်သိန်း၊ လော့စအိမ်ဂျယ်လစ်ရှိ တပည့် ဦးသုဒ္ဓရမှ ဒေါ်လာတစ်သိန်း၊ ပီနန်မှ ဒကာမများမှ ဒေါ်လာတစ်သိန်း ထည့်ဝင်ကြပြီး ပြည်တွင်းရှိ ဒကာ၊ ဒကာမများက ဗုဒ္ဓဘာသာကို ကမ္ဘာလှည့်သာသနာပြုနိုင်ရန်အတွက် သံဃာ့တက္ကသိုလ်ကြီး ပေါ်ပေါက်လာရန် ကျပ်သန်းနှင့် ချီ၍လှူဒါန်းကြခြင်းသည် ဗုဒ္ဓသာသနာကို ကမ္ဘာတွင် ပြန့်းပွားလာစေရန်အတွက် ဖြစ်သည်။



ထိုဆယ်ထပ်ကျောင်းကြီးတွင် ဓါတ်လှေကားနှစ်စင်းနှင့် ခေတ်မှီစွာ တည်ဆောက်ထားသည်။ မူလရည်ရွယ်ချက်မှာ သံဃာတက္ကသိုလ်ကြီးတည်ထောင်ပြီး ဗုဒ္ဓဘာသာ ရဟန်းပ်ျိုများကို ပရိယတ္တိ၊ ပရိပတ္တိတို့ကို နိုင်ငံခြားစံချိန်မှီ သင်ကြားပေးရန်နှင့် နိုင်ငံခြားဘာသာရပ်များကိုပါ သင်ကြားစေပြီး ကျောင်းသင်တန်းဆင်း သံဃာတော်များ ကမ္ဘာအနှံ့ သာသနာပြုနိုင်ရန် ရည်ရွယ်ပြီး တည်ဆောက်ခဲ့သည်။ ကျောင်းတွင် ခေတ်မှီကွန်ပျူတာသင်တန်းများ၊ တရုတ်၊ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်ဘာသာများ သာသနာပြုလိုသည့် နိုင်ငံများရှိ ဘာသာရပ်များကို အမြင်ကျယ် ကျယ်ဖြင့် အမျှော်အမြင်ရှိရှိ သင်ကြားစေခဲ့ပြီး ဆွမ်းကွမ်းမှအစ အစစအရာရာ ပြည့်စုံစွာပေး ထားခဲ့သည်။ ရန်ကုန်အနီးအနားရှိ ကျောင်းတိုက်များမှ ရဟန်းပျို ၂၀၀၀ မှ ၃၀၀၀ အထိ လာရောက်ပညာသင်ကြားနေသည့် သာသနာ့တက္ကသိုလ်တွင် ခေတ်ပညာတတ်ရဟန်းပျိုများ များလာလျှင် သူတို့အစိုးရကို ခြိမ်းခြောက်မှုများ ရှိလာနိုင်သည်ဟုယူဆပြီး နိုင်ငံရေး လုပ်သည်ဟု အကြောင်းပြကာ ၂၀၀၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် ဗိုလ်ခင်ညွန့်က သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းမှာ သံဃာမဟာနာယကအဖွဲ့ကြီးသို့ ယာယီလွှဲပြောင်းပြီး ပေးခဲ့သည်။

သံဃာ့မဟာနာယကအဖွဲ့ကို ခေါင်းတပ်ပြီး သာသနာရေးဌာနအကြံပေး ဦးအံ့မောင်နှင့် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်တို့၏ သဘောတူခွင့်ပြုချက်ဖြင့် သာသနာရေးရည်မှန်းချက်ကြီးစွာထားသည့် ထိုအဆောက်အအုံကို မင်္ဂလာဆောင်ခန်းမအဖြစ် ငှားစားခြင်း၊ ထို့ထက်ဆိုးဝါးစွာ ကာရာအိုကေ အခန်းများငှားရမ်းခြင်း အထိ အတင့်ရဲစွာ စီးပွားရေး သောင်းကျန်းလာခဲ့သည်။ ထိုငှားရမ်းခမှာ တစ်နှစ်လျှင် သိန်း ၅ ထောင်ကျပ် အထိရရှိနေသည့်အတွက် သာသနာရေးဝန်ကြီးဌာနမှ လက်မလွှတ်နိုင် ဖြစ်နေသည်ဟု ယူဆသည်။ သံဃာမဟာနာယကအဖွဲ့ကြီးမှ အချို့သံဃာများသည် လာဘ်လာဘကို မွေ့လျော်နေပြီး မူလပိုင်ရှင် ပီနန်ဆရာတော်ကြီးလက်သို့ ကျောင်းကို ပြန်လည်မပေးအပ်လိုဘဲ သာသနာရေးဝန်ကြီးရုံး၏ အလိုကိုလိုက်ပြီး သဘောတူခဲ့သည့်အတွက် ဝန်ကြီးဌာနမှ ပီနန်ဆရာတော်ကြီးအား ကျောင်းတိုက်မှ မတ်လ ၃၁ ရက်နေ့တွင် ဆင်းပေးရန် အမိန့်ထုတ်ပြီး ဆုံးဖြတ်ခဲ့သည်။ ပီနန်ဆရာတော်ကြီးသည် ငွေကြေး မပူပင်ရ လောက်အောင် လှူတန်းသည့် ဒကာဒကာမများ နှင့်ပြည့်စုံသည့် ဆရာတော်ကြီးဖြစ်သည်။ ရွှေဝါရောင် အရေးအခင်းတွင် တက်ကြွစွာအားပေးပြီး အမေရိကနိုင်ငံတွင် ကွယ်လွန်သွား ရှာပြီ ဖြစ်သည့် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒနှင့်အတူ သာသနာ့မောလိအဖွဲ့ကြီးကို တည်ထောင်ပေးခဲ့သည့် အပြင် ဗုဒ္ဓဘာသာ သံဃာတော်များဖက်မှ အမြဲရပ်တည်ပေးခဲ့သည့် ဆရာတော်ကြီး ဖြစ်သည်။ ဆရာတော်ကြီး၏ ဆန္ဒမှာသူ၏ မူလရည်ရွယ်ထားသည့် သံဃာ့တက္ကသိုလ်ကြီး ဖြစ်ပေါ်လာရေးသာဖြစ်သည်။ ထိုအဆောက် အအုံကြီးကို ကိုယ်ကျိုးရှာ စီပွားရေးလုပ်ရန်မဟုတ်ဘဲ သာသနာပြုရန်အတွက် ရည်ရွယ်ဆောက်လုပ်ထားခြင်း ဖြစ်သောကြောင့် အလွန်ကြည်ညိုလေးစားထိုက်ပါသည်။ ဆရာတော်ကြီး၏ တရားမျှတစွာတောင်းဆိုမှုကို အစိုးရက မည်သို့တုံ့ပြန်မည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

သံဃာ့မဟာနာယကအဖွဲ့ကြီးမှ အစိုးရလုပ်ရပ်ကိုဆန့်ကျင်သည့်အတွက်သိမ်းပိုက်ခဲ့သည့် ကျောင်းတိုက်များအထဲမှ ထင်းရှားသောကျောင်းတိုက်များမှာ-

ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက်၊ ပန်းပဲတန်းမြို့နယ် မဟာသိမ်တော်ကြီးနှင့် ရန်ကင်းမဂ္ဂင်ကျောင်းတိုက်တို့ ဖြစ်သည်။


(၂) စက်ရုံအလုပ်ရုံ အိမ်ခြံမြေ၊ တိုက်ခန်းများကို တရားသိမ်းပိုက်မှု

တော်လှန်ရေးအစိုးရလက်ထက်၌ စစ်ဗိုလ်များက သူတို့စစ်ခေါင်းဆောင်က ဆိုရှယ်လစ်စနစ်နှင့် သွားမည်ဆိုသည့် အခါ ဘာမှန်း ညာမှန်းမသိ၊ ဘဲ “လစ်”လိုက်ကြသဖြင့် ပြည်သူပိုင်စက်ရုံအလုပ်ရုံများ ခါလီဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများဖြစ်ကြသည့် ယိုးဒယား၊ မလေးရှား၊ လာအိုနိုင်ငံများသို့ မြန်မာနိုင်ငံလုပ် အဝတ်အထည်၊ နိုင်လွန်၊ စာအုပ်စာရေးကိရိယာ တင်ပို့နေသည့် စက်ရုံအလုပ်ရုံများ ပိတ်ကုန်ကြသည်။ ယင်းခေတ်က ဟံသာအေးနိုင်လွန်၊ ကြက်ဆင်ဖဲထီးနှင့် ပိုင်းလော့ဖေါင်တိန်စက်ရုံများသည် ထုတ်ကုန်များကို ပြည်တွင်းတွင်မက ပြည်ပကိုပါ တင်ပို့ရသည့်စက်ရုံများ ဖြစ်သည်။ ထိုစက်ရုံအလုပ်ရုံများ အကုန်ပိတ်ကုန်ပြီး မလည်ပတ်နိုင်တော့ချေ။ အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ကုန်ကြသည်။ အလုပ်ရှင်များကို အရင်းရှင်တံဆိပ်ကပ်ပြီး အပုတ်ချခဲ့သော မဆလပါတီ၏ တင်းပြည့်ပါတီဝင် စစ်ခေါင်းဆောင်များသည် ယနေ့တွင် သူတို့ရှုံချခဲ့သော အရင်းရှင် ကြီးတွေဖြစ်လျှင်ဖြစ် မဖြစ်လျှင်လည်း သူတို့မွေးထားသည့် ခရိုနီများ၏ဝေစုနှင့် သန်းကြွယ်သူဌေးကြီးများ ဖြစ်နေကြပြီ။ ယခုအခါ သူတို့ အပုတ်ချထားသည့် ပြည်ပအရင်းရှင်တွေကို “လာပါယူပါ” နှင့် နိုင်ငံတွင်း၌ စက်ရုံအလုပ်ရုံများကို တည်ဆောက်ဖို့ လက်ယပ်ခေါ်နေကြသော်လည်း တချိန်က သူတို့မတရား သိမ်းပိုက် ထားခဲ့သော ပြည်တွင်းစက်မှုလုပ်ငန်းပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများကိုမူ ယနေ့အထိ ပြန်မပေးသေးချေ။ ပြန်မပေးသည့်အပြင် ယင်းလုပ်ငန်းပိုင်ရှင်များထဲတွင် နိုင်ငံခြားသားများပါဝင်ပြီး ယင်းတို့သည် နိုင်ငံခြားသို့ အပြီးထွက်သွား သူများဆိုလျှင် ဗိုလ်ချုပ်များက ခွဲဝေယူကြ အောက်ဈေးနှင့် ဖြတ်ယူပြီး ပေါက်ဈေးနှင့် ပြန်ရောင်းကြပြီး ဝေစားမျှစား လုပ်ခဲ့ကြသည် လုပ်နေစဲဖြစ်သည်။ နိုင်ငံခြားသား ပြန်သွားသူများ၏ခြံမြေများသည် ယနေ့အချိန်၌ အချောင်ရခဲ့ရင် နေ့ချင်းညချင်းသန်းကြွယ်သူဌေးကြီးတွေဖြစ်သွားနိုင်သည်ကို အများအသိပင်ဖြစ်သည်။ စက်ရုံအလုပ်ရုံ ပိုင်ရှင်များက အလုပ်သမားတွေကို ဂုတ်သွေးစုပ်နေကြသည်ဟု ဝေဖန်အပုတ်ချခဲ့သည့် စစ်ဗိုလ်ချုပ်များက ယနေ့အချိန်၌ စက်ရုံအလုပ်ရုံများသာမက လယ်သမားများပင် အတင်းအဓမ္မ ရွှေ့ပြောင်းပေးရသည့် အခြေအနေဖြစ်အောင် ပြည်သူများကို ဂုတ်သွေးတင်မက ခြေထောက်သွေးပါ ဖေါက်ပြီး ညှစ်ထုတ်ယူ နေကြခြင်းသည် အလွန်မတရားသည့်လုပ်ရပ်ဖြစ်သည်။ ယင်းမတရားမှုများကို တရားမျှတမှုရှိအောင် လုပ်နိုင်ခြင်းက အများပြည်သူမြင်နိုင်အောင် အစုလိုက် အထောက်အထားများနှင့် အမှုတစ်ခုချင်း ဖွင့်ချပြပြီး အစိုးရကို အများရှေ့၌ ဆုံးဖြတ်စေခြင်းသည် အကောင်းဆုံးဖြစ်မယ်ဟု ထင်သည်။ ဖြစ်သင့်သည်မှာ ပြည်ပက နိုင်ငံခြားသား လုပ်ငန်းရှင်များကိုတော့ လက်ယပ်ခေါ်နေခဲ့လျှင် ပြည်တွင်းလုပ်ငန်းရှင်တွေထံမှ မတရားသိမ်းထားသည့် ခြံမြေနှင့် စက်ရုံများကိုလည်း အရင်ဦးစားပေး ပြန်လည်ပေးဖို့ ဖြစ်သည်။ ကိုယ့်ပစ္စည်းလည်း မဟုတ်သလို ယခင် မဆလလက်ထက်က မတရားလုပ်ထားသည်ကို သိလျက်နှင့် မသိချင်ယောင်ဆောင်နေခြင်းသည် မဖြစ်သင့်သည့် ကိစ္စ ဖြစ်သည်။


ထို့ကြောင့် ငယ်ငယ်ကထည်းက ခင်မင်ရင်းနှီးခဲ့သည့်သူငယ်ချင်းတစ်ဦး၏ အဖြစ်အပျက်မှန်တခုကို အများပြည်သူ ဆုံးဖြတ်နိုင်ရန် တင်ပြလိုက်ပါသည်။ တချိန်က ပိုင်းလော့ဖေါင်တိန် အလုပ်စက်ရုံကြီးသည် ဂျမားလမ်းတွင်ရှိပြီး အလုပ်သမားများစွာနှင့်လည်ပတ်နေသောဖေါင်တိန်နှင့်မှင်ထုတ်လုပ်သည့်စက်ရုံကြီးဖြစ်သည်။ မြန်မာအမျိုးသမီးကြီး ဒေါ်ခင်ပြုံးက ပိုင်ဆိုင်ပြီး တော်လှန်ရေးကောင်စီစစ်အစိုးရက ၁၉၆၉ ခုနှစ်တွင် စက်ရုံကြီးကို ပြည်သူပိုင်သိမ်းခဲ့သည်။ ထိုစက်ရုံတည်ရှိရာ အမှတ် (၉/စီ) ဗိုလ်ချိုလမ်း (ယခင်ဂျမားလမ်း) မြေကွက်အဆောက်အအုံသုံးလုံးကို လေလံပစ်လျှင် မူလပိုင်ရှင်ကို အသိပေး ဦးစားပေးညှိုနှိုင်းမည်ဟု မြန်မာ့အလင်း သတင်းစာထဲ၌ (၁၃- ၂- ၂၀၁၁) နေ့ ရက်စွဲဖြင့် ကြေညာခဲ့သော်လည်း မူလပိုင်ရှင်ဖြစ်သူက မိမိပိုင်မြေကို လေလံပြန်ဆွဲသည့်အခါ မပေးဘဲ ထားခဲ့ပါသည်။ ထို့ပြင် ပုဇွန်တောင်မြို့နယ် အမှတ်(၂) ရပ်ကွက် အနော်ရထာလမ်း အမှတ် ၅၅/၆၃ အဆောင်အအုံ၏ အခန်း(၇) နှင့် အခန်း (၈) တို့ကို မူလပိုင်ရှင်အား ပြန်လည်ပေးအပ်သည်ဟု ဆိုသော်လည်း သမဝါယမမှ တရားမဝင် ငှားရမ်းထားပြီး သမဝါယမဝန်ကြီးထံ ပိုင်ရှင်မှ ထပ်ခါတလဲလဲ တင်ပြသော်လည်း နောက်ဆုံးတွင် နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်နှင့် သမ္မတရုံး၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကြောင်းပြန်လာသည်ဟု သိရသည်။ သို့ရာတွင် သမဝါယမဝန်ကြီးဌာနက ထိုအခန်းများကို နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်သို့ အပ်နှံထားခြင်းမပြုဘဲထားသဖြင့် ယင်းကော်မီရှင်က မည်သို့မျှ ပါဝင်ဆုံးဖြတ်နိုင်ခြင်းမရှိဘဲ မြောနေခဲ့သည်။ ဖြစ်နိုင်ချေရှိသည့်အကြောင်းမှာ သမဝါယမ ဝန်ကြီးဌာနမှ အထက်တန်းအရာရှိကြီးတစ်ဦးဦးက မောင်ပိုင်စီးနိုင်ရန် ကြံစည်နေခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။ အထက်ပါ အကြောင်းအရာနှစ်ခုသည် စာရွက်စာတမ်းများနှင့်တကွ ပိုင်ရှင်ရှိနေပါလျက်နှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များထံမှ သေနတ်ပြ (ဓါးမြတိုက်) လုယူပြီးနောက် ပြန်မပေးလိုဘဲ မောင်ပိုင်စီးလိုသဖြင့် မိမိ ပစ္စည်းကို အခြားသူများနှင့် လေလံပြိုင်ဆွဲခိုင်းပြီး လေလံအများဆုံးပေးနိုင်သူထက် မူလပိုင်ရှင်မှ ပိုဆောင်းပေးလျှင် ပြန်ပေးမည်ဟု သတ်မှတ်ထားခြင်းများလည်းရှိကြောင်း သိရသဖြင့် ထိုသူများသည် လူမှဟုတ်ပါလေစဟု တွေးမိ ပါတော့သည်။ ဖြစ်သင့်သည်မှာ မူလပိုင်ရှင်များကို ရှောရှောရှူရှူ ပြန်ပေးလိုက်ယုံပင်ဖြစ်သည်။ မူလပိုင်ရှင်က သူ့ပစ္စည်းကိုအပေါင်ထားသည်ဆိုလျှင် ပြန်ရွေးယူရမည်မှာ သဘာဝကျသော်လည်း မိမိသဘောမတူပါဘဲလျက် လုယူသွားခံရသည့် ကိုယ်မြေကိုယ်စက်ရုံကို လေလံဆွဲ၍ ပြန်ဝယ်ယူရဦးမည်ဆိုသည်မှာ ကိုယ်ချင်းစာ စိတ်မရှိသော လူ့တိရစ္ဆန်များ၏ လုပ်ရပ်သာဖြစ်သည်။ ဤအကြောင်းအရာမှာ စာရွက်စာတမ်း အထောက်အထား ခိုင်ခိုင်လုံလုံရှိသော အမှုကိစ္စများထဲမှ ဆွဲထုတ်လိုက်သည့် မတရားမှုတစ်မှုသာ ဖြစ်သည်။ ထိုကဲ့သို့ မတရားမှုမြောက်များစွာရှိနေသေးသည်။ ထိုမတရားလုပ်ခဲ့သူများ မိမိမတော်လောဘဖြင့်ရထားသော လက်ရှိသူတို့၏ အိမ်ယာများကို သိမ်းပိုက်ပြီး လေလံပြန်ဆွဲပြီး ယူပါဆိုလျှင် မည်သို့ခံစားရမည်နည်း။


နောက်ဆုံးတင်ပြချင်သည်မှာ အမေရိကန်နားနှာခေါင်းလည်ချောင်းဆေးရုံကြီးကို စစ်ရုံးနှင့်မလွတ်၍ ဆိုပြီးစစ်တပ်မှ သိမ်းယူခဲ့မှု ဖြစ်သည်။ ထို့နောက် စစ်ရုံးချုပ်နေပြည်တော်သို့ ရွှေ့သွားသောအခါ ထိုအများပြည်သူ အားကိုးရသည့် ရန်ကုန်မြို့လည်ရှိ ဆေးရုံကြီးကို မက်စ်ဇော်ဇော်အားပေးလိုက်သည်ဟု သိရသည်။ ဆေးရုံအထူးလိုအပ်နေသော လူဦးရေတိုးလာနေသည့် ရန်ကုန်မြို့လည်ခေါင်ကြီးတွင် ယင်းကဲ့သို့ ခေတ်မှီဆေးရုံမျိုး မလိုအပ်ပေဘူးလား ပြည်သူအတွက် မရှိသင့်ပေဘူးလား၊ မူလပိုင်ရှင်များသို့ နိုင်ငံခြားသားများဖြစ်စေ ပြည်သူဝန်ဆောင်မှုအတွက် ပြန်မပေးသင့်ပေးဘူးလား။ မက်စ်ဇော်ဇော်ကို မသိပါ၊ မုန်းတီးခြင်းလည်း မရှိပါ သို့ရာတွင် ပြည်သူ့ကျန်းမာရေးသည် လူတစ်ဦးတစ်ယောက်ပိုင်ဆိုင်မှုထက်ပို၍ အရေးကြီးသဖြင့် မူလနားနှာခေါင်းဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးသင့်ကြောင်းနှင့် မတရားသိမ်းပိုက်ထားသော လယ်ယာခြံမြေ၊အိမ်ယာ၊ ကျောင်း၊စက်ရုံများကို မူလပိုင်ရှင်များသို့ တရားမျှတစွာဖြင့် ပြန်လည်ပေးအပ်ပါက အဓမ္မမှုများ ကွယ်ပျောက်ပြီး တရားဓမ္မများ ပွားများလာပါလိမ့်မည်။


နိဂုံးအားဖြင့် ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့သည့် ပေါ်လစီအမှားကြောင့် တိုင်းပြည် ပြည်တွင်းကုန်ထုတ်လုပ်မှု ဇောက်ထိုးကျဆင်းခဲ့ခြင်းကို ပြင်သည့်အနေနှင့် စက်မှုလက်မှုလုပ်ငန်းများကို အားပေးလာခဲ့သည်။ ပြည်ပရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည်။ အဓိက ပြုလုပ်ရမည်မှာ ထိုအမှားကြောင့် နစ်နာခဲ့ရသည့် ပြည်တွင်းရှိလုပ်ငန်းရှင်များ၏ ပိုင်ဆိုင်မှုများကို ပြန်လည်ဝယ်ယူစရာမလိုဘဲ ပြန်ပေးခြင်းသာ ဖြစ်သည်။ ထိုသူများကို အစိုးရက တောင်းပန်သင့်သည်။ တတ်နိုင်လျှင်လျော်ကြေးပါပြန်ပေးသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ဦးသိန်းစိန်အစိုးရသည် စစ်အစိုးရ အသွင်ပြောင်းအစိုးရဖြစ်နေသောကြောင့် ဖြစ်သည်။ ပြည်တွင်းလုပ်ငန်းပိုင်ရှင်များ၏ ဥစ္စာပစ္စည်းများကို ပြန်မပေးဘဲ ပြည်ပမှလာရောက်သူများကိုသာ မျှော်နေခြင်းသည် အမေကျော်ဒွေးဒေါ်လွမ်းနေခြင်းသာဖြစ်သည်။ ပြည်တွင်းကိုလည်း အားပေးဖို့လိုသည်။

ထို့အတူ သာသနာရေးကိစ္စတွင်နိုင်ငံရေးလုပ်ပါသည်ဟုဆိုပြီး သံဃာ့မဟယနာယကအမည်သုံး၍ သိမ်းပိုက် ထားသော ကျောင်းများ စာသင်တိုက်များကိုလည်း ပွင့်လင်းလာသောခေတ်တွင် နိုင်ငံရေးသည်နိုင်ငံ့အရေး၊ နိုင်ငံ ကောင်းကျိုးအတွက်ဖြစ်သဖြင့် ရဟန်းတော်များလည်း ပါဝင်ဆွေးနွေးခွင့်ရှိရမည် ဖြစ်သည်။ ထိုနိုင်ငံရေးအရ ညစ်ပတ်သိမ်းဆည်းထားသောဘုန်းကြီးကျောင်းများကိုလည်း ပြန်လည်ပေးအပ်ဖို့ လိုပေသည်။ ဦးသိန်းစိန် အစိုးရသည် (Revolution) တော်လှန်ရေးဖြစ်ပြီးတက်လာသော အစိုးရမဟုတ်ချေ။ စစ်အစိုးရမှ တဖြည်းဖြည်း အသွင်ပြောင်းလဲလာနေသော (Evolution) အသွင်ပြောင်းအစိုးရသာဖြစ်သဖြင့် ယခင်စစ်အစိုးရများ၏ လုပ်ရပ်များကို တာဝန်ခံ၍ တရားမျှတစွာ ဖြေရှင်းပေးဖို့လိုသည်။ သို့မှသာ သူတို့ပေါ်လစီဖြစ်သည့် တဖြည်းဖြည်း ပြောင်းလဲခြင်း (Evolution) ပေါ်လစီအောင်မြင်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက တော်လှန်ရေး (Revolution) အသွင်ပေါ်ပေါက် လာနိုင်မည်ဖြစ်သည်ဟု သုံးသပ်သည်။ အစစ်အမှန်ငြိမ်းချမ်းရေးရချင်သလား။ တရားမျှတစွာ ပြုလုပ်ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မည်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

ကိတ်မုန့်တစ်လုံးကိစ္စနဲ့ အကြောင်းပြုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အကြောင်း လက်လှမ်းမီသလောက် စပ်စုမိတယ်။ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးက ဗိုလ်မှူးချုပ် ၀ဏ္ဏမောင်လွင် (DSA-16) ဖြစ်ပြီး ဒုဝန်ကြီးနှစ်ဦးရှိတဲ့အနက် တစ်ဦးက DSA(19)ဆင်း ဗိုလ်မှူးချုပ်တင်ဦးလွင် ဖြစ်ပါတယ်။ နိုင်ငံခြားရေး
ဝန်ကြီးဌာနမှ အရာရှိကြီး/ငယ်တွေထဲမှာလည်း ဗိုလ်မှူးကြီးသူရိန်သန့်ဇင်၊ ခွန်နိုင်နိုင်၊ ဇော်ဖြိုးဝင်း၊ ကျော်စွာဦး၊ကျော်တင်ရှိန် (DSA-36)၊ ကောင်းစံလွင် (DSA-37)၊ ဇော်ဝင်းထွန်း (DSA-38)၊ဘုန်းလင်းကြိုင် (DSTA-1)၊ မင်းသန်းလှိုင် (DSA-41)၊ နေထက် (DSA-42) စသကဲ့သို့ တပ်မတော်က ကူးပြောင်းလာသူတွေ ရှိပါတယ်။ ဒါက လတ်တလော မှတ်မိသလောက်ပါ။

လထညွှန်/ဒု-ညွှန်/ညွှန်မှူး ကဲ့သို့သော နေရာတွေမှာ အရပ်သား ၀န်ထမ်းတွေ အများအပြားရှိပေမဲ့ သံအမတ်ကြီးလို့ အဆင့်မြင့်နေရာ
ရဖို့တော့ ခဲယဉ်းပါတယ်။နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးတွေမှာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်သူ (၄၀) ကျော်ရှိတဲ့အနက် အများစုက တပ်မတော်ကနေ အသွင်ပြောင်း လာသူတွေ ဖြစ်ပါတယ်။ သံတမန်ရေးရာလုပ်ငန်းများ နှစ်ပေါင်းများစွာ ၀န်ထမ်းလာတဲ့ အရပ်သားပညာရှင် အများစုကတော့ သံမှူးကြီး၊ ညွှန်ချုပ်အဆင့်ေ
လောက်နဲ့ပဲ ကျေနပ်ရပါတယ်။ တချို့တလေကိုသာ သံအမတ်ကြီး နာမည်ထွက်ရုံ အငြိမ်းစား မယူခင် ခြောက်လ-တစ်နှစ်လောက် တာဝန်
ပေးပြီး အငြိမ်းစားပေးလိုက် တယ်လို့ ကြားဖူးပါတယ်။

လက်လှမ်းမီသလောက် စာရင်းလုပ်လိုက်တဲ့ မြန်မာသံအမတ်ကြီး
တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ လိုတာရှိလည်း ဖြည့်စွက်
ကြပါ။

(၁) ကမ္တောဒီယားနိုင်ငံ-သံအမတ်ကြီး - ဗိုလ်မှူးချုပ်ချိုထွန်းအောင်(OTC-5)
(၂) အင်ဒိုနီးရှားနိုင်ငံ+တီမောနိုင်ငံ-သံအမတ်ကြီး - ဗိုလ်မှူးချုပ်စံမြင့်ဦး
(DSA-21)
(၃) တရုပ်နိုင်ငံ-သံအမတ်ကြီး - ဗိုလ်မှူးချုပ်သစ်လင်းအုန်း(DSA-25)
(၄) ဂျာမနီ+သြစတြီးယား+ဖင်လန်+ချက်+ပိုလန်နိုင်ငံ- သံအမတ်ကြီး-ဗိုလ်မှူးချုပ်စိုးနွယ် (DSA-19)
(၅) နယူးဇီလန်နိုင်ငံ+သြစတေးလျနိုင်ငံ - သံအမတ်ကြီး - ဗိုလ်မှူးချုပ်
မင်းသိန်း (DSA-17)
(၆) ဂျပန်နိုင်ငံ-သံအမတ်ကြီး- လေ ၁၆၇၈၊ ဗိုလ်မှူးချုပ်ခင်မောင်တင်
(၇) ကိုရီးယားနိုင်ငံ - သံအမတ်ကြီး - ဗိုလ်မှူးချုပ်ညွန့်လှိုင်(OTC-2)
(၈) ဘင်္ဂလားဒေ့ရှ်နိုင်ငံ-သံအမတ်ကြီး - ရေ ၁၂၄၈၊ ဗိုလ်မှူးချုပ်မျိုးမြင့်သန်း
(၉) အိန္ဒိယနိုင်ငံ - သံအမတ်ကြီး- ဗိုလ်မှူးချုပ်အောင်ခင်စိုး(DSA-19)
(၁၀) ဗီယက်နမ်နိုင်ငံ-သံအမတ်ကြီး - ဗိုလ်မှူးကြီးဝင်းလှိုင်
(၁၁) သီရိလင်္ကာနိုင်ငံ+မော်လဒိုက်နိုင်ငံ - သံအမတ်ကြီး - ဗိုလ်မှူးချုပ်
မင်းသိန်းဇံ (DSA-23)
(၁၂) ပြင်သစ်နိုင်ငံ - သံအမတ်ကြီး - ဗိုလ်မှူးကြီးဟန်သူ
(၁၃) အစ္စရေးနိုင်ငံ- သံအမတ်ကြီး - ဗိုလ်မှူးချုပ်မျိုးအေး(DSA-22)
(၁၄) တူရကီ+အီဂျစ်+မော်ရိုကိုနိုင်ငံ-သံအမတ်ကြီး - ဗိုလ်မှူးချုပ်
သူရသက်ဦးမောင် (DSA-22)
(၁၅) ကူဝိတ်နိုင်ငံ - သံအမတ်ကြီး - ဗိုလ်မှူးချုပ်အေးခိုင် (OTS-63)
(၁၆) ထိုင်းနိုင်ငံ -သံအမတ်ကြီး- ဗိုလ်မှူးချုပ်ဝင်းမောင်
(၁၇) စင်္ကာပူနိုင်ငံ-သံအမတ်ကြီး - ဗိုလ်မှူးချုပ်ဌေးအောင်(DSA-19)
(၁၈) ဆော်ဒီအာရေဗျနိုင်ငံ-သံအမတ်ကြီး-ဗိုလ်မှူးချုပ်ကိုကိုလတ်(OTC-9)
(၁၉) တောင်အာဖရိကနိုင်ငံ+နိုင်ဂျီးရီးယားနိုင်ငံ - သံအမတ်ကြီး - ဗိုလ်မှူးချုပ်မြင့်နောင် (OTC-7)
(၂၀) ရုရှ+ယူကရိန်းနိုင်ငံ - သံအမတ်ကြီး - ဗိုလ်မှူးချုပ်တင်ယု(DSA-21)
(၂၁) ဆားဗီးယား+ဆလိုဗက်+ဟန်ဂေရီနိုင်ငံ - သံအမတ်ကြီး - ဗိုလ်မှူးချုပ်ဇော်ထွန်း(DSA-19)
(၂၂) ဘယ်လ်ဂျီယမ်+နယ်သာလန်+ဥရောပသမဂ္ဂ - သံအမတ်ကြီး - ဦးပေါ်လွင်စိန်(ဒုလထစစ်ဥပဒေချုပ်-၁၉၇၈)
(၂၃) အင်္ဂလန်+မြောက်အိုင်ယာလန်+ဒိန်းမတ်-သံအမတ်ကြီး - ဗိုလ်ချုပ်
ကျော်စွာမင်း(DSA-22)
(၂၄) ဘရာဇီး+အာဂျင်တီးနား+ချီလီနိုင်ငံ - သံအမတ်ကြီး - ဗိုလ်မှူးချုပ်
ထွန်းနေလင်း(OTS-61)
(၂၅) အမေရိကန်နိုင်ငံ - သံအမတ်ကြီး- ဗိုလ်မှူးကြီးကျော်မျိုးထွဋ်(DSA-22)
(၂၆) မလေးရှားနိုင်ငံ-သံအမတ်ကြီး - ဦးသာအောင်ညွန့်
(၂၇) ဘရူနိုင်းနိုင်ငံသံအမတ်ကြီး - ဒေါ်ယဉ်ယဉ်မြင့်
(၂၈) မက္ကဆီကို+ကျူးဘား+ကုလသမဂ္ဂ - သံအမတ်ကြီး - ဦးကျော်တင်
(၂၉) အီတလီ+ရိုမေးနီးယား+ပေါ်တူဂီ+ဟယ်လင်းနစ်နိုင်ငံ -
သံအမတ်ကြီး - ဦးတင့်ဆွေ
(၃၀) ကနေဒါနိုင်ငံ - သံအမတ်ကြီး - ဦးဟောက်ဒိုဆွမ်း

Credit - Moe Zay Nyein

ဦးဝင်းတင်ရန်ကုန်ဆေးရုံကြီးမှာစတက်ကတည်းကအခြေအနေတွေ ကို ကျွန်တော်အမြဲမပြတ်လေ့လာခဲ့ ပါတယ်။ ဖြစ်တဲ့ရောဂါကကျောက်ကပ်ပျက်ဆီးတာ။ပျက်စီးမှာပေါ့။ ထောင်ထဲမှာ နှစ်ပေါင်းများစွာနေခဲ့ရတယ်။
နည်းမျိုးစုံနဲ့အညှင်းဆဲခံခဲ့ရတယ်။ လူမဆန်တဲ့နှိပ်စက်မှု့တွေခံခဲ့ရတယ်။ ထောင်စကျတာ ၁၉၈၉ . လွတ်တော့၂၀ဝ၈..
၁၉နှစ်ကျော်မသန့်ရှင်းတဲ့အစာနဲ့ရေ၊ ညစ်ပတ်တဲ့အခန်း၊ စိတ်ဓါတ်ဖိစည်းမှု့ ဒါတွေက ဦးဝင်းတင်ကို မသေသေအောင် လုပ်ခဲ့တာပဲ။ စိတ်ဓါတ်ကဆောင်နေတော့ဦးဝင်းတင်ဒီအထိ အသက်ရှင်နိုင်ခဲ့တာ။ ဒေါ် စုနဲ့တချို့အကြောင်းတွေမှာသဘောထားမတိုက်ဆိုင်ပေမဲ့
နှစ်ဦးစလုံးကတဦးပေါ် တဦးလေးလေးစားစားဆက်ဆံခဲ့ကြတယ်။

ဥပမာ...
၂၀၁၀ ရွေးကောက်ပွဲဝင်တာဦးဝင်းတင်သဘောမတူဘူး။ ဒါပေမဲ့ဒေါ် စု ကဝင်သင့်လို့ ဝင်ခဲ့
တာကိုဘာမှမကန့်ကွက်ခဲ့ဘူး။ ဦးဝင်းတင်ဆေးခါးကြီးတွေမကြိုက်ပေမဲ့မျိုချခဲ့ရတာများလှပြီ။
ဒါဘာလဲဆိုတော့အများကလုပ်သင့်တယ်လို့ ယူဆတော့ဒီမိုကရေစီအရသူပဲအရှုံးပေးခဲ့တာပါ။
ဒေါ် စု ကိုတော့ဦးဝင်းတင်အကြွင်းမဲ့ယုံကြည်တယ်လို့ ယူဆရပါတယ်။

ဒေါ် စု ကိုပက်ပက်ဆက်ဆက်ဆန့် ကျင်နေတဲ့ ဦးဝီရသူကို လူချင်းတွေ့ ပြီးဆွေးနွေးလိုက်တာ
ဦးဝီရသူ ဒီကနေ့အထိပါးစပ်ပိတ်သွားတယ်။

ဦးဝင်းတင်ဆေးရုံစတက်တော့ဒေါ် စု ကဆေးရုံမသွားဘူး၊ ဘာညာဝင်မွှေကြသေးတယ်။
ဒေါ် စု ကပိုအရေးကြီးတဲ့အလုပ်လုပ်နေတာမသိကြဘူး။ နိုင်ငံခြားကပြန်လာတော့ချက်ချင်း
သွားတွေ့ တယ်။ဦးဝင်းတင်အခြေအနေမဟန်တော့ဘူးဆိုတာသိနေတယ်။ ဦးဝင်းတင်ကိုယ်
တိုင်ကလည်းသူ့ ကိုယ်သူသိနေတော့ ဒေါ် စု ဆက်လုပ်ရမဲ့ကိစ္စတွေမှာခဲ့တယ်။

ထူးခြားတာကတော့ချမ်းမြေ့ဆရာတော်ကြီးကိုယ်တိုင်ဆေးရုံ ကြွလာပြီးမေတ္တာတွေပေးသွား
တယ်။ ဦးဝင်းတင်ကောင်းသောဘုံကိုရောက်မှာပါ။

ဦးဝင်းတင်တယောက်ဒေါ် စု နိုင်ငံခြားကပြန်လာတဲ့အထိ စိတ်ဓါတ်ခိုင်မာစွာနဲ့စောင့်နေပြီး
မှာချင်တာတွေမှာပြီးသကာလ ချမ်းမြေ့ဆရာတော်ကြီးရဲ့မေတ္တာကိုခံယူပြီးစိတ်လျှော့လိုက်တာ
အသက်ပါ ပါသွားတယ်လို့ ကျွန်တော်ထင်မိပါတယ်။

ဘာဖြစ်ဖြစ်ပါ။ ဝဋ်မှာအမြဲ ငရဲမှာအပ တဲ့။ ဝဋ်ဆိုတာဘဝမကူးပါဘူး။ ဦးဝင်းတင်ကိုသေတဲ့
အထိလုပ်ခဲ့တဲ့ ဘိုခင်ညွန့်ရေ။ အလှဲ့ကျရင်မနွဲ့ စတမ်းနော်။

Ba toe(MMCP)

ယနေ့နံနက် ၁၀း၀၀ နာရီတွင် ကျောက်ကုန်းတွင်ပြုလုပ်သော ဘဘဦးဝင်းတင်ရက်လည်ဆွမ်းကျွေးသို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ခဲ့ပါတယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်အသက်ရှင်စဉ်ကနေထိုင်ခဲ့တဲ့ရန်ကင်း ကျောက်ကုန်း ခြံနံပါတ(်၁၀) မိသားစုဝင်များနှင့်တွေ့ဆုံစကားပြောနေစဉ်။
Photo Myo Khine


NLD ရွှေဂုံတိုင်ရုံးချုပ် ရှေ့ ဦးဝင်းတင် ရက်လည်ဆွမ်းကျွေးအလှူ မြင်ကွင်း၊ ဓာတ်ပုံ- ဧရာဝတီ
ကွယ်လွန်သူ NLD နာယက ဆရာဦးဝင်းတင်ကို ရည်စူးပြီး ရက်လည် ဆွမ်းသွပ်အမျှဝေပွဲတွေကို ဒီကနေ့ ရန်ကုန်မြို့က နေရာ ၃ ခုမှာပြု လုပ်နေကြသလို အမေရိကန်ပြည်ထောင်စုမှာလည်း နေရာ ၂ ခုမှာ မနေ့က ကျင်းပခဲ့ကြပါတယ်။

ရန်ကုန်မြို့ရွှေဂုံတိုင်လမ်း NLD ဌာနချုပ်မှာကျင်းပတဲ့ ဆွမ်းကျွေးပွဲကို နာယက ဦးတင်ဦး ဦးဆောင် ကျင်းပ နေတဲ့အကြောင်း ကိုရာဇာက RFA ကိုပြော ပါတယ်။

"အခုကျနော်တို့ ရုံးချုပ်မှလည်း ဆွမ်းကျွေး အခမ်းအနား လုပ်နေတာ နောက် ပြီးတော့ ဗဟန်းစိန်ချယ်လမ်း အိမ်အမှတ် (၃ဝ) မှာလည်း အဘရဲ့ဦလေး ဦးမျိုးကျော်ပေါ့နော် သူ့အိမ်မှာလည်းလုပ်တယ် နောက် အဘနောက်ဆုံးနေခဲ့ တဲ့ တပင်ရွှေထီးလမ်း ခြံအမှတ် (၁ဝ)က ကျောက်ကုန်းကအိမ်မှာလည်း ဆွမ်းကျွေး တပြိုင်နက်တည်း လုပ်နေတယ် ရုးံချုပ်မှာတော့(၇)နာရီ က (၁၁)နာရီအထိ အခမ်းအနားသဘောမျိုးလုပ်မယ် ၊ရုံးချုပ်မှာတော့ အခမ်း အနားဆိုတဲ့အခါကျတော့ စကားပြောကြဦးမယ်ပေါ့၊အဘရဲ့ အမှတ်တရ ကိစ္စလေးတွေရှိမယ် "

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ဇေတဝန် ဘုန်းကြီးကျောင်းမှာကျင်းပတဲ့ ဆရာ ဦးဝင်းတင်အတွက် ဆွမ်းကျွေးပွဲကို NLD နဲ့ ABSDF အဖွဲ့ဝင်ဟောင်းတွေ၊ တိုင်းရင်းသားတွေအပါ အဝင် မြန်မာနိုင်ငံသား ၆ဝ ခန့်လာရောက်ခဲ့ကြတယ်လို့ ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်း သူဟောင်း ဒေါ်ခင်စန်းနွယ်က ပြောပါတယ်။

"ဘဘဦးဝင်းတင်ကိုချစ်ကြတဲ့ နိုင်ငံရေးတော်လှန်ရေးသမားတွေ လာကြပါ တယ်၊ ကျမတို့အားလုံး တစ်အိမ် တစ်ယောက်တစ်ခွက်ပေါ့နော် အားလုံးစု ပြီးတော့ပေါ့နော် စုပေါင်းပြီးတော့ပေါ့နော် ဘုန်းကြီးတွေ (၇)ပါးကို ဆွမ်းကပ် ပါတယ်၊ကျမတို့ အမှတ်တရအောက်မေ့ဖွယ် အခမ်းအနားလေး တစ်ခုကို လည်းလုပ်လိုက်ပါတယ် ၊ကိုရဲရင့်ကျော်၊ကိုသိန်းအောင်ကျော်ပေါ့နော် သူက ဘဘဦးဝင်းတင်နဲ့အတူ အင်းစိန်ထောင်မှာတိုက်ပိတ်တဲ့ အချိန်မှာပေါ့နော် အင်မတန်ဆိုးတဲ့ ၁၉၉ဝ၊၁၉၉၁ ကာလတွေမှာ တိုက်ပိတ်ခံရပြီးတော့ အဲ့ဒီအခန်းကျဉ်လေးထဲမှာ ကျားရဲကဗျာကို စပ်ခဲ့ရတဲ့အကြောင်းလေးတွေကို သူကနေရှင်းပြတဲ့အခါ ကျမတို့မှာမျက်ရည်တောင်လည်ရပါတယ် ၊ပြီးတဲ့အခါ ဘဘဦးဝင်းတင်ရဲ့ ကိုယ်ရေးအတ္ထုပတ္တိကို ဖတ်ပါတယ်၊ပြီးတဲ့အခါမှာ NLDLA အတွင်းရေးမှူးဟောင်း လုပ်ခဲ့တဲ့ ဦးတင့်ဆွေကနေ ပြီးတော့ နိုင်ငံရေး လှုပ်ခြားမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘဘ ဦးဝင်းတင် ပါနေရာပေး ပြီးတော့ အင်မတန် လေးစားတယ် ဆိုတာ သူကပြောပြသွားတယ်"

နယူးယောက်ပြည်နယ် အယ်လ် ဘန်နီမြို့ ဓမ္မအောင်မြေဘုန်းကြီးကျောင်း မှာ ပြုလုပ်တဲ့ဆွမ်းကျွေးပွဲနဲ့ ပတ်သက်လို့ လဲ ABSDF ရဲဘော်ဟောင်း ကိုဂျာကြီးက အခုလိုပြောပါတယ်။

"ဘဘကြီးဦးဝင်းတင် ဆုံးသွားတဲ့အပေါ်မှာ ကျနော်တို့ ABSDF ရဲဘော်ဟောင်းတွေရယ် ၊နိုင်ငံရေးအကျဉ်း သားဟောင်းတွေရယ် ၊လူ့ဘောင်းသစ်ပါတီက ရဲဘော်ဟောင်းတွေရယ် အကုန်လုံးစုပြီးတော့ ဘုန်းကြီးကျောင်းနှစ်ကျောင်းမှာ ဘဘကြီးဦးဝင်းတင်အတွက် ကို ကောင်းမှု ကုသိုလ်ပြုလုပ်ပါတယ် အခမ်းအနားမှာဘဘကြီးဦးဝင်းတင်ကို ဂုဏ်ပြုသော အားဖြင့် လေးစားသောအားဖြင့် ကျနော်တို့ တစ်မိနစ် ငြိမ်သက်ပြီးတော့ ဦးညွတ် ဂုဏ်ပြုကြတယ်ပေါ့ နောက်ဆုံးကျနော်တို့ ဓမ္မအောင်မြေ ဆရာတော်ဘုရားက ဘဘဦးဝင်းတင်ဖောင်ဒေးရှင်းက ချမှတ်ထားတဲ့ အလှူငွေတွေကိစ္စနဲ့ ပတ်သက်ပြီးတော့ ကောက်ခံပါတယ် အဲ့မှာရောက် လာကြတဲ့ တက်နိုင်သလောက် ကျနော်တို့ ရဲဘော်တွေကနေပြီး ဘဘဦးဝင်းတင်ဖောင်ဒေးရှင်း အတွက်ကို အလှူငွေတွေ ထည့်ကြပါတယ်"

အလားတူ ဒီနေ့ညနေမှာ အမေရိကန်ပြည်ထောင် စုမေရီလန်းပြည်နယ် မှာနေထိုင်တဲ့ မြန်မာတွေကလဲ ဆရာ ဦးဝင်းတင်အတွက် ဆွမ်းကပ်ကြ မှာဖြစ်သလို ၊ အခြား နိုင်ငံတချို့မှာလဲ ဆွမ်းကျွေးပွဲပြုလုပ်ကြမယ် လို့သိ ရပါတယ်။

RFA
“ချင်းတွင်းမြစ်ထဲသို့ လွမ်းသူပန်းများ မျှော၍ ဘဘဦးဝင်းတင် အတွက် ဆုတောင်း”
( ၂၇ - ၄ - ၂၀၁၄ ) တနင်္ဂနွေနေ့ မော်လိုက်မြို့။
photo.. Artist Mawlaik,Ohnmar saw,Sunny
တောင်ကြီးမြို့၊
ဘဘဦးဝင်းတင်အားရည်စူး၍ဆွမ်းကပ်လှူပြီးနောက်ဂုဏ်ပြုအလေးပြုကြစဉ်။
ဘဘကောင်းမွန်သောဘုံသို့ရောက်ရှိနိုင်ပါစေ။

သတင်းစာဆရာတစ်ဦး၏ရဲဝံ့ပြောင်မြောက်သော သမိုင်းမှတ်တမ်း

 
မြန်မာသံတော်ဆင့်နှင့် အာဏာရကြံ့ခိုင်ရေးပါတီအတွင်း ဗဟိုအလုပ်အမှုဆောင်များက ဆရာကြီးဟု ခေါ်ဆိုခြင်း ခံရသူ ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း တွေ့ဆုံခဲ့စဉ်က ပြောကြားခဲ့သည်များကို မြန်မာ သံတော်ဆင့်အပတ်စဉ် သတင်း၌ ထည့်သွင်းဖော်ပြခဲ့သည်။ ဦးအောင်သောင်း ၏ ပြောကြား ချက်များ၌ NLD ပါတီအပေါ် အာဏာရကြံ့ခိုင်ရေး ပါတီ၏ သဘောထားများ ထင်ဟပ်နေရာ NLD သဘာပတိ သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင် အား မြန်မာသံတော်ဆင့်မှ သွားရောက်တွေ့ဆုံ၍ သဘောထား မှတ်ချက် တောင်း ခံခဲ့ပြီး မြန်မာသံတော်ဆင့်၌ပင် ပြန်လည်ထည့်သွင်း ဖော်ပြခဲ့ပါသည်။

မြန်မာ့နိုင်ငံရေး နယ်ပယ်၌ နေတစ်ဆူ၊ လတစ်ဆူကဲ့သို့ ထင်ရှားကျော်ကြားလှသည့် ကမ္ဘာကျော် မြန်မာ သတင်းစာ ဆရာကြီးဟံသာဝတီဦးဝင်းတင်နှင့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ နောက်ကွယ်မှ ကြိုးကိုင် နေသည် ဟု နာမည်ကြီးနေသော ဆရာကြီး ဦးအောင်သောင်းတို့ မူဝါဒပိုင်းဆိုင်ရာ နိုင်ငံရေး စကားစစ်ထိုးပွဲ တစ်ရပ် အသွင်ဖြင့် ထိုစဉ်အခါက သတင်းမီဒီယာ များ၌ ပွက်လောရိုက်ခဲ့သည်။ မြန်မာစာနယ်ဇင်းလောကတွင် သံတော်ဆင့် သတင်းစာ ထင်ရှားစဉ်က အယ်ဒီတာတစ်ဦးဖြစ်ခဲ့သည့် ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ရဲရဲတောက် တုံ့ပြန်ဝေဖန်မှု များအလယ် ပြန်လည်ဖြေရှင်းရသည့် အာဏာရကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း အနေဖြင့် တစ်ချိန်တစ်ခါက အစိုးရအဖွဲ့နှင့် မြန်မာ့နိုင်ငံရေးလောက အတွင်း သြဇာအာဏာ ကြီးမားခဲ့သော အခြေအနေကို ပြည်သူ့ဘက်တော်သား ရဲရဲတောက် သတင်းစာဆရာတစ်ဦးကြောင့် ယခုအခါ ပြန်မရနိုင်တော့သည့် နိုင်ငံရေး သံဝေဂ ယူဖွယ်ရာဖြစ်ခဲ့ရသော သတင်းမှတ်တမ်းအနေဖြင့် ဧပြီ ၂၁ ရက်တွင် ကွယ်လွန် အနိစ္စရောက်သွားသော ဆရာကြီးဟံသာဝတီဦးဝင်းတင်ကို ဂုဏ်ပြု၍ ပြန်လည်ဖော်ပြလိုက်ပါသည်။…

ခင်ဗျားတို့ကော ဘယ်လိုလုပ်ခဲ့လဲ။ တိုင်းပြည်ကပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် ခိုးဖို့ဝှက်ဖို့လုပ်၊ သိုလှောင် ထားပြီး ချမ်းသာနေတာမဟုတ်လား။ ခင်ဗျားတို့ပိုင်ဆိုင်မှုတွေ ထုတ်ပြနိုင်သလား။ အဲသလိုယှဉ်ပြီးမေးရင် သူတို့ဘယ်လိုဖြေမလဲ . . .
ဟံသာဝတီဦးဝင်းတင်
ပြောကြားချက်များ -
မူအကြောင်း၊ လူအကြောင်း

ဦးအောင်သောင်းပြောတာဟာ ပါတီတစ်ခုနဲ့ ပါတီတစ်ခု မူဝါဒတွေအရ ပုတ်ခတ်တယ်၊ ဆန့်ကျင်ပြောတယ်။ အတင်းချ ပြောတယ်ဆိုတာမျိုးဆိုရင်တော့ ဒါကပြော လို့ရတယ်။ မူဝါဒတွေမတူဘူးလေ။ သူ့ ပါတီက လုပ်တဲ့ဟာကတော့ ကောင်းကျိုး မပေးဘူး။ တို့ပါတီက လုပ်တာမှကောင်း တယ်ဆိုတာမျိုးလေ။ ဒီလို လူပုဂိ္ဂုလ်တွေ တိုက်တဲ့ဟာကတော့ နိုင်ငံရေးအရဆိုရင် တော့ မကောင်းဘူးဗျ။
ကျွန်တော်လည်း ကြံ့ဖွံ့ကို ဆန့်ကျင်တာတွေရှိတယ်။ ပေါ်လစီအရ ဆန့်ကျင်တဲ့ အရာတွေ ကျွန်တော် ပြောတယ်။ ဘယ်သူက ဘယ်လိုဆိုတဲ့ဟာတွေတော့ ကျွန်တော် လည်း ဘယ်တုန်းကမှ မပြောခဲ့ဘူး။

အခု သူပြောတာဟာ NLD ထဲက လူတွေအကုန်လုံးဟာ နိုင်ငံရေးကို ကြုံ ရာကျပန်း ၀င်လုပ်တဲ့လူတွေ၊ နိုင်ငံရေးကို အာဃာတနဲ့ လုပ်တဲ့လူတွေ၊ နိုင်ငံရေးလုပ်စားတဲ့ လူတွေဆိုတဲ့ သဘောမျိုးနဲ့ပြောတယ်။
ပါတီတစ်ခုနဲ့ တစ်ခုဒီိလိုသာပြောတမ်းဆိုရင် သူတို့တွေကိုရော ဘယ်လိုပြောရ မလဲ။ ပြန်ပြောစရာတွေ အများကြီးရှိတာ ပေါ့ဗျာ။
အခုသူပြောတဲ့ ဒေါ်အောင် ဆန်းစု ကြည်ပဲရှိတယ်။ ကျန်တဲ့လူတစ်ယောက်မှ အသုံးမကျဘူး။ မကောင်းတဲ့ လူတွေလည်း ဖြစ်တယ်။ အာဃာတတွေ ရှိတဲ့ လူတွေလည်းဖြစ်တယ် ဆိုတာမျိုးပြောတာကတော့ တော်တော် ကို မကောင်းတဲ့ကိစ္စပေါ့။
နိုင်ငံရေးသမား တစ်ယောက်နိုင်ငံရေး ကိုလုပ်တဲ့နေရာမှာ ဘယ်လိုအချိန်မှာ ဒီလူဟာ နိုင်ငံရေးသမား ဖြစ်တယ်လို့ ဘယ်လိုသတ်မှတ်တာလဲ။
ကျွန်တော့်ပါတီထဲမှာလည်း ပြောတယ်။ မီဒီယာပေါ်မှာလည်းကျွန်တော်ပြောတယ်။ အသံလွှင့်တဲ့နေရာမှာလည်း ပြောတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်ဆို နိုင်ငံရေး သမားဖြစ်တယ်လို့ မယူဆဘူး။

ကျွန်တော်က နိုင်ငံရေးမိသားစု ထဲက မွေးတာ။ မိသားစုထဲမှာ နိုင်ငံရေး ခေါင်းဆောင်တွေအများကြီးရှိတယ်။ နိုင်ငံ့ ဂုဏ်ရည်ရတဲ့လူတွေ အများကြီးရှိ တယ်။ နိုင်ငံရေးသမားကြီးတွေရှိတယ်။ ဆွေမျိုးထဲ မှာလည်း ရဲဘော် သုံးကျိပ်ရဲ့ ဆွေမျိုးသား ချင်းတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်နိုင်ငံ ရေးမလုပ်ချင်ဘူး။ ကျွန်တော် စာပဲရေးချင် တယ်။ သတင်းစာဆရာ လုပ်ချင်တယ်။

လောဘဇောတိုက်နိုင်ငံရေး
ဒီတော့ ဘယ်လိုလူမျိုးကို နိုင်ငံရေး သမားခေါ်တာလဲ။
ဦးအောင်သောင်းဆိုရင်ပဲ အရင်တုန်း က သူဘာလုပ်လဲ။ ကျောင်းဆရာလုပ် တယ်။ နောက်စစ်တပ်ထဲဝင်တယ်။ အာ ဏာသိမ်းတယ်။ ဒါကို အမျိုးသားနိုင်ငံရေး လို့ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသား နိုင်ငံရေးလုပ်တယ်၊ နိုင်ငံရေးသမားလို့ ပြောလို့ရလား။ နိုင်ငံရေးသမားဆိုလည်း သူတို့ဟာကိုယ် ကျိုးရှာဖို့ အတွက် လောဘ ဇောတိုက်ပြီးတော့ နိုင်ငံရေးလုပ်ကြတာ ဆိုရင် ဘယ်လိုဖြေမလဲ။

ကျွန်တော့်ကိုယ်ပဲ ကျွန်တော်ပြော မယ်။ ကျွန်တော့်မိတ်ဆွေဦးမြတ်ဆွေတောင် ဆောင်းပါးရေးဖူးတာရှိတယ်။ ဦးမြတ်ဆွေ ရေးတဲ့အထဲမှာ ဦးဝင်းတင်ဖောင်ဒေးရှင်း ဆိုပြီးလုပ်နေတာ အခုမှလုပ်တာ မဟုတ် ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က တည်းကလုပ်လာတာလို့။ ဘာလို့လဲဆို ကျွန်တော့်ဆီမှာရှိတဲ့ ပိုက်ဆံတစ်ဝက် လောက်က အမြဲတမ်း သူများကိုပေးတယ်။ အသက် ၂၀ကျော်တည်းက အယ်ဒီတာ လုပ်တယ်။ နိုင်ငံခြား သတင်း ဌာနမှာ လုပ်တယ်။ လခကောင်းကောင်းနဲ့ နေရာ ကောင်းကောင်းတွေမှာလုပ်ခဲ့တာ။ သတင်းစာ သမားတွေ လစာနည်းကြတယ်ဆိုတာ မှန်ပေမယ့် အဲဒီထဲကမှ လစာကောင်း ကောင်းရတဲ့ နေရာတွေမှာပဲ ကျွန်တော် လုပ်ခဲ့တာ။

အဲဒီအချိန်တုန်းက ရတဲ့ပိုက်ဆံလေး တွေစုပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး အပြီးမှာ အဖမ်းခံရ တဲ့နိုင်ငံရေး အကျဉ်း သားတွေ အပါအ၀င် ၁၉၅၈/၅၉ လောက် တည်းက အဖမ်းခံရတဲ့ လူတွေရှိတယ်။ ဒါတွေအတွက် ကျွန်တော် ပိုက်ဆံပေးနေတာပဲ။
ကျွန်တော် သတင်းစာဆရာလုပ်တဲ့ အချိန်မှာလည်း ဒီလိုပဲလုပ်တယ်။ နိုင်ငံရေးလုပ်တဲ့ အခါမှာလည်း ဒီအတိုင်း ပဲ။ ထောင်ကျစဉ်တုန်းကလည်း ဒီအတိုင်းပဲ။ ကျွန်တော့်ဆီ ထောင်ဝင်စာလာတဲ့အခါမှာ ငါးပိကြော် ပါတယ်။ ငါးခြောက်ကျော်ပါတယ်။ ငှက်ပျောသီးပါတယ်။ အကုန်လုံး သူများကို ပေးလိုက်တာ။ တစ်ရက်တည်းပဲ အကုန်လုံး ပေးလိုက်တယ်။ ကျွန်တော် နေ့စာ၊ ညစာချန်ပြီးတော့ စားခဲ့တာမဟုတ်ဘူး။
ဒီတော့ ခင်ဗျားတို့ကော ဘယ်လိုလုပ်ခဲ့လဲ။ တိုင်းပြည်က ပိုက်ဆံတွေကို ကိုယ် ကျိုးအတွက် ခိုးဖို့ဝှက်ဖို့လုပ်၊သို လှောင် ထားပြီး ချမ်းသာနေတာမဟုတ်လား။ ခင်ဗျားတို့ ပိုင်ဆိုင်မှု တွေထုတ်ပြနိုင် သလား။ အဲသလိုယှဉ်ပြီး မေးရင် သူတို့ ဘယ်လိုဖြေမလဲ။ ကျွန်တော်တော့ ချက်ချင်းဖြေနိုင်တယ်။ ကျွန်တော်မှာ ပိုက်ဆံတစ်ပြားမှမရှိ ဘူး။ ကလေးမုန့်ဖိုးပေးဖို့တောင် မရှိဘူး။ သူများအိမ်မှာ နေနေတာ။ သူများကျွေးတဲ့ ထမင်းစားနေတာ။ သူများ ခေါ်တဲ့ကားနဲ့ လိုက်နေတာ။
ကျွန်တော် အကုန်လုံး လှူလိုက်ပြီ။ စာမူပိုင်ခွင့်၊ စာရေးခ၊ သူများလာပြီး ကန်တော့တာတွေ လှူလိုက်ပြီ။ ဘာမှမရှိဘူး။ အားလုံးအသိပဲ။

ဦးအောင်သောင်းဆိုတဲ့သူ ကျွန်တော့် ထက်အသက် ကြီးကောင်းကြီးလိမ့်မယ်။ ဒီတော့ခင်ဗျားလည်း သေခါနီးနေပြီ။ ကျွန် တော်လည်း သေခါနီးနေပြီ။ လိပ်ပြာသန့် အောင် ခင်ဗျားဘာတွေလုပ်နိုင်သလဲပြော။ ကျွန်တော့်မှာ လိပ်ပြာသန့်အောင် ပြောနိုင်တဲ့ဟာတွေ ရှိတယ်။ အဲဒီလိုတွေပြောမယ်။ အဲဒီလိုတွေ တိုင်းတာ ပြောကြမယ်ဆိုရင် ဘယ်ကောင်းမလဲ။ ဟုတ်လား။ကျွန်တော့် မူဝါဒကပုဂိ္ဂုလ်ရေးထိုးနှက်တာတွေ မလုပ် ချင်ဘူး။
ကျင့်ဝတ်၊ ယဉ်ကျေးမှု
ဦးအောင်သောင်း အခုပြောတာဟာ နိုင်ငံရေးကျင့်ဝတ် မရှိတဲ့၊ နိုင်ငံရေးယဉ်ကျေးမှု မရှိတဲ့သဘောဖြစ်နေတယ်။ ဒါလည်း ပြောဖို့မကောင်းဘူး။ ပြောလည်းမပြော ချင်ဘူး။
မူဝါဒါနဲ့ပတ်သက်ရင်တော့ တိုက်သင့် ရင်တိုက်ရမှာပဲ။ သတင်း စာတွေမှာလည်း ကျွန်တော်တိုက်တဲ့၊ ခိုက်တဲ့ ဟာတွေ ပြော နေ၊ရေးနေတာပဲ။ ဒါပေမဲ့ မူဝါဒနဲ့ပတ်သက် ပြီးလုပ်တာ။ ပုဂိ္ဂုလ်ရေးတိုက် ခိုက်တာတွေ မလုပ်ဘူး။

အာဏာသိမ်း၊ လူသတ်
ကျွန်တော်တို့တွေက နိုင်ငံရေးထဲကို အာဃာတနဲ့ဝင်လာတယ်လို့ ဆိုရင် သူတို့ ကော အာဃာတနဲ့ ရောက်လာ တယ်လို့ မပြောနိုင်ဘူးလား။ အာဏာ သိမ်းပြီး နိုင်ငံရေးထဲ ရောက်ရောက်လာတာ။ အာ ဏာသိမ်းပြီဆို ကတည်းက လူပစ်သတ်တာ တွေ လုပ်ခဲ့တာ။ ကျွန်တော်တို့တွေက သူပြောသလို အာဃာတနဲ့ လုပ်တယ် ဆိုရင် တောင် ပစ်သတ်ခဲ့တဲ့သူ တစ်ယောက်မှ မရှိဘူး။ ထောင်ထဲထည့်ခဲ့တဲ့သူ တစ် ယောက်မှ မရှိဘူး။
သူတို့ အာဏာသိမ်းအပြီး နိုင်ငံရေး ထဲဝင်လာတဲ့ စစ်ဗိုလ်တွေက ကျန်တဲ့လူ တွေကို သူခိုး၊ ဓားပြ၊ လူဆိုး၊ လူမိုက်၊ တည်ဆဲဥပဒေတွေကို ဖျက်ဆီးတဲ့လူတွေ ဆိုပြီး ပစ်သတ်တာ ဘယ်လောက်များ လဲ။

ပိုင်ဆိုင်မှုတွေကြေညာမလား
နောက်ပြောရရင် ကျွန်တော်တို့မှာ ခိုးခဲ့၊ ၀ှက်ခဲ့တဲ့ ငွေတွေရှိရင်ပြောပါ။ ခင်ဗျားတို့လည်း ခိုးခဲ့တဲ့၊ ၀ှက်ခဲ့တဲ့ ငွေတွေ ကိုဝန်ခံမလား။ ဘယ်လောက် ချမ်းသာ တယ်၊ ဘာပစ်္စည်းတွေ ရှိတယ်ဆိုတာ အကုန်လုံး ထုတ်ပြီး တော့ ပြောနိုင်တာရှိ လား။ လွှတ်တော်ထဲမှာ သူတို့ဝန်ကြီးတွေ ကို ပိုင်ဆိုင်မှု ကြေညာခိုင်းတုန်းကတော့ မကြေညာဝံ့တဲ့ လူတွေလေ။
ဒါကို ကျွန်တော်တို့ကို အာဃာတနဲ့ နိုင်ငံရေးလုပ်တယ်ဆိုရင် သူတို့လည်း လုပ်ကြတာပဲ။ လောဘဇော တိုက်နေတဲ့ အာဏာတနဲ့ လုပ်ကြတာပဲ။ ကျွန်တော်က အဲဒီလိုပဲပြောချင်ပါတယ်။

တစ်ဦးတည်းသောခေါင်းဆောင်
NLD မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ခေါင်းဆောင်ရှိတယ်။ ကျန်တဲ့လူတွေ အသုံးမကျဘူး။ ဒါဟာ ပြောနေစရာတောင် မလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ထူးချွန်တဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ နိုင်ငံရေး ရည်မှန်းချက် ကြည့်မလား။ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်တာ ကြည့်မလား။ နောက်ဆုံး စစ်တပ် အပေါ်မှာထားတဲ့ သဘောထားတွေ ကြည့်မလား။
ကျွန်တော်တို့ဆိုရင် ကြံ့ဖွံ့ကို မကြိုက်တဲ့လူတွေ။ ပေါ်လစီအရ ဆန့်ကျင် နေတဲ့လူတွေ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဦးအောင်သောင်းနဲ့လည်း ပေါင်း တယ်။ ဦးသိန်းစိန်နဲ့လည်း ပေါင်းတယ်။ ဦးရွှေမန်းနဲ့လည်း ပေါင်း တယ်။ အဲဒီအတွက်တောင် ဒေါ်အောင်ဆန်းစုကြည်မှာ အများကြီးပြစ်တင်ခံရတယ်၊ ရှုတ်ချ ခံရ တယ်။ ဒီလို စိတ်ဓာတ်၊ အရည်အချင်း၊ လုပ်ရည်ကိုင်ရည် တွေကြောင့် ကျွန်တော် တို့ထဲမှာ တစ်ဦးတည်းသော ခေါင်း ဆောင်လို့ သတ်မှတ်ထားတယ်။ ဒေါ်အောင်ဆန်း စုကြည်သာ တစ်ဦးတည်းသောနိုင်ငံရေး ခေါင်းဆောင်တစ် ယောက် ဖြစ်သင့်တယ် လို့ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးနောက်လိုက်လုပ်နေတာမဟုတ်လား။

လူနုံတွေမဟုတ်၊ နေရာမမက်
ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းတုန်း ကလည်း ဒီလိုပဲ နောက်လိုက်တွေရှိခဲ့တယ်။ အဲဒီသူတွေကို အကုန်လုံး သူခိုး၊ဓားပြတွေ၊ ငနုံ၊ ငပျင်းတွေလို့ပြောမှာလာ။ သူ့အရည် အချင်းနဲ့သူ လုပ်နိုင်တဲ့လူတွေရှိတယ်။ ဘကြီး ဘဖေလို လူမျိုးတွေရှိတယ်။ ဦး ကျော်ငြိမ်းလို လူမျိုးတွေရှိတယ်။ ဦးချစ် မောင်လိုလူမျိုးတွေ ရှိခဲ့တယ်။ ပညာ တတ်တွေ၊ အသိပညာရှိတဲ့လူတွေ ရှိခဲ့ တယ်။ သူတို့တွေ ၀န်းရံခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းလည်း လုပ်နိုင်တာ။ ဒါကို အဲဒီအချိန်က ဗိုလ်ချုပ်အောင်ဆန်းပဲ ရှိ တယ်။ ကျန်တဲ့လူတွေကို အလကားလူတွေ လို့ပြောလို့ရမလား။ မရဘူး။

အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယုံကြည်လို့ ခေါင်းဆောင် အနေနဲ့ ထားတာ။ ကျွန်တော်ဆိုရင် နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးသမား မဟုတ်ဘူး လို့လည်း ထုတ်ကြေညာထားတယ်။ ပါတီ မှာလည်း တော်လောက်ပါပြီ။ အငြိမ်းစား ယူရမယ်။ လူငယ်လူသစ်တွေနဲ့လုပ်ရမယ် ဆိုတာ တစ်လျှောက်လုံး ပြောလာ ခဲ့တာ။ ပါတီစထောင်ကတည်းကပဲ။ ကျွန်တော့်မှာ ဒီသဘောထားတွေရှိတယ်။ ခင်ဗျား တို့ ကော ရှိလား။ ခင်ဗျားတို့ သေခါနီး နေပြီ။ ဒီလိုစွန့်လွှတ်ဖို့ စိတ်ထားမျိုး ရှိလားလို့ မေးရင် သူတို့အမှန်အတိုင်း ဖြေရဲလား။
ပြောရရင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌ လုပ်ပါတော့ဆိုတာ ကျွန်တော်တင် တဲ့အဆိုပဲ။ ၂၀၁၂၊ ဇန်န၀ါရီလ ၅ရက်နေ့ ပါတီပြန်ဖွဲ့တဲ့အချိန်မှာ ကျွန်တော်တင်ခဲ့တဲ့ အဆို။ ဘာဖြစ်လို့တင်လဲဆိုတော့ ဒေါ် အောင်ဆန်း စုကြည် လို ထူးချွန်တဲ့ ခေါင်းဆောင် သူလည်းအသက်ကြီးလာပြီ။ နောက်လူတွေ ခေါင်းဆောင်တင်ချင်ရင် လမ်းဖွင့်ပေးဖို့၊ လုပ်ပေးဖို့လိုပြီ။ ကျွန် တော့်တို့ ကိုယ်တိုင်လည်း တော်လောက် ပြီ။ ဘေးဖယ်ပေးသင့်ပြီဆိုပြီး အဲဒီအဆို တင်ခဲ့တာ။
ဒေါ်အောင်ဆန်းစုကြည် ကတောင် ဘေးဖယ်ပေးတယ်ဆိုတဲ့စကား မသုံးပါနဲ့ ဆရာ။ နောက်လူတွေ ၀င်လို့ရ အောင် ဘေးကိုချဲ့ပေးတယ် ဆိုတဲ့စကားပဲ သုံးပါလို့ ပြောတယ်။
ကဲ မေးခွန်းထုတ်ရရင် ခင်ဗျားတို့ အဲဒီလိုလုပ်တာတွေရှိလား။ အခုထိ နေရာ အတွက် လုပ်နေကြတုန်း မဟုတ်လား။

ပါတီတွင်း ရန်တိုက်ပေးခြင်း

အခု ဦးအောင်သောင်းရဲ့ ပြောတာဟာ NLD ပါတီထဲမှာရှိတဲ့ လူပုဂိ္ဂုလ်အချင်း ချင်းတွေ တိုက်ခိုက်အောင် လုပ်တာ။ ဒါမျိုးဟာ နိုင်ငံရေးမှာ မလုပ်ကောင်းဘူး။ အခုပြောတာမှာ ဒေါ်အောင်ဆန်းစုကြည် ကို နတ်နေကိုင်း ချန်သလို ချန်ပြောတာပဲ ရှိတယ်။ ဒါက အခုမှ မလွှဲသာလို့။ အရင် တုန်းကဆို ဒေါ်အောင်ဆန်းစုကြည် ကို လည်း စုတ်ပြတ်သတ်နေအောင် ညစ်ပတ်တဲ့ နည်းမျိုးစုံနဲ့ သူတို့ တိုက်ခိုက်ခဲ့တာပဲ။ နိုင်ငံရေးမှာ ပုဂိ္ဂုလ်ရေး တိုက်ခိုက်တာ မကောင်းတဲ့အလုပ်။ သူတို့ပဲ တစ်လျှောက် လုံး လုပ်တယ်။
ကျွန်တော် သတင်းစာဆရာ တစ်ယောက်ပဲ။ တိုက်ခိုက် ပြောဆိုတာတွေ လုပ်တတ်တယ်။ ဒါပေမဲ့ မလုပ်ခဲ့ဘူး။ တိုက်ခိုက်ရင်လည်း ပေါ်လစီပဲ တိုက်ခိုက် တယ်။ ခင်ဗျားတို့ လုပ်ကိုင်မှုတွေကို ကျွန်တော်မကြိုက်ဘူး။ ဒီလို ရှင်းရှင်း ပြောခဲ့တယ်။ ဘာလို့လဲဆို ကြံ့ဖွံ့ဟာ ရှင်းရှင်းပြောရရင် စစ်တပ်က မွေး ထားတာ။ စစ်တပ်အရေခြုံဖို့ အဆင်သင့် ရှိတဲ့လူတွေ။ စစ်တပ်ကိုမှီပြီးတော့ မြောက်မြားစွာ ကိုယ်ကျိုးစီးပွားအတွက် စုနေကြ တယ်လို့ ကျွန်တော်မြင်တယ်။ ဒီပေါ်လစီ မူကိုတော့ ကျွန်တော်တို့ပြောမယ်။ ပုဂိ္ဂုလ်ရေးကတော့ မတိုက်ခိုက်ဘူး။
အခု သူပြောတာကို အရှည်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အဖွဲ့အစည်း၊ တိုင်း သူပြည်သား အများစုရဲ့ ထောက်ခံမှုရတဲ့ အဖွဲ့အစည်း ကိုတောင် ဒီလိုပြစ်တင် ရှုတ်ချတယ် ဆိုရင် ကျန်တဲ့ ပါတီတွေ ဘယ်လိုလုပ်မလဲ။ နောင်ဆိုရင် အဲဒီပါတီတွေကို ဘယ် လောက် ရိုင်းပျစော်ကား လုပ်မလဲ။ ဒီလို အလုပ်မျိုးတွေဟာ မလုပ်သင့်တော့ဘူးလို့ ကျွန်တော်ပြောချင်တယ်။
ပြည်ခိုင်ဖြိုးပါတီဆိုတာ အာဏာရ ပါတီတစ်ခုပဲ။ အင်အားအရလည်း ကြီးမားတဲ့ပါတီ တစ်ခုပဲ။ အတွေ့အကြုံ ရှိတဲ့ လူတွေ လုပ်ကိုင်နေတာ။ အဲဒီ ပါတီ တစ်ခုက ရန်စွယ်ငေါငေါ အပုပ်ချတယ် ဆိုတော့ မသင့်တော်ဘူးလို့ ပြောချင်တယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်

NLD ပါတီထဲမှာ မူဝါဒအရ ခိုင်မာ ချင်တဲ့၊ ပြင်းထန်တဲ့လူတွေက ကြံ့ဖွံ့ကို မကြိုက်တာတွေရှိတယ်။ အမှန်ပဲ။ ဒါပေမဲ့ ပုဂိ္ဂုလ်ရေးမတိုက်ဘူး။ မူဝါဒ အရတိုက် တာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မူဝါဒ အရ ပျော့ပျောင်းစွာ စဉ်းစားတယ်။ ဒီတော့ ကျွန်တော်တို့လည်းအများကြီး ပျော့ ပျောင်းစွာ နောက်က လိုက်လုပ်တယ်လို့ ပြောချင် တယ်။ အခု ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်ပြီးလုပ်နေတာဟာ အမျိုး သားပြန်လည်သင့် မြတ်ရေးဆိုတဲ့ လိုင်း ထဲကတစ်ခုပဲ။ ကြံ့ဖွံ့နဲ့ ပူးပေါင်းပြီးလုပ်တာတွေရှိလာတာလည်း ဒီဆောင်ရွက်ချက် ထဲက အစိတ်အပိုင်း တစ်ခုပဲ။ ဒီအတွက် ကျွန်တော်တို့လည်း ဒေါ်အောင်ဆန်းစု ကြည်ရဲ့ခေါင်းဆောင်မှုခံယူပြီးတော့ နိုင်ငံ ရေးလှုပ် ရှားမှု လုပ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ အပုပ်ချတယ်။ ပုတ်ခတ် တယ်တို့ လုပ်ဖူးလား။ မရှိသလောက် ပါလို့ ပြောချင်ပါတယ်။
ဒီမူဟာ ကျွန်တော်တို့အနေနဲ့ ကြံ့ခိုင် ရေးနဲ့ တွဲလုပ်လို့ ရနိုင်တာတွေ တွဲလုပ် မယ်ဆိုတဲ့ ပုံစံပဲ။ ဒေါ်အောင် ဆန်း စုကြည် လွှတ်တော်ထဲဝင်သွားတာ ပုဂိ္ဂုလ်ရေးအရ ပြောရရင် မကြိုက်ဘူး။ ကျွန်တော် ကန့် ကွက်ခဲ့တယ်။ ရွေးကောက်ပွဲဝင်ဖို့ကိုလည်း ကျွန်တော် ကန့်ကွက်ခဲ့တယ်။     သို့သော် ကျွန်တော် တို့က ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခေါင်းဆောင်မှုနောက်ကလိုက်တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးသဘော ထားကို ကြည့်တဲ့အတွက် ကျွန်တော်တို့ လျှော့နိုင်တာကို လျှော့ပေးတယ်။ မကြိုက် တာတွေကို ဆွေးနွေးတယ်၊ တင်ပြတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးကလည်း ဒီသဘော ထားရှိမယ်လို့ ယူဆခဲ့တယ်။ ဒါပေမဲ့ အခု ဦးအောင်သောင်း ပြောလိုက် တာဟာ တစ် မျိုးဖြစ်သွားစေတယ်။

နှစ်ပါတီ အောက်ခြေထု ပြဿနာ ဖြစ်နိုင်

ဦးအောင်သောင်းဟာ ဦးသန်းရွှေရဲ့ ပုံရိပ်နဲ့ ပါတီမှာ သြဇာကြီးနေတဲ့ လူဆိုတာ သိတယ်။ ပါတီထဲမှာ သူ့ရဲ့ စည်းရုံးရေးတို့၊ သူ့ရဲ့ပင်ကို သြဇာတို့ ဘယ်လိုရှိလဲတော့ မသိဘူး။ သူဟာ ဦးသန်းရွှေရဲ့ ရောင်ပြန် ဟပ်မှုကို ယူပြီးတော့ ပါတီမှာ နေရာရှိနေ တယ်။ အဲဒီလိုလူမျိုးက ဒီလိုမျိုး သဘော ထားတွေရှိတယ်ဆိုရင် လက်ရှိ မြန်မာပြည် ရဲ့ နိုင်ငံရေးမှာ အင်အားကြီးပါတီကြီးနှစ်ခုပဲ ရှိတယ်။ ဒီပါတီကြီးနှစ်ခုရဲ့ ဆက်ဆံရေး ဟာ ဒီလိုအပြောကြောင့် ပုံမှန်ဘယ်လို ဖြစ်နိုင်တော့မလဲ။
ဒေါ်အောင်ဆန်းစုကြည်ကို မတိုက် ခိုက်ပေမယ့် ကျန်တဲ့လူတွေ အားလုံးကို၊ အကုန်လုံးကို အမှိုက်လှည်းသလို သိမ်း ကျုံး ပြောတာမျိုးဆိုတော့ ဘယ်လိုမှ မှန်ကန် တဲ့သဘောထားတွေ ရှိနိုင်မယ်လို့ မထင်ဘူး။
အခု လွှတ်တော်ထဲမှာ NLD နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တစ်ခုနဲ့တစ်ခု ပူး ပေါင်း လိုက်လံဆွေး နွေးတာတွေ ရှိတယ်။ ဦးသိန်းစိန် အစိုးရသည်လည်း ကြံ့ခိုင် ဖွံ့ဖြိုးရေး အစိုးရပဲဗျ။ ဒါတောင် NLD နဲ့ တတ်နိုင်သမျှ ညှိညှိ နှိုင်းနှိုင်း လုပ်တာ တွေရှိတယ်။ဒီလိုအခြေအနေမှာ ဦးအောင် သောင်းပြော ဆိုတာ ဟာ အောက်ခြေထု တွေကြား မှာ ဘယ်လိုမှပေါင်းစပ်လို့ရမှာ မဟုတ်ဘူးဆိုတဲ့ အမြင်တွေကို ဖြစ်စေ တယ်။ ဒီလိုလူရဲ့အခုပြောဆိုမှုဟာ ဆိုရင် ပါတီကြီးနှစ်ခုရဲ့အောက်ခြေမှာရှိတဲ့ လူထု တွေကြားထဲမှာ အကုန်လုံးပြဿနာတွေ ဖြစ်နိုင်တယ်။ အဲဒါ ကြောင့် ဒီလို အပြော အဆိုတွေကို လုံးဝမကြိုက်ဘူးလို့ ပြောချင် တယ်။

ပါတီတွင်း အခြေခံသဘောထား ပျက်ပြားနေကြ

အခု အပြောတွေကို ကြည့်ရရင် အုပ်စုကွဲတယ်၊ မကွဲတယ်ဆိုတာကို ကျွန် တော်တော့ သိပ်မပြောချင်ဘူး။ ဒါပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲမှာ အခြေခံအားဖြင့် သဘောထား နှစ်ခုကတော့ သီးခြားထွက် နေတယ်ဆိုတာ ကတော့ မြင်သာနေတာပဲ။ ဦးအောင်သောင်း အခုလိုပြောတယ်။ ဒီစကားတွေ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကကြား နေမှာပဲ။ ဒီလိုပဲ အခြေခံဥပဒေနဲ့ ပတ် သက်လို့ ပါတီဗဟိုကော်မတီက ပြင်မယ် ဆိုတဲ့ သဘောထား ချမှတ် တာတောင် ဦးအောင်သောင်းက လွှတ်တော်ထဲမှာ တောင် ပြင်လို့မရဘူးဆိုတဲ့ ပုံစံမျိုး ပြော တဲ့ဟာရှိတယ်။ ဒီလို ကွာဟမှုတွေ အများ ကြီးရှိတဲ့အခါကျတော့သူတို့အတွင်း ဘယ်လို အနေအထားတွေဖြစ်လဲဆိုတာ ကျွန် တော်တို့လည်း မပြောကောင်းတဲ့အတွက် မပြောတော့ဘူး။ဒါပေမဲ့ပါတီထဲက အခြေခံ သဘောထားတွေမှာ အများကြီး ပျက်ပြား နေတာပေါ့။
အံ့ခေါင်မင်း
မှတ်ချက်။   ။ ဆရာကြီးဟံသာဝတီ ဦးဝင်းတင်သည် ၂၀၁၄ မတ်လ ၉ ရက် မြန်မာသံတော်ဆင့် ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ လာရောက်၍ သြ၀ါဒစကားပြောကြားခဲ့ပြီးနောက် အပြန် တွင် မြန်မာ သံတော်ဆင့် အယ်ဒီတာများ အားရင်းရင်းနှီးနှီးပြောဆိုရာ၌ ““ဦးအောင်သောင်းသည် အမှားကိုဝန်ခံရဲသည့် သတ်္တိရှိသော နိုင်ငံရေးသမားကောင်း တစ်ဦးလည်းဖြစ်ကြောင်း”” ထည့်သွင်းပြောကြား ခဲ့သည်။
ဦးအောင်သောင်း- တကယ်တော့ လက်ရှိအနေအထား အရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အင်အား နည်းနည်း တောင့်တင်းတဲ့သဘော ရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲရှိတယ်။ နောက်လိုက် သိပ်မရှိဘူး။ အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကိုဖော်ဆောင် နေတဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့် အရေးများ ရမလားဆိုပြီးတော့ ၀င်လာတဲ့ နိုင်ငံရေးသမား ဖြစ်နေတယ်။ တကယ့် နိုင်ငံရေးကို နားလည်ယုံ ကြည်ပြီးတော့ NLD ရဲ့လမ်းစဉ်မူဝါဒတွေ ကောင်းတယ်၊ အဲဒါတွေသာ တိုင်းပြည်ကြီးကို တည်ဆောက် လို့ရတယ်၊ အလွန်ကောင်းမှာပဲ၊ ချမ်းသာ သွားမှာပဲ၊ အောင်မြင်သွားမှာပဲ၊ ကမ်္ဘာက လည်း လက်ခံမှာပဲဆိုတဲ့ ဒီလိုအမြင်နဲ့က နည်းတယ်။ ပြည်ခိုင်ဖြိုး ပါတီမှာလည်း ရှိပါတယ်။ သို့သော်လည်းပဲ သူတို့တွေက တက်မလာနိုင်ဘူး။   အရင်တုန်းက တစ်ယောက်စ နှစ်ယောက်စရှိတယ်။ ထွက်သွားတဲ့ လူအချို့မှာလည်း အဲလိုပယောဂ တွေ ရှိတာပဲ။ ဒါပေမဲ့ ၀န်ကြီးလုပ်ချင်လို့၊ ၀န်ကြီးသက်တမ်းလေး မကုန်သေးခင် ပြုတ်သွားမှာစိုးလို့ ပြည်ခိုင်ဖြိုးပါတီနဲ့ ရှေ့ကို ရှေ့ကိုသွားနေတာ။ အခုတော့ အလွန် နည်းသွားပါပြီ။ ကိုယ့်ယုံကြည်ချက်အရ လုပ်မယ်ဆိုတာမျိုး၊ မူနဲ့အရလုပ်မယ်ဆို တာမျိုးလုပ် စရာရှိတာ လုပ်မယ်၊ ပြုတ်စရာ ရှိတာ ပြုတ်မယ်။ ဟိုတုန်းက ဥပမာဆိုပါစို့ လူထုလုပ်ရှားမှုဆိုပါစို့ တောင်သာ ကနေ စတာပဲ သုံးခုလုံးတောင်သာကနေ စတယ်။ ကိုယ့်လူတွေနဲ့ ကိုယ်လုပ်တယ်။ ဘယ်သူ့မှ မခေါ်ဘူး။ အခုမှ သဘောတွေကျပြီးတော့ တစ်ပြည်လုံးလုပ်ခိုင်းနေတာ။ သဘော ကိုပြောပြတာ။ အပြင်က ဂျာနယ်တွေ မသိ သေးတဲ့ အချက်တွေ အများကြီးရှိသေးတယ်။ ဂျာနယ်တွေ မတွက်တတ်သေးတဲ့အချက် တွေလည်း အများကြီး ရှိသေးတယ်။ မပြော သေးဘူးပေါ့ကွာ။
. . 
.လွှတ်တော်မှာတော့ တပ်မတော်သား ကိုယ်စားလှယ်၊ နောက် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာနှုန်းကျော် ဆိုတာ မဖြစ်နိုင်ဘူး။ ဘယ်လိုမှ မရနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းဆိုတာ လွှတ်တော်ကိုယ်စား လှယ်များ၏ တစ်ခုရှိ တာက နည်းနည်းပါးပါးပဲ လျော့တာ။ ၆၅၈ လားပဲ ရှိတာ။ ၆၅၀ ကျော်ထဲမှာ ၆၀ လောက်က လျော့နေတယ်။ ပယ်တာ၊ စွန်းတာ၊ နုတ်ထွက်တာ။ အခုလျော့တယ်။ စာရင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်း ကျော် အခြေခံဥပဒေက အဲလိုဆိုထားတာ။ အဲဒါ ကျော်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ပြည်ခိုင် ဖြိုးပါတီ ကြိုက်သ လောက် ထောက်ခံ မရနိုင်ဘူး။ ပြင်ဖို့ထောက်ခံထောက်ခံ၊ ကန့်ကွက်ဖို့ ထောက်ခံထောက်ခံ မဖြစ် နိုင်ဘူး …
မြန်မာသံတော်ဆင့်

The Ladies News Journal

ဂျာမာန်လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Condor လေကြောင်း လိုင်းနှင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဆက်သွယ်ပျံသန်းနိုင်ရန် သဘောတူ စာချုပ်ချုပ်ဆိုပွဲတွင် မြန်မာလူမျိုးများ အားလုံး အထွတ်အမြတ် ထားရာ ရွှေတိဂုံ စေတီတော်ပုံစံ ပြုလုပ်ထားသည့် ကိတ်မုန့်အား အဆိုပါ ကုမ္ပဏီမှ အရာရှိကြီးများနှင့် အတူ မြန်မာနိုင်ငံမှ ခန့်အပ်ထားသည့် သံအမတ်ကြီး ဦးစိုးနွယ် (ဗိုလ်ချုပ်မှုးဟောင်း) က ဓါးဖြင့် လှီးဖြတ်ခဲ့သည် ပုံမှာ အွန်လိုင်းမီဒီယာများတွင် ပျံနှံလျက်ရှိကြောင်း တွေ့ရှိရပါသည်။

အဆိုပါ မူရင်းသတင်းအား ဖော်ပြထားသည့် http://www.anna.aero/2012/11/13/condor-becomes-first-airline-to-fly-to-burma-from-europe/ အား ကြည့်ရှုလေ့လာရာတွင်လည်း အဆိုပါကဲ့သို့ ကိတ်မုန့်အား ရွှေတိဂုံစေတီပုံစံ ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ နှောင်းပိုင်းမှ စတင်ကာ ဘာသာရေး လူမျိုးရေးနှင့် ဆက်နွယ်နေသည့် အကြမ်းဖက်မှုများ ဒေသအနှံအပြားတွင် ဖြစ်ပွားခဲ့ ပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ Tour ကုမ္မဏီတစ်ခုမှ မန်နေဂျာတစ်ဦးမှ ဂျာမနီသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှု အများဆုံး နိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ယခုကိစ္စ ပိုမိုကြီးထွားလာမည်ဆိုပါက ၄င်းတို့၏ ခရီးသွားလုပ်ငန်းကိုပါ ထိခိုက်လာနိုင်ကြောင်း The Ladies ဂျာနယ်သို့ ပြောကြားခဲ့သည်။

အဆိုပါ သတင်းအား တင်ပြထားသည့် ဖေ့ဘုတ်အသုံးပြုသူ တစ်ဦးကမူ ၄င်းမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်သောလည်း ရွှေတိဂုံစေတီတော် ဆိုသည်မှာ မြန်မာနိုင်ငံသားများအားလုံး လူမျိုးမရွေး ဘာသာမရွေး အလေးအနက်ထားသည့် မြန်မာ့သမိုင်းပြတိုက်တစ်ခုကဲ့သို့ ဖြစ်ကြောင်း၊ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်ဖြင့် ရွှေတိဂုံစေတီတော်ပုံ ပြုလုပ်ထားသည့် ကိတ်မုန့်အား ဓါးဖြင့်ပင် မရွယ်သင့်ကြောင်း ၄င်း၏ ဖေ့ဘုတ်အကောင့်ပေါ် တွင် ရေးသားထားသည်။

မကြာသေးမီ လပိုင်းကပင် စစ်တွေမြို့တွင် လုပ်ငန်းများ လုပ်ဆောင်နေသည် MSF မှ ဌာနေကိုယ်စားလှယ် အမေရိကန်နိုင်ငံသူသည် သာသနာ့ အလံကို ၄င်းအဖွဲ့မှ ငှားရမ်းထားသည့် ရုံးခန်းတည်ရှိရာ အိမ်မှ ဖြုတ်သိမ်းခဲ့သဖြင့် ဒေသခံများ မကျေနပ်ဖြစ်ကာ အဓိကရုဏ်း ဖြစ်ပွားရာမှ ကလေးတစ်ဦး သေနတ်မှန်သေဆုံးပြီး ယူအင်အဖွဲ့အစည်းများ၏ ဂိုဒေါင်များ ရုံးခန်းများကို ဒေါသထွက်နေသည့် မြို့ခံလူအုပ်ကြီးမှ ၀င်ရောက်ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း ပစ္စည်းတန်ဖိုး ဒေါ်လာ ၁ သန်းနီးပါး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

သမ္မတ ဆိုတာက ရုပ်ပြ ငပေါကြီးဖြစ်အောင် လုပ်ထားတာ မြန်မာတနိုင်ငံပဲ ရှိတယ်။ နိုင်ငံတကာမှာတော့ သမ္မတ စနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်း သမ္မတက ရပ်ဆို စစ်တပ်က ဆက်မတိုက်တော့ဘူး။

တပ်မတော်က ဘယ်လောက် အာဏာယူထားသလဲဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ... ရုပ်သေး သမ္မတ သမ္မတကြီး ဦးသိန်းစိန် အစိုးရသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွန်ကြားချက်အောက်မှာသော်လည်းကောင်း၊ ကာချုပ်၏ သဘောတူညီမူဖြင့်သော်လည်းကောင်း လှုပ်ရှားနေရတယ်ဆိုတာ သိသာမည်ဟု ယုံကြပါသည်..။ နောက်တစ်ခု အထက်မှာဖော်ပြခဲ့သည်အတိုင်း အခန်း (၇) တပ်မတော် အခန်းမှာပါဝင်သော ပုဒ်မများအရ ၃၃၉ ပုဒ်မ၀ယ် စစ်ရေးစစ်ရာ ဟူသမျှ တပ်မတော်က ဦးဆောင်ရမည်ဟု ပါရှိသည့်အတွက်၊ ဘယ်သူ့ကို တိုက်တိုက် ဘယ်တိုင်းရင်းသားလက်နက်ကိုင်ကိုတိုက်တိုက် သမ္မတ ဘာမှလုပ်ပိုင်ခွင့် ပြောပိုင်ခွင့် တားဆီးပိုင်ခွင့်ကို မရရှိပါဘူး..။ စစ်ဖြစ်ဖို့ဟာ လိုအပ်ချက်မှန်း သိလို့စစ်ဖြစ်လို့ ရအောင် ၂၀၀၈ အခြေခံဥပဒေကို ရည်ရွယ်ရေးထားပါတယ်..


အငြင်းပွားနေရသော ပုဒ်မ (၅၉)

```````````````````````````````````````````

သူငယ်ချင်း မိတ်ဆွေအပေါင်းကို အငြင်းပွားနေရသော ပုဒ်မ (၅၉ ) ကို ကျနော် ဥာဏ်မီသလောက် တင်ပြမှာဖြစ်ပါတယ်၊ ရှေ့ဦးစွာ တောင်းပန်လိုသည်မှာ ကျနော် ဥပဒေပညာရှင်မဟုတ်သည့်အတွက် အခြားသော နိုင်ငံများ၏ အခြေခံဥပဒေများကို မကိုးကားနိုင်ပါ (တိတိကျကျ)ပေါ့..။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အခန်းဖြစ်ပါတယ်၊

ပုဒ်မ (၅၇) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။

ပုဒ်မ (၅၈) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်။

ပုဒ်မ (၅၉) နိုင်ငံတော်သမ္မနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(ခ ) မိမိနှင့် မိမိမိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသားများ ဖြစ်ရမည်။

(ဂ) ရွှေးချယ်တင်မြှောက်ခြင်း ခံရသူသည် အနည်းဆုံး အသက်လေးဆယ့်ငါးနှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

(ဃ) နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များ ရှိရမည်။

(င ) သမ္မအဖြစ် ရွှေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် (၂၀) နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။

(စ ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးသားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊

(ဆ) လွှတ်တော် ရွှေးကောက်ပွဲ၌ ရွှေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော် သမ္မတအတွက် သီးခြား သတ်မှတ်ထားသော အရည်အချင်းများ နှင့်လည်း ပြည့်စုံရမည်။

````````````````````````````````````````````````````````````````````

ယခု ဖတ်ခဲ့ရသော (၅၉) ပုဒ်မသည် သမ္မတအရည်အချင်းဆိုင်ရာ သတ်မှတ်ချက်ဖြစ်ပါသည်။
မရှင်းပါက မိတ်ဆွေများအနေဖြင့် ပြန်ဖတ်သင့်သည်ဟု အကြံပြုပါရစေ၊

ပုဒ်မတစ်ခုချင်းဆီကို ရှင်းကြပါစို့နော်..။ ပုဒ်မ (၅၈) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်..။ ဒီလိုပြန်ဌာန်းထားတာကို တွေ့ရမှာ ဖြစ်ပါတယ်၊။ တောသားလို ပြောမယ်ဆိုရင် လုပ်ပိုင်ခွင့် အခွင့်အာဏာ အရှိဆုံးသည် သမ္မတသာဖြစ်တယ်လို့ ဆိုလိုပါတယ်၊ ဒီပုဒ်မဟာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟုလည်း ယူဆပါသည်..။ ဒီနေရာမှာ နိုင်ငံတစ်ဝန်းလုံးဆိုတဲ့ ၀ိသေသ ပါလာပြန်ပါတယ်၊ မြန်မာပြည် နယ်နိမိတ် အပိုင်းအခြားမှာ ရှိရှိသမျှသော လူသားအားလုံး၏ လက်နက်ကိုင် လက်နက်မကိုင်သော လူများအားလုံး၏ အထွတ်အထိပ်နေရာကို ရရှိတာ ဖြစ်တယ်လို့ ဆိုပါတယ်၊။
တကယ်ရော ဟုတ်ရဲ့လား ဆိုတာကို သူနဲ့ ဆန့်ကြင်စွာ ပြဌာန်းထားတဲ့ ပုဒ်မကို ထုတ်ပြပါမယ်၊

ဒါ့အပြင် အခန်း( ၅) အုပ်ချုပ်ရေး ခေါင်းစဉ်အောက်က အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း။ ပုဒ်မ (၂၀၁ )ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ ပေးအပ်လာသည့်တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်သည်။

(က) နိုင်ငံတော် သမ္မတ

(ခ ) ဒုတိယသမ္မတ

(ဂ )ဒုတိယသမ္မတ

(ဃ) ပြည့်သူ့လွတ်တော်ဥက္ကဌ

(င)အမျိုးသားလွှတ်တော်ဥက္ကဌ

(စ )တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊

(ဆ)ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊

(ဇ) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊

(ဈ ) နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး၊

(ည) ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၊

(ဋ) နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး၊

အားလုံးပေါင်း (၁၁) နဲ့ ဖွဲ့စည်းထားသည်ကို မိတ်ဆွေများ သတိထားမိပါလိမ့်မယ်။

နောက်ပုဒ်မ တစ်ခုကို လေ့လာကြရအောင်ပါ မိတ်ဆွေတို့..။

(အဲ့ဒါကတော့ ပြည်ထောင်စု ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ) ခန့်အပ်ခြင်ဆိုင်ရာဖြစ်ပါတယ်..။

ပုဒ်မ (၂၃၂ ) (ခ) နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန်၊

(၁) လွတ်တော်ကိုယ်စားလှယ်ထဲကဖြစ်စေ၊ လွတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ ပုဒ်မခွဲ (က)ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျှော်သည့် ပုဂ္ဂိုလ်များကို ရွှေးချယ်ရမည်။

(၂) ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျှော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်။

(၃) ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

``````````````````````````````````````````````````````````````````

ပိုပြီးတော့ ထင်ရှားပေါ်လွင်အောင် ပုဒ်မတစ်ခုကို ထုတ်ပြခြင်ပါသေးတယ်..၊ လေ့လာကြပါဦးနော်.။

အခန်း (၇) ပုဒ်မ (၃၃၇) တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

ပုဒ်မ(၃၃၈ )နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမူအောက်တွင် ရှိသည်။

ပုဒ်မ (၃၃၉) နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဥိးဆောင်ရမည်။

ပုဒ်မ (၃၄၃) စစ်ဘက်တရားစီရင်ရာတွင်

(က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ၊ ဥပဒေနှင့်အညီ စီရင်နိုင်သည်။

(ခ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးပြတ်ဖြစ်သည်..။

````````````````````````````````````````````````````````````

အစက နိုင်ငံတော်သမ္မတသည် နိုင်ငံ၏ အကြီးအကဲဖြစ်တယ်ဆိုတာ သတိထားမိပါလိမ့်မယ်..။

နောက် ပုဒ်မတွေက အရာအားလုံးသည် ကာကွယ်ရေးဦးစီးချုပ်၏ ညှိနိုင်းမူကို ရယူပြီး လုပ်ဆောင်ရမည်ဟု ပါရှိသည်ကို သတိပြုမိမယ်ထင်ပါတယ်..။ နောက် တပ်မတော်သားများသည် ပြည်သူပြည်သားများထဲမှ ပေါက်ဖွားလာသည်ဟု ဆိုသော်ငြားလည်း ဥပဒေအရ အခွင့်ထူးခံ လူတန်းစားတစ်ရပ်ဖြစ်နေပါတယ်၊ မြန်မာပြည်ထဲမှာ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ဒါးမြပဲတိုက်တိုက် လူပဲသတ်သတ် ခိုးပဲခိုးခိုး မုဒိန်းပဲကျင့်ကျင့် အရပ်ဖက်တရားစီရင်ရေးက စွက်ဖက်ခွင့်မရှိဘူးဆိုတာ သိမယ်လို့ထင်ပါတယ်..။ မိတ္ထီလာမှာ ဘဏ်ကိုဒါးပြတိုက်သော ဗိုလ်ကြီးကို အရပ်ဖက်တရားစီရင်ရေးက ဘာမှလုပ်မရပါဘူး တပ်ကိုပဲလွဲပေးလိုက်ရတာ သိမယ်လို့ထင်ပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သာ အဓိကဖြစ်နေလို့ပါပဲ..။ တရားမျှတလား မမျှတလား ဆိုတာ သိမြင်မည်ဟု ယုံကြပါတယ်..။

နောက်တစ်ခု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကိုဖွဲ့စည်းခြင်း ဆိုတာကို ပြန်ပြီး ဖတ်စေလိုပါတယ်..။ အားလုံးပေါင်း ၁၁ ယောက်ဆိုတာကို သတိထားမိမယ်ထင်ပါတယ်၊ ဘယ်ဌာနတွေပါတယ်ဆိုတာကိုလည်း သတိထားမိမယ်ထင်ပါတယ်၊ ပြည်တွင်းမှာသော်လည်းကောင်း ပြည်ပရန်ကို တွန်းလှန်ရာတွင်သော်လည်းကောင်း အမျိုးသားကာကွယ်ရေး ကောင်စီက အစီးအဝေးထိုင်ပြီး ဒီမိုကရေစီကျကျ မဲခွဲကြမယ်ဆိုရင်ကိုပဲ သမ္မတမှာ အင်အားမရှိပါဘူး.။ ရှင်းပြပါအံ့

အရပ်ဖွဲ့ အဖွဲ့အစည်းဟု နာမယ်ခံထားသော နိုင်ငံတော် သမ္မတ ဒု သမ္မတ နှစ်ယောက် ၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်ဥက္ကဌများ အားလုံးပေါင်း (၅) ယောက်ဆိုတာ သတိထားမိမယ်ထင်ပါတယ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မှစပြီး နယ်စပ်ရေးရာဝန်ကြီးဌာနအထိ ( ၆) ယောက် ဆိုတာ သတိထားမိပါလိမ့်မယ်၊..။

နယ်စပ်ရေးရာဝန်ကြီးဌာနများ စသည်တို့ကို သမ္မတက တိုက်ရိုက် ခန့်ပိုင်ခွင့်အား ပုဒ်မ (၂၃၂) ခ ပုဒ်မခွဲ (၁) (၂) (၃) တို့ဖြင့် ပြန်လည်ပြီး ချုပ်ကိုင်ထားတာကို မြင်သိရပါလိမ့်မယ်..။

ဒီတော့ ကျနော်တို့တစ်တွေ သမ္မကြီး ဦးသိန်းစိန်ဟာ ရုပ်သေး သမ္မတ သမ္မတကြီး ဦးသိန်းစိန် အစိုးရသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွန်ကြားချက်အောက်မှာသော်လည်းကောင်း၊ ကာချုပ်၏ သဘောတူညီမူဖြင့်သော်လည်းကောင်း လှုပ်ရှားနေရတယ်ဆိုတာ သိသာမည်ဟု ယုံကြပါသည်..။ နောက်တစ်ခု အထက်မှာဖော်ပြခဲ့သည်အတိုင်း အခန်း (၇) တပ်မတော် အခန်းမှာပါဝင်သော ပုဒ်မများအရ ၃၃၉ ပုဒ်မ၀ယ် စစ်ရေးစစ်ရာ ဟူသမျှ တပ်မတော်က ဦးဆောင်ရမည်ဟု ပါရှိသည့်အတွက်၊ ဘယ်သူ့ကို တိုက်တိုက် ဘယ်တိုင်းရင်းသားလက်နက်ကိုင်ကိုတိုက်တိုက် သမ္မတ ဘာမှလုပ်ပိုင်ခွင့် ပြောပိုင်ခွင့် တားဆီးပိုင်ခွင့်ကို မရရှိပါဘူး..။ သိပ်ဝမ်းနဲစရာကောင်းပါတယ်..။ ဒါမို့ ကချင်ကိုတိုက်နေခြင်းဟာ သမ္မတကို အသိပေးစရာမလိုပဲ တိုက်လို့ရနေပါတယ်၊ သမ္မတ၏ ညွှန်ကြားချက်မလိုပါဘူး၊ ကာချုပ်၏ အမိန့်ဖြင့် တိုက်လို့ရနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်..။ တပ်မတော်က ဘယ်လောက် အာဏာယူထားသလဲဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အလွန်သိသာပါတယ်၊ ဒီထက်မက ထုတ်ပြစရာတွေ အများကြီး ပါနေပါသေးတယ်..။

```````````````````````````````````````````````````````````````````````
အငြင်ပွားနေရတဲ့ ၅၉ ကို စတင်ပြီး လေ့လာကြရအောင်ပါခင်များ..။

ပုဒ်မ ခွဲ (က) ကတော့ ထင်ရှားနေပါတယ်..။ ဒါတောင်ပဲ သစ္စာရှိသူ ဖြစ်ရမည်ဆိုတာ ဘယ်လိုသစ္စာရှိသူကို ခေါ်တာလဲဆိုတဲ့ မေးခွန်း ရှိလာနိုင်ပါတယ်၊ (ကျနော် အတွေးလွန်တာလဲ ဖြစ်ချင်ဖြစ်ပါမယ် ၊)

နောက်တစ်ခု (ခ) ကတော့ လုံးဝ ငြင်းစရာမလိုတဲ့ ပုဒ်မခွဲ ဖြစ်ပါတယ်..။ သံသယလဲ ရှိစရာမလိုပါဘူး..။ နောက် ပုဒ်မခွဲ (ဂ) ဒါကတော့ သမ္မတ၏ အသက် ကန့်သတ်ချက်ပါ..။ ပြဿနာတက်စရာမလိုပါဘူး..။

နောက် ပုဒ်မခွဲ (ဃ) နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး ၊ စစ်ရေး အမြင်များ ရှိရမည် ၊ လို့ သတ်မှတ်ထားပါတယ်..။ ဒီနေရာမှာ ပြောစရာက အခြားသော နိုင်ငံတွေမှာ သမ္မတတစ်ယောက် ဖြစ်လာဘို့အတွက် မြို.နယ်အုပ်ချုပ်နေရးမှူး ကို ပြည်သူတို့ကိုတိုင် ရွှေးချယ်ရပါတယ်၊ ပါတီတစ်ခုခုကပေါ့.။ မိမိတို့ အကျိုး မြို့နယ်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်သူကို ပြည်သူများက ရွှေးချယ်တင်မြှောက်ကြပါတယ်..။နောက် မြို့နယ်မှသည် ခရိုင်၊ ခရိုင်မှသည် တိုင်း/ ပြည်နယ်များသို့ အုပ်ချုပ်ရေးမှူး အဆင့်အဆင့် ဖြတ်သန်းရပါတယ်၊ ပေါ်တော်မူတွေ မဟုတ်ရပါဘူး၊ အထက်ကအမိန့်ဆိုတာတွေ မပါရပါဘူး၊။ တိုင်း ဒေသကြီး ပြည်နယ် စသည်တို့မှ သိက္ခာ သမာဓိ စွမ်းရည်သတ္တိ စီးပွားရေး တိုးတက်မူ လူနေမူအဆင့်အတန်း မြင့်မားမူ စသည်တို့ဖြင့် မိမိတို့ တိုင်း မိမိတို့ပြည်နယ်များကို အကျိုးဆောင်ရပါတယ်..။ အဲ့ဒီလို အကျိုးဆောင်ပြီး မှတ်ကျောက်တင်ခံပြီးမှ ဗဟိုအုပ်ချုပ်ရေးနား ကပ်ရပါတယ်၊ အဲ့ဒီတော့ စစ်ရေး စီးပွားရေး အုပ်ချုပ်ရေး နိုင်ငံရေးအမြင်ဆိုတာကို ထင်ရှားပါတယ်..။ ပြည်သူတွေက ရွှေးကောက်တင်မြှောက်ခြင်း ဖြစ်ပါတယ်၊ အထက်က ခန့်အပ်တာမဟုတ်ပါဘူး.။

ဒီတော့ ကျနော်တို့ နိုင်ငံရေးဆိုတာကတော့ ပါတီတစ်ခုခုကို ဦးဆောင်နေပြီဆိုရင် နိုင်ငံရေးအမြင်ရှိလို့ ဟုသတ်မှတ်နိုင်ပါတယ်.။ အုပ်ချုပ်ရေးအမြင်.. န၀တ ခေတ်က ငြိမ်ဝတ်ပိပြားရေး ဆိုတာမျိုး ဖြစ်မှာ စိုးရပါတယ်။။ လက်နက်နဲ့ ငြိမ်နေအောင် လုပ်တာမျိုး ဖြစ်နေမှာစိုးရပါတယ်.။ ဒါက စကားချပ်ပါ..။ အုပ်ချုပ်ရေးအမြင် လောလောဆယ် အရပ်သား ဖြစ်နေကြတဲ့အတွက် ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာ မသိကြပါဘူး. ဥပဒေကျောင်းဆင်း တွေမှအပပေါ့.။ ဥပဒေကျောင်းဆင်းတွေကတော့ ဥပဒေအရ သိနားလယ်လို့ တော်သေးတယ်၊ ထားတော့..

နောက် စီးပွားရေးအမြင် ရှိရမယ်.. ဘယ်လိုစီးပွားရေးအမြင်လဲ..သန်းကြွယ်သူဌေးဖြစ်နေတာကို ဆိုလိုတာလား.. စီးပွားရေးနဲ့ ဘွဲ့ရထားသူ ကိုဆိုလိုတာလား..။ စဉ်းစားစရာတွေပါ..။ အုပ်ချုပ်ပြီးမှ တိုးတက်မူ ဆုတ်ယုတ်မူကို တိုင်းတာမှာလား..။

နောက်တစ်ခု စစ်ရေးအမြင်… ဒါကပိုဆိုးသည်.. စစ်ရေးအမြင် DSA ကျောင်းမှ ဘွဲ့ရထားတာကို ဆိုလိုတာလား..။ အရပ်သားဆိုတာ ဘယ်လိုစစ်ရေးအမြင်ရှိနိုင်မလဲ..။ စစ်ရေးအမြင်ရှိရမယ်ဆိုရင် ကာချုပ်ကို ဘာလို့ခန့်နေမှာလဲ..။ မလိုဘူးပေါ့… စဉ်းစားစရာကို တင်ပြခြင်းပါ..။ ဒီနေရာမှာ စစ်ရေးအမြင်ဆိုတာထက် ကျနော့်အလို ငြိမ်းချမ်းရေးအမြင်ရှိသူ လို့တောင် ပြင်လိုက်ချင်ပါတယ်..။ ဘာဖြစ်လို့လဲ .. ခု ကျနော်တို့ တိုင်းပြည်ကို ၁၉၆၂ ခုနှစ်မှ စပြီး ၂၀၁၀ အထိ အုပ်ချုပ်လာတာ အရပ်သား မဟုတ်ပါဘူး.။ စစ်ဗိုလ်ချုပ်တွေပါ.. နောက် ဆုံး ခရိုင်အုပ်ချုပ်ရေးမှူးကစပြီး ဦးနေ၀င်း ဦးစောမောင် ဦးစန်းယု ဦးစိန်လွင် နောက်ဆုံးဆုံး ဦးသန်းရွှေတို့ ဆိုတဲ့ နိုင်ငံအာဏာကို ရယူထားသူ အားလုံးသည် စစ်ဗိုလ်ချုပ်များ ဖြစ်ကြပါတယ်၊ စစ်ရေးအမြင်ရှိသူများ ဖြစ်ကြပါတယ်.။ ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတယ်၊ စစ်ဗိုလ်ချုပ်ကြီးတွေ အပြီးပြတ် တိုက်ပွဲမဆင်နိုင်ပါဘူး..။ တစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးယူလိုက် နောက်တစ်ဖွဲ့နဲ့ ချလိုက် ဖြစ်နေပါတယ်.။ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ စစ်ရေးအမြင်သာရှိပြီး ငြိမ်းချမ်းရေးအမြင်မရှိသည့်အတွက် မြန်မာပြည် မငြိမ်းချမ်းနိုင်တာ တစ်တိုင်းပြည်လုံးတင်မက တစ်ကမ္ဘာလုံးက သိနေတဲ့ကိစ္စပါ..။ ဒါမို့ စစ်ရေးအမြင်ထက် ငြိမ်းချမ်းရေးအမြင် ရှိရမည် ဟု ထည့်သွင်းတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။

ဒါမို့ ဒီ ပုဒ်မခွဲ (ဃ) သည် အရပ်သားဟူသမျှ သမ္မတရာထူးကို မရနိုင်တော့ပါဘူး..။ မပြင်ရင်ပေါ့..။

စစ်ရေးအမြင် ဆိုတာကို သိသာအောင် တိုက်ပွဲတစ်ခုကို ဖန်တီးပြီး အုပ်ချုပ်ခိုင်းရမည် ဖြစ်နေပါတယ်..၊

နောက် ပုဒ်မခွဲ (င) ဆိုတာကတော့ ရှင်းပါတယ် အငြင်းပွားစရာမလိုပါဘူး။

နောက် ပုဒ်မခွဲ (စ) ၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ မပါပါဘူး၊ ဒီလို ရေးဆွဲထားတာကို ၊ တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားလာသူ ဖြစ်ရမည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိသူ ဖြစ်ရမည်၊

ဒါတွေလောက်ပါပဲ..။ ခု အထက်က ဖတ်ခဲ့တဲ့ ပုဒ်မကို မိတ်ဆွေများ ပြန်လည်သတိရမိမယ်လို့ ထင်ပါတယ်၊ တိတိကျကျ သက်သေမပြနိုင်ပေမဲ့ အခြား ဒီမိုကရေစီနိုင်ငံမှာ မရှိပါဘူးတဲ့၊ ခုဟာက သားသမိးတွင်မကဘူး သားသမီး၏ ချွေးမ သားမက် တွေ အကုန်ပါနေပါတယ်၊ ဒီလောက်ကြီး ဖြစ်စရာလဲ မရှိပါဘူး၊ ဒါမို့ ဥပဒေပညာရှင်များနှင့် ကမ္ဘာ့အသိုင်းအ၀ိုင်းက ဒီဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် တမင်ရည်ရွယ်ပြီး ရေးထားသည်ဟု သုံးသပ်ကြပါတယ်၊

အခြေခံဥပဒေဆိုတာ အခြားသော ရာဇသတ်ကြီး ဦးပဒေများ၏ Mother Naw ဖြစ်ပါတယ်၊ အခြေခံဥပဒေကို ရေးဆွဲသည့်နေရာမှာ တရားမျှတခြင်း လွတ်လွပ်ခြင်း ၊ တန်းတူညီမျှခြင်း စတဲ့ သဘောတရားတွေကို အခြေခံရပါတယ်၊။။

ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှ တရားမျှတခြင်းတွေ အများကြီး ခေါင်းပါးနေပါတယ်..။ မိတ်တွေများ လေ့လာစေလိုပါတယ်..။

ဒီတော့ ကျနော်ပြောလိုတာက ဒီဥပဒေကို မပြင်မချင်း… တိုင်းရင်းသားရော ဗမာပြည်သူပြည်သားတွေ ဘယ်လောက်ပဲ မိုးပျံအောင်တော်နေပါစေ ဘယ်တော့မှ သမ္မတမဖြစ်ဘူးဆိုတာ သိစေခြင်ပါတယ်၊

နောက်ပြီး ဒီဥပဒေကို မပြင်သမျှ ကျနော်တို့ ရရှိလာတဲ့ သမ္မတဟာ ဘာတစ်ခုမှ ထိထိရောက်ရောက် လုပ်ပိုင်ခွင့်လည်း ရှိလာမှာမဟုတ်ပါဘူး၊ ဒါမို့ ယခုသမ္မတ ဦးသိန်းစိန်ဟာ အများအမြင်မှာ ရုပ်သေးသမ္မတဖြစ်နေပါတယ်၊ အကယ်၍ မရှင်းပါက တတ်သိနားလယ်သော ဥပဒေပညာရှင်များကို မေးမြန်စေလိုပါတယ်..။ ကျနော်ကတော့ မိတ်ဆွေများကို တင်ပြယုံသက်သက်ပါ..။

အမြင်မတူတာတွေ ရှိလာနိုင်ပါတယ်၊ ကွဲလွဲနိုင်ပါတယ်ခင်များ။

ကျေးဇူးအထူးတင်ပါတယ်၊
မိုးတိမ်လွှာ (၂၀.၄.၂၀၁၄)


ဦးဝင်းတင် ဧပြီ ၂၀ ရက်နေ့က ကွယ်လွန်သွားခဲ့ရှာပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ်အရွယ်ဆိုတော့ သာမန်လူတယောက်အဖို့ နေပျော်၊ သေပျော်ပါပြီလို့ ဆိုနိုင်ပေမယ့် ဦးဝင်းတင်လို ကမ္ဘာ့အမြင်ရှိတဲ့ သတင်းစာဆရာကြီးတဦး ဆုံးပါးသွားရတာကိုတော့ အသေစောလို့ နှမျောလှတယ်လို့ပဲ ပြောချင်ပါတယ်။ ကိုယ်ရေးကိုယ်တာ မငဲ့ကွက်ဘဲ တသက်ပန်လုံး ပြည်သူ့ဘက်က မားမားမတ်မတ် စွန့်စား ရပ်တည်သွားတဲ့ သတင်းစာဆရာကြီးတဦး မဟုတ်ပါလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ အစားထိုးရဖို့ ခက်ခဲတဲ့ နိုင်ငံရေးသမားတဦး ဖြစ်သလို၊ မြန်မာသတင်းစာလောကအတွက်လည်း အားထားစရာ စံနမူနာပြုစရာ ရတနာတပါး ဆုံးရှုံးရခြင်းပါပဲ။

အသက် ၈၀ ကျော် နေသွားရပေမယ့် သူ့ရဲ့သက်တမ်း ၄ ပုံ ၁ ပုံ ကာလဟာ ထောင်ထဲမှာ တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့သာမက ရာဇ၀တ်အကျဉ်းသားတွေနဲ့ရော၊ ထောင်ဝန်ထမ်းတွေနဲ့ပါ အဆက်ဖြတ်ပြီး တိုက်ပိတ်ထားတာကို ခံခဲ့ရတာပါ။ တခြားသူတွေနဲ့ အော်ဟစ်ပြီး စကားပြောလို့မရအောင် ပေ ၃၀၊ ၄၀ ကျော် အခန်းကြီး ၃-၄ ခန်းနဲ့ ခြားထားလိုက်ပါသေးတယ်။ သူဝါသနာပါတဲ့ ပန်းချီ၊ ဂီတ၊ စာပေဆိုတာတွေလည်း ဘာမှ လုပ်ခွင့်မပေးဘဲ ဆန်ကြမ်းထမင်းနဲ့ ဟင်းရွက်ပြုတ်ရည်ကိုသာ ကျွေးပြီး၊ သွားမပါဘဲ ၀ါးမျိုချ အသက်ရှင်နေခဲ့ပါတယ်။ “သွားမပါဘဲ စားရတယ်” ဆိုတာက ငရဲသားဗိုလ်ချုပ်ခင်ညွန့်တို့ရဲ့ လက်ချက်နဲ့ သွားတွေ ကျိုးကြေ ပြုတ်ထွက်ကုန်လို့ပါပဲ။ အစာအိမ်ရောဂါလည်း စွဲခဲ့ရတယ်။ အူကျရောဂါဖြစ်တာကို ဆေးရုံတင် ကုသမပေးဘဲ ဖြစ်ချင်ရာဖြစ် ဖြစ်ရော ဆိုပြီး ပစ်ထားတာလဲ ခံခဲ့ရပါတယ်။ ၅ နှစ်ကြာမှ ခွဲစိတ်ကုသတော့ သိပ်နောက်ကျသွားလို့ မွေးရာပါပစ္စည်းတခုလုံး ဆုံရှုံးခဲ့ရလို့ ‘သင်းကွပ်’ ခံဘ၀ရောက်သွားခဲ့ရပါပြီ။ ခွဲစိတ်မှု ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ပေါင်တဖက် နာကျင် ကိုက်ခဲတာလည်း တသက်လုံး ခံသွားခဲ့ရရှာပါသတဲ့။

ထောင်က လွတ်လာတော့ နေစရာ အိမ်မရှိတော့ဘူး။ သူ့အိမ်ခန်းကို သိမ်းလိုက်တော့ တသက်လုံး စုဆောင်းခဲ့တဲ့ စာအုပ်စာတမ်း၊ မှတ်တမ်း မှတ်ရာတွေနဲ့တကွ ပစ္စည်းတွေအားလုံး ဆုံးရှုံးခဲ့ရတယ်။ အငြိမ်းစားလစာလည်း အသိမ်းခံရလို့ နေစရာ၊ စားစရာရော၊ သုံးစရာငွေကြေးပါ ဘာမှ မရှိတဲ့အပြင် ထောင်အပြင်မှာလည်း နောက်က ထောက်လှမ်းရေးတွေက အမြဲလိုကပ်လိုက်နေတော့ ကျွေးမယ့် ပေးမယ့် ဆွေမျိုး မိတ်သင်္ဂဟတွေလည်း တော်ရုံလူက မကပ်ရဲတော့ဘူးပေါ့။

ဒီလိုနဲ့ … ‘ကျနော်တယောက် အကြံတုံး၊ ဥာဏ်တုံး၊ နလပိန်တုံးလောက် နီးနီးအဖြစ်နဲ့ ဘ၀နေ၀င်ချိန် ခရီးဆုံးကို လှမ်းလျှောက် လျှောက်နေရပါပြီ’ လို့ သူရဲ့ ‘လူ့ငရဲ’ အမှာစာမှာ ရေးသွားခဲ့ပါတယ်။ ဒါပေမယ့် ရှိတဲ့အင်အားနဲ့ မကြောက်တရားကို လက်ကိုင်ထားပြီး မလျှော့တမ်း တိုက်ပွဲဝင်သွားမယ်လို့ ကြွေးကြော်အော်ဟစ်ပြီး ကြွေးကြော်တဲ့အတိုင်းလည်း လေသံတောင် မလျှော့ဘဲ မကြောက်တရားနဲ့ တိုက်ပွဲဝင်သွားခဲ့ပါတယ်။ လူငယ်တွေအတွက် ဇွဲမာန်သတ္တိတွေ အမွေပေးသွားခဲ့ပါတယ်။

ဦးဝင်းတင်က ကြို့ပင်ကောက်သားဆိုတော့ ကျနော်တို့အညာသားတွေနဲ့ အနေဝေးခဲ့ပါတယ်။ အသက်အရွယ်ကလည်း ကျနော်တို့ထက် ၁၀နှစ်လောက် ကြီးတဲ့အပြင် သူက ရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့တာပါ။ တက္ကသိုလ်ကျောင်းသားဘ၀မှာ စာပေလေ့လာဖော်သူငယ်ချင်းက ဦးဝင်းမောင် (မင်းယုဝေ)ပါ။ ကျနော်တို့က ‘ကြီးဖော်’တွေပါ။ ၁၉၆၉-၇၈ မန္တလေးကို ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀နဲ့ ရောက်လာတော့ သိကျွမ်းရင်းနှီးလာခဲ့ရတာပါ။ စာပေသမားအချင်းချင်းဆိုတော့လည်း သိဟောင်းကျွမ်းဟောင်းလို ချက်ခြင်း ခင်မင်ရင်းနှီးသွားပြီး ညီအကိုလို သွေးသောက်ရဲဘော်လို ရင်းနှီးသွားခဲ့ရပါတယ်။ တွေ့တွေ့ချင်း ကျနော့်ကို အိမ်ရှာခိုင်းလို့ ကျနော်နဲ့ မျက်နှာချင်းဆိုင်က အိမ်ကို ရှာပေးထားခဲ့ပါတယ်။ မီးရထားရပ်ကွက်အရှေ့ဖက်မှာပါ။ အစိုးရတိုက်တန်း (နန်းရှေ့)ကို ပြောင်းကြရတော့လည်း အတူတူပဲ ပြောင်းကြရပြီး မျက်နှာချင်းဆိုင် နေခဲ့ရပါတယ်။ နန်းရှေ့မှာ ကျနော်အလုပ်သွားတဲ့ကျောင်းက မန္တလေးအနောက်ဖျားမှာပါ။ စိန်တောင်ရပ်ထဲမှာပါ။ ဒါကြောင့် ကျနော်က အချိန်ရတိုင်း သူ့စာပွဲကို သွားထိုင်ပါသေးတယ်။ သူ့ရှေ့မှာ ပန်းချီဆရာလေးတွေ၊ ကာတွန်းဆရာလေးတွေရော၊ စာပေ၀ါသနာရှင် ရဟန်းသံဃာတွပါ တွေ့ရတတ်ပါတယ်။ သူ့စာပွဲပေါ်မှာတော့ စာရွက်စာတမ်းနဲ့အတူ မြေပဲကြော်ပန်းကန် အမြဲရှိနေတတ်ပါတယ်။ ခု သူနဲ့အတူ နိုင်ငံရေးလောကထဲ ရောက်လာတဲ့ ကိုအုန်းကြိုင်တို့ကိုလည်း အဲဒီစာပွဲမှာပဲ မိတ်ဆွေတွေ ဖြစ်လာခဲ့ရပါတယ်။

ဦးဝင်းတင်တို့ “ကြေးမုံ” သတင်းစာတိုက်ကို ပြည်သူပိုင်သိမ်းလိုက်တော့ ဦးဝင်းတင်မှာ အားလပ်သွားခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်နေ၀င်းက သတင်းစာလုံးဝမရှိတော့တဲ့ မန္တလေးကို သွားပြီး လုပ်ဖို့ လွှတ်လိုက်တဲ့အခါမှာ ဒုတိယလူထုသတင်းစာ မဖြစ်စေနဲ့။ ဦးလှတို့ ဒေါ်အမာတို့ လူထုမောင်စောလွင်၊ မောင်စွမ်းရည်တို့နဲ့ ဝေးဝေးနေလို့ အသေအချာ မှာလိုက်တဲ့အပြင် ဗိုလ်ကြီးတယောက်ကိုလည်း သတင်းစာမှာ ပူးတွဲတာဝန်ယူဖို့ ခန့်လိုက်သေးတာပါ။ အဲဒီစစ်ဗိုလ်ကို တနင်္ဂနွေအချပ်ပိုကိုပဲ တပ်မတော်ကဏ္ဍအတွက် နေရာပေးပြီး တာဝန်ယူခိုင်းထားဟန် ရှိပါတယ်။ ဒါပေမယ့် အဲဒီဗိုလ်ကြီးက လူအေးလူရိုးပါ။ ဦးဝင်းတင်လို ပုဂ္ဂိုလ်ကိုလည်း တန်ဖိုးထား လေးစားဟန်ရှိပါတယ်။ စွက်ဖက်ခဲ့ပုံ မရပါဘူး။ ဦးဝင်းတင်ကလည်း စွက်ဖက်ခံမှာ မဟုတ်ပါဘူး။

ဦးဝင်းတင်လိုလူက မန္တလေးရဲ့ မြို့မျက်နှာဖုံးလိုဖြစ်နေတဲ့ လူထုဦးလှတို့လို သတင်းစာဆရာကြီးတွေကို ဘယ်မှာ ဦးမခိုက်ဘဲ နေပါ့မလဲ။ သူ့မိဘတွေလိုတောင် သဘောထားတာပါ။ သတင်းစာဖွင့်ပွဲမှာ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးကိုယ်တိုင်လည်း တက်ရောက်ပါတယ်။ ဦးဝင်းတင်က ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးမြမျိုးလွင်၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ကို ရှေ့တန်းတင်ပြီး ဖွင့်ပွဲလုပ်ရာမှာ ကျနော်တို့တတွေကိုလည်း အရေးတယူဖိတ်ကြားခဲ့ပါတယ်။ မန္တလေး စာပေသမားတွေအားလုံးကို ပါဝင်ရေးသားကြဖို့ ဖိတ်ခေါ်ပါတယ်။ ကလောင်ရှင်သစ်တွေနဲ့ ကာတွန်းဆရာအသစ်တွေကိုတောင် မွေးထုတ်ပေးသွားနိုင်ခဲ့ပါတယ်။

ကျနော်တို့ကတော့ သူ့ကို ဗိုလ်နေ၀င်း ငြိုငြင်တာ ခံရမှာစိုးလို့ တခါတရံ ကလောင်အမည်ဝှက်တခု သုံးပြီး ရေးပါတယ်။ မောင်စွမ်းရည် အမည်နဲ့ကတော့ ကောက်စိုက်သီချင်းတို့၊ ဗုံကြီးသံတို့လို အငြိုအငြင်အခံရနိုင်တာမျိုးလောက်ပဲ နည်းနည်းပါးပါး ၀င်ရေးခဲ့ပါတယ်။ ကျနော်ရေးလေ့ရှိတဲ့ စာအုပ်ဝေဖန်စာများကိုလည်း ကျနော်မရေးပါဘူး။ ဦးဝင်းတင်ကိုယ်တိုင်ပဲ ကလောင်ခွဲသုံးပြီး ရေးခဲ့ပါတယ်။ ဦးဝင်းတင်အားထုတ်မှုကြောင့် မန္တလေးလူထုကလည်း ဦးဝင်းတင်ကို လေးစားချစ်ခင်လာကြတဲ့အပြင် ဟံသာဝတီသတင်းစာကိုလည်း အထူးအားထား လေးစားလာခဲ့ကြပါတယ်။ တချို့ကလည်း ဦးဝင်းတင်ကို မန္တလေးသားဖြစ်အောင် ရွှေမန်းသူ ရွှေးခြေကျင်းမယ်တဦးဦးနဲ့ လက်ဆက်ပေးဖို့တောင် အားထုတ်ခဲ့ကြတယ်လို့ ကြားလိုက်မိဖူးပါတယ်။

ဦးဝင်းတင်ရောက်လာပြီး မကြာခင်မှာပဲ ကျနော်တို့တတွေ တနှစ်မှ တကြိမ် လုပ်ဖြစ်တဲ့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း စာဆိုတော် နေ့ စာတမ်းဖတ်ပွဲကိုလည်း အသင်းနဲ့တကွ ပိတ်ပစ်လိုက်တာကို ခံရပ်တယ်။ ဒါပေမယ့် ဦးဝင်းတင်က ဟံသာဝတီသတင်းစာတိုက်မှာ ဒီလူတွေနဲ့ ဆက်ပြီး စာတမ်းဖတ်ပွဲတွေ လုပ်ပါတယ်။ ဗိုလ်နေ၀င်း ငြိုငြင်ခံထားရတဲ့ ဦးသိန်းဖေမြင့်တို့၊ သခင်ကျော်စိန်တို့ပါ တက်ရောက် ဖတ်ကြားတာမျိုးတွေ လုပ်လာခဲ့တော့ ဟံသာဝတီသတင်းစာတိုက်ကိုပါ ပိတ်ပစ်လိုက်တဲ့အထိ ငြိုငြင်တာ ခံလိုက်ရပါတယ်။

ဦးဝင်းတင်ဟာ အလွန်မကန် ရဲဘော်ရဲဘက်စိတ်ရှိသူပါ။ သူ့လုပ်ဖော်ကိုင်ဖက်တွေအတွက်ဆိုရင် သူ့အငတ်ခံပြီး ကျွေးတာပေးတာမျိုး လုပ်တတ်သူပါ။ ကြေးမုံသတင်းစာတိုက်မှာ လုပ်တုန်းက သူ့လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအယ်ဒီတာတဦး အဖမ်းဆီး ထောင်ချခံရတော့ သူ့မိတ်ဆွေရဲ့ မိသားစုကို သူ့လစာကို လွှဲပေးထားလိုက်ပြီး သူကတော့ အပြင်စာနယ်ဇင်းတွေမှာ ဆောင်းပါးတွေရေးပြီး ၀င်ငွေ ရှာစားနေခဲ့ ပါတယ်။ (မိုးမခ ဖြည့်စာ – အဆိုပါအယ်ဒီတာမှာ လူထုစိန်ဝင်း ဖြစ်ပါတယ်။ ဆရာလူထုစိန်ဝင်းကိုယ်တိုင်က ထိုအကြောင်းကို ဦးဝင်းတင်ဂုဏ်ပြုဆောင်းပါးတခုမှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်)။ မိတ်ဆွေတွေရဲ့ သားသမီးတွေ ကျောင်းနေစာရိတ် အခက်အခဲကြုံရင်လည်း သူပဲဝင်ပြီး ဖြေရှင်းပေးတတ်ပါတယ်။

မန္တလေးမှာ အလုပ်လုပ်တော့ ၀န်ထမ်းသက်သာဆိုင်တွေ ခေတ်စားတဲ့အချိန်ပါ။ အများအားဖြင့်တော့ ဌာနဆိုင်ရာ ဆရာကြီးတွေ အုပ်စားခဲ့ကြတာမျိုးပေါ့။ ဦးဝင်းတင်ကတော့ သကြား၊ နို့ဆီ၊ ဆီ၊ ဆန်၊ ဆား စတာတွေ ရရှိအောင် သူကိုယ်တိုင်စီစဉ်ပေးပြီး ထမင်းဆိုင်နဲ့ လဖက်ရည်ဆိုင် ဖွင့်စေပါတယ်။ မခိုမကပ်ပဲ ကောင်းကောင်းလုပ်စေပြီး အပြင်လူထုကို ဆိုင်ဖွင့်ရောင်းချတော့ လက်မလည်အောင် ရောင်းခဲ့ရပါတယ်။ ကောင်းအောင်လည်းလုပ်ပြီး အမြတ်ကြီးစားတာမျိုးလည်း မလုပ်တော့ လဖက်ရည်သောက်လာသူတွေ၊ ချိုင့်ဆွဲသွား သူတွေ များပါတယ်။ ၀န်ထမ်းတွေလည်း တကယ် သက်သာချောင်ချိခဲ့ပါတယ်။ ဟံသာဝတီသတင်းစာဝန်ထမ်းတွေ ပျော်ကြတာမျိုး အဲဒီခေတ်က ဘယ်မှ မတွေ့ဖူးပါဘူး။ အဲသလို လူထုအများရဲ့အကျိုးကို တကယ်ရှိအောင် လုပ်တာမျိုးကို ဗိုလ်နေ၀င်းက ဘယ်တုန်းကမှ မလိုလားခဲ့ဖူးလေတော့ ဦးဝင်းတင် လူကြိုက်များလာတာမျိုးကိုလည်း ဘယ်ကြိုက်မလဲ။ မနာလိုဝန်တိုတာလည်း ပါမယ် ထင်ပါတယ်။

ဦးဝင်းတင်ရဲ့ ဟံသာဝတီသတင်းစာဟာ ၁၀ နှစ် နီးပါးပဲ သက်တမ်းရှည်လိုက်တယ်လို့ ထင်ပါတယ်။ သူ့အရင် ကျနော် ရန်ကုန်ရောက် သွားတယ်။ သူက ၁၉၇၈ လောက်မှ ရန်ကုန်ကို ရောက်လာပြီး လမ်းသစ်ရိပ်သာက တိုက်ခန်းမှာ နေပါတယ်။ စာအုပ်တွေ အပြည့်နဲ့ပေါ့။ သူတဦးတည်းနေပါတယ်။ တပတ်တခါ တွေ့ဆုံပွဲလေး လုပ်ပါတယ်။ ဆရာဇ၀နက အိမ်နီးချင်းဖြစ်ပေမယ့် ဦးဝင်းတင်ရဲ့ တိုက်ခန်းလှေကားကို တက်ရမှာ ၀န်လေးတာကြောင့် ကြုံရခဲပါတယ်။ ကိုသာဘန်း၊ ကိုဝံသတို့ အမြဲလာတယ်။ ကိုကျော်အောင်၊ ကိုမင်းကျော်၊ ကိုညွန့်ကြူးတို့လည်း အမြဲလာတယ်။ တင်မိုး၊ မိုးသူ၊ မောင်စွမ်းရည်တို့ မန္တလေးအုပ်စုလည်း ပါတတ်ပါတယ်။ စကားဝိုင်းဖွဲ့ ပြောကြတာပါပဲ။ စားစရာ ထမင်းဟင်းလို ဟာမျိုးကိုတော့ ဦးဝင်းတင်ကိုယ်တိုင် ချက်ပါတယ်။ ကိုအုန်းကြိုင်တို့ ကူညီတယ် ထင်ပါတယ်။

ဦးဝင်းတင်က အပေါင်းအသင်း အလွန်များပါတယ်။ လုပ်ဖော်ကိုင်ဖက်များအပြင် တပည့်တပန်းတွေလည်း ပေါပါတယ်။ သူက တသက်လုံး သတင်းစာဆရာ လုပ်ခဲ့သူပါ။ ၁၉၄၉ ခုနှစ်လောက်က စပြီး အကျိုးဆောင်ဂျာနယ်နဲ့ သံတော်ဆင့်သတင်းစာတို့မှာ အလုပ်သင်အဖြစ် ၀င်ရောက်ခဲ့ပါတယ်။ ၁၉၅၃ ကစပြီး စာပေဗိမာန်မှာ ၀င်လုပ်တယ်။ နောက် အေအက်ဖ်ပီ သတင်းဌာနမှာလည်း ၀င်လုပ်ဖူးပါတယ်။ ဆရာဦးထင်ကြီးတို့ လက်အောက်မှာပေါ့။ သူက လူမှန်းသိကတည်းက သတင်းစာဆရာလုပ်မယ်ဆိုတာ ပိုင်းဖြတ်ပြီးသား။ ဂျာနယ်ကျော် မမလေး ရေးတဲ့ သတင်းစာဆရာကြီး ဦးချစ်မောင်ရဲ့ အထုပ္ပတ္တိ ‘သူလိုလူ’ ကို ဖတ်ပြီး ဦးချစ်မောင်ကို အထူးအားကျခဲ့တာလို့ ပြောဖူးပါတယ်။ ဦးချစ်မောင် အထူးနှစ်သက်တဲ့ ‘ကွိ’ စာအုပ်ကိုလည်း ရှာဖတ်ပြီး နောင်အခါ အဲဒီစာအုပ်ကို သူ ဘာသာပြန်ပါတယ်။ သူရဲ့ လက်ရာမွန်တခုပါပဲ။

ဦးဝင်းတင် စာပေဗိမာန်မှာ အလုပ်လုပ်ရင်း (စွယ်စုံကျမ်း၊ လူထုသိပ္ပံကျမ်းတို့ ထုတ်ဝေရေးကို ဆောင်ရွက်ရင်းလို့ ထင်ပါတယ်) နယ်သာလန်နိုင်ငံ၊ အမ်စတာဒန်မြိုံ၊ ဂျမ်ဘာတန်စာအုပ်ကုမ္ပဏီမှာ ပုံနှိပ်ထုတ်ဝေရေးပညာကို သင်ယူရင်း သမ္မာမိတ္တ စာအုပ်ကုမ္ပဏီလုပ်ငန်းအဖြစ် သွားရောက်လုပ်ဆောင် ရပါတယ်။ ၁၉၅၅-၅၇ ခုနှစ်များ အတွင်းမှာပါ။ ၂ နှစ်ကြာခဲ့ပါတယ်။ အဲဒီမှာ နေရင်း သူ့ငွေနဲ့သူ သတင်းစာလေးတစောင်ကို ပြည်ပမြန်မာတွေ ဖတ်ဖို့ စီစဉ်တည်းဖြတ် ထုတ်ဝေပြီး ဖြန့်ချိခဲ့ပါသေးတယ်။ ဥရောပပန်းချီကျော်များရဲ့ ပန်းချီပြတိုက် (ဗန်ဂိုး စတဲ့) တွေကိုလည်း လှည့်လည်ကြည့်ရှု မှတ်သားခဲ့ပါသေးတယ်။ အဲဒီကိုယ်တွေ့မှတ်သားခဲ့တာတွေနဲ့ ပေါင်းစပ်ပြီး ကမ္ဘာပန်းချီသမိုင်းနဲ့ မြန်မာ့ပန်းချီသမိုင်းပါဝင်တဲ့ ‘အလှရှာတော်ပုံ’ စာအုပ်ကြီးကို ၁၉၆၇မှာ ထုတ်ဖြစ်ခဲ့ပါတယ်။ ‘ပေါ်သစ်’ ဆိုတဲ့ ကလောင်အမည်ကို ယူခဲ့ပါတယ်။ ကျနော် ၂၀၀၂ အမ်စတာဒန်မြိုံကို ရောက်တော့ ဗန်ဂိုးပြတိုက်ကို ၀င်ကြည့်ခဲ့ရပါတယ်။ ဦးဝင်းတင်ခြေရာ ထပ်ခဲ့တဲ့နေရာမှာ ငါ့ခြေရာ ချခဲ့တာပါကလားလို့ အလွမ်းပွားခဲ့ရဖူးပါတယ်။ ဦးဝင်းတင်မကွယ်လွန်မီကလေးတင်ပဲ ‘အလှရှာတော်ပုံ’ ကို ပြင်ဆင်မွန်းမံပြီး ဆေးရောင်စုံနဲ့ ဒုတိယအကြိမ် ထုတ်နိုင်ခဲ့လို့ သူ အထူးဝမ်းသာသွားခဲ့ပါတယ်။ ပန်းချီအနုပညာသမား ဒေါ်အောင်ဆန်းစုကြည် အမှာစာ ချီးမြှင့်ထားတာ တွေ့ရပါတယ်။

ဦးဝင်းတင်အကြောင်း ဆောင်းပါးနိဂုံးချုပ်ခါနီးမှာ ဦးလေးလူထုဦးလှရဲ့ ဦးဝင်းတင် ဂုဏ်ပြုစကားလေးနဲ့ နိဂုံးချုပ်ပေးသင့်တယ်လို့ စဉ်းစားလိုက်မိပါတယ်။ ဟံသာဝတီသတင်းစာတိုက်ဖွင့်ပွဲ မန္တလးမှာလုပ်တုန်းက ပြောခဲ့တာပါ။ ပုံပြင်ဆရာကြီး ပြောခဲ့တဲ့ ပုံပြင်တပုဒ်ပါ။

‘တနေ့တော့ ခြင်္သေ့မကြီးတကောင် မီးဖွားတဲ့သတင်းရလို့ မြေခွေးမတကောင်က မီးနေမေးဖို့ သွားပါသတဲ့။ “ဟင် … ခြင်္သေမကြီးဆိုပြီး မွေးလာတော့လည်း ခြင်္သေ့လေးတကောင်တည်းပါကလား၊ ကျမတို့ဆိုရင် တခါတည်း ၅ကောင် ၁၀ကောင် မွေးတာ …” လို့ ရှုတ်ချ ပြောဆိုပါသတဲ့။ ခြင်္သေမကြီးက “အေး – တကောင်တည်းတော့ တကောင်တည်းပဲ။ ဒါပေမယ့် ခြင်္သေ့ ဟဲ့ …” လို့ ပြန်ဟောက်လိုက်ပါသတဲ့။ ဦးဝင်းတင် ဟံသာဝတီတိုက်ကို တဦင်္းတည်း ရောက်လာလို့ ဦးလေး လူထုဦးလှက တင်စားပြောတဲ့ ပုံပြင်ပါ။ အစမှာ ရေးခဲ့တဲ့ အတိုင်း ဗိုလ်နေ၀င်းမကြိုက်ပေမယ့် ဦးဝင်းတင်ကတော့ လူထုမောင်နှံကို မိဘနှစ်ပါးလို သဘောထားခဲ့ပါတယ်။ ဦးလေးတို့ကလည်း တူသားရင်းချာလို စောင့်ရှောက်ပါတယ်။ အမေ ဒေါ်အမာ ရန်ကုန်ကို အလည်လာတော့ ရုပ်ရှင်မင်းသားကြီးဦးထွန်းဝေအိမ်မှာ မိတ်ဆွေအသိုင်းအ၀ိုင်း ၁၀၀ လောက်နဲ့ ထမင်းစားပွဲကြီး တခုလုပ်ပြီး ဂုဏ်ပြု ဧည့်ခံဖူးပါတယ်။

ဂုဏ်ပြုပွဲမှာ ဦးဝင်းတင်က ‘ကျနော့်မှာ အမေ ၂ ယောက်ရှိတယ်။ အမေရင်းအမည်က ဒေါ်အမာတဲ့။ နောက်ရတဲ့ အမေကလည်း ဒေါ်အမာပါ ပဲ” လို့ လှိုက်လှိုက်လှဲလှဲ ပြောခဲ့ဖူးပါတယ်။ ကျနော်တို့ကလည်း လူထုမောင်နှံရဲ့ သားသမီးများဖြစ်လေတော့ ဦးဝင်းတင်ကလည်း ကျနော် တို့ရဲ့ မန်းစကားနဲ့ပြောရရင် ‘နောင်တော်ကြီး’ ပါပဲ။ ဦးဝင်းတင်ဆုံးပါး ကွယ်လွန်သွားတာဟာ ကျနော်တို့ရဲ့ နောင်တော်ကြီးတဦး ဆုံးရှုံး သွားရတာနဲ့ မခြားပါဘူး။ နောင်တော်ကြီး နောင်ဘ၀မှာ သတင်းစာဆရာကြီးဘ၀နဲ့ ဗမာပြည်ရဲ့အကျိုးကို ဆထက်တပိုး တိုးပြီး ဆောင်ရွက်နိုင်ပါစေသတည်း။

မောင်စွမ်းရည်

၂၀၁၄ ဧပြီ ၂၂၊ နယူးယောက်
http://moemaka.com/archives/37287


သင်္ကြန်ကာလအတွင်း အခြားအလုပ်မရှိသည်နှင့် စာရေးစာဖတ် အလုပ်လုပ်ပြီးလျှင် Sky Net ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သော သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်များ အစီအစဉ်ကိုကြည့်ဖြစ်ပါသည်။ တိုက်ရိုက်ထုတ်လွှင့် မှုမှာ ရုပ်သံလိုင်းသုံးလိုင်းမှ ထုတ်လွှင့်နေခြင်းဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များရှိ Sky Net ရေကစားမဏ္ဍပ်များတွင် ဖျော်ဖြေတီးမှုတ်သီဆိုနေကြသည်များကို တိုက်ရိုက်ရှုမြင်ရပါသည်။ ကျွန်တော်သည် ရန်ကုန်သင်္ကြန်ကိုကြည့်လိုက်၊ နေပြည်တော်သင်္ကြန်ကိုကြည့်လိုက်၊ မန္တလေးသင်္ကြန်ကိုကြည့်လိုက်ဖြင့် နည်း ပညာတန်ခိုးဖြင့် မြို့သုံးမြို့သို့ ကူးသန်းပြေးလွှားနေပါသည်။
ထိုသို့သေသေချာချာကြည့်သောအခါ ကျွန်တော်သတိထားမိသည်မှာ အဆိုတော် တော်တော်များများသည် စင်ပေါ်သို့တက်လာသည်နှင့် ဘာမှမယ်မယ်ရရ ဖျော်ဖြေသီဆိုမှု မလုပ်ရသေးခင် ''လက်ခုပ်သံလေး ကြားချင်ပါ တယ်'' ဟူ၍တစ်မျိုး၊ ''လက်ခုပ်တီးပြီး အားပေးလိုက်ပါဦး'' ဟူ၍တစ်ဖုံ၊ ''အဆင်ပြေရင် လက်ခုပ်သံကျယ်ကျယ် လေးတီးပေးပါလား''“ဟူ၍တစ်နည်း မရိုးနိုင်အောင် တစ်ထပ်တည်းကြားရလေသည်။

ထိုကဲ့သို့ လက်ခုပ်သံချလိုက်သောအခါ ပရိသတ်သည် မကောင်းတတ်သဖြင့် စိတ်မပါလက်မပါတီးလိုက်သော လက်ခုပ်သံဖြိုးတို့ဖြောက်တောက်ကိုကြားရတတ်လေ၏။ ထိုအခါကျွန်တော်သည် ပန်းတိမ်မတတ်ခင် ရွှေခိုး သင် ဟူသောစကားပုံကိုသတိရမိ၏။ မိမိ၏ဖျော်ဖြေမှုအရည်အချင်းရှိပါက မည်သို့မျှတောင်းဆိုနေစရာမလိုဘဲ ပရိသတ်သည် လက်ခုပ်လက်ဝါးတီး၍ သောင်းသောင်းဖြဖြ အားပေးကြပေလိမ့်မည်။ မျက်နှာသစ်အဆိုတော် ဖြစ်စေ၊ နာမည်ကြီးအဆိုတော်ဖြစ်စေ ပရိသတ်က ကြိုက်နှစ်သက်လျှင် အားပေးပေမည်။ မနှစ်သက်က လှောင် ပြောင်အော်ဟစ်ကြပေမည်။ ထို့ထက်ပို၍ မနှစ်မြို့လျှင် ဆဲကြဆိုကြ၊ ရေဘူးစသည်တို့နှင့် ပစ်ပေါက်ကြပေမည်။ လက်ခုပ်သံဆိုသည်မှာ ဇွတ်တောင်းဆို၍ ရကောင်းသောအရာမဟုတ်ပါ။
ကျွန်တော်တို့ငယ်စဉ်က Play Boys … L.P.J … New Wave … The Rays … E.Machine …Aces … The Wild Ones … Aurora စသော တီးဝိုင်းများခေတ်စားပါသည်။ ရွှေတိဂုံတပေါင်းပွဲ၊ ကျိုက္ကဆံပွဲစသော ပွဲလမ်း သဘင်များတွင် တီးဝိုင်းနှင့်အဆိုတော်များစွာ ညလုံးပေါက် သီဆိုဖျော်ဖြေကြရာ မည်သည့်အဆိုတော်မျှ ကျွန်တော့်ကို လက်ခုပ်သံလေးချီးမြှင့်ပါဦးတို့ ကျွန်မတော့ လက်ခုပ်သံလေးကြားချင်တယ်တို့ မပြောကြပါ။

ကိုယ့်တာဝန်ကိုယ်ကျေအောင်သာ ကြိုးစားသီဆိုကြပါသည်။
ပရိသတ်ကလည်း မိမိကြိုက်နှစ်သက်သော အဆို တော်ကို လက်ခုပ်သံမစဲအောင် အားပေးချီးမြှင့်ကြပါသည်။ ထိုလက်ခုပ်သံသည် အစစ်အမှန်လက်ခုပ်သံများဖြစ် ကြပါသည်။ ထိုသို့သီဆိုရင်း ပရိသတ်၏နှလုံးသားထဲသို့ရောက်သွားကာ နိုင်ငံကျော်အဆိုတော်များ ဖြစ်လာကြ ပါသည်။ မြန်မာပြည်သိန်းတန်၊ ပလေးဘွိုင်သန်းနိုင်၊ စိုင်းထီးဆိုင်၊ စိုးပိုင်၊ ခိုင်ထူး၊ ကိုင်ဇာ၊ ထူးအိမ်သင်၊ မေခလာ၊ မေဆွိ၊ ကော်နီတို့သည် ထိုကဲ့သို့ နာမည်ရလာသော အဆိုတော်များဖြစ်ပါသည်။
ခေတ်သည်ရပ်တန့်မနေဘဲ ပြောင်းလဲသွားပြီဖြစ်ရာ ယခုခေတ်သည်ကား ပရိသတ်၏ လက်ခုပ်သံကိုမစောင့်နိုင် တော့ဘဲ အလွယ်လမ်းလိုက်ကာ ပါးစပ်မှပင် ဖွင့်ဟတောင်းဆိုကြသောခေတ်သို့ ရောက်လာလေပြီ။ စာပေဟောပြောပွဲများသို့ သွားရောက်နားထောင်သောအခါ အချို့စာရေးဆရာကြီးများသည် ပရိသတ်လက်ခုပ် တီးခြင်းမတီးခြင်းကို ပဓာနမပြု နားထောင်သူ ပရိသတ်ဗဟုသုတရရာရကြောင်းဖြစ်သော သုတ၊ ရသများကို ဟောကြားကြလေသည်။ အချို့မှာကား မိမိစကားတစ်ခွန်းပြောလိုက်တိုင်း ပရိသတ်လက်ခုပ်လက်ဝါးတီး၊ လက်ခေါက်မှုတ်ကြသည်ကို သာယာကာ ဟောပြောသောခေါင်းစဉ်နှင့် ဆိုင်ဆိုင်မဆိုင်ဆိုင် အစိုးရကို ဆော်လ ဘန်တေကြလေသည်။ စောင်းချိတ်ကဲ့ရဲ့ကြလေသည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း နာနာပြော၍၊ အာဏာ ရှင် ဟိုလူကြီးအကြောင်း မကြာမကြာထည့်၍နှံလေသည်။ ဥပမာအားဖြင့် ''ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၃၂ နှစ်မှာ ကွယ်လွန်သွားတယ်၊ ဟိုလူကြီးကျတော့ ခုထက်ထိ မသေနိုင်သေးဘူး'' ဤသည်လည်း လက်ခုပ်သံ ချူနည်းတစ်ကြောင်းပင် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းတော်၍ ဟိုလူကြီးညံ့ကြောင်းကို တစ်တိုင်းတစ်ပြည်လုံး က သိကြပြီးဖြစ်ရာ လူထုကိုဆွပေး၍ အတိတ်ဇာတ်ကြောင်းလှန်နေ၍လည်း သိပ်ပြီးအကျိုးရှိလှသည့်ကိစ္စ မဟုတ်ပေ။ တိုင်းပြည်ကို တိုးတက်ကြီးပွားအောင် ဘယ်လိုဆက်လုပ်ကြမည်ဆိုသောကိစ္စများသာ စင်စစ်လူ ငယ်များအတွက် အလင်းရောင်ဖြစ်စေမည်ဖြစ်သည်။
နိုင်ငံရေးနယ်ပယ်ထဲသို့ကြည့်လိုက်သောအခါ မြန်မာနိုင်ငံတွင် လက်ခုပ်သံနိုင်ငံရေးက ကြီးစိုးနေတာတွေ့ရပေ သည်။ အစိုးရသည် ပြည်တွင်းပြည်ပ အကဲခတ်များ လက်ခုပ်တီးကာကြိုဆိုကြမည်ဟု သေချာပေါက်ယူဆ သော အကြောင်းများကိုသာ လူကြားကောင်းအောင် တစာစာ ရွတ်ဆိုနေတာတွေ့ရလေသည်။
- ကျွန်တော်တို့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဆောင်ရွက်နေပါတယ်
- တိုင်းပြည်ရဲ့ G.D.P ဟာ တစ်ရှိန်ထိုးတိုးတက်လာနေပါပြီ
- အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာဟာဒေသတွင်းခေါင်းဆောင်မှု ပေးနိုင်ကြောင်း ကမ္ဘာကိုပြနိုင်ခဲ့ပါပြီ
- ဘင်းစတက်အစည်းအဝေးကြီးကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနိုင်ခဲ့ပါတယ် (ဘင်းစတက်ထက်ထမင်းချက် စရာဆန်မရှိခြင်းက ပိုအရေးကြီးကြောင်း ဆင်းရဲသားများပြောနေကြပေ၏)
- ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရပါဘူး (ရှိခဲ့ရင် ဘာလုပ်မလဲဟု ထည့်မပြော)
- အနိမ့်ဆုံးလုပ်ခလစာတွေကို မကြာခင်သတ်မှတ်ပေးရမှာဖြစ်ပါတယ် (ယခုထက်ထိအကောင်အထည်မပေါ်)
- ၂၀၁၄ မတ်လ ၃၁ ရက်နေ့မှစကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းကို တားမြစ်သွားမှာဖြစ်ပါတယ် (အမှန်က တင်ပို့စရာသစ်တောက ကုန်သလောက်ရှိချေပြီ)
- လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်သွားမှာဖြစ်ပါတယ် (ပြင်းထန်စွာအရေးယူမှု တစ်ခါမျှမကြားရ)
- တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိုကျင်းပနိုင်ပါတော့မယ် (သင်္ကြန်တွင်းပင်မရှောင် K.I.A နှင့် အစိုးရတပ် များတိုက်ခိုက်နေကြ ပေသည်)
- ယခုနှစ်ကုန်မှစကာ နိုင်ငံရေးအကျဉ်းသားမရှိစေရပါဘူး (ပုဒ်မ ၁၈ ဖြင့် ထပ်အဖမ်းခံရသူများကမနည်းပေ၊ ဂျာနယ်လစ်များလဲ အဖမ်းခံကြရပေ၏)
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတဖြစ်ပိုင်ခွင့်ကို တားဆီးလိုသော ဆန္ဒမရှိပါဘူး (လက်တွေ့တွင် ပုဒ်မ ၅၉(စ) ကိုပြင်ရန်အစီအစဉ်မရှိ)
- ဘာသာသာသနာကိုစောင့်ရှောက်မည် (ဘုန်းကြီးကျောင်း အချို့မှာ ကျူးကျော်ဆိုပြီး ဖျက်ခံရလေသည်။ ဘုန်းကြီးအချို့မှာ တိမ်းရှောင်နေရ၏။ လယ်တီသိမ်တော်ကြီးလည်းကုန်ပေပြီ) စသည်ဖြင့်လက်တွေ့မပါသော လူကြားကောင်းအောင်ပြောသောစကားများဖြင့် မြန်မာလူထုနှင့် ကမ္ဘာ့ခေါင်းဆောင်များ၏ လက်ခုပ်သံကိုချူ လေသည်။

ပြည်တွင်းမှာတော့ အစိုးရသက်တမ်းသုံးနှစ်ကျော်လာချိန်တွင် မည်သူကမျှ ဟုတ်ဟုတ်ငြားငြား ယုံကြည်မှုမရှိ တော့ပေ။ အစိုးရပြောသမျှသည် ကောင်းနေညွန့်နေပေသည်။ လက်တွေ့တွင်ကား ကွဲပြားခြားနားသော ရလဒ် များသာ ထွက်ပေါ်လာပေသည်။ အစိုးရအနေနှင့် မလုပ်တတ်တာလား၊ လုပ်နိုင်စွမ်းမရှိတာလား၊ မလုပ်ချင် တာလား မကွဲပြားတော့ပေ။ လုပ်နိုင်စွမ်းမရှိတာဆိုလျှင်တော့ လုပ်နိုင်သူတွေ။ လုပ်တတ်သူတွေလက်ထဲ အာဏာလွှဲပေးသင့်လေသည်။ ဤကားအုပ်ချုပ်ရေးမဏ္ဍိုင်၏ လက်ခုပ်သံနိုင်ငံရေးဖြစ်သည်။
ဥပဒေပြုရေးမဏ္ဍိုင်(လွှတ်တော်)မှာလည်း ထိုနည်းနှင်နှင်ဖြစ်၏။ လွှတ်တော်အထက်တွင် မိုးကောင်းကင်ကြီး သာ ရှိတော့ပါသည်ဟု ကြွားလုံးထုတ်၏။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဟု ကြွေးကြော်၏။ ပထမဆုံးအနေဖြင့် ပြည်သူ့ဆန္ဒမပါဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ဖိအားပေးနုတ်ထွက်စေ၏။ (ပြည်သူ လူထုကထိုသို့လုပ်လိုသည်ဟုတစ်ခါမျှ ဆန္ဒပြမတောင်းဆိုဖူးချေ)။ ပြည်သူ လူထု၏ဆန္ဒမှာ ကျောသားရင်သားမခွဲသော ဥပဒေစိုးမိုးရေး၊ စားဝတ်နေရေးပြေလည်ရေးများဖြစ်သော်လည်း လွှတ်တော်သည် ထိုအရာတွေကို ကျော်လွန်၍ ဒေါက်တာဆိတ်ဖွားဆိုသူ လိုက်ရှာရေးကို အလုပ်မရှိ ကြောင်မ, ရေချိုး အာရုံစိုက်ကာ အလုပ်ကြိုးစားပြလိုက်၏။ ပြည်သူလူထုကပွင့်လင်းမြင်သာမှုကို လိုလား၍၊ အဂတိလိုက် စားမှုများကို ရွံမုန်းနေချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ ပိုင်ဆိုင်မှု ဥစ္စာဓနဖော်ထုတ် ကြေညာရေးအဆိုမှာ မဲခွဲဆုံးဖြတ်ရာ ကိုယ်စားလှယ်တော်ကြီး အများစုက တစ်ညီတစ်ညွတ်ပယ်ချလိုက်သဖြင့် အဆိုမှာရှုံးနိမ့်သွားရ ၏။ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်လိုသော ပြည်သူတစ်သိန်း၏ လက်မှတ်များဟုဆိုကာ ဘယ်ကဘယ်လိုပေါ်လာ မှန်းမသိသောလက်မှတ်များ လွှတ်တော်သို့ ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာသည်။ အတိုက်အခံပါတီဝင်အမတ် များ၏ မေးခွန်းများမှာ ချောင်ထိုးခံရပြီး အာဏာရပါတီမှအမတ်များ၏ အဆိုတိုင်းလိုလို ၀ိုင်းဝန်းထောက်ခံကြ၏။ ပြည်သူလူထုက မလိုလားသောလွှတ်တော် ကိုယ်စားလှယ်များအား ဖြုတ်ချနိုင်ခွင့်ဥပဒေကို ဆွေးနွေးရန်အချိန် မကျသေးဟူ၍ ဆိုင်းငံ့လိုက်၏။
တစ်ဖန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ သတ္တိရှိရှိ ရဲဝံ့စွာဆွေးနွေးကြဖို့ ဖိတ်ခေါ် တိုက်တွန်းလိုက်ပေသည်။

အလွန်နားထောင်ကောင်းသဖြင့် မီဒီယာများက လက်ခုပ်လက်ဝါးတီးကြပေ၏။ အမှန်စင်စစ် လွှတ်တော် နာယကကြီး၏ မိသားစုပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများအကြောင်းကို ဂျာနယ်လစ်တစ်ဦးကမေးသောအခါ ''ဘယ်ပြည်သူလူထုကသိချင်တာလဲ အဲဒီပြည်သူလူထုဆိုတာကိုခေါ်လာခဲ့''ဟု ငါ့စကားနွားရပြောခဲ့သည်။ သူတို့အလှည့်တုန်းကမူကား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို နာဂစ်မုန်တိုင်းတိုက်၍ ပြည်သူတွေ ဒုက္ခ ပင်လယ်ဝေနေချိန်တွင် ဇွတ်ဆန္ဒခံယူပွဲလုပ်ခဲ့ပြီး ပြည်သူလူထု ၉၂ ရာခိုင်နှုန်းက ထောက်ခံသည်ဟုကြေညာခဲ့ ရာ ထို ၉၂ ရာနှုန်းဆိုသောပြည်သူသည် ဘယ်သူတွေဖြစ်သည်ကိုပြပါဟု မီဒီယာတွေမေးခွင့်မသာခဲ့ပေ။ ထိုဆန္ဒ ခံယူပွဲမှာ မဲ ၉၂ ရာခိုင်နှုန်းရသည်ဟုသာ ပြောသံကြားရပြီး ထိုမဲတွေကို ဘယ်သူ့ရှေ့တွင် ဘယ်သူတွေက ရေတွက်ခဲ့သနည်း။ ကြီးကြပ်သော ဒိုင်အဖွဲ့မှာမည်သူတွေနည်း။ လွတ်လပ်သောကြားနေသော ရွေးကောက်ပွဲ ကော်မရှင်မှာ ဘယ်မှာလဲဟု မေးခွန်းများစွာရှိပေသည်။ တကယ်တော့ ကိုယ့်ဖဲကိုယ်ကုလားဖန်ထိုး၊ ကိုယ့် ဘာသာချိုး၊ ကိုယ့်ဘာသာဝေ၊ ကိုယ့်ဘာသာကြည့်ကာ တစ်သုံးလုံးဖြင့်နိုင်ပါပြီဟု ကိုယ့်ဘာသာ အရှက်မရှိ ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ပြည်သူလူထု ၉၂ ရာနှုန်းဆိုသည်မှာကား မည်သည့်ကမ္ဘာမှပြည်သူ တွေဖြစ်လေသနည်းဆိုသည်ကို မေးခွင့်မသာခဲ့ပါချေ။

တတိယမဏ္ဍိုင်ဖြစ်သော တရားစီရင်ရေးမဏ္ဍိုင်သည်ကား လက်ခုပ်သံမျှော်သော အပြောသက်သက်ဖြင့်သာ ပွဲထွက်မလာစကောင်းဟု ပြည်သူများကမျှော်လင့်မိပါသည်။ ထိုမျှော်လင့်ချက်မှာလည်း တက်တက်စင်လွဲဘိ သည်။ လွတ်လပ်၍တရားမျှတသော တရားစီရင်ရေးဖြစ်စေရမည်ဟု ကြွေးကြော်ခဲ့ကြသော်လည်း လက်တွေ့ တွင်မူ အုပ်ချုပ် ရေးမဏ္ဍိုင်သည် တရားစီရင်ရေးမဏ္ဍိုင်သို့ သြဇာလွမ်းမိုးထားကြောင်း စာနယ်ဇင်းသမားများကို ထောင်ချခြင်း၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်သူများကို လိုလျှင်လိုသလို လွှတ်ပေးခြင်း၊ မလိုလျှင်မလိုသလို ထောင်ဒဏ်အပြစ်ပေးခြင်း။ မူးယစ်ဆေးဝါးအမှုများတွင် အုပ်ချုပ်ရေးပိုင်းမှ လူကြီးများ၏ ပတ်သက်ရာပတ်သက် ကြောင်းဆိုလျှင် လွှတ်ပေးပြီး (အင်တာနက်တွင်ပေါ်လာသော မူးယစ်စစ်ချက်များတွင် လူကြီးသားသမီးများကို အရေးယူကြောင်းမကြားရပေ) သရုပ်ဆောင်ရဲတိုက်ကဲ့သို့ အကာအကွယ်မဲ့နေသူများကို နှစ်ရှည်ထောင်ဒဏ်ချ မှတ်ခြင်းများဖြစ်ပေါ် နေဆဲဖြစ်သည်။ Eleven Media Group မှ သတင်းထောက် မခိုင်ကို ထောင်သုံးလချခြင်း၊ DVB သတင်းထောက်ကို ထောင်ဒဏ်တစ်နှစ်ချခြင်း၊ Unity ဂျာနယ်အယ်ဒီတာနှင့်သတင်းထောက်များကို ရုံးတင်စစ်ဆေးနေခြင်းသည် တရားစီရင်ရေး၏ အပြောသက်သက်မဟုတ်ဘဲ တကယ်ဘက်မလိုက်ဘဲ လုပ် ဆောင်နေတာမှဟုတ်ပါလေစ၊ ယခင်ခေတ်ကလို အစိုးရအလိုကျလိုက်ပါအသုံးတော်ခံနေတာများလားဟု တွေး စရာဖြစ်ပေသည်။

တရားသူကြီးများအချုပ်ခန်းနှင့် အကျဉ်းထောင်များသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြသော်လည်း ကြိုတင် အကြောင်းကြားပြီးမှ ပျော်ပွဲစားထွက်သည့်သဖွယ် သွားရောက်ကြည့်ရှုကြရာ အားလုံးကောင်းပါသည်။ ခင်ဗျားမှ လွဲ၍ မည်သည့်အရာမှ မြင်တွေ့နိုင်မည်မဟုတ်ချေ။ ဆိုရလျှင် အရာအားလုံးသည် လူကြားကောင်းအောင် စေတနာမပါဘဲ လုပ်နေကြခြင်းဖြစ်သည်။ တလောကလည်း တရားရေးမဏ္ဍိုင်တွင် လာဘ်စားသောအမှုမှာ တစ်နိုင်ငံလုံးမှ သုံးမှုသာရှိပါသည်ဟု အံ့သြဖွယ်မျက်စိ မှိတ်ကြေညာသွားလေသည်။

ရွေးကောက်ပွဲကော်မရှင်သည်လည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရပါမည်ဟု ကမ္ဘာသိ ကြွေးကြော်လိုက်လေသည်။ မသိသူများထံမှ လက်ခုပ်သံဖြိုးတို့ဖြောက်တောက် ကားပေါ်ထွက်လာပေမည်။ အကြောင်းသိများက ပြုံးကြပေမည်။ မပြေးသော်ကံရာရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှာ ယခင်စစ်အစိုးရ အဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ဖြစ်ပေသည်။ ပြောရလျှင် ဒိုင်လူကြီးမှာ စစ်သားဖြစ်သည်။ ကြံ့ခိုင်ရေးပါတီမှာ လည်း စစ်သားဟောင်းများဖြစ်သည်။ ယခင်ကလည်ပင်းဖက်နေကြသော အစ်ကိုကြီး၊ ညီလေးတို့အဖွဲ့ဖြစ်၍ ဘက်လိုက်မှု မလိုက်မှုမှာ များစွာသံသယ၀င်ဖွယ်ကောင်းလေသည်။ ပို၍သံသယ၀င်ဖွယ်ကိစ္စမှာ ကားစစ်ဗိုလ် ဟောင်း ပြည်ခိုင်ဖြိုးအမတ်တစ်ဦးက ရွေးကောက်ပွဲမဲဆွယ်ရာ၌ N.L.D အမတ်များသည် ဗိုလ်ချုပ်အောင်ဆန်းပုံ မသုံးသင့်၊ ကိုယ့်ပုံသာ ကိုယ်သုံးသင့်သည်ဟု ဝေဖန်လိုက်ပြီး မကြာမီပင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီဥက္ကဋ္ဌများလာရောက် မဲဆွယ်ခြင်းမပြုရ၊ ကိုယ့်မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ် ပြိုင်မည့်အမတ်လောင်းကိုယ်တိုင်သာ မဲဆွယ်ဟောပြောခွင့်ပြုသည်ဟူသော စည်းမျဉ်း(အမှန်ကညစ်ကွက်)ကို ထုတ်ပြန်ကောင်းထုတ်ပြန်မည်ဖြစ်ကြောင်း စည်းဝါးကိုက်ကြေညာလိုက်လေ၏။

မြန်မာနိုင်ငံတွင် သုခုမသဘင်သည်များမှအစ အုပ်ချုပ်သူများ အလယ်၊ လွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင်၊ တရားသူကြီးများအဆုံး အားလုံးသည် ''အဆင်ပြေရင်လက်ခုပ်သံလေးကြားချင်တယ်''ဆိုသော အဆင့်မှမတက် ကြသေးချေ။
လူကြားကောင်းရုံ လက်ခုပ်သံနိုင်ငံရေးကိုလုပ်နေကြပေသည်။ နိုင်ငံရေးလက်ခုပ်သံဆိုသည်မှာ အထူးအထွေ လိမ်လည်တောင်းခံ နေစရာမလိုပါ။ ပြည်သူသားအမိ ပြည်သူသာအဖဟု တကယ်ယုံကြည်၍ ပြည်သူလူထုကို သန်းခေါင်စာရင်းထဲမှ ကိုယ့်မိဘအရင်းလို ကောင်းတာလေးတွေမျှဝေလျက် လေးလေးစားစားလူရာသွင်း ဆက်ဆံကြလျှင်ဖြင့် ပြည်သူလူထုသည် ပွဲမတောင်းလည်း လက်ခုပ်သံမဲအပေါင်းကို သောင်းသောင်းဖြဖြ ရွေးကောက်ပွဲမဲရုံအ၀၌ပေးကြမည်သာဖြစ်ပါကြောင်း။ ဆက်၍လိမ်နေကြလျှင်ဖြင့် ကိုယ်ထိုက်နှင့်ကိုယ့်ကံသာ ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)