September 2014


ရပ်ဆိုင်းလိုက်ပြီဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်း တစ်နေရာကို စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် သုံးနှစ်ကျော်ကနေ လေးနှစ်နီးပါး ကာလအတွင်းမှာ ရန်ကုန်မြို့ရဲ့မြေဈေး၊ ရုံးခန်းငှားရမ်းခဈေးတွေဟာ မြေဈေးဝင်ကစားသူတွေကြောင့် ငှားရမ်းခအမြင့်ဆုံး ကမ္ဘာ့မြို့ကြီးများစာရင်းမှာ အဆင့် ၃ အထိ ခုန်တက်သွားခဲ့ရတယ်။

လန်ဒန်နဲ့ ဟောင်ကောင်ပြီးရင် ရန်ကုန်မြို့စီးပွားရေး အချက်အချာကျ နေရာတွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ငှားရမ်းခဈေးဟာ အမြင့်ဆုံးဖြစ်နေပါပြီ။

၂၀၀၈ ခုနှစ်ကနေစပြီး ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံပိုင်လုပ်ငန်း၊ မြေကွက် ၃၀၀၀ ကျော်ကို ပုဂ္ဂလိကကို အပြတ်ရောင်းပေးတဲ့အခါ ပုဂ္ဂလိကလက်ထဲ မြေကွက်တွေ ရောက်သွားပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာလည်း နိုင်ငံပိုင်မြေကွက်၊ လုပ်ငန်းပေါင်းများစွာကို ထပ်ပြီး ပုဂ္ဂလိကကို လွှဲလိုက်တာ နိုင်ငံတော်လက်ထဲမှာ မပြောပလောက်တဲ့ ပမာဏပဲ ကျန်ပါတော့တယ်။

ဒီမြေကွက်တွေကို လက်ချိုးရေလို့ရတဲ့ လူနည်းစုကပဲ ရသွားတာပါ။ မြေကွက်တွေကို လူနည်းစု ထိန်းချုပ်ကိုင်တွယ်ထားပြီးတဲ့နောက် မြေဈေးတွေကို ဆွဲတင်၊ ငှားရမ်းခဈေးတွေကို ဆွဲတင်ရင်းနဲ့ ၂၀၁၀ ပြည့်နှစ်က အိမ်ခြံမြေဈေးနဲ့ လက်ရှိအိမ်ခြံမြေဈေးယှဉ်ရင် တစ်နှစ်ကို တစ်ဆနှုန်းနဲ့ တက်နေတာပါ။ တချို့နေရာတွေဆို ငါးဆလောက်အထိ ခုန်တက်လာပါတယ်။

နောက်တစ်ချက်က ဘယ်ကစီးဝင်လာမှန်းမသိတဲ့ ငွေတွေ၊ သစ်၊ ကျောက်မျက်မှောင်ခို၊ မူးယစ်ဆေးဝါးက စီးဝင်လာတဲ့ငွေတွေနဲ့ ခေါ်သလောက်ဈေးနဲ့ ပေးဝယ်ပြီး ငွေကြေးခ၀ါချတဲ့ လူတစ်စုကြောင့် မြင့်တက်နေတဲ့ အိမ်ခြံမြေဈေးဟာ ပုံမှန်မဟုတ်တဲ့ဈေးအထိ ထပ်ပြီးထောင်တက်သွားပါတယ်။

ဒီလိုမြင့်တက်မှုကြောင့် အသေးစားအလတ်စား လုပ်ငန်းရှင်တွေ လုပ်ငန်းထပ်မချဲ့နိုင်၊ ငှားရမ်းခရှာနေရတာနဲ့တင် လုံးလည်ချာလပတ် ယမ်းနေရတယ်။ အိုးပိုင်အိမ်ပိုင်မရှိလို့ ငှားနေရတဲ့ ပြည်သူတွေလည်း နေစရိတ်လို့ဆိုတဲ့ အိမ်ငှားခအတွက် မနိုင်ဝန်ကို ထမ်းနေကြရတယ်။

ခုတော့ မဖြစ်သင့်တဲ့ ဈေးတွေအထိရောက်အောင် ကစားထားတဲ့ ပြည်သူတွေကို နှိပ်စက်ထားတဲ့ အိမ်ခြံမြေပူဖောင်းကြီး ပေါက်တော့မလား မေးစရာရှိလာပါပြီ။

ဒလတံတားစီမံကိန်း အပျက်မှာ ရိုက်ခတ်မှု၊ အဲဒီနောက် သိပ်မကြာဘူး။ အခု မြို့သစ်စီမံကိန်း အပျက်မှာ ကြီးမားတဲ့ရိုက်ခတ်မှု ခံလိုက်ရမှု၊ အိမ်ခြံမြေရောင်းဝယ်မှုအပေါ်မှာ အခွန်က သတိပေးစာ ထုတ်ပြန်မှု၊ မြေယာဥပဒေ ပြဋ္ဌာန်းရေးဆွဲမယ့် သတင်းတွေက ပုံမှန်မဟုတ်တဲ့ မြေပူဖောင်းကြီးပေါက်မယ့်နိမိတ် ဖြစ်လာမှာလား။ ဘယ်လိုပဲဖြစ်ဖြစ် နိမိတ်တော့ ပြလာပြီလို့ ပြောရမှာပါပဲ။

ဒလကပေးတဲ့ သင်ခန်းစာ


၂၀၁၁ ခုနှစ် အောက်တိုဘာမှာ ဒလဘက်ကမ်း တံတားစီမံကိန်း ရှိတယ်ဆိုပြီး စည်ပင်က သတင်းထုတ်ပြန်တယ်။ ဒလဘက်မှာ အရင် သိန်း ၅၀ လောက်ရှိတဲ့ မြေကွက်က သိန်း ၁၀၀၀ လောက်အထိ ခုန်တက်သွားပါတယ်။

ကိုင်းတောပဲရှိပြီး လူနေလို့မရတဲ့ မြေကွက်တောင် သိန်း ၁၀၀၀ လောက်ဖြစ်သွားတဲ့အထိ အလုအယက် ဈေးပေးမြှုပ်နှံကြတာပါ။

ဒါပေမဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒလဘက်ကို တံတားထိုးဖို့ တိုးချဲ့ဖို့ အစီအစဉ်မရှိဘူးလို့ ကြေညာလိုက်တဲ့ အခါမှာတော့ အရောင်းအ၀ယ် ထိုးရပ်သွားပြီး မြေကွက်တွေပဲ ပိုက်မိသွားကြရတယ်။

အဲဒီမှာ တစ်ခုထောက်ပြစရာ ရှိတာက ငွေအလုံးအရင်းနဲ့ အရှေ့က အရင်ဝယ်ပြပြီး ဈေးတက်တော့မှ နောက်လူတွေဆီ ထုတ်ရောင်းသွားတဲ့ တချို့ကတော့ ငွေထုပ်ပိုက်သွားခဲ့ကြတယ်။ ခံလိုက်ရတာက ကိုယ့်ချွေးနှဲစာနဲ့ ရှာထားတဲ့ ငွေတွေနဲ့ မြှုပ်နှံမိတဲ့သူတွေပါပဲ။ ပုံမှန်မဟုတ်တဲ့ဈေးတွေဟာ တစ်ချိန်မှာ ပြန်ဆင်းတတ်တယ်ဆိုတာ ဒလက သင်ခန်းစာ စပေးလိုက်တာပါပဲ။

မြို့သစ်စီမံကိန်းကပေးတဲ့ သင်ခန်းစာ

သြဂုတ် ၂၂ ရက်မှာ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် န၀မပုံမှန် အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကပေးပို့တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်တဲ့ သ၀ဏ်လွှာမှာ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်ထဲမှာရှိတဲ့ မြေဧက ၃၀၀၀၀ ပေါ်မှာ မြန်မာ့စေတနာ မြို့သစ်အများပိုင်ကုမ္ပဏီက လုပ်မယ်လို့ ထုတ်ပြန်ခဲ့တယ်။

အဲဒီလိုမထုတ်ပြန်ခင် လုပ်မယ့်ကုမ္ပဏီက အဲဒီဘက်မှာ မြေဧကထောင်ချီပြီး အရင်ကတည်းက ကြိုဝယ်ထားခဲ့တယ်ဆိုတာ လုပ်ငန်းရှင်တွေကြားမှာ သိနေတယ်။

ထုတ်ပြန်လိုက်တဲ့နောက် လယ်မြေတွေတောင် တစ်ဧက ကျပ်သိန်းထောင်နဲ့ချီ ဈေးတွေမြင့်တက်သွားသလို အလုအယက် သွားဝယ်ကြပြန်တယ်။

ထုံးစံအတိုင်း ကြိုဝယ်ထားတဲ့သူအချို့က ဈေးအမြင့်နဲ့ပြန်ရိုက်ပြီး ငွေထုပ်ပိုက်သွားတယ်။

သြဂုတ် ၂၈ ရက်ကျတော့ တင်ဒါပြန်ခေါ်ပြီးမှ လုပ်မယ်ဆိုပြီး ထပ်ပြောတယ်။ အဲဒီလိုပြောလိုက်တဲ့နောက် အရောင်းအ၀ယ် ချက်ချင်းကျသွားတယ်။ စက်တင်ဘာ ၂၆ ရက်မှာ မြို့သစ်စီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်တဲ့အခါ အရောင်းအ၀ယ် လုံးဝနီးပါး ရပ်သွားတယ်။ နောက်မှ လိုက်ဝယ်တဲ့သူတွေ မြေကွက်ပိုက်ပြီး ကျန်ခဲ့ရပြန်တယ်။

ဘယ်လောက်အထိ ရိုက်ခတ်သွားလဲဆိုရင် ဒလနဲ့ မြို့သစ်စီမံကိန်းဘက်မှာတင် အရောင်းအ၀ယ်ရပ်တာ မဟုတ်ဘဲ ထန်းတပင်၊ လှိုင်သာယာ ရိုးကြီးရိုးလေး၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာလို မြို့နယ်ဘက်တွေမှာပါ လယ်မြေအရောင်းအ၀ယ် ကျဆင်းသွားတဲ့အထိ ဒီဂယက်က ရိုက်သွားတယ်။ အဓိကအချက်ကတော့ စီမံကိန်းဆိုတိုင်း မယုံရဲတော့တာနဲ့ အစိုးရပြောတိုင်းလဲ ခုလုပ်မယ် တော်ကြာမလုပ်ဘူးဆိုတဲ့ကြားမှာ ခဏခဏခံရလို့ မြေဈေးကွက်မှာမြှုပ်နှံဖို့ လက်တွန့်သွားကြတယ်။ ဒီအခြေအနေကိုကြည့်ရင် ဒီဂယက်ကလည်း မြေပူဖောင်းကြီးပေါက်ဖို့ မြို့သစ်စီမံကိန်းက နိမိတ်ပြပြီလား မေးစရာရှိလာပါတယ်။

မြေပူဖောင်းပေါက်တော့မယ့် မူဝါဒနိမိတ်လား

ပုံမှန်မဟုတ်ဘဲ ကစားထားတဲ့ ဈေးတွေဟာလည်း သူ့အချိန်နဲ့သူ ပြန်ထိုးဆင်းမှာ အတိအကျပါပဲ။ ဥပမာ-လူတစ်စုကပဲ ထိန်းချုပ်ကန့်သတ်ပြီး ဈေးဆွဲတင်ခဲ့လို့ ကားဈေးကွက်ပူဖောင်းကြီးက မယုံနိုင်လောက်အောင် ကြီးထွားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာတော့ မူဝါဒအပြောင်းအလဲကြောင့် ကားပူဖောင်းကြီး ပေါက်သွားတာကတော့ အကောင်းဆုံးနမူနာပါပဲ။ အဲဒီမှာလဲ ပူဖောင်းကြီးပေါက်တော့မယ့် မူဝါဒအပြောင်းအလဲ ဖြစ်မယ်ဆိုတဲ့ အကြောင်းအရာတွေ၊ သတင်းတွေ ကြိုတင်ပေါ်ထွက်လာပြီး နိမိတ်ပြလိုက်ပါသေးတယ်။

အဲဒီမှာ တစ်ခုထောက်ပြစရာ ရှိတာက ငွေအလုံးအရင်းနဲ့ အရှေ့က အရင်ဝယ်ပြပြီး ဈေးတက်တော့မှ နောက်လူတွေဆီ ထုတ်ရောင်းသွားတဲ့ တချို့ကတော့ ငွေထုပ်ပိုက်သွားခဲ့ကြတယ်။ ခံလိုက်ရတာက ကိုယ့်ချွေးနှဲစာနဲ့ ရှာထားတဲ့ ငွေတွေနဲ့ မြှုပ်နှံမိတဲ့သူတွေပါပဲ . . . . .

ကားတုန်းကလိုပဲ အခုလည်း မြေဈေးကွက်ပူဖောင်းကြီးပေါက်မယ့် မူဝါဒနိမိတ်နှစ်ခု ထွက်လာပါတယ်။ သတိထားကြည့်ရင် တွေ့နိုင်ပါတယ်။

စက်တင်ဘာ ၂၂ ရက် ရက်စွဲနဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာနကနေ သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ မြေအိမ်အဆောက်အအုံ အခြေပစ္စည်း ၀ယ်ယူတဲ့အခါ ၀င်ငွေရလမ်း အစစ်ခံရမယ်၊ ၀င်ငွေထိမ်ချန်တာတွေ မလုပ်ရဘူး။ တကယ်လို့ ၀င်ငွေရလမ်း အစစ်ခံဖို့ ပျက်ကွက်တာပဲဖြစ်ဖြစ် ၀င်ငွေထိမ်ချန်တာပဲဖြစ်ဖြစ် တစ်ခုခုလုပ်ခဲ့ရင် ဒဏ်တပ်မယ်၊ တရားစွဲခံရမယ်လို့ ထုတ်ပြန်ထားတာပါ။

အဲဒီထုတ်ပြန်ချက်နောက်ပိုင်းမှာ ကြိုပွိုင့်ဝယ်ထားတဲ့သူတချို့ အစစ်ခံရမှာစိုးလို့ ချက်ချင်းပြန်ထုတ်ရောင်းတာတွေ ဖြစ်သွားပါတယ်။

အခုအနေအထားမှာတော့ လိမ်ညာပြီးဝယ်ယူမယ်၊ ပြည်တွင်းကလုပ်ငန်းရှင်က နာမည်ခံပေးပြီး ပြည်ပကငွေတွေနဲ့ ၀ယ်မယ်ဆိုရင်လည်း တစ်နေ့မဟုတ်တစ်နေ့ ပေါ်နိုင်တဲ့အတွက် ရလမ်းမပြနိုင်တဲ့ငွေတွေ မြေဈေးကွက်ထဲရောက်လာဖို့ အရင်ကထက် ဘောင်ကျဉ်းသွားပြီ။ တချို့ငွေတွေဟာ ရလမ်းအစစ်မခံနိုင်လို့ ခေါ်တဲ့ဈေးအတိုင်း ပေးဝယ်မယ့်သူ နည်းသွားပြီဆိုတာကို ပြလိုက်တဲ့ မူဝါဒနိမိတ်လို့ မြင်ပါတယ်။

ရပ်ဆိုင်းလိုက်ပြီဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်း တစ်နေရာကို စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အခုနောက်ဆုံး ထပ်ပြီးထုတ်ဖော် ပြောကြားလိုက်တာကတော့ အလုံးစုံလွှမ်းခြုံတဲ့ မြေယာဥပဒေကို ၂၀၁၅ မှာ အပြီးရေးဆွဲမယ်လို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက အမေရိကန်နိုင်ငံ နယူးယောက်မှာ ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှုညီလာခံမှာ ပြောကြားလိုက်တာပါ။

မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုတွေအတွက် အလုံးစုံလွှမ်းခြုံတဲ့ ဥပဒေဆိုပေမယ့် ဘာတွေထပ်ပါလာမလဲ။ ဒါကလည်း မြေပူဖောင်းဈေးကွက်ကြီး အနည်းနဲ့အများ ပေါက်တော့မယ့် မူဝါဒနိမိတ် မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ ကားနဲ့မြေနဲ့ ဈေးကွက်သဘာဝချင်း မတူဘူးဆိုပေမယ့် ကားတုန်းကဖြစ်သွားတာကိုလည်း မမေ့သင့်ပါဘူး။

တစ်နှစ်တစ်ဆနှုန်း အနည်းဆုံးခုန်တက်ပြီး ပြည်သူကို နှိပ်စက်ထားတဲ့ မြေပူဖောင်း

အစိုးရသစ် တာဝန်မယူခင် ၂၀၁၀ ပြည့်နှစ်က အိမ်ခြံမြေ၊ စက်မှုဇုန်မြေကွက်ဈေးတွေနဲ့ အခုလက်ရှိဈေးတွေ ချိန်ထိုးကြည့်ရင် ဘယ်လောက်အထိ မြေဈေးတွေ ထိုးတက်တယ်၊ ဘယ်လောက်အထိ ကစားခဲ့တယ်၊ ပြည်သူတွေ ဘယ်လောက်အထိ ဒုက္ခရောက်တယ်ဆိုတာကို ထင်ထင်ရှားရှား မြင်ရမှာပါ။

၂၀၁၀ တုန်းက ကုက္ကိုင်းရိပ်သာလမ်းမှာ မြေကွက်ကို တစ်စတုရန်းပေ ကျပ် ၆၀၀၀၀ ခန့်နဲ့ပဲ ဈေးခေါ်ပြီး ကြော်ငြာရောင်းချတာ တွေ့ရတယ်။ အခု ကုက္ကိုင်းရိပ်သာလမ်းမှာ တစ်စတုရန်းပေကို ကျပ် ၃၀၀၀၀၀ အနည်းဆုံး ဈေးခေါ်နေပြီ။ သုံးနှစ်ကျော် လေးနှစ်အတွင်းမှာ ငါးဆကျော်အထိ တက်သွားတယ်။

ပြည်သူတွေနဲ့ အဓိကနီးစပ်တဲ့ တိုက်ခန်းဈေးကိုပဲကြည့်။ ၂၀၁၀ တုန်းက လှည်းတန်းလမ်းမပေါ်မှာ မြေညီထပ် တိုက်ခန်းတစ်ခန်းက ကျပ်သိန်း ၈၅၀ ပဲ ပေါက်ဈေးရှိတယ်။ အခု အဲဒီတိုက်ခန်းက ကျပ် သိန်း ၃၆၀၀ အထိဈေးခေါ်နေပြီ လေးဆကျော်လောက်ကို ထိုးတက်သွားတယ်။

စီးပွားရေးအတွက် အဓိကအရေးကြီးတဲ့ စက်မှုဇုန်ဈေးကိုလည်း ကြည့်လိုက်ဦး။ ရွှေပြည်သာမှာ ၂၀၁၀ တုန်းက တစ်ဧက သိန်း ၈၅၀၊ အင်မတန်ကောင်းတဲ့ အကွက်မှ သိန်း ၁၅၀၀ ပဲရှိတယ်။ အခု ရွှေပြည်သာမှာ တစ်ဧကကို ကျပ်သိန်း ၅၀၀၀ အနည်းဆုံးဈေးခေါ်နေပြီ။ ရွှေလင်ပန်းစက်မှုဇုန်ဆိုလည်း ဒီလိုပဲ ၂၀၁၀ တုန်းက တစ်ဧက သိန်း ၉၀၀၊ သိန်း ၁၀၀၀ ပဲရှိတယ်။ အခု တစ်ဧက သိန်း ၅၀၀၀ ပေါက်ဈေးရှိနေပြီ။ ဒဂုံဆိပ်ကမ်း စက်မှုဇုန်ဆိုရင်လည်း ၂၀၁၀ တုန်းက တစ်ဧကကို ကျပ်သိန်း ၅၀၀၊ ၅၅၀ ၀န်းကျင်ပဲ ပေါက်ဈေးရှိတယ်။ အခု တစ်ဧကကို ကျပ်သိန်း ၃၂၀၀ ကနေ ၃၆၀၀ အထိ ဈေးခေါ်ထားတယ်။ လေးနှစ်တောင် မပြည့်သေးဘူး။ ခြောက်ဆကျော် ခုနစ်ဆအထိ ဈေးတက်သွားတယ်။ လုပ်ငန်းလုပ်မယ့်သူကို စက်မှုဇုန်မြေကွက် မပေးဘူး။ ဘာမှ လုပ်ငန်းမရှိတဲ့သူတွေက ဇုန်မြေကွက် အများကြီးရပြီး ကိုင်ထားတယ်။ ဈေးဆွဲတင်၊ ငှားတဲ့ဈေး ဆွဲမြှင့်လုပ်လို့ တကယ်အလုပ်လုပ်တဲ့ လုပ်ငန်းရှင်တွေ ဒုက္ခတွေ့နေရတယ်။

ငှားရမ်းခဈေးတွေလည်း ဒီလိုပဲ အရမ်းကို မြင့်တက်သွားတယ်။ ရန်ကုန်မြို့လယ်မှာ အရင်က တစ်လကျပ်သုံးသိန်း အခန်းက အခု တစ်လကျပ်ကိုးသိန်း၊ ၁၀ သိန်းဖြစ်သွားပြီ။ အိမ်ငှားနေရတဲ့ သူတွေလည်း အရင်အပေါ်လွှာတွေမှာ ငှားတာတောင် အရင်တုန်းက ကျပ် ၈၀၀၀၀ ပေးရတဲ့အခန်းကို အခု ကျပ်နှစ်သိန်းလောက် ပေးငှားနေရပြီ။

ချုပ်လိုက်ရင် အသေးစားအလတ်စား လုပ်ငန်းရှင်တွေဟာ စက်မှုဇုန်မြေ ၀ယ်နိုင်တဲ့သူ ရှားသွားပါပြီ။ မ၀ယ်နိုင်လို့ ငှားပြန်တော့လည်း အငှားဈေးက အဆမတန် မြင့်တက်လာတဲ့အတွက် ငှားခရဖို့ ပြန်ရှာရတာနဲ့တင် ရှေ့ဆက်ပြီး လုပ်ငန်းမချဲ့နိုင်ဘဲ ၀န်ပိရတယ်။ ဒီလိုပဲ အိုးပိုင်အိမ်ပိုင် မရှိတဲ့သူတွေလည်း ရှာသမျှနေဖို့ စရိတ်ထဲပဲ ထည့်နေရတာပါ။

မြေဈေးချုပ်ကိုင်ကစားတယ်၊ အစိုးရလည်း မထိန်းတဲ့အတွက် မြင့်တက်လာမျှဒဏ်ကို ပြည်သူပဲခံရတာ မဟုတ်ပါဘူး။ အခုဆို နိုင်ငံတော်ကိုယ်တိုင် ပြန်ခံနေရပါပြီ။

ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်ဖို့ တွန့်ဆုတ်တာ၊ ၀င်ရောက်မလာတာ အခုလို မြေဈေးကြီးမြင့်မှုကြောင့်လည်း ပါတယ်လို့ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ ပြောထားပြီးသားပါ။

အဲဒီလို ၀င်ရောက်မလာတဲ့အတွက် ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းသစ် ရသင့်သလောက် မရလို့ ဒီမြေပူဖောင်းဈေးကွက်ကြီးကြောင့် နိုင်ငံလည်းနာ၊ ပြည်သူလည်း နာပါတယ်။ ၂၀၁၅ နောက်ပိုင်းအထိကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ၀င်ရောက်လာစရာ မရှိနိုင်ပါဘူး။

အခုတော့ ဒီလောက်ဒုက္ခပေးတဲ့ မြေပူဖောင်းကြီးဟာ ကားပူဖောင်းလိုဖြစ်ဖို့ နိမိတ်တွေတော့ စတွေ့လာရပါပြီ။ ကိုယ့်ချွေးနှဲစာနဲ့ ရထားတဲ့ငွေနဲ့ မြေရင်းနှီးမြှုပ်နှံရမယ့် သူတွေကိုတော့ ကားပူဖောင်းပေါက်ခဲ့တာကို နမူနာယူစေချင်ပါတယ်။

ဂရပ်ဖ်ဆိုတာ အမြဲတမ်း ထိုးတက်မနေပါဘူး။ အနိမ့်အမြင့် အတက်အကျ ရှိကိုရှိပါတယ်။ ပုံမှန်မဟုတ်တဲ့ နည်းလမ်း၊ ပုံမှန်မဟုတ်တဲ့ ဈေးတွေဟာလည်း သူ့အချိန်နဲ့သူ ပုံမှန်ဈေးကို ပြန်ရောက်တယ်ဆိုတာ အတိအကျပါပဲ။

Written by: မာန်သူရှိန်
- See more at: http://news-eleven.com


ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများပြင်းထန်နေချိန်၌ တရုတ်ပြည်မကြီးတွင် ဓါတ်ပုံမျှဝေသော လူမှုကွန်ယက်ဝက်ဘ်ဆိုက် Instagram ကို ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

လွန်ခဲ့သော လပိုင်းများအတွင်းက Facebook က ၀ယ်ယူခဲ့သော Instagram အား ပိတ်ပင်လိုက်သည်ဆိုသော သတင်းအား ရိုတ်တာသတင်းဌာနက ဟောင်ကောင်အခြေစိုက် The New York Times သတင်းထောက်အား ကိုးကားဖော်ပြသည်။

www.blockedinchina.net ကလည်း ဘေကျင်း၊ ရှန်ဇန်းပြည်နယ်များအပါအ၀င် တရုတ်ပြည်တွင် Instagram အား ပိတ်ပင်လိုက်ကြောင်း Facebook အားလည်း ကန့်သတ်မှုပြုထားကြောင်း ဖော်ပြထားသည်။

အာရှတိုက်၏ စီးပွားရေးဗဟိုချက်ဖြစ်သော ဟောင်ကောင်၏ ဒီမိုကရေစီအရေးအား ဘေကျင်းက တားမြစ်ပိတ်ပင်ရန်ကြိုးစားသောကြောင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။ ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူများသည် မျက်နှာဖုံးစွပ်များ၊ ထီးများဖြင့် မျက်ရည်ယိုဗုံးဒဏ်မှ အကာအကွယ်ယူကာ အရှိန်မြှင့်တင် လှုပ်ရှားလျက်ရှိနေသည်။
အဆိုပါ ထိပ်တိုက်တွေ့ဆုံမှု၏ ပုံရိပ်များ တကမ္ဘာလုံးတွင် ပျံ့နှံ့နေရာ ဟောင်ကောင်၏ စီးပွားရေးဗဟိုချက်ဟူသော ဂုဏ်သိက္ခာကို ထိခိုက်စေပြီး တရုတ်သမ္မတ စီကျင်ပင်းနှင့် ထိပ်တိုက်တွေ့ဆုံမှုဖြစ်နိုင်ချေ မြင့်တတ်လျက်ရှိသည်။

ဆန္ဒပြဓါတ်ပုံများတွင် #OccupyCentral ဟု ရေးသားဝေမျှကြရာ တရုတ်နိုင်ငံ၏ အသုံအများဆုံး လူမှုကွန်ယက် Weibo တွင်လည်း အဆိုပါ စကားလုံးအား တားမြစ်ထားသည်။ ဆန္ဒပြပွဲများ၏အစပိုင်းက ခွင့်ပြုထားခဲ့သောသည်။

တရုတ်နိုင်ငံက ယင်းဆန္ဒပြပွဲများအား ဥပဒေပလုပ်ရပ်အဖြစ်ပြောဆိုထားပြီး ချေမှုန်းပစ်ရန် ဟောင်ကောင်အစိုးရအား အခွင့်အာဏာအပ်နှင်းထားပြီးဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ပိတ်ပင်ထားသော်လည်း ဟောင်ကောင်မှ အသုံးပြုသူများအနေနှင့်မူ Instagram ကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
Ref; The Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

တောင်တက်သမားနှစ်ဦးကို ရှာဖွေနေသည့် တဇွန်းဒမ်းကျေးရွာ အခြေစိုက် ကယ်ဆယ်ရေး အဖွဲ့သို့ ရိက္ခာပို့သော B4 ရဟတ်ယာဉ် သည် ယမန်နေ့က အခြေစိုက် စခန်းသို့ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက်သွားသောကြောင့် ယင်း ရဟတ်ယာဉ်ကို အဆက်အသွယ် ပြန်လည်ရရှိရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ထူးဖောင်ဒေးရှင်းပြန်ကြား ရေးတာဝန်ခံ ဦးဖြိုးကိုက ပြည်ထောင်စု နေ့စဉ်သို့ ယနေ့ပြောသည်။

အဆိုပါ Advance Aviation မှ B4 ရဟတ်ယာဉ်ပေါ်တွင် ထိုင်း နိုင်ငံမှ ရဟတ်ယာဉ်မှူး Mr.Chat Chawal ၊ မြန်မာလူမျိုးရဟတ် ယာဉ်မှူးဦးအောင်မြတို့နှင့် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇ၏ ကိုယ်ရေးလက်ထောက်၊ ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင် ၏တူ ဦးရွှေရင်တော်ကြီးတို့ လိုက်ပါသွားခဲ့ကြောင်းသိရသည်။

''ရဟတ်ယာဉ်က ပူတာအိုလေဆိပ်ကနေပြီး မနေ့က မွန်းလွဲ ၂နာရီ မိနစ် ၂ဝကနေ စတင်ထွက်တာ။ နောက်ထပ် မိနစ် ၂ဝ အကြာ ၂နာရီ မိနစ် ၄ဝမှာ နောက်ဆုံးအဆက်အသွယ်ရခဲ့တာပါ။ အဲ့ဒီအတွက် ကျွန်တော်တို့ဘက်က B3 ရဟတ်ယာဉ်နှစ်စင်း၊ နောက် ထပ် ဒီနေ့နံနက်ကလဲ တပ်မတော်က MI 17 ရဟတ်ယာဉ်နဲ့ပူးပေါင်း ပြီး ထပ်မံကြိုးပမ်းရှာဖွေနေတာတွေရှိပါတယ်။ ပြီးတော့ ပူတာအို မှာရှိတဲ့ စစ်ဘက်၊ နယ်ဘက်၊ ပြည်သူ့စစ်၊ ရဲ၊ ရွာသူရွာသားတွေ၊ ထူးဖောင်ဒေးရှင်းအဖွဲ့သားတွေ အကုန်လုံးသတင်းအဆက်အသွယ် ပြတ်နေတဲ့ရဟတ်ယာဉ်နဲ့ အမြန်ဆုံးအဆက်အသွယ်ရရှိအောင် ကြိုး ပမ်းနေပါတယ်''ဟု ဦးဖြိုးကိုကပြောသည်။

ယင်းသို့ကယ်ဆယ်ရေးရဟတ်ယာဉ် ပြတ်တောက်နေခြင်းကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် ကာကွယ်ရေးဝန်ကြီးဌာန ရုံးသို့လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးသို့လည်းကောင်းဆက်သွယ်အကြောင်းကြားခဲ့ပြီးဖြစ် ကြောင်း၊ ကယ်ဆယ်ရေးရဟတ်ယာဉ်နှင့်အတူ ကယ်ဆယ်ရေးရိက္ခာ များလည်းပါသွားကြောင်း သိရသည်။

ဆက်လက်၍ ဦးဖြိုးကိုက'' ဘာကြောင့်မို့လို့ သတင်းအဆက် အသွယ်ပြတ်ရတာလဲဆိုတဲ့အပိုင်းကို ကောက်ချက်စွဲပြီးတော့လုပ်သင့် တာတွေကို ထပ်မံလုပ်ဆောင်နေပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာန တွေကိုလဲ အကုန်သတင်းပို့ထားပါတယ်။ ထိုင်းနိုင်ငံဘက်ကိုလဲ သတင်းပို့ထားပါတယ်။ ဦးနမားဂျွန်ဆင်နဲ့အဖွဲ့လဲ ခါကာဘိုရာဇီ တောင်ပေါ်ကိုတက်ရောက်နေတဲ့အပိုင်းမှာ တောင်ပေါ်အမြင့်မှာ ရေခဲအမှတ် -၅ဒီဂရီကနေ -၈ဒီဂရီအထိရှိပါတယ်။ ဆီးနှင်းတွေ ကလဲ လူရဲ့ခါးတစ်ဝက်လောက်အထိကျဆင်းနေပါတယ်။ ရှာဖွေ ကယ်ဆယ်ရေးကတော့ဆက်လက်လုပ်ဆောင်နေပါတယ်။ပျောက်ဆုံး နေတဲ့ တောင်တက်သမားနှစ်ဦးကိုလဲ ဆက်လက်ရှာဖွေရေးတွေ လုပ်နေပါတယ်''ဟု ပြောသည်။

ထူးဖောင်ဒေးရှင်းနာယက ဦးတေဇ နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အဆက်အသွယ်ပြတ် တောက်နေသောရဟတ်ယာဉ်နှင့် အဆက်အသွယ်ပြန်လည်ရရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

ဒီကနေ့ တနင်္လာနေ့ မနက်ပိုင်းမှာ ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်ထဲမှာ DKBA နဲ့ အစိုးရ စစ်တပ် တွေ တိုက်ပွဲ ဖြစ်ပွားခဲ့လို့ ရွာသားတွေ အိုးအိမ်စွန့် ထွက်ပြေး ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အစိုးရ စစ်ကြောင်းက ကော့ကရိတ်မြို့နယ်၊ မြောက်ကြာအင်း လှေဆိပ်ကို အရောက်မှာ နယ်မြေခံ DKBA တပ်နဲ့ နာရီဝက်လောက် မော်တာတွေ၊ စက်သေနတ်တွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက် ခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဖြစ်စဉ် တခု အနေနဲ့ ဘားအံကနေ ကော့ကရိတ်ကို သွားတဲ့ ခရီးသည်တင် ကားတစီး သာမညနဲ့ ကျုံဒိုးကြားမှာ ပစ်ခတ်ခံရလို့ ခရီးသည် တယောက်ကို ထိမှန်ခဲ့ရာမှာ ဆေးရုံ တင်ထားရပြီး အခြေအနေ စိုးရိမ်ရကြောင်း ကော့ကရိတ် ဒေသခံ တယောက်က ပြောပါတယ်။

ဒီနေ့မှာပဲ မြိုင်ကြီးငူ ဒေသ မိဇိုင်း တောင်ခြေမှာလည်း တိုက်ပွဲဖြစ်လို့ ကြားသိရပေမယ့် သီးခြား အတည်ပြု ချက်တော့ မရသေးပါဘူး။

ပြီးခဲ့တဲ့ သောကြာနေက အစိုးရနဲ့ DKBA တပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ ကျိုက်မရော မြို့နယ်မှာတော့ တိုက်ပွဲတွေ ထပ်မဖြစ်တော့ပေမယ့် စာသင်ကျောင်းတွေကိုတော့ ပိတ်ထားတုန်းပဲလို့ မြို့ခံတွေက ပြောပါတယ်။

ကျိုက်မရော မြို့နယ်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ အစိုးရ စစ်တပ်က ဗိုလ်မှူးတယောက် အပါအဝင် ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရတဲ့ သူတွေ အပါအဝင် အစိုးရဘက်က ၁၉ ယောက်နဲ့ လက်နက် အလက် ၂၀ ကို DKBA တပ်က လက်ရ ဖမ်းဆီးလိုက်ပြီး အဲဒီနေ့ ညနေမှာ ပြန်လွှတ်ပေးလိုက်ပေမယ့် လက်နက်တွေကို ပြန်မပေးသေးလို့ အစိုးရနဲ့ DKBA ကြားမှာ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ DKBA ဘက်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/09/140929_dkba_gov_fighting_continues

Airstrikes Hit ISIS-Controlled Oil Refineries in Syria

အန်ကာရာ ၊ ၂၉-၉-၂၀၁၄

အမေရိကန် ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့ တိုက်လေယာဉ် များက ယမန်နေ့တွင် ဆီးရီးယားရှိ ISIS တို့ ထိန်းချုပ်သော ရွှေ့ပြောင်းလွယ် ရေနံသန့်စင် စက်ရုံ လေးခုနှင့် ကွပ်ကဲရေးဌာန တစ်ခုကို ဗုံးကြဲတိုက်ခိုက် ဖျက်ဆီး လိုက်ကြောင်း သိရသည်။ အမေရိကန်၊ ဆော်ဒီ နှင့် ယူအေအီး နိုင်ငံ တိုက်လေယာဉ် များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပစ်မှတ်များကို ထိမှန်ပျက်စီး ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေး ဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

တူရကီနယ်စပ် အနီး တဲအဘိုင်ယဒ် ရှိ ရေနံသန့်စင် စက်ရုံပေါက်ကွဲ မှုကြောင့် ညဥ့်ကောင်းကင်ယံ မှာလင်းထိန် သွားခဲ့ကြောင်း မျက်မြင် များက ဆိုသည်။ တစ်ချိန်တည်း တွင် ကိုဘာနီမြို့ နယ်စပ် တွင်လည်း မြေပြင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေကြောင်း သိရသည်။

ISIS နှင့် ဆီးရီးယားကာ့ဒ် တိုက်ခိုက်ရေး သမားတို့၏ ကိုဘာနီတိုက်ပွဲ မှာ ရက်သတ္တပတ်ခန့် ကြာမြင့်နေပြီ ဖြစ်ကာ မြို့ထဲသို့  အမြောက်ဆန် ငါးခုထက် မနည်း ကျရောက် ပေါက်ကွဲခဲ့ပြီး တူရကီနယ်စပ် ပေါ်တွင်နှစ်ခု ရောက်ရှိ သွားသည်။ အဆိုပါ တိုက်ပွဲကြောင့် တူရကီ နိုင်ငံတွင်း သို့ ထွက်ပြေး သွားသော စစ်ဘေး ဒုက္ခသည်များမှာ ၁၄ဝဝဝဝ ဦးခန့် ရှိကြောင်းလည်း သိရသည်။

မဟာမိတ် တပ်ပေါင်းစုသည် ISIS ပစ်မှတ်များကို အဆက်မပြတ် တိုက်ခိုက်နေရာ လေကြောင်း တိုက်ခိုက်မှု စတင်ပြီး သုံးရက်မြောက်နေ့ ဖြစ်သော စက်တင်ဘာ ၂၅ ရက်က လည်း ဆီးရီးယားရှိ ISIS ရေနံသန့်စင် စက်ရုံ ၁၂ ခုထက်မနည်း ဖျက်ဆီးခဲ့ သေးကြောင်း သတင်း ထုတ်ပြန်ချက် များအရ သိရသည်။ ဆီးရီးယားရှိ ISIS ပိုင် ရွှေ့ပြောင်းလွယ် ရေနံသန့်စင် စက်ရုံ တစ်ခုသည် တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၂ သန်းခန့် အမြတ်အစွန်း ရရှိနိုင်ကြောင်း သိရသည်။

အမေရိကန် ဦးဆောင်သော ISIS ချေမှုန်းရေး မဟာမိတ် တပ်ပေါင်းစု တွင် နိုင်ငံပေါင်း ၄ဝ ခန့် ပါဝင်သည့် အနက် အာရပ်နိုင်ငံ များက ဆီးရီးယား အရှေ့မြောက်ဘက် နှင့် အီရတ် မြောက်ဘက် တို့ရှိ နယ်မြေ အမြောက်အမြား ကို တိုက်ခိုက် သိမ်းပိုက် ထားသော ISIS စစ်သွေးကြွ များကို ဆုံးခန်းတိုင်အောင် ချေမှုန်းပစ်ရန် ကတိကဝတ် ပြုထားကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/09/isis_36.html

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ရှစ်ရွာ ပါဝင်သော လယ် ယာမြေဧက ၅,၈၀၀ ကို အမှတ် ၁ ခဲယမ်းမီးကျောက် တပ်က သိမ်းယူ ကာ အုတ်တံတိုင်းကာရံထားခြင်း ကြောင့် ၎င်းလယ်ယာမြေ များ ပြန်လည်ရရှိရန် တောင်သူလယ်သမားများက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ တင်ပြတောင်းဆိုသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂမှ မစုစုနွေးက ပြောသည်။

အဆိုပါ အမှတ် ၁ ခဲယမ်းမီး ကျောက်တပ်က ယင်းလယ်ယာမြေ ဧကများကို သိမ်းယူပြီးနောက် သုံး မိုင်ကျော်ရှည်သော အုတ်တံတိုင်း ကာလိုက်သည့် အတွက် ကျေးရွာရှစ် ရွာထဲတွင် ပါဝင်သော ရွှေလေးရွာမှာ နှစ်ခြမ်းကွဲသွားကာ ကလေးသူငယ် များသည် နှစ်မိုင်ကျော်ဝေးသော စာ သင်ကျောင်းသို့ ၂ နာရီခန့် လမ်းလျှောက်ပြီး ကျောင်းတက်နေရသည် ဟု ၎င်းင်းကဆိုသည်။

“စာသင်ကျောင်းက အုတ်တံတိုင်း ရဲ့အပြင်မှာကျန်ခဲ့တယ်။ အုတ်တံတိုင်းရဲ့ အတွင်း ထဲမှာ ပါသွားတဲ့ ဒေ သခံလယ်သမားတွေရဲ့ သားသမီးတွေ က ထွက်ပေါက် မရှိတဲ့အခါကျတော့ ၀ါးလှေကားထောင်ပြီးတော့ အပြင် က ကျောင်းကို သွားတက်နေရတယ်။ လယ်သမားတွေ၊ နေ့စားသွားလုပ်တဲ့ သူတွေ လည်း ထွက်ပေါက်မရှိတဲ့ အခါကျတော့ အဲဒီဝါးလှေကားကိုပဲ အသုံးပြုနေ ရတယ်” ဟု မစုစုနွေးက ဆိုသည်။

၎င်းင်းသာယာကုန်းကျေးရွာအုပ်စု အတွင်းမှ အလံကွဲ၊ ဂုံကျင်းတန်း၊ ကျောက် ကုန်း၊ ကျွဲဒညင်းကုန်း၊ သိမ် တဲ၊ တုတ်ကြီးကုန်းနှင့် နဂါးဝှက် စ သည့်ကျေးရွာ ၈ ရွာ မှ လယ်ယာမြေ ဧက ၅,၈၀၀ ကို ၁၉၉၆ ခုနှစ်မှ အ မှတ် ၁ ခဲယမ်း မီးကျောက်တပ်က သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း လယ်ယာမြေများကို လယ်သမားများ ထံ ပြန်လည်ပေးအပ်ရမည့် မြေယာ စာရင်းတွင် မပါဝင်ဟု ဆိုကာ ထိုသို့ အုတ်တံတိုင်း ခတ်လိုက်ခြင်းဖြစ် ကြောင်း ဒေသခံ လယ်သမား များ၏ ပြောပြချက်အရ သိရသည်။

သိမ်းဆည်းထားသော လယ်ယာ မြေများနှင့်ပတ်သက်၍ အမှတ် ၁ ခဲယမ်း မီးကျောက်တပ်မှ တပ်ရင်းမှူး နှင့် ဒေသခံများ သုံးကြိမ်တွေ့ဆုံခဲ့သော်လည်း လယ်ယာမြေအရေး ဆောင်ရွက်နေသူများနှင့် တွေ့ဆုံဆွေး နွေးရန် ငြင်းဆို ခဲ့ကြောင်း၊ ပွင့်လင်း ရာသီရောက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများအနေနှင့် ဖယ်ရှားပေးရ မည်ဖြစ်ပြီး မဖယ်ရှားပေးပါက ဘူဒို ဇာများနှင့်ထိုးကာ ဖယ်ရှား မည်ဟု ဒေသခံများထံက သိရသည်။

သုံးမိုင်ကျော်ရှည်သော အုတ်တံ တိုင်းကာရံလိုက်ခြင်းကြောင်း ကျေး ရွာသူ/သား များ အလွန်ဒုက္ခရောက် လျက်ရှိကြောင်း၊ ၎င်း အုတ်တံတိုင်း မှာ ကျေးရွာအ၀င်အထွက်လမ်းများ အားလုံးကို ပိတ်ဆို့လိုက်ခြင်းကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ် များသာမက ကျောင်းသူ/သားများပါ အုတ်တံတိုင်း စည်းရိုးကို ၀ါးလှေကား ဖြင့် ခက်ခက်ခဲခဲကျော်ဖြတ် သွားလာ နေ ရကြောင်း၊ အဆိုပါဝါးလှေကားကိုလည်း မကြာခဏ လာရောက် ခုတ်ဖြတ် ဖျက်ဆီးလေ့ရှိကြောင်း မစုစုနွေးကဆိုသည်။

သတင်း - ရာစုသစ်

ဓါတ်ပုံ - စုစုနွေး

The Ladies News Journal











ညီညွတ်ကြပါ။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင် (ဝါးခယ်မ) အသက် (၉၆) နှစ်သည် ၂၇.၉.၂ဝ၁၄ ရက်နေ့ ည (၂၃း၁၅) နာရီအချိန်တွင် အာရှတော်ဝင်ဆေးရုံ၌ ကွယ်လွန်သွားခဲ့ပါသည်။ ကွယ်လွန်သူ၏ ရုပ်ခန္ဓာအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂၈.၉.၂ဝ၁၄ ရက်နေ့တွင် သွားရောက်သယ်ဆောင်၍ ရေ ဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ကူညီ ဖေးမခဲ့ပြီး ယနေ့ ၂၉.၉.၂ဝ၁၄ ရက်နေ့ ညနေ (၅းဝဝ) နာရီ အချိန်တွင် ဈာပနအခမ်းအနားအား ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီပံ့ပိုးမှုဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

သခင်သိန်းမောင် (ဝါးခယ်မ) အား ၂.၂.၁၉၁၉ ရက်နေ့တွင် အဘ ဦးဘမောင် နှင့် အမိ ဒေါ်မိက လေးတို့မှ ဝါးခယ်မမြို့တွင် မွေးဖွားခဲ့ပြီး ဝါးခယ်မအမျိုးသားကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၃၈/ ၃၉ ခုနှစ်တွင် သခင်သန်းထွန်းနှင့် ဆရာကွန်းတို့ ကျောင်းဆရာလုပ်ကိုင်သည့် ရန်ကုန်မြို့ ကန်တော်က လေးရှိ ဗမာ-မွတ်စလင်ကျောင်းတွင် အထက်တန်းပညာရပ်ကို ဆက်လက်သင်ယူခဲ့သည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံတွင် ရှေ့တန်းမှပါဝင်ခဲ့ပြီး ၂ဝ.၁၂.၁၉၃၈ ရက်နေ့တွင် အတွင်းဝန်ရုံးအား ဝိုင်းစဉ်တွင် ဦး ကြည်မောင်၊ ဦးအေးငွေ၊ ဦးဌေးမြိုင် (ဒဂုန်တာရာ) တို့နှင့်အတူ သပိတ်တားရာတွင် ပါဝင်ခဲ့သည်။
၁၅.၈.၁၉၃၉ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းပြီးနောက်တွင် သခင်သိန်းမောင်သည် ကွန် မြူနစ်ပါတီဝင်ဖြစ်လာပြီး ကွမ်းခြံကုန်းမြို့၊ အင်္ဂလုံကျေးရွာတွင် သခင်စိုး ပို့ချခဲံသော နိုင်ငံရေးသင်တန်းအား သခင်ဘဟိန်း၊ သခင်ဗသိန်းတင်၊ RET ဦးကျော်ငြိမ်း၊ ဒေါ်စောမြ၊ ဒေါ်နှင်းဆီ တို့နှင့်အတူ တက်ရောက်ခဲ့ ကြသည်။ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးကာလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီမှ ထုတ်ဝေသည့် အရေး တော်ပုံ မြေအောက်ဂျာနယ်ကို သခင်ဘဟိန်း၊ သခင်ဗိုလ်၊ RET ဦးကျော်ငြိမ်း တို့နှင့် လျှို့ဝှက်စွာ ထုတ်ဝေ ဖြန့်ချီရာတွင် ပါဝင်ခဲ့သည်။ ၂၇.၃.၁၉၄၅ ရက်နေ့တွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို မြစ်ဝကျွန်းပေါ်တိုင်း၊ ဝါးခယ်မမြို့မှ ပါဝင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး ၂ဝ.၇.၁၉၄၅ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒုတိယအကြိမ် ပါတီကွန်ဂရက်ကို မြောင်းမြခရိုင် ပါတီအတွင်းရေးမှူးအနေဖြင့် တက်ရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဒေါ်အေးမြင့်နှင့် အိမ်ထောင်ကျခဲ့ပြီး ၂၈.၃.၁၉၄၈ ရက်နေ့တွင် ဗမာ ပြည်ကွန်မြူနစ်ပါတီ တောခိုခဲ့ရပြီးနောက်တွင် သခင်သိန်းမောင်သည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ သာယာ ဝတီထောင်နှင့် အင်းစိန်ထောင်တို့တွင် ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။

မက်စ်စာပေ လေ့လာရေးအဖွဲ့အား လေထီးဗိုလ်အုန်းမောင်၊ ဦးကျော်ရင်တို့နှင့် အတူဖွဲ့စည်းခဲ့ပြီး ဖ.ဆ.ပ.လ ခေတ်တွင် ကရင်ပြည်နယ်ဝန်ကြီး ဦးစောဘာဘာ၏ ကိုယ်ရေးအတွင်းဝန်အဖြစ်၎င်း၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည် တွင်းငြိမ်းချမ်းရေးအဖွဲ့ (ဗမာနိုင်ငံ) တွင်ပါဝင်ခဲ့သည်။ ၁၉၈၈ လူထုအရေးတော်ပုံအပြီးတွင် တို့ဗမာအစည်း အရုံးဝင် သခင်တစ်ယောက်အနေဖြင့် လေထီးဗိုလ်အုန်းမောင်၊ သခင်အုန်းမြင့် တို့နှင့်အတူ ဒီမိုကရေစီရေး တိုက်ပွဲတွင် ပါဝင်ခဲ့သလို နောက်ပိုင်းတွင် ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် ပြန်လည်ဖွဲ့စည်းခဲ့ သည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်းရေးကော်မတီနှင့် ဟံသာဝတီ ဦးဝင်းတင် ဖောင် ဒေးရှင်းတို့တွင်လည်း နာယကအဖြစ် နောက်ဆုံးအချိန်အထိ တာဝန်ယူခဲ့သည်။

သခင်သိန်းမောင်သည် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်တော်လှန်ရေးတို့တွင် စွမ်းစွမ်း တမံ ပါဝင်ခဲ့သလို ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကြေညာပြီးနောက် ပြည်တွင်းစစ်ရပ်ဆဲရေး၊ ပြည်တွင်းငြိမ်း ချမ်းရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီတိုက်ပွဲများ တွင်လည်း မကွယ်လွန်မီ နောက်ဆုံးအချိန်ထိ တက်ကြွစွာဖြင့် ပြည်သူလူထု၏ သမိုင်းတာဝန်ကို ကျေပွန် စွာ ထမ်းဆောင်ခဲ့ပါသည်။
ဆရာကြီး သခင်သိန်းမောင် မကွယ်လွန်မှီ ၆.၇.၂ဝ၁၄ ရက်နေ့တွင် ဆရာကြီးသခင်ကိုယ်တော် မှိုင်း ငြိမ်းချမ်းရေးကွန်ရက်သို့ အမှာစကားအဖြစ် -

ညီညွတ်ကြပါ။

ပြည်တွင်းစစ် နှစ် (၆ဝ) ကျော်ခဲ့ပြီ။ တိုင်းရင်းသားပြည်သူလူထုလည်း နစ်နာဆုံးရှုံးမှုတွေများနေပြီ။ ပြည် တွင်းငြိမ်းချမ်းရေး စစ်စစ်မှန်မှန်ရဖို့ အရေးကြီးတယ်။ ငြိမ်းချမ်းရေးရဖို့ဆိုတာ ဒီမိုကရေစီထွန်းကားဖို့၊ အမျိုး သားသွေးစည်းညီညွတ်ရေး ရှိဖို့လိုတယ်။ အဲဒါတွေရဖို့က တိုင်းပြည်မှာ တရားမျှတမှု ထွန်းကားရမယ်။ အမျိုးသားတန်းတူမှုရှိရမယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရ မယ်။ ဒါမှ တိုင်းပြည် ရေရှည်ငြိမ်းချမ်းမယ်။ ဒီကိစ္စတွေကို အတားအဆီးဖြစ်နေတာက ၂ဝဝဂ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်တယ်။ အားလုံးလက်ခံပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်အောင် ဆောင်ရွက်ကြပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြောခဲ့တဲ့ သူမနာ၊ ကိုယ်မနာနည်းနဲ့ စားပွဲဝိုင်းမှာ တန်းတူမှု၊ လွတ်လပ်မှု၊ အပြန်အလှန် လေးစားမှုနဲ့ ရိုးသားမှု၊ ဖြောင့်မတ်တည်ကြည်မှု (Simplicity & Sincerity) ရှိရှိ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရမယ်။ ပြည်သူအားလုံး၊ ဒီမိုကရက်တစ် အင်အားစုအားလုံး၊ တိုင်းရင်းသားအားလုံး ညီညွတ်ရမယ်။ ညီညွတ်မှအောင်မြင်မယ်။ ညီညွတ်ကြပါ။ ဟူ၍ ပြောဆိုခဲ့ပေသည်။

ဆရာကြီး သခင်သိန်းမောင်၏ ဈာပနအခမ်းအနားအား နိုင်ငံရေးအင်အားစု အသီးသီးနှင့် ဆွေမျိုး မိတ်သင်္ဂဟများ ပေးပို့ကြသည့် ပန်းခြင်း၊ ပန်းခွေ အမြောက်အများ တွေ့မြင်ခဲ့ရပြီး သခင်သိန်းမောင်၏ နိုင်ငံရေးနှင့် လူမှုရေး ဆောင်ရွက်ချက်များအား ဖတ်ကြားတင်ပြခြင်းနှင့် နယ်ပယ်အသီးသီးမှ ပေးပို့သည့် သဝဏ်လွှာများအား ဖတ်ကြားခဲ့သည့်အပြင် တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ နိုင်ငံရေးနယ်ပယ်မှ တာဝန်ရှိသူများနှင့် မိတ်ဆွေများတို့မှ သခင်သိန်းမောင် နှင့်ပတ်သက်၍ အမှတ်တရစကားများ ပြောကြားခဲ့ကြသည်။ နိုင်ငံရေး ပါတီအသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ စာပေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ သခင် သိန်းမောင်အား လေးစားချစ်ခင်ကြသူများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့် အောင်၊ အသင်းသား/သူများတို့ဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာ ပြီးစီးခဲ့တော့သည်။





ပေးဆပ်လက်များ
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ တည်ထားကိုးကွယ်မည့် “မဟာပဏီတ ပရဟိ တ အောင်တော်မူစေတီ” သို့ ရန်ကုန်မြို့မှ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဦးခင်မောင်အေး (KMA Construction Group) ၊ ဦးကြည်စိုး (MONSOON Landscape)၊ ဦးသိန်းဦး (Landscape) ပညာရှင် တို့နှင့်အတူ ကိုသန်းနိုင် (Community Engineering Team – Myanmar) လိုက်ပါခဲ့ပြီး စေတီတော် တည်ဆောက်မှုနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြပြီး လုပ်အားဒါန ကုသိုလ်ပြုခဲ့ကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ခြံဝန်းအတွင်းရှိ အဆောက်အဦးများအား ဦးခင်မောင်အေး (KMA Construction Group) မှ တာဝန်ယူ တည်ဆောက်ပေးခဲ့သူဖြစ်ပြီး ယခု ဥက္ကဋ္ဌ ဦးကျော်သူ တည် ထားကိုးကွယ်မည့် “မဟာပဏီတ ပရဟိတအောင်တော်မူစေတီ”၏ ရင်ပြင်တော်ပေါ်ရှိ သာသနိက အ ဆောက်အဦးများကိုလည်း တာဝန်ယူ၍ တည်ဆောက်လျှက်ရှိသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ခြံဝန်းအတွင်း သစ်ပင်၊ ပန်းပင်များဖြင့် စိမ်းလန်းစိုပြေရေးအား ဦးကြည်စိုး (MONSOON Landscape Group) မှ ကူညီပေးခဲ့သည့်အပြင် ဦးကျော်သူ တည်ထားကိုးကွယ်မည့် စေတီတော်ကြီးအတွက် Land scap ပညာရှင် ဦးသိန်းဦး နှင့်အတူ တာဝန်ယူ၍ ပရဟိတတောင်ကုန်း ပတ်ဝန်းကျင်တွင် ရေတံခွန်ငယ် များ၊ လူသွားလမ်းတလျှောက် စိမ်းလန်းစိုပြေရေးအတွက် လုပ်ဆောင်လျှက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံ အဝှမ်း ရေကြည်ရေသန့် တူးဖော်ရရှိရန် ခက်ခဲပြီး ရေရှားပါးသည့် အရပ်ဒေသများသို့ သွားရောက်၍ လွယ် ကူအဆင်ပြေစွာဖြင့် တစ်နိုင်တစ်ပိုင် ရေသန့်သောက်ရေစစ်အိုး သုံးစွဲနိုင်ရန် နည်းပညာဖြန့်ဖြူးပေးရင်း Community Engineering Team – Myanmar အဖွဲ့ကို ဦးဆောင်သူ ဦးသန်းနိုင် သည်လည်း ပရဟိတ စေတီတော်သို့ လုပ်အားပေးလာရောက်ကြသူများနှင့် ဘုရားဖူးလာရောက်ကြသူများ သောက်သုံးနိုင်ရန် အတွက် ကြည်လင်သန့်ရှင်း အေးမြသည့် ရေသန့်သောက်ရေစစ်အိုးများ ပြုလုပ်၍ ကုသိုလ်ပြုခဲ့သည်။

ထို့ကြောင့် “မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်” အတွက် အသိပညာရှင်၊ အတတ် ပညာရှင်၊ လုပ်အားပေး ရွာသူ/သားများ၊ လုပ်အားပေး ပရဟိတမောင်မယ်များ၊ မျိုးဆက်သစ် ပရဟိတ ကလေးသူငယ်များ၊ အနယ်နယ် အရပ်ရပ်ရှိ အသင်းအဖွဲ့မှ လူငယ်များတို့၏ ပရဟိတ စိတ်ဓါတ်စစ်စစ် တို့ဖြင့် ကုသိုလ်ပြု တည်ဆောက်နေသည့် စေတီတော်ကြီးဖြစ်ပေသည်။ သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသော အလှူရှင်များ၊ လုပ်အားပေး ဒါနကုသိုလ်ရှင်များ၊ မြန်မာပြည်သူ/သားများ၏ ပရဟိတ စိတ်ဓါတ်များသည် ကမ္ဘာတည်သ၍ တည်တံ့ခိုင်မြဲစေရန် ပေးဆပ်လက်များဖြင့် ဝိုင်းဝန်းထိန်းသိမ်း စောင့် ရှောက်သွားကြဖို့ မေတ္တာရပ်ခံနှိုးဆော်အပ်ပေသည်။ ယခုကဲ့သို့ လုပ်အားဒါန၊ ငွေအားဒါန ပေးဆပ်ကြသူ အပေါင်းတို့အား၎င်း၊ ထိုကဲ့သို့သော ပေးဆပ်မှုများအား သဒ္ဓါစိတ်ထား မုဒိတာပွားကြသူ အပေါင်းတို့အား အမျှ .. အမျှ .. အမျှ ဟူ၍ ပေးဝေငှ လိုက်ရပါတော့သည်။ ဤမွန်မြတ်လှသည့် ကောင်းမှုကုသိုလ်တော် ကြီးအား သာဓု အကြိမ်ကြိမ် ခေါ်ဆိုနိုင်ကြပါစေသောဝ် … ။ ။

FFSS Yangon

သီရိလင်္ကာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​အရှင်ဦးဝီရသူက ​သီရိလင်္ကာနိုင်ငံက ​Bodu ​Bala ​Sena ​(BBS) ​အဖွဲ့ဒါမှမဟုတ် ​Buddhist ​Force ​လို့ခေါ်တဲ့ ​ဗုဒ္ဓဘာသာ ​အဖွဲ့နဲ့ ​ပူးပေါင်းပြီး ​ဗုဒ္ဓဘာသာကို ​ကာကွယ်သွားမယ်လို့ ​ပြောလိုက်ပါတယ်။
myanmar monk, wirathu

သီရိလင်္ကာနိုင်ငံမှာ ​စက်တင်ဘာလ ​၂၈ ​ရက်၊ ​မနေ့တုန်းက ​သံဃကောင်စီ ​အစည်းအဝေးကြီး ​ကျင်းပခဲ့တာဖြစ်ပြီး ​အရှင်ဦးဝီရသူကလည်း ​တက်ရောက်ခဲ့တာ ​ဖြစ်ပါတယ်။

ကမ္ဘာတလွှားမှာ ​ခြိမ်းခြောက်မှု ​ခံနေရတဲ့ ​ဗုဒ္ဓဘာသာဝင်တွေကို ​ကာကွယ်ဖို့ ​မြန်မာနိုင်ငံက ​၉၆၉ ​အဖွဲ့အနေနဲ့ ​သီရိလင်္ကာနိုင်ငံက ​BBS ​အဖွဲ့နဲ့ ​ပူးပေါင်းမှုတွေ ​လုပ်သွားမယ်လို့ ​လူပေါင်း ​၅၀၀၀ ​ဆန့်တဲ့ ​ဘောလုံးကွင်းအတွင်းမှာ ​အရှင်ဦးဝီရသူက ​ပြောခဲ့တာပါ။

အဲဒီဘောလုံးကွင်းအတွင်း ​သံဃာတော်တွေနဲ့ ​တချို့ပြည်သူတွေ ​အများအပြား ​တက်ရောက်ခဲ့ကြပါတယ်။

ဦးဝီရသူရဲ့ ​သီရိလင်္ကာနိုင်ငံခရီးစဉ်အတွင်း ​သီရိလင်္ကာ ​ဗုဒ္ဓဘာသာဝင်တွေနဲ့ ​မွတ်စလင်တွေအကြား ​ပြဿနာ ​ဖြစ်မှာကို ​စိုးရိမ်တဲ့အတွက် ​ပြည်ဝင်ခွင့်ဗီဇာမပေးဖို့ ​သီရိလင်္ကာနိုင်ငံက ​မွတ်စလင်ကောင်စီက ​သူတို့အစိုးရကို ​တောင်းဆိုခဲ့ပါတယ်။

မွတ်စလင်အစွန်းရောက်သမားတွေက ​ပြည်ဝင်ခွင့်မပေးဖို့ ​တောင်းဆိုတဲ့ကြားကပဲ ​ပြည်ဝင်ခွင့်ဗီဇာ ​ထုတ်ပေးခဲ့တဲ့ ​သီရိလင်္ကာနိုင်ငံ ​သမ္မတကို ​ကျေးဇူးတင်ကြောင်း ​အရှင်ဦးဝီရသူက ​ပြောပါတယ်။

ဂျီဟတ်အဖွဲ့တွေကြောင့် ​ဗုဒ္ဓဘာသာဝင်တွေဟာ ​ကြီးမားတဲ့ ​ခြိမ်းခြောက်မှုတွေနဲ့ ​ကြုံတွေ့နေရတယ်လို့လည်း ​ပြောသွားခဲ့ပြီး ​စေတီပုထိုးတွေလည်း ​ဖျက်ဆီးခံနေရတယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​မီဒီယာအဖွဲ့အစည်းတွေနဲ့ ​ကမ္ဘာမှာ ​အာဏာရှိသူတွေက ​စက်မှုတွေကို ​အသုံးပြုပြီး ​ဗုဒ္ဓဘာသာအပေါ် ​ဆန့်ကျင်မှုတွေ ​လုပ်နေကြတယ်လို့လည်း ​အရှင်ဦးဝီရသူက ​ပြောပါတယ်။

BBS ​အဖွဲ့ဟာ ​သီရိလင်္ကာနိုင်ငံက ​မွတ်စလင်နဲ့ ​ဗုဒ္ဓဘာသာအကြား ​ပြဿနာဖြစ်အောင် ​သွေးထိုးလှုံ့ဆော်ပေးတဲ့ ​အဖွဲ့ ​ဖြစ်တယ်လို့ ​စွပ်စွဲခံနေရသလို၊ ​မြန်မာနိုင်ငံက ​၉၆၉ ​အဖွဲ့ဟာလည်း ​မွတ်စလင်တွေနဲ့ ​ဗုဒ္ဓဘာသာအကြား ​သွေးထိုးလှုံ့ဆော်ပေးတဲ့ ​အဖွဲ့အဖြစ် ​စွပ်စွဲခံနေရကြောင်း ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

http://www.radioaustralia.net.au/burmese/2014-09-29/1373291

ဟောင်ကောင်မှာ သောင်းနဲ့ ချီတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ဆန္ဒပြသမားတွေက ဟောင်ကောင် မြို့လယ်က စီးပွားရေး အချက်အချာ လမ်းတွေမှာ ပိတ်ဆို့ နေရာ ယူထားကြပါတယ်။

ပြီးခဲ့တဲ့ တစ်ညလုံး ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အရင် ရက်တွေထက် အရေအတွက် ပိုများတဲ့ ဆန္ဒပြသမားတွေ လမ်းပေါ် ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဆယ်ကျော်သက် အရွယ် လူငယ်တွေနဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တွေ ထောင်နဲ့ ချီပြီး ဆန္ဒပြမှုမှာ ပါဝင်လာကြောင်း၊ ဆန္ဒပြမှုတွေကို တားလို့ ရတော့မှာ မဟုတ်ကြောင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။

လာမယ့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့်သူကို တရုတ် အစိုးရ စိတ်ကြိုက် ရွေးချယ်ဖို့ ပြဋ္ဌဌာန်းထားတဲ့ စည်းကမ်းချက်တွေကို ပယ်ဖျက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆို နေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဟောင်ကောင် ဆန္ဒပြသမားတွေကို ပြည်ပကနေ ထောက်ခံမှု မပြုကြဖို့ တရုတ် အစိုးရက သတိပေး လိုက်ပါတယ်။

ဟောင်ကောင်ဟာ တရုတ် နိုင်ငံပိုင် နယ်မြေ ဖြစ်လို့ ဟောင်ကောင် အရေးဟာ တရုတ် နိုင်ငံရဲ့ ပြည်တွင်းရေး သက်သက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဘယ်လို ဝင်ရောက် စွက်ဖက်တာကိုမှ လက်မခံကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hua Chunying က ပြောသွားပါတယ်။

ဗြိတိန် အစိုးရကတော့ ဟောင်ကောင်ရဲ့ သာယာ ဝပြောမှုနဲ့ လုံခြုံရေးဟာ လူ့အခွင့်အရေး ရှိမှုတွေ၊ လွတ်လပ်မှုတွေနဲ့ ကျားကန် ပေးထားတာ ဖြစ်လို့ ဟောင်ကောင် ပြည်သူတွေ အနေနဲ့ အဲဒီ အခွင့်အရေးတွေ အတွက် တရားဥပဒေ ဘောင်အတွင်းကနေ လှုပ်ရှား ဆောင်ရွက်သင့်ကြောင်း၊ ဟောင်ကောင်မှာ အဓိပ္ပာယ် ပြည့်ဝတဲ့ ဒီမိုကရေစီ အတွက် ရှေ့တက်လှမ်းမှုကို ထောက်ခံကြောင်း ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140929_hong_kong_protests


ဟောင်ကောင်မှာ တနလာင်္နေ့ အစောပိုင်းမှာ ရဲက ဒီမိုကရေစီတောင်းဆိုနေတဲ့ ဆန္ဒပြသမားတွေကြားထဲကို မျက်ရည်ယိုဗုံးတွေ ပစ်သွင်းပြီး လူစုခွဲဖို့ ကြိုးစားပါတယ်။ အစောပိုင်းမှာ အစိုးရရုံးတွေ ရှိတဲ့ မြို့နယ်ထဲက လမ်းတွေကို ပိတ်ထားတဲ့ လူအုပ်ထဲကို ရဲက နံပါတ်တုတ်တွေနဲ့ ၀င်ပြီး လူစုခွဲဖို့ ကြိုးစားခဲ့လို့ ၀ရုန်းသုန်းကား ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသမားတွေကို အခုလို မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲတာဟာ ဟောင်ကောင်မှာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံး ဖြစ်ပါတယ်။ ဟောင်ကောင်ကို ဗြိတိသျှတွေက တရုတ်ပြည်ကို လွှဲပေးခဲ့တဲ့ ၁၉၉၇ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး မငြိမ်သက်မှုလည်း ဖြစ်ပါတယ်။

ဟောင်ကောင်မှာ ဒီမိုကရေစီ တောင်းဆိုမှုဟာ တခြားမြို့တွေဆီကို ကူးစက်သွားမှာကို စိုးရိမ်နေတဲ့ တရုတ်ကွန်မြူနစ် ခေါင်းဆောင်တွေ အတွက်လည်း ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်ပါတယ်။ ရဲတွေက ရာဘာ ကျည်ဆံတွေကို သုံးလာနိုင်လို့ ကျောင်းသားတွေ၊ ဆန္ဒပြခေါင်းဆောင်တွေက သတိပေးနေပေမယ့် ဆန္ဒပြသမား ထောင်နဲ့ ချီပြီး အစိုးရအဆောက်အအုံနားမှာ ဆက်ရှိပါတယ်။ ရဲအဖွဲ့ကလည်း နေရာငါးနေရာမှာ တန်းစီ စောင့်နေပါတယ်။ အစောပိုင်းမှာ ရဲက ဆန္ဒပြသမားတွေကို ငရုပ်ကောင်းရည်တွေနဲ့ ဖြန်းပြီး လူစုခွဲဖို့ ကြိုးစားသလို၊ မျက်ရည်ယိုဗုံးတွေကို လေထဲမှာ ဖောက်ခွဲခဲ့ပါတယ်၊ ဆန္ဒပြသမားတွေက ထီးတွေနဲ့ အကာအကွယ်ယူခဲ့ကြပါတယ်။

ဗြိတိသျှတွေက ဟောင်ကောင်ကို တရုတ်ပြည်လက်ထဲ ပြန်လွှဲပေးတဲ့ အချိန်ကစလို့ တနိုင်ငံ စနစ်နှစ်မျိုး မူဝါဒကို ကျင့်သုံးပါတယ်။ တရုတ်ပြည်မကြီးမှာ ပြည်သူတွေ မရတဲ့ လွတ်လပ်မှု ရေချိန်ကို ဟောင်ကောင်ပြည်သူတွေက ရရှိခဲ့သလို အချိန်တန်ရင် အရွယ်ရောက်သူတိုင်း မဲပေးခွင့် ရစေရမယ်ဆိုတဲ့ ကတိက၀တ်လည်း ရှိခဲ့ပါတယ်။ ဒါပေမယ် လာမယ့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ ပြည်သူတွေက လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ကို တရုတ်ပြည်မကြီးက ပယ်ချလိုက်တဲ့အတွက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။
DVB TV News
https://www.facebook.com/DVBTVNews?fref=nf

အီရတ်နိုင်ငံအတွင်းက ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေကို ​ဝေဟင်ကနေ ​တိုက်ခိုက်ဖို့ ​သြစတြေးလျ ​အစိုးရက ​ညွှန်ကြားထားခြင်း ​မရှိသေးတဲ့အတွက် ​သြစတြေးလျ ​စစ်သားတွေဟာ ​ယူအေအီး ​နိုင်ငံမှာပဲ ​ညွှန်ကြားချက်ကို ​စောင့်ဆိုင်းနေကြပါတယ်။
သြစတြေးလျနိုင်ငံပိုင် ​တိုက်လေယာဉ် ​၈ ​စင်းနဲ့ ​သြစတြေးလျက ​ပို့ဆောင်မယ့် ​စစ်သား ​အယောက် ​၆၀၀ ​ထဲက ​အတော်များများဟာ ​United ​Arab ​Emirates ​ယူအေအီး ​နိုင်ငံမှာ ​ရောက်ရှိနေပြီး ​အမိန့်ကို ​စောင့်ဆိုင်းနေပါတယ်။

ဒါပေမဲ့ ​ဒီကနေ့မှာလည်း ​သြစတြေးလျ ​ဝန်ကြီးများအဖွဲ့ ​အစည်းအဝေးမရှိတဲ့အတွက် ​အမိန့်ကျဖို့ ​ရက်အနည်းငယ် ​စောင့်ဆိုင်းရနိုင်ပါတယ်။
အေဘီစီက ​ရရှိတဲ့သတင်းအရ ​မနက်ဖြန်မှာလည်း ​ဝန်ကြီးများ ​အစည်းအဝေးမရှိပါဘူး။
သြစတြေးလျ ​ကာကွယ်ရေးဝန်ကြီး ​David ​Johnston ​က ​ဒီကိစ္စကို ​ဆွေးနွေးဖို့ ​အီရတ်နိုင်ငံ ​ဘက်ခ်ဒက်မြို့ကို ​သွားရောက်ပြီး ​အခုအခါမှာ ​သြစတြေးလျ  ​နိုင်ငံကို ​ပြန်လည် ​ရောက်ရှိလာပြီ ​ဖြစ်ပါတယ်။

သြစတြေးလျအနေနဲ့ ​ဒီတိုက်ခိုက်မှုအတွင်း ​ပါဝင်တဲ့အခါ ​လိုအပ်မယ့် ​ဥပဒေမူဘောင် ​အချက်အလက် ​ကိစ္စကို ​ဆွေးနွေးခဲ့တာဖြစ်ပြီး ​ဒီဥပဒေမူဘောင် ​ကိစ္စတွေကို ​ဖြေရှင်းပြီးမှသာ ​သြစတြေးလျစစ်သားတွေကို ​သွားတိုက်ဖို့ ​အမိန့်ချမှတ်နိုင်မှာ ​ဖြစ်တဲ့အတွက် ​ရက်အနည်းငယ် ​ကြာမြှင့်ဦးမယ်လို့ ​ခန့်မှန်းရတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက်  ​Nick ​Pedley ​က ​သတင်းပေးပို့ထားပါတယ်။

အခုလောလောဆယ် ​အမေရိကန်နဲ့ ​တချို့နိုင်ငံကတော့ ​ဆီးရီးယားပြည်တွင်းက ​IS ​အဖွဲ့တွေကို ​ဝေဟင်ကနေ ​တိုက်ခိုက်မှု ​လုပ်နေပြီး ​ရေနံသန့်စင်ရေး ​စက်ရုံတချို့ကို ​ဖျက်ဆီးလိုက်ပါတယ်။
ရေနံဟာ ​IS ​အဖွဲ့အတွက် ​အဓိက ​ဝင်ငွေဖြစ်ပြီး ​တစ်ရက်ကို ​ဒေါ်လာ ​သုံးသန်းလောက် ​ရရှိစေတယ်လို့လည်း ​သိရပါတယ်။

http://www.radioaustralia.net.au/burmese/2014-09-29/1373293

အမေရိကန် ​ထောက်လှမ်းရေးတပ်အနေနဲ့ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ရဲ့ ​ခြိမ်းခြောက်မှုအပေါ် ​အထင်သေးခဲ့မိကြောင်း ​အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားက ​ဝန်ခံ ​ပြောဆိုခဲ့ပါတယ်။

IS စစ်သွေးကြွအဖွဲ့ကို အထင်သေးခဲ့မိတယ်လို့ အိုဘားမားပြော (Credit: AFP) 

CBS ​သတင်းဌာနရဲ့ ​60 ​Minutes ​နဲ့ ​အင်တာဗျူးမှာ ​သမ္မတ ​အိုဘားမားက ​ပြောသွားတာ ​ဖြစ်ပြီး ​အခုဆိုရင် ​IS ​တပ်ဖွဲ့ထဲမှာ ​အမေရိကန်နိုင်ငံသား၊ ​ဥရောပတိုက်သားတွေနဲ့ ​သြစတြေးလျနိုင်ငံသား ​တွေအထိ ​ဝင်ရောက်ပူးပေါင်းပါဝင်ကြတာတွေ ​ရှိပြီလို့ ​ဆိုပါတယ်။

လူမှုကွန်ယက်တွေကို ​အသုံးပြုပြီး ​အကြမ်းဖက်သမားတွေက ​မြူဆွယ်နေတာကို ​တချို့လူတွေကလည်း ​အသိမ်းသွင်းခံနေကြတယ်လို့ ​ပြောပါတယ်။

အမေရိကန် ​သမ္မတဟာ ​မကြာသေးခင်ကပဲ ​IS ​အဖွဲ့ကို ​ဘတ်စကက်ဘော ​အသင်းသာသာ ​အဖြစ်လောက်သာ ​အထင်သေး ​ခိုင်းနှိုင်း ​ပြောဆိုခဲ့ဖူးတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Lisa ​Millar ​က ​ပြောပါတယ်။

အခုအခါမှာတော့ ​သူပြောခဲ့တဲ့ ​စကားအပေါ် ​နောက်တရရုံသာမက ​သူ့ရဲ့ ​သမ္မတ ​သက်တမ်း ​တစ်လျောက်လုံးအတွက် ​အမှားကြီးတစ်ခုတောင် ​ဖြစ်သွားလောက်တယ်လို့ ​သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ ​တစ်လတုန်းကပဲ ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​အမေရိကန်မှာ ​ဖြေရှင်းစရာ ​မဟာဗျူဟာတွေ ​မရှိဘူးလို့ ​အမေရိကန် ​သမ္မတက ​ပြောဆိုခဲ့ပေမယ့် ​အခုအချိန်မှာတော့ ​IS ​တပ်ဖွဲ့ကို ​ခြေမှုန်းနိုင်ဖို့ ​နေ့စဉ်နဲ့အမျှ ​ဆွေးနွေးနေရပါတယ်။

အခုအချိန်အထိတော့ ​IS ​အဖွဲ့ကို ​နိုင်ငံတကာနဲ့ ​ပူးပေါင်းမယ့်အကြောင်း၊ ​ပြီးတော့ ​ဝေဟင်ကနေသာ ​တိုက်ခိုက်မှု ​လုပ်သွားမယ့်အကြောင်း ​ပြောဆိုနေပေမယ့် ​မြေပြင်ကို ​စစ်သားတွေ ​စေလွှတ်ဖို့ ​ကိစ္စကိုလည်း ​နေ့စဉ်နဲ့အမျှ ​ပြောဆို ​ဆွေးနွေးနေကြပါတယ်။

ဆီးရီးယားပြည်တွင်းစစ်အတွင်း ​အဖွဲ့အစည်းပေါင်း ​မြောက်များစွာက ​အဲဒီ ​မတည်ငြိမ်မှုကို ​အခွင့်ကောင်းယူပြီး ​အဖွဲ့အင်အား ​တောင့်တင်းလာအောင် ​ပြုလုပ်ခဲ့ကြတယ်လို့ ​အိုဘားမားက ​ပြောပါတယ်။

အီရတ်စစ်တပ်ကို ​အမေရိကန်က ​စစ်သင်တန်းတွေ ​ပေးထားတဲ့အတွက် ​အီရတ်စစ်သားတွေအပေါ် ​အထင်ကြီးလွန်းခဲ့သလားလို့ ​မေးရာမှာလည်း ​သမ္မတ ​အိုဘားမားက ​အထင်ကြီးခဲ့တယ်ဆိုတာ ​မှန်ကန်ကြောင်း ​ပြောသွားခဲ့ပါတယ်။

IS ​ရဲ့ ​ရန်က ​တနေ့တခြား ​ကြီးမားလာတဲ့အတွက် ​IS ​အဖွဲ့ကို ​သေးငယ်သွားအောင် ​တိုက်ခိုက်မှုတွေ ​လုပ်နေတာလို့လည်း ​ပြောပါတယ်။

သူတို့ရဲ့ ​နယ်မြေတွေ ​ကျဉ်းသွားအောင် ​လုပ်ဆောင်ရမှာ ​ဖြစ်သလို၊ ​သူတို့ရဲ့ ​ထိန်းချုပ်ရေးစခန်းတွေကို ​တိုက်ခိုက်ရမှာ ​ဖြစ်ပြီး ​သူတို့ရဲ့ ​လက်နက်တွေ၊ ​သူတို့ရဲ့ ​စွမ်းအင်တွေ၊ ​ငွေကြေးထောက်ပံ့ရေးတွေကို ​ဖြတ်တောက်ရမှာ ​ဖြစ်သလို ​ပြည်ပကနေ ​ရောက်ရှိလာပြီး ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းတိုက်ခိုက်တာမျိုးတွေ ​မရှိတော့အောင် ​လုပ်ဆောင်ရမယ်လို့လည်း ​သမ္မတ ​အိုဘားမားက ​ပြောပါတယ်။

IS ​အဖွဲ့ကို ​ချေမှုန်းနိုင်ရင်တောင် ​ဒီပြဿနာက ​နေ့ချင်းညချင်း ​ပြီးမယ့် ​ပြဿနာ ​မဟုတ်ပဲ ​နောက်မျိုးဆက်သစ် ​လက်ထက်မှ ​ပြီးဆုံးမယ့် ​ပြဿနာ ​ဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

အဲဒီ ​ဒေသက ​လူငယ်တွေအတွက်လည်း ​သူတို့ဟာ ​Shia ​လူမျိုး၊ ​Sunni ​လူမျိုး ​ဖြစ်တယ်ဆိုတာကို ​ပြသဖို့ ​ပိုအရေးကြီးနေပြီး ​ကောင်းမွန်တဲ့ ​ပညာရေး ​ဒါမှမဟုတ် ​အလုပ်အကိုင် ​ရရှိပြီလား ​ဆိုတာက ​အရေးမကြီးဘူးလို့ ​ပြောပါတယ်။

ဒီပြဿနာ ​အဆုံးသတ်ရေးဟာ ​လူငယ်တွေ ​ရရှိတဲ့ ​ပညာရေးအပေါ်မှာလည်း ​မူတည်နေတယ်လို့ ​သမ္မတ ​အိုဘားမားက ​ဆိုပါတယ်။

http://www.radioaustralia.net.au/burmese/2014-09-29/1373337


ဘိုးဘွားပိုင်မြေရရှိရန် အသေခံဆန္ဒပြမည်ဆိုကာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသော မိကျောင်းကန်ဆန္ဒပြသူများ၏ ဆန္ဒပြရက်ပေါင်း ၁၉၀ ပြည့်ရက်တွင် ယင်းသပိတ်စခန်းကို ဖယ်ရှားပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှုးက ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြောင်းကြားစာလာရောက်ကပ်ခဲ့ကြောင်း သိရသည်။

"ဒါဟာအဖြေမဟုတ်ဘူး။ဒါမျိုးလာလုပ်လည်းကျွန်တော်တို့ကဆက်လက်ရပ်တည်နေအုံးမှာပဲ။မဖယ်ဘူး။ကျွန်တော်တို့ကိုဖယ်ပေးစေလိုတယ်ဆိုရင်ဒီလိုလုပ်စရာမလိုဘူး။လာညှိနှိုင်းလိုက်။အခုဖယ်ပေးမယ်"ဟု သပိတ်စခန်းခေါင်းဆောင် ကိုမောင်မောင်က News Watch ကိုပြောသည်။

အဆိုပါစာတွင် ကျောက်တံတားမြို့နယ် အမှတ်(၂)ရပ်ကွက် မဟာဗန္ဓုလပန်းခြံလမ်း၊ပန်းခြံဘေးလူသွားစင်္ကြန်ပေါ်တွင် ယာယီအမိုးအကာများပြုလုပ်ကာ နေ့၊ညမပြတ် အသုံးပြုနေခြင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေကို ချိုးဖောက်ရာရောက်နေကြောင်း၊ထို့ကြောင့် လာမည့်အောက်တိုဘာ ၃ ရက်နေ့တွင် အများပြည်သူဆိုင်ရာ လူသွားစင်္ကြန်ပေါ်တွင် ဆောင်လုပ်ထားသော အမိုးအကာများအား ဖျက်သိမ်းပြောင်းရွှေ့ပေးရန် မေတ္တာရပ်ခံအသိပေးကြောင်း ပါရှိသည်။

"တကယ်လို့မပြောင်းပေးရင်တော့ တရားစွဲဆိုတာတွေလုပ်သွားရမှာပဲ ၊ဥပဒေအတိုင်းပေါ့"ဟု YCDC ၏ အဆင့်မြင့်အရာထမ်းတစ်ဦးက News Watch ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း အဆိုပါသပိတ်စခန်းကို ရုတ်သိမ်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌါနကဆောင်ရွက်ခဲ့သော်လည်းမအောင်မြင်ခဲ့ပေ။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ဟောင်ကောင် ရဲတွေဟာ ဒီမိုကရေစီအရေး ဆန္ဒပြနေကြတဲ့ လူအုပ်ကြီးကို မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပေမယ့် ဆန္ဒပြသူအများအပြားဟာ လူစုမခွဲပဲ တနင်္ဂနွေညမှာ ဆက်လက်ရှိနေသေးတာ တွေ့ရပါတယ်။ 

တတိယမြောက်နေ့ ရှိလာပြီဖြစ်တဲ့ ဒီဆန္ဒပြ မှုတွေဟာ ဥပေဒနဲ့ မညီဘူးလို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး စီဝိုင် လွန်း က ပြောပါတယ်။ တရုတ် ပြည်မကြီး အစိုးရကလည်း ဒီဆန္ဒပြမှုတွေကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဆန္ဒပြသူတွေဟာ လာမယ့် ၂၀၁၇ ခုနှစ်ကျရင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးတဲ့အခါ လုံးဝ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ပြုလုပ်ရေးကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။.                     BBC 


မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီရေးမှာဆိုလည်း ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီးများအဖွဲ့မှာ ပါဝင်ခဲ့သူလည်း ဖြစ်တဲ့ သခင်သိန်းမောင်ဟာ မနေ့ စနေညပိုင်းက ကွယ်လွန်သွားခဲ့ပါပြီ။ သခင်သိန်းမောင်ဈာပနကို မနက်ဖြန် တနင်္လာနေ့ ညနေ ၅ နာရီ ရေဝေး သုသာန်မှာပြုလုပ်မှာပါ။ သခင်သိန်းမောင် ကွယ်လွန်တဲ့သတင်းနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဝါးခယ်မသခင်သိန်းမောင်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှုကို စတင်လာစေခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကစပြီး အဲဒီနောက် နယ်ချဲ့ ဆန့်ကျင်ရေး ဂျပန်ဖက်ဆစ်တော်လှန်ရေးနဲ့ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုအဆက်ဆက် ပါဝင်လှုပ်ရှားလာခဲ့သူပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြန်ပါတယ်။ သူကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ကျော်ခဲ့ပြီလို့ သားဖြစ်သူ ဦးဇော်သိန်းက ဗွီအိုအေကို ပြောပါတယ်။

“အသက် ၉၅ နှစ်နဲ့ ၇ လလို့ပဲ တိတိကျကျ ပြောရမှာပေါ့ဗျာ။ သူက ၁၉၁၉၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မွေးတယ်လေ။ ၉၆ နှစ်လို့ပဲ ခြုံပြောပါတော့။ သူဆုံးတာတော့ အာရှတော်ဝင်ဆေးရုံမှာ မနေ့က ည ၁၁ နာရီ ၁၅ မှာ ဆုံးသွားပါတယ်။ ဆုံးသွားတဲ့ အဓိကရောဂါကတော့ နမိုးနီးယားပါပဲ။ အဆုတ်အအေးမိပြီး ချွဲတွေထ၊ ချွဲတွေကနေတဆင့် ပိုးသတ်ဆေးတွေစားပြီးတော့ ပိုးသတ်ဆေးတွေ side effect နဲ့ အသက်ကြီးတာနဲ့ပေါင်းပြီးတော့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။”

ဝါးခယ်မသခင်သိန်းမောင်ဟာ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့ရုံတင်မဟုတ်ပဲ နောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမှာပါ တက်တက်ကြွကြွ ရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ လွတ်လပ်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေ စုဖွဲ့ထားတဲ့ ၀ါရင့် နိုင်ငံရေး သမားဟောင်းကြီးများအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ အဲဒီကနေ မြန်မာ့နိုင်ငံရေးကို မပြတ်ဝေဖန်ထောက်ပြခဲ့ပါတယ်။ သခင်သိန်းမောင်ဟာ နောက်ဆုံး ကွယ်လွန်ချိန်အထိလည်း နိုင်ငံရေးနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေ အဖွဲ့အစည်းတွေမှာ တာဝန်ယူခဲ့တယ်လို့ သားဖြစ်သူ ဦးဇော်သိန်းက ပြောပါတယ်။

“သူက ၈၈ နောက်ပိုင်းမှာတော့ ဒေါ်စုကို ဝန်းရံပြီးတော့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ အတော်လေး အားပေးခဲ့တယ်။ လေထီးဗိုလ်အုန်းမောင်တို့၊ ဦးအုန်းမြင့်တို့လိုပေါ့။ အတူတူလုပ်ခဲ့ကြတာ။ နောက် ဖေဖေက NLD ဦးကြည်မောင်နဲ့လည်း ငယ်သူငယ်ချင်းဆိုတော့ NLD ကို တော်တော်လေးကို သူထောက်ခံခဲ့တာ။ ဒေါ်စုကိုလည်း ထောက်ခံခဲ့တယ်။ နောက်သူက ဝါရင့် နိုင်ငံရေးအဖွဲ့မှာလည်း ပါတယ်ခင်ဗျ။ သခင်အုန်းကြည်တို့၊ သခင်ချန်ထွန်းတို့နဲ့ သူတို့အဖွဲ့တွေပေါ့။ ဆုံးခါနီးမှာလည်း သူက သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် စောင့်ရှောက်ရေးကော်မတီ၊ နောက် သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်မှာ နာယက၊ နောက် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းမှာ နာယကပေါ့ခင်ဗျာ။”

သခင်သိန်းမောင် ဈာပနကိုတော့ မနက်ဖြန် တနင်္လာနေ့ ညနေပိုင်း ၅ နာရီ ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

VOA

အခြေခံဥပဒေပါ သမ္မတ အရည်အချင်းအတွက်ကန့်သတ်ချက်အချို့ကို အချိန်မီ မပြင်နိုင်လျင် NLD က သမ္မတလောင်းအဖြစ် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး၊အထူးသဖြင့် ဦးရွှေမန်းကို တင်ကောင်းတင်မည်ဟု NLD ထိပ်ပိုင်းခေါင်းဆောင်အချို့ကိုကိုးကားပြီး Reuters သတင်းဌာနက စက်တင်ဘာ ၂၃တွင် ရေးသားဖော်ပြလိုက်သည်။ Reuters သည်အခြားသတင်းဌာနများသို့ သတင်းဖြန့်ဝေသည့် သတင်းဌာနဖြစ်သောကြောင့် တစ်ကမ္ဘာလုံးသို့ထိုသတင်းသည် တောမီးသဖွယ် ပျံ့နှံ့သွားသည်။ ဦးရွှေမန်း အမည်ကို ထည့်သွင်းပြောဆိုခဲ့ခြင်းမဟုတ်ကြောင်းNLD က ၂၄ရက်နေ့တွင် ထိုသတင်းအတွက် ပြင်ဆင်ချက်အချို့ကို ထုတ်ပြန်သည်။ Reuters ကလည်း၂၄ရက်နေ့ ရက်စွဲဖြင့် သတင်းကို ပြန်လည်ပြင်ဆင်ရေးသားထားသော်လည်းအနှစ်ချုပ်အားဖြင့်၂၃ရက်နေ့ သတင်းနှင့် အတူတူသာ၊ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး အထူးသဖြင့် ဦးရွှေမန်းကိုတင်ကောင်းတင်မည်ဆိုသည့် သဘောက မပြောင်း။

၂၀၁၅ရွေးကောက်ပွဲနီးကပ်လာချိန်တွင်NLD ထိပ်တန်းခေါင်းဆောင်ပိုင်းကို ကိုးကားပြီး နိုင်ငံတကာ သတင်းဌာနကြီးတစ်ခုကဖော်ပြသည့်သတင်းဖြစ်သည့်အတွက် ယခုသတင်းကို စစ်ပိုင်းကြည့်လျှင် မြန်မာ့နိုင်ငံရေးအနာဂတ်ကို စောကြောနိုင်မည် ဖြစ်သည်။

စင်စစ် ဒေါ်အောင်ဆန်းစုကြည်သည်သမ္မတဖြစ်ချင်ကြောင်း အကြိမ်ကြိမ် တိုင်းသိပြည်သိ ကမ္ဘာသိကြေညာထားသည်။ ဦးရွှေမန်းသည်လည်းသမ္မတဖြစ်ချင်ကြောင်း တိုင်းသိပြည်သိကြေညာထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် NLD ၏ ဥက္ကဌဖြစ်သည်။ဦးရွှေမန်းသည် NLD ၏ အဓိက ပြိုင်ဘက် USDP ၏ ဥက္ကဌဖြစ်သည်။ တိုင်းပြည်ကို ပြောင်းလဲရန်တလျှောက်လုံး တိုက်ပွဲဝင်ခဲ့ပြီး မိမိအလွန်လိုချင်သော သမ္မတနေရာကို ပြိုင်ဘက် ပါတီ၏ ဥက္ကဌအား တင်မည်ဟု ပြောဆိုလိုက်ခြင်းသည်ဟုတ်သာဟုတ်ခဲ့လျင် အလွန်ထူးခြားသည်။ ဒေါ်အောင်ဆန်းစုကြည် ဘုရင်မ မလုပ်တော့ဘဲ နန်းသာတင်ပေးတော့မည်ဟုဆိုလိုက်ခြင်း။

အခြေခံဥပဒေပါ သမ္မတ အရည်အချင်းကိုဒေါ်အောင်ဆန်းစုကြည် မပြည့်မီလျင် ၀ါ အခြေခံဥပဒေကို အချိန်မီမပြင်နိုင်လျင် NLD ပါတီတွင်းမှတစ်ယောက်ယောက်ကို ကိုယ်စား သမ္မတအဖြစ် တင်နိုင်သေးသည်။ သို့သော် ဦးရွှေမန်းကိုတင်မည်ဆိုသည်မှာ အောက်ပါအကြောင်းတစ်ခုခုကြောင့် သို့မဟုတ် အားလုံးကြောင့် ဖြစ်နိုင်သည်။

၁) ပါတီတွင်းတွင် သမ္မတလုပ်မည့်သူမရှိ

NLD တွင် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ဒုတိယခေါင်းဆောင်မရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်လျင် ဦးရွှေမန်းကိုတင်နိုင်သည်ဆိုသော အကြောင်းပြချက်မှာ အထူးစိတ်ဝင်စားစရာ ကောင်းသည်။ NLD သည် ဒေါ်အောင်ဆန်းစုကြည်မရှိလျှင် ခေါင်းမရှိသော ကိုယ်သဖွယ် ဖြစ်မည်ဟူသော ဝေဖန်ချက်ရှိပြီးဖြစ်ရာ ထိုအကြောင်းပြချက်သည် ခေါင်းဆောင်မှုကွက်လပ် ဝေဖန်ချက်ကို အားကောင်းလာစေဖွယ်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အ၀ါသည်ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ ကြီးသလို NLD တွင်လည်း ကြီးမားလှသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည်NLD၊ NLD သည် ဒေါ်အောင်ဆန်းစုကြည် အသွင်ဆောင်နေသည်။

၂) တပ်မတော်နှင့် နားလည်မှု ရလိုခြင်း

မြန်မာ့ နိုင်ငံရေး အပြောင်းအလဲသည်ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ တွေ့ဆုံခြင်းနောက်ပိုင်း အရှိန်အဟုန်မြန်လာသော်လည်းဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ၀င်ရောက်အပြီးတွင် ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဆက်ဆံရေး တစထက် တစ တိုးတက်ခိုင်မာလာသယောင် ရှိပြီး လွှတ်တော်အတွင်း ပူးပေါင်းဆောင်ရွက်မှုများစွာတွေ့ရသည်။

တပ်မတော်အစိုးရက အာဏာစွန့်ထားသည်မှာပူပူနွေးနွေးသာ ရှိသေးပြီး တပ်မတော်သည် အတောင့်တင်းဆုံး အဖွဲ့အစည်းတစ်ရပ်အဖြစ် တည်ရှိနေသည့်မြန်မာနိုင်ငံတွင် တက်လာမည့် အစိုးရသည် တပ်မတော်နှင့် နားလည်မှု တစ်စုံတစ်ရာ ရှိထားရန်သို့မဟုတ် ယင်းကို တပ်မတော်က မကန့်ကွက်ရန် လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေးplayer များ သိထားကြပြီး ဖြစ်သည်။ စစ်သားဟောင်း သူရဘွဲ့ရှင် ဦးရွှေမန်းကို သမ္မတတင်ခြင်းဖြင့်တပ်မတော်နှင့် နားလည်မှု ရနိုင်သည်ဟု NLD က တွက်ပုံရသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်အောင်အခြေခံဥပဒေကို ပြင်မပေးလျင် ဦးရွှေမန်းကို သမ္မတအမည်စာရင်းတင်သွင်းမည်ဟု ဆိုသည်မှာမူထူးဆန်းသည်။ အခြေခံဥပဒေကို ပြင်နိုင်သည်မှာ ဥပဒေပြုရေး မဏိုင်ဖြစ်သည့် လွှတ်တော်သာဖြစ်သည်။ အခြေခံဥပဒေပြင်မပေးမှသာ လွှတ်တော်နှစ်ရပ်ပေါင်းဥက္ကဌ၊ဥပဒေပြုမဏိုင်၏ ခေါင်းဆောင် ဦးရွှေမန်းသည် သမ္မတဖြစ်ရန် NLD ၏ ထောက်ခံချက်ကို ရမည်ဆိုသည့်သဘောဆောင်သွားသည်။ ထိုအတိုင်းသာဆိုလျင် ဦးရွှေမန်းသည် NLD ၏ သမ္မတလောင်း ဖြစ်ကိုဖြစ်ရတော့မည့်သဘော။

၃) လက်ရှိနိုင်ငံရေးဘောဂဗေဒကို အခြေခံမှ ကိုင်လှုပ်လိုခြင်း

နိုင်ငံရေးဘောဂဗေဒ(political economy) သည် နိုင်ငံရေးနှင့် စီးပွားရေး အဆက်အစပ် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင်နိုင်ငံရေးနှင့် စီးပွားရေးသည် ခွဲမရအောင် ဆက်စပ်နေသည်။ နိုင်ငံရေးကြောင့် စီးပွားရေးပုံစံတို့ဖြစ်ပေါ်ရသလို စီးပွားရေးကြောင့် နိုင်ငံရေး လိုက်ပါပြောင်းလဲရသည်။ ရွေးကောက်ပွဲဝင်ရန်ရန်ပုံငွေတောင့်မှရသည်။ နိုင်ငံရေးအာဏာနှင့် စီးပွားရေးအခွင့်အလမ်းတို့သည် တွဲပါတတ်သည်။ဆိုရှယ်လစ်စနစ်ပြိုကျခဲ့ခြင်းမှာ နိုင်ငံရေးတွင် မထိန်းချုပ်နိုင်သောကြောင့်မဟုတ်ဘဲစီးပွားရေးပြိုလဲသောကြောင့်ဖြစ်သည်။ နိုင်ငံကို ပြောင်းလဲလိုလျင် နိုင်ငံရေးဘောဂဗေဒကိုမပြောင်းလျင် မရနိုင်။

လက်ရှိ မြန်မာ့နိုင်ငံရေးဘောဂဗေဒသည်တစ်စတစ်စ ပုံစံပြောင်းလဲနေပြီ ဖြစ်သော်လည်း ယခင်သဘောတရားများ များစွာကျန်နေသေးသည်။ဥပမာ စီးပွားရေး အခွင့်အလမ်းကြီးများသည် လူဟောင်းများလက်ထဲတွင်သာ ရှိသည်။ အဆမတန်ဈေးကြီးသောမြေဈေးကို ဆွဲချရန် အစိုးရအကျပ်ရိုက်နေစဉ်တွင် မြေကွက်တို့သည် ထိုလူဟောင်းများလက်ထဲတွင်သာအများစု ရှိနေသည်။ ဦးရွှေမန်းသည် နိုင်ငံရေးဘောဂဗေဒကို လက်ရှိကြီးစိုးထားသော (establishment) အသိုင်းအ၀ိုင်းတွင် ကျင်လည်သူ ဖြစ်သည်။ NLD သည်ထိုအသိုင်းအ၀ိုင်းကို စိန်ခေါ်သူ(challenger) ဖြစ်ရာ အာဏာရလာလျင် လက်ရှိနိုင်ငံရေးဘောဂဗေဒဖြင့် လည်ပတ်နေသော မြန်မာနိုင်ငံကိုပြောင်းလဲနိုင်ရန် ရုန်းကန်ရဦးမည်။ establishment အတွင်းမှ လူခံတစ်ယောက်၏ အားကိုယူခြင်းဖြင့် အပြောင်းအလဲကိုချောမွေ့စေမည်ဟု NLD က တွက်ထားပုံရသည်။မြန်မာနိုင်ငံ၏ နိုင်ငံရေးဘောဂဗေဒကို နောကျေသည့် အဓိက player တစ်ဦး ဖြစ်သော ဦးရွှေမန်း၏အကူအညီဖြင့် ထိုနိုင်ငံရေးဘောဂဗေဒကို ပြောင်းလဲရန် ရည်မှန်းခြင်းလေလား။

ဖြစ်လာနိုင်ခြေများ

အကယ်၍သာ ယခုသဘောထားကိုထုတ်ဖေါ်ပြောဆိုခြင်းသည် နိုင်ငံရေးကျားကွက် ရွှေ့ခြင်းဆိုလျှင် ယခုကျားကွက်သည်အခြေခံဥပဒေ အကျပ်အတည်းအတွက် ထွက်ပေါက် ဖြစ်လာနိုင်သည်။

မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုတွင်တွေ့ရနည်းသော ပူးပေါင်းဆောင်ရွက်ခြင်း စံနမူနာတစ်ရပ် ဖြစ်လာမည်။

အကြီးဆုံးပါတီကြီးနှစ်ရပ်ပူးပေါင်းမိပြီး အလွန်အင်အားကြီးမားသော ပါတီကြီးတစ်ရပ် သို့မဟုတ် ညွန့်ပေါင်းအစိုးရတစ်ရပ်ပေါ်လာနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဌဖြစ်လာနိုင်သည်။ လွှတ်တော်ဥက္ကဌ နေရာကို သမ္မတလောက် မကောင်းသောနေရာ ( second-best) သဖွယ်သတ်မှတ်ထားသော်လည်း လက်ရှိအခြေခံဥပဒေအရ လွှတ်တော်သည် တန်းတူရည်တူမဏိုင်ကြီးသုံးရပ်တွင်မှကျန်မဏိုင်နှစ်ခုထက် ခေါင်းတစ်လုံးသာသော မဏိုင်ဖြစ်သည်။ ဦးရွှေမန်း၏ ဦးဆောင်မှုဖြင့်လွှတ်တော်သည် တန်ခိုးထက်သည်ထက် ထက်လာသောကြောင့် လွှတ်တော်ဥက္ကဌနေရာသည် အလွန်တန်ခိုးကြီးသောနေရာဖြစ်သည်။

တဖန် လွှတ်တော်ဥက္ကဌနေရာသည် နိုင်ငံတည်ဆောက်ရေးအတွက် အလွန်အရေးကြီးသော နေရာဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ ချီတက်ရန်အတွက်မြန်မာနိုင်ငံသည် ဥပဒေပြုရေး၊ စည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်ရေးကဏတွင် ဆယ်စုနှစ်တစ်စုခန့်ခက်ခက်ခဲခဲ လုပ်ယူရဦးမည်။ ထို့ကြောင့် အစိုးရအဖွဲ့ကို check and balance လုပ်မည့်၊ဥပဒေပြုရေးကို ဦးဆောင်ရမည့် လွှတ်တော်ဥက္ကဌသည် ထက်မြက်ရန် လိုရာ ဦးရွှေမန်းသာ သမ္မတဖြစ်လျှင် ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် အလားတူ ပုဂ္ဂိုလ်တစ်ဦး လွှတ်တော်ဥက္ကဌ ဖြစ်လာရန် လိုသည်။

မေးခွန်းများ

ဦးရွှေမန်းကို သမ္မတအဖြစ်အဆိုပြုကောင်းပြုမည်ဆိုသော NLD ၏ သဘောထားသည် စိတ်လှုပ်ရှားစရာ ကောင်းသည်နှင့်အတူ မည်သို့သောရလဒ်တို့ ထွက်လာမည်ဆိုသည်က အောက်ပါမေးခွန်းတို့၏ အဖြေများပေါ်တွင်မူတည်ပါသည်။

၁) ဦးရွှေမန်း ဘယ်လို လူမျိုးလဲ။ယခု သဘောထားကို သူဘယ်လို လက်ခံ တုံ့ပြန်မလဲ။

၂) NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်မည်သို့ တုံ့ပြန်မည်လဲ။

၃) USDP က မည်သို့ လက်ခံတုံ့ပြန်မည်လဲ။

၎) တပ်မတော်က မည်သို့တုံ့ပြန်မည်လဲ။

၅) ပြည်တွင်း နိုင်ငံရေးဘောဂဗေဒအခင်းအကျင်းက ဘယ်လိုတုံ့ပြန်မည်လဲ။

စိတ်ဝင်စားစရာ အကောင်းဆုံးမေးခွန်းတစ်ခုမှာ ယခင်တပ်မတော်အစိုးရ အကြီးအကဲနှစ်ဦးက အာဏာစွန့်သည့်အခါတွင် သူတို့ပြီးလျှင် အကြီးဆုံး ဖြစ်သည့် ဦးရွှေမန်းကို သမ္မတနေရာ မပေးခဲ့ဘဲ ဦးသိန်းစိန်ကို သမ္မတအဖြစ်အဘယ်ကြောင့် ရွေးခဲ့သလဲဆိုသည့်မေးခွန်းပင် ဖြစ်သည်။ ထိုနောက်ဆုံးမေးခွန်းသည် အထက်ပါမေးခွန်းငါးခွန်း၏အဖြေတို့ကို ကြီးစွာ ရိုက်ခတ်လိမ့်မည်။

ဇေယျသူ

The Voice Daily. 27.9.2014


လျှပ်စစ်ကြိုးများကို ပြည်သူများ အန္တရာယ်ကင်းစေရန် လျှပ်တားအကာပါသည့် ကြိုး ပြောင်းလဲတပ်ဆင် မည်ဆိုပါက လျှပ်စစ်ဓာတ်အားပေါ် မူတည်ပြီး ဓာတ်ကြိုးတစ်မိုင်လျှင် ကျပ်သန်း ၉၃၀ ကုန်ကျမည်ဖြစ်သည့် အတွက် ငွေအရင်းအနှီးလိုအပ်သည် ဟု လျှပ်စစ်ဝန်ကြီးဌာန ဒုတိယ၀န် ကြီးဦးအောင်သန်းဦးကပြောသည်။

“လက်ရှိ လျှပ်တားအကာမပါ သော လိုင်းကြိုး (Bare Conductor wire) ဖြင့် အစားထိုးမည်ဆိုပါက ဗို့အား ပေါ်မူတည်၍ သုံးဆခန့်ပိုကုန်ကျမည်ဖြစ်ပြီး ဒီထက်စိတ်ချရအောင် မြေအောက်ဓာတ်ကြိုးစနစ်ကို သုံးမည်ဆို ပါက ၁၀ ဆခန့် ပိုမိုကုန်ကျ မည်ဖြစ်ကာ၊ လျှပ်တားအကာပါသောစနစ်ဖြင့် ပြောင်းလဲတပ်ဆင်မည်ဆိုပါက ဗို့အားပေါ်မူတည်ပြီး ကုန်ကျစရိတ် တစ်မိုင်အနည်းဆုံး ကျပ်သန်း ၅၅၈ မှ ၉၃၀ ခန့်ထိ ကုန်ကျနိုင်ကြောင်း” ဦးအောင်သန်းဦးကဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏ်စိုး၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ် ကြောင့် ဘေးအန္တရာယ်ကြုံတွေ့ရသ ဖြင့် နစ်နာသူများ၊ နစ်နာမှုများကို ထိုက်တန်စွာကုစားပေးရန်နှင့် လျှပ် စစ်ဆိုင်ရာ ဘေးအန္တရာယ်လုံခြုံမှုအ တွက် ထိရောက်စွာကာကွယ်ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိမေးမြန်း ခြင်းအပေါ် ယင်းသို့ပြန်လည်ပြော ဆိုခဲ့ခြင်းဖြစ်သည်။

“ဒီဘဏ္ဍာနှစ်ကစပြီး လျှပ်စစ် ဓာတ်အားခများ တိုးမြှင့်ကောက်ခံခဲ့ ပြီး ဖြစ်ပါတယ်။ ပြည်သူများကတော့ လျှပ်စစ်ဓာတ် ဗို့အားမပြည့်တာ၊ တည် ငြိမ်မှုမရှိတာ။ အဆိုးရွားဆုံးစနစ်က တော့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု၊ ဘေးကင်းလုံခြုံမှုမရှိတာပါ။ အနီးဆုံး ဥပမာလေး တင်ပြရရင် လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဓာတ်တိုင်မှာလျှပ် စစ်စီးဝင်နေတဲ့ ရေအိုင်ကိုနင်းမိကာ ၁၁ နှစ်အရွယ် သမီးငယ်လေးတစ်ဦး ရယ်၊ အမျိုးသမီးတစ်ဦးရယ် တိမ်း ပါးခဲ့ရတယ်”ဟု ဒေါက်တာမြတ်ဉာဏ် စိုးက မေးခွန်းတွင်ထည့်သွင်းပြော ကြားခဲ့သည်။

ထို့ပြင် လှိုင်သာယာတွင် အမျိုး သမီးသုံးဦး ဈေးဝယ်နေစဉ် ဓာတ် ကြိုးပြတ်ကျသည့်အတွက် အသက် ဆုံးရှုံးရပြီး လှည်းတန်းတွင်လည်း ဓာတ်ကြိုးပြတ်ကျခဲ့သည့်အတွက် အ မျိုးသမီးနှစ်ဦး သေဆုံးခဲ့ရသည်။ အ ဓိကအကြောင်းရင်းမှာ လျှပ်စစ်ဓာတ် ကြိုးများ ဟောင်းနွမ်းသည့်အတွက် ပြတ်ကျခြင်းဖြစ်ပြီး သွယ်တန်းတပ် ဆင်ထားသည့်နေရာတွင်လည်း စိတ် ချလုံခြုံမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဦးအောင်သန်းဦး က ခွင့်ပြုခဲ့သော ဘဏ္ဍာငွေပမာဏ သည် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲ ရုံ ဟောင်းများ အစားထိုးလဲလှယ်မှု အတွက် မလုံလောက်သည့်အပြင် ထပ်မံတိုးချဲ့တပ်ဆင်မှုများကိုလည်း လိုအပ်သလောက် မဆောင်ရွက်နိုင် ကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနပိုင်းကမူ တိုင်းဒေသကြီးနှင့်ပြည် နယ်များတွင် ၆၆ ကေဗီဓာတ်အား လိုင်း၊ ၃၃ ကေဗီဓာတ်အားလိုင်း၊ ၁၁ ကေဗီ ဓာတ်အားလိုင်း စုစုပေါင်း မိုင်သုံးသောင်းကျော်ကို ပြုပြင်ပြောင်း လဲ တပ်ဆင်သွားရမည်ဟုဆိုသည်။

သတင်း - ဇော်မင်းထွန်း

The Ladies News Journal







ဂျပန် နိုင်ငံမှာ စက်တင်ဘာလ ၂၇ ရက်နေ့က အွန်တာကီ မီးတောင်ပေါက်ကွဲမှုအတွင်း လူ ၃၀ အထိသေဆုံးဖွယ် ရှိပြီး စစ်တပ်နဲ့ ရဲအင်အား ၅၀၀ ဟာလည်း ရှာဖွေ ကယ်ဆယ်ရေးကို အပူတပြင်း ဆောင်ရွက်နေရပါတယ်။


နှလုံးခုန်ရပ်နေတဲ့ အခြေအနေနဲ့ လူတွေကို တွေ့ရခဲ့ရတယ်လို့ ရဲအဖွဲ့က ပြောပေမယ့် နောက်ဆုံး စစ်ဆေးမှုတွေ မလုပ်ရသေးတဲ့အတွက် ဂျပန်ရိုးရာအတိုင်း သေဆုံးသွားပြီလို့တော့ အတည်ပြုချက် မပေးသေးပါဘူး။

စစ်သားတွေက အသက်ရှင်နေသူတွေ ပြာတွေ ဖုံးနေတဲ့ တောင်ပေါ်ကနေ ရဟတ်ယာဉ်ပေါ်ကို ဆွဲတင်နေတဲ့ ပုံကိုလည်း ဂျပန် စစ်တပ်က ဗီဒီယိုရိုက်ကူးပြီး သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့အထိ တောင်ထိပ်မှာ ကလေးတွေ အပါအ၀င်၊ လူရာနဲ့ ချီပြီး ပိတ်မိနေပါတယ်။ လူပေါင်း ၄၀ လောက်လည်း ဒဏ်ရာရခဲ့ပြီး တော်တော်များများ အရိုးကျိုးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပျောက်ဆုံးနေဆဲ လူ ၄၅ ယောက်ကိုလည်း အာဏာပိုင်တွေက လိုက်ရှာနေပါတယ်။ မီးတောင်ဟာ စက်တင်ဘာ ၂၈ ရက်နေ့အထိ မီးခိုးနဲ့ ချောရည်ပူတွေကို ကောင်းကင် အထက် မီတာရာနဲ့ချီတဲ့ အမြင့်အထိရောက်အောင် မှုတ်ထုတ်နေတုန်းပါပဲ။ အွန်တာကီ မီးတောင်ဟာ ပေပေါင်း ၁၀၀၀၀ ကျော်မြင့်ပြီး တိုကျိုမြို့ အနောက်ပိုင်း ၁၂၅ မိုင် အကွာမှာ တည်ရှိတာပါ။

မီးတောင် မပေါက်ခင် အရင်ရက်တွေက ငလျင်ငယ်တွေ လှုပ်ခဲ့ပေမယ့် မီးတောင် ပေါက်ကွဲမယ်လို့ ကြိုတင်ခန့်မှန်းဖို့ကတော့ ခက်ခဲတယ်လို့ ဂျပန် မိုးလေ၀သနဲ့ ဇလဗေဒဌာနက ပြောပါတယ်။

http://burmese.dvb.no/archives/66287


တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးသည် မိမိတို့၏ အဓိကရည်မှန်းချက်ဖြစ်ပြီး တစ်နိုင်ငံ စနစ် နှစ်ခုပုံစံကို ကျင့်သုံး ရန် မြောက်ကိုရီးယားနို င်ငံခြားရေးဝန်ကြီး ရီဆုယောင်းက ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် စက်တင်ဘာ ၂၇ ရက်က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

 RiSuYong
“ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေးကို ထိပ်တိုက်ရင်ဆိုင်မှုနဲ့ မလုပ်သင့်ဘဲ တစ်နိုင်ငံတည်းမှာ စနစ်နှစ်ခုနဲ့ ပေါင်းစည်းထားတဲ့ ပုံစံမျိုး လုပ်ဆောင်သင့်ပါတယ်” ဟု
ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြောက်ကိုရီးယားတာဝန်ရှိသူတစ်ဦး၏ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် မိန့်ခွန်းတွင် ရီဆုယောင်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် လူ့အခွင့်ဆိုင်ရာကိစ္စရပ်များတွင် စံနှုန်းနှစ်မျိုး ခွဲခြားသတ်မှတ်မှုများ လုပ်ဆောင် နေကြောင်းလည်း ရီက စွပ်စွဲခဲ့သည်။

“လုံခြုံရေးကောင်စီအနေနဲ့ လိမ်ညာပြောဆိုမှုတွေလုပ်တဲ့ ဆွေးနွေးပွဲနေရာတစ်ခုအဖြစ် ဆက်ပြီးမ ဖြစ်သင့်တော့ပါဘူး” ဟု ဂါဇာဒေသတွင် အစ္စရေး၏ တိုက်ခိုက် မှုကြောင့် အရပ်သားများ သေဆုံးနေရမှု အပေါ် လျစ်လျှူရှုနေသော်လည်း ဆီးရီးယားနိုင်ငံအတွင်း မတည်ငြိမ်မှုဖြစ်ပွားနေမှုအပေါ် အစိုးရအား အပြစ်ပေးအရေးယူ မှုများ ပြုလုပ်နေခြင်းတို့ကို ရီက နှိုင်းယှဉ်ထောက်ပြခဲ့သည်။

မိမိတို့အစိုးရအား ရန်မလိုသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများနှင့် ပူးပေါင်းကာ လူ့အခွင့်အရေးကိစ္စများကို ဆောင်ရွက်သွားရန် မြောက်ကိုရီးယားအနေဖြင့် အသင့်ရှိကြောင်း ရီက ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် မိမိတို့အစိုးရအား ဖြုတ်ချရန် လူ့အခွင့်အရေးကိစ္စအား လက်နက်တစ်ခုအဖြစ် အသုံးပြုသည့် ကြိုးပမ်းချက်များကိုလည်း ၎င်းက ကန့်ကွက်ခဲ့သည်။

“နိုင်ငံရေးရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးကိစ္စကို အလွဲသုံးစားလုပ်ခြင်းဟာလည်း လူ့ အခွင့်အရေးချိုးဖောက်ခြင်းပဲ ဖြစ်ပါတယ်” ဟု ရီက ပြောကြားသည်။

အမေရိကန်နိုင်ငံ၏ ရန်လိုသော မူဝါဒကြောင့် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက် များ ထုတ်လုပ်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ဟာ အခြားနိုင်ငံတွေကို ခြိမ်းခြောက် တိုက်ခိုက်ဖို့မဟုတ် ပါဘူး။ တစ်စုံတစ်ရာကို အလဲလအလှယ်လုပ်ချင်လို့လည်း လုပ်နေတာမဟုတ်ပါဘူး” ဟု ရီက ပြောကြားသည်။

Ref:Bangkok Post
http://www.mizzimaburmese.com/

ပုံစာ - လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက သင်္ကာမကင်းမှုဖြင့်စစ်ဆေးခံနေရသူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦး။

ယခုလ ၁၆ ရက်နေ့က နယ်ခြားစောင့်တပ်၏ ဖမ်းဆီးခြင်းခံရကာ ပျောက်ဆုံးနေရာမှ သောင်းရင်မြစ်အတွင်း အလောင်းပြန်တွေ့သည့် KNU တပ်မဟာ ၆ မှ တပ်ကြပ်စောတာနိုနှင့်ပတ်သက်၍ တာဝန်ရှိသူများက အမှုမှန်ပေါ်ပေါက်ရေးအတွက် အထူးစီမံချက်ဖြင့် ဆောင်ရွက်နေသည်ဟု သိရှိရသည်။

ပျောက်ဆုံးသူ၏အလောင်းကို ယခုလ ၂၂ ရက်နေ့က သောင်ရင်းမြစ်အတွင်း ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ အမှတ် (၁၀၂၂) နယ်ခြားစောင့်တပ်ရင်းမှ တာဝန်ရှိသူများက အမှုနှင့်ဆက်စပ်မှုရှိသည်ဟု သင်္ကာမကင်းခံရသူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦးကို ယခုရက်ပိုင်းအတွင်းက ၎င်းတပ်ရင်းအတွင်း ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

သင်္ကာမကင်းမှုဖြင့် စစ်ဆေးခြင်းခံနေရသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦးမှာ မြ၀တီအခြေစိုက် အမှတ် (၁၀၂၂) တပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ တာဝန်ရှိသူများကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့တခု ဖွဲ့စည်းထားပြီး မကြာမီအစီရင်ခံစာတစောင် ထုတ်ပြန်ရန်ရှိသည်ဟု သိရှိရသည်

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

လေဆိပ်ကောင်တာကို ဖြတ်သွားစဉ် ဩစတြေးလျနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ကာကွယ်ရေးအရာရှိက ကျွန်တော့်ပတ်စ်ပို့ကို ကြည့်ပြီး ဩစတြေးလျနိုင်ငံသားအဖြစ် ခံယူလိုသောဆန္ဒရှိလျှင် သတ်မှတ်ချက်ပြည့်မီပြီးဖြစ်၍ လျှောက်ထားခံယူနိုင်ကြောင်း ပြောရာ ကျွန်တော်က “ခံယူလိုသောဆန္ဒမရှိပါ” ဟုသာပြော၍ ကောင်တာကို ဖြတ်သန်းခဲ့ပါသည်။

ကျွန်တော့်ကိုယ်ပိုင်ခံစားချက်မှာ နိုင်ငံသားခံယူမှုဟူသည် မိခင်သဘာဝဆောင်သော ဖြစ်စဉ်တစ်ခုဟု ယူဆထားပါသည်။ မွေးဖွားပေးခဲ့သောအမေသည် ဆင်းရဲချို့တဲ့ မပြည့်စုံသည်ဖြစ်စေ၊ ပညာမတတ် အသိအမြင်မရှိသည်ဖြစ်စေ၊ မိခင်သည် မိခင်သာ ဖြစ်ပါသည်။
သို့အတွက်ကြောင့် ကျွန်တော်သည် ရေပိုကြည်သော မြက်ပိုနုသော အရပ်တစ်ပါး၏ နိုင်ငံသားအဖြစ် ပြောင်းလဲခံယူရန် ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါ။ စဉ်းငယ်မျှပင် စိတ်မဝင်စားခဲ့ဖူးပါ။ ယခုရေးသားမှုမှာ ကျွန်တော့်ကိုယ်ပိုင်ခံယူချက်နှင့် အတွေးအခေါ်ကို ရေးသားခြင်းသာ ဖြစ်ပါသည်။

နောက်ခံအတွေးအခေါ်၊ အကြောင်းတရားအမျိုးမျိုးနှင့် နိုင်ငံသားပြောင်းလဲခံယူသူများကိုလည်း နားလည်ပါသည်။ ရှုတ်ချကဲ့ရဲ့ခြင်း မရှိပါ။ ငါလုပ်တာသာမှန်၍ သူများလုပ်တာမှားတယ်ဆိုတဲ့ အပေါက်မျိုးချိုးခြင်း လုံးဝမဟုတ်ကြောင်း ပြောလိုပါသည်။ ဆိုခဲ့သည့်အတိုင်း ကိုယ်ပိုင်ခံယူချက်နှင့် အတွေးအခေါ်ကို ပြောလိုခြင်းသာဖြစ်ပါသည်။

ကျွန်တော်ယုံကြည်သည်မှာ လူတစ်ယာက်ကို လေးစားခြင်း၊ မလေးစားခြင်းဆိုသည်မှာ ထိုသူ၏ နိုင်ငံသားဖြစ်မှု၊ ဆင်းရဲချမ်းသာမှုတို့နဲ့ ဘာမျှမဆိုင်။ ထိုသူ၏ ကိုယ်ကျင့်တရား လောကဓံ၏ အစမ်းသပ်ခံနိုင်စွမ်းရှိသော ကိုယ်ရည်ကိုယ်သွေးတို့နှင့်သာ သက်ဆိုင်သည်ဟု ယုံကြည်ပါသည်။ ပေါ့သွမ်းသူသည် အမေရိကန်၊ အင်္ဂလန်၊ ဩစတြေးလျ ဆွစ်ဇာလန် လေးနိုင်ငံပူးတွဲနိုင်ငံသား ဖြစ်နေလည်း ဘာတန်ဖိုးမျှမရှိပါ။ ဘာအထင်ကြီးစရာမျှ မရှိပါ။ မြန်မာနိုင်ငံသားဖြစ်စေ၊ နီပေါနိုင်ငံသားဖြစ်စေ ကိုယ်ပိုင်ဂုဏ်သိက္ခာနဲ့ တည်တည်ကြည်ကြည် ရပ်တည်နေရင် လေးစားခံ့ညားရသည်သာ ဖြစ်ပါသည်။

ကျွန်တော့်ကို ဘယ်နိုင်ငံကလာတာလဲ။ဘယ်နိုင်ငံမှာ ဆရာဝန်ပညာ သင်ကြားခဲ့တာလဲမေးတိုင်း လွတ်လပ်ပေါ့ပါးစွာဖြင့် မြန်မာနိုင်ငံကလာတာ။ မြန်မာနိုင်ငံမှာပဲ ဆေးကျောင်းတက်ခဲ့တာပါဟု မဆိုင်းမတွဖြေပါသည်။ ဆင်းရဲသားမာနဖြင့် အတင်းလုပ်ပြခြင်းမျိုး မဟုတ်ပါ။
ကျွန်တော်တို့နိုင်ငံမှာ ပြဿနာ တွေအများကြီးရှိနေတာကို မကွယ်ဝှက်ပါ။နိုင်ငံသည် အဘက်ဘက်မှာ ချို့ငဲ့ပါတယ်။နှစ်ပေါင်းကြာရှည်စွာ အုပ်စိုးသူများ၏ မှားယွင်းသောမူဝါဒ၊ မမှန်ကန်သောစေတနာတို့ကြောင့် အဘက်ဘက်မှာ ချွတ်ခြုံကြနေပါသည်။ လူတချို့ အူမ မတောင့်ပြီး သီလမစောင့်နိုင်သည့် အခြေအနေတွေရှိနေတာလဲ အမှန်ပါပဲ။ ဒါပေမဲ့ သည်အတွက်ကြောင့် ကျွန်တော်က ကိုယ်ခံစွမ်းအားနည်းပါးစွာဖြင့် အလိုလိုရှက်ရွံ့သိမ်ငယ်ဖြစ်မနေပါဘူး။ မိခင်နိုင်ငံ၏ အကောင်းအဆိုးသည် နိုင်ငံသားတွေအတွက် ကောင်းမွေဆိုးမွေဆိုတာ မှန်ပါသည်။ ဒါပေမဲ့ နိုင်ငံသားတစ်ဦးချင်းစီဟာ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားလျှင် အဲဒီတစ်ဦးချင်းစီသည် ကိုယ်ပိုင်ဂုဏ်သိက္ခာ (Self Dignity) နှင့် ရပ်တည်နိုင်မည်ကို လေးလေးနက်နက် ယုံကြည်ထားပါသည်။ ဒါကြောင့် ကျွန်တော့်ခံယူချက်ကတော့ ပြည်ပတိုင်းပြည်တစ်ခုမှာ မြန်မာနိုင်ငံသားအဖြစ်နှင့် နေရတာ နေနေတာ စိတ်ထဲမှာ ဘယ်တုန်းကမျှ မသိမ်ငယ်ခဲ့ပါ။ ဂုဏ်မငယ်ခဲ့ပါ ခင်ဗျာ။ ။

Eleven Media Group









ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ကျောင်းသားသပိတ်ကို အာဏာပိုင်တွေက ဖြိုခွင်းဖို့ ကြိုးစားချိန်မှာ နောက်ထပ် လူထောင်ပေါင်းများစွာ စက်တင်ဘာလ ၂၇ ရက်နေ့ကစလို့ လမ်းပေါ်ထွက်လာကြ ပါတယ်။

ဒီဆန္ဒပြပွဲကတော့ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးအတွက်စင်ထရယ်ကို သိမ်းလို့ နာမည်ပေးထားပြီး ဟောင်ကောင်မြို့လယ်ခေါင်မှာ စုရုံးနေကြတာပါ၊

လှုပ်ရှားမှုကို ခေါင်းဆောင်သူတွေဟာ ဒါဟာ ငွေရေးကြေးရေး ဘဏ္ဍာရေးလုပ်ငန်းတွေ စုရုံးတည်ရှိတဲ့ မြို့နယ်ကို ပိတ်ဆို့ဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုရဲ့ အစလို့ ပြောပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ ဟောင်ကောင်မှာ ဆယ်စုနှစ်တွေအတွင်း လူအများဆုံး ပူးပေါင်းပါဝင်တဲ့ ဆန္ဒပွဲဖြစ်ဖို့ စည်းရုံးလှုပ်ရှားသူတွေက မျှော်လင့်နေပါတယ်။

အစိုးရရုံးချုပ်နားမှာ ဆန္ဒပြတဲ့ ကျောင်းသားတွေကို အဓိကရုဏ်း နှိမ်နင်းရေးတပ်တွေက ငရုပ်ကောင်းရည်တွေနဲ့ ပက်ပြီး လူစုခွဲပြီး ၂၄ နာရီမတိုင်ခင်မှာ စင်ထရယ်ကိုသိမ်း လှုပ်ရှားမှုကို စတင်လိုက်တာဖြစ်ပါတယ်။

ကျောင်းသားတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း ၃၄ ယောက် ဆေးရုံတင်ခဲ့ရသလို ၆၀ လောက်လည်း ဖမ်းဆီးခံထားရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66290