01/07/14

(Associated Press မှ 6 Jan 2014 ရက်စွဲပါ “US: Use of ‘Myanmar’ doesn’t mean policy change” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပေးပို့ခဲ့သော သဝဏ်လွှာတွင် Myanmar ဟု သုံးနှုန်း ထားခြင်းသည် အမေရိကန်ပြည်ထောင်စု၏ မူဝါဒပြောင်းလဲသွားပြီဟု မဆိုလိုကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားသည်။

ယခင် တပ်မတော်အစိုးရက ၁၉၈၉ တွင် စွန့်ပစ်ခဲ့သော Burma ဟူသော အမည်ကို အမေရိကန် အစိုးရက တရားဝင်ဆက်လက် ရည်ညွှန်းသုံးစွဲနေဆဲဖြစ်သည်ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီဟတ်ဖ် က တနလာင်္နေ့တွင် ပြောကြားပါသည်။

ယခင် နိုင်ငံတကာ အသိုင်းအဝိုင်းက ရှောင်ဖယ်ထားခဲ့ကြသော မြန်မာနိုင်ငံတွင် စက်ဆုပ်ရွံ့ရှာဖွယ် တိုက်ရိုက် စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီးနောက် အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်နွေးထွေး လာနေခြင်းကြောင့် မည်သည့်အခေါ်အဝေါ်ကို သုံးစွဲမည်ဆိုသည့် ကိစ္စအပေါ် အမေရိကန် တာဝန်ရှိသူများ ဦးနှောက်စားလျက် ရှိသည်။

မနှစ်ကမူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်က မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာပေးပို့ရာတွင် ယခင်အတိုင်း Burma ဟု သုံးနှုန်းခဲ့သည်။

သို့ရာတွင် ယခုနှစ် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ပေးပို့ရာတွင်မူ လက်ရှိနိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက Myanmar ဟု ပြောင်းလဲ သုံးစွဲလိုက်ပါသည်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီဟတ်ဖ်က အမေရိကန်ပြည်ထောင်စု ၏ မူဝါဒသည် အပြောင်း အလဲ မရှိကြောင်း၊ သို့ရာတွင် အချို့သော ကိစ္စများတွင် သံတမန်ဆိုင်ရာ လောကဝတ်အရ အမေရိကန် အစိုးရတာဝန်ရှိ သူများက Myanmar ဟု ခေါ်ဝေါ်သုံးစွဲကြခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

ရန်ကန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးရာတွင် “အမှန်စင်စစ် Myanmar ဖြစ်စေ၊ Burma ဖြစ်စေ စကားလုံးအသုံးအနှုန်းမှာ အရေးမကြီးသော်လည်း တစ်ကမ္ဘာလုံးနှင့် မြန်မာလူထုကပါ မုန်းတီးရွံ့ရှာ စက်ဆုပ်ကြသော ယခင် တပ်မတော်အစိုးရ၏ လက်ဆော့တီထွင်မှု စကားလုံး ဖြစ်နေသောကြောင့်သာ ယခုကဲ့သို့ အကဲခတ်သော ကိစ္စတစ်ခုဖြစ် နေရခြင်း ဖြစ်ကြောင်း” သုံးသပ်ပြောကြားသည်။

Yangon chronicle

မဇ္ဈိမ။ ။ မြန်မာနိုင်ငံ တေးဂီတလောကတွင် ထင်ရှားသည့် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့၏ ဂီတမှူုး အကယ်ဒမီ ဇော်မျိုးထွဋ် အသက်(၅၄) နှစ်သည် ဇန်န၀ါရီလ ၅ ရက် ၈နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်မြို့တွင် ကားမောင်းရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့သည်ဟု သူ၏ သားဖြစ်သူ ကိုလမင်းထွဋ်က မဇ္ဈိမကို ပြောသည်။

“အဖေက နှလုံးသွေးကြောပိတ်ပြီး ဆုံးသွားတာပါ။ အရင်တုန်းလည်း ဒီလိုမျိုးတစ်ခါမှ မဖြစ်ဖူးဘူး။ဖြစ်ခဲ့လို့ရှိရင် ကြိုတင် ဆေးကုသလို့ ရတာပေါ့။ ရပ်ကွက်ထဲမှာပဲ ကားမောင်းရင်း အမေနဲ့ အတူတူ မုန့်သွားဝယ်တာ။ ရုတ်တ ရက်မောတယ်ဆိုပြီး ကားကိုလမ်းဘေးထိုးရပ်လိုက်တာ။ အဲဒီမှာ တစ်ခါတည်းအသက်ပါ ပါသွားတာပါ” ဟုပြောသည်။

ကွယ်လွန်သူ အကယ်ဒမီသုံးခုရရှိထားသူ ဂီတမှူး ဦးဇော်မျိုးထွဋ်၏ ဈာပနကို ဇန်န၀ါရီလ ၇ ရက်နေ့တွင် စီစဉ်မည်ဖြစ်သည်။

ဂီတမှူုး ဇော်မျိုးထွဋ်သည် မြန်မာနိုင်ငံတွင် ထိပ်တန်း ဂစ်တာသမား ဖြစ်သည့်အပြင် ဖခင်ဖြစ်သူ ဂီတပညာရှင် စန္ဒယားလှထွဋ်ထံမှ စန္ဒယားပညာလည်း ရရှိခဲ့သူဖြစ်သည်။

ဂီတမှူး ဇော်မျိုးထွဋ်သည် မြင့်မြတ်နှလုံးသား၊ ထာဝရအလင်းတန်းများ၊ နေကမွေးတဲ့လ စသည့် ရုပ်ရှင်ဇာတ် ကားများတွင် တေးဂီတဖန်တီးမှုဆိုင်ရာ အကယ်ဒမီထူးချွန်ဆု ၃ ဆုရရှိခဲ့သူ ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ကိုနေလင်းထွဋ်(ခ)ရွှေထွဋ်နှင့် ကိုလမင်းထွဋ် သား နှစ်ဦး ကျန်ရစ်ခဲ့သည်။


ဓာတ်ပုံ- အကယ်ဒမီ ဇော်မျိုးထွဋ်ဖေ့စ်ဘုတ်
ဝါရင့်ဂီတမှူးတယောက်လည်းဖြစ်၊ ဂီတမှူးအကယ်ဒမီ အများဆုံး ရရှိတဲ့ထဲမှာ တဦး အပါအ၀င်လည်း ဖြစ်တဲ့ အကယ်ဒမီ ၃ ဆုရှင် ဦးဇော်မျိုးထွဋ်ဟာ ရုတ်တရက် နှလုံးရောဂါဖောက်ပြီး ဇန်န၀ါရီ ၅ ရက်နေ့ ညမှာ ကွယ်လွန်သွားခဲ့တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

Zaw Myo Htut“ရင်ခွဲရုံမှာ ခွဲလိုက်တော့ အဲဒီ ရောဂါတွေ ဘာမှ မရှိဘူး။ နှလုံးမှာ သွားပိတ်နေတာ။ ချက်ချင်းကြီး ဆေးရုံသွားတာ။ ကားပေါ်မှာတင် သေတယ်” လို့ ပြောပါတယ်။

အကယ်ဒမီ ဦးဇော်မျိုးထွဋ်ဟာ နာမည်ကျော် တေးရေးနဲ့ တေးဆိုတဦးဖြစ်တဲ့ စန္ဒယားလှထွဋ်ရဲ့ သားတယောက် ဖြစ်ပါတယ်။

သူဟာ အနောက်တိုင်း တူရိယာ အမျိုးမျိုးကို ကျွမ်းကျင်စွာ တီးခတ်နိုင်တဲ့အပြင် မဇ္စျှိမလှိုင်းရဲ့ လိဒ်ဂီတသမားတဦးအဖြစ် လူသိများကြပါတယ်။

ဖခင်ဖြစ်သူ စန္ဒယားလှထွဋ် ကွယ်လွန်တဲ့နေ့ဖြစ်တဲ့ ဇန်န၀ါရီ ၅ ရက်နေ့မှာပဲ ရုတ်တရက် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်သူ ဦးဇော်မျိုးထွဋ်ရဲ့ ဈာပနကို ဇန်န၀ါရီ ၇ နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ မိသားစုက ပြောပါတယ်။

အိုင်ရင်းခရော့တီးဝိုင်းမှာ လိဒ်ဂစ်တာတီးတဲ့ ဦးချစ်စမ်းမောင်ကတော့ အတိုင်းမသိ ၀မ်းနည်းရပါတယ်လို့ ဆိုပါတယ်။

“ယူကျုံးမရ ဖြစ်ပါတယ်။ ပြောရရင် ကျနော်ဘ၀မှာ လေးစားအားကျတဲ့ ကိုဇော်ကြီးနဲ့ ကျနော်ဆရာ စောဘွဲ့မှူးပေါ့နော်။ ကျနော် အရမ်းလေးစားအားကျ ချစ်ခင်ရတဲ့သူတွေ မရှိတော့ တော်တော်လေး စိတ်မကောင်း ဖြစ်ရတယ်။ ကိုဇော်ကြီးရဲ့ ရတနာသူသီချင်းနဲ့ ကျနော် ကြီးပြင်းလာတယ်လို့ ပြောရမယ်။ အတိုင်းမသိ ၀မ်းနည်းပါတယ်။”

မဇ္စိျွမလှိုင်းက နိုင်ငံကျော် နာမည်ကြီးအဆိုတော် ကိုနေ၀င်းကလည်း ကွယ်လွန်သူ ဇော်မျိုးထွဋ်နဲ့ သီချင်းတွေ တွဲလုပ်ခဲ့တုန်းက အဖြစ်တွေကို ခုလို ဆိုပါတယ်။

“ကိုဇော်မျိုးထွဋ်နဲ့က ငယ်ငယ်ကလေးကတည်းက မန္တလေးမှာ ကိုခင်မောင်တိုးနဲ့ ပတ်သက်ပြီး သိရတာပေါ့။ လိဒ် ဂစ်တာကို တီးတယ်။ အဖက်ဖ်တွေကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်တယ်။ စီးရီးသွင်းတဲ့အချိန်မှာ သူစီစဉ်တာ သီချင်းတွေက ထင်တာထက်ကို ၁၀ ဆ၊ ၁၅ ဆ ကောင်းလာတယ်။ အခုကျတော့ အဲဒီလို လုပ်ပေးမယ့်သူ မရှိတော့ဘူးပေါ့။”

ဝါရင့် ဂီတမှူးတယောက်ဖြစ်သူ ဦးခင်မောင်ကြီးကလည်း “တော်တော် ခံစားရပါတယ်။ တကယ်တော်တဲ့ အတီးပညာရှင်တယောက်ပေါ့။ တကယ် နှမြောစရာ ကောင်းပါတယ်” လို့ ပြောပါတယ်။

အဆိုတော် ရင်ဂိုကိုက ဦးဇော်မျိုးထွဋ် ကွယ်လွန်တာဟာ အလွန် နှမြောစရာ ကောင်းတယ်လို့ မှတ်ချက်ပေးပါတယ်။

“အစားထိုးမရနိုင်တဲ့ ဂီတသမားကြီးတယောက်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့မီနောက်မီ သီချင်းတွေ ရော့ခ်သီချင်းတွေအပြင် မြန်မာဆန်ဆန် သီချင်းတွေကို စီစဉ်နိုင်တာ အစားထိုးမရဘူးလို့ ထင်တယ်။”

ဦးဇော်မျိုးထွဋ်ဟာ မြင့်မြတ်နှလုံးသား၊ နေကမွေးတဲ့လ၊ ထာဝရအလင်းတန်းများဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ တေးဂီတဖန်တီးမှုဆိုင်ရာ အကယ်ဒမီထူးချွန်ဆု ၃ ဆုရထားတဲ့သူလည်း ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်ခင်မာထွေး၊ ဦးနေလင်းထွဋ် (ခ) ရွှေထွဋ်နဲ့ ဦးလမင်းထွဋ် အစရှိတဲ့ သား ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။

dvb
ဤခရီးနီးသလား......?
===============
ကိုဇော်ကြီးညကဆုံးရှာပါတယ်..ပြောမယ်
ဆိုကျနော့်ထက်တနှစ်ငယ်ပါသေးတယ်..
ရုတ်တရက်နှလုံးသွေးကြောပိတ်ပြီးရုတ်တရက်ဆုံးပါးသွားတာပါ...
ကျနိရစ်သူကိုဇော်ကြီးမိန်းမကကျနော့်ကိုဖက်ပြီးပြောပြောငိုတော့..ကျနော့်မှာမျက်ရည်ကျယုံကလွဲပြီး.ပြန်မနှစ်သိမ့်နိုင်ခဲ့ပါဘူး
ညကသူသိပ်ကြိုက်တဲ့(ပုံထဲမှာသူ့ဓာတ်ပုံရှေ့တင်ထားတဲ့)မုန့်ကိုလင်မယားနှစ်ယောက်ကားနဲ့ထွက်ဝယ်ကြပါတယ်.အပြန်အိမ်နားရောက်ခါနီးမောတယ်မောတယ်ပြောလို့..ဇနီးလုပ်သူကကားရပ်ခိုင်း..ကားလည်းရပ်..ဇက်ကျိုးကျလို့..သူကွယ်လွန်သွားခဲ့ပါတယ်...အရင်နှလုံးရောဂါရှိမှန်လည်းမသိဘူးလို့ဆိုပါတယ်...
မြန်လိုက်တာ..လို့ပြောယုံကလွဲပြီးဘာမှမပြောတတ်တော့ပါ..သူကတော့သွားနှင့်ပေါ့.
ကျန်ရစ်သူတွေမှာဖြေမဆည်နိုင်ကြ...
ကျနော်တို့ကော..ဒီခရီးကိုဘယ်လိုနည်းနဲ့သွားရမှာပါလိမ့်မလဲ....
အော်..ဒီခရီးတကယ့်ကို.နီးလွန်းလှပါတယ်..

Zin Wyne

(AFP မှ 6 Jan 2014 ရက်စွဲပါ “Myanmarese call for end to harsh Laws” သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများဖျက်သိမ်းရန်နှင့် နိုင်ငံရေးဆက်စက်ဖမ်းဆီးမှုများ အဆုံးသတ်ရန် တောင်းဆိုသော ဆန္ဒပြချီတက်ပွဲကို တနင်္ဂနွေနေ့က ရန်ကုန်မြို့တော်တွင် ပြုလုပ်ခဲ့ရာ၊ အရေ အတွက် ထောင်နှင့်ချီသော လူများပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆန္ဒပြလူအုပ်သည် မြို့တော်ခန်းမအနီး နှစ်နာရီကြာ စုရုံးခဲ့ကြပြီး ‘နိုင်ငံသားများအား လူ့အခွင့် အရေးနှင့် လွတ်လပ်ခွင့် အပြည့်အဝပေး’ အစရှိသော ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြန်မာအာဏာပိုင်များက ကျန်ရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်ပေးလိုက်ပြီဟု ဒီဇင်ဘာ ၃၁ တွင်ပြောကြားထားသည်။ သို့ရာတွင် နိုင်ငံရေးဆက်စပ် ဖမ်းဆီးခံရသူ ၃၅ ဦး ကျန်နေသေးသည်ဟု ချီတက်ပွဲ စီစဉ်သူ ၈၈ မျိုးဆက်အဖွဲ့မှ စည်းရုံးလှုံဆော်သူ ကိုပြုံးချိုက ဆိုပါသည်။ “နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဖမ်းဆီးမှုမှန်သမျှကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

ဆန္ဒပြသူတစ်ဦးဖြစ်သည့် ထွန်းလင်းအောင် က ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ၎င်း၏ ကျေးရွာမှ လယ်သမား ၂၀၀ ခန့်သည် မြေအငြင်းပွားမှုများတွင် ကျူးကျော်ဝင်ရောက်မှုဖြင့် ထောင်ကျနေသည်ဟု ပြောကြားသည်။

“ကျွန်တော်တို့ကို ကူညီမယ့်သူတစ်ယောက်မှ မရှိဘူး။ ကျွန်တော်တို့ ရွာသားတွေကို လွှတ်ပေးပါလို့ သမ္မတကြီးကို တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ဆိုပါသည်။

“အငြင်းပွားလယ်မြေမှာ ဝင်ရောက်ထွန်ယက်လို့ မိဘတွေ တရားစွဲ ပြစ်ဒဏ်ကျခံနေရတဲ့အတွက် အုပ်ထိန်းသူမရှိတဲ့ ကျောင်းသား၊ကျောင်းသူကလေးတွေ အများကြီးရှိပါတယ်” ဟု ထွန်းလင်းအောင်က ရှင်းလင်း ပြောဆိုသည်။

ယခင် တပ်မတော်အစိုးရအဖွဲ့တွင် ရှားရှားပါးပါး အဂတိလိုက်စားမှု ကင်းစင်သော ဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦး ဖြစ်သူ သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးနှင့် အရပ်သား လွတ်လပ်ခွင့်အသစ်များ စွာကို ခွင့်ပြုခဲ့သောကြောင့် နိုင်ငံတကာမှ ဝိုင်းဝန်းချီးကျူးခြင်း ခံရသည့်အပြင် ယခင်အစိုးရအား ပစ်မှတ်ထား အရေးယူပိတ်ဆို့ထားသည့် Sanctions များကိုလည်း ရုတ်သိမ်းသွားစေခဲ့သည်။

လူထု၏ လေးစားခြင်းကို ခံရသည့် တစ်ဦးတည်းသော တပ်မတော်အစိုးရ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ လက်ရှိ သမ္မတဦးသိန်းစိန်သည် ၂၀၁၃ နှစ်မကုန်မှီ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ဆုံးဖြတ်လုပ်ဆောင်ခဲ့ သော်လည်း အဘယ့်ကြောင့် ထောင်ထဲတွင် အချို့သူများ ကျန်နေခဲ့သနည်း ဟူသော အချက်မှာ မသဲကွဲသေးပါ ထောက်လှမ်းရေးတပ်မှူးဟောင်း နှစ်ဦးကိုလည်း လွှတ်ပေးပြီးမှ ပြန်လည် ထိန်းသိမ်းခဲ့သည့်အတွက် သို့လော၊ သို့လော သံသယမေးခွန်းများ ထွက်ပေါ်လာစေပါသည်။

နိုင်ငံရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ရှေ့နေများ၊ သတင်းထောက်များကို ပြင်းပြင်းထန်ထန် ဖမ်းဆီးနှိပ်ကွပ်မှုများ ပြုလုပ်ခဲ့သည့်တိုင်အောင် နိုင်ငံရေး အကျဉ်းသားမရှိပါဟု ပြောင်ပြောင်တင်းတင်း ငြင်းဆို ခဲ့သော ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးကာလတွင် မတရားသဖြင့် ထင်တိုင်းကြဲ ဖမ်းဆီးမှုများမှာ ထိုခေတ်၏ အထင်ကရ ပုံရိပ်တစ်ခု ဖြစ်ခဲ့သည်။

yangonchronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.