01/16/14

မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ၀င်ထွက်သွားလာနိုင်တဲ့ multiple-entry ဗီဇာကို ဒီကနေ့ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို ပိုမိုလာရောက်နိုင်အောင်နဲ့ ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်မြောက်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံဆက်ဆံရေး ချဲ့ထွင်နိုင်အောင် ဒီအစီအစဉ်ကို အကောင်အထည်ဖော်တာလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အခုထုတ်ပေးတဲ့ အကြိမ်ကြိမ်ဝင်ထွက်နိုင်တဲ့ ဗီဇာဟာ ၃ နှစ်သက်တမ်းရှိမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ ခရီးတစ်ကြိမ်အတွင်း ဂျပန်နိုင်ငံမှာ ၁၅ ရက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရေး၊ မီးရထားလမ်းတွေ အဆင့်မြှင့်တင်ရေးနဲ့ တခြားအခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဂျပန်အစိုးရက ယန်းငွေ ၆၃ ဘီလျံ ထုတ်ချေးမယ်လို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတဦးသိန်းစိန်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း တိုကျိုမြို့မှာတွေ့ဆုံစဉ် ကတိပြုပြောကြားထားပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက်လည်း နှစ်နိုင်ငံအစိုးရတွေအကြား သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးထားပါတယ်။
Rfa

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံ လိုကြောင်း မေတ္တာရပ်ခံထားသူ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရေးသာလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဖြေဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံတိုက်တွန်း ပြောကြားသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမီဒီယာများ တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တရားဝင် မဖြစ်ခင်မှာ လေးပွင့်ဆိုင် တွေ့ပြီးတော့ ဘယ်လို လုပ်ကြမယ်ဆိုတာ ပြောကြတာ ပိုကောင်းတာပေါ့။ မတူတဲ့ သဘောတွေကို ပိုပြီးတော့ ညှိနှိုင်းရလွယ်မယ်။ အားလုံးသိသွားရင် ညှိနှိုင်းရခက်မယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခြင်းသည် ဒီမိုကရေစီ စနစ်သာလျှင်ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး အဖြေမထွက်မီ အဓိက ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ယင်းသို့ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် လေးပွင့်ဆိုင် တွေဆုံ့ဆွေးနွေးရန် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုဝင်ဘာလအတွင်း ထုတ်ပြန် ကမ်းလှမ်းထားသည်။

သို့သော်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ သုံးသပ်ချက်များကို စောင့်ကြည့် ရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောဆိုထားသည်။

ယင်းကဲ့သို့ ငြင်းဆိုမှုများ ရှိသော်လည်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကို လက်လျှော့မည် မဟုတ်ဘဲ ဆက်လက် တိုက်တွန်း သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တုံ့ပြန် ပြောကြားထားသည်။


The Voice Weekly

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.