01/18/14

၂၀၁၄ ဆိုတဲ့နှစ်သစ်ဟာ အပြောင်းအလဲအသစ်တွေနဲ့အတူ စိုးရိမ်စိတ်အသစ်တွေကိုပါ ပေါက်ဖွားရှင်သန်စေခဲ့ပါတယ်။ အဲဒီ့လိုစိုးရိမ်စိတ်တွေပေါက်ဖွားစေခဲ့တဲ့ အကြောင်းရင်းတွေအများကြီးထဲမှာမှ အဓိကကျတဲ့အကြောင်းအရင်းကတော့ ... နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ နှစ်သစ်မိန့်ခွန်းထဲမှာပါဝင်တဲ့ နောက်ဆုံးအပိတ်စကားထဲက အသုံးအနှုံးတွေပါပဲ။ သူက ဒီလို ထည့်ပြောခဲ့ပါတယ်။

''အထူးပြောကြားလိုသည့် ကိစ္စကတော့ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေးဆန္ဒများကို လက်ရှိ နိုင်ငံရေးအခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်းဆောင်ရွက်ပါက နိုင်ငံရေးအကျပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ချေ ရှိသည့် အခွင့်အရေးများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဥာဏ်အမြော်အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းပြောကြားလိုပါသည်"

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အားလုံးက ကျယ်ကျယ်လောင်လောင်နဲ့ ဝိုင်းဝန်းတောင်းဆို နေကြတဲ့အချိန် အဲဒီ့လို ထည့်ပြောလိုက်တာဖြစ်ပါတယ်။ ကျနော် ရိုးရိုးလေးတွေးမိတာကတော့ ... ပြောင်းလဲပစ်ဖို့ အသည်းအသန်လိုအပ်နေတဲ့ နိုင်ငံတစ်ခုထဲက ပြောင်းလဲမှုတွေကို အာသာငမ်းငမ်းဆာလောင်နေတဲ့ ပြည်သူလူထုကြီး တစ်ရပ်လုံးနဲ့ နိုင်ငံရေးအင်အားစု တွေကို သိပ်လောဘမကြီးနဲ့ ပြဿနာရှိတယ်လို့ သတိပေးလိုက်သလိုပါပဲ။ ဒီစကားကို ထောက်ရှုခြင်းအားဖြင့် လက်ရှိနိုင်ငံရေး အခြေအနေမှာ အကန့်အသတ်တွေ၊ နောက်ကွယ်က မမြင်နိုင်သောကြိုးတွေ ရှိနေသေးတယ်ဆိုတာကိုလည်း မှန်းဆလို့ ရနိုင်ပါတယ်။ ကျနော်တို့နိုင်ငံဟာ အမှန်တကယ်မလွတ်လပ်သေး၊ စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီကို တကယ်မရသေးပဲ ... အရင် အာဏာရှင်စနစ်၊ အာဏာရှင် ခေတ်နဲ့ ဆက်နွယ်ပတ်သက်နေသေးတဲ့ မမြင်နိုင်သော ကြိုးတွေ၊ ကန့်လန့်ကာနောက်ကွယ်က အခင်းအကျင်းတွေ အများကြီးရှိနေသေးတယ်ဆိုတာကို အစကတည်းက ရိပ်မိသိရှိခဲ့ပေမယ့် အပြောင်းအလဲကို တကယ် လိုလားတဲ့သူတွေ၊ ပြည်သူ့အကျိုးစီးပွားကို တကယ် ရှေးရှုတဲ့သူတွေ အနေနဲ့ အဲဒီ့ကြိုးတွေကိုဖြတ်နိုင်လိမ့်မယ်၊ အဲဒီ့ အရိပ်ဆိုးတွေထဲက ထွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ဖူးပါတယ်။ အခုတော့ ... ရှေ့ဆက်တိုးချင်သူတို့နဲ့ နောက်ပြန်ဆွဲချင်သူတို့ရဲ့ အားပြိုင်မှုမှာ နောက်ဆွဲတွေက အားသာခဲ့ဟန်တူပါတယ်။ သိုသိုသိပ်သိပ်ဖုံးဖုံးဖိဖိတောင်မဟုတ်တော့ပဲ ... အစွယ်ထုတ်ပြတဲ့အဆင့်အထိတောင်ရောက်လာခဲ့ ပါတယ်။ လက်တွေ့ဖြစ်နိုင်ခြေရှိတဲ့ အခွင့်အရေးတွေတောင် ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့စကားကလည်း ... အရပ်စကားနဲ့ ပြောရရင် ပေါ်တင်ကြီးချဲသွားတဲ့စကားပါပဲ။ ပြည်သူလူထုအနေနဲ့ စိတ်ဓါတ်လေးတွေသိလိုက်ရတဲ့ အမြတ်တစ်ခုတော့ ထွက်ခဲ့ပါတယ်။

နောက်ထပ်သော အကြောင်းချင်းရာတစ်ခုကတော့ ... ကြံ့ဖွံ့က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ပယ်ဖျက်ဖို့၂၂ ချက် နဲ့ ပြင်ဆင် ဖြည့်စွက်ဖို့ ၅၂ ချက်ကို နှစ်မကုန်ခင်လေးထုတ်ပြန်ခဲ့ပြီး ပြည်သူတစ်ရပ်လုံးပြင်ဆင်ဖို့လိုလားနေတဲ့ ပုဒ်မ ၅၉(စ) နိုင်ငံတော်အကြီးအကဲ သမ္မတရဲ့ အရည်အချင်းတွေနဲ့ပတ်သက်လို့တော့ အဲဒီ့ပုဒ်မကို ဖြုတ်ပယ်တာမျိုးမဟုတ်ပဲ ... ဇနီး၊ ခင်ပွန်း၊ သားမက်၊ ချွေးမတွေ နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့အချက်ကိုတော့ ဖယ်ပေးပြီး၊ သားသမီးတွေ နိုင်ငံသားဖြစ်ရမယ် ဆိုတဲ့အချက်ကိုတော့ ချန်ထားဦးမယ်လို့ပါဝင်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ချင်တယ်ဆိုရင် သူမရဲ့သား နှစ်ယောက်ကို နိုင်ငံသားအဖြစ်ပြန်ခံယူလာအောင် စည်းရုံးပေါ့လို့လဲ အင်တာဗျူးတစ်ခုမှာ ပြောလာပါတယ်။ ကြံ့ဖွံ့ရဲ့ အဲဒီ့အကွက်နဲ့ သမ္မတရဲ့မိန့်ခွန်းထဲက စကားရပ်တို့ကိုတွဲဆက်ကြည့်တဲ့အခါ ... ပြည်သူ့ဆန္ဒကိုအသာထား ကန့်လန့်ကာနောက်ကွယ်က အချို့အချို့သောသူတွေရဲ့သဘောထားအရတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ဖို့အထိ ခွင့်မပြုနိုင်သေးဘူးဆိုတဲ့ အနေအထားကိုမြင်လာရပါတယ်။ ပုဒ်မ ၅၉(စ) နဲ့ပတ်သက်ပြီး ... လုံးဝမပြင်သင့်ဘူးဆိုတဲ့ အဆိုကို အမျိုးသားရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေ သည်းသည်းမည်းမည်း တိုက်ပွဲဝင်နေကြတဲ့ အင်အားစုတွေရှိလာသလိုပဲ၊ ၅၉(စ) ကိုပြင်ရင် တောခိုမယ်ဆိုတဲ့ စကားက အင်တာနက်စာမျက်နှာတွေပေါ်မှာ ပြက်လုံးတစ်ခုလိုဖြစ်လာတာလဲရှိပါတယ်။ မင်းတို့ ဒီမိုကရေစီ ဒီမိုကရေစီလို့ ဘယ်လောက်ပဲပြောပြော၊ ပြည်သူ့ဆန္ဒ ပြည်သူ့ဆန္ဒလို့ ဘယ်လောက်ပဲအော်အော် ... ဒါကိုတော့ လုံးဝလာမထိနဲ့ဆိုတဲ့ သဘောထားမျိုးတွေ ဘူးပေါ်သလိုပေါ်လာပါတယ်။ NLD က ဖွဲ့စည်းပုံ ပြင်ပြင် မပြင်ပြင် ရွေးကောက်ပွဲ ဝင်မယ်လို့ ပြောတာကို ကာတွန်းဆရာတစ်ယောက်က ... ဝင်ဝင် မဝင်ဝင် မပြင်ဘူးဆိုတဲ့ တစ်ကွက်ထပ်ဖြည့်ပြီး ကာတွန်းရေးထားတာလေးကလည်း ခေတ်ရဲ့ အကျပ်အတည်းနဲ့ တစ်ထပ်တည်းလို့ ဆိုရမလိုပါ။ ဆိုတော့ကာ ... ဒီမိုကရေစီ နည်းလမ်းမကျတဲ့၊ အများသဘောဆန္ဒကို မထင်ဟပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်ဆင်ဖို့ အားလုံးက သဘောတူညီမျှကြတယ်လို့ ဆိုပေမယ့် ... ဘာတွေကိုပြင်မလဲဆိုတဲ့ကိစ္စမှာတော့ သွားတို့ သွားထိလို့မရတဲ့ နတ်နေကိုင်းတွေ ရှိနေသေးတယ်လို့ ပြောရမလိုပါပဲ။ ရွာသားတွေကို ကြိုက်တဲ့အကိုင်းချိုး အဲဒီ့အကိုင်းကတော့ နတ်နေတဲ့အကိုင်းမို့လို့ မထိနဲ့ဆိုတာမျိုးပေါ့။ ဘယ်က နတ်လဲဆိုတာတော့ ကျနော်တို့လဲ မသိဘူးပေါ့ဗျာ ...။

ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ အာဏာရှင်ရဲ့အငွေ့အသက်တွေ ပြန်ပေါ်လာတာကို စပြီး သတိပြုမိလိုက်ရာက အခုနှစ်သစ်မှာတော့ ဖုံးမနိုင်ဖိမရနဲ့ ပေါ်လာတာတွေပိုပိုပြီး များလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်မှာလဲ ... ဘီလူးခေါင်းတစ်စွန်းတစ်စကို ပြန်ပြီး မြင်ခဲ့ရပြန်ပါတယ်။ တည်းခိုခန်း ဘွတ်ကင်လုပ်ထားခဲ့ပေမယ့် ရောက်သွားမှ မရတော့ဘူးဆိုတဲ့ ကိစ္စတွေနဲ့ ဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲ မသွားရဘူး၊ သွားရင် ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ်ဆိုတာမျိုးတွေ စတဲ့ စနစ်ဟောင်းက အကျင့်ဟောင်းတွေ ပြန်ပေါ်လာခဲ့တာပါ။ အာဏာရှင်စနစ်ကို မခွဲနိုင်မခွာရက် ပေကပ်ကပ်လုပ်နေကြသူတွေရဲ့ရန်ဟာ ... နှစ်သစ်အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်မယ်ထင်ပါတယ်။ ၂၀၁၄ ရဲ့ နောက်ပိုင်းကာလတွေမှာ ၂၀၁၅ အတွက် ပြင်ဆင်လာမှုတွေနဲ့ တိုးတိုက်မိမှုတွေကို ထပ်မံကြုံတွေ့လာရဖွယ် ရှိနေပါတယ်။ အဲဒီ့ကာလတွေအတောအတွင်း ... ဖုံးထားဖိထားဟန်ဆောင်ထားတာတွေ ဘာတွေများထပ်ပေါ်လာမလဲ၊ ပြည်သူတွေ ဘယ်လောက်များထပ်ပျော်ကြရဦးမလဲ ဆိုတာကိုစောင့်ကြည့်ကြရပါဦးမယ်။ ပြည်သူတွေအနေနဲ့ကတော့ အစိုးရကို ရုပ်သေးရုပ်မဖြစ်စေချင်ကြပါဘူး၊ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးမဖြစ်စေချင်ကြပါဘူး။ နောက်ကွယ်က ဆွဲထားတဲ့ကြိုးတွေကို ဖြတ်ပြီး ကိုယ့်အားကိုယ့်အင်နဲ့ ကနိုင်တဲ့ မင်းသားဖြစ်စေချင်ကြပါတယ်၊ ဘီးလူခေါင်းကိုဖယ်ခွာပြီး ကိုယ့်မျက်နှာအမှန်နဲ့ ကိုယ်ကရဲတဲ့ မင်းသားဖြစ်စေချင်ကြပါတယ်။ ပြည်သူဆန္ဒကို အကောင်အထည်ဖော်ပေးနိုင်တဲ့ ပြည်သူချစ်သော ပြည်သူ့အစိုးရဖြစ်လာဖို့ ... ဆန္ဒပြုလိုက်ပါတယ်။
နေဘုန်းလတ်
၁၀-၀၁-၂၀၁၄

“ ပြည်ခိုင်ဖြိုးပါတီဆိုတာ အာဏာရ ပါတီတစ်ခုပဲ . . .

ရန်စွယ်ငေါငေါ အပုပ်ချတယ် ဆိုတော့ မသင့်တော်ဘူး . . .”

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စုတ်ပြတ်သတ်နေအောင် ညစ်ပတ်တဲ့ နည်းမျိုးစုံနဲ့ သူတို့ တိုက်ခိုက်ခဲ့ တာပဲ နိုင်ငံရေးမှာပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မကောင်းတဲ့အလုပ် သူတို့ပဲ တစ်လျှောက်လုံး လုပ်တယ် ဦးအောင်သောင်းဟာ ဦးသန်းရွှေရဲ့ ပုံရိပ်နဲ့ ပါတီမှာ သြဇာကြီးနေတဲ့လူ ဒီလိုလူရဲ့ အခုပြောဆိုမှုဟာဆိုရင် ပါတီကြီးနှစ်ခုရဲ့ အောက်ခြေမှာရှိတဲ့ လူထုတွေကြားထဲမှာ အကုန်လုံး ပြဿနာတွေ ဖြစ်နိုင်တယ် . . .
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အဖွဲ့အစည်း၊ တိုင်းသူပြည်သား အများစုရဲ့ ထောက်ခံမှုရတဲ့ အဖွဲ့အစည်းကိုတောင် ဒီလိုပြစ်တင် ရှုတ်ချတယ်ဆိုရင် ကျန်တဲ့ပါတီတွေ ဘယ်လိုလုပ်မလဲ။ နောင်ဆိုရင် အဲဒီပါတီတွေကို ဘယ်လောက် ရိုင်းပျစော်ကားလုပ်မလဲ။ ဒီလို အလုပ်မျိုးတွေဟာ မလုပ်သင့်တော့ဘူးလို့ ကျွန်တော်ပြောချင်တယ် . . .
မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ-၂၊ အမှတ်(၄၃)တွင် “”ပြည်ခိုင်ဖြိုး ပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း နှင့် နိုင်ငံရေးေ ဆွးနွေးခြင်း”" ခေါင်းစဉ်ဖြင့် နိုင်ငံရေး တွေ့ဆုံမေးမြန်းခန်း တစ်ရပ်ကို ဖော်ပြခဲ့ သည်။ ထိုတွေ့ဆုံ မေးမြန်းခန်းတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ““တကယ်တော့ လက်ရှိ အနေအထားအရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အင်အား နည်းနည်း တောင့်တင်းတဲ့ သဘော ရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲ ရှိတယ်။ နောက်လိုက် သိပ်မရှိဘူး။  …
http://thandawsint.files.wordpress.com/2014/01/page-3-copy.jpg?w=270&h=311
ယခု NLD ပါတီ သဘာပတိအဖွဲ့ဝင် (ယခင်ပါတီအတွင်းရေးမှူး အဖွဲ့ဝင်)
ဟံသာဝတီဦးဝင်းတင်ကို NLD ပါတီမှ ပြုလုပ်သော ၆၄ နှစ်မြောက်
အာဇာနည်နေ့အခမ်းအနားအပြီးတွေ့ရစဉ်။
ဓာတ်ပုံ- လင်းယုန်
အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကိုဖော်ဆောင်နေတဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့်အရေးများ ရမလား ဆိုပြီးတော့ ၀င်လာတဲ့ နိုင်ငံရေးသမား ဖြစ်နေတယ်။။ တကယ့် နိုင်ငံရေးကို နားလည် ယုံကြည်ပြီးတော့ NLD ရဲ့ လမ်းစဉ် မူဝါဒတွေ ကောင်းတယ်၊ အဲဒါတွေသာ တိုင်းပြည်ကြီး တည်ဆောက်လို့ရတယ်၊ အလွန်ကောင်းမှာပဲ၊ ချမ်းသာသွားမှာပဲ၊ အောင်မြင်သွားမှာပဲ၊ ကမ္ဘာကလည်း လက်ခံမှာပဲ ဆိုတဲ့ ဒီလိုအမြင်နဲ့က နည်းတယ်”" ဟု ပြည်ခိုင်ဖြိုးပါတီနှင့် အဓိက ပြိုင်ဘက်ပါတီ အဖြစ် တည်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ဝေဖန် ပြောကြားခဲ့သည်။ ထို ပြောကြားချက် နှင့်အတူ ပါတီနှစ်ရပ်ကြား ခေါင်းဆောင်များ၏ လက်ရှိ ဆက်ဆံမှု အနေအထား၊ နှစ်ဖက် အင်အားစုများ၏ ယခင် ရပ်တည်မှု အနေအထားများအရ စဉ်းစားဝေဖန် သုံးစရာ ကိစ္စရပ်များစွာ ထွက်ပေါ် လာခဲ့သည်။ ထို့ကြောင့် ဦးအောင်သောင်း၏ ယင်းပြောကြားချက် အပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်းသည့် ပြောကြားချက်များ အပေါ်ပါ သုံးသပ်ချက် တစ်ရပ်ကို မြန်မာသံတော်ဆင့်မှ ထပ်မံ တင်ပြ လိုက်ရပါသည်။ ဦးအောင်သောင်း ဝေဖန် ပြောကြားခဲ့သည့်  NLD ပါတီကို စတင် ထူထောင်စဉ်ကပင် ခေါင်းဆောင် တစ်ဦးအနေဖြင့် အခရာကျကျ ပါဝင်ခဲ့သူ၊ ယနေ့အချိန်အထိ ပါတီ၏ ဖြစ်စဉ်များတွင် ဦးဆောင် လမ်းညွှန်သူ တစ်ဦးဖြစ်သူ၊ NLD ပါတီတွင်း၌ပင် မူဝါဒပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ ဖြစ်ပေါ်လာလျှင် မထောက်မညှာ ဝေဖန်သုံးသပ်မှု ပြုတတ်သူ၊ NLD ပါတီ သဘာပတိအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်၏ သုံးသပ်မှုများမှာ -
ယခင်တစ်ပတ်မှအဆက်
အာဏာသိမ်း၊ လူသတ်
ကျွန်တော်တို့တွေက နိုင်ငံရေးထဲကို အာဃာတနဲ့ ၀င်လာတယ်လို့ဆိုရင် သူတို့ကော အာဃာတနဲ့ ရောက်လာတယ်လို့ မပြောနိုင်ဘူးလား။ အာဏာသိမ်းပြီး၊ နိုင်ငံရေးထဲ ရောက်ရောက်လာတာ။ အာဏာ သိမ်းပြီ ဆိုကတည်းက လူပစ်သတ်တာတွေ လုပ်ခဲ့တာ။ ကျွန်တော်တို့တွေက သူပြောသလို အာဃာတနဲ့ လုပ်တယ် ဆိုရင်တောင် ပစ်သတ်ခဲ့တဲ့သူ တစ်ယောက်မှ မရှိဘူး။ ထောင်ထဲ ထည့်ခဲ့တဲ့သူ  တစ်ယောက်မှ မရှိဘူး။
သူတို့ အာဏာသိမ်းအပြီး နိုင်ငံရေးထဲ ၀င်လာတဲ့ စစ်ဗိုလ်တွေက ကျန်တဲ့လူတွေကို သူခိုး၊ ဓားပြ၊ လူဆိုး၊ လူမိုက်၊ တည်ဆဲ ဥပဒေတွေကို ဖျက်ဆီးတဲ့ လူတွေဆိုပြီး ပစ်သတ်တာ ဘယ်လောက်များလဲ။
ပိုင်ဆိုင်မှုတွေကြေညာမလား
နောက်ပြောရရင် ကျွန်တော်တို့မှာ ခိုးခဲ့၊ ၀ှက်ခဲ့တဲ့ ငွေတွေရှိရင် ပြောပါ။ ခင်ဗျားတို့လည်း ခိုးခဲ့တဲ့၊ ၀ှက်ခဲ့တဲ့ ငွေတွေကို ၀န်ခံမလား။ ဘယ်လောက် ချမ်းသာတယ်၊ ဘာပစ္စည်းတွေ ရှိတယ်ဆိုတာ အကုန်လုံး ထုတ်ပြီးတော့ ပြောနိုင်တာရှိလား။ လွှတ်တော်ထဲမှာ သူတို့ဝန်ကြီးတွေကို ပိုင်ဆိုင်မှု ကြေညာ ခိုင်းတုန်းကတော့ မကြေညာ ၀ံ့တဲ့ လူတွေလေ။
ဒါကို ကျွန်တော်တို့ကို အာဃာတနဲ့ နိုင်ငံရေး လုပ်တယ်ဆိုရင် သူတို့လည်း လုပ်ကြတာပဲ။ လောဘဇော တိုက်နေတဲ့ အာဏာတနဲ့ လုပ်ကြတာပဲ။ ကျွန်တော်က အဲဒီလိုပဲပြောချင်ပါတယ်။
တစ်ဦးတည်းသောခေါင်းဆောင်
NLD မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ခေါင်းဆောင်ရှိတယ်။ ကျန်တဲ့လူတွေ အသုံးမကျဘူး။ ဒါဟာ ပြောနေစရာတောင် မလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ထူးချွန်တဲ့ ခေါင်းဆောင် တစ်ယောက်ပဲ။ နိုင်ငံရေး ရည်မှန်းချက် ကြည့်မလား။ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်တာ ကြည့်မလား။ နောက်ဆုံး စစ်တပ်အပေါ်မှာ ထားတဲ့  သဘောထားတွေ ကြည့်မလား။
ကျွန်တော်တို့ဆိုရင် ကြံ့ဖွံ့ကို မကြိုက်တဲ့လူတွေ။ ပေါ်လစီအရ ဆန့်ကျင်နေတဲ့ လူတွေ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဦးအောင်သောင်းနဲ့လည်း ပေါင်းတယ်။ ဦးသိန်းစိန်နဲ့လည်း ပေါင်းတယ်။ ဦးရွှေမန်းနဲ့လည်း ပေါင်းတယ်။ အဲဒီအတွက်တောင်  ဒေါ်အောင်ဆန်းစုကြည်မှာ အများကြီး ပြစ်တင်ခံရတယ်၊ ရှုတ်ချခံရတယ်။ ဒီလို စိတ်ဓာတ်၊ အရည်အချင်း၊ လုပ်ရည်ကိုင်ရည် တွေကြောင့် ကျွန်တော်တို့ထဲမှာ တစ်ဦးတည်းသော ခေါင်းဆောင်လို့ သတ်မှတ်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ တစ်ဦးတည်းသော နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် ဖြစ်သင့်တယ်လို့ ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးနောက်လိုက် လုပ်နေတာ မဟုတ်လား။
လူနုံတွေမဟုတ်၊ နေရာမမက်
ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း တုန်းကလည်း ဒီလိုပဲ နောက်လိုက်တွေ ရှိခဲ့တယ်။ အဲဒီသူတွေကို အကုန်လုံး သူခိုး၊ ဓားပြတွေ၊ ငနုံ၊ ငပျင်းတွေလို့ပြောမှာလာ။ သူ့အရည်အချင်းနဲ့သူ လုပ်နိုင်တဲ့ လူတွေရှိတယ်။ ဘကြီး ဘဖေလို လူမျိုးတွေရှိတယ်။ ဦးကျော်ငြိမ်းလို လူမျိုးတွေ ရှိတယ်။ ဦးချစ်မောင်လို လူမျိုးတွေ ရှိခဲ့တယ်။ ပညာ တတ်တွေ၊ အသိပညာရှိတဲ့ လူတွေ ရှိခဲ့တယ်။ သူတို့တွေ ၀န်းရံခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းလည်း လုပ်နိုင်တာ။ ဒါကို အဲဒီအချိန်က ဗိုလ်ချုပ်အောင်ဆန်းပဲ ရှိတယ်။ ကျန်တဲ့လူတွေကို အလကားလူတွေလို့ ပြောလို့ရမလား။ မရဘူး။
အလားတူပဲ ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်လို့ ခေါင်းဆောင်အနေနဲ့ ထားတာ။ ကျွန်တော်ဆိုရင် နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးသမား မဟုတ်ဘူးလို့လည်း ထုတ်ကြေညာ ထားတယ်။ ပါတီမှာလည်း တော်လောက်ပါပြီ။ အငြိမ်းစား ယူရမယ်။ လူငယ်လူသစ်တွေနဲ့ လုပ်ရမယ် ဆိုတာ တစ်လျှောက်လုံး ပြောလာခဲ့တာ။ ပါတီစထောင် ကတည်းကပဲ။ ကျွန်တော့်မှာ ဒီသဘောထားတွေ ရှိတယ်။ ခင်ဗျား တို့ကော ရှိလား။ ခင်ဗျားတို့ သေခါနီးနေပြီ။ ဒီလိုစွန့်လွှတ်ဖို့ စိတ်ထားမျိုး ရှိလားလို့ မေးရင် သူတို့ အမှန်အတိုင်း ဖြေရဲလား။
ပြောရရင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌ လုပ်ပါတော့ဆိုတာ ကျွန်တော် တင်တဲ့အဆိုပဲ။ ၂၀၁၂၊ ဇန်န၀ါရီလ ၅ရက်နေ့  ပါတီပြန်ဖွဲ့တဲ့ အချိန်မှာ ကျွန်တော် တင်ခဲ့တဲ့အဆို။ ဘာဖြစ်လို့ တင်လဲဆိုတော့ ဒေါ်အောင်ဆန်း စုကြည်လို ထူးချွန်တဲ့ ခေါင်းဆောင် သူလည်း အသက်ကြီးလာပြီ။ နောက်လူတွေ ခေါင်းဆောင် တင်ချင်ရင် လမ်းဖွင့်ပေးဖို့၊ လုပ်ပေးဖို့လိုပြီ။ ကျွန်တော့်တို့ ကိုယ်တိုင်လည်း တော်လောက်ပြီ။  ဘေးဖယ် ပေးသင့်ပြီဆိုပြီး အဲဒီအဆို တင်ခဲ့တာ။
ဒေါ်အောင်ဆန်းစုကြည် ကတောင် ဘေးဖယ်ပေးတယ် ဆိုတဲ့စကား မသုံးပါနဲ့ ဆရာ။ နောက်လူတွေ ၀င်လို့ ရအောင် ဘေးကိုချဲ့ပေးတယ် ဆိုတဲ့ စကားပဲ သုံးပါလို့ ပြောတယ်။
ကဲ မေးခွန်းထုတ်ရရင် ခင်ဗျားတို့ အဲဒီလိုလုပ်တာတွေ ရှိလား။ အခုထိ နေရာအတွက် လုပ်နေကြတုန်း မဟုတ်လား။
ပါတီတွင်း ရန်တိုက်ပေးခြင်း
အခု ဦးအောင်သောင်းရဲ့ ပြောတာဟာ NLD ပါတီထဲမှာရှိတဲ့ လူပုဂ္ဂိုလ် အချင်းချင်းတွေ တိုက်ခိုက်အောင် လုပ်တာ။ ဒါမျိုးဟာ နိုင်ငံရေးမှာ မလုပ်ကောင်းဘူး။ အခုပြောတာမှာ ဒေါ်အောင်ဆန်းစုကြည်ကို နတ်နေကိုင်း ချန်သလို ချန်ပြောတာပဲ ရှိတယ်။ ဒါက အခုမှ မလွှဲသာလို့။ အရင်တုန်းကဆို ဒေါ်အောင်ဆန်း စုကြည်ကိုလည်း စုတ်ပြတ်သတ်နေအောင် ညစ်ပတ်တဲ့ နည်းမျိုးစုံနဲ့ သူတို့ တိုက်ခိုက်ခဲ့တာပဲ။ နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက် တာ မကောင်းတဲ့အလုပ်။ သူတို့ပဲ တစ်လျှောက်လုံး လုပ်တယ်။
ကျွန်တော် သတင်းစာဆရာ တစ်ယောက်ပဲ။ တိုက်ခိုက် ပြောဆိုတာတွေ လုပ်တတ်တယ်။ ဒါပေမဲ့ မလုပ်ခဲ့ဘူး။ တိုက်ခိုက်ရင်လည်း ပေါ်လစီပဲ တိုက်ခိုက်တယ်။ ခင်ဗျားတို့ လုပ်ကိုင်မှုတွေကို ကျွန်တော်မကြိုက်ဘူး။ ဒီလို ရှင်းရှင်း ပြောခဲ့တယ်။ ဘာလို့လဲဆို  ကြံ့ဖွံ့ဟာ ရှင်းရှင်းပြောရရင် စစ်တပ်က မွေးထားတာ။ စစ်တပ်အရေခြုံဖို့ အဆင်အသင့် ရှိတဲ့လူတွေ။ စစ်တပ်ကိုမှီပြီးတော့ မြောက်များစွာ ကိုယ်ကျိုး စီးပွားအတွက် စုနေကြတယ်လို့ ကျွန်တော်မြင်တယ်။ ဒီပေါ်လစီမူကိုတော့ ကျွန်တော်တို့ပြောမယ်။ ပုဂ္ဂိုလ်ရေးကတော့ မတိုက်ခိုက်ဘူး။
အခု သူပြောတာကို အရှည်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အဖွဲ့အစည်း၊ တိုင်းသူပြည်သား အများစုရဲ့ ထောက်ခံမှုရတဲ့ အဖွဲ့အစည်းကိုတောင် ဒီလိုပြစ်တင် ရှုတ်ချတယ်ဆိုရင် ကျန်တဲ့ ပါတီတွေ ဘယ်လိုလုပ်မလဲ။ နောင်ဆိုရင် အဲဒီပါတီတွေကို ဘယ်လောက် ရိုင်းပျစော်ကား လုပ်မလဲ။ ဒီလို အလုပ်မျိုးတွေဟာ မလုပ်သင့်တော့ဘူးလို့ ကျွန်တော် ပြောချင်တယ်။
ပြည်ခိုင်ဖြိုးပါတီဆိုတာ အာဏာရပါတီ တစ်ခုပဲ။ အင်အားအရလည်း ကြီးမားတဲ့ပါတီ တစ်ခုပဲ။ အတွေ့အကြုံရှိတဲ့ လူတွေ လုပ်ကိုင်နေတာ။ အဲဒီပါတီတစ်ခုက ရန်စွယ်ငေါငေါ အပုပ်ချတယ်ဆိုတော့ မသင့်တော်ဘူးလို့ ပြောချင်တယ်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက်
NLD ပါတီထဲမှာ မူဝါဒအရ ခိုင်မာချင်တဲ့၊ ပြင်းထန်တဲ့ လူတွေက ကြံ့ဖွံ့ကို မကြိုက်တာတွေရှိတယ်။ အမှန်ပဲ။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေး မတိုက်ဘူး။ မူဝါဒ အရ တိုက်တာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မူဝါဒအရ ပျော့ပျောင်းစွာ စဉ်းစားတယ်။ ဒီတော့ ကျွန်တော်တို့လည်း အများကြီး ပျော့ပျောင်းစွာ နောက်က လိုက်လုပ်တယ်လို့ ပြောချင် တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်နေတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ လိုင်းထဲက တစ်ခုပဲ။ ကြံ့ဖွံ့နဲ့ ပူးပေါင်းပြီး လုပ်တာတွေ ရှိလာတာလည်း ဒီဆောင်ရွက်ချက်ထဲက အစိတ်အပိုင်း တစ်ခုပဲ။ ဒီအတွက် ကျွန်တော်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု ခံယူပြီးတော့ နိုင်ငံရေး လုပ်ရှားမှု လုပ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ အပုပ်ချတယ်။ ပုတ်ခတ်တယ်တို့ လုပ်ဖူးလား။ မရှိ သလောက်ပါလို့ ပြောချင်ပါတယ်။
ဒီမူဟာ ကျွန်တော်တို့ အနေနဲ့ ကြံ့ခိုင်ရေးနဲ့ တွဲလုပ်လို့ ရနိုင်တာတွေ  တွဲလုပ်မယ်ဆိုတဲ့ ပုံစံပဲ။  ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲ ၀င်သွားတာ ပုဂ္ဂိုလ်ရေးအရ ပြောရရင် မကြိုက်ဘူး။ ကျွန်တော် ကန့်ကွက်ခဲ့တယ်။ ရွေးကောက်ပွဲ ၀င်ဖို့ကိုလည်း ကျွန်တော် ကန့်ကွက်ခဲ့တယ်။ သို့သော် ကျွန်တော်တို့က ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခေါင်းဆောင်မှု နောက်က လိုက်တယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို ကြည့်တဲ့ အတွက် ကျွန်တော်တို့ လျှော့နိုင်တာကို လျှော့ပေးတယ်။ မကြိုက်တာတွေကို ဆွေးနွေးတယ်၊ တင်ပြတယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေးကလည်း ဒီသဘောထား ရှိမယ်လို့ ယူဆခဲ့တယ်။ ဒါပေမဲ့ အခု ဦးအောင်သောင်း ပြောလိုက် တာဟာ တစ်မျိုး ဖြစ်သွားစေတယ်။
နှစ်ပါတီ အောက်ခြေထု ပြဿနာ ဖြစ်နိုင်
ဦးအောင်သောင်းဟာ ဦးသန်းရွှေရဲ့ ပုံရိပ်နဲ့ ပါတီမှာ သြဇာကြီးနေတဲ့ လူဆိုတာ သိတယ်။ ပါတီထဲမှာ သူ့ရဲ့ စည်းရုံးရေးတို့၊ သူရဲ့ ပင်ကိုယ်သြဇာတို့ ဘယ်လိုရှိလဲတော့ မသိဘူး။ သူဟာ ဦးသန်းရွှေရဲ့ ရောင်ပြန် ဟပ်မှုကို ယူပြီးတော့ ပါတီမှာ နေရာရှိနေတယ်။ အဲဒီလိုလူမျိုးက ဒီလိုမျိုး သဘောထားတွေ ရှိတယ်ဆိုရင် လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ အင်အားကြီး ပါတီကြီး နှစ်ခုပဲ ရှိတယ်။ ဒီပါတီကြီးနှစ်ခုရဲ့  ဆက်ဆံရေးဟာ ဒီလို အပြောကြောင့် ပုံမှန်ဘယ်လို ဖြစ်နိုင်တော့မလဲ။
ဒေါ်အောင်ဆန်းစုကြည်ကို မတိုက်ခိုက်ပေမယ့် ကျန်တဲ့ လူတွေ အားလုံးကို၊ အကုန်လုံးကို အမှိုက်လှည်းသလို သိမ်းကျုံး ပြောတာမျိုးဆိုတော့ ဘယ်လိုမှ မှန်ကန်တဲ့ သဘောထားတွေ ရှိနိုင်မယ်လို့ မထင်ဘူး။
အခု လွှတ်တော်ထဲမှာ NLD နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တစ်ခုနဲ့တစ်ခု ပူးပေါင်း လိုက်လံ ဆွေးနွေးတာတွေ ရှိတယ်။ ဦးသိန်းစိန် အစိုးရသည်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရပဲဗျ။ ဒါတောင် NLD  နဲ့ တတ်နိုင်သမျှ ညှိညှိနှိုင်းနှိုင်း လုပ်တာတွေ ရှိတယ်။ ဒီလို အခြေအနေမှာ ဦးအောင်သောင်း ပြောဆိုတာဟာ အောက်ခြေထု တွေကြားမှာ  ဘယ်လိုမှ ပေါင်းစပ်လို့ရမှာ မဟုတ်ဘူးဆိုတဲ့ အမြင်တွေကို ဖြစ်စေတယ်။ ဒီလိုလူရဲ့ အခု ပြောဆိုမှုဟာဆိုရင် ပါတီကြီးနှစ်ခုရဲ့ အောက်ခြေမှာရှိတဲ့ လူထုတွေကြားထဲမှာ အကုန်လုံး ပြဿနာတွေ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ဒီလို အပြောအဆိုတွေကို လုံးဝ မကြိုက်ဘူးလို့ ပြောချင်တယ်။
ပါတီတွင်း အခြေခံသဘောထား ပျက်ပြားနေကြ
အခု အပြောတွေကို ကြည့်ရရင် အုပ်စုကွဲတယ်၊ မကွဲတယ် ဆိုတာကို ကျွန်တော်တော့ သိပ်မပြောချင်ဘူး။ ဒါပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲမှာ အခြေခံအားဖြင့် သဘောထား နှစ်ခုကတော့ သီးခြား ထွက်နေတယ် ဆိုတာကတော့ မြင်သာနေတာပဲ။ ဦးအောင်သောင်း အခုလို ပြောတယ်။ ဒီစကားတွေ ပြည်ခိုင်ဖြိုးပါတီ ဗဟိုက ကြားနေမှာပဲ။ ဒီလိုပဲ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ပါတီ ဗဟိုကော်မတီက ပြင်မယ်ဆိုတဲ့ သဘောထား ချမှတ်တာတောင် ဦးအောင်သောင်းက လွှတ်တော်ထဲမှာတောင် ပြင်လို့မရဘူးဆိုတဲ့ ပုံစံမျိုး ပြောတဲ့ဟာ ရှိတယ်။ ဒီလို ကွာဟမှုတွေ အများကြီး ရှိတဲ့အခါကျတော့ သူတို့အတွင်း ဘယ်လို အနေအထားတွေ ဖြစ်လဲဆိုတာ ကျွန်တော်တို့လည်း မပြောကောင်းတဲ့အတွက် မပြောတော့ဘူး။ ဒါပေမဲ့ ပါတီထဲက အခြေခံ သဘောထားတွေမှာ အများကြီး ပျက်ပြားနေတာပေါ့။
အံ့ခေါင်မင်း
မြန်မာသံတော်ဆင့်

(Finance Asia မှ 16 Jan 2014 ရက်စွဲပါ “Myanmar’s opening offers risks and opportunity” သတင်းဆောင်းပါး ကိုဘာသာပြန်ဆိုသည်။)

ရွှေရောင်မြေ The golden land ဟု တင်စားကြသော မြန်မာနိုင်ငံသည် ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးအပြီးတွင် တံခါးများကိုဖွင့်နေပြီဖြစ်သည်။ ရန်ကုန်မြို့တော်တွင် နွေးဦးပန်းများသဖွယ် ဟိုတယ်များပွင့်လန်းကာ ရင်နှီးမြှုပ်နှံသူများ လှိမ့်၍ ဝင်လာနေကြသည်။ သို့သော်မြန်မာတို့၏ တံခါးအဖွင့်သည် အခွင့်အလမ်းကြီးကြီးနှင့် အန္တရာယ်ကြီးကြီး နှစ်မျိုးလုံးကို ကမ်းပေးနေပါသည်။

Rater Telecom က ပိုင်ဆိုင်ထိန်းချုပ်ထားသော Ooredoo ကုမ္ပဏီသည် ပြီးခဲ့သောဇွန်လက စက်ကာပူ Singtel၊ အိန္ဒိယ Bharti Airtel၊ မလေးရှား Axiata အပါအဝင် နိုင်ငံတကာ ကုမ္ပဏီကြီးများနှင့် အတူတင်ဒါပွဲ အပြိုင်နွှဲခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် တယ်လီဖုန်းအော်ပရေတာ လိုင်စင် ရရှိသွားသော ကုမ္ပဏီနှစ်ခု အနက်တစ်ခုဖြစ်သည်။

ကာတာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ကွန်ယက်တည်ဆောက်လုပ်ကိုင်ရန် ၁၅နှစ်လိုင်စင်ကို နော်ဝေး Telonorနှင့်အတူ ရရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင်၎င်းလိုင်စင်နှစ်ခုကို နောက်ဆုံးအတည်ပြုချက်ပေးရာတွင် ကြန့်ကြာ လျက်ရှိသည်။

“၂၀၁၃ နှစ်မကုန်ခင် လိုင်စင်ရမယ်လို့ ကျွန်တော်တို့ကို ပြောထားပါတယ်။ အခုဇန်နဝါရီ ၁၆ရက်ဆိုတော့ သီတင်းပတ် အနည်းငယ်နောက်ကျနေပါပြီ။ ကျွန်တော်တို့ရထားတဲ့ သတင်းအရ လပိုင်းလောက်မစောင့်ရရင်တောင် နောက်ထပ်ရက်ပိုင်းဖြစ်စေ၊ သီတင်းပတ် အနည်းငယ်ဖြစ်စေ ကြာဦးမယ်လို့ ဆိုပါတယ်” ဟု Ooredoo၏ မြန်မာ နိုင်ငံဆိုင်ရာ chief strategy officer နစ်ဆွာဇီက ဟောင်ကောင်တွင် ကျင်းပသော အာရှပစ္စဖိတ် ရင်နှီးမြှုပ်နှံမှု ကွန်ဖရင့်တစ်ခုတွင် ပြောကြားသည်။

တစ်ကမ္ဘာလုံးနှင့် ကြာမြင့်စွာ အဆက်ဖြတ်ထားခဲ့သော မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံထက် လေးပုံတစ်ပုံပို မိုကျယ်ဝန်းပြီး ကမ္ဘာတွင် မတိုမထိရသေးသော ဈေးကွက်အနည်းထဲမှ တစ်ခုအဖြစ် ကျန်ရှိနေသည်။ အပြစ်တင်စရာ မဟုတ်သော်ငြားလည်း McDonald နှင့် Starbucks ဆိုင်များမရှိသေးခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လမ်းကြောင်းများ မြန်မာနိုင်ငံကို ဖြတ်သွားမှု အတိုင်းအတာကို ညွန်ပြနေခြင်းဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတံခါးဖွင့်ရန်ပြင်ဆင်ခြင်းနှင့် အတူနိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကလည်း တစ်တပ် တစ်အားပါဝင် ဆင်နွှဲကြရန် တိုးဝှေ့လျက်ရှိကြသည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာကုမ္ပဏီများကို တံခါးဖွင့်ပေးထားပြီ ဖြစ်သောကြောင့် ဘဏ်လုပ်ငန်းရှင်များကလည်း ယခုနှစ်အတွင်း စတင်လုပ်ကိုင်နိုင်အောင် သဘောတူ ခွင့်ပြုချက်ရရှိရန် မျှော်လင့်နေကြသည်။ ဟောင်ကောင်ဘဏ်လုပ်ငန်းရှင်တစ်ဦးက “မြန်မာနိုင်ငံဟာ လွန်ခဲ့သော နှစ်အနည်းတုန်းက မွန်ဂိုလီယားပုံစံနှင့် တူနေပါတယ်။ ဒီနှစ်ထဲမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပိုလုပ်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံသည် ယင်း၏ အခြေခံအဆောက်အဦးစနစ်ကို တည်ဆောက်ရန်လိုအပ်နေပြီး၊ သို့မှသာ လူဦးရေ ၆၃သန်းရှိသော လတ်လတ်ဆတ်ဆတ် ဈေးကွက်ထဲသို့ Ooredooနှင့် Telenor ကဲ့သို့သော နိုင်ငံတကာကုမ္ပဏီများ ခြေချရန် မျှော်လင့်နိုင်ပေလိမ့်မည်။(မိုဘိုင်းဖုန်း ပျံနှံ့သုံးစွဲမှုနှုန်း ၁၀ရာခိုင်နှုန်းပင် မရှိသော မြန်မာနိုင်ငံသည် ကျန်အာရှတစ်တိုက်လုံးနှင့် အလှမ်းကွာလွန်းနေသည်။)

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် အာရှ၏ အချုပ်ချယ်ဆုံးတိုင်းပြည်ထဲတွင် ပါဝင်နေဆဲပင်ဖြစ်သည်။ သာဓက အနေဖြင့် မြန်မာနိုင်ငံသို့ ဝင်မည့်သတင်းထောက်များ ဗီဇာလျှောက်ထားရာတွင် အခက်အခဲများရှိနေကြသလို။ နိုင်ငံခြားရင်နှီးမြှုပ်နှံသူများ အပေါ်အစိုးရက ဘယ်လိုပုံစံနဲ့ဆက်ဆံမလဲ ဟူသောကိစ္စနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စများနှင့် ပတ်သက်ပြီး သံသယဖြစ်စရာ၊ စိုးရိမ်စရာများရှိနေသည်။

တပ်မတော်ပိုင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်နှင့် စင်ကာပူ Fraser & Neave (F&N)တို့အကြား ဖက်စပ် လုပ်ကိုင်နေသော Myanmar Brewery နှင့်ပတ်သက်သည့် အငြင်းပွားမှုကိုလည်း ရင်နှီးမြှုပ်နှံသူများက အနီးကပ် စောင့်ကြည့် အကဲခတ်နေကြသည်။

ထိုင်းသန်းကြွယ်သဌေး ဆရီနာဒါနာဗာကီ ထိန်းချုပ်ထားသောကုမ္ပဏီများက F&Nကို လွှဲယူကာ တစ်ဆက်တည်း Myanmar Brewery ရှိ F&N၏ ရှယ်ယာ ၅၅ရာခိုင်နှုန်းကိုလည်း လွှဲယူသွားပြီးနောက်တွင် ပြဿနာ ပေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာစီးပွားရေးဦးပိုင်လီမိတက်က Myanmar Brewery ရှိ F&N၏ ရှယ်ယာ ၅၅ရာခိုင်နှုန်းကို ၎င်းတို့လည်း ဝယ်ယူခွင့်ရှိရမည်ဟု စောဒကတက်ခဲ့ပြီးနောက် F&N ကုမ္ပဏီကို တရားစွဲဆိုခဲ့သည်။

ရန်ကုန်မြို့တွင် မိုဘိုင်းဖုန်းများ လိုင်းကြပ်မှုကြီးထွားလာသည့် အခြေအနေ(အခွင့်အလမ်း)ကြောင့် လိုင်စင်ရ အော်ပရေတာများအနေဖြင့် အန္တရာယ်များကို မမှုတော့သည့် လက္ခဏာရှိပါသည်။ နှောင့်နှေးကြန့်ကြာမှုများ ရှိနေသော်ခြားလည်း အော်ပရေတာတင်ဒါရွေးချယ်သည့် လုပ်ငန်းစှုသည် သန့်ရှင်းမှုရှိခဲ့ကြောင်း Ooredoo၏ CEO ဆွာဇီက ချီးကျူးပြောကြားပါသည်။ အကယ်၍ ဇန်နဝါရီလ(သို့)ဖေဖော်ဝါရီလဆန်းရောက်မှ လိုင်စင် အတည်ပြုချက် ရရှိသည့်တိုင်အောင် လုပ်ငန်းစဉ်၏ ရှုပ်ထွေးသော သဘာဝကြောင့် ကျိုးကြောင်းဆီလျော်ရှိပါသည်ဟု ဆွာဇီက မှတ်ချက်ပေးသည်။

တင်ဒါပြိုင်သူ ကုမ္ပဏီအချို့က ပြည်တွင်းမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဖက်ဆပ်လုပ်လျှင်ပိုကောင်းမည်ဟု ယူဆကြသော်လည်း အရွေးချယ်ခံ ကုမ္ပဏီနှစ်ခုစလုံး နိုင်ငံတကာကုမ္ပဏီစစ်စ်ဖြစ်နေခြင်းက လုပ်ငန်းစဉ်ဖြောင့်ဖြောင့် တန်းတန်း လည်ပတ်စေမည့် အချက်ဖြစ်သည်ဟု Ooredoo၏ မြန်မာနိုင်ငံဆိုင်ရာ CEO ဆွာဇီက ပြောကြားသည်။

ပြည်တွင်းအကဲခတ်လေ့လာသူများက မှတ်ချက်ပေးရာတွင်မှု “မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများကို တစ်ဦးတည်လက်ဝါးကြီးလုပ်ကိုင်နေသည့် တပ်မတော်အစိုးရ ဒေါက်တိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPTသည် ဝန်ဆောင်မှု ဆိုးဆိုးဝါးဝါးညံ့ဖျင်းလွန်းသည့်အပြင်၊ အရပ်ဖက်အစိုးရလက်ထက်သို့ ရောက်နေသည့်တိုင်အောင် Internet connection နှေးကွေးလွန်းသည့် ပြဿနာကို ယခုအချိန်ထိ ပွင့်လင်းမြင်သာထိရောက်စွာ ဖြေရှင်းခြင်းမပြုပဲ ဝါးတားတားလုပ်နေသည်” ဟု ဝေဖန်ပြောကြားကြသည်

Yangon chronicle

ရေးသားသူ၏ အာဘော်သာဖြစ်ပါသည်.....

ဦးသန်းရွှေ အနားယူသည်။ မည်သူမျှ မထင် အနည်းဆုံး အာဏာကို တနည်းနည်း တဖုံဖုံဖြင့် ချုပ်ကိုင်ထားအုံးမည်ဟု ယူဆခဲ့ကြသည်။ လွဲသည်။ နောက်တက်မည့် အစိုးရ အတွက် Power house ၃ ခုကို စိတ်ကြိုက် ရွေးချယ်ပြီး စနစ်တကျ ချန်ရစ်ခဲ့သည်။ နိုင်ငံတော် သမ္မတ၊ လွှတ်တော်ဥက္ကဌ၊ ကာကွယ်ရေး ဦးစီးချုပ်။
လွှတ်တော်နှင့် အစိုးရအဖွဲ့အကြားတွင်သာမက စစ်တပ်ကိုပါ ထပ်ပေါင်း၍ Power struggle ဖြစ်စေရန် စီမံထားခဲ့သည်။ လှသည်။ သမ္မတ ၊ ဒုသမ္မတ ၊လွှတ်တော်ဥက္ကဌ၊ ကာကွယ်ရေး ဦးစီးချုပ် စသည့် နေရာလေးနေရာကို ယခင် စစ်အုပ်ချုပ်ရေး ကာလက ရှိပြီးဖြစ်သော စီနီယာစဉ်အတိုင်း မဟုတ်ဘဲ shuffle လုပ်ခဲ့သဖြင့် အာဏာရပါတီ၏ အစိုးရအဖွဲ့အတွင်း အဖုအထစ်များ မကျေမနပ်ဖြစ်မူများ ချန်ရစ်သွားခဲ့သည်။ အကုန်လုံး စုစုစည်းစည်းနှင့် သင့်မြတ်နေလျှင် ၄င်းအတွက် အန္တရာယ်များသည်။ အရေးကြုံလျှင် လွှမ်းမိုးရန် ခက်ခဲမည်။ ပိုဆိုးပါက အန္တရာယ်ပင် ပြန်ပေးနိုင်သည်။

မည်သည့်အတွက်ကြောင့်ဟု တိတိပပ မသိရသော်ညား ဒုတိယ သမ္မတ သီဟသူရ တင်အောင်မြင့်ဦး နှုတ်ထွက်မူသည် ထူးခြားသည်။ အယုံကြည်ရဆုံး၊ လွှမ်းမိုးရန် အလွယ်ဆုံး၊ သစ္စာအရှိဆုံးနှင့် အရေးအပါဆုံး ဖြစ်မည်ဟု ထင်သူကိုသေနတ်ပေးခဲ့သည်။ ကျန်လူများကို ခေါင်းပေါင်းနှင့်
ချိတ်ထမီ ( ဆောရီး ) ပုဆိုးသာ ပေးခဲ့သည်။ သေနတ်သည် ပစ်၍ ရသည်။ နထင်အား ထောက်ထားနိုင်သည်။ ရင်ဝကို ချိန်ထားနိုင်သည်။
ခေါင်းပေါင်းနှင့် ချိတ်ထမီသည် ပစ်၍ မရ။

ဦးသန်းရွှေ မဖန်တီးဘဲ ထွက်ပေါ်လာခဲ့သည့် တစ်ခုတည်းသော Power house မှာ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ။
ဦးသိန်းစိန် သမ္မတ ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်သည့် နောက်ပိုင်း အနောက်နိုင်ငံများ၏ ဖိအားပေးမူ အနည်းငယ် လျော့ကျနေသည့် အချိန်လည်းဖြစ်သည်။ မြစ်ဆုံကို ရပ်နားဆိုင်းငံ့သည်။ ပို၍ ပေါ့ပါးသွားသည်။ ကနဦး ကတိက၀တ်များအတိုင်း လုပ်ရန်ရှိသည်များကို အစဖော်သည်။ Political reform , economy reform, Peace reform။ အစ ဖော်သည် မှန်သည် အဆုံးမသတ်နိုင်သေး။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ NLD ပါတီကို ရွေးကောက်ပွဲ ၀င်ခွင့် ပေး"ရ"သည်။
ပေးခဲ့သည်မဟုတ်။ မပေးလျှင် ရုပ်ဆိုးမည် ဖြစ်၍ ပေး"ရ"သည်။ ထင်ထားသည်ထက် ပို၍ကောင်းသော ရလာဒ်မျိုးဖြင့် NLD ကြားဖြတ် ရွေးကောက်ပွဲတွင်
အောင်ပွဲခံသည်။ လက်ရှိအစိုးရ shock ဖြစ်သည်။ ကြံ့ဖွံ့ပါတီ shock ဖြစ်သည်။
NLD ပါတီ Shock ဖြစ်သည်။ ပြည်သူ shock ဖြစ်သည်။ NLD သည် ပြိုင်ဘက် ကြံ့ဖွံ့ပါတီနှင့် အာဏာရ အစိုးရ ဖွင့်ပေးသည့် အတိုင်းအတာထက်ပို၍ အထဲသို့ရောက်သွားသည်။ NLD သည် ၄င်းတို့ ပေးသလောက်သာ မယူ ပို၍ ယူပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် လမ်းစ မထင်မှတ်ပဲ ထင်ထားသည့်
အချိန်ထက် စော၍ပေါ်လာသည်။ ကြံ့ဖွံ့အကြီးအကဲများအတွက် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုသည့် ကိစ္စကြီးကို မရောက်ခင်က ကြောက်နှင့်ပြီ ဖြစ်သွားသည်။ မကြောက်၍ မရ။ လက်ရှိ အခြေအနေ လက်ရှိ နိုင်ငံရေး image အရ ပြီးစီးသွားခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ အတိုင်း မျှမျှတတ ယှဉ်ပြိုင်လျှင် NLD ကို မည်သို့မျှ နိုင်ဖွယ်မရှိကြောင်း မဲအရေအတွက်နှင့် ဆိုင်ရာ မဲဆန္ဒနယ်များမှ အနိုင်အရှုံး ရလာဒ်များက အထင်အရှား သက်သေရှိနှင့်ပြီ။
အထူးသဖြင့် စစ်တပ်မြို့ ပြင်ဦးလွင်နှင့် နေပြည်တော် တစ်ဝိုက် NLD အောင်ပွဲခံခဲ့ခြင်းက ထူးခြားသည်။

ကြံ့ဖွံ့ပါတီနှင့် အာဏာရ အစိုးရသည် ယခင် စစ်အစိုးရ လက်ထက်က ကဲ့သို့ တသွေး တသံ တမိန့် တသန်းရွှေ တကြိုင်ကြိုင် ခေတ် မဟုတ်တော့။ ဦးသန်းရွှေသည် ၄င်း၏ လက်ထက်က ထင်းအစည်းကဲ့သို့ ရှိခဲ့သော အာဏာကို ချိုးလွယ်ဖဲ့လွယ်ရန် ခွဲ၍ ပေးခဲ့သည်။ သူမသာ ကိုယ်မသာ ထင်ရာစိုင်းခွင့်နှင့် လုပ်ပိုင်ခွင့်။ ကြားဖြတ်ရွေးကောက်ပွဲ NLD အနိုင်ရရှိမူသည် ကြံ့ဖွံ့အတွက် ကြီးစွာသော သတိပေးခေါင်းလောင်းသံဖြစ်သည်။ ယင်းအကျိုးဆက်ကြောင့် ကိုယ်ထင်ရာ စိုင်းလိုသူ နောက်ကြောင်းပြန်လိုသူ ရှုပ်ရှုပ်ထွေးထွေး ဖြစ်စေလိုသူများ ရှိလာသည်။ လက်တန်ရှည်ကြသူများ ဖြစ်လေရာ နောက်ကွယ်မှာ နေနိုင်ကြသည်။ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသည်တွင် ရခိုင်ကိစ္စ ဖြစ်လာသည်၊ မိထ္တီလာကိစ္စ ဖြစ်သည်။ လားရှိုးကိစ္စ ဖြစ်သည်။ ဟိုကိစ္စ ဒီကိစ္စ ဖြစ်လာသည်။ သပိတ်ကျကွဲသည်။ လူသေသည်။ NLD နှင့် တည်ပေးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တည်ပေးသည်။

အဆိုးဆုံးမှာ အရေအတွက် များသည်ဟု ယူဆနိုင်ဖွယ်ရှိသော ရခိုင်တွေ
ဒေါ်အောင်ဆန်းစုကြည်ကို အမြင်မကြည်လင်မူများ ရှိလာသည်။ မကြင်လင်အောင် ဖန်တီး၍ ရိုးရိုးသားသား အမြင်မကြည်ခြင်းသာ ဖြစ်သည်ဟု ယူဆသည်။ ကချင်စစ်ပွဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တည်ပေးသည်။
ဒေါ်အောင်ဆန်းစုကြည် ဘာမှ လုပ်မပေးနိုင်ဘူးဟု ညည်းညူရှာသော ကချင်ဒုက္ခသည်တွေ မီဒီယာပေါ် တက်လာသည်။ လက်ပံတောင်း ပြဿနာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် "တရားဝင်" တည်ပေးပြန်သည်။ လက်ပံတောင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည်အား နင်မဲငဆ ရန်တွေ့သည့် အဆင့် ရောက်တော့မည့် လက္ခဏာများ မြင်ရသည်။ ဒေါ်အောင်ဆန်းစုကြည်လည်း မတတ်နိုင်ပါဘူးဟု စိတ်ပျက်လက်ပျက် ပြောကြသူများ ရှိလာသည်။ ဘာသာရေး ပဋိပက္ခများ ရှိလာသည့် နောက်ဆက်တွဲ လူနည်းစု အစ္စလာမ်များဘက် ဒေါ်စု တဖက်သတ် ရပ်တည်သယောင် ဟောပြောလာသည်။ လက်ကိုင်တုတ်အဖြစ် အစွန်းရောက် ဘုန်းတော်ကြီးများကို အသုံးချသည်။ နိုင်ငံရေး ဟောပြောပွဲများမှ ဆိုလျှင် မဖြစ်နိုင်သည့်အတွက် ဘာသာရေး ဟောပြောပွဲများမှ ၀ါဒဖြန့်ခြင်းသည် ၀ိနည်းလွှတ်သည်။ ရွေးကောက်ပွဲ နည်းလာသော ယခုလို အချိန်တွင် လူပိန်းကြိုက် မျိုးစောင့် ဥပဒေကြမ်းဆိုသည်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား မဲ မပေးစေရန် အထိ လှည့်ကာပတ်ကာ ဟောပြောနေမူများ ခပ်စိတ်စိတ် ကြားနေရသည်။

မည်သည့် ဘာသာမဆို ကိုးကွယ်နိုင်ပြီး ဘာသာရေး လွှတ်လပ်ခွင့် ပေးထားသည် ဆိုသော်လည်း အခြား ဘာသာခြားများအား ထိခိုက် စော်ကား နေမူကို ကိုင်တွယ်ရာတွင် ညံ့ဖျင်းသည်။ ညံ့ဖျင်းချင်ယောင် ဆောင်နေခြင်းလည်း ဖြစ်နိုင်သည်။ ၉၆၉ တံဆိပ်နှင့် လှုပ်ရှားမူများ အရေးယူမည်ဟု ဦးသူရရွှေမန်း အမေရိကန်တွင် ပြောသည်။ စတစ်ကာ ခွာသူ အဖမ်းခံရသည်။ ယခုနောက်ဆုံး မြစ်ဆုံ။ ဒေါ်အောင်ဆန်းစုကြည်နှင့် တည်ပေးနိုင်ရန် ကြိုးစားနေကြသည်။ အဓိက အကြောင်းမှာ ရွေးကောက်ပွဲ မတိုင်မှီ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ပုံရိပ် လျော့ပါးစေရန် ဖြစ်သည်။ ၂၀၁၅ သည် လိုသေးသည်။ ကြားကာလအတွင်း NLD ပါတီတွင်း ပြဿနာများ အသေးအဖွဲ ကိစ္စရပ်များကို လက်ကိုင်တုတ် မီဒီယာ စာမျက်နှာများမှတဆင့် ပုံကြီးချဲ့ကြမည်။

၂၀၁၄ ခုနှစ်တွင်း ဘာသာရေး ပဋိပက္ခထက် ပါတီချင်း ပဋိပက္ခများ အပုပ်ချမူများ ချောက်ချမူများသာ ပြည့်လျှံနေမည့် နှစ်ဟု ခန့်မှန်းမိသည်။
၎င်းတို့အကြံ မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ NLD အောင်ပွဲခံမည်။
၎င်းတို့အကြံ အောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ အမတ်အရေအတွက် ထင်ထားသည်ထက် နည်းနိုင်သော်လည်း NLD အောင်ပွဲခံအုံးမည်။

ကျွန်တော့် အမြင်ပါ

ညီသစ်

ယခုအခါ မြန်မာ့ဒီမိုကရေစီနှင့် ပတ်သက်၍ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချ တိုက်ခိုက်မှုများကို ဆန့်ကျင်ဘက် အုပ်စု တစ်စုက သွယ်ဝိုက်၍လည်းကောင်း၊ တိုက်ရိုက်လည်းကောင်း ခြုံခိုတိုက်ခိုက်မှု များရှိနေကြောင်းသိရသည်။

မြန်မာပြည် ဒီမိုကရေစီစနစ် ဖြစ် ထွန်းရေးကို မလိုလားသောသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထု ကို ကွဲကွာသွားအောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုတစ်ရပ်လုံး အထင်မှား၊ အမြင်မှားဖြစ်ပြီး နာကြည်း မုန်းတီးအောင် ဘာသာရေး၊ လူမျိုးရေးနှင့် ဦးတည် တိုက်ခိုက်နေသည်ကို ပြည်သူများကလည်း သိရှိကြသည်။

ယခုလောလောလတ်လတ်မှာမူ ပြည်သူ ပရိသတ်အပေါ်မှာ ဩဇာရှိသော ဘာသာရေးဘက်တွင် အလွန်ထင်ရှားသော အရှင်ညာဏိဿရကို အကြောင်းပြုပြီး တိုက်ခိုက်လာပြန်သည်။
မွန်းတည့်နေအမည်ရှိ ဂျာနယ်တွင် လက်ရှိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် အမျိုးသာသနာ မှေးမှိန်နိုင်စရာရှိသည်ဟု ယုံကြည်နေကြသဖြင့် လက်ရှိ သမ္မတဦးသိန်းစိန်ကို ထောက်ခံမဲပေးရန် သီတဂူဆရာတော်က မိန့် ကြားလိုက်ကြောင်း ဟု ရေးသားထားသည်။
ယခုကိစ္စတွင် အရှင်ဝီရသူ ကိုယ်တိုင်ကလည်း သတင်းလုပ်ကြံဖြန့်ခဲ့ကြောင်း သိရသည်။

ဤကိစ္စနှင့် ပတ်သက်၍ ဆရာတော်ဘုရား အရှင်ညာဏိဿရထံလျှောက်ထားရာ ဆရာတော်က ၁၅ ရက်နေ့ကဟောတဲ့တရားRecord မှာ ၁၉ ရက်နေ့ ရန်ကုန်ကိုယူလာမယ်။ အဲဒီအခွေကိုနာထောင်ကြည့်ရင် အားလုံးရှင်းသွားမယ်။ ဦးဇင်းဝီရသူကိုလည်း ကျုပ်ရှင်းခိုင်းထားတယ်။ ဝီရသူ အဲဒါတော့ရှင်းပေးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကို မဲမထည့်နဲ့လို့ ဟောသလား၊ ဆရာတော်က ပြောသလား၊ မင်းတို့ရှင်းကြကွာလို့ ပြောလိုက်တယ်၊ မင်း ငါ့ကိုအသုံးချတယ်၊ မင်းတို့ ဘယ်လိုလုပ်မလဲလို့ပြောလိုက်ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘုန်းဘုန်းဖုန်းဆက်ပြော ပြီးပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ နားလည်မှုရှိပါတယ်။ ဆရာတော် ဟောခဲ့တဲ့တရားကို နာလိုက်ရင်ပြီးတာပဲ။ ကျုပ်ဒီကိစ္စမှာပါလဲမပါဘူး၊ ပြောလဲမပြောဘူး။
ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ ကျုပ်ရှိတယ်။ ကျုပ်ဟာလဲ ပြည်သူလူထု ကျန်းမာရေး၊ ချမ်းသာရေး လုပ်နေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြည်သူလူထုအကျိုး ဆောင်ရွက်နေသူပဲ။ ဘယ်သူ့ကို မဲထည့်ပါ၊ ဘယ်သူ့ကို မထည့်ပါနဲ့ဆိုတာ ကျုပ်ပြောကို မပြောဘူး ဟု ဆရာတော်ဘုရားက မိန့်ကြားလိုက်ပါသည်။

ဆရာတော် ဝီရသူသည် လက်ရှိ အာဏာရသူတို့ဘက်က ရပ်တည်ဟောပြော လုပ်ဆောင်နေသူဖြစ်သည်ဟု ပြည်သူကြားထဲမှာ ယုံကြည် နေသည်ကို ယခုကိစ္စက ပို၍သေချာခိုင်မာအောင် သက်သေပြလိုက်ခြင်းပဲ ဖြစ်သည်ဟု ဝေဖန်နေကြသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.