01/24/14

အေးနိုင်- DVB- 23-1-2014

ရှမ်းပြည်နယ် နမ့်စန်မြို့ရှိ တပ်မတော်လေယာဉ်ကွင်းမှာ ခေတ္တလေယာဉ်ဆင်းသက်ခွင့် မရရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို ပြောင်းလဲပြီး စီစဉ်ထားတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် ၃ မြို့နယ်ခရီးစဉ်အတွက် နေပြည်တော်ကနေ လေယာဉ်နဲ့ ထွက်ပြီး နမ့်စန်မြို့က လေယာဉ်ကွင်းမှာ ဆင်းဖို့ လွန်ခဲ့တဲ့ ရက်ပိုင်းက မေတ္တာရပ်ခံ တင်ပြထားတာဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံကိုပါ မေတ္တာရပ်ခံ ထားတာပါ။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံက တစုံတရာ အကြောင်း ပြန်ကြားမှု မရှိတဲ့အတွက် ဟဲဟိုးလေယာဉ်ကွင်းမှာပဲ ဆင်းပြီးခရီးစဉ်ကို ဆက်လက်စီစဉ် လိုက်တယ်လို့ ခရီးစဉ်အတွက် ဆောင်ရွက်သူတဦးဖြစ်တဲ့ ဦးရဲလှိုင်က ပြောပါတယ်။

“ကာကွယ်ရေး ဦးစီးချုပ်အထိ ပို့တဲ့ဟာကို မနေ့က အထိ အကြောင်းမပြန်ဘူး။ ဒီနေ့ အချိန်အထိ အကြောင်း မပြန်သေးဘူး။”

ဌာနေပြည်သူ့စစ် ဟိုမိန်းအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိုးနဲအထက်ဘက် ဆိုက်ထယ်ရွာမှာ တွေ့ဆုံနိုင်ဖို့ ကနဦးပိုင်းတုန်းက စီစဉ်ထားချက်ဟာလည်း စစ်တိုင်းမှူးက တားမြစ်တဲ့အတွက် ဖျက်လိုက်ရတယ်လို့ ဦးရဲလှိုင်က ပြောပါတယ်။

“ဟိုမိန်းအဖွဲ့က ပထမ တွေ့မယ်ပြောတော့ အန်ကယ်ဦးဝင်ထိန်တို့နဲ့ တွေ့လို့ရမယ့် အစီအစဉ်တွေလုပ်တော့ နောက်တော့ စစ်တိုင်းမှူးက မင်းတို့နဲ့ မဆိုင်ဘူး မင်းတို့ မတွေ့ရဘူးပြောတော့ အဲဒီ အစီအစဉ်က ပျက်သွားတယ်။ သူတို့က တွေ့ချင်တယ် နောက်တော့ စစ်တိုင်းက ဖိအားပေးလို့ မတွေ့ရဘူးလို့ သူတို့ တာဝန်ခံက ကျနော်ကို အဲလို ပြောပါတယ်ခင်ဗျ။”
________________________________
Ref: http://burmese.dvb.no/?p=50704

ကျုပ် မြို့နယ်ကျောင်းသား သမဂ္ဂဥက္ကဌ လုပ်ဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် ကျောင်းသားခေါင်းဆောင်ရယ်လို့ မပြောဘူး။ ကျုပ် ဂျာနယ်ကြီးတွေ၊ မဂ္ဂဇင်းကြီးတွေမှာ ကဗျာတွေရေးဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် ကဗျာဆရာရယ်လို့ မပြောဘူး။ ကျုပ် ဒီချုပ်လို နိုင်ငံရေးအဖွဲ့အစည်းကြီးတည်ထောင်ရာမှာ ပါဝင်ခဲ့ဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် နိုင်ငံရေးသမားရယ်လို့ မပြောဘူး။

စာနယ်ဇင်းလောကမှာ ကျုပ်ဘဝစုံခဲ့တယ်။ နိုင်ငံခြားရောက်နေတုန်း သတင်းစာထုတ်တယ်။ အရေးတော်ပုံကာလမှာ သတင်းစာထုတ်တယ်။ ထောင်ထဲနေရတုန်း သတင်းစာထုတ်တယ်။ (“ဒီလှိုင်း” ဟာ ထောင်ထဲက ကျုပ်တို့ရဲ့ သတင်းစာနာမည်ပေါ့) ဆယ်ကျော်သက်ကတည်းက နာခဲ့တဲ့ သတင်းသမားဘဝ ကျုပ်တွယ်တာတယ်။ ဒီတော့ သူစိမ်းသူရံဆံလာမေး။ ခင်ဗျား ဘာကောင်လဲ။ ကျုပ်အဖြေက သတင်းသမား။ မိတ်ဆွေက မေးမေး၊ ရန်သူက မေးမေး၊ ဒီအဖြေပဲ။

မနေ့တစ်နေ့က ကြုံဆုံပွဲလေးတစ်ခုမှာ ကျုပ်က နိုင်ငံရေးသမားမဟုတ်ဘူး ပြောမိတယ်။ ကျုပ်ရဲဘော်ကြီး တစ်ယောက်က မာန်လိုက်တာဗျာ။ တစ်ခန်းလုံးကို ညံသွားတာပဲ။ ခင်ဗျားဟာ နိုင်ငံရေးသမားတဲ့။ နိုင်ငံရေးသမားလို့ပြောရာမှာ မရွံ့နဲ့တဲ့။ နိုင်ငံရေးသမားဆိုတာ တိုင်းရေးပြည်ရာလုပ်တဲ့သူတဲ့။ ကြီးမြတ်တယ်တဲ့။

အတော်ခက်တဲ့လူပဲ။ ကျုပ်က ဘာပြောလို့လဲ။ နိုင်ငံရေးသမား အလကားလို့ ပြောတာမှ မဟုတ်တာ။ နိုင်ငံရေးသမား ကိုယ်ကျိုးရှာလို့ ပြောတာမှမဟုတ်တာ။ နိုင်ငံရေးသမား ဘေးတွေ့ပြေးရှောင်လို့ ပြောတာမှ မဟုတ်တာ။ နိုင်ငံရေးသမား ထောင်သံကြား နားပိတ်တယ် ပြောတာမှ မဟုတ်တာ။ ကျုပ်နိုင်ငံရေးသမား မဟုတ်ဘူးလို့ ပြောရုံပြောတာပဲ။ သတင်းသမားပါလို့ ပြောရုံပြောတာပဲ။

ကျုပ်က သတင်းသမားလုပ်တဲ့အခါ နိုင်ငံရေးကြမ်းခင်းလုပ်တာ။ ကျုပ်ရဲ့ သတင်းသမားဘဝက နိုင်ငံရေးဉာဏ်နဲ့။ နိုင်ငံရေးမာန်နဲ့၊ နိုင်ငံရေးဟန်နဲ့၊ နိုင်ငံရေးဈာန်နဲ့ ကုန်းရုန်းကြုံးစုန်းခဲတဲ့ ဘဝဗျ။ နိုင်ငံရေးကို လျှော့ဈေး၊ အပျော့ဈေးနဲ့ ဖွဖွလေး လုပ်ခဲ့တာ မဟုတ်ဘူး။ ဒီတော့လဲ မင်းဘာကောင်လဲမေးလာလို့ကတော့ သတင်းသမားပါလို့ ဖြေမှာပေါ့။

နိုင်ငံရေးသမားလို့ မပြောတာ ဘာကြောင့်လဲသိလား။ ကျုပ်က နိုင်ငံရေးသမားကို လေးစားလို့။ ကျုပ်ကိုယ်ကျုပ်နိုင်ငံရေးသမားလို့ လက်မထောင်ရမှာ အားနာလို့။ ရှက်ရွံ့လို့။

ကျုပ်က နိုင်ငံရေးသမားရယ်လို့ မကြွားဝံ့ဘူး။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူရယ်လို့ပဲ ဝန်ခံတယ်။

ကျုပ်ကို ဒီချုပ်တည်ထောင်ရာမှာ ပါဝင်ဖို့ဖိတ်တော့ ကျုပ်ငြင်းခဲ့တယ်။ “ကျွန်တော် နိုင်ငံရေးနားမလည်ဘူးဗျာ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူပါ” လို့ ကျုပ်တို့ ခေါင်းဆောင်ကို ပြောပြခဲ့တယ်။ ဒီချုပ်ထဲ မလွဲမရှောင်သာ ပါဝင်လာရတော့လည်း ကျုပ်ရဲ့နိုင်ငံရေး နဖူးတွေ့ဒူးတွေ့သက်တမ်းက လပိုင်းလောက်ပါဗျာ။ ငါးပုံလေးပုံက ထောင်ထဲမှာ နိုင်ငံရေးလှုပ်ရှားခဲ့ရတာ။ ဒါ့ကြောင့် နိုင်ငံရေးလှုပ်ရှားသူရယ်လို့ ကိုယ့်ကိုယ်ကို တံဆိပ်ကပ်တာပါ။

ဒီလိုပါပဲ။ ရှစ်လေးလုံးအရေးတော်ပုံမှာ သြဂုတ် ၈ ရက်မနက် ဆန္ဒပြချီတက်ပွဲမှာ ကျုပ်ပါဝင်ခဲ့တယ်။ ကျုပ်ကိုယ်ကျုပ် အရေးတော်ပုံတပ်သားလို့သာ တံဆိပ်ကပ်ခဲ့တယ်။ အညတြ လူထုထဲက လူတစ်ယောက် (အရေးတော်ပုံ တပ်သားတစ်ယောက်) အဖြစ် သတ်မှတ်ခဲ့တယ်။

ကျုပ်က ကျုပ်ထက်ပိုပြီး ဒေါင်ဒေါင်မြည်တဲ့သူတွေကို အားနာလို့ နိုင်ငံရေးသမား တံဆိပ်မကပ်ဘဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူရယ်လို့ တံဆိပ်ကပ်ပေမယ့် နိုင်ငံရေးသမားထိရင် မချိအောင်နာတတ်တယ်ဗျ။

တစ်လောက “မြန်မာသံတော်ဆင့် ဂျာနယ်” မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ခေါင်းဆောင်ကြီးဦးအောင်သောင်း (ဦးသန်းရွှေရဲ့ ညာလက်ရုံး) ရဲ့အင်တာဗျူးပါလာတယ်။ ဒီချုပ်ထဲက နိုင်ငံရေးသမားတွေကို ပုတ်ခတ်ရှုပ်ချ အမနာပ ပြောတယ်။ ကျုပ်နှုတ်ကြမ်းလျှာကြမ်း ခွန်းတုံ့ပြန်လိုက်တယ်။ တစ်နေ့ကတော့ “မက်ဆင်ဂျာ ဂျာနယ်” မှာ ဦးအောင်သောင်း အင်တာဗျူးပါလာပြန်တယ်။ ကျုပ်နာမည်သုံးပြီး ပြေရာပြေကြောင်းစကားကောင်းတွေ ပြောတယ်။ ဒီချုပ်ထဲက နိုင်ငံရေးသမားတွေကို ပုတ်ခတ်မပြောပါဘူးတဲ့။ သတင်းထောက် မှားရေးတာ ပါတဲ့။

ဦးအောင်သောင်းရဲ့ အင်တာဗျူးတစ်ခုလုံးက လူကြီးပီသကြောင်းကျိုးမျှတယ်။ ကျုပ်ခမျာ ဘာများကော တတ်နိုင်ဦးတော့မှာလဲ။ ဦးအောင်သောင်းရေ လွန်တာရှိ ဝန်တာမိပါခင်ဗျာ။ နိုင်ငံရေး ယဉ်ကျေးမှုဆိုတာ ဒါမျိုးပဲပေါ့ဗျာ။

ကျုပ်သဘောကတော့ နိုင်ငံရေးကိုလည်း ဦးထိပ်ထားတယ်။ နိုင်ငံရေး အဖွဲ့အစည်းကိုလည်း ရှေ့တန်းတင်တယ်။ နိုင်ငံရေး စိတ်ဓါတ်ကိုလည်း ကြည်ညိုတယ်။ နိုင်ငံရေးသမားကိုလည်း လေးစားတယ်။ နိုင်ငံရေးစကားကိုလည်း တန်ဖိုးထားတယ်။

ဒီခေတ်ဒီအခါမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အများကြီးလိုတယ်။ လူငယ်အားသစ်တွေ နိုင်ငံရေး လုပ်ကြရမယ်။ ချက်ချင်းလက်ငင်း နိုင်ငံရေးသမားတွေကွ ဟေ့ လို့ လက်မ မထောင်ကြပါနဲ့။ ခြ တစ်ပုံ ပျားတစ်အုံလိုပဲ နိုင်ငံရေးပါတီတွေကို ဝန်းရံရမယ်။ နိုင်ငံရေးအဖွဲ့အစည်းမှာလည်း လှုပ်ရှားသူတွေ အများကြီးရှိဖို့လိုပါတယ်။

ကျုပ်တို့တစ်တွေ သေချိန်လည်း နီးကြပါပြီ။ လူငယ်အားသစ်တွေဆီ နိုင်ငံရေးယဉ်ကျေးမှု၊ နိုင်ငံရေးကျင့်ဝတ်၊ နိုင်ငံရေး သိက္ခာဆိုတဲ့ နိုင်ငံရေး ဂုဏ်ရည်တွေ လက်ဆင့်ကမ်းခဲ့ကြစို့လားဗျာ။

ကျုပ်ကတော့ ကျုပ်ရဲ့နိုင်ငံရေး ကိုယ်ကျင့် အဘိဓမ္မာလို့ဆိုရမယ် တရားတွေကို ဆင့်ကမ်းခဲ့ချင်သဗျာ။

၁။ ပါတီရဲ့လမ်းညွန်မှုဝါဒတွေကို ယုံကြည်စွဲမြဲပါ။

၂။ ပါတီရဲ့ ခေါင်းဆောင်ကို သစ္စာမြဲမြံပါ။

၃။ ပါတီရဲ့ ဗဟိုကော်မတီ ဆုံးဖြတ်ချက်များဆိုတဲ့ ဘုံစိတ်ဓာတ်၊ ဘုံဉာဏ်ပညာ၊ ဘုံပြဌာန်းချက်တွေကို နာခံပုံဖော်ပါ။

၎။ ပါတီဝင်ချင်း ရဲဘော်ရဲဘက် စိတ်ဓါတ်ခိုင်မာပါ။

၅။ ကိုယ့်နိုင်ငံရေးအသိ၊ ကိုယ့်နိုင်ငံရေးအမြင်ကို ပွင့်လင်းမြင်သာပါစေ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၃) အမှတ်(၃)။

ဖါးကန့် မြို့ နယ်တရားရုံး၌ ဒေါ်ဘောက်ဂျာရင်ဆိုင်နေရသော အမှုတွင် သက်သေတဦးဖြစ်သူ ဓမ္မဆရာ ဦးအင်ဂန်ကန်ဆိုင်းက အောက်ပါအတိုင်း ထွက်ဆိုသွားခဲ့သည်။
“ဒေါ်ဘောက်ဂျာမှာ ကျွန်တော်တို့ နေထိုင်သော ဒေသတွင် လယ်သိမ်းခံ တောင်သူ လယ် သမားများ ဘက်မှ မားမားမတ်မတ်ရပ်တည်ပေးခြင်းကြောင့် ဒေသခံ အာဏာပိုင်များ၏ ငြိုငြင်မှု ကို မကြာ ခဏခံခဲ့ရသည်။

အာဏာပိုင်များ၏ ခြိမ်းခြောက်သွေးဆောင်ကာ တရားစွဲခိုင်းခံခဲ့ရသော တရားလိုဒေါ်ကိုင်ထန် ကိုယ်တိုင်က အမှု ရုပ်သိမ်းလွှာတင်ခဲ့သည့်အပြင် မည်သည့်တရားလိုပြသက်သေကမျှ ဒေါ်ဘောက်ဂျာ အပေါ်ငြိစွန်းအောင် ထွက်ဆိုနိုင်ခဲ့ခြင်းမရှိသဖြင့် ဒေါ်ဘောက်ဂျာ ဆေးထိုးကုသ၍ လူသေပါသည်ဟု လုပ်ကြံ အမှုဖွင့်ပြီး ပြစ်မှု ပုဒ်မ ၃၀၄ (က) ဖြင့်စွဲဆိုထားသော အမှုအား ရုပ်သိမ်းကြောင်းဖြင့် တရားရုံးက ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့ တွင် အမိန့် ချမှတ်ခဲ့သည်

အရင်းလဲလျှင် အဖျားထင်းဖြစ် ဟူသော မြန်မာ ဆိုရိုးစကားရှိသည်။ အဓိက ကျသည့် အမှုကြီး တွင် သက်သေထင်ရှားမတင်နိုင်၍ ပြန်လည်ရုပ်သိမ်းလိုက်လျှင် ယင်းနှင့် ဆက်စပ်နေသော ကျန်နှစ်မှုကို လည်း အလိုအလျှောက် လွှတ်ပေးရုံသာ ရှိသည်။ တရားရုံးသည် ယင်းသို့ မဆောင်ရွက်။ အဖျားကနေ ပြန် လည် မီးရှို့ ကာ အပြစ်ကင်းမဲ့သည့် ဒေါ်ဘောက်ဂျာကို မတရား တရားစီရင်ရေးစနစ်က ဆက်လက် ပြသနာ ရှာတော့မည့် အနေအထားဖြစ်နေသည်။ ဆေးထိုးပြွန် နှင့် ဆေးဝါးတို့ ကို လက်ရှိထား သုံးစွဲကြောင်းဖြင့် ယစ်မျိုး ဥပဒေ ပုဒ်မ (၃၃) အရလည်းကောင်း၊ တရားဝင်လိုင်စင်မရှိဘဲ ဆေးဝါးကုသကြောင်းဖြင့် ဆေး ကောင်စီ ဥပဒေ ပုဒ်မ (၄၁) အရလည်းကောင်း သူမအား တရားစွဲဆိုထားဆဲဖြစ်သည်။ ယင်းအမှုများ အပေါ် ဇန်န၀ါရီလ (၂၄) ရက်နေ့ တွင် အပြီးသတ် အမိန့် ချမည်ဟု သိရသည်။

(ကွယ်လွန်သူ ဦးဇော်ဂျာ အား မက်ကလောင်ခြစ်ပြီး ပြုစုပေးခဲ့သူ) တရားလိုပြ သက်သေ ဦးမုန်ဇော်ဂျာက “ဒေါ်ဘောက်ဂျာက ဘာသာရေးအရ ဆုတောင်းပေးပြီး ပြန်သွားပါသည်။ ဆေးထိုးပေး သည်ကို မတွေ့ ရပါ။” ဟု ထွက်ဆိုခဲ့သည်။ ဒေါ်ဘောက်ဂျာအပေါ် စွဲဆိုသော အမှုအားလုံးအနက်မည်သည့် တရားလိုပြသက်သေကမျှ ဒေါ်ဘောက်ဂျာသည် တရားဝင်လိုင်စင်မရှိဘဲ ဆေးဝါးကုသကြောင်း ထွက်ဆိုခဲ့ ခြင်း အလျှဉ်းမရှိသဖြင့် မည်သို့ လျှင် ဆေးကောင်စီ ဥပဒေ ပုဒ်မ (၄၁) အရ အပြစ်ပေးမည်နည်း။

ဆေးထိုးပြွန် နှင့် ဆေးဝါးတို့ ကို လက်ရှိထား သုံးစွဲကြောင်းဖြင့် ယစ်မျိုး ဥပဒေ ပုဒ်မ (၃၃) အရစွဲဆိုခဲ့သည့် ရဲတပ်ဖွဲ့ ကို ပြန်လည် တရားစွဲရပါမည်။ ရဲတပ်ဖွဲ့ သည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ၄၆၄ “မဟုတ်မမှန်သည့် စာတမ်းအမှတ်အသားကို ပြုခြင်း” ဟူသည့် ပြဌာန်းချက် ကို ကျူးလွန်ခဲ့ခြင်း ကြောင့် ဖြစ်သည်။

ဒေါ်ဘောက် ဂျာ ၏ မိဘများ နေအိမ်အားရဲ က လာရောက်ရှာဖွေသောအခါ အိမ်တွင်အတူ နေ ထိုင်လျှက်ရှိသူ ဒေါ်လွမ်းယန်း (ရုံးထွက်ချက် တွင် ဒေါ်လုယန်း အနေဖြင့် စာလုံးပေါင်းမှားဖေါ်ပြခံရသူ) က တရားလိုပြ သက်သေအဖြစ် အောက်ပါအတိုင်း ထွက်ဆိုသွားခဲ့သည်။

“ရှာဖွေပုံစံတွင် ကျမလက်မှတ်ထိုးလိုက်သည့် အချိန်တွင် ဘာမှ ရေးမထားပါ။ အလွတ် လက်မှတ်
ထိုး ပေးလိုက်ရပါသည်။”

အလွတ်လက်မှတ်ထိုးပေးလိုက်ရသည့် ရှာဖွေပုံစံတွင် ရဲက အောက်ပါစာကြောင်းကို ဖြည့်ရေးကာ ဒေါ်ဘောက်ဂျာ အမှုပတ်စေအောင်ဖန်တည်းလိုက်သည်။

“ ---- ဆေးကု ပစ္စည်းများမှာ အိမ်ရှင်ဒေါ်ဘောက်ဂျာ ဆေးကုရာ၌ အသုံးပြုသော ပစ္စည်းများဖြစ်၍ ကျမ ဒေါ်လုယန်းမှ ပေးအပ်ပါသည်။”

ဒေါ်လွမ်းယန်း (ဒေါ်လုယန်း) ၏ ရုံးရှေ့ထွက်ဆိုချက်အရ အလွတ်လက်မှတ်ထိုးပေးလိုက်ရသည့် ရှာဖွေပုံစံပေါ်တွင် အဆိုပါစာကြောင်းကို ဖြည့်ရေးသူမှာ ရဲတပ်ဖွဲ့ သာဖြစ်သည်။ သို့ ဖြင့် ရဲတပ်ဖွဲ့ သည် “မဟုတ်မမှန်သည့် စာတမ်းအမှတ်အသားကို ပြု” ခဲ့သည်။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၆၄ ကို အတိအလင်း ချိုး ဖေါက်ခဲ့သည်။ ဖါးကန့် မြို့ နယ်တရားရုံးသည် ဤသည်ကိုစုံစမ်းဖေါ်ထုတ်ကာ ပြစ်မှုကျူးလွန်သည့် ရဲအရာရှိ ကို အရေးယူ အပြစ်ပေးရန် တာဝန်ရှိသည်။ ယင်းနှင့် ပြောင်းပြန်ပြုကာ “မဟုတ်မမှန်သည့် စာတမ်းအမှတ် အသား” အပေါ်အခြေပြုပြီး ဒေါ်ဘောက်ဂျာအပေါ် ပြစ်ဒဏ်စီရင်မည် ဆိုလျှင် တရားရုံးသည် မတရား စီရင်မှု ကျူးလွန်ခြင်း ဖြစ်ပါမည်။

ရှာဖွေသက်သေ ဦးနော်ဒီး သည် ဒေါ်ဘောက်ဂျာထံမှ သက်သေခံပစ္စည်းများ သိမ်းဆည်းခဲ့ကြောင်း ကို ထွက်ဆိုခြင်း မရှိခဲ့။ ဆေးပစ္စည်းအချို့ အား ရဲကသိမ်းဆည်းစဉ်ကလည်း ဒေါ်ဘောက်ဂျာနေအိမ်တွင် ပင် မရှိ။ ခရီးထွက်နေကြောင်း ရှာဖွေသည့် ရဲအရာရှိကိုယ်တိုင်ဝန်ခံထားသည်။ ရှာဖွေပုံစံတွင် ရှာဖွေခံရသူအနေ ဖြင့် လက်မှတ် ရေးထိုးပေးလိုက်သူမှာလည်း ဒေါ်ဘောက်ဂျာမဟုတ်။ ဒေါ်ဘောက်ဂျာ၏ မိဘများနှင့် အတူ နေ ထိုင်နေသူ ဒေါ်လွမ်းယန်းဖြစ်သည်။

ဒေါ်လွမ်းယန်းအား တရားလိုပြသက်သေအနေဖြင့်စစ်ဆေးရာတွင် ဒေါ်ဘောက်ဂျာ၏ မောင်အရင်း ဖြစ်သူ ဒေါက်တာ ဆိုင်းထူးမိုင် နှင့် ညီမဖြစ်သူ အထက်တန်းသူနာပြုဆရာမ ဒေါ်ထုဆန်း တို့ က ၄င်းတို့ ၏ မိဘလည်းဖြစ်၊ ဒေါ်ဘောက်ဂျာ၏ မိဘများလည်း ဖြစ်သူတို့ ၏ အိမ်ကို အလည်လာသည့် အခါတိုင်း မိဘ များအား ဆေးဝါးကုသပေးရာတွင်လည်းကောင်း၊ မိဘမဲ့ ကလေးများ၊ ဆင်းရဲနွမ်းပါးသူများအား အခမဲ့ ဆေး ၀ါးကုသ ပေးရာတွင်လည်းကောင်း သုံးသည့် ဆေးပစ္စည်းများ ဖြစ်ကြောင်းထွက်ဆိုခဲ့သည်။ ကာယကံရှင် ဒေါက်တာ ဆိုင်းထူးမိုင် နှင့် သူနာပြုဆရာမ ဒေါ်ထုဆန်း တို့ ကလည်း အဆိုပါအတိုင်းပင် ရုံးရှေ့တွင် ထွက် ဆိုခဲ့သည်။ တရားခံပြသက်သေ ဓမ္မဆရာ ဦးအင်ဂန်ကန်ဆိုင်းကလည်း ယင်းကို ထောက်ခံထွက်ဆိုခဲ့သည်။

ဒေါ်ဘောက်ဂျာသည် ယစ်မျိုး ဥပဒေ ပုဒ်မ (၃၃)၊ ဆေးကောင်စီ ဥပဒေ ပုဒ်မ (၄၁) တို့ နှင့် လုံးဝ ပင် ညိစွန်းခြင်းမရှိပါ။

ဒေါ်ဘောက်ဂျာသည် သူမစိုးစဉ်းမျှ ကျူးလွန်ခြင်းမရှိသော မှုခင်းများအတွက် အာဏာပိုင်များ၏ လုပ်ကြံဖန်တည်းမှုများအောက်တွင် မတရား တရားစွဲခံ နေရသဖြင့် သူမ၏ လူ့ ဂုဏ်သိက္ခာကို ထိပါးခံနေရ သည်။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေငြာစာတမ်း အပုဒ် (၁) ကို ချိုးဖေါက်ခံ ရခြင်း ဖြစ်သည်။ တရားရုံးက အာမခံ လုံးဝ မပေးဘဲ ရက်ပေါင်း ၂၁၂ ရက်ကြာမျှ ဆက်တိုက် ချုပ်နှောင်ခံ နေရ သဖြင့် သူမ၏ လွတ်လပ်မှု နှင့် လုံခြုံမှုအခွင့်အရေး ဆုံးရှုံးနေရသည်။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေငြာစာတမ်း အပုဒ် (၃) နှင့် (၉) တို့ ကို ချိုးဖေါက်ခံ ရခြင်း ဖြစ်သည်။



တရားရုံးသည် စွပ်စွဲခံရသူ ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရသည့် နေ့ မှစ၍ သူမကိုယ်တိုင်က ဖြစ်စေ၊ သူမ၏ ရှေ့နေမှ တဆင့် ဖြစ်စေ တင်ပြသမျှများအား ပယ်ချခဲ့ပြီး အစိုးရရှေ့နေ နှင့် ရဲတပ်ဖွဲ့ တို့ မှ တင်ပြ ချက်များအတိုင်းသာ တလျှောက်လုံး လိုက်ပါဆောင်ရွက်ပေးနေသည်။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေငြာစာတမ်း အပုဒ် (၁၀) ပါ တရားမျှတသည့် စစ်ဆေးစီရင်ခံပိုင်ခွင့် (The Right to a Fair Trial) ကို ချိုးဖေါက်ခံ ရခြင်း ဖြစ်သည်။

ဒေါ်ဘောက်ဂျာသည် လူ့ အခွင့်အရေးအတွက် လှုပ်ရှားစွမ်းဆောင်ရင်း လူ့ အခွင့်အရေးချိုးဖေါက်ခံ နေရသူ ဖြစ်သည်။ လူ့ အခွင့်အရေးကို လိုလားမြတ်နိုးသူမျှသမျှသည် ဒေါ်ဘောက်ဂျာ ဆုံးရှုံးနေသော အခွင့် အရေးများ အမြန်ဆုံးရင်းစားပြန်လည်ရရှိအောင် ၀ိုင်းဝန်းကြိုးပမ်းသင့်သည်။ အထူးအာဏာရ မြို့ နယ်တရား သူကြီး ဦးဇော်ဇော်ထွန်း ဦးစီးသည့် ဖါးကန့် မြို့ နယ် တရားရုံးသည် ဒေါ်ဘောက်ဂျာ ကို အမြန်ဆုံး ချွင်းချက် မရှိ လွှတ်ပေးပြီး သူမဆုံးရှုံးနစ်နာခဲ့မှုများအတွက် ထိုက်သင့်သည့် လျော်ကြေးနှင့် ကုစားမှုများပြုလုပ်ပေးရန် နှင့် တာဝန်ရှိ အာဏာပိုင်များအား ပြန်လည်အရေးယူ တရားစွဲဆိုခြင်းဖြင့် တရား မျှတသည့် တရားစီရင်ရေး စနစ် ကို ထူထောင်ရန် တောင်းဆိုလိုက်သည်။



အသေးစိတ်သိလိုပါလျှင်

ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ
(ဖုံး) (၄၆) (၀) ၇၆ ၁၁၅၆ ၂၁၅ နေ့ စွဲ။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၂) ရက်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.