01/25/14

၂၃.၁.၂ဝ၁၄ ကြာသပတေးနေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပဲခူးတိုင်ဒေသကြီး ပျဉ်ပုံကြီးမြို့ရှိ မိဘပြည်သူများ၏ နာရေးကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် အများ ပြည်သူတို့၏ စေတနာ သဒ္ဓါတရားတို့ဖြင့် လှူဒါန်းထားသော အလှူငွေတို့ဖြင့် ထပ်ဆင့်ပြန်လည်တည်ဆောက် လှူဒါန်းထားခဲ့သော “မီးသင်္ဂြိုဟ်စက်” ရေစက်သွန်းချ လှူဒါန်းပွဲအား ပျဉ်ပုံကြီးမြို့ ဘုံသာဝေယာန် ဓမ္မဗိမ္မာန် တော်၌ ကျင်းပခဲ့သည်။ အဆိုပါ လှူဒါန်းပွဲသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်း ရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများ သွားရောက်ခဲ့ကြပြီး ပျဉ်ပုံကြီးမြို့ မီးသင်္ဂြိုဟ်စက်ဖြစ်မြောက်ရေး နာယက ရာတော်ကြီးများ၊ ရပ်မိ/ဖများနှင့် အခမဲ့ နာရေးကူညီမှုအသင်း (ပျဉ်ပုံကြီး) မှ အသင်းသူ/သားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ အလုပ်အမှုဆောင်များမှ ကြွရောက်တော်မူကြသော ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုတို့အား ဆပ်ကပ်လှူဒါန်းပေးခဲ့ပြီးနောက် မီးသင်္ဂြိုဟ်စက်အား အများပြည်သူတို့ကိုယ်စား ရေစက်သွန်းချ အမျှပေးဝေ ခဲ့သည်။

မီးသင်္ဂြိုဟ်စက် ဖြစ်မြောက်ရေးအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ရာ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ လက်ခံရယူခဲ့ပြီး လှူဒါန်းရခြင်းနှင့် ပါတ်သတ်၍ ရှင်းလင်းပြောကြားပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်း အနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တော့သည်။ ထို့နောက် ပျဉ်ပုံကြီးသုဿန်သို့သွားရောက်ကာ မီးသင်္ဂြိုဟ် စက်အား သွားရောက်လေ့လာကြပြီး အခမဲ့ နာရေးကူညီမှုအသင်း (ပျဉ်ပုံကြီး) မှ ပရဟိတ ညီအစ်ကို မောင်နှမများနှင့် အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွါခဲ့သည်။

အဆိုပါ မီးသင်္ဂြိုဟ်စက်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ငွေကျပ်သိန်း (၉ဝ) ကျော် အကုန်ကျခံ ၍ မတည်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့၏ လှူဒါန်း ငွေများဖြင့် အများပြည်သူတို့အား ပြန်လည် လှူဒါန်းပေးခဲ့သော ကောင်းမှုအစုစုတို့အား မိဘပြည်သူအပေါင်း တို့ မုဒိတာပွားနိုင်ကြ၍ သာဓုအနုမောဒနာ ကြိမ်ကြိမ် ခေါ်ဆိုနိုင်ကြပါစေသော်ဝ်။

အများပြည်သူတို့အတွက် အများပြည်သူကောင်းမှု။

Good Health ဂျာနယ်မှ ဖော်ပြပြီး အင်တာဗျူးး

ရိုင်းတဲ့ဇင်ယော် - အဆိုတော် ခင်ယုမေ
အန်တီမေ့လို ရင်သားကင်ဆာ မဖြစ်အောင် ပေါင်မုန့်မီးကင်၊
ပေါင်မုန့် ထောပတ်သုတ်၊ Sandwich နဲ့ အကြော်အလှော် စာတွေ သိပ်မစားဖို့နဲ့
အစိမ်းရောင်ရှိတဲ့ ဟင်းသီး ဟင်းရွက်တွေ များများ စားပါ။ ကိုယ့်ရင်သားမှာ
မသင်္ကာစရာ အလုံးအကျိတ် တွေ့ရင် မ ရှက်ပါနဲ့။ ဆရာဝန်နဲ့ အမြန်ဆုံးပြပြီး
ကုသမှု ခံယူပါလို့ ပြောချင်ပါတယ်။
Q. ကျန်းမာရေးနဲ့ ပတ်သက်ပြီး အန်တီမေမှာ ဘယ်လိုမျိုး ဝေဒနာတွေ ခံစားနေရပါသလဲ။

A. အန်တီမေက ၁၉၈၂ ခုနှစ်မှာ ရင်သားကင်ဆာ ရောဂါ စဖြစ်ခဲ့တယ်။ အဲဒီကနေ ၁၉၉၅ လောက်မှာ ကင်ဆာဆဲလ်တွေက သားအိမ်ကို ကူးပြန်တာကြောင့် သားအိမ်ကို ဖြတ်ထုတ်
ခဲ့ရတယ်။ နောက်ပြီး ကင်ဆာရဲ့ နောက်ဆက်တွဲ ဝေဒနာတွေနဲ့ အရိုးပွ၊
အရိုးပါးတာတွေ ခံစား နေရပါတယ်။
Q. ကင်ဆာဖြစ်မှန်း သိတော့ ဘယ်လိုမျိုး ကုသမှု ခံယူခဲ့ ပါသလဲ။
A. စသိသိချင်းတုန်းက မြောက်ဥက္ကလာပ ဆေးရုံမှာ ကုသမှု ခံယူခဲ့ပါတယ်။
ဓာတ်ကင်ခဲ့ရတယ်။ ကင်ဆာဆေးတွေလည်း သောက်ခဲ့ရ ပါ တယ်။ အဲဒီကတည်းက ဆရာဝန်နဲ့
သေချာပုံမှန် ပြဖြစ်ခဲ့ပါတယ်။

Q. ရင်သားကင်ဆာ စတင် ခံစား နေရချိန်မှာ ဘယ်လိုရောဂါ လက္ခဏာ တွေကို ခံစားရပါသလဲ။

A. အန်တီမေက အရမ်း အကြမ်း ခံနိုင်တဲ့သူပါ။ ရိုက်ရတာလည်း ဇာတ်ကြမ်းကား တွေပေါ့။ အန်တီမေ တစ်ခါမှ ပင်ပန်းတယ်၊ မောတယ် မရှိခဲ့ဘူး။
နောက်ပိုင်းကျတော့ အပင်ပန်းလည်း မခံနိုင်၊ ညဘက် တွေလည်း အိပ်မပျော်၊
အသားအရေကလည်း တဖြည်းဖြည်း ခြောက် လာတယ်။ နေမကောင်းဘူး ပေါ့ကွယ်။ ရင်သား
ကင်ဆာရယ်လို့တော့ မသိခဲ့ပါဘူး။ နေမကောင်းလို့ အားဆေး သွားသွားထိုးနေတဲ့ ဆေး
ခန်းက ဆရာဝန်မလေးက အထူးကု ဆရာဝန်နဲ့ ပြဖို့ ပြောတယ်လေ။ အန်တီမေ ရင်သားမှာ
မန်ကျည်းစေ့လောက် အကျိတ်လေး ဖြစ်နေ တာပေါ့။ အန်တီမေကတော့ ဒီလို
အကျိတ်မျိုးဆိုတာ လူတိုင်းရှိတယ်ပဲ ထင်ပြီး ပေါ့ခဲ့တယ်။ ပြီးတော့ ဆရာဝန်ကို
ကိုယ့်ရင်သား ပြရမှာ လည်း ရှက်ခဲ့တာပေါ့။ အဲဒါတွေကြောင့် ကြန့်ကြာသွားပြီး
မန်ကျည်းစေ့လောက် အကျိတ်လေးကနေ ခုံညင်းဒိုးလောက်ထိ ဖြစ်လာတယ်။ အဲဒီ
အချိန်ကျမှ သွားပြတော့ အသားစ ထုတ်ပြီး စစ်ဆေးတယ်။ ကင်ဆာ တွေ့တယ်။
အဲဒီအချိန်ကျတော့ ထုတ်ရုံတင် မရတော့ဘူး။ ရင် သားပါ ဖြတ်ထုတ် လိုက်ရတယ်။
Q. ရင်သားကင်ဆာ ဝေဒနာ ရှိနေတော့ အန်တီမေ ရဲ့ အနုပညာ လုပ်ငန်းမှာ ဘယ်လောက်ထိ ထိခိုက်ပါသလဲ။
A. ထိခိုက်တာ မဟုတ်ပါဘူး။ လုံးဝကို မလုပ်နိုင် တော့တာပါ။ ကားရိုက်တယ်
ဆိုတာက ကြည့်တော့သာ လွယ်ပေမယ့် စိတ်ပန်း လူပန်း လေ၊ အန်တီမေ အဲဒီဒဏ်တွေကို
မခံနိုင်တော့တာနဲ့ ၀ါသနာပါတဲ့ အလုပ် ကို စွန့်လွှတ် လိုက်ရတယ်။ ဇာတ်ကားတွေ
မရိုက် ဖြစ်တော့ ပါ ဘူး။
Q. ကျန်းမာရေး မကောင်းတော့ အနုပညာ အလုပ်အပြင် အခြား လူမှုရေး၊ စီးပွားရေး တွေမှာပါ ဘယ်လို အခက်အခဲ ကြုံရပါ သေးလဲ။

A. မကျန်းမမာနဲ့ နေမကောင်းတဲ့ အချိန်မှာ သေချာ သိလိုက်ရတာက လူဆိုတာ သိပ်ကြောက်ဖို့ ကောင်းတယ် ဆိုတာပါပဲ။ အန်တီမေ တို့ က သားအမိ နှစ်ယောက်ပဲ
ရှိတာလေ။ သားလေးက အမေရိကားမှာ ဒီကိုပြန်လာဖို့ မလွယ်ဘူး။ အန်တီမေ
တစ်ယောက်တည်းပေါ့။ အရင် က ရုပ်ရှင်ထုတ်လုပ်ရေး ရှိခဲ့တယ်လေ။ အဲဒါတွေ လည်း
မကျန်းမာတော့ ဆက်မလုပ်နိုင် တော့ပါဘူး။ တခြား အန်တီမေရဲ့ အိမ်တွေ၊ ခြံ
တွေဆိုတာလည်း ကိုယ်နေမကောင်း တော့၊ ကိုယ်တိုင် မလိုက်နိုင် တော့တာနဲ့ လူတွေ
လိမ်လိုက်၊ ညာလိုက်ကြတာ..တရားကျဖို့ ကောင်း ပါတယ်ကွယ်။
Q. အဲဒီအခါ အန်တီမေ ကြုံရတဲ့ ဝေဒနာတွေ၊ ပြဿနာတွေ နဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှု မဖြစ်အောင် ဘယ်လို ပြုမူပါသလဲ။

A. တချို့ကတော့ ကင်ဆာဆိုတာနဲ့ လန့်ပြီး တစ်ဝက်လောက် သေသွားပြီ။ အန်တီမေ ကတော့ မကြောက်ပါဘူး။ ကြောက်နေလို့ ပျောက် မှာတဲ့လား။ ရဲရဲရင်ဆိုင် ရုံပေါ့။
ဆေးကုစရာ ရှိတာ ကုတယ်။ စိတ်ကို ဖြေတယ်။ အဓိက ကတော့ တရားနဲ့ ဖြေတာပါပဲ။
အန်တီမေက ရိပ် သာမှာ တရားသွားထိုင်ဖို့ အဆင်မပြေဘူး။ ရောဂါတွေ ရှိနေတော့
ထိုင်ရထရတာ၊ အိမ်သာ သွားရတာ အစစ အရာရာ အန်တီမေ့ အတွက် မလွယ်ဘူး။
အဲဒါကြောင့် ဆရာတော် ဦးဇောတိကရဲ့ တရားစာအုပ်တွေ ဖတ်တယ်။ TV က လာတဲ့
တရားတွေနာတယ်။ စာရေးဆရာမ ခင်စောတင့်ရဲ့ ၀တ္ထုလေးတွေ ဖတ်တယ်။ စိတ်ကို
အဲဒီလိုလေးပဲ ဖြေရပါတယ်။ အန်တီမေ ပြောချင်တာက ဥပမာ-လူဆိုတာ ကင်ဆာဖြစ်
နေပြီ၊ နောက်လပိုင်းလောက်ပဲ အသက်ရှင်နိုင်တော့မယ် ဆိုရင် သူ့မှာ
ဘယ်သူ့ကိုမှ ရန်လို မုန်းတီးတာတွေ ရှိမှာ မဟုတ်ဘူး။ မိသားစုနဲ့ လည်း
စည်းစည်းလုံးလုံးလေး နေချင်မှာပဲ။ အများကောင်းကျိုး အတွက် ကိုလည်း
သူစဉ်းစား မှာပဲ။ သူက သေခြင်းတရားနဲ့ နီးနေတာကိုး။ ပတ်ဝန်းကျင်မှာ အန်တီမေ
တွေ့ရ သလောက်တော့ လူအချင်းချင်း နိုင်ထက်စီးနင်း ပြုတာတွေ၊ လိမ်ညာတာတွေ၊
လက်စားချေတာတွေ၊ မောက်မာတာတွေ တော်တော်တွေရတယ်။ တစ်သက်လုံးပဲ အသက်ရှင်
နေတော့မယ့်အတိုင်း၊ မသေတော့မယ့် လူတွေလိုပဲ သတိလက် လွတ် နေနေကြတာ တွေ့ရတယ်။
တကယ်တော့ တရားဆိုတာ အဝေးကြီးမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်မှာကို ရှိနေတာပါ။
အန်တီမေဆို
တစ်ခါတလေ မင်းသမီး ဘ၀က ပုံလေးတွေ ပြန်ကြည့်တယ်။ ငါအဲဒီ အရွယ်တုန်းက နာတယ်၊
မောတယ်ဆိုတာ ဘာမှန်း မသိခဲ့ပါလား ဆိုပြီး ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်တဲ့
သဘောတွေ ကို တွေ့ရတယ်။ အခုချိန်မှာတော့ ကျော်ကြားမှု၊ အောင်မြင်မှု၊ လှပ
နုနယ်မှုတွေဟာ ဘာမှ မဟုတ်တော့တာ ကိုယ်တွေ့ပဲလေ။

Q. အန်တီမေတို့ ခေတ်တုန်းက လည်ပင်းမှာ ပ၀ါလေး ပတ်ခဲ့တဲ့ ဖက်ရှင်က အန်တီခင်ယုမေ ဖက်ရှင်ရယ်လို့ အခုချိန်ထိ ခေတ် စားနေတုန်းပါပဲ။ ဖက်ရှင်တို့၊ အလှအပတို့နဲ့ ပတ်သက်ပြီး အန်တီမေ အတွေ့အကြုံ တွေကို ပြောပြပေးပါ။

A. အန်တီမေက လည်ပင်းမှာ ပ၀ါလေး စည်းရတာကို အရမ်း ကြိုက်တာလေ။ တခြားလည်း အန်တီမေ Fashion ဆိုပြီး အင်္ကျီလေးတွေ လည်း ရှိခဲ့ပါတယ်။ အလှအပက အန်တီမေတို့
ခေတ်မှာ ဘာမှ သိပ်မရှိဘူး။ မျက်ခုံးမွေးဆွဲ ခဲတံရယ်၊ ပေါင်ဒါနဲ့
နှုတ်ခမ်းနီရယ်ပဲ ရှိခဲ့တာ။ တော်တော်လေးကြာမှ မျက်တောင်တု ပေါ်လာတာလေ။
မိတ်ကပ် ဆိုတာလည်း ပန်ခရို မိတ်ကပ် ခေါ်တာပေါ့။ မျက်နှာဖုံးကြီး စွပ်ထားတဲ့
အတိုင်း ရေလဲမစိုဘူး။ အဲဒီလို မိတ်ကပ်တွေ သုံးခဲ့ရတာ။ အန်တီမေ ကတော့
မလိုအပ်ရင် မိတ်ကပ် မလိမ်းဘူး။ သနပ်ခါးပဲ လိမ်းတယ်။ ရိုက်ကွင်းပြီးတာနဲ့
မိတ်ကပ် ချက်ချင်းဖျက်တယ်။ အဲဒါတွေက တင်းတိပ်တို့၊ ၀က်ခြံတို့ ဖြစ်တယ်လေ။
Q. ကိုယ်လက်လှုပ်ရှားမှု အနေနဲ့ အန်တီမေ ဘာတွေ လုပ်ဖြစ်သေးလဲ။

ဲA. အိမ်အလုပ်တွေ လုပ်တယ်လေ။ တံမြက်စည်း လှည်းတာ၊ ကြမ်းတိုက်တာ တွေပေါ့။ အခု နောက်ပိုင်းတော့ လက်တွေက ရောင်ပြီး အ ရိုးအဆစ်တွေ နာတော့ သိပ်မလုပ်
ဖြစ်တော့ဘူး။ ဟိုးအရင် မင်းသမီး ဘ၀တုန်း ကတော့ မနက်တိုင်း မြင်းစီးတယ်။
မြင်းစီးတာက ကျန်းမာရေးအတွက် သိပ်ကောင်းတာ။ သူက ကိုယ်၊ လက်၊ ခြေထောက်
တစ်ခုမှ မအားရဘူး။ အကုန် လှုပ်ရှားနေရတာ ဆိုတော့ အဆီ လည်း မတက်ဘူး။ မနက်
အစောကြီးဆိုတော့ လေကောင်းလေသန့် လည်းရတယ်။
Q. အန်တီမေတို့မှာ ကင်ဆာ မျိုးရိုးကော ရှိလား။

A. အန်တီမေတို့မှာ ကင်ဆာမျိုးရိုး မရှိခဲ့ဘူး။ ဒါပေမဲ့ အန်တီမေ့မှာ ရင်သားကင်ဆာ ဖြစ်သလို အန်တီမေ့ ညီမကျတော့ သားအိမ် ကင်ဆာ ဖြစ်တယ်။ သူကတော့
သိတာလည်း မြန်ပြီး ချက်ချင်း ကုသလိုက် တော့ ဓာတ်ကင်ရုံနဲ့ ပျောက်သွားတယ်။
Q. အန်တီမေ့မှာ ရင်သားကင်ဆာ ဝေဒနာ ခံစားရတာ ဘာ အကြောင်းကြောင့်လို့ ထင်လဲ။

A. အန်တီမေက ပေါင်မုန့် ထောပတ်သုတ်၊ Sandwich နဲ့ အကြော် အလှော်စာတွေ အစားများတယ်။ အဲဒါတွေကြောင့် လို့ထင်တယ်။
Q. ဒါဆို အန်တီမေ အနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကြံပေး စကားလေး ပြောစေချင်ပါတယ်။
A. အဲဒါကတော့ အန်တီမေ့လို ရင်သားကင်ဆာ မဖြစ်အောင် ပေါင်မုန့်မီးကင်၊
ပေါင်မုန့် ထောပတ်သုတ်၊ Sandwich နဲ့ အကြော်အလှော် စာတွေ သိပ်မစားဖို့နဲ့
အစိမ်းရောင်ရှိတဲ့ ဟင်းသီး ဟင်းရွက်တွေ များများ စားပါ။ ကိုယ့်ရင်သားမှာ
မသင်္ကာစရာ အလုံးအကျိတ် တွေ့ရင် မ ရှက်ပါနဲ့။ ဆရာဝန်နဲ့ အမြန်ဆုံးပြပြီး
ကုသမှု ခံယူပါလို့ ပြောချင်ပါတယ်။


ခုခေတ်မှာ "ခင်ယုမေ" ဆိုတာကိုမသိတဲ့ အနုပညာသမားများ၊မော်ဒယ်လောကသမားများ၊လှယဉ်ကျေးမယ်များ၊ဂျာနယ်လစ်ဇင်များ၊အဆိုတော်ပေါက်စများ၊ရုပ်ရှင်မင်းသား မင်းသမီးပေါက်စများဆိုတဲ့ ချာတိတ်တွေအတွက်...။

ခင်ယုမေ ဆိုတာ ဒါဘဲ။

၁၉၃၇ ခုနှစ်၊ မတ်လတွင် အဖ ဦးယုဆွမ်း၊ အမိ ဒေါ်ကြင်မြိုင်တို့က ရန်ကုန်မြို့မှာ မွေးဖွားပါတယ်။ ၁၉၅၁ ခုနှစ်မှာ စိန့်ဖရန် ကွန်ဗင့်ကျောင်းနဲ့ ၁၉၅၅ မှာ ရန်ကုန်မြို့ နိုင်ငံတော် မိန်းကလေးများ အထက်တန်းကျောင်းတို့မှာ တက္ကသိုလ် ဝင်တန်းအထိ ပညာ သင်ကြားခဲ့တယ်။

၈ တန်းကျောင်းသူ ဘ၀ကတည်းက မိသားစုများနဲ့ တေးရေးဆရာ မြို့မသီးတို့ ရင်းနှီးမှုကြောင့် ဂီတဗိမာန်တီးဝိုင်းနဲ့ အဲဒီကာလတုန်းက ၀င်ဒါမီယာကနေ ထုတ်လွှင့်နေတဲ့ မြန်မာ့ အသံမှာ သီချင်း စဆိုခဲ့ပါတယ်။ အဲဒီတုန်းက ခုခေတ်လို တိပ်နဲ့ အသံသွင်းပြီးမှ လွှင့်ရတာမျိုး မဟုတ်ဘဲ တီးဝိုင်းနဲ့ တိုက်ရိုက်ဆိုပြီး တိုက်ရိုက် လွှင့်ထုတ်ရတဲ့ စနစ်ဖြစ်ပါတယ်။ ကာလပေါ် တီးဝိုင်း အဖွဲ့တစ်ဖွဲ့ သီဆိုလွှင့်ထုတ်တဲ့ အထဲက ပရိသတ်ကြိုက်မယ့် အဆင့်မီ သီချင်းများကိုသာ ဓာတ်ပြားရ သီချင်း အဖြစ် သတ်မှတ်ပြီး မြန်မာ့အသံမှ အကြိမ်ကြိမ် ထုတ်လွှင့်ပေးတဲ့ စနစ် ဖြစ်ပါတယ်။

ဓာတ်ပြား မရတဲ့ သီချင်းများ ကတော့ တစ်ကြိမ်နဲ့တင် ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒေါ်ခင်ယုမေ ပထမဦးဆုံး သီဆိုခဲ့တဲ့သီချင်းက မေပန်းချီ လို့ ဆိုပါတယ်။ သူကိုယ်တိုင်က ပန်းချီဆွဲတာကို ၀ါသနာပါသူဖြစ်လို့ တေးရေးဆရာက မေပန်းချီ ဆိုတဲ့ သီချင်းကို ရေးပေးခဲ့တာလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။ အဆိုကျော် ဘ၀မှာ အောင်မြင်လာတော့ ဓာတ်ပြား လောကကို ရောက်ရှိလာပါတယ်။ စုံတောမြိုင်၊ လူညိုယဉ်၊ ရိုင်းတဲ့စင်ရော်၊ မြင်းလှည်း ကလေးနဲ့ပျော် အစရှိတဲ့ တေး သီချင်းပေါင်ျးားစွာကို ရောင်းတန်း ဓာတ်ပြားအဖြစ် သီဆို အသံသွင်းခဲ့ရပါတယ်။

အသက် ၁၈၊ ၁၉ အရွယ် ၁၉၅၇-၅၈ လောက်မှာ ဒါရိုက်တာ ဦးချင်းစိန်က ခေါ်ဆောင်မှုနဲ့ သက် လို့ အမည်ပေးထားတဲ့ ရုပ်ရှင် ကားတစ်ကား စတင် ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် သက် က အိမ်ထောင်ရေး ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်ကားလုံး နီးပါး မင်းသမီး ငိုရတဲ့ ဇာတ်ဖြစ်နေတာကြောင့် ဆရာ ဦးချင်းစိန်က မင်းသမီးသစ် တစ်ယောက်ကို ဒီလို ပွဲထုတ်လို့ မဖြစ်ဘူး၊ အဆိုကျော် မင်းသမီး အနေနဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကား တစ်ကားနဲ့ ပွဲဦး ထွက်သင့်တယ် ဆိုပြီး ဒါရိုက်တာ ဦးလှ တင်လက်ကို အပ်လိုက်ပါတယ်။ သက် ဇာတ်ကား ရိုက်ကူးမှုကို ခေတ္တရပ်ဆိုင်းပြီး ဒါရိုက်တာ ဦးလှတင် ရိုက်ကူးတဲ့ ဤဘ၀၀ယ် ဟာသကားမှာ အဲဒီခေတ် အခါတုန်းက နာမည်ကြီး ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဦးဖိုးပါကြီးနဲ့ တွဲပြီး သရုပ် ဆောင်ခဲ့ရပါတယ်။ ဒါကြောင့် ဒေါ်ခင်ယုမေရဲ့ ပွဲဦးထွက် ရုပ်ရှင်ကားဟာ ဤဘ၀၀ယ် လို့ မှတ်တမ်း တင်ရပါတယ်။

ဒေါ်ခင်ယုမေက အဆိုကျော်ဘ၀ကနေ သရုပ်ဆောင် ဖြစ်လာတော့ ပင်ကို ကတည်းက ၀ါသနာပါတဲ့ ဖက်ရှင်မျိုးစုံကို တီထွင်ဝတ် ဆင်လာခြင်းကြောင့် မြန်မာ နိုင်ငံတစ်လွှားမှာ ခင်ယုမေ ဖက်ရှင်ဆိုပြီး ဖက်ရှင်ပေါင်း များစွာ ခေတ်စားခဲ့ပါတယ်။ ခုခေတ် မိန်းကလေးများ ၀တ်နေကြတဲ့ ဒူးအောက်ရောက် စကတ်ထဘီများဟာ ခင်ယုမေ ခေတ်တုန်းက တီထွင်ခဲ့ပြီးသား ဖြစ်ပါတယ်။ အဲဒီတုန်းက လူကြီးများက လယ်သူမဖက်ရှင်လို့ သြဘာ ပေးခဲ့ကြပါတယ်။ ဆံပင် ဖက်ရှင်နဲ့ ပတ်သက်လို့လည်း ငယ်ထိပ်တည့်တည့်မှာ ဘူး ပွင့်သဏ္ဌာန် အပွင့်ဖော်တဲ့ ဆံပင် ဖက်ရှင်ကို တီထွင်ခဲ့တဲ့ အပြင် ဗီးဟိုက်လို့ ခေါ်တဲ့ ပျားအုံပုံစံ ဆံပင်ဖက်ရှင်ဟာလည်း မြန်မာနိုင်ငံမှာ ခင်ယုမေ စတင် တီထွင်ခဲ့တာပါ။

ရုပ်ရှင်မင်းသမီးအဖြစ် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရပါတယ်။ ရုပ်ရှင် ထူးချွန်ဆုကို ၁၉၆၁ ခုနှစ်မှာ မန္တလေး ရုပ်ရှင်က ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ကိုယ်ပိုင် မေတ္တာ ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အမျိုးသမီး ပညာသည် ဆုကို ရရှိခဲ့ပါတယ်။ ထူးချွန်ဆုပေးပွဲ ကျင်းပချိန်မှာ ရုပ်ရှင်လုပ်ငန်းက ဆက်သွယ် အကြောင်းကြားခဲ့ ပေမယ့် သံတောင်၊ ဘောဂလိ တောထဲမှာ ပုလဲမျက်ရည် ရုပ်ရှင်ဇာတ်ကားကို သွားရောက် ရိုက်ကူးနေချိန် ဖြစ်တဲ့အတွက် ရန်ကုန်သို့ ပြန်မလာနိုင်ခဲ့ပါဘူး။ ဒေါ်ခင်ယုမေကိုယ်စား သရုပ်ဆောင်၊ ဒါရိုက်တာ ဗိုလ်ဘကိုက ဆုတက် ယူပေးခဲ့ပါတယ်။

၁၉၇၅ ခုနှစ်မှာ ဒါရိုက် တာ ဦးသုခ ရိုက်ကူးခဲ့တဲ့ ရွှေခြည်ငွေခြည်တန်းပါလို့ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးကျော်ဆွေနဲ့ အိမ်ထောင်ကျခဲ့ပါ တယ်။ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေးတို့နဲ့ တွဲဖက် ပါဝင် သရုပ်ဆောင်တဲ့ မလိခချစ်သူ ဇာတ်ကားရိုက်ကူးပြီး ပြန်လာချိန်မှာ ကိုယ်ဝန်ရှိခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ တစ်ဦးတည်းသော သားကို မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးကျော်ဆွေက ကျော်ဆွေဆက်လို့ အမည်ပေး ခဲ့ပေမယ့် ဒေါ်ခင်ယုမေကတော့ သူ့သားနာမည်ကို အောင်ကျော်မိုးလို့သာ အမည် တွင်စေပါတယ်။ တစ်ဦးတည်းသော သား အောင်ကျော်မိုးက အခု အသက် ၃၇ နှစ်ရှိပြီး အမေရိကန်ပြည်ထောင်စုမှာ နေထိုင်လျက်ရှိကာ မြေးမ အယ်ရစ်ကာမိုးနဲ့ မြေးယောက်ျားလေး ရပ်ဆယ်မိုးတို့ ထွန်းကားခဲ့ပြီ ဖြစ်ပါတယ်။

တစ်ယောက်တည်း ရုန်းကန်နေထိုင်ရတဲ့ ဘ၀မှာ ဒေါ်ခင်ယုမေဟာ လူလိမ် လူကောက်များစွာနဲ့ ကြုံတွေ့ပြီး လိမ်လည်မှုများ ခံခဲ့ရပါ တယ်။ ရန်ကုန်မြို့၊ ကမ္ဘာ အေးဘုရားလမ်းဘေးက လမ်းသွယ် တစ်ခုဖြစ်တဲ့ သီရိ မင်္ဂလာရိပ်သာ လမ်းသွယ်ထဲမှာ မြေနှစ်ကွက် ပိုင်ဆိုင်ခဲ့ပြီး မျက်နှာစာ အကွက်ကို တိုက်ဆောက်၊ အငှားချပြီး အတွင်းဘက်က အကွက်မှာ ကိုယ်တိုင်နေထိုင်ဖို့ သီးခြားဆောက် လုပ်နေထိုင်ခဲ့ပါတယ်။ ရှေ့က တိုက်ကို သွင်းကုန် ထုတ်ကုန် လုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီ တစ်ခုက နှစ်ရှည်ငှားရမ်းဖို့ အတွက် ပြင်ဆင် ဆောက်လုပ်ဖို့ လိုအပ်လာတာကြောင့် သုံးလနဲ့ အပြီးဆောက်လုပ်ပေးမယ် ဆိုတဲ့ ကန်ထရိုက်ကို အပ်လိုက်ပေမယ့် ငွေများအလိမ် ခံလိုက်ရပြီး ဆောက်လက်စ တိုက်မှာလည်း တန်းလန်းနဲ့ ရပ်သွားပါတယ်။ တိုက်ဆက်ဆောက်နိုင်ဖို့ အတွင်းဘက်က မြေကွက်ကို ခွဲရောင်းလိုက်ပြီး ရှေ့ကတိုက်ကို ပြီးအောင် ဆောက်ခဲ့ပါတယ်။ တိုက်ဆောက်ပြီး ပိုလျှံတဲ့ ငွေကို စားစရိတ် ရနိုင်အောင်လို့ ပုဂ္ဂလိက ငွေစု ငွေချေးလုပ်ငန်းထဲ ထည့်ထားခဲ့ရာက ကုမ္ပဏီ ဖျက်သိမ်းသွားတဲ့ အတွက် လက်မဲ့ဖြစ်ခဲ့ရပြန် ပါတယ်။

ဆောက်ပြီးတဲ့တိုက်ကို ရွှေခြည်ငွေခြည်မှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ချိုပြုံး ရောက်လာပြီး ရုပ်ရှင်သမားတွေကို ငှားပါလားလို့ အကြံပေး တိုက်တွန်းခဲ့ရာကအစ ခုချိန်ထိ ဒေါ်ခင်ယုမေရဲ့ တိုက်ကို ရုပ်ရှင်သမားများ ရိုက်ကူး နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်ခင်ယု မေက “အရင်တုန်းကတော့ တစ်လမှာ ရက် ၂၀ လောက် ငှားရပါတယ်။ ခုတော့ ၁၀ ရက်တောင် မပြည့်တတ်တော့ဘူး”လို့ ဆိုပါတယ်။ သူ့အိမ်မှာ ရုပ်ရှင်သမားတွေ ၀င်ထွက် သွားလာနေကြပေမယ့် ရိုက်ကွင်းပေါ် ရောက်တဲ့ သူများ ဒေါ်ခင်ယုမေကို မတွေ့ကြရပါဘူး။ ရိုက်ကွင်း ရှိတဲ့ နေ့ဆိုရင် ဒေါ်ခင်ယုမေက သူ့အခန်းထဲမှာပဲ စားစရာ သောက်စရာ အပြည့်အစုံ နဲ့ အခန်းတံခါး ပိတ်နေတာပါ။

ဒီအသက်အရွယ်မှာ သူနဲ့လိုက်ဖက်တဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်မယ် ဆိုရင် ဖြစ်နိုင်သေးပေမယ့် ဒေါ်ခင်ယုမေကတော့ လုံးဝငြင်းပါတယ်။ ဒီအလုပ်ကို လုပ်ဖို့ စိတ်မ၀င်စားတော့ဘူးလို့လည်း ဆိုပါတယ်။ ကျန်းမာရေး အခြေအနေက ကင်ဆာရောဂါဖြစ် ပွားခဲ့ဖူးပြီး ကင်ဆာပျောက်ခဲ့ပေမယ့် တစ်မျိုးမဟုတ် တစ်မျိုး ဖောက်နေတာပဲလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။ လက်ရှိ အခြေအနေမှာ လက်တစ်ဖက်နဲ့ ခြေထောက် တစ်ဖက်က သွေးပြန်ကြောများ ပိတ်နေတာကြောင့် လက်များ ရောင်ကိုင်းနေသလို ခြေထောက်ကလည်း ခြေဖမိုး တစ်ခုလုံး ရောင်ကိုင်းနေတာ တွေ့ရပါတယ်။ လက်ရှိ နေအိမ်ဖြစ်တဲ့ အမှတ် (၂၉/အေ) သီရိမင်္ဂလာ ရိပ်သာလမ်းမှာ တူမကလေး များရဲ့ စောင့်ရှောက်မှုနဲ့ နေထိုင်လျက် ရှိပြီး ၂၄.၁.၂၀၁၄ရက်နေ့ မှာကမ္ဘာမြေပြင်ကနေထွက်ခွါသွားခဲ့ပြီ။ ဖက်ရှင်လောက၊အဆိုလောက၊ရုပ်ရှင်လောက၊မော်ဒယ်လောကတို့ ရဲ့ အရှင်သခင်ဘုရင်မတစ်ဦး ဆုံးရှုံးခဲ့ရပြန်ပြီ...။

kyaw thu

စစ်ဗိုလ်ချုပ်ကြီးအရေခွံလဲ ဥက္ကဋ္ဌကြီးဦးဆောင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်မှာ စစ်သည်စစ်သားတွေ အင်ပြည့် အားပြည့် ပါဝင်လာလေတော့ ၂၀၁၅ ရွေးကောက်ပွဲကြီး စစ်ဖိနပ်သံ တညံညံ ဖြစ်နေမှာတွေးရင်း . . .
ဒါ…တို့တိုင်း … တို့ပြည်၊ တို့ ကာကွယ်မလေ။ ညီစေနော် … တို့ရဲဘော်၊ ချီတက် ကြစို့ တူတူနော်။ တပ်တော်ဦးဆီ …မျှော်လိုက်ပြန် တော့၊ ရဲတံခွန်တွေ …လေကစား ကြွား တလူလူဝေ။ဟဲ …ဟဲ၊ ဒီလို စစ်ချီစစ်သီချင်း တွေနဲ့ စစ်မောင်းသံတညံညံ မြင်ရတာက လင်းယုန် ကြားရသိရတဲ့ သတင်းတွေကြောင့် စစ်သွေး စစ်မာန်တွေ ကြွကြည့်၊ ထကြည့်မိ လေတာ ခင်ဗျ။

ဘာသတင်းလဲဆိုရင် ပြည်သူလူထု ကြီး သိတဲ့အတိုင်းပါပဲ။ သမ္မတကြီး ဦးသိန်းစိန်က ရွေးကောက်ပွဲ ကော်မရှင်မှာ ကော်မရှင်အဖွဲ့ဝင်တွေအဖြစ် စစ်သား အယောက်(၆၀)ကို တပ်ကူပို့လိုက်သတဲ့ ခင်ဗျ။ (တပ်ကူ ပို့တယ်လို့ သုံးနှုန်းရတာ ဘာကြောင့်ဆိုတာတော့ လူထုသာ စဉ်း စားကြည့်ပေတော့ခင်ဗျ၊ ဟဲ .ဟဲ .ဟဲ) …

ဒီကိစ္စကြောင့် နိုင်ငံရေးအသိုင်းအ၀ိုင်း အတွင်းမှာ လက်ခံတဲ့သူတွေနဲ့ လက်မခံ တဲ့သူတွေရယ်လို့ သဘော ထားကွဲပြားမှုတွေ ဖြစ်ပေါ်နေကြပါတယ်။
လက်မခံသူတွေကတော့ အများစုလို့ ပြောရမှာပဲခင်ဗျ။ လက်ခံတဲ့အုပ်စုကတော့ လူထုသိကြတဲ့အတိုင်း ၂၀၁၀ ရွေးကောက် ပွဲကြီးနဲ့ အာဏာရပါတီဖြစ်လာတဲ့ ကြံ့ခိုင် ရေးပါတီအုပ်စုပဲခင်ဗျ။ ဒါဆိုရင် လင်းယုန် တစ်ယောက် စစ်ချီ၊ စစ်သီချင်းတွေ ညည်း မိလေတာ လူထုနားလည်နိုင်ကောင်းပါရဲ့ ခင်ဗျာ။ ( ဟဲ .ဟဲ )
သို့ပေမဲ့ ဒီလို ညည်းပေမယ့်လည်း လင်းယုန်မှာ ကြောက်ကြောက်လန့်လန့်နဲ့ ညည်းရရှာတာပါဆိုတာတော့ ၀န်ခံရပေမယ် ခင်ဗျ။ ဘာဖြစ်လို့လဲဆို စစ်ဗိုလ်ချုပ် ကြီးအရေခွံလဲ ဥက်္ကဋ္ဌကြီးဦးဆောင်နေတဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ စစ်သည်စစ် သားတွေ အင်ပြည့်အားပြည့်ပါဝင်လာလေ တော့ ၂၀၁၅ ရွေးကောက်ပွဲကြီး စစ်ဖိနပ် သံ တညံညံဖြစ်နေမှာ တွေးရင်း စစ်သားဆို ရင် ကြောက်တတ်တဲ့ အကျင့်ပါနေတာမို့လို့ ခင်ဗျ။

ရွေးကောက်ပွဲ ကော်မရှင်မှာ စစ်သားတွေ တပ်ကူလွှတ်လိုက်တဲ့ကိစ်္စကို လက်ခံ သူဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး တစ်ဦးကတော့ အရပ်သားတွေ ထက်ပိုပြီးလုံခြုံစိတ်ချရပါသတဲ့ခင်ဗျ။ (ဟဲ . ဟဲ .ဟဲ ၊ဘာကို လုံခြုံစိတ်ချရစေတယ် ဆိုတာတော့ မပြောတတ်ဘူးခင်ဗျ။)
လင်းယုန် အနေနဲ့ဆိုရင်တော့ သမ္မတရဲ့ဒီဆောင်ရွက်ချက်ကို ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ဘဲ မြင်မိပါတယ် ခင်ဗျ။ ဒါကိုလည်း လင်းယုန်က အရမ်းကာရော ပြောရတာမဟုတ်ဘူးခင်ဗျ။ သမ်္မတကြီး လည်း ရမ်းသန်းပြီး ဆောင်ရွက်တာမဟုတ် နိုင်လေဘူးခင်ဗျ။ ( ဟဲ .ဟဲ )
ဒီတော့ လင်းယုန် လက်မခံရတဲ့ အကြောင်းကို အချက်အလက်လေးအချို့ ထုတ်နုတ်ပြီး လူထုကို တင်ပြခွင့်ပြု ပါ ခင်ဗျာ။

(၁) ရွေးကောက်ပွဲကော်မရှင်မှာ စစ် သား(၆၀)ပါဝင်လာခြင်းဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းဆောင် ရွက်မှုကို ဘယ်မျှ အကျိုးများစေမလဲ။ (လင်းယုန်အမြင် အရတော့ အကျိုးယုတ်ဖွယ်ရာသာ ရှိ တယ်ခင်ဗျ။)

(၂) စစ်သားတွေ ပါဝင်ကြီးမှူးတဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုက ဘယ် လိုသဘောထားမျိုးရှိကြမလဲ။(ဟဲ .ဟဲ)

(၃) လက်ရှိ နိုင်ငံရေးအခင်းအကျင်းရဲ့ နောက်ကွယ် အကြောင်းတရားများ။ တို့ပဲဖြစ်ပါ တယ် ခင်ဗျ။
နံပါတ်(၁)အနေနဲ့ပြောရရင် ရွေး ကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက် မှုတွေမှာ စစ်သားတွေ ပါဝင်လာ ခြင်းနဲ့ အခြား လူထုယုံကြည်ရတဲ့ အရပ်သားများ ပါဝင်လာခြင်းဟာ အကျိုးရလဒ် အတူတူပဲဖြစ်မှာပါခင်ဗျ။ ရုံးလုပ်ထုံး လုပ်နည်းနဲ့ စနစ်တကျရှိမှုဆိုတာနဲ့ပဲ တိုင်းတာရင်တော့ စစ်သားတွေက ပိုပြီးစနစ်တကျရှိတယ်လို့ ဆိုပေမယ့် စနစ်တကျ မှန်မှန်ကန်ကန်လေ့ ကျင့်ပညာပေးမှုရှိရင် အရပ်သားတွေလည်း ရွေးကောက်ပွဲ ကော်မရှင် လုပ်နည်းလုပ် ဟန်တွေကို စနစ်တကျ လုပ်နိုင်ကျမှာပဲ ခင်ဗျ။ (စစ်သားအရေခွံလဲတွေ ဦးဆောင်ခဲ့ တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြီးကြပ် တဲ့ ၂၀၁၀၊၂၀၁၂ ရွေးကောက်ပွဲတွေမှာ လည်း အမှားအယွင်း ပေါင်းသောင်းခြောက် ထောင်ဖြစ်ခဲ့တာပါပဲခင်ဗျ။ ဟဲ .ဟဲ .ဟဲ၊ ဒါတော့မငြင်းပါနဲ့ ခင်ဗျာ။) နောက်ပြီး စစ်သား ဆိုတာ အထက်အမိန့်အတိုင်းသာ လုပ်ကိုင်တတ်သူတွေဆိုတော့ ကိုယ်ပိုင် နှိုင်းချင့် ဆောင်ရွက်မှုမှာ အရပ်သား တွေ ထက်အားနည်းလေတော့ ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါ၊ နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံတဲ့အခါ အခက်အခဲ ရှိနိုင်တယ် ခင်ဗျ။ (အမျိုးသားလွှတ်တော်ဥက်္ကဋ္ဌကြီး တောင် လွှတ်တော်ထဲ ဖွင့်ဟပြောခဲ့ရ မဟုတ်လား။) တပ်နယ်မြေတွေမှာ ရွေး ကောက်ပွဲဆိုင်ရာလုပ်ငန်းတွေ အဆင်ပြေ ပြေလုပ်နိုင်အောင်ဆိုပြီး အကြောင်းပြရင် လည်း အခြားဝန်ကြီးဌာနတွေကလည်း တစ်ဌာနကို အယောက်(၆၀)ဆီသာ ကော်မရှင်ထဲ ထည့်လိုက်ပေတော့ ခင်ဗျ။ ဟဲ .ဟဲ ဒါဆို ပိုပြီးမြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်ပေမယ် ခင်ဗျ။

နံပါတ်(၂)ဖြစ်တဲ့ ပြည်သူလူထုရဲ့ သဘောထားကတော့ ရှင်းပါတယ် ခင်ဗျ။ မယုံရေးချမယုံဆိုတာ တစ်သံ တည်း ထွက်ပါ လိမ့်မယ်ခင်ဗျ။ နှစ်ပေါင်း (၆၀)ကျော် ဖြတ်သန်းလာခဲ့ရတဲ့ အခြေအနေတွေအရ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုကို အလိုမရှိပါဘူးလို့ တောင်းဆိုနေကြတဲ့အချိန် မှာ ဒီလိုဆောင်ရွက်မှုကိုတော့ လင်းယုန် အနေနဲ့ အံ့အားသင့်မိတယ်ခင်ဗျ။

နံပါတ်(၃) အချက်ကတော့ ဒီကိစ္စဖြစ် ပေါ်လာရခြင်းမှာ သမ္မတအနေနဲ့ လူထု သဘောထား ကိုသိပြီး ဖြစ်တယ်လို့ ယုံကြည် ရတာကြောင့် မြန်မာ့နိုင်ငံရေးအပေါ် စိုး ရိမ်တကြီးဖြစ်နေရှာသူကြီးတစ်ဦးဦးရဲ့ ညွှန် ကြားမှုကို သမ္မတမှာ မလွန်ဆန်နိုင်ရှာလေ သလားလို့ တွေးထင်မိတယ်ခင်ဗျ။ (ပိုင် ဆိုင်မှုတွေနဲ့ ဇာတ်လမ်း ရှုပ်ထားသမျှ စိုးရိမ်ကြမယ် ဆိုရင်လည်း စိုးရိမ်ကြဖွယ်ကိုး ခင်ဗျ။)

အခုလိုအချက်တွေကိုကြည့်ရင် လူ ထုက လက်မခံနိုင်တာကို သိသိကြီးနဲ့ ပြုလုပ်တဲ့ ဒီကိစ္စရပ်ဟာ ဘယ်လို ရည်ရွယ် ချက်တွေနဲ့ဦးတည်လေသလဲလို့ လင်းယုန် ကတော့စိုးရိမ်မကင်းဖြစ်မိလေတယ် ခင်ဗျ။
ဒါနဲ့ … ပြောရဦးမယ်ခင်ဗျ။

ရွေးကောက်ပွဲကော်မရှင်မှာ အခုလို စစ်သားတွေပါဝင်လာတာကို ကြားရသိရ လေတော့ ဖဆပလအကွဲမှာ စစ်တပ်က အိမ်စောင့်အစိုးရဆိုပြီး ၀င်အုပ်ချုပ်ပြီးသကာ လ စစ်တပ်က ကြီးမှူးပေးတဲ့ ၁၉၅၉ ရွေး ကောက်ပွဲ အကြောင်း သတိရမိလေတယ် ခင်ဗျ။

အဲဒီရွေးကောက်ပွဲမှာ စစ်တပ်အကြီးအကဲဗိုလ်ချုပ်ကြီးနေ၀င်းက မင်းတို့ဘယ် ဘက်မှ မလိုက်ကြလေနဲ့လို့ သူ့တပ်မှူးတွေ ကို ပြောတယ်ဆိုကြခင်ဗျ။ ဒါပေမဲ့ ရွေး ကောက်ပွဲမှာ စစ်တပ်တပ်မှူးကြီးတွေက ဆွေ-ငြိမ်းလို့ ခေါ်တဲ့ တည်မြဲဖဆပလ အနိုင် ရဖို့လုပ်ကြတာများ နယ်တွေမှာဆိုရင် လူ ထုကို သေနတ်နဲ့ချိန်ပြီး ဆွေ-ငြိမ်းမဲ ပုံးထဲ မဲအထည့်ခိုင်းလေတယ်တဲ့ခင်ဗျ။ သို့ပေမဲ့ လည်း လူတည်မြဲ၊ မဲသန့်ရှင်းလို့တောင် စာချိုးပေါ်ခဲ့တဲ့ အဲဒီ ရွေးကောက်ပွဲမှာ နု-တင်အုပ်စုဖြစ်တဲ့ သန့်ရှင်းကသာ အနိုင် ရပြီး ပထစအစိုးရဖွဲ့နိုင်ခဲ့တယ်ခင်ဗျ။ အဲဒီ ရွေးကောက်ပွဲမှာ ဘက်လိုက်ခဲ့လို့ဆိုပြီး ဗိုလ်ချုပ်ကြီးနေ၀င်းက သူ့ရဲ့တပ်မှူး (၇)ဦးကို ဖြုတ်လိုက်သဗျ။ ( ဆွေငြိမ်းလည်းရှုံး၊ လုပ်သမျှလည်းပေါ်လို့ မင်းတို့ဒီလောက် တောင် ဖြစ်မြောက်အောင်မလုပ်နိုင်လေသ လားလို့ အပြစ်ပေးတာလည်းဖြစ်နိုင်တယ် ခင်ဗျ။ အမှန်သိချင်ရင်တော့ အဲဒီတုန်းက ဖြုတ်ခံရတဲ့အထဲမှာပါတဲ့ ဗိုလ်ချုပ်အောင်ရွှေ (NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ) သက်ရှိထင်ရှားရှိသေးတယ်ခင်ဗျ။ မေးကြည့် ကြပေါ့။)

အဲဒီအခါတုန်းကတော့ ဆွေ-ငြိမ်းနဲ့ စစ်တပ် လက်ဝါးချင်း ရိုက်ထားကြတယ်လို့ သမိုင်းမှတ်တမ်း ပြုကြတယ် ခင်ဗျ။

အခုတော့ စစ်တပ်နဲ့ လက်ဝါးချင်းရိုက် ထားတဲ့ နိုင်ငံရေးအုပ်စုတော့မရှိလေဘူး ခင်ဗျ။ (ဟဲ .ဟဲ .ဟဲ၊ စစ်တပ် ကနေ မွေးဖွား ပေးလိုက်တယ်ဆိုတဲ့ ပါတီကြီးပဲ ရှိတယ်ခင်ဗျ။)
သို့ပေမဲ့ သမ္မတကနေ ရွေးကောက်ပွဲ ကော်မရှင်ကို တပ်ကူပို့လိုက်တဲ့ စစ်သား များကိုလည်း ဟိုယခင်က ဗိုလ်ချုပ်ကြီး နေ၀င်းလိုပဲ တပ်မတော်အကြီးအကဲကြီးက ဘက်မလိုက်ရလို့ မှာလိုက်သေးသလားဆို တာတော့ လင်းယုန် သိချင်နေမိပါတယ် ခင်ဗျ။ ( လာမယ့် ၂၀၁၅ရွေးကောက်ပွဲက လူတည်မြဲ၊ မဲသန့်ရှင်းတောင် မဟုတ် ဘဲ လူဒေါင်း၊ မဲဒေါင်း ဆိုသံ လူထုကြား သောသောညံနေတာတော့ ကြားနေရပါ တယ် ခင်ဗျာ။ ဟဲ .ဟဲ .ဟဲ)

မြန်မာသံတော်ဆင့်

ကောင်းပါတယ်…။ ခင်ဗျားတို့ရဲ့ စိတ်ဓါတ်အောက်တန်းကျမှု နဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်ဖိအားပေးမှုတွေဟာ ခင်ဗျားတို့ကို ပြည်သူတွေ နဲ့ ပိုဝေးသွားစေပါတယ်…။ ဒါဟာ ခင်ဗျားတို့ကိုယ်တိုင်ဖန်တီးမှုပါပဲ…။ ဒေါ်အောင်ဆန်းစုကြည် အပေါ် ခင်ဗျားတို့ ဖိအားပေးလေလေ သူမကို ပြည်သူတွေနဲ့ နီးသထက် ပိုနီးကပ်အောင် တွန်းပို့လေလေဖြစ်စေ တာပါပဲ…။ တကယ်လို့သာ နမ့်စန်လေယာဉ်ကွင်းမှာ ဆင်းလို့ရအောင် ခင်ဗျားတို့ဖက်က လိုက်လျောခဲ့မယ်…၊ စီစဉ်ပေးခဲ့မယ်ဆိုရင် ဟဲဟိုးကနေ နမ့်စန်ကို သွားတဲ့ လမ်းခရီး တစ်လျှောက်က ပြည်သူတွေထဲက အများစုဟာ ဒေါ်အောင်စုကြည်ရဲ့ ခရီးကို သိလိုက်ကြမှာ မဟုတ်ပါဘူး…။ အခုတော့ လမ်းဘေးမှာရှိသမျှလူတွေ…၊ ကျောင်းသူကျောင်းသားတွေ..၊ အလုပ်သမားတွေ…၊ ဈေးသည်တွေဟာ ခင်ဗျားတို့ရဲ့ အောက်တန်းကျမှုကို မျက်ဝါးထင်ထင် တွေ့မြင်စေသလို ဖြစ်သွားပါတယ်…။

လမ်းတစ်လျှောက်က လူထုတွေဟာ “အမေစု… အမေစု..” ဆိုပြီး တသသနဲ့ ဖြစ် ကျန်စေခဲ့ပါတယ်…။ ညနေက ညဈေးကိုရောက်ဖြစ်ခဲ့တယ်…။ အလုပ်သမား တစ်ယောက်က အော်ကြီးဟစ်ကျယ် နဲ့ “ဟ..ဟား… ငါ အမေစု ဆိုပြီး လှမ်းခေါ်လိုက်တာ… အမေစုကြားတယ်ကွ…၊ ငါ့ဖက်ကိုလှည့်ပြီး လက်ပြခဲ့တယ်….၊ ပျော်လိုက်တာကွာ…” ဆိုပြီး သူ့သူငယ်ချင်းတွေကိုကြွားနေလေရဲ့…။ ကိုယ်စီကိုယ်စီတွေဟာ သူတို့တွေရဲ့ အမိအရ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို အချင်းချင်းကြွားရင်း ဝေမျှနေကြလေရဲ့….။ “ငါရိုက်တဲ့ပုံက အမေစု ပြုံးနေတာ နဲ့ကွက်တိ…” “ငါရိုက်လိုက်တဲ့ပုံက အမေစု မျက်စိပိတ်နေတယ်ဟာ…၊ နင့်ပုံငါ့ကိုပို့ပါဦး….” ဈေးသည်အဒေါ်ကြီးတစ်ယောက်က “အေးဟယ်…၊ သူတို့တွေ $ကျင့်ယုတ်တာတဲ့…၊ နမ့်စန်လေယာဉ်ကွင်းကို ပေးမဆင်းလို့ ဟဲဟိုး ကနေ ၄ ၅ နာရီလောက် ကားစီးသွားရတာတဲ့…၊ သနားပါတယ်ဟယ်..၊ ခရီးပန်းရှာမပေါ့….” တဲ့…။ နောက်တစ်ယောက်က “အပြန်ကျရင် မီးပုံးပျံကွင်းမှာ တောင်ကြီးလူထုတွေ နဲ့ တွေ့ဆုံမိန့်ခွန်းပြောမယ့်ဟာကို ကွင်းကို တပ်က ခွင့်မပြုလို့တဲ့…၊ ယုတ်မာလိုက်တာ…” “အိုး.. ခွင့်မပြုလည်း မိန်းလမ်းမှာပြောကွာ…၊ တို့ဈေးထိပ်မှာလာပြော..၊ ဗိုလ်ချုပ်ပန်းခြံမှာ ပြော..တို့ သွားနားထောင်မယ်…၊ သူတို့ခွင့်ပြုမှ ရမှာမို့လား….”

ဆိုင်ကယ်တွေကိုယ်စီနဲ့ ကလေးတွေ..၊ ခွပ်ဒေါင်းအလံတလွှင့်လွှင့် နဲ့….။ ဟိုတစ်စု ဒီတစ်စု လူအုပ်စုတွေ အလျှိုလျှို ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကနေ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုပြီး ပြန်လာနေကြလေရဲ့…။ သူတို့တွေရဲ့ ပါးစပ်ဖျားမှာလည်း အမေစု… အမေစု… နဲ့… ပြောမဆုံး ပျော်မဆုံး ဖြစ်နေကြလေရဲ့….။

ကောင်းပါတယ်...၊ ဘီလူးကို ဘီလူးမှန်းတော့ သိထားကြပေမဲ့ ဆောင်းထားတဲ့ မင်းသားခေါင်း က ဟန်ပန်ကျလှတယ်လေ...။ အခုလို စောစော သိလိုက်ရတာ လူထုအတွက် ကံကောင်းပါတယ်...။

Ko Nay Myo


ဖွဲ့စည်းပုံပြင်ဆင်ရေး ပဏာမဆွေးနွေးဖို့အတွက် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် ထပ်မံတောင်းဆိုလာရင် သူ့အနေနဲ့ ကြိုဆိုထောက်ခံပြီး တွေ့သင့်တယ်လို့ယူဆတဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဇန်နဝါရီ ၂၃ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ ကြိုဆိုထောက်ခံမှုဟာ လေးပွင့်ဆိုင်တွေ့ဆုံဖို့ အချိန်မကျသေးဘူးဆိုပြီး ငြင်းပယ်ခဲ့တဲ့ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို တွေ့ဆုံဆွေးနွေးရေး လက်ခံလာအောင် တိုက်တွန်းသွားမယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တယ်လို့ ရှင်းရှင်းလင်းလင်းပဲ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နားလည်မှုရှိရှိ မဟာမိတ်အဖြစ် လက်တွဲနေတယ်လို့ တရားဝင်ကြေညာထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းက နိုင်ငံအတွက် ကောင်းမယ့် ကိစ္စတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတာ အကောင်းဆုံးနည်းလမ်းပဲလို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ခမ်းမမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဖြေကြားခဲ့တဲ့ သူရဦးရွှေမန်းက ၂ဝ၁၆မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်ဆိုရင် သူ့အနေနဲ့ ဝမ်းသာလှိုက်လှဲစွာ ပူးပေါင်းဆောင် ရွက်သွားမယ်လို့ ပြောဆိုခဲ့သလို တရားမျှတမှုကို ချစ်မြတ်နိုးတဲ့သူ့အတွက် လွှတ်တော်ဥက္ကဌရာထူးကို စစ်ဗိုလ်ချုပ်ကြီးရာထူးထက် ပိုပြီး သဘောကျတယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့ပြီးနောက်မှာ သမ္မတဦးသိန်းစိန်က ပါတီခေါင်းဆောင်တစ်ယောက်နဲ့ တွေ့ဖို့ဆိုတဲ့အဓိပ္ပာယ်နဲ့ လက်မခံဘဲ ပယ်ချခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဦးသိန်းစိန်ကို တာဝန်သိတတ်မှုမရှိသူအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

Kamayut Media (24-1-2014)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.