02/02/14

သတင်းထောက် ကိုညို--ရေးသည်။
မကြာသေးခင်က ရန်ကုန်သွားလည်ပြီး နော်ဝေးပြန်ရောက်လာတဲ့ သူငယ်ချင်းများဖြစ်တဲ့ ကိုထက်အောင်ကျော် နဲ့ ကိုသူရိန်တို့ ကျေးဇူးကြောင့် ရန်ကုန်ထုတ် သတင်းစာနဲ့ ဂျာနယ် တချို့ ဖတ်ရပါတယ်..။ ခုတလော အ၀ါရောင်ဂျာနယ်လို့ နာမည်ကြီးပြီး ရောင်းအားကောင်းတဲ့ သူရိယနေ၀န်းလည်းပါတယ်။ သူကတော့ တခြားဂျာနယ်တွေထက် မျက်နှာဖုံးကိုယ်က အ၀ါရောင်၊ အနီရောင် စာလုံးကြီးတွေနဲ့ ပြူးပြူးပြဲပြဲဖော်ပြပြီး မျက်နှာဖုံးမှာရော အတွင်းစာမျက်နှာတွေရော ဓာတ်ပုံနဲ့ ဒီဇိုင်းခေါင်းစဉ်ကိုယ်က စာမျက်နှာပြည့်လုနီးပါး ဖော်ပြထားတော့ နာမည်တွေ အကြီးကြီး ဖြစ်နေတာကတော့ သေချာပါတယ်။ အတွင်းစာမျက်နှာမှာလည်း ထိုနည်းလည်းကောင်းပေါ့လေ။ ဒါပေမယ့် တခြား ဂျာနယ်တွေ သတင်းစာတွေထက် စကားလုံးပြောင်ပြောင်နဲ့ ရေးရဲ ဖော်ပြရဲတာတွေမြင်ရသလို ခရိုနီတွေ၊ အစိုးရ၀န်ကြီးတချို့၊ ခေါင်းဆောင်တချို့ရဲ့ မတရားစီးပွားခြစားမှုတွေ ဖွင့်ချထားတာလည်း တွေ့ရတယ်။ ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေကို ဖော်ပြတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေ၊ သမိုင်းအဖြစ်အပျက်တွေလည်း တွေ့ရတယ်။

ခေတ်အပြောင်းမှာ မြန်မာ့စာနယ်ဇင်းလောကရဲ့ ဖြေလျှော့မှုတချို့ တွေ့လာရတယ်။ တချိန်က စာပေကင်ပေတိုင်လို့ စာနယ်ဇင်းသမားတွေ မြည်တွန်ကင်ပွန်းတပ်ခဲ့တဲ့ မလိုလားအပ်တဲ့ အဖွဲ့လည်း ရုတ်သိမ်းသွားတယ်။ ဒါပေမဲ့ Self Sensorship မိမိဖာသာ ထိမ်းချုပ်တည်းဖြတ်ရတဲ့ တာဝန်ယူရဲမှုကိုတော့ ကြုံလာရပါတယ်။ ဒါကလည်း ကျင့်ဝတ်တစ်ပါးမို့ ယူသင့်လိုက်နာသင့်တဲ့ တာဝန်ပါ။ ဒီကနေ့ စာနယ်ဇင်းလောကဆိုတာက ငါးပွက်ရာ ငါးစာချသူ အများအပြားမို့ အရည်အသွေး၊ စံချိန်မမှီတာတွေလည်း ရှိနေတာ မဆန်းသလိုပါပဲ။ အဆိုးဆုံးက ငွေရှိ၊ လုပ်ပိုင်ခွင့်အာဏာ ရှိနေသူတွေတချို့ရဲ့ မီဒီယာလောကအပေါ် လက်ဝါးကြီးအုပ်ထားလိုမှုပါ။ မြန်မာပြည်သူတွေအတွက် အတွေးအခေါ်နဲ့ အသိပညာတွေ သတင်းမှန်တွေ ပေးရမယ့်အစား မိမိတို့ အကျိုးလိုလို့ ညောင်ရေသွန်းတဲ့ စေတနာကွက်ကြားတွေပဲ မြင်တွေ့ရပါတယ်။ မီဒီယာအကျိုးမျော်ကိုးလို့ဖြစ်စေ၊ မီဒီယာအပေါ် စေတနာပါပါနဲ့ မြှင့်တင် အားပေးလိုတဲ့ စိတ်တွေ တော့ ထင်ထင်းရှားရှားမမြင်ရပါဘူး။ တက်သာဆုတ်တာ သိုင်းကွက်နင်းနေတာပဲမြင်ရပါတယ်။ တစ်ချိန်က အာဏာရှင်တွေနဲ့ ပုလင်းတူဗူးဆို့ မြိန်ရေရှက်ရေ ရှိခဲ့သူတွေက သူတို့ရဲ့ ရာဇ၀တ်မှုတွေ၊ မတရားခြစားမှုတွေ၊ ခိုးဝှက်သိုလှောင်ထားမှုတွေကို မပေါ်လာအောင် ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့ရည်ရွယ်ချက်နဲ့ မီဒီယာတွေကို လက်ဦးမှုယူ မောင်ပိုင်စီးထားကြတယ်။ ခရိုနီတွေ ချယ်လှယ်နေတဲ့ ဒီကနေ့မီဒီယာလောကကို နတ်ဆိုးတွေ ကခုန်နေတဲ့ မီဒီယာလို့ပဲ အမည်ပေးရမလိုဖြစ်နေတယ်။ ဒါကလည်း ကိုယ်ကတိုက်ယူလို့ရတဲ့ လမ်းကြောင်းမဟုတ်ဖဲ သူတို့က ဖွင့်ပေး၊ ခင်းပေးတဲ့ နေရာလေးတခုပေါ်မှာ ရပ်တည်နေရတာမို့ ဒီလောက်တော့ ရှိမှာပဲလေ..ဆိုပြီးတော့ ရသေ့စိတ်ဖြေလိုက်ပါတယ်။ ဒါပေမယ့် ဘ၀င်မကျ။
မနှစ်က နိုဝင်ဘာလကုန်ခါနီး ပြည်တွင်းစာနယ်ဇင်းသမားတချို့ နဲ့ အော်စလိုမှာ တွေ့ဆုံခွင့်ရတယ်။

စာနယ်ဇင်းကောင်စီက ကိုဇော်သက်ထွေးက “ကျနော်တို့ရနေတာ Freedom (လွတ်လပ်မှု) မဟုတ်သေးပါဘူး၊ Liberalization (တင်းကျပ်မှုများဖြေလျှော့ ပျော့ပြောင်းလာသည့် အခြေအနေမျိုး) ပဲဖြစ်ပါတယ်။ မီဒီယာမှာလည်း ကျနော်တို့ရနေတာက ဆင်ဆာအဖွဲ့ဖျက်သိမ်းသွားပြီး လွတ်လပ်စွာ ထုတ်ဝေခွင့်၊ ပြောဆိုခွင့်တချို့ ရနေပေမဲ့ Freedom of expression (လွတ်လပ်စွာပြောဆိုခွင့်) ကို Law (ဥပဒေ) အရ ရထားတာမဟုတ်ပဲနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေအရ Give and Take (အပေးအယူအရ) ရထားတာဖြစ်တယ်။ ဥပဒေအရ တရားဝင်ရရှိဖို့ လွှတ်တော်ကိုတင်ထားပါတယ်။ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးပြီ၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်နဲ့လုပ်ထားတယ်၊ ဒါကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီးတဲ့ အခါကျမှ ဥပဒေအရ အတည်ပြုပြီးတဲ့ Freedom of expression ကို ရမှာပါ။ ကျနော်တို့အားလုံး ကြမ်းတမ်းတဲ့ တော်လှန်ရေးကာလကို ဖြတ်သန်းပြီးတဲ့အခါ အခုသွားနေတာက Evolution (အဆင့်ဆင့် တဖြေးဖြေးချင်း ပြောင်းလဲမှု) နဲ့ ရွေ့နေတာ။ အခြေအနေက အခြေအတင်တွေ ပြောနေကြရတယ်။ ပြည်တွင်းမှာလည်း တကယ့်ကို ကသောင်းကနင်းပဲ” လို့ ပြောသွားပါတယ်။ သမ္မတ ဦးသိန်းစိန် သက်တမ်း၃နှစ်ဟာ ကို့ယို့ကားယား၊ ကသောင်းကနင်းနှစ်များလို့ ဆိုရမှာပါ။

အဲဒီလို ဘယ်ဥပဒေကမှ စာနယ်ဇင်းလောကအပေါ် တိတိကျကျနဲ့ ပြဌာန်းပြီး အကာအကွယ်မပေးနိုင်သေးတဲ့ အကွက်ရှာ အချိန်ဆွဲ စပ်ကူးမတ်ကူး ကာလမျိုးမှာ သူရိယနေ၀န်းရဲ့ မျက်ကန်းတစ္ဆေမကြောက် ရင်ဘတ်ဖွင့်ပြီးတိုက်နေတဲ့ လုပ်ရပ်ကိုတော့ အရမ်းကာရော လက်ခုတ်လက်ဝါးမတီးချင်တောင် သတိထားပြီး မျော်လင့်ချက်ထားနေမိတာတော့ အမှန်ပါ။ တချိန်က စစ်အာဏာရှင်တွေ သောင်းကျန်းနေတဲ့အချိန် ပြည်သူပိုင်မြန်မာ့အလင်း၊ ကြေးမုန်သတင်းစာတွေကိုတောင် စစ်ဝါဒဖြန့်လက်နက်လိုသုံးပြီး ဒီမိုကရေစီအင်အားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖေတော့ မောင်တော့ သဘောမျိုး ဆဲရေး တိုင်းထွာတဲ့အထိ လုပ်ရက်တာပဲလေ၊ မြက်ခင်းသစ်လို မဂ္ဂဇင်း (ဒီမိုတွေက နွားစားကျက်လို့ နာမည်ပေးတယ်) တွေရော၊ ရုပ်ရှင် ဗွီဒီယိုတွေကရော ဒီမိုကရေစီ အရေးတော်ပုံကို သေးသိမ်အောင် ၀ါဒဖြန့်ပြီး စာနယ်ဇင်းလောကကြီးကို လိုသလိုပုံဖျက်ခဲ့ကြတာပဲ ဆိုတော့ ဒီကနေ့ သူရိယနေ၀န်း ပြောတာလောက်က အကင်းလေးပါ။ သူရဲဘောကြောင်သူ၊ အခွင့်အရေးရှာသူတွေထူပြောတဲ့ ခေတ်ပျက်ကြီးမှာ သူရိကနေ၀န်းကို ဒီကနေ့အချိန် လူကြိုက်များတာ သဘာဝကျပါတယ်။ ခရိုနီတွေကို ဗြောင်ဖွင့်ချတိုက်ခဲ့တဲ့ မနှစ်က အောက်တိုဘာလ နောက်ဆုံးပတ်ထဲမှာပဲ ကိုမိုးဟိန်းတို့ ရဲ့ အယူအဆမတူတဲ့ ရှယ်ရာအကွဲအပြဲ သတင်းတွေထွက်လာပါတယ်။ သိပ်မကြာဘူး ၈၈နိုင်ငံရေးမျိုးဆက် တောခို၊ ထောင်ထွက်၊ နိုင်ငံခြားပြန် နိုင်ငံရေးအုပ်စုတွေနဲ့ ၀ိုင်းဖွဲ့ပြီး သူရိယနေ၀န်းနာမည်နဲ့ ဂျာနယ်သစ်ဟာ မြန်မာ့စာနယ်ဇင်းလောကမှာ ချွန်ပြီးထွက်လာပါတယ်။ သိပ်ပြီး နာမည်ကောင်း ကျင့်ဝတ်ကောင်းတွေနဲ့ချည်းတော့ မဟုတ်ပါဘူး။ လဘက်ရည်ဆိုင်မှာ ပေါက်ကရထိုင်ပြောတဲ့ အတင်းအဖျင်း သတင်းဆန်ဆန်တွေပဲလို့ ကြိုဆိုဝေဖန်သံတွေနဲ့ပါ။ တကယ်လည်း ဒီဂျာနယ်က အဲလို အတင်းအဖျင်းဆန်ဆန် အရေးအသားတွေမြင်ရပါတယ်။ ဦးတေဇကတောင် ဒီဂျာနယ်ကို တရားစွဲမယ် ဘာညာပြောခဲ့သေးတယ်၊ သူကိုယ်တိုင်ကရော တချိန်က တရားဥပဒေအတိုင်း နည်းလမ်းမှန်မှန် စီးပွားရှာခဲ့သူမှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ချင်စရာပါ။

အဆိုးတိုင်းမှာ အကောင်းပါ၊ အကောင်းတိုင်းမှာ အဆိုးရှိ ဆိုသလို သူရိယနေ၀န်းမှာ အရာရာတိုင်း ဆိုးရွားနေတာတော့မဟုတ်ပါဘူး။ သေချာတိကျတဲ့ သတင်းအရင်းအမြစ်နဲ့ အချက်အလက်ကျကျဖော်ပြမှု အားနည်းနေတာပါ။ ပြီးတော့ သေသေချာချာ Investigation (စုံစမ်းလေ့လာစစ်ဆေးမှု) လုပ်ထားတာမျိုးမဟုတ်ဖဲ အပေါ်ယံ ဖော်ထုတ်မှုတွေသာဖြစ်တယ်။ သူရိယထက် ပိုမို သိထားတဲ့ သတင်းသမားတွေက မပြောရဲ၊ မဖော်ပြရဲတော့ မျက်ကန်းတွေကြား တဖက်ကန်းသူက ဗိုလ်ဖြစ်လာသလိုပေါ့။ အယ်ဒီတာကိုမိုးဟိန်းတို့ရဲ့ ကိုယ်သိသလောက် ပြန်ပြောရဲတဲ့ သတ္တိကိုတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဒီထက်ကောင်းမွန်တဲ့ လမ်းကြောင်းကို လျှောက်စေချင်လို့ပါ..။ အဲဒါကတော့ ဒီကနေ့သူရိယနေ၀န်း ရွေးချယ်တဲ့လမ်းကြောင်းဖြစ်တဲ့ Investigative ကျကျနနနဲ့ စနစ်တကျ တည်ဆောက်ဖို့ပါ။ ပြောရတာလွယ်ပေမယ့် လက်တွေ့လုပ်ရတာခက်မှန်း၊ အန္တရာယ်နီးမှန်းလည်း သဘောပေါက်ပါတယ်။ မှတ်တမ်းမှတ်ရာတွေ၊ သုသေသနတွေ၊ သတင်းအရင်းအမြစ်နဲ့ Investigator လို့ခေါ်တဲ့အလွတ်စုံထောက်၊ အတွင်းလူတွေ လိုမှာဖြစ်သလို ဌာနဆိုင်ရာဝန်ထမ်းတွေလို လူအရင်းအမြစ်နဲ့ ငွေအရင်းအမြစ်လည်းလိုအပ်မှာသေချာပါတယ်။ ပိုဆိုးတာက အသက်အန္တရာယ်နဲ့ အာဏာပိုင်အစိုးရတွေ၊ ခရိုနီတွေရဲ့ ငြိုငြင်မှုနဲ့ တုန့်ပြန်ချက်တွေဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ အိန္ဒိယမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဥပမာပေးပြီး ခွန်အားပါပေးလိုပါတယ်။

လွန်ခဲ့တဲ့ မတ်လ ၁၄ရက် ၂၀၀၁ခုနှစ်မှာ အိန္ဒိယအခြေစိုက် သတင်းစာတွေနဲ့ ရေဒီယို၊ ရုပ်မြင်သံကြား၊ မီဒီယာတွေကနေ အစိုးရ၀န်ကြီးတွေ အရာရှိတွေရဲ့ ခြစား လဂ်စားမှုတွေကို တခုပြီးတခု၊ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် အထောက်အထားတွေနဲ့တကွ ဖွင့်ချလိုက်တဲ့ သတင်းတွေကြောင့် အိန္ဒိယ တနိုင်ငံလုံး သာမက တကမ္ဘာလုံး အုပ်အော်သောင်းနင်း ဖြစ်သွားပါတယ်။ သတင်းတွေထဲမှာ အာဏာရပါတီ ဥက္ကဌ နဲ့ ၀န်ကြီးဌာနတွေရဲ့ ခြစားမှုတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မှောင်ခိုဈေးကွက်ကနေ လက်နက်ဝယ်ယူ ရောင်းချမှု၊ ခရစ်ကက်အားကစားလောကရဲ့ လဂ်ပေးလဂ်ယူမှုနဲ့ ပညာရေး၊ ကျန်းမာရေးနယ်ပယ်က လဂ်ပေးလဂ်ယူမှုတွေကို တိတ်တဆိတ်ခိုးရိုက်ထားတဲ့ ကင်မရာနဲ့ ရုပ်သံတွေအသုံးပြုပြီး သက်သေပြဖော်ထုတ်ခဲ့တာပါ။ ဥပမာ Bharatiya Janta Party (BJP) ကဥက္ကဌ Bangaru Laxman ကို နှစ်သစ်ကူး အသေးသုံးလက်ဆောင် အဖြစ် ရူပီး တစ်သိန်းခွဲ (ဒေါ်လာ၂၄၀၀) ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတချို့ဆီ အတွက် ဒေါ်လာ ၁၆၀ နဲ့ ဒေါ်လာ ၉၆၀၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ဂျော့ဖာနန်ဒေ့ခ်ျ ရဲ့ ပါတီဖြစ်တဲ့ Samata ပါတီ ဥက္ကဌ Jaya Jaitley ဆီတွေ့ပြီး ရူပီး ၃သိန်း (အမေရိကန်ဒေါ်လာ ၄၈၀၀) စသဖြင့်..စသဖြင့်ပေးခဲ့တယ်။

သူတို့ရဲ့ စစ်ဆင်ရေးကို Operation West End လို့နာမည်ပေးခဲ့တဲ့ တဟီလ်ကာ သတင်းဌာနက အထူးသတင်းထောက် (၂) ယောက်ကတော့ မက်သရူးစံမြူးလ် (Mathew Samuel) နဲ့ အနုရုဓ္ဒဘဟာလ် (Aniruddha Bahal) တို့ဖြစ်ပါတယ်။ သူတို့ရဲ့ စီမံကိန်းကို ၂၀၀၀ခုနှစ်ကတည်းကစခဲ့တယ်။ တည်ကြက်အဖြစ် အသုံးပြုဖို့ လဂ်ငွေအတွက် အိန္ဒိယ ရူပီးငွေ ၁၅သိန်း (အမေရိကန်ဒေါ်လာ ၂၄၀၀၀) ရင်းနှီးခဲ့တယ်။ ဒါတောင် ဒီထက်ငွေများများ ရင်းနှီးနိုင်ရင် ဒီထက်ပိုပြီး အမှုမှန်တွေ ဖော်ထုတ်နိုင်မယ်လို့သက္ကရာဇ် ၂၀၀၀ပြည့်မှာ Tehelka အွန်လိုင်း သတင်းဌာန ၀က်ပ်ဆိုဒ်ကို စတင်ထူထောင်ခဲ့တဲ့ Tarun Tejpal က ပြောပါတယ်။ သူတို့အဖွဲ့ဟာ NDA (အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ - အိန္ဒိယအစိုးရ) ထဲက ထိတ်တန်း နိုင်ငံရေးသမားတွေကို တွေ့ခဲ့သလို ၂၀၀၁ကစလို့ Operation West End ဆိုပြီး အိန္ဒိယ နိုင်ငံရေးပါတီ၊ စစ်တပ်၊ အားကစား၊ ပညာရေး၊ စီးပွားရေး နယ်ပယ်အသီးသီးထဲ ၀င်ရောက် စုံစမ်းဖော်ထုတ်မှုတွေလုပ်ခဲ့တယ်။ နိုင်ငံရေးပါတီအကြီးအကဲတွေ၊ စစ်ဘက် အရပ်ဘက်၊ ခေါင်းဆောင်တွေကို လှို့ဝှက် တွေ့ဆုံဆွေးနွေးပြီး လဂ်ပေးမှုတွေပြုလုပ် မှတ်တမ်းတင်ခဲ့တယ်။ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တိတ်တဆိတ်တွေ့ပြီး လက်နက်ပွဲစား (အတု) လုပ်ခဲ့တယ်။ သူတို့ကိုယ်သူတို့ လန်ဒန် က West End လို့ လူသိများတဲ့ Regent Street ကကုမ္မဏီပိုင်ရှင်တွေလို ပိပိရိရိဟန်ဆောင်ခဲ့တယ်။

ဒီလိုလေ့လာစုံစမ်း ဖော်ထုတ်မှုတွေကြောင့် အစိုးရဟာ အထူးတရားစီရင်ရေးရေးနဲ့ စုံစမ်းစစ်ဆေးဘို့ တရားရေးဝန်ထမ်းတွေပါတဲ့ အထူးအဖွဲ့တဖွဲ့ ဖွဲ့လိုက်တယ်။ ပါဝင်ပတ်သက်သူတွေ၊ နီးစပ်သူတွေကို ဆင့်ခေါ်ပြီး စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ရတယ်။ အကျိုးဆက်တွေကတော့ အာဏာရ အစိုးရရဲ့ BJP ပါတီဥက္ကဌ Laxman အပါအ၀င်ဝါရင့်နိုင်ငံရေးသမားကြီး (၅) ဦး နောက်တနေ့မှာပဲ ရာထူးကနှုတ်ထွက်သွားကြတယ်။ အာဏာရပါတီ အင်အားချိနဲ့သွားတယ်။ ကာကွယ်ရေးဝန်ကြီးလည်း ရာထူးကနှုတ်ထွက်ဖို့ ဖိအားပေးခံရတယ်။ ကိုယ့်ဘက်ကလည်း တုန့်ပြန်ခံရတာတွေရှိပါတယ်။ အစိုးရဘက်က ပြန်လှန် တရားစွဲတာ၊ အစိုးရသြဇာခံမီဒီယာတွေက ရှုံချပြစ်တင်တာ၊ ဝေဖန်တာတွေလည်းခံရပါတယ်။ ဘယ်လိုပဲဖြစ်စေ သူတို့သတင်းဌာန အောင်မြင်ကျော်ကြားမှုတွေ ရခဲ့ပြီး တဟီလ်ကာ အွန်လိုင်းသတင်းဌာနကလည်း ၂၀၀၄မှာ သတင်းစာနဲ့ ၂၀၀၇မှာ ဂျာနယ်ထုတ်ဝေတဲ့အထိ အရှိန်သြဇာကြီးသွားတယ်။ ဆုလဒ်တွေလည်းရခဲ့တယ်။ ဥပမာ ၂၀၀၇ ခုနှစ်မှာကမ္ဘာကျော် ဂါးဒီးယန်း သတင်းစာတိုက်က တီဟီလ်ကာ သတင်းအဖွဲ့ကို အိန္ဒိယ ထိတ်တန်းသတင်းဆုတွေ ပေးခဲ့သလို ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ တွေမှာလည်း အိန္ဒိယရဲ့ သတင်းမီဒီယာဆိုင်ရာ ထိတ်တန်းအဖွဲ့အစည်းတွေရဲ့ ဆုချီးမြှင့်မှုတွေခံခဲ့ရတယ်။ ဒီကနေ့အထိလည်း၊ ခြစားမှု၊ အုပ်စုဖွဲ့မုဒိန်းကျင့်မှု၊ လူသတ်မှု၊ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစားနယ်ပယ်က အာဏာပိုင် အဖွဲ့အစည်းတွေရဲ့အကျင့်ပျက် ခြစားမှု၊ လဂ်ပေးလဂ်ယူမှု တွေကို အစဉ်တစိုက် ဖော်ထုတ်ပေးနေပါတယ်။ (စိတ်ဝင်စားသူတွေ www.tehelka.com ကို သွားရောက် လေ့လာနိုင်ပါတယ်)

ဆိုလိုတာက ကျနော်တို့နိုင်ငံမှာ အင်ဗက်စ်တီဂိတ် လုပ်ပြီး စနစ်တကျ အထောက်အထားခိုင်ခိုင်နဲ့ စုံစမ်းဖော်ထုတ်ရေးသားတဲ့ သတင်းသမားတွေ၊ သတင်းစာတွေ များများပေါ်လာဖို့လိုတယ်။ ဒါမျိုးတွေဟာ အသွင်ကူးပြောင်းစနိုင်ငံတိုင်း အာရှနဲ့ အာဖရိက၊ အရှေ့ဥရောပ နိုင်ငံတွေမှာပါ ဖြစ်ပေါ်နေကျပါ။ မြန်မာပြည်ကျမှ သတင်းသမားတွေ အကြောက်ကြီးပြီး ရွာလွန်ရွက်တိုက်နေလို့မဖြစ်ပါ။ တချိန်က ကျနော်တို့တတွေ ပြည်ပ ရေဒီယိုတွေကနေ အထဲက သတင်းစာဆရာကြီးတွေ၊ ဂျာနယ်၊ မဂဇင်းသမားတွေ၊ စာရေးဆရာ၊ ဆရာမတွေနဲ့ ချိတ်ဆက်ပြီး မြန်မာ့မီဒီယာလောက ပိုမိုပွင့်လင်းလာစေဘို့ နဲ့ သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ ပြီးတော့ စစ်အစိုးရရဲ့ ခြစားမှုတွေ၊ လဂ်ပေးလဂ်ယူမှုနဲ့ စစ်ဆင်ရေးတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အခက်အခဲတွေ အမျိုးမျိုးကြားက ဖော်ထုတ် သတင်းလွှင့်ခဲ့တယ်။ တခါတလေ လေလှိုင်းမှာ ၃ မိနစ်လောက်သာ ကြာမဲ့ သတင်းတပုဒ်ကို ခိုင်ခိုင်လုံလုံ ရေးသားအသံလွှင်နိုင်ဖို့ လနဲ့ချီ စုံစမ်းဖော်ထုတ်ခဲ့ရတယ်။ မှတ်မိသလောက် စာနယ်ဇင်းလောကဖိနှိပ်မှုများနဲ့ ဆင်ဆာဘုတ်ရဲ့ ခြစားမှု၊ မူဆယ်နယ်ခြားဂိတ်ခြစားမှု၊ တပ်မတော်သားများရဲ့ လက်နက်နဲ့ကျီဆံ တဖက်နိုင်ငံသူပုန်တွေဆီ မှောင်ခိုရောင်းဝယ်မှု၊ နေပြည်တော်မြို့တော်သစ်စီမံကန်း၊ ဘ၀သစ်စီမံကိန်းခေါ် ကဘော်ဒေသ ရဲဘက် အကျဉ်းစခန်းအခြေအနေမှန်၊ ဒီပဲယင်းလုပ်ကြံမှု၊ စတဲ့..စတဲ့ သတင်းတွေဟာ ကျနော့အဖို့ သီတင်းပတ်ပေါင်းများစွာ အချိန်ကုန်ခံ ငွေကုန်ခံပြီး ဆက်သွယ်စုံစမ်းပြီး မျက်မြင်တွေ၊ အတွင်းလူတွေ ပြောဆိုချက်များနဲ့အတူ ဖော်ထုတ် အသံလွှင့်ခဲ့ရတာပါ။

ဒါပေမဲ့ ဒီကနေ့ ပြည်တွင်းထဲ ကိုယ်တိုင်ကိုယ်ကျ သွားလာလှုပ်ရှားပြီး သတင်းယူနေတဲ့ ရေဒီယိုသတင်းဌာနတွေဟာ ဟိုတချိန်ကလို စုံစမ်းလေ့လာ အချိန်ယူပြီး ဖော်ထုတ်ရတဲ့ သတင်းမျိုးတွေ အသံလွှင့်တာသိပ်မတွေ့ရပါ။ အစိုးရအာဏာပိုင်တွေ လုပ်ပိုင်ခွင့်မပေးမှာကို ကြောက်ရွံ့နေပါတယ်။ တချိန်က ပြည်ပကနေ တယ်လီဖုံးနဲ့ ဆက်သွယ်သတင်းယူတာကမှ အလုပ်ဖြစ်နေပြီး အထဲရောက်တော့ ချာတူးလန်ကုန်တယ်လို့ လုပ်ဖော်ကိုင်ဖက် ရေဒီယို သတင်း အယ်ဒီတာတယောက်က ပြန်ငြီးပြတယ်။ ပြည်ပအခြေစိုက်တဲ့ သတင်းဌာနတောင် အဲ့ဒီလောက် ပူပန်စိုးရိမ်နေမှတော့ ပြည်တွင်းအခြေစိုက် သတင်းဌာနတွေကြောက်လန့်တာကို အပြစ်တင်ရမှာတောင် အားနာရတော့မလိုလိုပါ။ ဟိုတုန်းက ပြည်တွင်းကို သတင်းထောက်တွေမွေးပြီး တိတ်တဆိတ် စပိုင် ကင်မရာအသေးစားလေးတွေ (ဦးထုတ်၊ ကြယ်သီး၊ နာရီ ပုံစံ ကင်မရာများ) နဲ့ သတင်းတွေ သက်စွန့်ဆံဖျား ခဲရာခဲဆစ် ဖော်ထုတ်ကြပေမယ့် ဒီကနေ့မှာ အသုံးမပြုတော့လို့စပိုင် ကင်မရာတွေ ဖုံတက်နေပါပြီလို့ ပြောတဲ့ သတင်းထောက်လည်းရှိပါတယ်။ အနေချောင်မယ့်သတင်းတွေနဲ့ တင်းတိမ်နေကြတယ်။ အင်းယားမြိုင် ၅ လောင်းပြိုင်သတ်ဖြတ်မှု၊ နေပြည်တော် အတွင်းရေး၊ လက်ပံတောင်း ပရောဂျက်၊ မြစ်ဆုံပရောဂျက်၊ ရခိုင်ဓာတ်ငွေ့၊ ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပြည်တွင်း ပြည်ပအရင်းအနှီး စတဲ့ ထင်သာမြင်သာရှိနေတဲ့ သတင်းတွေတောင် သေသေချာချာ မလိုက်တော့ပါဘူး။ ပိုဆိုးတာက သတင်းဌာနတွေဘက်ကလည်း တိတ်တဆိတ် သတင်းနှိုက်ယူတာ၊ စပိုင် ကင်မရာသုံး သတင်းဖော်ထုတ်တာက (အန္တရာယ်ရှိတာ၊ မရှိတာအသာထား) ဒီလုပ်ရပ်ဟာ သတင်းကျင့်ဝတ် နဲ့ မလျှော်ညီပါဘူးလို့ ကိုယ်ကျိုးကွယ်ကာ ဆင်ခြင်မျိုးတွေပေးလာတာမျိုးပါ။ ပြည်သူပိုင်ပစ္စည်း ခိုးဝှက်စားသုံးပြီး ဘိုကျမိုက်မဲနေသူတွေအတွက် အကာအကွယ် ဆင်ခြေတစ်ခုပေါ့။ သူခိုးဓားရိုးကမ်း အတွေးအခေါ်ပါ။ ဥပဒေကို လိုသလို အသုံးချပြီးတရားမျှတမှုမရှိတဲ့ နိုင်ငံမှာ မြန်မာ့ သတင်းလောကကြီးဟာ ရှေ့တန်းရောက်သင့်သလောက် မရောက်လာနိုင်ဘူး။ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲလို့ မေးခွန်းပြန်ထုတ်ခံရမယ့် အခြေအနေ။ သတင်းဌာန အများစုမှာ အယ်ဒီတာတွေက လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိပဲ CEO တွေ၊ ညွှန်ကြားရေးမှုးတွေရဲ့ သြဇာအာဏာနဲ့ သတင်းရေးသားပုံနှိပ် ထုတ်လွှင့်နေတာပါ။ သတင်းအရည်အသွေးထက် သတင်းဖောင်ပြည့်ဘို့၊ အကျိုးစီးပွားမထိပါးဘို့၊ ပြဿနာမတက်ဖို့ကို ဦးစားပေးနေရတယ်။ အာဏာရှင်၊ အာဏာကိုင်တွေ မျက်နှာကို မော့ကြည့်နေရရှာတယ်။ ဒီကြားထဲ အခုရက်ပိုင်းလေးတင် ရခိုင်ပြည်နယ် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အေပီသတင်းဌာနက သတင်းမှားပေးတယ်ဆိုပြီး အစိုးရ ပြန်ကြားရေးဌာန သတင်းစာရှင်းပွဲမှာ အေပီသတင်းဌာနကို တက်ရောက် သတင်းယူခွင့် မပြုပါဘူး။ ဒါဟာ သေးနှုတ်တဲ့ အစိုးရမူဝါဒကို ထင်ထင်ရှားရှားပြသလိုက်သလို ကျန်သတင်းဌာနတွေကိုလည်း ငါတို့အကြောင်း မကောင်းရေးရင် အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်တာ လဲဖြစ်ပါတယ်။ တကယ်တော့ သတင်းထောက်ဆိုတာ သူတော်စဉ်လို ရိုးသားဖြောင့်မတ်ရမှာ ဖြစ်သလို စုံထောက်တယောက်လိုလည်း ပရိယာယ်သုံး လှို့ဝှက်ထောက်လှမ်းရတာမျိုးပါ။

သူရိယနေ၀န်းအကြောင်း ပြန်ဆက်ချင်ပါတယ်။ အများပြည်သူ အဖတ်များတယ်၊ စောင်ရေတိုးတယ်၊ နာမည်ကြီးတယ်ဆိုပြီး သာယာစိတ်နဲ့ ဒီအတိုင်းကျေနပ် မျောပါမသွားစေချင်ပါ။ ခရိုနီဦးတေဇနဲ့ ခရိုနီတချို့ကို တိတိကျကျ၊ သက်သေအထောက်အထားနဲ့တကွ ပြနိုင်အောင် ၀ီရိယစိုက်စေချင်ပါတယ်။ ပြီးတော့ ဦးတေဇ တယောက်ထဲမဟုတ်ပါ။ ဒီကနေ့ တိုင်းပြည်ခေါင်းဆောင်လုပ်နေတဲ့ သမတကြီး ဦးသိန်းစိန်အပါအ၀င်၊ လွှတ်တော်အာဏာကိုင် ဦးရွှေမန်းနဲ့ စစ်ဗိုလ်ချုပ်အဟောင်း အသစ်တွေရဲ့ သတင်းတွေပါ ကျိုးစား ဖော်ထုတ်သင့်ပါတယ်။ သူရိယနေ၀န်း အပါအ၀င် သတင်းဂျာနယ်တိုင်းဟာ တစ်ပတ်ပြီးတစ်ပတ် အကြောင်းအရာတွေထပ်နေပြီး အစောပိုင်းက ကျနော် တင်ပြခဲ့တဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ အစိုးရနဲ့ ဦးပိုင်ကုမဏ္ဍီအပါအ၀င် အဖွဲ့အစည်းတွေရဲ့ ပရောဂျက်တွေ၊ ဘာသာရေးလှို့ဆော်မှု နောက်ကွယ်က အခြေအနေတွေ စသဖြင့် စုံစမ်း ဖော်ထုတ်နိုင်ဘို့ လိုပါတယ်။ ချက်ချင်းလက်ငင်းဖြစ်လာဘို့ လွယ်ကူတာမျိုးမဟုတ်တာကို သဘောပေါက်ပါတယ်။ အိန္ဒိယက တီဟီလ်ကာ သတင်းဌာနကတောင် လပေါင်းအတန်ကြာ အချက်အလက်တွေစုဆောင်း၊ သုသေသနလုပ်၊ စုံစမ်း စစ်ဆေး အတည်ပြုပြီးမှ တခုချင်းစီ ထုတ်ဖော်ကြတာပါ။ နောက်တစ်ခုက မိမိတို့ဂျာနယ်ကို လူပြိန်းကြိုက် အဆင့်ကနေ တဖြေးဖြေးချင်း မြှင့်တင်သွားဖို့လိုပါတယ်။ သြဇာရှိတဲ့ စာကောင်းတွေ၊ သတင်းစာဆရာကြီးတွေရဲ့ စာတွေ အသုံးပြုနိုင်ဖို့လိုပါတယ်။ အ၀ါရောင် ဂျာနယ်ကနေ ဂုဏ်သိက္ခာရှိတဲ့ တန်ဘိုးကြီးတဲ့ စာတွေဖော်ပြနိုင်တဲ့ ဂျာနယ်ဘ၀ရောက်အောင် အဆင့်မြှင့်ရပါ့မယ်။ အခုလည်း ဆရာကြီးဦးဝင်းတင်စာတွေကို တွေ့ရပါတယ်။ တခြား အပြုသဘောနဲ့ ရေးသားတဲ့ ဆောင်းပါးတွေ လည်း ဖိတ်ခေါ်သင့်ပါတယ်။ စက္ကူတွေ အလဟဿ မဖြုန်းသင့်ပါဘူး။ ဒီအတိုင်းဆက်သွားရင်မကြာခင်မှာပဲ အ၀ါရောင်ကနေ မဲပြာပုဆိုးရောင် ဖြစ်သွားပါလိမ့်မယ်။ အရေမရ အဖတ်မရစာတွေနဲ့ ရိုးအီသွားလိမ့်မယ်။ သတင်းတန်ဘိုးကင်းမဲ့တဲ့၊ သိမ်းထားချင်စရာ မကောင်းတဲ့ အိမ်သာစက္ကူလောက်တောင် သုံးမရတဲ့ ဂျာနယ်ဘ၀ ရောက်ပြီး ဇီဝိန်ချုပ်သွားမှာပါ။

ဒီတော့ သူရိယနေ၀န်း မှ မဟုတ်ဘူး၊ ဂျာနယ်သမားတိုင်း သတင်းစာသမားတိုင်း တိုင်းပြည်ရဲ့ လိုအပ်နေတာကို ဖြည့်ပေးသင့်ပါတယ်။ ပြည်သူတွေဘက်က သစ္စာရှိရှိ ရပ်တည်သင့်ပါတယ်။ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုတွေကို စုံစမ်းဖော်ထုတ်ရမှာ သတင်းသမားတွေ မဖြစ်မနေ လုပ်ရမယ့် အလုပ်ဖြစ်တယ်။ လက်နက်ကိုင် အာဏာရှင်တွေရဲ့ Mind-set ပုံသေ အတွေးအခေါ်က အကြောက်တရားနဲ့ အကာအကွယ်ယူတတ်ကြတယ်။ ကိုယ့်အင်အားကြီးအောင် လုပ်တတ်တယ်၊ မိမိစိတ်လုံခြုံမှုကို ဖန်တီးတတ်တယ်။ ကိုယ့်ထက်အင်အားကြီးရင် စိုးရိမ်ကြောက်ရွံ့တတ်တယ်။ မဟာမိတ်ဖွဲ့တတ်တယ်။ ကိုယ့်အပေါ်အာခံရင်လည်း စိုးရိမ်ကြောက်ရွံ့တယ်။ မိမိအားနည်းချက်ကို သိသွားပြီးဆို တုန်လှုတ်တတ်တယ်။ ဒါဆို သူ့ဘက်က ပြင်းပြင်းထန်ထန် ပြန်လည်တုန့်ပြန်ချင်ရင် တုန့်ပြန်မယ်၊ မတုန့်ပြန်ရဲရင် ညှိနှိုင်းလာလိမ့်မယ်၊ အပေးအယူလုပ်လိမ့်မယ်။ ဒီနှစ်လမ်းပဲ လုပ်တတ်ပါတယ်။ သူတို့မှာ အုပ်ချုပ်ခံ ပြည်သူ့မျက်နှာဆိုတာမရှိဘူး၊ ကိုယ့်တန်ခိုးထွားအောင်လုပ်မယ်၊ ဆန့်ကျင်သူနဲ့ယှဉ်ပြိုင်မယ်။ ဒါမှမဟုတ် အပေးအယူလုပ်မယ်။ ဒီကနေ့ အချိန်ကာလဟာ အာဏာရှင်တွေဘက်က ဟိုအရင်ကလို လက်လွတ်စပယ် မထိမတို့ရဲတဲ့ အချိန်ပါ။ နိုင်ငံတကာ မျက်စေ့အောက်ကို ရောက်နေပါတယ်။ အာပတ်လွတ်ပဲ လုပ်ရဲမှာပါ။ ဒါဟာ ရန်သူရဲ့ အားနည်းချက် မိမိရဲ့ အခွင့်အရေးလို့ ခံယူထားသင့်တယ်။ ကိုယ့်ဘက်က တရားမျှတတဲ့ အခွင့်အရေးကို ကိုင်ပြီး မိမိလုပ်ပိုင်ခွင့်နယ်ပယ်ချဲ့ထွင်ယူရမှာဖြစ်ပါတယ်။ ဒါဟာ စတုတ္ထမဏ္ဍိုင်တည့်မတ်ဖို့ လမ်းစလည်းဖြစ်တယ်။ အာဏာရှင်တွေက အကျင့်ဟောင်းနဲ့ အရိုးစွဲနေသလို ကိုယ့်ဘက်ကလည်း နဂိုအတိုင်း အပိုးကျိုးမနေဘို့လည်း လိုပါတယ်။ အောင်ပွဲဆိုတာ စိုးရိမ်ထိတ်လန့်နေသူတွေ၊ ခေါင်းငုံ့ခံနေသူတွေအတွက် မဟုတ်ပါ။ ကျနော်တို့ရှေ့က ဂျာနယ်လစ်စ် ဆရာကြီးတွေ လည်း ကိုယ့်နယ်ပယ်ကို ကိုယ်ကချဲ့ထွင် ပြီး ခိုင်အောင် အုတ်မြစ်ချခဲ့တာပါပဲ။ ကျနော်တို့ခေတ်ကျမှ အညံ့ခံအရှုံးပေးလို့ မဖြစ်နိုင်တော့ပါ..။

(သတင်းထောက် ကိုညို)

photo.irrawaddy
ဒီလို စာနယ်ဇင်းသမားတွေကို အလွယ်တကူ ဖမ်းဆီခေါ်ယူ စစ်ဆေး အမှုဖွင့် လုပ်နေတာတွေ ကြည့်ခြင်းအားဖြင့် အခုပေးထားတဲ့ မီဒီယာလွတ်လပ်ခွင့် အာမခံချက် မရှိသေးဘူးဆိုတာ ပြနေတာပဲ
“ကျနော်တို့ မီဒီယာ ဥပဒေကို လွှတ်တော်မှာ အတည်ပြုဖို့အတွက် အချိန်နည်းနည်းပဲ လိုတယ်။ ကျနော်တို့ အမြဲတမ်း ပြောတယ် မီဒီယာ ဥပဒေ မရှိသေးခင်မှာ ပေးတဲ့ Freedom of Press က အန္တရာယ်ရှိတယ်။ အချိန်မရွေး သားရေကွင်းလိုပဲ ကျုံ့နိုင်တယ်။ ချဲ့နိုင်တယ်။ အဲဒါကြောင့် အားလုံး သတိထားပြီးတော့ လုပ်ကြရမယ်လို့ ပြောခဲ့တာ။ အခုတော့ အဲဒီအကွက်ထဲကို ၀င်သွားတာပေါ့။ အဲဒီတော့ အခုပေးတဲ့ Freedom of Press က အာမခံချက်မရှိဘူးဆိုတာ နံပတ် ၁ ပြသနေတာဖြစ်တယ်။ နံပတ် ၂ က လက်ရှိတည်ဆဲဥပဒေနဲ့ အချိန်မရွေး သတင်းသမားတွေကို အန္တရာယ်ပေးနိုင်တော့မယ်ဆိုတာ ရှင်းလင်းတယ်။ နံပတ် ၃ က ဒီလိုမျိုး ဖမ်းခေါ်သွားတာဟာ မီဒီယာလောကအတွက် နှစ်မြို့ဖွယ်ရာ ကိစ္စ မဟုတ်ဘူး။ တကယ်လို့ ဥပဒေကြောင်းအရ ငြိစွန်းတယ်ဆိုရင် လုပ်ထုံး လုပ်နည်းအတိုင်းပဲ တရားရုံးကနေ အမှုဖွင့် တရားရုံးက ဆင့်ခေါ်ပြီးမှပဲ တရားရုံးမှာ သူက ထုချေပိုင်ခွင့်ရှိရမယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့မှ ကျူးလွန်တယ် မကျူးလွန်ဘူးကို သက်ဆိုင်ရာ တရားသူကြီးအဖွဲ့က စစ်ဆေးပြီးမှ ပြစ်ဒဏ်ပေး လို့ ရတာမျိုးပဲ ဖြစ်တယ်။ အခုလို ဘယ်ကို ခေါ်သွားမှန်းမသိ၊ တိကျတဲ့ သတင်းထုတ်ပြန်မှုလည်း မရှိပဲနဲ့ မိသားစုကို ဘာသတင်းမှ မပေးပဲ လုပ်နေတာဟာ မီဒီယာလောကကိုရော သတင်းသမားတွေကိုရော သွယ်ဝိုက်တဲ့နည်းနဲ့ ခြိမ်းခြောက်မှုကို ဆက်လက်ပြနေဆဲဆိုတာ ထင်ရှားတယ်။”
( မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ကိုဇော်သက်ထွေး)(dvb)

ကျွန်တော်တို့ မီဒီယာလောက အတွက် စိတ်အပူကြီးပူမိပါသည်။ Unity ဂျာနယ်တွင်ဖေါ်ပြခဲ့သော ဓါတုလက်နှက်စက်ရုံဆောင်းပါးကို အခုမှဖတ်ရပါသည်။ လက်နှက်စက်ရုံ ဖြစ်နိုင်သောလည်း ဓါတုလက်နှက် စက်ရုံဟု ယူဆလောက်သော သက်သေ မပြနိုင်ပဲ ဓါတုလက်နှက် ဆိုသော အချက်ကို အထူကြီး ခေါင်းတင်ထားသည်။သံချည်သံကွေးသမား တစ်ယောက်ကပြောသော ဤစက်ရုံသည်အရှေ့ တောင်အာရှတွင် အကြီးဆုံးဖြစ်သည်ဆိုသော အချက်မျိုး ကို ကိုးကားထားသည်မှာ စ၍ နည်းပညာဆိုင်ရာ ဗဟုသုတ နှင့် အတွေအကြုံနည်းပါးသော ရွာသားများ၏ အကြောင်းပြချက်မပါဝင်သော ထင်မြင်ယူဆချက်သက်သက်ကို အလေးထားဖေါ်ပြထားသည်မှာ အရပ်စကားနှင့်ပြောမည်ဆိုလျှင် ရှားရှားပါးပါးရိုက်ယူထားသည့် ဓါတ်ပုံအချို့ ဖြင့် "ဖြဲ" ထားသလိုဖြစ်နေပါသည်။ ကျွန်တော်တို့ ဂျာနယ်လောက တွင်ဤသို့ သော သတင်းတင်ပြမှုပုံစံ များ မကြာသေးမည်ကစ၍ခောတ်စားလာသည်ကိုသတိထားမိသည်။ Investigative Report များအားအခုလိုတင်ဆက်ရန်ကြိုးစားသည် မှာအားပေး ကြိုဆိုဖွယ်ဖြစ်သောလည်း မိမိ တို စုံစမ်းလေ့လာမည့်နယ်ပါယ် နှင့်စပ်လျှဉ်း၍ကျွမ်းကျင် နှံ့စပ်သော ပညာရှင်များ ၊ လူပုဂ္ဂိုလ်များ၏အကူအညီကို ရယူရုံမျှမက Sound Evidence အခိုင်အမာရှာဖွေချပြ နိုင်ရန် မလွဲမသွေလိုအပ်ပါသည်။

DVB ကတင်ဆက်ခဲ့သော နျုကလီယားလက်နှက်စက်ရုံတင်ဆက်မှုသည်ပင်လျှင်စစ်အင်ဂျင်နီယာ ဗိုလ်မှုး စိုင်းသိန်းဝင်း အား သက်သေခံစေခဲ့သောလည်း နျုလက်နှက် အားချုပ်မိသည်အထိ သက်သေမထူနိုင်ခဲ့ပါ။ ယနေ့ မီဒီယာလောက နှင့် အစိုးရကြားတွင်ဖြစ်ပေါ်နေသော လုပ်ငန်းဆိုင်ရာ ပြဿနာ များကိုကြည့်လျှင် မိမိ တို့ မီဒီယာဖက်မှ လိုအပ်ချက်၊ ချို့ယွင်းချက်များရှိ နေသည်ကိုလည်း လစ်လျုရှု ၍ မထားသင့်ပေ။ နဂိုက မီဒီယာများ အပေါ် ရန်သူလို၊ ပြိုင်ဖက်လို သဘောထား၍ ချုပ်ကိုင်ရန်၊ လွှမ်းမိုးရန် ကြိုးစားနေသော အာဏာပိုင်အဖွဲ့ အစည်းများ နှင့်အရှည်သဖြင့်ရင်ဆိုင်ရန် မှာ မိမိတို့ မီဒီယာ ပိုင်းမှလည်း ပို၍ Professional ပီသရန် နှင့် ကျင့်ဝတ်သိက္ဒ္မါ ပိုင်းကို ပိုမို ထိန်းသိမ်းရန် လိုအပ်ကြောင်း သတိထားမိလာပါသည်။ ဤသို့ မိမိတို့ ဖက်မှလည်း ထိုက်သင့်သော ပြင်ဆင်အားထုတ်မှု များ ညီညီညွတ်မလုပ်နိုင်ကြပဲ အခုလို ပြဿနာရှိလာမှ တဖက်ကိုချည်းအပြစ် ဖို့ မည်ဆိုလျှင် လေးစားလောက်သော စတုတ္ထ မဏ္ဍိုင်ဖြစ်လာ မည်မဟုတ်ချေ။


ကဲ .... ရွာမှာ ဘာတွေလို သလဲ။ လိုတာတွေ လုပ်ပေးမယ်။ စာသင်ကျောင်း ဘယ်နှစ်ကျောင်း ရှိသလဲ မေးမယ်။

ကျနော် ကုက္ကိုဝမှာ မေးခဲ့တာ ရေတွင်းက ပိုက်ဆံ တသိန်းပေးရင် ရေထွက်တယ်။ ဒီမှာ ရေထွက်သလား။

[ ရွာသားတဦး။ ။ ဒီက မထွက်ပါဘူး အဘ၊ ပေ ၅၀၀ ၊ ၆၀၀ ကျော်ရှိပါတယ် အဘ။ စက်ရေတွင်း ၂ တွင်းတော့ ရှိပါတယ်။ ၈၂ ခုနှစ်က၊ တတွင်းက ၇၆ က ။ ထွက်တော့ ထွက်တယ် ၊ ရေက ချက်ချင်း သုံးလို့ မရဘူး ။ ရေတွေ ပူတာပေါ့။ နောက်တခါ ထမင်းချက်လို့ မရဘူး။ ဝါတယ်။ သောက်ရေ မရဘူး။ သုံးရေလောက်ပဲ ရတယ်။ သောက်ရေက ခုချိန်တော့ စမ်းတွင်းတွေက ရသေးတယ်။ နွေ ရောက်လာရင် တော်တော် ရှားသွားပြီ။ တော်တော် ခက်ခဲပါတယ် အဘ ။

ရွာသားနောက်တဦး ။ ။ ဧပြီလ နောက်ပိုင်းဆိုရင်.. အဘ.... သောက်ရေ မရပါဘူး.. အဘ.။ ]

အဲဒီတော့ ဘယ်လိုလုပ်ပေးရမလဲ

[ ရွာသားတဦး။ ။ အဲ.. ကျွန်တော်တို့ လုပ်ချင်တာတော့ ရေသန့်စနစ်နဲ့ ဒီရေတွေပဲ သန့်ချင်ပါတယ် ခင်ဗျာ။ သုံးလို့ရတဲ့ ရေဖြစ်သွားအောင်

ဝန်ထမ်းတဦး။ ။ အငံများတယ်။

ရွာသားတဦး။ ။ တတွင်းကဆိုရင် ပူတယ်။ တရက်ကျော်မှ သုံးလို့ ရတယ်။ ]

x x x x x x

ကိုယ်လုပ်ပေးနေတာကို လုပ်ပေးနိုင်တဲ့ အတိုင်းအတာအတွင်းမှာပြောတာပဲ ကောင်းတယ်။ ကိုယ်လုပ် မပေးနိုင်တာကို ခင်ဗျားတို့ မေးမိတာလဲ မှားတယ်။ ကိုယ်လုပ် မပေးနိုင်ဘူး။ ကိုယ်လုပ် မပေးနိုင်တာကို ခင်ဗျားတို့က မေးတော့ ကျွန်တော့တို့ကလဲ လူသားတွေကိုး၊ စိတ်ထဲမှာ ထောင်းကနဲ ဖြစ်သွားတယ်ရှိရင် လှည့်ပြန်ချင်ရော။ ရှင်းလားမသိဘူး။

ကျွန်တော်တို့က ရေသန့်လိုချင်တယ်။ ရေသန့်လိုချင်ရင် ရေသန့်လိုချင်ရင် ရေသန့်ရတဲ့ နေရာမှာသွားနေမှ ရမယ်။ ဒီမှာ နေလို့တော့ မရဘူးလေ။ မှန်လား။

ရော့ - ပိုက်ဆံထုတ်ပေးတယ်၊ ရေသန့် အိတ်ထဲ ထည့်ပြီးတော့ ဖောက်သောက်လို့ ရတဲ့နေရာမှာ သွားနေမှ ရမယ်။

ကျွန်တော် ဒီစကားကို တနေရာမှာ ပြောမိလို့ ကျွန်တော် တောခိုခိုင်းလို ဖြစ်တယ်။ မှန်လား ။

ကျွန်တော် နိုင်ငံရေးသမား မဟုတ်ဘူး။ အနှစ် ၄၀၊ ၁၆ နှစ်သားက အိမ်မှာ နေပြီး ၅၆ နှစ်မှာ စစ်တပ်က ထွက်တာ။ ဒါ ဒီစကားပဲ အမြဲတမ်းပြောတယ်။ ဘယ်ကောင်မှ စောက်ဂရုမစိုက်ဘူး... နော်။ ကြိုက်တဲ့ ကောင် ရေး၊ ရေးချင်တာရေး.၊ ပုဆိုးလှန်ပြလိုက်တယ်။ ဒီလိုမျိုး နေခဲ့တဲ့ ကောင်လေ။ ဟုတ်လား ။ သေမှာတောင် မကြောက်တာ။ ကျန်တာ ဘာကြောက်မလဲ ။

ကိုယ်လုပ်ပေးနိုင်တာ ကိုယ်ပြောမယ်။ ဘုဂလန့်ပြောရင် ကျွန်တော်လဲ ဘုဂလန့်ပြောမယ်။ ရေးချင်တာ ရေး၊ ဘာမှ မဖြစ်ဘူး ကျွန်တော်က ။ ဘာမှ မဖြစ်ဘူးဆိုတာက ဘဝမှာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ဘဝကို ရပ်တည်တဲ့ ကောင်တွေလေ၊ မှန်လား ။ ဒါပြီးရင် ရွေးကောက်ပွဲ ဝင်ချင် ဝင်မယ်။ မဝင်ချင် မဝင်ဘူး။ လုပ်ချင်တာ လုပ်မယ်။ အသက် ၁၆ နှစ်သားကနေ အသက် ၆၀ အထိ လုပ်ခဲ့ပြီးပြီ။ သူများလို ဟေးလားဝါးလားနေဲ့ ပါးစပ်က ပြောနေတဲ့ ကောင်တွေမဟုတ်ဘူး။ ဟုတ်ဘူးလား ။ ဒါ နိုင်ငံရေးဘက်ကို နွယ်သွားပြီ ပြောရင်းနဲ့။ ဟိုမအေလိုး ဒီမအေလိုးဆိုပြီး လျှောက်ဆဲနေတဲ့ကောင်တွေ မဟုတ်ဘူး။ တချို့က အဲဒီလို လိုက်ပြောနေတာ။ စာစောင်တွေထဲမှာလဲ ဒီလိုပဲ ရေးနေတာ။

x x x x x x x x

ဒီလိုရွာတွေက ကိုးလို့ကန့်လန့် တိုက်နေတဲ့ လူတွေနဲ့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ လျှောက်ပြောနေတဲ့ လူတွေနဲ့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။

ကျွန်တော်တို့က ဖွဲ့စည်းပုံ အကြောင်းလဲ မပြောဘူး။ အာဏာရတာလဲ မပြောဘူး။ တန်းစီလှည့်တာလဲ မပြောဘူး။ ကြိုက်သလောက်လှည့် မကြေနပ်လဲ လဲသေ။ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပေးမယ်။

x x x x x x x x

နောက်ပြီးတော့ ဘယ်နိုင်ငံကမှ ဗမာပြည်ကို ချစ်လွန်းလို့ ဆိုတာမရှိဘူး၊ တက်သိမ်းသွားတာပဲရှိတယ်။ ရှေ့က ချရင်ချ၊ မချရင် နောက်က ချမယ်။ ဘယ်သူမှ အလကားမပေးဘူး။ အဲဒါ ခင်ဗျားတို့ မသေမချင်း မှတ်ထား။ မှန်လား။ သူများနိုင်ငံ မပြောနဲ့၊ ဘေးအိမ်တွေတောင် မပေးဘူး။ ငတ် လဲသေပစေ။ တောင်းစားတဲ့ သူတောင်းစားကို ဝမ်းသာတဲ့ ကောင်က ပိုက်ဆံချမ်းသာလို့ရှိရင် နည်းနည်းပါးပါးပေးမယ်။ စောက်မြင်ကပ် တံတွေးနဲ့ ထွေးမယ်။ ဒီလောက်ပဲရှိတယ်။

နိုင်ငံတကာကို ကျွန်တော်ဆက်နေတာ အခု ၃ နှစ်ခွဲရှိပြီ။ ဘယ်ကောင်မှ ပိုက်ဆံကို ပုံပေးသွားပါမယ်ဆိုတာ တယောက်မှ မရှိဘူး။ အကျိုးအမြတ်ရှိရင် ပူးပေါင်းမယ်ပဲ ပြောတယ်။

သူများတွေပြောနေတာ ဘယ်သူကတက်ရင် ဘယ်လိုလုပ်မယ်ဆိုတာ ရူးလို့ပြောနေတာ။ ရူးလို့ပြောနေတာ။ မှန်လား ။ အကောင်းဆိုရင် ဒီစကား ယုံစရာကို မရှိဘူး။ ခင်ဗျားတို့ နဖူးပေါ် လက်တင်စဉ်းစား ။ ကိုယ့် အမေတောင်မှ .... နွား နွား ။ အမေ မဟုတ်ဘူး။ နွားတောင် ခေါင်းနဲ့ စောင့်မှ၊ ၃ ၄ ချက်စောင့်မှ နို့ချတယ်။ ဒီအတိုင်းသွားစို့ရင် ကန်ထည့်လိုက်မယ်။ ကျွန်တော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရမယ့် လူတွေ။ ဒီအချိန်မှာ အမေ့လို့သွားစို့ ပါးရိုက်ခံရမယ်။ ကိုယ့်လမ်းကို ကိုယ်လျှောက်ရမယ့် လူတွေ ဖြစ်တဲ့အတွက် ခင်ဗျားတို့ ဘုဂလန့် မပြောနဲ့။ ကန့်လန့်တိုက်မပြောနဲ့။ ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှ လုပ်မပေးဘူး။


တပြားမှ လုပ်မပေးလို့ တိုင်ချင်တဲ့နေရာတိုင်လို့ ရတယ်။ ဗမာပြည်မှာ ရွာပေါင်း ခြောက်သောင်းခွဲ ရှိတယ်။ ကျွန်တော် ၃ နှစ် ။ ၃ နှစ်နဲ့ ခြောက်သောင်းခွဲ မကုန်ဘူး။ ဒီရွာ လုပ်မပေးပဲ ဒီပြင်ရွာ လုပ်ပေးခဲ့လဲ ဒီရွာက တိုင်လို့ မရဘူး။ တိုင်ရင်လည်း ကျွန်တော်မရောက်သေးလို့ပါ ပြောလိုက်ရုံပဲ။ ရှင်းတယ်နော်။ အဲဒီတော့ စေတနာပျက်အောင်တော့ ခင်ဗျားတို့ မပြောနဲ့။

ခင်ဗျားတို့လိုလူမျိုးတွေနဲ့ တနိုင်ငံလုံးပတ်ပြီး ကျွန်တော်တို့ ဆက်ဆံလာတာ။ ဘာစကားမှ နားမလည်တဲ့ နာဂတွေဆီကို မနေ့ကမှ ရဟတ်ယဉ်နဲ့ ဆင်းလာတာ။ အဲဒီတော့ ခင်ဗျားတို့ အစိုးရရဲ့ စေတနာကို နားလည်ရမယ်။ အဲဒီတော့ သူများပါတီ ယောင်ယောင် စောက်ရမ်းပဒဲကော လျှောက်ပြောတိုင်း ခင်ဗျားတို့ နားမယောင်နဲ့။ ယောင်ချင်လဲယောင် ဂရူ့မစိုက်ဘူး။

ကျွန်တော်တို့အစိုးရက ခက်ခက်ခဲခဲနဲ့ မဲနိုင်ပြီး နေရာရလာတာ။

x x x x x x

ရေသန့်အောင် လုပ်ပေးပါဆိုတဲ့ စကားတခွန်းကြားတာနဲ့ လှည့်ကို ပြန်ချင်တာ။ ဒါမျိုးတော့ လူပါးဝ မခံဘူး။

x x x x x x

ဘာနိုင်ငံရေးသမားကိုမှ စောက်ဂရုမစိုက်ဘူး။

ခင်ဗျားတို့ မှတ်ထားကြ။
ကျွန်တော့်နာမည် ဗိုလ်ချုပ်အုန်းမြင့်၊
ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီးတော့ မိန့်ခွန်းပြောလာတာ။

ရှင်းတယ်နော် ကျွန်တော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး။ ပါးစပ်နဲ့ ကုန်းကိုက်တောင်နိုင်တယ် ကျွန်တော်က။ ဒီလိုမျိုးကောင် ။

ဒီတော့ ခင်ဗျားတို့ သိအောင် ပြောမယ်။ လုပ်ချင် လုပ်၊ မလုပ်ချင်နေ ၊ ခင်ဗျားတို့နဲ့ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူး။

x x x x x x

ကျွန်တော် ပြည်သူအသံ နားထောင်ပြီး လုပ်တဲ့ကောင်၊ ဘာလိုချင်လဲ မေးတယ်။ ဟိုဘက်ရွာမှာ အိမ်သာလိုချင်တယ်။ ကလေး ၈ ရာရှိတယ်။ အိမ်သာ ၈ လုံးပေးခဲ့တယ်။ အုတ်နံရံလိုချင်တယ် တဲ့။ ကောင်းပြီ။ ခင်ဗျား အုတ်နံရံလိုချင်ရင် အိမ်သာမယူနဲ့။ ဒီပိုက်ဆံတခါတည်းပေးခဲ့မယ်။ ကျနော်ပါတာ နိုင်တာပေးခဲ့မယ်။ မနိုင်တာကို တင်ပြပေးမယ် ပြောခဲ့တယ်။ လာမယ့် နှစ် ဘတ်ဂျက်ထဲ ပါလာမယ်။

x x x x x x

ကြားလိုက်ရတာ စိတ်ထဲမှာ ထောင်းကနဲ ဖြစ်လို့ ပြောလိုက်တာပဲ။

ကျွန်တော်အခုမှ နိုင်ငံရေးစကား စပြောတာဘဲ၊ နိုင်ငံရေးစကားဆိုတာ တက်နေတဲ့အစိုးရအပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။
ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုဘဲ ကျင့်သုံးနေတယ်။

အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် သွား မင်းအချုပ်ထဲနေ၊ ငါတို့အစိုးရထွက်ရင် မင်းထွက်၊ ဒါဘဲ။ အဲဒါ မင်းတို့ တရား ဥပဒေဘောင်ထဲက ပြောခွင့်ရှိတဲ့ကောင် ပြော၊ ပြောခွင့်ရှိတဲ့အတွက် ကျွန်တော်ပြောတယ်။

ဝန်ကြီးတယောက် ရွာတရွာ ရောက်တယ်။ ကျနော်ကို ဒီလို ပြောတဲ့ အတွက် ကျွန်တော် ပြန်ပြောတယ်။

x x x x x x

အနှစ် ၂၀ ကျော် အနှစ် ၄၀ ကျော် သူများတွေ လျှောက်ပြောနေတာ၊ ကျွန်တော်တို့ ခါးခြားမှာ သေနတ်ထိုးပြီး ပခုံးပေါ် သေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ၊ ဘာမှ မတိုးတက်ဘူး ပြော၊ စောက်ရူးတွေ ပြောနေတာ။ ခင်ဗျားတို့ စောက်ရူးတွေ ပြောတာ မယုံနဲ့။

အဲဒီလွှတ်တော်ထဲ ရောက်နေတဲ့လူတွေအကုန် အဲဒီလွှတ်တော်ကြီး ဘယ်သူဆောက်ခဲ့လဲမေး၊ စစ်တပ်ဆောက်ခဲ့တာ။ အဲဒီမြို့ကြီး ဘယ်သူတည်ခဲ့လဲ၊ စစ်တပ်က တည်ခဲ့တာ။ ဒီလမ်းမကြီး ဘယ်သူဖောက်ခဲ့လဲ၊ စစ်တပ်က ဖောက်ခဲ့တာ။ စစ်တပ်က မဟုတ်တာတွေ လုပ်နေတယ်။ မြေတွေ သိမ်းပြီး မဟုတ်တာတွေ လုပ်နေတယ်လို့ ပြောနေတဲ့ လူတွေက ဘယ်လိုလူတွေလဲဆိုတာ ခင်ဗျားတို့ တနေ့ သဘောပေါက်လာမယ်။

နိုင်ငံတကာက ကူညီမှာ၊ ဘယ်အစိုးရတက်မှ ကူညီမှာ၊ အလကားပြောတာ ။ အလကား မပြောဘူး ခင်ဗျားတို့ သိမယ်။ ဟောဒီ တရုတ် တချိန်လုံး ကူညီနေတာပဲ။ တရုတ် ဘာမှမရပဲ တရုတ် ဘာမှ မကူညီဘူး။ လက်ပန်းတောင်မှာ ပြသနာတက်တာ တရုတ် အနိုင်ကျင့်လို့ တက်တာပဲ။ ဒါပဲ ။ တရားမျှတရင် ဘယ်တော့မှ ပြသနာ မတက်ဘူး။ ရှင်းလား ။

ကျွန်တော့်နာမည် ဗိုလ်ချုပ် အုန်းမြင့် ၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာ လှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီးမိန့်ခွန်းပြောလာတာ ၊ ရှင်းတယ်နော် ကျွန်တော်ပြောတာ ။ …. အစိုးရ အပေါ်မှာ စော်ကား နေတဲ့ကောင်တွယ်မှာပဲ ။ ပါးစပ်နဲ့တွယ်လို့မရရင် အချုပ်ထဲထည့်မှာပဲ …. အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် သွား - မင်းအချုပ်ထဲနေ ငါတို့အစိုးရထွက်ရင် မင်းထွက် ဒါပဲ

ကိုယ့်သွေးသားလို အစဉ်မမေ့ဖို့ ကြိုးစားနေဆဲမှာ …
......................................................
တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာကူညီ +++ ရဲဘော်အပေါင်းကို ကိုယ့်သွေးသားလို အစဉ်မမေ့အပ်ပေသည် ဆိုတဲ့ သီချင်းက ငယ်ငယ်တုံးကတည်းက အားရပါးရကြိုက်ခဲ့ရဖူး ၊ ဆိုခဲ့ရဖူးတဲ့ သီချင်း တစ်ပုဒ်ပါ ။ တော်လှန်ရေးနေ့ (မတ်လ ၂၇ ရက်နေ့ ၊ ယခု တပ်မတော်နေ့ ) နီးပြီလားဆိုမှဖြင့် ဒီသီချင်းက ရေဒီယိုကနေ အထပ်ထပ်အခါခါလွှင့်ထုတ်ခဲ့တဲ့သီချင်းလည်းဖြစ်ပါတယ် ။ ပြည်သူတွေကလည်း အင်မတန်မှ နားဝင်ပီယံဖြစ်ခဲ့ဖူးတဲ့ သီချင်းတစ်ပုဒ်လဲဖြစ်ပါတယ် ။ အဲဒီ တပ်မတော်၏ အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုတဲ့ တေးသီချင်းကို တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် စာသားများပြောပြခဲ့ပြီး ဂီတ စာဆိုကြီး ဆရာရွှေတိုင်ညွန့်က ရေးဖွဲ့သီကုံးခဲ့တယ်လို့ မှတ်သားရဖူးပါတယ် ။ ကန်တော်ကြီး မြေပဒေသာ ကျွန်းက " မြိုင် " ရုံမှာ တင်ဆက်ကပြခဲ့တဲ့ " ဤစစ်ကြီးမှာ " ဆိုတဲ့ပြဇာတ်ရဲ့ ဇာတ်ဝင်တေး (ဇာတ်သိမ်း သီချင်း) အဖြစ် တင်ဆက်ခဲ့တယ်လို့လဲ စာတစ်ပုဒ်မှာဖတ်ရဖူးပါတယ် ။ သီဆိုသူကတော့ ဆရာကြီးဦးသုခ လို့သိမှတ်ရပါတယ် (အချို့ကတော့ ဆရာကြီး ရွှေညာမောင်လို့ပြောကြပါတယ်) ။ ပြည်သူနဲ့ ပြည်သူက ပေါက်ဖွားခဲ့တဲ့ တပ်မတော် အကြား သွေးသားအဖြစ် အပြန်အလှန်ဖေးမ ချစ်ကြည် စေသော ထိုတေးသွားကို ရေးစပ်စေခဲ့သူ ၊ ရေးဖွဲ့သီကုံးသူ နဲ့ သီဆိုတီးမှုတ်ခဲ့သူ တူရိယပညာရှင်အပေါင်းကို လေးစားဦးညွှတ် လိုက်ပါတယ် ။

အဲဒီခေတ်အဲဒီအခါက တပ်မတော်စစ်ရေးပြကွင်း ( မိုင်ဒါကွင်း)မှစုရုံးပြီး ၀ိဇယရုပ်ရှင်ရုံ ရှေ့က တော်လှန်ရေးပန်းခြံဆီကို ကြွားကြွားဝင့်ဝင့် မာန်ဝင့်ဝင့်နဲ့ ချီတက်လာကြတဲ့ တပ်မတော်သား ပြည်ချစ်သား တွေကို ပန်းစည်းပန်းကုံးတွေနဲ့ တစ်ခဲနက်ကြိုဆိုခဲ့ကြတဲ့ ပြည်သူတွေဆိုတာ ဦးဝိစာရ လမ်းတစ်လျောက် ထန်းလျက်ခဲ ပုရွက်ဆိတ်တက်သလို မဲခဲနေတာပါပဲ ။ စာရေးသူရဲ့ ကြီးတော်တစ်ယောက်က အလုံမြို့နယ် ၊ နွယ်နီလမ်းမှာနေပါတယ်။ နွေရာသီ ကျောင်းပိတ်လို့ရှိရင် ကြီးတော်အိမ်ကို အလည်ရောက်ပါတယ် ။ ရောက်တိုင်းလဲ အဲဒီတော်လှန်ရေးနေ့နဲ့ကြုံပါတယ် ။ အဲဒီလိုနေ့တိုင်းမှာ ကြီးတော်နဲ့ အမတွေ နဲ့သာမက လမ်းထဲက အမကြီးတွေပါ ညဖက်ကတည်းက စပယ်ပန်းကုံးအဖူးကလေးတွေချည်းဝယ် ၊ ရေကလေး တောက် ထားပြီး ရှားမီးသကြားလုံးအိပ်ခွံနဲ့ထည့်ထားပြီး မနက်လေးနာရီကထဲက အလုံလမ်းကနေ တက်သွားပြီး ပန်းကုံး စွပ်ဖို့ စောင့်ဆိုင်းခဲ့တာကို မှတ်မိနေပါတယ် ။
အခုတော့ ၁၉၈၈ခုနှစ်မှာ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်ပိုင်းမှာ အဲဒီ မြတ်နိုးစရာကောင်းလှတဲ့ အလေ့အထတစ်ခုဟာ ပျက်ပြားပျောက်ကွယ်သွားပါပြီ ။ တပ်မတော်နဲ့ ပြည်သူကြား ချစ်ခြင်းတရားဟာ ဆေးသားမှိန်ဖျော့ အက်ကြောင်းထင်သွားတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ ။ ဒါတွေဟာ ဘာအကြောင်းများကြောင့်ပါလဲ ။
ပြဿနာရဲ့ အစကတော့ စကားတစ်ခွန်းကအစပြုခဲ့တာပါပဲ ။ ̎ တပ်မတော်ဟာ မိုးပေါ်ထောင်မပစ်ဖူး တဲ့တဲ့ပစ်မှာ ̎ ဆိုတဲ့ စကားလုံးဟာ ပြည်သူတွေရင်ထဲကို တည့်တည့်ကြီး ထိမှန်သွားခဲ့တော့တာပါပဲ ။ အဲဒီ နောက် ပြည်သူလူထုတစ်ရပ်လုံးအုံကြွတိုက်ပွဲဝင်ခဲ့တဲ့ ၈၈ အရေးတော်ပုံကြီးကို ပစ်ခတ်နှိမ်နင်းခဲ့တဲ့ တပ်မတော် သားတို့ရဲ့ကျည်ဆံတွေ တည့်တည့်မှန်ပြီး ရဟန်းရှင်လူ ပြည်သူ ကျောင်းသားကျောင်းသူ တွေရဲ့ ပွက်ပွက် သောသွေးများ မြေကျခဲ့ရပါတယ် ။ ဒါဟာ တပ်မတော်နဲ့ ပြည်သူအကြား ချစ်ခြင်းတရားများ ဆေးသားပြယ်ခဲ့ ရခြင်းရဲ့ အစောပိုင်းစာမျက်နှာပါ ။

အာဏာသိမ်းယူပြီးနောက် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးစောမောင်က ပြည်သူများကို ကတိ တစ်ခုပြုခဲ့ပါတယ် ။ ရွေးကောက်ပွဲကျင်းပပေးမယ် ။ တပ်မတော်က နိုင်ငံရေးကို ၀င်မစွက်ဖက်ဖူး ၊ ရွေးကောက် ပွဲပြီးရင် စစ်တန်းလျားပြန်မယ်ဆိုတဲ့ ကတိပါ ။ ပြောတဲ့ကတိတစ်စိတ်တစ်ပိုင်းအတိုင်း ၁၉၉၀ ခုနှစ်မှာ ရွေး ကောက်ပွဲကို အောင်မြင်စွာကျင်းပပေးခဲ့ပါတယ် ။ ဒါပေမဲ့ တပ်မတ်ာက နိုင်ငံရေးကို ၀င်မစွက်ဖူးဆိုတဲ့ ကတိ တစ်စိတ်တစ်ပိုင်းနဲ့ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်ဆိုတဲ့ ကတိစကားက တိမ်တွေလို လေမှာ မျောလွင့်သွားခဲ့ပါတယ် ။ တပ်မတော်ဟာ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာ မလွှဲပြောင်းခဲ့ရုံတင်မကပါဖူး ။ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့စီစဉ်ရာမှာ တပ်မတော်က နိုင်ငံရေးကို ၀င်မစွက်ဖက်ဖူးဆိုတဲ့ စကား ကတိကိုဖျက်ပြီး အစစအရာရာ ချုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ် ။ အဲဒီနောက် မှာတော့ ရွေးကောက်ပွဲ အနိုင်ရ ပါတီရဲ့ ကိုယ်စားလှယ်များ ၊ ပါတီခေါင်းဆောင်များ ၊ အဆင့်ဆင့်သော အလုပ် အမှုဆောင်များ ၊ ပါတီရဲ့ အမာခံပါတီဝင်များနဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ တိုင်းရင်းသား ခေါင်း ဆောင်များ ၊ ကျောင်းသား ခေါင်းဆောင်များကို အကြောင်းအမျိုးမျိးပြလို့ ပိုက်စိတ်တိုက်ဖမ်းဆီးထောင်ချခဲ့ပြီး စစ်အာဏာရှင်စနစ်ကို အခိုင်အမာထူထောင်ခဲ့ကြပါတယ် ။

အဲဒီစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့အောက်မှာ ပြည်သူတွေရဲ့ဘ၀ဟာ ဘယ်လောက်ဆိုးရွားစွာ ဖိနှိပ် ချုပ်ချယ်ခံရပြီး ဘယ်လောက်အောက်တန်းနောက်တန်းကျခဲ့တယ်ဆိုတာ ပြောပြစရာတောင် လိုမယ် မထင်ပါဖူး ။ စစ်အစိုးရရဲ့ စစ်ရေးအမြင် ၊ နိုင်ငံရေးအမြင် နဲ့ စီးပွားရေးအမြင်တို့ ပေါင်းစပ် အုပ်ချုပ်ခြင်း ခံလိုက်ရတဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလမှာ နိုင်ငံတစ်ခုလုံး ချုံးချုံးကျသွားခဲ့ပါတော့တယ် ။ ပြည်သူပြည်သားအများစု တို့ရဲ့လူနေမှုဘ၀တွေ အဲဒီလိုဒုက္ခပင်လယ်ဝေနေရချိန်မှာ အာဏာနဲ့လုပ်ပိုင်ခွင့်တွေ တစ်သီကြီးရကြတဲ့ ပုဂ္ဂိုလ်ကြီးငယ်များမှာတော့ အမိမြန်မာ ပဒေသာပင်ကြီးကို နောက်ထပ် အညွန့်အညှောက်အတက် ပြန်မထွက် တော့လောက်အောင်ကို ဆွတ်ယူစားသုံးလို့ ကြွယ်ဝချမ်းသာခဲ့ကြပါတယ် ။ ဘ၀ဟောင်းက ဇနီးနဲ့ သမီးတွေ အတွက် တစ်နေ့ကို ရွှေမွှေးအတောင်တစ်ခု နှုတ်ယူဖို့ပေးတဲ့ ရွှေဟင်္သာမင်းကို လောဘဇောတိုက်တဲ့ ဇနီး ဟောင်းက တစ်ကိုယ်လုံးပြောင်အောင်နှုတ်ယူတော့ အဖြူရောင်အမွေးအတောင်တွေသာထွက်လာတော့တဲ့ ဇာတ်လမ်းတစ်ပုဒ်လို ၀ိုင်းဝန်းညီညာ အမွှေးနှုတ်ခံလိုက်ရတဲ့ မြန်မာပြည်မှာတော့ သယံဇာတနဲ့ စီးပွားရေး အဆောက် အအုံ ရွှေတောင်ရွှေမွှေးတွေ ပြောင်တလင်းခါလို့ အမွှေးဖြူသာကျန်ရပါတော့တယ် ။
အခုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြဌာန်းလို့ စစ်အစိုးရကနေ အရပ်သားအစိုးရလို့ အသွင်ပြောင်းခဲ့ပြန်ပါပြီ ။ စစ်ဗိုလ်ချုပ်ကြီးများကလည်း အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများအဖြစ် နိုင်ငံ တာဝန် ထမ်းဆောင်နေကြ ပြန်ပါပြီ ။ တပ်မတော်ကြီးကလည်း စစ်တန်းလျားမပြန်ပဲ အမျိုးသားနိုင်ငံရေးကို အစဉ် ထာဝရ ဦးဆောင်မယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်ကြီးကို ဆုပ်ကိုင်လို့ လွှတ် တော် ထဲမှာ နေရာယူထားကြပြန်ပါပြီ ။

အစိုးရအပြောင်းမှာ လေသံတို့ကလည်းပြောင်းခဲ့ကြပါတယ် ။ တပ်မတော်သာအမိ တပ်မတော်သာ အဖ ဆိုသည့် စကားလုံးတို့ကနေ ပြည်သူသာအမိ ၊ ပြည်သူသာအဖ အဖြစ်သို့ ပြောင်းလဲခဲ့ပါတယ် ။ ဒါပေမဲ့ တပ်မတော်က မြန်မာ့နိုင်ငံရေးကို လက်ဆုပ်မဖြည်သေးဖူးဆိုတာက အထင်အရှားဖြစ်ပါတယ် ။ ဒါကြောင့် တပ်မတော်က ချုပ်ကိုင်ထားတဲ့ မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီကို ဘယ်လိုမှတည်ဆောက်လို့မရနိုင်ဖူး ဆိုတဲ့ ဝေဖန်သံတွေ ညံနေခဲ့ပါတယ် ။ တပ်မတော်ဟာ နိုင်ငံရေးသြဇာကို ဘာကြောင့်ထူထောင်ချုပ်ကိုင်ထားချင်ရသ လဲ ဆိုတဲ့သံသယတွေဟာ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲမှာ ၀င်ရောက်စူးနစ်နေတဲ့ ဆူးတစ်ချောင်းပါပဲ ။
ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော တပ်မတော်ဟာ ပြည်သူ့တို့၏ နှလုံးသည်းပွတ်ဖြစ်ခဲ့ ပါတယ် ။ ဗိုလ်ချုပ်နေ၀င်းလက်ထက် တော်လှန်ရေးကောင်စီအာဏာသိမ်းယူစဉ်ကလည်း ပြည်သူတို့ရင်တွင် တပ် မတော်ကို ပြည်သူတွေကမမုန်းခဲ့ပါဖူး ။ ကျောင်းသား သမဂ္ဂကိုဖြိုချခဲ့စဉ်က တပ်မတော်တာဝန်ရှိ သူအချို့ ကိုသာ နာကျည်းမုန်းတီးခဲ့ကြတာပါ ။ နိုင်ငံမှာဖြစ်ခဲ့သမျှ အစိုးရနဲ့ ပြည်သူကြား ပဋိပက္ခတွေမှာလဲ ပြည်သူ တို့ရဲ့ အမုန်းတော်ခံခဲ့ရတာက တပ်မတော်မဟုတ်ခဲ့ပါဖူး ။ ပြည်သူတို့၏ ရင်ထဲမှာ တပ်မတော်ကို အမုန်း မဖက်ခဲ့ပါဖူး ဆိုတာကို တော်လှန်ရေးနေ့တိုင်း တပ်မတော်သားများကို ပန်းကုံး စွပ်ကြိုဆိုမြဲ ပြည်သူတို့၏ ၀တ် မပျက်သော ချစ်ခြင်းမေတ္တာတရားများက ဖော်ညွှန်းနေခဲ့ပါတယ် ။

၈၈ အရေးတော်ပုံနောက်ပိုင်း စစ်အာဏာသိမ်းအပြီးမှာတော့ တပ်မတော်နှင့် ပြည်သူအကြား စပယ်ကုံး ကလေးများက မေတ္တာကြိုးမသွယ်နိုင်ခဲ့တော့ပါဖူး ။ ရဲဘော်အပေါင်းကို ကိုယ့်သွေးသားကဲ့သို့ အစဉ် မမေ့အပ် သော်လည်း န၀တစစ်အစိုးရ၏ ဖိနှိပ်ရက်စက်မှု များက ပြည်သူ့တို့ရင်တွင် အနာတရဖြစ်စေခဲ့ပါတယ် ။ တပ်မတော်သားတို့ကို ချစ်ခြင်းမပြယ်သော်လည်း ရက်စက်လှတဲ့ စစ်အာဏာရှင်စနစ်ကိုတော့ ရင်ထဲ အသည်းထဲက နာကျင်လှစွာ ရွံ့ရှာ စက်ဆုပ်နေခဲ့ကြပါတယ် ။
တပ်မတော်ကို ပြည်သူတို့က ကိုယ့်သွေးသားကဲ့သို့မှတ်ထင်ကြပြီး တပ်မတော်ကို အင်အားရှိဖို့ ပြည်သူတို့ဖက်မှ အရာရာကူညီဖြည့်ဆည်းပေးစေလိုခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်သည် ပြည်သူ တို့ရဲ့ အစေခံသာဖြစ်ရမယ်မို့ ပြောခဲ့ပါတယ် ။ န၀တ စစ်အစိုးရခေတ် တပ်မတော်ခေါင်းဆောင်များသည် ပြည်သူ တို့၏ အစေခံကောင်းသဖွယ် ဖြစ်ခဲ့ပါသလား ။ ပြည်သူတို့အပေါ် သခင်ဆိုး သဖွယ်သရုပ်ဆောင်ခဲ့ကြ သလား ဆိုသည်ကို ပြန်လည်ဆန်းစစ်ကြည့်ချင်ပါတယ် ။ ဒီလိုဆန်းစစ်မိခိုက်မှာပဲ န၀တခေတ်မှာ ဗိုလ်ချူပ် တာဝန် ထမ်းဆောင်ခဲ့ ပါတယ်ဆိုတဲ့ လက်ရှိ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ယူနတီ သတင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် စကားကို အသည်းတုန်အူတုန်ဖြစ်ပြီး ဖတ်မိခဲ့ရပါတယ် ။
ကျွန်တော့်နာမည် ဗိုလ်ချုပ် အုန်းမြင့် ၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာ လှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီးမိန့်ခွန်းပြောလာတာ ၊ ရှင်းတယ်နော် ကျွန်တော်ပြောတာ ။ …. အစိုးရ အပေါ်မှာ စော်ကား နေတဲ့ကောင်တွယ်မှာပဲ ။ ပါးစပ်နဲ့တွယ်လို့မရရင် အချုပ်ထဲထည့်မှာပဲ …. အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် သွား - မင်းအချုပ်ထဲနေ ငါတို့အစိုးရထွက်ရင် မင်းထွက် ဒါပဲ … ဆိုပါကလား .. ဘုရား .. ဘုရား ။

ဒီစကားတစ်ခွန်းနဲ့တင် န၀တခေတ်မှာ စစ်အစိုးရက ပြည်သူတွေကို ဘယ်လိုဆက်ဆံခဲ့တယ် ၊ ဘယ်လို ဖိနှိပ်ရက်စက် အုပ်ချုပ်ခဲ့တယ်ဆိုတာ အားလုံးသဘောပေါက်လိုက်ရပါတယ် ။ ဒါဟာ ခံရသူ ပြည်သူတွေဘက်က နာကျည်း ပြောဆိုတဲ့စကားမဟုတ်ပဲ လုပ်ခဲ့သူကာယကံရှင်ဘက်က ပေါက်ကွဲထွက်လာတဲ့ စကားတွေ ဖြစ်ပါတယ် ။ နှစ်ဖက်စကားတူပြီဆိုမှတော့ ဒါဟာ အမှန်တရားတစ်ခုဖြစ်ပြီပေါ့ ။ ဒီမှာတင် စဉ်းစားမိလာရတာက အဲဒီလို စစ်အာဏာရှင်တစ်ယောက်က ဒီမိုကရေစီအရပ်သားအစိုးရလို့ အမည်တပ် ထားတဲ့ ကောင်းမွန်သော အစိုးရ သန့်ရှင်းသော အစိုးရအဖြစ်တည်ဆောက်နေတဲ့ နိုင်ငံတော်အစိုးရအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေပါသတဲ့လား ဆိုတာပါပဲ ။ အခုလို အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး သင့်မြတ်ရေးတွေကို ဖော်ဆောင်နေတဲ့ အချိန်ကာလ သမယကြီးမှာတောင်မှ အဲဒီလို အာဏာသံ အပြည့်နဲ့ ၀န်ကြီး တစ်ပါးရဲ့ စကားကိုကြားရတော့ … ဘာ လက်နက် ၊ ဘာအာဏာမှ မရှိတဲ့ ကျနော် တို့ ပြည်သူတွေမှာ ရဲဘော်အပေါင်းကို ကိုယ့်သွေးသားလို အစဉ် မမေ့ဖို့ကြိုးစားရင်းနဲ့ ပါးတစ်ဖက် တောင်စပ်ဖျဉ်းဖျဉ်းဖြစ်လာမိ ကြောင်းပါခင်ဗျာ ။

ထင်လင်းဦး (Wisdom Villa)

ခြေဖဝါးတော်တံဆိပ်

ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနဖြင့် ဗုဒ္ဓ၏ခြေတော်ရာ၊ မိခင်၏ခြေရာ၊ ဖခင်၏ခြေရာ ဟူ၍ အထွဋ်အမြတ်ထားကာ ဦးခိုက်ပူဆော်တတ်ကြလေသည်။ ဗုဒ္ဒ၏ခြေတော်ရာ။ မိခင်ဖခင်တို့၏ ခြေရာ တို့အားဆောင်ထားခြင်းဖြင့် အန္တရာယ်ကင်းဘေးကင်းစွာဖြင့် သွားလမ်းလာလမ်းဖြောင့်၍ အကြံအစည် ဟူ သမျှအား အနှောင့်အယှက်ကင်းစွာဖြင့် အောင်မြင်နိုင်ကြသည်ဟူ၍လည်း ယုံကြည်ထားကြသည်။ ကျွန် တော့်အနေနှင့်မူကား မြတ်ဗုဒ္ဓ၏ ခြေတော်ရာ၊ မိခင်ဖခင်တို့၏ ခြေရာများအပြင် ကျွန်တော်၏ နှလုံးသား ထက်တွင် သေရာပါသွားမည့် ခြေရာတစုံရှိခဲ့သည်။ ထိုခြေရာသည်ကား ကျေးဇူးရှင် ရွှေပေါက်ပင်ဆရာ တော်ကြီး သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမစာရ၏ ခြေရာတော်ပင် ဖြစ်တော့သည်။

ကျွန်တော်သည် ၁၉၈၄ ခုနှစ်မှ ၂ဝဝ၇ စက်တင်ဘာလအထိ အနုပညာလောကတွင် ကျင်လည် ခဲ့ရင်း မူးယစ်သောက်စားခြင်းများရှိခဲ့သည်။ တခါတရံတွင် ညင်သာညက်ညောသည် တခါတရံတွင် စိတ် ရိုင်းများဝင်သည်၊ တခါတရံတွင် စိတ်ကောင်းနှလုံးကောင်းရှိသည်၊ တခါတရံတွင် ကြမ်တမ်းခတ်ထန် သည်၊ တခါတရံတွင် လူချစ်လူခင်ပေါများသည်၊ တခါတရံတွင်မူကား အပေါင်းအသင်းကင်းမဲ့သည်။ ထိုထို သော မတည်ငြိမ်လှသည့် ယမကာ၏ လက်ချက်ကြောင့် ဆေးရုံသို့ အကြိမ်ကြိမ်ရောက်ခဲ့ရသည်။ အလုပ် အကိုင်များလည်း ပျက်ပြားခဲ့ရသည်။ ဇနီးနှင့်သားသမီးများ မျက်နှာငယ်ခဲ့ရသလို မိဘဆွေမျိုးများလည်း လူကြားထဲမျက်နှာမပြဝံ့ခဲ့ရချေ။ ထိုအကြောင်းအရာများအား ကျွန်တော်သိသည်။ သို့သော် ကျွန်တော်၏ စွဲလန်းမှုအား ကျွန်တော်ဖြတ်တောက်၍ မရနိုင်ခဲ့ချေ။ နည်းလမ်းပေါင်စုံဖြင့် ဖြတ်တောက်ရန်ကြိုးစား ခဲ့သည်။ ထိုယမကာအရက်အား ကျွန်တော်မဖြတ်နိုင်ခဲ့ချေ။ “အရက်ကို ကျွန်တော်သောက်သည် မဟုတ် … ကျွန်တော့်အား အရက်ကပြန်၍ သောက်နေပြီဖြစ်သည်။”

၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းနောက်ပိုင်း ကျွန်တော် အဖမ်းခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့သည်။ အနုပညာလုပ်ငန်းများ ရပ်ဆိုင်းခံလိုက်ရသည်။ ထို့ကြောင့် ကျွန်တော်စိတ်ညစ် ညစ်ဖြင့် နေ့စဉ်လိုလို ယမကာ မှီဝဲလျှက်ရှိသည်။ ၂ဝဝ၈ ခုနှစ်တွင် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သင်းလုံးကျွတ် အစည်းအဝေးတွင် ကျွန်တော့်အား ဥက္ကဌအဖြစ် တာဝန်ပေးခြင်းခံခဲ့ရသည်။ ထိုအချိန်တွင် ကျွန်တော်အတွေး တစ်ခုဝင်လာမိသည်။ ထိုအရာကား လူမှုရေးပရဟိတတည်းဟူသော ဒုက္ခရောက်နေသော ပြည်သူလူထုတို့အား ကူညီဖးမပေးမည့် သူတော်ကောင်းလမ်းစဉ်အား လိုက်နာကျင့် သုံး ကြရမည့် လူငယ်လူရွယ်များ၏ ရှေ့ဆောင်လမ်းပြ ခေါင်းဆောင်တယောက်အနေဖြင့် အဖက်ဖက်တွင် “စံပြ” ပုဂ္ဂိုလ်ဖြစ်ရန် အရေးကြီးလှသည်။ ထို့ကြောင့် ကျွန်တော် ထိုအရက်ကို ဖြတ်ကိုဖြတ်မှဖြစ်တော့မည်။ ကျွန်တော်ကြိုးစားသည် …သို့သော် မရခဲ့ပါချေ။

တစ်နေ့သောအချိန်အခါတွင် ကျွန်တော်၏ ကျေဇူးရှင် ဆရာကြီးမင်သိင်္ခ၏ “ဖြတ်ခနဲပေါ် ဆက်ခနဲ လုပ်” ဟူသောစကားရပ်အား သတိရမိတော့သည်။ ထိုကဲ့သို့သော မကောင်မှုလုပ်ရပ်အား မိမိအနေဖြင့် ဆက်လက်လုပ်ရန် မသင့်တော်ကြောင်း မိမိ၏စိတ်ထဲတွင် “ဖြတ်ခနဲ” ပေါ်လာသည်။ သို့သော် “ဆက်ခနဲ” ကောင်းမှုပြုလုပ်ရန် မိမိ၏ စိတ်အလျှင်တို့ လွန်ဆွဲနေခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်တို့အသင်းတွင် လုပ်အားပေးနေသော ကင်မရာဆရာ ဦးသက်မွန်(TV) မှကျွန်တော့်အား စကားတစ်ခွန်းပြောလာသည်။ “ရွှေပေါက်ပင်ဆရာတော်ကြီး ရွှေတိဂုံဘုရားတောင်ဘက်မုခ်က အင်းလေးဓမ္မရုံမှာရောက်နေတယ်” ဟူ၍ ဖြစ်တော့သည်။ ထိုအခါကျွန်တော်သည် ယခင်ဘဝအဆက်ဆက်မှ သိရှိတော်စပ်ခဲ့သော ပဌာန်းဆက် ဆရာသမားတစ်ပါးအား ပြန်လည်တွေ့ဆုံ ဖူးတွေ့ခွင့် ရရှိတော့မှာပါလား ဟူ၍ စိတ်ထဲတွင် ဖြစ်ပေါ်လာကာ မဆိုင်းမတွပဲ ချက်ချင်းပင် အင်းလေးဓမ္မာရုံသို့သွားကာ ဆရာတော်ကြီးအား တွေ့ဆုံဖူးမျှော်ခဲ့သည်။ ဆရာ တော်ကြီးသည် ကျွန်တော့်အား ပြုံးရောင်သန်းသောမျက်နှာဖြင့် စူးစိုက်ကြည့်ကာ “မင်းဆီမှာရှိတဲ့ မ ကောင်း တဲ့အရာတွေကို ထုတ်ပြစ်ရမယ်” ဟုမိန့်ကာ ကျွန်တော့်အား အနားသို့ကပ်လာရန်နှင့် ကျွန်တော် နှင့်ပါလာသော သူငယ်ချင်းဖြစ်သူအား ကျွန်တော်၏ နောက်ကျောကို ရှေ့သို့တွန်းထားစေရန်မိန့်ကာ ကျွန်တော်၏ဝမ်းဗိုက်နှင့် နှလုံးသားနေရာသို့ ဆရာတော်ကြီး၏ ခြေဖဝါးအစုံဖြင့် တွန်းဖိလေတော့သည်။ ထိုအချိန်တွင် မိနစ်ပိုင်းအတွင်း ကျွန်တော်၏ ခန္တာကိုယ်တခုလုံး တုန်တုန်ရီရီဖြစ်ကာ ချွေသီးချွေးပေါက်များ ထွက်လာပြီး တကိုယ်လုံးအပူငွေ့များ ပြင်ပသို့လွင့်စင်ကုန်ကြသည်။ ထိုအချိန်က ဆရာတော်ကြီး၏ လက် သုံးတော်တောင်ဝှေးနှင့် ကြေးစီထုသော သစ်သားဘုပါမလာ၍ ကျွန်တော့်အား ခြေဖဝါးဖြင့် ကုသပေးခြင်း ဖြစ်သည်ဟု သိရှိခဲ့ရသည်။ ထို့အပြင် ကျွန်တော်ဝတ်ဆင်ထားသော လည်ကတုံး ရှပ်အင်္ကျီအဖြူ၏ ရင် ဘက်တွင် ထင်ကျန်ခဲ့သော ဆရာတော်ကြီး၏ ခြေရာအား ဆရာတော်ကြီးမှ “မင်းအဲဒီအင်္ကျီကို မလျှော်နဲ့၊ မဆေးပစ်နဲ့၊ ဒီအတိုင်းပြန်ဝတ်သွား”ဟူ၍မိန့်လေသည်။ ထို့နောက် ကျွန်တော့်အား “မင်းဘဝပြောင်းဖို့ အချိန်တန်ပြီ ရှေ့တစ်ပါတ် ပြည်မြို့ရွှေပေါက်ပင်ကျောင်းမှာ သက်သက်လွတ် ဆွမ်းလောင်းပွဲရှိတယ်၊ အဲ့ဒီ နေ့မှာ မင်းဘဝပြောင်းရတော့မယ်၊ ဘဝသစ်၊ စိတ်သစ်၊ လူသစ်နဲ့ အများအကျိုးကို ခေါင်းဆောင်ကောင်း တစ်ယောက်အနေနဲ့ သယ်ပိုးပေးဖို့ အချိန်ကျပြီ” ဟူ၍ မိန့်ကြားလေတော့သည်။ ထိုသက်သက်လွတ် ဆွမ်း လောင်းပွဲနေ့၌ပင် ကျွန်တော်လူ့ဘဝမှ သာသာနာ့ဘောင်သို့ ရောက်ရှိသွားပါတော့သည်။ ထိုစဉ်အခါက ကျွန်တော့်နောက်သို့ ရဲထောက်လှမ်းရေးများ တောက်လျှောက်လိုက်နေချိန်ဖြစ်၍ ကျွန်တော်သည် ဦပဉ္စင်း ဘဝဖြင့် သင်္ကန်းရုံထားရသော်လည်း တရားဘာဝနာ ကျင့်ကြံအားထုတ်ရန် အနှောင့်အယှက်သဖွယ် ဖြစ်နေတော့သည်။ ရဲထောက်လှမ်းရေးများကြောင့် အခက်အခဲ အနှောင့်အယှက်ဖြစ်သဖြင့် ဆရာတော် ကြီးအားခွင့်ပန်ကာ ရန်ကုန်မြို့သို့ သင်္ကန်းရုံဖြင့် ထွက်ခွါခဲ့တော့သည်။ ထိုစဉ်အခါက ကျွန်တော်၏ မွန်မြတ် လှသော သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်းကြောင့်ပေလား၊ ဆရာတော်ကြီး၏ မေတ္တာကြောင့်ပေလား၊ ဆရာတော်ကြီးမှ ကျွန်တော့်အားစောင့်ရှောက်ရန် ထည့်ပေးလိုက်သော သူတော်စင်ပုဂ္ဂိုလ် များကြောင့်ပေ လားမသိ။ ကျွန်တော်ထွက်ခွါသွားခြင်းကို ရဲထောက်လှမ်းရေးများ ချက်ချင်း မသိလိုက်ကြပေ။ ထို့အပြင် ရန်ကုန်သို့ ရောက်ရှိသောအခါ ကျွန်တော် ဦးပဉ္စင်းဘဝဖြင့် တစ်ကိုယ်တည်း သီတင်းသုံးနေရာတွင် ကျွန်တော် နေထိုင်သီတင်းသုံးရာ ဘုန်းကြီးကျောင်းတွင်လည်း ကျွန်တော့်ဘေးတွင် အဖော်တစ်ယောက် ရှိနေကြောင်း၊ ကျွန်တော့်အားလည်း မြင်လိုက်၊ မမြင်လိုက်ဖြစ်နေကြောင်း သူတို့၏ သတင်းပေးသံများ အားကြားခဲ့ရသူ ကျွန်တော်၏ အသိမိတ်ဆွေများမှ ပြောပြ၍သိရှိခဲ့ရတော့သည်။ ထိုအချိန်မှစ၍ ကျွန် တော်သည် ရွှေပေါက်ပင်ဆရာတော်ကြီး ချမှတ်ပေးသော တရားဘာဝနာ အဓိဌာန်ကျင့်စဉ် အားထုတ်မှု များကို အဓိဌာန်မပျက်ဆောင်ရွက်ရင်း ပရဟိတနယ်ပယ်ထဲတွင် ကျင်လည်ခဲ့တော့သည်။ ထို့အပြင် ဘဝ တစ်ပါး သို့ပြောင်းလဲသွားပြီး မကျွတ်မလွတ်ဖြစ်နေကြသော သူတို့အတွက်လည်း အကျွတ်အလွတ် ကျင့် စဉ်များ ကျင့်ကြံအားထုတ် အမျှပေးဝေခြင်း၊ မေတ္တာအစဉ်ပို့ သပေးခြင်းတို့ကြောင့် ထူးခြားလှသည့် အတွေ့ အကြုံများလည်း များစွာအံ့မခန်းတွေ့ကြုံခဲ့ရသည်မှာ (၆) နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်တော့သည်။ ထိုအချိန်မှစ၍ ဆရာကြီး မင်းသိင်္ခ၏ “ဖြတ်ခနဲပေါ် ဆတ်ခနဲလုပ်” ဟူသော စကားအား ကျွန်တော် အကောင်အထည် ဖော်ဆောင်နိုင်သွားပြီ ဖြစ်တော့သည်။ မကောင်းမှု အကုသိုလ်လုပ်ငန်းများအား ဖြတ်ခနဲ သိလိုက်သည့်အချိန်မှစ၍ ကောင်းမှုကုသိုလ်လုပ်ငန်းများအား ဆတ်ခနဲ ကူးပြောင်းနိုင်ခဲ့ပြီ ဖြစ် သည်။ ကျွန်တော့်နည်းတူ ရွှေပေါက်ပင်ဆရာတော်ကြီးထံသို့ ဘဝသက်တမ်းတလျှောက် မကောင်းမှုနွံထဲ နစ်မွန်းနေသော လူတို့သည်လည်း ကောင်းမှုကုသိုလ် အရေးကိစ္စများအား တက်ကြွစွာ သယ်ပိုးနိုင်ရန် အတွက် လာရောက်၍ အဓိဋ္ဌာန်ဝင်ခြင်း ဆရာတော်ကြီးထံတွင် ကျင့်ကြံအားထုတ်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်ကို ကျွန်တော်မျက်မြင် တွေ့ရှိခဲ့ရသည်။ မကောင်းမှုနွံထဲမှ ရုန်းထွက်နိုင်သော သူတော်ကောင်း၊ သူတော်စင်များအဖြစ်လည်း ကျွန်တော်တွေ့မြင်ခဲ့ရသည်။ ယခု သာသနာပြုပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သူ အာသောကမင်းကြီးသည်လည်း တစ်ချိန်က အလွန်အမင်း ဆိုးသွမ်းခဲ့သော မင်းတစ်ပါးဖြစ်ခဲ့သည် မဟုတ် ပါလား။

ယခုအချိန်တွင် ကျွန်တော်သည် အခက်အခဲများကို ရဲဝံ့စွာဖြင့်သစ္စာဆို၍ ကျော်ဖြတ်နိုင်သူ တစ် ယောက်ဖြစ်ခဲ့ပြီဖြစ်သည်။ ကျွန်တော်ဦးစီး ဦးဆောင်ပေးဆပ်လာခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်) သည်လည်း အများပြည်သူတို့နှင့် ကမ္ဘာ့နိုင်ငံများမှ သိရှိလာခဲ့ပြီ။ မြန်မာပြည်တွင်လည်း အနယ်နယ် အရပ် ရပ်တွင် ကျွန်တော်တို့အသင်းအား အားကျဂုဏ်ယူ၍ ကိုယ်ထူကိုယ်ထ ပရဟိတအသင်းများ ပေါ်ပေါက် လာခဲ့သည်။ ထိုထိုသော ကောင်းမှုအကျိုးဆက်၏ အကြောင်းတရားသည်ကား ကျွန်တော်၏ နှလုံးသား ထက်ဝယ်၊ ကျွန်တော်၏ ရင်ဘက်ထက်ဝယ် သေရာပါတံဆိပ်ခတ်နှိပ်လိုက်သော ကျေးဇူးရှင် ပြည်မြို့ ရွှေပေါက်ပင်တောရဆရာတော်ကြီး၏ ခြေဖဝါးတော်မှ အစပြုခဲ့ခြင်းဟုဆိုလျှင် မမှားတော့ချေ။

(ကျေးဇူးရှင်ဆရာတော်ကြီး သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမစာရ၏ ရွှေပေါက်ပင်ကျောင်းတိုက် တည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေရတုမင်္ဂလာနေ့မြတ်အတွက် ဆရာတော်၏ ခြေတော်ရင်းဝယ် ရိုသေ ဝပ်တွားစွာဖြင့် ဦးခိုက်ပူဇော်သည့် ကိုယ်တွေ့ဖြစ်ရပ်မှန်ပင် ဖြစ်တော့သည်။)

ကျော်သူ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.