02/08/14

အခု ပြည်ခိုင်ဖြိုး တဖြစ်လဲ အရင် စစ်အာဏာရှင်တွေနဲ့ တာဝန်ရှိသူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လူထုဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မသမာနည်းမျိုးစုံသုံး၊ ကိန်းဂဏန်း အမျိုးမျိုးထုတ် လုပ်ခဲ့ဖူးခဲ့ပါပြီ။ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ မဆလ ခေတ်၊ န၀တ၊ နအဖ ခေတ် နှစ်ပေါင်း ၅၀ ကျော် ဒီအတိုင်း လုပ်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။

“ လိမ်ညာမှုကို လက်ခံတဲ့ ပူးပေါင်းကော်မတီလား၊
လိမ်ညာမှုကို မှတ်တမ်းတင်တဲ့ လွှတ်တော်လား ”
စည်သူအောင်မြင့်
ရန်ကုန်တိုင်းမ် ဂျာနယ်၊ မွန်းတည့်နေဂျာနယ်၊ ၇-၂-၁၄။

တိုင်းပြည်အတွက်လည်း အရေးကြီး အများပြည်သူကလည်း စိတ်ဝင်စားနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး လွှတ်တော် ပူးပေါင်းကော်မတီ ရဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး လွှတ်တော်ကလည်း အဲဒီ အစီရင်ခံစာကို အတည်ပြုပေးလိုက်ပါပြီ။ တကယ်တော့ အဲဒီ အစီရင်ခံစာမှာ ထူးထူးခြားခြား ဘာမှ မပါဝင်ပါဘူး။ ဖွဲ့စည်းပုံပြင်ဖို့၊ မပြင်ဖို့ အကြံပေးချက်တွေကို အမျိုးအစားခွဲ ပြုစုထားတဲ့ ရုံးလုပ်ငန်း သာသာ အစီရင်ခံစာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အစီရင်ခံစာထဲမှာ ဖွဲ့စည်းပုံထဲက ပုဒ်မ (၇)ခု ကို လုံးဝ မပြင်လိုပါဘူး ဆိုပြီး အကြံပြုထားတယ်ဆိုတဲ့ လက်မှတ်ပေါင်း တစ်သိန်းကျော် (၁၀၆၁၀၂) တင်ပြတယ် ဆိုတာကိုပါ မှတ်တမ်းတင်ထားလိုက်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ထားတယ် ဆိုရင် အဲဒီ လက်မှတ်ကောက်ခံမှု စာရင်းဇယားတွေဟာ မှန်ကန်ဖို့ လိုပါတယ်။ အဲဒီ ပုဒ်မ (၇) ခု မပြင်ဖို့ ပူးပေါင်းကော်မတီကို ဘယ်သူက လာတင်သလဲ၊ ဘာအချက်တွေ ပါသလဲ၊ ပူးပေါင်းကော်မတီက ဒါကို မစစ်ဆေးဘူးလား၊ လိမ်လည်မှု လုပ်ထားတာ မဖြစ်နိုင်ဘူးလား၊ အဲလို လိမ်လည်မှု လုပ်ထားတာဆို ဘယ်လို ဖြေရှင်းမလဲ စတာတွေ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

လက်မှတ်တွေ စုဆောင်းပြီး ဘယ်သူ တင်ပြလဲ
ဖွဲ့စည်းပုံထဲက ပုဒ်မ (၇) ခု ကို လုံးဝ မပြင်လိုပါဘူး ဆိုပြီး လူတစ်သိန်းကျော် လက်မှတ်ထိုးထားတာကို စုစည်းပြီး ပူးပေါင်းကော်မတီကို တင်ပြသူဟာ ပြည်ခိုင်ဖြိုးပါတီ CEC တစ်ယောက်လို့ ကော်မတီအဖွဲ့ဝင် သူရဦးအောင်ကိုက သတင်းမီဒီယာတွေကို ပြောပါတယ်။ နာမည်တော့ သူ ထုတ်မပြောပါဘူး။ နောက်ပိုင်း အဲလိုတင်ပြတာဟာ သူပါပဲလို့ ဦးအောင်သိန်းလင်းက ဧရာဝတီ သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။ အဲဒီ လူတစ်သိန်းကျော်က ဘယ်အချက်တွေကို မပြင်လိုပါဘူးလို့ သူ တင်ပြခဲ့သလဲ ကြည့်ရအောင်ပါ။
ဖွဲ့စည်းပုံထဲက အခန်း(၁) ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂၊ အခန်း(၃) ပုဒ်မ ၅၉(စ)၊ အခန်း (၇) ပုဒ်မ ၃၃၇၊ ၃၃၈၊ အခန်း(၁၂) ပုဒ်မ ၄၃၆ နဲ့ အခန်း (၁၄) ပုဒ်မ ၄၄၅ စတာတွေကို မပြင်ပဲ ထားဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။ ပြောရရင် အဲဒီ ပုဒ်မတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် တားမြစ်ပိတ်ပင်ထားတဲ့ နာမည်ကြီး ပုဒ်မ ၅၉ (စ) ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ဖွဲ့စည်းပုံကို ပြင်လို့ လုံးဝ မလွယ်အောင် လုပ်ထားတဲ့ ပုဒ်မ၊ အရင် စစ်အာဏာရှင်တွေကို နောက်ကြောင်းပြန် အရေးယူလို့ မရအောင် ကာကွယ်ထားတဲ့ ပုဒ်မတွေဖြစ်နေပါတယ်။ တစ်ခုချင်းစီ တင်ပြပါ့မယ်။

မပြင်ချင်တဲ့ ပုဒ်မတွေက ဘာတွေလဲ
အခန်း(၁) ပုဒ်မ ၆(စ) ဆိုတာ နိုင်ငံတော် အခြေခံမူ ဆိုတဲ့ အခန်းထဲကပါ “ နိုင်ငံတော်ဇ။် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။” လို့ ဖော်ပြထားပါတယ်။ ဒါကတော့ ရှင်းပါတယ်။ စစ်တပ်က နိုင်ငံရေးဦးဆောင်မှု အခန်းမှာ ပါနေတာကို မပယ်ဖျက်နဲ့ ဆိုတာပါပဲ။ ပုဒ်မ ၄၂ ကတော့ “ (က) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမှ စတင်ကျူးကျော်တိုက်ခိုက်ခြင်း မပြု၊ (ခ) နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမှ တပ်ချခွင့်မပြု” ဆိုတာပါ။
နောက်တစ်ခုကတော့ အခန်း(၃) ပုဒ်မ ၅၉(စ) ပါ။ ဖော်ပြထားချက်ကတော့ ဒီလိုပါ။ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ တွေရဲ့ အရည်အချင်းသတ်မှတ်ချက် မှာ “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိဇ။် မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိဇ။် ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိဇ။် တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦးဇ။် ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံတော် အစိုးရဇ။် ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြား အစိုးရဇ။် လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးဇ။် နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရဇ။် လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါးဇ။် နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။” လို့ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားမြစ်ကန့်သတ်ထားတဲ့ ဥပဒေ ပြဌာန်းချက်ဖြစ်တယ်ဆိုတာ ရှင်းလင်းပါတယ်။ နောက်ထပ် မပြင်ချင်တဲ့ ပုဒ်မတွေကတော့ အခန်း (၇) ပုဒ်မ ၃၃၇၊ ၃၃၈ ပါ။ ပုဒ်မ ၃၃၇ “ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။” ၃၃၈ “ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်ဇ။် ကွပ်ကဲမှုအောက်တွင် ရှိရမည်။” လို့ ဖော်ပြထားပါတယ်။ ဒါလည်း စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပါတ်သက်တဲ့ အချက်ပါပဲ။
နောက်ထပ်တစ်ခုကတော့ အခန်း(၁၂) ပုဒ်မ ၄၃၆ ပါ။ အဲဒီ ပုဒ်မ ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပါတ်သက်ပါတယ်။ အဲဒီမှာ ဖွဲ့စည်းပုံထဲက ပုဒ်မ တစ်ချို့ကို အတိအကျ ဖော်ပြထားပြီး အဲဒီ ပုဒ်မတွေနဲ့ ပါတ်သက်လို့ ပြင်ချင်ရင် “ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံးဇ။် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံးဇ။် ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။” (ခ) “ ပုဒ်မခွဲ(က) တွင် ဖော်ပြထားသည့် ပြဌာန်းချက်များမှအပ အခြားပြဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးဇ။် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ ” လို့ ဖော်ပြထားပါတယ်။ ပြောရရင် ဒီ ပုဒ်မဟာ စစ်တပ်ကသာ သဘောမတူရင်၊ တစ်နည်း ကာကွယ်ရေးဦးစီးချုပ်ကသာ သဘောမတူရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လို့ မရအောင် လုပ်ထားတဲ့ ပုဒ်မပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလွန်ပြင်ရခက်အောင် လုပ်ထားတဲ့ ပုဒ်မပါ။
နောက်ဆုံးတစ်ခုကတော့ အခန်း (၁၄) ပုဒ်မ ၄၄၅ ပါ။ အဲဒီမှာ ဖော်ပြထားတာက “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ဇ။် မူဝါဒ လမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေငြာချက်များကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့ဇ။် ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင် တစ်ဦးဦးဇ။် တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။” လို့ ဖော်ပြထားပါတယ်။ လက်မှတ်ပေါင်း တစ်သိန်းကျော်က ဒီ အချက်ကို လုံးဝ မပြင်ချင်ဘူးလို့ ဆိုပါတယ်။

အဲဒါဟာ တကယ်ပဲ လူတစ်သိန်းကျော်ရဲ့ သဘောထားလား
ဒီလို ပြည်ခိုင်ဖြိုး စီအီးစီ ဦးအောင်သိန်းလင်းက လူတစ်သိန်းကျော် လက်မှတ်ဆိုပြီး တင်ပြထားတာနဲ့ ပါတ်သက်လို့ ကန်ပက်လက်အမတ် သူရဦးအောင်ကိုက ဒီ လက်မှတ်တွေမှာ နာမည်နဲ့ လက်မှတ် နှစ်မျိုးပဲ ပါတယ်၊ ဒါကြောင့် ခိုင်မာမှု မသေခြာဘူး ဆိုပြီး ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ထောက်ပြပါတယ်။ နာမည်နဲ့ လက်မှတ်ပဲ ပါတယ် ဆိုရင် ဒါဟာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ လူတစ်ယောက် နှစ်ယောက်က လက်မှတ် အများအပြား တုပ ထိုးထားတာ ဖြစ်နိုင်ပါတယ်။ အခြားသော အကြောင်းအရာ တစ်ခုခုကို ပြောဆိုပြီး နာမည်နဲ့ လက်မှတ်ရေးထိုးခိုင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာမှ သေသေခြာခြာ ရှင်းမပြပဲ အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မှတ်ပုံတင်၊ နေရပ်လိပ်စာ စသဖြင့် တစ်ခုခု မပါတဲ့အတွက် လိမ်ညာထားသလား၊ အမှန်လား ဘယ်လိုမှ ဘယ်တစ်ယောက်ကိုမှ တိုက်ဆိုင် စစ်ဆေးလို့ မရနိုင်ပါဘူး။ ဒါဆိုရင် တိုင်းပြည်အတွက် ဒီလောက် အရေးကြီးတဲ့ကိစ္စ ဒီလောက် အရေးကြီးတဲ့ အကြောင်းအရာကို စည်းကမ်းချက်တွေ အလွန်တင်းကြပ်စွာနဲ့ အလုပ်လုပ်တဲ့ လွှတ်တော် ပူးပေါင်းကော်မတီက ဘာလို့ လက်ခံလိုက်ပါသလဲ၊ မစိစစ် မစစ်ဆေးပဲနဲ့ ဘာလို့ အစီရင်ခံစာထဲ ထည့်သွင်းခဲ့ပါသလဲ။ မေးစရာ မေးခွန်းရှိပါတယ်။ အားမနာတမ်း ဝေဖန်ရရင် ပူးပေါင်းကော်မတီ ကိုယ်တိုင်က ဒီ မသေခြာ မရေရာတဲ့ လက်မှတ်၊ ကိန်းဂဏန်းတွေနဲ့ ဒါတွေ ဒါတွေ မပြင်ဖို့ လူ တစ်သိန်းကျော် တောင်းဆိုထားတယ် ဆိုတာကို အသုံးချချင်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်တော့ ပူးပေါင်းကော်မတီက လုပ်ရမှာ တစ်ခုပဲ ရှိပါတယ်။ ဒီ လူစာရင်းဆိုတာ တိုက်ဆိုင် စစ်ဆေး အတည်ပြုလို့ ရမှာလား၊ ရရင် မှတ်တမ်းတင်ပြီး မရရင် မှတ်တမ်းမတင်ပဲ ထားလိုက်ဖို့ပါပဲ။ အခုတော့ ဘယ်လိုမှ တိုက်ဆိုင် စစ်ဆေးလို့ မရတာကို တကယ့် လွှတ်တော်ရဲ့ အရေးကြီးတဲ့ မှတ်တမ်းတစ်ခုအဖြစ် ရေးသွင်းလိုက်ပါပြီ။

လက်မှတ်ပေါင်း တစ်သိန်းကျော် တကယ်ဖြစ်နိုင်သလား
အဲဒီ လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ဆီမှာ အဓိက ပါတာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) နဲ့ အခြား တပ်မတော်နဲ့ ဆိုင်တဲ့ ပုဒ်မတွေပါ။ နောက် အတည်မပြုနိုင်တဲ့ သတင်းတစ်ပုဒ် အဆိုအရ ဒီ လက်မှတ် တစ်သိန်းကျော်ကို ရန်ကုန်တိုင်း ဧရိယာ အတွင်းက စုစည်းထားတာလို့ ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ပုဒ်မ ၅၉ (စ) ကို ဖွဲ့စည်းပုံထဲကနေ ပယ်ဖျက် မပေးဖို့၊ ဆက်ထားဖို့ တောင်းဆိုတဲ့ လူထုဆန္ဒပြပွဲကြီးတစ်ခု ရန်ကုန် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကိုယ်တိုင် တက်ပါတယ်။ တက်ချင်တဲ့လူတွေကို ကားနဲ့ ကြိုပေးတာလည်း လုပ်ပါတယ်။ ပွဲမလုပ်ခင်တုန်းကလည်း ရှေ့ပိုင်းရက်တွေကတည်းက ကြိုတင် စည်းရုံးတာတွေ လုပ်ပါတယ်။ ဒါပေမယ့် တကယ်ပွဲလည်း လုပ်ရော လူပေါင်း ၁၀၀၀ တောင် မပြည့်ပါဘူး။ အလွန်နည်းပါတယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို ဆက်ထားဖို့ တောင်းဆိုထားတဲ့ ရန်ကုန်တိုင်းက လူပေါင်း တစ်သိန်းကျော် ဘာကြောင့် ဒီ ပွဲကို တက်တက်ကြွကြွ လာမတက်ရသလဲ စဉ်းစားစရာ ဖြစ်စေခဲ့ပါတယ်။ ပြောရရင် အဲဒီ လက်မှတ် တစ်သိန်း ဆိုတာဟာ အလိမ်အညာ တစ်ခု ဆိုတာ ဒီဖြစ်ရပ်ကိုကြည့်ရင်လည်း သိနိုင်ပါတယ်။

အရင်က သာဓက
တကယ်တော့ အခု ပြည်ခိုင်ဖြိုး တဖြစ်လဲ အရင် စစ်အာဏာရှင်တွေနဲ့ တာဝန်ရှိသူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လူထုဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မသမာနည်းမျိုးစုံသုံး၊ ကိန်းဂဏန်း အမျိုးမျိုးထုတ် လုပ်ခဲ့ဖူးခဲ့ပါပြီ။ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ မဆလ ခေတ်၊ န၀တ၊ နအဖ ခေတ် နှစ်ပေါင်း ၅၀ ကျော် ဒီအတိုင်း လုပ်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။ အခု ပြည်ခိုင်ဖြိုး စီအီးစီ ဆိုသူတစ်ယောက်က လုပ်တာ၊ အဲဒါကို ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်က လွှမ်းမိုးတဲ့ ဖွဲ့စည်းပုံသုံးသပ်ရေး ကော်မတီက အချက်အလက်တွေ မခိုင်လုံမှန်း သိရက်နဲ့ လက်ခံလိုက်တာဟာ အဲဒီတုန်းက လုပ်ခဲ့တဲ့ အပြုအမူ အမူအကျင့်တွေအတိုင်းပဲလို့ သုံးသပ်ရပါတယ်။ ဒါဟာ ပြည်ခိုင်ဖြိုး အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဖြစ်စေ၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကိုဖြစ်စေ ဘယ်လိုမသမာမှုတွေ လုပ်မယ် ဆိုတာကို ကနဦး ထုတ်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ဒါကို မစစ်မဆေး ဆက်ပြီး မှတ်တမ်းတင်လိုက်တဲ့ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုလွှတ်တော်ဟာလည်း အလားတူ အမူအကျင့်မျိုးကို လက်သင့်ခံလိုက်တာပဲ ဖြစ်ပါတယ်။
တကယ်လို့သာ သူရဦးရွှေမန်းခေါင်းဆောင်နေတဲ့ လွှတ်တော်ဟာ ဒီ လိုစွတ်စွဲတာ မဟုတ်မမှန်ပါဘူး၊ ဒီ သဘောထား မရှိပါဘူးလို့ ပြသ ချင်ရင် အဲဒီ လက်မှတ် တစ်သိန်းကျော် ဟာ အစစ်အမှန်တွေ ဟုတ်မဟုတ်၊ တကယ်ပဲ ဖွဲ့စည်းပုံထဲက အဲဒီ အချက်တွေကို ပြင်ဆင်ချင်တဲ့ ဆန္ဒနဲ့ ရေးထိုးပေးခဲ့တာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးသင့်ပါတယ်။ မမှန်ကန်ဘူးဆိုတာ ပေါ်ထွက်ခဲ့ရင် လွှတ်တော် ပူးပေါင်းကော်မတီကိုလည်း ပြစ်တင်ရှုတ်ချတာမျိုး လုပ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လွှတ်တော်ဆိုတာ အရင် စစ်အာဏာရှင်တွေ လုပ်ရပ်အတိုင်း အလိမ်အညာတွေ လက်ခံတဲ့ လွှတ်တော်၊ ဖွဲ့စည်းပုံ သုံးသပ်ရေး ကော်မတီ ဆိုတာဟာလည်း အလိမ်အညာတွေ ပူးပေါင်း လုပ်ကိုင်တဲ့ ကော်မတီအဖြစ် သတ်မှတ်ဖို့သာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။




အရင်ကဆိုရင် လေယာဉ်ပေါ်မှာ ဆဲလ်ဖုန်း အသုံးပြုခွင့်ကို ပိတ်ပင်ပါတယ်။ ယခုအချိန်ထိလည်း နိုင်ငံအများစုမှာ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။

အကယ်၍ တစ်ယောက်ယောက်က လေယာဉ်ပေါ်မှာ ဖုန်းပြောရင် ထိုခိုက်စေမယ့် ယူနစ် သုံးခု ရှိပါတယ်။ အဲဒါတွေကတော့

၁။ လေယာဉ် GPS

လေယာဉ်ရဲ့  GPS တင်မကပဲ ဂြိုလ်တုဆက်သွယ်ရေးနစ်၊ မြေပြင် ဆက်သွယ်ရေး လမ်းကြောင်းအားလုံးမှာ ဆဲလ်ဖုန်းရဲ့  Wave တွေရောနှောနေမှာ ဖြစ်ပါတယ်။ ဒီတော့ လိုချင်တဲ့ သတင်းအချက် အလက်ကို မှန်မှန်ကန်ကန် မရရှိတော့ပဲ လေယာဉ်တိမ်းမှောက် တဲ့အထိ ဖြစ်စေပါတယ်။

၂။ နိုင်ငံပိုင် ဆက်သွယ်ရေးတိုင်များ

လေယာဉ်ပေါ်မှာ ဖုန်းပြောပြီဆိုရင် ဘယ်နိုင်ငံရောက်ရောက် ရောက်လေရာ နိုင်ငံက နီးစပ်ရာ တာဝါတိုင်နဲ့ သွားချိတ်ပါတယ်။ ချိတ်တာမှ တစ်ခုတည်းနဲ့ မဟုတ်ပဲ တိုင်အားလုံးရဲ့  Frequency နဲ့ သွားညှိပါတယ်။ ဒီတော့ နိုင်ငံရဲ့  ဆက်သွယ်ရေး ကွန်ရက်ကြီး တစ်ခုလုံးကို ထိခိုက်စေပါတယ်။

၃။ လေဆိပ်ဆက်သွယ်ရေး

လေယာဉ်အဆင်း၊ အတက်တွေမှာ အထူးသဖြင့် ဖုန်းပြောခွင့်ကို ပိတ်ပင်ထားပါတယ်။ ဘာလို့လဲဆို လေဆိပ်မှာရှိတဲ့ ဆက်သွယ်ရေး တာဝါ တိုင် Frequency များနဲ့ သွားညှိပါတယ်။ ဆက်သွယ်ရေး ပြတ်တောက်သွားချိန်မှာ လေဆိပ်အဆင်းအသက် အထိန်းအကွတ် လမ်းညွန် မရတော့တာကြောင့် အက်ဆီးဒန့် ဖြစ်နိုင်ပါတယ်။

မော်ဒန်ခေတ်နှင့် လေယာဉ်ပေါ် ဆက်သွယ်ရေး

အခုတော့ ခေတ်မှီသွားပါပြီ။ နိုင်ငံကြီးက လေယာဉ်တွေမှာ သီးသန့် ဂြိုလ်တုဖုန်း ခွဲထားပေးတာတော့ အမေရိကန်မှာဆို ၁၀ နှစ်မကတော့ပါဘူး။ လေယာဉ်ပေါ်ကနေ အင်တာနက်သုံးလို့ရအောင်တောင် ဖန်တီးပေးပါတယ်။ ဒါက လေယာဉ်နဲ့ မြေပြင်က ဆက်သွယ်ရေး တာဝါတိုင်များနဲ့ ဆက်စပ်မှု မရှိအောင်လည်း ဖန်တီးထားပါတယ်။ ယခုဆို ကိုယ့်ဖုန်းကို လေယာဉ်ပေါ်မှာ အသုံးပြုလို့ရတဲ့အထိ ဆားဗစ်ပေးတဲ့ လေယာဉ်လိုင်းနဲ့ ကုမ္မဏီများ ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
အောင်ခမ်း ( smart.com.mm )
Smart Pro Journal

သက်မဲ့ကုထုံး
ကျွန်တော်တို့သည် မြို့တွင်းမြို့ပြင်၊ လမ်းကြိုလမ်းကြား၊ လမ်းမကြီးများပါမချန် ခရီးဝေးခရီးနီး နယ်ဒေသ များကိုပါ အချိန်အခါမရွေး သွားလာနေရသော သူများဖြစ်ကြသည်။ နေပူမိုးရွာမရှောင် ရာသီဥတု၏ ဆိုးဝါးသော ဒဏ်များကိုပါ အလူးအလဲ တစ်ခါတစ်ရံ ခံစားရခဲ့သည်။ ထီးဖြူဖိနပ်ပါး ဘဝသမားများဟု ဆို လျှင်လည်းဆိုနို်င်သည်။ သို့သော်မည်မျှပင် ကျွန်တော်တို့၏ ဘဝများဆိုးဝါးလှပါစေ ကျွန်တော်တို့ ကျေနပ်သည်။ ပီတိဖြစ်မိသည်။ ဝမ်း မြောက်မိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ ထမ်းရွက်လုပ်ကိုင်နေရသော အလုပ်တာဝန်များမှာ အတ္တ အတွက်မဟုတ်။ ပရဟိတအလုပ်ဖြစ်သည်။ ပရဟိတအလုပ်ထဲတွင်လည်း အနိမ့်ကျဆုံးသောလုပ်ငန်းရပ်ဟု ခေါ်ဆို နိုင်သော လူသေ၊ လူနာ၊ လူအိုများကို သယ်ဆောင် ပေးရသော မြင့်မြတ်သောလုပ်ငန်းတစ်ခုဖြစ်သည်။

ကျွန်တော်တို့အဖွဲ့တွင် အကြီးများရှိသလို အငယ်လေးများလည်းရှိသည်။ အသစ်များရှိသလို အဟောင်းများ လည်းပါဝင်သည်။ ကျွန်တော်တို့၏ အတ္တမပါသော အနစ်နာခံ ပေးဆပ်မှုများကြောင့် ကျွန်တော်တို့ဖိနပ်များ ပါးလျှပ် ကုန်သလို နှာစေး၊ ချောင်းဆိုး ကျန်းမာရေးအားနည်းကြကုန်သောသူများ၊ ခြေကျိုးလက်ကျိုး ဖြစ်ကြကုန်သူများနှင့် တစ်ခါတစ်ရံ ခိုက်ရန်ဖြစ်ပွားပြီး ဒဏ်ရာရရှိခဲ့သူများ လည်းရှိခဲ့ဘူး သည်။ထိုကဲ့သို့ ကျန်းမာရေးထိခိုက်လာခဲ့သော အချိန်များတွင် ကျွန်တော်တို့၏လုပ်ငန်း အဖွဲ့ချုပ်ရှိရာဖြစ်သော မြောက်ဒဂုံမြို့နယ်ရှိ ကျွန်တော်တို့လုပ်ငန်းရပ်နှင့် တ်သက်သော ဆရာပေါက်စများမှ ပြန်လည် ကုသပေးခဲ့ဘူးသည်။ “ဆရာအာခံ အာခေါင်လှံစူး” ဖြစ်ချင်လို့တော့ မဟုတ်။ ဆရာတို့၏ ကျေးဇူးများကို အသိအမှတ်မပြုခြင်းလည်း မဟုတ်ပါ။ ဆရာပေါက်စများ၏ ကုသမှုကြောင့် ကျွန်တော်တို့ ဒဏ်ရာရခဲ့သောသူများ၊ နေထိုင်မကောင်းသောသူများကား ပြန်လည်ကျန်းမာလာခဲ့သည်။ သို့သော် ဆရာပေါက်စတို့၏ ကုသမှုနည်းစနစ်သည် ကျွန်တော်တို့အတွက်များစွာကြမ်းတမ်းပြီး တစ်ခါတစ်ရံ မခံနိုင်လောက် အောင် ခံစားခဲ့ရဘူးသည်။

ဥပမာအားဖြင့် ခြေထောက်ကျိုးပဲ့သွားလျှင် ခြေထောက်အား ပြန်လည်ကောင်းမွန် အောင်မပြုလုပ်ဘဲ ခြေထောက်အားဖြတ်တောက်ပစ်ပြီး ခြေတုတပ်ဆင်ပေးခြင်း၊ မျက်စိနာနေလျှင် မျက်လုံးအား ထုတ်ပစ်ပြီး အစားထိုးကုသခြင်း၊ အောက်ပိုင်းသေနေသောသူအား ကုတင်ပေါ်သို့ ပွေ့ချီ ရာတွင် သံချောင်း တစ်ချောင်းဖြင့် ကန့်လန့်တိုက်ကာ မြှောက်တင်ခြင်း စသည်ဖြင့် ကြမ်းတမ်းလှသည်။ ကျွန်တော်တို့၏ ရောဂါဝေဒနာ များကား သက်သာပျောက်ကင်းသွားသော်ငြားလည်း ဆရာပေါက်စများ၏ ကုထုံးကြောင့် တစ်ခါတစ်ရံ အသက်ပါ ပျောက်သွားချင်စိတ် ပေါ်ပေါက်မိသည်။

“ကိုယ်ပြုသောကံ ပဲ့တင်သံကိုယ့်ထံပြန်လာမည်” ဟူသော စကားကား မှန်ကန်လှပေသည်။ တူသော အကျိုး ပြန်လည်ခံစားရပြီဟုလည်း ဆိုနိုင်ပြီဖြစ်တော့သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ ၏ ဌာနချုပ်ရှိရာ မြောက်ဒဂုံသို့ အထူးကုဒေါက်တာ ဇော်မျိုးမြင့် ၂၅.၁၂.၂ဝ၁၃ ရက်နေ့က ရောက်ရှိလာ ခဲ့သည်။ သူသည် ကျွန်တော် တို့အား ကျန်းမာရေးကုသပေးနေသော ဆရာပေါက်စများအား နည်းစနစ် မှန်ကန်စွာဖြင့် အဆင့်မြင့်မြင့် ကုသပေး နိုင်ရေးအတွက် လာရောက်သင်ကြား ပို့ချပေးသော အမေရိကန် နိုင်ငံမှ ဘွဲ့ထူးဂုဏ်ထူးများ ဆွတ်ခူးရရှိလာသော ဆရာကြီးတစ်ဦးလည်းဖြစ်သည်။ ထိုအထူးကုဆရာကြီး ဦးဇော်မျိုးမြင့်သည် ဥက္ကဋ္ဌကြီး ဦးကျော်သူ၏ မိတ်ဆွေဖြစ်သူ နယူးယောက်မြို့နေ ပန်းချီဆရာ မင်းကျော်ခိုင်၏ မိတ်ဆွေတစ်ဦးလည်းဖြစ်သည်။ ပန်းချီဆရာ မင်းကျော်ခိုင်မှ ဦးကျော်သူထံသို့ လူကြုံလက်ဆောင်ပစ္စည်းများ လာရောက်ပို့ရင်းဖြင့် ဆရာကြီး ဦးဇော်မျိုးမြင့်နှင့် ရင်းနှီးခဲ့ကာ ယခုကဲ့သို့ ကျွန်တော်တို့အား ကျန်းမာရေးကူညီစောင့်ရှောက်နိုင်ရန်အတွက် ကျွန်တော်တို့၏ လက်ဦးဆရာပေါက်စ များအား အဆင့်မြင့်မြင့် ကွန်ပျူတာနည်းစနစ်များဖြင့် လာရောက်သင်ကြားပေးနိုင်ခဲ့ခြင်းကြောင့် လက်ဦး ဆရာ ပေါက်စများအတွက်လည်း များစွာအကျိုးရှိခဲ့တော့သည်။

“ပျားစွဲသောမုတ်ဆိတ်” ဟု ခေါ်ဆိုရမလား၊ ကျွန်တော်တို့၏ ကောင်းမှုလုပ်ရပ်များကြောင့် ကျွန်တော်တို့၏ ကံများ ထပ်မံမြှင့်တက်လာခြင်းဟုပင် ဆိုရမလားတော့မသိ။ ၁၂.၁.၂ဝ၁၄ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်ရှိ ကျွန်တော်တို့အတွက် အထူးကုလုပ်ငန်း တည်ထောင်ထားသော သမားတော်ကြီး ဦးသီဟအောင်နှင့် ဇနီး ဒေါ်ဥသဉ္ဇာကျော်တို့ ထပ်မံရောက်ရှိလာခဲ့ပြန်သည်။ သူတို့ဇနီးမောင်နှံသည် ကျွန်တော်တို့ နေ့တဓူဝ သွားလာ ရုန်းကန် လှုပ်ရှားပေးဆပ်နေရသော ပေးဆပ်မှုများအား မြင်တွေ့ခံစားခဲ့ရသောကြောင့် စာနာစိတ်များဖြစ်ပေါ်ခဲ့ကာ ကျွန်တော်တို့၏ နေ့စဉ်ကျန်းမာရေးများအား တစ်ဦးချင်း စစ်ဆေးကုသပေးမည့် ပရဟိတကုသမှုလုပ်ငန်းအား လာ ရောက်ပြီး တစ်ဖက်တစ်လမ်းမှ ကူညီပေးလိုခြင်းကြောင့် ကျွန်တော်တို့၏ အဖွဲ့ချုပ်ရှိရာသို့လာရောက်ကာ သက်ဆိုင် ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။ အဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးသီဟ အောင်တို့ ဇနီးမောင်နှံ၏ စိတ်ဆန္ဒအား ဝမ်းမြောက်စွာဖြင့် လက်ခံခဲ့ကြောင်း ကျွန်တော်ကြားသိခဲ့ရသည်။ ထို့ကြောင့် ၂၄.၁.၂ဝ၁၄ ရက်နေ့တွင် ကျွန်တော်တို့ထံသို့ ဦးသီဟအောင်တို့ အထူးကုလုပ်ငန်းမှ ကျန်းမာရေးဝန်ဆောင်မှုပြုလုပ် ပေးမည့် ဆရာကြီးတို့အဖွဲ့မှ နေ့စဉ်ပုံမှန် လာရောက်စစ်ဆေး ကုသပေးလျှက်ရှိပါသည်။

“အချိုပေါ်သကာဆင့်” ဆိုသလို ကျွန်တော်တို့၏ ကံများသည် ထပ်မံမြင့်မားလာခဲ့ပြန်သည်။ ယခင် ကာလ ဆရာပေါက်စများ၏ ကုထုံးကုနည်းဖြစ်သော သံချောင်းဖြင့် ကန့်လန့်ကုထုံးကုနည်း၊ ခြေတုလက်တုများ တပ်ဆင် ပေးသော နည်းစနစ်များကဲ့သို့ ကြမ်းတမ်းသော ဇာတ်ကြမ်းတိုက်ကုထုံး ကုနည်းများအတွက် ကျေးဇူးရှင် ဦးသီဟ အောင်၏ အဆက်အသွယ်ဖြင့် သူ၏မိတ်ဆွေ ဦးဝင်းမိုးမြင့်မှ ကျွန်တော်တို့အား သက်သာငြိမ့်ညောင်းစွာဖြင့် ကုသ ပေးနိုင်သော စက်ကိရိယာကြီးတစ်ခုအား ထပ်မံလာရောက် လှူဒါန်းမှုကို ၂၆.၁.၂ဝ၁၄ ရက်နေ့က ကျွန်တော်တို့၏ ရုံးချုပ်ရှိရာသို့ လာရောက်တပ်ဆင်ပေးခဲ့သည်။ ယခုဆိုလျှင် ကျန်းမာရေးချို့ယွင်းနေသော ကျွန်တော်၏ သူငယ်ချင်း များအား ဆေးဝါးကုသပေးရာ အလွန်မှငြိမ့်ညောင်းသက်သာ လှပေတော့သည်။ ကျွန်တော်တို့၏ ခန္ဓာကိုယ် ပြင်ပ ရောဂါများနှင့် ခန္ဒာကိုယ် အတွင်းရှိ ကလီစာများပါမကျန် ပျက်စီးချို့ယွင်း အားနည်းနေမှုများအား ဦးဝင်းမိုးမြင့် လှူဒါန်းထားသော စက်ကိရိယာကြီးဖြင့် အသေးစိတ်အနီးကပ် ရှာဖွေကုသနိုင်တော့မည်ဖြစ်တော့သည်။ ထိုစက် ကိရိယာကြီးဖြင့် ကုသခံခဲ့ရသော ကျွန်တော့၏ သူငယ်ချင်းဖြစ်သူ၏ ပြောကြားချက်အရ “ငါ့ကို အိပ်ငွေ့ချလိုက် သလိုပဲ၊ ငြိမ့်ကနဲ ငြိမ့်ကနဲနဲ့ လေပေါ်မြောက်တက်သွားတာ ဈာန်ရသလို ခံစားရတယ်ကွာ၊ အရင်တုန်းက ငါတို့ကို ကုသပေးတဲ့ ကုထုံးကုနည်းလို သံကြိုးကြီးနဲ့ချိတ်ပြီး သံချောင်းတွေနဲ့ ကလော်ခံရတဲ့ ကုထုံးကုနည်းနဲ့တော့ ကွာပါ့ ကွာ” ဟု ပြန်လည်ပြောကြားခဲ့သည့်အတွက် ကျွန်တော်များစွာပီတိဖြစ် ဝမ်းမြောက်ခဲ့ရသည်။ ထို စက်ကိရိယာကြီး သည် တန်ဖိုးငွေ ၁၈၄၇၅ဝဝိ/- (တစ်ဆယ့်ရှစ်သိန်းလေးသောင်းခုနှစ်ထောင့်ငါးရာ) ကျပ် တန်ဖိုးရှိသော ပစ္စည်းကြီး ဖြစ်သည်။

အနီးကပ်ဆုံး ပြောရမည်ဆိုပါက ခင်ဗျားတို့လူသားတွေ ကျန်းမာရေးချို့ယွင်းလျှင် ရောဂါရှာဖွေရေး အတွက် အသုံးပြုသော အီးစီဂျီ၊ အာထရာဆောင်း ကဲ့သို့သော စက်ကိရိယာ မျိုးဖြစ်သည်။
“ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်” ၊ “ပျားစွဲသောမုတ်ဆိတ်” ၊ “အချိုပေါ် သကာ ဆင့်” လို့ပဲ တင်စားတင်စား ကျွန်တော်တို့အနေဖြင့် ယခုကဲ့သို့ ကျွန်တော်တို့၏ ကျန်းမာရေးဝန်ဆောင်မှုအား ကိုယ်ဖိရင်ဖိ စေတနာထက်သန်စွာဖြင့် သင်ကြားပေးနေသော၊ ကုသပေးနေသော၊ လှူဒါန်းပေးခဲ့သော ကျေးဇူးရှင် သဒ္ဒါရှင်၊ မေတ္တာရှင်၊ စေတနာရှင်၊ ကုသိုလ်ရှင်အပေါင်းဖြစ်ကြသော အဆင့်မြင့်စက်ပြင် ဆရာကြီး ဦးဇော်မျိုးမြင့် (အမှတ် ၄၇၊ စက်မှု ၂ လမ်း၊ မေတ္တာညွှန့်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့) Desire Auto Works ပိုင်ရှင် ဦးသီဟအောင် ဒေါ်ဥသဉ္ဇာ ကျော်တို့ ကုမ္ပဏီဝန်ထမ်းမိသားစုများ (အမှတ် ၁ဝ၊ ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့) နှင့် Two Posts Lift Clear Floor စက်ကိရိယာကြီး လှူဒါန်းပေးခဲ့သော ဒါရိုက်တာ ဦးဝင်းမိုးမြင့် ( MV. Tech, Myanmar Vehicle Tech Co., Ltd .No (5 A , ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့) တို့အား ကျွန်တော်တို့ အထူးကျေးဇူးတင် ဝမ်းမြောက်ပါကြောင်းနှင့် ကျွန်တော်တို့၏ ရုံးချုပ်ဖြစ်သော နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) စက်ပြင်အဖွဲ့မှ အဖွဲ့သား ဆရာ ပေါက်စများပါမကျန် အထူးဝမ်းမြောက်ပီတိဖြစ်ကာ သာဓု … သာဓု … သာဓု ဟု ခေါ်ဆိုကြပုံများအား ကျွန်တော် တို့ မြင်တွေ့ ကြားသိနေရပါတော့သည်။

ကျော်သူ


မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်မြို့ရောက် ရခိုင်လူမျိုးတွေကို မြန်မာပြည်နိုင်ငံရေးအခြေအနေတွေ သွားရောက်ရှင်းပြတဲ့ ခရီးစဉ်မှာ သေနတ်နဲ့ ပစ်ခတ်မှုဟာ သူ့ကို အဓိက ပစ်မှတ်ထားတာဖြစ်တယ်လို့ RNDP ခေါင်းဆောင် ဒေါက်တာအေးမောင်က ဖေဖော်ဝါရီ ၇ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ရခိုင့်နိုင်ငံရေးလှုပ်ရှားမှုမှာ ဦးဆောင်မှုရှိနေတဲ့သူ့အပေါ် ဖေဖော်ဝါရီ ၅ရက်နေ့ညမှာ လုပ်ကြံဖို့အတွက် သေနတ်သမားနှစ်ယောက်က စနစ်တကျ စီစဉ်ခဲ့ပုံရတယ်လို့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စ လူငယ်မျိုးဆက်သစ်တွေလိုအပ်နေတာကြောင့် မလေးရှားရောက်နေတဲ့ ရခိုင်လူငယ်တွေ အိမ်ပြန်လာကြဖို့ စည်းရုံးတဲ့ခရီးစဉ်မှာ ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးရဲ့ သူတို့ယာဉ်တန်းကို ပစ်ခတ်မှု ခံခဲ့ရတယ်လို့ ဒေါက်တာအေးမောင်နဲ့အတူ ကားထဲမှာရှိနေခဲ့တဲ့ ALD ခေါင်းဆောင် ဦးအေးသာအောင်က ဆိုပါတယ်။

ရခိုင်နိုင်ငံရေးခေါင်းဆောင်နှစ်ယောက်ရဲ့ ယာဉ်တန်းကို သေနတ်နဲ့ ၅ချက်တိတိ ပစ်ခတ်ခဲ့ပေမယ့် အသက်အန္တရာယ်မရှိဘဲ လွတ်မြောက်ခဲ့တဲ့အကြောင်း ရန်ကုန်မြို့ကို ပြန်ရောက်ရောက်ချင်း ရွှေတိဂုံစေတီ အရှေ့ဘက်မုဒ်က ရခိုင်ပြည်နယ် ဓမ္မာရုံမှာ ရှင်းလင်းခဲ့ပါတယ်။

မလေးရှားရဲတပ်ဖွဲ့တွေက ဒေါက်တာအေးမောင်နဲ့ ဦးအေးသာအောင်အပါအဝင် အဖွဲ့ဝင် ၆ဦးရဲ့ ခရီးစဉ်မှာ လုံခြုံရေးသတိပေးမှုတွေရှိခဲ့သလို ပစ်ခတ်မှုဖြစ်ပွားအပြီး ၂၄နာရီတိတိ သတင်းတွေ အမှောင်ချပြီး လေယာဉ်ကွင်းအထိ မလေးရှားအစိုးရက လုံခြုံရေး အပြည့်အဝ ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ခေါင်းဆောင်နှစ်ယောက်နဲ့အတူ ဦးစံကျော်လှ၊ ဦးနိုင်ကောင်းစံ၊ ဦးလှမြင့်နဲ့ မောင်တင်ထူးအောင်တို့ ခရီးစဉ်မှာ လိုက်ပါသွားခဲ့ကြတာဖြစ်ပြီး သေနတ်နဲ့ပစ်ခတ်မှုဟာ ရခိုင်ပြည်နယ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ဆက်စပ် ပတ်သက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ုkamayut media

(5 February 2014 ရက်စွဲပါ BBC News မှ Jonah Fisher ရေးသားသော “Will Aung San Suu Kyi ever become president of Burma” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လျင်မြန်စွာ ပြောင်းလဲနေမှုများရှိနေရာ မလွဲမသွေပြင်ရမည့် နောက်ထပ် ပြုပြင်ပြောင်းလဲမှုများ ကိုလည်း တွေ့မြင်လိုလာကြပါသည်။ သို့သော် ပြုပြင်ပြောင်းလဲမှုကတော့ မလုပ်ရသေးပေ။

အပေါ်ယံတော့ ကြည့်ကောင်းနေပါသည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့သည်။ ဥပဒေသစ်များ ပြုခဲ့ပြီး မီဒီယာအနေအထားနှင့် စီးပွားရေးအလားအလာများကို အသွင်ပြောင်း ပေးခဲ့ပါသည်။

သို့သော် နက်နက်နဲနဲ ပြုပြင်ပြောင်းလဲမှုကိုမူ သိပ်မတွေ့ရသေးပေ။ စစ်တပ်မှ ကိုင်ထားသော အာဏာကို ကြီးကြီးမားမား တို့ထိခြင်းမရှိသေးပေ။ ဆယ်စုနှစ်ပေါင်းများစွာ အာဏာကိုင်ထားသော ဗိုလ်ချုပ်ကြီးများက အရပ်သား များထံမှ အမိန့်ကို နာခံမည့် လက္ခဏာမျိုးကိုကား လုံးဝမတွေ့ရသေးပေ။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြည်သူများ ညွှန်းဆိုနေသည့် တွေ့ကြုံနေရသည့် အခက် အခဲများမှာ စစ်တပ်ရေးဆွဲသော ၂၀၀၈ အခြေခံဥပဒေအပေါ် လွှတ်တော်၏ သုံးသပ်မှု ဖြစ်ပါသည်။ ပြီးခဲ့သည့် အပတ်က ၁၀၈ ဦးပါဝင်သော အခြေခံဥပဒေ သုံးသပ်ရေးကော်မတီသည် ၎င်း၏ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။ ကော်မတီသို့ ကိစ္စရပ်အတော်များများအတွက် တင်ပြမှု ၃၀၀၀၀ နီးပါးလက်ခံရရှိခဲ့ပါသည်။

သမ္မတနေရာအတွက် အတားအဆီးများ

ဒေါ်အောင်ဆန်းစုကြည်အတွက်မူ စိတ်ပျက်စရာပင် ဖြစ်ပါသည်။ လာမည့်နှစ် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်အဖို့ အရေးအကြီးဆုံးကိစ္စမှာ သမ္မတနေရာအတွက် ၎င်းအား တားဆီးထားသည့် ပုဒ်မ ကို ပြောင်းလဲနိုင်ရေး ဖြစ်ပါသည်။

၎င်းမှာ နိုဘယ်ဆုရှင်အတွက် သီးသန့်ရေးဆွဲထားရာ အဆိုပါ ပုဒ်မ ၅၉ စ တွင် သမ္မတနေရာအတွက် အလားအ လာ ရှိသူ၏ အိမ်ထောင်ဖက်နှင့် သားသမီးများသည် နိုင်ငံခြားတိုင်းပြည်၏ ထောက်ပံ့မှုမှ ကင်းလွတ်ရမည်ဟု ဆိုထားပါ သည်။

လွှတ်တော်အစီရင်ခံစာတွင် အဆိုပါ အငြင်းပွားဖွယ်ကိစ္စကို ရှောင်ရှားပြီး ၎င်းထံ တင်ပြလာသော အကြောင်း အရာများ အကျဉ်းချုပ်ကိုသာ ဖော်ပြခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်၍ ဖော်ပြထားသော ပုဒ်မ ၅၉ စ နှင့် ၆၀ ကိစ္စရပ်တွင် ဥပမာအားဖြင့် ၅၇၄၀ ဦးက ပြင်ဆင်ရန် တောင်းဆိုကြပြီး၊ ၅၅ ဦး ကဖြည်စွက်ရန်၊ ၁၉၄ ဦးက ဖယ်ရှားရန်နှင့် ၅၁ ဦးက ဆက်လက်ထားရှိရန် တင်ပြကြသည်ဟု ဖော်ပြထားပါသည်။

အကြံပြုချက် အနည်းငယ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရည်မှန်းချက်ကို အနှောင့်အယှက်ဖြစ်အောင် တမင် စီစဉ်ထားပုံ ပေါ်လွင်ပါသည်။

အစီရင်ခံစာတွင် ဆန္ဒခံယူပွဲလုပ်ရန် မလိုသော ပြုပြင်ပြောင်းလဲမှုများကို ဦးစားပေးသင့်ရန် သင့်ကြောင်း (၅၉ စ ကတော့ ဆန္ဒခံယူပွဲ လိုပါသည်) ဖော်ပြထားပြီး တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဦးစားပေးသင့် ကြောင်းလည်း ဖော်ပြထားပါသည်။

“ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတဖြစ်နိုင်ရေးကို တားဆီးထားတာတွေ ဖယ်ရှားဖို့ မဟာဗျူဟာအတွက် ကြီးစွာသော အတားအဆီးပါပဲ” ဟု အောက်စဖို့ဒ် တက္ကသိုလ်ဥပဒေဌာန ကထိက Myanmar Constitutional Reform Project ဒုတိယဒါရိုက်တာ Andrew Melerd က ပြောပါသည်။

“တကယ်လို့သာ သမ္မတဖြစ်ရေး အရည်အချင်းနဲ့ ပတ်သက်ပြီး ဆက်စည်းရုံးရေးဆင်းနေမယ်ဆိုရင်လဲ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စလစ်လျူရှုပြီး ကိုယ့်ကျိုးစီးပွားကိုပဲ ရှေ့တန်းတင်တယ်လို့ မြင်လာကြဦးမယ်” ဟု ၎င်းက ဆိုပါသည်။

ထောင်ချောက်လေလား

ပထမကော်မတီသည် မပြည့်စုံသော တွေ့ရှိချက်များကိုသာ လုပ်ဆောင်ရန်လ အတန်ကြာခဲ့ပြီးနောက် အကောင်အထည်ဖော်ရန် ကော်မတီတစ်ခု ဖွဲ့လိုက်ပြန်ပြီ ဖြစ်သည်။ ၎င်းကော်မတီတွင် အဖွဲ့ဝင် ၃၁ ဦး ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ နှစ်ဦးသာ ပါဝင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်နေမှုမှာ ပိုမိုကြီးမားလာကြောင်း မြင်သာလာခြင်းနှင့် အတူ ၎င်း အနေဖြင့် ၂၀၁၁ နှစ်ကုန်က အခြေအနေကို ပြန်လည် စဉ်းစားကောင်း စဉ်းစားနေလိမ့်မည် ဖြစ်ပါသည်။

ထိုစဉ်က ၎င်းသည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး သမ္မတကလည်း ဆယ်စုနှစ် နှစ်ခုအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲဝင်မည် ဖြစ်ကြောင်းကျေညာပြီး ၂၀၁၁ ကို အဆုံးသတ်ခဲ့ပါသည်။

ထို ဆုံးဖြတ်ချက်နှင့်အတူ မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်အပြင်သည် အသွင်ပြောင်းသွားခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသောအခါ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ အနေအထားသည် အကောင်းဖက်သို့ ချိုးကွေ့သွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD လုပ်ဖော်ကိုင်ဖက် ၄၂ ဦးသည် လွှတ်တော်ကိုယ်စားလှယ်များဖြစ်လာ ပြီး အားလုံးကသရော်နေသည့် နိုင်ငံရေးစနစ်မှာလည်း ချက်ခြင်းတရားဝင် အသိအမှတ်ပြုမှု ရလာခဲ့ပါသည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းက သံသယများလည်း နောက်တန်း ရောက်သွားခဲ့ကာ အနောက် နိုင်ငံများက စီးပွားရေးအရ အရေးယူမှုများ လျင်မြန်စွာ ရုတ်သိမ်းခြင်း၊ သံတမန် ဆက်ဆံရေးများ ပြန်လည် စတင်လာခြင်းများ တွေ့လာရပါသည်။

ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံရေးအရ ဈေးဆစ်နိုင်သော ပါဝါကိုင်ထားနိုင်ခြင်းကြောင့် ဦးသိန်းစိန်က လိုအပ်သော အခြေခံဥပဒေ ပြောင်းလဲရေးကို လုပ်ဆောင်မည်ဆိုသော အာမခံချက်ကို ရရှိခဲ့သည်ဟု အများက ထင်မြင်ယူဆခဲ့ ကြပါသည်။

ဦးသိန်းစိန် သည် အခြေခံဥပဒေပြောင်းလဲရန် လိုအပ်ချက်နှင့် ပတ်သက်၍ အများအား အသိပေးရာတွင်မူ အနည်းငယ် မရှင်းမလင်း ရှိပါသည်။

“ကျွန်တော့် အနေနဲ့ နိုင်ငံသားတိုင်းကို တိုင်းပြည်ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေးကို မပိတ်ပင်လိုပါဘူး။ တချိန် တည်းမှာပဲ အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ လိုအပ်တဲ့ ကိစ္စရပ်တွေ ရှိဖို့လဲ လိုအပ်ပါတယ်” ဟု ဇန်နဝါရီလ အစောပိုင်းက ပြောကြားခဲ့ပါသည်။

ပုဒ်မ ၅၉ စ ကို ဆက်လက်တည်ရှိနေစေလိုသူများက အချုပ်အခြာအာဏာ ဆိုသည့် စကားလုံးကို မကြာခဏ အသုံးပြု၍ ကာကွယ်ကြသည်ကို တွေ့ရပါသည်။ ယခုမူ ထိပ်ပိုင်းကလည်း ပြင်ဆင်ရန်ရှင်းလင်းသည့် ညွှန်ကြားချက်မရှိ စစ်တပ်ကလည်းး လွှတ်တော်တွင် ဗီတိုပါဝါရှိနေရာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ကိစ္စမှာ ဝေးကွာလာပါသည်။

“ကျွန်တော်ထင်တာတော့ သူ ထောင်ချောက်ထဲ သက်ဆင်းမိပြီလို့ ထင်တယ်” ဟု Human Rights Watch မှ မြန်မာနိုင်ငံသုတေသနပြုသူ David Mathieson ကပြောပါသည်။

“ကျွန်မက လွှတ်တော်ကိုဝင်ပြီး ရှင်တို့ လုပ်ငန်းစဉ်ကြီးကို တရားဝင်အောင် လုပ်ပေးခဲ့တယ်။ ရှင်တို့ကလည်း ၅၉ စ ကို ပြင်ပေးမယ်လို့ ပြောလို့ သမ္မတဖြစ်နိုင်တယ်လို့ စဉ်းစားခဲ့ပါတယ်။ နှစ်နှစ်လောက်ကြာတော့ ထောင်ချောက် တစ်ခုဆိုတာ ပိုပြီးထင်ရှားလာပါတယ်” ဟု ဆိုပါသည်။

Yangon chronicle

ယူနတီ(Unity)ဂျာနယ်ပါ လျှို့ဝှက်ဓာတု လက်နက်စက်ရုံ ဆောင်းပါးကိစ္စနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီးဦးရဲထွဋ်က ဓာတုလက်နက်စက်ရုံ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည့်အတွက် Unity CEO ဦးတင်ဆန်း အပါအ၀င် ဆောင်းပါး ရေးသားသူ ၄ ဦးကို လျှို့ ၀ှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုခြင်းသည် ဥပဒေအနေဖြင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ဖေဖော်ဝါရီ ၆ ရက် တွင် ရှေ့နေများ ကွန်ရက်အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားခဲ့သည်။

နေပြည်တော်တွင် ဖေဖော်ဝါရီ ၅ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဓာတုလက်နက် ထုတ်လုပ်သည့် စက်ရုံ မဟုတ်ကြောင်း ငြင်းဆိုကာ ၎င်းစက်ရုံသည် ကာကွယ်ရေးနှင့် ပတ်သက်သော ဧရိယာဖြစ်သည်ဟု ပြောကြားခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် Unity စာစောင်ပါ ဓာတုစက်ရုံ ဆောင်းပါးနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက် မရှိဘဲ ချဉ်းကပ်ခြင်း စသည်ဖြင့် (ပ)၈/၂၀၁၄ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ၃(၁) (က)/၉ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြ ခဲ့သည့်အတွက် တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

““လျှို့ဝှက်စက်ရုံ မဟုတ်ဘူးလို့ ငြင်းထားပြီးတော့ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ စွဲတာ ဆန့်ကျင်ဘက်တော့ ဖြစ်နေတာပေါ့။ အဲဒါဆိုရင် ဖတ်ရတာတော့ စက်ရုံဝင်းထဲ ၀င်ပြီး ဓာတ်ပုံရိုက်တယ် ဆိုတော့ ပိုင်နက် ကျူးလွန်မှု ၄၄၇ ထက် မပိုဘူးဗျ။ ၄၄၇ စွဲရင်တောင် တကယ်သွားတဲ့သူပဲ စွဲလို့ရမှာ။ လျှို့ဝှက်ချက် ဥပဒေဆိုတာ ဒါ တကယ် လုပ်တယ်။ လျှို့ဝှက်ထားတယ်။ ဒီလိုမျိုးဆို စွဲတာလေ။ ၀န်ကြီး ပြောတဲ့အထဲမှာ ကိုပါသွားပြီ။ ကန့်သတ်နယ်မြေ ဖြစ်တဲ့နေရာကို ၀င်တဲ့အတွက် ၄၄၇ ပဲ စွဲလို့ရမယ်။ ဒီစက်ရုံနဲ့လည်း လျှို့ဝှက် အက် ဥပဒေစွဲလို့ မသင့်ဘူး”” ဟူ၍ ဦးကြီးမြင့်က ပြောသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်သို့ မြန်မာသံတော်ဆင့်မှ ဆက်သွယ် မေးမြန်းခဲ့ရာ ““Unity ကိစ္စက စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ မဆိုင်ဘူး။ အမျိုးသား လုံခြုံရေး ကိစ္စဖြစ်လာ တဲ့အတွက် ကြောင့်မို့လို့ ဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံက ဓာတုလက်နက်ကို ပိတ်ပင် တားဆီးတဲ့ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဒါကို ဘာမှ ထုတ်လုပ်စရာ အကြောင်း မရှိဘူး။ ပြီးတော့ အခုလုပ်တဲ့ စက်ရုံကလည်း ကန့်သတ်နေရာပဲ။ တပ်မတော်ထဲမှာ သိခွင့် ရှိတဲ့လူ အားလုံး သိတယ်။ တာဝန်ရှိတဲ့သူ ၀င်ခွင့်ရမယ်။ မသက်ဆိုင်တဲ့လူ ၀င်လို့မရဘူး””ဟု ဖြေကြားခဲ့သည်။

လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အမှုဖွင့်ထားခြင်း ဖြစ်၍ ဓာတုစက်ရုံ မဟုတ်ဟု ငြင်းဆိုပြီးဖြစ်ရာ ယခု ကာကွယ်ရေးနှင့် စပ်လျဉ်းသော ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံသည် လျှို့ဝှက် ဟုတ်,မဟုတ်ကို မြန်မာသံတော်ဆင့်မှ ဦးရဲထွဋ်အား ဆက်လက် မေးမြန်းခဲ့ရာ နိုင်ငံတိုင်းတွင် အမျိုးသားလုံခြုံရေးဆိုင် ရာဖြစ်သော စစ်ဘက်ဆိုင်ရာ ကန့်သတ်နယ်မြေတွေ ရှိသည်ဟုသာ ဖြေကြားခဲ့ပြီး တိကျစွာ ဖြေကြားမှု မပြုခဲ့ပေ။

နိုင်ငံပိုင် သတင်းစာများတွင် ဇန်န၀ါရီ ၂၅ ရက်ထုတ် Unity စာစောင် အတွဲ(၃)၊ အမှတ်(၄)တွင် ““အမှတ်(၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံအား လျှို့ဝှက် ဓာတု လက်နက်စက်ရုံ ခေါင်းစဉ်ဖြင့် ဓာတ်ပုံ မှတ်တမ်းနှင့်တကွ ဖော်ပြ ထုတ်ဝေခဲ့သည်ကို တွေ့ရှိရပြီး ယင်းဖော်ပြ ထုတ်ဝေချက်သည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက် မရှိဘဲ ချဉ်းကပ် ခြင်း၊ ကြည့်ရှု စစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊ ၀င်ရောက်ခြင်း၊ ဓာတ်ပုံ ရိုက်ကူးခြင်း၊ အားပေး ကူညီခြင်းတို့ကြောင့် သတင်းရေးသား ပေးပို့သူ နှင့် ဂျာနယ်တိုက် တာဝန်ရှိသူအား စုံစမ်း အရေးယူပေးရန် ဇန်န၀ါရီ ၃၀ ရက်တွင် သက်ဆိုင်ရာဌာနက ပေါက်မြို့မ ရဲစခန်းသို့ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် (ပ)၈/၂၀၁၄ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(က)/၉ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့သည်။

၎င်းအမှုနှင့် ပတ်သက်၍ ပထမသတင်းပေး တိုင်ချက်ရေးဖွင့်ခြင်းသည် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ၁၂ အရ ရဲအရေးပိုင်မှု ဖြစ်ကြောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၆၇ အရ ဦးတင်ဆန်းပါ လေးဦးအား ပုဇွန်တောင်မြို့နယ် တရားရုံးသို့ တင်ပို့၍ ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်ထိ ချုပ်ရမန် တောင်းခံထားကြောင်း၊ ဦးလူမော်နိုင် (ခ) လင်းကျော်ဦး(ခ) လူမော်အား ပေါက်မြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက် ထိ ချုပ်ရမန် တောင်းခံ ထားကြောင်း၊ ဖေဖော်ဝါရီ ၄ ရက်တွင် ပေါက်မြို့နေ ဦးလူမော်နိုင်၏ ဇနီး မလွင်လွင်မြင့် (၃၈) နှစ်အား အမှုဖြင့် ထပ်မံ ထိန်းသိမ်း မေးမြန်းပြီး ပခုက္ကူမြို့နယ် တရားသူကြီး ဒေါ်ဆွေဆွေဝင်းက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၇ အရ အာမခံ ပေးခဲ့သည် ဟူ၍ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

ဇန်န၀ါရီလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့မှ ရဲအုပ် ဦးညီညီသန်းသို့ စုံစမ်းစစ်ဆေး မေးမြန်းမှု များနှင့် စပ်လျဉ်း၍ မြန်မာသံတော်ဆင့်မှ ဆက်သွယ် မေးမြန်းခဲ့ရာ ““ကျွန်တော်တို့က အဲဒီ ၁ ရက်နေ့ ကပဲ မေးကြတယ်။ ပြီးတော့ ရမန်ယူပြီးတော့ အင်းစိန်ထောင်ကို ပို့ထားတယ်။ အခုက အင်းစိန်ထောင်မှာပဲ။ ရန်ကုန် တိုင်း စုံစမ်း စစ်ဆေးရေးအဖွဲ့က ဆက်လက် မေးမြန်းနေတာ ဆိုတော့ အခုနောက်ပိုင်းကိစ္စ ကျွန်တော် အသေးစိတ် မသိတော့ဘူး ခင်ဗျ”” ဟု ပြောကြားခဲ့သည်။

Unity ဂျာနယ်တိုက်၏ ရုံးအဖွဲ့မှူး ကိုအောင်ဝင်းထွန်းကို SB ဟု ယူဆရသူ ကိုမောင်မောင်နိုင်က ဇန်န၀ါရီလ ၅ ရက် မနက် ၈ နာရီတွင် လာရောက်ခေါ်ဆောင်ကာ ၈မိုင်အလွန် နှစ်ထပ်အိမ် တစ်လုံးတွင် ဆောင်းပါးကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ခေါ်ယူမေးမြန်းခြင်းနှင့် စပ်လျဉ်း၍ ရုံးအဖွဲ့မှူး ကိုအောင်ဝင်းထွန်းက ““ကျွန်တော် မနက် ၈ နာရီလောက် ရုံးနားက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ကိုမောင်မောင်နိုင် ဆိုသူက ဒီကိစ္စ မေးမြန်းမယ်ဆိုပြီး ၈ မိုင်ကျော်က နှစ်ထပ်တိုက်ကို ခေါ်သွားတာ။ အိမ် တော့မဟုတ်ဘူး။ ရုံးဌာန တစ်ခုခုလိုပဲ။ SB ဖြစ်ဖို့များတယ်။ကျွန်တော့်ကို ဒီဆောင်းပါး ရေးတာတွေ၊ စက်ရုံ သွားတုန်းက တခြား ဘယ်သူတွေပါလဲ ဆိုပြီး မေးကြတယ်၊ ဘာမှတော့ မလုပ်ပါဘူး။ ကျွန်တော်က ရုံးအဖွဲ့ ကမို့လို့ မသိတဲ့အကြောင်း ဖြေခဲ့တယ်။ အဲဒါနဲ့ ည ၈ နာရီကျတော့ ပြန်ပို့ပေးတယ်””ဟူ၍ မြန်မာသံ တော်ဆင့်သို့ ပြောသည်။

ယင်းဆောင်းပါးကို အတွဲ(၃)၊ အမှတ်(၄) စာမျက်နှာ ၂၂၊ ၂၃ တွင် ဖော်ပြခဲ့သည့် ““ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်၊ လက်ရှိ ကာချုပ်တို့၏ ပေါက်မြို့နယ်မှ လျှို့ဝှက် ဓာတုလက်နက် စက်ရုံ”” သတင်းခေါင်းစဉ်ဖြင့် လည်းကောင်း အတွဲ(၃)၊ အမှတ် (၅) စာမျက်နှာ ၂၂၊၂၃ တွင် ဖော်ပြခဲ့သည့် ““က- ပ-စ ၂၄ ဓာတုလက်နက်စက်ရုံ မဟုတ်ဟု စက်ရုံတာဝန်ခံ ငြင်းဆို ဒေသခံများက ဓာတုလက်နက်စက်ရုံ ဖြစ်ကြောင်း အခိုင်အမာပြော”” သတင်းခေါင်းစဉ်ဖြင့် လည်းကောင်း နှစ်ပတ်ဆက်တိုက် အကျယ်တ၀င့် ရေးသားဖော်ပြခဲ့ သည်။ ထို့နောက် ဇန်န၀ါရီလ ၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် Unity ရုံးခန်းသို့ ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့မှ ရဲအုပ် ဦးညီညီသန်း အပါအ၀င် အရပ်ဝတ်ဖြင့် လူတစ်စုက Unity ၏ အမှုဆောင် အရာရှိချုပ် CEO ဦးတင်ဆန်း အပါအ၀င် ဆောင်းပါးရေးသားသူ ပိုင်သက်ကျော်၊ ရာဇာဦး၊ စည်သူစိုးတို့ကို အတွဲ(၃)၊ အမှတ် ၄/၅ တို့တွင် ဖော်ပြခဲ့သည့် ““လက်နက်စက်ရုံ ဆောင်းပါး””အကြောင်း မေးမြန်းရန်ဟုဆိုကာ ခေါ်ဆောင်သွား ပြီးနောက် ယခုကဲ့သို့ လျှို့ဝှက် အက်ဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

နွေးနွေး၊ ချမ်းမြေ့ခိုင်
မြန်မာသံတော်ဆင့်

ဦးအောင်သိန်းလင်း တာဝန်ခံသဖြင့် လွှတ်တော်ကော်မတီ အစီရင်ခံစာတွင် ဖော်ပြပါဝင်ခဲ့သော အခြေခံဥပဒေ ပုဒ်မ ၅၉(စ)နှင့် အရေးကြီးပုဒ်မများ မပြင်ဆင်ရန် လူတစ်သိန်းကျော် ဆန္ဒပြုသည့်ကိစ္စ ပြည်ခိုင်ဖြိုး၏ ယခင်လုပ်နည်းများနှင့် နှိုင်းယှဉ် စိစစ်ချက်အရ လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်ကြောင်းပေါ်လွင်

ပြည်ခိုင်ဖြိုးသည် အသင်းကာလ၌ အသင်းဝင် အဆိုပြုလွှာများကို ဖန်တီးရေးသား၍

အဆိုပြုလွှာပေးအပ်ပွဲများ ပြုလုပ်လေ့ရှိ

ဗဟိုမှ လူကြီးများကလည်း မသိချင်ယောင်ဆောင် လက်ခံခဲ့ကြ

တစ်ဦးတည်းမှ ဖြည့်စွက်လက်မှတ်ထိုးထားခြင်းသာဖြစ်ကြောင်း ပေါ်လွင်နေသည့် ကော်မတီသို့ တင်သွင်းသော လူစာရင်းများ
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ပြည်ခိုင်ဖြိုးပါတီ၏ CEC တစ်ဦးဖြစ်သူ ယခင်ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံ၊ ရန်ကုန် မြို့တော်ဝန်နှင့် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်း၏ တာဝန်ခံချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသော နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက် ဆိုင်ရာ ပုဒ်မ ၅၉(စ) အပါအ၀င် ပြင်ဆင်နိုင်ရန် အလွန်တရာ အရေးကြီးလှသော ပုဒ်မ ၆ ခုကို လုံးဝ မပြင်ဆင်ရန် လူတစ်သိန်းကျော်က ဆန္ဒပြုထားကြောင်း ကိစ္စရပ်သည် ပြည်ခိုင်ဖြိုး၏ အသင်းဘ၀ကပင် ဆောင်ရွက်ခဲ့သော လုပ်ထုံးလုပ်နည်းများနှင့် ယခု ဓာတ်ပုံ ဖော်ပြထားသော အချက်အလက်များအား နှိုင်းယှဉ်စိစစ် သုံးသပ်မှုများ ပြုလုပ်ရာတွင် ယင်း လူတစ်သိန်းကျော် ဆန္ဒပြုခြင်း ကိစ္စရပ်သည် လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
ပြည်ခိုင်ဖြိုးသည် အသင်းမှ ပါတီသို့ မကူးပြောင်းမီ အချိန်များကပင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် စသည်ဖြင့် အဆင့်ဆင့် ပြုလုပ်လေ့ရှိသော အသင်းဝင် အဆိုပြုလွှာများကို ရပ်/ကျေး အဆင့် စည်းရုံးရေးမှူးများ၊ အမှုဆောင်များနှင့် အသင်းလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လေ့ရှိသော အသင်းသား အချို့က ရပ်ကွက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာထံမှ တောင်းယူ ရရှိထားသော (သို့မဟုတ်) အလိုရှိချိန်တွင် တောင်းယူ အသုံးပြုသော ရပ်ကွက် အိမ်ထောင်စု သန်းခေါင် စာရင်းများ ရှိသူများ၏ အမည်၊ မှတ်ပုံတင်၊ နေရပ် လိပ်စာ၊ အလုပ်အကိုင် စသည်ဖြင့် အသင်းဝင် အဆိုပြုလွှာတွင် ဖြည့်စွက်ရန် လိုအပ်သည့် အချက်အလက် များကို အထက်ပါ ရပ်/ ကျေး အဆင့်ရှိသူများက မိမိတို့ဘာသာ ကူးယူ ဖြည့်စွက်၍ လုပ်ကြံ ဖန်တီးခဲ့မှု များကို အဆိုပြုလွှာများ ပေးအပ်သည့် အခါတိုင်း ပြုလုပ် ခဲ့ကြသည်။
အထက်ဖော်ပြပါ လူစာရင်းဇယားစာရွက်များဖြင့် တင်ပြလာသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၏ ပြည်ခိုင်ဖြိုးပါတီများမှ စာရွက်အစုအပုံများ။
ထိုစာရွက်များတွင် လက်မှတ်ရေးထားသည်ဆိုသည့်သူများ
အားလုံးသည် ပြည်ခိုင်ဖြိုးပါတီဝင်များသာဖြစ်ကြောင်း ဆို၏။
ယင်းသို့ ပြည်ခိုင်ဖြိုး၏ လုပ်ကိုင် ဆောင်ရွက်ပုံကို  ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုး အသင်းတွင် တာဝန် ထမ်းဆောင်ခဲ့သည့် (အသင်းဝင်အမှတ် မသိရှိတော့) ယင်းမြို့နယ် ၃၂ ရပ်ကွက်၊ အေးမြသာယာ လမ်းတွင် နေထိုင်ခဲ့သော ဦးဝင်းကိုကိုဦးက မြန်မာသံတော်ဆင့်သို့ အောက်ပါအတိုင်း ဖွင့်ဟ ပြောကြားသည်။
““ကျွန်တော် ၃၂ ရပ်ကွက် ပြည်ခိုင်ဖြိုး အမှုဆောင် (စည်းရုံးရေးရာတာဝန်ခံ) အဖြစ် လုပ်ခဲ့တုန်းက မြို့နယ်မှာ လူကြီးတွေလာလို့ အဆိုပြုလွှာတွေ အခမ်းအနားနဲ့ ပေးရခါနီးပြီဆိုရင် သုံးလေးပတ် လောက်အလိုပေါ့။ ကျွန်တော်တို့ ရပ်ကွက်ပေါင်းစုံက စည်း/မှူးတွေ၊ ဒါမှမဟုတ် အမှုဆောင်တွေကို ခေါ်ပြီး မြို့နယ် အတွင်းရေးမှူးက ဘယ်နေ့ နောက်ဆုံးထားပြီး အသင်းဝင် အဆိုပြုလွှာတွေ မြို့နယ်ကို လာပေးကြဖို့ မှာတယ်။ တစ်ခါတလေဆို အဘဦးအောင်သိန်းလင်း လာမယ်၊ အဘ သူရဦးအောင်ကို လာမှာတို့ ပြောပြီး တစ်ရပ်ကွက်ကို အဆိုပြုလွှာ ဘယ်လောက် ပေးရမယ်ဆိုတာပါ သတ်မှတ် ပေးလိုက်တယ်။ မြို့နယ် အတွင်းရေးမှူးက အဲဒီလို ခေါ်ပြောတာကလည်း ကောင်းကောင်းမွန်မွန် ပြောတာ မဟုတ်ဘူး။ အာဏာနဲ့ ငေါက်ငမ်းပြီး မလုပ်မနေ မဖြစ်မနေ ခိုင်းတာ။ ကျွန်တော် ကိုယ်တိုင် အဲဒီလို အစည်းအဝေးတွေ အများကြီး တက်ခဲ့ရတယ်။ အစည်းအဝေးက ပြန်လာပြီဆိုတာနဲ့ ဘယ်တုန်းကမှ ရုံးလာလေ့မရှိတဲ့ အမှုဆောင်တွေလည်း ရပ်ကွက်ရုံးက ကျွန်တော်တို့အတွက် ပေးထားတဲ့ နေရာမှာ စုပြီး ရပ်ကွက် သန်းခေါင်စာရင်းထဲက ဟာတွေကို ကူးရေး ကြတော့တာပဲ။ များသောအားဖြင့် သုံးလေးရက်လောက် ဆက်ရေးရတာ။ ကျွန်တော်တို့လို အဲဒီ အချိန်တုန်းက ကျောင်းသား လူငယ် အရွယ်တွေဆို ရပ်ကွက်ရုံးက သန်းခေါင်စာရင်း ဖိုင်တွဲတွေ၊ အဆိုပြုလွှာတွေ အိမ်ယူသွားပြီး အိမ်စာ လုပ်သလို အိမ်မှာရေးကြတာ။ တစ်ခါ အခမ်းအနား တစ်ခုဆို တစ်ရပ်ကွက်ကို အဆိုပြုလွှာ ၂၀၀၊ ၃၀၀ လောက် ပေးရတာ။ လက်မှတ်လည်း ကိုယ့်ဘာသာ ကိုယ်ထိုးပဲ။ ကျွန်တော်ဆို အဲဒီတုန်းက အဆိုပြုလွှာတွေ ကူးရေးရလွန်းလို့ ဘောပင်ကိုင်တဲ့ နေရာမှာ နာတောင်နေတယ်။ ရေးပြီးရင် တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် အပြိုင်အဆိုင် မြို့နယ်ကို သွားတင်ကြတယ်။ မြို့နယ်ကလည်း မသိချင် ယောင်ဆောင်ပြီး အစစ်အဆေးမရှိ လက်ခံလိုက်တယ်။ အဲဒီလက်ခံတဲ့ မြို့နယ်က လူတွေကိုယ်တိုင်လည်း ရပ်/ကျေး အဆင့်တွေ လုပ်ခဲ့တုန်းက ဒီလိုပဲ ကူးရေးခဲ့တာပဲ။ အဘတွေ လာတော့လည်း အဆိုပြုလွှာ ဘယ်နှထောင်ပါ၊ ၃လ ၅ လ အတွင်း ကျွန်တော်တို့ မြို့နယ်က အသင်းဝင် ဘယ်နှထောင် တိုးပါတယ် ဆိုပြီး မျက်နှာလုပ် အခမ်းအနားနဲ့ အပ်လိုက်တာပဲ။ အဘတွေကလည်း စင်ပေါ်တက် လက်ခံပြီး အဲဒီအဆိုပြုလွှာ တွေကို လှည့်တောင် မကြည့်တော့ဘူး။ ဒီအဆိုပြုလွှာတွေ ဘယ်လို ရလာလဲဆိုတာ သူတို့လည်း သိတာပဲ။ အဲဒီလိုနဲ့ မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ တိုင်း၊ တိုင်းကနေ ဗဟို အဆင့်ဆင့် အသင်းဝင်ဦးရေ ဘယ်လောက် တိုးပါတယ်၊ ဘယ်လောက် ရှိပါတယ် ဆိုပြီး အခမ်းအနားတွေနဲ့ အပ်ကြ၊ ကြေညာကြ၊ လက်ခံကြ လုပ်ခဲ့တာပဲ။ ဒါက ကျွန်တော်တို့ရှေ့က သူတွေလုပ်ခဲ့တဲ့၊ ကျွန်တော်တို့လည်း လုပ်တယ်။ ကျွန်တော်တို့ နောက်က လူတွေလည်း ဒီအတိုင်းပဲ။ ဒါပြည်ခိုင်ဖြိုးက လုပ်နေကျ။ အဲဒီအချိန်က အသင်းဝင် အဆိုပြုလွှာတွေ ဆိုရင် တောင်းလို့ရရင် တောင်းယူကြည့်လိုက်၊ ဥပမာ- ကျွန်တော်တို့ ၃၂ မှာ စည်းရုံးရေးရာ လုပ်တုန်းက ကျွန်တော် ယူကူးရေးတဲ့ သန်းခေါင်စာရင်းတွေက လမ်းအလိုက်၊ အပိုင်အလိုက် တွဲတွဲပြီး ချုပ်ထားတာ။ ဒီတော့ ကျွန်တော်က တစ်တွဲကနေ ကူးရေးတယ် ဆိုရင် အဲဒီလမ်း၊ အဲဒီအပိုင်က အသင်းဝင် အဆိုပြုလွှာတွေ အားလုံး ကျွန်တော့် လက်ရေးတွေချည်းပဲ။ လက်မှတ်လည်း ကျွန်တော့် လက်ရေးနဲ့ ထိုးတယ်။ ဘယ်လို ထိုးလဲဆိုတော့ နာမည်က ဦးထွန်းဆိုရင် ထွန်းဆိုတာ ခြစ်ချင်သလို ခြစ်ပြီး ထိုးလိုက်တယ်။ အဆိုပြုလွှာက တစ်စုံကို နှစ်ရွက် ရေးရတာဆိုတော့ နောက်တစ်ရွက်က လက်မှတ်ကို ရှေ့တစ်ရွက်က လက်မှတ်နဲ့တူအောင် သတိထားပြီး ထိုးလိုက်တယ်။ အဲဒီ ကျွန်တော် လက်မှတ် ထိုးပေးလိုက်တဲ့ သူနဲ့ ကျွန်တော် မျက်နှာချင်းဆိုင် တွေ့ရင်တောင် ဘယ်သူမှန်း မသိနိုင်ဘူး။ သူကလည်း သူ ကြံ့ခိုင်ရေး အသင်းဝင် ဖြစ်နေပါပြီ ဆိုတာလည်း မသိဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ လုပ်ခဲ့တာ””ဟု မြန်မာသံတော်ဆင့်သို့ ပြည့်စုံစွာ ရှင်းလင်း ပြောကြားသည်။
ပြည်ခိုင်ဖြိုး အသင်းအနေဖြင့် ယင်းသို့ အဆိုပြုလွှာများ လုပ်ကြံ ဖန်တီးခဲ့ခြင်းကြောင့်   အသင်းဝင် အမည်စာရင်းများ ရှိသော်လည်း မြို့နယ်မှ ရန်ပုံငွေဖြင့် အမြတ်တင်ထားသော ပြည်ခိုင်ဖြိုး အသင်းဝင် ကတ်များသည် ရပ်/ကျေး အဆင့်များမှ စိုက်ထုတ် ၀ယ်ယူနိုင်ခြင်း မရှိသဖြင့် အခမ်းအနား တစ်ခုအဖြစ် အဆိုပြုလွှာ တစ်ထောင် စာရင်းပေါက် စေကာမူ အသင်းဝင်ကတ် ထုတ်ပေးရခြင်းမှာ ဆယ်ဂဏန်းမျှ သာ ရှိတတ်ခြင်း၊ တစ်ခါတစ်ရံ မြို့နယ် အတွင်းရေးမှူးများက ကြိမ်းမောင်း မာန်မဲကာ ၀ယ်ယူစေမှုများ ရှိတတ်ခြင်း ကြောင့် အသင်းဝင်ကတ်များကို ကြိုတင်ငွေသွင်းကာ ယူလာ ခဲ့ရသော်လည်း ရပ်ကွက် အသင်း ဗီရိုများထဲတွင် ကတ် အလွတ်များဖြင့်သာ သိမ်းဆည်း ထားခဲ့ရခြင်းများ ရှိကြောင်း ပြည်ခိုင်ဖြိုး အသင်းတွင် နှစ်ရှည်လများ ပါဝင် ခဲ့သူများက သက်သေပြုကြသည်။
ထို အသင်းဝင်ကတ်များကို မြို့နယ် အတွင်းရေးမှူး၏ အငြိုငြင် မခံရစေရန် ၀ယ်ဆိုသည့် အချိန်တွင် ကြိုတင်ငွေ ပေးဝယ်ယူနိုင်ရန် တစ်နှစ်တာအတွင်း မြန်မာ့ရိုးရာ ထုံးတမ်း အလှူဒါနများအတွက် ရပ်ကွက် လူထုထံမှ လိုက်လံ ကောက်ခံရရှိသည့် အလှူငွေများကို အမှန်တကယ် လှူဒါန်းမှုများတွင် တတ် နိုင်သမျှ အနည်းငယ်သာ သုံးစွဲကာ ရပ်ကွက် ရန်ပုံငွေအဖြစ် ဆောင်ထားရခြင်းများ ရှိကြောင်း၊ ရပ်ကွက် ပြည်ခိုင်ဖြိုး အသင်းများအတွက် ရန်ပုံငွေ ကိုယ်တာအဖြစ် ရရှိသော ရပ်ကွက် ရေစက် မြေနေရာများ၊ အခြား အဖွဲ့အစည်းများနှင့် ခွဲဝေပိုင်ဆိုင်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးရုံး အနီးဝန်းကျင်ရှိ ရန်ပုံ ငွေဆိုင်ခန်း များမှ ရရှိသော ၀င်ငွေများသည်မူ ရပ်ကွက် အမှုဆောင်အဖွဲ့၏ လက်ဖက်ရည်ဖိုး၊ မြို့နယ်ရုံးများသို့ သွားရောက် သည့်အခါ မျက်နှာကောင်း ရစေရန် မြို့နယ် အတွင်းရေးမှူးများ၊ မိမိတို့ရပ်ကွက် နယ်မြေတာဝန်ခံ မြို့နယ် အလုပ်အမှုဆောင်များအား လက်ဖက်ရည်တိုက်၊ အရက်တိုက်ခြင်းများ ပြုလုပ်နိုင်ရန်သာ အများဆုံးသုံးစွဲ လေ့ရှိကြောင်းလည်း ပြည်ခိုင်ဖြိုး အသင်းတွင် ပါဝင်ခဲ့သူများက ပြောကြားသည်။ ထို့ပြင် ရပ်ကွက်အတွင်းမှ အလှူငွေ ကောက်ခံရရှိစေရန် မြို့နယ်အသင်းက ခေါင်းစဉ်အမျိုးမျိုး တပ်ကာ အလှူခံခွင့် အခွင့်အရေးများ ဖန်တီးပေးကြပြီး ရပ်/ကျေး အဆင့်မှ ရပ်ကွက်အတွင်း အလှူခံမှုများ ပြုလုပ်ပြီးစ အချိန်များတွင် မြို့နယ် အလုပ်အမှုဆောင် နယ်မြေ တာဝန်ခံများက ရပ်ကွက်များသို့ နယ်မြေ စစ်ဆေးရေးများ ဆင်းတတ်ကြောင်း၊ ထိုသို့ ဆင်းလာသော မြို့နယ်အလုပ် အမှုဆောင် နယ်မြေ တာဝန်ခံများကို ရပ်/ကျေး အသင်းများက အလှူခံ ရရှိငွေများဖြင့် ဧည့်ခံကြရကြောင်း၊ အချို့မြို့နယ် အလုပ်အမှုဆောင် နယ်မြေ တာဝန်ခံများ ဆိုလျှင် အပြန် လက်ဆောင်ပစ္စည်း မရရှိပါက မြို့နယ်လပတ် အစည်း အဝေးများတွင် ထိုရပ်/ကျေး အသင်းအား အတွင်း ရေးမှူး၏ ဆူပူကြိမ်းမောင်း မာန်မဲခြင်း ခံရစေရန် ပြုလုပ်တတ်ခြင်းများပင် ရှိကြောင်း အထက်တွင် ဖော်ပြခဲ့သည့် ဦးဝင်းကိုကိုဦးက ပြောသည်။
ယခု နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ပြည်သူလူထုအကြား အငြင်းပွားဖွယ် ဖြစ်ပေါ်လျက် ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီ အစီရင်ခံစာ၌ ဖော်ပြထားသော ပုဒ်မ ၆(စ)၊ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၃၇၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၄၄၅တို့အား မပြင်ဆင်ဘဲ ထားရှိရန် ဆန္ဒပေးထားသည် ဆိုသော လူဦးရေ တစ်သိန်းကျော်၏ အကြံပြုချက် ဖော်ပြမှုပါ စာရင်းများကို မြို့နယ် အသီးသီးမှ (အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း) လက်ရှိ ပြည်ခိုင်ဖြိုးပါတီ မြို့နယ် အတွင်းရေးမှူးများက လက်မှတ်ရေးထိုး၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းထံ လိပ်မူ ပေးပို့ထားခြင်းများ ဖြစ်သည်ကို တွေ့ရသည်။ အဆိုပါ စာရင်းပါ လူဦးရေ ဇယားများ၏ စဉ်၊ အမည်၊ မှတ်ပုံ တင်အမှတ်၊ နေရပ်လိပ်စာ၊ လက်မှတ် ဇယားကွက်များတွင် ဖြည့်စွက် ထားသည်မှာ အထက်ဖော်ပြပါ ပြည်ခိုင်ဖြိုး အသင်း အဆိုပြုလွှာများတွင် တစ်ဦးတည်းက ရေးသားထားခြင်းများ ဖြစ်ကြောင်း တိကျ သေချာစွာ တွေ့ရသည်။ လက်မှတ် ရေးထိုးထားမှု များမှာလည်း ပြည်ခိုင်ဖြိုး အသင်းဘ၀ အဆိုပြုလွှာများနှင့် တိုက်ဆိုင် စိစစ်ပါက ထိုအပြုအမူအတိုင်း လက်မှတ်ရေး ထိုးထားသည့် ပုံစံများသာ ဖြစ်သည်။
ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ကော်မတီ အစီရင်ခံစာပါ လူဦးရေ တစ်သိန်းကျော်ထဲတွင် ဦးရေ ၁၇၆၃ဦး ပါဝင်ဆန္ဒပြုချက် ပေးပို့ထားသည့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးခင်မောင်ဇော်က ““လက်ရေးကတော့ တူတယ်။ လက်ရေးတူတာက ဒီက နာမည်ရေးပြီးတော့ လက်မှတ်ပဲ သူတို့ကို ထိုးခိုင်းတာ။ လက်ရေးကတော့ တူမှာပေါ့။ လိုအပ်ရင် အဲဒီ ထိုးတဲ့ ကာယကံရှင်တွေကို မေးလို့ ရတယ်။ တစ်အိမ်တက်ဆင်း လုပ်ထားကြတာတွေ များတယ်။ တို့က တစ်အိမ်တက်ဆင်း ၅၉(စ) ဆိုတာဘာ ရှင်းပြီးတော့၊ စာရွက်တွေပါ ကမ်းပြီးတော့ သူတို့ကြိုက်မှထိုး၊ သူတို့ကို သေချာ ရှင်းပြီးတော့မှ လုပ်တာပါ”” ဟု ငြင်းဆိုခဲ့သည်။
ဤသို့ မပြင်ဆင်ဘဲ ထားရှိရန် ဆန္ဒပြုထောက်ခံသူများစာရင်း ပေးပို့ခြင်းဟုသာပါရှိသော တင်ပြစာ တစ်ရွက်တည်း (ပုံ-၁)နှင့် ထိုတင်ပြစာဖြင့် ပူးတွဲပါရှိလာသော လူစာရင်းဇယားစာရွက်များ(ပုံ-၂)။(ပုံ-၁)ပါ တင်ပြစာတွင် လက်မှတ်ရေးထိုးထားသည့် မြို့နယ်ပါတီ အတွင်းရေးမှူးသည် ယခုသတင်းဖော်ပြမှုတွင်ပါရှိသော
ပြည်ခိုင်ဖြိုးအသင်း အဆိုပြုလွှာများအား လုပ်ကြံဖန်တီးမှုများပြုလုပ်ခဲ့ ကြောင်း ၀န်ခံထားသည့် ဦးခင်မောင်ဇော်ဖြစ်သည်။
သို့သော် အသင်းဘ၀က အထက်ပါ လုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့သည်မှာ မှန်ကန်ကြောင်း ၎င်း၏ ပြောကြားချက်များထဲတွင် သက်သေပြုနေပြီး ယခုအခါတွင်မူ ပါတီဝင် လျှောက်လွှာများ၌ ထိုသို့ ဆောင်ရွက်ခြင်း မရှိတော့ကြောင်း ပြောသည်။
““အရင်တုန်းကတော့ ရတယ်လေကွာ။ အခုက မရဘူးဆိုတာ ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံပါ ပါရတာ။ ဓာတ်ပုံပါ ပါရတဲ့အတွက် ဒီအတိုင်း ကိုယ့်ဘာသာကိုယ် ဖြည့်လို့ မရတော့ဘူး။ ဖောင်ပါ အကုန်ပါရတယ်။ အရင်တုန်းကလို မဟုတ်ဘဲ ဓာတ်ပုံပါ ပါရတဲ့အတွက် ကာယကံရှင် မသိဘဲ လုပ်လို့ မရတော့ဘူး””ဟု ဦးခင်မောင်ဇော်က ပြောသည်။
အဆိုပါ လူတစ်သိန်းကျော် အကြံပြုထားသည်ဟု ဆိုကာ တင်ပြသည့် စာရင်းများနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ““ဦးအောင်သိန်းလင်း တစ်သိန်းကျော် တင်တဲ့ဟာမျိုး ဆိုရင် ထုတ်ပြန်ရမှာလေ။ ဘယ်သူက တာဝန်ခံပြီး တင်တာလဲဆိုတာ။ အခုတင်တဲ့ အထဲမှာ နာမည်တူတာတွေ၊ လိပ်စာတူတာတွေ၊ မှတ်ပုံတင်တူ တာတွေလည်း ပါနေတယ်””ဟု ပြောသည်။
ဦးအောင်သိန်းလင်း တာဝန်ခံ၍ ပြည်ခိုင်ဖြိုးပါတီမှ တင်ပြသော အဆိုပါ လူဦးရေ တစ်သိန်း တင်ပြမှုသည် လူတစ်ဦး တစ်ယောက်တည်းမှ အများစုအဖြစ် ရေးသားထားသည့် သဘောသာ ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဝင် ဒေါက်တာဦးအေးမောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထို့ပြင် ယင်းကိစ္စကို အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြခြင်း ပြုရန်အတွက် ကော်မတီ၏ နောက်ဆုံး အစည်းအဝေးများတွင် ဦးအောင်သိန်းလင်းနှင့် အခြားကော်မတီဝင်များ အပြင်းအထန် အငြင်းအခုံ ဖြစ်ခဲ့ ကြရကြောင်း ကော်မတီဝင်များက ပြန်လည် ပြောကြားမှု ရှိသည်။
ယင်းသို့ အစည်းအဝေးတွင်း အချေအတင် ကန့်ကွက်ခဲ့ကြသည်ကို ““အဲဒီမှာ အရေအတွက်တော်တော်လေး အငြင်းအခုံ ဖြစ်တယ်။ ပါတီ ကိုယ်စားပြုတဲ့ စောင်ရေ၊ နိုင်ငံသားတွေက လာတဲ့ စောင်ရေတို့မှာ နိုင်ငံသား တစ်ဦးက ဦးဆောင်တယ်။ နိုင်ငံသားတစ်ဦး တင်ပြတဲ့ အချက်အလက်ကို လူလေးထောင် လက်မှတ် ထိုးထားတာမျိုး၊ မှတ်ပုံတင်အမှတ် ပါတဲ့အခါ တချို့က အမတ်တွေ ချပြတယ်။
ဒါကြီးဟာ လူတစ်ယောက်တည်း ရေးတဲ့ ပုံစံမျိုးပဲ။ ဒေါက်တာ စိုးရင်တို့ကလည်း ပြန်ပြောကြတယ်။ လေ့လာ သုံးသပ်တဲ့ ကော်မရှင်တွေနဲ့ စနစ်တကျ လေ့လာဖို့ ဆိုတဲ့အခါမှာ စာတစ်စောင်ဆိုရင် တစ်စောင်ပေါ့။ တစ်ယောက်ချင်း စာတစ်စောင်လာမှ တစ်စောင်အဖြစ် သတ်မှတ်သင့်တာပေါ့။ စောင်ရေလည်း ဖော်ပြတယ်။ နောက်မှတ်ချက်မှာ လူဦးရေ တစ်သိန်းကျော်ဆိုတဲ့အခါ ကျတော့ ပုဒ်မတစ်ခုကို နဂိုအတိုင်း ထားချင်တဲ့သူက သိန်းကျော်ဖြစ်ရင် ဖြစ်သွားမှာပေါ့။ စောင်ရေက လျော့တယ်။ လက်မှတ်ထိုးတဲ့လူက အကြောင်းအရာ တစ်ခုကို သိန်းကျော်ရင် ဆိုတဲ့ဟာနဲ့ လွှမ်းမိုးသွားရင် ကျွန်တော်တို့ သုံးသပ်တာပေါ်မှာ တစ်မျိုး မြင်သွားနိုင်တယ်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
 ပြည်ခိုင်ဖြိုး အသင်းအဖြစ် တည်ရှိစဉ်က လုပ်ကြံဖန်တီးထားသော စောင်ရေများကို အခမ်းအနားများ အဖြစ် ပေးအပ်သည့်အခါ လက်ခံသူအဖြစ် ဆောင်ရွက်ခဲ့ရခြင်းရှိသူ တစ်ဦးဖြစ်သည့် လက်ရှိပြည်ခိုင်ဖြိုးပါတီ ဗဟိုအမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုကပင် ယခုကိစ္စရပ်အပေါ် ““အခြေခံ ဥပဒေ ပုဒ်မ၅၉(စ) ပေါ့လေ။ တစ်သိန်းခြောက်ထောင် ကျော်သော လူပုဂ္ဂိုလ်တွေက မပြင်ပါနဲ့၊ မထိပါနဲ့လို့ အကြံပြုတယ်လို့ ပြည်ခိုင်ဖြိုးပါတီ CEC တစ်ဦးက ပူးပေါင်း ကော်မတီကို တင်ပြခဲ့ပါတယ်။ သူ့တင်ပြချက် အတိုင်းပဲ ပူးပေါင်း ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တစ်သိန်းကျော် ဆိုတာကလည်း နာမည်ရေးတယ်။ လက်မှတ်ထိုးတယ်ပေါ့။ မြို့နယ်ပေါင်းစုံ ပါပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်း ဧရိယာအတွင်း ပေါ့လေ။ ဘယ်ပါတီဝင်လို့ ဖော်ပြမထားပါဘူး။ ဒါဟာ မခိုင်မာဘူး။ အခြေအမြစ် ရှိတယ်ဆိုတာ မသေချာဘူးလို့ပဲ ပြောပါရစေ။ နောက်တစ်ခုက ပုဒ်မ ၅၉(စ)၊ အခန်း ၁၂၊ပုဒ်မ ၄၃၆ တို့ကိုလည်း မပြင်ပါနဲ့၊ ဒီအတိုင်းပဲ ထားပါလို့ ပြောတဲ့ အဖွဲ့အစည်း ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ အခန်း ၁၂၊ ပုဒ်မ ၄၃၆ ကို မထိ၊ မတို့၊ မကိုင်တွယ်လို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ လုံးဝဖြစ်မလာပါဘူး။ ပြင်လို့လည်း မရပါဘူး။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ဒါဟာ ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ လူတွေနဲ့ ပြည်သူ့အကျိုးစီးပွား ကာကွယ်တဲ့ လူပုဂ္ဂိုလ်တွေကြား အားပြိုင်မှု တစ်ခုလို့ မြင်ပါတယ်”” ဟု သုံးသပ် ပြောကြားသည်။
 ဒေါက်တာဦးအေးမောင်က ယင်းသို့ လူဦးရေကို အခြေပြု၍ ဆုံးဖြတ် တင်သွင်းမျိုး ပြုလုပ်မည်ဆိုပါက မိမိတို့ RNDP ပါတီကလည်း လူဦးရေ တစ်သိန်းသာ မဟုတ် တစ်သန်းမျှ အထိပင် လက်မှတ် ထိုးတင်နိုင်ကြောင်း၊ သို့သော် မိမိတို့၏ ပါတီတစ်ရပ်သာ ဖြစ်သဖြင့် ကော်မတီသို့ တင်သော အကြံပြုချက်များကို ပါတီကိုယ်စား ပြုခြင်း တစ်ခုတည်းဖြင့်သာ တင်ပြခဲ့ကြောင်း၊ အခြားနိုင်ငံရေး ပါတီများမှလည်း ထိုသို့ပင် ပါတီကိုယ်စားပြု တင်ခြင်းများသာ ရှိကြောင်း၊ အမည်၊ လိပ်စာ၊ လက်မှတ်ပါရုံနှင့် အမှန်တကယ် ဟုတ်မဟုတ် ယုံကြည်ရန် ခက်ခဲသည်ကို ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် မည်သို့မှ မသင့်လျော်သော ဆောင်ရွက်ချက် ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာသံတော်ဆင့်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.