02/15/14

(HS Jane's 360မှ 11 Feb 2014 ရက်စွဲပါ “China training UWSA air and ground crews” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ အနက် အင်အားအကြီးဆုံးဖြစ်ပြီး၊ ရှမ်းပြည်နယ်တွင် အခြေ စိုက်ကာ နယ်မြေ အတော်များများကို ထိန်းချုပ်ထားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးစစ်တပ် UWSA ၏ လေကြာင်းတပ်ဖွဲ့သစ်သည် တရုတ်နိုင်ငံတွင် သင်တန်းတက်မည့် ဒေသခံပိုင်းလော့နှင့် စက်မှုပညာရှင်များကို အားကိုးနိုင်တော့မည်ဟု ရန်ကုန်မီဒီယာ သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။

တရုတ်နိုင်ငံလုပ် M:17 အမျိုးအစား စစ်ဖက်သုံးသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များနှင့် သက်ဆိုင်သည့် သင်တန်း အစီအစဉ်အတွက် UWSA တပ်ဖွဲ့ဝင် ၃၀ ကို ရွေးချယ်ထားကြောင်း ပြည်ပအခြေစိုက် မြန်မာသတင်းဌာန တစ်ခုက မကြာသေးမှီက သတင်းထုတ်ပြန်သည်။

မကြာသေးမှီက ရှမ်းပြည် အရှေ့မြောက်ပိုင်း ပန်းဆန်းရှိ UWSA ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး၊ မြန်မာစစ်တပ် (တပ်မတော်) နှင့် အပစ်ရပ်သဘောတူညီမှု ရရန်အားထုတ်နေသော တိုင်းရင်းသားလက်နက်ကိုင် နောက်တစ်ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA သတင်းရပ်ကွက်ကို ကိုးကားကာ ယင်းသို့ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း တရုတ်မြန်မာ နယ်စပ်တွင် အခြေစိုက်သော ဝ တပ်ဖွဲ့ UWSA ထံသို့ တရုတ်နိုင်ငံက M:17 စစ်ဖက်သုံး ရဟတ်ယာဉ်အချို့ကို လာအိုနယ်မြေကို ဖြတ်၍ ပို့ဆောင်ခဲ့သည်ဟု ခိုင်လုံသောသတင်းများ မနှစ်က ထွက်ပေါ်ခဲ့သည်။

သို့ရာတွင် တရုတ်နိုင်ငံနှင့် UWSA တို့မူ ၎င်းသတင်းမှားယွင်းကြောင်း ငြင်းဆိုထားကြသည်။

Yangon chronicle

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ပျံ့နှံ့နေသော ရဟန်းတော်များ စစ်ရေးလေ့ကျင့်နေသည့်ဓာတ်ပုံမှာ လွန်ခဲ့သည့်နှစ်နှစ်ကျော်ခန့်က ကျောင်းတိုက်သို့ ဒုလ္လဘရဟန်း အများအပြားလာရောက်ဝတ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကတည်းက ယင်းသို့ ပြုလုပ်သူများကို ကျောင်းမှနှင်ထုတ်သည်အထိ အရေးယူခဲ့ကြောင်း တာလောကြီး ကျောင်းထိုင်ဆရာတော် အရှင်ဝိလာသက ရှင်းလင်းသည်။

"ဦးဇင်းတို့က အဲဒီအချိန်တုန်းက ဒုလ္လဘ ရဟန်းတွေကော၊ ဒုလ္လဘကိုရင်တွေရော ပျံ့နေတော့ ထိန်းသိမ်းရခက်တယ်။ ဦးဇင်းကလည်း အဲဒီအချိန်တုန်းက ရွာမှာမနေဘူး။ ကျောင်းက လက်ထောက်ဦးဇင်းတွေ၊ ဆရာတော်တွေကို မေးကြည့်တော့ ကိုရင်တွေကို ထိန်းလို့မရဘူးတဲ့။ ပစ်ကွင်းမှာ ရောက်ကြတယ်တဲ့။ ဒုလ္လဘကိုရင်တွေလို့ ပြောတယ်။ အဲဒါကြောင့် အခုဆိုရင် ကျောင်းမှာတောင်မှ လေး၊ ငါးပါးပဲ ထားတော့တယ်။ ဟိုစပ်စပ်ဒီစပ်စပ်ပါတဲ့ ကိုရင်တွေကို အကုန်မောင်းထုတ်ထားတယ်။ တချို့ကိုလည်း လူဝတ်လဲခိုင်းလိုက်ပြီ" ဟု အရှင်ဝိလာသက မိန့်ကြားသည်။

Facebook တွင် တပ်မတော်သားများက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို သေနတ်ပစ်သင်တန်းပေးနေစဉ် ကိုရင်သုံးပါးက သေနတ်ပစ်လေ့ကျင့်မှု ၀င်ရောက်ပြုလုပ်နေသည့် ဓာတ်ပုံကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

နယ်မြေလုံခြုံရေးအတွက် ယင်းကဲ့သို့ စစ်သင်တန်းပေးနေခြင်းများ ပြုလုပ်ခြင်းဖြစ်ပြီး ကိုရင်များအနေဖြင့် စစ်သင်တန်းသွားရောက်တက်ခြင်းမဟုတ်ဘဲ အပျော်သဘော ၀င်ရောက်ကိုင်တွယ်ခြင်းသာဖြစ်ကြောင်း အရှင်ဝိလာသက မိန့်ကြားသည်။

အဆိုပါဒေသရှိ ရဟန်းတော်များအနေဖြင့် နယ်မြေငြိမ်းချမ်းရေးအတွက် နှုတ်ဖြင့်သာ တစ်ဖက်တစ်လမ်းမှ ကူညီခြင်းများရှိကြောင်း၊ နောက်နောင် ထိုကဲ့သို့ ပြုလုပ်သည့်ရဟန်းတော်များရှိပါကလည်း ထိထိရောက်ရောက် အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကမိန့်ကြားသည်။

မည်သို့ပင်ဆိုစေ ကမ္ဘာကြီးမှာ ရွာကဲ့သို့ ဖြစ်လာနေပြီဖြစ်သည့်အတွက် သံဃာတော်များအနေဖြင့် သတိထားသင့်ကြောင်း၊ သေနတ်ကိုင်ထားသည်ဆိုခြင်းမှာ ၀ိနည်းနှင့် လုံးဝမညီသည့် ကိစ္စဖြစ်ကြောင်း၊ စစ်တိုက်လိုသည်ဆိုပါက လူဝတ်လဲသင့်ကြောင်း ရွှေည၀ါဆရာတော် ဘဒ္ဒန္တပညာသီဟက မိန့်ကြားသည်။

"ဘာမှဝင်လုပ်စရာအကြောင်းစရာမရှိဘူး။ ဒါဟာ ထေရ၀ါဒသာသနာကို သိက္ခာကျစေပါတယ်။ ကိုယ့်ကြောင့် သာသနာတော် ညှိုးမှိန်စေရင်တော့ ဘယ်ကောင်းမလဲ။ သံဃာတော်တွေပေါ်မှာက ဘာသာခြားတွေကရော၊ ဘာသာဝင်တွေကရော ကဲ့ရဲ့စရာဖြစ်တာပေါ့။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလောက်ပဲဖြစ်နေပြီဆိုတာကို သံဃာတော်တွေရော၊ လူပုဂ္ဂိုလ်တွေရော သဘောပေါက်ဖို့ လိုတယ်။ အစိုးရလည်း ကိုယ်ထင်ရာ ကိုယ်လုပ်လို့ မရတော့ဘူး" ဟု ရွှေည၀ါဆရာတော်က မိန့်ကြားသည်။

ပါဏာတိပါတသိက္ခာပုဒ်တွင် သံဃာတော်များအနေဖြင့် တုတ်ကိုင်၊ ဓားကိုင်ခြင်းများကိုပင် မပြုလုပ်ရဟုဆိုထားသောကြောင့် သေနတ်ကိုင်ခြင်းဆိုသည်မှာ ၀ိနည်းနှင့်လုံးဝ မညီကြောင်း၊ သို့သော် ယင်းဓာတ်ပုံမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းလားဆိုသည်ကို ဆန်းစစ်သင့်ကြောင်း ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရက မိန့်ကြားသည်။

"ဒါကတော့ မြင်ကွင်းအားဖြင့် လုံးဝမကောင်းဘူးပေါ့နော်။ အစွန်အဖျားတွေဆိုတော့ ဒေသခံတွေရဲ့စရိုက်တွေကတော့ ဘယ်လိုမှန်းမသိဘူး။ အခုကခက်တယ်။ တစ်နှစ် နှစ်နှစ်အတွင်းမှာ အမျိုး၊ ဘာသာသာသနာကိစ္စတွေပေါ်လာမှ သာသနာမှာ အရမ်းညှိုးနွမ်းတယ်။ ဘုန်းကြီးတွေရဲ့ ဂုဏ်သိက္ခာလည်း အရမ်းထိခိုက်တယ်။ အင်တာနက်တွေ၊ ဖေ့စ်ဘွတ်တွေပေါ်မှာလည်း မသင့်လျော်တဲ့ဝေါဟာရတွေ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ အဲဒီလို ကောင်းတဲ့လက္ခဏာမဟုတ်တာက ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတာလား။ မသိလို့ လုပ်နေကြတာလားဆိုတာတော့ ရှိတယ်ပေါ့နော်။ ဒါကတော့ အရေးကြီးလိမ့်မယ်။ ကောင်းတဲ့မြင်ကွင်းတော့ မဟုတ်ဘူး" ဟု ဆရာတော် အရှင်သံဝရာလင်္ကာရက မိန့်ကြားသည်။

၂၀၁၁ ခုနှစ် ဇွန်တွင် အစိုးရနှင့်ကချင် လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်ရှိ ကချင်မဟုတ်သည့် အခြားတိုင်းရင်းသားများ နေထိုင်သော ကျေးရွာအချို့တွင် တပ်မတော်က ပြည်သူ့စစ်များ ဖွဲ့စည်းပေးကာ စစ်သင်တန်းပေးခြင်းများ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဒေသသို့ လာရောက်တပ်စွဲသည့် တပ်မတော်စစ်ကြောင်း အများစုမှာ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင်သာ စခန်းချလေ့ရှိပြီး လက်နက်များ အလွယ်တကူ ရှိနေသည့်အတွက် ကိုရင်ငယ်အချို့မှ အပျော်သဘော ကိုင်တွယ်ကြည့်ခြင်းမျိုးများ ရှိနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ - See more at: http://news-eleven.com/local/facebook-%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%95%E1%80%BA%E1%80%B6%E1%82%95%E1%82%8F%E1%80%BD%E1%80%B6%E1%82%94%E1%80%B1%E1%80%94%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%80%9B%E1%80%9F%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%B1%E1%80%9C%E1%80%B7%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%B7%E1%80%B1%E1%80%94%E1%80%9F%E1%80%B0%E1%80%B1%E1%80%9E%E1%80%AC-%E1%80%93%E1%80%AC%E1%80%90%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%80%99%E1%80%BD%E1%80%AC-%E1%80%9C%E1%80%BC%E1%80%94%E1%80%B9%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%8A%E1%80%B7%E1%80%B9#sthash.IhePVmH3.dpuf

(Deutsche Welle မှ 13 Feb 2014 ရက်စွဲပါ Germans hesitant to invest in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာ့စီးပွားရေးသည် ယနေ့အချိန်အထိ စစ်တပ်နှင့် ချိတ်ဆက်နေသော်လည်း ဒီမိုကရေစီဖော်ဆောင်ရေး အတွက် သတိကြီးစွာလုပ်ကိုင်နေသော အစိုးရ၏ ခြေလှမ်းများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် လမ်းဖွင့်ပေးလျက်ရှိပါသည်။ သို့သော်လည်း ဂျာမနီနိုင်ငံမှ ကုမ္ပဏီကြီးများကမူ ထိုလမ်းမှ တစ်ဆင့်ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ခြေတုံချတုံပင်ဖြစ်လျက်ရှိလေသည်။

“အဲဒီဝန်ကြီးက သူ့ရဲ့စစ်ယူနီဖောင်းကိုတော့ မဝတ်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်သူ့ကို မှတ်မိနေတုန်းပဲ” ဟု မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့နှင့် မြို့တော်ဟောင်းဖြစ်သော ရန်ကုန်အခြေစိုက် ဂျာမန်စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးကပြောကြားသည်။ “သူ စစ်ယူနီဖောင်းဝတ်တဲ့အချိန်တုန်းက သူနဲ့မကြာခဏဆိုသလို ကျွန်တော်အလုပ် လုပ်ခဲ့ဖူးတယ်” ဟု အမည်မဖော်ပြလိုသူ အဆိုပါ ဂျာမန်လုပ်ငန်းရှင်ကြီးက ဒေါ့ရှ်ဝဲလား(DW) သတင်းဌာနသို့ ပြောကြားသည်။ ၎င်းသည် ၁၉၈၀ ပြည့်နှစ်များအတွင်း မြန်မာစစ်အစိုးရနှင့် စီးပွားရေးလုပ်ငန်းကိစ္စများလုပ်ကိုင်ရာ၌ ပါဝင်ပတ်သက်ခဲ့ဖူးသည်။

သို့သော် ၁၉၈၈ ခုနှစ် စစ်အစိုးရက ဒီမိုကရေစီနှင့် လွတ်လပ်မှုလိုလားသော ကျောင်းသားများအပေါ် ပစ်ခတ် နှိမ်နင်းခဲ့ချိန်တွင် အစစအရာရာမှာ ပြောင်းလဲသွားတော့သည်။ အကျိုးဆက်အားဖြင့် ဆိုရလျှင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုပြုလုပ်ခဲ့ရာ အဆိုပါဂျာမန်စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီး မှာလည်း အရှေ့တောင်အာရှဒေသဆီက (ဘားမား)Burma ဟု ခေါ်သော မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ ရတော့သည်။

ယနေ့ အချိန်ကာလတွင်မူ ယင်းဂျာမန်လုပ်ငန်းရှင်ကြီး မြန်မာနိုင်ငံသို့ တစ်ကျော့ပြန်လည် ရောက်ရှိလာပြီး ယခင်က သူနှင့် တွဲဖက်ခဲ့ဖူးသောစီးပွားရေးလုပ်ငန်းရှင် အသိအကျွမ်းများနှင့် တစ်ဖန်ပြန်၍ ချိတ်ဆက်မိရန် ကြိုးပမ်း လျက်ရှိသည်။ အဆက်အသွယ်ကောင်းလှသည့် အစိုးရဝန်ကြီးတစ်ဦးက မိမိအတွက် စီးပွားရေးအချိတ်အဆက်အချို့ ပြန်လည်ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးထားသောကြောင့် ယုံကြည်စိတ်ချမှုရှိကြောင်း ၎င်းက ပြုံးလျက်ပြောဆိုသည်။

မြန်မာနိုင်ငံသည် သမ္မတဦးသိန်းစိန်အစိုးရလက်အောက်တွင် ဒီမိုကရေစီဖော်ဆောင်သည့် ခြေလှမ်းများကို သတိကြီး စွာဖြင့် လျှောက်လှမ်းလျက်ရှိသည်။ အစိုးရကလည်း မီဒီယာအပေါ် တင်းကြပ်စွာထိန်းချုပ်မှုများကို ဖြေလျှော့ပေးပြီး နိုင်ငံရေး အကျဉ်းသားအားလုံးနီးပါးကို လွှတ်ပေးခဲ့သည်။ ယခင်တစ်ချိန်က ပိတ်ပင်ခံထားရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ရာ ၎င်းသည် ယခုဆိုလျှင် ပါလီမန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်နေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကိုယ်ကျိုး စီးပွားများကို အကာအကွယ်ပေးရန်အလို့ငှာ ပါဝါကြီးမားလှသော စစ်ဗိုလ်ချုပ်ကြီးများရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေက စစ်ဘက်အရာရှိကြီးများက လွှတ်တော်၏ လေးပုံတစ်ပုံကို အခိုင်အမာရယူထားနိုင်အောင် လုပ်ဆောင် ပေးထားသည်။

စီးပွားရေးအပေါ် ထိန်းချုပ်လက်ဝါးကြီးအုပ်မှု

ဂျာမန်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်ကြီးများအသင်း၏ ဥက္ကဌဖြစ်သူ Georg Barun ၏အဆိုအရ စီးပွားရေးအခန်းကဏ္ဍတွင် နေရာများစွာရယူထားသည့် စစ်တပ်၏ကွန်ရက်သည် ယခင်ကအတိုင်းပင် မလှုပ် မယှက်ရှိနေဆဲဖြစ်သည်။ အဆိုပါအခြေအနေမှာလည်း အချိန်တိုတွင်း ပြောင်းလဲဦးမည်မဟုတ်ဟု ၎င်းက ယုံကြည် လျက်ရှိသည်။ မစ္စတာ Georg Barun စိတ်ဝင်စားနေသည့် မေးခွန်းမှာ စစ်တပ်အနေဖြင့် နိုင်ငံခြားသားများကို စီးပွားရေးတွင် ဝင်ရောက်ခွင့်ပြုနိုင်ပါမည်လော ဟူသည့်မေးခွန်းပင်ဖြစ်သည်။ ဥပမာအားဖြင့်ဆိုပါက စစ်တပ်က ယနေ့ထိတိုင် ထိန်းချုပ်ထားသော စွမ်းအင်တူးဖော် ရှာဖွေရေးကဏ္ဍတွင် နိုင်ငံခြားသားများ ဝင်ရောက်ရင်းနှီးမြှုပ်နှံ ခွင့်ပြုမည်လောဟူသည်ကို ၎င်းကသိရှိလိုသည်။

မစ္စတာ Georg Barun ၏ B. Braun Melsungen A.G ကုမ္ပဏီသည် ရန်ကုန်တွင် ရုံးခန်းတစ်ခန်း ဖွင့်ထားသည့် ဂျာမန်လုပ်ငန်းအနည်းငယ်အနက် တစ်ခုအပါအဝင်ဖြစ်သည်။

“အခြေခံအဆောက်အဦးတွေက ကိုလိုနီခေတ်ကာလတုန်းကအတိုင်းပဲ” ဟု ၎င်းကပြောကြားသည်။ လယ်ယာစိုက်ပျိုးရေး အခန်းကဏ္ဍတွင်လည်း လုပ်ကိုင်ဆောင်ရွက်စရာများစွာ ကျန်ရှိနေသေးကြောင်း၊ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု မရှိသောကြောင့် ပလပ်ထားရသည့်လယ်ယာမြေများစွာရှိနေကြောင်း ၎င်းကသုံးသပ်သည်။ ဥရောသမဂ္ဂသည် စစ်လက်နက်ရောင်းချမှုမှအပ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများ အားလုံးကို ဖယ်ရှားပေးခဲ့ပြီးဖြစ် သည်။ သို့သော် အမေရိကန်ပြည်ထောင်စုက ဥရောပသမဂ္ဂအတိုင်း အပြည့်အဝ လိုက်ပါလုပ်ဆောင်မှုမပြုသေးပေ။ သို့အတွက်ကြောင့် အမေရိကန်ကုမ္ပဏီများမှာ သတိကြီးစွာထား၍ စောင့်ကြည့်နေကြသည်။ ဤသို့သော အခြေအနေ က ဂျာမန်စီးပွားရေးလုပ်ငန်းကြီးများအတွက် အခွင့်အရေးတစ်ရပ်ပင်ဖြစ်နေသည်။ အဓိကယှဉ်ပြိုင်ရမည့် ပြိုင်ဘက် ဟူ၍လည်း တရုတ်၊ ဂျပန်နှင့် မလေးရှားလုပ်ငန်းများသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင်များသည် ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်၍ သတိကြီးစွာဖြင့် လေ့လာစောင့်ကြည့်နေ ကြသည်။ ယင်းအဖွဲ့မှ လုပ်ငန်းရှင်တစ်ဦးက မြန်မာနိုင်ငံ သည် ဂျာမနီရင်းနှီးမြှုပ်နှံမှုအပေါ် အလွန်အမင်းစိတ်ဝင်စားကြောင်းထုတ်ဖော်ပြသမှုပြုထားကြောင်း၊ သို့သော် မိမိကိုယ်တိုင် သည်ပင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းလိုစိတ်ရှိနေကြောင်း DW သို့ပြောကြားသည်။ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ လာမည့်နှစ်တွင်ကျင်းပရန်ရှိပြီး ရင်းနှီးမြှုပ်နှံမှုကာကွယ်ပေးရေး၊ ဥပဒေလေးစားလိုက်နာမှု အစရှိ သည့် ဥပဒေ အကြောင်းကိစ္စရပ်များစွာမှာ မဖြေရှင်းရသေးဘဲ ရှိနေပါသေးသည်။ ပို၍ဆိုရလျှင် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦး ခေတ်မီဆန်းသစ်ရေးဟူသည်မှာ ပြီးမြောက်အောင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

နိုင်ငံရေးမသေချာမရေရာမှုများ၊ ပြဿနာများရှိနေသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍတွင် ဝင်ရောက် လုပ်ကိုင်နေသည့် စွန့်ဦးတီထွင် ဂျာမန်လုပ်ငန်းရှင်ကြီးတစ်ဦးက ၎င်းအနေဖြင့် မြန်မာ့အနာဂတ်အပေါ် အပြုသဘော ရှုမြင်ထားသောကြောင့် စိုးရိမ်ပူပန်မှုမရှိကြောင်းပြောကြားသည်။ မြန်မာနိုင်ငံကို အာဖဂန်နစ္စတန် သို့မဟုတ် ဆိုမာ လီယာနိုင်ငံ တို့နှင့် နှိုင်းယှဉ်မှုမပြုသင့်ကြောင်း ၎င်းက အလေးအနက်ထား ပြောဆိုသည်။

အကောင်းမြင်မှု

ယခုကဲ့သို့သော အကောင်းမြင်မှုက ယခင်နိုင်ငံရေးအကျဉ်းသမားဟောင်းတစ်ဦးဖြစ်သူ Shell ဆိုသူအတွက် မျှော်လင့်ချက်များ ဖြစ်ပေါ်စေသည်။ အသက် ၄၀ အရွယ်ရှိပြီဖြစ်သော Shell က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် တိုင်းပြည်အတွက် အလွန်အမင်းအရေးကြီးသည်ဟု ရှုမြင်သည်။ “မြန်မာနိုင်ငံမှာ ဆင်ရဲနွမ်းပါးမှုက အဆမတန် ဖြစ်နေတာ၊ ပြည်သူလူထုက အလုပ်အကိုင်လိုအပ်နေတယ်” ဟု ၎င်းကဆိုသည်။ အခြားသော နိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းအားဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများကို ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ပါက ပြည်သူလူထုအနေဖြင့် ၎င်းတို့ ခဲရာခဲဆစ်ကြိုးပမ်းထားသည့် ဒီမိုကရေစီအပြောင်းအလဲမှ အကျိုးအမြတ် ခံစားရမည်မဟုတ်ကြောင်း ၎င်းကသုံးသပ်သည်။

Shell သည်နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ပေါင်း ၁၄ နှစ်ခန့်ထောင်ကျခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် Burma VJ ဟုဆိုသော တက်ကြွလှုပ်ရှားသူများနှင့်အတူ ရိုက်ကူးခဲ့သည့် ဗီဒီယိုအခွေကို လျှို့ဝှက်စွာပြည်ပသို့ပို့ရန် ကြိုးပမ်းသည်ဟူသော စွပ်စွဲချက်ဖြင့် နောက်ဆုံးအကြိမ်အဖြစ် ဖမ်းဆီးခံခဲ့ရသည်။ ငါးနှစ် အကြာတွင် အစိုးရက နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ Shell လည်း လွတ်မြောက်လာခဲ့သည်။

သို့သော် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်အပေါ် ၎င်းက စိုးရိမ်ပူပန်လျက်ရှိသည်။နိုင်ငံရေးအရ ထပ်မံ ဖမ်းဆီးမှု များပြုလုပ်လာပြီး နောက်ကြောင်းပြန်လှည့် သွားမည်ကိုလည်း စိုးရိမ်နေသည်။ မည်သို့ပင်ဆိုစေ ယခင် စစ်ခေါင်းဆောင် များအနေဖြင့် အနောက်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ မြန်မာပြည်တွင်ရှိနေသေးသရွေ့ ဒီမိုကရေစီ စံချိန်စံနှုန်းများအတိုင်း အလေးအနက်ထား လုပ်ဆောင်သွားကြလိမ့်မည်ဟု ၎င်းက ယုံကြည်လျက်ရှိပါသည်။

Yangon chronicle

မူလအခွင့်အရေးနှင့် တာဝန်များ ၊ ပုဒ်မ ၃၄၇ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး ၊ ဇာတိ ၊ ကိုးကွယ်ရာ ဘာသာ ၊ ရာထူးဌာနန္တရ ၊ အဆင့်အတန်း ၊ ယဉ်ကျေးမှု ၊ အမျိုးသား အမျိုးသမီး ၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ - လို့ပြဌာန်းထားပါတယ် ။ နိုင်ငံတော်သမ္မတကြီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကတိစကားအရ နိုင်ငံတော်သမ္မတကြီးဟာ လောကပါလ တရား များပိုမိုထွန်းကားစေဖို့အတွက် ဒီဥပဒေပုဒ်မ ၃၄၇ ကို ကာကွယ်စောင့်ရှောက်ပေးရမဲ့ တာဝန်ရှိပါတယ် ။ ဒါပေမဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ အုပ်ချုပ်ရေးလက်တံအောက်မှာပဲ ၊ နိုင်ငံတော်ရဲ့ နိုင်ငံသားနှစ်ဦးဟာ လူမျိုးနဲ့ ကိုးကွယ်ရာ ဘာသာတရားကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံမှုကို ခံစားခဲ့ရပါပြီ ။ နိုင်ငံတော်သမ္မတကြီးရဲ့ အုပ်ချုပ်ရေး လက်တံတစ်ခုဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ဥက္ကလာပမြို့နယ်က မြန်မာနိုင်ငံပြည်သူ့ ရဲတပ်ဖွဲ့ရဲ့ တရားဥပဒေ စိုးမိုးမှုကို ထိမ်းသိမ်းစောင့်ရှောက်မှုရှေ့မှောက်မှာတင် ဒီလိုခွဲခြားဆက်ဆံခံခဲ့ရတာ ဖြစ်ပါတယ် ။ သမ္မတကြီးရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ဒီပုဒ်မ ၃၄၇ ကို ကာကွယ်စောင့်ရှောက်ဖို့ လက်လှမ်း မမီ လေသလား ၊ ကာကွယ်စောင့်ရှောက်နိုင်စွမ်းမရှိလေသလား ဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာပါတယ် ။

အဲဒီ အခန်း(၈) မှာပဲ ပုဒ်မ ၃၅၃ မှာ မည်သူ့ကိုမျှ တည်ဆဲ ဥပဒေနှင့်အညီမှတပါး အသက်ကိုဖြစ်စေ ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ လို့ ပြဌာန်းထားပါတယ် ။ ဒါပေမဲ့ ပြည်ထောင်စု နေ့လို နေ့ထူးနေ့မြတ်မှာ စာပေဟောပြောပွဲဟောပြောဖို့လာရောက်တဲ့ နိုင်ငံသား နှစ်ဦးဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့် နစ်နာဆုံးရှုံးမှုစေတဲ့ အစုအဖွဲ့အင်အားဖြင့် ချိမ်းခြောက်ခြင်းခံခဲ့ရပါတယ် ။ အဲဒီလူပုဂ္ဂိုလ်နှစ်ဦးကို စာပေဟောပြောဖို့ဖိတ်ကြားစီစဉ်ခဲ့တဲ့ ကျင်းပရေးကော်မတီဝင်များဟာ အင်အားနဲ့ ချိမ်းခြောက်ခြင်းခံခဲ့ရပါ တယ် ။ ရောက်ရှိနေတဲ့ တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေကြတဲ့ ပြည်သူ့ရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများဟာ ဒီပြဿနာကို တာဝန်ယူဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိပါဘူး ။ ကျင်းပရေးကော်မတီနဲ့ ကသာ အဲဒီလာရောက်ကန့်ကွက်သူများနဲ့သွားရောက်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းခဲ့ရပါတယ် ။ ဘာသာခြား စာရေး ဆရာနှစ်ဦးကို ဒီစာပေဟောပြောပွဲကနေ ဖယ်ရှားမပေးဘူးဆိုရင် ဒုက္ခများသွားလိမ့်မယ် လို့ အင်အားနဲ့ လာရောက်ခြိမ်းခြောက်ခြင်းခံရတဲ့ ဖြစ်ရပ်တစ်ခုမှာ သမ္မတကြီးရဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ဟာ ဒီပုဒ်မ ၃၅၃ ကို ကာကွယ် စောင့်ရှောက်ဖို့ လက်လှမ်းမမီလေသလား ၊ ကာကွယ် စောင့်ရှောက်နိုင်စွမ်းမရှိလေ သလား ဆိုတာ ကို ထပ်မံမေးခွန်းထုတ်စရာဖြစ်လာပါတယ် ။

အဲဒီ အခန်း(၈)မှာပဲ ၊ ပုဒ်မ ၃၅၄ မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး ၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည် - (က) မိမိ၏ ယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ၊ ရေးသားဖြန့်ဝေခွင့် (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့် ၊ စီတန်းလှည့်လည်ခွင့် … လို့ အတိအလင်းပြဌာန်းထားတာကို တွေ့မြင်ရပါတယ် ။ မြောက်ဥက္ကလာပမြို့နယ် (ဂ) ရပ်ကွက် ပြည်ထောင်စုနေ့ စာပေဟောပြောပွဲ ကျင်းပရေး ကော်မတီဟာ နိုင်ငံတော်ရဲ့ တည်ဆဲ ဥပဒေများနှင့် အညီ သက်ဆိုင်ရာသို့ စာပေဟောပြောပွဲကျင်းပခွင့်ကို တင်ပြတောင်းခံခဲ့ပါတယ် ။ အဲဒီလို တောင်းခံရာမှာ ဟောပြောမည့် စာရေးဆရာများ အမည်စာရင်း ၊ ဟောပြော မည့်ရည်ရွယ်ချက် ၊ နေ့ရက် ၊ အချိန် ၊နေရာတို့ကိုပါ တစ်ပါတည်း တင်ပြခဲ့ရတာဖြစ်ပါတယ် ။ လုပ်ထုံးလုပ်နည်း များနဲ့ အညီတင်ပြခဲ့တဲ့အတွက် သက်ဆိုင်ရာကလည်း ကျင်းပခွင့် ပြုပေးခဲ့ပြီးဖြစ်ပါတယ် ။

ဒီမှာတင် ပုဒ်မ ၃၅၄ မှာ ဖော်ပြထားတဲ့ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ဆိုတဲ့အချက်နဲ့ အကျုံးဝင်ခဲ့ပြီဖြစ်ပါတယ် ။ ဒါပေမဲ့ ကျင်းပဖို့ ၁ ရက်အလိုကျမှ ဟောပြောမဲ့ စာရေးဆရာ များထဲက နှစ်ဦးကို လူမျိုးနဲ့ ကိုးကွယ်မှု ဘာသာ ကို အကြောင်းပြပြီး ဖယ်ရှားပေးဖို့ အဖွဲ့အစည်း တစ်ခုက ကန့်ကွက်လာခဲ့တာကို တာဝန်ယူဖြေရှင်း ပေးဖို့ အာဏာပိုင် အဖွဲ့အစည်းက ပျက်ကွက်ခဲ့ပါတယ် ။ ဒီတရားဝင် ခွင့်ပြုချက်ပေးပြီးသာ စာပေဟော ပြောပွဲနဲ့ ၊ ကျင်းပရေး ကော်မတီဝင်များ ၊ စာရေးဆရာများ ကို ကာကွယ် စောင့်ရှောက်ပေးဖို့ တာဝန်ယူမှု ပျက်ကွက်ခဲ့ ပါတယ် ။ ပဋိပက္ခဖြစ်မှာကို စိုးရိမ်လို့ဆိုတဲ့ အကြောင်းပြ စကားတစ်ခုနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်များ အရ စောင့်ရှောက်ကာကွယ်မှုမပေးခဲ့ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ပါမည် လို့ ကျမ်း သစ္စာကျိန်ဆိုထားတဲ့ သမ္မတကြီးရဲ့ ကတိစကားများနဲ့ လွဲချော်ခဲ့သလို ၊ တရားဥပဒေစိုးမိုးမှုကို ကာကွယ် စောင့်ရှောက်ဖို့လည်း ချွတ်ယွင်းခဲ့ပါတယ် ။ အဲဒီလို ဥပဒေနှင့်အညီဆောင်ရွက်နေ တဲ့သူတွေကို ဥပဒေနဲ့မညီ အင်အားသုံးဖိအားပေး လာတဲ့သူတွေနဲ့ တိုက်ရိုက်တွေ့ဆုံစေပြီး ညှိနှိုင်းခဲ့ရတယ်ဆိုတာဟာ တရားဥပဒေကို ကာကွယ် စောင့်ရှောက်တဲ့ လုပ်ရပ်တစ်ခုလား ၊ ခေါင်းရှောင်တဲ့လုပ်ရပ်လား ဆိုတာကို မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ် ။ တကယ်တမ်းမှာ အာဏာပိုင်များအနေနဲ့ ဆောင်ရွက်ရမှာက ကန့်ကွက်လာ တဲ့ အဖွဲ့အစည်း ကို ဒါဟာ တရားဥပဒေနဲ့ အညီခွင့်ပြုချက်တောင်းခံပြီး ၊ ဥပဒေနဲ့ အညီခွင့်ပြုပေးထားပြီး ဖြစ်တဲ့ အတွက် ကန့်ကွက်လို့ ၊ ပိတ်ပင်တားမြစ်လို့ မရကြောင်း ဆက်လက်ကန့်ကွက်မယ် ၊ နှောက်ယှက်ဖျက်ဆီးမယ်ဆိုရင် ဥပဒေအရအရေးယူရမှာဖြစ်ကြောင်း အသိပေးရမှာဖြစ်ပါတယ် ။ အဲဒီလိုလုပ်ဆောင်ဖို့ဘာကြောင့် ပျက်ကွက်ခဲ့ တာပါလဲ ။

ဒါဟာ နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးမှုဟာ စိုးရိမ်ရေမှတ်ရောက်သည်အထိ ပျက်ပြားနေပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။ နိုင်ငံသူနိုင်ငံသားများဟာ မည်သို့ပင် တည်ဆဲတရားဥပဒေများနဲ့အညီ လိုက်နာဆောင်ရွက်ပြုမူ နေထိုင်ကြသည်ဖြစ်စေကာမူ အုပ်ချုပ်သူများရဲ့ ကာကွယ်စောင့်ရှောက်မှုကို မခံစားကြရဖူး ဆိုတဲ့ အဓိပ္ပါယ် ပေါ်လွင်ခဲ့ပါတယ် ။ သမ္မတကြီးထွန်းကားစေချင်တဲ့ လောကပါလတရား မှာ အမဲစက်ထင်ခဲ့ပါပြီ ။ နိုင်ငံသားတို့ ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးခဲ့ပါပြီ ။
ဒီလုပ်ဆောင်ချက်ဟာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ မှာပါရှိတဲ့ နိုင်ငံရေးအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစား မပြုရ ၊ ထို့အပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း ၊ ဘာသာ ရေးကြောင့် သော်လည်းကောင်း ၊ တစ်ဖက်နှင့် တစ်ဖက် ၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း ၊ ရန်မူခြင်း ၊ စိတ်ဝမ်းကွဲခြင်း တစ်မျိးမျိုးပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည် ။ ထိုအပြုအမူအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည် လို့ ဖော်ပြချက်နဲ့လည်း လုံးဝငြိစွန်း နေတာဖြစ်ပါတယ် ။ ဒါပေမဲ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ်စာပေဟောပြောပွဲတစ်ခုကို တရား ဥပဒေနဲ့အညီ ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ အညီ ၊ လွတ်လပ်စွာ ဟောပြောခွင့်နဲ့ အညီ ၊ နိုင်ငံသားတို့ရဲ့ တန်းတူ ညီမျှခွင့် ၊ လောကပါလတရားနဲ့ အညီ ဆောင်ရွက်နေတဲ့ အသင်းအဖွဲ့တစ်ခုကို အခြား အသင်းအဖွဲ့တစ်ခုက ကန့်ကွက် ဟန့်တား လာတာကို ၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေကြတဲ့ အုပ်ချုပ်ရေးအာဏာပိုင်များက မည်သို့မှ အရေးမယူမဆောင်ရွက်ခဲ့တာဟာ အဲဒီဥပဒေမပြဌာန်းရ သေးတာကြောင့်လား ၊ ဒါမှ မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေကပဲ အသက်မဲ့နေတာလား ဆိုတာကို မေးခွန်းထုတ်ချင်ပါတယ် ။

၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ လူမျိုးရေးမုန်းတီးမှုများ ၊ ဘာသာရေးပုတ်ခတ်စော်ကားမှုများ ကို ရှေ့တန်းတင်လာတဲ့ လှုံ့ဆော်မှုများ ၊ ဟောပြောမှုများဟာ အရှိန်အဟုန်မြင့်မားလာတာကို မြင်တွေ့လာရပါ တယ် ။ ဒါတွေဟာ အထက်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၆၄ နဲ့ လုံးဝငြိစွန်းနေတာဖြစ်ပေမဲ့ အခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်နေပါတယ် ဆိုတဲ့ အာဏာပိုင်အဖွဲ့အစည်းဟာ ဒီလိုလုပ်ဆောင်ချက်များကို ဥပဒေ နှင့် အညီ ဟန့်တားခြင်း ၊ ပိတ်ပင်တားမြစ်ခြင်း ၊ အရေးယူဆောင်ရွက်ခြင်းဆိုတာတွေကို လုပ်ဆောင် တာ လုံးဝ မတွေ့ရသေးပါဘူး ။ ဥပဒေမဲ့ ပြုကျင့်မှုတစ်ခု ကို အရေးယူမဆောင်ရွက်ခြင်းဟာ ဥပဒေမဲ့ ပြုကျင့် မှု များ စွာကို အားပေးအားမြှောက်ပြုခြင်းပဲ ဖြစ်ပါတယ် ။ နိုင်ငံမှာ အစပြုလာနေတဲ့ လူမျိုးရေးဘာသာရေးခွဲခြား ဆက်ဆံမှု ၊ ပုတ်ခတ်မူများကို အာဏာပိုင်အဖွဲ့အစည်းက လျစ်လျှူရှုနေခြင်းဟာ အားပေးအားမြှောက်လုပ်တဲ့ သဘောကိုဆောင်လာပါလိမ့်မယ် ။ ဒီအခြေအနေအတိုင်း ဆက်လက်ဖြစ်ပွား နေမယ်ဆိုရင် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်တွေဟာ ဆိတ်သုဉ်းသွားပါလိမ့်မယ် ။ အဲဒီလို လူမျိုးရေးဘာသာရေး အစွန်းတရားတွေ ပါဝင် ပူးကပ်လာပြီဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ သန့်ရှင်းပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာ ဘယ်လို မှ လက်ခံယုံကြည်နိုင်ဖွယ်မရှိပါဘူး ။

နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံသားတို့ကို အကာအကွယ်ပေးဖို့ အတည်ပြုပြဌာန်း ထားတဲ့ ဥပဒေတစ်ရပ်ဖြစ်ပါတယ် ။ ဘယ်လိုပဲ မကြိုက်မနှစ်သက်ပစေ ၊ ဥပဒေတစ်ခုတည်မြဲနေ တဲ့ အချိန်မှာတော့ လိုက်နာကြရမှာဖြစ်ပါတယ် လို့လဲ အမြဲတမ်းရေးသားတင်ပြခဲ့ပါတယ် ။ နိုင်ငံတော်အာဏာ(၃) ရပ်ကို နှင်းအပ်ခြင်းခံရသူများသည်လဲ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ကြပြီး ပြည်သူတွေ ကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိပါတယ် ။ အခုအခြေအနေမှာတော့ နိုင်ငံတော်သမ္မတကြီးနဲ့ အာဏာပိုင် အဖွဲ့အစည်းများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို အမှန်တကယ် စောင့်ရှောက်ကြပါရဲ့လား ၊ စောင့်ရှောက်နိုင်စွမ်းကော ရှိကြပါရဲ့လားလို့ သံသယတွေ ၀င်လာရပြီဖြစ် ကြောင်းပါဗျာ ။

-ထင် လင်း ဦး

ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ချစ်ကြောင်း၊ ဒါပေမဲ့ ဒေါ်စုကိုတော့ မဲပေးဖို့ မလိုကြောင်း၊ ဒေါ်စု မြန်မာနိုင်ငံ အတွက် မြက်တစ်ပင်မှ စိုက်ခဲ့သူ မဟုတ်ကြောင်း၊ နိုင်ငံခြားသားကိုယူပြီး သူ့သားတွေ ကလည်း နိုင်ငံခြား မှာ နေသူတွေ ဖြစ်ကြောင်း၊ ၂၀၁၅ မှာ ဒေါ်စုနဲ့ ယှဉ်မယ်ဆိုရင်လည်း ယှဉ်ပြိုင်ရဲကြောင်း၊ ဒေါ်စုသည် စစ်တိုက်ဖူးသူ မဟုတ်ကြောင်း ယခုတွေ့ဆုံပွဲမှာ အရှင်လတ်လတ်ကြီး ဟောပြောနေသူ သူရဲကောင်းကြီးသည် စစ်တိုက်ခဲ့ရာမှာ ဗိုက်ကို ကျည်ဆန်မှန်ခဲ့လို့ သူရဘွဲ့ထူးကို ဆွတ်ခူးခဲ့သူဖြစ်ကြောင်း၊ ဗိုက်ကြီးကို လှန်ပြကာ ဟောပြောသွားခဲ့ . . .
KKS 2မျိုသိပ်ကြိတ်ခဲ မရနိုင်လို့ ဒီစာကို ပေးပို့ရပါတယ် သူရဦးအေးမြင့် ခင်ဗျား။ ၂၈-၁၁-၂၀၁၃ နေ့က လူကြီးမင်း ရောက်ရှိပြီး မိန့်ခွန်း ခြွေသွားခဲ့ပုံနှင့် ပတ်သက်လို့ မင်းကင်းမြို့နယ်က ပြည်သူ လူထုတွေ ထဲမှာ တော်တော်လေး ကြိတ်မနိုင် ခဲမရဖြစ်ပြီး ကျန်ခဲ့ပါတယ်။ လူကြီးမင်းဟာ အာဏာရပါတီကြီးရဲ့ ဒုတိယ ဥက္ကဋ္ဌ-၂လည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးလည်း ဖြစ်ပါလျက်နဲ့ မိန့်ခွန်းခြွေတဲ့နေရာမှာ သတိတရားမှားယွင်း ချွတ်ချော်၊ မတော်မတရား စော်ကားတဲ့စကားတွေ လူကြီးမင်းရဲ့ နှုတ်တော်က ထွက်ရက်ပေတယ်ဗျာ။ ဗိုလ်သင်တန်းလည်း တက်ခဲ့ပြီးသား၊ တပ်မတော်မှာကော အစိုးရအဖွဲ့မှာပါ အဆင့်မြင့် ၀န်ကြီးအဆင့် ထမ်းရွက် ခဲ့ဖူးသူမို့ ကျွန်တော်တို့ကတော့ လေးစား တန်ဖိုးထားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ကို လူကြီးမင်းရဲ့ မဲဆန္ဒနယ်မဟုတ်ဘဲ ရောက်ရှိ လာခဲ့ပြီးတော့ ကျေးရွာ အုပ်စု တော်တော်များများကို လှည့်လည်ပြီး မိန့်ခွန်းတော် ခြွေခဲ့ကြောင်း သတင်းများ ရရှိခဲ့ပါသည်။ သြော် . . . သူလည်း တရားဝင် နိုင်ငံရေးပါတီက ပုဂ္ဂိုလ်ပေပဲ။ ဟောပေ ပြောပေမှာပေါ့လို့ သဘောရပါတယ်။ ကန့်လည်း မကန့်ကွက်ပါဘူး။ နိုင်ငံရေး သမားများရဲ့ ပိုင်ခွင့်ဖြစ်လို့ပါ။ …
ဒါပေမဲ့ လူကြီးမင်းရဲ့စကားထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ချစ်ကြောင်း၊ ဒါပေမဲ့ ဒေါ်စုကိုတော့ မဲပေးဖို့ မလိုကြောင်း၊ ဒေါ်စု မြန်မာနိုင်ငံ အတွက် မြက်တစ်ပင်မှ စိုက်ခဲ့သူ မဟုတ်ကြောင်း၊ နိုင်ငံခြားသားကိုယူပြီး သူ့သားတွေက လည်း နိုင်ငံခြားမှာ နေသူတွေ ဖြစ်ကြောင်း၊ ၂၀၁၅ မှာ ဒေါ်စုနဲ့ ယှဉ်မယ်ဆိုရင်လည်း ယှဉ်ပြိုင်ရဲ ကြောင်း၊ ဒေါ်စုသည် စစ်တိုက်ဖူးသူ မဟုတ်ကြောင်း၊ ယခု တွေ့ဆုံပွဲမှာ အရှင်လတ်လတ်ကြီး ဟောပြောနေသူ သူရဲကောင်းကြီးသည် စစ်တိုက်ခဲ့ရာမှာ ဗိုက်ကို ကျည်ဆန်မှန်ခဲ့လို့ သူရဘွဲ့ထူးကို ဆွတ်ခူးခဲ့သူဖြစ်ကြောင်း ဗိုက်ကြီးကို လှန်ပြကာ ဟောပြောသွားခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ကြောင်းကိုပင် တပ်မတော်မှာ တာဝန်ထမ်းခဲ့ဖူးသူ လူကြီးမင်းက နိုင်ငံရေး ငရဲကြီးမှာစိုးလို့ ထည့်သွင်း ပြောဆိုသွားခဲ့ရသော်လည်း ရင်တွင်းဖြစ် အစစ်မဟုတ်မှန်း ကောင်းကောင်းကြီး ခံစား နားလည်မိပါ တယ်။ ဒေါ်စုဟာ မြန်မာနိုင်ငံ အတွက် မြက်တစ်ပင်မှ စိုက်ခဲ့ဖူးသူ မဟုတ်ကြောင်း ပြောတာက ဗဟုသုတ အလွန်နည်းပါး လှချည်လားလို့၊ ဒီလိုပုဂ္ဂိုလ်မျိုး ဘယ်လိုလုပ်ပြီး အစိုးရအဖွဲ့မှာ ၀န်ကြီး ရာထူး ရခဲ့တာလဲလို့ အံ့သြမိပါတယ်။ လူကြီးမင်းတို့က မြက်ပင်တို့၊ ကြက်ဆူပင်တို့ စိုက်တာကို အမျိုးသားရေး တာဝန်ကြီးအဖြစ် သဘောထားနေကြပေမယ့် တစ်နိုင်ငံလုံးက ဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ ပြည်သူတွေရဲ့ အိတ်ကပ်ထဲက သားသား မီးမီးတို့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် သုံးရမယ့် ငွေကြေးတွေ သဒ္ဓါမဲ့စွာ အဓမ္မသုံးခဲ့ရလို့ မေတ္တာတော်ပေးပို့ကြတာ မရရှိကြဖူးထင်ပါ့ . . .။

ဒေါ်စုဟာ လူကြီးမင်းပြောသလို မြက်တစ်ပင်စိုက်ခဲ့သူ ဟုတ် မဟုတ် မသိပေမယ့် နိုင်ငံတော် တစ်ဝန်းလုံး အတွက် ပညာရေး ပဒေသာပင်၊ ကျန်းမာရေး ပဒေသာပင်၊ ငြိမ်းချမ်းရေး ပဒေသာပင်သာမက ရပ်ရွာ အေးချမ်းသာယာရေးနဲ့ တရား ဥပဒေ စိုးမိုးရေးဆိုတဲ့ ရာသက်ပန် သီးပင်စားပင်တွေ စိုက်နေတာ ပညာရှိတို့ အသိအမြင်ပါဗျာ။
KKS 1လူကြီးမင်းရဲ့ မိန့်ခွန်းတော်မှာ ဒေါ်စုဟာ စစ်တိုက်ဖူးသူ မဟုတ်ကြောင်း ပြောတာကြီးက လူရယ်စရာ။ စစ်တိုက်တာ တစ်ခုတည်း နိုင်ငံအကျိုးပြု တာဝန် မဟုတ်ပါ။ ဒေါ်စုရဲ့ မိန့်ခွန်းတွေထဲမှာ အလျဉ်းသင့်ရင် ရှေ့တန်းက ရဲဘော်တွေဆီ သွားချင်တယ် ဆိုတာ ပြောခဲ့ပြီးသား။ စစ်ပွဲမှာတိုက်လို့ ကျည်သင့်ပြီး သူရဘွဲ့ မရခဲ့တဲ့ မှတ်တမ်းမ၀င် အာဇာနည် စစ်သည်တွေကိုလည်း အားနာသင့်ကြောင်းတော့ တစ်ချက် ပြောပါရစေ။ လူကြီးမင်းတို့ရဲ့ တရားပွဲတွေက ယောရောရှိ တော်တော် လုပ်တယ်နော်။ တွေ့ဆုံပွဲ ဆိုတဲ့ ဆိုင်းဘုတ်ကြီး ချိတ်ပြီး တိုင်းဒေသကြီး ၀န်ကြီးတွေ၊ ဌာနဆိုင်ရာတွေနဲ့ ပူးထိုင်ပြီးလုပ်တဲ့ အခါကျတော့ . . . တောကလူတွေ မသိလောက်ဘူး ဆိုပြီးပါဝါတွေ၊ အာဏာတွေထည့်ပြီး လုပ်ခဲ့ကြတာလေ။ လူကြီးမင်းတို့ပါတီက ပုဂ္ဂိုလ်များကိုတော့ ထားပါတော့။ လူကြီးမင်းတို့နဲ့ တစ်တန်းတည်း ထိုင်တဲ့ ၀န်ကြီးတွေ တည်ဆဲ ဥပဒေနဲ့ ငြိစွန်းအောင် လုပ်တာလား၊ မသက်သာလို့ လိုက်ပါလာခဲ့ကြတဲ့ ဌာနဆိုင်ရာ လူကြီးမင်းတွေ နေမထိ ထိုင်မသာ ဖြစ်အောင် တမင်လုပ်တာလားလို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အခြား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု လုပ်နေခြင်းကို ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌကြီး ကိုယ်တိုင် တားမြစ် အရေးယူ သင့်နေပါပြီ။

အဲဒီလို အနှစ်မရှိ အဆန်မပါ စကားတွေနဲ့ တောနယ်ကို အပြောကြွယ်မယ့်အစား မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း အတွင်းက မင်းကင်းမြို့ငယ်လေး(ယနေ့ ကမ္ဘာမှာ ထင်ရှား ချမ်းသာကြွယ်ဝတဲ့ စင်ကာပူ နိုင်ငံထက် ခုနစ်ဆ နီးပါး ပိုကျယ်ပြန့်ပြီး နိုင်ငံတော်အပေါ် တာဝန်တွေ ကျေပွန်စွာ နိုင်ငံခြားငွေတွေ ရှာပေးနေတဲ့) မင်းကင်း မြို့နယ်မှာ-
- ကျန်းမာရေးဆရာဝန် သုံးယောက်တည်းရှိတာ
- ၂၅ ခုတင်ဆံ့ ဆေးရုံ ယနေ့ထိ တစ်လုံးမှ မရသေးတာ
- တစ်နေ့မှာ ၂၄ နာရီရှိပါလျက် လျှပ်စစ်မီး ၁ နာရီ ၄၅ မိနစ်သာ လင်းနေရတာ
- လျှပ်စစ်မီးလင်းရေး ကိုယ်ထူကိုယ်ထ ကြိုးစားနေရမှု မနိုင်ဝန်ဖြစ်နေတာ အထင်းသားကြီးကို မမြင်ချင်ယောင် ဆောင်နေကြတာ
- မြို့နယ်ချင်းဆက်လမ်း ယနေ့ထိ မအောင်မြင်သေးတာ (ဒါပေမဲ့ ၂၀၀၂ မြန်မာနိုင်ငံမြေပုံမှာတော့ ကနီ-မင်းကင်းလမ်းကို ရာသီမရွေး သုံးနိုင်သောလမ်းတဲ့) ဘယ်သူတွေက နိုင်ငံတော်ကို လိမ်သွားလဲ မသိပါဘူး။ ၁၅၂၇ စတုရန်းမိုင် ကျယ်ဝန်းပြီး ၁၈၈ ရွာရှိတဲ့ မြို့နယ်မှာ ရွာချင်းဆက်လမ်းဆိုတာ ပေါက်တူး၊ ပေါက်ပြားနဲ့ ဖောက်ထားရတာဗျို့
- မင်းကင်းမြို့နယ်ကို တာဝန်ကျတဲ့ ၀န်ထမ်းတွေဟာ ကားလမ်းမရှိ၊ ရထားလမ်းမရှိ၊ လေယာဉ် ခရီးစဉ်မရှိ တစ်ခုတည်းသော ချင်းတွင်းမြစ် ရေလမ်းကလည်း ၁ နှစ်မှာ ၆ လ အများဆုံး သွားတဲ့ ရေကြောင်း ပို့ဆောင်ရေး သင်္ဘော ကလည်း မကြာခဏ သောင်တင်တတ်၊ ပျက်တတ်မို့လို့ ကမ္ဘာမှာ စီးနင်းခ ဈေးနှုန်း အကြီးဆုံး အမြန် ရေယာဉ်များကိုသာ အားကိုးနေကြ ရပါတယ်။ ၄၃ မိုင် ခရီးကို လေးထောင်ကျပ်ပေးရတာ ဆိုတော့ ဂင်းနစ်စာရင်း ၀င်လောက် ပါတယ်။ အဲ …ဒါပေမဲ့ မင်းကင်းမြို့က ၀န်ထမ်းတွေ ရှားပါးစရိတ် ခံစားခွင့် မရကြ ဘူးဗျာ။

အဲဒါတွေ အဲဒါတွေ အကျိုးဆောင်ဖို့၊ ရရှိအောင် တောင်းပေးဖို့တော့ မပြောဘဲ အင်တာနေရှင်နယ် နိုင်ငံရေး ခေါင်းဆောင်ကြီးကို အရပ်ချင်းလာပြီး တိုင်းကြည့်နေတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်စုနဲ့ ယှဉ်ပြိုင်ပြီး အရွေးခံဝံ့ကြောင်း ပြောကြားခဲ့တာကိုတော့ အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်းဆိုတာလို အင်တာနေရှင်နယ် အဆင့် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်ကြီးနဲ့ လူကြီးမင်းက ယှဉ်ပြိုင်ရဲပါတယ်လို့ အဆိုပြုသွား ခဲ့ပါတယ်။ ဒေါ်စုနဲ့ ယှဉ်ပြိုင်ဖို့ လူကြီးမင်းတို့ ပါတီမှာ အဆင့်မီနိုင်ငံရေး ဆရာကြီးတွေ ရှိပါလိမ့်မယ်။ သူတို့ အတွက် ထားလိုက်ပါ။

ကြံ့ခိုင်ဖွံ့ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌကြီးခင်ဗျား .. ဒေါ်စုနဲ့ မယှဉ်သေးခင် မင်းကင်းမြို့နယ်က ပြည်သူတစ်ဦး အနေနဲ့ ၂၀၁၅ ရွေး ကောက်ပွဲမှာ မညစ်ပတ်ကြေး နိုင်အောင်ကြိုးစား စမ်းပါဦးလို့ အားတော့ နာတော့ နာပါတယ်၊ တိုက်တွန်း လိုက်ပါရစေခင်ဗျား။
မြန်မာသံတော်ဆင့်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.