02/24/14

ရွေးချယ်ခွင့်မရှိဘဲ စားရတော့မယ့် စားသောက်ဖွယ်“ဟင်း”တစ်ခွက် ကိုခင်ဗျားလျှာ နဲ့ ကိုက်/မကိုက်။ ခင်ဗျား ကြိုက်/မကြိုက် ကိုပြောဘို့အတွက်

(က) ခင်ဗျား “ဟင်းချက်တတ်” ဘို့ မလိုပါဘူး

(ခ) အဲဒီဟင်းထဲမှာ ဘာတွေပါတယ် သိဘို့လည်း မလိုအပ်ပါဘူး

(ဂ)အဲဒီ “ဟင်းတခွက်” ကို ဘယ်လောက် အချိန် ယူပြီးချက်ထားသလဲ သိဘို့ မလိုပါဘူး။

(ဃ)အဲဒီ ဟင်းတခွက် ကို “နှစ်သက်တဲ့သူ” ဘယ်လောက်ရှိတယ် ဆိုတာ သိဘို့ မလိုပါဘူး။

““အဲဒီ ဟင်းတစ်ခွက် ရဲ့ ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ခါး အရသာ(၆)ပါး ကို သိနိုင်တဲ့
လျှာ တစ်ချောင်းနဲ့ ခံစားတတ်တဲ့ နှလုံးသားတစ်ခု ဘဲလိုအပ်ပါတယ်””

အဲဒီ အကြောင်းတရားဟာ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို
မြင်တဲ့ သာမန်ပြည်သူတစ်ယောက်ရဲ့ အမြင်ပါဘဲ ။

U Win Cho

အခြေခံ ဥပဒေကို ပြင်ဖို့ ကိစ္စမှာ ပြည်သူတွေ အများစုက "ဘာတွေကို ပြင်ရမယ်" ဆိုတာကို မသိပါဘူး ဆိုပြီး ... ကောက်ချက်ချပြီး အဲဒီ ကောက်ချက်အပေါ်မှာ သုံးသပ် ပြောဆိုတာတွေ တွေ့ရပါတယ်။

မှန်ပါတယ်။ ပြည်သူအများစုက မသိပါဘူး။ မသိတာဟာလည်း အပြစ် မဟုတ်သလို သိအောင် လုပ်ရမယ့် မဖြစ်မနေ လိုအပ်ချက်လည်း မဟုတ်ပါဘူး။ ဒီလို မသိတာကို အခြေခံ အချက်ဖြစ် တည်ပြီး ဘာတွေ ဖြစ်လာလိမ့်လို့ သုံးသပ်ပြောဆိုရင်တော့ မှားပါလိမ့်မယ်။

ပြည်သူဆိုတာက အခြေခံဥပဒေကို သိစရာ မလိုပါဘူး။ သူတို့သိရမှာက .... သူတို့ရဲ့ဘဝ ရပ်တည်ရေး ကောင်းစားရေးအတွက် မိမိကျွမ်းကျင်ရာ နေရာမှာ ရှင်သန်နေထိုင်ကြတာပါ။ သူတို့ ရပ်တည်ရှင်သန် ဖွံ့ထွားဖို့၊ တိုးတက် ကြီးပွားဖို့ အများကို မထိခိုက်တဲ့ လိုအပ်ချက်တွေနဲ့ ကိုယ်ကျိုးကို ကြည့်ရမှာ ဖြစ်ပါတယ်။

အဲဒီလို အပြစ်ကင်းတဲ့ ကိုယ်ကျိုးကို ကြည့်ပြီး .. အဲဒီ သူတို့နဲ့ ဆိုင်တဲ့ ကိုယ်ကျိုးကို ရှာဖွေရာမှာ ထိခိုက်မှုတွေ မရှိအောင် အခြေခံ ဥပဒေက ကာကွယ်ပေးနိုင်လား၊ အဲဒီ ကိုယ်ကျိုးတွေကို အခြေခံဥပဒေက ပိတ်ပင် တားဆီးနေသလား ဒါကို သိရင် ရပါပြီ။

ဥပမာ သူတို့ကို အုပ်ချုပ်မဲ့ အစိုးရ အကြီးအကဲ (သမ္မတ) ကို ပြည်သူက သူတို့ကိုယ်တိုင် သီးခြားရွေးချင်တယ်။ ဒါကို သိရင် ရပါပြီ။ သူတို့ရဲ့ သမာအာဇီဝ စီးပွားရေး လုပ်ငန်းတွေ၊ လွတ်လပ်ခွင့်တွေကို အကာအကွယ် ပေးသလား မပေးဘူးလား။ ပေးရင် ကျေနပ်လက်ခံမယ်။ မပေးရင် အခြေခံဥပဒေကို ပြင်ချင်တယ်။ ဒီလောက် သိရင် တော်ပြီ။ အများကြီး သိစရာ မလိုဘူး။

အထက်က မျှတတဲ့ အပြစ်ကင်းတဲ့ လိုအပ်ချက်တွေကို ကျွမ်းကျင်နားလည်တဲ့ နိုင်ငံရေးသမားတွေ၊ အတွေးအခေါ် ပညာရှင်တွေ၊ ဥပဒေသမားတွေက ရည်မှန်းချက် ပြည့်အောင် ရေးစွဲပေးဖို့ပဲ လိုတယ်။

အခြေခံ ဥပဒေကို ပြည်သူတွေက မသိလို့ .... ပါတီတွေကြား ဟိုဟာ ဖြစ်မယ် ဒီဟာ ဖြစ်မယ် ဆိုတာတွေက အကြုံးမဝင်ပါဘူး။ ပြည်သူတွေက သူ့တို့ ကိုယ်ကျိုးကိုသာ ဖြစ်စေဖို့ ဆန္ဒပြုရပါမယ်။ အကျိုးကို ဆန့်ကျင်တာတွေကို ကန့်ကွက်ရပါမယ်။ ဒါဆို လုံလောက်ပါပြီ။

ဥပမာ .... ကိုဘမောင်က လယ်သမား။ သူက မိုလ်ဘိုင်း တယ်လီဖုန်း ကိုင်ချင်တယ်။ စကားပြောချင်တယ်။ အဲဒါ သူ့ဆန္ဒ။ အဲဒီ ဆန္ဒပြည့်ဖို့ ပိုက်ဆံရှာမယ်။ ဖုန်းဝယ်မယ်။ အသုံးပြုမယ်။ ဒါပဲလိုတယ်။ သူက ဖုန်းတစ်လုံးကို ဘယ်လို လုပ်သလဲ။ အထဲက နည်းပညာမှာ processor ကို ဘယ်လို တည်ဆောက်သလဲ၊ လျှပ်စစ် ဗို့အား ဘယ်လောက်သုံးတဲ့ ဘက်ထရီ လိုအပ်သလဲ။ ဘယ်လို သတ္တုမျိုး သုံးရင် ပိုကောင်းမလဲ ... စတာတွေ သိစရာ မလိုပါဘူး။ သူသိဖို့ လိုတာက ဖုန်းသုံးဖို့ ဆန္ဒရယ် ... ဆန္ဒကို ထိုက်သင့်တဲ့ အကောင်အထည်ဖေါ်မှုရယ် (ဒီနေရာမှာ ပိုက်ဆံ) ပဲ လိုပါတယ်။

အခြေခံ ဥပဒေကို ပြင်ရာမှာလည်း ပုဒ်မ ဘယ်လောက်ကို ဘယ်လို ပြင်ရင် ဘယ်ချက်နဲ့ ငြိမယ်။ ဘယ်အချက်ကို ဖျက်သင့်တယ်။ ဘယ်အချက်ကို ဘာလုပ်မယ် ဆိုတာတွေ သိစရာ မလိုပါဘူး။ အခြေခံ ဥပဒေဟာ သူတို့အတွက် မှားနေတာကို မှားနေတယ်လို့ သိတယ်။ ပြင်ချင်တဲ့ ဆန္ဒရယ်၊ ဆန္ဒကို ထိုက်သင့်တဲ့ အကောင်အထည်ဖေါ်မှု (ဒီနေရာမှာ တောင်းဆိုမှု) ပဲ လိုပါတယ်။

ကျန်တာက ပညာရှင်တွေ လုပ်ရမှာ ဖြစ်ပါတယ်။

ပြည်သူတွေက ဘာတွေ လိုသလဲ သိစရာ မလိုပါ။ ဒီအတွက် ပါတီတွေကြားမှာ ဟိုဟာ ဒီဟာ ဖြစ်စရာ မရှိအောင် ... ပြည်သူတွေက သူတို့ရဲ့ အပြစ်ကင်းတဲ့ ဆန္ဒတွေကို သိရှိတောင်းဆိုနေဖို့သာ လိုအပ်ပါတယ်။

တောင်းဆိုမှုတွေ ဆန္ဒတွေက အပြစ်ကင်းသလား မကင်းသလား ဆိုတာကတော့ ... မျှတသလား၊ မမျှတဘူးလား၊ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား ..... ဆိုတာ အများက ဝိုင်းပြီး ဆုံးဖြတ်ပြီး ပညာရှင်တွေက သုံးသပ် အကောင်အထည် ဖေါ်ဖို့ပဲ လိုပါတယ်။

ပြည်သူတွေ မသိတာကို ပြောဆိုစရာ အချက်အဖြစ် ထောက်ပြတာ၊ မသိတာကို ဝေဖန်တာ၊ မသိတဲ့အပေါ် အခြေခံပြီး သုံးသပ်တာတွေဟာ နိုင်ငံရေး မှာ အကြုံးမဝင် လှပါ ... ခင်ဗျာ။
(ကိုထိုက်)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.