02/27/14

(The Independent မှ 22 Feb 2014 ရက်စွဲပါ Burma's democratic reforms have fooled the foreigners, but for villagers not much has changed ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့်ဖြစ်သည့် ပျော်ရွှင်မှုဟူသည် မြူမှုန်များသဖွယ် ပျောက်ပျက်ကုန်ပြီ ဖြစ်သည်။ လွတ်လပ်မှုသစ်များ ရလာသည်၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခဲ့သည်။ စာပေစိစစ်ရေး ဟူသည့် အစိုးရဆင်ဆာဘုတ်အဖွဲ့သို့ တင်ပြစရာမလိုသော ပုဂ္ဂလိကသတင်းစာများလည်း ဒလဟော ထွက်ပေါ်လာသည်။ အဆိုပါ ဖြစ်ရပ်များအားလုံးမှာ မှန်ကန်ပြီး ကြိုဆိုရမည်သာပင် ဖြစ်သည်။ သို့သော် သမ္မတ ဦးသိန်းစိန်၏ အမျှော်အမြင်နှင့် လိမ္မာပါးနပ်မှုမှာ ပြည်ပနိုင်ငံများအတွက် ရုပ်ဆိုးအကျည်းတန်ဖြစ်စေမည့် ဖိနှိပ်ချုပ်ခြယ် မှုများနှင့် အလွဲသုံးစားမှုများကို အလေးအနက်ထား ဖြေရှင်းရေးသာ ဖြစ်သည်။ သာမန်ပြည်သူ သန်းပေါင်းများစွာ၏ လူမှုဘဝအတွက် အလွန်အမင်း ပန်းပင်းဆင်းရဲမှုကြီးမားစေသည့် ပါဝါရှိသူများ၏ လုပ်ကိုင်ဆောင်ရွက်မှုများမှာမူ ယနေ့အထိ တို့ထိခွင့်မရဘဲ ယခင်တိုင်း ရှိနေလေသည်။

သမ္မတဦးသိန်းစိန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၏ ကန့်သတ်ချက်များကို စောင့်ကြည့်လေ့လာရန် အသင့်တော်ဆုံးနေရာမှာ မြန်မာပြည် အနောက်ဘက် အိန္ဒိယ နယ်စပ်ဒေသနှင့် ထိစပ်နေသော ချင်းပြည်နယ်ပင်ဖြစ်သည်။ ချင်းပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဆင်ရဲနွမ်းပါးဆုံး၊ တစ်နည်းအားဖြင့် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးသော ပြည်နယ်တစ်ခုဖြစ်သည်။ ချင်းပြည်နယ်သည် မတ်စောက်လှသည့် တောင်တန်းများဖြင့် ဖုံးအုပ်လျက်ရှိပြီး မြေပြန်နေရာဟူ၍ အနည်းငယ်မျှသာရှိသည်။ ချင်းလူမျိုးများသည် ရာစုနှစ် များစွာ လှည့်လည်သွားလာ နေထိုင်သူများဖြစ်ကြပြီး ရွှေ့ပြောင်းတောင်ယာအလုပ်ကို လုပ်ကိုင်ခဲ့ကြကာ ကိုယ်ပိုင်နတ်ဘုရားများကို ကိုးကွယ်ကြသူများ ဖြစ်ကြသည်။ သို့သော် ဗြိတိသျှကိုလိုနီများနှင့်အတူ ဝင်ရောက်လာသည့် အမေရိကန် နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ ချင်းပြည်နယ်ထဲသို့ ဝင်ရောက် သာသနာပြုလာ သောအခါ ချင်းလူမျိုးများ၏ ဦးတည်ချက်များမှာ ပြောင်းလဲသွားသည်။ သူတို့က ယခင်ကလို ရွှေ့ပြောင်းနေထိုင်မှုမ ပြုဘဲ ကျေးရွာငယ်လေးများ တည်ဆောက်နေထိုင်ခဲ့ ကြသည်။

မြန်မာနိုင်ငံမှ သစ်လွင်လှသော လွတ်လပ်မှုဟူသည်ကား အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီနှင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ချင်းပြည်နယ်တွင် ပါတီလုပ်ငန်းစဉ်များ ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်းပင် ဖြစ်သည်။ ယင်းပါတီ များသည် လာမည့်နှစ် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ သို့သော် ချင်းမျိုးချစ်များကို ချင်းပြည်နယ် စည်းလုံးညီညွတ် ရေးထက် အခြားမည်သည့် အကြောင်းအရာများအတွက် မဲဆွယ်စည်းရုံးကြမည်နည်းဟု မေးကြည့်သောအခါ သူတို့တွင် ဘာအစီအစဉ်မှမရှိသည်ကို တွေ့ရပါသည်။

အမှန်စင်စစ်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သော ဒီမိုကရေစီ ခွဲဝေကျင့်သုံးမှုများမှာ ချင်းပြည်နယ်အတွက် ကောင်းစွာသက်ရောက်မှုမရှိပေ။ ချင်းဒေသခံများ တာဝန်ယူဆောင်ရွက်ရမည့် အရေးကိစ္စများ ကို အသေအချာ ဖော်ပြထားပုံရသော်လည်း စစ်မှန်သည့် လုပ်ပိုင်ခွင့်အာဏာရရှိမှုမှာမူ ကွဲပြားခြားနားလျက် ရှိသည်။

အခြားပြည်နယ်ဒေသများတွင်မူ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြား စီးပွားရေးလုပ်ငန်းများ တစ်ပုံတစ်ခေါင်းကြီး ဝင်ရောက်လာခြင်းကို ဖြစ်ထွန်းစေသည်။ ရန်ကုန်ကဲ့သို့ မြို့ကြီးပြကြီးများတွင် ယာဉ်ကြော ပိတ်ဆို့မှုများနှင့် လေထုညစ်ညမ်းမှုဆိုင်ရာ အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ချင်းပြည်နယ်ကဲ့သို့ တောတောင်ထူ ထပ်သည့် ဒေသများကိုကြည့်မည်ဆိုပါက အပြောင်းအလဲမှာ အနည်းငယ်မျှသာ ရှိသည်။

လျှပ်စစ်မီးရရှိမှုကို ကြည့်မည်ဆိုပါက ချင်းပြည်နယ်မြို့တော် ဟားခါးတွင် မီးစက်အဟောင်းအနွမ်းကြီး များဖြင့် မောင်းနှင်ပေးမှုကြောင့် ညနေပိုင်းအချိန်တွင် လျှပ်စစ်မီး ငါးနာရီမျှရရှိသည်။ အကျိုးဆက်အားဖြင့် ဒေသခံ လူငယ် လူရွယ်များမှာ ပညာသင်ယူလေ့လာမှုများ ထပ်မံမပြုလုပ်နိုင်တော့ဘဲ အရည်အချင်းမပြည့်ဝသော လုပ်သား ဘဝဖြင့် လုပ်ငန်းခွင်ဝင် ကြရသည်။ မြန်မာပြည်အခြားဒေသများတွင် ပညာဆည်းပူးလေ့လာရန် ရန်ပုံငွေဟူသည်မှာ လည်း မရှိသလောက် နည်းပါးလှသည်။ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် တက္ကသိုလ်မရှိသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်။ ဖွံ့ဖြိုးမှုဟူသည် စကားလုံးမှာ ချင်းပြည်နယ်တွင် နားလည်ရန်ခက်သော စကားလုံးအဖြစ် ကျန်ရှိနေသည်။ ချင်းပြည်နယ်သို့ တရုတ်များလာရောက်ပြီး သတ္တုတူးဖော်ရန် လေ့လာမှုပြုလျက်ရှိသည်။ သို့တိုင် အောင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဟူသည်ကား ချင်းလူမျိုးများအတွက် ဝမ်းသာရွှင်လန်းဖွယ်ကိစ္စရပ် မဟုတ်ပေ။

ကျွန်တော့်အနေဖြင့် ယခုလို ချင်းပြည်နယ်အကြောင်း ဆောင်းပါးရေးသားနိုင်ရ ခြင်းမှာလည်း မြန်မာနိုင်ငံ သည် ၁၉၆၂ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပိုက်ပြီးနောက်ပိုင်း နိုင်ငံခြားသားများကို ပြည်တွင်း၌ ပထမဆုံးခရီး သွားလာခွင့် ပြုလိုက်သောကြောင့်ဖြစ်သည်။ သို့သော် အခြားသော တိုးရစ်များအနေဖြင့် ကျွန်တော်လို ချင်းပြည်နယ် သို့ သွားရောက်ခွင့်ရမည်ဟု မထင်မိပေ။ ချင်းပြည်နယ်တွင် လေဆိပ်မရှိပေ။ ချင်းပြည်နယ်သို့ ရောက်ရန် မန္တလေးမှ မော်တော်ကားဖြင့်သွားရာ ၁၅ နာရီကြာမျှ ကြမ်းတမ်းလှသော ခရီးလမ်းကို ဖြတ်သွားရသည်။ အရိုးများပင် ကျိုးကြေ လောက်အောင် လမ်းကကြမ်းလှသည်။ ယင်းပြည်နယ်သို့ သွားသည့်လမ်းမှာလည်း တောသူ၊တောင်သား (အမျိုးသမီးများအပါအဝင်) များက သမားရိုးကျ ဖောက်လုပ်ပေးထားသည့် လမ်းသာဖြစ်ပါသည်။ ရှေးခေတ် ဗြိတိန် လူမျိုးများ ရောမသားများအတွက် လမ်းဖောက်ပေးခဲ့သလိုမျိုး လက်ဖြင့်ဖောက်လုပ်ကြသည်ကိုလည်း ဝမ်းနည်းဖွယ် တွေ့မြင်ရသည်။ ယင်းသည်ပင် ချင်းပြည်နယ်၏ ဖွံ့ဖြိုးမှုတစ်ရပ် ဖြစ်နေသည်။ အကောင်းဘက်မှ ကြည့်မည်ဆိုလျှင် ချင်းပြည်နယ်သည် အာရှဒေသတွင် ရိုးရာဓလေ့နှင့် ထုံးတမ်းစဉ်လာများကို ယနေ့ထက်တိုင် ကျင့်သုံးနေသည့် ပြည်နယ်တစ်ခု ဖြစ်နေခြင်းပင်။ ချင်းအမျိုးသမီးများက ရိုးရာစတ်များဖြင့် လက်ပြနှုတ်ဆက်ကြ သည်ကိုတွေ့ရ သည်မှာ ကြည်နူးစရာပင်ဖြစ်သည်။

Yangon chronicle

“26 February 2014 ရက်စွဲပါ The Diplomat မှ Mongo Palatino ရေးသားသော Myanmar’s census controversy ကို ဘာသာပြန်ဆိုပါသည်။)

မြန်မာနိုင်ငံသည် လာမည့်လတွင် သန်းခေါင်းစာရင်း ကောက်ယူရန် စီစဉ်လျက်ရှိရာ ပြည်တွင်းနှင့် နိုင်ငံတကာမှ စောင့်ကြည့်လျက်ရှိသော အုပ်စုများက ယင်းသို့ကောက်ယူခြင်းသည် တိုင်းရင်းသားနှင့် ဘာသာရေး တင်းမာမှုများ ဖြစ်စေရန် မီးမွှေးပေးသကဲ့သို့ ရှိမည်ကို စိုးရိမ်လျက်ရှိကြပါသည်။

သန်းခေါင်စာရင်း ကောက်ယူရေးမှာ အလွန်အရေးကြီးလှပြီး ကုလသမဂ္ဂ အေဂျင်စီအချို့ကလည်း အကူ အညီ ပေးလျက်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံလုံးကျွတ် သန်းခေါင်းစာရင်း မကောက်သည်မှာ နှစ်ပေါင်း သုံးဆယ်ခန့်ရှိပြီ ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ သန်းခေါင်းစာရင်းရှိမှသာလျှင် မြန်မာနိုင်ငံ၏ မွေး/သေ စာရင်းမှ အစပြု၍ အခြားပြောင်းလဲ သွားသည့် ကိစ္စရပ်များကို သိရှိနိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်မှု လိုအပ်ချက်များ အတွက် မူဝါဒချမည့်သူများ၊ ရင်းနှီးမြှုပ်နှံမည့်သူများအတွက် ထိုစာရင်းသည်များစွာ အသုံးဝင်ပါ သည်။

သို့သော် သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား (သို့မဟုတ်) မျိုးနွယ်စုများနှင့် ပတ်သက်သော သတ်မှတ်ချက်မေးခွန်းသည် ပဋိပက္ခပိုမိုဖြစ်စမည့် မီးပွားဖြစ်နိုင်သည်ကို ခြိမ်းခြောက်လျက်ရှိပါသည်။ သန်းခေါင် စာရင်း ပုံစံတွင် အစိုးရက သတ်မှတ်ထားသော တိုင်းရင်းသား (၁၃၅) မျိုးထဲမှ ရွေးချယ်ကြရန် ဖြစ်ပါသည်။ အချို့ပညာရှင်များအဆိုအရ အဆိုပါ (၁၃၅) မျိုး စာရင်းသည် နှစ်အတန်ကြာကတည်းက ပြင်ဆင်ရန်သင့်သည်ဟု သိရှိရပါသည်။ အချို့တိုင်းရင်းသား အုပ်စုများက စောဒကတက်ရာတွင် လူနည်းစုများကို တစ်မျိုးတည်း ပေါင်းထည့် ထားခြင်းများ၊ အချို့က စာရင်းတွင် ချန်လှပ်ထားခြင်း ခံရကြောင်းများကို ပြောဆိုကြပါသည်။

ဥပမာအားဖြင့် ပလောင်(တအောင်း) လူမျိုးစုက ၎င်းတို့ကို ရှမ်းလူမျိုးအောက်တွင် ထည့်သွင်းထားသည်ဟု ဆိုပါသည်။

“မိမိတို့တအောင်း တိုင်းရင်းသားများသည် ဤဒေသတွင်း ရှမ်းလူမျိုးများ မနေထိုင်မီကတည်းက အခြေချနေ ထိုင်ခဲ့ခြင်း ဖြစ်ပါသည်။ မိမိတို့သည့် အခြားတိုင်းရင်းသားများနှင့် မတူပါ။ မိမိတို့သည် တောင်ထူထပ်သော နေရာများ တွင် နေထိုင်ကြပြီး၊ မတူကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် ဘာသာစကားရှိပါသည်။” ဟု ပလောင် အသိုင်းအဝိုင်းမှ တရားဝင် ထုတ်ပြန်ကျေညာချက်အရ သိရှိရပါသည်။

မြန်မာနိုင်ငံတွင် နေထိုင်သူအများစုမှာ ဗမာများ ဖြစ်ကြပါသည်။ နေထိုင်သူလူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ တိုင်းရင်းသားများ ဖြစ်သည်ဟု ခန့်မှန်းရပြီး ရှမ်းလူမျိုးသည် အကြီးဆုံးတိုင်းရင်းသားလူမျိုး ဖြစ်သည်ဟု ဆိုနိုင်ပါ သည်။ အခြား အဓိကအုပ်စု များတွင် ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ မွန်နှင့် ရခိုင်တို့ ပါဝင်ပါသည်။

နားလည်မှု လွဲခြင်းများကို ရှောင်ရှားနိုင်ရန်၊ တိုင်းရင်းသား အသိုင်းအဝိုင်းများနှင့် ဒီမိုကရေစီနည်းကျကျ တိုင်ပင်ညှိနှိုင်း မှုများအပေါ် အခြေခံ၍ စာရင်းပြန်လည် သတ်မှတ်ရန် အစိုးရကို တိုက်တွန်းခဲ့ပါသည်။ အစိုးရအနေဖြင့် ထိုသို့လုပ်ဆောင်ပါက၊ သန်ခေါင်စာရင်းကောက်မှုကို ခဏရွေ့ဆိုင်းထားရန် အုပ်စုအချို့က လိုလားနေပါသည်။ အချို့ နေရာများတွင် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေး သဖြင့် ငြိမ်းချမ်းရေးကို ရှေးရှု ၍ ရွေ့ဆိုင်းရန် လိုအပ်သည်ဟု ထင်ပါသည်။

တိုင်းရင်းသားအုပ်စုများ၏ စိုးရိမ်မှုကို နားလည်ပေး၍ရပါသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရ၏ စာရင်းအပေါ်သာ သန်းခေါင်စာရင်းက အခြေပြုခွင့် ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများတွင် ထိုဒေသ၌ လူဦးရေ၏ ၀.၁ ရာခိုင်နှုန်း ကျော်သော တိုင်းရင်းသားအုပ်များအတွက် တိုင်းရင်းသားဝန်ကြီး ခန့်အပ်ခွင့် ရှိပါသည်။

ရိုဟင်ဂျာ ကိစ္စတွင်မှု အစိုးရသည် ၎င်းတို့အား နိုင်ငံသားရပိုင်ခွင့်များ မပေးဘဲ တရားမဝင် ဝင်ရောက်လာ သူများ အဖြစ်သာ သတ်မှတ်ပြုမှုလျက်ရှိပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ဦးကျော်မင်းကမှု မွတ်ဆလင် အများစုဖြစ်သော ရိုဟင်ဂျာ များကို အသိအမှတ်ပြုရန် တောင်းဆိုလျက်ရှိပါသည်။

“လူသားတိုင်းမှာ သူရဲ့ကိုယ်စီ အမှတ်သရုပ်လက္ခဏာ (identity) ရှိပါတယ်။ ကျွန်တော်တို့မှာလည်း သရုပ်လက္ခဏာ နဂိုကတည်းက ရှိခဲ့တာပါ။ အခုမှမဟုတ်ပါဘူး။ အခုတော့ တိုင်းပြည်မှာ ကျွန်တော်တို့ကို ခွဲခြားဆက်ဆံတာ ခံနေရပါတယ်။ ကျွန်တော်တို့ (identity) ကို အသိအမှတ်ပြုဖို့ တောင်းဆိုနေတာကို လျစ်လျူရှု လျက်ရှိပါတယ်” ဟု ၎င်းကဆိုပါသည်။

သန်းခေါင်စာရင်းမှာ ဘာသာရေးထည့်သွင်းထားခြင်းဟာလည်း မတည်ငြိမ်မှုဖြစ်လာနိုင်သည်ဟု စိုးရိမ်ရပါ သည်။ တိတိပပ ဆိုရသော် သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံတွင် မွတ်ဆလင်အရေအတွက် တိုးလာသည်ဟု အတည်ပြုနိုင်ခဲ့ပါက ဗုဒ္ဓဘာသာ အစွန်းရောက်များက မွတ်ဆလင်များအပေါ် အမုန်းပွားမှုများနှင့် အကြမ်းဖက်မှုများ ပြုလာနိုင်ပါသည်။

“ပေါင်းကူး” လူထုအခြေပြုအဖွဲ့ကို ဦးဆောင်သူ ကျော်သူကမူ သန်းခေါင်းစာရင်းတွင် တိုင်းရင်းသားနှင့် ဘာသာရေး မေးခွန်းကို ချန်လှပ်ထားသင့်သည်ဟု ထင်ကြောင်း၊ ယခုသန်းခေါင်းစာရင်း၏ ရည်ရွယ်ချက်မှာ ဖွံဖြိုးတိုးတက်ရေးနှင့် စီးပွားရေး စီမံကိန်းများအတွက်သာ အာရုံပြုထားခြင်းဖြစ်၍ ထိုနှစ်ခုမလိုဟုမထင်ကြောင်း ဆိုပါ သည်။ ဥရောပသမဂ္ဂမှ ရန်ပုံငွေ ထောက်ပံသော တရားဥပဒေစိုးမိုးရေး ပရော့ချက်အတွက် မွန်ပြည်နယ်မှ ဒေသခံ ညှိနှိုင်းရေးမှူး ထွန်းအောင်ကျော် ကလည်း အထက်ပါအကြောင်းပြချက်ကို ထောက်ခံပြောဆိုခဲ့ပါသည်။ အစိုးရ အနေဖြင့် အစောပိုင်းက အမျိုးသားမှတ်ပုံတင် ကဒ်ပြားတွင် တိုင်းရင်းသားနှင့် ကိုးကွယ်သည့် ဘာသာဖော်ပြချက်ကို ဖယ်ရှားရန် အတိပြုခဲ့သည်ကို ညွှန်းဆို၍ ပြောဆိုခဲ့သည်။

ဘရပ်ဆဲ အခြေစိုက် International Crisis Group ကလည်း သန်းခေါင်စာရင်း မွေးခွန်းတွင် အသက်၊ ကျား/မ နှင့် အိမ်ထောင်ရှိမရှိကိုသာ ကန့်သတ်မေးမြန်းရန် အကြံပြုထားပါသည်။ ၎င်းတို့က လူမျိုးရေးအရ အကြမ်းဖက်မှုများသည် ယခုကဲ့သို့ အသွင်ကူးပြောင်းရေးကာလတွင် လမ်းချော်သွားနိုင်ကြောင်း သတိပေး ခဲ့ပါသည်။

“မြန်မာနိုင်ငံသည် ဒေသတွင်းတွင် ကွဲပြားခြားနားမှုအများဆုံးရှိသည့် တိုင်းပြည်များ၌ ပါဝင်ပြီး၊ တိုင်ရင်းသား အမျိုးအစားများမှာ ရှုတ်ထွေးနေပါသည်။ ပြိုင်ဆိုင်မှုကြီးပြီး၊ နိုင်ငံရေးအရလည်း အထိမခံသည့် ကိစ္စရပ်ဖြစ်ပါသည်။

အစိုးရသည် တိုင်းရင်းသားအမျိုးအစားသတ်မှတ်မှု၌ နိုင်ငံရေးအရ တမင်ရည်ရွယ်၍ လိုသလို ချုပ်ကိုင်ခဲ့ သည်ဟု တိုင်းရင်းသား အသိုင်းအဝိုင်းက ယုံကြည်လျက်ရှိပါသည်။ အချိန်မလုံလောက်ဖြင့် လုပ်ဆောင်မည့် သန်းခေါင်းစာရင်း ကောက်ယူမှုတွင် တိုင်းရင်းသားနှင့် ဘာသာရေးကဲ့သို့သော အငြင်းပွားဖွယ်ကိစ္စများ မရိုးမဖြောင့် သော သဘောဖြင့် ထည့်သွင်းထားပါက အခြေအနေများနောက်ထပ်ရှုပ်ထွေး လာနိုင်ပါသည်” ဟု ဖော်ပြထားပါသည်။

ထို့ကြောင့် အများစု၏ မျှော်လင့်ချက်များမှာ ၂၀၁၅ ရွေးကောက်ပွဲ၌ စုပုံလျက်ရှိပြီး၊ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်း ရေး ကာလအောင်မြင်မှု ရှိမရှိမှာလည်း ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကသာ အဆုံးအဖြတ် ပြုမည်ဟု ယုံကြည်နေကြ ပါသည်။ သို့သော်လည်း လာမည့်လသန်းခေါင်စာရင်းကြောင့် မဲဆန္ဒပေးနိုင်သည့် နယ်မြေများနှင့် တိုင်းရင်းသား ကိုယ်စားပြုမှုများ သည် လက်ရှိနိုင်ငံရေးအရ အမြတ်ထုတ်လိုမှုကို မျက်နှာသာပေးခြင်းကြောင့် အဓိက အပြောင်း အလဲများ ဖြစ်ပေါ်ခဲ့ပါက ရွေးကောက်ပွဲ၏ တရားဝင်မှုတွင် အန္တရာယ်ရှိပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် လာမည့်သန်းခေါင်စာရင်းတွင် ပါဝင်သော အကြောင်းအရာများနှင့် လုပ်ငန်းစဉ်များကို အလေးအနက်ပြန်လည် စဉ်းစားရန် အချိန်ရပါသေးသည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.