03/09/14




လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ မြန်မာပြည်ရင်ဆိုင်ရမယ့် ခရီးရှည်ကြီးအတွက် တက်လှမ်းရမယ့် အဆင့်တစ်ဆင့်ပဲဖြစ်တာကြောင့် မီဒီယာတွေဆီက ဒေါ်အောင်ဆန်းစုကြည် တစ်ခု တောင်းဆိုခဲ့ပါတယ်။ ဒီမိုကရေစီခေါင်းဆောင် မီဒီယာတွေကို ဘာတောင်းဆိုခဲ့လဲ။

လက်ရှိ သက်ရှိထင်ရှားရှိနေသူတွေ အတွက်တင်မဟုတ်ဘဲ လာမယ့် နောင်လာနောင်သား မျိုးဆက်သစ်တွေနေထိုင်မယ့် လူ့အဖွဲ့အစည်းတစ်ခု၊ တိုင်းပြည်တစ်ခုအတွက် ဂုဏ်ယူနိုင်တဲ့ ဒီမိုကရေစီယဉ်ကျေးမှုရဲ့ အခြေခံအုတ်မြစ်တွေကို ချပေးပါလို့ စုဖောင်ဒေးရှင်းဖွင့်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မီဒီယာလွတ်လပ်မှုအပေါ် စိန်ခေါ်မှုများဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာစံပလာဇာမှာ ပြုလုပ်တဲ့ East West Media Center ရဲ့ အကြိုဖွင့်ပွဲအခမ်းအနားမှာ ဒေါ်အောင်စုကြည်က မီဒီယာလွတ်လပ်မှုနဲ့အတူ တာဝန်ယူမှုက ဒွန်တွဲနေတာကြောင့် သတင်းမီဒီယာသမားတွေ ဘယ်လောက် တာဝန်ယူမှုယူမလဲဆိုတာ ပြင်ဆင်ထားလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

သတင်းမီဒီယာဟာ မှန်ကန်မှုရှိပြီး အများပြည်သူအတွက် အကျိုးရှိရမှာဖြစ်သလို အများလက် ခံနိုင်အောင်လည်း ရေးသားရမယ်လို့ ဆိုပါတယ်။ ပြည်သူ့ဆန္ဒကိုအခြေခံပြီး ဒီမိုကရေစီ ယဉ်ကျေးမှုကို ကျင့်သုံးတဲ့ မြန်မာနိုင်ငံသစ်ကို ကြိုးစားပြီး ထူထောင်နေတာဖြစ်တယ်။ ဒီ့အတွက် သတင်းအချက် အလက်က အရေးကြီးတယ်လို့ ဆိုပါတယ်။ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လုပ်ကြံရေးသားချက်တွေကို မတုံ့ပြန်ဘူးလို့ ဆိုပါတယ်။

စုဖောင်ဒေးရှင်းဟာ မြန်မာပြည်သူတွေအတွက် ပညာရေးနဲ့ ကျန်းမာရေးအတွက် ထူထောင်လိုက် တာဖြစ်ပြီး ဖောင်ဒေးရှင်းရဲ့ နာယကတွေအဖြစ် အမေရိကန်သမ္မတကတော်ဟောင်းတွေဖြစ်တဲ့ လော်ရာဘုရှ်နဲ့ ဟယ်လာရီ ကလင်တန်တို့က တာဝန်ယူထားပါတယ်။ Board of Director ကို အဖွဲ့ဝင် ၄ယောက်နဲ့ ဖွဲ့စည်းထားပြီး ရုပ်ရှင်မင်းသမီး မယ်ရှဲယိုးလည်း ပါဝင်ပါတယ်။

မြန်မာပြည်အောက်ခြေပြည်သူတွေ ကျန်းမာရေးပြုစုစောင့်ရှောက်မှုရဖို့နဲ့ ပညာရေးအတွက် အခုမှ စတင်ထူထောင်လိုက်တာဖြစ်ပြီး လတ်တလောမှာတော့ တကယ်လိုအပ်မယ့်နေရာတွေမှာ ထိထိရောက်ရောက်ဖြစ်ဖို့ လေ့လာနေတယ်လို့ စုဖောင်ဒေးရှင်းရဲ့ဥက္ကဌက ဆိုပါတယ်။
Kamayut Media

မျိုးစောင့် ကို ဦးသိန်းစိန် က အပြီး ဆွဲစား လိုက်ပြီ ဆိုတော့ စာဖတ်သူနေ သူကြီး ရဲ့ ၂၀၁၅ line-up ကို ဦးသိန်းစိန် ကို ပဲ ပြန်လည်ရွေး ချယ်လိုက်ပြီ ဆိုတာ သေခြာသလောက်ရှိသွားပါပြီ။
ဒီလောက် ဆို မသီတာထွေး ဖြစ်စဉ်က စ လို့ ရခိုင်ပြည်နယ် က နေ နိုင်ငံ အနှံ့ အပြား မှာ ဖြစ်ပေါ် ခဲ့ တဲ့ လူမျိုးရေး ဘာသာရေး သွေးခွဲ မှိုင်းတိုက်မှုတွေ၊ အကြမ်းဖက် သွေးချောင်းစီး သတ်ဖြတ်မှုတွေ ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ လက်သည်ကို မြင်လောက်ကြပါပြီ။ မကြာခင်မှာ ကာလ အတော်ကြာ အနားရနေပြီ ဖြစ်တဲ့ စွမ်းအားရှင်တွေ အမျိုးဘာသာကိုစောင့်ရှောက် ဖို့ တာဝန်အသီးသီးပြန်လည်ထမ်းဆောင် ကြတော့မှာပါ။

ဒီနေရာမှာ အရေးတကြီးပြောချင်တာက၊ ဇာတ်ညွှန်းလိုအပ်ချက်အရဖြစ်လာနိုင်တဲ့ ခြေလှမ်းတွေပါ။ ပထမ ဆုံးတဖက်က လိုအပ်နေတဲ့အချက် က မျိုးစောင့်ဥပဒေ ကို ဒေါ်အောင်ဆန်းစုကြည်ဖက် က ဆန့်ကျင်ဝေဖန်မှု လုပ်လာဖို့ပါ။ ဒီလိုဖြစ်မလာခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ကို စိတ်ပိုင်းဆိုင်ရာ နှိုးဆွ ဖို့ မျိုးစောင့်ဥပဒေ ကို NLD ရဲ့ သင်းကွဲ NDF နဲ့ ဦးသိန်းညွန့် တို့ဖက်က နေ ထောက်ခံယုံမက ၊ဦးဆောင်လှုပ်ရှားတော့မယ့် ဟန်ပြခဲ့တာပါ။ ဒါကြောင့် ၊ ခုကနေစပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မျိုးစောင့် ကို ဝေဖန်ဆန့် ကျင်လာအောင် ချောင်ပိတ်တဲ့ လုပ်ရပ်တွေ လုပ်လာနိုင်ပါတယ်။ နောက်ဒုတိယ တစ်ချက်ကတော့ မွတ်စလင်လူအဖွဲ့ အစည်းဖက်ကတန်ပြန်မှုပါပဲ။ အခုအချိန်ထိ မွတ်စလင်ဖက် က အဖွဲ့ အစည်းလိုပုံစံ မျိုးတွေ တိတ်တဆိတ်ဖွဲ့စည်းလှုပ်ရှားတာ၊ လက်နှက်စုဆောင်းထားတာမျိုး မတွေ့ ရလို့ ၊ ဒိထက်ချိန်းခြောက်မှုတွေလုပ်လာနိုင်ပါတယ်။ ဘယ်သူမဆို လူနည်းစုဖြစ်ပြီး လုံလောက်သေခြာတဲ့ အကာအကွယ်မရရင် ကိုယ်ထူကိုယ်ထ ကိုယ်နဲ့ ကိုယ့်မိသားစုအသိုင်းအဝိုင်းရဲ့ လုံခြုံရေး ကိုပြင်ဆင်ကြပါလိမ့်မယ်။ အဲဒိအခါ မွတ်စလင်ဖက်က စ ပြီး အကြမ်းဖက်ဖို့ပြင်ဆင်တယ်ဆိုတဲ့ သဘောတွေ နဲ့ ဗုဒ္မ္ဂဘာသာဖက်က စိုးရိမ် လာအောင်သတင်းဖြန့် နှိုးဆွတဲ့ခြေလှမ်းတွေ လုပ်လာ နိုင်ပါတယ်။

ဒါ့အပြင်၊ ဘုန်းကြီးအတု၊ မွတ်စလင်အတု တွေ နဲ့ ရန်စမှုတွေ ၊ ရန်ပွဲဖန်တီးမှုတွေ မလွှဲမသွေ ကြုံရမှာဖြစ်ပါတယ်။ သေခြာတာ ကတော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်၊ အမျိုးသားရေးဝါဒ ခောတ်စားကျယ်ပြန့် လာစေဖို့ နှိုးဆွ မှုတွေ ၊ ဝါဒဖြန့် မှုတွေ ကို ဘာသာရေး၊လူမျိုးရေး ပဋိပက္ဒ္မတွေ ကနေဖန်တီး ရယူပါလိမ့်မယ်။ အမျိုးသားအကျိုးစီးပွါးနဲ့ အမျိုးသားလုံခြုံရေးကို ဘယ်သူ တာဝန်ယူ၊ အာမခံ နိုင်လဲဆိုတဲ့ မေးခွန်း ကို ရွေးကောက်ပွဲမတိုင်ခင်၊ မဲဆန္ဒရှင်တွေ ကို မေး ဖို့ သိသာတဲ့ ဖြစ်စဉ်တွေနဲ့ ပေါ်ထွက်လာမှာပါ။ အပြတ်အသတ် နိုင်ရမယ် လို့ ကြွေးကျော်မှုတွေ ရဲ့ အနောက်မှာ ၊ သေခြာတဲ့ အစီအစဉ်တွေရှိနေတက်ပါတယ်။

ဒီနေရာမှာ၊ အတိုက်အခံရော၊ အာဏာရပါတီ ရော ၊ ဒီလုပ်ရပ်တွေ ကိုပူးပေါင်းတားစီးစေခြင်ပါတယ်။ လူတစ်စုရဲ့ လုပ်ကွက် ကို တစ်ပါတီ ရဲ့ လုပ်ရပ် အဖြစ် ရည်ညွှန်း ပြောဆိုသတ်မှတ်လိုက်မယ်ဆိုရင် ဘာသာရေးရော၊နိုင်ငံရေး ပဋပက္ဒ္မ တွေပါရောပြွန်း သွားနိုင်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ထူထောင်တည်ဆောက်ရေး ကို အဟန့်အတားဖြစ်စေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ဒ္မလှုံ့ဆော်ဖန်တီး မှုမှန်သမျှကို တားဆီးဖို့ အဓိကပြိုင်ဖက်ပါတီကြီး နှစ်ခုစလုံးက ပွင့်ပွင့်လင်းလင်းပူးပေါင်းဆောင်ရွက်ကြတာဟာ ပိုပြီး မဟာဗျူဟာမြောက်ပြီး အမျိုးသားရင်ကြားစေ့ရေးကို အထောက်အကူပင်ဖြစ်စေနိုင်ကြောင်းပါ။

Thiha Thwe

မဇ္ဈိသတင်းစာ အယ်ဒီတာ၊ အိုအေစစ်ဂျာနယ်ရဲ့ အတိုင်ပင်ခံ အယ်ဒီတာ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင်နဲ့ မြန်မာမီဒီယာစာကြည့်တိုက်ရဲ့ တည်ထောင်သူဖြစ်တဲ့ ကိုစောလင်းအောင်ကတော့ အသက် ၃၉ နှစ်မှာပဲ ကျွန်တော်တို့နဲ့ လောကကြီးကို ထားခဲ့လို့ ထွက်ခွာသွားခဲ့ပါပြီ။ သူက ရှေ့ကသွားရင် ကျွန်တော်တို့က အချိန်ပိုင်းခွာလို့ နောက်ကလိုက်ရုံပဲ ရှိပါတော့တယ်။ သေမှရေးလို့ လွမ်းစာလို့ ခေါ်ချင်ခေါ်ပါ၊ နည်းနည်းတော့ အမှတ်တရလေး ရေးချင်ပါတယ်။

ထောက်လှမ်းရေးတပ်တစ်ခုကို ရန်ပုံငွေပေးလို့ သတင်းဂျာနယ်တွေ ထုတ်ရတဲ့ခေတ်မှာ သူ့ကို ကျွန်တော် စ သိတယ်၊ အဲဒီတုန်းက ကျွန်တော်က ထောက်လှမ်းရေး တပ်တစ်ခုရဲ့ ထုတ်ဝေခွင့်ကတ်နဲ့ ထုတ်နေတဲ့ ဆဲဗင်းဒေးရဲ့ သတင်းအယ်ဒီတာ၊ သူက သတင်းတွေ ထုံ့ပိုင်းထုံ့ပိုင်း ရေးနေသူ အလွတ်သတင်းထောက်။ သူ့သတင်းတချို့ကြောင့် ထောက်လှမ်းရေးတွေပါ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပြီး ဆဲဗင်းဒေးဂျာနယ်လည်း ပေါက်ဖူးခဲ့တယ်။ သတင်းလာဘ်မြင်ပြီး သတင်းရေးလက်စွာတဲ့သူတစ်ယောက်ပါပဲ။

နောက်တစ်ခါက နည်းပညာဂျာနယ်တစ်စောင်ဖြစ်တဲ့ အင်တာနက်ဂျာနယ်မှာ သူ အယ်ဒီတာလုပ်တော့လည်း ကျွန်တော် ဘာသာပြန်တွေ ရေးပေးဖူးခဲ့တယ်။ သူ အကြောင်းတစ်ခုနဲ့ ကျွန်တော့်ကို စာမူခပေးဖို့ လွဲချော်သွားတော့ ပိုက်ဆံကိစ္စဆို သည်းမခံတတ်တဲ့ ကျွန်တော်က ရအောင် တောင်းခဲ့တယ်။ သူလည်း ပြန်ပေးခဲ့ပါတယ်။ အဲဒီကိစ္စလွဲချော်မှုကို သူ့မှာ အခွင့်သင့်တိုင်း ကျွန်တော့်ကို စိတ်မကောင်းကြောင်း ပြောရှာပါတယ်။ သူပြန်ပြန်ပြောတိုင်း ကျွန်တော့်ရဲ့ မိုက်မဲမှုကို နောင်တရမိတယ်။ လူတွေမှာ အခက်အခဲဆိုတာ တစ်ခါတစ်ခါ ရှိတတ်တယ် မဟုတ်လား။

နောက်တစ်ခု မှတ်ထင်နေတာကတော့ သူက ပိုက်ဆံရှာတတ်တယ်။ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေး လုပ်ငန်းတစ်ခုကို သူ ဦးဆောင်ပြီး လုပ်ခဲ့တယ်။ ၀င်ငွေလည်း တော်တော် ရခဲ့တယ်လို့ သူ ပြောပြဖူးတယ်။ သီချင်းလည်း အဆိုကောင်းတယ်၊ ရှမ်းတိုင်းရင်းသား မော်ဒယ်နဲ့ မင်းသား စိုင်းဘိုဘိုနဲ့ သူက ခင်တော့ သူလည်း ဒီလောကထဲ တကယ်တမ်း ထိထိရောက်ရောက် လှုပ်ရှားရင် အဆိုတော်တွေ ဘာတွေ ဖြစ်နိုင်သားလို့ ကျွန်တော် ထင်ခဲ့မိတယ်။ ရှင်းရှင်းပြောရရင် အလုပ်ကို ဖောက်ထွက် လုပ်နိုင်တဲ့၊ ငွေရှာနိုင်တဲ့သူမို့ ဗိုလ်စောကို ကျွန်တော် အထင်ကြီး လေးစားခဲ့ဖူးတယ်။

အဲဒီကတစ်ခါ ဆရာဦးကိုကို (စက်မှုတက္ကသိုလ်) ဆီမှာ သူ ဒုတိယအယ်ဒီတာချုပ် ဖြစ်လာပြန်တယ်၊ နောက်တော့ တခြားသတင်းဂျာနယ်တစ်စောင်မှာ ဒုတိယ အယ်ဒီတာချုပ် လုပ်ပြန်တယ်။ သူဟာ ကိုယ်ပိုင်အရည်အချင်းကို အသုံးချပြီး တိုးတက်ဖို့ ကြိုးစားခဲ့သူတစ်ယောက် ဖြစ်တယ်။ အပေါင်းအသင်းဆံ့သူဖြစ်လေတော့ ဂျာနယ်တစ်စောင်နဲ့ မဂ္ဂဇင်းတစ်စောင် ထုတ်ဝေခွင့်ကတ်တွေပါ သူ ရယူနိုင်ခဲ့တယ်။ အဲဒီတုန်းက အခုလောက် ထုတ်ဝေခွင့်ကတ်တွေ ရဖို့ မလွယ်သေးပါဘူး။ ဒါပေမဲ့ သူ ရနိုင်စွမ်းခဲ့တယ်။

ဗိုလ်စောရဲ့ တန်ဖိုးလို့ ပြောနိုင်တာက သူဟာ လူချစ်လူခင်များတယ်၊ ကြီးကြီးငယ်ငယ် ခင်မင်တတ်တယ်၊ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ပေါင်းသင်းတတ်တယ်။ သူ တည်ထောင်ထားတဲ့ မြန်မာမီဒီယာစာကြည့်တိုက်သွားလိုက်ရင် သတင်းနဲ့ စာပေလောက က ထင်ရှားကျော်ကြားသူ စာရေးဆရာ၊ စာနယ်ဇင်းဆရာ၊ ဓာတ်ပုံဆရာ၊ နိုင်ငံရေးသမား ကြီးငယ်တွေကို တွေ့ရတတ်တယ်။ တစ်ခါတလေ ၀ိုင်းဖွဲ့ဖြစ်တဲ့အခါ အဲဒီဝိုင်းတွေမှာ သူ့ကို အိမ်ရှင်အဖြစ် ပင်တိုင် တွေ့ရတတ်တယ်။ ကြီးကြီး ငယ်ငယ် လတ်လတ် ခင်တတ်သူဆိုတော့ သူ့မှာ မမောတမ်း မပန်းတမ်း ဧည့်ဝတ်ကျေနေတတ်တယ်။ အဲဒီဧည့်ဝတ်တွေကပဲ သူ့ကို ဒုက္ခပိုစေခဲ့သလားတော့ မသိဘူး။

ဗိုလ်စောနဲ့ယှဉ်ရင် ကျွန်တော်က လူဝါးဝတယ်၊ အသက်ကြီး ၀ါကြီး သဘာကြီးသူတွေနဲ့မှ ပေါင်းသင်းတတ်တယ်၊ ၀ိုင်းမယ်ဆို ငယ်သူတွေပါရင် ကျွန်တော်က ရှောင်တတ်တယ်။ အဲဒါက တမင် လုပ်ထားတာလည်း မဟုတ်ဘူး၊ ဗီဇဇရိုက်လို ဖြစ်နေသလိုမျိုး။ ဗိုလ်စောကတော့ လူကြီးနဲ့ ရွယ်တူတွေမက အငယ်တွေ ချစ်ကြတဲ့ အကိုကြီးလိုမျိုး၊ ပေါက်စနဲ့ ပေါက်ကရတွေ လုပ်တတ်တဲ့ ဆရာကြီးတွေကို ထပ်ပြီး ဆရာကြီး လုပ်နိုင်တဲ့ ဆရာ့ဆရာကြီးအဆင့်မျိုး ရှိသူပါ။ သူဟာ တကယ့်ကို တချို့အတွက် မှီခိုရာ ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တောင် ရန်ကုန်ပြန်ရောက်ပြီး အင်တာနက်သုံးချင်တဲ့အခါမျိုးတွေမှာ ဗိုလ်စောရဲ့ စာကြည့်တိုက်ရိပ်မြုံလေးမှာ မကြာခဏ ခိုလှုံခဲ့ဖူးပါတယ်။ သူက အဲဒီလို လာတာကို ကြိုဆိုသလို ကျွန်တော်ကလည်း အားမနာတမ်း သွားလို့ သုံးလို့ ရလို့ ပျော်ရွှင်မိခဲ့တယ်။ ဗိုလ်စောဟာ ဧည့်ဝတ်ကျေလှတယ်၊ သောက်ချင်တယ်ဆို သောက်စေရမယ်၊ စားချင်တယ်ဆို စားစေရမယ်၊ နောက်တစ်ခုက သူ့ထုံးစံအတိုင်း သူတစ်ပါးကို လေးလေးစားစား ရှိလှတယ်။ များသောအားဖြင့် လူတချို့ဟာ (အများစုလို့ ပြောချင်လည်း ပြောပေါ့) နိမ့်ပါးသူ၊ အခွင့်အာဏာ မရှိသူ၊ ငွေကြေးအဆင်မပြေသူတွေကို လက်လွတ်စပယ် ဆက်ဆံတတ်ကြတယ်။ ဗိုလ်စောကတော့ ဘယ်အခါခါတွေ့တွေ့ ရင်းရင်းနှီးနှီး ပြောတတ်တာကလွဲလို့ ခင်ခင်မင်မင် ရှိနေတတ်တယ်။ သူ့ဆီကနေ အဲဒီလို လူနဲ့လူချင်း ဆက်ဆံရေးနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ အတုခိုးရတယ်။

သူ့စာကြည့်တိုက်လေးမှာ လျှင်မြန်တဲ့ အင်တာနက် သုံးလို့ရတယ်၊ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ အကုန်နီးပါး ဖတ်လို့ ရတယ်၊ ဈေးကြီးတဲ့ ရှားပါးတဲ့ စာအုပ်တွေ၊ သတင်းစာပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ စာအုပ်တွေ ဖတ်လို့ရတယ်။ စာနယ်ဇင်းပညာ၊ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်လို့ရတယ်။ စာအုပ်မိတ်ဆက်ပွဲတွေနဲ့ တခြားဆိုင်ရာ အခမ်းအနားတွေ ကျင်းပချင် ကျင်းပလို့ ရတယ်၊ ဓာတ်ပုံပြပွဲတွေလည်း လုပ်ခွင့်ရတယ်။ ပြေးပြေးလွှားလွှား သွားသွားလာလာ လှုပ်ရှားနေရတဲ့ ခေတ်ထဲမှာ ရန်ကုန်မြို့လယ်က သူ့စာကြည့်တိုက်လေးဟာ အခုလို ပူပြင်းတဲ့ကာလမှာ အိုအေစစ်လေးတစ်ခုလိုပါပဲ။ ကျွန်တော် နားခဲ့ဖူးတယ်၊ ခိုခဲ့ဖူးတယ်၊ ဗိုလ်စောကျေးဇူး ရှိတယ်။ တခြားလူငယ်စာနယ်ဇင်းဆရာလေး/ ဆရာမလေးတွေကိုလည်း လာရောက်ကြလို့ စာကြည့်တိုက်လေးကို ထိုက်ထိုက်တန်တန် အသုံးချစေချင်တဲ့ စိတ်ကလေး ဗိုလ်စောမှာ ရှိခဲ့တယ်။ ``သူတို့တွေ မလာကြဘူးဗျာ`` လို့ မချိတင်ကဲ သူ ပြောပြဖူးတယ်။

သူက စာကြည့်တိုက်ကလေးဖွင့်လို့ ဦးဆောင်လုပ်ကိုင်နေတော့ ငွေစကြေးစ နည်းနည်းပါးပါး ရတယ်။ တစ်နှစ်စာဆို ဘယ်လောက်ပေါ့။ ဒီထက်လည်း ပိုပြီးတော့ သူ့မိသားစုကို လုပ်ကိုင် ရှာဖွေ ကျွေးမွေးချင်စိတ် ရှိပုံပါ။ နောက်တော့ သူ မဇ္ဈိမမှာ အလုပ်ဝင်ပြန်တယ်။ အဲဒီကနေ နေပြည်တော်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ သူ စိတ်ရော ကိုယ်ပါ နှစ်မြှုပ်ပြီး သွားရောက် လုပ်ကိုင်နေတာကို တွေ့ရတယ်။ တကယ်တော့ အဲဒီ မတိုင်ခင်ကတည်းက သူ ဆေးစစ်တာတွေ၊ ကုသတာတွေ စလုပ်နေပါပြီ။ ကျွန်တော့်သဘောကတော့ သူ့ကို နေပြည်တော် မသွားစေချင်ဘူး၊ စိတ်ဆင်းရဲရမယ့် အလုပ်တွေကို တတ်နိုင်သလောက် မလုပ်ဘဲ နားနားနေနေ နေစေချင်တယ်။ ဒါပေမဲ့ အလုပ်တာဝန်ကျေတဲ့၊ သူကိုယ်တိုင်လည်း နိုင်ငံတကာပွဲကြီးတစ်ခုမှာ ထဲထဲဝင်ဝင် ပါဝင်လိုပုံရတဲ့ ဗိုလ်စောဟာ အဲဒီလိုပွဲကြီးအတွက် ရက်ပေါင်းအတန်ကြာ စိတ်ပင်ပန်း လူပင်ပန်း သွားရောက်လုပ်ကိုင်ခဲ့တယ်။ အဲဒီက ပြန်လာ၊ ရန်ကုန်မှာလည်း အလုပ်တွေက ဆက်၊ နောက်ဆုံး ဆေးရုံတက်ရတဲ့အထိ ရောဂါက သည်းလာပုံ ရပါတယ်။

အခုတော့ ကျွန်တော့်ထက် လပိုင်းလောက်ပဲ အသက်ကြီးတဲ့ ဗိုလ်စောဟာ အသက် ၃၉ နှစ်မှာ ကွယ်လွန်ပါပြီ။ သူ့မိဘနှစ်ပါးရော၊ ဇနီးသည်နဲ့ လူမမည် ကလေးနှစ်ယောက်ပါ သူ့ကို အထူးသတိရလို့ ၀မ်းနည်း ကြေကွဲနေမှာပါပဲ။ သူ ဆေးရုံကတစ်ခေါက်ဆင်းပြီး သူ့မိဘများအိမ်မှာ ပြန်နေတော့ ကျွန်တော် ရောက်သေးတယ်။ ``စိတ်ဓာတ်နဲ့ ငွေကြေး ပြည့်စုံရင် ခင်ဗျား ဘာမှ မဖြစ်ပါဘူး`` လို့ ကျွန်တော် ပြောခဲ့တယ်။ ``ကျွန်တော် စိတ်ဓာတ်တော့ မာပါတယ်ဗျာ`` လို့ သူပြန်ပြောတယ်။ တကယ်လည်း သူက အိပ်ရာထက်ကနေ ထလို့ ကျွန်တော်တို့နှစ်ယောက် ယှဉ်တွဲပြီး အမှတ်တရ ဓာတ်ပုံရိုက်လိုက်သေးတယ်။ သူ့ဖခင်ကြီးက အဲဒီဓာတ်ပုံကို ရိုက်ပေးခဲ့တယ်။ ဓာတ်ပုံကို ပြန်ကြည့်တော့ ကျွန်တော်က လူမမာရုပ်၊ သူက တင်းတင်းကြီး ပြုံးနေခဲ့တယ်။

သူ့မိဘတွေကတော့ တရားရှိနေပုံပါပဲ၊ အရာအားလုံးကို ရင်ဆိုင်ဖို့ မျှော်လင့်ထားပုံနဲ့ သားကြီးကို ပြုစုနေကြတယ်။ မိဘတွေဟာ သားတွေ သမီးတွေ ဒုက္ခရောက်တိုင်း ဘယ်အရွယ်ရွယ်ရောက်ရောက် အစွမ်းကုန် နိုင်သမျှ စွမ်းသမျှ ကူမနေသူတွေပါပဲ။ ဗိုလ်စောအမေဟာ သူ့သားကြီးကို အတော်ချစ်ရှာတယ်။ ကျွန်တော်ဟာ ထုံးစံအတိုင်း လူကြီးတွေနဲ့ လေပေးဖြောင့်တော့ ဗိုလ်စောအမေနဲ့ ကျွန်တော်တို့ တရားစကားတွေ၊ အခြားစကားတွေ ပြောရင်း ဗိုလ်စောကို နားထောင်ချည်းသက်သက်နဲ့ အနားယူစေခဲ့တယ်။ သူ့အမေက တစ်ခါ ထတဲ့ပြီး ဗိုလ်စောရဲ့ တက္ကသိုလ်ကျောင်းသားဘ၀က ဓာတ်ပုံလေးတွေ ယူပြတယ်၊ ``ကြည့်စမ်းပါဦး၊ သူ ငယ်ငယ်က ပုံလေးတွေကို...`` တဲ့။

``သားကြီးက အလှသိပ်ကြိုက်တယ်၊ သားသမီးအားလုံးထဲမှာ သူက မင်းသားပဲ၊ အမြဲတမ်း သူ့ကိုယ်သူ သနေတာပဲ`` တဲ့၊ ဗိုလ်စောအမေက ကျွန်တော့်ကို တက်တက်ကြွကြွ ပြောနေတယ်။ အဲဒီလို အလှကြိုက်တဲ့ သားကြီးက အခုတော့ ကုတင်ပေါ်မှာ၊ သူ့ကို အဖေဖြစ်သူက ဆေးတွေ တိုက်နေတယ်။ အဖေနဲ့သား ဘယ်အချိန် ဘယ်ဆေးသောက်ရမယ်ဆိုတာကို ပြန်ပြီး စစ်ဆေးနေကြတယ်။ ဆေးသောက်ပြီးချိန်မှာတော့ ကျွန်တော်လည်း သူ နားပါစေတော့ရယ်လို့ တွေးမိတာနဲ့ ပြန်လာခဲ့လိုက်တယ်။ စိတ်ထဲမှာတော့ သူ့ကို ပြန်ကောင်းစေချင်ပြီ၊ သူ့ဇနီးနဲ့ သားသမီးတွေက သူ့ကို ကျန်းကျန်းမာမာ ပြန်တွေ့ချင်မှာပဲ၊ ဆိုးနွဲ့လို့ မှီခို ဖက်ရမ်း ဆော့ကစားချင်မှာပဲ၊ တကယ်လည်း အဲဒီလို လုပ်လို့ (လုပ်ဖို့) ကောင်းတဲ့ ထွားထွားကျိုင်းကျိုင်း ယောက်ျားကောင်း၊ ဖခင်ကောင်း ဗိုလ်စော မဟုတ်လား။

သူ ပထမတစ်ခေါက် ဆေးရုံတက်တော့လည်း ကျွန်တော်တို့ သွားကြည့်တော့ သူက ဆေးရုံ အထူးခန်းကလေးထဲမှာ သူ့သမီးလေးတောင် ချီပိုးလို့ နားနားနေနေ နေနေတာ တွေ့ရပါတယ်။ အဲဒီတုန်းက အလုပ်တွေ ပင်ပန်းလို့ ဖြစ်သွားတာ နေမှာပါ၊ မကြာခင်တော့ ကောင်းသွားမှာပါလို့ ကျွန်တော်က ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ထက်မြက်တဲ့ သူ့ဇနီး မဂျူလိုင်က သူ့ကို သေချာကုဖို့ ပြည်တွင်းပြည်ပ မိတ်ဆွေတွေနဲ့ ချိတ်ဆက်နေတယ်လို့ ပြောပါတယ်။ သူက ယောက်ျားဖြစ်သူအတွက် သွက်သွက်လက်လက် ပူပူပန်ပန် လုပ်နေတော့ ကျွန်တော်တောင် ဗိုလ်စောဖြစ်တာ ဒီလောက်ကြီးမှ ဟုတ်ရဲ့လားလို့ တွေးထင်မိပါသေးတယ်။ ခဏနေ ဗိုလ်စော ပြန်ကောင်းသွားလိမ့်မယ်လို့ ကျွန်တော်က ထင်နေတာကိုး။

အဲဒီလို ဗိုလ်စော ဆေးရုံတက်ရတော့ ဟိုက ဒီက စာနာ ကူညီသူတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေကို ဗိုလ်စောက အားနာပြီး ပြောဆို ငြင်းဆန်နေတယ်လို့ သူ့အမျိုးသမီးက ပြောပြလို့ ကျွန်တော်ကတောင် ဗိုလ်စောကို အဲဒီလို မလုပ်ဖို့ ဖျောင်းဖျပြောဆိုခဲ့ပါသေးတယ်။ မကျန်းမာဘူးဆိုရင် ပိုက်ဆံတွေက သောက်သောက်လဲကုန်တာ မဟုတ်ပါလား။ အဲဒီနေ့ကလည်း ဗိုလ်စောကို ချစ်သူခင်သူတွေက သတင်းလာမေးနေကြတာနဲ့ အထူးခန်းလေး ပြည့်ကျပ်နေလို့ ခဏပဲနေပြီး ပြန်လာခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ သူ ဆေးရုံပြန်တက်ရတယ်လို့ ကြားပြန်တယ်။ ကျွန်တော့်စိတ်ထဲ မကောင်းပါဘူး၊ ရောက်လည်း မရောက်ဖြစ်လိုက်ဘူး။ ကြားတစ်ရက်မှာတော့ အစ်ကိုတစ်ယောက်နဲ့ ၀ိုင်းဖွဲ့ဖြစ်တော့ ဗိုလ်စောအကြောင်း ရောက်သွားကြတယ်။ ဒီလောက် ရက်ရှည်ကြာလာပြီး ဆေးရုံလည်း တစ်ခေါက် ပြန်တက်လိုက်ရတယ်ဆိုတော့ ``ဗိုလ်စောတော့ ပြန်ကောင်းဖို့ လွယ်မှလွယ်ပါ့မလား၊ ကျွန်တော်တော့ မထင်တော့ဘူး`` လို့ ပြောဖြစ်ခဲ့တယ်။ သူ့စိတ်ဓာတ် မာကြောတယ်ဆိုတာတော့ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ မကျန်းမာရင် စိတ်ဓာတ်ချည်း မာလို့မှ မရတာလေ...။

ဗိုလ်စောကတော့ လူ့ပြည်မှာ ၃၉ နှစ် နေခဲ့တယ်ဆိုပေမယ့် သူ့မိသားစု၊ ကျွန်တော်အပါအ၀င် သူ့သူငယ်ချင်း မိတ်ဆွေတွေကြား၊ သူ့လုပ်ငန်းခွင် အသိုင်းအ၀ိုင်းနဲ့ နောက်ဆုံး အများနဲ့ဆိုင်တဲ့ စာပေ၊ စာနယ်ဇင်း အလုပ်တွေကို နိုင်သလောက် လုပ်ကိုင်ခဲ့ရင်း မိသားစုရေး၊ ၀န်းကျင်အရေးနဲ့ နိုင်ငံ့အရေးတွေကို နိုင်သလောက် စွမ်းဆောင်သွားခဲ့သူ ဖြစ်ပါတယ်။ လူ့လောက မျိုးဆက်တာဝန်တွေကိုလည်း ကျေပွန်အောင် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ ဗိုလ်စောဟာ နေခဲ့သလောက် (တာဝန်) ကျေခဲ့သူ ဖြစ်ပါတယ်။

မတ် ၉၊ ၂၀၁၄၊ ရန်ကုန်။
Myo Tha Htet

The Malaysia Airlines Boeing 777 lost contact with Air Traffic Control over the Pacific with 227 passengers on board
Distressed relatives wait for news of the Malaysia Airlines plane which was due to land in Beijing
ဒီစာရေးနေတဲ့အထိ ရှာဖွေ မတွေ့ရှိရသေးတဲ့..မလေးရှား လေယာဉ်ပျောက်ဆုံးမှုဟာ စိတ်ဝင်စားစရာကောင်းတယ်။ နောက်ကွယ်မှာ မရှင်းမရှင်းနဲ့ တွေးစရာတွေပါတယ်။ ရိုးရိုး စက်ချို့ယွင်းလို့ ပျက်ကျတာလို့ ပြောဖို့ခက်တယ်။

အနည်းဆုံးလူ( ၄)ယောက်က ပတ်စ်ပို့စ် အတုနဲ့ ခရီးသည်တဲ့.။ ၂ယောက်က ဥရောပ ပတ်စ်ပို့စ်၊ ၂ ယောက်က တရုတ်ပတ်စ်ပို့စ်။ တချို့သတင်းတွေက (၂) ယောက်လို့ အတည်ပြုတယ်။
အခုထိ လေယာဉ်ကို ရှာမတွေ့ဘူး။
အကြမ်းဖက်မှု၊ ရုန်းရင်းဆံခတ်မှုနဲ့ ပျက်ကျတာလား ဆက်စပ်တွေးစရာ..။
နောက်တခုက လေယာဉ်မှုးဟာ မြေပြင်စခန်းကို အရေးပေါ် ဆက်သွယ်တာမျိုး သတင်းမှာ မကြားမိ၊ မဖတ်မိဘူး။

မကြာသေးခင်က ကျနော်တို့ အိမ်နီးချင်း ကူမင်းမှာ တရုတ်ပြည် ဇင်ကျန်ပြည်နယ်သား အစ္စလမ်မစ်စ်တွေ ဓားနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့တယ်။ ။ ဒါကို တရုတ်တွေကိုယ်တိုင် သံသယရှိတယ်။ အကြမ်းဖက်တွေဟာ တကယ်ပဲ တရုတ်ကလာတာလား၊ တခြားလမ်းကြောင်းကလား..ဆိုတာ။

အရှေ့တောင် အာရှမှာ အကြမ်းဖက်တွေ အရှိန်ယူ လှုပ်ရှားနေပြီလား..
မလေးရှားဟာ ဒုတိယ အာဖဂန်နစ္စတန်လား..
တောင်အာရှနဲ့ အရှေ့တောင်အာရှကို ပေါင်းကူးပေးသလို အိန္ဒိယနဲ့ တရုတ်လို အာရှဆင်နှစ်ကောင်ရဲ့ မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်တဲ့ ကျနော်တို့ နိုင်ငံအကြောင်း ရုတ်တရက် ခေါင်းထဲရောက်လာတယ်။ ရင်ထဲ ထိတ်ကနဲဖြစ်သွားတယ်။

မြန်မာပြည်သူတွေ အမှုမဲ့ အမှတ်မဲ့ မနေသင့်တော့ပါ။
တိမ်တောင်သဖွယ် မင်းရေးကျယ်တယ်။
ဒီကနေ့ မွတ်စလင်၊ ဗုဒ္ဓဘာသာ ရေးပဋိပက္ခ ဗုံးတွေ မြန်မာပြည်မှာစနစ်တကျထောင်ထားတယ်။
ဗုံးပိုင်ရှင်တွေ ဘယ်သူလဲ..နည်းနည်းလေး တွေးကြည့်ရင် သိနိုင်တယ်။
သမတဦးသိန်းစိန်အစိုးရလက်ထက် ၃နှစ်တာကာလ ဘာတွေဖြစ်ခဲ့သလဲ..နောက်ကြောင်းသတင်းမှတ်တမ်းတွေပြန်လှန်ကြည့်ပါ။
(ဥပမာ..ရခိုင်၊ မိထ္ထီလာ၊ ပဲခူး၊ လားရှိုးနဲ့.အခြား..)
ဘာသာရေးအစွန်းရောက် သံဃာတွေ..၊ဘာသာရေး အစွန်းရောက် ရခိုင်တိုင်းရင်းသားအချို့အပါအ၀င်မြန်မာပြည်သူတွေနဲ့
ဘာသာရေးအစွန်းရောက် ရိုဟင်ဂျာအမည်ခံ လူလိမ်တွေ ကသာ တိုင်းပြည်ငြိမ်းချမ်းရေးကိုဖျက်ဆီးမှာဖြစ်တယ်။ နောက်ကွယ်က မြှောက်ပင့်ပေးနေမှာက ယခင် စစ်အစိုးရ အာဏာရှင် အတွေးအခေါ်ဟောင်းတွေ ရှိနေတဲ့ ( သမတကိုယ်တိုင် စိုးရိမ် ကြောက်ရွံ့နေရတဲ့) အဖွဲ့တဖွဲ့ဖြစ်တယ်။ လူသိမခံတဲ့ အဖွဲ့ဖြစ်တယ်။ ၂၀၀၃ခုနှစ် ဒီပဲယင်းတုန်းကလို အကြမ်းဖက်ခဲ့တဲ့..လူမိုက်အဖွဲ့ဖြစ်တယ်။ မြန်မာ့နိုင်ငံရေး နောက်ကွယ်မှာ သူတို့အခိုင်အမာရပ်ပြီး ကစားနေတယ်။ သူတို့ဟာ နတ်ဆိုးတွေဖြစ်တယ်။ သတိထားစောင့်ကြည့်ပါ။

မြန်မာပြည်သူတွေ အရာရာကို လျှော့မတွက်စေချင်ဘူး။ ဆင်ကြံ.ကြံနေတဲ့ အုပ်စုတွေ ခြေရှုတ်နေတယ်။ အဲဒီထဲမှာ မြန်မာ အစိုးရနောက်ကွယ်က အကြမ်းဖက်တွေ အသေအချာပါတယ်လို့ တွက်ဆနိုင်သလို ..ဘာသာခြားအကြမ်းဖက်တွေလည်း ပါကောင်း ပါနိုင်တယ်။ အစိုးရနောက်ကွယ်က လက်မရွံ့အကြမ်းဖက် အဖွဲ့တွေနဲ့ သမတ ဦးသိန်းစိန်တို့ တစုံတရာ နားလည် မှု၊ ညှိနှိုင်းထားမှု၊ အပေးအယူမလုပ်ထားဘူး၊ မရှိဘူးလို့ ဘယ်သူက တပ်အပ်သေချာပြောရဲလဲ..။ ရွေးကောက်ပွဲနီးလေ၊ ဇာတ်လမ်းက ရှုတ်လေပဲ..။

ကျနော်တို့ ပြည်သူတွေ သတိကြီးကြီးထားစေချင်တယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေမယ့် သွေးထိုး ဟောပြော နှိုးဆွမှုတွေ၊ ရပ်ကွက်တရားပွဲတွေ၊ တီးတိုးဝါဒဖြန့်မှုတွေ၊ မျိုးစောင့်ဥပဒေတွေကနေ တနေ့ ကိုယ့်ရှုး ကိုယ်ပြန်ပတ်လိမ့်မယ်..။
ဘုန်းကြီးတွေ နိုင်ငံရေးလုပ်မယ်ဆို ဘာသာရေးမျက်လုံးတစုံဘဲ မတပ်ထားပါနဲ့..။ လောကီရေးကို မကြွမ်းပဲ လူ့ကိစ္စ၊ လူ့အရေးဝင်ပါမိရင် ငါးပါးမှောက်ရုံမက သံဃာစင်ပါမှောက်နိုင်တယ်ဆိုတဲ့ စကားလို ဖြစ်သွားလိမ့်မယ်။

နိုင်ငံအရေးကို ကမ္ဘာက ယုံကြည်လေးစားတဲ့ ခေါင်းဆောင်နဲ့အတူ ပူးပေါင်းဖြေရှင်းဘို့လိုတယ်။ ပြည်သူကလည်း ယုံကြည်လေးစားမှုမရှိသလို နိုင်ငံတကာကပါ သံသယနဲ့ စောင့်ကြည့်ခံနေရတဲ့ ပြီးတော့ နှစ်ပေါင်းများစွာ အာဏာစွဲကိုင်ပြီး တိုင်းပြည်နဲ့ ပြည်သူတွေကို ဆင်းရဲမွဲတေအောင် တွန်းပို့ခဲ့သူတွေ တိုင်းပြည် ခေါင်းဆောင် မဖြစ်သင့်တော့ဘူး။ ပြည်သူကချစ်ခင်၊ လေးစားသူကသာ ခေါင်းဆောင်ဖြစ်သင့်တယ်။ တိုင်းပြည်အနာဂတ်ကို ယုံယုံကြည်ကြည် လက်တွဲဆောင်ရွက်သင့်တယ်။ ပြည်သူကလေးစားယုံကြည်တဲ့ ခေါင်းဆောင်ကို ဖယ်ရှားသူတွေဟာ ပြည်သူ့ဆန္ဒ သဘောထားကို ဖယ်ရှားသူ၊ မလေးစားသူ၊ တိုင်းပြည်အနာဂတ် ဖွံ့ဖြိုးကောင်းမွန်ရေးသာမက၊ စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ မလိုလားသူတွေဖြစ်တယ်။ ပြည်သူ့လိုအင်ကို မလိုလား ဆန့်ကျင်သူတွေဖြစ်တယ်။

မျက်မှောက်ဖြစ်နေတဲ့ မလေးရှားလေယာဉ်ပျက်ကျမှုကို ဆက်စပ်တွေးရင် မြန်မာ့ပြည်တွင်းအခြေအနေကို ရောက်သွားတာပါ..။ တခါတခါ ဘာမှ မဆိုင်ဘူးလို့ ထင်ရတဲ့ အရာတွေက သွယ်ဝိုက်ပြီး ဆက်စပ်တာ၊ တိုက်ရိုက်ပတ်သက်တာတွေလည်း ဖြစ်တတ်တယ်လေ..။
ကိုယ်က သတင်းသမားဆိုတော့ ဘာမှ လျှော့တွက်မထားသင့်ဘူး၊ .. အားလုံးကို ဆက်စပ်တွေးကြည့်ရမယ်မဟုတ်လား..။

(ကိုညို)

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ပျောက်မသွားခင်က ကွာလာလမ်ပူမြို့ကနေ ပေကျင်းမြို့ကိုအသွား စီစဉ်ထားတဲ့ လမ်းကြောင်းကနေ ကွေ့လာတာကို ပြနေတဲ့ ရေဒါကို လမ်းကြောင်းရှာမိထားတယ်လို့ မလေးရှားစစ်တပ် အရာရှိတွေက မတ်လ ၉ ရက်နေ့က ပြောပါတယ်။

မလေးရှား ကယ်ဆယ်ရေးအဖွဲ့တွေကတော့ မလေးအနောက်ဘက် ကမ်းရိုးတန်းကိုပါ တိုးချဲ့ ရှာဖွေနေတယ်လို့ စစ်တပ် အရာရှိတွေက ပြောပါတယ်။
လူစုစုပေါင်း ၂၃၉ ယောက်ကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းကနေ လေကြောင်းအချက်ပြ ထိန်းချုပ်ရေးဌာနနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပြီး တဲ့နောက် မတ်လ ၈ ရက်နေ့က ဗီယက်နမ် ကမ်းရိုးတန်းမှာ ပျက်ချခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။
1653952_612443125500110_810919148_n
လေယာဉ်ပေါ်ပါသူ ၂ ယောက်ဟာ ခိုးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို ကိုင်ဆောင်ထားခဲ့ပုံ ရတယ်လို့ ဥရောပအရာရှိတွေက ပြောပြီး မလေးရှား အရပ်ဘက် လေကြောင်းဌာနကလဲ အတည်ပြုပါတယ်။
ဒီလူ ၂ ယောက် လေဆိပ်မှာ ခရီးသည်စစ်ဆေးတဲ့ နေရာကနေ ပြည်ပထွက်ခွာ နေရာကို ရောက်တဲ့အထိ လုံခြုံရေး ကင်မရာက မှတ်တမ်းတင်ထားတာ ရှိတယ် အဲဒီမှတ်တမ်းကို အခု သုံးနေပြီလို့ အရပ်ဘက် လေကြောင်းဌာန ညွှန်ချုပ် အဇာရပ်ဒင်း အဗ်ဒူ ရာမန်က ပြောပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှု အတွင်း တိုက်ခိုက်ခံရမှုဟာ ဖြစ်နိုင်ချေတွေထဲက တခုပါ။

လောလောဆယ် ရှာဖွေရေးအတွက် လေယာဉ် ၂၂ စီးနဲ့ သင်္ဘောအစီးလေးဆယ်က ပျောက်သွားတဲ့ လေယာဉ်နဲ့ ပတ်သက်သမျှကို လိုက်ရှာဖွေနေဆဲပဲလို့ မလေးရှား ကာကွယ်ရေး တပ်ခေါင်းဆောင် ဗိုလ်ချုပ် ဇူကီဖယ်လီ မို့ဇင်က ပြောပါတယ်။
ဗီယက်နမ် တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ရှာဖွေရေး သင်္ဘောတွေ စေလွှတ်ခဲ့သလို အမေရိကန် ဖိလစ်ပိုင်နဲ့ စင်ကာပူတို့က စစ်လေယာဉ်တွေ စေလွှတ် ကူညီခဲ့ တာပါ။

ပျောက်ဆုံးလေယာဉ်ဟာ လေကြောင်းခရီးစဉ်အတွင်း မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းကနေ ရေမိုင် ၁၂၀ အကွာမှာ လေကြောင်းထိန်းချုပ်ရေး စခန်းဆီကို နောက်ဆုံး ဆက်သွယ်ခဲ့ပါသေး တယ်။ ပျောက်ဆုံးချိန်ကစပြီး ၂၄နာရီ ကျော်တဲ့အထိ လေယာဉ်ကိုရော ဘယ်လို အပျက်အစီးကို မှ အရိပ်အယောင်တွေ့ကြောင်း အတည်ပြုချက် မရသေးပါဘူး။
 dvb

The Lady ဇာတ်ကားတွင်ဒေါ်အောင်ဆန်းစုကြည်အဖြစ်သရုပ်ဆောင်ခဲ့သော မလေးရှားသရုပ်ဆောင်မင်းသမီး မီရှဲလ်ရိုနှင့်သုံးခွမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်စုစုလွင်ခင်ပွန်းဖြစ်သူဘဘဦးထင်ကျော်တို့အား"စု"ဖောင်ဒေးရှင်းဖွင့်ပွဲအခမ်းအနားတွင်တွေ့ရစဉ်
မီဒီယာညီလာခံအကြို အဖြစ် "စု"ဖောင်ဒေးရှင်းစတင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ ဆရာစံပလာဇာရှိ သမ၀ါယမစီးပွားရေးဗဟိုခန်းမတွင် ယနေ့နံနက် ၁၁နာရီခွဲက ကျင်းပခြင်းဖြစ်သည်။

ယင်းအခမ်းအနားသို့ နိုင်ငံတကာမှ မီဒီယာသမားများ၊ အခြားဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသလို၊ "စု"ဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယိုလည်းတက်ရောက်ကာ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး၊ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်ကြသည့် ဟီလာရီကလင်တန်နှင့် လော်ရာဘုရှ်တို့ကလည်း "စု"ဖောင်ဒေးရှင်းအတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း ဗီဒီယို သ၀ဏ်လွှာများပေးပို့ခဲ့ကြသည်။

"စု"ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က တည်ထောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်မည်ဖြစ်သည်။

ဟိုနိုလူလူအခြေစိုက် East-West Center မှဦးစီးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံကို မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ UMFCCI ခန်းမတွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာမှ မီဒီယာသမားများ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။
Coko Dmoe

မြန်မာနိုင်ငံ အတွင်း HIV ကူးစက်ခံရသူပေါင်း ၂၄၀,၀၀၀ ခန့်ရှိနေပြီး ယင်းတို့အနက် ၃၇ ဒသမ ၅ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှုမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်သည် . . .  ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံခြင်းမှ ကူးစက်ခံရနှုန်းမှာ ၁၆ ရာခိုင်နှုန်းရှိပြီး လိင်တူချင်းဆက်ဆံမှုမှ ကူးစက်ခံရသည့်နှုန်းမှာ ၂၉ ရာခိုင်နှုန်း အထိရှိ . . .
012ရန်ကုန်မြို့၊ ရွှေဂုံတိုင်မီးပွိုင့် အနီးက Excel Treasure ဟိုတယ်တွင် ၁၀ နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်ဆိုပြီး ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကိုတို့နှစ်ဦးက ကျင်းပ ပြုလုပ်ခဲ့သည့်အပေါ်  ဝေဖန်သံမျိုးစုံ ထွက်ပေါ်လျက်ရှိသည်။ လူ့အခွင့်အရေး ရှုထောင့်မှ မှန်ကန်ကြောင်း ထောက်ခံ ပြောဆိုမှုများ ရှိသလို မြန်မာ့လူမှုဓလေ့နှင့် ကိုက်ညီ သည့် လုပ်ရပ် မဟုတ်ကြောင်းလည်း ဝေဖန် ရေးသားမှုများ ရှိသည်။

ပြည်တွင်းအခြေစိုက် နေ့စဉ်ထုတ် သတင်းစာများနှင့် ဂျာနယ်များ၌လည်း အဆိုပါ လိင်တူချင်း မင်္ဂလာဆောင်မှု ၁၀ နှစ်ပြည့် သတင်းများအား အကျယ်တ၀င့် ဖော်ပြမှုများရှိသကဲ့သို ကမ္ဘာ့နိုင်ငံ အတော်များများ ကပင်လျှင် လက်ခံခြင်း မရှိသည့် လိင်တူ လက်ထပ်ခြင်းကို မြန်မာနိုင်ငံမှာ ခွင့်ပြုလိုက်ပြီလား ဆိုပြီး မေးခွန်းထုတ် ရေး သား ဖော်ပြကြသည့် နေ့စဉ်ထုတ် သတင်းစာများလည်း ရှိသည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးနေသည့် ပြစ်မှုဆိုင်ရာ ရာဇသတ်ပုဒ်မ ၃၇၇ ၌ ““မည်သူမဆို ယောက်ျားနှင့် ဖြစ်စေ၊ မိန်းမနှင့် ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ၊ မိမိ အလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမ စပ် ယှက်မှုကို ပြုလုပ်လျှင် ထိုသူအား တစ်သက် တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုး မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်”” ဟု ပြဋ္ဌာန်းထားသည်။

““ယောက်ျားအချင်းချင်း လက်ထပ်ထိမ်းမြားခြင်းက ကျွန်တော့်တို့ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ မပါဘူးဗျ။ ဒီကိစ္စက ဆက်ဆံမှုအပိုင်း ရှိလာမယ်ဆိုရင် ပြစ်မှုကြောင်းအရ ငြိစွန်း သွားပါလိမ့်မယ်။ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၇ အရ ငြိစွန်း သွားပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လိင်တူဆက်ဆံမှုအတွက် လက်ထပ် မင်္ဂလာကို တရားဥပဒေအရ ခွင့်ပြု မထားဘူးဗျ။ မင်္ဂလာဆောင်တယ်ဆိုတာ ယောက်ျားချင်း လက်ထပ်ထိမ်းမြားခြင်းကို ကင်းဝန်မင်းကြီး ဦးကောင်းက ၃၆ စောင် ဓမ္မသတ်ကျမ်းမှာ ယောက်ျားချင်း၊ လိင်တူချင်း လက်ထပ်ထိမ်းမြား ခြင်းကို ခွင့်ပြုတယ်လို့ ပြဋ္ဌာန်းချက် ကျွန်တော် မတွေ့ရဘူး။ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေသစ်ကို ဖော်ဆောင်ရာ ရောက်တဲ့အတွက် ဒါက ဥပဒေ ပြဿနာ ကြီးကြီးမားမား တက်တာပဲ”” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ယခင်ကာလများကတည်းက မြန်မာ့လူမှုပတ်ဝန်းကျင်၌ လိင်တူဆက်ဆံ ပေါင်းသင်းခြင်းများ ရှိခဲ့သော်လည်း ယခုကဲ့သို့ လူသိထင်ရှား ဖော်ထုတ်မှုမျိုး မရှိခဲ့ပေ။  ယခုအခါမှာ ပထမဆုံး ဖြစ်နေသည့် အတွက် ပြည်သူများ အကြား စိတ်ဝင်စားဖွယ်ရာ သတင်းတစ်ခု ဖြစ်နေသလို နိုင်ငံတကာ သတင်းဌာနကြီးများပင်လျှင် အဆိုပါ သတင်းအား အကျယ်တ၀င့် ရေးသားဖော်ပြ လာခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

သို့သော် ယခုကဲ့သို့ လိင်တူချင်း မင်္ဂလာဆောင်ပွဲနှင့် ပတ်သက်၍ နေ့စဉ်ထုတ် သတင်းစာနှင့် အပတ်စဉ်ထုတ် ဂျာနယ်များအား ပန်းဆိုးတန်း ကားဂိတ်၌ လက်ပွေ့ ရောင်းချပေးနေသူ တစ်ဦးကမူ   ““အရှက်မရှိကြဘူး။ ကိုယ့်မြန်မာနိုင်ငံမှာ ကိုယ့်ယဉ်ကျေးမှုနဲ့ မကိုက်ညီဘဲနဲ့ ယောက်ျားချင်း မင်္ဂလာဆောင်ရတယ်လို့။ ၀ယ်ဖတ်ကြ တစ်စောင် ၁၀၀”” ဆိုပြီး မိမိတို့ ဓလေ့ထုံးစံနှင့် မကိုက်ညီမှုအား ပေါ်လွင်အောင် သရော်ရင်း ကွက်ကွက် ကွင်းကွင်း ကြေညာ ရောင်းချခဲ့ရသည်။

အဆိုပါ လိင်တူအမျိုးသားနှစ်ဦး မင်္ဂလာပွဲကျင်းပမှုနှင့် ပတ်သက်ပြီး စစ်ဆေးသွားမယ်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိပြီး ၎င်းတို့နှစ်ဦး မင်္ဂလာပွဲ ကျင်းပရာ အပိုင်နယ်မြေ ဖြစ်သည့် ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဦးမြင့်လွင်စန်းကို ဆက်သွယ် မေးမြန်းရာ၌ မြန်မာသံတော်ဆင့်ကပါဟု ပြောဆိုချိန်၌ ဖုန်းချသွားခဲ့သည်။ ထပ်မံ၍ ဆက်သွယ်ခဲ့ရာ၌ ဖုန်းပိတ်သွားခဲ့သည်။ သို့သော် ပြည်တွင်းထုတ် ပြည်သူ့အာဏာဂျာနယ်၌မူ ““ကျွန်တော်တို့ရဲ့ တပ်ဖွဲ့အနေနဲ့ စုံစမ်းပြီးတော့ စစ်ဆေး သွားပါ့မယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မ ၃၇၇နဲ့ ကိုက်ညီတယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူ သွားပါမယ်””ဟု ဒုတိယရဲမှူး ဦးမြင့်လွင်စန်းက ဖြေကြားထားသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်ထွေးသို့ ဆက်သွယ် မေးမြန်းရာ၌လည်း ““သူတို့က ဘယ်လို အနေအထား နေတယ်ဆိုတာ ပြောနိုင်လို့လား။ ပြောနိုင်မှ အဲဒီလို ဥပဒေက ကြည့်လို့ရမှာပေါ့။ သူတို့က မင်္ဂလာဆောင်တယ်လို့ပဲ ပြောတယ်၊ ဘာလုပ်တယ်လို့ ပြောတာမဟုတ်ဘူး””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
ယခုကဲ့သို့ လိင်တူချစ်သူနှစ်ဦး၏ ၁၀ နှစ်ပြည့် မင်္ဂလာပွဲကို လူသိထင်ရှား ပြုလုပ်ခြင်းမှာ မြန်မာ့လူမှု ပတ်ဝန်းကျင်အား မထီမဲ့မြင်ပြုရာ ရောက်နေကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။ ထို့ပြင် လိင်တူချစ်သူ လက်ထပ် ထိမ်းမြားမှုနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးနှင့် ယှဉ်တွဲ၍ အငြင်းပွားနေချိန်၌ နိုင်ငံတကာ မီဒီယာများ၏ အကျယ်တ၀င့် ရေးသား ဖော်ပြခံရခြင်းမှာ နိုင်ငံတကာ အလယ်တွင် အရှက်ရစေသည့် လုပ်ရပ် ဟုလည်း ဝေဖန်လျက် ရှိသည်။
““ဘယ်လိုပြောရမလဲဆိုတော့ သူတို့တွေက လက်ထပ်တာ မဟုတ်ဘူးလေ။ သူတို့ ဒီလို ချစ်ချစ်ခင်ခင် နေတာကို ၁၀ နှစ်ပြည့်ဆိုပြီး သူတို့က လုပ်တာလေ။ အထိမ်းအမှတ်ပွဲတစ်ပွဲကို တက်ရတယ်လို့ပဲ ခံစား ရပါတယ်။ မဖြစ်သင့်ဘူးလို့ ဝေဖန်ကြတာတော့ အန်တီလင်းတို့ အနေနဲ့ ပွဲလေးတစ်ပွဲကို တက်တယ်ဆိုတဲ့ အတွေးမျိုးလေးပဲ တွေးပြီး အဲဒါဆိုရင် ဘာမှ မဖြစ်ပါဘူး။ အရမ်းကြီးတွေးတဲ့ လူတွေကတော့ အမှန်မှန်က အများကြီးလည်း တွေးစရာ မလိုပါဘူး””ဟု လိင်တူချစ်သူ နှစ်ဦး၏ ၁၀ နှစ်ပြည့် မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သူ မိတ်ကပ်လင်းလင်း (အောင်အောင် -တောင်ကြီး)က မြန်မာသံတော်ဆင့်သို့ ပြောသည်။
လိင်တူထိမ်းမြားခြင်းမှာ ဥပဒေအရ တားမြစ်ထားသည့်အပြင် ယင်းအား ခွင့်ပြုလိုက်မည်ဆိုပါက မလိုလားအပ်သည့် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံအများစု၌ ခွင့်မပြုထားကြောင်း၊ ယင်း၏ နောက်ဆက်တွဲဖြင့် ထိမ်းမြားခြင်းမှ တစ်ဆင့်တက်လာပါက ဥပဒေနှင့် သက်ဆိုင်သည့် ဆိုးကျိုးများ ဖြစ်ပေါ် လာနိုင်သည်ဟု ဥပဒေပညာရှင်များက သုံးသပ်လျက် ရှိသည်။
““နိုင်ငံအများစုမှာလည်း ဒီလိုကိစ္စကို ခွင့်ပြုထားတာ မရှိဘူး။ လိင်တူချင်း လက်ထပ် ထိမ်းမြားခြင်းဟာ ရှေ့ရှုတာက လိင်တူဆက်ဆံရေးကို ရှေ့ရှုတာ ဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ ဥပဒေဆိုးကျိုးတွေ သက်ရောက် လာနိုင်ပါတယ်”” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
““ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ပါတီကြီးနှစ်ခု မဲအနိုင်အရှုံး ခန့်မှန်းရ မလွယ်တဲ့ swing ဖြစ်တဲ့ ပြည်နယ်တွေ လေ့လာခွင့်ရတော့ လိင်တူ လက်ထပ်မှုများပြားတဲ့ ပြည်နယ်တစ်ခုကိုလည်း လေ့လာရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတောင် ဒီအခွင့်အရေးအတွက် အသည်းအသန် ကြိုးစားနေရဆဲပါ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့အပြင် ပုဒ်မ ၃၇၇ နဲ့ ကာကွယ်ထားတဲ့ နိုင်ငံမှာ ဒီဖြစ်ရပ်မျိုးကို အတင်းတားလို့ မရပေမယ့် အရမ်းကျယ်ပြန့်လာအောင် လှုံ့ဆော်တာကတော့ တာဝန်သိ မီဒီယာ မဆန်တဲ့ သူတွေအလုပ်ပါ။ အရင်အစိုးရ၊ အခုအစိုးရနဲ့ နီးစပ်တဲ့ ရုပ်သံတွေက သူတို့ဝင်ငွေကောင်းရေးအတွက် သွယ်ဝိုက် promote လုပ်ခဲ့ တာလည်း ကြာပါပြီ။ အခု ပုံနှိပ်မီ ဒီယာအချို့ပါ နောက်က လိုက်လာပါတယ်။ ပိုပြီး သတိထားရမှာက ၂၀၁၅ အမီ အခြေခံဥပဒေ ပြင်ရေး အရေးကြီးနေချိန်မှာ ဘာသာရေး ပြဿနာ၊ လူမှုရေး ပြဿနာတွေ ဖန်တီးသူတွေ ဖန်တီးပြီး ပြည်သူနဲ့ မီဒီယာကို အာရုံလွှဲသူတွေကို သတိထားဖို့ လိုပါတယ်””ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲရေး ထောက်ခံသူ မြန်မာပို့စ်နှင့် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်၏ ပေါ်လစီ ဒါရိုက်တာ ဦးမျိုးညွန့်မောင်က မှတ်ချက်ပြုပါသည်။
လက်ရှိ သတ်မှတ်ချက်များအရ လိင်တူချစ်သူ အမျိုးအစားမှာ လေးမျိုးရှိပြီး အမျိုးသားချင်း ချစ်သူ – Gay၊ အမျိုးသမီးချင်းချစ်သူ – Lesbian ၊ ကျားမလိင် နှစ်မျိုးစလုံးကို စိတ်ဝင်စားသူ – Bisexual နှင့် လိင်ပြောင်း ထားသူ- Trans- gender တို့ ဖြစ်သည်။
လိင်တူ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်ပြီး လူမှုရေး ရှုထောင့်မှ မကြည့်ဘဲ ကျန်းမာရေး ရှုထောင့်က ကြည့်မည် ဆိုပါက အတူနေရုံဖြင့် ပြဿနာ မရှိနိုင်သော်လည်း အတူတကွ ပေါင်းသင်းခြင်းများ ရှိလာပါက ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ကျန်းမာရေး ၀န်ဆောင်မှု ပေးနေသူများက သုံးသပ်လျက် ရှိသည်။
““လက်ထပ်တာနဲ့ ဒီရောဂါဖြစ်တယ်ဆိုတာက မဆိုင်ဘူး။ လက်ထပ်တယ်ဆိုတာက လုပ်ပြလိုက်တာ၊ လူတွေကို ပွဲလုပ်ပြလိုက်တာ။ ဘာမှမှ မထူးတာ။ ဒါပေမဲ့ အတူတူ အချင်းချင်း နေမယ်ဆိုရင်တော့ ရောဂါကရမှာပဲ။ HIV/AIDS တွေလည်း ပါမှာပေါ့။ အဲဒီရောဂါက အတူတူနေပြီ ဆိုတာနဲ့ ရတယ်။ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ်။ HIV ဖြစ်တယ်ဆိုတာ များသောအားဖြင့် မိန်းမတွေကပဲ ကူးစက်ခံ နေရတာ။ ယောက်ျားအချင်းချင်း ဖြစ်တဲ့ဟာ မရှိဘူး မဟုတ်ဘူး။ ရှိတော့ ရှိပါတယ်။ အခု အဓိကဖြစ်တာက ယောက်ျားဆီက မိန်းမတွေရနေတာကိုး။ အဲဒီ HIV/AIDS က လိင်ဆက်ဆံမှုတွေ ပါလာပြီ ဆိုတာနဲ့ ဖြစ်တယ်။ ဘယ်သူက ဘယ်သူ့ကို မဆို ကူးနိုင်တာပေါ့။ ဒါကတော့ ရှိနိုင်ပါတယ်။အဲဒါ ယောက်ျား မိန်းမရယ်လို့ မဟုတ်ဘူး။ ယောက်ျားနဲ့ မိန်းမလည်း ကူးတယ်၊ ယောက်ျား ယောက်ျားချင်းလည်း ကူးတယ်။ ဒီဟာက လက်ထပ်တာနဲ့ လိင်ဆက်ဆံတာနဲ့ မတူဘူးလေ။ ဒါက လက်ထပ်တာ၊ လိင်ဆက်ဆံတာမှ မဟုတ်တာ”” ဟု Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဒေါက်တာစစ်နိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေး အသိပညာပေး အားနည်းမှုကြောင့် တစ်နေ့လျှင် HIV ပိုးကူးစက်သူပေါင်း အနည်းဆုံး ၂၃ ဦးခန့် ရှိကြောင်း Myanmar Positive Group (MPG) ၏ စစ်တမ်းများအရ သိရကြောင်းကိုလည်း အမျိုးသမီးကွန်ရက် အကြံပေး ဒေါ်စုစုလှိုင်က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့ဖူးသည်။
ထို့ပြင် လက်ရှိ၌ မြန်မာနိုင်ငံအတွင်း HIV ကူးစက်ခံရသူပေါင်း ၂၄၀,၀၀၀ ခန့် ရှိနေပြီး ယင်းတို့အနက် ၃၇ ဒသမ ၅ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှုမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်သည်။ ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံခြင်းမှ ကူးစက်ခံရနှုန်းမှာ ၁၆ ရာခိုင်နှုန်းရှိပြီး လိင်တူချင်းဆက်ဆံမှုမှ ကူးစက်ခံရသည့်နှုန်းမှာ ၂၉ ရာခိုင်နှုန်းအထိ ရှိသည်ဟု International HIV/AIDS Alliance မှ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဖော်ပြထား သည့် ကိန်းဂဏန်းများအရ သိရသည်။
ယခုကဲ့သို့ လိင်တူချစ်သူနှစ်ဦး မင်္ဂလာပွဲ မကျင်းပမီကလည်း လိင်တူချစ်သူများအရေးနှင့် ပတ်သက်၍ ၂၀၁၂ မေလအတွင်းကလည်း လိင်တူချစ်သူအရေး ဆောင်ရွက်နေသူများနှင့် လူမှုအဖွဲ့တချို့မှ ကြီးမှူးပြီး Excel Tower ၌ပင် လိင်တူချစ်သူများ မုန်းတီးမှုဆန့်ကျင်ရေးနေ့ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ သေးသည်။ ယင်းကဲ့သို့ ကျင်းပရခြင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ လိင်တူချစ်သူများအား ၁၉၉၁ ခုနှစ် မေလ ၁၇ ရက်နေ့၌ စိတ်မနှံ့သူ၊ မူမမှန်သူအဖြစ်မှ ပယ်ဖျက်ပေးခဲ့သည့် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြ ခြင်းလည်း ဖြစ်သည်။
ယင်းအခမ်းအနား၌ လိင်တူချစ်သူများအား မြန်မာနိုင်ငံ၌ မှောင်ရိပ်ခိုမှု၊ ပုဒ်မ ၃၇၇ စသည့် ဥပဒေ နှစ်မျိုးဖြင့် အာဏာပိုင်များမှ အနိုင်ကျင့်စော်ကားနေကြောင်း၊ လိင်တူချစ်သူများအား  ညပိုင်းအချိန်များတွင် တွေ့ရှိပါက မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီးလေ့ရှိပြီး ပြစ်မှုမမြောက်ပါက ပုဒ်မ ၃၇၇ ဖြင့် စွပ်စွဲကာ ငွေညှစ်ခြင်း၊ အနိုင်ကျင့် စော်ကားမှုများ ရှိနေကြောင်း၊ ယင်းအတွက် ပုဒ်မ ၃၇၇အား ပယ်ဖျက်ပေးရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း လိင်တူချစ်သူများမှ မီဒီယာများကို ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။
 အလားတူ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကလည်း နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ဦးနှင့် ဖက်ရှင်ဝတ်စုံ ဖန်တီးသူတစ်ဦးတို့၏  လိင်တူချစ်သူချင်း သွယ်ဝိုက် မင်္ဂလာပွဲ တစ်ခုကို အလှူရေစက်ချ အခမ်းအနား ပုံစံမျိုးဖြင့် ခမ်းနားကြီးကျယ်စွာ ပြုလုပ်ခဲ့ပြီး လျှပ်တပြတ်၊ အလင်းတန်းနှင့် ပေါ်ပြူလာဂျာနယ်များ၌ ဖော်ပြ ခဲ့ဖူးသည်။
မြန်မာနိုင်ငံတွင် လိင်တူချစ်သူများနှင့် ပတ်သက်ပြီး အကျယ်တ၀င့် ဖြစ်စေခဲ့သည့် ဖြစ်ရပ်တစ်ခုမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက မန္တလေးမြို့ ကျုံးပတ်လည်အနီး ညဘက်သွားလာတတ်သည့် လိင်တူချစ်သူများအား  ဖမ်းဆီးမှု ဖြစ်သည်။ အဆိုပါ ဖမ်းဆီးမှုကို ဇူလိုင်လ ၇ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စတင်ဖမ်းမိခဲ့သည့် လိင်တူချစ်သူ ကိုးဦးအား အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ထပ်မံ ဖမ်းဆီးခံရသူ နှစ်ဦးနှင့် ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းတွင်  ထပ်မံဖမ်းဆီးရမိသည့် သုံးဦးတို့အား အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေသည့်အတွက် ရဲအက်ဥပဒေပုဒ်မ ၃၅/၈ အရ တရားစွဲဆိုမှု ပြုခဲ့သည်။
ယခုကဲ့သို့ လိင်တူ လက်ထပ်ထိမ်းမြားခြင်း ကိစ္စရပ်မျိုးအတွက် တိကျသေချာသည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေးမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် လွှတ်တော်များ၌ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့်အတွက် ပြည်ထောင်စု လွှတ်တော်၌သာ တင်သွင်းနိုင်ကြောင်းကိုလည်း ““အန်တီတို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာက အဲဒီကိစ္စတွေ တင်လို့မရဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်ဆိုတာက အဲဒီကိစ္စတွေ မပါဘူး။ အဲဒါက တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စဆိုရင် ပြည်ထောင်စု လွှတ်တော်မှာပဲ တင်ရတာ””ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းမှ မြန်မာသံတော်ဆင့်သို့ ပြောသည်။
သက်ဆိုင်ရာ နယ်ပယ်များအလိုက် မည်သို့ပင် အမြင်အမျိုးမျိုး ရှိစေကာမူ ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကို တို့နှစ်ဦး၏ ၁၀ နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်ပွဲမှာ မြန်မာလူမှုပတ်ဝန်းကျင်အတွင်း လှုပ်ခတ် သွားခဲ့သည့် အပြင် ကမ္ဘာ့မီဒီယာများ၌ပင် ဖော်ပြရသည်အထိ ဖြစ်ခဲ့ရသည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာ ဖြစ်လျက်ရှိ သည်။

မြန်မာသံတော်ဆင့်

အမေ ဒေါ်အောင်ဆန်းစုကြည်၏ ပညာရေးနှင့် ကျန်းမာရေး ရန်ပုံငွေကွန်ယက်အတွက်... သြစတြေးလျနိုင်ငံ မြို့လေးမြို့ ဖျော်ဖြေရေးခရီးစဉ်တွင်...
ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များ၊ ချစ်ပရိတ်သတ်များ နှင့်... မေတ္တာဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည့်၊ အနုပညာမောင်နှမများ ဖြစ်ကြသော...
ကျမ ထွန်းအိန္ဒြာဗို ၊ လင်းလင်း နှင့် ချစ်ဇနီး ချစ်သုဝေတို့၏.... ဖျော်ဖြေရေးမှ ရရှိခဲ့သောငွေ နှင့် ဆုတော်ငွေများ အားလုံးကိုပါ လှူဒါန်းမည်ဖြစ်ပါကြောင်း၊...

ချစ်ပရိတ်သတ်ကြီးလည်း ကျမနှင့်ထပ်တူ ဝမ်းမြောက်ပီတိဖြစ်စေရန်အတွက် အလှူငွေစာရင်းများကို တင်ပြပေးလိုက်ပါတယ်ရှင်....
ဤအလှူဒါနနှင့်ပတ်သက်၍... မြို့အသီးသီးမှ ပွဲဖြစ်မြောက်ရေးအတွက် အစစ အရာရာ ကူညီပေးခဲ့သူများ၊ စီစဉ်ပေးခဲ့သူများ၊ အားပေးလှူဒါန်းခဲ့ကြသူများ၊ နှင့်
ချစ်ပရိသတ်များ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်ရှင်....

ထွန်းအိန္ဒြာဗို

သြစတြေးလျ နိုင်ငံ မြို့ (၄) မြို့  သို့  အမေစု ၏ကျန်းမာရေး နှင့် ပညာရေး ကွန်ယက် ရံပုံငွေနှင့် ကော့မှူး မြို့  နယ်အတွင်း ဘုန်းကြီးကျောင်း စာသင်ဝိုင်း ရံပုံငွေ များအတွက် မေတ္တာဖြင့် လာရောက် သီဆို ဖျော်ဖြေ ပေးကြသော လင်းလင်း၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ တို့ မှ ရရှိသည့် ဆုကြေးငွေ နှင့် ရံပုံငွေ များအား ကြေငြာပေးမည် ဖြစ်ပါသည်
ဆစ်ဒနီ( Sydney ) --
ဝင်ကြေး ရရှိငွေ - A$ 13300
အနုပညာဆုကြေး- A$ 4270
US$ 400
မဲဘုန်း( Melbourne )--
ဝင်ကြေးရရှိငွေ - A$ 8180
အနုပညာဆုကြေး-A$ 3225
ဘရစ်ဘိန်း( Brisbane )--
ဝင်ကြေးရရှိငွေ- A$6000
အနုပညာဆုကြေး-A$4155
ပါ့တ်( Perth )--
ဝင်ကြေးရရှိငွေ-A$11950
အနုပညာဆုကြေး-A$7130
တို့ ဖြစ်ပါသည်၊ ထို့ ကြောင့်
ဝင်ကြေးငွေအားလုံးပေါင်း -(A$39430) နှင့်
အနုပညာဆုကြေးငွေအားလုံးပေါင်း-
(A$ 18780 နှင့် U$ 400 ) တို့ ဖြစ်ပါသည်။ မြန်မာငွေ နှင့် ခန့် မှန်း ပြောရလျှင် ဝင်ကြေးငွေ သိန်းပေါင်း (347)(သုံးရာလေးဆယ့်ခွန်နစ်သိန်း) ဝန်းကျင်နှင့် အနုပညာဆုကြေးငွေ သိန်းပေါင်း(168) (တစ်ရာ ခြောက်ဆယ့် ရှစ်သိန်း) ဝန်းကျင် ရရှိပါသည်။ ဝင်ကြေးငွေ သိန်းပေါင်း (347)(သုံးရာလေးဆယ့်ခွန်နစ်သိန်း) ဝန်းကျင် အား အမေဒေါ်အောင်ဆန်းစုကြည် ၏ ပညာရေးနှင့် ကျန်းမာရေး ကွန်ယက် သို့ ၎င်း အနုပညာဆုကြေးငွေ သိန်းပေါင်း (168) (တစ်ရာခြောက်ဆယ့်ရှစ်သိန်း) ဝန်းကျင်အား ကော့မှူးမြို့ နယ် အတွင်း မှ ဘုန်းကြီးကျောင်း စာသင်ဝိုင်း များသို့ ၎င်း လှူဒါန်းမည် ဖြစ်ပါသည်။ ခရီးစဉ်တစ်လျှောက် လုံးတွင် ဆစ်ဒနီ၊ဘရစ်ဘိန်း၊ပါ့တ် မြို့ များမှ ပွဲစီစဉ်သူများနှင့် လိုက်လံစောင့် ရှောက်ပေးသူ အားလုံးကို ကျေးဇူးတင်ပါသည်၊ မဲဘုန်းမြို့  မှာတော့ အားလုံးကို ကျေးဇူး တင်လို့ မရပါ၊ "ဒေါ်အောင်ဆန်းစုကြည် ပညာရေး ရံပုံငွေပွဲ" ဆိုသည့်ခေါင်းစဉ်အား ဖျာဝင်ခင်းသည့် လူအချို့ နှင့် အချိုရည် လောင်းမျက်နှာဖုံး လူသားများအား တွေ့ ခဲ့ရသော ကြောင့်ဖြစ်ပါသည်။ ထို့ ကြောင့် ပွဲစီစဉ်သူ လူအနည်းငယ်နှင့် မိသားစု လိုလိုက်လံ စောင့်ရှောက်ပေးသော လူအနည်းငယ်ကို သာကျေးဇူး တင်ပါသည်။
ဘာဘဲဖြစ်ဖြစ် ထင်မထာလောက် အောင်ရရှိသည့် သိန်း ရာချီ အလှူငွေများအတွက် လိုက်လံအားပေးသည့် ပရိတ်သတ် များနှင့် အလှူငွေများ ပေးကြသော ပရိတ်သတ် များအား လုံး ကျန်းမာ၊ ချမ်းသာ ကြပါစေ ခင်များ၊
အလှူငွေများနှင့် ပတ်သတ်၍ သော်၎င်း တစ်ခြားသော မရှင်းလင်း သည်များနှင့် ပတ်သတ်၍ သော် ၄င်း မည်သူမဆို ပွင့်လင်းစွာ ဆက်သွယ် မေးမြန်း နိုင်ပါသည် ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဥပဒေကြမ်း ရေးဆွဲရန် ညွှန်ကြားထားသည့် မျိုးစောင့်ဥပဒေ ဆိုင်ရာ ကိုးကွယ်ရာဘာသာ ကူးပြောင်းရေးဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို အစိုးရက ပြဋ္ဌာန်းခြင်း မပြုရန် ကရင်အမျိုးသမီး အဖွဲ့နှစ်ခုက ထုတ်ပြန် တောင်းဆိုလိုက်သည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသမီး အစည်းအရုံး (KWO) နှင့် ကရင်အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (KWEG) တို့က မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေများမှာ မြန်မာနိုင်ငံရှိ အမျိုးသမီးများ အားလုံးကို ပြက်ရယ်ပြုထားခြင်း ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးအားလုံး မိမိလက်ထပ်မည့် သူကို ရွေးချယ်ရာ၌ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း၊ ယင်းအတွက် အဆိုပါ ဥပဒေကြမ်းများကို ပယ်ချရန် လိုအပ်ကြောင်း ကရင်အမျိုးသမီး အဖွဲ့များက ထည့်သွင်း တောင်းဆိုထားသည်။

KWO နှင့် KWEG တို့၏ ပူးတွဲ ထုတ်ပြန်ချက်တွင် ကရင်ဒေသများ၌ တပ်မတော်က အမျိုးသမီးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေဆဲ ဖြစ်ပြီး ထိရောက်သည့် တားဆီးကာကွယ်မှုများ လိုအပ်နေသေးကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ယင်းဖြစ်ရပ်များအတွက် တစ်စုံတစ်ရာ စွမ်းဆောင်နိုင်မှု မရှိကြောင်း ၎င်းတို့က ပြောဆိုသည်။

သို့သော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မျိုးစောင့် ဥပဒေဆိုင်ရာ ဥပဒေကြမ်း နှစ်ခုကို ရေးဆွဲ တင်သွင်းရန် မတ်လ ၇ ရက်နေ့တွင် ကော်မရှင်တစ်ရပ် ဖွဲ့စည်းလိုက်ပြီး ဇူလိုင်လ မတိုင်မီ အဆိုပါ ဥပဒေကြမ်းနှစ်ခုကို တင်သွင်းရန် ညွှန်ကြားလိုက်သည်။

ဥပဒေကြမ်း ရေးဆွဲရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မြဲစေရေး အလေးထားရန်နှင့် တစ်နိုင်ငံလုံး လွှမ်းခြုံ ကျင့်သုံးနိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောဆိုထားသည်။

The Voice Weekly

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.