03/15/14

ဒီနေ့ PEN Myanmar ရဲ့ ရသအစုန်အဆန် ရေးသူဖတ်သူရသဖလှယ်ပွဲလေးအတွက် PEN Myanmar အဖွဲ့ဝင် ညီအစ်ကို မောင်နှမ အချို့နဲ့အတူ ပုသိမ်မြို့လေးကိုရောက်ဖြစ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ဟာ ဖုန်းမော်ကျဆုံးခဲ့တဲ့ နှစ်ပတ်လည် နေ့ဖြစ်နေတယ်။ ပိုပြီးတိုက်ဆိုင်တာက လွန်ခဲ့သော ၂၆ နှစ်မှာ ဖုန်းမော်နဲ့အတူ ကျဆုံးသွားခဲ့တဲ့ စိုးနိုင်ရဲ့ ဇာတိမြို့ဟာ အခုကိုယ်တို့ရောက်ရှိနေတဲ့ ပုသိမ်မြို့လေးဖြစ်နေခြင်းပဲ။ ရန်ကုန်နဲ့ ပုသိမ်က စာရေးဆရာ၊ ဆရာမတွေ ခံစားရွတ်ဆိုခဲ့ကြတဲ့ ကဗျာတွေ စာတွေထဲက ကိုယ့်နှလုံးသားထဲကို လာထိမိတဲ့ စကားလုံးအပိုင်းအစတွေကို ချခင်းပြီး ကဗျာလေးတစ်ပုဒ် ဖန်ဆင်းဖြစ်ခဲ့တယ်။ ကဗျာဆရာ ကိုစောဝေကတော့ ဒါဟာ ... Live Collage Poetry လို့ခေါ်တယ်ဆိုပြီးရှင်းပြတယ်။ ဘာပဲဖြစ်ဖြစ်ပါ ... ကိုယ်ဖန်တီးခဲ့တဲ့ ကဗျာလေးဟာ ကိုယ်တို့ပုသိမ်ခရီးစဉ်လေးအတွက် အမှတ်တရတွေများစွာထဲက အမှတ်တရ တစ်ခုဖြစ်ခဲ့တာကိုပဲ ကိုယ်ကျေနပ်ပါတယ်။

"ဒီနေ့ ... ဒီအခိုက်အတန့်လေးထဲက ကဗျာ"

လွန်ခဲ့သောနှစ်
လွန်ခဲ့သော သမိုင်း
လွန်ခဲ့သော တံတိုင်းတွေကို
ဖြတ်သန်း ကျော်လွှား လွန်မြောက်
ဒီနေ့လေးဟာ ဒီအခိုက်အတန့်ထဲမှာ လူလားမြောက်ခဲ့ပြီ။

မြစ်ထဲကိုရေသောက်ဆင်းသွားတဲ့ မြစ်ဆိပ်
ဟယ်လို ... ကြားလား ... ကြားလား ... ကြားကြရဲ့လားနဲ့
ဆာလောင်နေသူတွေခေါ်နေတဲ့ ကိုင်သူမဲ့ဖုန်း
ဒီမိုကရေစီ ဘာလဲ၊ ပြည်သူလူထု ဘယ်မှာလဲဆိုတဲ့ မေးခွန်း
တစိမ့်စိမ့်ချိုလာတဲ့အနာ
ခေါက်ရိုးကျိုးနေတဲ့ စက္ကူစွန်
နှုတ်ခမ်းပေါ်က ရိသဲ့သဲ့အမှောင်ပြုံး
ဘာမှမရှိ ကဗျာပဲရှိပြီး
အိပ်မက် (၂၀) တိတိမက်ခဲ့တဲ့ ကဗျာဆရာ
နွားနို့ရဲ့ ကြီးမြတ်လှတဲ့ ဂုဏ်ကျေးဇူး
နွားနို့နံ့သင်းပျံ့နေတဲ့ ရယ်သံတွေ
ပြီးတော့ ... နွားတစ်ကောင်ရဲ့ မချိတင်ကဲဒေါသနဲ့
နွားတင်းကုတ်ထဲက မတန်မရာအိပ်မက်
ဟားတိုက်ရယ်မောနိုင်ဖို့ အဆင်သင့်ပြင်ထားခိုင်းတဲ့ ကဗျာဆရာနဲ့
မျက်လုံးဖွင့်တိုင်း မိုးမလင်းသေးဘူးဆိုတဲ့ ကလေးမ
တောမရှိ တောင်မရှိ နားခိုစရာမရှိပဲ
စမ်းရေသောက်ရင်း အဆိပ်သင့်ခဲ့ရသော ချိုးငှက်
အသံကိုမချွေတာ အသံကို တရစပ်လွှတ်တဲ့ ပွဲထဲက
ဖျက်မရသော ပန်းချီကားရဲ့ အရပ်သားပြဇာတ်
ရေမရှိမနေနိုင် ရေသိပ်ကြိုက်သော စားဖားများ
လက်ထဲက အခွင့်အရေးကို ကောင်းကောင်းအသုံးချ ... ပြီးတော့
ဝန်ကြီးတွေကို Block ပုဒ်မ ၁၈ ကို Block ဖွဲ့စည်းပုံကို Block တဲ့သူ
မြန်မာ့ဆက်တွယ်ရေး ...
တန်ဖိုးမဲ့သစ်နှင့် ရဲရင့်သောသစ်တုံး
အမေနေကောင်းဖို့ တိုတိုလာရသောစကဒ်တွေ
ဝါကျတည်ဆောက်ပုံမမှန်သောဘဝများ
အမေပြောတဲ့ခွေးဟာ သားပါ သားပါ ဆိုပြီး
လူလိမ်အရူးတွေကို သွားသွားခဲနေရလို့
သိပ်မောနေရှာတဲ့ လူငယ်
စိုးနိုင်
မောင်အောင်ပွင့်
ထူးအိမ်သင်
သေနတ်နဲ့ချိန်ခဲ့တဲ့မြို့
ပုသိမ်မှာ ဆူညံပေါက်ကွဲခဲ့တဲ့ ဘုံသံ ... အခုထိညံဆဲ
လွတ်လပ်စွာပြောဆိုခွင့်အတွက်
သတင်းစာကိုတစ်စစီဆွဲဖြဲခဲ့တယ်
ရလိုက်တဲ့အပိုင်းအစတွေထဲမှာက
ဝန်ထမ်းအမြန်အလိုရှိသည်
အမည်ပြောင်း
အမည်မှန်
ပုံပြောကောင်းသူတစ်ယောက်ရဲ့ပုံပြင်
ခမ်းခြောက်လုဧရာဝတီနှင့်
ရင်နှင့်တားနေရသော ရင်ဘတ်ခပ်ယဲ့ယဲ့များ
ပွားခြင်း များခြင်းမရှိရင်နေ
မိုးတစ်ပေါက်နဲ့လဲ ပိတောက်ပွင့်တယ်တဲ့ ...

လွန်ခဲ့သောနှစ်
လွန်ခဲ့သော သမိုင်း
လွန်ခဲ့သော တံတိုင်းတွေကို
ဖြတ်သန်း ကျော်လွှား လွန်မြောက်
ဒီနေ့လေးဟာ ဒီအခိုက်အတန့်ထဲမှာ
အသေအချာကို လူလားမြောက်ခဲ့ပါတယ်။

နေဘုန်းလတ်
၁၃-၀၃-၂၀၁၄

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးအတွက် ယခုလ ၂၃ရက်မှ စတင်၍ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးဆောင်ကာ ပြည်သူများနှင့် ပူးပေါင်း၍ ရန်ကုန်မှ မေခ၊ မလိခ မြစ်ဆုံအထိ ၂လကြာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မည် ဖြစ်သည်ဟု မတ် ၁၁ ရက်တွင် နိုင်ငံရေးအကျဉ်း သားဟောင်းများ အင်အားစုကော်မတီမှ ဗဟိုကော်မတီဝင် ဦးရဲထွဋ်ခေါင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ဖျက်သိမ်းနိုင်ရန်အတွက် နိုင်ငံရေး အကျဉ်းသားဟောင်း အင်အားစု ကော်မတီနှင့် ပြည်သူများ ပူးပေါင်းပါဝင်သည့် အနေအထားတစ်ခုဖြင့် ဖျက်သိမ်းနိုင်ရန် ရန်ကုန်မြို့မှ မေခ၊ မလိခမြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒပြရန် ရည်ရွယ်ခြင်းဖြစ်သည်။ ၎င်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲတွင် ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း ဖျက်သိမ်းနိုင်ရေးအပြင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးတည်ခြင်း၊ တိုင်းရင်းသား ယဉ်ကျေးမှု အမွေအနှစ် မပျောက်ဆုံးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး အပေါ် မူတည်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်၊ သစ်တောပြုန်းတီးမှုနှင့် သယံဇာတများ အကျိုးရှိရှိ အသုံးပြုနိုင်ရန် စသည့် ဦးတည်ချက် ၄ ချက်ဖြင့် မူတည်၍ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ၎င်းက ထပ်မံပြောသည်။

““ဒီ ၂၃ ရက်မှာ စတင်ထွက်ခွာမယ်။ ကချင်ပြည်နယ် ကန့်ဖဲရွာ အထိပေါ့။ ရန်ကုန်မြို့ကနေ လူဦးရေ ၁၀၀ ကျော်နဲ့ ထွက်ခွာမယ်။ ထွက်ခွာမယ့် အချိန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ လျှောက်ရမှာပေါ့။ လမ်းလျှောက်တဲ့ သူတွေအတွက် ၀တ်စုံတွေ၊ စားဝတ်နေရေးတွေကို တာဝန်ယူမယ်။ ရက်၆၀ လောက်တော့ အများဆုံးကြာမယ်”” ဟုဦးရဲထွဋ်ခေါင်က ပြောသည်။

ရန်ကုန်မှ စတင်ထွက်ခွာချိန်တွင် လူဦးရေ ၁၀၀ကျော်နှင့် ထွက်ခွာမည်ဖြစ်ပြီး ဖြတ်သန်းရာ မြို့နယ် များတွင် စာရင်းပေးသွင်း ထားသော သူများလိုက်ပါမည်ဖြစ်ကာ ကချင်ပြည်နယ်သို့ ဖြတ်သန်းချိန်တွင် မြစ်ဆုံစီမံကိန်းမှ ဖျက်သိမ်းခံရသည့် ရွာပေါင်း ၆၁ ရွာမှ ဒေသခံများ ပူးပေါင်းမည် ဖြစ်သည်။ ဒေသခံပြည်သူများ၊ ကျောင်းသား လူငယ်များနှင့် နိုင်/ကျဉ်းအဖွဲ့မှ ပူးပေါင်းမည်ဆိုလျှင် မြစ်ဆုံရောက်သောအခါ လူအင်အား ၅၀၀၀ မှ ၈၀၀၀ ကြားရှိမည်ဖြစ်သည်။

မနက်၁၂မိုင် (၃)နာရီ၊ ညနေ (၁၂)မိုင်(၃)နာရီ ပုံမှန်လမ်းလျှောက်ရန် သတ်မှတ်ထားသည်။ ခရီးစဉ် ကာလမှာ ရက် ၆၀ အများဆုံး ကြာမြင့်မည်ဖြစ်ပြီး မြို့ကြီးများတွင် တစ်ပတ်တစ်ရက်နားကာ မန္တလေးမြို့၌ သင်္ကြန်အကျ၊ အကြတ်၊ အတက်(၃)ရက် နားမည် ဖြစ်သည်ဟု နိုင်ကျဉ်ဟောင်းများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

ဧရာဝတီမြစ်ဆုံသည် ၇၃ စီမံကိန်းနှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာကို ယခင်စစ်အစိုးရ လက်ထက် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းလုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့် ပါမစ် များကို ၂၀၁၀ စက်တင်ဘာလ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ သို့သော် အရပ်သားအစိုးရ တက်လာသည့် နောက်တွင် ယင်းစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုမှုများ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာခဲ့သည့်အတွက် သမ္မတ ဦးသိန်းစိန်က ၂၀၁၁ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် သမ္မတ အမိန့်နှင့် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် တရုတ်နိုင်ငံကို လျှပ်စစ်ဓာတ်အား ရောင်းချနိုင်မည့် ယင်းစီမံကိန်းကြီးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော် ရင်းနှီး မြှုပ်နှံထားခြင်း ဖြစ်သည်။

အေးမိုးကိုကို
မြန်မာသံတော်ဆင့်



ဗိုလ်ချုပ်နေ၀င်း၏ စစ်အာဏာလွှမ်းမိုးသော စစ်အစိုးရ တက်လာသောအခါ တပ်မတော်သည်အမိ၊ တပ်မတော်သည်အဖ ဟူသော မဟုတ်မဟတ် ကြွေးကြော်သံနှင့်အတူ တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဟု ပြောင်းလဲပစ်လိုက်လေ၏ . . .

ဖက်ဆစ်ဂျပန်ခေတ်တွင် ကျွန်တော် လေးနှစ်သားအရွယ်ရှိပြီ။ ဖက်ဆစ်စနစ်၏ အရသာကို သိုးကာသီကာ ခံစားလိုက်ရပါသေးသည်။ ဒုတိယကမ္ဘာစစ်ကြီး စတင်လာသည်။ ဂျပန်စစ်တပ်များသည် အရှေ့တောင်အာရှကို တရကြမ်း တိုက်ခိုက်လာရာ မြန်မာနိုင်ငံမှ နယ်ချဲ့အင်္ဂလိပ်များလည်း ဆုတ်ခွာပြေးကြရသည်။

ရုတ်တရက် ဆိုသလိုပင် ဂျပန်စစ်တပ်များသည် ဗမာ့တပ်မတော်နှင့်အတူ ရောက်ရှိလာကြသည်။ အင်္ဂလိပ် တပ်များက ဆုတ်ခွာရင်း လေကြောင်းမှ တိုက်ခိုက်သည်။ ကျွန်တော်တို့ ဒေးဒရဲမြို့ကလေးတွင် မီးလောင်ဗုံးများ ကျပြီး အိမ်အတော်များများ ပျက်စီးသည်။ ကျွန်တော်တို့ မိသားစုလည်း ဗုံးခိုကျင်းထဲမှ ထွက်ပြေးကြရသည်။

ကျွန်တော့်အား အဘွားလုပ်သူက ချီပိုးပြီး အရှေ့ဘက် ကျိုက်ဒေးယျုံ စေတီကြီးအနီးရှိ တောင်ကျိုက်ရွာသို့ လျှောက်လှမ်းလာခဲ့သည်။ အိမ်သားများ တကွဲတပြား ဖြစ်သွားသည်။ အဘွားသည် သစ်ပင်ကြီး တစ်ပင်အောက် နားမည်ပြုစဉ် ဂျပန်စစ်သားတစ်ယောက် ရောက်လာသည်။ သူက ဗမာစကားမတတ်ဘဲ အော်ဟစ် မေးမြန်းသည်။

အဘွားက မသိ၍ ခေါင်းရမ်းပြသောအခါ ဂျပန်က အဘွားကိုလှမ်းပြီး ပါးရိုက်သည်။ အဘွားက ရှောင်လိုက်စဉ် ကျွန်တော် ပြုတ်ကျသွားတော့သည်။ ကလေးဘ၀ကပင် ကျွန်တော် ဖက်ဆစ်အရသာကို တွေ့ထိ ခံစား ခဲ့ဖူးသည်။

ဂျပန်ဖက်ဆစ်တို့သည် လူကြီးလူငယ် မရှောင် ပါးရိုက်ခြင်း၊ ရန်သူဟု ထင်သူများကို ရေနွေးပူလောင်း၊ လက်သည်းခွံခွာ စသည့်နည်းများဖြင့် ညှဉ်းပန်းနှိပ်စက်သည်။ ဂျပန်တို့သည် ပြည်နယ်များပါမကျန် တိုင်းရင်းသားအပေါင်းကိုပါ ကျွန်ပြု နှိပ်စက်သောအခါ ပြည်သူတစ်ရပ်လုံး မခံမရပ် နိုင်တော့ဘဲ ရရာလက်နက် စွဲကိုင်ကာ တော်လှန်လာကြသည်။ အင်္ဂလိပ်စစ်တပ်များနှင့် ဗမာ့တပ်မတော်ကို ပူးပေါင်းလာကြသည်။

မြန်မာသံတော်ဆင့်

ဖက်ဆစ်တော်လှန်ရေးကြီး အရှိန်အဟုန် ပြင်းထန်လာသည်။ လယ်သမားကြီး ဦးမြ၊ ရေလုပ်သားကိုသာလှ၊ မြင်းလှည်းသမား ဘညို၊ လှေတိုးသားအောင်ဘ စသူတို့သည် တော်လှန်ရေးသမားများ အလိုလိုဖြစ်လာကြ သည်။

ဒါတွင်မက ရဟန်းသံဃာများပင် ဖက်ဆစ် တော်လှန်ရေးတွင် ဖြစ်သည့်နည်းနှင့် ပါဝင်လာကြသည်။ သင်္ဃန်းကျွန်းရွာကြီးမှ ဆရာတော် ဦးနာဂိန္ဒသည် ထင်ရှားသော ရဟန်းတစ်ပါးဖြစ်၍ ဖက်ဆစ်တို့ ညှဉ်းပန်းခြင်းကို ခံလိုက်ရ၏။

ဖက်ဆစ်တော်လှန်ရေးတွင် ပြည်သူလူထု ပါဝင်လာသော်လည်း လက်နက် အင်အားမကောင်း၊ ဓားလှံ လက်နက်မျှသာ ရှိသည့် ဗမာ့တပ်မတော်မှာ အင်္ဂလိပ်တပ်များက လက်နက်အင်အား ကူညီသဖြင့် တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲသည်။

အချို့ရွာကြီးများတွင် ဂျပန်စစ်သားများက ရွာလုံးကျွတ် ဖမ်းဆီး သတ်ဖြတ်မှုကို ခံရသည်။ ဤတွင် တောင်သူ လယ်သမား အများစုကြီးသည် ဘ၀လွတ်မြောက်ရေးအတွက် တော်လှန်ရေးသမားများ ဖြစ်လာကြရသည်။

အနယ်နယ်အရပ်တွင် သခင်အောင်ဆန်း ဦးဆောင်သော နိုင်ငံရေးသမား သခင်လူငယ် ခေါင်းဆောင်များကို မြှုပ်နှံကာ တော်လှန်ရေး အရှိန်အဟုန်ကို ပို၍ မြင့်မားလာစေသည်။

အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို ဆက်လက် သွေးစုပ်နိုင်ရေးအတွက် နိုးကြားသော သခင်လူငယ်များကို ထောင်ထဲထည့်ထားသည်။ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်မြသွင်၊ သခင်လေးမောင်၊ သခင်သိန်းဖေ စသော လူငယ်သခင်များစွာကို မတတ်သာတော့မှ ၎င်းတို့ပြေးခါနီး ထောင်က လွှတ်ပေးခဲ့သည်။ သခင်လူငယ်များစွာ သည် တောင်သူလယ်သမားတို့နှင့်အတူ ဖက်ဆစ်တော်လှန်ရေးကို အားမာန်သစ်ဖြင့် ဆင်နွှဲလာနိုင်သည်။ ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ကြီးကို ဖွဲ့စည်းနိုင်ခဲ့၏။

ဖက်ဆစ်တော်လှန်ရေးသည် ပြည်သူတစ်ရပ်လုံး အုံကြွပါဝင်မှုဖြင့် သမိုင်းတွင် ဘယ်ခေတ်ဘယ်အခါမှ မရှိခဲ့ဖူးသော စည်းလုံးမှုကြီးကို ရရှိခဲ့သည်ဟု သမိုင်းဆရာတို့က ဆိုကြသည်။

ဖက်ဆစ်တော်လှန်ရေးကြီး အရှိန်အဟုန် ကြီးမားခဲ့သည်နှင့်အတူ ထောင်ပေါင်းများစွာသော ပြည်သူလူထု၏ အသွေးအသားများ ပေးဆပ်လိုက်ကြရသည်။ ဂျပန်ဖက်ဆစ်တို့လည်း စစ်ရေးတွင် အရှုံးကြီးရှုံးကာ မြန်မာ့ မြေပေါ်မှ ထွက်ပြေး သွားခဲ့ကြရသည်။

ဖက်ဆစ် တော်လှန်ရေးကား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတို့ ပါဝင်ဆင်နွှဲသော အကြီးမားဆုံး တိုက်ပွဲကြီးဖြစ်သည်။ နွေမိန်တပေါင်း သို့မဟုတ် မတ်လတွင် တော်လှန်ရေးကြီး စတင်ခဲ့သဖြင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့အဖြစ် ဖဆပလအဖွဲ့ကြီးနှင့် ပြည်သူတို့ လက်ခံခဲ့ကြပြီး ဖြစ်သည်။

ဗိုလ်ချုပ်နေ၀င်း၏ စစ်အာဏာလွှမ်းမိုးသော စစ်အစိုးရ တက်လာသောအခါ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖဟူသော မဟုတ်မဟတ် ကြွေးကြော်သံနှင့်အတူ တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဟု ပြောင်းလဲ ပစ်လိုက်လေ၏။ လွန်ခဲ့သော နှစ် ၆၀ ကျော်က သတင်းစာများကို ပြန်ပြောင်း လေ့လာကြည့်ရှုလျှင် လည်း တော်လှန်ရေးနေ့ ဟူ၍သာ တွေ့မြင်ရမည်ဖြစ်ကြောင်း အမှတ်တရ တင်ပြလိုက်ရပါသည်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.