04/01/14

၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက် စနေနေ့ထုတ် ဒီမိုကရေစီတူဒေး သတင်းစာပါ ကျွန်တော့်ရဲ့ ဆောင်းပါးသစ်
ပြည်သူတွေကို အသိပညာပေးနိုင်တဲ့ စာပေတွေထဲမှာ နေ့စဉ်သတင်းစာတွေဟာ ထိပ်ဆုံးက ပါပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သတင်းစာတွေဟာ ဗဟုသုတစာပေတွေအပြင် နေ့စဉ်နဲ့အမျှ ပြည်တွင်းနဲ့ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို ရေးသားတင်ပြနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုပြည်သူတွေရဲ့နားမျက်စိဖြစ်တဲ့သတင်းစာတွေကို အစိုးရက ထိန်းချုပ်ပြီး ထုတ်ဝေတာဟာ တိုင်းပြည်ကို မှောင်ချထားလိုတာကြောင့်လို့ ပြောလိုရပါတယ်။ လွတ်လပ်တဲ့ဒီမိုကရေစီ နိုင်ငံတွေမှာအစိုးရက မီဒီယာလွတ်လပ်ခွင့်ပေးပြီး ပုဂ္ဂလိကပိုင်အဖြစ် သီးခြားလွတ်လပ်ခွင့်ပေးတဲ့အတွက် ဒီနိုင်ငံတွေမှာ ပြည်သူတွေက တိုင်းပြည်တွင်းမှာ ဘာဖြစ်နေတယ်ဆိုတာသိပြီး အစိုးရမကောင်းရင် မကောင်းသလို ဝေဖန်ခွင့် ရှိနေတဲ့အခါကျတော့ မကောင်းတဲ့သူတွေ မတိုးနိုင်ဘဲ လူတော်လူကောင်းတွေကိုလူတွေက ရွေးချယ်နိုင်ခွင့်ရခဲ့ကြတယ်။ စစ်အာဏာရှင်နိုင်ငံတွေ၊ တစ်ပါတီစနစ်ကျင့်သုံးတဲ့ ကွန်မြူနစ်နိုင်ငံတွေကတော့ သူတို့အာဏာလက်လွတ်ရမှာစိုးတဲ့အတွက် သတင်းစာတွေကို သူတို့ကပဲ ဦးစီးထုတ်ဝေပြီး အစိုးရခေါင်းဆောင်တွေဟာ မိုးကျရွှေကိုယ်တွေ ဘုရားကလွဲလို့ အရာရာကို သိနားလည်သူတွေလိုပုံစံပေါက်အောင် ကြော်ငြာပြီး ပြည်သူကို လိမ်လည်စော်ကားခဲ့ကြတယ်။ ဖိနှိပ်ထားခဲ့ကြတယ်။ တိုးတက်တဲ့တိုင်းပြည်တွေကိုကြည့်ရင် သတင်းလွတ်လပ်တဲ့တိုင်းပြည်တွေ ဖြစ်တယ်ဆိုတာတွေ့ရမှာပဲ။ အဲ့ဒီ တိုင်းပြည်တွေမှာ ပြည်သူဟာ ကြောက်လန့်မှုကနေ ကင်းကွာနေနိုင်ခွင့်၊ ဝေဖန်ခွင့်၊ ရေးသားခွင့်၊ ဆန္ဒထုတ်ဖေါ်ခွင့် တွေရှိကြတယ်။

မကြာခင်က ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ အတည်ပြုခဲ့တဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းဟာ အစိုးရသတင်းမီဒီယာတွေကို အများပြည်သူ ၀န်ဆောင်မှုပေးတဲ့ မီဒီယာတွေအဖြစ် ပြောင်းလဲဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲအကောင်အထည် ဖြစ်ဖေါ်နေတာလို့ ကြားသိရတယ်။ ဒီနေရာမှာ ပြောချင်တာက အစိုးရမီဒီယာတွေကို အများပြည်သူဝန်ဆောင်မှုပေးတဲ့ မီဒီယာအဖြစ်ပြောင်းလဲတယ်ဆိုတာ ကုလားကြီနဲ့ အရာကြီးလိုမျိုး အတူတူပါပဲ။ ပြည်သူတွေကို ဖဲသုံးချပ်ပြပြီး လိမ်နေတာလို့ မြင်တယ်။ အစိုးရမီဒီယာနဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဒီနှစ်ခုဟာ ဘာတွေ မတူညီပြီး ဘာတွေ တူညီနေသလဲ မေးခွန်းထုတ်ကြည့်မိတယ်။ အဖြေကတော့ အစိုးရ ပြန်ကြားရေးဌာန လက်အောက်ကနေ အသစ်ဖန်တီးလိုက်တဲ့ အစိုးရလက်ဝေခံဌာနတစ်ခုက ပြောင်းယူပြီး အများပြည်သူ နာမည်ကို ခုတုံးလုပ်ပြီး အများပြည်သူဝန်ဆောင်မှုပေးတဲ့ မီဒီယာအဖြစ် ပြောင်းလဲတယ်လို့ မျက်လှည့်ပြလိုက်တာပဲ ဖြစ်တယ်။ အရင်က လုပ်သားပြည်သူ့နေ့စဉ်သတင်းစာကို မှတ်မိကြအုံးမယ်ထင်တယ်။ အဲဒီသတင်းစာက ဘယ်လုပ်သား၊ ဘယ်ပြည်သူကိုမှ ကိုယ်စား မပြုခဲ့ဘူး။ ဒီလိုပဲ မဆလခေတ်က ပြည်သူ့ဆိုင်ဆိုတာကလဲ ဘယ်ပြည်သူမှ မပိုင်ဘူး။ ဒီလိုဘဲ “အများပြည်သူဝန်ဆောင်မှုပေးတဲ့မီဒီယာ” ဟာလဲ ထိုနည်းလည်းကောင်းပဲ။ အချုပ်အားဖြင့် အစိုးရထိန်းချုပ်မှု လောင်းရိပ် အောက်က မီဒီယာပါပဲ။ ဒီထက်ဘာမှထူးပြီးမရှိပါဘူး။

စစ်အစိုးရအဆက်ဆက်မှာ အစိုးရက ဘာပဲလုပ်လုပ် “အားလုံးကောင်းပါတယ်” ဆိုပြီး နိုင်ငံပိုင်အစိုးရသတင်းစာများက ရေးသားဖေါ်လံဖါးကြတာ မဆလခေတ်တလျှောက်လုံးနဲ့ နဝတ၊ နအဖခေတ်တစ်ခုလုံးပဲလေ။ ဒီလိုဖြစ်တာ လူတိုင်း သိပါတယ်။ သတင်းစာခေါင်းကြီးပိုင်းမှာ ဗိုလ်ချုပ်ကြီးများ တိုင်းခန်းလှည့်လည်နေတဲ့ပုံ၊ စက်ရုံအလုပ်ရုံများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ညွှန်ကြားနေပုံတွေကို ပြည်သူတွေအနေနဲ့ စိတ်ပျက်သွားလောက်အောင် နှစ်ပေါင်းများစွာ ဖေါ်ပြနေခဲ့ကြတယ်။ စာပေစိစစ်ရေးကလည်း ဘယ်နေရာမှာမဆို လိုတာထက်ပိုပြီး အတွေးလွန်စွာနဲ့ လွတ်လပ်စွာ ရေးသားထုတ်ဝေမှုတွေကို နည်းမျိုးစုံနဲ့ ပိတ်ပင်ခဲ့ကြတယ်။

ဒီနေရာမှာ ပြည်သူတွေကို နေ့တဓူဝ မြန်မာ့သတင်း၊ ကမ္ဘာ့သတင်းတွေကို ဖြန့်ဝေပေးရမဲ့သတင်းစာတွေဟာ အစိုးရ ထိန်းချုပ်မှုအောက်ရောက်နေတဲ့အခါ ပြည်သူတွေကို အစိုးရက ဘယ်လိုမတရားလုပ်လုပ် မပြောဘဲ ရေငုံနှုတ်ပိတ်နေပြီး ကောင်းတာတွေပဲ လုပ်နေတယ်ဆိုပြီး ဝါဒဖြန့်တာတွေနဲ့မှိုင်းတိုက်တော့တာဘဲ။ အဲဒီမှိုင်းတိုက်ခြင်းဟာ အလွန်ပြင်းထန်တဲ့ အဆိပ်အတောက်နဲ့တူတယ်။ အမှန်တော့ သတင်းစာဟာ ပြည်သူတွေရဲ့နားနဲ့မျက်စိပါပဲ။ ဒီတော့မျက်စိကို မျက်မှန်စိမ်းတပ် မြက်ခြောက်တွေကိုစားခိုင်းသလို၊ နားထဲမှာလဲ အားလုံးကောင်းပါသည် ခင်ဗျားလို့ အမြဲအော်နေကြတဲ့အတွက် ပြည်သူတွေဟာ အစိုးရပိုင်သတင်းစာတွေကို နာရေးကြော်ငြာနဲ့ နိုင်ငံခြားသတင်းလောက်သာ ဖတ်ဖို့အသုံးချတဲ့အဆင့် ရောက်လာခဲ့ရတယ်။

အဲဒီလို စစ်အစိုးရရဲ့ဝါဒဖြန့်ချီရေးလက်နက်သက်သက်အဖြစ် အသုံးချခံခဲ့ရတဲ့ ကြေးမုံနဲ့မြန်မာ့အလင်းသတင်းစာတို့ဟာ တစ်ချိန်က လူတိုင်းက လေးစားရပြီး စောင်ရေအများဆုံးရောင်းရတဲ့ ပုဂ္ဂလိကပိုင်သတင်းစာများပဲ ဖြစ်ပါတယ် အခုလည်း စောင်ရေများပါတယ်၊ ဒါကလည်း အစိုးရက ပုဂ္ဂလိကသတင်းစာတွေထက် ဈေးပေါပေါနဲ့ ရောင်းနေလို့ပါ။ ကြေးမုံ သတင်းစာတိုက်ကြီးကို ဆရာကြီး ကြေးမုံဦးသောင်းက ဦးစီးခဲ့ပြီး သူ့ရဲ့အောင်ဗလဆိုတဲ့ကလောင်ဟာ အစွမ်းထက်တဲ့ ကလောင်တစ်လက်ဖြစ်ပြီး သေနတ်ကိုင်ထားတဲ့ ဗိုလ်ချုပ်တွေကြောက်ရတဲ့ လက်နက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်က မြန်မာနိုင်ငံမှာ သတင်းစာဖတ်နိုင်တဲ့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ သတင်းစာ ဖတ်ခွင့် လုံးဝမရရှိဘဲ ဖြစ်နေတယ်လို့ ပြောပါတယ်။ အဲဒီလိုဖြစ်တာ စစ်အစိုးရအဆက်ဆက် သတင်းမီဒီယာတွေက သူတို့ကို မဝေဖန်နိုင်အောင် ရန်သူလိုသဘောထားပြီး မီဒီယာကို အသေသတ်ခဲ့တဲ့ စစ်အာဏာရူး စိတ်ဓါတ်ကြောင့်သာဖြစ်တယ်။ အရင်းစစ်တော့ အမြစ်မြေကဆိုသလို စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူတွေကို ပညာပေးမယ့်သတင်းစာတွေ တိမ်ကောခဲ့ရတာ မဟုတ်လား။ ၁၉၆၂ ခုနှစ် စစ်အာဏာမသိမ်းပိုက်ခင်က မြန်မာပြည်မှာမြန်မာ၊ အင်္ဂလိပ်၊ ဟိန္ဒူ၊ အူရဒူ၊ တရုတ်၊ ရှမ်းစတဲ့ သတင်းစာ စုစုပေါင်း ၁၇စောင်လောက် ဦးနုလက်ထက် ဖဆပလခေတ်မှာ ရှိခဲ့ဖူးတယ်။ အဲဒီတုံးက လူဦးရေ ၁၄ သန်းရှိတဲ့နိုင်ငံမှာ သတင်းစာ ၁၇ စောင်ဆိုတာ လူဦးရေနဲ့ တွက်ပြောရရင် အင်အားများတယ်လို့ ပြောနိုင်တယ်။ ဒီနေ့ လူဦးရေသန်း ၆၀ ရှိပြီး သတင်းစာ ဘယ်နှစ်စောင် ရှိသလဲဆိုတာ တွက်ကြည့်နိုင်မှာပါ။

"ယနေ့ မြန်မာနိုင်ငံမှာ စုစုပေါင်း သတင်းစာ စောင်ရေ ၆ သိန်းကျော်ခန့်သာ ထုတ်ဝေနိုင်ပါသေးတယ်၊ သတင်းစာတစ်စောင်ကို လူ ၁ဝ ယောက် ဖတ်တယ်လို့ ယူဆပြီးတော့ တွက်ချက်ရင် အသက် ၁ဝ နှစ်နဲ့ အထက် သတင်းစာဖတ်နိုင်တဲ့ လူဦးရေ ၄၉ သန်းမှာ ၄၃ သန်းခန့်ဟာ သတင်းစာ လုံးဝဖတ်ခွင့်မရဘဲ ဖြစ်နေတာကိုလည်း ကျနော်တို့ သတိပြုကြဖို့ လိုအပ်ပါတယ်၊ အများစုဟာ ကျေးလက်ဒေသနဲ့ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်နေကြသူများနဲ့ နေ့စဉ်သတင်းစာကို ဝယ်မဖတ်နိုင် လောက်အောင် ဆင်းရဲနွမ်းပါးနေသူများ ဖြစ်ကြပါတယ်" လို့ ဝန်ကြီးဦးအောင်ကြည်က ပြောပါတယ်။ အခုလိုဖြစ်နေတာဟာ စစ်အစိုးရအဆက်ဆက် ပြည်သူတွေကို မျက်စိနားပိတ်ထားပြီး တိုင်းပြည်ကို သတင်းမှောင်ချထားခဲ့တဲ့အကျိုးရဲ့ ဆိုးကျိုးတွေသာ ဖြစ်ပါတယ်။ ဒီဆိုးကျိုးတွေကို လက်ရှိစစ်ဝတ်ချွတ်ပြီး လက်ပြောင်းအာဏာလွှဲယူခဲ့တဲ့ ဖါးတပိုင်း ငါးတပိုင်းအစိုးရက တာဝန်ခံဖြေရှင်းရမှာဖြစ်တယ်။ ဖြေရှင်းတာက လွယ်ပါတယ်။

အစိုးရပိုင်သတင်းစာတွေကို ပုဂ္ဂလိကပိုင်အဖြစ် အကုန်လွှဲပေးလိုက်ပါ။ အရင်ပိုင်ရှင်မြန်မာပြည်သားတွေကို ဦးစားပေး လွှဲပေးပါ။ သူတို့မလုပ်နိုင်ရင်လုပ်နိုင်တဲ့သူတွေနဲ့အကောင်အထည် ဖေါ်ပါလိမ့်မယ်။ မတရားသိမ်းထားတာတွေကို နှမြောမနေပါနဲ့ တရားသဖြင့် ပြန်ပေးလိုက်ပါ။ အရင်းရှင်တံဆိပ်တပ်ပြီး သိမ်းခဲ့သူတွေအခုသူတို့ ကိုယ်တိုင် သန်းကြွယ် သူဌေးကြီးတွေ ဖြစ်နေပြီပဲ။ တရားသဖြင့် လုပ်ကြရင်ကောင်းပါတယ်။ မူလပိုင်ရှင်တွေက သူတို့ပိုင်ဆိုင်မှုတွေကိုယူပြီး သတင်းစာ မထုတ်တော့ရင်လည်း မစိုးရိမ်ပါနဲ့။ သတင်းစာထုတ်နေတဲ့ လက်ရှိပုဂ္ဂလိက သတင်းစာတွေကို လူတွေက ပြောင်းဖတ်လာပါလိမ့်မယ်။ လက်ရှိပုဂ္ဂလိက သတင်းစာတွေ စောင်ရေတိုးလာလို့ အောင်မြင်လာရင် နောင်သတင်းစာ အသစ်တွေ ဆက်ပေါ်လာမှာပါ။ အာဒမ်စမစ်ရဲ့ မမြင်ရတဲ့လက် (invisible Hand) ကနေ သူ့ဈေးကွက်ကို သူဖန်တီး သွားပါလိမ့်မယ်။ အရေးအကြီးဆုံးက အစိုးရက လက်ရှောင်နေဖို့ပါဘဲ။ အခုဖြစ်နေတဲ့ပြဿနာက အစိုးရက နေရာတကာမှာ ဝင်ပါချင်နေတဲ့အကျင့်ကို မဖျောက်နိုင်ဘူးဖြစ်နေတာဘဲ။

အစိုးရသတင်းစာတွေကို ပုဂ္ဂလိကကို လွှဲပြောင်းပေးလိုက်မယ်ဆိုရင် သတင်းစာဈေးကွက်ဟာ သူ့ဈေးနဲ့သူ ပုံမှန်ပေါ်လာမယ်လို့ ယုံကြည်တယ်။ အခုဟာက ပုဂ္ဂလိကသတင်းစာတွေ အားကောင်းလာဖို့ကိစ္စမှာ အစိုးရ သတင်းစာတွေကဝင်ပြီး ကာထားသလို စာရွက်များများဖြုန်းနိုင်တာရယ် ကြော်ငြာတွေကိုအများဆုံး လက်ဝါးကြီးအုပ်ထား သလိုမျိုး ဖြစ်နေတော့ ငွေကြေးအင်အားနည်းတဲ့ လက်သစ်သတင်းစာလေးတွေ အစမှာတင် ဇီဝိန်ကျွေသွားရရှာတာပေါ့။

ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေးက မြန်မာ့အလင်း၊ ကြေးမုံစတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေတဲ့ နေ့စဉ်ထုတ် အစိုးရ သတင်းစာတွေကနေ ဒီနှစ်အတွင်း အသားတင်အမြတ်ငွေ ကျပ်သန်းပေါင်း ၅ ထောင်ကျော် ရရှိခဲ့တယ်လို့ ပြောပါတယ်။ အရင်ကြားတာက ပြည်သူ့အတွက် အရှုံးခံထုတ်နေတယ်ကြားရပြီး အခုတော့မြတ်လို့ ဌာနပြောင်း ဆက်ထုတ်မယ်ဆိုတဲ့သဘောလို့ ယူဆပါတယ်။

သတိထားမိတဲ့ အရေးကြီးတဲ့တစ်ချက်က သတင်းစာကို အစိုးရကဆက်ပြီး ထိန်းထားချင်တာ ဘာသဘောလဲ ဆိုတာပဲ ဖြစ်တယ်။ လက်ရှိအာဏာရအစိုးရဟာ ကြံခိုင်ဖြိုးပါတီအစိုးရဘဲ ဒါကြောင့် သတင်းစာကို ဆက်ထိန်းထားခြင်းဟာ ကြံခိုင်ဖြိုး ပါတီကပဲ ဆက်လက်အာဏာ ယူသွားမယ်လို့ ကျိန်းသေတွက်ထားသလားဆိုတာပဲ ဖြစ်တယ်။ တကယ်လို့ ဒီမိုကရေစီ အဖွဲ့ချုပ်နိုင်ရင် ဒီသတင်းစာတွေဟာ ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဦစီးထုတ်ဝေ ရမှာလား မေးစရာတွေ ဖြစ်လာတယ်။ ဒီလိုဘဲ တီဗီ၊ ရေဒီယိုဌာနတွေကော ဘယ်လိုစဉ်းစားကြမလဲ။ အများပိုင် တစ်နည်းအစိုးရပိုင်ဆိုတာ အာဏာရှင်နိုင်ငံတွေမှာသာ ကျင့်သုံးခဲ့ကြတာပါ။ ဒါကြောင့် မီဒီယာအားလုံးဟာ ပုဂ္ဂလိကပိုင်ပဲ ဖြစ်သင့်တယ်လို့မြင်တယ်။

နောက်ဆုံးပြောချင်တာက လွတ်လပ်ပါတယ်ဆိုတဲ့ အမေရိကန်နိုင်ငံက သမ္မတဖြစ်ခဲ့သူ ရစ်ချက်နစ်ဆင် (ဒီမိုကရက်တစ် ပါတီရဲ့ ပြောဆိုဆွေးနွေးမှုတွေကို ခိုးနားထောင်တာကို မီဒီယာကနေ ထုတ်ဖေါ်လိုက်လို့ သမ္မတကနေ ဆင်းပေးခဲ့ရသူ) ရဲ့ အိမ်ဖြူတော်မှာ သူ ဖုန်းနဲ့စကားပြောခဲ့တဲ့မှတ်တမ်းတွေကို နောင်နှစ် ၂၀ ကြာမှာ ပြည်သူတွေကို ဖွင့်ချခွင့်ပြုတဲ့အချိန်မှာ နစ်ဆင်က “မီဒီယာတွေဟာ ငါ့ရန်သူကွ” လို့ သူ့လူတွေကို ပြောခဲ့တာကို အံ့သြစွာ ဖတ်ရှုခဲ့ရဖူးတယ်။ ဒီလို ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံရဲ့ခေါင်းဆောင်တစ်ယောက်ကတောင် မီဒီယာကို ရန်သူလို့မြင်ပြီး ကြောက်နေရင် မြန်မာနိုင်ငံလို ခေါက်ရိုးကျိုးနေတဲ့ အာဏာရှင်နိုင်ငံလေးဟာ ဒီ့ထက်ဆယ်ဆ ကြောက်မယ်ဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့်လဲ အစိုးရပိုင်ကနေ “အများပြည်သူ ၀န်ဆောင်မှုပေးတဲ့ မီဒီယာတွေအဖြစ်” ပြောင်းမယ်လို့ဆိုပြီး မီဒီယာကို မလွှတ်ဘဲ ကိုင်ထားဖို့၊ အစိုးရရဲ့ထိန်းချုပ်မျှုအောက်မှာ ရှိနေဖို့ ကြိုးစားမှာပဲ၊ ဒါဟာ အကြောက်တရား ကြီးစိုးနေတာကို ပြတယ်။ ဖြစ်သင့်တာက တိုင်းပြည်ကြီး လွတ်လပ်သာယာဝပြောမယ်ဆိုရင် ငါတို့အာဏာမရလည်း ဘာအရေးလဲဆိုပြီး သတ္တိရှိရှိ သတင်းမီဒီယာတွေကို ပုဂ္ဂလိကပိုင်အဖြစ် တရားမျှတစွာပြောင်းလဲပေးဖို့ပဲ ဖြစ်တယ်။ ဒါမှ အမှန်တရားဆိုတာကို ပြည်သူက လွတ်လပ်တဲ့မီဒီယာကနေ နားထောင်၊ ဖတ်ရှုနိုင်ပြီး လူကောင်းလူမှန်တွေ၊ အကျင့်သီလနဲ့ပြည့်စုံသူတွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုရွေးချယ်လိုက်တဲ့အထဲမှာလည်း အကျင့်သီလကောင်းမွန်တဲ့ တပ်မတော်အရာရှိဟောင်းတွေလည်း ပါလာမှာပါဘဲ။ လူတော်လူကောင်းတွေ ဘယ်နောက်ခံကလာလာ ပြည်သူကသိနေတဲ့အတွက်ထင်ပေါ်ရင် စင်တော်က ကောက်မှာပါဘဲ။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

မကွေးနှင့် ပခုက္ကူမြို့ အခြေခံ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒ ဖော်ထုတ်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့မှ ကိုပြုံးချို၊ မနီလာသိန်းနှင့် မမီးမီးတို့အား ပုဒ်မ ၁၈ ဖြင့် ပခုက္ကူမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် မကွေးတိုင်း ဒေသကြီး မကွေးမြို့နှင့် ပခုက္ကူမြို့တို့တွင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သည့် ပခုက္ကူ ဒေသခံ ၈၈ မျိုးဆက်မှ ကိုသန်းနိုင်၊ ကိုသက်ကြူတို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်း) ရန်ကုန်မှ ကိုပြုံးချို၊ မနီလာသိန်း၊ မမီးမီးတို့အား ပခုက္ကူ ရဲစခန်းမှ ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ကိုအံ့ဘွယ်ကျော်က ပြောသည်။

အဆိုပါ ဦးဆောင်သူများ ရဲစခန်းသို့ သွားရောက်ခဲ့ရာတွင် ဦးဝင်းလှိုင်က ၄င်းတို့အား ပုဒ်မ ၁၈ဖြင့် အမှုဖွင့် အရေးယူထားကြောင်းနှင့် တစ်ဆက်တည်း အာမခံပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ ဆန္ဒ ဖော်ထုတ်ရာတွင် ဦးဆောင် ပါဝင်ခဲ့သူများဘက်မှ အာမခံပေးမည်ကို လက်မခံကြောင်း၊ ကိုယ်တိုင် ခံဝန်ဖြင့် အာမခံကိုလည်း မယူနိုင်ကြောင်း၊ တရားစွဲဆိုပါက ပူးပေါင်း ဆောင်ရွက်မည် မဟုတ်ကြောင်း၊ ပြန်လည် ပြောကြားခဲ့သည်ဟု ဆိုသည်။

ယင်းနောက် ပခုက္ကူ ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိလာပြီး မြို့မ ရဲစခန်း၌ ခေါ်ယူ တွေ့ဆုံခဲ့ကြောင်းနှင့် ဆွေးနွေးရာတွင် ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးအောင်ဇော်မင်းမှ အခြေခံ ဥပဒေကို လွှတ်တော်ထဲမှာ ဆွေးနွေးဆဲ ကာလဖြစ်ကြောင်း ပြင်ဆင်၊ ပြည့်စွက်မှုများလည်း စောင့်ကြည့်ရမှာ ဖြစ်ကြောင်း၊ ကနဦးတိုင် ကြားချက်ကို အမှုဖွင့် စစ်ဆေးနေဆဲ ဖြစ်ပြီး အရေးယူခြင်း၊ မယူခြင်းကို ဥပဒေဖြင့် အကျုံးဝင်ချက်ကို ရယူဖို့ လိုသေးကြောင်း ပြောကြား ခဲ့သည်ဟု ဆိုသည်။
Tomorrow News Journal

အလံလက်ဆောင်ပေးသည်ဆိုသော စာသား (သို့ မဟုတ်) စကားလုံးများမှာ
အခြေအနေအရ ရွေ့ လျားပြောင်းလဲ သုံးစွဲလိုက်ကြသည့် စကားလုံးများ၊
စာသားများသာဖြစ်ပါသည်။ အမှန်တကယ်အားဖြင့် တံတားနီနေ့ မတိုင်ခင်
ထုတ်ဝေသော သတင်းစာ၊ ဂျာနယ်များတွင် အလံလွှဲပြောင်းပေးအပ်မည်ဟု
သုံးစွဲကြသည်ကို သက်သေအထင်အရှား တွေ့ ခဲ့ရပြီး ဖြစ်သည်။ ထိုသို့ 
လွှဲပြောင်းပေးအပ်မည်ဆိုသည့်နေရာတွင် ရှစ်လေးလုံး အရေးတော်ပုံအတွင်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (မကသ)ဟု ခံယူကာ ဖွဲ့ စည်းထားခဲ့သော
ကျောင်းသားဟောင်းများ၏ ဒီကနေ့ အင်အားစုများက ကျောင်းသားသမဂ္ဂ
ဖြစ်မြောက်ရေးကော်မတီ (ကသဖ)သို့  ပေးအပ်မည်ဟု စာနယ်ဇင်းများတွင်
အတိအလင်း ဖော်ပြခဲ့ကြသည်။

အဆိုပါ လွှဲပြောင်းပေးအပ်မည့် အကြံအစည်သည် ကျောင်းသားထုညီညွတ်ရေး
ကွဲအက်ခဲ့ခြင်း၏ နောက်ဆက်တွဲဂယက်တခုဖြစ်သလို ဗကသများ အဖွဲ့ ချုပ်ကို
ဆန့် ကျင်တိုက်ခိုက်လိုသည့် စိတ်အခံပေါ်တွင် အများဆုံးနှင့် အဓိက
မှီတည်နေသည်ဟု သုံးသပ်ရပါသည်။ အတိတ်ကဖြစ်ခဲ့သော စင်ပြိုင်သမဂ္ဂ
ဖွဲ့ စည်းပြီး ဗကသ ၏ သမိုင်းဆိုင်ရာ အခန်းကဏ္ဍကို ဖျက်သိမ်းရေးစီမံချက်၏
နောက်ဆုံးပေါ် အားထုတ်ချက်တခုဖြစ်နေသလို မကသ ဟောင်းများ၏
မိမိတို့ မျိုးဆက် ထပ်မံမွေးမြူရေး ကြိုးပမ်းမှုအခြေအနေတရပ်ဟုလည်း
ကောက်ချက်ချရပါလိမ့်မည်။

ယခုအဖြစ်အပျက်များမတိုင်မီ ရွှေဝါရောင်တော်လှန်ရေးကာလအထိ
ပြန်ကောက်ကြည့်ရလျှင် ကျွန်တော်တို့  ဗကသများ အဖွဲ့ ချုပ် (မြေအောက်)
ပြန်လည်ဖွဲ့ စည်းကြောင်း ကြေညာလိုက်သည့် သြဂုတ်လ (၂၈)ရက်နေ့ 
၂၀၀၇ ခုနှစ် ညမှာပင် မပြီးဆုံးသေးသော ပြဿနာတရပ် ပြန်အစပျိုးခဲ့သည်။
ထိုအချိန်က စစ်အာဏာရှင်တို့ ၏ အဖမ်းအဆီးမခံရသေးဘဲ ပုန်းအောင်းနေရသည့်
မကသ ခေါင်းဆောင်တယောက်က ဗကသများ အဖွဲ့ ချုပ် ပြန်လည်ပေါ်ထွက်
လာခြင်းကို သတင်းဆိုးတခုအဖြစ် မှတ်ယူသုံးသပ်ခဲ့သည်ဟု ကျွန်တော်တို့ 
ပြန်လည်ကြားသိခဲ့ရသည်။ ဘုံရန်သူ စစ်အာဏာရှင်၏ ရက်စက်ဆိုးဝါးမှုများကို
မေ့သွားလောက်အောင်ပင် ဗကသ အပေါ် ထားရှိသော အာဃာတ တရားများကား
နက်နက်ရှိုင်းရှိုင်း ဖုံးလွှမ်းနေသည်ဟု ပြောရပေလိမ့်မည်။

၁၉၃၆ ခုနှစ် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ မအမာ စသော ကျောင်းသားခေါင်းဆောင်
များ၏ နိုင်ငံရေးအမြင် စူးရှမှုကြောင့် တနိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂများ
အားလုံးကို စည်းရုံးစုစည်းနိုင်မည့် အဖွဲ့ ချုပ်တခု ပေါ်ပေါက်အောင် ဆောင်ရွက်
နိုင်ခဲ့သည်။ ယင်းကျောင်းသားသမဂ္ဂ အဖွဲ့ ချုပ်သည် ဗကသ ပင်ဖြစ်ပြီး
အဖွဲ့ ချုပ်၏ အလံတော်သည် တိုက်ပွဲဝင် ခွပ်ဒေါင်းအလံပင် ဖြစ်သည်။
ယခင် တကသ သုံးစွဲနေသည့် ကဒေါင်း အလံကို ဖျက်သိမ်းပြီး
“လွတ်လပ်ရေးကို ကပြီး မယူ၊ ခွပ်ပြီး ယူမယ်” ဆိုသော အတွေးအခေါ်မျိုးစေ့ကို
ဗကသ ပထမမျိုးဆက်ကျောင်းသားများက ချမှတ်ခဲ့သည်။

ထိုအချိန်မှစ၍ ကျောင်းသားမျိုးဆက်အဆင့်ဆင့် စွဲကိုင်အသုံးပြုလာသည့်
တရားဝင် သမဂ္ဂအလံတော်မှာ နီစွေးတောက်ပြောင်သည့် ခွပ်ဒေါင်းအလံ
ဖြစ်လာပါသည်။ ခွပ်ဒေါင်းအလံကို ကျောင်းသားထုညီလာခံများမှ လွှဲပြောင်းပေးအပ်ရသည့် ခေတ်အခြေအနေမျိုးတွေ ရှိခဲ့သလို
အရေးပေါ်အခြေအနေဖြစ်လာသည့်အခါ မည်သူ့ ထံမျှ ခွင့်ပြုချက်ကိုမျှ
စောင့်နေစရာမလိုဘဲ တိုက်ပွဲကြားမှ အလံလွှင့်လိုက်ရသည်လည်း ရှိပါသည်။
တိုက်ပွဲကြားတွင် အလံလွှင့်လိုက်သည့်ခေတ်တွင် သမဂ္ဂတာဝန်
ထမ်းဆောင်နေရသော ကျောင်းသားများက ထိုအလံ၏ ဆက်ခံပိုင်ခွင့်ရှိသူများ
ဖြစ်လာရပေသည်။ ထို့ ကြောင့် ခွပ်ဒေါင်းအလံတွင် မူလပိုင်ရှင်၊ အမြဲတမ်းပိုင်ရှင်၊
ထာဝရပိုင်ရှင်ဆိုသည် မရှိဘဲ ခေတ်အဆက်ဆက် ကျောင်းသားတိုင်းတွင်
ခွပ်ဒေါင်းအလံကို သမိုင်းနှင့်အညီ ဆက်ခံပိုင်ခွင့်ရှိနေသည်ကို တွေ့ ရသည်။

ကျွန်တော်တို့ နှင့်အတူ ထောင်ကျခဲ့ရသော ရဲဘော် ဒီငြိမ်းလင်း၊ ရဲဘော်
စည်သူမောင် တို့ ပင်လျှင် ဗကသများ အဖွဲ့ ချုပ် ပြန်လည်ဖွဲ့ စည်းသည့်အတွက်
သင်းဖွဲ့  ပုဒ်မ (၆)ဖြင့် စွဲချက်တင် အရေးယူခံခဲ့ရသည်မှာ အထင်အရှားပင် ဖြစ်သည်။
ထိုရဲဘော်များသည် အကျဉ်းထောင်ထဲတွင် အာဏာပိုင်များနှင့် ရင်ဆိုင်ခဲ့ရာတွင်
ဗကသ ကျောင်းသားခေါင်းဆောင်များအဖြစ် ရပ်တည်ရင်ဆိုင်ခဲ့သည်မှာ
ကျွန်တော်တို့  မျက်မြင်ကိုယ်တွေ့ ပင် ဖြစ်သည်။

အကျဉ်းထောင်အသီးသီးမှ ပြန်လွတ်လာပြီး ၂၀၁၂ တွင် ဗကသများ အဖွဲ့ ချုပ်
(ဗဟိုစည်းရုံးရေးကော်မတီ)ဖွဲ့ စည်းစဉ်ကလည်း ထိုရဲဘော်များ ပါဝင်ခဲ့ပြီး
ဒုဥက္ကဌ စသော တာဝန်များကို ထမ်းဆောင်ခဲ့ဖူးပါသည်။ ဗဟိုစည်းရုံးရေး
ကော်မတီ ဖွဲ့ စည်းပြီး မကြာမီပင် ထိုရဲဘော်များ ကျွန်တော်တို့ နှင့် လက်တွဲဖြုတ်
ခဲ့ကြသည်မှာ ဗကသများ အဖွဲ့ ချုပ်၏ မူဝါဒနှင့် အမည်နာမအပေါ်
လက်ခံကျင့်သုံးရန် အခက်အခဲများရှိလာ၍ဖြစ်သည်။ ထိုသို့ သော အခက်အခဲများ
၎င်းတို့ တွင် ရုတ်တရက် စွဲငြိကပ်တွယ်လာသည်မှာ ရှစ်လေးလုံး လှုပ်ရှားမှုအတွင်းမှ
မကသ ဟောင်းများ၏ နောက်လက် တနည်းတဖုံ ပါဝင်နေရခြင်းကြောင့်
ဖြစ်သည်ဟု စောစောကတည်းက ကျွန်တော်တို့  အသေအချာ သိရှိ
သတိထားမိခဲ့ပါသည်။ အခြေအနေအရပ်ရပ်ကို သုံးသပ်ရပါလျှင် စည်းရုံးပြီးသား
ကျောင်းသားသမဂ္ဂအတွင်း ဂိုဏ်းဂဏ အခြေခံနှင့် ဖြိုခွဲလိုက်ခြင်းသာ ဖြစ်သည်ဟု
ယနေ့  အတိအလင်း ဖွင့်ချရမည့် အချိန်ကာလသို့  ရောက်ရှိနေသည်ဟု သုံးသပ်၍
ဝေဖန်ရေးသားလိုက်ရပေသည်။

ဗကသ နှင့် မကသ သည် အစစ အရာရာ မတူညီခဲ့ကြပေ။ ကျွန်တော်တို့ 
ဗကသများ အဖွဲ့ ချုပ်၏ နိုင်ငံရေးအမြင်သည် ကျောင်းသားအရေးသက်သက်
လုပ်ဆောင်ခြင်းထက် ပြည်သူ့ အရေး၊ ကျောင်းသားအရေး တာဝန်နှစ်ရပ်စလုံး
ထမ်းဆောင်ပြီး စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ဖျက်သိမ်းရန်ပင် ဖြစ်သည်။
စစ်အာဏာရှင် တဖြစ်လဲ ကြံ့ဖွံ့ အစိုးရကိုပင် စေ့စပ်ညှိနှိုင်းရေးလုပ်ရန်။
Lobby လုပ်ရန် စိတ်ကူး တစိုးတစိမှ မရှိ။ ကျွန်တော်တို့ ရပ်တည်ချက်သည်
ကျောင်းသားထုအကြားတွင် ရပ်တည်မည်။ ပြည်သူလူထုအကြားတွင်
ရပ်တည်မည်ဟု အခိုင်အမာ စိုက်ထူထားသော သံမဏိရပ်တည်ချက်ပင် ဖြစ်သည်။
ပွလြမ်းသဘင်၊ ခန်းမစင်မြင့်ပေါ်တွင်သာ ရပ်တည်မျက်နှာပြပြီး ပြည်သူ့ အတွက်
တိုက်ပွဲမ၀င်လိုသော အချောင် အယူအဆ ကပ်ငြိမခံနိုင်။ ကျွန်တော်တို့ ၏
စည်းရုံးရေးနည်းနာသည် ဗကသ မူဝါဒ (၅)ချက်ကို ဦးထိပ်ပန်ဆင်သော
ကျောင်းသားသမဂ္ဂအားလုံး စုစည်းညီညွတ်ရေးဖြစ်သည်။ ကျောင်းသားထု
ညီလာခံမှတဆင့် သမဂ္ဂတာဝန်နှင့် အမွေကို ခမ်းခမ်းနားနား လက်ဆင့်ကမ်းရေး
ဖြစ်သည်။

ယခုအချိန်အထိ ကျွန်တော်တို့ တောင်းဆိုနေသော ဒီမိုကရေစီအရေး၊
အမျိုးသား တန်းတူလွတ်လပ်ရေး၊ နိုင်ငံသားအခွင့်အရေးနှင့် လွတ်လပ်ခွင့်များ
မရရှိသေးသဖြင့် ဒီမိုကရက်တစ် အင်အားစုအချင်းချင်း စိတ်ဝမ်းမကွဲသင့်ပါ။
ဖိနှိပ်သူ လူတန်းစားက စိတ်ဝမ်းကွဲပြားသွားအောင် သပ်လျှိုလျှင်တောင်မှ
ပါးပါးနပ်နပ် ရှောင်ရှားရမည်ဖြစ်ရာ မိမိတို့  အပြုအမူ လုပ်ရပ်များကြောင့်
အချင်းချင်း စေ့စပ်မရ ဖြစ်သွားခဲ့လျှင် ထိုသို့ ပြုမူသူများ၏ တာဝန်သာဖြစ်သည်ဟု
တထစ်ချ မှတ်ယူရပါလိမ့်မည်။ ထပ်မံ အတည်ပြုပြောရလျှင် ကျောင်းသားများ၏
ဖြူစင်မှု၊ ရိုးသားမှုကို မည်သည့်အရောင်မျှ ဆိုး၍ ပုံမဖျက်ကြပါနှင့်ဟု
အလေးအနက် သတိပေး တိုက်တွန်းလိုက်ချင်ပါသည်။

ကျော်ကိုကို (ဗကသများ အဖွဲ့ ချုပ်)

(အလင်းခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၁၂ တွင် ပါရှိသော
“တိုက်ပွဲဝင် ခွပ်ဒေါင်းအလံသည် လက်ဆောင်ပစ္စည်း မဟုတ်ပါ” မှ
ထုတ်နုတ်ပါသည်)
Aungmyo Tun

ဒေါက်တာရန်မျိုးသိမ်း
မတ် ၃၁၊ ၂၀၁၄


-
(ဒေါက်တာရန်မျိုးသိမ်း၏ Facebook စာမျက်နှာမှ ရေးသားချက်ကို ကူးယူ ဖော်ပြသည်)အဘဦးဝင်းတင်၏ အခြေအနေသည် မတ်လ (၃၀) ရက်နေ့နှင့် နှိုင်းယှဉ်လျှင် အနည်းငယ်တိုးတက်လာသည်ဟု ဆိုနိုင်သည်။
အခြေအနေသည် တည်ငြိမ်မှုရှိလာသည်ဟု ဆိုနိုင်သော်လည်း၊ အသက်အရွယ်၊ အဆုတ်ရောဂါ၊ နှလုံးရောဂါတို့အရ အထူးကြပ်မတ်စောင့်ကြည့်ရဦးမည့် အနေအထားတွင် ရှိနေသည်။

အဘ ဦးဝင်းတင်၏ နှလုံးတွင် တပ်ဆင်ထားသော Pacemaker သည် ကောင်းကောင်းအလုပ်လုပ်လျက်ရှိသည်။ MRI ရိုက်ရန် မဖြစ်မနေလိုအပ်သည့်အခြေအနေတွင် မရှိဟု သိရှိရသည်။

ဝိတိုရိယဆေးရုံတွင် စီတီ (CT Scan) ရိုက်ခဲ့ပြီးဖြစ်သည်။
နှလုံးပတ်လည်နှင့်ဝမ်းဗိုက်ထဲတွင် လေအချို့တွေ့ရှိရသော်လည်း၊ အဆိုပါလေသည် လေပြွန်နှင့်အဆုတ်မှ ထွက်ခြင်းမဟုတ်သည့်အပြင်၊ အစာရေမြိုပြွန်မှထွက်ခြင်းမဟုတ်သည်ကိုလည်း တွေ့ရှိရသည်။

gas forming organism များကို ရှာဖွေနိုင်ရန် သွေးစစ်ဆေးမှုပြုလုပ်မည်ဖြစ်သည်ဟုလည်း သိရှိရသည်။
ယေဘုယျအားဖြင့် အသက်လုရသည့်အနေအထားမှ အတန်အသင့်လွတ်မြောက်လာပြီဟု သုံးသပ်နိုင်သော်လည်း၊ စမ်းသပ်စစ်ဆေးမှုများပြုလုပ်လျက်၊ ကုသနေရသည့်အခြေအနေတွင် ရှိနေသည်။

အသက်အရွယ်နှင့်လက်ရှိအခြေအနေအရ အချို့စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်နိုင်ရန် အချိန်ယူရနိုင်ဖွယ်ရှိသည်။

လက်ရှိအခြေအနေတွင် နိုင်ငံခြားဆေးရုံသို့ လွှဲပြောင်းလျက် ကုသမှုဆက်လက်ခံယူနိုင်ရန် အဆင်သင့်မဖြစ်သေးဟု သုံးသပ်ကြသည်။ လာမည့် လေး၊ ငါးရက်အတွင်း လူနာ၏ အခြေအနေအပေါ်မူတည်လျက် နိုင်ငံခြားဆေးရုံသို့ လွှဲပြောင်းကုသနိုင်ခြေရှိ၊ မရှိ သိရှိနိုင်ဖွယ်ရှိသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများသည် သီးသန့်အဖွဲ့တစ်ခုဖွဲ့စည်းလျက်၊ အဘဦးဝင်းတင်၏ ကျန်းမာရေးကို စောင့်ရှောက်ကုသပေးလျက်ရှိနေသည်။
နေ့စဉ် ပုံမှန်အစည်းအဝေးထိုင်ပြီး၊ အကဲဖြတ်သုံးသပ်လျက်ရှိနေသည်။

အဘဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦး သီးခြားသတ်မှတ်ထားရှိပြီး၊ သတင်းမီဒီယာများသို့ ပုံမှန်သတင်းထုတ်ပြန်ပေးနိုင်မည်ဆိုလျှင် ပိုမိုကောင်းမွန်သည်ဟု ထင်မြင်မိသည်။
သို့မဟုတ်ပါက သတင်းပေးပို့ချက်များနှင့်ဖြေကြားချက်များသည် ပကတိအခြေအနေနှင့်ကင်းလွတ်နေမည်ဆိုပါက၊ နားလည်မှုလွဲခြင်း၊ မှားယွင်းသုံးသပ်ခြင်းများ ဖြစ်လာနိုင်သည့်အနေအထားကို သတိပြုသင့်သည်ဟု ထင်မြင်မိသည်။

အဘ ဦးဝင်းတင်၏ မိသားစုဆရာဝန် သို့မဟုတ် မိသားစုဝင်တစ်ဦးဦးမှ ပုံမှန်နေ့စဉ်ထုတ်ပြန်ပေးနိုင်မည်ဆိုလျှင် ပိုမိုသင့်တော်မည်ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ၀န်ထမ်းများအားလုံး၏ ၀ိုင်းဝန်းကူညီစောင့်ရှောက်ပေးမှုသည် အလွန်အားရကျေနပ်ဖွယ်ဖြစ်သည့်အလျောက် အလွန်ကျေးဇူးတင်ဝမ်းမြောက်မိပါသည်။

လူနာသတင်းမေးလာရောက်သူများအနေဖြင့်၊ လူနာများ၏အကျိုးကို ရှေ့ရှုလျက်၊ အတွင်းခန်းထဲအထိ ၀င်ရောက်ကြည့်ရှုခြင်းကို ဆင်ခြင်သင့်သည်ဟု ထင်မြင်မိသည်။
အဘဦးဝင်းတင်၏ အတွင်းလူနာခန်းထဲတွင်လည်း လူနှစ်ယောက်ခန့်သာ ပုံမှန်ရှိနေခြင်းက ပိုမိုသင့်တော်မည်ဟု ထင်မြင်မိသည်။

အဘဦးဝင်းတင် အမြန်ဆုံးပြန်လည်ကျန်းမာလာရေးအတွက် ၀ိုင်းဝန်းဆုတောင်းပေးကြပါရန် ထပ်မံနှိုးဆော်တိုက်တွန်းလိုပါသည်။ အမြို့မြို့၊ အနယ်နယ်တွင် ဆုတောင်းပွဲများကျင်းပလျက်၊ ၀ိုင်းရံပေးကြမည်ဆိုလျှင် ပိုမိုသင့်တော်သည်ဟု ထင်မြင်မိပါသည်။

http://moemaka.com/

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.