04/02/14

နော်နိုရင်း 1 April 2014

လူမှုရေးလုပ်ငန်း လုပ်နေတဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ညှိနှိုင်း ဆောင်ရွက်သူ ဦးနေမျိုးဇင်နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုတို့ ၂ ဦးကို့  ဧပြီ ၁ ရက် နေ့မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကနေပြီး ထောင်ဒဏ် ၃ လ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံမှာ လယ်သမားအရေးအတွက် ဆန္ဒပြခဲ့လို့ ကျောက်တံတားမြို့နယ် ရဲစခန်းကနေပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံတာဖြစ်ပါတယ်။

အဲဒီနေ့က ဆန္ဒမပြခင် ဆန္ဒပြဖို့ ခွင့်ပြုချက် တောင်းခဲ့ပေမယ့် ကျောက်တံတားမြို့နယ်မှာ လယ်သမားမရှိဘူးလို့ အကြောင်းပြပြီး ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ လယ်သမား အရေးအတွက် ခွင့်ပြုချက်မရဘဲ ဆက်ပြီး ဆန္ဒပြခဲ့ကြတာလို့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

ဒီကနေ့ နေခင်းပိုင်းမှာတော့ သူတို့ကို ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ပြီး အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ပြီးလို့ တရားရုံးကို သွားရောက်ခဲ့တဲ့ စာရေးဆရာ ဝေမှူးသွင်က ဒီဗွီဘီကို ပြောပါတယ်။

Nay Myo Zin U Win Cho
http://burmese.dvb.no/archives/54226

ယနေ့ နံနက် ၉ နာရီခွဲ အချိန်မှာ မဟာမြတ်မုနိဘုရားကြီး ၏ တောင်ဘက် ဂန္ဓာကုဋီတိုက်ရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို သဘာပတိအဖွဲ့ဝင် ဦးသိန်းတန်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း သဘာပတိအဖွဲ့ဝင် ဒေါက်တာဦးကိုကိုကြီး တို့ဦးဆောင်ပါဝင်ပြီး မန္တလေးမြို့ပေါ်ရှိ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊လူငယ်များ၊အမျိုးသမီးများ စုစုပေါင်းအင်အား ၇၀ ခန့် က ဘဘ ဦးဝင်းတင် ခံစားနေရသော ရောဂါဝေဒနာများ အမြန်ပျောက်ကင်းသက်သာစေရန် နှင့် အသက်ရှည် ကျန်းမာစေရန် ရည်သန်လျက် ဆုတောင်းမေတ္တာပို့ကာ မေတ္တာသုတ်ပရိတ်တော်ရွက်ဆို ဆုတောင်းပွဲ ပြုလုပ်ကြပါသည်။အစီအစဉ်ကို မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ၂ ကြိမ်၊ အင်းစိန်ထောင် နှင့် ပဲခူးထောင် တို့တွင် ၁ ကြိမ်စီ ကျခံခဲ့ရသော ကိုဝဏ္ဏအောင် က ကြေညာကာ ဆောင်ရွက်ပြုလုပ်သွားခဲ့ပြီး ငြိမ်းချမ်း အောင်မြင်စွာ မေတ္တာ ပို့သနိုင်ခဲ့ပါသည်။
ဆုတောင်းပွဲ ပြီးဆုံးပြီးနောက် ဘဘ ကျန်းမာလန်းဖြာစေရန်အတွက် ဘုရားထံ ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပါသည်။
ဘဘ ဦးဝင်းတင် အမြန်ဆုံး ကျန်းမာလာပါစေ။
ဘဘ ခံစားနေရသော ရောဂါဝေဒနာများ သက်
သာ ပျောက်ကင်းပါစေ။
—Bo Myo
photo..Ko Nyi Htwe

ကျွန်တော်မြင်တာ ပြောမှာဖြစ်သည်။ ကြိုမေးချင်သည်။ စိတ်ဆိုးလား။

မြန်မာပြည်ကို အမျိုးမျိုး ပုံဖော်ကြည့်ကြသည်။ တစ်ပိုင်းတစ်စ အာဏာပိုင်နိုင်ငံ၊ စစ်တပ် စပွန်ဆာ ပေးထားသည့် ဒီမိုကရေစီ နိုင်ငံ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်က နိုင်ငံ၊ အင်ဒိုကလုန်း၊ စစ်တပ်ကျောထောက် နောက်ခံပြု ပါလီမန် ဒီမိုကရေစီ နိုင်ငံ စသဖြင့် စသဖြင့် စုံလွန်း လှသည်။ တကယ်ကတော့ အမှန်ကို မှန်မှန်မြင်ကြဖို့လိုသည်။ ကျွန်တော်ကတော့ ပွင့်ပွင့်ပြောလို၏။ ဘာနိုင်ငံမှမဟုတ်သေး။

လွှတ်တော် ဘယ်လောက် အသက်ဝင်ပြီလဲ။

လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ဘယ်နှယောက် ဘယ်နှကြိမ် အဆိုတင်သွင်းဖူးသနည်း။

လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ဘယ်နှစ်ယောက် ဘယ်နှစ်ကြိမ် ထောက်ခံဆွေးနွေးဖူးသနည်း။

လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ဘယ်နှစ်ယောက် ဘယ်နှစ်ကြိမ် ကန့်ကွက်ဆွေးနွေးဖူးသနည်း။

လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ဘယ်နှစ်ယောက် ဘာမေးခွန်းတွေ မေးဖူးသနည်း။

စနစ်တကျ စာတမ်းတစ်စောင် ပြုစုဖြန့်ဝေပေးဖို့ ကောင်းပြီ။ ဒါမှ လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အသွေးကို အကဲခတ်နိုင်မည်။

NLD နှင့် ရှစ်ပူးတွေကို တိုက်ကြခိုက်ကြသည်။ မီဒီယာ လောကထဲက ထောင်ထွက်
တို့ကိုလည်း တိုက်ခိုက်ကြသည်။ တစ်ခု ပြောချင်သည်က ထောင်ထွက်ဆိုတာ ဂုဏ်သတ္တိမဟုတ်။ ထောင်ထွက်မို့လို့ ဒီစကားမပြောရ၊ ဒီလိုစာမျိုး မရေးသင့်ဟု ဆိုပါလျှင် ထိုသို့ပြောနေ၊ ရေးနေသူတွေကို မေးချင်သည်။ မင်းကိုနိုင်တို့ ထောင်ထဲ
ရောက်နေချိန်၊ ဇော်သက်ထွေးတို့ ထောင်ထဲရောက်နေချိန်မှာ ငါးခြောက်တစ်ဖတ်
ပေးဖူးသလား။ ၂၀၀၇ခုနှစ်မှသည် ၂၀၁၁ထိ ထိုသို့ ပြောနေရေးနေသူများ ဘာတွေ လုပ်နေကြပါသနည်း။

တိုင်းပြည်ကို ချစ်သူတွေ တစ်နေ့တစ်ခြား များများလာနေသည်။ ၀မ်းသာပါသည်။ ကိုယ့်မြေ၊ ကိုယ့်ရေကို ချစ်ကြတာ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်
လောက်တုန်းက ဘာကြောင့် မချစ်ခဲ့ကြမှန်း နားမလည်ပါ။

အမေရိကားတွေ သြစတြေးလျတွေမှာ ငွေရှာနေသဖြင့်တိုင်းပြည်ကို ပြန်မချစ်အားဘူး ဆိုလျှင်လည်း နားလည်မှုပေးပါသည်။ သို့သော် အနှစ်နှစ်၊ အလလက တိုင်းပြည်ကို ချစ်လို့ အနစ်နာခံ၊ ဘ၀အပျက်ခံ မိသားစု အဆုံးရှုံးခံ လုပ်ခဲ့ရသူများကိုတော့ နည်းနည်း အားနာစေချင်သည်။ တစ်ချိန်က ဆရာ မောင်ကိုယုက ဆရာ မောင်သာရ
ကို ရေးခဲ့သော စာတစ်ကြောင်း မှတ်မိနေသည်။ (မောင်သစ်တို့ သေမှရေး ဖို့ကောင်းတဲ့ စာတွေပါ)တဲ့။ ဇာဂနာတို့ သေအောင် စောင့်ကြပါဦးလားလို့
မေတ္တာ ရပ်ခံချင်သည်။

ဘာပဲဖြစ်ဖြစ် စာမေးပွဲကြီးတော့ ပြီးသွားပြီ။ သင်္ကြန်လည်း ပြီးပါလိမ့်ဦးမည်။ သင်္ကြန်ရေလို စိုပြီး မခြောက်စေချင်ကြ။ လူများပြီး ပွဲမစည်တာတော့ မကောင်းချေ။

သေချာ ရေရာသော Vision တစ်ခုခုတော့ တိုင်းပြည်က အမှန်တကယ် လိုအပ်နေပြီ။ ဗဟိုအစိုးရ နှင့် ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတို့၏ အဆက်အစပ်ကား ခုထိ မှုန်ဝါးဝါး။ အရင်ခေတ်က တိုင်းကောင်စီလိုမျိုး ဖြစ်နေသည်။ ပြည်ထောင်စု စနစ်၏ အာဏာ ခွဲဝေပုံကား အလေ့အကျင့် မရသေး။

ပုဂံမှာ ရုပ်ရှင် ရိုက်ချင်တာ မန္တလေး တိုင်းဒေသကြီး အစိုးရထဲက ယဉ်ကျေးမှု ၀န်ကြီးနှင့် မဆွေးနွေးရဘဲ ပြည်ထောင်စု ၀န်ကြီးနှင့် စည်းဝေး ရသည်ဆိုတော့ နားမလည်နိုင်တော့။ လွှတ်တော်ရော အစိုးရ အဖွဲ့ကပါ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေနှင့် နေသားကျအောင် တော်တော် လုပ်ရပေဦးမည်။
အရပ်ဖက် လူ့အဖွဲ့အစည်း တွေလည်း ထိုသို့နှင်နှင်။ လေအလျဉ်ဟာ တိမ်လိုစွန်လို လွင့်မနေသင့်ချေ။ ကြည့်နေရတာ မဲဆောက် နိုင်ငံရေးသည် ရန်ကုန် နိုင်ငံရေးအဖြစ် ပုံစံ သွင်းခံနေရပြီ။

ဘယ်နိုင်ငံကမှ ပိုက်ဆံပေးတယ် ဆိုတာကို လွယ်လွယ်နှင့် စေတနာပိုပြီး ပေးတာ
မရှိချေ။ ကုလသမဂ္ဂပင်လျင် အလှူခံ ပိုက်ဆံနှင့် ရပ်တည် နေရတာ ဖြစ်၏။
ပေးလိုက်သော ငွေကြေးတိုင်း၏ နောက်ကွယ်မှာ (ဖြစ်စေချင်တာတွေ) ပါတတ်စမြဲ။ သူ့ဆန်စားတော့ ရဲရပေမည်။ နိုင်ငံတကာ ထောက်ပံ့ငွေ ယူထားလျှင် နင်တတ်သည်။ နင်နင်ကြီးနှင့် နင်နေ ရတတ်သည်။ မြန်မာလူမျိုးနှင့် မြန်မာပြည်ကို သိပ်တိုးတက်တာ
မြင်စေချင်လျှင် အနှောင်အဖွဲ့ ကင်းသော ထောက်ပံ့မှုတွေပေး စေချင်သည်။ ယူစေချင်သည်။ အလှူ့ရှင် ကြိုက်အောင် ဓာတ်ပုံတွေ ရိုက်ရိုက် ပြနေရပြန်တော့ Photo Politics ဖြစ်လာလေတော့သည်။

ကြားဖြတ် ရွေးကောက်ပွဲ လာတော့မည်။ သုံးလကြို ကြေညာမည်ဆို၏။ ၂၀၀၈ ဖွဲ့စည်းပုံ၏ အကြီးဆုံး အမှား။ လွှတ်တော် ကိုယ်စားလှယ်ကို ၀န်ကြီးခန့်လျှင် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ပြီး ဖြစ်ရမည်ဟူသော စာတစ်ကြောင်းကြောင့်
ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ထဲ ရောက်ခဲ့ပြီ။ ဇေယျာသော်
လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာရပြီ။

ဒီလို ကမန်းကတန်း လုပ်ရင်း အာဃာတနှင့် ရေးသော ဖွဲ့စည်းပုံ၏ အားနည်းချက်
တွေကို သေချာ ဂဏစိစစ်ဖို့ ကောင်းပြီ။ ခုတော့ တစ်ယောက်က ၅၉ ဆိုလျှင် လိုက်၅၉တော့၏။ တစ်ယောက်က ၄၃၆ ဆိုလျင် လိုက်လံ ၄၃၆တော့သည်။ ကိန်းဂဏန်းများနှင့် နိုင်ငံတော် ဖြစ်လာပြီ။ ၉၆၉အပြီး ခေတ်အစားဆုံး ဂဏန်းများဟု ကင်ပွန်းတပ်ဖို့ ကောင်းသည်။ ကျွန်တော်တို့ နယ်တကာလှည့်ပြီး လူတကာနှင့်
တွေ့ရသည်။ ပြည်သူတွေသည် သနား ဖို့ကောင်း၏။ မဆလခေတ်က သံချပ်တစ်ခုကို တိတိကျကျ သတိ ရမိသည်။

(ပန်ကာအောက်မှာ ထိုင်မနေပါနဲ့ ၊ ပြည်သူထဲကို ဆင်းခဲ့စမ်းပါ) ဖြစ်၏။

ခုလည်း ဒီလိုပဲ ပြောရမည်။ မြို့တစ်ြမို့၊ နယ်တစ်နယ်ရောက်လျှင် နိုင်ငံရေးနှင့် နည်းနည်းထိစပ် သူများကိုသာ တွေ့ပြီး ဆွေးနွေးပြီး ပြည်သူတွေ နားလည်ပါတယ်ဟု သဘောပိုက်မိလျှင် မှားချေပြီ။

မနက်မှသည် ညဥ့်ဦးယံ အထိ ရုန်းကန် ရှာဖွေ စားသောက်နေသော ပြည်သူတွေ တိုင်းပြည်မှာ အောက်ထစ် သန်းနှစ်ဆယ်ကျော် ရှိနေသည်။ သူတို့ လိုအင်ဆန္ဒကား အဘယ်နည်း။ သတင်းစာ ဂျာနယ် ဖတ်ဖို့ မပြောနှင့် သူတို့မြို့နယ်ရုံးတောင် ဘယ်နားမှန်း မသိသူတွေ တိုင်းပြည်မှာ သန်းနှင့်ချီရှိ သေးသည်။

အားလုံးက ရန်ကုန် တစ်ခုတည်းဆီ ဦးတည်နေသည်။ ရန်ကုန် တစ်မြို့တည်းမှာ Focus လာပြတ်နေသည်။မီးမလာလို့ မှောင်တာမဟုတ် နေ့လယ်ခင်း မှောင်နေတာကို သိကြဖို့ ပြောချင်သည်။

ချုပ်ရလျှင် နိုင်ငံရေးသမားတွေ သွေးတာများနေပြီ။ ကျောက်ပျဉ် နှစ်ချပ်
လောက်ကုန်ပြီ။ သွေးတာ များလွန်းတော့လည်း ညောင်း၏။ ပွန်းပဲ့၏။
လျှော့ စေချင်ပြီ။ ထင်ထင်ရှားရှား ကိုယ်ထင်ပြ ကြပါလို့သာ တိုက်တွန်းချင်
တော့သည်။ ဒီလိုပြောတာ စိတ်ဆိုးလားလို့တော့ မေးလိုက် ချင်သေး၏။

ဇာဂနာ
( ယနေ.ထုတ် Tomorrow သတင်းဂျာနယ် အမှတ်(၆) မှဆောင်းပါး )
Kyaw Swar Myint

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.